Monday, December 2, 2013

တက္ကသိုလ်ရိပ်သာလမ်းက ဗမာမိန်းကလေးများ၏ အသုံးချခံဘဝ



ဦးဇင်းဒီပိုစ့်ကိုတင်တာ ဦးဇင်းနဲ့ စိတ်တူ ကိုယ်တူ အဓိကကျတာက အမျိုးချစ်စိတ် ဘာသာချစ်စိတ် သာသနာချစ်စိတ်ရှိသူများအတွက်ရည်ရွယ်ပါတယ်။ တစ် စု ထဲ စုနေသူများအတွက်၊ မျိုးမစစ် များ အတွက်၊ နှမသားချင်း ကိုယ်ချင်းစာစိတ် မရှိသူများ အတွက်၊ စိတ်ကူ။ယဉ်ဆန်ဆန်ဘာသာ ကိုကိုးကွယ် သူများအတွက်မဟုတ်ပါ။


အငြိမ်မနေနိုင်ရင် ဒီမှာ လာပြီး ထင်ရာပြောမနေပါနဲ့။ ကိုယ့် ဝေါလ်မှာ ကိုယ်ကြိုက်ရာတင်ပါတယ်။ မည်သူ့ကိုမှ ထိခိုက်နစ်နာအောင်မလုပ်ပါ။ အမှန်ကို အမှန်တိုင်း ချပြခြင်းသာဖြစ်ပါသည်။ မယုံကြည်ပါက လိပ်စာအပြည့်အစုံပါ=ပါသည်။ စုံစမ်းနိုင်ပါသည်။ နီးစပ်ရာက သူတွေ အကူအညီပေးစေလိုပါတယ်။ အခုဖြစ်နေတာက ဗမာမိန်းကလေးတွေ အနိုင်ကျင့် အစော်ကားခံနေရပါတယ်။ ငွေကြေးနှင့် အရောင်းစား ခံနေရပါတယ်။ ငွေဝယ်ကျွန်ဘဝကိုရောက် နေကြတယ်။ လူတကာသုံးတဲ့ သောက်ရေအိုးလိုဖြစ်နေတယ်။ ဟိုဘာသာဝင်ကစော်ကား၊ ဒီဘာသာဝင်ကစော်ကားနဲ့ အဖတ်ဆယ်မရအောင် ဖြစ်နေပါပြီ။ ဟိုလူမျိုးက စော်ကား၊ ဒီလူမျိုးကစော်ကား၊ အသုံချဘဝနဲ့ ကြားနေရ မြင်နေရတာ အတော့်ကို စိတ်မချမ်းသာစရာ ဖြစ်နေပါတယ်။ ဝါသနာကြောင့်လား စားဝတ်နေရေးကြောင်းလား။ ဘာကြောင့်လည်းတော့မသိ၊ 

အခုတစ်ခါလာပြန်ပြီ။ ကိုရီးယားနိုင်ငံသားတစ်ယောက် ဗမာမိန်းကလေးတွေကို ဗန်းပြပြီး နိုင်ငံခြားသား များနှင့် စီးပွားရှာနေတယ်ဆိုတာကို သတင်းပို့ထားပါတယ်။ အဲဒီသတင်းလေးကို အားလုံးအတွက်မျှ ဝေလိုက်ပါတယ်။ သိသူများ နီးစပ်ရာကလူများ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံး ဆောင်ရွတ်ပေးဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။ 

(ဦးဇင်းဘုရား တပည့်တော် ဒကာမဒေါ်........ပါ။ တစ်ခုလောက်ကူညီပါဘုရား။ တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ်(၄၂) အောက်ထပ်က စုစုပေါင်း(၄)ခန်းကိုငှားပြီး ကိုရီးယားနိုင်ငံသား တစ်ယောက်က မြန်မာမိန်းကလေးအယောက်(၅၀)လောက်ကို ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာစားနေပါတယ် ဘုရား။ နေ့ဘက်တွင် မိန်းကလေးများကို အပြင်သို့ ပေးမထွက်ဘဲ ညဘက်ကျမှ တရုန်းရုန်းနှင့် ကာရာအိုကေ အနှိပ်ခန်းအပြင် တခြားမဖွယ်မရာများ လုပ်စားနေသည်ဟု သိရှိရပါသည်။ ဦးဇင်းမပြန်မှီ တပည့်တော်ကို တစ်ရက်လောက်ပေးတွေ့တော်မူပါဘုရား။) 

အထက်ပါစာများက ဦးဇင်းနှင့်ရင်းနှီးသူဒကာမကြီးတစ်ယောက်မှပေးပို့သော စာဖြစ်ပါတယ်။ နီးစပ်ရာမှ မျိုးချစ်ပုဂ္ဂိုလ်များ အကူအညီပေးစေလိုပါတယ်။ ဦးဇင်းအဝေးရောက်နေပါသောကြောင့် ဘယ်လိုမှ မတတ် နိုင်ပါ။ တတ်နိုင်သူများကူညီပေးစေလိုပါသည်။ အသုံးချခံဘဝရောက်နေသော ဗမာမိန်းကများအား ကြိုးစား၍ ကူညီပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ဓမျွမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


ဦးခင်ညွန့်သည် ရာဇဝတ်သား တရားခံ တစ်ဦး ဖြစ်သည်


editorial

ယခင် စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသား များသည် ဥပဒေချိုးဖောက်သော ရာဇဝတ်သားများ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများ ဖြစ်သည်ဟု တချိန်က အများပြည်သူ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ခဲ့ကြရသည်ထိ ရက်စက်စွာ ညှင်းဆဲခဲ့တတ်သော စစ်ထောက်လှမ်းရေး ဌာန၏ အကြီးအကဲဟောင်း ဦးခင်ညွှန့်က ပြောဆို လိုက်ခြင်းသည် ကျက်သရေ တုံးလွန်းလှသည်။


ဦးခင်ညွှန့် ယင်းသို့ပြောကြားခြင်းမှာ ဦးမြတ်ခိုင်ရေးသားသော ဦးခင်ညွှန့် အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတွင် ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုနေခြင်းများကိုလည်း လက်မခံ ပယ်ချလိုက်သည့်အပြင် ယခင်စစ်အစိုးရလက်ထက် သူ ဦးဆောင်သော စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ တရားလက်မဲ့ လက်လွန် ခြေလွန်မှုများကြောင့် အကျဉ်းထောင်အတွင်း အသက်သေဆုံးခဲ့သူများ၊ အသက် မသေသော်လည်း ဘဝပျက်ခဲ့ရသူများကို နှစ်သိမ့်တောင်းပန်ရန် ရှိ မရှိ ဧရာဝတီ၏ မေးမြန်းချက်ကို “ကျနော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ”ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

ဦးခင်ညွန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သူ၊ အပြစ်မဲ့သူများကို ဖမ်းဆီးထိန်းသိမ်းပြီး ထောင်တွင်း၌ လူမဆန်စွာ နှိပ်စက် ညှဉ်းပမ်းမှု များတွင် အဓိက တာဝန်ရှိခဲ့သူ ဖြစ်သည်။ သူ၏ ရေကြည်အိုင် စစ်ကြောရေး စခန်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော နှိပ်စက် ညှဉ်းပမ်းရေး စခန်း တခု ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှ စတင်ရေလျှင် ထောင်အတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူ ၁၄၀ သေဆုံးခဲ့ရသည်အတွက် တာဝန်ရှိသည့်အထဲတွင် ဦးခင်ညွန့် ထိပ်ဆုံးမှ ပါသည်။

စာရေးဆရာ ဗိုလ်မှူးဟောင်း ဦးသော်က၊ ဦးတင်မောင်ဝင်း၊ ဦးမောင်ကို စသည့် ပုဂ္ဂိုလ်များ သေဆုံးခဲ့ရမှု များ၌ သူ၏ ပရောဂ မကင်းခဲ့ပေ။ ထိုသူတို့သည် ဦးခင်ညွန့် ခေါင်းဆောင် ခဲ့သော ထောက်လှမ်းရေး အဖွဲ့၏ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်းမှုကြောင့် အကျဉ်းထောင်များအတွင်း ကွယ်လွန်သွားခဲ့ရသည်။ ထို့အပြင် နှိပ်စက်ညှင်းပန်းမှုများနှင့် ထောင်တွင်း၌ ကြမ်းတမ်းဆင်းရဲစွာ နေထိုင်ခဲ့ရခြင်းကြောင့် စိတ်ရောကိုယ်ပါ နာလန်ပြန်မထူနိုင်သူများပါရှိပြီး မိသားစုဝင်များကိုလည်း ခြိမ်းခြောက်ခြင်း၊ စီးပွားပျက် အောင် လုပ်ခြင်း၊ ပညာရေးအခွင့်အလမ်းများ ပိတ်ဆို့ခြင်းတို့ကိုလည်း တရားဥပဒေမဲ့ လက်လွတ်စပယ် ထင်တိုင်းကြဲခဲ့သေးသည်။

ယခု လက်ရှိတွင်လည်း ထောက်လှမ်းရေး အဖွဲ့၏ နှိပ်ကွပ်မှုဒဏ် မျိုးစုံ ခံစားခဲ့ရသော စိတ်ဒဏ်ရာရသူများ၊ ဝေဒနာများဖြင့် နာလံ မထူခဲ့ရသူများ၊ အသက် သေဆုံးခဲ့ရသူများ၊ ထောင်တွင်း၌ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရသူများစွာမှာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ပုံစံ အမျိုးမျိုးဖြင့် ရှိနေကြဆဲ ဖြစ်သည်။ တိုင်းပြည်ရှေ့ရေး အကျိုးမျှော်၍ ပြန်လည်ရင်ကြားစေ့ရေး စိတ်ထားဖြင့် ခံစားခဲ့ကြရသမျှ မြိုသိပ်ထားရခြင်းကို ဦးခင်ညွန့်က မလေးမစား စော်ကားမော်ကား ပြောဆိုလိုက်ပေပြီ။

စစ်ဝတ်စုံကို မချွတ်တမ်း ဝတ်ခဲ့ပြီး ၎င်းအာဏာရှိခဲ့သော ကာလတွင် တန်ခိုးထွားခဲ့သည့် ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်ကို ယခုအခါ တိုက်ပုံအင်္ကျီဝတ်၍ လူထုရှေ့သို့ မျက်နှာပြောင်တိုက် ပွဲထုတ်သူကလည်း မရှား။ ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး နောက် မော်နီတာ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်နှင့် တွေ့ဆုံတိုင်း ပြောဖြစ်ကြသော စကားဝိုင်းပါ နိုင်ငံရေးနှင့် ရှေးဟောင်းနှောင်းဖြစ်များထဲမှ ဟိုတစ၊ ဒီတစကို ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ယခုအခါ “ဗိုလ်ချုပ်ကြီးဟောင်း၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး” အမည်ရှိ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေကာ ရန်ကုန် ကရဝိတ်ခန်းမတွင် မိတ်ဆက်ပွဲကျင်းပရာ အာဏာရှင် ဦးနေဝင်း၏မြေး အပါအဝင် နီးစပ်သူများ တက်ရောက်ခဲ့ကြသည်။

ယင်းစာအုပ်ကို နောက်ကျောဖုံးတွင် “သမိုင်းဝင် အင်တာဗျူးများကို စုစည်းထုတ်ဝေထားခြင်း” ဟု ဖော်ပြ ကြော်ငြာထားသော်လည်း အမှန်တရားများကို အရှိအရှိအတိုင်း မကွယ်မဝှက်၊ မထိန်မချန် ဖွင့်ဟခြင်း မဟုတ်ဘဲ ယခင်စစ်အစိုးရက အမှန်တရားကို ရှာဖွေဖော်ထုတ် တင်ပြနေခဲ့သော သတင်းဌာနများအား ရိုးစွပ်ခဲ့သော “မိုးလုံးပြည့် မုသာဝါဒ”ဟူသော စကားကို ဤနေရာတွင် ပြန်သုံးစွဲလျှင် အင်မတန် အံဝင်ဂွင်ကျလှသည်။ မြန်မာပြည်တွင် သမိုင်းကို အရုပ်ဆိုးစေသော လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် အဓိက တာဝန်ရှိသောသူတဦးဖြစ်သည့် ဦးခင်ညွန့်၏ အင်တာဗျူးမှ အဖြေစကားများသည် ဆင်သေကို ဆိတ်ရေဖြင့် ဖုံးရန် ကြိုးစားမှုသက်သက်မျှ ဖြစ်သည်။

အပြစ်ကင်းသူ တဦးကဲ့သို့ ဟန်ဆောင်၍ ပြည်သူလူထုရှေ့တွင် မျက်နှာပြောင်တိုက် လိမ်ညာတတ်သော စစ်ကောင်စီ အတွင်းရေးမှူး ၁ ခေတ်ကား သမိုင်းတွင် တခန်းရပ်ခဲ့ပြီးဖြစ်ကြောင်း ဦးခင်ညွန့် မျက်မှောက် ပြုမိပုံမပေါ်သေး။ အသိုင်းအဝိုင်းကြီးခဲ့ပြီး ဘုန်းတန်ခိုးတောက်ပခဲ့သည့် ရွှေရောင်နေ့ရက်များကို ပြန်မျှော်လင့်နေပါက ဦးခင်ညွန့် အမှားကြီးမှားပြီဖြစ်သည်။ သမိုင်းကို ချန်လှပ်၍သော်လည်းကောင်း၊ သမိုင်းကို ပြောင်းပြန်လှန်၍သော်လည်းကောင်း ဖြေဆိုထားသော ဤစာအုပ်သည် အတိတ်က မှားယွင်းမှုများကို သင်ခန်းစာယူ ရှောင်ရှားပြီး အနာဂတ်တွင် ကောင်းရာမွန်ရာများ ဖြစ်ထွန်းစေရေး ယခု ပစ္စုပ္ပန်တွင် သမိုင်းအမှန်ကို ကမ္ဗည်းတင်ရန် ကြိုးပမ်းနေခြင်းများအတွက် မည်သို့မျှ အထောက်အပံ့ မဖြစ်ဟုသာ ဆိုရေးရှိက ဆိုလိုက်ရပေကြောင်း။

Credit : ဧရာဝတီ

နိုဝင်ဘာလ အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှတစ်ဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်း


မိဘပြည်သူများခင်ဗျား

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ပတ်သက်တဲ့ သဘောထားနှင့် ရပ်တည်ချက်အချို့ကို ရှင်းလင်း ပြောကြား သွားမှာဖြစ်ပါတယ်။


လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ဖြစ်စဉ်များဟာ ၂ နှစ် ကျော် ကာလကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ရောက်ရှိလာတာနဲ့အညီ သိသာတဲ့ အဆင့်တစ်ခုသို့ ရောက်နေပြီဆိုတဲ့ အချက်ကတော့ ငြင်းဆိုလို့မရတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်ရှိလာအောင် ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ အခက်အခဲပေါင်းများစွာ၊ ပြဿနာပေါင်းများစွာနဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ကြားထဲက ကြိုးစား တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကလည်း ငြင်းဆိုလို့မရတဲ့ အချက်ပါပဲ။ အခု ရရှိထားတဲ့ အဆင့်ဟာဆိုရင် မျိုးစေ့အဆင့်ကနေ အစို့အညှောက် ပေါက်တဲ့အဆင့်သို့ ရောက်ရှိလာပြီလို့ ပြောရမှာဖြစ်ပါတယ်။ အစို့အညှောက်ဘဝကနေ အဆင့်ဆင့် ရှင်သန်ကြီးထွားဖို့ ဆိုတာ ကတော့ ကျွန်တော်တို့ အားလုံး မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားရမယ့် အမျိုးသားရေး တာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ တခြားရွေးချယ်စရာ နည်းလမ်းမရှိဘဲ၊ လက်ရှိဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်းအလဲများ ခိုင်မာပြီး အသွင်ကူးပြောင်းရေးကိစ္စအရပ်ရပ် လမ်းမှန် ကမ်းမှန်ဖြစ်စေဖို့ မိမိတို့အားလုံး မဖြစ်မနေ လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေ ဆက်လက်ရှင်သန်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ မြန်မာ နိုင်ငံသားအားလုံးမှာ တာဝန်ရှိ ပါတယ်။ နိုင်ငံရေးအပြောင်းအလဲများနဲ့ အသွင်းကူးပြောင်းဖြစ်စဉ်များ ဒီအဆင့်ကို ရောက်လာဖို့ဆိုတာ အစိုးရ တစ်ဖွဲ့တည်းရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ရောက်ရှိလာခြင်း မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့များ၊ တပ်မတော်နဲ့ နိုင်ငံသား တစ်ဦးချင်းစီက ကျရာကဏ္ဍကနေပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း ဝိုင်းဝန်း အားထုတ်ကြိုးပမ်း လုပ်ဆောင်ခဲ့ကြလို့ ယခုလိုအခြေအနေကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခု ၂ နှစ်ကျော် ကာလမှာ တက်လှမ်းနိုင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ထွန်းမှု အဆင့်ဆင့်ကို ရေရာသေချာတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာဖို့ဆိုရင် မိမိတို့ထားရှိရမယ့် တူညီတဲ့ ရည်မှန်းချက်တွေဟာလည်း ခိုင်မာတဲ့ ရပ်တည်ချက်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ထားရှိရမယ့် တူညီတဲ့ ရည်းမှန်းချက်တွေဟာ လက်တွေ့ကျဖို့လည်း လိုအပ်ပြီး ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိ မျိုးဆက်အတွက် သာမကဘဲ နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက်ပါ ခိုင်မာတဲ့၊ အာမခံချက်ရှိတဲ့ နိုင်ငံရေးအနာဂတ် ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းများ ပါဝင်တဲ့ အုတ်မြစ်တွေ ချနေခြင်း ဖြစ်တယ်လို့ ရှုမြင်ကြရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ရှင်းလင်းတင်ပြ လိုပါတယ်။ နိုဝင်ဘာလမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ EU-Myanmar Task Force ဆွေးနွေးပွဲ များ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ပြည်သူအများကို အကျိုးပြုတဲ့ အမျိုးသား စီးပွားရေး စနစ်တစ်ရပ် ပိုင်ဆိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကနေတဆင့် အမျိုးသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်ရေး ကိစ္စတွေကို ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလ အတွင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေအတွက် အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီ စနစ် ရှင်သန် ရေးနဲ့ အမြစ်တွယ်ခိုင်မာရေး၊ မတူညီကွဲပြားမှုတွေ ရှိနေတဲ့ မိမိတို့ လူ့အဖွဲ့အစည်းမှာ တန်းတူရည်တူရှိမှုနဲ့ အပြန်အလှန် လေးစားမှုရှိရေး၊ လူများစုက လူနည်းစုရဲ့ လိုလားချက်များကို အလေးထားရေး၊ ပွင့်လင်းလွတ်လပ်ပြီး တည်ငြိမ်မှုရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ နိုင်ငံရေး မှာ နိုင်ငံသား အားလုံးပါဝင်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်မြင့်မားလာရေးနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု အပါအဝင် ကမ္ဘာ့စီးပွားရေး စနစ်နဲ့ ပြန်လည်ချိတ်ဆက်မိရေးဆိုတဲ့ ကိစ္စရပ်များဟာ အထူးအရေးကြီးပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂနိုင်ငံများအကြား ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် EU-Myanmar Task Force ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုလို ပူးပေါင်း ဆောင်ရွက်ရာမှာ အစိုးရ၊ လွှတ်တော်များ၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ အသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ လုံခြုံရေးအဖွဲ့အစည်းများ အချင်းချင်း အဆင့်ဆင့် အလွှာပေါင်းစုံ ချိတ်ဆက် လုပ်ဆောင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့လည်း သိရှိရပါတယ်။ EU- Myanmar Task Force ကို ဖွဲ့စည်းနိုင်ခြင်းဟာ ဥရောပသမဂ္ဂနိုင်ငံများနဲ့ မြန်မာနိုင်ငံအကြား ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ် အစပြု ထူထောင်ခြင်းလည်း ဖြစ်ပါတယ်။ ဒီကနေ့ အချိန်ကာလလို မြန်မာနိုင်ငံအနေနဲ့၊ သိက္ခာရှိတဲ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံ အနေနဲ့ ကမ္ဘာ့မိသားစုနိုင်ငံများအကြား ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်း နေချိန်မှာ အခုလို ဘက်စုံဆက်ဆံရေး ပုံစံတစ်ခု အစပြုနိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ဥရောပသမဂ္ဂမှ တာဝန်ရှိသူများနဲ့ မိမိအစိုးရ တာဝန်ရှိဝန်ကြီးများ၊ ဝန်ထမ်းများကိုလည်း မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ယခုလို ကိစ္စရပ်များကို ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားကြမယ်ဆိုရင်တော့ များမကြာမီ ကာလမှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ မိသားစု အလယ်မှာ သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်လို့ လိုင်ဇာဒေသမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လိုင်ဇာဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီး မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှု များဟာလည်း အောင်မြင်မှု ရရှိပြီး တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအတွက် အဆင့်ဆင့် ဖြစ်ထွန်းမှုများ ဖြစ်တယ်ဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားဆွေးနွေးပွဲများကို အခြေခံပြီး ဒီဇင်ဘာလမှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကြားကာလမှာ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ မြန်ဆန်သွက်လက်စေဖို့အတွက် တိုင်းရင်းသား အဖွဲ့အစည်း ပေါင်းစုံက တာဝန်ပေးအပ်ထားတဲ့ အလုပ်အဖွဲ့တစ်ရပ် ဖွဲ့စည်းပြီး တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံ အခြေပြုရာဒေသ အားလုံးကို သွားရောက်ညှိနှိုင်းလျက်ရှိကြောင်း ကိုလည်း သိရှိထားပါတယ်။ အခုလို ဆောင်ရွက်မှုများဟာ မိမိတို့အားလုံး လက်တွဲပူးပေါင်း လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးရဲ့ ထက်သန်သော စိတ်ရင်းစေတနာမှန်ကို ပြသနေခြင်း ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ရှုမြင်ပါကြောင်း ပြောကြားလိုပါတယ်။ အလျဉ်းသင့်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ စပ်လျဉ်းတဲ့ အချက်တစ်ချက်ကို ဒီနေရာမှာ ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ ၂ဝ၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေးကို စတင်ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်ခေါ်ခဲ့တဲ့ အစဦး ကာလတွေမှာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ မယုံကြည်မှု၊ သံသယဖြစ်မှုတွေ များစွာရရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်တာကာလမှာ အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလို တက်လှမ်းနိုင်ခြင်းဟာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ စိတ်ရင်းစေတနာမှန်ကို အခြေခံတဲ့ အောင်မြင်မှုများလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဋ္ဌာန် ချထားကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်းပြောကြားလိုတဲ့ ကိစ္စကတော့ ယခု တစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေတနာမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေး ညှိနှိုင်းရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်တဲ့ တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင် သဘောတူညီမှု ရယူခြင်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အခြားဖြစ်ထွန်းမှု တစ်ရပ်အနေနဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစည်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ စတင်ထိတွေ့ ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါတယ်။ ယခုလို ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ကျွန်တော့်အနေနဲ့ ကြိုဆို အားပေးလျက် ရှိကြောင်း ပြောကြားလိုပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဒီဇင်ဘာလ ထဲမှာ ကျင်းပမယ့် ဘားအံ ညီလာခံများကနေ အစွန်းတရားများကို ရှောင်နိုင်တဲ့ ဆွေးနွေး ညှိနှိုင်းမှုများကတစ်ဆင့် ရလဒ်ကောင်းများ ရရှိပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများ အဆင့်လိုက် တိုးမြှင့်လုပ်ဆောင်သွားနိုင် မယ်လို့ မျှော်လင့်လျက် ရှိကြောင်း ပြောကြားလို ပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ ချမှတ်ထားတဲ့ ဦးစားပေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ရဲ့ အဓိက အစိတ်အပိုင်းများဖြစ်တဲ့ ကျေးလက် ဒေသ လျှပ်စစ်မီး ရရှိရေးနဲ့ သန့်ရှင်းသော သောက်သုံးရေရရှိရေး ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိပါတယ်။ ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြောကြားလိုတာကတော့ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို အမျိုးသားအဆင့် စီမံချက်များချမှတ်ပြီး ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ အမျိုးသား ကျန်းမာရေး တည်ဆောက်မှုရဲ့ အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်တဲ့ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် မိမိတို့နိုင်ငံမှာ ရှိနေပြီးဖြစ်တဲ့ ရေအရင်းအမြစ် များစွာကို ပေါင်းစည်း ထားသည့် ရေစီမံခန့်ခွဲမှု စနစ်နဲ့ ထိရောက်စွာ အသုံးချနိုင်ဖို့ အမျိုးသားရေး လိုအပ်ချက် အဖြစ် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြတဲ့ အခါမှာ ကျွန်တော့်အနေနဲ့ အရေးကြီးဆုံး အချက်လို့ ရှုမြင်တဲ့ ကိစ္စရပ်ကတော့ လက်တွေ့ နိုင်ငံရေး အခြေအနေကို ထင်ဟပ်တဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ နိုင်ငံရေး ဦးဆောင်မှု ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရေး ခေါင်းဆောင်များ အားလုံးအနေနဲ့ ဒီမိုကရေစီအရေးကို နှောင့်နှေးစေသည့် အစွန်းနှင့် မြန်ဆန် လွန်းသည့်အတွက် အလှမ်းကျယ် အလယ်လပ်တဲ့ အစွန်းနှစ်ပါးကို ရှောင်ရှားပြီး မိမိတို့နိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်း၊ ယခု ပစ္စုပ္ပန်အခြေအနေနဲ့ အနာဂတ်အတွက် အကျိုးအပြစ်တို့ကို ရှုမြင်သုံးသပ်ကာ နိုင်ငံရေး ရင့်ကျက်မှုရှိရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ယခု ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားဖြည့်ရာ ရောက်စေမယ့် ချဉ်းကပ်မှုများနဲ့ ကိုင်တွယ် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်း ပြောကြားအပ်ပါတယ်။

တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ဟာ ဆိုရင် ၉၃ နှစ်မြောက် အမျိုးသားနေ့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးသားနေ့ အခါသမယမှာဆိုရင် ကျွန်တော်တို့ဟာ အတိတ်ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်နိုးကြားလာမှု တွေဟာ ပြည်သူများအကြားမှာ နိုင်ငံရေး အသိစိတ်နိုးကြားမှုနဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လိုမှုတွေကို မြင့်မားလာစေခဲ့တယ်ဆိုတာကို ပြန်လည် အမှတ်ရ ကြမှာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး စတင်ခဲ့တဲ့ နိုင်ငံရေးနိုးကြားမှု၊ ဒီနိုင်ငံရေး နိုးကြားမှုကို အခြေခံတဲ့ နိုင်ငံရေးဖြစ်စဉ်၊ အမျိုးသားစည်းလုံး ညီညွှတ်မှုအားနဲ့ လွတ်လပ်ရေး ရယူနိုင်ခဲ့သလိုပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ယခုအချိန်မှာလည်း လွတ်လပ်ရေး ရယူစဉ်ကာလကလို အမျိုးသားစည်းလုံးညီညွှတ်မှု အားတစ်ခု တည်ဆောက်ပြီး မိမိတို့ မြင်တွေ့လိုတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာအောင်ဆိုရင် လက်ရှိရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ဖြစ်စဉ်တွေ ဆက်လက်ရှင်သန်ဖို့ လိုပါတယ်။ ဒီလိုဆက်လက် ရှင်သန်မှလဲ ခိုင်မာတဲ့ အသွင်ကူးပြောင်းရေးအဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ ပြည်သူလူထု အများစု လိုလားတဲ့ ဒီမိုကရေစီစနစ် ပီပြင်စွာ ပေါ်ပေါက် လာစေရေးနဲ့ အမြစ်တွယ် ခိုင်မာစေရေးအတွက် လက်ရှိဖြစ်စဉ်တွေ ဆက်လက် ရှင်သန်အောင်၊ ခိုင်မာတဲ့ အသွင်ကူးပြောင်းရေး အဆင့်ဆင့်ကို တက်လှမ်း နိုင်အောင်၊ အမျိုးသားစည်းလုံး ညီညွှတ်မှုအားနဲ့ တည်ဆောက် သွားကြပါလို့ တိုက်တွန်း ပြောကြားလို ပါတယ်။

နိဂုံးချုပ်အနေနဲ့ လာမယ့် ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကြီးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၄၄) နှစ်ကြာပြီးမှ ကျင်းပပြုလုပ်ခွင့် ရခဲ့တဲ့အတွက် ကျွန်တော်တို့ နိုင်ငံသားအားလုံး ငါတို့ လုပ်နိုင်တယ်လို့ ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။ အဝေးကနေ လာရောက်ကြတဲ့ မိမိတို့ရဲ့ အာဆီယံမိသားစုဝင် အားကစား သမားတွေကို ကူညီကြဖို့၊ ကာကွယ်စောင့်ရှောက်ကြဖို့ မိမိတို့မှာ တာဝန်ရှိပါတယ်။ ကူညီစောင့်ရှောက်ပေးကြဖို့နဲ့ အားကစား ပြိင်ပွဲများမှာ နိုင်ငံကြီးသားပီသစွာ မျှမျှတတ အားပေးကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

From:သမ္မတရုံး

ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့ချင်ရင်

ဖွဲ့ချင်ရင်ဖွဲ့ပါ ဒါပေမယ့် အရည်ချင်းတော့ တန်းတူအောင်တန်းညှိလာခဲ့

၁၀ တန်းမအောင် ဘွဲ့မရတဲ့ကောင်ကို ဗိုလ်ချုပ်ရာထူးပေးလိုက်လို့ လက်ရှိတပ်မတော်က ဒုဗိုလ်အဆင့် ကတောင်အလေးပြုမှာမဟုတ်ဘူး


လက်ရှိတပ်မတော်က အင်အား၅သိန်းရှိတယ်

ခင်ဗျားတို့ ကချင်တပ်မတော် ကရင်တပ်မတော်က ကာချုပ်အပါဝင် လူအယောက်၂၀၀၀ လောက်နဲ့ တပ်မတော်ဖွဲ့ ချင်တာလား

တိုက်စရာရှိရင် ကျုပ်တို့ငါးသိန်းကအသေခံတိုက် ခင်ဗျားတို့ အယောက်၂၀၀၀ ကမှောင်ခိုလုပ်မယ် ဘိန်းစိုက်မယ် ဆိုတဲ့သဘောလား

ကျုပ်တို့က အရပ်သားအစိုးရ လက်အောက်ခံတပ် ခင်ဗျားတို့က ပြည်နယ်အစိုးရလက်အောက်ခံတပ်လို့ ခွဲခြားပြီး နယ်ကျော်လာရင် ပြန်ဆော်မယ်ဆိုတဲ့သဘောလား

ကချင်တပ်မတော်က ဗမာတပ်မတော်ကိုကြည့်မရတဲ့အခါ ခြုံခို မိုင်းဆွဲ မခံနိုင်တော့ ဗမာတပ်မတော်က ပြန်ဗျင်း

ကရင်တပ်မတော်နဲ့ ရှမ်းတပ်မတော်နဲ့က အချင်းချင်း စားခွက်လုရင်း တိုက်ပွဲဖြစ်နဲ့

အရမ်းကြည့်လို့ကောင်းလိုက်မယ့် ဖဒရယ်ပြည်ထောင်စုတပ်မတော်

ကာချုပ်တာဝန်ကို အလှည့်ကျစနစ်တဲ့

ဘာလဲ

မဲနှိုက်ပြီး အလှည့်ကျလုပ်ရမှာလား

တိုင်းရင်းသား၁၃၅မျိုး တပ်မတော်၁၃၅ တပ် ဘယ်တပ်ကို ကာကွယ်ဦးစီးချုပ်အရင်ခန့်ရင်ကောင်းမလဲ မြန်မာနိုင်ငံလုံးဆိုင်ရာ စစ်ပွဲကြီးကျင်းပ ပေးသလိုဖြစ်မနေဘူးလား

အဲ့ဒီတပ်မတော်တွေအားလုံးကို လက်နက်ရိက္ခာလစာ အပြည့်ဝ ထုတ်ပေးဖို့ ဘယ်မှာလဲ ဘက်ဂျက်

အဲ့ဒီတပ်မတော်တွေ အင်းအားတောင့်တင်းလာတဲ့အခါ သူပြည်နယ် နဲ့ သူပြန်သိမ်းပြီး ခွဲထွက်မသွားပါဘူး လို့ အာမခံနိုင်လား

ခွဲထွက်သွားတဲ့ အချိန်ရောက်မှ ကျုပ်တို့ ၅ သိန်းက အသေခံပြီး ပြည်ထောင်စုမပြိုကွဲအောင် ပြန်လိုက် သိမ်းပေးရမှာလား

ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းပေးခဲ့တဲ့ မျိုးချစ်တပ်မတော်မှာ ကချင် ကယား ကရင် ချင်းတွေမခွဲခြားဘူး တိုင်းရင်းသားတိုင်း တန်းတူစစ်မှုထမ်းခွင့်ရှိတယ် ရာထူးလည်းတန်းတူပေးခဲ့တယ် တပ်မတော်ကို စိတ်ဝမ်း မကွဲ အောင်တပ်စုတစ်စည်းထဲဖွဲ့စည်းပေးခဲ့တာ

ဗိုလ်ချုပ်လက်နဲ့ရေးခဲ့တဲ့ မျိုးချစ်တပ်မတော်ကို သူ့သမီးဖြစ်သူက ဖက်ဒရယ် တပ်မတော် ပြင်ဖို့ ခြေနဲ့ လိုက်ဖျက်နေတယ်

ကျွန်တော် စစ်သားတစ်ယောက်အနေနဲ့ ဘယ်လိုမှသည်းမခံနိုင်အောင်ဒေါသထွက်မိပါတယ်

ဗိုလ်ချုပ်သာ ရှိနေသေးရင် ခင်ဗျားကို ပါးဆွဲရိုက်မှာသေချာတယ်

From: ရဲရင့်လင်း