Monday, November 25, 2013

ဥပဒေတိုင်း ပြည်သူ့အတွက် ထာဝရ အကျိုးဆောင်နိုင်မည်မဟုတ်ဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူလူထုအကျိုးစီးပွား နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ခေတ်စနစ်နှင့်မညီသော ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ဥပဒေတိုင်းတွင် အစဉ်သဖြင့် ပြည်သူ့အကျိုးရှိနိုင်မည်မဟုတ်ဟု နိုဝင်ဘာ ၂၄ ရက်က ပြည်မြို့ လူထုတွေ့ဆုံ ပွဲတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက ပြောသည်။


“ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တည်ဆဲဥပဒေတစ်ရပ်ဖြစ်တဲ့အတွက် ဒီဥပဒေကို ပြန်လည် လေ့လာ သုံးသပ် ရမယ်။ ကျွန်တော် စပြီး ဖွဲ့စည်းကတည်းက လေ့လာ သုံးသပ်တယ်။ ဒီဥပဒေကို သုံးသပ်တဲ့အခါ လျှို့ဝှက်သုံးသပ်တယ်။ ဥပဒေတစ်ခုပြဋ္ဌာန်းပြီးရင် အမြဲတစေ ပြည်သူ့အကျိုးစီးပွား၊ နိုင်ငံ အကျိုး စီးပွား ဖြစ်လိမ့်မယ်လို့ ပြောလို့မရဘူး။ ဒီနေ့ မှန်ပေမယ့် နောက်နေ့ လွဲချင်လွဲနေလိမ့်မယ်”ဟု ၎င်းက ဆို သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ မူယာပင်ခန်းမတွင် ပြုလုပ်သော အဆိုပါတွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအ၀င် ဒေသခံများ တက်ရောက်သည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေတွင် ပြင်စရာ၊ ပယ်ဖျက်စရာ၊ အသစ်ရေးစရာများ ရှိကြောင်းနှင့် ဥပဒေများ သည် တရားမျှတမှုရှိပြီး ပြည်သူများ လိုက်နာနိုင်သည့် ဥပဒေများဖြစ်ရန် လိုအပ်သည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။

လက်ရှိတွင် ဥပဒေ ၇၉ ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဥပဒေကြမ်း ၅၃ ခုကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်နှစ်ရပ်လုံးတွင် လက်ခံ ဆွေးနွေးလျက်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ရန် ဥပဒေရေးရာပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အငြိမ်းစား ၀န်ထမ်းဟောင်းများ၊ တက္ကသိုလ် ဆရာဆရာမများ စုစုပေါင်း ၆၇ ဦးဖြင့် ဥပဒေရေးရာ နှင့် အထူးကိစ္စများ လေ့လာသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းထားသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြော သည်။

Mizzima

ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှု သမ္မတ၊ လွှတ်တော်နှင့် တပ်မတော် လက်ခံ၊ မခံ တရားဝင် မပြောနိုင်သေး

နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်း လဲ ရေးဆိုင်ရာ အရေးကိစ္စများ တွေ့ဆုံဆွေးနွေး ရန် ဒေါ်အောင်ဆန်းစုကြည် ၏ မေတ္တာ ရပ်ခံမှုအပေါ် တရားဝင်အကြောင်းကြားစာ မရောက်ရှိသေးသဖြင့် လက်ခံ၊ မခံ မပြောနိုင်သေးဟု သက်ဆိုင်ရာ တာဝန် ရှိသူ များက နိုဝင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။


မေတ္တာရပ်ခံချက်ကို နိုဝင်ဘာ ၂၃ ရက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အဓိကအကျဆုံးကိစ္စဖြစ်သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်ရန် ရည်ရွယ်၍ တွေ့ဆုံရန် မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု ပါဝင် သည်။

“စာရောက်ပြီဆိုမှပြောလို့ရမယ်၊ အဲဒီစာက ဘယ်လိုလာမလဲမသိသေးဘူး”ဟု ကမ်းလှမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောသည်။

ယင်းသို့ပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဝေလင်းနှင့် ပြည်ထောင်စု လွှတ်တော်နာယကနှင့် နီးစပ်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ မေတ္တာရပ်ခံချက်ကို ထုတ်ပြန် ကြေညာခဲ့သော်လည်း တရားဝင် စာဖြင့် သက်ဆိုင်ရာများသို့ပေးပို့သွားရန်မှာမူ စီစဉ်နေဆဲသာဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့က မဇ္ဈိမကို ပြောသည်။

“မနက်ဖြန်လောက် ပို့ဖို့ ကြိုးစားနေပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အနာဂတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတို့နှင့် တိုက်ရိုက်ဆက်စပ်သည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အရေးကြီးနေချိန်တွင် ခေါင်းဆောင်များ၏ တွေ့ဆုံမှုသည် အကောင်းဆုံး ရလာဒ်များ မျှော်လင့်နိုင်မည်ဟု ယုံကြည်သည်ဟု ၎င်းတို့က ဆိုသည်။

“တွေ့ဆုံပွဲကို ရာနှုန်းပြည့် ဖြစ်စေချင်တယ်။ တိုင်းပြည်အနာဂတ်တစ်ခုလုံးနဲ့ ဆိုင်တာဖြစ်လို့ အဆင်ပြေချောမွေ့ သွား၊ အောင်အောင်မြင်မြင် ဖြစ်သွားမယ်ဆိုရင် တိုင်းပြည်လည်း မျက်နှာပန်းလှမှာပါ”ဟု ဦးဝင်း မြင့်က သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မေတ္တာရပ်ခံမှုသည် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသာဖြစ်၍ သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်တို့ဘက်မှ လက်မခံနိုင်စရာ အကြောင်းမရှိဟု နိုင်ငံရေး လေ့လာ သုံးသပ် သူများနှင့် အခြားသော နိုင်ငံရေးအင်အားစုအချို့က သုံးသပ်သည်။

“တစ်ဖက်က လက်ခံလား လက်မခံဘူးလားဆိုတာတော့ ကံသေကံမ ပြောလို့မရဘူး။ ဒါပေမဲ့ လက်ခံမယ်လို့ ထင်ပါတယ်”ဟု စာရေးဆရာ ဦးကျော်ဝင်းက သုံးသပ်သည်။

လက်ရှိ ခေါင်းဆောင်များသည် လက်ရှိအချိန်အခါ၌ ယခင်နည်းလမ်းဟောင်းများ အလုပ်မဖြစ်တော့ဟူ သည်ကို သဘောပေါက်ကြသူများဟု ယုံကြည်သည်ဟု နိုင်ငံရေးဆိုင်ရာ အတွေးအမြင်များ လေ့လာပို့ချ သူတစ်ဦးလည်းဖြစ်သည့် ၎င်းက ပြောသည်။

ပြည်တွင်းနိုင်ငံရေးသမားအချို့ကမူ ကမ်းလှမ်းမှုသည် အခြေခံဥပဒေ အသစ်ရေးဆွဲရေး မဟုတ် သဖြင့် တွေ့ဆုံမှုရလဒ်နှင့် တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါမပါတို့ကို များစွာမျှော်လင့် မထားဟု ဆိုကြသည်။

သို့သော် “တွေ့ရင်တော့ အတိုင်းအတာတစ်ခုအထိ ကောင်းပါတယ်”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က သုံးသပ် ပြောဆိုသည်။

နိုင်ငံရေးအင်အားများ အားလုံးနီပါးကမူ တွေ့ဆုံပွဲဖြစ်မြောက်မည်ဟု မျှော်လင့်ထားပြီး နိုင်ငံရေးဖြစ်စဉ် တစ်ခုသို့ တစ်ဆင့်တက်လှမ်းနိုင်ရေး ကြိုးပမ်းနိုင်ကြရန်တော့ လိုသည်ဟု သုံးသပ်သည်။

“အားလုံး ရိုးရိုးသားသားနဲ့ ပြည်သူလူထုအတွက်ပဲ ဖြစ်မယ်ဆိုရင်၊ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားချင်တယ်ဆိုရင်တော့ ဒီတွေ့ဆုံပွဲက ဖြစ်မှာပေါ့”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးအေးမောက်က ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုတွင် လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဆိုင်ရာကိစ္စ ပါဝင်မည်ဆိုပါက ထိလွယ်ရှလွယ် ဖြစ်နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်၏ ၂၀၀၈ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ၎င်းက သုံးသပ်သည်။

ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှု၏ သရုပ်သကန်ဖြစ်သည့် အဆိုပါတွေ့ဆုံပွဲ ဖြစ်မြောက်ရေးနှင့် တစ်စုံတရာ အကျိုးဖြစ်ထွန်းမှုများကို မျှော်လင့်နေသည်ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီကလည်း ဆိုသည်။

Mizzima

မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲထုတ်လွှင့်ရာတွင် ဖမ်းယူနိုင်မည့်စက်သုံးသိန်း အခမဲ့ပေးဝေမည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်ရာတွင် ဖမ်း ယူနိုင်မည့် Set Top Box အလုံးရေသုံးသိန်းကျော်ကို အခမဲ့ပေးဝေသွားမည်ဖြစ်သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က နိုဝင်ဘာ ၂၄ ရက်က ပြောသည်။


၎င်းက ယင်းသို့ပြောကြားခြင်းမှာ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ သိမ်ဖြူရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ် ဝေရေး လုပ်ငန်း၏ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင်ဖြစ်ပြီး မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ယခုနှစ်ကုန်ပိုင်းမှစတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ တွင် DVBT2 (Digital Video Broadcasting Teresstrial) စနစ်ဖြင့် စတင်ထုတ်လွှင့်မည်ဖြစ်သည်။

ယင်းသို့ထုတ်လွှင့်ရာတွင် ရုပ်သံလိုင်းသစ်လေးလိုင်းကို ထပ်မံထုတ်လွှင့်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆင့်ငါးဆင့်ခွဲခြားဆောင်ရွက်သွားမည်ဖြစ်ကာ ရုပ်သံဖမ်းစက်များကိုလည်း အဆင့် လိုက်ဝေပေးသွားမည်ဖြစ်သည်ဟုလည်း ဦးဝင်းကြည်က ပြောသည်။ အဆိုပါ ရုပ်သံဖမ်းစက်များကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ သန်း အကုန်အကျခံကာ ၀ယ်ယူထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဆီးဂိမ်းကာလမတိုင်မီ ဝေပေးမည်ဖြစ်ကာ အလုံးရေ ၂၀,၀၀၀ ကျော်ကို ဝေပေးသွားမည်ဖြစ်သည်ဟုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒုတိ ယ အင်ဂျင်နီယာချုပ် ဦးလှိုင်မိုးက မဇ္ဈိမကို ပြောသည်။

၎င်းက “ဆီးဂိမ်းအမီကိုတော့ စက်လုံးရေ ၂၀,၀၀၀ လောက်ပဲဝေနိုင်ဦးမှာပါ။ လောလောဆယ် DVBT2 စနစ်ကို ဖမ်းယူရရှိနိုင်မယ့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတွေကို အခမဲ့အရင်ပေးဝေ သွားမှာပါ”ဟု ပြောကြားသည်။

ယင်းစက်များကို ဝေပေးရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရများ၏ အစီအစဉ်ဖြင့် ဝေပေးသွား မည်ဖြစ်ကာ မရရှိသည့်သူများအနေဖြင့် ဈေးကွက်အတွင်းရှိ တင်သွင်းရောင်းချမည့်ဆိုင်များတွင် ၀ယ် ယူနိုင်မည်ဖြစ်သည်ဟုဆိုသော်လည်း ရောင်းချမည့်အစီအစဉ်များကိုမူ အသေးစိတ်ပြောကြားခြင်း မရှိ သေးပေ။

ရုပ်သံဖမ်းစက်များ ဝေပေးရာတွင် စီးပွားဖြစ်မဟုတ်သော ဆေးခန်းများ၊ စာသင်ကျောင်းများ၊ အများပြည် သူ ကြည့်ရှုရန်နေရာများနှင့် မိဘမဲ့ကျောင်းများ၊ လူအိုရုံ၊ မသန်စွမ်းကျောင်းများ၊ ပြည်သူ့စာကြည့်တိုက် များ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် သာရေး၊ နာရေး အသင်းများသို့ ဝေပေးမည်ဖြစ်သည်ဟုလည်း ညွှန် ကြားရေးမှူး ဦးဝင်းကြည်က ပြောသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ယခင်က Analogue စနစ်ဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကုန်မှစ၍ DVBT2 စနစ်သို့ ပြောင်းလဲထုတ်လွှင့်ရာတွင် တစ်နိုင်ငံလုံးချက်ချင်း ပြောင်းလဲမည် မပာုတ်ဘဲ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြောင်းလဲမည်ဖြစ်သည်။

ပြောင်းလဲထုတ်လွှင့်ပေးရာတွင် လက်ရှိထုတ်လွှင့်ပေးနေသောစက်ရုံများ အားလုံးကို ဒီဂျစ်တယ်စနစ်ဖြင့် တစ်ပြိုင်နက်တည်းထုတ်လွှင့်မည်မဟုတ်ဘဲ ဒေသအလိုက် Analogue နှင့် ဒီဂျစ်တယ်စနစ်ကို ပူးတွဲပြီး သုံးနှစ်ထုတ်လွှင့်ပေးမည်ဖြစ်ပြီး set top box မရှိသူများ အနေဖြင့်လည်း ပုံမှန်ထုတ်လွှင့်ပေးနေသော ရုပ်သံလိုင်းများကို ဆက်လက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ set top box ဖြင့် ဖမ်းယူရရှိနိုင်သော လိုင်း အသစ်များမှာ MRTV/MITV, FARMER, NATIONAL RACES & HLUTTAW CHANNEL တို့ ဖြစ်သည်။

စနစ်နှစ်မျိုးဖြင့် တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပေးမည့် သုံးနှစ်တာကာလ ကျော်လွန်ပါကAnalogueစနစ်ကို ရပ်ဆိုင်းမည်ဖြစ်ပြီး နောက်ပိုင်းတွင် set top box ဖြင့်သာ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်သည်။

Mizzima

အသွင်ယူသက်သေနှင့်အတူ ပျော်ပါးစေပြီး ပြည့်တန်ဆာလုပ်ငန်းကို ၀င်ဖမ်း

ပြည့်တန်ဆာနှစ်ဦးကို ဟိုတယ်တစ်ခုသို့ လာရောက်ရန် ဖုန်းဆက်ချိန်းဆိုကာ အသွင်ယူ သက်သေဖြင့် ပျော် ပါးစေပြီးနောက် ဖမ်းဆီးလိုက်ပြီး ယင်းလုပ်ငန်း ဦးဆောင်လုပ်ကိုင်နေသူများကိုလည်း နိုဝင်ဘာ ၂၂ ရက်က ဖမ်းဆီး လိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။


တာမွေမြို့နယ်၊ ဗညားဒလလမ်းတွင် နေထိုင်သူ ၃၀နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ပြည့်တန်ဆာ အမျိုးသမီးငယ်များ စုဆောင်းကာ ပြည့်တန်ဆာ လုပ်ငန်းကို စီမံကြီးကြပ်လုပ်ဆောင်နေကြောင်း သတင်း ရရှိခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အသွင်ယူသက်သေများဖြင့် ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ် သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့သည် အသွင်ယူသက်သေနှစ်ဦးကို မြန်မာကျပ်ငွေ ၅၀၀၀ တန်၂၀ ရွက်တိတိ သက်သေများရှေ့တွင် ပေးအပ်၍ ပြည့်တန်ဆာ ခေါင်းကိုင်ဆောင်သော လက်ကိုင်ဖုန်းသို့ ဆက်သွယ် ကာ ပြည့်တန်ဆာ ကိစ္စပျော်ပါးရန်အတွက် အမျိုးသမီးနှစ်ဦးအား စေလွှတ်ပေးရန် ပြော ဆိုခဲ့ သည်။

ထို့နောက် အသက် ၂၀ နှစ်အရွယ် နှင့် ၂၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦးသည် ဗဟန်းမြို့နယ် ဓမ္မစေတီ လမ်းရှိ တည်းခိုရိပ်သာတစ်ခုသို့ ရောက်ရှိလာပြီး အသွင်ယူသက်သေနှစ်ဦးနှင့်အတူ ပြည့်တန်ဆာ ကိစ္စ ပျော်ပါးနေ စဉ် ရဲအုပ်ဟန်မျိုးအောင် ဦးဆောင်သောအဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့သည်။

၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်အရ ပြည့်တန်ဆာလုပ်ငန်းကို အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက စီမံကြီးကြပ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ညနေ ၃ နာရီတွင် တာမွေမြို့နယ်ရှိ ၎င်းတို့နေ ထိုင်ရာတိုက်ခန်းကို ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့သည်။

ယင်းတိုက်ခန်းတွင် ပြည့်တန်ဆာခေါင်းအပါအ၀င် အမျိုးသမီးသုံးဦးကို ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် ရာတွင် အသုံးပြုသည့် ဆက်စပ်သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်း ရဲစခန်းက (ပ)၄၅၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြည့်တန်ဆာပုဒ်မ ၅ (၁) ဖြင့် အရေးယူနိုင်ရန် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Mizzima

ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်နှစ်ပွင့်အား ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦး မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ



နိုဝင်ဘာ ၂၂ ရက်က ဗိုလ်ချုပ်အောင်ဆန်း ဈေး တွင်းရှိ ရတနာဆိုင် တစ်ဆိုင်မှ ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန် နှစ်ပွင့်ကို ခိုးယူခဲ့သည့် တရုတ် နိုင်ငံသား နှစ်ဦးအား မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန် အ ပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ပန်းဘဲတန်း မြို့မရဲစခန်းမှ စုံစမ်းသိရသည်။


အဆိုပါ ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၁၁ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗဟိုရုံဆိုင်အမှတ် (၂၉)တွင် ဖွင့်လှစ်ထားသည့် နေလ၀န်း ရတနာ ပစ္စည်းဆိုင်သို့ တရုတ်လူမျိုး အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဘူးအ နီဖြင့် ထည့်ထားသည့် နှစ်ရတီရှိ တန်ဖိုးကျပ်သန်း ၂၀ တန် စိန်အလွတ် နှစ်ပွင့်အား ၀ယ်ယူရန် ဈေးမေးကြ ည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ခဏအကြာတွင် ဈေးမတည့်သဖြင့် မ၀ယ်ယူလိုသဖြင့် ယင်းတရုတ် အမျိုးသားနှစ်ဦး ထွက်သွား ခဲ့ကြောင်း၊ ၎င်းတို့ ထွက်သွားပြီးနောက် စိန်အလွတ် နှစ်ပွင့် ထည့်ထားသည့် ဘူးအနီအား ဖွင့်ကြည့်ရာ စိန် အလွတ် နှစ်ပွင့်မှာ မရှိတော့ဘဲ ပျောက်နေသဖြင့် အဆိုပါ စိန်နှစ်ပွင့်ကို ခိုးယူသွားသည့် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား စုံစမ်းအရေးယူ ပေးပါရန် ဆိုင်ရှင်ဒေါ်မိုးမိုးက ပန်းဘဲတန်းမြို့မ ရဲစခန်းသို့ တိုင်ကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးအား မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်စုံစမ်း ဖမ်းဆီးခဲ့ ရာ နိုင်ငံကူးလက်မှတ် နံပါတ် E-30673483 ကိုင်ဆောင်ထားသည့် Mr.Luo Xiao Chun၊ (၃၆)နှစ်နှင့် နိုင် ငံကူးလက်မှတ် နံပါတ် E-37864511 ကိုင်ဆောင်ထားသည့် Mr. Luo Zhuan De အသက် (၃၆)နှစ်တို့ အား တွေ့ရှိခဲ့ပြီး Mr.Luo Xiao Chun ၏ ပိုက်ဆံအိတ် အတွင်းမှ ခိုးယူထားသည့် စိန်နှစ်ပွင့်အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်း မြို့မရဲစခန်းမှ တာဝန်ကျ တာဝန်မှူး တစ်ဦးက "ဒီ တရုတ်နိုင်ငံသား နှစ်ဦးကို ဒီနေ့ ရမန်ယူ ထား ပါတယ်။ သူတို့က တရုတ်နိုင်ငံကို ထွက်ပြေးဖို့ စီစဉ်နေတုန်း လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါ တ ယ်" ဟု နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ယင်းအမှုအား ပန်းဘဲတန်းမြို့မ ရဲစခန်းမှ (ပ)၃၈၁/၁၃၊ ပြစ်မှုပုဒ်မ-၃၈၀ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Eleven Media Group

SEA Game အားကစား ပရိသတ်များသို့ ကြိုတင်အသိပေး မေတ္တာရပ်ခံ



(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအနက်မှ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားနှင့် အမျိုးသား/ အမျိုးသမီး ဘောလုံး ပွဲစဉ်များအတွက် လက်မှတ်များ ကြိုတင်ရောင်းချပေးမည်ဖြစ်ရာ ဖွင့်ပွဲ/ ပိတ်ပွဲ လက်မှတ်များနှင့် ဘောလုံးပွဲ လက်မှတ်များ ဝယ်ယူ ရရှိထားပြီးသူများကိုသာ ကွင်းအတွင်း ဝင်ရောက်ခွင့်ပြုမည် ဖြစ် သည်။

ဘောလုံးပွဲစဉ်များတွင် လက်မှတ်ဝယ်ယူထားခြင်း မရှိသူများအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)တို့၏ စည်းမျဉ်းသတ်မှတ်ချက်များအရ ထိုင်ခုံမဲ့ ဝင်ရောက်ကြည့်ရှု ခွင့် မရှိ (မရှိ)သဖြင့် ထိုင်ခုံနေရာ သတ်မှတ်ချက်အတိုင်း လက်မှတ် ရရှိပြီးသူများကိုသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က ကြိုတင်အသိပေး မေတ္တာရပ်ခံထားကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့ ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ကျွန်တော် နှင့် NLD



ကျနော်ဟာ ပါတီဝင်မဟုတ်ပေမယ့် တစ်ချိန်က ထောင်ကျတဲ့အထိ NLDကိုရဲရဲတောက် ထောက်ခံ ခဲ့သူတွေထဲကတစ်ယောက်ပါ။


ဘာကြောင့်ဒီလိုထောက်ခံခဲ့သလဲဆိုတော့

၁။ ဒေါ်စုဟာ ဗိုလ်ချုပ်သမီးဖြစ်တာကြောင့်

၂။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ လူထုတစ်ရပ် လုံးက ဒေါ်စုကိုထောက်ခံတာကြောင့်ပါ။

ကျနော် ထောင်ထဲမှာအကြာကြီးနေခဲ့ပါတယ်။အပြုံးမပျက်ပါ။သီချင်းလေးဆိုပြီး ထောင်ကို ခြင်ထောင်လို သဘောထားနေခဲ့ပါတယ်။တရားထိုင် စာဖတ် ကျန်းမာရေးလုပ်ပြီး ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း လုပ်နေခဲ့တာပါ။ယုံကြည်ချက်အတွက် ဖမ်းဆီးချုပ်နှောင်ခံရတာဖြစ်လို့ ထောင်တွင်းမှာကြုံရတဲ့ဒုက္ခတွေ၊ လူတစ်ယောက်အဖြစ် တောင်မှ မပီပြင်တော့တဲ့ ချိုးနှိမ်ဆက်ဆံခံရမှုတွေအတွက်မတုန်လှုပ်တဲ့ အပြင် ဂုဏ်တောင်ယူမိပါတယ်။

ပြန်ရောက်တော့ ( လွတ်တော့ ) အပြင်ကဘဝလည်းဆုံးရှုံးကွယ်ပျောက်နေပြီဆိုတာသိလိုက်ရပါတယ်။ ကျနော့်ဇနီးက ကျနော့်စိတ်နဲ့ပဲဆုံးပါးသွားပါပြီ။(ကျနော့်ကိုလာတွေ့ဖို့ခက်အောင်အဝေးကြီးကိုပို့ ထားတာပါ။ ကျနော် မိသားစုနဲ့ နှစ်ကြိမ်ပဲတွေ့ခွင့်ရခဲ့ပါတယ်။ကျနော့်မှ ဘာပိုင်ဆိုင်ခွင့်မှ လည်း မရှိတော့ပါဘူး။ ကျောတစ်ခင်းစာတောင်မကျန်တော့တာပါ။ ကျန်နေတဲ့ကျနော့်သားလေးက အဒေါ် အိမ်မှာ မျက်နှာငယ်နဲ့ကပ်နေခဲ့ရရှာပါတယ်။

ကျနော့်ဘဝကို ဝလုံးကနေပြန်ဝိုင်းရပါတယ်။ ကျနော် ကောင်းရောင်းကောင်းဝယ်နဲ့ပဲပြန်ရုန်းကန် ထမြောက်နိုင်ခဲ့ပါတယ်။ ကျနော် နိုင်ငံရေးလုပ်ခဲ့တာအတွက် ဘယ်တော့မှ နောင်တလည်းမရပါဘူး။ လူသိသိ မသိသိ ကျေနပ်ဂုဏ်ယူပါတယ်။ဘယ်ပါတီအဖွဲ့အစည်းမှလည်းမဝင်ခဲ့ပါ။ ဒီမိုကရေစီကို အမှန်တစ်ကယ်မြတ်နိုးတဲ့စိတ်နဲ့အာဏာရှင်စနစ်ကို ဝင်တိုက်ခဲ့တာပါ။ နေရာမလိုချင်တော့ လူမသိ သူမသိ သာမန်နိုင်ငံရေးသမားဘဝ မှာသာ ကျင်လည်ခဲ့တာပါ။( လုပ်ခဲ့တာတော့ သာမန်မထင် ပါနဲ့။ကျနော့်ကို အာဏာရှုအစိုးရက အမုန်းဆုံးထဲမှာပါလို့ အဝေးဆုံးမှာပို့ပြီးအခန်းထဲ ပိတ်လှောင်ထား ခဲ့တာပါ။)

ကျနော်က ဒေါ်စုကို အလွတ်ကြီးဆန့်ကျင်နေတယ်လို့ထင်တဲ့သူတွေအတွက်နည်းနည်းပြောပြတာပါ။ ကျနော် လွန်ခဲ့တဲ့လအနည်းငယ်အထိ ဒေါ်စုကို သဘောမကျတာတွေများလာပေမယ့် ခေါင်းဆောင် ရှားပါးတာကြောင့်ဖာဖာထေးထေးသက်သက်ညှာညှာပဲရေးခဲ့ပြောခဲ့တာပါ။ အခု ကျနော် အခြေ အနေအရ ရပ်တည်ချက်ကိုလုံးဝပြောင်းလိုက်ရပါတယ်။ ဒီလိုဖြစ်အောင်အဓိကကတွန်းပို့တာကတော့ ဒီလပိုင်းတွေမှာ လုပ်တဲ့ ဒေါ်စုအလုပ်တွေ ပြောတဲ့ ဒေါ်စုအပြောတွေဟာ ဒီမိုကရေစီ စစ်စစ်မှန်မှန် ပေါ်ထွန်းရေးနဲ့ အခြေခံလူတန်းစားတွေ အသက်ရှူချောင်ဖို့ကိစ္စကို အဟန့်အတားဖြစ်လာလို့ပါ။( တစ်ချိန်က ကျနော်တို့လို အပြင်ကလူတွေပံ့ပိုးမှုနဲ့ ပါတီဟာတောင့်တင်းခဲ့တာပါ။ )

၁။အခြေခံဥပဒေ ပြင်ပြီးမှ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်ခိုင်းနေပါတယ်။လုံးဝလက်မခံနိုင်ပါ။ လူထုဟာ နှစ်ပေါင်းများစွာအာဏာရှင်စနစ်အောက်မှာ နစ်မွန်းနေခဲ့ပြီးဒေါ်စုနဲ့အတိုက်အခံတို့ရဲ့ ပိတ်ဆို့ရေးပေါ်လစီကြောင့် နူရာဝဲစွဲခဲ့ရတာပါ။ အခု စီးပွားရေးကောင်းမှ ဖြစ်တော့မှာဖြစ်ပါတယ်။ တိုင်းပြည်မှာ နိုင်ငံတကာကပိတ်ထားလို့ ခရိုနီဆိုတာပေါ်ပေါက်လာခြင်းဖြစ်ပြီး လူလိုသူလိုစီးပွားရှာတဲ့ နိုင်ငံခြားကုပ္မဏီတွေ လာမှဖြစ်တော့မှာပါ။အစစအရာရာလူစဉ်မီဖို့ တခြားနည်းလမ်းမရှိပါဘူး။

၂။အခြေခံဥပဒေကို ၂၀၁၅မတိုင်ခင် ပြင်ဖို့တစ်ခုထဲ လုပ်နေတာ လက်တွေ့မကျတဲ့အပြင် မမြော်အမြင်နည်းလွန်းရာကျပါတယ်။ ကျနော်လည်းဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အခြေအနေ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ စစ်တပ် အခုချက်ချင်း ရရင် လိုချင် ပါတယ်။ကျနော်မက်မောတာ ဒီမိုကရေစီသက်သက်ပါ။ ပါဝါနိုင်ငံရေးကို လုံးဝစိတ်မဝင် စားတာကြောင့် ဘယ်သူဘာအာဏာရရ ကျနော်နဲ့မပတ်သက်ပါ။ဒီမိုကရေစီရေးကတော့ ကျနော်နဲ့ရော ခင်ဗျားနဲ့ရော တခြားနိုင်ငံသားအားလုံးနဲကရော လုံးဝပတ်သက်နေပါတယ်။

မမွေးသေးတဲ့ကျနော်တို့နောက် လူလုပ်မယ့်မျိုးဆက်တွေနဲ့လည်း ပတ်သက်နေပါတယ်။ဒီတော့ ခိုင်မာတဲ့သေချာတဲ့ဒီမိုကရေစီရေးအတွက် လက်တွေ့ကျကျ လုပ်ဖို့ပဲ အခိုင်အမာဆုံးဖြတ်ရပါတယ်။ ကျနော် အခုထက်လည်းပိုလုပ်ပါအုံးမယ်။ ဘယ်တော့မှလည်းရပ်မှာမဟုတ်ပါ။ နိုင်ငံရေးမှာ အားနာပါးနာထောက်ခံနေရမယ့်အခြေအနေ ကုန်သွားပါပြီခင်ဗျာ။ ကျနော်ပုဂ္ဂိုလ်ရေးအရ ဘယ် နိုင်ငံရေးသမားကိုမှ မုန်းတဲ့စိတ်ဘယ်တော့မှရှိမှာမဟုတ်ပါ။ နိုင်ငံနဲ့ လူထုအကျိုးစီးပွားအတွက်ကတော့ အရင်ကလည်းဘဝပေးပြီးထောက်ခံခဲ့ပြီးပါပြီ။ အခုလည်းနည်းလမ်းမကျသရွေ့တော့ ဘဝပေးပြီး ဝေဖန်ထောက်ပြနေမှာပါ။

တစ်ခုပဲ ပြောပါရစေ။ ဒေါ်စုဟာလောလောဆယ်မှာ မဟာဗျူဟာကော နည်းဗျူဟာပါ အကြီးအကျယ်လွဲနေပါပြီ။ ဒါဟာ သူ နိုင်ငံရေးအရ ဒုက္ခရောက်ရမယ့်ကိစ္စဖြစ်နေလို့ပြင်လိုပြင်ငြား ပြောနေ ရခြင်းဆိုတာ အားလုံးသိစေချင်ပါတယ်။

မြန်မာနိုင်ငံ မြန်မြန်ဒီမိုကရေစီရဖို့ လောလောဆယ်နည်းလမ်းတစ်ခုပဲရှိပါတယ်။အတိုက်အခံတွေ တပ်ကိုကြည်ဖြူစွာလက်တွဲလိုက်ပါ။တပ်ကလည်းပြုပြင်ပြောင်းလဲရေးတွေ တွန်းလုပ်နေတာကိုလေ့လာပါ။ ဒီမိုကရေစီမပေးချင်ရင်အခုပေးထားတဲ့အခြေအနေ ဟာတပ်အတွက် စွန့်စားခန်းဖြစ်ပါတယ်။ မပေး ချင်ရင် အခုပေးထားတာများလွန်းပါတယ်။ မပေးချင်ရွေးကောက်ပွဲမလိုပါ။ သေနတ်ကိုဖင်ခုထိုင်ထားရင် ခင်ဗျားလည်းမတတ်နိုင်ကျနော်လည်းမတတ်နိုင်ပါဘူး။ နှစိနှစ်ဆယ်ကျော်သူတို့လုပ်လာတာ မေ့ပစ် လို့မရပါ။ ဘာပိတ်ဆို့မှုမှထပ်ဂရုမစိုက်ပါ။ လူထုကဒီမိုကရေစီလိုချင်တယ်ဆိုတဲ့တစ်ချက်ထဲနဲ့ ဖြည်းဖြည်း ချင်းပြောင်းဖို့လုပ်နေခြင်းဆိုတာ သိကြစေချင်ပါတယ်ခင်ဗျာ။ စစ်သားတွေလည်း တိုင်းပြည်ချစ်တယ် ဆိုတာသတိပြုပါ။ နိုင်ငံရေးအမြင်မတူကြတာပါ။ တပ်က နိုင်ငံရေးထဲကို နိုင်ငံရေးသမားတွေ သောက်သုံး မကျလို့ရောက်လာရတာဖြစ်တယ်ဆိုတဲ့အချက်ကိုနိုင်ငံရေးသမားတို့ ဖုံးဖိမထားစေချင်ပါ။ အခုမှ မောင်းထုတ်လို့မရပါ။ တိုင်းပြည်ပျက်လို့ ပစ်ရခတ်ရရင် သူပဲ ငပွကြီးဖြစ်မယ်ဆိုတာသိလို့ ထိန်းထိန်း သိမ်းသိမ်း ဆုတ်နေတယ်ဆိုတာ လက်ခံရင်

ကျနော်တို့ မြန်သွားပါလိမ့်မယ်ဗျာ။ ။

ပိုက်တင်

KUPC က အထက်မြန်မာပြည် ကရင်လူထုနှင့် တွေ့ဆုံပွဲ မန္တလေးမြို့၌ ဒီဇင်ဘာလတွင် ပြုလုပ်မည်

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကိစ္စရပ်များတွင် အထက်မြန်မာပြည်ရှိ ကရင်လူထု၏ သဘောထားဆန္ဒ ရယူ ရန် မန္တလေးမြို့၌ ယခုနှစ် ဒီဇင်ဘာလတွင် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းကော်မတီ (KUPC)က တွေ့ဆုံ ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင် ပြည်စိုးက ပြောကြားသည်။


ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ အနေဖြင့် ကရင်လူထု၏ သဘောဆန္ဒ ရယူရန် လူထုတွေ့ ဆုံပွဲကို ကရင်တိုင်းရင်းသားများ အများစု နေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာတိုင်း ဒေသ ကြီး၊ ပဲခူတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် KNU ဗဟိုဌာနချုပ် တည်ရှိရာ ကော်သူလေးဒေသတို့တွင် ပြုလုပ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်း ဦးမန်းအောင်ပြည်စိုး၏ ပြောကြား ချက်အရ သိရသည်။ ထိုသို့ လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ရည်ရွယ်ပြီးနောက် KUPC အနေဖြင့် လှိုင်းဘွဲ့၊ ဘားအံ၊ သထုံ၊ ပဲခူး၊ ရန်ကုန်၊ ထားဝယ်၊ မြိတ်၊ မြ၀တီ၊ သံဖြူဇရပ် စသည့်မြို့များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သော KUPC အစည်းအဝေးတွင် ဆုံး ဖြတ်ချက်လေးခု ချမှတ်ရာ မပြီးပြတ်သေးသော လူထုတွေ့ဆုံပွဲများ ဆက်လက်လုပ်ဆောင်ရန် အချက်ကို ထည့်သွင်းဆုံးဖြတ်ခဲ့ပြီး အထက်မြန်မာပြည် ဒေသများအတွက် မန္တလေးတွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

"လူထုဆီက ဘာတွေအသံထွက်တယ်။ ဘာတွေတုံ့ပြန်တယ်။ ဘာကိုလိုလားတယ်။ ဘာကိုအကြံပြု နိုင်သ လဲ ဆိုတာကို အောက်ခြေအထိ ဆင်းပြီးတော့ ကျွန်တော်တို့ ကော်မတီက လိုက်လံတွေ့ဆုံတာပါ။ ငြိမ်းချမ်း ရေးနဲ့ စည်းလုံးရေး အတွက်ပဲ" ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ထိုကဲ့သို့ လူထုနှင့် တွေ့ဆုံဆွေးနွေးရာမှ ရရှိလာသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ သဘောထားများ၊ ကော်မတီ အဖွဲ့ဝင် အဖွဲ့အစည်းများမှ အကြံပြုချက်များ ပေါင်းစပ်၍ စာတမ်းတစ်စောင် ရေးသားပြုစုကာ ကော်မတီ အနေဖြင့် အစိုးရနှင့် KNU အဖွဲ့သို့ ပေးအပ်ရန်ရှိကြောင်း ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ KNU ဗဟိုကော်မတီ အဖွဲ့ဝင် ဖဒိုစောလှထွန်းက ပြောကြားသည်။

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီကို ကရင်လွှတ်တော် ကိုယ်စားလှယ်အချို့ အပါအ၀င် ကရင် အဖွဲ့အစည်း အသီးသီးမှ စုစုပေါင်း ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် အဖွဲ့ဝင် ၅၂ ဦးရှိပြီး အ ရန်အဖွဲ့ဝင် ၁၀ ဦး ထပ်မံတိုးလာကြောင်း ဦးမန်းအောင်ပြည်စိုး၏ ပြောကြားချက်အရ သိရသည်။

Eleven Media Group

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ရန်ကုန်မြို့၌ ယနေ့တွေ့ဆုံမည်



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌဒေါ်ဆောင်ဆန်းစုကြည်နှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ စုပေါင်းဖွဲ့စည်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ် ကြောင်း UNFC အဖွဲ့ထံမှ သိရသည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည့် သတင်းအား UNFC မှ ဦးထွန်းဇော်က အတည်ပြု ပေးခဲ့ပြီး UNFC ခေါင်းဆောင်များ၏ ရန်ကုန်ခရီးစဉ်တွင် ပြုလုပ်မည့် အစီအစဉ်များအား သတင်း ထောက်များအား ရှင်းပြပါသည်။

"မနက်ဖြန် ညနေပိုင်းမှာတွေ့ဖြစ်မယ်။ သုံးနာရီ နောက်ပိုင်းမှပါ။ ဘယ်မှာတွေ့မယ် ဆိုတာကိုတော့ မပြော တတ်သေးဘူး။ ကျွန်တော်တို့ ဒီကိုရောက်တုန်း တွေ့ချင်တာပေါ့" ဟု ဦးထွန်းဇော်မှ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် UNFC ခေါင်းဆောင်များ၏ သတင်းရှင်းလင်းပွဲ အပြီး တွင် ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၂၅ ရက်၌ပင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညီ နောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာသော UNFC ခေါင်းဆောင်များသည် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် Myanmar Peace Center ၌ အလွတ်သဘော တွေ့ဆုံခဲ့ရာ ၀န်ကြီးဦးအောင်မင်း က UNFC ခေါင်းဆောင်များအနေဖြင့် လွတ်လွတ်လပ်လပ် ကြိုက်သည့်နေရာသို့ သွားနိုင်ပြီး မည်သူနှင့်မ ဆို မည်သည့်ပါတီနှင့်မဆို တွေ့ဆုံနိုင်သည်ဟု ပြောကြားသည်။

မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မီဒီယာများနှင့် တွေ့ဆုံခြင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် UNFC ခေါင်းဆောင်များ၏ 
သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်

Eleven Media Group

၈၈ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအ၀င်၊ အရပ်ဘက် လူ့အဖွဲ့စည်း ၅၁ ဖွဲ့မှ ပုဒ်မ ၁၈ အား ပြင်ဆင်ပေးရန်နှင့် ယင်းပုဒ်မဖြင့် တရားစွဲဆို ထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို

ပြည်တွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင် ပွင့်လင်းလူ့အဖွဲ့စည်းရုံးတွင် အရပ်ဘက် လူ့အဖွဲ့စည်း ၅၁ ဖွဲ့မှ ပူးပေါင်းပြုလုပ်ခဲ့သည်။


အဆိုပါ ရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း အပါအ၀င် ဗမာတစ်နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရေစီအရေး အစဉ်ဆက်မပြတ် လှုပ်ရှားတောင်းဆိုသူများ၊ GENE RATION WAVE အပြင် အရပ်ဘက် လူ့အဖွဲ့စည်း ၅၁ ဖွဲ့တို့မှ ငြိမ်းချမ်း စွာ ဆန္ဒဖော်ထုတ်သူများ၊ နိုင်ငံရေး လှုပ်ရှားသူများကို ဖိနှိပ်ချုပ်ချယ်၊ ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေ သော ပုဒ်မ-၁၈ ကို ပြင်ဆင်ပေးရန်နှင့် ယင်းအမှုဖြင့် ဖမ်းဆီးတရားစွဲဆို ထားသူများအား ပြန်လွှတ်ပေးရန် အစိုးရအား တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

"တစ်ချိန်တုန်းကလည်း ကျွန်တော်တို့ကို ၅ (ည) နဲ့ ထောင်ချခဲ့ဖူးတယ်။ ပုဒ်မ ၅၀၅ (ခ) နဲ့လည်း ထောင်ချ ခဲ့ တယ်။ ဒီပုဒ်မတွေဟာ နိုင်ငံရေး လှုပ်ရှားသူတွေကို တစ်ဖက်ကနေ ဖိနှိပ်ဖို့အတွက် လက်နက်သဖွယ် အ သုံးချခဲ့တဲ့ ဥပဒေ ပုဒ်မတွေပါ။ အခြားပုဒ်မတွေနဲ့ ထောင်သွင်းအကျဉ်းချ တာတွေလည်း ရှိပါတယ်။ အခု လည်း ဒီပုဒ်မ ၁၈ နဲ့ဆက်ပြီးတော့ ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်နေတယ်။ ပုဒ်မမျိုးစုံနဲ့ လှုပ်ရှားသူတွေကို ထောင်ထဲအကျုဉ်းချ။ ပုဒ်မ ၁၈ နဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖိနှိပ်တာတွေ ဆက်မလုပ်ဖို့၊ ခေတ်တစ် ခေတ်မှာ အန္တရာယ် ဖြစ်စေနိုင်တဲ့ ပုဒ်မတွေ ဆက်မသုံးဖို့ ပြောချင်ပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း သဘောထားကတော့ ပုဒ်မ ၁၈ ကို ပြင်ဆင်ဖို့ ပြောချင်ပါတယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ဦးပြုံးချိုက ပြောကြားသည်။

ထိုသို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သော အရပ်ဘက် လူ့အဖွဲ့အစည်း ၅၁ ဖွဲ့ အနေဖြင့် ပုဒ်မ-၁၈ ဖြင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်တွင်-မတရားသော ပုဒ်မများဖြင့် ဖမ်းဆီထားသော တက်ကြွ လှုပ်ရှားသူများ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများကို အမြန်ဆုံး ပြင်ဆင်ပေးကာ ပြည်သူလူထု လုံခြုံမှု အပြည့်အ၀ပေးရန် မိမိတို့ အဖွဲ့များမှ လေးနက်စွာ တောင်းဆိုသည် ဟူ ၍ သဘောထား ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။

"နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ချတာမျိုးတွေ ရှိလာ တာ က မဖြစ်သင့်ပါဘူး။ ပြီးတော့ ဆန္ဒထုတ်ဖော်တဲ့ မြို့နယ်တွေအလိုက် အမှုတွေများပြီး တရားစွဲဆို တာ မျိုးကလည်း ဥပဒေမှာ မရှိပါဘူး။ ဒီလို နိုင်ငံရေး လှုပ်ရှားသူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ပုဒ်မတွေ၊ ရှေ့နောက် မညီတဲ့ ပုဒ်မတွေကို ပြင်ဆင်သင့်ပါတယ်" ဟု ရှင်းလင်းပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က သုံးသပ်ပြောကြားသည်။

Eleven Media Group

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲကြောင်း အစိုးရဘက်က ကြေညာပေးရန် တောင်းဆိုထားသည်ဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

အစိုးရဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးရန် တောင်းဆိုထား သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲမှ ဖွဲ့စည်းခဲ့သည့် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင်၊ UNFC ၏ အထွေထွေအတွင်းရေးမှူးဦးနိုင်ဟံ သာက နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။


နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်ခြင်းသည် အချိန်များစွာ ယူရကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် အေးချမ်းစွာ ဆွေးနွေပါက ပိုမိုနားလည်မှု ရရှိသဖြင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရန် စီစဉ် ထားကြောင်း ဦးနိုင်ဟံသာက ပြောကြားသည်။

"ကျွန်တော်တို့က အပစ်ရပ်လက်မှတ် ထိုးပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲကို တက်လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ တစ်ခုလိုလားတယ်။ အဖွဲ့အချို့နဲ့ လက်မှတ်ထိုးပြီးတော့ ကျန်တဲ့အဖွဲ့ တစ်ချို့ကို ဖိ တိုက်တဲ့ ပုံစံမျိုး အစိုးရက အဲဒီလို အစဉ်အလာ လုပ်ခဲ့ဖူးတယ်။ ဒါမျိုး ကျွန်တော်တို့ အဖြစ်မခံသင့်ဘူး။ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဘာတောင်းဆိုလဲဆိုတော့ အစိုးရဘက်က တစ်ပြည်လုံး အပစ် အခတ် ရပ်စဲကြောင်း ကြေညာပေးပါ" ဟု ဦးနိုင်ဟံသာက ပြောကြားသည်။

လက်ရှိတွင် အစိုးရနှင့် ရှမ်းတိုင်းရှင်းသား လက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုများ ရရှိပြီးနောက် တိုက်ပွဲပေါင်း ရာကျော်ဖြစ်ပွားနေခြင်းမျိုးသည် အပစ်ရပ်စဲရေး လက်မှတ်ရေး ထိုးမှုကို အဓိပ္ပာယ်မရှိ ဖြစ်စေသည်ဟု ၎င်းကဆိုသည်။

လက်မှတ်ထိုးနိုင်ရေးအတွက် ခိုင်မာသည့် အနေအထားများ ဖန်တီးရာတွင် နီးကပ်နေသည့် တပ်များ၊ ရောနှောနေသည့် တပ်များနေရာချထားခြင်း တပ်များ၏ လှုပ်ရှားမှု ဂွင်များသတ်မှတ်ပေးခြင်း၊ စစ်ဘက် ဆိုင်ရာ စည်းကမ်းများ နှစ်ဖက်လုံးမှ လိုက်နာအောင် ဖန်တီးပေးခြင်း၊ အပစ်ရပ်စဲရေးကို စောင့်ကြည့်သည့် အဖွဲ့များ ဖွဲ့စည်းထားခြင်း စသည်တို့ကို ဆောင်ရွက်ရမည်ဟု ဦးနိုင်ဟံသာက ပြောကြားသည်။

Eleven Media Group

မောင်တောမြို့မဈေးအတွင်း ဆိုင်ခန်းနှစ်ခန်းနှင့် မြို့ပြင်ကားလမ်းဘေးမှ ဗလီအဟောင်းတစ်လုံး နာရီပိုင်းခြားပြီး မီးလောင်မှု ဖြစ်ပွားခဲ့



မောင်တောမြို့ပေါ် မြို့မဈေးနှင့် မြို့ပြင်ရှိ မြို့သူကြီး (ဘင်္ဂါလီ)ကျေးရွာနှင့် သုံးမိုင်ဝေသာလီ ကျေးရွာအ ကြား ရှိ ကားလမ်းဘေးမှ အဆောက်အအုံတစ်လုံး နာရီပိုင်းခြားပြီး မီးလောင်မှုနှစ်ခု နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။


ပထမဆုံး မီးလောင်မှုမှာ ည ၇ နာရီ ၁၀ မိနစ်တွင် မောင်တောမြို့ မြို့မစည်ပင်သာယာဈေးကြီး အတွင်းရှိ ဈေးအဆောင် 2B မှ ဆိုင်ခန်းနှစ်ခန်း မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိနစ် ၃၀ အတွင်း မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့ မြို့မစည်ပင်သာယာဈေးကြီး လက်ဝဲဖက်၊ ကမ္ဘာ့ရတနာဘဏ် အရှေ့ဖက် ဈေး အဆောင်နံပါတ် 2B မှ ဆိုင်ခန်းအမှတ် 2B 11 အဘူဘော်ကော် အလှကုန်နှင့် ဖိနပ်ဆိုင်ခန်းမှ စတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အခြားဈေးဆိုင်များသို့ မီးမကူးစက်စေရန် 2B ဈေးအဆောင်ရှိ ဆိုင်ခန်းများကို ဖြိုဖျက်လိုက်ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၁၀ သိန်းခန့်ဖြစ်ပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မောင်တောမြို့မ ရဲစခန်းမှ ပြစ်မှုအမှတ် (ပ)၁၃၄/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၆ အရ အမှုဖွင့် အရေးယူထားကြောင်းနှင့် ခြင်ဆေးခွေထွန်းပြီး မငြိမ်းဘဲ ဈေးပိတ်သွားရာက စတင်လောင်ကျွမ်းခြင်းဖြစ် ကြောင်း သိရသည်။

ယင်းမီးလောင်မှု ဖြစ်ပွားပြီးနောက် မောင်တောမြို့နယ်အတွင်း ကောလာဟလ သတင်းများ ပျံ့နှံ့နေ ခဲ့ ပြီးနောက် ည ၈ နာရီ အချိန်ခန့်တွင် မောင်တောမြို့ပြင် မြို့သူကြီး (ဘင်္ဂါလီ) ကျေးရွာနှင့် သုံးမိုင်ကျေးရွာ အကြားရှိ အသုံးမပြုတော့သည့် သက်ကယ်မိုး ဗလီဟောင်းတစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဘိုး ကျပ် ၃၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး လူ၊ တိရိစ္ဆာန် သေ ကြေပျက်စီး ဆုံးရှုံးမှု မရှိကြောင်းနှင့် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား ဆက်လက်စုံစမ်းလျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီမှ သိရသည်။

Eleven Media Group

နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေသော်လည်း မည်သည့်ပါတီကိုမှ ဘက်လိုက်မည် မဟုတ်ဟု ဦးတင်အေးဆို



နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေခြင်းကြောင့် ဝေဖန် ခံနေရသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတော် သမ္မတနှင့် နီးကပ်စွာနေလေ့ရှိသော်လည်း မည် သည့် ပါတီကိုမျှ ဘက်လိုက်မည် မဟုတ် ကြောင်း ပြောကြားသည်။


နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်ရှင် မဟာဗျူဟာ စီမံကိန်းအတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ ကာလသို့ ရောက်ရှိရန် တစ်နှစ်ကျော်ကျော်သာ လိုတော့သည့် အချိန်တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့ ပူးပူးကပ်ကပ် နေလေ့ရှိနေသည့် အချက်မှာ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ပြည်တွင်းထုတ် ဂျာနယ်အချို့က ဝေဖန် ရေးသားခဲ့မှုကို ၎င်းက ယင်းသို့ ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ပုဂ္ဂိုလ်ရေးအရ ခင်မင်တာပါ။ ခင်မင်တာနဲ့ ဘက်လိုက်တာနဲ့ တခြားစီပဲ။ အားလုံး ဥပဒေအောက်ကပဲ သွားနေတာပါ” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နီးကပ်စွာ နေခြင်းသည် မိတ်ဆွေအဖြစ် ခင်မင်ခြင်း ဖြစ်ပြီး ပါတီနိုင်ငံရေး လုပ်ခြင်း မဟုတ်သောကြောင့် ဘက်လိုက်စရာ အကြောင်း မရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။

“နိုင်ငံရေး ခေါင်းဆောင်ပိုင်းတွေရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို ကြည့်ပြီး ဘက်လိုက်ခြင်းရှိ မရှိ ပြောလို့မရဘူး။ အဲလို ပြောစတမ်းဆို ဘယ်သူမှလွတ်မှာ မဟုတ်ဘူး” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း အနေနှင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းပြီး လွှတ်တော်က ထောက်ခံ ခဲ့သောကြောင့် ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

Credit : The Voice Weekly

တရားလိုမှ တရားခံပြန်ဖြစ်တတ်သည်ဟု ဦးမိုးဟိန်း သတိပေး



သူရိယနေ၀န်းဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့် ရေးသားချက်များ အပေါ် တရားစွဲဆိုမည်ဟု ကြေညာထားချက်များ အား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန် စီစဉ် သူသည် တစ်ခါတလေ တရားခံအဖြစ်သို့ ပြန်လည် ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ် အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။


ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များ စုဆောင်းလျက်ရှိပြီး၊ မကြာမီတွင် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီတွင် ၀န်ထမ်းပေါင်းများစွာခန့်အပ်ထားပြီး၊ တရားစွဲဆိုရန် အတွက် ရှေ့နေပေါင်းများစွာ လည်းရှိကြောင်း ထူး ကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြော ကြားထားခြင်းကို အွန်လိုင်းနှင့် ပုဂ္ဂလိကသတင်းစာ အများစုတွင် ဖတ်ရှုပြီးဖြစ်ကာ တရားစွဲဆိုမည့်အချိန်ကို သာလျှင် ၎င်းမှစောင့်နေခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောကြားသည်။ 

“ကျွန်တော့်အနေနဲ့ သူတို့ဘယ်လိုပဲတရားစွဲစွဲအဆင်သင့် ပြင်ထားတယ်။ ပြောချင်တာတစ်ခုပဲရှိတယ်။ တစ်ခါတလေ ကျရင်တရားစွဲတဲ့သူက တရားခံပြန်ဖြစ် သွားတတ်သလို၊ ရှေ့နေကလည်း တရားခံပြန်ဖြစ် သွားနိုင်တယ်လို့တော့ ကျွန်တော်ပြော ချင်ပါတယ်”ဟု ဦးမိုးဟိန်းမှ ထပ်မံ အတည်ပြုပြောကြားသည်။ 

ယခုကဲ့သို့ရေးသားခြင်းမှာ ဦးမိုးဟိန်းအနေနှင့် ပြည်သူ လူထုများအတွက် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း၊ ၎င်း တို့ဘက်မှ တရားစွဲဆိုမည့်အပေါ် မိမိအနေဖြင့် အဆင့်သင့် ပြင်ထားပြီးဖြစ်ကြောင်း မိမိ၏လမ်းအား မိမိလျှောက်နေကြ သူများဖြစ်သည့်အတွက်၎င်းအနေနှင့် ရေးသင့်ရေးထိုက် ပြောသင့်ပြောထိုက် သည်များ ကို ပြောကြားမည်ဖြစ်ကြောင်း၊ ယင်းသို့ပြောကြားခြင်း များမှာ ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်း သာ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ 

“ကျွန်တော့်ကိုတရားစွဲမယ်ဆိုတော့ ကျွန်တော်တစ်ခုတော့ ပြောချင်တယ်။ သူ့ကိုပြည်သူတွေဘက်ကနေ တရားစွဲလို့ ရတာ အများကြီးရှိပါ သေးတယ်”ဟု ၎င်းကဖြည့်စွက်ပြော ကြားသည်။

နိုဝင်ဘာလ ၂၃ရက်နေ့ထုတ်သူရိယနေ၀န်း ဂျာနယ်တွင် ဦးတေဇနှင့် စိန်စီသောညများ၊ မင်းတို့ခရိုနီတွေ ဘင်္ဂလား ပင်လယ်အော် သို့ ခုန်ချကြ ပေတော့ဟု ရေးသားဖော်ပြ ခြင်းအား တရားစွဲဆိုသွားမည်ဟု ထူးကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြောကြားခဲ့ပြီး ယခုအချိန်ထိ သူရိယနေ၀န်း အယ်ဒီတာချုပ် ဦးမိုးဟိန်းဆီသို့ တရားရုံးမှ ဆင့်ခေါ်စာများ၊ ရှေ့နေမှ စာပို့ခြင်းများ မရှိသေးကြောင်း၊ ယခုကဲ့သို့ တရားစွဲဆိုမှု အပေါ် ဦးမိုးဟိန်းမှ ရင်ဆိုင် ရန် အဆင်သင့် ပြင်ဆင်ထားကြောင်း ဦးမိုးဟိန်းက ဆက်လက်ပြောကြားသည်။