Friday, December 13, 2013

ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ရော့သလား


၁၁ ရက်နေ့ ညနေမှာ ဆီးဂိမ်းဖွင့်ပွဲ ကို စောင့်မျှော်ရတဲ့ ၀ဋ်က ကျွတ်တော့မယ်။ဒီပွဲကို ကျွန်တော်တို့ ကြည့်ခွင့်ရဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကျောင်းသူကျောင်းသားတွေ အားကစားသမားတွေ ဟာ ရက်ပေါင်းများစွာ လေ့ကျင့်ထားကြတယ်လို့လဲ သိထားရတော့ ၄၄ နှစ်ကြာမှ ကျင်းပခွင့်ရတဲ့ မြန်မာ့ ဆီးဂိမ်းဖွင့်ပွဲဟာ ဘယ်သို့ ဘယ်ပုံထွက်လာလေမလဲ လို့ ရင်ခုန်မိတာ အမှန်ပါ။ဝန်ကြီး တစ်ယောက်က အင်ဒိုနီးရှားထက် သာစေရမယ့် ကတိပေးတာဖတ်ရတော့ ကိုယ့်စိတ်ထဲမှာတော့ “ဟုတ်ပါ့မလား မောင်ကာဠု ရယ်”လို့ တောင် ခနဲ့မိတယ်။ဒါကြောင့်လက်တွေ့ပြေးကြည့်ချင်စိတ်က တားမရပေါ့။


ဒါကြောင့် ညနေစောစော ကတည်းက ဆီးဂိမ်းဖွင့်ပွဲ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း ထဲကို စောစော ရောက်အောင်သွားဖို့ ပြင်ဆင်ရတယ်။ကွင်းထဲတော့ ရောက်ပါပီ။ အခမ်းအနားပြင်ဆင်ပုံလေးတွေနဲ့ မိသားစု အလိုက်လဲ အမှတ်တရ ဓာတ်ပုံလေးဘာလေးရိုက်ပေါ့။ ဖွင့်ချိန်က နည်းနည်းလိုသေးတာကိုး။ ဒီလိုပွဲမျိုးဆို တာ မြန်မာ က ၄၄ နှစ်ကြာမှ လုပ်ရတဲ့ ပွဲဆိုတော့ အမှတ်တရလေးပေါ့။တဖြည်းဖြည်း အချိန်တွေက ရွေ့လာတာနဲ့ အမျှ ဖွင့်ပွဲ အချိန်ကို ရောက်လာပါပြီ။သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ presenter တွေကတင်ဆက်မယ့် programm ကိုကြေငြာပြီး တင်ဆက်နေတာ သတိတောင် မထားမိပါဘူး။မျက်စိထဲ ကိုယ်တွေ့ချင်တာ ကို အသည်းအသန် ရှာနေမိတယ်။ ကျွန်တော်တွေ့ချင်တာတော့ ထူးထူးခြားခြား မဟုတ်ပါဘူး ကြီးသုံးကြီး ကို အတူတွဲတွေ့ချင်တာ အမှန်ပါပဲ ။ ခင်ဗျား စဉ်းစားကြည့်လေ အခုလို နိုင်ငံဂုဏ်ဆောင် ပွဲတစ်ခုမှာ ကိုယ့်နိုင်ငံ က ကဏ္ဍအသီးသီး က ခေါင်းဆောင် ပါဆိုတဲ့ သူတွေကို ကျွန်တော် အတူတွဲ တွေ့ချင်မိတာ အမှန်ပါပဲ ။ သူတို့ ဘာသာ သူတို့ အယူအဆ မတူလို့ မတူကွဲပြားနေကြ ပေမယ့် နိုင်ငံ ဂုဏ်ဆောင် တဲ့ ပွဲမျိုးမှာ တော့ တစ်စိတ်ထဲ တစ်သဘောတည်း ရှိသင့်တယ်မဟုတ်လား။

ဒါနဲ့ ကျွန်တော် စူးစူးစိုက်စိုက်ရှာပါတယ် ကျွန်တော် တွေ့တာ ကြီး နှစ်ကြီး ပဲ တွေ့တယ်။ဘာကြောင့် ကြီးတစ်ကြီး ပျောက်နေလဲဗျာ။ ကျွန်တော် အဖက်ဖက် က စဉ်းစားကြည့်တယ် ။ ဘာကြောင့် ဒီအခမ်းအနားကို မတက်သလဲ ။ သူ့အတွက် အရေးမကြီးလို့လား ဒါမှ မဟုတ် မဖိတ်လို့လား။ မဖိတ်လို့တော့မဖြစ်နိုင်ဘူး ။ လွှတ်တော် အမတ်တွေတောင် ကြည့်ဖို့ ကားတွေ စီစဉ်ပေးထားတယ်သိရ တယ်။ သူလို တရားဥပဒေစိုးမိုးရေး ကော်မတီ စိုးမိုးရေး ဥက္ကဌ တစ်ယောက် ဆိုရင်တော့ မဖိတ်စရာအကြောင်းမရှိပေါ့။ ဒါဆို ဘာလို့လဲ။ ပြည်သူ တွေနဲ့ တစ်သားတည်း မပျော်နိုင်လို့လား။ စဉ်းစား ရတာတော့ များသားလား။ဟိုတလော က သတင်းအရ သူ ကာတာ ရောက်နေမယ်ထင်တယ်။ဒါကြောင့် လား ဒါဆိုရင်လည်း မဖြစ်သင့်ဘူး ။နိုင်ငံအတွက် ဂုဏ်သိက္ခာ မြှင့်တင်တဲ့ပွဲ ၊ အာရှမှာ မြန်မာကွ လို့ ကျုံးဝါး ကြရမယ့် ပွဲမှာ သူတို့ နိုင်ငံတကာနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ သူတစ်ယောက်ပါ ပါနေရင် မြန်မာ ဘယ်လောက်တောင် ပြည့်စုံနေလိမ့်မလဲ ။သူ့ဘာသာ သူ့ခံယူချက်ကြောင့် အစိုးရကို အတိုက်အခံလုပ်တာ ကို အပြစ်မဆိုချင်ပေမယ့် နိုင်ငံပွဲကို အတိုက်အခံလုပ်ပြီး ကာတာ သွားတာတော့ မဖြစ်သင့်ဘူးလို့ ထင်မိတယ်။စဉ်းစားကြည့်လေ သူသွားတယ်ဆိုတာ ဟာ နိုင်ငံတော်က ၊ လွှတ်တော်က ပေးအပ်တဲ့ တာဝန် နဲ့ နိုင်ငံဆိုင်ရာ ကိစ္စတွေ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်တွေ သွားတာမျိုးမဟုတ်ဘူး။သူ့ ကိစ္စနဲ့ သူ ဆုသွား ယူတာ ဖြစ်တယ်။သူကြိုးစားမှုကြောင့် ရသည်ဖြစ်စေ အခြားအကြောင်းကြောင့်ရသည်ဖြစ်စေ အရင်ကလည်း ကိုယ်တိုင်သွားမယူခဲ့တာတွေ ရှိတယ်။ဘာကြောင့် အခုမှ တိကျချင်နေရသလဲ ။ ဆီးဂိမ်းကို တမင်ရှောင်ချင်လို့များလား။သို့လော သို့လော နဲ့ တွေးရတာ သိပ်စိတ်နာဖို့ကောင်းပါတယ်။မြန်မာနိုင်ငံ ကို တိုးတက်စေချင်တယ် အဆင့်မှီစေချင်တယ်လို့ ပြောတဲ့သူက အဆင့်မှီအောင်လုပ်တဲ့ပွဲမှာ မတက်ရောက် နိုင်တာ သူ့သဘော သူဆောင်တာပဲ လား မရှုစိမ့်နိုင်တာပဲလား တစ်ခုခုတော့ စဉ်းစားစရာပါပဲ။

နောက်တစ်ခု ကတော့သူဟာ တစ်သက်နဲ့တစ်ကိုး အစိုးရကို ဆန့်ကျင်လာလိုက်တာ ၂၅ နှစ်တောင် ကြာခဲ့ပြီ ။ဘာ အရွေ့တစ်ခုမှ မရှိလို့ပဲ အာစီယံ နိုင်ငံတွေကို မျက်နှာမပြ၀ံ့သလား။ဒါမှ မဟုတ် သူတစ်သက်လုံး ဘူးခံငြင်းလာတဲ့ Myanmar-Burmar ကိစ္စကြောင့်ပဲလား ။ စဉ်းစားကြည့်လေ သူ ဒီပွဲကို တက်လိုက်ရင် Myanmar ဆိုတဲ့ စကားလုံးကို အလိုလိုထောက်ခံလိုက်တာနဲ့ အတူတူပဲ မဟုတ်လား။ဒါ ကြောင့် ယုန်မလေး နှာစေးသလို နဲ့ ကာတာ ဆုယူ သွားလိုက်သလား ။ဒါဆိုရင်တော့ ပြည်သူတွေနဲ့ကျွန်မ တစ်သားတည်းပါ ဆိုတဲ့ စကားဟာ သောင်စပ်က မစင်တုံးလို လှိုင်းပုတ်ရာ မြောရတော့မယ့် ကိန်းဖြစ်နေပြီ။သိပ်ကို မိန်းမဆန်လွန်းပါတယ်။ ဒီလို စိတ်သဘောမျိုးနဲ့ ပြည်သူ ခေါင်းဆောင်လို့မပြောသင့် ဘူးထင်ပါရဲ့။ကဲပါလေ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆီးဂိမ်း ဖွင့်ပွဲ အပြီးမှာတော့ နိုင်ငံကို တိုးတက်စေချင်တာ ဂုဏ် တက်စေချင်တာ ဘယ်သူက အမှန် ၊ ဘယ်သူက အသံ ဆိုတာ ကွဲပြားကြလောက်မယ်ထင်ပါတယ်။ ဒါကြောင့်မျက်နှာဖုံးဆိုတာ တစ်ခဏတာပဲ စွပ်လို့ရတာမို့.. ဆင်ဖြူမျက်နှာကို ဆင်မဲဟာ ဘယ်တော့မှ ကြည့်ဝံ့မယ်တော့ မထင်ပါဘူးဗျား ။

ဖိုးဘမောင်

တောင်ကြီးမြို့တွင် နဝမတန်း ကျောင်းသူတစ်ဦး ကြိုးဆွဲချ သေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ချမ်းသာရပ်ကွက်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က နဝမတန်း ကျောင်းသူ တစ်ဦး နေအိမ် တွင်း ကြိုးဆွဲ ချသေဆုံး မှုဖြစ်ပွါးခဲ့ပါသည်။


ကြိုးဆွဲချသေဆုံးသူမှာ အသက် ၁၅ နှစ်အရွယ်ရှိ အ.ထ.က ၂ မှ န၀မတန်းကျောင်းသူ မဆုမြတ်ရတနာ ဖြစ်ပြီး သဇင်လမ်း၊ နယ်မြေ (၁) ချမ်းသာရပ်ကွက်တွင်နေထိုင်ပါသည်။

၎င်း၏ ယောကျာ်းလေး သူငယ်ချင်းများ နေအိမ်သို့ရောက်ရှိလည်ပတ်ကာ ဂစ်တာတီးသီချင်းဆိုရာ အဖွား ဖြစ်သူက ၄င်းအားတံမြက်စီးဖြင့် ရိုက်နှက်သဖြင့် ကြိုးဆွဲချရန်စီစဉ်ရကြောင်း ရခြင်းဖြစ်ကြောင်း ဆိုပါသည်။

“ ပထမတကြိမ် သူကြိုးဆွဲချဖို့စီစဉ်တုန်းက သူတို့အိမ်မှာ စက်ချုပ်လာသင်တဲ့ နန်းရွှေစင်က တားလို့ အကြံ မအောင်ခဲ့ဘူး။ နောက်တနေ့မနက်ကျတော့ မနက် ၆ နာရီလောက်မှာ မီးဖိုချောင်ထဲမှာ ထဘီ ၂ ကွင်းနဲ့ ကြိုးဆွဲချ သေနေတာဖြစ်တယ်လို့ စစ်ဆေးချက်အရသိရတယ်” ဟု သက်ဆိုင်ရာ ရဲများက ပြောပါသည်။

၎င်းနှင့်ပတ်သက်၍ အငြိမ်းစားကျောင်းဆရာမ တဦးက “ကိုးတန်းကျောင်းသူတစ်ဦး ဒီလိုနည်းနဲ့ သေဆုံး တာတော့ နှမျောမိတာပေါ့ ၊ သေဆုံးမှုနဲ့ပတ်သက်လို့ ဘာထင်ကြေးမှ မပေးတတ်ပါဘူး ။ ဒါပေမယ့် ဒီလိုအရွယ် ကလေးတွေဟာ လုပ်မိလုပ်ရာလုပ်တတ်တဲ့ အရွယ်လေးတွေပေါ့။ ဒါတွေကိုလူကြီးတွေ အနေနဲ့ သတိထား ထိန်းကျောင်း ပေးဖို့လိုပါတယ်” ဟု ပြောပါသည်။

၎င်း၏ သေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိရဲများက စုံစမ်းစစ်ဆေးလျှက်ရှိပြီး သေမှုသေခင်း အမှတ်စဉ် (၂၄/၂၀၁၃) ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရပါသည်။

သျမ်းသံတော်ဆင့်

၂၀၁၅ အလွန် အကျပ်အတည်းများ

တစ်ကယ်တော့ ၂၀၁၅ အလွန်မှာ ကြုံတွေ့နိုင်တဲ့ သန်းခြောက်ဆယ်ရဲ့ အကျပ်အတည်းဟာ အဲဒီ အချိန်ကျမှ ရုတ်တရက်ပေါ်လာနိုင်တဲ့ ပြသနာများမဟုတ်ဘဲပြီးခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ် မြန်မာ နိုင်ငံရေးသမိုင်းမှာ လုံးဝ အခြေခံပါတယ်။


ပါလီမန်ခေတ် မြန်မာ့နိုင်ငံရေးပြသနာများနဲ့ အထူးသဖြင့် နှစ်၅၀ အမှောင်ခေတ်ရဲ့ဆိုးကျိုးများကြောင့် ဒီမိုကရေစီ သို့ အကူးအပြောင်းမှာ ရင်ဆိုင်ဖြေရှင်းရမယ့် အခက်အခဲများသာဖြစ်ပါတယ်။တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အဲဒီအကျပ်အတည်းများကို ပြေလည်အောင်ဖြေရှင်းဖို့နဲ့ဒီမိုကရက်တိုက်ဇေးရှင်း ဆက်လက် တည်တံ့ နိုင်ဖို့အတွက် လွန်စွာအရေးပါနေတာ တွေ့ရပါတယ်။

လစ်ဘရယ်လိုက်ဇေးရှင်းကာလလို့ပြောနိုင်တဲ့ အခု ရွေးကောက်ခံအစိုးရသစ် ပထမ ငါးနှစ် သက်တမ်း ဟာပြသနာတွေ၊ စိန်ခေါ်မှုတွေ များစွာကြုံတွေ့နေရသော်ငြား ၂၀၁၅အလွန် ဒုတိယမြောက် အစိုးရသစ်ကို နိုင်ငံသစ်တည်ဆောက်ရေး လက်ဆင့်ကမ်းပေးနိုင်ဖို့က တော်တော်ကြီး သေချာနေပြီလို့ ဆိုနိုင် ပါတယ်။လက်ရှိအစိုးရက လမ်းကြောင်းပြောင်းသွားနိုင်လောက်တဲ့ စိန်ခေါ်မှု တွေကို ကျော်လွှား နိုင်ခဲ့ပါ တယ်။ ကျန်သေးတဲ့နှစ်နှစ်ကာလမှာ နောက်ထပ် အခက်အခဲတွေ ပေါ်လာဖို့ ရှိနေသေးပေမယ့် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အားလုံးရဲ့အာရုံစိုက်မှုနဲ့ မျှော်လင့်ချက်များဟာ ၂၀၁၅ ဆီကိုပဲ ရောက်သွား တော့မှာဖြစ်တာကြောင့် အခုကြုံတွေ့ပြီးရသလောက် ခက်ခက်ခဲခဲဖြေရှင်းဖို့ လိုမယ် မဟုတ်တော့ပါဘူး။ ဒီတော့ အပြောင်းအလဲကို စတင်ခဲ့တဲ့ ပထမဆုံးသော အစိုးရသက်တမ်းဟာ ချောချောမွေ့မွေ့နဲ့အဆုံးသတ်နိုင်တော့မယ်လို့ ယျေဘူယျ ကောက် ချက်ကိုဆွဲနိုင်ပါတယ်။

ဒါပေမယ့် ဒုတ်ယမြောက် တာဝန်ယူရမယ့် အစိုးရနဲ့လွှတ်တော်များအတွက်ကတော့ အခု ပထမ ငါးနှစ် ကာလထက် ပိုမိုကြမ်းတမ်းခက်ခဲမှာဖြစ်ပါတယ်။ အဲဒီအခြေအနေကိုကြိုတင်တားဆီးဖို့ မဖြစ်နိုင် သလောက်ရှိသလို ကြိုတင်တွက်ဆပြီးအဖြေရှာထားလို့လည်းမရနိုင်တာကြောင့် နိုင်ငံတော်နဲ့လူထု အတွက် ၂၀၁၅ အလွန်ကာလဟာ များစွာ ရေးကြီးပါကြောင်းအထူးတလည်ဖော်ပြလိုရင်းဖြစ်ပါတယ်။

ဒုတိယမြောက် အစိုးရသက်တမ်းမှာ စိန်ခေါ်မှုတွေ ပိုကြီးမားဖို့ နဲ့ပြသနာတွေလည်းပိုဖြေရှင်းရခက်ခဲဖို့ အတွက် အဓိက အကြောင်းရင်းကြီးနှစ်ခုရှိပါတယ်။ ၁။NLDနဲ့တိုင်းရင်းသားပါတီများ( အပြတ်အသတ် ) landslideအနိုင်ရရှိနိုင်ခြင်း ၂။ ၂၀၁၅ အပေါ် လူထုမျှော်လင့်ချက်များအလွန်ကြီးမားခြင်းတို့ဖြစ်ပါတယ်။

လူထုဟာ လက်ရှိအချိန်အထိ အပြောင်းအလဲရဲ့အသီးအပွင့်ကို ထိထိရောက်ရောက် ခံစားနိုင်ခြင်း မရှိသေးပါဘူး။ လွတ်လပ်ခွင့် တချို့နဲ့ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ် ရရှိခဲ့ပေမယ့် အထူး သဖြင့် အခြေခံလူတန်းစားတွေအတွက် အသက်ရှူချောင်လောက်တဲ့ အနေအထားကို မရောက် သေးပါဘူး။ နောက်တစ်ခုက မူပြောင်း လူမပြောင်းအခြေအနေကို မျှော်လင့်ချက် ရှိလာတာက တစ်ကြောင်း၊ လက်ရှိသမ္မတရဲ့ ရိုးသားကြိုးစားမှုကို လက်ခံအသိအမှတ်ပြုတာကတစ်ကြောင်းကြောင့်သာ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေကြတာဖြစ်ပြီး ၂၀၁၅ မှာ အတိုက်အခံတို့ကို ပုံအောဖို့လည်း ပြင်ဆင်ထား ကြတာဖြစ်ပါတယ်။တစ်နည်းအားဖြင့် မူပြောင်းတဲ့အပြင်လူပါပြောင်းဖို့ ရည်မှန်းထားကြတာဖြစ်ပါတယ်။ ဒီတော့ အတိုက်အခံပါတီကြီးနဲ့ တိုင်းရင်းသားပါတီများဟာသေချာပေါက် အနိုင်ရကြမှာဖြစ်ပြီး လူထုကလည်း အဲဒီအတိုက်အခံတို့အပေါ် မျှော်လင့်ချက်အလွန်အကျွံထားနေကြတာကြောင့်  ၂၀၁၅ အလွန်မှာ နိုင်ငံရေး၊စီးပွားရေး ပြသနာများကို ကြီးကြီးမားမား ရင်ဆိုင်ကြုံတွေ့ကြရဖို့က သေချာ သလောက် ရှိနေပါတယ်။( လုံးဝ အပြတ်အသတ်အနိုင်မယူသင့်ဘူးလို့ အခြေအနေတစ်ရပ်မှာ ဆရာ အောင်ထွဋ်ပြောခဲ့ဖူးတာကို ဒီနေရာမှာအမှတ်ရမိပါတယ်။ )

၂၀၁၅ အလွန်မှာ ဘယ်ပါတီကပဲ အစိုးရဖွဲ့သည်ဖြစ်စေ၊ အဲဒီအိစိုးရဟာလူထုရဲ့မျှော်လင့်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ဖို့အခြေအနေတွေကအခုချိန်ထိ မရရှိသေးပါဘူး။ NLD ဟာ သေချာပေါက် လွှတ်တော်များကို အတိုင်းအတာကြီးကြီးမားမား လွှမ်းနိုင်မှာဖြစ်ပြီး အစိုးရဖွဲ့ခွင့်လည်းရဖို့ ရှိနေပါတယ်။ ဒေါ်စုသာ လွှတ်တော်အကြီးအကဲ၊ ဒါမှမဟုတ် အစိုးရအကြီးအကဲဖြစ်လာခဲ့ရင် သေချာပေါက် အကျပ်အတည်းများကိုကြီးကြီးမားမားရင်ဆိုင်ရမှာပါ။(လွှတ်တော်အကြီးအကဲဖြစ်နိုင်ခြေကများနေပါတယ်။ အခြားသောအတိုက်အခံနိုင်ငံရေးသမားတစ်ယောက်ကလည်းသမ္မတဖြစ်လာနိုင်ချေရှိပါတယ်။ ၅၉( စ ) ကြောင့်ပါ။ )

၁။ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူမှုဘဝမြင့်မားလိုမှု မျှော်လင့်ချက်များ ၂။တိုင်းရင်းသားတို့ရဲ့ တန်းတူ ညီမျှရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမျှော်လင့်ချက်များ ဟာ ဒေါ်စု ခေါင်းပေါ်ကျမယ့် ဝန်ထုတ် ဝန်ပိုးများဖြစ်လာပါလိမ့်မယ်။ အတိုက်အခံခေါင်းဆောင်ဆီကနေလိုလားချက်တွေ လိုအပ်ချက်တွေကို သေချာပေါက် ရမယ်လို့လိုတာထက်ပိုပြီးမျှော်လင့်နေကြပါတယ်။ ဒေါ်စုအနေနဲ့က အဲဒီမျှော်လင့်ချက် တွေကို ငြင်းဆိုဖို့ခက်ခဲမှာဖြစ်သလို အပြည့်အဝရရှိအောင်ဖြည့်ဆည်းပေးနိုင်ဖို့ ကလည်း လွယ်ကူလှမယ် မဟုတ်ပါဘူး။

တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုပြီး ဒီမိုကရေစီ ပီပြင်အောင်နဲ့စီးပွားရေးအရ လူတန်းစေ့အောင် ဒုတိယ မြောက်သက်တမ်း ငါးနှစ်အတွင်းဖြည့်ဆည်းပေးဖို့ အကောင်အထည်ဖော်ပေးဖို့ဆိုရင် ဒေါ်စု တစ်ယောက်ထဲနဲ့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ နိုင်ငံတော်ကို စီမံခန့်ခွဲတဲ့အလုပ်ဟာ Team Work ဖြစ်တယ်ဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ ဒေါ်စုမှာ Team ကောင်းကောင်းတစ်ခု လိုအပ် နေပါတယ်။ လောလောဆယ်မှာလည်း နှစ်နှစ်အတွင်း ဖြည့်ဆည်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ တွေ့ရပါတယ်။ နိုင်ငံတော်ကို ထိပ်ဆုံးကနေ အောက်ခြေအထိတာဝန်ယူခွင့်ရတဲ့အခါ ဒေါ်စုလည်း ခက်ခဲနိုင်တာဖြစ်သလို လူထုလည်းကျပ်တည်းနိုင်ပါတယ်။

အခု စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ လက်ရှိအစိုးရရဲ့ Team က မကောင်းလို့တိုင်းပြည်ကြုံတွေ့နေရတဲ့ ပြသနာ နဲ့၂၀၁၅ အလွန်မှာ ပေါ်ပေါက်လာမယ့် အခက်အခဲတွေက လုံးဝခြားနားမှာဖြစ်ပါတယ်။ လူထုရဲ့ မျှော်လင့် ချက်များမတူညီခြင်းကြောင့်ဖြစ်ပါတယ်။

ဒီမိုကရေစီကိုလည်း ဒေါ်စုက စံနှုန်းပြည့်သာစဉ်းစားတာဖြစ်လေတော့၂၀၁၅အလွန်မှာ အထူးသဖြင့် တိုင်းရင်းသားတို့က ဒေါ်စုဆီကနေစံနှုန်းပြည့်ဒီမိုကရေစီကို သေချာပေါက်တောင်းဆိုကြမှာဖြစ်ပါတယ်။ အသိပညာရေချိန်ပြသနာ၊ နှစ်ပေါင်းခြောက်ဆယ်က ပျက်စီးယိုယွင်းလာတဲ့စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ ဖွံ့ဖြိုးတိုးတက်ရေးကိုချက်ချင်းတွန်းတင်လို့မရနိုင်တဲ့အခြေအနေ စတာတွေက ၂၀၁၅ အလွန်မှာတာဝန်ယူမယ့်အစိုးရနဲ့ လွှတ်တော်တို့ကို ဘေးကျပ်နံကျပ်ဖြစ်စေမှာဖြစ်ပါတယ်။ တစ်ဖက်မှာ တပ်မတော်နဲ့ အတိုက်အခံတို့ ရင်ကြားစေ့ရေး တည်ဆောက်နေတဲ့ကိစ္စကလည်း ခရီး မရောက် နိုင်သေးလေတော့ တပ်မတော်နဲ့ လုံးလုံးပတ်သက်မှုမရှိတဲ့ ပါတီကဖွဲ့မယ့် အစိုးရသစ်နဲ့ တပ်အကြား ဆက်ဆံရေးဟာ တော်တော်သတိထားရမယ့်အနေအထားကို ရောက်လာတော့မှာဖြစ်ပါတယ်။ နောက် အစိုးရသစ်အနေနဲ့နိုင်ငံရေး စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေကိုအခုလက်ရှိအစိုးရထက် ပိုပြီးခဲရာခဲဆစ် ရင်ဆိုင်ဖြေရှင်းရမှာလည်းဖြစ်ပါတယ်။

ပါလီမန်စနစ်မဟုတ်လေတော့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ဆိုတာ ဥပဒေအရမဖြစ်နိုင်ပါဘူး။ သမ္မတဖြစ်သူက ကက်ဘိနက်ဖွဲ့ရမှာပါ။ ကက်ဘိနက်ကိုတခြားပါတီများက ပုဂ္ဂိုလ်များခန့်အပ်ဖွဲ့စည်းလို့ရပါတယ်။ ဒါပေမယ့်  ဒါညွန့်ပေါင်းအစိုရမဟုတ်ပါ။ ပါလီမန်စနစ်မဟုတ်တာကြောင့်ဖြစ်ပါတယ်။ သမ္မတနဲ့ ဒုသမ္မတ တွေဟာလည်း မတူညီတဲ့ပါတီများနဲ့ တပ်မတော်က အမည်စာရင်းတင်တဲ့ပုဂ္ဂိုလ်တို့ ဖြစ်လာဖို့ရှိပြီး ဒါလည်း ညွန့်ပေါင်းမဟုတ်ဘဲ အခြေခံဥပဒေအရ သာဖြစ်ပါတယ်။ ၂၀၁၅ အလွန် အကျပ်အတည်းများ လျော့ပါးသင့်သလောက်လျော့ပါးဖို့အတွက် လောလောဆယ်လုပ်သင့်တဲ့ အချက်တွေရှိပါတယ်။ ပြောရရင် ၂၀၁၅ မတိုင်ခင်မှာ များများစားစား မျှော်လင့်လို့မရနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ထက်တောင်မှ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။အတိုက်အခံတို့အနေနဲ့ဒီအချက်တွေကို စိတ်ဝင်စားဖို့ သိပ်များများမမျှော်လင့်ပေမယ့် ဖော်ပြသင့်လို့ဖော်ပြလိုက်ပါတယ်။

၁။ ဒေါ်စုအနေနဲ့ အနည်းဆုံးအတင့်အနေနဲ့ လွှတ်တော်များကို လွှမ်းမိုးနိုင်တော့မယ့် အများဆုံး အစိုးရဖွဲ့နိုင်တော့မယ်ပါတီရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် နှစ်နှစ်တာ ကာလမှာ ပြည်တွင်းက နိုင်ငံရေးကိစ္စများနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို နိုင်ငံတကာမှာ သွားရောက် လုပ်ကိုင်နေတဲ့ကိစ္စများထက် အများကြီးပိုပြီး အလေးအနက် ထားသင့် အာရုံစိုက်သင့်တဲ့ အချိန်ကို ရောက်နေပြီဖြစ်ပါတယ်။ 

၂၀၁၅ အလွန်မှာ သေချာပေါက်အနိုင်ရမယ့်ပါတီဟာ အခြေအနေအရပ်ရပ်ကို အကောင်းဆုံးအနေအထား ရနေဖို့ လုပ်နိုင်သလောက် အစွမ်းကုန် ဆောင်ရွက်ထားသင့်ပါတယ်။

၂။အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးကိစ္စများဟာလည်း ၂၀၁၅ အလွန်ကာလအတွက်အထူးအရေးပါတဲ့ အတွက် စစ်မှန်တဲ့သဘောဆန္ဒနဲ့ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေကြသူအားလုံးက အခုထက် အားသွန်ခွန်စိုက် ပါဝင်ကြိုးပမ်းမယ်ဆိုရင်၂၀၁၅ အလွန်မှာ နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းက ချော်ထွက်မသွားဖို့အများကြီးအထောက်အကူရစေမှာဖြစ်ပါတယ်။ 

၃။အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်ကိစ္စကို အခြေခံပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတစ်ခုကို ကျင်းပနိုင်ဖို့အားလုံးကကြိုးပမ်းသင့်ပါတယ်။ အဲဒီနိုင်ငံရေးဆွေးနွေးပွဲမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စပါဝင်ရမှာဖြစ်ပေမယ့်  အဓိကဖြစ်သင့်တာက ၂၀၁၅အလွန် နိုင်ငံတော်တည် ငြိမ်ရေး ဖြစ်ပါတယ်။ အစိုးရဖွဲ့စည်းရေးကို လက်ရှိအာဏာရပါတီ၊ အတိုက်အခံပါတီကြီး၊ တိုင်းရင်းသား ပါတီများအပါအဝင် ပါတီအားလုံးကညှိနှိုင်းဆွေးနွေးသင့်ပါတယ်။

အထူးသဖြင့် အာဏာရပါတီကြီးနဲ့ အတိုက်အခံပါတီတို့ အစိုးရဖွဲ့စည်းရေးယေဘူယျသဘောတူညီမှု ( consensus ) တစ်စုံတစ်ရာ ရယူထားနိုင်ရင် အခုဒီဆောင်းပါးမှာအဓိက ပြောချင်တဲ့  ၂၀၁၅ အလွန် အကျပ်အတည်းများဆိုတာ ရှိလာတော့မှာမဟုတ်တာ သေချာပါတယ်။ ( ဒါပေမယ့် အနိုင်ရဖို့ သေချာ သလောက် ရှိနေတဲ့ အတိုက်အခံပါတီကြီးအနေနဲ့လည်း ဒီလို consencus မျိုးကို စိတ်ဝင်စား လာနိုင်ဖို့အခွင့်အလမ်းဟာလည်း အလွန်တရာနည်းပါးလှတာကြောင့်  ၂၀၁၅အလွန်မှာ ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးကို ခြိမ်းခြောက်မယ့် စိန်ခေါ်မှုတွေကို ရှောင်လွှဲနိုင်ဖို့ရာလည်း မျှော်လင့် ချက် နည်းပါးလှပါတယ်။

၅။ ၂၀၁၅အလွန်လွှတ်တော်များမှာ အနိုင်ရအတိုက်အခံအမတ်များနဲ့ တပ်မတော်သား လွှတ်တော်အမတ်များ အကောင်းဆုံးလုပ်ဖော်ကိုင်ဖက်တွေဖြစ်ဖို့ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတာ အခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပါပြီ။ တပ်မတော်သား ကိုယ်စား လှယ်များကို ၂၀၁၅ ဒုတိယလွှတ်တော်သက်တမ်း ကာလအတွင်းမှာ လွှတ်တော်ထဲက ဖယ်ရှားရေး ကိစ္စကိုလောလောဆယ်မစဉ်းစားသေးဘဲ အလုပ်အတူတူလုပ်ဖို့ ကြိုတင် ပြင်ဆင်ခြင်းကနှစ်ဦးနှစ်ဖက် အကျိုးများနိုင်ပါလိမ့်မယ်။

၂၀၁၅ အလွန်မှာ အတိုက်အခံတို့က ( ၅၉ (စ ) ကိုမပြင်ဆင်နိုင်ဘဲ ) အနိုင်ရတဲ့အခါ သမ္မတလောင်း အဖြစ် လက်ရှိသမ္မတကို အနိုင်ရအတိုက်အခံပါတီက nominate လုပ်ဖို့ များပြောခဲ့ရင် အားလုံးကဝိုင်းပြီး လှောင်ပြောင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့်ဒီမိုကရက်တိုက်ဇေးရှင်းဟာ လမ်းကြောင်းပေါ်မှာပဲ တည်တည် ငြိမ်ငြိမ်ဆက်ရှိနေဖို့ဆိုရင် ဒီအချက်ဟာ option တွေထဲက စဉ်းစားသင့်တဲ့ တစ်ချက်ဖြစ်တယ်လို့ ယူဆပါတယ်။ ဦးနှောက်အလုပ်ပေးဖို့အလွန်ကောင်းတဲ့ Option မို့ဘယ်သူမှရွေးမယ့် နည်းလမ်း မဟုတ်ပေမယ့် ဖော်ပြလိုက်ပါတယ်။ အတိုက်အခံတို့ဘက်မှာ လက်ရှိအနေအထားအရ ဒေါ်စုကလွဲရင် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်ဖို့ထင်းကနဲလင်းကနဲ မြင်သာတဲ့ပုဂ္ဂိုလ် တစ်ယောက်တစ်လေမျှ မမြင်မိသေးကြောင်းဖော်ပြလိုပါတယ်။ 

ဒါဟာ အတိုက်အခံတွေ ဒေါ်စုကလွဲရင် ဘယ်သူမှအရည်အသွေးမမီဘူးလို့ ပြောလိုခြင်းမဟုတ်ဘဲ အရည်အသွေးအပြင် သြဇာလွှမ်းမိုးနိုင်မှု လူထု၊ ချစ်ခင်လေးစားမှု အစရှိသော အသွင်ကူးပြောင်းရေး ကာလအတွက် အခြားအရေးပါတဲ့အချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်တယ်လို့ ယူဆ သောကြောင့်သာဖြစ်ပါတယ်။ (လက်ရှိအာဏာရပါတီဘက်မှာလည်း ဦးသိန်းစိန်ကလွဲရင် လူထု တလေး တစားလက်ခံလောက်တဲ့ပုဂ္ဂိုလ် မရှိသလောက်ရှားပါတယ်။ သူရဦးရွှေမန်းလည်း ပါတီကျောထောက် နောက်ခံနဲ့ဆိုရင် ပါတီကိုယ်နှိုက်က နိုင်ဖို့အခွင့်အလမ်းနည်းနေတာကြောင့်မျှော်လင့်ချက် နည်းလွန်း ပါတယ်။ )

ဒါပေမယ့် ဆောင်းပါးအစပိုင်းမှာ ပြောခဲ့သလိုပါပဲ။ တပ်မတော်ရဲ့နိုင်ငံရေးအခန်းကဏ္ဍက ၂၀၁၅ အလွန်ကာလအတွက် အရေးပါနေတာတွေ့ရပါတယ်။ ဒီနေရာမှာလည်း၂၅ ရာခိုင်နှုန်းကို အလျင် အမြန်ဖယ်ရှားရေးကို လုပ်မယ်ဆိုရင် အလေးအနက်ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ လက်ရှိဒီမိုကရေစီနဲ့ မကိုက်ညီသေးတဲ့ အခြေခံဥပဒေသည်လည်းကောင်း၊ အခြေခံဥပဒေအရ တပ်မတော်ရဲ့ ကဏ္ဍသည်လည်းကောင်း ဒီမိုကရေစီချောချောမောမော ပေါ်ထွန်းရေးအတွက် တစ်စိတ် တစ်ပိုင်းအရေးပါနေတဲ့အပြင် အခြေခံဥပဒေနဲ့  တပ်မတော်ကပဲ သန်းခြောက်ဆယ်သောလူထု ရင်ဆိုင် ကြရမယ့်အခက်အခဲများကို ကျော်လွှားနိုင်ဖို့၊ အတိုက်အခံတို့ကပါ အားပြုသင့်တဲ့ အနေအထား ဖြစ်လာ နိုင်ရုံမကဘဲ ဒီမိုကရေစီခိုင်မာစွာပေါ်ထွန်း တည်တံ့နိုင်ရေးအတွက် တစ်နည်းတစ်လမ်း အာမ ခံချက်ဖြစ်နေပါကြောင်း( လက်မခံနိုင်သူ အများအပြားရှိမှန်းသိလျက်နဲ့ပဲ ) အားလုံးကို လေးစားစွာ တင်ပြ လိုက်ရပါတယ်။ ။

ပိုက်တင် —

the Voice daily သတင်းစာ ဆောင်းပါး

မြင်တွေ့ဘူးသမျှမုန့်များထဲတွင်ကလေးများအပေါ် အယုတ်မာအပက်စက်ဆုံးသောတရုတ်မုန့်



-ကျောင်းဈေးဆိုင်များနဲ့မြို့ထဲရှိမုန့်ဆိုင်များမှာတင်ပြီးကလေးများကိုရောင်းချနေကြတာပါ။

-တထုပ်ကို ၁၀၀ ကျပ်နဲ့သာရောင်းချပါတယ်။-တရုတ်မုန့်ပီပီထုံးစံအတိုင်းဖတ်မရတဲ့စာများနဲ့ရေးသားထား တာပါ။


-မုန့်တံဆိပ်လိုဂိုကတော့ ကလေးများကို လူမျိုးတုန်းသေကြေစေမယ့်သင်္ကေတလို့ယူဆရတဲ့၊ မုန့်ထုပ်နဲ့ လားလားမှသက်ဆိုင်မှုမရှိတဲ့ကြောက်မက်ဖွယ်ရာအမူအရာနဲ့အရိုးခေါင်းတံဆိပ်ရိုက်နှိပ်ထားပါတယ်။

-အထဲမှာတော့တရုတ်နို့မှုန့်လို့ယူဆရတဲ့ဖြူဖြူအမှုန့်တွေကိုဘိန်းဖြူပုံသဏ္ဃာန်ပြုလုပ်ထားပါတယ်။

-အဆိုးဆုံးကတော့ ဒီမုန့်ကိုကလေးတွေစားစေတဲ့နည်းလမ်းပါ။ မုန့်ထုပ်ဝယ်ယူတဲ့ကလေးကို ဆိုင်ရှင်က စီးကရက် ပုံစံစက္ကူချောင်းတချောင်း ပေးပါတယ်။ ကလေးက အဲဒီစက္ကူချောင်းထဲကို ဖြူဖြူအမှုန့်တွေ သိပ်ထဲ့ပြီး ဆေးလိပ် သောက်တဲ့ပုံစံနဲ့မုန့်ကိုစုတ်ပြီးစားစေတာပါ။

-ကဲ နုနယ်ငယ်ရွယ်ပြီးဘာမှမသိနားမလည်သေးတဲ့ ကျွန်တော်တို့ရဲ့ကလေးတွေကို လူမျိုးတုန်းအောင် အဆိပ်ကျွေးရုံနဲ့အားမရပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ဆေးလိပ်သောက်တတ်အောင် လက်တွေ့သင်ပေးနေတာ မဟုတ်ဘူးလားဗျာ။

ဒါအလကားသင်ပေးနေတာမဟုတ်ဘူးနော်။ကျွန်တော်တို့ကလေးတွေဆီကပိုက်ဆံယူပြီးမှလုပ်တာ။ ဒီထက် ပက်စက်တဲ့အကြံအစည်ရှိသေးလို့လား။သူတို့နိုင်ငံမှာတော့ဒီလိုလုပ်ရပ်မျိုးကိုသေဒဏ် ပေးတယ်။

ကျွန်တော်တို့နိုင်ငံမှာကော.......ဘယ်သူ့ကိုဘာဒဏ်တွေပေးကြမလဲ????? ဝိသမထား၊ လောဘသားတို့၊ လုပ်ချင်တိုင်းလုပ်၊ ဤဇာတ်ရှုတ်ကို၊ နေ့ခြင်းညခြင်း၊မဖြေရှင်းက၊ ကလေး များအားလုံး၊ ကင်ဆာဖုံးလို့၊ လူမျိုးတုန်းမှာ၊အသေချာတည့်၊သတိတရား၊လက်ကိုင်ထား၍၊ညီညာဖြဖြ၊တွန်းလှန်ကြ။

ဒေါက်တာကျော်ဆွေ

ခုက္ကူမြို့တွင် ဖုန်းအားသွင်းရာမှ မီးအားမြှင့်စက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီး နေအိမ်ခုနစ်လုံး မီးလောင်ဆုံးရှုံး



ဒီဇင်ဘာ ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက် မြဧရာလမ်းတွင် ဖုန်းအားသွင်းရာမှ မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်ခုနစ်လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး အသက် (၆၀)အရွယ် စိတ်ဝေဒနာ ခံစားနေရသည့် အမျိုးသမီးတစ်ဦး မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပခုက္ကူ မြို့၊ အမှတ်(၁၃) ရပ်ကွက်၊ မြဧရာလမ်းတွင် နေထိုင်သည့် ကိုမြင့်ကျော် ၃၈နှစ်၊ (ဘ)ဦးမြသန်းသည် နေအိမ်အောက်ထပ်ရှိ မီးအားမြှင့်စက်မှ တစ်ဆင့် ဖုန်းအားသွင်းပြီး အိပ်ပျော်သွားခဲ့ရာ ဖုန်းနှင့်မီးအားမြှင့်စက်တို့ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် ဦးမြင့်ကျော်၏ နေအိမ်နှင့်အလုပ်ရုံအပါအ၀င် ကပ်လျက်ရှိ ဦးစိန်အောင်၏ (၄x၃)ပင် သွပ်မိုးထရံကာ ပျဉ်ခင်းအိမ်တစ်လုံး၊ ဒေါ်မြအေး၏ (၃x၃)ပင် သွပ်မိုးထရံကာ ၀ါးကြမ်းခင်းအိမ်တစ်လုံး၊ ဦးညွန့်မောင်၏ (၃x၃)ပင် သွပ်မိုးထရံကာ ပျဉ်ခင်းအိမ်နှစ်လုံး၊ ဦးမောင်မြင့် ၏ (၃x၃) ပင် သွပ်မိုးထရံကာ ၀ါးကြမ်းခင်းအိမ်တစ်လုံး၊ ဦးကျော်မြင့်၏ (၃x၃) ပင် သွပ်မိုးထရံကာ ပျဉ်ခင်းအိမ်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးစိန်အောင်၏ ညီမ ဒေါ်ဌေး အသက် ၆၀ (စိတ်ဝေဒနာခံစားနေရသူ)မှာ မီးလောင် သေဆုံးခဲ့ကြောင်းသိရသည်။ " မီးလောင်တဲ့နေရာကို ချက်ချင်း ရောက်သွားတယ်။ အိမ်တွေအားလုံးက ဖိနပ် လုပ်တဲ့သူတွေဆိုတော့ အိမ်တိုင်းမှာ လောင်စာဆီရှိတယ်။ မီးကူးတာတအားမြန်တယ်။ အနောက် ဘက်ဆုံးအိမ်က အစွန်ဖြစ်နေတဲ့အတွက် ဘေးကိုဆက်မကူးတာ။ ရာသီဥတုကလည်း အအေးဓာတ်ဝင်နေတာကြောင့် ဒီလောက်နဲ့တော်သွားတာ " ဟု အမှတ်(၁၃) ရပ်ကွက်မှ ကိုယ်တိုင်မီးငြှိမ်း သတ်ခဲ့သူ ကိုကျော်မြင့်အေးက ဆိုသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ် ၁၄ စီး၊ သန္ဓေမီးသတ် ၁၅ ဦး၊ အရန်မီးသတ် ၅၅ ဦးနှင့် ရပ်ကွက်နေ ပြည်သူများ၊ သံဃာတော်များ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၂ နာရီ မိနစ် ၂၀ တွင် မီးညွန့်ကျိုးသွားခဲ့ပြီး ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် လုံးဝငြှိမ်းသတ်နိုင်ခဲ့ကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကျပ် ၁၅ သိန်းခန့် ရှိကြောင်း သိရသည်။ မီးစတင်လောင်ကျွမ်းရာနေအိမ်မှ ကိုမြင့်ကျော်အား ပခုက္ကူမြို့နယ် ရဲစခန်းမှ (ပ) ၃၀၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒီဇင်ဘာ ၁၁ ရက် ည ၁၁နာရီ ၄၅ မိနစ်ခန့်အချိန်က အမှတ် ၁၃ ရပ်ကွက် မြဧရာလမ်းအတွင်း မီလောင်မှုဖြစ်စဉ်အားတွေ့ရစဉ်

Eleven Media Group

အစိုးရ တစ်ရပ်ကို ဖြုတ်ချလိုစိတ် မရှိဘဲ စနစ်ပြောင်းလိုစိတ်သာ ရှိကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အစိုးရတစ်ရပ်ကို ဖြုတ်ချလိုစိတ် မရှိဘဲ စနစ်တစ်ခု ပြောင်းလိုစိတ် သာ ရှိကြောင်း အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


ဒီဇင်ဘာ ၁၁ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် မြန်မာမိသားစုများ နှင့်တွေ့ဆုံစဉ်ဒေါ်အောင်ဆန်းစုကြည် ကထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အစိုးရ တစ်ခုကို ဖြုတ်ချချင်လို့ မဟုတ်ဘူး။ စနစ်တစ်ခုကို ပြောင်း ချင်လို့။ အားလုံးကတော့ တစ်နေရာ တည်းမှာ မြဲနေဖို့ဆိုတာတော့ မဖြစ်ဘူးပေါ့။ အပြောင်းအလဲ ဆိုတာတော့ ရှိရမှာပါ။ ဘယ်သူမှ မနာအောင်လို့တာ့ အမေတို့ ကြိုးစားမယ်။ အားလုံးကလည်း ဒီ ရည်ရွယ်ချက်နဲ့ လုပ်ပါ။ ဂလဲ့စားချေချင်တဲ့ စိတ်ဓာတ်နဲ့၊ နာကျည်း တဲ့ စိတ်ဓာတ်နဲ့၊ မုန်းတီးတဲ့စိတ်ဓာတ်နဲ့ မလုပ်ပါနဲ့'' ဟု ကာတာရောက် မြန်မာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိမြန်မာ့နိုင်ငံရေး ပြဿနာ တစ်ခုဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ် သက် ၍လည်း မည်သူ့အပေါ်မှ အနိုင်လိုချင်သည့်စိတ်နှင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံး၏ အကျိုးစီးပွား အတွက်သာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်

''တချို့က လိုလားသလိုလို မလိုလား သလိုလို လုပ်နေတဲ့ ကိစ္စတွေကို အမေပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ဒီဟာ မရိုးသားဘူး။ တကယ်ပဲ ဒီမိုကရေစီ လိုချင်တယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်း လဲချင်စိတ် ရှိကိုရှိရမယ်။ အဲဒီစိတ် မရှိဘူးဆိုရင် တကယ့်ဒီမိုကရေစီကို မလိုလားလို့ဘဲ။ အဲဒါကိုတော့ အမေ ခပ်မာမာပဲ ကိုင်ထားတယ်။ ဒါပေမဲ့ ဒီလိုကိုင်ထားလို့ အမေတို့ အနေနဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲ တာ အောင်မြင်လို့ရှိရင် ဘယ်သူ့အပေါ်မှာမှ အနိုင်ကျင့်ဖို့ အနိုင်ယူဖို့ ကြောဖို့ဆိုတာ လုံးဝစိတ်ထဲမှာ မရှိ ဘူး။ အဲဒါကို အားလုံးနားလည် စေချင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုတာ နိုင်ငံ တစ်နိုင်ငံ လုံခြုံရေးအတွက်၊ နိုင်ငံတစ်နိုင်ငံလုံး သာယာရေးအတွက် ပြည်သူတွေ အားလုံးကြားမှာ ညီညွတါ မှူ ရှိရေးအတွက် ဒါတွေကို ဦးတည်ပြီးတော့ လုပ်သွားမှာ ဖြစ်တယ်'' ဟု ဒေါ်အောင် ဆန်းစုကြည်က ပြော ကြား သည်။                                                                                                                    

ထို့အပြင် နိုင်ငံသားများ အဖြင့်လည်း တာဝန်ယူစိတ်ရှိရန်နှင့် ညီညွတ်စွာနေထိုင်ရန် လိုအပ်ကြောင်းလည်း အသိပေး ပြောကြားသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာတာရောက် မြန်မာများနှင့် တွေ့ဆုံပွဲသို့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦး တီထွင်မှု ညီလာခံသို့ တက်ရောက်ရန် ကာတာနိုင်ငံသို့ ရောက်ရှိနေသော သီတဂူဆရာတော် အရှင် ဉာဏိဿရလည်း ကန်တော့ခံ တက်ရောက်ခဲ့ပြီး သြ၀ါဒ မိန့်ကြားခဲ့သည်။

Eleven Media Group

မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်း

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊၂၊၃) မြေနေရာပြန်ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေဟာ ၃ လအတွင်း မြေရာကိစ္စကို ကြိုးစားဖြေရှင်းပေးမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကတိပေးခဲ့တာကြောင့် ဒီနေ့သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။


ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ ဆွေးနွေးအပြီးမှာ သဘောတူညီမှုရခဲ့ပြီး ၃ လစောင့်မယ်လို့ ကတိပြု ခဲ့ကြောင်း သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့သူ မနေနွယ်သန်းက ပြောပါတယ်။

“ဦးအောင်သိန်းလင်းကနေပြီးတော့ ဆက်ပြီးတော့ တင်ပြဆွေးနွေးဆောင်ရွက်နေပါမယ်ဆိုတဲ့ သူ့ရဲ့ လက်မှတ်နဲ့ ကျမတို့ပြည်သူတွေကို တရားဝင်ချပြတယ်၊ သူကိုယ်တိုင်လည်း တရားဝင်ဖွင့်ပြသွားတယ်၊ သူပြောတဲ့အထဲမှာ ပြည့်စုံတဲ့အချက်တွေတော့ မရှိသေးဘူးရှင့်၊ ခေါင်းဆောင်ပိုင်းအနေနဲ့ ဦးအောင်သိန်းလင်း တို့နဲ့ ဒီရက်ပိုင်းအတောအတွင်းမှာ တွေ့ဆုံဆွေးနွေးပြီး လိုအပ်တဲ့အချက်တွေ ထပ်ဖြည့်ပါဦးမယ်၊ သပိတ်စခန်းကို ခတ္တရပ်လိုက်တာပါ၊ နောက်သုံးလ အချိန်ပေးထားပါတယ်၊ အဲသုံးလ အတွင်းမှာ လုပ်ဆောင်မှု တစ်စုံတစ်ရာမရှိဘူး၊ သူတို့ဘက်က အဖြေတစ်ခု မထွက်လာဘူးဆိုလို့ရှိရင် တတိယ သပိတ်ကြီးကို ဆက်ပြီးတော့ တောင်းဆိုမှုတွေဖြစ်လာလိမ့်မယ်လို့ ကြေညာလိုက်ပါတယ်”

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့ စည်ပင်သာယာရေးအဖွဲ့က အဲဒီ မိကျောင်းကန် သပိတ် စခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းပေးရမယ်လို့ သတိပေးစာထုတ်ပြန်ခဲ့ပေမယ့် အချိန်ကာလတစ်ခုအတွင်း မြေနေရာကိစ္စကို ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိစာချုပ်ကို လက်မှတ်ရေးထိုးပေးမှ ဖယ်ပေးနိုင်မယ်လို့ ဆန္ဒပြသူတွေဘက်က တောင်းဆိုခဲ့တာပါ။

အဲဒီ မိကျောင်းကန် သပိတ်စခန်းဟာ ၁၇ ရက်ကြာ ဖွင့်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မြောက် သပိတ်စခန်းဖွင့် ဆန္ဒပြတာလည်းဖြစ်ပါတယ်။