Thursday, December 12, 2013

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားလဲလှယ်



မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် အစည်း အဝေးတွင် နှစ်နိုင်ငံ အကျဉ်းသားများကို အပြန် အလှန် လဲလှယ်ခဲ့ကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူများ ထံမှ သိရှိရသည်။


ထိုင်းငါးဖမ်းသင်္ဘောတွင် လုပ်ကိုင်ခဲ့သည့် မြန်မာ နိုင်ငံသား ငါးဦးသည် ၂၀၀၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပိုင်နက်တွင် နယ်မြေကျူးကျော်မူဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံက ပြန်လည် လွှဲပြောင်းပေးခဲ့သည့် အသက် ၁၅ နှစ်အရွယ် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား လူငယ်နှစ်ဦးမှာလည်း လွန်ခဲ့သည့် ခြောက်လခန့်က ငါးဖမ်း ထွက်ရာမှ မြန်မာပိုင်နက်တွင် ဖမ်းဆီးခံခဲ့ရသူ များဖြစ်ကြောင်း ယင်းအစည်းအဝေး တက်ရောက်ခဲ့သူ တောင်ပြိုလက်ဝဲ လူမှုကူညီရေး အသင်းမှ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက လွှဲပြောင်း ပေးလိုက်သည့် မြန်မာနိုင်ငံသား ငါးဦးမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှ တစ်ဦး၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ နှစ်ဦး၊ ကျောက်တော်မြို့နယ်မှ တစ်ဦးနှင့် ကျောက်ဖြူမြို့နယ်မှ တစ်ဦးတို့ဖြစ်ပြီး ၄င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar အကျဉ်းထောင်တွင် ထိန်းသိမ်းခံ ခဲ့ရကြောင်း ၄င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွတ်မြောက်လာသူ များကို တောင်ပြိုလက်ဝဲ လူမှုကူညီရေး အသင်းက ငွေကျပ် တစ်သောင်းစီ လှူဒါန်းခဲ့ပြီး ၄င်းတို့ကို စစ်တွေမြို့ရှိ လူမူကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသို့ လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ လူဝင်မူကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးမှူး က ပြောကြားသည်။ 

The Voice Weekly

ခါးပိုက်နှိုက် (၂)ဦးဖမ်းဆီးရမိ



ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၁၁.၁၂.၂၀၁၃ရက်နေ့ ၀၈၂၅အချိန်တွင် ခါးပိုက်နှိုက် ဖမ်းဆီးရေးတာဝန်အား လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း၊ ဗိုလ်ချုပ်ကားမှတ်တိုင်၌ဆောင်ရွက်စဉ် အမှတ်(၁၂၁)ယာဉ်လိုင်း ပေါ်မှ ဆင်းလာသော ခါးပိုက်ပြစ်ချက်ဟောင်းရှိ၊ လှိုင်သာယာ မြို့နယ် နေသူများဖြစ်သည့် မောင်ကျော်(ခ) ကျော်ကြီး(ခ)မောင်ဦး (ဘ)ဦးတင်ဦး၊ ပိုင်ပိုင်(ဘ)ဦးသိန်းဟန်တို့ (၂)ဦးအား ဖမ်းဆီးရမိစစ်မေးရာ ၎င်းယာဉ်ပေါ်ပါ အသက် (၃၅)နှစ်ခန့်ရှိ အမျိုးသား (၁)ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ ငွေကျပ် (၃၀၀၀၀)နှိုက်ယူရာတွင် ပိုင်ပိုင်မှလူကာပေးပြီး မောင်ကျော်(ခ) ကျော်ကြီး(ခ)မောင်ဦးမှ နှိုက်ယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းပြီး လှိုင်သာယာမြို့မရဲစခန်း (ပ)၁၄၁၀/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Y P

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားခြင်း



၁။     ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် ပြောင်းလဲ လာသည့် စနစ်အရ စာမူများကို ကြိုတင်စိစစ် ခြင်း မပြုတော့ဘဲ လွတ်လပ်စွာ ရေးသားဖော်ပြမှုပြုခဲ့ရာ အချို့သော ဂျာနယ်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်သော အရေးအသားများကို ဖော်ပြ ခဲ့ကြ၍ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)သို့ လိုအပ်သလို ဆက်လက် သုံးသပ်ဆောင်ရွက်ရန် အဆိုပါ ဖော်ပြချက်များနှင့် တကွ ပေးပို့ခြင်း များ ဆောင်ရွက်လျက်ရှိပါသည်။


၂။          သူရိယနေဝန်းဂျာနယ်သည် (၂၆-၁၀-၂၀၁၃)ရက်မှ စတင် ထုတ်ဝေလျက်ရှိရာ ယခုအခါ အတွဲ(၁)၊ အမှတ်(၇)အထိ ဂျာနယ်(၇)စောင် ထွက်ရှိခဲ့ပါသည်။ ထွက်သမျှ ဂျာနယ်အားလုံးတွင် ပါရှိသည့် အရေးအသား များမှာ သတင်းဂျာနယ်တစ်စောင်၏ အင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ ပုဂ္ဂိုလ်ရေး ထိုးနှက်မှုများနှင့် လက်ရှိ အစိုးရအား ထိခိုက်စေသည့် ရေးသားဖော်ပြချက်များကို တွေ့ရှိရပါသည်။ အဆိုပါဂျာနယ်တွင် ရေးသား ဖော်ပြ ချက်များနှင့် ပက်သက်၍ စာပေလောကသားများကလည်း ဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ် ဇင်း ကျင့်ဝတ်များနှင့် မညီကြောင်း၊ အဝါရောင်စာပေဖြစ်ကြောင်း၊ အမုန်းစကား(Hate Speech) များဖြစ် ကြောင်းကို ဂျာနယ်များနှင့် ပြင်ပလောကတွင် ရေးသား ပြောဆို လာကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ဂျာနယ်၏ CEO ဖြစ်သူ ဦးမိုးဟိန်း ကိုယ်တိုင်က (၅-၁၁-၂၀၁၃)ရက်နေ့ထုတ် မော်နီတာဂျာနယ် အတွဲ(၂)၊ အမှတ်(၇၉)တွင် ပါရှိသည့် သတင်းထောက်စောဖိုးခွားနှင့် ကိုမိုးဟိန်း အင်တာဗျူး၌ သူရိယ အလင်းနှင့် သူရိယနေဝန်း ဂျာနယ်၌ ရေးသား မှုများသည် စာနယ်ဇင်း ကျင့်ဝတ်ကို ဘေးဖယ်ထားကြောင်း ဝန်ခံ ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။

၃။      ထို့ပြင် သူရိယနေဝန်းဂျာနယ် ထုတ်ဝေသူ ဦးခင်အေးသည် ဂျာနယ်လျှောက်ထားစဉ်က ဂျာနယ်ထုတ် ဝေရာတွင် လိုက်နာကျင့်သုံးရန် စံနှုန်းထားများဖြစ်သော “တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးကို ပျက်ပြားစေရန်၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပေါ်ပေါက်စေရန် လှုံ့ဆော် ရေးသားသော ထုတ်ဝေစာများ၊ သိမ်ဖျင်းရုန့်ရင်းသော စကားအသုံးအနှုန်းများ၊ မနာလိုသော မစ္ဆရိယ စိတ်ဖြင့် စွပ်စွဲခြင်းများ၊ မမှန်ကန်သော အသရေ ပျက်စေသော ကြေညာ ချက်များအားထုတ်ဝေ ခြင်းမပြုပါ” ဟုလည်းကောင်း၊ စာနယ်ဇင်းကောင်စီက ချမှတ်ထားသော စည်းကမ်းများကို လိုက်နာပါမည်ဟု လည်းကောင်း၊ ဝန်ခံလက်မှတ်ရေးထိုးခဲ့ပါသည် (နောက်ဆက်တွဲ-က)။

၎။     မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က (၁၃-၁၂-၂၀၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာနယ်ဇင်းကျင့်ဝတ်အမှတ်စဉ်(၇)ပါ “သတင်းရေးသားရာတွင် ရေးသားသူ၏ အာဘော်လုံးဝမပါဝင်စေရ ၊ ဘက်လိုက်ရေးသားခြင်းမပြုရ” နှင့် အမှတ်စဉ်(၈)ပါ “ အများပြည်သူ အကျိုးစီးပွားအတွက် ရေးသင့် ရေးထိုက်သည်မှ အပ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား ၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားများ ရှောင်ကြဉ်ရမည် ” တို့ကိုလည်း ဖောက်ဖျက်ရေးသားလျက်ရှိကြောင်း တွေ့ရှိရပါသည် (နောက်ဆက်တွဲ-ခ)။

၅။       သို့ဖြစ်ပါ၍ သူရိယနေဝန်းဂျာနယ်၏ စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်၍ ရေးသားဖော်ပြ နေခြင်း အပေါ် စာနယ်ဇင်းကောင်စီအနေဖြင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ပါရန် သူရိယနေဝန်း ဂျာနယ် အတွဲ(၁)၊ အမှတ်(၁)မှ (၇)အထိ (၇)စောင်နှင့်အတူ ပူးတွဲပေးပို့ပါသည်။

Myanmaalinn

ဘိန်းစိမ်းနှင့် စိတ်ကြွဆေးပြား သိန်း ၂၇ဝ ကျော်ဖိုး ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ မန့်နောင် ကူးတို့ဆိပ်တွင် အမှတ်(၂၂) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် နမ့်ခမ်း မြို့နယ် အမှတ်(၁၄) ရပ်ကွက်နေ လောရ ၄၃ နှစ် မောင်းနှင်လာသော KENBO 125 အနက်ရောင် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့သည်။


ထိုသို့ရှာဖွေရာ ဆိုင်ကယ်နောက် ထိုင်ခုံတွင် လေးပေခန့်ရှိ ဝါးထမ်းပိုးဖြင့် ချည်နှောင်၍ ဘေးတစ်ဖက် တစ်ချက်တွင် တင်ဆောင်ထားသည့် ဝါးခြင်းတောင်း နှစ်လုံးအတွင်းမှ အထုပ်တစ်ထုပ်လျှင် အလေးချိန် ၃ ဒသမ ၂ ကီလိုခန့်စီပါ အထုပ်ရှစ်ထုပ် စုစုပေါင်း ဘိန်းစိမ်းအလေးချိန် ၂၅ ဒသမ ၆ ကီလို (တန်ဖိုးငွေကျပ် ၂၅၆ သိန်း)နှင့် တစ်ထုပ်လျှင် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈ဝ စီပါ ငါးထုပ် ဆေးပြား ၉ဝဝ (တန်ဖိုးငွေကျပ် ၁၈ သိန်း)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လောရ အား နမ့်ခမ်းမြို့မ ရဲစခန်းမှ မယ (ပ)၉၈/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂ဝ(ခ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

KNU ဌာနချုပ် နယ်မြေတွင် ပြုလုပ်ရန်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်ကို ၂၀၁၄ ခုနှစ်သို့ ရွှေ့ဆိုင်း

ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေအတွင်း ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်း ဆောင်များ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တွဲဖက်အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော ကြား သည်။


ဒီဇင်ဘာ ၁၁ ရက်က တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးပြီး ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေ့ဆိုင်းရခြင်းမှာ နေရာထိုင်ခင်း မလုံလောက်၍ ဖြစ်ကြောင်းနှင့် ညီလာခံကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ ၁၅ ရက်ကြား ပြုလုပ်ရန် ရည်မှန်းထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ဒုတိယညီလာခံနှင့် ပတ်သက်၍ ယင်းသို့ ရက်ရွှေ့ဆိုင်းလိုက်ခြင်းမှာ မှန်ကန်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်း ရေးမှူး ပဒိုကွယ်ထူးဝင်းက အတည်ပြုပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ညီလာခံကို ကရင်အမျိုးသား အ စည်း အရုံး (KNU) နယ်မြေအတွင်း မူလက ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက် အတွင်းပြုလုပ်ရန် စီစဉ်ထား ပြီးနောက် ထိုသို့ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်ရန် ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံကို အောက်တို ဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်။

"ကျန်ရှိနေသေးတဲ့ သံသယတွေ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိ ဋ္ဌာန်ချထားကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်းပြောကြားလိုတဲ့ ကိစ္စကတော့ ယခုတစ် ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေတနာ အမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေး နွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၁ ရက် ၎င်း၏ ရေဒီယိုမိန့်ခွန်းတွင် လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ထည့်သွင်းပြောကြား ထားသည်။

Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင် တစ်ယောက်ဟု သဘောမထားဘဲ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးအဖြစ် သဘောထား၍ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးပေးပါရန် 10D အုပ်စု တောင်းဆို



ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ တစ်ခု၏ ခေါင်းဆောင်တစ်ဦးအဖြစ် မသတ်မှတ်ဘဲ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တစ်ဦးအဖြစ် သတ်မှတ်၍ ပြည်သူလူထု လိုလားနေသည့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်ပြီး သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့လေးဦး တွေ့ဆုံဆွေးနွေး ပါရန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိ သဖြင့် ရန်ကုန်တက္ကသိုလ်အတွင်း ဂုဏ်ပြုပွဲ ကျင်းပ သောကြောင့် ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ချခံ ခဲ့ရသည့် ကျောင်းသားများအုပ်စု (10D) အုပ်စုက ဒီဇင်ဘာ ၁၀ ရက် Orchid ဟိုတယ်၌ ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲတွင် တောင်းဆိုလိုက်သည်။


စာအုပ်မိတ်ဆက်ပွဲတွင် 10D အမှုတွဲ တစ်ဦးဖြစ်သည့် ဦးမြတ်လှိုင်က "၁၉၉၁ ခု ဒီဇင်ဘာ ၁၀ ရက် ဒေါ် အောင်ဆန်းစုကြည်ကို နိုဗယ်ငြိမ်းချမ်းရေးဆု ပေးတဲ့အချိန်မှာ ကျွန်တော်တို့ ကျောင်းသားတွေဟာ စစ်အ စိုးရ ၀ါဒဖြန့်နေသလို မဟုတ်ဘူး။ ဒေါ်စုကို အင်နဲ့အားနဲ့ ထောက်ခံတယ်ဆိုတာကို ပြဖို့အတွက် ရန်ကုန် တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ GTI၊ အထကကျောင်းတွေ အစရှိတဲ့ ကျောင်းသားတွေ စုပြီးတော့ ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့တဲ့အတွက် လူပေါင်းထောင်နဲ့ချီ အဖမ်းခံရ၊ စစ်ကြောရေး စခန်းတွေ ရောက်ဖြစ်ကြရ တယ်။ နောက်ဆုံးမှာ လူငယ် ၂၀၀ ကျော် ထောင်ကျခဲ့ပြီး အနည်းဆုံး ထောင်ကျတဲ့လူက ၁၀ နှစ်၊ အများ ဆုံး တစ်သက်တစ်ကျွန်း ကျခံခဲ့ကြရပါတယ်။ အဲဒါက ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့ကြတာပါ။ အခု လည်း မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံကို ဦးဆောင်နေ တဲ့ လူလေးဦး တွေ့ဆုံဆွေးနွေးမှသာလျှင် ရရှိမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာလျှင် စစ် မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရမှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ၊ကာချုပ်လွှတ်တော်ဥက္ကဋ္ဌလေး ဦးတွေ့ဆုံရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးအဖြစ်နဲ့တွေ့ဆုံဖို့ကျွန်တော် တို့ တိုက်တွန်းပါတယ်" ဟု ပြောကြားလိုက်ပြီး ဆက်လက်၍ ထိုတွေ့ဆုံမှုမျိုးဖြစ်ပေါ်လာစေရန်အတွက်တွန်း အားပေးသွားမည် ဖြစ်သည်ဟုလည်း ပြောကြားသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများနှင့် ဆွေးနွေးသည့် ပွဲများတွင် ဒေါ်အောင်ဆန်း စု ကြည် ကမ်းလှမ်းချက်ကို လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်အား ထည့်သွင်းဆွေးနွေးခွင့် ပြုပါရန်လည်း တောင်းဆိုလိုက်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေကလည်း 10D အမှုတွင် ၎င်းအနေနှင့်ထောင်ဒဏ် ချမှတ် ခံခဲ့ရသူ ဖြစ်ပြီး ယခုအခါ ဒီမိုကရေစီ အရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်းနှင့် နိုင်ငံတ ကာနှင့် ရင်ပေါင်တန်းနိုင်သည့် မြန်မာပြည်သူများ ဖြစ်စေချင်သည့် ဆန္ဒရှိကြောင်း ပြောကြားလိုက်ပြီး ထိုသို့ ဒီမိုကရေစီ အခွင့်အရေး အပြည့်အ၀ရှိသည့် ပြည်သူများ ဖြစ်စေရန်အတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင် ဆင်ရန် လိုအပ်သည်ဟု ပြောကြားလိုက်သည်။

ထို့ပြင် NLD ပါတီမှ နာယက တစ်ဦးဖြစ်သူ ဦးတင်ဦးကလည်း ၎င်းတို့အကျဉ်းထောင် အတွင်းရှိစဉ် ၁၉၉၁ ကျောင်းသားလှုပ်ရှားမှုအကြောင်း ကြားရချိန်တွင် အင်အားတစ်ခု ဖြစ်ခဲ့သည်ဟု ပြောကြားလိုက်ပြီး ယခု အချိန်တွင် ရေပန်းစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံနှင့် ပတ်သက်ပြီး ဆက်လက်လှုပ်ရှားနေမှု၊ ကျောင်း သားများ၏ အင်အားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက်လည်း အားတစ်ခုဖြစ် ကြောင်း ပြောကြားခဲ့သည်။ ထိုပွဲသို့ ဦးဝင်းတင်လည်း တက်ရောက်ခဲ့ပြီး ကျန်းမာရေး မကောင်းသည့်ကြားမှ မိန့်ခွန်းပြောကြားခဲ့သည်။

၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သဖြင့် နိုဗယ်ဆုပေးသည့် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ လှိုင်နယ်မြေတို့တွင် ကျောင်းသားဆန္ဒပြပွဲများ ကျင်းပကာ ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးရန်ကျောင်း သားသမဂ္ဂ ဖွဲ့စည်းခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

Eleven Media Group

သောင်းကျန်းသူတို့၏ ပြည်တွင်းငြိမ်းချမ်းရေး ဘာလဲ၊ ဘယ်လဲ



ယခုအချိန်အခါသည် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားပြီး ယုံကြည်မှုတည်ဆောက်ကာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်နေချိန် ဖြစ်သည်။ သို့သော် အမှန်တကယ်ငြိမ်းချမ်းပြီလား၊ လက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးတကယ် လိုချင်လားဆိုသည်ကတော့ မေးစရာဖြစ်လာသည်။


ယခုတလော ခပ်စိတ်စိတ်တွေ့လာရသည်က ဆက်ကြေးကောက်၊ လူသစ်စုသည့်သတင်းပင်။ အစိုးရနှင့်တပ်မတော်မှာ နိုင်ငံအကျိုးအတွက် ရှေးရှူကာ သဘောထားကြီးစွာဖြင့် အပစ်အခတ် ရပ်စဲထားသည့်ကာလတွင် ဆက်ကြေးကောက်၊ လူသစ်စု၊ တပ်မတော်စစ်ကြောင်းများအား ချောင်းမြောင်း ပစ်ခတ်ခြင်းများလုပ်နေကြသည်မှာ ၄င်းတို့၏ သဘောထားမှန်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသ နေကြလိုပင်ဖြစ်သည်။ယခုအပါတ်ထုတ် Daily Eleven သတင်းစာတွင်လည်း ကချင်ပြည်နယ် မန်စီမြို့ နယ်တွင် ကေအိုင်အေသောင်းကျန်းသူများမှ အရပ်သားများအား ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွားနေဆိုပြီး သတင်းတစ်ပုဒ်ပါလာတယ်။


ဒီနေရာမှာပြောစရာဖြစ်လာတာက Eleven Media ပဲ။ Eleven Media ဆိုတာ သတင်းမီဒီယာလောကတွင် ကေအိုင်အေမီဒီယာဟု ခေါ်ဆိုရလောက်သည်အထိ အစဉ်အဆက် ကေအိုင်အေဘက်မှ ၀ါဒဖြန့်ရေးသား နေတာ အားလုံးအသိပင်ဖြစ်သည်။ ယခုထိုသို့သော မီဒီယာကထုတ်ဝေသော စာစောင်တွင် အထက်ပါ သတင်းအားဖော်ပြခဲ့ခြင်းမှာ အောက်ခြေတွင် မည်မျှဆိုးရွားနေမည်ဖြစ်ကြောင်း ခန့်မှန်းကြည့် နိုင်မည် ဖြစ်သည်။

ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင်ဝန်းကျင်ခန့်ဝေးသော ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပေါ် နေကြောင်း ဒေသခံများက ပြောကြားခဲ့ပြီး ယင်းသို့ လူခေါ်ဆောင်မှုများကို မန်စီမြို့အနီးရှိ မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများတွင် ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန်စီမြို့မှ ဒေသခံ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦး....က "၄ ရက် မန်ဖွမှာ ဆွဲတာက လယ်ကွင်းထဲမှာဆွဲတာ ၂၁ ဦးရှိတယ်။ ၇ ရက်က ပါတော်မှာ ညပိုင်းဆွဲတာ။ စိန်လိန်ရွာက ကလေးတွေ ၃၀ ကျော်တယ်လို့ စာရင်းရတယ်။ မိဘတွေကတော့ ညှိနေတုန်းပါပဲ။ ၈ ရက်က ကျော်ခေါင်ရွာမှာ ဆွဲတယ်။ ဒီအနီးက လူတွေကတော့ သတင်းရလို့ ပါမသွားဘူး။ သစ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ရောက်လာတဲ့ အောက်ချောင်းက အများစုပဲပါသွား တာ။ ကျေးရွာအများစုက ကလေးတွေတော့ မြို့တက်ပြီး ရှောင်နေကြတာများတယ်။ အဲဒီရွာတွေမှာက ကုန်းပေါ်တွေမှာ စစ်တပ်တွေ ရှိပါတယ်။ မြင်ပေမယ့် ဘာအသံမှ မပေးတာကတော့ ဘာကြောင့်လဲ မပြောတတ်ဘူး။ ဒီနေ့အထိတော့ ပြန်လွတ်လာတာမျိုး မရှိသေးဘူး" ဟု The Daily Eleven သို ပြောကြားချက်ကိုလည်း ဖတ်ရှုရမည်ဖြစ်သည်။

မန်ဖွမှာ ဆွဲတာက လယ်ကွင်းထဲမှာဆွဲတာ ၂၁ ဦးရှိတယ်။ ၇ ရက်က ပါတော်မှာ ညပိုင်းဆွဲတာ။ စိန်လိန်ရွာက ကလေးတွေ ၃၀ ကျော်တယ်လို့ စာရင်းရတယ်။ မိဘတွေကတော့ ညှိနေတုန်းပါပဲ။ ၈ ရက်က ကျော်ခေါင်ရွာမှာ ဆွဲတယ်။ ဒီအနီးက လူတွေကတော့ သတင်းရလို့ ပါမသွားဘူး . . .

ကချင်ပြည်နယ်အစိုးရသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မန်ဖွကျေးရွာတွင် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ပါကြောင်း၊ ၇၊ ၈ ရက်များတွင် ပါတော်၊ ကျော်ခေါင်စသည့် ရွာများတွင် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များအတွက် သတင်းအချက်အလက်များ မရောက်ရှိသေးကြောင်း ဖြေကြားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ပေသည်။ လက်နက်ကိုင် သောင်းကျန်းသူတို့၏ ပြည်တွင်းငြိမ်းချမ်းရေး ဘာလဲ၊ ဘယ်လဲဟု မေးရတော့မည်ဖြစ်သည်။

Credit : OE

ချင်းတိုးတက်ရေးပါတီမှ ပူးပေါင်းလိုသူများရှိနေသည့်အတွက် ချင်းအမျိုးသားပါတီကို ချင်းအမျိုးသားတိုးတက်ရေးပါတီဟု အမည်ပြောင်းလဲရန် လျှောက်ထား

ချင်းတိုးတက်ရေးပါတီမှ ချင်းအမျိုးသားပါတီသို့ ပူးပေါင်းလိုသူများ ပါဝင်လာမည်ဖြစ်သည့်အတွက် ချင်း အမျိုးသားတိုးတက်ရေးပါတီအဖြစ် အမည်ပြောင်းလဲလျှောက်ထားခွင့်ပြုရန် ချင်းအမျိုးသားပါတီကလျှောက် ထားခဲ့ကြောင်းသိရသည်။


အဆိုပါတင်ပြလျှောက်ထားမှုကို နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လျှောက်ထားလာသည့် အမည်အပေါ်ကန့်ကွက်လိုပါက ၇ ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ကန့်ကွက်နိုင် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့သည်။

ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ ပူးပေါင်းနိုင်ရန်ကြိုးပမ်းခဲ့သော်လည်း ချင်းတိုးတက်ရေး ပါတီ ဘက်မှ ဥက္ကဋ္ဌ ရာထူးပေးမှ ပေါင်းနိုင်မည်ဟု တောင်းဆိုခဲ့ ကြောင်း၊ ချင်းအမျိုးသားပါတီဘက်မှမူ ပေါင်းစည်းရေးလုပ်ဆောင်ပြီးမှသာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးရာထူးများကို ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ် ရန်လိုလားသည့်အတွက် ပေါင်းစည်းရေး အဆင်မပြေဖြစ်ခဲ့ကြောင်း၊ သို့သော် ချင်းတိုးတက်ရေးပါတီဘက်မှ အချို့ကလည်း ပေါင်းစည်းရေးလိုလားသည့်အတွက် ပါတီအမည်ပြောင်းပြီး ဆက်လက်လုပ်ဆောင်သွားရန် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ချင်းအမျိုးသားညီလာခံကာလ ကတည်းက သဘောတူခဲ့ကြခြင်းဖြစ် ကြောင်း ချင်းအမျိုးသားပါတီအတွင်းရေးမှူး ကိုငယ်ပီးက ပြောကြားသည်။

" သူတို့ဘက်ကလည်း ပူးပေါင်းချင်တဲ့ ဆန္ဒရှိတဲ့သူက မဲဆန္ဒရှင်ပြည်သူတွေနဲ့ နှစ်ပါတီ မြို့နယ်ကော် မတီ အားလုံးက၊ ပြီးတော့ နှစ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံး ကလည်းပူးပေါင်းဖို့ သဘောတူ ညီ ကြောင်း လက်မှတ်ရေးထိုးသားပြီးသား ဖြစ်နေတယ်။ ဒီဗဟိုအလုပ်အမှုဆောင်ကော်မတီမှာသာ တန့်နေရ ခြင်းဖြစ်တယ်။ အဲဒါကြောင့် အဲဒီကဏ္ဍတစ်ခုကို ကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ချင်းအမျိုးသား ပါတီ ကိုပဲ ချင်းအမျိုးသားတိုးတက်ရေးပါတီအဖြစ် နာမည်ပြောင်းပြီး ပူးပေါင်းဖို့အရေးကို ဆက်လက် လုပ်ဆောင် သွား ဖို့ ချင်းအမျိုးသားညီလာခံမှာ ချင်းတိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ဗဟိုကော် မတီအဖွဲ့ဝင်အချို့နဲ့ မြို့နယ်ကော်မတီဝင်တွေရော ပြန်ပြီးတော့ အစည်းအဝေးထိုင်ပြီးတော့ ဆုံးဖြတ်ခြင်း ဖြစ်တယ် " ဟု ကိုငယ်ပီးက ပြောကြားသည်။

ချင်းနှစ်ပါတီပူးပေါင်းရန် သဘောတူညီချက်အချို့ရရှိပြီးသည့်အချိန်ကျမှသာ ပူးပေါင်းရန် အဆင်မပြေဖြစ်ခဲ့ ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

ပြည်နယ်တူ တိုင်းရင်းသားပါတီများ သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပူးပေါင်းနိင်ရန် ကြိုးပမ်းမှုများရှိ နေပြီး လက်ရှိတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ မွန်ဒီမိုကရေစီ ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပူးပေါင်းရန် သဘောတူညီမှုများ ရရှိထားသည်။ 

Eleven Media Group

ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း စစ်သင်္ဘော ငါးစင်း၊ တိုက်လေယာဉ်များဖြင့် လုံခြုံရေးဆောင်ရွက်



မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပွဲတော် ရက်အတွင်း လုံခြုံမှုရှိစေရန် စစ်သင်္ဘော ငါးစင်းနှင့် ဝေဟင် လုံခြုံရေးဆောင်ရွက်ရန် တိုက်လေယာဉ် များဖြင့် ကင်းလှည့် ဆောင်ရွက်နေကြောင်း (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော်လုံခြုံရေး ဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး က ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။


ယင်းကဲ့သို့ ရေကြောင်းလမ်းနှင့် လေကြောင်းပရိဝုဏ် လုံခြုံမှုရှိစေရန် စစ်သင်္ဘောနှင့် တိုက်လေယာဉ် များဖြင့်ကင်းလှည့် ဆောင်ရွက်နေသည့်အပြင် ရေကြောင်းရဲတပ်ဖွဲ့မှလည်း ရေယာဉ်ငယ်လေးစင်းဖြင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

" ဆီးဂိမ်းပြိုင်ပွဲ လုံခြုံအေးချမ်းမှုရှိပြီးတော့ ပြီးဆုံးသွားဖို့အတွက် ပင်လယ်ဝမှာ စစ်သင်္ဘော တစ်စင်း၊ ငွေဆောင်ကမ်းခြေအနီးမှာ စစ်သင်္ဘောလေးစင်းနဲ့ ကင်းလှည့်နေတယ်။ ဝေဟင်လုံခြုံမှုရှိစေဖို့ အတွက်လည်း တိုက်လေ ယာဉ်တွေနဲ့ ကင်းလှည့် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နယ်စပ်တွေကို ၀င်ရောက်လာနိုင်တဲ့ ဂိတ်ပေါက်တွေအပြင် မြို့ဝင်မြို့ထွက် ဂိတ်တွေမှာလည်း လုံခြုံရေး အထူးတင်းကျပ်ထားပြီးတော့ စစ်ဆေးနေပါတယ်။ ပြည်သူတွေအနေနဲ့ တစ်စုံတစ်ရာ မသင်္ကာမှု တွေ့ရှိခဲ့ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အမြန်ဆုံးအကြောင်းကြားပြီးတော့ ပူးပေါင်း ဆောင်ရွက် ပေးပါလို့ မေတ္တာရပ်ခံပါတယ် " ဟု (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပွဲတော် လုံခြုံရေး ဆပ်ကော်မတီမှ ရုံးအဖွဲ့မှူးရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

ယခု ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် လုံခြုံရေးဆောင်ရွက်ရာတွင် အသုံးပြုရန် တရုတ်၊ စင်ကာပူ၊ ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံတို့မှ ငွေကျပ်သန်းပေါင်း ၃၀၀၀ ကျော် တန်ဖိုးရှိ အဆင့်မြင့် စစ်ဆေးကိရိယာ များကို ၀ယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ သိရသည်။