Wednesday, December 4, 2013

ဒေသဖွံ့ဖြိုးရေးလျာထားလုပ်ငန်း တင်ပြပြီးသူ လွှတ်တော်ကိုယ်စားလှယ် လေးဦးသာရှိသေး

ပြည်ထောင်စုနှင့်တိုင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင် ရန် သုံးစွဲခွင့်ပြုထားသည့် အသုံးစရိတ်များ နှင့်သက်ဆိုင်သည့် လုပ်ငန်းအစီအစဉ်များကို ဖွံ့ဖြိုးရေးလုပ် ငန်းကော်မတီသို့ တရားဝင် တင်ပြပြီးသူ လေးဦးခန့်သာရှိသေးသည်ဟု ပြည်ထောင်စု လွှတ်တော်၊ ပြည် သူ့ငွေစာရင်းပူးပေါင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသူရိန်ဇော်က ဒီဇင်ဘာ၂ ရက်တွင် မဇိ္ဈမကို ပြောသည်။


“အများစုကတော့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေ မှာ ဘာတွေလုပ်မယ်ဆိုတာ စိစစ်ပြုစုနေတုန်းလို့ ပြော လို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

စုစုပေါင်း ကျပ် ၃ ဒသမ ၃ဘီလီယံရှိ အဆိုပါ အသုံးစရိတ်များကို သုံးစွဲနိုင်ရန် “ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်း သိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ” ကို ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၁၅ ရက် တွင် ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ကျော်သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း တစ်ထောင်စီအသုံးပြုနိုင်မည် ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်အများစုတို့ကမူ လာမည့် ရက်သတ္တပတ်အတွင်း လုပ်ငန်းအစီအစဉ်များ တင် ပြနိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုကြသည်။ “ခန့်မှန်းခြေစာရင်းရဖို့ ဆုံးဖြတ်ပြီးပါပြီ။ နောက် တစ်ပတ်ဆို ဖွံ့ဖြိုးရေးကော်မတီကို တင်မယ်။ လုပ်ငန်းပေါင်း ၂၅ ခုကျော် ရှိမယ် မှန်းတယ်” ဟု မလှိုင်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။

ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများအရ လုပ်ငန်းစီမံကိန်းတစ်ခုလျှင် ကျပ်သိန်း ၅၀ အတွင်း သာ သုံးစွဲနိုင်ပြီး စုစုပေါင်းကျပ်သိန်းတစ်ထောင် ထက်မပိုသော ပမာဏကို မြို့နယ် တစ်ခုစီအတွက် သုံးစွဲနိုင် မည်ဖြစ်သည်။ ယင်းကို ပြည်ထောင်စုအစိုး ရ၏ လုပ်ငန်းစီမံကိန်းများတွင် မပါဝင်သော ကဏ္ဍများ အတွက်သာ သုံးစွဲရမည် ဖြစ်သည်။

“ကျွန်တော်တို့လို မြို့နယ်နည်းပေမယ့် နယ်မြေ ကျယ်ပြန့်ပြီး သွားရလာရလည်းခက်၊ စီးပွားရေးလည်း မကောင်း၊ ဘတ်ဂျက်ခွဲတမ်းလည်း ရထားတာနည်းတဲ့ ပြည်နယ်တွေအတွက်တော့ သာတူညီမျှရှိဖို့ထက် ပိုပြီးစဉ်းစားသင့်တယ်ထင်တယ်” ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်-၁၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။

ရရှိလာသည့် လုပ်ငန်းအစီအစဉ်များကို လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်ထောင်စု လွှတ် တော် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီသို့ လုပ်ငန်းအစီအစဉ် အတည်ပြုချက် ရယူဆောင်ရွက်ရန် လိုအပ်ခြင်း ဖြစ်သည်။

ယင်းကော်မတီ၏ စိစစ်ခွင့်ပြုချက်ရရှိပါမှ သက်ဆိုင်ရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်များသို့ စုစုပေါင်း အသုံးစရိတ်ပမာဏကို လွှဲပြောင်းပေးမည်ဟု လုပ်ထုံးလုပ်နည်းများက ဆိုသည်။ ဖွံ့ဖြိုးရေး လုပ်ငန်း ကော်မတီသို့ တင်ပြပြီးသည့် လုပ်ငန်းအစီအစဉ်များကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ စီမံကိန်း များနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီတို့က မှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုခံယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်သည်။

မဇ္ဈိမ

ငွေဖြည့်ကဒ် အတုတွေပေါ်



Tuesday, December 3, 2013


ငွေဖြည့်ကဒ် အတုတွေပေါ်နေပါတယ်။ဆိုင်မှာ ခုနလေးတင်ဖြစ်သွားတာပါ။ ဈေးဝယ်တစ်ယောက် ပထမ တသောင်းတန် တကဒ်ဝယ်သွားတယ်။ ၀ယ်ပြီး သိပ်မကြာသေးခင်မှာပဲ ငါးထောင်တန် နှစ်ကဒ်နဲ့ လဲပေးပါဆိုလို့လဲပေးလိုက်တယ် ။ ခန နေတော့ သူလဲသွားတဲ့ တသောင်းကဒ်ကို ဆိုင်က ဖုန်းတလုံးထဲဖြည့်တာ ဘယ်လိုမှဖြည့်မရပါဘူး။ ဒါနဲ့ ဆက်သွယ်ရေး ကိုSerial No. နဲ့တိုက် ပြီး မေးကြည့်တော့ ငွေဖြည့်ကဒ်ကလွန်ခဲ့တဲ့ တပတ်လောက်ကထဲက သုံးထားတဲ့နံပတ် တွေပါ တဲ့။

ဘေးနားပတ်ဝန်းကျင်က အသိ ဆိုင်တွေ စုံစမ်းလိုက်တော့သူတို့လဲ အာ့လိုမကြာခန ကြုံနေကြပါတယ် တဲ့ ။ ငွေဖြည့်ကဒ်ဟောင်းတွေ ကိုခဲပြန်အုပ် ပလတ်စတစ်ပြန်ဖုံးပြီးအသစ်နဲ့ အဟောင်းနဲ့လဲပြီးသုံးနေကြ တာပါ။ တချို့ဆို ဆယ်ကဒ်လောက်ဝယ်ပြီးမှ ငါးကဒ် လောက်ကို ငါးထောင်တန် နဲ့ ပြန်လဲခိုင်းတာပါ။ အတုတကဒ်တွေ့တာနဲ့ အောက်မှာ ပုံနဲ့ ပြထားလိုက်ပါတယ်။ တော်တော်ခွဲမရအောင် တူပါတယ်။ (တူမှာပေါ့အစစ်ကိုခဲအုပ်ပြီးအိတ် နဲ့ထည့်ထားတာကိုး) အတုကခဲခြစ်ထားတဲ့ ပေါ်မှာ MPT ဆိုတာ မပါပါဘူး။ နောက် ပလတ်စတစ်က ပိုပါးပါတယ်။

သူငယ်ချင်းတို့လဲဝယ်ရင်တခါထဲဖြည့်ခိုင်းပါ။ တခါထဲ မဖြည့်နိုင်ဖူးဆိုလဲခဲပေါ်မှာ MPT စာ ပါမပါ သေချာ စစ်ပါ။ တော်တော်လေးကို ခွဲမရအောင်တူပါတယ်။ လောလော နဲ့ဝယ်သွားရင် သတိထားမိမှာမဟုတ်ပါဘူး သတိထားကြပါ...................

Aung Chan Myint

အင်တာနက်အသုံးပြုနိုင်သည့် ပမာဏကို 20 GB အထိတိုးချဲ့

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆီးဂိမ်းအတွက်ရည်ရွယ်၍ အင်တာနက်အသုံးပြုနိုင်သည့် Bandwidth ပမာဏကို 20 GB အထိ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယခင်က 12GB အထိသာ ပြည်တွင်း၌ သုံးစွဲခဲ့သော်လည်း အောက်တိုဘာလကုန်၌ 16GB အထိ တိုးချဲ့နိုင်ခဲ့ပြီး ယခုလကုန်ပိုင်း၌ 20GB အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးအောင်မော်က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ပြောသည်။

ဆီးဂိမ်းပွဲတော်အတွင်း WiFi အင်တာနက်စနစ်ကို အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်စနစ်အမြန်နှုန်းများ မြှင့်တင်နိုင်ရန် ဆောင်ရွက် လျှက်ရှိကြောင်း ISP အသစ်များကိုလည်း နေပြည်တော်နှင့် မန္တလေးမြို့၌ တိုးချဲ့တည်ဆောက်ထားရှိပြီး IXP ဟု ခေါ်ဆိုသော အင်တာနက် Gate Way တစ်ခုကိုလည်း နေပြည်တော်၌ တည်ဆောက်ထားရှိကြောင်း သိရသည်။

ထို့အပြင် ဂျပန်နှင့်ပူးပေါင်း၍ ဖိုင်ဘာဆက်ကြောင်းများကို တိုးချဲ့တည်ဆောက်ခြင်း၊ အရေးကြီးပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများအတွက် Long Term Evolution စနစ်ဖြင့် WiFi အင်တာနက်စနစ်အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းစသည်တို့ကို ပြုလုပ်ဆောင်ရွက်နေကြောင်း ဦးအောင်မော်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်ရှိ အားကစားရွာနှင့် အားကစားကွင်းများရှိ ရုံးခန်းများသို့ အင်တာနက်စနစ်ချိတ် ဆက်ပေးခဲ့သည့်အပြင် ဆီးဂိမ်းသို့ လာရောက်သည့် အများပြည်သူအတွက် အင်တာနက်စနစ် ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့သည်။

Red Link ကုမ္ပဏီနှင့် Global Telphone ကုမ္ပဏီတို့သည် ဆီးဂိမ်း အားကစားပွဲတော်၌ အင်တာနက်စနစ်ကို ကူညီထောက်ပံ့ခဲ့သည့်အတွက် အထက်မြန်မာပြည် နေပြည်တော်နှင့် မန္တလေးမြို့၌ Global Telephone အကူအညီဖြင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပြီး အောက်မြန်မာပြည် ရန်ကုန်နှင့် ငွေဆောင်၌ Red Link ကုမ္ပဏီ အကူအညီဖြင့် အင်တာနက်စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ဦးဆောင်မှုအောက်၌ ဆီးဂိမ်းလာ ဧည့်ပရိသတ်များအနေဖြင့် WiFi အင်တာနက်စနစ်ကို အသုံးပြုရာတွင် Password များ လိုအပ်မည်မဟုတ်ဘဲ လွယ်ကူစွာဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။

မြင့်ကျော်လှိုင်