Friday, December 20, 2013

နေပြည်တော် ဆီးဂိမ်းကို နိုင်ငံခြား ဧည့်သည်များ အံသြ



၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်မှာ ကြီးကျယ်သော အဆောက်အဦ များစွားဖြင့် ဖွံဖြိုး တိုးတက်လျက်ရှိသော်လည်း မြို့ကြီး သီးသီးသန့်သန့် တည်ရှိနေခြင်းက ထူးဆန်း အံသြစရာ ကောင်းနေကြောင်း နေပြည်တော် ဆီးဂိမ်း ပြိုင်ပွဲသို့ရောက် နိုင်ငံခြားသား ဧည်သည် များက မှတ်ချက်ပြု ကြသည်။


နေပြည်တော်တွင် အဆောက်အဦး ကောင်းများစွာရှိပြီး ကြီးမားကျယ်ပြန့်သော လမ်းများဖြင့် လှပနေသော်လည်း စည်းကမ်း ပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း နိုင်ငံခြားသား တချို့က ပြောသည်။ ယင်းအပြင် နေပြည်တော်မှာ ဆင်းရဲ ချမ်းသာ လူတန်းစား အလွှာစုံကို မတွေ့မြင်ရဘူးဟု ၎င်းတို့က ဆိုသည်။

“ အခု မြန်မာက ပွင့်လင်းသွားပြီ ဆိုတော့ ခရီးသွားရတာ အဆင်ပြေတယ်။ နေပြည်တော်ကြီးက ရန်ကုန်လောက် ကားတွေ ၊ လူတွေ မများဘူး။ ဒီတိုင်းပြည်က တခြားမြို့တွေလို မဟုတ်ဘဲ သပ်သပ်ကြီး ဖြစ်နေတာ အရမ်း အံသြစရာပဲ။ လူတွေကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ ချမ်းသာတဲ့ပုံပဲ။ ရန်ကုန်က လူဦးရေ ၈ သန်းကို ဒါမျိုး ဖန်းတီးပေးသင့်တယ် ”ဟု နေပြည်တော် ဆီးဂိမ်းသို့ သီးသန့် လာရောက် လည်ပတ်သူ ဂျာမနီနိုင်ငံသား Mark က ဆိုသည်။

နေပြည်တော် ဆီးဂိမ်းသို့ ရောက်ရှိ လာသော Mark တို့ ကမ္ဘာလှည့် ခရီးသွား အဖွဲ့သည် ရန်ကုန် ၊ မန္တလေးနှင့် ပုဂံသို့ အလည်အပတ် ခရီး သွားရောက်ခဲ့ပြီး ဖြစ်ရာ မန္တလေးနှင့် ပုဂံရှိ မြန်မာ ပြည်သူများမှာ သူတို့၏ တိုင်းပြည်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲကြီး ကျင်းပနေသည်ကို မသိရှိကြကြောင်း Mark တို့အားပြောဆိုသည်ဟု ဧရာဝတီသို့ ပြောပြသည်။

“ တကယ်ဆိုရင် ကိုယ့်နိုင်ငံမှာ ဒီလောက်ကြီးတဲ့ အားကစားပွဲကြီး လုပ်တာ ပြည်သူတွေ သိသင့်တာပေါ့။ ပုဂံက ပြည်သူတွေ မသိတာ ထားလိုက်တော့၊ မန္တလေးမှာ အမျိုးသမီး ဘောလုံးပွဲ ရှိတာပဲ ။ သူတို့ သိသင့်တာပေါ့။ မှန်းပြောရရင် အစိုးရက နိုင်ငံတကာကို ကြွားချင်လို့ သက်သက် လုပ်ပြတာမျိုး ဖြစ်နေမလား” ဟု Markက မှတ်ချက်ပြု ပြောဆိုသည်။

နေပြည်တော်သည် မြန်မာနိုင်ငံတွင် နေရာ အသစ်တခုကဲ့သို့ သီးသီးသန့်သန့် တည်ရှိနေခြင်းသည် အပြောင်း အလဲ တခုဖြစ်ပြီး အလွန် ဖွံဖြိုးတိုးတက်သော တိုင်းပြည်ကြီး တခုသို့ အလုပ် လာလုပ် နေရသည်ဟုပင် ခံစားရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Nation Man ကုမ္ပဏီမှ အသက် ၄၆ နှစ်အရွယ် ထိုင်းလူမျိုး Mr.MonGkon က ဧရာဝတီသို့ ပြောသည်။

“ ဒီကို မရောက်ခင်က နေပြည်တော်ကို ဒီလောက် ကြီးကျယ် ခမ်းနားလိမ့်မယ်လို့ ထင်မထားဘူး။ တကယ်နေရာ အသစ်တခုပဲ။ ကျနော်က ဒီမှာ လက်ဝှေ့စင် အတွက် လိုအပ်တာတွေ လာကူတာ။ ဒါပေမဲ့ နေပြည်တော်ထက် မန္တလေးကို ပိုကြိုက်တယ်။ အဲဒီက မြန်မာတွေက ဖော်ရွှေတယ်။ မန္တလေးက ကျနော်တို့ နိုင်ငံနဲ့ ပိုတူတယ်” ဟု Mr.MonGkon က ဆိုသည်။

Mr.MonGkon သည် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်အတွက် လက်ဝှေ့စင်နှင့် လက်ဝှေ့ ပစ္စည်းများ ကူညီ ထောက်ပံပေးရန် နည်းပညာ အကူအညီပေးနေသူတဦး ဖြစ်ပြီး နေပြည်တော်သို့  နှစ်ကြိမ်မြောက် ရောက်ရှိလာသူဖြစ်သည်။

“ ဒီမှာ လူတိုင်းက ကွမ်းတံတွေးကို ကြုံသလို ထွေးနေတာမျိုး တွေ့ရတယ်။ ထွေးတဲ့သူတွေအတွက် ထွေးဖို့နေရာတို့ ၊ အမှိုက်ပုံးတို့ ပေးထားတာလည်း မတွေ့ဘူး။ စည်းကမ်း လိုက်နာဖို့အတွက် အမှိုက်ပုံးတို့ ၊ ကွမ်းတံထွေးတဲ့ နေရာတို့ ထားပေးသင့်တယ်။ ထိုင်းမှာလည်း တချို့နေရာတွေက ညစ်ပတ်ပေမယ့် မြန်မာတွေလိုတော့ ကွမ်းတအား မစားကြဘူး။ နိုင်ငံတိုင်းမှာလည်း စည်းကမ်း မလိုက်နာတဲ့ သူက ရှိတာပဲ”ဟု ထိုင်းနိုင်ငံသား မစ္စတာ Mr.MonGkonက ပြောသည်။

နေပြည်တော်သည် ရန်ကုန်မြို့ထက် ပိုကောင်းမွန်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာနာ ဒေသနှင့် ဆင်တူ ကြောင်း ၊ မြန်မာ့ ရိုးရာ လက်မှု ပစ္စည်းများ ၀ယ်ယူချင်သော်လည်း နေပြည်တော်တွင် ရှာမတွေ့ကြောင်း ပထမဆုံးအကြိမ် နေပြည်တော်သို့ ရောက်ရှိလာသော မလေးရှားနိုင်ငံမှ အသံလွှင့်အင်ဂျင်နီယာ မစ္စတာ အင်မန်အီဟတ်က ပြောသည်။

“ မြန်မာတွေ ဧည့်ဝတ်ကျေတယ် ။ ဆီးဂိမ်း အပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ ခြင် ပြဿနာ ကတော့ ကြီးကြယ်တဲ့ Issue ကြီးမဟုတ်ပါဘူး။ အခုတော့ အဆင်ပြေသွားပြီ ။ ဒီမှာ နေရာတိုင်းကို လွတ်လွတ် လပ်လပ် သွားလို့ ရနေတာပဲ ” ဟု မလေးရှားနိုင်ငံ National Sport Council မှ မစ္စတာ ဘက်စမန်က ဆိုသည်။

“ဒီဆီးဂိမ်း အားကစား ကွင်းထဲမှာတော့ သယ်ယူ ပို့ဆောင်ရေးက သိပ်အဆင်မပြေဘူး။ ကားတွေက အချိန်မမှန်ဘဲ သူဘာသာ သွားနေတယ်။ ဒါပေမဲ့ ကျနော်က မွတ်စလင်ဆိုတော့ ဆိုင်တွေမှာ စားရတာ အဆင်ပြေပါမလား စိတ်ပူတာ။ အဆင်ပြေတယ်။ ဟာလာ အစားအစာတွေ ရတယ်။ တခုက မြန်မာ့ရိုးရာ လက်မှုပညာ ပစ္စည်းတွေတော့ ၀ယ်ချင်တယ်။ ဒီမှာရောင်းတာက ဆီးဂိမ်းနဲ့ ပတ်သက်တာတွေပဲ ဖြစ်နေတယ်”ဟု အင်မန်အီဟတ်က ဆိုသည်။

အာရှ အားကစား အဖွဲ့ချုပ်မှ ထိုင်း နိုင်ငံသား မစ္စတာ Paiboon က “ နေပြည်တော်ကြီးက တကယ် ကောင်းပါတယ်။ အပြင်မှာ ကြားခဲ့ရသလို စစ်တပ်က ထိန်းချုပ်ထားတယ်။ မလွတ်လပ်ဘူးဆိုတာ မဟုတ်ဘူး။ ဒီမှာ ဟိုတယ်တွေလည်း အများကြီး ဖွင့်ထားတယ်။ ဒါပေမဲ့ ဟိုတယ်တွေပဲ ရှိပြီး စီးပွားရေး ဖွံဖြိုးတာတော့ မတွေ့ရဘူး။ မြန်မာတွေ ခုထက်ထိ သနပ်ခါး လိမ်းနေသေးတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ မိတ်ကပ်တွေပြောင်းလိမ်း ကြလိမ့်မယ်။ ထိုင်းမှာတော့ ယဉ်ကျေးမှု ပြောင်းသွားပြီ ”ဟု ဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်သော ဗီယက်နမ် နိုင်ငံအသင်းမှ အားကစားသမားများအတွက် တည်းခိုရန် ပေးထားသည့် နေအိမ်အချို့တွင် ခြင် အန္တရာယ် ရှိနေပြီး ခြင်ပြဿနာ အပါအ၀င်၊ တခြားပြဿနာ တချို့ကြောင့် အားကစား သမားများ၏ စွမ်းရည် အပေါ် သက်ရောက်မှု ရှိနေသည်ဟု ဗီယက်နမ် အခြေစိုက် သတင်းဌာန တခုက ဖော်ပြခဲ့သောကြာင့် ကျန်းမာရေးဝန် ကြီးဌာနက ခြင်ထောင်များ ထပ်မံ ဖြည့်ဆည်းပေးခြင်းဖြင့် ခြင် ပြဿနာကို ဖြေရှင်းပေးရကြောင်း သိရသည်။

နေပြည်တော်တွင် နိုင်ငံခြားသားများကို ၀န်ဆောင်မှု ပေးနေသော အငှားတက္ကစီယာဉ် စရိတ်မှာ အနည်းငယ် ဈေးကြီးသည်ဟု ဂျာမနီ နိုင်ငံသား မစ္စတာ Toddy က ပြောသည်။ ကမ္ဘာလှည့် ခရီးသည်များကို မြန်မာ Tourist Police က အကူအညီ ပေးသည်ဟု ၎င်းက ဆိုသည်။

“ ကျနော်တို့ အဖွဲ့ ဟိုတယ်ဇုန်ကနေ ဒီကို ကားငှားလာတာ ဒေါ်လာ ၂၀ ပေးရတယ်။ ဈေးကြီးပေမယ့် အစိုးရက ဆီးဂိမ်းကို ဘယ်လိုလုပ်ထားလဲ ဆိုတာ စိတ်ဝင်စားလို့လာကြည့်တာ။ မြန်မာကို ရောက်တော့ Tourist Police တွေက ကူညီတယ်။ မျက်နှာတွေက ပြုံးနေတာပဲ။ ဆီးဂိမ်း ပွဲထဲကိုလည်း ၀င်ခွင့်ရတယ်။ ဒီထဲမှာတော့ ပွဲတွေကို ကြည့်လို့ရမယ့် Time Scaledule ရှာတာတော့ အခုထိ မတွေ့သေးဘူး”ဟု မစ္စတာ Toddy က ပြောသည်။

ဘောလုံးပွဲတွင် အိမ်ရှင် မြန်မာကို အနိုင်ရစေချင်ပြီး အင်ဒိုနီးရှား အနိုင်ရသွားသည့် အတွက် စိတ်မကောင်းကြောင်း ဂျာမနီနိုင်ငံသား Rainerက ယခုလို ပြောဆိုသေးသည်။”တီမောနဲ့ ထိုင်းတုန်းက တီမောကို အားပေးတယ်။ မြန်မာနဲ့ ထိုင်းမှာတော့ မြန်မာကို အားပေးခဲ့တယ်။ မြန်မာတွေ ရှုံးတာနဲ့ ရှက်လို့ ရန်ကုန်မှာ ရန်တွေ ဖြစ်ကြတာ မင်းသိလား” ဟု Rainer မေးခွန်းထုတ်သည်။

ကြီးကျယ်လွန်းသော နေပြည်တော်ကို နိုင်ငံခြားဧည့်သည်များက အထူးအဆန်းအဖြစ် ရှုမြင်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

From:OE

ရန်ကုန်တိုင်း အတွင်းရှိ ပါတီဝင်များ ၂၀၁၅ အတွက် အမတ်လောင်း နေရာ လုမှုများ ပြုလုပ်နေကြခြင်းကို ရပ်တန့်ကြရန် NLD တိုင်းဥက္ကဌပြောဆို



ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အလိုက် အင်န် အယ်လ်ဒီပါတီ ဝင်များ ကြားတွင် ၂၀၁၅ ရွေးကောက်ပွဲ အမတ် လောင်းနေရာအတွက် ကြိုတင် ရွေးချယ်နေမှုများ ပြုလုပ်နေခြင်း ကို ရပ်တန့် ကြရန် တိုင်းဥက္ကဌက ယနေ့ ပြု လုပ် သည့် အင်န်အယ်လ် ဒီ၏ မြို့နယ်၊ ခရိုင်၊ တိုင်း ပါတီ အလုပ်အမှုဆောင်များ ဒုတိယ အကြိမ်တွေ့ဆုံပွဲတွင် သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။


ဒီဇင်ဘာ ၁၈ရက် နံနက် ၁ဝနာရီက ဗဟန်းမြို့နယ် တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ မြို့နယ်၊ ခရိုင်၊ တိုင်း အလုပ်မှုဆောင်များ ဒုတိယ အကြိမ်တွေ့ ဆုံပွဲ တွင် ပါတီဝင်များ ကို သတိပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း NLD ပါတီ ဥက္ကဌ ဦးမြင့်စိုးက ''အခုမြို့နယ် ခရိုင်တွေမှာ အမတ်ရောဂါ ထနေ သူတွေက တော်တော်များတယ်'' ဟု တက်ရောက်လာသည့် အလုပ် အမှုဆောင်များကို ပြောသည်။ NLD ပါတီဝင်များတွင် ပိုက်ဆံရှိလို့ အမတ်လုပ် ချင်သူ ၊ အချို့က ဘယ်နေရာမှာ ဘာတာ ဝန်ယူထားလို့ဆိုပြီး အမတ်လုပ် ချင်နေသူ၊ သက်ဆိုင်ရာဗဟိုအဖွဲ့ က အမတ်မတင်ရင် ငါ့မှာ ပိုက် ဆံရှိနေသည့်အတွက် တစ်သီး ပုဂ္ဂလအမတ် လုပ်မည်ဆိုသည့် အယူအဆများ ရှိနေသူများရှိနေပြီး ပါတီဝင်များ အနေဖြင့် အမတ် လောင်းအိမ်မက် မက်ခွင့်ရှိသော် လည်း ယင်းတို့အနေဖြင့် သက် ဆိုင်ရာမြို့နယ်၏ အကျိုးကို လုပ် ဆောင်နိုင်ရန် အရင်ကြိုးပမ်းရ မည်ဖြစ်ကြောင်း ဥက္ကဌက သတိ ပေးသည်။

ယင်းအပြင် အင်န်အယ်ဒီ ပါတီအတွင်း အောက်ခြေသဘော ထား မတိုက်ဆိုင်မှုများရှိနေပြီး ယင်းတို့ကို ပါတီဝင်များက စည်းလုံးစွာ ဆက်လက် လုပ်ကိုင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး ၄၅မြို့နယ်တွင် ပါတီရုံး မရှိသေး သည့် မြို့နယ် နှစ်ခုတွင် ပါတီဝင်အင်အားတိုး ရေးနှင့် ပါတီရုံး စိုက်ထူနိုင်ရေး ပူး ပေါင်းဆောင်ရွက်ကြရန် လိုနေ ကြောင်း တိုင်းဥက္ကဌက ပြောသည်။ ဥက္ကဌက ''ရန်ကုန် တိုင်းမှာ ဆိပ်ကမ်းမြို့နယ်နဲ့ ကိုကိုးကျွန်း မြို့နယ်နှစ်ခုမှာ ပါတီဝင်မရှိဘူး။ ပါတီရုံး မရှိဘူး။ ဒါတွေကို ပူးပေါင်း လုပ်ဆောင်ရမယ်''ဟု မြို့နယ်၊ ခရိုင် အလုပ်အမှုဆောင်များကို ပြော သည်။

အဆိုပါ အလုပ်အမှုဆောင် များဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၈ ရက်နေ့ တစ်နေကုန် ပြုလုပ်မည် ဖြစ်ပြီး တခြားဆွေးနွေးမှုများကို ပါတီဝင်များသာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

From: ကျော်ဇေယျ

ဝနေသောသူများအတွက် ဝမ်းဗိုက်အဆီကျစေမယ့် နည်း (၉)သွယ်

ဝမ်းဗိုက်မှာအဆီတွေစုပြီးဗိုက်ပူနေလို့စိတ်ညစ်နေသူတွေအတွက်ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကိုရေးသားလိုက်ရပါတယ်။


(၁) လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက် အဆီကျအောင်စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့်မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့အုပ်စုတစ်ခုရှိအမျိုးသမီးတွေကသာဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့်လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေပါဝင်နေပါတယ်။

(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ။

ဗိုက်ကိုတုန်ခါစေတဲ့စက်နဲ့အဆီချပေးတာကထိုင်-ထ လေ့ကျင့်ခန်းလုပ်သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အဆီကိုသိသိသာသာ လျော့ကျ စေတာကိုတွေ့ရပါတယ်။

(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ။

စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့ ဆက်စပ်မှု ရှိပါ တယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဥ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

(၄) စောစော အိပ်ရာဝင်ပါ။

တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါသကြားပါတဲ့ ကာဗိုဟိုက်ဒရိတ် အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။

(၅) ရှလကာရည် သောက်ပါ။

တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြား သူတွေထက်ဗိုက်ပူတာငါးရာခိုင်နှုန်း လျော့ကျမှုရှိစေတယ်လို့ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိ ခဲ့ပါတယ်။ရှလကာရည်မှာအဓိကပါဝင်တဲ့AceticAcidဟာခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာ မစားခင်မှာ ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာ ရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။

(၆) ဒိန်ချဉ်စားပါ။

နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင်ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ကယ်လ်စီယမ်ဟာအဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြား အစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံ မာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ။

စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ အကြောင်း ကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာကအင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။

(၈) ဗီတာမင်ဒီကို ရယူပါ။

နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင် ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။

(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာ ကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။

From: နှင်းဆီဖူးလေးများ-Love BUDS

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုလအတွက် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို အလုံးရေ ၁၃၀၀၀ တိုးမြှင့်ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို ယခုလအတွက် အလုံးရေ ၁၃၀၀၀ တိုးမြှင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် လစဉ်ရောင်းချပေးနေသည့် တန်ဖိုးနည်းဆင်းမ်ကတ်များကို မြို့နယ်အလိုက် ခွဲတမ်း ပိုမိုချထားပေးနိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာ ရက် ၂၀ ကျော်တွင် ဂျီအက်စ်အမ် အလုံးရေ ၅၀၀၀၀ နှင့် WCDMA အလုံးရေ ၄၃၀၀၀ စုစုပေါင်း ၉၃၀၀၀ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


“ဒီလအတွက်ကတော့ ရန်ကုန်ကို ကိုးသောင်းကျော် ချပေးမှာဆိုတော့ ဒီတစ်လ အများဆုံးလို့ ပြောလို့ရပါတယ်။ အရင်လတုန်းက ကတ်ရေ ရှစ်သောင်း ရောင်းပေးခဲ့တယ်။ မြို့နယ်အလိုက် ခွဲတမ်းတွေပိုရရှိအောင် စီစဉ်တဲ့သဘောပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ရောင်းချပြီးသော လိုင်းများသာမက ထပ်မံချထားပေးမည့် တန်ဖိုးနည်း ဆင်းမ်ကတ်လိုင်းများအတွက်ပါ ဖုန်းလိုင်းအင်အား ပိုမိုကောင်းမွန်စေရန်အတွက် အင်တာနာများကို အရည်အသွေး ပိုမိုကောင်းမွန်သည့် အင်တာနာများ တပ်ဆင်ပေးထားကြောင်း သိရသည်။ “ဖုန်းရောင်းချမယ့် ရက်ကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သတ်မှတ်မှာပါ။ 

ဘယ်နေ့ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ရက်၂၀ ကျော်လောက်ပဲဖြစ်မှာပါ။ မြို့နယ်ခွဲတမ်းတွေ အတွက်လဲ အစိုးရအဖွဲ့က ခွဲဝေပေးမှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။ အဆိုပါတန်ဖိုးနည်း ဆင်းမ်ကတ်များကို မြို့နယ်မှတစ်ဆင့် ရပ်ကွက်အလိုက် မဲနှိုက် ရောင်းချပေးခြင်းဖြစ်ပြီး ရပ်ကွက်တချို့တွင် သန်းခေါင်စာရင်းဖြင့် နေထိုင်သူများသာ ဆင်းမ်ကတ်မဲပေါက်လျှင် ဝယ်ယူနိုင်ပြီး ဧည့်စာရင်းဖြင့် နေထိုင်သူမျာကို မဲနှိုက်ခွင့် ရပ်နားထားကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

မြောက်ပိုင်း ကျောင်းသားများ သေဆုံးမှုအတွက် အစီရင်ခံစာကို မကြာမီ ထုတ်ပြန်မည်

ABSDF မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား အချင်းချင်း သတ်ဖြတ်မှုနှင့် ပတ် သက်သည့် အစီရင်ခံစာ ထုတ်ပြန်ရန်အတွက် ပထမအဆင့်ဖြစ်သည့် ပါဝင်ပတ်သက် သူများနှင့် တွေ့ ဆုံမေးမြန်းခြင်းက ပြီးဆုံးသလောက် ဖြစ်နေပြီး ဒုတိယ အဆင့်ဖြစ်သည့် အချက်အလက် သုံးသပ်ရေးကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရကာ ထိုအဆင့်ပြီးပါက အစီရင်ခံစာကို စတင်ရေးသားတော့မည် ဖြစ် ကြောင်း ABSDF ဗဟိုမှ ဖွဲ့စည်းပေးထားသည့် အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး ကော်မတီမှ တာဝန်ရှိသူ ဦးကျော်ကျော်လင်းက ပြောကြားသည်။


ဦးကျောင်ကျော်လင်းက ''အခုထုတ်ပြန်မယ့် အစီရင်ခံစာမှာ အဓိက လူ့အခွင့်အရေး ရှုထောင့်ကနေ ရေး မယ့် အစီရင်ခံစာပါ။ ညှဉ်းပန်းနှိပ်စက်မှု တကယ်ရှိခဲ့လား၊ ဥပဒေချိုးဖောက်မှု ရှိခဲ့လား ဆိုတာကို အဓိက ချဉ်းကပ်တာပါ။ ထောင်လှမ်းရေး ဟုတ်မဟုတ် ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ အဲဒီလို ဆုံးဖြတ်မယ် ဆိုရင်လည်း ဒီထက်မကတဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ရမှာပါ'' ဟု ပြောကြားသည်။ ၎င်းအစီရင်ခံစာကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်မည်ဖြစ်ပြီး အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်အတွက် အချိန်အများဆုံး ပေးရသည့် ပထမ ပိုင်းအား ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ပိုမိုမြန်ဆန်ရန်သာ ရှိသည်ဟုလည်း ပြောကြားသည်။

အစီရင်ခံစာအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေမည်ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲလည်း ပြု လုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပါဂျောင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများတွင် ကိုယ်တိုင် ပါဝင်ပတ်သက် နေခဲ့သည့် ဦးကျော်နိုင်ဦးကတော့ ထိုအစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး မည်သို့မှ မျှော်လင့်ချက် မရှိကြောင်း ပြောကြားလိုက်ပြီး ကော်မတီ၏ လုပ်ဆောင်ချက်များမှာ အားရဖွယ် မရှိကြောင်းလည်း ထုတ်ဖော် ပြောကြားသည်။

ဦးကျော်နိုင်ဦးက ''ကော်မတီက လုပ်တဲ့ပုံစံက သိပ်ကလေးဆန်လွန်း အားကြီးတယ်။ ကျွန်တော်တို့ လိုချင် တာက ကျွန်တော်တို့ကို လာမေးလိုက်၊ ဟိုဘက်ကလူတွေကို သွားမေးလိုက် လုပ်စေချင်တာ မဟုတ်ဘူး။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ လူတွေအားလုံး ဒီမြန်မာပြည်ထဲမှာ ရှိနေပါလျက်နဲ့ ဘာလို့မျက်နှာချင်းဆိုင် တွေ့ မပေး တာလဲလို့ သိချင်ပါတယ်'' ဟု The Daily Eleven ၏ မေးမြန်းချက်ကို တုံ့ပြန်ခဲ့သည်။ ထို့နောက် ဆက်လက်ပြီး ယခုအဖြစ်အပျက် အကြောင်းကို အားလုံးက သိရှိပြီး ဖြစ်ပါလျက် အစီရင်ခံစာတွင် မည်သူ က မည်ကဲ့သို့ ပြောပါသည်၊ မည်သည်ကို တွေ့ရှိပါသည်ဟု ရေးသားဖော်ပြချက်မှာ ထူးခြားမှု မရှိနိုင် ကြောင်း ပြောကြားသည်။

ကော်မရှင်၏ လုပ်ကိုင်သည့်ပုံစံမှာ ပြဿနာ ပြင်းထန်နေသည့် အချိန်တွင် ငြိမ်သက်သွားစေရန် အာရုံလွှဲမှု တစ်ခုသာဖြစ်နေပြီး ယခုကိစ္စကြောင့် သေဆုံးသူများ၏ မိသားစုများ ထိခိုက်နစ်နာမှုကို ABSDF အနေဖြင့် အသိအမှတ်ပြုပုံမျိုး မဟုတ်ကြောင်းကို ဦးကျော်နိုင်ဦးက ''တကယ်ကို ဒီကိစ္စမှာ အမှန်တရား ပေါ်စေချင် တယ်ဆိုရင် လုပ်ရမယ့် ပုံစံက ဒီပုံစံမဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် အပြောခံရမှာမို့လို့ ပူး ပေါင်းဆောင်ရွက် ပေးတာပါ။ ဒီအစီရင်ခံစာကို ကျွန်တော်တို့ မျှော်လင့်မထားဘူး။ ဒီအစီရင်ခံစာကနေပြီး ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေကို နှိမ့်သိမ့်မပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ Report တောင်မှ ထွက် တော့မယ် အခုအချိန်အထိ ABSDF ရဲ့ ရပ်တည်ချက် အနေနဲ့ ၀မ်းနည်းပါတယ် ဆိုတာကို စိတ်ပါလက်ပါ မလုပ်သေးဘူး။ သေဆုံးသွားတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးကို ကျဆုံးသွားတဲ့ ကျောင်းသား တပ်မ တော်က ရဲဘော်တွေလို့ မသတ်မှတ်သေးဘူး။ ကျွန်တော်တို့က အဲဒါကို ၀မ်းအနည်းဆုံးပဲ။ ကိုသံခဲကို ကျွန် တော်မေးခဲ့တယ်။ ကျွန်တော်တို့ကို အေဘီရဲဘော်တွေ အနေနဲ့ မသတ်မှတ်ရင် နေပါ။ ကိုထွန်းအောင် ကျော်တို့၊ ကိုချိုကြီးတို့ကို အေဘီရဲဘော်တွေအဖြစ် သတ်မှတ်ဖို့ ပြောတော့ ဗဟိုကော်မတီ အစည်းအဝေး မှာ တင်ပြပါ့မယ်လို့ ပြောသွားပြီး၊ အဲဒီ ဗဟိုကော်မတီ အစည်းအဝေးက ခြောက်ကြိမ်လောက် လုပ်ပြီးသွား ပြီ အခုထိဘာမှ အဖြေပြန်မလာဘူး'' ဟု ပြောကြားသည်။ ထို့နောက် လက်ရှိ အေဘီမှ တာဝန်ရှိသူများ အနေနှင့် ပြတ်သားသော ဆုံးဖြတ်ချက်ပေးနိုင်ခြင်း မရှိသည့် အပေါ်တွင် မျှမျှတတ ရပ်တည်နေသည်ဟု မယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အပြင် သာယာဝတီ ထောင်တွင်းရှိနေသည့် သံချောင်းအပေါ်၌ ထားရှိသည့် သဘောထားအဖြစ် ၎င်း အနေနှင့် သံချောင်း တစ်ဦးကိုသာ တရားခံအဖြစ် သတ်မှတ်နေခြင်း မဟုတ်ဘဲ၊ သံချောင်းမှာ စေခိုင်းခံရသူ တစ်ဦးသာ ဖြစ်သည်ဟု ၎င်းအနေနှင့် နားလည်လက်ခံကြောင်း အပြင်တွင် ကျန်ရှိနေသေးသည့် သူများ လည်း ရှိနေသေးကြောင်း၊ MPC တွင် လာရောက် သင်တန်းတက်နေသည့် ကျော်ကျော်၊ အပြင်တွင် လွတ် မြောက် နေသည့် စိန်အေး၊ ထောက်လှမ်းရေးမှ သန်းဇော်နှင့် ဇော်ဇော်၊ အောင်စိုးမြင့်တို့လည်း ရှိနေပြီး သံချောင်းတစ်ဦး တည်းအား ပြယုဂ်ဖြစ် အသုံးပြုကာ လမ်းကြောင်း လွှဲနေခြင်း ဖြစ်ကြောင်းကိုလည်း ပြော ကြားခဲ့သည်။ ကိုကျော်နိုင်ဦးက သူ့အနေနှင့် သံချောင်းကိုလည်း လွတ်စေချင်သလို အခြားလက်ရှိ နေသူ များနှင့် ခံစားခဲ့ရ သူများအား ထိပ်တိုက်တွေ့ဆုံ ပေးစေလိုသည်ဟုလည်း တောင်းဆိုလိုက်သည်။

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်အတွင်း ရှိပါဂျောင် ဒေသတွင် ထောက်လှမ်းရေးဟု စွပ်စွဲကာ အချင်းချင်း သတ်ဖြတ် ညှဉ်းဆဲမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၃၅ ဦးခန့် သေဆုံးခဲ့ရသည်။ ပြည်သူများအကြား မြောက် ပျုင်း ကိစ္စ ပျံ့နှံ့လာချိန်တွင် ABSDF မှ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၈ ရက်က ဖွဲ့စည်းခဲ့သော်လည်း နှစ်နှစ်ကြာချိန်အထိ အစီရင်ခံစာ ထုတ်ပြန်နိုင်ခြင်း မရှိပေ။

Eleven Media Group

အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်သူဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုးမှာ KNU တပ်မဟာ (၅) တွင် ရှိနေ

အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများအတွင်း နောက်ကွယ်မှ ကြိုးကိုင်သူဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုး ဆိုသူမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ တွင် ရှိနေ ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။


ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်စသည့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှု များ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့သူများနှင့် သံသယ ရှိသူများမှာ KNU အဖွဲ့ အစည်းနှင့် ပတ်သက်နေသည်ဟု အစိုးရဘက်က ထုတ်ပြန်မှုများ ရှိခဲ့သည်။

ယင်းအပေါ်တွင် KNU ဘက်ကလည်း ပြန်လည် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကာ ၎င်းတို့နှင့် ပတ်သက်မှုရှိပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

KNU အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်တွင် KNU ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး စောရော် ဂျာခင် ဦးဆောင်သော စုံစမ်းရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းထားကြောင်းနှင့် အစိုးရမှ ဖမ်းဆီးရမိ ထား သူများကို စစ်ဆေးပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် စောနေတိုးကို လာရောက် အစစ်ဆေးခံရန် ကြေးနန်းရိုက် ခေါ်ထားကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

''လက်ရှိ နောက်ဆုံး အနေအထားကတော့ ကော်မရှင်ကို လာရောက် အစစ်ဆေးခံဖို့ စောနေတိုးကို ကော် မ ရှင်က ကြေးနန်းရိုက်ပြီး ခေါ်ထားတဲ့အဆင့်ပဲ ရှိသေးတယ်။ အဲဒီအဆင့်မှာ ကျွန်တော် ခရီးထွက်လာ တာ ပါ။ သူက တပ်မဟာ ၅ မှာရှိတယ်။ အဖွဲ့အစည်းရဲ့ ထုံးစံအရတော့ ဒီလိုပြဿနာ ရှိထားတဲ့သူကိုတော့ တာ ၀န်က ယာယီရပ်ဆိုင်းထားတယ်'' ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ အနှံ့အပြား ဗုံးဖောက်ခွဲမှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်မှုများ ရှိနေကြောင်းနှင့် ၎င်းတို့မှာ ရွှေတိဂုံ ဘုရားတွင်ပါ ဗုံးဖောက်ခွဲရန် ရည်ရွယ်ထားကြောင်း၊ နောက်ကွယ်မှ ခိုင်းစေသည်ဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုးမှာ KNU ဗဟို၏ စီးပွားရေး တာဝန်ခံ မဟုတ်ဘဲ မြို့နယ်အဆင့် တာဝန်ခံ တစ်ဦးသာ ဖြစ်ကြောင်း၊ စီးပွားရေးသမား ဖြစ်သည့်အတွက် ငွေကြေးကြောင့် နိုင်ငံရေး သမား များ ၏ အသုံးချမှုကို ခံရသူသာ ဖြစ်ကြောင်း၊ KNU နှင့် တစ်စုံတစ်ခု ပတ်သက်နေသည့်အတွက် တာဝန်ယူ၊ တာဝန်ခံသွားမည် ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲမှုများမှာ KNU ၏ သဘောထား မဟုတ်ဘဲ ပုဂ္ဂလိက ခံစားချက် များကြောင့် သာဖြစ်ပြီး နိုင်ငံရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အောက်တိုဘာ လ အတွင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် KNU ဘက်က ပြောကြားထားသည်။

Eleven Media Group

ဗြိတိသျှ သံအမတ်အဖွဲ့ ကချင်ပြည်နယ် အခြေအနေ နှစ်ရက်ကြာ လေ့လာမည်



ဗြိတိသျှ သံအမတ် အင်ဒရူးပက်ထရစ် ခေါင်းဆောင် သော လေ့လာရေး အဖွဲ့ဝင်များသည် ကချင် ပြည်နယ် သို့ ဒီဇင်ဘာ၁၉ ရက် ညနေပိုင်းက ရောက်ရှိလာပြီး နှစ်ရက်ကြာ လေ့လာမည် ဖြစ်ကြောင်း သိရသည်။


ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး သံအမတ် အင်ဒရူးပက်ထရစ်က ''ပထမဆုံး ခရီးစဉ် ဖြစ်ပါ တယ်။ အခြေအနေ အားလုံးကိုတော့ မပြောနိုင် သေးပါဘူး။ ဒီမှာဖြစ်နေတာတွေကို အရမ်းစိတ်ဝင်စားပါတယ်။ နိုင်ငံရေး ပါတီ တွေနဲ့ တွေ့ချင်တာက ဒီမှာဖြစ်နေတဲ့ အခြေအနေတွေကို လေ့လာချင်လို့ပါ''ဟု ဖြေကြားသည်။

ယင်းသံရုံး၏ ဒုတိယအတွင်းဝန် မစ္စတာဂျိုးက ''နှစ်ရက်ကြာပါမယ်။ နိုင်ငံရေး ခေါင်းဆောင်၊ ဘာသာရေး ခေါင်းဆောင်၊ လူမျိုးခေါင်းဆောင်တွေနဲ့ တွေ့မယ်။ ကချင်ပြည်နယ် အစိုးရနဲ့ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေး အဖွဲ့နဲ့လည်း တွေဖို့ရှိပါတယ်။ ကချင်ပြည်နယ် ခရီးစဉ်မှာ နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေး ခေါင်းဆောင်နဲ့ မနက်ဖြန်မှာ ကချင်ပြည်နယ် ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ပံ့ ဖို့အတွက် သွားရောက် လေ့လာပါမယ်။ နှစ်နှစ်ခွဲအတွင်းမှာ ဒေါ်လာ သန်း ၂၀ ထောက်ပံ့ဖို့ အစီအစဉ်ရှိ တယ်။ တစ်ဝက်ပေးပြီး ကျန်တစ်ဝက်ကို ထောက်ပံ့ဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် ဒုက္ခသည် စခန်း တွေကို လာရောက် လေ့လာတာပါ'' ဟု ပြောကြာသည်။

ကချင်ပြည်နယ် အစိုးရနှင့် မနက်ဖြန် မွန်းလွဲပိုင်းတွင် တွေဆုံရန်စီစဉ်ထားပြီး တွေ့ဆုံမှုပြီးမှသာ သတင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အစီအစဉ် ရှိနေသော်လည်း နိုင်ငံရေးပါတီများကမူ ယနေ့ အထိ ဖိတ်ခေါ်ထားခြင်း မရှိကြောင်း ပြောကြားသည်။

Eleven Media Group

ဇနီး ကို သတ်တဲ့ အမေရိကန် ရောက် မြန်မာ ကို ရဲက ဖမ်း



အမေရိကန် ပြည်ထောင်စု ပင်ဆယ်ဗေးနီးယား ပြည်နယ် ဘာသလင်ဟမ် မြို့ မှာ နေ ထိုင် တဲ့ မြန်မာ လူမျိုး အသက် ၃၇ နှစ် အရွယ် ၀င်းမင်းထွတ် က ကအသက် ၃၆ နှစ် အရွယ် ဇနီး ဖြစ်သူ မသီတာ မြင့် ကို ကလေး သုံးယောက်အရှေ့  မှာ ပဲ သေနတ် နဲ့  ပစ်သတ်ခဲ့ တဲ့ အတွက် ရဲ က ဖမ်းဆီး ပြီး လူသတ်မှု ဖောက်ထွင်း ၀င်ရောက် မှု ၊ အခွင့် မရှိ ပဲ ကျုးကျော် မှု တွေ နဲ့  အမှု ဖွင့်ထား ပါတယ်။


ဝင်းမင်းထွတ် ဟာ ဇနီး ဖြစ်သူ နေတဲ့ နေရာ ဆီ ပြန်လာ ခွင့် မပေး ကြောင်း ကို နိုဝင်ဘာလ ၁၈ ရက် နေ့  မှာ တရား ရုံး က အမိန့် ချမှတ်ထား ပါတယ်။ အင်္ဂါ နေ့ ညနေမှာ တော Central Park Avenue မှာ နေ တဲ့ ဇနီး ဖြစ်သူ ဆီ ပြန်လာ ပြီး ညနေ ၃ နာရီ ၄၅ မိနစ် မှာ ပစ်သတ် ခဲ့ တာ ဖြစ် ပါတယ်။

ဝင်းမင်းထွတ် မှာ အသက် ၁၆ နှစ် အရွယ် ၊ ၁၀ နှစ် အရွယ် နဲ့  ၃ နှစ် အရွယ် ကလေးတွေ ရှိ ပါတယ်။

ဇနီး ကို ပစ်သတ် ပြီး နောက် မှာ ၀င်းမင်းထွတ် က ၃ နှစ် အရွယ် ကလေး ကို ခေါ် ပြီးကားမောင်း ထွက် သွား ပေမယ့် ၁၆ နှစ် အရွယ် သမီး အကြီး က ရဲ တပ် ဖွဲ့  ကို ဖုန်းဆက် ပြီး တိုင်ကြား ခဲ့ ပါတယ်။

ရဲ က ၀င်းမင်းထွတ် ထွက် ပြေး တဲ့ လမ်းကြောင်း နောက် ကို ခြေရာခံ လိုက် ပြီး မိသွားတာ ဖြစ် ပါတယ်။

အိမ်နီးနား ချင်း ဂယ်ရီ ယိုစ် က ” ကျွန်တော် ရင်ထဲမယ် အတော် ထိတ်သွား တယ်။ သူတို့  ကသေချာ မသိပေမယ့် မြန်မာ ပြည်က လာ တဲ့ လူကောင်း တွေ ပါ ” WFMZ TV ကို ပြော ပါတယ်။

အတော်လေးကြာပြီ ဖြစ်တဲ့ တနင်္ဂနွေ တစ်ပတ် တုန်း က သူတို့  အိမ်ကို ခုလို ရဲ တွေ လာ တယ်မိသားစု ပြဿနာ လို့  ရဲ့  တွေ က ပြော တယ်လို့  အိမ်နီးနားချင်း က ပြော ပါတယ်။

ဝင်းမင်းထွတ် ဟာ အမေရိကန် နိုင်ငံ သား ဟုတ် မဟုတ် ကို တော့ ရဲ က စုံစမ်း နေ တုန်း ဖြစ် ပါတယ်။

Freedom News Group

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များအား ပေးခဲ့ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် ပြောကြား



တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများစွာ နစ်နာ ခဲ့ရသော ငြိမ်းချမ်းရေးကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များကို ပေးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရရှိခဲ့သော ငြိမ်းချမ်းရေး ကားပါမစ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဒီဇင်ဘာ ၁၉ ရက်က Myanmar Peace Center ၏ နေရာထိုင်ခင်း စီစဉ်ပေး မှုဖြင့် Business Alliance ဟိုတယ်၌ ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အဲဒီကားပါမစ်က ကျွန်တော်ပဲ ယူလာတာ။ ကျွန်တော်တို့ ဟိုးမနှစ်ကတုန်းက ပြည်ထောင်စုနေ့ ဧည့်ခံပွဲ ၁၃ ရက်နေ့ကျတော့ သမ္မတကြီးက ဧည့်ခံတယ်။ သမ္မတကြီးက သူ့လယ်တောအိမ်မှာ ဧည့်ခံပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို စာအိတ် တစ်အိတ်စီ ပေးတယ်။ ကျွန်တော်ကလည်း ဘာမှန်းမသိဘူး။ ဖောက်လည်း မကြည့်မိဘူး။ ကိုယ်နဲ့မဆိုင်တော့ ကျွန်တော်က ယူလာပြီး ကျွန်တော်တို့ ဥက္ကဋ္ဌကို ပေးလိုက်တာ။ နောက်တော့မှ အဲဒါက ကားပါမစ် ဖြစ်နေတယ်'' ဟု ပဒိုမန်းငြိမ်းမောင်က ပြော ကြားသည်။

ထိုသို့ ပေးအပ်ခဲ့သည့် ပါမစ်အရေအတွက်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင် လုပ်ကိုင်နေသည့် သမ္မတရုံး ၀န်ကြီးဌာန-၄ ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်း အပါအ၀င် MPC မှ တာဝန်ရှိသူများက တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပဒို မန်းငြိမ်းမောင်ကမူ ၎င်းတို့အဖွဲ့ ရရှိခဲ့သော အရေအတွက်အပြင် အခြားအဖွဲ့များ ရရှိသည့် အရေအတွက် စာရင်း အတိအကျကို စာရွက်ကိုင်လျက် ထုတ်ဖော် ပြောကြားခဲ့သည်။

အစိုးရ အနေဖြင့် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့သို့ ကားပါမစ်များ ပေးအပ်ထားပြီး စုစုပေါင်း အနေဖြင့် အခွန်လုံးဝ ကင်းလွတ်သည့် အစီးရေ ၂၉၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ရသည့် အစီးရေမှာ ၅၈၀ အထိ ရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

၎င်းတို့အဖွဲ့ အနေဖြင့်မူ လုံးဝ အခွန်ကင်းလွတ်ခွင့် အစီး ၄၀ ရပြီး ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၈၀ ရ ကြောင်း၊ လုံးဝအခွန်ကင်းလွတ် အစီး ၄၀ ကို ခရိုင် တစ်ခုစီနှင့် တပ်မဟာ တစ်ခုစီကို ကားနှစ်စီးနှုန်းဖြင့် ဝေပေးပြီး ကျန်သည့် ကားများကို ဗဟိုကယူကြောင်း၊ကျန်သည့် အခွန်ဆောင်ရသည့် ကားများမှာမူ ရောင်း ထုတ်လိုက်သည့် သဘောရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

လက်ရှိအချိန်အထိ ကားပါမစ် လက်ခံထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ရှိပြီး ထိုအဖွဲ့ များ မှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည် သစ်ပါတီ (NMSP)၊ '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီ ညွတ် ရေး တပ်မတော် (NDAA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြောင်း သိရသည်။

နောက်ထပ် အစိုးရက ကားပါမစ် ချပေးရန် ရည်မှန်းထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(KIO)သို့ အခွန်လုံးဝကင်းလွတ် အစီး ၄၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်အစီး ၈၀၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် လား ဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU)သို့ လုံးဝအခွန်ကင်းလွတ် ၁၅ စီးစီနှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၃၀ စီဖြစ်ပြီး အဆိုပါ အဖွဲ့များမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှု မရှိသေးသည့်အတွက် ရယူခြင်း မ ရှိသေးကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ပြည်တွင်း သတင်းထောက်များကို ပဒိုမန်းငြိမ်းမောင် ရှင်းလင်းနေစဉ် 
(ဓာတ်ပုံ-ဇင်ဘိုလွင်)

The Daily Eleven မှ ရရှိခဲ့သော အချက်အလက်များအရ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တွင် ငြိမ်းချမ်းရေး ကားပါမစ်များအတွက် အစီး ရေ ၃၀၀၀ ချန်ထားကြောင်း သိရသည်။ 

သို့ရာတွင် ထိုအစီးရေ ၃၀၀၀ အနက် မည်မျှကို ပါမစ်ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် မည်သည့်ကား အမျိုး အစားများ တင်သွင်းနေသည် ဆိုခြင်းကို အစိုးရ တာဝန်ရှိသူ မည်သူတစ်ဦး တစ်ယောက်ကမျှ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

အခြားတစ်ဖက်တွင်မူ သမ္မတကိုယ်တိုင် ထုတ်ပေးထားသော ငြိမ်းချမ်းရေး ကားပါမစ်များကို ပြန်ဝယ်ပြီး Rolls-Royce၊ Bentley အစရှိသော မြို့ပေါ်သုံး အဆင့်မြင့် ဇိမ်ခံကားများ၊ တန်ဖိုးမြင့် ပြိုင်ကားများကို တင်သွင်းနေသဖြင့် ကားပါမစ်ရရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထိုက်သင့် သည့်တန်ဖိုး မရရှိဘဲ ဖြစ်နေသည့်အပြင် နိုင်ငံတော် အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာ နစ်နာပြီး ကြားပွဲစား အဆင့်ဆင့်နှင့် ပါမစ်ဝယ်ယူ တင်သွင်းသူ အချို့သာ ကောင်းစားသွားခြင်းများ ရှိနေကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေး ကားပါမစ် အစီအစဉ်အရ တင်သွင်းလာသည့် လက်ရှိအစီးရေ ၁၀၀၀ အတွက်ပင် အနည်းဆုံး အခွန်ငွေမှာ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာလျက် ရှိနေကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင် တန်ကြေးရှိသော Rolls- Royce ကဲ့သို့ ကားတစ်စီးအား အခွန်ပေး ဆောင်၍ တင်သွင်းမည် ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်ဆောင်ပြီး ကားတစ်စီး တန်ဖိုးသည် ကျပ်သိန်းပေါင်း ၁၃၀၀၀ ၀န်းကျင်အထိပင် ကျသင့်မည် ဖြစ် ကြောင်း၊ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပါမစ် ဆိုပါက ၀ယ်ယူတင်သွင်းသူသည် အခွန်ငွေ ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အား လုံးဝပေးဆောင်ရန် မလိုသည့်အတွက် ပြည်သူ့ဘဏ္ဍာများစွာ နစ်နာနေခြင်း ဖြစ်သည်။

ပါမစ်တန်ဖိုးမှာ တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိဖြစ်၍ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ အမှန်တကယ် ရရှိသည့် တန်ဖိုးမှာ ပါမစ်တစ်စောင်အတွက် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၅၀၀ သာ ရရှိမည်ဖြစ်သည်။

ငြိမ်းချမ်းရေး ပါမစ်များဖြင့် လက်ရှိ တင်သွင်းထားသည့် အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန် ကြေးရှိသော Rolls- Royce အမျိုးအစား ကားများမှာ ယခုအခါ မြန်မာနိုင်ငံအတွင်း အစီးရေ ၃၀ ၀န်းကျင် အထိပင် ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးသိန်းအထိ တန်ကြေးရှိသော Bentley အမျိုးအစား ကားများသည် အစီး ၂၀ နီးပါးအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် ငြိမ်းချမ်းရေး ကားပါမစ်များဖြင့် တင်သွင်းနေသော ဇိမ်ခံကားများကို မြ၀တီနယ်စပ်နှင့် တာချီလိတ်တို့မှ တင်သွင်းလျက် ရှိကြောင်းနှင့် ကညနသို့ ဆက်သွယ်မေးမြန်းချက်အရ ငြိမ်းချမ်းရေးပါ မစ်ဖြင့် တင်သွင်းသည့် ကားများထဲတွင် Rolls-Royce, Bentley, Lamborghini, Lexus, BMW ကဲ့သို့ ကားများ အများဆုံး နံပါတ် ထုတ်ယူကြောင်း သိရသည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကားပါမစ်များ ထုတ်ပေးနေသည့် အစီအစဉ်ကို မ ကြိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၅ ရက်က ပြု လုပ်ခဲ့သော RFA သတင်းဌာနနှင့် အင်တာဗျူး အစီအစဉ်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

''အစ်မကတော့ မကြိုက်ဘူး။ ဘယ်လို အဓိပ္ပါယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲ အစ်မနားမလည်ဘူး။ ကားပါမစ်က ကားပါမစ်သက်သက် ကိစ္စပေါ့နော်။ သူ့ဘာသူ သူ့လမ်းနဲ့သူ သွားရမှာ။ အပစ်အခတ် ရပ်စဲရေး တွေကတစ်ဆင့် တိုင်းရင်းသားတွေကို ကူညီချင်တယ်ဆိုရင် တခြားဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ အများကြီး ကူညီလို့ ရတာပဲ။ ဒီကားပါမစ်ကိစ္စက အများကြီး ရှုပ်ရှုပ်ထွေးထွေးလည်း ရှိတတ်တယ်လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Eleven Media Group