Tuesday, December 10, 2013

ဘင်္ဂါလီလူမျိုးနှစ်ဦး ကို တောလမ်းမှ ခေါ်ဆောင်လာစဉ် ဖမ်းမိ



တမူးမြို့နယ် တွင် တစ်ဖက်နိုင်ငံ မိုရေးမြို့ မှ တစ်ဆင့် ကလေးမြို့ သို့ ပို့ဆောင်ရန် တောလမ်း အတိုင်း လမ်းလျှောက်ရန် ဘင်္ဂါလီ လူမျိုးနှစ်ဦး ခေါ်ဆောင် လာသူကို ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီခွဲ က သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ တမူးမြို့ ရဲစခန်းမှ နယ်ထိန်း ဒုတိယ ရဲအုပ် မျိုးမြင့်ဆွေ ဦးစီး၍ တမူး အခြေစိုက် လူဝင်မှု ကြီးကြပ်ရေး မှ လ၀ကမှူး ဦးသန်းလှအောင် တို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တမူးမြို့နယ် ထန်းတပင် ကျေးရွာ နှင့် မန်းမော် ကျေးရွာ အကြား လယ်ကွင်း၌ ဘင်္ဂါလီ လူမျိုးများ တွေ့ရကြောင်း သတင်းအရ သွားရောက် ရှာဖွေခဲ့ရာ တမူးမြို့ ဈေးတန်း ၁၂ ရပ်ကွက်နေ မလဲ့လဲ့ဝင်း က မိုရေးမြို့ မှ တစ်ဆင့် ကလေးမြို့ သို့ ပို့ဆောင်ရန် တောလမ်း အတိုင်း လမ်းလျှောက် ခေါ်ဆောင် လာသည့် ဘင်္ဂါလီ လူမျိုး မာမွတ် ဆော်လိန်း (ဘ) ဦးဒူလာမွတ် နှင့် ကော်ရိန်း (ဘ) ဦးနူးရူး တို့နှစ်ဦးကို ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက် အရ မလဲ့လဲ့ဝင်း သည် ဘင်္ဂါလီ လူမျိုး နှစ်ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မိုရေးမြို့မှ ကလေးမြို့သို့ ပို့ဆောင်ပေးရန် အတွက် မိုရေးမြို့နေ ဒေါ်အီဂျဲ က ပို့ဆောင် ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ မလဲ့လဲ့ဝင်း ပါ ၃ ဦးကို တမူးမြို့ ရဲစခန်း က (ပ) ၁၁၈/ ၂၀၁၃ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁)/ ၂၀၁၃ (၅) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတ၊ လွှတ်တော်နာယကနှင့် NLD ဥက္ကဋ္ဌထံ Myanmar People Forum တက်ရောက်ပေးရန် ဖိတ်ကြား



မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ် သော Myanmar People Forum သို့ တက်ရောက် ရန် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားထားသည်ဟု ပွဲဖြစ်မြောက်ရေးစီစဉ်သူ ဦးကျော်လင်းဦးက ပြောသည်။


ရန်ကုန်မြို့၊ အမ်စီစီခန်းမတွင် ဒီဇင်ဘာ ၂၈၊ ၂၉ နှင့် ၃၀ ရက်များတွင် ကျင်းပမည့် Myanmar People Forum သို့ တက်ရောက်ရန် နိုဝင်ဘာလ ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်၊ ဒီဇင်ဘာလ ၃ ရက်တွင် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒီဇင်ဘာလ ၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားစာများ ပေးပို့ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့၂၈ ရက်က ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတော့ရှိတယ်။ တက်ရောက်ပေးဖို့ ကြိုးစားပေးပါမယ် ပြောပါတယ်”ဟု ဦးကျော်လင်းဦးက ပြောသည်။

ဒီဇင်ဘာလ ၉ ရက် အဆိုပါသုံးဦးလုံးမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားချက် မရရှိသေးသော်လည်း တက်ရောက်မည်ဟု ယုံကြည်မျှော်လင့်သည်ဟု ဦးကျော်လင်းဦးက ပြောသည်။

အဆိုပါဖိတ်ကြားမှုအား အကြီးအကဲသုံးဦးစလုံးမှ လက်ခံ၍တက်ရောက်ပါက ကြီးသုံးကြီး၏ ပထမဦးဆုံး အကြိမ်တွေ့ဆုံပွဲတစ်ရပ်ဖြစ်လာမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်းဆိုထားသည့် လေး ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို အထောက်အကူပြုနိုင်ဖွယ် ရှိသည်ဟုလည်း ဦးကျော်လင်းဦးက ပြော သည်။

“ကြီးသုံးကြီးရဲ့ တွေ့ဆုံပွဲကတစ်ဆင့် ကြီးလေးကြီးတွေ့ဆုံပွဲကို အထောက်အကူပြုနိုင်ရင် အများကြီး ကောင်းပါမယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ခြင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ၂၃ ရက်က သမ္မတ၊ လွှတ် တော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုသည်ဟု မေတ္တာရပ် ခံချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံထားသည့် လေးပွင့်ဆိုင် ဆွေးနွေးလိုခြင်းကို ဇန်န၀ါရီလ ၃၁ ရက် နောက်ဆုံးထား တင်ရမည့် အဖွဲ့ဝင် ၁၀၉ ဦးပါ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းရန် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က သဘော ထားရှိသည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲ ထွဋ်က နိုဝင်ဘာလက မဇ္ဈိမကို ပြောကြားထားသည်။

အဆိုပါဖိုရမ်သို့ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ လူဦးရေ ၃၅၀ ခန့်အထိ တက်ရောက်ရန် မျှော်မှန်း ထားပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် ယင်းတို့သုံးဦးမှ အဖွင့်မိန့်ခွန်းများ ပြောကြားရန် စီစဉ်ထားသည်။ ဖိုရမ် တွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးကြမည်ဖြစ်သည်။

ဝန်းရံကြသည် ဆိုရာတွင်…

တစ်စုံတစ်ယောက်ကို ၀န်းရံသည် ဆိုခြင်းမှာ ထိုသူ လုပ်ကိုင်ဆောင်ရွက်နေသော အမှုကိစ္စများ အဆင်ပြေ ချောမောစေရန် နှုတ်၏ စောင်မခြင်းဖြင့် ဖြစ်စေ၊ လက်၏ စောင်မခြင်းဖြင့် ဖြစ်စေ၊ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ဤတွင် ၀န်းရံခံရသည့်လူသည် ကောင်းသောလူ ဖြစ်နိုင် သလို၊ ဆိုးသောလူလည်း ဖြစ်နိုင်ပေသည်။


မကောင်းသောလူအနားတွင် ၀န်းရံပေးနေကြ ခြင်းမှာ အဖြေက ရှင်းသည်။ မိမိတို့ဘ၀ကောင်းစားစေရန်၊ မိမိတို့အတွက် အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိစေရန် အလို့ငှာ ၀န်းရံကြခြင်း ဖြစ်သည်။ ကောင်းသောလူတစ်ယောက်၏ အနီးတွင် ၀န်းရံကြ ခြင်းမှာမူ အနည်းငယ် ၀ိဝါဒ ကွဲပြားဖွယ် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းသော ရည်ရွယ်ချက်ဖြင့် ၀န်းရံပေးကြမည့်သူများ ရှိကြသကဲ့သို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် အကြံပိုင်ပိုင် ၀န်းရံကြမည့်သူများလည်း ရှိနေသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ ကောင်းသော ၀န်းရံမှုများစွာ ရှိသော ခေါင်းဆောင်တိုင်းသည် နိုင်ငံနှင့် လူမျိုးကောင်းစားရေး ရှေးရှုကာ များစွာ လုပ်ဆောင်နိုင်ကြမည်မှာ သေချာလှပေသည်။

ဝန်းရံသူများအနက် ခေါင်းဆောင်တစ်ယောက်အနီးတွင် နေရမည့်သူများသည် အလွန် အရေးကြီး လှပေသည်။ ခေါင်းဆောင်တစ်ယောက်အနီးတွင် ၀န်းရံနေသူများသည် ဘုရင်တစ်ပါး၏ အနီးရှိ အမတ်များနှင့် ဆင်တူလှသည်။ အမတ်များသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြသည့် ဘုရင်များကို တိုင်းရေးပြည်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးကြသူများဖြစ်ကြရာ ထိုသူတို့ မကောင်းလျှင် ၊ မကောင်းသလို တိုင်းပြည် နစ်နာနိုင်ပါသည်။ ထိုသူတို့ ရေငုံနှုတ်ဆိတ်လျှင် ၊ နှုတ်ဆိတ်သလို တိုင်းရေးပြည်ရေး နှောင့်နှေးနိုင်ပါသည်။ ထိုသူတို့ သတ္တိကြောင်လျှင် ၊ ၊ကြောင်သလို ဘုရင်တစ်ပါး ၏ အတွေးမှားများစွာသည် ထောက်ပြဝေဖန်မည့်သူမရှိဘဲ ဆုံးဖြတ်ချက်မှားယွင်းသွားနိုင်ပါသည်။ ခြုံကြည့်သော် ခေါင်းဆောင်တစ်ဦး၏ အနီးတွင် ၀န်းရံနေသူများသည် ခေါင်းဆောင်၏ ပုံရိပ် အကောင်း၊ အဆိုးကို ဆုံးဖြတ်နိုင်ရုံမျှမက တိုင်းပြည်၏ ကံကြမ္မာကိုပါ ဆုံးဖြတ်နိုင်နေခြင်းက ၀န်းရံ သူများ မည်မျှ အရေးကြီးကြောင်း မီးမောင်းထိုးပြနေဘိသကဲ့သို့ ဖြစ်နေပါသည်။

ခေါင်းဆောင်တစ်ယောက်ကို ၀န်းရံသည်ဆိုသည်မှာ ထိရောက်သည့် ၀န်းရံမှုဖြစ်စေရန် ခေါင်းဆောင်တွင်ရော၊ နောက်လိုက်များတွင်ရော အရည်အချင်းကိုယ်စီ ပိုင်ဆိုင်ထားရန် လိုအပ်သည်။ နှစ်ဦးနှစ်ဖက် ညီညွတ်မျှတကြမှသာ ကောင်းမွန်သော၊ ထိရောက်သော ၀န်းရံခြင်း ဖြစ်ပေလိမ့်မည်။ ရှေးဦးစွာ ခေါင်းဆောင်သည် တိုင်းပြည်ချစ်စိတ်အမှန်တကယ်ရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်ရန်လိုသည်။ တိုင်းပြည်ဖျက်မည့် ခေါင်းဆောင်ဖြစ်နေခဲ့လျှင် တစ်ဖက်က မည်မျှပင် ကောင်းမွန်သော ၀န်းရံခြင်းမျိုး ဖြစ်ပါစေ။ ရလဒ်မှာ အချည်းနှီးပင် ဖြစ်ပေလိမ့်မည်။ နောက်တစ်ချက်မှာ ခေါင်းဆောင်သည် ပညာဥာဏ်ကြီးမြတ်၍ အကျိုးသင့် အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်သူတစ်ယောက်ဖြစ်ရန်လိုသည်။ ပညာဥာဏ် မရှိသော ခေါင်းဆောင်ကို မည်သည့် ပညာရှိများက ၀န်းရံနေပါစေ။ တိုင်းပြည်အတွက် ထိရောက်သည့် စွမ်းဆောင်မှုများ ဆောင်ရွက်နိုင်မည် မဟုတ်ဟု ထင်မြင်မိသည်။ နောက်တစ်ချက်မှာ ခေါင်းဆောင်သည် နောက်လိုက်ကောင်းများကို စုစည်းတတ်သည့် ၊ စည်းရုံးတတ်သည့် မိတ္တဗလဋီကာ ကျေသူတစ်ယောက်ဖြစ်သင့်သည်။ သို့မှသာ မိမိ၏ နောက်လိုက်များ အယူဝါဒ ယှဉ်ပြိုင်မှုကြောင့် ၀ါးအစည်းပြေသကဲ့သို့ မဖြစ်မည် ဖြစ်သည်။ နောက်ဆုံးအချက်မှာ ခေါင်းဆောင်သည် အယူဝါဒစွဲတစ်ခုကို တရားသေလက်ကိုင်မထားတတ်သူတစ်ယောက်ဖြစ်ရမည်။ မိမိအယူအဆသည် အများပြည်သူတို့အတွက် မသင့်တော်ကြောင်း ၊ မှားယွင်းကြောင်း၊ မိမိကိုယ်တိုင် ဆင်ခြင်မိသည်ဖြစ်စေ၊ မိမိ၏ နောက်လိုက်များက ထောက်ပြသုံးသပ် ပြသည်ဖြစ်စေ၊ လက်ခံစဉ်းစားပြီး မိမိ၏ အယူအဆနှင့် ယထာဘူတကျကျ နှိုင်းယှဉ်စဉ်းစားရဲရမည်။ မိမိမှားယွင်းသည်ဟု လေ့လာတွေ့ရှိရလျှင် မိမိ၏ အယူအဆကို လွှတ်ချရဲရမည်။ ထိုကဲ့သို့ အရည်အချင်းနှင့် ပြည့်စုံသော ခေါင်းဆောင်တစ်ယောက် ဦးဆောင်သော အဖွဲ့အစည်းမှသာ နောက်လိုက်ကောင်းများကို မျှော်၍ ရမည်ဖြစ်သည်။ ခေါင်းဆောင်သည် ငါတကောကော၊ ငါလုပ်သမျှ အမှန်ဟု ယူဆသော အဖွဲ့အစည်းတွင် နောက်လိုက်ကောင်း မျှော်၍ မရ။ ဥာဏ်ပညာရှိသော ၀န်းရံသည့် သူများကို မျှော်လင့်၍ မရကြောင်း သိထားသင့်ပါသည်။ ယနေ့ခေတ် အဖွဲ့အစည်းများနှင့် နှိုင်းချိန်ကြည့်နိုင်သည်။

ထိုကဲ့သို့သော အရည်အချင်းနှင့် ပြည့်စုံသော ခေါင်းဆောင်တစ်ယောက်ရှိသည် ထားဦး။ နောက်လိုက်ကောင်းများ မရှိလျှင် ခေါင်းဆောင်မည်မျှ ကောင်းမွန်သည် ဖြစ်ပါစေ။ တိုင်းပြည်ကို ကောင်းမွန်စွာ တည်ဆောက်ခြင်းငှာ ပြုနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ခေါင်းဆောင် တစ်ယောက်သည် နောက်လိုက်ကောင်းများစွာ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်ဟူသည် စီမံခန့်ခွဲသည့် ကိစ္စရပ်များတွင်သာ ကျွမ်းကျင်ကြပြီး တိုင်းပြည် တည်ဆောက်သည့် ကဏ္ဍတိုင်းတွင် ထူးချွန်ရန် မလွယ်သောကြောင့် ဖြစ်သည်။ ခေါင်းဆောင်မည်မျှ ကောင်းနေနေ၊ နောက်လိုက်များ အရည်အချင်းမရှိလျှင် ထိုအဖွဲ့အစည်းအုပ်ချုပ်သော တိုင်းပြည်သည် တိုးတက်မှု တစ်စုံတစ်ရာမျှပင် ဖြစ်တည်လာမည် မဟုတ်ပေ။ ကျွန်ုပ်တို့ နိုင်ငံသည် ခေါင်းဆောင်ကောင်းများ ရှားပါးခဲ့သည်။ ပညာမဲ့သော နောက်လိုက်ဆိုးများ ပေါများခဲ့သည်။ အကျိုးဆက်အားဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာဟူ၍ ရောက်လေရာနေရာတိုင်းတွင် ခေါင်းငုံ့နေခဲ့ရပါသည်။ ထို့ကြောင့် ခေါင်းဆောင်များကို အနီးကပ် ၀န်းရံမည့်သူများသည် သက်ဆိုင်ရာ ပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူများ ဖြစ်သင့်သည် ဟု ကျွန်တော် ထင်မြင်မိပါသည်။

နောက်လိုက်ကောင်းတစ်ယောက်သည် တိုင်းပြည်ချစ်စိတ်က မိမိကိုယ်ကိုယ် ချစ်စိတ်၊ မိမိ၏ မိသားစုကို ချစ်စိတ်ထက် လွန်ကဲနေသင့်သည်။ သို့မှသာ ခေါင်းဆောင်ကို အကြံပြုရာတွင် ပုဂ္ဂလိက ဆန်သော အကြံဥာဏ်များကိုသာ မပေးဖြစ်မည် ဖြစ်သည်။ မိမိကိုယ်ကိုယ် ချစ်စိတ်ထက် တိုင်းပြည်ချစ်စိတ်က ပိုပြင်းထန်သောကြောင့် တိုင်းပြည်ထိခိုက်မည့် ကိစ္စဖြစ်လာခဲ့လျှင် မိမိ၏ အသက်ကိုပင် ပေးရဲသည်အထိ သတ္တိပြောင်မြောက်ပေလိမ့်မည်။ ထိုကဲ့သို့သော နောက်လိုက်များ ပိုင်ဆိုင်ထားသည့် ခေါင်းဆောင်များသည် တိုင်းပြည်ကို နေ့ချင်းညချင်း တိုးတက်စေရန် စွမ်းဆောင်နိုင်ကြမည်မှာ မြေကြီးလက်ခတ်မလွဲဟု ထင်မြင်မိသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ သည် ဆင်းရဲမွဲတေမှုအပေါင်းတို့ဖြင့် မျက်နှာငယ်နေရခြင်းမှာ မည်သည့် အဖွဲ့အစည်းကို ၀င်ဝင်၊ မည်သည့်အလုပ်ကို လုပ်လုပ် ၊ အရှိန်အ၀ါကြီးမားသော ခေါင်းဆောင်တစ်ယောက်ယောက်၏ နောက်လိုက်များ ဖြစ်ပြီဆိုလျှင် တိုင်းပြည်ချစ်စိတ်တို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကာ မိမိကိုယ်ကိုယ် ချစ်စိတ်၊ မိမိ၏ မိသားစုကိုချစ်စိတ်တို့က ကဲသွားကြခြင်းကြောင့် ဖြစ်သည်ဟု အခိုင်အမာဆိုချင်သည်။ ယနေ့ခေတ်တွင် ထိုကဲ့သို့ ပုံစံမျိုးကိုချည်းတွေ့နေရသေးသည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ယောက်သည် တိုင်းပြည်ကို အမှန်တကယ် တည်ဆောက်လိုသည့် စိတ်ရှိရိုးမှန်လျှင် မိမိ၏ နောက်လိုက်အဖြစ် ရွေးချယ်မည့်သူကို စမ်းသပ်စစ်ဆေးမှုပေါင်းများစွာ လုပ်ပြီး တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးကြောင်း သေချာအောင် ပြုပြီးမှ လက်ခံသင့်သည်။

ပညာတတ်၊ မျိုးချစ်စိတ်ရှိရုံမျှဖြင့် နောက်လိုက်ကောင်းဖြစ်သည်ဟု မဆိုသာသေးပေ။ အရာရာကို ယထာဘူတကျကျ သုံးသပ်နိုင်သည့် ဥာဏ်မျိုးလည်း ရှိမှ နောက်လိုက်ကောင်းဟု ခေါ်ဆို နိုင်ပေမည်။ ခေါင်းဆောင်တစ်ယောက်ကို ကြည်ညိုလေးစားနေခြင်း၊ ချစ်ခင် မြတ်နိုးနေခြင်း၊ ခေါင်းဆောင်ပြောသမျှ အရာအားလုံးကို ထောက်ခံနေခြင်း၊ ခေါင်းဆောင်ကို ထောက်ပြသူ မှန်သမျှကို ဆန့်ကျင်ခြင်းအစရှိသော အမှုကိစ္စများကို ဆောင်ရွက်ရုံမျှဖြင့် နောက်လိုက်ကောင်း ဖြစ်ပြီဟု ထင်မြင်ယူဆကြသည့် နောက်လိုက်များ ပေါများနေခဲ့လျှင် ထိုအဖွဲ့အစည်းသည် တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ရာတွင် ကန့်သတ်ချက်အတွင်း၌သာ ဆောင်ရွက်နိုင် တော့မည်ဟု ဆိုလိုလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ခေါင်းဆောင်ကို မချစ်မြတ်နိုး ရတော့ဘူးလား။ ခေါင်းဆောင်ကို မထောက်ခံရတော့ဘူးလား။ ခေါင်းဆောင်ပြောသမျှ ကန့်လန့်လိုက်တိုက်နေရမှာလား။ ခေါင်းဆောင်ကို တိုက်ခိုက်သူ ဟူသရွေ့ကို လိုက်ပြုံးပြကာ ကျေးဇူးတင်ကြောင်း ပြောနေရမှာလားဟု စောဒက တတ်ဖွယ်ရှိသည်။ မိမိပြောလိုသည်မှာ ထိုသို့မဟုတ်ပေ။ နောက်လိုက်ကောင်းတို့မည်သည် ခေါင်းဆောင်ကို ကာကွယ်ပေးရမည်။ တိုက်ခိုက်မှုများကို အရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ ခေါင်းဆောင်မထိခိုက်စေရန် ရင်ဆိုင်ဖြေရှင်းပေးရမည်။ မိမိခေါင်းဆောင်မှားနေသည်ဟုမိမိကိုယ်တိုင် ယူဆရသည့်တိုင် ထိုအချက်ကြောင့် မိမိခေါင်းဆောင် မရှုံးနိမ့်စေရန် ခံတပ်သဖွယ် ကာရံပေးထားရမည်။ သို့သော်… သို့သော်…။ မိမိခေါင်းဆောင်မှားနေသည်ကို မှန်သည်ဟု မျက်စိစုံမှိတ်ထောက်ခံသော နောက်လိုက်မဖြစ်စေဘဲ မိမိခေါင်းဆောင်မှားယွင်းနေသည်ဟု ယူဆရသည့်အချက်ကို မှားယွင်းနေကြောင်း မိမိ၏ စိတ်တွင် လက်ခံပေးရမည်။ ဆိုလိုချင်သည်မှာ အတွင်းစိတ်တွင် ခေါင်းဆောင်ပြောသမျှကို မိမိ၏ စဉ်းစားဥာဏ်ဖြင့် အမြဲ သုံးသပ်လေ့ရှိကြရမည်။ သို့မှသာ ခေါင်းဆောင်ကို ဥာဏ်ရှိရှိ ၀န်းရံသူများ ဖြစ်နိုင်မည် ဟု ထင်မြင်မိပါသည်။

နောက်ဆုံးတစ်ချက်က အလွန်အရေးကြီးသည်။ ခေါင်းဆောင်တစ်ယောက်မှားယွင်းနေသည်ဟု ယူဆရသော အချက်ကို တွေ့ရှိပါက သတ္တိရှိရှိ တင်ပြရဲရမည် ဟူသောအချက်ပင် ဖြစ်သည်။ ရှေ့မှ အချက်များ ပြည့်စုံနေပါလျက် နောက်ဆုံးတစ်ချက်ဖြစ်သော ခေါင်းဆောင်ကို ထောက်ပြဝေဖန် ပေးမည့် ရဲရင့်သော စိတ်မရှိခဲ့လျှင် ရှေ့မှ အချက်များ ကောင်းခဲ့သမျှ အလကား ဖြစ်ချေတော့မည်။ ကောင်းသော ၀န်းရံသူဖြစ်ရန် ဝေးပေတော့မည်။ တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ရန် အချည်းနှီး ဖြစ်ပေတော့မည်။ ထို့ကြောင့် မိမိ၏ စိတ်တွင် ခေါင်းဆောင်မှားယွင်းနေသည်ဟု ယူဆရသည့် အချက်ကို တွေ့ရှိလျှင် ထိုအချက်ကို ပြောဆို ထောက်ပြလိုက်၍ ခေါင်းဆောင်က မိမိအား ငြိုငြင်မည်ကို မစိုးရိမ်သင့်ပေ။ လေးလေးစားစား ရဲရဲရင့်ရင့် ထောက်ပြပေးရဲရမည်။ ခေါင်းဆောင်က မိမိအား ငြိုငြင်မည်ထက် မိမိ၏ တိုင်းပြည်ချစ်စိတ်က မိမိအား ငြိုငြင်မည်ကို ပိုမို အလေးထား သင့်သည်။ မိမိ၏ ပြောဆိုမှု၊ ထောက်ပြမှု တစ်ချက်သည် သမိုင်းတွင် မော်ကွန်းတင်လောက်သည့် ကိစ္စရပ် ဖြစ်နေနိုင်သည်ကို သတိပြု ဆင်ခြင်သင့်သည်။ ပြောလိုသည်မှာ ခေါင်းဆောင်နားတွင် ၀န်းရံနေသူများသည် တိုင်းပြည်အတွက် လိုအပ်လာလျှင် ခေါင်းဆောင်၏ အမုန်းကို ခံယူရဲရမည်။ မိမိတို့နိုင်ငံတွင် စဉ်းစားတွေးခေါ်တတ်သည့် နောက်လိုက်ကောင်းများ ရှိပါလျက်နှင့် ဆင်းရဲတွင်း နက်နေရခြင်းမှာ ခေါင်းဆောင်၏ အမုန်းကို မခံနိုင်ကြသည့် နောက်လိုက်များကြောင့် ဖြစ်နိုင်သည် ဟု ရိုးရိုးလေး စဉ်းစားမိခဲ့သည်။ အမုန်းခံနိုင်သည့် ၀န်းရံသူများ ရှိလာပါစေဟုလည်း အစဉ်အမြဲ ဆန္ဒပြုမိသည်။

အချုပ်ဆိုပါမည်။ ခေါင်းဆောင်အနားတွင် ၀န်းရံကြသည်ဆိုရာတွင်။ ခေါင်းဆောင်ကို ချစ်မြတ်နိုးသည့် စိတ်တစ်ခုတည်းနှင့် ၀န်းရံ၍ မရပါ။ ပထမအချက် အနေဖြင့် သက်ဆိုင်ရာ ပညာတစ်ရပ်ရပ်ကို တစ်ဖက်ကမ်းခတ် ထူးချွန်သူ ဖြစ်ရပါမည်။ ဒုတိယအချက်အနေဖြင့် တိုင်းပြည်ချစ်စိတ်က မိမိကိုယ်ကိုယ်နှင့် မိမိ၏ မိသားစုကို ချစ်စိတ်ထက် ကဲသူဖြစ်ရပါမည်။ တတိယအချက်အနေဖြင့် ခေါင်းဆောင်ပြောသမျှ ထောက်ခံသည့် ပုတ်သင်ညိုကဲ့သို့ နောက်လိုက်မလုပ်ဘဲ ခေါင်းဆောင်ပြောသမျှကို မိမိ၏ စဉ်းစားဥာဏ်ဖြင့် သုံးသပ် ဆင်ခြင် ကြည့်တတ်သူ ဖြစ်ရပါမည်။ နောက်ဆုံးအချက်အနေဖြင့် ခေါင်းဆောင် ၏ မှားယွင်းနေမှုများကို အမုန်းခံ ထောက်ပြပေးနိုင်သူဖြစ်ရပါမည်။ ခေါင်းဆောင်က လည်းကောင်း၊ နောက်လိုက်များက လည်းကောင်း ဆိုလျှင် ကျွန်တော်တို့မြန်မာနိုင်ငံကြီးသည် အာရှကျားတစ်ကောင် ပြန်ဖြစ်ရန် မဝေးတော့ဟု ထင်မြင်မိရင်း စိတ်ကူးထဲ တိုက်အိမ်ဆောက်နေ မိပါတော့သည်။

ခေါင်းဆောင်ကောင်းများနှင့် သူတို့ကို အကောင်းဆုံး ၀န်းရံပေးကြသူများအား အစဉ်လေးစားလျက်

ကို ရူပ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

မန္တလေးအနီးဝန်းကျင်ရှိ အထင်ကရ နေရာများအား တစ်ဦးလျှင် ကျပ် ၁၆၀၀၀ နှုန်းဖြင့် ဝေဟင်မှ ကြည့်ရှုနိုင်မည့် အပျော်စီးလေယာဉ်ခရီးစဉ် မြို့ခံများ စိတ်ဝင်စားမှုများပြား



မန္တလေး ချမ်းမြသာစည်လေဆိပ်အား အခြေပြု၍ မန္တလေးအနီးဝန်းကျင်ရှိ အထင်ကရ နေရာများအား ဝေဟင်မှ ကြည့်ရှုနိုင်ရန် အပျော်စီးခရီးစဉ်များ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာ့လေကြောင်းမှ ခရီးသည် ၁၂ဦးဆံ့ 208B Grand CaravanEX (U.S.A) လေယာဉ်များ အသုံးပြုကာ အပျော်စီးခရီးစဉ်အား တစ်ဦးလျှင် ကျပ် ၁၆၀၀၀ နှုန်းဖြင့် မန္တလေးမြို့၊ ဦးပိန်၊ စစ်ကိုင်း၊ မင်းဝံတောင်၊ ဧရာဝတီ၊ မန္တလေးတောင်နှင့် ရန်ကင်းတောင်များအား ၁၅ မိနစ်ခန့် ဝေဟင်မှ လှည့်လည် ပြသ ပျံသန်းမည်ဖြစ်ရာ မြို့ခံအများစုအပြင် ဓာတ်ပုံပညာရှင်များအနေဖြင့် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

"လေယာဉ် အပျော်စီးခရီးစဉ်တွေကို အခြားနိုင်ငံတွေမှာလည်း ပြေးဆွဲပျံသန်းပေးနေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အပျော်စီးခရီးစဉ်ကို မန္တလေးကနေစပြီး ပျံသန်းပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ၁၅ မိနစ်လောက် မန္တလေးမြို့ အနီးဝန်းကျင် အထင်ကရတွေကို ကောင်းကင်ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး လူတိုင်းစီးနိုင်အောင် တစ်ယောက်ကို ကျပ် ၁၆၀၀၀ လောက် သတ်မှတ်ပျံသန်းပေးသွားမှာပါ"ဟု မြန်မာ့လေကြောင်းမှ Chief Pilot ဦးထင်လင်းက ပြောသည်။

အပျော်ခရီးစဉ်အား တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိပြီး အသေးစိတ်နှင့် အချိန်ဇယားများအား ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး Chief Pilot ဦးထင်လင်းက "လူတိုင်းစီးနင်းနိုင်မယ့် ဈေးနှုန်းဖြစ်တာကြောင့် စိတ်ဝင်စားမှုများပြီး စီးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ခုမှဖွင့်တာမို့ အများစုက မသိရှိနိုင်သေးလို့ ဆက်သွယ်လာတာမျိုး မရှိသေးဘူး။ နောက်နှစ်ရက်လောက်ဆိုရင်တော့ ဆက်သွယ် လာနိုင်ပါတယ်"ဟု ဆက်လက်ပြောသည်။

"ခုလိုအစီအစဉ်ကို စိတ်ဝင်စားတာပေါ့ဗျာ။ ၁၆၀၀၀ ဆိုတဲ့ ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။ ဓာတ်ပုံ အသင်းဝင်တွေ၊ ဓာတ်ပုံဝါသနာရှင်တွေဆိုတာ မန္တလေးဝန်းကျင် နေရာတွေကို လိုက်လံပြီး ဓာတ်ပုံရိုက် တာဆိုရင်ပဲ ဒီဈေးနှုန်းမက ကုန်ကျမှုရှိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မန္တလေးမြို့ကို အပေါ်စီးကနေ ရိုက်ရမယ့် ပုံတွေ မြင်ရတွေ့ရမှာမို့ ဒီအစီအစဉ်ကို ကြိုဆိုပါတယ်"ဟု ဓာတ်ပုံပညာရှင် ကိုထိုက် (ခင်ဦး)က ဆိုသည်။

အဆိုပါ လေယာဉ်အသေးများအား အဓိကရည်ရွယ်ချက်အနေဖြင့် လက်ရှိဆင်းသက် ပျံသန်းနိုင်ခြင်း မရှိသည့် နယ်စပ်ဒေသများနှင့် ဝေးလံသောဒေသများတွင်ရှိသည့် ကွင်းတို၊ ကွင်းသေးများတွင် ဆင်းသက် ပျံသန်းသွားမည်ဖြစ်ပြီး ဂန့်ဂေါ၊ ကွတ်ခိုင်၊ တနိုင်း ၊ နောင်မွန်၊ လုံးခင်း၊ မန်အောင်နှင့် မြောက်ဦးဒေသများ သို့ ဆင်းသက်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Eleven Media Group

(မန္တလေးချမ်းမြသာစည်လေဆိပ်တွင် မြန်မာ့လေကြောင်းမှ ခရီးသည် ၁၂ဦး ဆံ့လေယာဉ်များ မိတ်ဆက်ပြသနေသည်ကို တွေ့ရစဉ်)

မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုကြောင့် လူ (၇)ဦးသေဆုံးမှုဖြစ်



၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန် မရမ်းကုန်း မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူမရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာ လမ်းနှင့်ဂန္ဓမာလမ်းထောင့်ရှိ ဟိုဆေးကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၎င်းကုန်တိုက်၏အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင် လျှပ်စစ်မီးပူအား မီးပလပ် ထိုးထားရာမှ အပူချိန်လွန်ကဲကာ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး အဆိုပါမီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂၄)စီး၊ အုပ်ချုပ်မှုယာဉ် (၆)စီးတို့ဖြင့် မီးငြိမ်း သတ်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ကျား (၃)ဦး၊ မ(၂)ဦး၊ ကျား/မခွဲမရ (၂)ဦး၊ စုစုပေါင်း (၇)ဦးသေဆုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၅၆၇၅၀၀၀)ခန့်ဆုံးရှုံးခဲ့သောကြောင့် မီးကိုပေါ့ဆစွာသုံးစွဲသူကို----အပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ)၅၁၁/၂၀၁၃၊ပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

နှလုံးသားမဲ့မြေပေါ်က ရိုးရိုးသားသားရွှေ



နာမည်ကြီး ဂျာနယ်တစ်စောင်က ရေးတဲ့သတင်း တစ်ခုကိုဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။

မြန်မာပြည်မှာမွေး မြန်မာပြည်ကကျွေး ၊ မြန်မာရေ သောက်ပြီး မြန်မာပြည်ကို စော်ကားတာတော့ အရမ်းလွန်တယ်။

မင်းတို့ မြန်မာရော ဟုတ်လား .... ပြန်စဉ်းစား။


“ ၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရခဲ့သည့် မြန်မာနိုင်ငံ အနေဖြင့် သမိုင်းတစ်လျှောက်တွင် တစ်ကြိမ် တစ်ခါမျှ ပါဝင်ခြင်း မရှိခဲ့ဖူးသော ရိုးရာခြင်းလုံး အားကစားနည်းမှ ရွှေတံဆိပ် ခြောက်ဆု ရရှိရန်လည်း မျှော်မှန်းထားသည်။ ”

“ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းဖြင့် စတင်မည် ဖြစ်သည့်အပြင် ဆုတံဆိပ်များရရန် အလားအလာရှိသော ပိုက်ကျော်ခြင်း အားကစားနည်းမှာ ပြိုင်ပွဲပိတ်ပွဲတွင် ပြုလုပ်ရန် စီစဉ်ထားသည်ကို ပွဲစဉ်ဇယားများအရ သိရသည်။ ”

သတင်းပါပဲ။ ဒါပေမယ့် ဘာကြောင့် ဒီလိုရေးတာလဲ။ ရွှေရနိုင်တဲ့ အားသာမှုအရ ရိုးရာအားကစားနည်းကို ထည့်သွင်းတာဟာ အဆိုးလား အပြစ်လား။ အိမ်ရှင်နိုင်ငံတိုင်း ကိုယ့်နိုင်ငံရွှေရအောင် ကြိုးစားတာ အပြစ်လား။ ဒါ ညစ်တာလား။ အပိုင်လုပ်တာလား။

တရားမမျှတလို့လား။ မြန်မာ့ရိုးရာခြင်းဟာ အဆင့်နိမ့်အားကစားလား။ ခက်ခဲနက်နဲတဲ့ ပညာရပ် မဟုတ်ဘူးလား။ ဒီလိုထည့်သွင်းလို့ တခြားနိုင်ငံက ယှဉ်ပြိုင်ချင်လို့ လေ့လာလိုက်စားရင် ဒီအားကစားနိုင်ငံတကာမပြန့်နိုင်ဘူးလား။ ဒါ အဆိုးလား။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ သူတို့အားသာတဲ့ ရိုးရာအားကစားကိုထည့်သွင်းကျင်းပစမြဲပါ။

ဘောလုံးဟာ ဘယ်သူတွေရဲ့ရိုးရာအားကစားလဲ။ ပိုက်ကျော်ခြင်း ဘယ်သူ့ဟာလဲ။ ပြေးခုန်ပစ် ဘယ်သူ့ မူပိုင်လဲ။ ဘိလိယက်၊ စစ်တုရင် အားလုံဟာ ရိုးရာအားကစားအဆင့်ကနေ ကမ္ဘာကိုပြန့်ပြီး အိုလံပစ်အားကစားအနေနဲ့ နိုင်ငံတကာက လက်ခံလာတာပဲ မဟုတ်လား။

သရော်သလို ရွှေရဖို့ ပြင်ဆင်ထားမှုကို ခနိုးခနဲ့ အစွန်းမလွတ်တလွတ် ရေးရအောင် မြန်မာတွေ ရွှေရနိုင်တဲ့အားကစားမှာ ရွှေရအောင် ကြိုးစားတာ အပြစ်လား။ မရနိုင်တဲ့ဟာကို ကျွန်တော်တို့ မမျှော်မှန်း ပါဘူး။ မရရအောင်ညစ်ပြီး လုပ်ရင်လည်း ကန့်ကွက်ရှုံ့ချမှာပါပဲ။ ဒါပေမယ့် တရားသဖြင့် ကြိုးစားတာမျိုး ဘာဖြစ်လို့အားမပေးရမှာလဲ။

မနေ့က ရွှေနှစ်ခုရတယ်။ ရိုးရာခြင်းနဲ့။ ညစ်ပြီးပြိုင်ခဲ့လား။ ဒိုင်ဘက်လိုက်လား။ ရှင်းရှင်းလေးဗျာ။ ညစ်တယ်ထင်ရင် တခြားနိုင်ငံတွေဝင်မပြိုင်နဲ့ပေါ့။ တခြားရိုးရာအားကစားတွေရောမပါလို့လား။ ထည့်သွင်းမကျင်းပလို့လား။ ထိုင်း၊ အင်ဒို၊ မလေး၊ ဗီယက်နမ် စတဲ့နိုင်ငံအားလုံးအခုပြိုင်နေတဲ့အထဲ သူတို့ ရိုးရာအားကစားတွေမပါဘူးလား။

မြန်မာ့ခြင်းဟာ ဂုဏ်ငယ်တယ်ထင်ကြလားဗျ။ ဒါ ဘယ်နိုင်ငံမှ မခတ်တတ်တဲ့အဆင့်မြင့်ပညာ။ ဒီပညာ ကမ္ဘာကတောင်ငေးရတာ။ အားကစားတစ်ခုအနေနဲ့မပြန့်နှံ့သင့်ဘူးလား။ ကိုယ့်အားသာချက်ကို တရားနည်းလမ်းတကျအသုံးချတာ လက်ခုပ်မတီးသင့််ဘူးလား။ နောက်ဆုံးဗျာ။ ဘယ်သူ့မှ မလုပ်နိုင်တဲ့အားကစား ကျွန်တော်တို့မြန်မာလုပ်နိုင်တယ် ရွှေရတယ်။ဘာဖြစ်လဲ။ ကျွန်တော်တို့ အားပေးတယ်။ လက်ခုပ်တီးတယ်။

အိမ်ရှင်ဖြစ်လို့ ရွှေရမယ့်ဟာကို နှစ်ပေါင်းများစွာအတွင်းမထည့်သွင်းခဲ့ဘဲ အခုမှ ထည့်ပြီး ခြောက်ခုရအောင် ယူတယ်ဆိုပါတော့ ဘာဖြစ်လဲဗျာ။ တကယ်လို့ ဘောလုံးမှာ ရှုံးမယ်ဆိုပါတော့ ။ မညစ်နဲ့ ရှုံးပစေ။ မနိုင်ရင် သရေနဲ့အရှုံးပေါ့။ လက်ခံတယ်။ မညစ်နဲ့ ။ လူမချနဲ့ ။ ပွဲမဆူစေနဲ့ ။ ဂုဏ်သိက္ခာရှိပါစေ။ လှလှပပရှုံးပြလိုက်။ ဘာဖြစ်လဲ။ အားလုံးနိုင်ချင်လို့ရမလားဗျ။

မနိုင်နိုင်တာကို တမင်ညစ်ပြီးနိုင်အောင် တခြားနိုင်ငံတွေ မလုပ်ခဲ့ကြဘူးလား။ ကျင်းပပြိးခဲ့တဲ့ဆီးဂိမ်းတွေမှာ မညစ်ခဲ့ကြဘူးလား။ ဘောလုံး သူတို့နိုင်နိုင်တဲ့ဘောလုံး မညစ်ခဲ့ကြဘူးလား။

မနေ့ကရွှေရတော့ ပျော်နေတဲ့ မြန်မာအမျိုးသားအဖွဲ့၊ အမျိုးသမီးအဖွဲ့ ခင်ဗျားတို့ သူတို့မျက်နှာကိုသေချာ ကြည့်ဖူးလား။ ကြည့်လိုက်လား။ ဘယ်လောက်ပျော်နေကြလဲ။ ဘာလို့ အရောင်ဆိုးချင်ကြလဲဗျာ။ ပျော်ပါစေ။ ခင်ဗျားမပျော်ဘူးလား။ မပျော်နဲ့ရတယ်။ ဒါခင်ဗျားလွတ်လပ်ခွင့်ပါ။ ဒါပေမယ့် မြန်မာ ဘယ်အားကစားကရွှေရရ ကျွန်တော်မြန်မာဗျ။ ကျေနပ်တယ်။ဂုဏ်ယူတယ်။ တစ်ခုပဲရရ နှစ်ခုပဲရရ။ တကယ် ရသင့်တဲ့ အားကစားကနေ ရရင် မညစ်ဘဲရရင် ရိုးရိုးသားသားယှဉ်ပြိုင်ပြီးရရင် ကျေနပ်တယ်။

ဒီအတောအတွင်း မြန်မာခြင်းလုံးရလို့ ရွှေရလို့ရေးကြတာကို သရောသလို လှောင်သလိုပြောကြတာတွေ မြင်ရတာထက် ဒီလို မီဒီယာတစ်ခုက ဒီလို မထိတထိအစွန်းမလွတ်တလွတ် သရော်သလို ရေးတာကို ပိုရင်နာတယ်။

တကယ်ဆို အားပေးရမှာပါဗျာ။ မြန်မာဟာ အစိုးရကြောင့်ဖြစ်ဖြစ်၊ စနစ်ကြောင့်ဖြစ်ဖြစ် မျက်နှာငယ်ခဲ့ရတယ်။ ပျော်ပါစေ။ ပျော်ကြပါစေ။ ကိုယ်ပိုင်ရိုးရာအားကစားတစ်ခု အောင်မြင်ပြန့်နှံ့ပြီး နိုင်ငံတကာအဆင့်အားကစားတစ်ခုဖြစ်လာခဲ့ရင် ဒါပိုဂုဏ်ရှိတာမဟုတ်လားဗျာ။

အခုအားလုံး နှစ်သက်တဲ့ အားပေးနေကြတဲ့ အောင်မြင်နေတဲ့ အားကစားတွေအားလုံး ရိုးရာပဲဗျ။ နိုင်ငံတစ်ခုချင်းဆီက မွေးထုတ်လိုက်တဲ့အားကစား။

ရိုးရာခြင်းလုံးသမားတွေ အခုမှ နိုင်ငံတကာအဆင့်ပြိုင်ပွဲမှာ လူလုံးပြခွင့်ရတာ ။ ဖြစ်နိုင်ရင် ကျွန်တော်သူတို့ကို ကွင်းထဲသွားပြီး အားရပါးရလက်ဆွဲနှုတ်ဆတ်ချင်တယ်။ ဘာဖြစ်လို့လဲဆို အောင်စိုးမိုးတို့ဆို ကြာပြီ မြန်မာနိုင်ငံအနှံ့ လိုက်ခတ်နေတဲ့ ခြင်းသမားတွေ။ အခုမှ သူတို့တွေ နိုင်ငံတကာအလယ်မှာ ခင်ဗျားတို့ဗျာ ---- ဘာနဲ့ရွှေရရ နိုင်ငံတော်သီချင်းကို ဖွင့်ပြီး ကိုယ့်နိုင်ငံအလံ တခြားနိုင်ငံအလံတွေအထက်မှာ တလူလူလွင့်တာကို ခင်ဗျားတို့မို့ နှလုံးသားမပါဘဲ နေတတ်တယ်။

တီးစမ်းပါဗျာ။ လက်ခုပ်ကို နာနာလေး။ ပျော်ကြစမ်း အစ်ကိုတို့အစ်မတို့။ ငိုပစ်လိုက် ။ အားရပါးရငိုပစ်လိုက်။ ကွင်းတင်ပတ်မပြေးနဲ့ အပြင်ထွက် မြန်မာနိုင်ငံကိုပတ်ပြေး။ ကမ္ဘာကိုပတ်ပြေး။

ပျော်ပစ်လိုက် ---- မြန်မာ ရိုးရာခြင်းနဲ့ သန့်သန့်စင်စင်ရတဲ့ ရွှေ ---- နှလုံးသားမပါတဲ့ လူတွေ အတွက်တော့ မြွေ -------- ။

( နက္ခတ်နီ )

Credit : Zinmin Htut

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားလျော့ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံအ တွင်း သို့ မ၀င်ရောက်နိုင်ကြောင်းကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ် ကျော် က ဆိုသည်။


"မုန်တိုင်းမဒီက အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကနေ အားလျော့ပြီးတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားပြန်လျော့သွားပြီးတော့ မြောက်ဘက်ကို ဆက်ရွေ့လျားနေတယ်။ လမ်းကြောင်းပြောင်းပြီးတော့ မြန်မာ နိုင်ငံကို ၀င်ရောက်ဖို့ မရှိတော့ဘူး။ မိုးတိုင်းရဲ့အကျိုးဆက်ကြောင့် မိုးရွာသွန်းမှုတွေ ဖြစ်ပွားနိုင်တယ်။ အဲဒီ အတွက်ကြောင့် တောင်သူတွေအနေနဲ့ သတိရှိဖို့လိုတယ်" ဟု ဦးချစ်ကျော်က ဆိုသည်။

"အာရှတိုက်အလယ်ပိုင်းမှာ ရာသီအလိုက်ဖြစ်တဲ့ လေဖိအားများရပ်ဝန်ကြီးက ကာထားတဲ့အတွက် မုန်တိုင်း မဒီက မြန်မာနိုင်ငံကို ၀င်ရောက်နိုင်ဖို့က လျော့နည်းသွားပြီ။ ဒါပေမဲ့ မုန်တိုင်းကတဖြည်းဖြည်းနဲ့အားကောင်း ပြီးတော့ Category 1 အဆင့်ရှိတဲ့ မုန်တိုင်းဖြစ်လာလို့ မုန်တိုင်းရှေ့ဆက်သွားမဲ့ လမ်းကြောင်းကမချောမွေ့ နိုင်ပါဘူး" ဟု ဒေါက်တာဦးထွန်းလွင်က ဆိုသည်။

ကမ္ဘာကျော် မုန်တိုင်းခန့်မှန်းရေး ဗဟိုဌာနများဖြစ်သော JTWC(USA), IMD (India), Weather Underground(USA) တို့မှလည်း မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ မလာနိုင်သည့်အပြင် ဆန့်ကျင် ဘက်အရပ်ဖြစ်သော အနောက်တောင်ဘက်ကို နောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း ထို့ပြင် ဒီဇင် ဘာ ၁၀ ရက်တွင် အေးပြီးခြောက်သွေ့သောလေများ တိုးဝင်မှုကြောင့် မဒီမုန်တိုင်းသည် အင်အားနှင့် သွားရာလမ်းကြောင်း ပြောင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

Eleven Media Group

ငြိမ်းချမ်းစွာ ဆွေးနွေးတိုင်ပင်သည့် နည်းလမ်းဖြင့်သာ ရှေ့ဆက်သွားရမည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား



မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် ငြိမ်းချမ်းစွာ ဆွေးနွေးတိုင်ပင်သည့် နည်းလမ်းဖြင့်သာ ရှေ့ဆက်သွားရမည်ဟု အတိုက် အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။


ဒီဇင်ဘာ ၉ ရက်က ကမ္ဘာ့ကျန်းမာရေး စွန့်ဦး တီထွင်မှု ညီလာခံသို့ တက်ရောက်ရန် ကာတာနိုင်ငံ သို့ မသွား မီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သတင်းထောက်တစ်ဦး၏ ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများကြောင့် ထိုင်းပါလီမန် ဖျက်သိမ်း ခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် မည်ကဲ့သို့ သင်ခန်းစာ ယူ ရမည်နည်း ဟူသော မေးခွန်းကို ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကိုပဲ ရွေးချယ်ရမှာပါ။ ညှိနှိုင်းစရာ ရှိတာတွေကို ဆွေး နွေးတိုင်ပင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်သွားရမှာပါ။ ထိုင်းမှာဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့မြန်မာ နိုင်ငံအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ'' ဟု အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လူလတ်တန်းစားများနှင့် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆန့်ကျင်သူများ ပါဝင်သော ဆန္ဒ ပြသူများက တစ်လကျော်ကြာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် အတိုက်အခံ လွှတ်တော်အမတ်များ နုတ် ထွက်ခဲ့ရာ ပါလီမန်ကို ဒီဇင်ဘာ ၉ ရက်တွင် ဖျက်သိမ်းလိုက်ပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု လက်ရှိထိုင်းဝန်ကြီးချုပ် ယင်လက်က ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးပြဿနာ တစ်ခုဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးနှင့် ပတ်သက်၍ သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် ဒေါ်အောင်ဆန်း စုကြည်က မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် အားလုံးညှိနှိုင်း တိုင်ပင်၍ ဆောင်ရွက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်ဟုလည်း ဒီဇင်ဘာ ၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြား သည်။

 ဒီဇင်ဘာ ၉ ရက်က ကာတာသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား 
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် 
(ဓာတ်ပုံ- အောင်မျိုးသန့်)

Eleven Media Group

သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိသော ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ အား ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း ဆက်လက်သုံးစွဲမည်

သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိ သော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း ဆက်လက်သုံးစွဲမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ သ၀ဏ်လွှာတစ် စောင် ပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာတွင် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံ ငွေအဖြစ် ကျပ်သိန်း ၁၀၀၀ သုံးစွဲခွင့် ရရှိခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသဖြင့် ပြန် လည်ဆန်းစစ်ရန် လိုအပ်သည်ဟု ပါရှိကြောင်း သိရသည်။

သို့သော် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရန် ပြည်ထောင်စု လွှတ်တော်ကလည်း ခွင့်ပြုပြီးသား ဖြစ်သဖြင့် ဆက်လက် သုံးစွဲရန်သာရှိကြောင်း၊ အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရန် ကျန်ရှိနေသည့် ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များ အတွက်သာ အသုံးပြုရန်ရှိပြီး အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပွင့်လင်း မြင်သာမှုရှိစွာ သုံးစွဲမည် ဖြစ်သဖြင့် နိုင်ငံတော်သမ္မတ စိုးရိမ်သကဲ့သို့ စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း မရှိနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ''ကျွန်မတို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို သုံးစွဲတဲ့အခါ မှာ အစိုးရက ဖွဲ့စည်းထားတဲ့ အထောက်အကူပြု အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ အစိုးရ အဖွဲ့တွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်မှာပါ။ အစိုးရ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အဖွဲ့ အစည်း အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေဖို့လည်း မရှိပါဘူး။ နှစ် ၆၀ လုံးလုံး နိုင်ငံတော်က လမ်း တွေ၊ တံတားတွေ ဆောက်ခဲ့ပေမယ့် အောက်ခြေက ပြည်သူတွေအတွက် ထိထိရောက်ရောက်လုပ်တာ ဘာ မှမရှိခဲ့ဘူး။ ကျွန်မတို့ အနေနဲ့ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက် အတွက်ပဲ ပွင့်လင်းမြင်သာမှု အရှိ ဆုံးဖြစ်အောင် ဆောင်ရွက်မယ်။ အဲဒီအတွက် ဥပဒေနဲ့ မညီစရာလည်း အကြောင်းမရှိပါဘူး'' ဟု ပြောကြား သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ အတွင်းရေးမှူး ဦးအေး မောက်ကလည်း ယခုသုံးစွဲခွင့် ရရှိမည့် ကျပ်သိန်း ၁၀၀၀ သည် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း များနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း မရှိကြောင်း၊ ယခုဘဏ္ဍာရေး နှစ် မကုန်ဆုံးမီ မတ် ၃၁ ရက်အထိ လာမည့် သုံးလအတွင်း ဆက်လက် သုံးစွဲမည်ဖြစ်ကြောင်း ပြောကြား သည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ချင်းပြည်နယ် ဖလမ်းမဲဆန္ဒနယ်မှ ဦးခွန်လိန်းက ''ကျွန် တော်တို့ ဒေသတွေမှာ အစိုးရက လုပ်မပေးသေးတဲ့ အခြေခံပြည်သူတွေ၊ ကျေးရွာတွေက လိုအပ်နေတဲ့ ဘတ်ဂျက်တွေကို အခုပေးတဲ့ ဘတ်ဂျက်တွေနဲ့ အောက်ခြေအဆင့် အထိဆင်းပြီး ဆောင်ရွက်ပေးဖို့ ရှိပါ တယ်။ သမ္မတကပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က လုံးဝငွေကိုင်မှာ မဟုတ်ပါ ဘူး။ ကျွန်တော်တို့က ကျေးလက်ပြည်သူတွေ အမှန်တကယ် လိုအပ်နေတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ စီမံခန့်ခွဲပေးမှာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယခုကဲ့သို့ ခွင့်ပြုပေးခြင်းမှာ ပြည်သူ့ဘဏ္ဍာကို ပြည်သူ့ လက်ထဲသို့ တိုက်ရိုက်ရောက်ရှိနိုင်ရန် စီစဉ်ပေးခြင်း ဖြစ်ကြောင်း၊ ပြည်သူ့အတွက် လုပ်ခြင်းဖြစ်ကြောင်း၊ အောက်ခြေပြည်သူများ အတွက် လက်တွေ့၌ အရေးကြီး လိုအပ်နေသည့် ကိစ္စများအား ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်။

ကျပ်သိန်း ၁၀၀၀ အား ပညာရေး၊ ကျန်းမာရေး၊ ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအပြင်မမျှော်မှန်း နိုင်သည့် သဘာဝ ဘေးအန္တရာယ်များ အတွက်ပါ အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တစ်ခု အတွက် ကျပ်သိန်း ၅၀ ကိုသာ အများဆုံး သုံးစွဲရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

တရုတ်အလံ မီးရှို့ဆန္ဒပြမှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အမှု ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) တွင် ဒဂုံမြို့နယ်တရားရုံး၌ ပူးတွဲရုံးထုတ် စစ်ဆေးမည်



လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းခံရသည့် နှစ်ပတ်လည်နေ့တွင် စီမံကိန်း ရပ်ဆိုင်းရန်အတွက် တရုတ်သံရုံးရှေ့တွင် တရုတ်နိုင်ငံအလံအား မီးရှို့ ဆန္ဒပြ တောင်းဆိုခဲ့သူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ အမှုကို ဒီဇင်ဘာ ၁၀ ရက်တွင် ဒဂုံမြို့နယ်တရားရုံး၌ ပူးတွဲရုံးထုတ် စစ်ဆေးမည်ဖြစ် ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်၏ ပြော ပြချက်အရ သိရသည်။


တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့သူ တစ်ဦးဖြစ်သူ ဒေါ်နော်အုန်းလှကို ဒီဇင်ဘာ ၉ ရက်တွင် ဒဂုံမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး အမှုကို စစ်ဆေးမှုမပြုလုပ်ဘဲ ဒီဇင်ဘာ ၁၀ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။


အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ဦးရောဘတ်စန်းအောင်က "တခြားနိုင်ငံတွေမှာရော ဆန္ဒပြ တဲ့အခါ အလံတွေကို မီးရှို့ဖျက်ဆီးမှုတွေ ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ ဘယ်လိုဥပဒေမျိုးတွေရှိလဲ မသိပေ မယ့် လက်ရှိ ကျွန်တော်သိသလောက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားအလံကို မီးရှို့မှုပြုလုပ်ရင် ဘယ်လိုပြစ် ဒဏ် ကျခံနိုင်စေတယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ မတွေ့သေးပါဘူး။ အာဏာပိုင်တွေအနေနဲ့ အမှုကို စစ် ဆေးမယ်ဆိုရင် လွတ်လပ်တဲ့ သက်သေတွေဖြစ်ဖို့ လိုအပ်ပါတယ်" ဟု ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။ 

လက်ရှိတွင် ဒေါ်နော်အုန်းလှကို ဒဂုံမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ကိုတင်ထွဋ်ပိုင်ကို အင်းစိန် အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားကြောင်း သိရသည်။

ထိုသို့ တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြသူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင် အပါအ၀င် လေး ဦးကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပြစ်မှုပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံ ထား ရခြင်း ဖြစ်သည်။ 

ပုဒ်မ-၅၀၅ (ခ) သည် နိုင်ငံရေးပုဒ်မတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး တရုတ်နိုင်ငံအလံအား မီးရှို့ခြင်းဖြင့် ယခုဥပဒေပါ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို မည်သို့ထိခိုက်စေသည် ဆိုသည်ကိုမူ သိရှိရခြင်း မရှိချေ။


တရုတ်နိုင်ငံအလံအား မီးရှို့ဖျက်ဆီးမှု နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ မြန်မာအစိုးရထံ အကြောင်းကြားစာ ပေးပို့မှုရှိသည်ဟူ၍ အင်တာနက် စာမျက်နှာအချို့တွင် ဖော်ပြခဲ့သော်လည်း တရုတ်သံရုံး တာဝန်ရှိသူက ထိုစာနှင့်ပတ်သက်၍ သိရှိမှုမရှိကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေ ကြားခဲ့သည်။

"အဲဒီအသိပေးစာနဲ့ ပတ်သက်လို့ ဘာမှမကြားမိပါဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင် အရင်ကလည်း တရုတ် နိုင်ငံနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ မြန်မာနိုင်ငံမှာ အလွယ်တကူပြန့်နှံ့လေ့ရှိတာကြောင့်ဒါဟာလည်း အချက်အလက်အပေါ် အခြေခံမှုမရှိတဲ့ အကြောင်းအရာတစ်ခုလို့ ထင်ပါတယ်။ 

မြန်မာနိုင်ငံသားတစ်ဦးအပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုအရေးယူမလဲဆိုတာ မသိပါဘူး။ ကျွန်တော့် အနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံသားတစ်ဦးကို အရေးယူလို့ မရဘူးလို့ ထင်ပါတယ်" ဟု Mr. Xiong Guofeng က ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၂ ရက်က ပါကစ္စတန်တွင် မြန်မာနိုင်ငံအလံနှင့် ကုလသမဂ္ဂအလံတို့ကို မီးရှို့ဆန္ဒပြနေကြစဉ် 

မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်ရှိ ရခိုင်များနှင့် ဘင်္ဂါလီများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ပြီးနောက် ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် မြန်မာနိုင်ငံတော်အလံကို မီးရှို့မှုများ ဖြစ်ပွားခဲ့ သော်လည်း မည်သည့် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကိုမှ မြန်မာနိုင်ငံအနေနှင့် အရေးယူဆောင်ရွက်နိုင် ခြင်း မရှိကြောင်းလည်း သိရှိရပြီး တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှု အငြင်းပွားမှု ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင်လည်း တရုတ်အလံအား မီးရှို့ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ မေ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာတောင်ပိုင်းတွင် ဆန္ဒပြသူတစ်ဦး တရုတ်နိုင်ငံအလံအား မီးရှို့ဆန္ဒပြနေစဉ်

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ပံ တောင်းတောင်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြမှုတစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး သံရုံးအနီး အလုံမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ တားဆီးခဲ့သောကြောင့် ဆန္ဒပြသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။

အလံကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့သူများဖြစ်သည့် ဒေါ်နော်အုန်းလှကို ဒီဇင်ဘာ ၆ ရက်၊ ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက်တို့တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးကို ရှာဖွေစုံစမ်းနေ ဆဲဖြစ် ကြောင်း ဒဂုံမြို့မရဲစခန်းမှ သိရသည်။ 

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများတွင် မြန်မာနိုင်ငံတော် အလံအား မလေးမစားပြု လုပ်ခြင်း၊ ဖျက်ဆီးခြင်း အစရှိသည်တို့နှင့် ပတ်သက်၍ အရေးယူနိုင်သည့် ဥပဒေကိုသာ ပြဋ္ဌာန်းထားပြီး အခြားနိုင်ငံတစ်နိုင်ငံ၏ အလံနှင့်ပတ်သက်၍မူ သီးခြားပြဋ္ဌာန်း ဥပဒေမရှိကြောင်း သိရသည်။

မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်ဖြေရှင်းခြင်း မပြုလုပ်ရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက နယ်/လုံဝန်ကြီးအား တွေ့ဆုံ မေတ္တာရပ်ခံ



နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက် နှိမ်နင်းခြင်း မပြုလုပ်ရန် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးမှုတွင် မိကျောင်းကန်သပိတ်စခန်း ကိုယ်စားလှယ်များမပါရှိဘဲ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုရဲနောင်ဝင်းနှင့် အခြား တက်ကြွလှုပ်ရှားသူ သုံးဦးတို့က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမတွင် ရန်ကုန် တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရဲနောင်ဝင်းက "နှစ်ဖက်လုံး ရုပ်ဆိုးစေတဲ့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာမျိုး မဖြစ်စေဖို့ ကျွန် တော်တို့ မေတ္တာရပ်ခံပါတယ်။ သူတို့ကလည်း အေးအေးချမ်းချမ်းနဲ့ ဖြစ်နိုင်အောင် အတတ်နိုင်ဆုံး သူ တို့ဘက်က လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်" ဟု ဒီဇင်ဘာ ၉ ရက် ညပိုင်းက မီဒီယာများအား ပြော ကြားခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုတွင် နယ်/လုံ ၀န်ကြီးက အငြင်းပွားနေသည့် မြေနေရာအား ကုမ္ပဏီများသို့ ရောင်း ချထားခြင်းမရှိဟု အခိုင်အမာ ကတိပေးခဲ့ကြောင်း၊ အဆိုပါမြေကိစ္စနှင့် ပတ်သက်ပြီး အဆုံးအဖြတ်ပေးရာ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရက ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မိကျောင်းကန် သပိတ်စခန်းအား ဆီးဂိမ်းစ်ကာလဖြစ်နေသဖြင့် ပြည်သူနှင့် အစိုးရပုံရိပ်အား မပျက်ယွင်းစေလိုသဖြင့် ရုပ်သိမ်းစေလိုကြောင်း၊ အကယ်၍ လိုလားချက်များ မရရှိပါက ဥပဒေအရ ဆန္ဒပြမည်ဆိုပါက အလွယ်တကူ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကိုရဲနောင်ဝင်း က မီဒီယာများသို့ ပြောကြားခဲ့သည်။

သပိတ်စခန်း ဦးဆောင်သူတစ်ဦးဖြစ်သည့် မနေနွယ်သန်းက "အစိုးရဘက်က ကျွန်မတို့ကို အဖြူ၊ အမည်း သဲကွဲတဲ့၊ တိကျသေချာတဲ့ အဖြေတစ်ခုကို ချပြပါ။ ဒီမြေနဲ့ ပတ်သက်ပြီး ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်အခါ မှာ၊ ဘယ်သူက တာဝန်ယူနိုင်မလဲဆိုတာ မီဒီယာတွေရှေ့၊ နိုင်ငံရေးအင်အားစုတွေရှေ့မှာ ချပြပါ။ ဒီလို ချပြတဲ့အခါကျရင် ပြည်သူတွေက အားလုံးလက်ခံရင် ကျွန်မတို့ ဒီသပိတ်ကို ရပ်တန့်ပေးမှာပါ" ဟု ပြော ကြားသည်။

မိကျောင်းကန် သပိတ်စခန်းအား သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်မှ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန် သတိပေးချက်ကို ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က ထုတ်ပြန်ခဲ့ပြီးနောက် သပိတ်စခန်းအား သက်ဆိုင်ရာက အကြမ်းဖက် ဖြိုခွင်းခြင်းရှိ၊ မရှိကို ပြည်သူများ စိတ်ဝင်စားခဲ့ကြပြီး နောက်ဆုံးသတ်မှတ်ထားသည့်နေ့ ညနေ ၅ နာရီခွဲခန့်မှစ၍ ပြည်သူ ၃၀၀ ကျော်ခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က "ဖြိုခွင်းတယ်ဆိုတာဟာ အဖြေမဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုဖြိုခွင်းခဲ့ရင် အင်အားဘယ်လောက်သုံးလဲ၊ ဘယ်လိုထိခိုက်မှုတွေ ရှိလဲဆိုတာ လွှတ်တော်ကိုယ် စားလှယ် တစ်ဦးအနေနဲ့ သိချင်လို့လာကြည့်တာပါ" ဟု The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၉ ရက် ည ၈ နာရီခန့်က ဆိုသည်။

သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ၁၄ ရက်မြောက်ခဲ့ပြီဖြစ်ကာ ယင်းနေ့တွင် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းအား ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။

တောင်ကြီးမြို.၊မြို.မရပ်ကွက်မှာလက်လုပ်ဗုံးကို စမ်းသပ်ရင်း ပေါက်ကွဲမှုဖြစ်ပွား

တောင်ကြီးမြို. ၂၀၁၃ ဒီဇင်ဘာလ ၇ ရက်နေ. ည၁၀း၃၀ ခွဲခန်.တွင် တောင်ကြီးမြို.၊ မြို.မရပ်ကွက်၊ သီတကူလမ်း၊ အမှတ်(၁၈၈)တွင်နေထိုင်တဲ့မွတ်ဆလင် ဦးမြင့်သိန်း ၄၈နှစ် အလယ်ဗလီ ဥက္ကဌ မှာ ၄င်းစမ်းသပ်နေသော လက်လုပ်ဗုံးကို စမ်းသပ်ရင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဦးမြင့်သိန်း ကတော့ ၄င်းအိမ်အောက်ထက်လှေကား ခြေရင်းတွင် ၀ဲဖက်ခြေထောက် စုတ်ပြတ်သတ်ပြီးတော့လဲနေပါတယ်။ ။ ဦးမြင့်သိန်းရဲ. အခင်းဖြစ်ပွားရာနေရာနှင့် ၄င်းအသုံးပြုထားသော ပစ္စည်းများအား ပုံနှင့်တကွ ဖေါ်ပြ ထား ပါတယ်။ ၄င်းမိသားစုကိုဆက်စပ်ပြီးတော့ကွင်းဆက်လိုက်ရာ အလယ်ဗလီတွင် သိမ်းဆည်း ထားသော တုတ်၊ဓါးရှည်၊ဓါးမ၊များနှင့်လောက်လေးခွနှင့်ခဲသီးများ လည်းဖမ်းဆီးရမိပါတယ်၊ အခြားဆက်စပ် ပစ္စည်း များလဲ သိမ်းဆည်းရမိထားပါတယ်။