Wednesday, December 18, 2013

ထောင်ချောက်ကို ရှောင်၍ လေးညို့သံကို နားထောင်လော့



NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေးနှင့် ပတ်သက်၍ လူထု ဆန္ဒခံယူပွဲ (သို့မဟုတ်) NLD ထောက်ခံသူ များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး / အသစ် ရေးဆွဲရေးအတွက် မည်သို့ ဆန္ဒသဘော ထားရှိသည်ကို ဆန္ဒသဘောထား ကောက်ခံသည့် ပွဲများ ဆောင် ရွက်နေပါသည်။ ထိုသို့ ဆောင်ရွက် ရာတွင် NLD ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေဦးကိုနီသည် NLD ပါတီက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းနှင့်၊ ပဲခူးတိုင်း အတွင်းရှိ ၂ဝဝ၈ အခြေခံ ဥပဒေဆိုင်ရာ ဆန္ဒသဘောထားရယူပွဲများတွင် လိုက်လံရှင်းလင်း ပြောကြားလျှက်ရှိပြီး ဂျာနယ်များတွင် လည်း ၂ဝဝ၈ အခြေခံဥပဒေနှင့် ပတ်သက်သည့် ဆောင်းပါးများ ရေးသားနေသူ ဖြစ်ပါသည်။


သတင်းစာတစ်စောင်တွင် ဖော်ပြပါရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဦးကိုနီ၏ အင်တာဗျူးကို ဖတ်ရှုခဲ့ရာ ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ ဦးကိုနီ၏ ဝေဖန်သုံးသပ်ချက်အရ အချို့သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရည်ရွယ်ချက်၏ နောက်ဝယ် အခြားရည်ရွယ် ချက် တစ်ခုခု ရှိနေသလောဟု သံသယဖြစ်မိပါသည်။ ဦးကိုနီ၏ ပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်- 

`အဲဒါကိုသမိုင်းကြောင်းနဲ့ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေမှာ ဗမာနိုင်ငံမှာ နိုင်ငံသား တစ်မျိုးတည်း ရှိရမယ်လို့ ပြတ်ပြတ်သားသား ရေးခဲ့တယ်။ 

တိုင်းရင်းသား ကဖြစ်တဲ့ နိုင်ငံသားဆိုတာ သတ်သတ် မရှိစေရလို့ ရေးခဲ့တယ်။ စိတ်ဝမ်းမကွဲအောင် နိုင်ငံသား တစ်မျိုးတည်း ထားတယ်။ မွန်၊ ဗမာ၊ ကရင်၊ ကချင် အားလုံး နိုင်ငံသားပဲ၊ စပြီးဖောက်သွားတာက ၁၉၇၄ ဦးနေဝင်းရေးတဲ့ အခြေခံ ဥပဒေပဲ။ နိုင်ငံသားကို ၂ မျိုး အဓိပ္ပါယ်ဖွင့်တယ်။ တစ်မျိုးက တိုင်းရင်းသားမိဘနှစ်ပါးကမွေးသော နိုင်ငံသား နဲ့ ဥပဒေအရ ဖြစ်တဲ့ နိုင်ငံသား၊ အဲဒီကနေ ၁၉၈၂ ခု နိုင်ငံသားဥပဒေထွက်လာတော့ တိုင်းရင်း သားက ဖြစ်သောနိုင်ငံသား၊ဥပဒေအရ ဖြစ်သောနိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုပြီးတော့ ၄ မျိုးကွဲ သွားတယ်။

အဲဒီထဲမှာ နိုင်ငံသားဟုတ်မဟုတ်သံသယရှိသူဆိုပြီး တစ်စုပါတယ်။အခု ၂ဝဝ၈ မှာ ကျတော့ စောစောက ၅၉ (စ) မှာပြဌာန်းထားတဲ့ သမ္မတဖြစ်ထိုက်သော ဆိုတာ တစ်မျိုးပေါ်လာတယ်။ ပုဒ်မ ၁၂ဝ အရအမတ်အဖြစ်အရွေးခံထိုက်သောနိုင်ငံသားဆိုပြီး နောက်ထပ်တစ်မျိုး ထပ်ပေါ်လာတယ်။ တကယ်တော့ အဲဒါဟာ တစ်နိုင်ငံတည်းမှာ မှီတင်းနေထိုင်တဲ့ လူတွေကို စိတ်ဝမ်းကွဲအောင် အမျိုးမျိုး ခွဲထားတာ။ ဒီလိုမလုပ်ရဘူး။ နိုင်ငံသားအားလုံးဟာ တစ်မျိုးတည်းပဲ ဖြစ်ရမယ်။ တန်းတူအခွင့်အရေး ရှိရမယ်။ 

ထူးခြားချက် အဖြစ် နိုင်ငံတော်သမ္မတ ဆိုတာ နိုင်ငံရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဖြစ်တဲ့ အတွက်သူ့အတွက်တော့ သီးခြားအရည်အချင်း သတ်မှတ်နိုင်ပါတယ်။ အဲဒါကလည်း ရိုးရိုးလေးပါ။ နိုင်ငံသားမိဘနှစ်ပါးက မွေးတဲ့ နိုင်ငံသား ဖြစ်ရမယ်။ ဆိုလိုတာက နိုင်ငံတော်သမ္မတဖြစ်မယ့်လူဟာ သူကိုယ် တိုင် နိုင်ငံသားဖြစ်ရုံနဲ့ မလုံလောက်ဘူး။ သူ့ကိုမွေးတဲ့ အချိန်မှာ သူ့အဖေရော၊ အမေရာ နိုင်ငံသား ဖြစ်ရမယ်။ ဒီလောက်ဆိုရင် လုံလောက်ပါတယ်´ 

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား နိုင်ငံသားများသာ နိုင်ငံတော် သမ္မတဖြစ်ခွင့်ရှိသည်ဟု ဥပဒေပြဌာန်းထားခြင်းသည် မဖြစ်သင့်၊ မတရားဟု ဦးကိုနီက ဆိုလို ခြင်း ဖြစ်ဟန် တူပါသည်။ ဦးကိုနီက ကမ္ဘာပေါ်တွင် ထိုဥပဒေမျိုး မည်သည့်နိုင်ငံတွင်မှ မရှိကြောင်း။ အရေးကြီးသည်မှာ နိုင်ငံသားဖြစ်ရန်သာ အဓိကထားကြောင်း၊ ဥပမာ အိန္ဒိယနိုင်ငံတွင် ရာဂျစ်ဂန္ဒီ၏ အမျိုးသမီး ဆိုနီယာ ဂန္ဒီ ဆိုလျှင် အာဏာရပါတီ၏ ထိပ်တန်းခေါင်းဆောင် ပါလီမန်အမတ်ဖြစ်ပြီး သူဟာ ဝန်ကြီးချုပ် လုပ်ချင်လျှင် လုပ်လို့ရကြောင်း၊ သူမလုပ်ချင်သည့်အတွက် မိုဟန်ဆင်းကို တင်ထားခြင်း ဖြစ်ကြောင်း၊ ဆိုနီယာဂန္ဒီသည် အီတလီနိုင်ငံသူဖြစ်ပြီး အိန္ဒိယနိုင်ငံသား ခံယူထားသူဖြစ်ကြောင်း၊ တစ်ချိန် က ဘာပဲဖြစ်ဖြစ် အခုနိုင်ငံသား မှန်လျှင် သူတို့ စဉ်းစားကြောင်း၊ နိုင်ငံ့အရေးတွေကို ဆောင်ရွက်ခွင့် ပေးထား ကြောင်း ပြောကြားခဲ့ပါသည်။ 

အခြားနိုင်ငံများတွင် နိုင်ငံသားဖြစ်သူတိုင်း သမ္မတအဖြစ် အရွေးချယ်ခံပိုင်ခွင့် ရှိ/မရှိ လေ့လာကြည့် ရာ နိုင်ငံအချို့တွင် အောက်ပါအတိုင်း တွေ့ရှိရပါသည်- 

(က) အာဖဂန်နစ္စတန်နိုင်ငံ။ အာဖဂန်မိဘနှစ်ပါးက မွေးဖွားသည့် အာဖဂန်နိုင်ငံသား မူဆလင် ဖြစ်ရမည်။ 

(ခ) အယ်ဂျီးရီးယားနိုင်ငံ။ အယ်ဂျီးယားနိုင်ငံတွင် မွေးဖွားသည့်နိုင်ငံသား မူဆလင်ဖြစ်ရမည်။ အိမ်ထောင် ဖက်သည်လည်း အယ်ဂျီးရီးယားနိုင်ငံသားဖြစ်ရမည်။ 

( ဂ) အာဂျင်တီးနားနိုင်ငံ။ အာဂျင်တီးနားနိုင်ငံတွင်း မွေးဖွားခဲ့သည့် နိုင်ငံသားဖြစ်ရမည်။ ပြည်ပ တွင် မွေးဖွား ခဲ့သူဖြစ်ပါက အာဂျင်တီးနားနိုင်ငံဖွားမိဘ၏ သား/သမီးဖြစ်ရမည်။ 

(ဃ) အင်ဒိုနီးရှားနိုင်ငံ။ တစ်ဆူတည်းသော ဘုရားကို ယုံကြည်သူဖြစ်ရမည်။ မွေးဖွားစဉ် ကတည်းက အင်ဒိုနီးရှားနိုင်ငံသားဖြစ်ရမည်။ အင်ဒိုနီးရှား ကွန်မြူနစ်ပါတီဝင် မဖြစ်ဖူးရ။ 

(င) ပါကစ္စတန်နိုင်ငံ။ မူဆလင် မဟုတ်ပါက သမ္မတအဖြစ် ရွေးချယ်ခံခွင့် မရှိ။

ထို့ကြောင့် တိုင်းရင်းသားနိုင်ငံသားဖြစ်သူများသာ သမ္မတဖြစ်ခွင့်ရှိသည်ဆိုသော မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်မျိုး မည်သည့်နိုင်ငံတွင်မှ မရှိကြောင်း ဦးကိုနီ၏ ပြောကြား ချက်သည် မှန်ကန်သလိုလို ရှိသော်လည်း တကယ်တမ်းတွင် လိုရာဆွဲပြောကြား ချက်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ 

နိုင်ငံအချို့တွင် နိုင်ငံသားဖြစ်သူတိုင်း သမ္မတဖြစ်ခွင့်ရှိသော်လည်း အချို့နိုင်ငံများတွင် ဘာသာရေး ယုံကြည်မှုကို သမ္မတ အရည်အချင်းတွင်ထည့်သွင်း သတ်မှတ် ထားသဖြင့် အခြား ဘာသာဝင် နိုင်ငံသား များ သမ္မတဖြစ်ခွင့်မရှိကြောင်း တွေ့ရှိနိုင်ပါသည်။ ထို့ပြင် နိုင်ငံအချို့တွင် နိုင်ငံသား မိဘများက မွေးဖွား သည့် နိုင်ငံသားများသာ သမ္မတဖြစ်ခွင့် ရှိကြောင်း လည်း တွေ့ရှိနိုင်ပါသည်။ 

ထို့ကြောင့် သမ္မတအရည်အချင်းသတ်မှတ်ချက်သည် တစ်ကမ္ဘာလုံး လိုက်နာရမည့် အမှန်တရား မဟုတ် သဖြင့် မိမိ နိုင်ငံအခြေအနေပေါ်မူတည်၍ သတ်မှတ်ကြခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး ဒီမိုကရေစီသက်တမ်း နှစ်ပေါင်း များစွာ ကြာမြင့်နေပြီဖြစ်သည့် နိုင်ငံများကို လက်ညှိးထိုးပြကာ ထိုနိုင်ငံများတွင် ထိုသို့ ပြဌာန်း ထား၍ မိမိ တို့ နိုင်ငံတွင် ထိုသို့ပြဌာန်းရမည်ဆိုခြင်းမှာ စဉ်းစားဆင်ဥာဏ် နည်းရာ ရောက်သည်ဟု သုံးသပ်ရပါသည်။ ထို့ပြင် ရှေ့နေကြီး ဦးကိုနီထောက်ပြခဲ့သော အိန္ဒိယနိုင်ငံတွင် အီတလီနိုင်ငံသူအဖြစ်မှ အိန္ဒိယနိုင်ငံသူ အဖြစ်ခံယူခဲ့သော ဆိုနီယာဂန္ဒီသည် အာဏာရပါတီ၏အကြီးအကဲဖြစ်၍ ၀န်ကြီးချုပ် လုပ်ချင်လျှင် လုပ်နိုင် သော်လည်း သူ မလုပ်ချင်၍ မန်မိုဟန်ဆင်းကို တင်ပေးသည်ဆိုသည်မှာလည်း မမှား သော်လည်း မမှန်ဟု ဆိုချင်ပါသည်။ 

ဆိုနီယာဂန္ဒီအနေဖြင့် ဥပဒေအရ ၀န်ကြီးချုပ်ရာထူး ရယူနိုင်သော်လည်း ၀န်ကြီးချုပ်ရာထူး ရယူခဲ့ပါက အိန္ဒိယတိုင်းရင်းသူမဟုတ်သူ ၀န်ကြီးချုပ်ရာထူးယူသည်ကို အကြောင်းပြု၍ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်လာမည့်အရေးကို တွက်ဆ၍ အမျှော်အမြှင်ရှိစွာဖြင့် ၀န်ကြီးချုပ်ရာထူးကို စွန့်လွှတ် ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင်မူ နိုင်ငံရေးတည်ငြိမ်မှုထက် ပုဂ္ဂိုလ်ရေးဆန္ဒများကို ရှေ့တန်းတင် နေသလောဟု စဉ်းစားမိပါသည်။ ရှေ့နေကြီး ဦးကိုနီ ပြောကြားသည့်အတိုင်း နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ရှိရမည်ဆိုပါက တိုင်းရင်း သားမဟုတ်သော မြန်မာနိုင်ငံသား တရုတ်များ၊ အိန္ဒိယန်းနွယ်ဖွားများနှင့် ဘင်္ဂါလီများသည်လည်း လွှတ်တော်က ရွေးချယ်ပါက သမ္မတဖြစ်လာနိုင်သည့် အလားအလာရှိပါသည်။ ထိုသို့ တိုင်းရင်းသား မဟုတ်သူများ နိုင်ငံတော်သမ္မတဖြစ်လာပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ သွားရာလမ်းကြောင်း ပိုမို ဖြောင့်ဖြူးမည်လော၊ နိုင်ငံရေးမိုးသက်မုန်တိုင်းများ ပိုထန်လာမည်လော ဆိုသည်ကို စဉ်းစားဥာဏ် ရှိသူ တိုင်း သိနိုင်ပါသည်။ 

ယခုဆောင်းပါးအစတွင် တင်ပြခဲ့သည့်အတိုင်း ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ ဦးကိုနီ၏ ဝေဖန် သုံးသပ် ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရည်ရွယ်ချက်၏ နောက်ဝယ် အခြားရည်ရွယ်ချက် တစ်ခုခု ရှိနေသလောဟု သံသယဖြစ်မိသည်ကို ဆက်လက်တင်ပြသွားပါမည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံး၏ အခေါင်အချုပ်ဖြစ်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီညွတ်သော တည်ဆဲဥပဒေမှန်သမျှကို အခြေခံဥပဒေနှင့် ညီညွတ်အောင် ပြန်လည်ရေးဆွဲ ရမည်ဖြစ်ပါသည်။ ဦးကိုနီက ၁၉၈၂ ခု နိုင်ငံသားဥပဒေတွင် တိုင်းရင်းသားက ဖြစ်သော နိုင်ငံသား၊ ဥပဒေ အရ ဖြစ်သောနိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟူ၍ ၄ မျိုး ခွဲခြားထားကြောင်း ပြောကြား ခဲ့ပါသည်။

အကယ်၍ ဦးကိုနီပြောသည့်အတိုင်း နိုင်ငံသားဖြစ်သူတိုင်း သမ္မတအဖြစ် ရွေးကောက် တင်မြောက်ခွင့် ရှိသည်ဟု ပြင်ဆင်လိုက်ပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် အခြေခံဥပဒေ နှင့် ညီတော့မည် မဟုတ် ပေ။ ထို့ကြောင့် ၁၉၈၂ ခုနှစ် အခြေခံဥပဒေကိုလည်း မလွှဲမသွေ ပြင်ဆင်ရ တော့မည် ဖြစ်သည်။ 

တစ်ဖန် ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် ထိုပြည်နယ်/ တိုင်း အတွင်း နေထိုင်သော တိုင်းရင်းသားများအနက် ၁ % နှုန်းထက် ပိုသော တိုင်းရင်းသားများ၏ အရေးကိစ္စ များကို ဆောင်ရွက်နိုင်ရန် ၄င်းတိုင်းရင်းသားများကို ကိုယ်စားပြုသည့် တိုင်းရင်းသားရေးရာ ၀န်ကြီးများ ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသည်။ 

ဦးကိုနီ၏ အဆိုအရ တိုင်းရင်းသားမဟုတ်သော နိုင်ငံသား နှင့် တိုင်းရင်းသား နိုင်ငံသားများ အခွင့်အရေး တန်းတူပေးရမည်ဆိုပါက တရုတ်ရေးရာဝန်ကြီး၊ တမီလ် ရေးရာဝန်ကြီး၊ ဆစ်ခ်ရေးရာဝန်ကြီး၊ ဘင်္ဂါလီ ရေးရာဝန်ကြီး အစရှိသည်ဖြင့် လူမျိုးရေးရာဝန်ကြီးများစွာ တိုးလာစရာရှိပါသည်။                                   

၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သော အခြေခံဥပဒေဆိုင်ရာ ဥပဒေ က၀ိ တစ်ဆူ ဟု သိရှိထားကြသော ဒေါက်တာမောင်မောင်၏ မြန်မာ နိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း (ဒုတိယတွဲ)၊ စာမျက်နှာ ၄၀၀ တွင် ဖော်ပြထားချက်ကို ကောက်နှုတ် ဖော်ပြလိုပါသည်။ 

ယင်းရေးသား ဖော်ပြချက်မှာ - 

ကျွန်တော်သိရှိသလောက်တော့ ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်များသည် အောင်ဆန်းစုကြည် ကို တမင်သက်သက်ရည်ရွယ်ပြီး အရွေးချယ်မခံရလေအောင် ထည့်သွင်းရေးဆွဲထားခြင်း မဟုတ်ပါ။ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေကို ဗိုလ်ချုပ်အောင်ဆန်း ဦးစီးဦးဆောင်ပြုပြီး ရေးဆွဲခဲ့ကြစဉ်ကပင် အလွန် အရေးကြီး သည့် အခြေခံမူတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့အပြင် လန်ဒန်မြို့တွင် နန်းရင်းဝန် အက်တလီနှင့် လွတ်လပ်ရေးအတွက် တိုင်ပင်ဆွေးနွေးခဲ့စဉ်ကလည်း ဗိုလ်ချုပ်အောင်ဆန်း သည် ပဓာန ကျသော သတ်မှတ်ချက်တစ်ခုကို မီးမောင်းထိုးပြခဲ့သည်။ 

ယင်းအချက်မှာ “မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့်အခါ နိုင်ငံတော်၏ ကျေးဇူးသစ္စာ စောင့်သိမှုအပေါ် ဇဝေဇ၀ါ ဖြစ်နိုင်သူများနှင့် နိုင်ငံ ခြားတွင် အမြဲနေထိုင်ခဲ့သူများကို မြင့်မား သည့် နိုင်ငံရေးရာထူးအဆင့်များ ရယူခွင့် မရှိရလေအောင် ဥပဒေ အရ တားမြစ်ထားရမည်” ဟု အသေအချာ အတိအလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယနေ့အခါ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း အခြားသောတိုင်းပြည်များတွင် နိုင်ငံသား အဖြစ် ခံယူကာ အပြီးသွားရောက်နေထိုင်ကြသူများ အများအပြား ရှိနေပြီ ဖြစ်သည်။ ထိုသို့နေထိုင်ပြီး သူတို့ အဆင်ပြေသည့် အချိန်အခါကျမှ မိမိတို့သည် မြန်မာလူမျိုးပါ ဟု ဆိုကာ အမိနိုင်ငံသို့ ပြန်လာပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ဗန်းပြလျက် ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်အရွေးခံခွင့် တောင်း ခံအရေးဆိုသည်ကို ခွင့်ပြုလိုက်မည် ဆိုပါက ပြည်သူလူထုအပေါ် မတရားရာ ကျပေလိမ့်မည်။ ဟူ၍ ဖြစ် ပါသည်။ 

အထက်ပါ ရေးသားချက်များမှာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် လက်ရာမကင်း သော ဒေါက်တာမောင်မောင်၏ ရှင်းလင်းချက် ဖြစ်ပါသည်။ 

အင်္ဂလန်ပုံစံ အင်္ဂလန်နိုင်ငံသား ဆိုလျှင် အင်္ဂလန်တွင် နိုင်ငံသားခံယူထားသော မြန်မာနိုင်ငံသား တစ်ယောက် အင်္ဂလန်ဝန်ကြီးချုပ် ဖြစ်နိုင်ပါမည်လား။ ဦးကိုနီအား မေးလိုပါသည်။ မြန်မာနိုင်ငံသည် အမျိုးသားနိုင်ငံ ဖြစ်သည့်အတွက် အမေရိကန်နိုင်ငံလို Migrant Nation မဟုတ်ပါ။ အမေရိကန်၏ သမိုင်းကြောင်းကို သေချာလေ့လာကြည့်လျှင် ကမ္ဘာအရပ်ရပ်မှ ရောက်ရှိ စုစည်း ခဲ့ကြပြီး အမေရိကန်နိုင်ငံသားဟူ၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ တိုင်းရင်းသားစိတ်ဓါတ် ထူထောင်၍ မရနိုင်သောကြောင့် နိုင်ငံသား စိတ်ဓါတ်ကို ရိုက်သွင်းထားခြင်း ဖြစ်ကြောင်း သတိပြုကြရန် လိုအပ်ပါသည်။ 

မြန်မာနိုင်ငံသည်ကား တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သော Nation State ဖြစ်ပါသည်။ ထို့ကြောင့် ရိုးသားဖို့ လိုပါသည်။ နိုင်ငံအပေါ် သစ္စာရှိဖို့ လိုပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံရေးအသိ၊ နိုင်ငံရေး ရေချိန် မြင့်မားကြပါသည်။ ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်သည်ဖြစ်စေ၊ တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီနိုင်ငံဖြစ်ရေး ရှေးရှု ဆောင်ရွက် သည် ဖြစ်စေ လူဦးရေ သန်းထောင်ချီ နေသောနိုင်ငံကြီးများနှင့် လူဦးရေ ပေါက်ကွဲမှုဖြစ်နေသော နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် ထိုဥပဒေ သင့်တော်ခြင်း ရှိ/မရှိ မြန်မာနိုင်ငံသား များ စဉ်းစား ဆင်ခြင် နိုင်ကြမည်ဟု ယုံကြည်မိပါသည်။ 

သို့သော်လည်း မိမိတို့ ချစ်ခင်လေးစားသူတစ်ဦး သမ္မတဖြစ်ရေး အတွက် နောင်ရေးကို အရှည်မျှော် မတွေး မိဘဲ ပညာရှိသတိဖြစ်ခဲ ဖြစ်သွားကြမည်ကို စိုးရိမ်စိတ်ဖြင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

မျိုးချစ်သူ

လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်း က တာချီလိတ် မြို့နယ်ရှိ လုံခြုံရေး အဖွဲ့များသည် သတင်းအရ ၀မ်ပုံကျေးရွာ အနီး ၀ါးရုံပင် အောက်ခြေ၌ တူးဖော် ရှာဖွေရာ မြေအနက် တစ်ပေခန့် တွင် မြွေရေခွံအတ် အတွင်း ပလတ်စတစ် ဖြင့် ထုတ်ပိုး ထားသော အေကေ ၄၇ သေနတ် နှစ်လက် ၊ ၄င်းကျည်အိမ် နှစ်ခု ၊ ကျည် ၃၃ တောင့် ၊ အမ် ၁၆ သေနတ် တစ်လက် ၊ ၄င်းကျည်အိမ် တစ်ခု ၊ ကျည် ၂၂ တောင့် တို့အား သိမ်းဆည်း ရမိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီ

ရှမ်းပြည် ကွမ်းလုံမြို့က ပေါက်ကွဲမှု ၅ ဦး သေဆုံး



ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့မှာ မနေ့က ညနေ ၃ နာရီလောက်က လားရှိုး- ကွမ်းလုံ လမ်းပေါ်ရှိ ခရိုင်သာသနာရေး ဦးစီးရုံးနဲ့ ဆက်သွယ်ရေးရုံး ကြားမှာ ထော်လာဂျီယာဉ်ကနေ ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရသွား ပါ တယ်။


ချင်းရွှေဟော်ကနေ ကွမ်းလုံကို မောင်းလာတဲ့ ထော်လာဂျီဟာ အခင်းဖြစ်နေရာအရောက်မှာ ပေါက်ကွဲ သွားပြီး အနီးမှာ ရပ်ထားတဲ့ Asia World ကုမ္ပဏီပိုင် Paver Machine XRMC အမျိုးစား လမ်းခင်း စက်ပေါ် ရှိ စက်မောင်း ၂ ဦးနဲ့ ဆိုင်ကယ် စီးနင်းလာတဲ့ တပ်မတော်သား ၁ ဦးတို့ သေဆုံးခဲ့ပြီး အခြား၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ မြဝတီကို ကိုးကားပြီး ကြေးမုံသတင်းက ဆိုပါတယ်။ 

သေဆုံးသူတွေကို မြဝတီကို ကိုးကားပြီး ကြေးမုံက ဖော်ပြထားရာမှာတော့ ဒုတပ်ကြပ် ဇော်မင်းသိန်း (အမှတ်(၂) အခြေချ စစ်ဗျူဟာ အဖွဲ့) ကွမ်း လုံမြို့၊ တင်မင်းဇော်၊ အသက်(၂၅)နှစ် Asia World ကုမ္ပဏီ စက်မောင်း၊ သူရကျော်၊ အသက်(၂၅)နှစ် Asia World စက် မောင်းတို့ (၃)ဦး သေဆုံးပြီး ဇော်မျိုးအောင် (၂၆)နှစ်၊ (နည်းပြ၊ နတလ သင်တန်းကျောင်း၊ ကွမ်းလုံ)သည် ၀ဲခြေသလုံးရိုး ကျိုးနှင့် သက်ဇေယျာထွန်း (Asia World) လုပ်သားသည် ယာလက်မောင်း ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ပါတယ်လို့ ရေးထား ပါတယ်။ 

အဲဒီနောက် သတင်းဖော်ပြမှုအရ ထော်လာဂျီက တစစီ လွှင့်စင်ပျက်စီးသွားပြီး ယာဉ်ပေါ်ပါလာတဲ့ ယာဉ်မောင်း အမျိုးသားတဦး( စိစစ်ဆဲ) နဲ့ အမျိုးသမီး ၁ ဦးရဲ့ အလောင်းတွေကို ရှာဖွေမတွေ့သေးဘူးလို့ ကနဦးသတင်းကိုလည်း ကိုးကားဖော်ပြ ထားပါတယ်။ ဒါကြောင့် သေဆုံးသူ စုစုပေါင်း ၅ ဦး ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ပေါက်ကွဲမှုဟာ ဘယ်လို ပေါက်ကွဲမှုမျိုး ဖြစ်ပွားခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။ 

ဓါတ်ပုံ -  ပျက်စီးသွားတဲ့ လမ်းခင်းစက်၊ ဓာတ်ပုံ- မြဝတီ

Credit : ဧရာဝတီ

ဘောလုံးပွဲပဋိပက္ခတွင် ထိန်းသိမ်းခံရသူများကို ဦးဇော်ဇော်ကလွှတ်ပေးသည့်အပြင် ခရီးစရိတ်ပါပေး



မြန်မာ နှင့် အင်ဒိုနီရှား ဘောလုံးပွဲအပြီး သုဝဏ္ဏ ဘောလုံးကွင်း ပြင်ပတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော အမျိုးသား ကိုးဦးအနက် ရန်ကုန်မြို့တော်တွင် နေထိုင်သူ ရှစ်ဦးကို ခရီးစရိတ် တစ်ဦးလျှင် ကျပ် ငါးသောင်း နှင့် မန္တလေးမှ လာရောက်အားပေးသော အမျိုးသား တစ်ဦကို ခရီးစရိတ် ကျပ် တစ်သိန်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ခရီးစရိတ်ပေးခဲ့သည်။


“ဘောလုံးကို ချစ်လို့ မရည်ရွယ်ဘဲ ဖြစ်ခဲ့တဲ့ ပြဿနာမှာ ထိန်းသိမ်းခံထားရတဲ့ ပရိသတ်အတွက် ပြန်လည် လွှတ်ပေးဖို့ ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံ အပ်တာပါ။ မျိုးချစ်စိတ်ကြောင့် ဖြစ်ရတဲ့အတွက် သူတို့ တွေ အချုပ်ခန်းထဲမှာ ရှိနေသရွေ့ ကျွန်တော်ဘယ်လိုမှ အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး ”ဟု ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ရှင်းပြသည်။

အင်ဒိုနီးရှားကို ပင်နယ်တီ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ဘောလုံးပွဲစဉ်တွင် ကွင်းတွင်းသို့ ဝင်လာသူ မြန်မာ လူငယ် ပရိသတ် သုံးဦးနှင့် ကွင်းပြင်ပတွင် လုံထိန်းရဲတပ်ဖွဲ့များကို ခဲဖြင့် ပစ်ပေါက်ခဲ့သော လူငယ်ခြောက်ဦး တို့ကို လုံခြုံရေးအရ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ဒီဇင်ဘာလ ၁၆ရက် ည ၁၁ နာရီခန့်က ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ ဦးဇော်ဇော်၏ မေတ္တာရပ်ခံမှုကြောင့် ဒီဇင်ဘာလ ၁၇ ရက် ညနေ ၆ နာရီက အုပ်ထိန်းသူ မိဘများ၏ ရှေ့မှောက်တွင် ခံဝန်လက်မှတ် ရေးထိုးကာ ပြန်လည် လွတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဝင်းနိုင်က ပြောကြားသည်။

“တစ်ဖက်အသင်းကို စိတ်ဆိုးလို့ လုပ်တာမဟုတ်ဘဲ ကိုယ့်အသင်း က ဘောလုံးကို ဘယ်လိုကန်နေတာလဲ ဆိုတာ ကြည့်ပြီး မခံချင်စိတ်တွေကြွလာတာကြောင့် ကွင်းတွင်းကွင်းပြင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွား ရတာကို နားလည်ပေးနိုင်ပေမယ့် နောင်လာမယ့် ပွဲတွေမှာ ဒီလိုထပ်မံ မဖြစ်ပွားစေချင်လို့ပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ဆိုသည်။

ရဲတပ်ဖွဲ့အနေနှင့် ပြည်သူ၏ မျိုးချစ်စိတ်၊ နိုင်လိုစိတ်ကြောင့် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ကို ဝင်ရောက် တားမြစ်ခြင်း မပြုလိုသော်လည်း အများပြည်သူ၏ လုံခြုံရေးအတွက် ဝင်ရောက် ထိန်းသိမ်း ပေးခြင်း ဖြစ်ကြောင်း ၊ ရဲစခန်းတွင် ထိန်းသိမ်းခဲ့သူ အမျိုးသား ကိုးဦးကို ဘောလုံးပွဲများကို ယခုလို ပဋိပက္ခအသွင်မျိုး မဟုတ်ဘဲနိုင်ငံကြီးသား ပီသစွာ ဆက်လက် အားပေးရန် ဖိတ်ခေါ်ကြောင်း ဦးဇော်ဇော်က ပြောကြားသည်။

“အိုမန်နဲ့ ပွဲတုန်းကတစ်ခါ ပြဿနာဖြစ်ခဲ့တာကြောင့် ဖီဖာက အိမ်ကွင်း ကျင်းပခွင့် သုံးနှစ် ပိတ်ခဲ့တာ အင်္ဂလန် ရှေ့နေဌားပြီး ပြန်လည် ကျင်းပခွင့်ရအောင် ဒဏ်ကြေး ဒေါ်လာ တစ်သောင်းပေးဆောင်ပြီး မနည်းကြိုးစား ခဲ့ရတာ။ အခုဖြစ်တဲ့ ပြဿနာကိုလည်း ဖီဖာက အရေးမယူနိုင်ဘူးလို့ မပြော နိုင်ဘူး ” ဦးဇော်ဇော်က ရှင်းပြသည်။

ထိန်းသိမ်းခံရသူများကို ဂရုဏာဖြင့် ပြန်လွတ်ပေးခဲ့သည့် အတွက် အလွန်ပင် ဝမ်းသာကြောင်း ထိန်းသိမ်း ခံထားသူ ကိုးဦးအနက်မှ ပုဇွန်တောင် မြို့နယ်၊ ရေကျော်ဈေးအနီးတွင် နေထိုင်သော လူငယ်၏ မိခင် ဒေါ်ခင်မာအေးက ပြောကြားသည်။

Credit : The Voice Weekly

ရှမ်းနီတိုင်းရင်းသား တစ်ရာကျော်ကို ပြန်လွှတ်ပေးရန် KIA ကို ဆန္ဒပြမည်



KIA က တပ်သားစုဆောင်းရန် အတွက် မန်စီ မြို့နယ် အတွင်းမှ ဖမ်းဆီး ခေါ်ဆောင်သွားသည် ဆိုသော ရှမ်းနီ တိုင်းရင်းသား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးရန် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIO/KIA အဖွဲ့အား ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက် ရှမ်း မျိုးနွယ် စုများအရေး လှုပ်ရှားသူ ဦးစိုင်းထိန်လင်းက ပြော ကြားသည်။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဝန်းသိုကျောင်းတိုက်မှ စတင်ကာ ကေအိုင်အို ငြိမ်းချမ်းရေး နည်းပညာ အထောက်အကူပြုရုံး ရှေ့အထိ လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ပြီး ရှမ်းတိုင်းရင်းသား လေးသောင်းခန့် ပါဝင်မည် ဖြစ်ကြောင်း၊ ကေအိုင်အေမှ ရှမ်းနီတိုင်းရင်းသားများအား ဖမ်းဆီးခြင်း အပေါ် ကန့်ကွက်သည့် ကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

"ဒီနှစ် ဒီဇင်ဘာလ အတွင်း ကေအိုင်အေက ဖမ်းဆီးထားတဲ့ ရှမ်းနီလူမျိုး တစ်ရာကျော် ပြန်လွှတ်ဖို့ ရည်ရွယ်ပါတယ်။ လွှတ်ပြီးရင်လည်း ပြန်မဖမ်းဖို့နဲ့ ရှမ်းကျေးရွာ တွေကို ဆက်ကြေး မကောက်ဖို့ပါ" ဟု ဆန္ဒပြရခြင်း ရည်ရွယ်ချက်ကို ရှမ်းနီ (တိုင်းလိုင်) တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင် က The Voice သို့ ပြောကြားသည်။

သို့သော် မြစ်ကြီးနား ရဲစခန်းမှ လုံခြုံရေး အကြောင်းပြချက်ဖြင့် ဆန္ဒပြမည့်ရက်ကို နောက်ဆုတ်ပေးရန် ပြောဆိုထားကြောင်း ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ ရေးရာ လှုပ်ရှားသည့် အဖွဲ့မှ ခေါင်းဆောင် ဦးထိန်လင်းက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြစ်ကြီးနား မြို့ရှိ ကေအိုင်အို နည်းပညာအထောက် အကူပြုရုံးသို့ The Voice က ဆက်သွယ် မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း ပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။ သို့သော် ရှမ်းနီလူမျိုးများကို ယခုလအတွင်း ဖမ်းဆီးထားခြင်း မရှိကြောင်း မြစ်ကြီးနားမြို့ရှိ KIO/KIA နည်းပညာ အထောက်အကူပြု အဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ငြင်းဆိုထားသည်။

ကချင်ပြည်နယ် မန်စီမြို့တွင်း နေထိုင်သော ရှမ်းနီလူမျိုး ၆၀ ကျော်ကို ဒီဇင်ဘာလ ပထမအပတ် အတွင်း KIA တပ်မဟာ ၁၂ က တပ်သားစုဆောင်းရန် အတွက် ဖမ်းဆီးခေါ်ဆောင်သွားပြီး နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အတွင်း တပ်သားစုဆောင်းရန် ဖမ်းဆီးခံရသည့် ရှမ်းနီလူမျိုး ၁၀၀ ကျော် ရှိပြီဖြစ်ကြောင်း ရှမ်းနီ(တိုင်းလိုင်) တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ဆိုသည်။

The Voice Weekly

ကို မိုးဝေရဲ့ ရင်ဖွင့်စကားလေးပါ။



အားလုံးသေချာရှင်းရှင်းလင်း သိရအောင် ဖတ် ကြည့်ကြပါဦးဗျာ။


၄၅း၄၅ နာရီအလို

ကျွန်တော်တို့ ထိုင်းအသင်းနဲ့ သရေကျခဲ့ပါတယ်။ အဲဒီအတွက် ရမှတ် ၇မှတ်နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အင်ဒိုနီးရှားက ရမှတ် ၄မှတ်သာ ရထားတာမို့ နောက်ဆုံးပွဲ ကျွန်တော်တို့ ရှုံးခဲ့ရင် ဘာဖြစ်မလဲဆိုပြီး ပွဲပြီးပြီးချင်း တွက်ကြည့်ကြပါတယ်။ ကျွန်တော်တို့က ဂိုးကွာခြားချက် အပြတ်သာပေမယ့် AFC ရဲ့ စည်းမျဉ်းတွေက Head to head ဖြစ်နေတာမို့ သေချာအောင် MC ကိုမေးပါတယ်။ သူ့အခန်းထဲထိ ကျွန်တော်ကိုယ်တိုင် သွားပြီး Regulations စာအုပ်ကို တောင်းဖတ်ခဲ့ပါတယ်။ အားလုံး Double Check လုပ်အပြီး အသင်းဘတ်စ်ပေါ် အရောက်မှာတော့ နည်းပြချုပ်ကို စကားပြန်ကတစ်ဆင့် ပြောပြအသိပေးစေခဲ့ပါတယ်။ အဲဒီလိုပဲ ကျန်တဲ့ နည်းပြအဖွဲ့အားလုံးကိုလည်း ရှင်းပြခဲ့ပါတယ်။ Eleven အပါအဝင် မီဒီယာအချို့ရဲ့ မေးမြန်းမှုကိုလည်း ဖြေကြားပေးခဲ့ပါတယ်။ အဆောင်ပြန်ရောက်တော့ အသင်းရဲ့ Facebook ကနေတစ်ဆင့် သရေ အနိမ့်ဆုံးရမှ အုပ်စုက တက်နိုင်မယ်ဆိုတာကိုလည်း ဖြန့်ဝေပေးခဲ့ပါတယ်။

၄၅းဝဝ နာရီအလို

အသင်းညစာစားအပြီးမှာ နည်းပြအဖွဲ့အစည်းအဝေးမှာ ဦးတင်မြင့်အောင်က Regulations စာပိုဒ်တွေကို နည်းပြချုပ်ကို ပြပြီးဆွေးနွေးခဲ့ပါတယ်။ သူကိုယ်တိုင်လက်ခံရယူ ကြည့်ခဲ့ပါတယ်။

၁၀း၄၅ နာရီအလို

အသင်းနံနက်စာစားချိန်ဖြစ်ပါတယ်။ ဥက္ကဋ္ဌ အစောကြီးရောက်လာပြီး ကစားသမားတွေကို အားပေး စကား ပြောပါတယ်။ ဒီကနေ့ပွဲဟာ အမှားလုံးဝအဖြစ်မခံနိုင်တဲ့ပွဲဖြစ်ကြောင်းပြောပါတယ်။ အဲဒီနောက်မှာ နည်းပြကိုလည်း ဒီကနေ့ပွဲ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ထပ်ပြီး သတိပေးစကား ပြောကြားခဲ့ပါတယ်။

၎း၀၅ နာရီအလို

အင်ဒိုနီးရှားပွဲအတွက် ပွဲကြိုအသင်းအစည်းအဝေးလုပ်ပါတယ်။ ထုံးစံအတိုင်း နည်းပြချုပ်က အဖွင့်စကား ပြောပါတယ်။ ပွဲကစားမယ့် ကစားကွက်နဲ့ အသင်းလူစာရင်းကို ပြောပါတယ်။ အသင်းကစားကွက်ကို ၄-၂-၃-၁ ပုံစံနဲ့တည်ထားပြီး တိုက်စစ်မှာ ကျော်ကိုကို.ကို အထောင်ထားကာ ဒဏ်ရာရနေတဲ့ ကြည်လင်း ကလွဲပြီး အဓိကကစားသမားအားလုံးနီးပါး ပါဝင်ခဲ့ပါတယ်။ သူက အစချီပါတယ်။ "ဒီနေ့ပွဲ အနိုင်ရမှ နေပြည်တော်ကို တက်ရမှာပါ။ အရေးကြီးလို့ အဓိက ကစားသမားတွေကို ထည့်သုံးထားပါတယ်။ ပင်ပန်းကြပါလိမ့်မယ်။ ဒါပေမဲ့ တာဝန်ယူပြီး အကောင်းဆုံး ကစားပေးကြပါ။ ဒီနေ့ပွဲမှာ ရှုံးရင်ထွက်ရမယ် ဆိုတာ သိကြတယ်မဟုတ်လား" လို့ မေးခွန်းထုတ်တော့ ပလေယာတွေ အားလုံးက ခေါင်းညိတ်ခဲ့ပါတယ်။

ဒီလိုနဲ့ ကစားကွက်အကြောင်းတွေ ဆွေးနွေးရင်း ကျော်ကိုကို.က သူ့ကို နေရာယူခိုင်းတာနဲ့ ပတ်သက်ပြီး နည်းပြကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ နည်းပြချုပ်က သူလုပ်ခိုင်းနေတာကို တကယ်မသိလို့ မေးတာ လားလို့ မေးတော့ ကျော်ကိုကိုက မသိလို့ပါ။ သေချာ နားမလည်တာမို့ ရှင်းပြပေးပါ။ ဒါမှလည်း သူက နည်းစနစ်ကို ပိုနားလည်ပြီး ကစားရတာ အဆင်ပြေမှာပါလို့ ပြောပါတယ်။ ဒါပေမဲ့ နည်းပြချုပ်ကတော့ စတင်ပေါက်ကွဲပါတော့တယ်။ ပွဲကစားမယ့်နေ့ အသင်းအစည်းအဝေးလို့ မထင်ရအောင် ဒေါသသံတွေ တစ်ခန်းလုံးညံသွားပါတယ်။ အစည်းအဝေး တက်တဲ့သူတွေထဲမှာ အောင်နိုင်ရေးဥက္ကဋ္ဌအနေနဲ့ တာဝန်ယူ ထားတဲ့ ဦးအောင်မိုးကျော်လည်း ရှိနေပါတယ်။ အဆုံးသတ်မှာတော့ ကျော်ကိုကို.ကို လိုင်းအပ်အောက်ပြီး ကောင်းစည်သူကို ထည့်လိုက်ပါတယ်။

၁း၃၅ နာရီအလို

အသင်းဟာ ဟိုတယ်ကနေ ကစားကွင်းထဲကို ထွက်ခွာပါတယ်။ ပုံမှန်အတိုင်းပဲ လုပ်ရိုးလုပ်စဉ်အတိုင်း ပွဲကို ချဉ်းကပ်ပါတယ်။ အဝတ်လဲခန်းထဲကို ဥက္ကဋ္ဌဦးဇော်ဇော် ရောက်လာပြီး ဒီကနေ့ပွဲဟာ ရှုံးလို့မဖြစ်ကြောင်းနဲ့ ကျော်ကိုကို.ကို အသုံးပြုရန်လိုကြောင်းပြောပြီး ကစားသမားကိုလည်း တောင်းပန်ခိုင်းပါတယ်။ ကျော်ကိုကို ကလည်း ထိုင်ကန်တော့ တောင်းပန်ခဲ့ပေမယ့် လူစာရင်းအပြောင်းအလဲကတော့ ဖြစ်မလာတော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ ကွင်းထဲကိုရောက်ခဲ့ပါတယ်။

ဝး၀၀ နာရီ

ပြိုင်ပွဲစတင်ခဲ့ပါတယ်။ ၃၅မိနစ်မှာ ပေးလိုက်ရတဲ့ ပင်နယ်တီဂိုးကြောင့် ကျွန်တော်တို့ နောက်ကလိုက် ကစားခဲ့ရပါတယ်။ အသင်းရဲ့ ကစားကွက်ဟာ မယုံကြည်နိုင်လောက်အောင်ကို ပျက်ပြားနေတာ တွေ့ခဲ့ရ ပါတယ်။ တကယ့်ကို မယုံနိုင်လောက်အောင်ကိုပါပဲ။

၀၀း၄၅ နာရီ

ပထမပိုင်းပြီးဆုံးတော့ အဝတ်လဲခန်းထဲပြန်ဝင်လာကြပါတယ်။ ခဏအနားပေးပြီးတာနဲ့ နည်းပြက ပထမ ပိုင်း ကစားပုံနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ပြောပါတယ်။ ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့တဲ့ ကျော်ဇေယျာဝင်းနေရာမှာ ကျော်ကိုကို.ကို လူစားလဲပါတယ်။ ကောင်းစည်သူကတော့ ကျော်ဇေယျာဝင်း နေရာမှာ ကစားရမှာဖြစ်ပါတယ်။ ပွဲပြန်စခါနီးမှာ တစ်လကြာလောက် တောက်လျှောက် ချောင်းဆိုးပြီး ကြံ့ခိုင်မှုမပြည့်ဝတဲ့ ဒေးဗစ်ထန်းနေရာမှာ သိန်းသန်းဝင်းကို ထည့်ဖို့ပြင်ဆင်ပါတယ်။ အဝတ်လဲခန်းထဲမှာ တောက်လျှောက်ရှိနေတဲ့ ဥက္ကဋ္ဌက ကျွန်တော့်ကို ကပ်ပြီး စကားတွေပြောနေပါတယ်။ နောက်ဆုံး သူပြောသွားတဲ့စကားလုံးက အခုထိ ကြားနေဆဲပါ။ "ဘုရားသခင် အဲဒီလောက်အထိ မရက်စက်လောက် ပါဘူးနော်" တဲ့။ ရင်ထဲမှာ နင့်သွားတယ်။ သူ ဘယ်လောက်ထိ စိတ်ရော၊ လူရော ပါဝင်လုပ်ဆောင်ပေးခဲ့ သလဲဆိုတာ ကျွန်တော်တို့ အသိဆုံးပါ။ ဟုတ်ကဲ့ မဖြစ်လောက်ပါဘူးလို့သာ ပြန်ပြောနိုင်ခဲ့ပါတယ်။

၁း၀၀ နာရီ

ဒီလိုနဲ့ ပွဲကို ပြန်စတင်ခဲ့ပါတယ်။ တစ်သင်းလုံး အင်တိုက်အားတိုက် ကစားခဲ့ပါတယ်။ ကြိုးစား ကစားခဲ့ကြပါတယ်။ ပထမပိုင်းက ခြေစွမ်းမျိုးမဟုတ်တော့သည်တိုင် အချိန်ကတော့ နှောင်းသွားခဲ့ပါတယ်။

၁း၅၀ နာရီ

မြန်မာအသင်းအရေးနိမ့်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဆူညံပေါက်ကွဲကုန်ပါတယ်။ ကွင်းထဲမှာ ကစား သမားတချို့ အရုပ်ကြိုးပြတ်လဲကျသွားပါတယ်။ တချို့လည်း ကလေးလေးတစ်ယောက်လို နာရီဝက် လောက် မရပ်တန်း အော်ဟစ်ငိုကြွေးနေပါတယ်။ ကစားသမားတွေကို လိုက်လံနှစ်သိမ့်ပေးပြီး အဝတ်လဲ ခန်းထဲကို ဝင်လာခဲ့ပါတယ်။ နည်းပြချုပ်ကလည်း နောက်ကပါလာပြီး ဘာလို့ ငါ့ကို ကြိုမပြောကြတာလဲ ဆိုကာ ပေါက်ကွဲပါတော့တယ်။ အပေါ်အင်္ကျီတွေချွတ်ပစ်၊ ကဒ်ပြားတွေ လွှင့်ပစ်ပြီး ဒေါသူပုန်ထပါတယ်။ နည်းပြ ဦးတင်မြင့်အောင်ကလည်း ငါတို့ မင်းကို အသိပေးခဲ့တယ်။ Regulations တွေ ပြခဲ့တယ်ဆိုတာ ပြောပေမယ့် သူက မသိဘူး မပြောဘူးဆိုကာ ဘူးခံပြီး ဒေါသပဲ ဆက်ထွက်နေပါတယ်။

မကြာလိုက်ပါဘူး။ သတင်းမီဒီယာတွေကို သူကြိုမသိခဲ့ရပါဘူးလို့ ဖွင့်ပြောလိုက်ပါတော့တယ်။

သူမသိဘူးလို့ ပြောသံကို ကြားပြီးချိန်ကစလို့ အံ့သြလို့လည်း မဆုံးတော့ပါဘူး။ ကျွန်တော်နားလည်တာက

၁) သူဟာ အရမ်းဒေါသကြီးတတ်ပြီး အစွန်းရောက်တဲ့သူတစ်ယောက်။ သူသာလျှင် ဆရာ၊ တခြားသူ ဝင်ဆရာလုပ်ခြင်းကို မကြိုက်သူတစ်ယောက်။ ဒီလိုလူမျိုးနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံရတဲ့ ဒုက္ခက မသေး။ နည်းပြအဖွဲ့အနေနဲ့ လိုအပ်လို့ သူ့ကို Regulations နဲ့ပတ်သက်ပြီး ရှင်းပြခဲ့၊ ပြောခဲ့ကြပါတယ်။

၂) ပွဲကိုချဉ်းကပ်ချိန်မှာ ဒီပွဲအရေးကြီးတယ်။ ရှုံးရင်မဖြစ်ဘူးဆိုတာနဲ့ အချိန်နီးမှ ပြဿနာတက်ပြီး ကျော်ကိုကို.ကို ချန်ခဲ့တာကလွဲလို့ သူပွဲကို လေးလေးနက်နက် ချဉ်းကပ်ခဲ့တယ်။ ဒီလိုချဉ်းကပ်နေတဲ့ နည်းပြတစ်ယောက်ကို ကျွန်တော်တို့က ရှုံးရင် ထွက်ရမှာနော်ဆိုတဲ့ စည်းမျဉ်းအကြောင်း ထပ်ပြောဖို့လည်း မလိုတော့ပါဘူး။ သူက စကားကို နှစ်ခွန်းပြောရင် ပြန်အော်တတ်သူမို့ ဘယ်သူကမှလည်း ထပ်ခါထပ်ခါ ပြောမနေခဲ့ပါဘူး။ အားလုံးက သတိပေးစကားတွေ ပြောခဲ့ကြတယ်။ သူကိုယ်တိုင်လည်း လက်ခံပြီး Regulations ကို ကြည့်ခဲ့၊ စကားတွေကို နားထောင်ခဲ့ပြီး သေချာပြင်ဆင်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။

၃) ဒီစည်းမျဉ်းဟာ အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတာပါ။ သူတို့လက်အောက်က ပွဲတွေ အကုန်လုံးကို ဒီစည်းမျဉ်းနဲ့ပဲ ဆုံးဖြတ်ပါတယ်။ ဒီလို AFC ရဲ့ ပွဲတွေကို ကျွန်တော်တို့လို မြန်မာနိုင်ငံက အသင်းတွေထက် ကိုရီးယားလို နိုင်ငံက အသင်းတွေက ပိုပြီး ရင်းနှီးကြတယ်။ အမြဲကစား နေကြတယ်ဆိုတာ အားလုံးအသိပါ။ AFC ချန်ပီယံလိဂ်လို ပွဲတွေ အမြဲလိုပြိုင်နေရတဲ့ နိုင်ငံကြီးတစ်နိုင်ငံက Professional License လိုင်စင်ရထားတဲ့ နာမည်ကြီး နည်းပြကြီးတစ်ဦးက ဒါက အခုမှ စကြားဖူးပါတယ် ဆိုတဲ့ စကားဟာလည်း မယုံကြည်နိုင်လောက်အောင်ကို အံ့အားသင့်ရပါတယ်။

ဒီအချိန်မှာ Blame Game တွေ မလုပ်ချင်ပါဘူး။ လုပ်ရမယ့်အချိန်လည်း မဟုတ်ပါဘူး။ စိတ်ညစ်နေတဲ့ အချိန်မှာ အားလုံး စိတ်သက်သာရာ ရသွားစေဖို့အတွက် အမြန်ဆုံးမေ့ပျောက်သွားစေချင်ပါတယ်။ တာဝန်ယူပါတယ်လို့ စကားလုံးကို ပြောနေတဲ့တိုင်အောင် မလိုအပ်တဲ့ စကားတွေ၊ မယုံနိုင်ကြည်လောက် တဲ့ ဆင်ခြင်တွေပေးပြီး တခြားသူတွေ အားလုံး အသုံးမကျပါဘူးလို့ ပြစ်တင်ဝေဖန်နေတဲ့ လုပ်ရပ်ကိုတော့ တကယ့်ကို နားမလည်နိုင်ပါဘူး။

ဒီအရှုံးအတွက် ဘယ်သူ့မှာ တာဝန်ရှိပါတယ်လို့ မပြောချင်ပါဘူး။ ကျွန်တော်တို့နဲ့ မဆိုင်ဘူးဆိုပြီး တော့ လည်း ရုန်းမထွက်ပါဘူး။ အားလုံး စဉ်းစားချင့်ချိန်နိုင်ဖို့အတွက်ပဲ ရည်ညွှန်းပါတယ်။ ကျေးဇူးပါ။ အသင်း ရလဒ်အတွက်တော့ တောင်းပန်စကားကလွဲလို့ မရှိတော့ပါဘူး။

ကိုမိုးဝေရဲ့ ဖေ့ဘုတ်မှ တဆင့်ပြန်လည်ကူးယူဖော်ပြတာဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်တွင် ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ Eleven Media Group ၏ နယ်သတင်းထောက်အား သတင်းရယူမှုနှင့် ပတ်သက်၍ အိမ်ကျော်နင်းမှုဖြင့် မြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလချမှတ်



အစိုးရသစ်လက်ထက်တွင် ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက် အား သတင်းရယူမှုနှင့်ပတ်သက်၍ အိမ်ကျော်နင်းမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးမှ ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က ထောင်ဒဏ် သုံးလ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။


ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က မခိုင်အား ဒီဇင်ဘာ ၁၇ ရက်က ပြစ်မှုပုဒ်မ ၄၅၁ အရ ထောင်ဒဏ် သုံးလ၊ ပြစ်မှုပုဒ်မ ၅၀၀ အရ ထောင်ဒဏ် တစ်လနှင့် ပြစ်မှုပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ်တစ်လတို့ကို တစ်ပေါင်းတည်း ကျခံ စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် စတင်တရားစွဲဆိုခဲ့သည့်အမှုအား ဒီဇင်ဘာ ၁၇ ရက်က အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ရာ တစ်လခွဲကာလအတွင်း လျင်လျင်မြန်မြန် အမိန့် ချမှတ်ခဲ့သည်ကိုလည်း တွေ့ရသည်။ ပြစ်မှုပုဒ်မ ၄၅၁ သည် ပိုင်နက်ကျူး လွန်မှု ဖြစ်ပြီး ပြစ်မှုပုဒ်မ ၂၉၄ (ခ) မှာ ညစ်ညမ်းစွာပြောဆိုမှုဖြစ်ကာ ပြစ်မှုပုဒ်မ ၅၀၀ သည် အသရေဖျက်မှုဖြစ် ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ကွယ်တွင် အဂတိလိုက်စားမှုများ၊ ဘက်လိုက်မှုများ ရှိ မရှိ စုံစမ်းစစ် ဆေးပေးရန် Eleven Media Group က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် လွှတ် တော်များသို့ တိုင်ကြားစာ၊ ကန့်ကွက်စာများပေးပို့၍ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် လုပ် ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုအမှုကိုလည်း အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

Weekly Eleven ဂျာနယ်တွင် "တရားခွင်မှာ တရားသူကြီးအစား ငွေထုပ်ပဲရှိလာတဲ့အခါ" သတင်းဆောင်း ပါးဖော်ပြပါရှိပြီး နှစ်ပတ်ခန့်အကြာတွင် ယခုကဲ့သို့ လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်း ထောက်အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်းရယူသည့် သတင်းထောက်တစ်ဦးအား အိမ်ကျော်နင်းမှုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်သုံးလချ မှတ်ခြင်းသည် လက်ရှိအစိုးရသစ် တရားစီရင်ရေး၌ ပထမဆုံးဖြစ်ပြီး ညစ်ညမ်းစွာပြောဆိုမှု၊ အသရေဖျက်မှု များဖြင့် ထောင်ဒဏ်ချမှတ်ခြင်းမှာလည်း မရှိသလောက်နည်းပါးကြောင်း တရားစီရင်ရေးနယ်ပယ်နှင့် နီးစပ် သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ သတင်းထောက်မခိုင်သည် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲတွင် သတင်းမေးမြန်းရန် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၌ နေထိုင်သူ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏ နေအိမ်သို့ သွား ရောက်ခဲ့ပြီး ထိုသို့ သွားရောက်ရာတွင် ၎င်းနှင့်အတူ ဦးသန်းဇော်ဝင်း၏ ဇနီး၊ ယောက်ဖတို့နှင့်အတူ သွား ရောက်ခဲ့ကြောင်း သတင်းထောက်မခိုင်၏ ပြောကြားချက်အရ သိရသည်။

သတင်းထောက်မခိုင်နှင့်အတူပါသည့် ဦးသန်းဇော်ဝင်းသည် ဆင်ဆာမဲ့ခွေများ ငှားရမ်းမှုဖြင့် လွိုင်ကော်မြို့ နယ်တရားရုံးက ဒဏ်ငွေတစ်သိန်း (ငွေဒဏ်) ချမှတ်ခံထားရသူ ဖြစ်သည်။

ယင်းငွေဒဏ်ချမှတ်ခံရသည့်အမှုတွင် သိမ်းဆည်းခံရသော ဆင်ဆာမဲ့အခွေများတွင် ဦးသော်တာသိန်းဆို သူ ၏ မူပိုင်မြန်မာဇာတ်ကား ၁၃ ကားပါဝင်ကြောင်းနှင့် ယင်းအမှုတွင် ဦးသော်တာသိန်းက တရားလိုအဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဦးသော်တာသိန်းသည် ရှေ့နေဒေါ်အေးအေးဖြိုး၏ တရားလိုဖြစ်ပြီး ဦးသော်တာသိန်းက ရှေ့နေငှားရမ်းခ နှစ်သိန်း ဒေါ်အေးအေးဖြိုးသို့ သွားပေးရန် ဦးသန်းဇော်ဝင်းကို တောင်းဆိုထားခြင်းကြောင့် ဦးသန်းဇော်ဝင်း က ယင်းကိစ္စ ညှိနှိုင်းရန် ဒေါ်အေးအေးဖြိုးထံသို့ ၂၇ ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စကို သတင်းရယူရန် သတင်းထောက်မခိုင်က လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထောက်မခိုင်က"ကယားပြည်နယ်မှာ ဆင်ဆာမဲ့ဗီဒီယိုခွေတွေကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ တရားခံတွေကို တွေ့ဆုံမေးမြန်းပြီးတော့ ဦးသော်တာသိန်းရဲ့ သီရိမွန် ဗီဒီယို ဖြန့်ချိရေး (ရှမ်းမြောက်ပိုင်း) ရပ်ကွက်နေတဲ့သူကို တွေ့ဆုံမေးမြန်းလိုပေမယ့်လို့ မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် ဦးသော်တာသိန်းနေအိမ်ကို တွေ့ဆုံမေးမြန်းဖို့ တရားခံတွေက ရှေ့နေခပေးချေတဲ့နေ့မှာ လိုက်လာဖို့ပြော တဲ့အတွက် ၂၇ ရက်ညမှာ သွားရောက်ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်ဒေါ်အေးအေးဖြိုးက ဦးသန်းဇော်ဝင်းဇနီးနဲ့ ယောက်ဖဖြစ်သူတို့ကို တံခါးဖွင့်ပေးခဲ့တာပါ။ ဦးသန်းဇော်ဝင်းတို့က ရှေ့နေခမပေးနိုင်တဲ့အတွက် တောင်း ပန်တဲ့အခါကျမှ ကျွန်မက မေးမြန်းခွင့်ပြုဖို့ ရှေ့နေဒေါ်အေးအေးဖြိုးကို ခွင့်တောင်းတဲ့အခါ သူမက ခွင့်ပြု ခဲ့ ပါတယ်။ ကျွန်မကမမေးမြန်းခင်မှာ ကျွန်မ Eleven က သတင်းထောက်ဖြစ်ကြောင်းကို ပြောပြီးမှ မေးမြန်း ခဲ့ပါတယ်။ မေးမြန်းတဲ့အခါမှာ ရှေ့နေခဘယ်လောက်ပေးလဲလို့ မေးလိုက်တဲ့အခါ ဒေါ်အေးအေးဖြိုးက စိတ် ဆိုးသွားပြီး သူမရဲ့ဖခင်ဖြစ်သူ ဦးအောင်ရှိန်ကိုခေါ်ပါတယ်။ အဲဒီအခါ ဦးအောင်ရှိန်က မင်းငါ့ကိုသိလား။ ငါကခရိုင် NLD ဥက္ကဋ္ဌ မှုခင်းသတင်းထောက်ရှေ့နေလည်း ဖြစ်တယ်လို့ပြောဆိုပြီး သတင်းမပေးနိုင် ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီခရိုင်မှာ ဘယ်သတင်းထောက်မှ သတင်းလာယူခွင့်မရှိဘူးဆိုတာ မသိ ဘူးလားလို့ ပြောပါတယ်။ အဲဒီနောက် ဒေါ်အေးအေးဖြိုးက ကျွန်မသတင်းထောက် ကတ်ကိုတောင်းလို့ ပြခဲ့ပါတယ်။ ပေးတော့မပေးခဲ့ပါဘူး။ ကျွန်မက ဥပဒေတွေကိုမသိလို့ ဦးသန်းဇော်ဝင်းနဲ့ လိုက်လာပြီး မေးမြန်းခြင်းဖြစ်ကြောင်းကို ပြောပြပါတယ်။ အဲဒီအခါဦးအောင်ရှိန်က သမီးဖြစ်တဲ့ ဒေါ်အေးအေးဖြိုးကို စခန်းမှူးကို ဖုန်းဆက်ခေါ်လို့ပြောပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ မောင်းထုတ်လို့ ဦးသန်းဇော်ဝင်းက တောင်းပန်ပြီးထွက်လာတော့ ကျွန်မတို့ကို ခြံပြင်ရောက်တော့ သူခိုးသတင်းထောက်လို့ အော်ဟစ်မောင်း ထုတ်ပါတယ်" ဟု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၇ ရက် ညပိုင်းက မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့ ရှေ့နေနေအိမ်သို့ သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်တွင် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့အား တရားရုံးကဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုသို့ဆင့်ခေါ်ရခြင်းမှာ ရှေ့နေဒေါ်အေးအေးဖြိုးက တရားလိုပြုလုပ်၍ တရားစွဲ ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မခိုင်သည် နို့တစ်စာ အချခံထားရသူနှင့် လိုက်လာကြောင်း၊ ရှေ့နေများ၊ ဥပဒေများ၊ တရားသူကြီးများကို ဂျာနယ်ထဲတွင် ကြော်ငြာထည့်ရလိမ့်မည်ဆိုသည့် ပုံစံမျိုးဖြင့် အိမ်ပေါ်သို့ အဓမ္မတက်လာကြောင်း၊ ၎င်း အနေဖြင့် မခိုင်အားမပြောသော်လည်း သန်းဇော်ဝင်းအား နှင်ထုတ်ခဲ့ကြောင်း "မင်းဘာဖြစ်လို့ ခေါ်လာ တာလဲ"ဟုဆိုကာ ၎င်းကိုယ်တိုင် မောင်းထုတ်ခဲ့ကြောင်း၊ အဲ့ဒါနဲ့ပတ်သက်ပြီး မင်းဥပဒေမဲ့ မလုပ်ရဘူးဟု ပြောခဲ့ကြောင်း၊ ထိုအခါတွင် အဲဒီသူကဆဲသွားကြောင်း၊ အဲဒါနှင့်ပတ်သက်ပြီး တရားစွဲထားကြောင်း၊ တရား လိုမှာ မအေးအေးဖြိုးဖြစ်ပြီး ၎င်းအနေဖြင့် သက်သေလိုက်မည်ဖြစ်ကြောင်း တရားလို မအေးအေးဖြိုး၏ ဖခင်ဦးအောင်ရှိန် (လွိုင်ကော်ခရိုင် NLD ဥက္ကဋ္ဌ) က နိုဝင်ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။

"ဒါပေမဲ့ သာမန်အားဖြင့်တော့ သတင်းထောက်တစ်ယောက်ဟာ သတင်းကိစ္စနဲ့ သွားရင်းလာရင်းနဲ့ ပိုက် နက်ကျူးလွန်မှုနဲ့ တရားစွဲပြီး အပြစ်ပေးခံရတယ်ဆိုတာတော့ ဒါကတော့ သတင်းထောက်ဘက်က နစ်နာ တာပေါ့။ စတုတ္ထမဏ္ဍိုင် ဆိုတာကတော့ သမ္မတကြီးလည်း ပြောပါတယ်။ တစ်ဦးဦးရဲ့ လုပ်ဆောင်ချက်တွေ ကို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေကနေ စောင့်ကြည့်နေကြတယ်။ မှန်မှန်လုပ်ကြပါ။ မျှမျှတတလုပ်ကြပါ လို့ သမ္မတကြီးက ပြောထားတာ ရှိတယ်လေ။ အဲ့ဒီတော့ ဒီလိုခေတ်ကြီးမှာ စတုတ္ထမဏ္ဍိုင်အတွက် တာဝန် ယူလုပ်တဲ့၊ မိမိတာဝန်အရ မိမိလုပ်ကိုင်ရတဲ့ သတင်းထောက်တစ်ယောက်ကို ဒီလိုပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့။ သေသေချာချာ မသိရသေးတော့ ဘယ်သူမှန်တယ်။ မှား တယ်ဆိုတာတော့ မပြောလိုဘူး။ ဒါပေမဲ့ ဒါမျိုးအဖြစ်ကတော့ မဖြစ်သင့်ဘူးလို့ပဲ မှတ်ချက်ပေးလိုပါတယ်။ ဖြစ်စဉ်အပေါ် သုံးသပ်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းထောက်တစ်ယောက်ရဲ့ သတင်းရ ယူ ခွင့် ထဲကဆိုရင်တော့ ဒါမျိုးဟာ မဖြစ်သင့်ပါဘူး"ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဒုတိယဥက္ကဋ္ဌနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးဝင်းရွှေက ပြောကြားသည်။

"မြန်မာ့ယဉ်ကျေးမှုအရ ပိုင်နက်ကျူးလွန်မှုဆိုတဲ့ကိစ္စကို စဉ်းစားစစ်ဆေးသင့်တယ်။ ရှေ့နေနဲ့ တရားသူကြီး ဆိုတာက အပြန်အလှန်အပေးအယူရှိတယ်လို့ ယူဆနိုင်တဲ့အတွက် အလျဉ်အမြန် မဆုံးဖြတ်သင့်ဘူး။ အသ ရေဖျက်တာလည်း ယူဆလို့မရဘူး။ တစ်ဦးတစ်ယောက်ကို အသရေဖျက်တယ်ဆိုတာ ဘယ်လိုဟာမျိုး ဆို တာကို ထုတ်ပြန်သင့်တယ်။ ဒါက စတုတ္ထမဏ္ဍိုင်ကို စော်ကားသကဲ့သို့ ဖြစ်နေလို့ စိတ်မကောင်းဖြစ်ရတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ် သတင်းထောက်တွေ သတင်းလိုက်တဲ့အခါ ကြောက်ရွံ့နေမယ်ဆိုရင် မကောင်းဘူး။ အမှန်တရားကို မျက်ကွယ်ပြုရာရောက်မယ်။ ဒါကြောင့် ဒီကိစ္စက ဒီမိုကရေစီနိုင်ငံ တည် ထောင်နေတဲ့ အနေအထားမှာ သတိထားဆင်ခြင်သင့်တယ်" ဟု စာရေးဆရာနှင့် သတင်းစာဆရာ ဒေါက်တာခင်မောင်ညိုက ပြောကြားသည်။

"သတင်းယူတဲ့ သတင်းထောက်တစ်ယောက်ကို အိမ်ကျော်နင်းမှုနဲ့ ဒီလိုလုပ်ဆောင်တဲ့အတွက် ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါတယ်။ ဒါဟာ တရားစွဲဆိုလောက်တဲ့ ကိစ္စမဟုတ်ဘူး။ ဒီပြစ်ဒဏ်ကလည်း ပေးရ လောက်တဲ့ ပြစ်ဒဏ်မျိုး မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ သတင်းထောက်ကို အမြန်ဆုံးပြန်လွှတ်ပေးပြီး မျှတတဲ့တရားစီရင်မှုဖြစ်အောင် ဆောင်ရွက်ပေးဖို့ အစိုးရနဲ့တရားစီရင်ရေးကို တောင်းဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အယူခံဝင်မယ်။ သမ္မတ၊လွှတ်တော်နဲ့ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီတွေ ကိုလည်း တိုင်ကြားစာပေးပို့သွားပါမယ်။ ဒီအမှုဖြစ်စဉ်မှာ အဂတိလိုက်စားမှု ရှိ မရှိ၊ အုပ်ချုပ်ရေးပိုင်း အ ဆင့်ဆင့်က ၀င်ရောက်စွက်ဖက်မှု ရှိ မရှိကို စစ်ဆေးပေးစေချင်ပါတယ်။ CPJ နဲ့ RSF လို နိုင်ငံတကာ ဂျာနယ်လစ်အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြားသွားပါမယ်"ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

"ဒါဟာ မတရားသဖြင့် စွဲချက်တင်ပြီး မတရားသဖြင့် အမှုကိုစီရင်ချက်ချထားတာပါ။ ဒါဟာ ဒဏ်ငွေနဲ့ပြီးရ မယ့် အမှုမျိုးဖြစ်တယ်။ သတင်းယူစဉ်ကကိစ္စဖြစ်လို့ စွဲချက်တောင်တင်ထိုက်တဲ့ အမှုမျိုးမဟုတ်ဘူး။ ပြီး တော့ဒီအမှုကို လျင်လျင်မြန်မြန်စစ်ဆေးပြီး စွဲချက်တင်ကာ ပြစ်ဒဏ်ကိုထောင်ဒဏ်အထိ ချမှတ်ခဲ့တယ်။ ဒါဟာ သတင်းထောက်တွေကို သတင်းယူခွင့်မရအောင် လုပ်ဆောင်တာ၊ အစိုးရသစ်လက်ထက်မှာ သတင်း လွတ်လပ်ခွင့်ကို စတင်ထိပါးတာလို့ ယူဆတယ်။ သတင်းယူတာကို အမှုအဖြစ်စွဲတယ်။ ပြစ်မှု နဲ့ပြစ်ဒဏ် မမျှအောင်ချခဲ့တယ်။ နယ်တွေမှာ သတင်းမယူရဲအောင် ခြိမ်းခြောက်သလိုဖြစ်နေတယ်။ နယ်တွေမှာ သတင်းထောက်တွေ သတင်းမယူရဲအောင် အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ တရားစီရင်ရေး အာဏာပိုင်တွေက ခြိမ်းခြောက်နေဆဲဆိုတာ ဒီဖြစ်စဉ်က သက်သေပြနေတယ်။ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ သတင်းလွတ်လပ်ခွင့်ကို လိုလားတဲ့သူတွေကလည်း ဒီကိစ္စကိုကန့်ကွက်ကြမှာပဲ"ဟု ကိုဝေဖြိုးက ပြောပါသည်။

Eleven Media Group

ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားထုတ်ပေးရေး One stop Service အစီအစဉ် ယာယီရပ်ဆိုင်း

ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာ အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် နှင့် အထောက် အထားများထုတ်ပေးမည့် One stop Service Center ဖွင့်လှစ်မှုကို ယာယီရပ်ဆိုင်း ထားကြောင်း ထိုင်း အခြေစိုက် မဲဆောက်နယ်စပ် အလုပ်သမားများအဖွဲ့မှ ဦးမိုးကြိုးက ပြောကြား သည်။


ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ယုဒသန်ရိပ်သာ၌ ပြုလုပ်သည့် 'ရွှေ့ပြောင်းရေးရာနှင့် လူထုအကျိုးပြု အဖွဲ့များအခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ' ၌ ပြောကြားသည်။


ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် ထိုင်း- မြန်မာနယ်စပ်ဒေသများဖြစ်သည့် မယ်ဆိုင် (တာချီလိတ်)၊ မဲဆောက် (မြ၀တီ)၊ ပူနရွန် (ထီးခီး)၊ ဆင်ဂေါင်း (မောတောင်) နှင့် ရနောင်း (ကော့သောင်း) မြို့များတွင် One stop Service Center များကို မကြာမီဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံ၌ ဗီဇာသက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံကူးလက်မှတ်တွင် အ၀င်အထွက်ပြရုံဖြင့် ထိုင်းနိုင်ငံ၌ ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရေး ဆက်စပ် လုပ်ငန်းများ ၊ နိုင်ငံကူးလက်မှတ် ပြောင်းလဲထုတ်ပေးမည့် လုပ်ငန်းများအတွက် မကြာသေးမီက ထိုင်း အစိုးရနှင့် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမ၀င်အလုပ်သမားများ တရားဝင်ဖြစ်ရေးအတွက် ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ်များ ဖွင့်လှစ်ခဲ့ပြီး အထောက်အထားများ ထုတ်ပေးခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ်အထိ မြန်မာရွှေ့ပြောင်း အလုပ် သမား ၁ ဒသမ ၆ သန်း ကျော်အား အထောက်အထားများ ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်ရှိကြောင်း သိရသည်။

Eleven Media Group

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း၏ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ယနေ့ပြုလုပ်မည်

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)၏ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ယနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် တရားဝင်အဖြစ် တိုင်းရင်းသားပါတီ ၁၅ ပါတီ ပါဝင်နေသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲသို့ သွားနိုင်ရေးအတွက် အစိုးရဘက်မှ ချမှတ်ထားသော မူ ဘောင်နှင့် တိုင်းရင်းသားများဘက်မှ ချမှတ်ထားသော မူဘောင်များကို လေ့လာမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအကြိမ်သည် တတိယမြောက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ ၂၀၁၄ မှာ ပြုလုပ်မယ့် ဒုတိယပင်လုံ ညီလာခံလို့ ပြောမလား။ အဲဒီနိုင်ငံရေး တွေ့ဆုံဆွေး နွေး ပွဲအတွက် အစိုးရဘက်က မူဘောင်ဆွဲထားတာ ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က လည်း မူဘောင်ဆွဲထားတာ ရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့က လေ့လာနေတာ။ အဲဒီအပေါ်မှာ မြေပေါ် နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍအနေနဲ့ ဘယ်လိုရှိသင့်သလဲ။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်း သား ပါတီတွေရဲ့ မဟာဗျူဟာ အခန်းကဏ္ဍကို ဘယ်လိုဆွေးနွေး အဖြေရှာကြမလဲ ဆိုတာကို ဆွေးနွေး မယ်" ဟု NBF အဖွဲ့ဝင် ချင်းအမျိုးသား ပါတီမှ အတွင်းရေးမှူး ကိုငယ်ပီးက ဆိုသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် တောင်အာဖရိကနိုင်ငံမှ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်ခြင်း ဆိုင်ရာ ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာဟန်းနက်စ်က ဦးဆောင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အသီးသီး ရေးဆွဲထားသော နှစ်ဖက်စလုံး မှ လက်ခံရခြင်းမျိုးများ မရှိသေးသည့်အတွက် NBF အနေဖြင့် ဆွေးနွေးပွဲများမှ ရရှိလာမည့် အကြံပြုချက် များ ကို နှစ်ဖက်စလုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးအတွက် မူဘောင်ခြောက်ရပ် ချမှတ်ထားပြီး ၎င်း အချက်များမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်ရေး၊ နိုင်ငံရေျးဆွးနွေးပွဲ ပြုလုပ်ရေး၊ ပြည်ထောင်စုညီလာခံ ခေါ်ယူကာ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုရေး၊ အဆိုပါစာချုပ်ကို အတည်ပြုရေးနှင့် လက်တွေ့အကောင်အထည် ဖော်ရေးများဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ပေးရန် ပုဂ္ဂလိကသို့ အဆိုပြုလွှာခေါ်ယူ၊ မြို့နယ် ၈၄ မြို့နယ်အား ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုသို့ ဓာတ်အားဖြန့်ဖြူးခွင့် ချထားပြီးဖြစ်

တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ပေးရန် ပုဂ္ဂလိကသို့ အဆိုပြုလွှာ ခေါ်ယူမှုအား လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒီဇင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။


လက်ရှိတွင်လည်း တစ်နိုင်ငံလုံးရှိ မြို့နယ် ၈၄ ခုတွင် ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုသို့ ဓာတ်အားဖြန့်ဖြူးခွင့် ချ ထားပေးပြီးဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သိရသည်။ ထုတ်ပြန်မှုအရ နိုင်ငံတော် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ၊ ရေ အားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများနှင့် ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံများ တည်ဆောက်အကောင်အထည်ဖော် ဓာတ်အားထုတ်လုပ်လိုသူ ပုဂ္ဂလိ က ကုမ္ပဏီများကို ဖိတ်ခေါ်ကြောင်း ထည့်သွင်းထားသည်။

ရင်းနှီးမြှုပ်နှံ လိုသူများ အနေဖြင့် မိမိဆောင်ရွက်လိုသော ဓာတ်အားပေးစက်ရုံ အမျိုးအစား၊ တည်ဆောက် အကောင်အထည် ဖော်လိုသည့် နေရာ၊ ဒေသ၊ ပြည်နယ်၊ တိုင်းဒေသကြီးတို့ကို ဖော်ပြပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသို့ အဆိုပြုနိုင်ကြောင်း သိရသည်။

သို့သော် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများအပေါ် သတ်မှတ်ထားသည့် စံချိန်စံညွှန်း နှင့်အညီ လေ့လာတွေ့ရှိချက်အရ ခွင့်ပြုလက်ခံနိုင်သော အစီအစဉ်များနှင့်အညီ ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများကိုသာ လုပ်ငန်းဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သိရ သည်။

လျှပ်စစ်ဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံရန် ခေါ်ယူမှုမှာ ယခုတစ်ကြိမ် အပါအ၀င် သုံးကြိမ်မြောက်ုဖစ်ပြီး ၂၀၁၂ ခုနှစ် ဇွန် ၁ ရက်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင်တစ်ကြိမ် ဖိတ်ခေါ် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု စုစုပေါင်းမှာ ၃၃၀၀ မဂ္ဂါဝပ်ရှိပြီး နွေရာသီတွင် ထုတ် လုပ်မှု ထက်ဝက်လျော့ကျသည့် အခြေအနေများကြောင့် နှစ်စဉ်မဂ္ဂါဝပ် ၃၀၀ ကျော်အထိ လျှပ်စစ်လိုအပ် ချက် ရှိနေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။

ယင်းကဲ့သို့ လိုအပ်ချက် ရှိနေခြင်းမှာ ယခင်နှစ်များ အတွင်း၌ မြန်မာနိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရန်အတွက် ရေအားလျှပ်စစ် စီမံကိန်းများကိုသာ အကောင်အထည် ဖော်ဆောင်ရွက်မှု များ ပြားခဲ့ခြင်းကြောင့် မိုးရာသီကို အားထားရသည့် ရေအားလျှပ် စစ်စီမံကိန်းများမှ လျှပ်စစ်ထုတ်လုပ်မှုမှာ နှစ် စဉ်နွေရာသီသို့ရောက်တိုင်း ထုတ်လုပ်မှု လျော့ကျခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

ကိုရီးယားနိုင်ငံ အခြေစိုက် Korea Western Power ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အထိ မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်မှုများလည်းရှိကြောင်း သိရသည်။

Eleven Media Group