Wednesday, November 13, 2013

ကျွန်တော့် ဖိနပ်လေးတစ်ဖက်ထပ်မပျောက်ပါရစေနဲ့ NLD



ယခု လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးရာ အခြေ အနေတစ်ခုဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ၊ အ သစ်ပြန်လည်ရေးဆွဲရေး အတွက် လူထု ဆန္ဒခံယူပွဲ တွေ ကို NLD က ဦးစီးဦးဆောင် လုပ်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ဒီဆန္ဒခံယူပွဲတွေမှာ တက်ရောက်လာသူတွေ က နည်းတယ် ၊ မနည်းဘူး ၊ မျှတတယ် ၊ မမျှတဘူး ဆိုတဲ့စသဖြင့် အသံတွေကို စုံနေအောင် မျိုးစုံကြားရဖတ်နေရပါတယ်။ဒီအတွက် ကျွန်တော်အနေနဲ့ တစ်ခုပဲ မေးချင်ပါသည်။


ဘာဆက်လုပ်မှာလဲ NLD ။ အဖြေကတော့ ရှင်းနေပါသည်။ လုပ်ထုံးလုပ်နည်းအရ ဆက်လုပ်စရာတစ်ခုပဲ ရှိပါသည်။လွှတ်တော်ကို အဆိုဆက်တင် လွှတ်တော်မှာ ဆက်ပြီး ဆွေးနွေး အဖြေက ဒါပဲဖြစ်ပါသည်။ ယခင်ကတည်းကပင် လက်ရှိအစိုးရ နဲ့ အခြားအဖွဲ့အစည်းများကလည်း အခြေခံဥပဒေကို လွှတ်တော်ထဲက ပဲပြင်ဆင်ဖို့ အားလုံးသဘောတူပြီးသားဖြစ်ပါသည်။ပြင်လိုရင်လည်း လွှတ်တော်ထဲမှာပဲပြင်ရမည်သာ ဖြစ်ပါသည်။ ဒါကိုမသိကျိုးနွံပြုပြီး NLD က ပြည်သူဆန္ဒ ခံယူပွဲဆိုပြီး အသံကုန်အော်ခဲ့ပါသည်။ ထို့နောက် မှသာ လွှတ်တော်ထဲ အဆိုတင်သွင်း ရသည့် ကိန်းကိုသာ ဆိုက်မည်ကို သိပါသည်။သို့သော် ဘာကြောင့် ပြည်သူ့ဆန္ဒ ဆိုတဲ့စကားနဲ့ တာသွားပြီး နောက်ဆုံးတော့လည်း လွှတ်တော်ပေါ်ပြန်ရောက်လာတာဟာ မြစ်ကိုအလျားလိုက် ကူးနေသလိုပဲ ထင်ရပေမယ့် ကြားကာလမှာမိမိဆန္ဒကို ပြည်သူ့ဆန္ဒ ပြည်သူ အသံဆိုပြီး ရောချဖို့ NLD လုပ်ဆောင်နေတာပဲဖြစ်တယ် ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား ပါတယ်။

NLD အနေနဲ့ ပြင်ဆင်ချင်တယ်ဆိုတဲ့ ပုဒ်မ အများစုဟာလွှတ်တော်မှာ လွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်းထောက်ခံမှု ရရှိမှာသာ ဆက်လက်ပြီး လူထုဆန္ဒခံယူပွဲလုပ်ပြီး ပြင်လို့ရမယ့် ပုဒ်မ များဖြစ်ပါ တယ်။သေချာကတော့ လွှတ်တော်ထဲက တပ်အင်အား ၂၅ ရာခိုင်နှုန် ကို ဖယ်ထုတ်ဖို့ဆိုတဲ့ NLD ရဲ့ အဆိုကို တပ်အင်အား ၂၅ ရာခိုင်နှုန်းကတော့ ထောက်ခံမှာ မဟုတ်တာ သေချာပါတယ်။ဒါဆို ၂၅ % ကို ဖယ်လိုက်ပါ။ကျန်တာက ပြည်ခိုင်ဖြိုးပါတီ နဲ့ အခြားပါတီငယ်အချို့ ကျန်မယ် ဒါဆို သူတွေအားလုံးကကော NLD ရဲ့ ပြင်ချင်တဲ့ အချက် အားလုံးကို ထောက်ခံမလား။ ဒါကတော့ ထည့်စဉ်းစားစရာ တောင်မလိုပါဘူး ။ NLD လုပ်သမျှကို ထောက်ခံမှု မရှိတဲ့ ပါတီငယ်တွေကိုရော ၇၅ % ပြည့်ဖို့အတွက် NLD ဘယ်လို ညှိနှိုင်းမှာလဲ ။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် လွှတ်တော်တွင်း အမတ် ၇၅ % ကတော့ NLD တင်သွင်းတဲ့ အဆိုကို ထောက်ခံဖို့ ဆိုတာ သီအိုရီအရ ပြောရရင်တော့ ဖြစ်လာနိုင်စရာ အကြောင်းကို မရှိဘူး။ အမတ်တစ်ယောက်မထောက်ခံရုံနဲ့ဒီကိစ္စပျက်သွားပါလိမ့်မယ်။ဒါကို မြန်မာနိုင်ငံရဲ့အကောင်းဆုံးပါတီလို့ ပြောတဲ့ NLD က နိုင်ငံရေး ဂုရုကြီးများ မသိဘူးဆိုတာတော့ လုံးဝ (လုံးဝ)မဖြစ်နိုင်ပါ။

ကောင်းပြီ ဒါဆို ဒီ ပွဲရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ ။ ဘာရည်ရွယ်ချက်ပဲဖြစ်ဖြစ် အခုထိ လုပ်ပြီးသမျှ ထဲမှာတော့ တပ်မတော် နဲ့ ရင်ကြားစေ့ရေး တစ်ခုမှ ပါမလာသေးပါဘူး။ ရင်ကြားပိုဟရေး တွေပဲ တွေ့နေရတယ်။

နိုင်ငံရေးဆိုတာ လက်တွေ့ဆန်ဖို့လိုပါတယ်။မဖြစ်နိုင်တဲ့ တစ်ဖက်ပိတ်နည်းလိမ်းတွေကို ရွေးချယ်ခဲ့မိလို့ အတိတ်မှာ လည်း တိုင်းပြည် ဆယ်စုနှစ် ၂ ခုကျော် အမှောင်ဖုံးခဲ့ပြီးပြီ။ ကျွန်တော်တို့ နိုင်ငံမှာ တပ်မတော် ကို ထိပ်တိုက်သွားပြီးရင်ဆိုင်လို့ အနိုင်ရခဲ့တဲ့ ဖြစ်ရပ်များ တစ်ခုတစ်လေ ရှိခဲ့ဖူးပါသလား။မရှိခဲ့ဖူးပါဘူး ။ ဒီ ဇာတ်လမ်းရဲ့ နောက်ဆုံး အဆုံးသတ်က ဘယ်လိုဖြစ်လာမလဲ လို့ တွေးကြည့်ရင်တော့.. လွှတ်တော်က ပြင်မရရင် လူထု တိုက်ပွဲ ဆိုတဲ့ဗကပ နည်းလုံးတွေ တစ်ကြိမ်ထုတ်သုံးဖို့ စဉ်းစားနေမယ်ဆိုရင်တော့ တပ်မတော်အနေနဲ့ လည်း ဗကပ နဲ့ရန်ကုန် အစိုးရလို့ အလှောင်ပြောင်ခံ ကျန်နေတဲ့ ကွက်ကွက်ကလေး ကနေ တစ်နိုင်ငံလုံးကို ပြန်လည် တိုက်ထုတ်ထားသူမို့ ဗကပခြေရာ လက်ရာ ဗျူဟာတွေ ကို အရိပ်မြင် တာနဲ့ ရင်းနှီးပြီးသားဖြစ်နေပါပီ။ ဒါကြောင့် လူထုတိုက်ပွဲနည်းလမ်း ကို ထပ်မရွေးဖို့တော့ အနူးညွတ် မေတ္တာ ရပ်ခံချင်ပါသည်။

ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် အကြောင်းကို တပ်မတော်သား ဖြစ်ဖူးသူက အသိဆုံးမို့ဖြစ်ပါသည်။ မနက် ၇ နာရီတိုင်း ဖိနပ် ခါးပတ် ပြောင်နေအောင်တိုက်ပြီး တန်းစီရသော ၊ဘားတိုက်က ကိုယ်ပိုင် သံသေတ္တာကိုတောင်ကြိုးတန်းပြီးညှိ စီရရီ ထားရသော ၊ တပ်ထဲက သစ်ပင်မှန်သမျှ အောက်ခြေ ၂ ပေ ထုံးသုတ် တူညီဝတ်စုံ ၀တ်ပေးထားသော ဆံပင်ပုံစံ တပုံစံတည်း သတ်မှတ်ထားသော ၊ ထမင်းနဲ့ ဟင်းကို စစ်သား တွေရဲ့ မျက်စိထဲမှာလမ်းပေါ်က လူထုတိုက်ပွဲ ဆိုတဲ့ အပေါ်မှာ ဘယ်လို ရှုမြင်မလဲဆိုတာကို အနည်းငယ် စဉ်းစားကြည့်လိုက်တာနဲ့ သဘောပေါက်နိုင်ပါသည်။ကိုယ့်လူထု ကိုယ့်အကြောင်းလည်း အခုချိန်မှာ သိသင့်နေပါပြီ။ ကျွန်တော်တို့ ပြည်သူတွေဟာ ကောက်ရိုးမီးလို စိတ်ဓာတ်များပါတယ် ၊ ရိုးသားတယ် ၊ အယုံလွယ်တယ် ၊သူစိတ်ထဲမှာ ခေါင်းဆောင်လို့ထင်ထားတဲ့သူက မြောက်ပေးလျှင် အကုန်လုပ်တယ်၊ မစားရ၀ခမန်းပြက်လုံးများ ကို အလွန်ကြိုက်သည်။ကျွန်တော်ကိုယ်တိုင်လည်းပါပါတယ်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ဒေါက်တာမောင်မောင်ရဲ့ “ကျွန်တော်တို့ တတွေ ဒီမိုကရေစီ ကို အတူတူ ပျော်ပျော်ပါးပါး အုတ်မြစ်ချရအောင်”ဆိုတဲ့ စကားကို ပျက်ရယ်ပြုပြီး ကမ်းလာတဲ့ လက်ကို ခပ်ကြမ်းကြမ်း ပုတ်ထုတ်ပြစ်ခဲ့ပါသည်။အောင်ပွဲကလက်တစ်ကမ်းမှာ ရောက်နေပြီ…အခွင့်အရေးဟာတိုက်ယူ မှ ရမည် ဆိုတဲ့ လက်ဝဲယိမ်း မုသာဝါဒတွေကို ယုံကြည်ပြီး “ငါသည် ဒီမိုကရေစီ မရမခြင်း ဤနေရာမှ မထတော့ပြီ”လို့ကြွေးကြော်၍ မန်းတလေး လမ်း ၈၀ ဆက်သွယ်ရေးရုံးကြီး ရှေ့မှာ ခိုင်မာသော သံဓိဌာန်ဖြင့် ရဲရဲ တောက် အစာအငတ်ခံ ဆန္ဒပြခဲ့ဖူးပါသည်။နောက်ဆုံးတော့ နာရီစင်ဘက်က မိုးပေါ်ထောင်ဖောက်လိုက်တဲ့ သေနတ်သံ သုံးလေးချက် အကြား ဖရိုဖရဲအလဲလဲအကွဲကွဲ နဲ့ အိမ်ပြန်ရောက်တဲ့အထိ တလကြမ်း မာရသွန်ပြိုင်ပွဲဝင်ခဲ့ရတာပဲ အဖတ်တင်ပါသည်။လမ်း၈၀ မှာ ကျွန်တော် ဖိနပ်တစ်ဖက်ကျကျန်ခဲ့ ပါသည်။အမှန်တော့ ဖိနပ်တစ်ဖက်သက်သက်တင် မဟုတ်ပါ အတိုက်အခံခေါင်းဆောင်တွေရဲ့ နိုင်ငံရေး အမြင်နည်းပါးမှုနဲ့ ကိုယ်ကျိုးအတ္တနဲ့ ပြည်သူအပေါ် လစ်လျူရှုခဲ့မှုတွေကြောင့် ကျွန်တော်ဖိနပ်လေး တစ်ဖက် နဲ့ အတူ တိုင်းပြည်ရဲ့ အနာဂါတ်လည်း အမှောင်ဖုံး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။

ကျေးဇူးပြုပြီးကျွန်တော်ဖိနပ်လေးတစ်ဖက်ထပ်မပျောက်ပါရစေနဲ့ NLD ။

ရဲမိုး

ဒေါ်အောင်ဆန်းစုကြည်၏ မဟာဗျူဟာအမှားလော



မကြာသေးမီကာလက ဥရောပခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကလွတ်လပ်စွာ တွေး ခေါ် သူများ အတွက်ပေးသော ဆာခ်ဟာရော့ဗ်ဆုကို လက်ခံရယူခဲ့သည်။ ယင်းဆုက ၁၉၉၀ ခုနှစ် ကတည်းက ဥရော ပပါလီမန်ကပေးအပ်ခြင်း ဖြစ်သော်လည်း ထိုအချိန်ကဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်ကျခံ နေရသည့် အတွက် လက်ခံရယူနိုင်ခဲ့ခြင်းမရှိခဲ့သည့်ဆု ဖြစ်သည်။ ယခုခရီးစဉ်တွင် သူမသည် ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး ပြည်သူများကို မိန့်ခွန်းပြောကြားခဲ့သည်။


ယခင်ခရီးစဉ်များအတွင်းကလည်း သူမအနေဖြင့် ကမ္ဘာ့ခေါင်းဆောင်များကို မြန်မာအစိုးရ၏ ပြုပြင်ပြောင်း လဲရေးပိုမိုပြုလုပ်ရန် ဖိအားပေးဖို့ တိုက်တွန်းခဲ့သည်ပင်။ သူမကခရီးစဉ်များအတွင်း အဓိကထောက်ပြ သည့် ပြဿနာမှာ “ဥရောပသမဂ်္ဂက မြန်မာနိုင်ငံဖွဲ့ စည်းပုံပြင်ဆင်ရေးကို ဖိအားပေးရန်” ပြောကြားခဲ့ သည်ချည်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေး တွင် တပ်မတော်၏အခွင့်ထူးခံနေရာရရှိနေခြင်းကလည်း အဓိက ပြဿနာတစ်ခု ဖြစ်နေကြောင်းလည်း သူမကဆိုသည်။ မြန်မာပြည် အတွင်း ပြုပြင်ပြောင်း လဲရေးအတွက် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့ အစည်းများက ဖိအားပေးရန်လူသိရှင်ကြားတောင်းဆိုခြင်းက အသစ် အဆန်းတော့ မဟုတ်ပေ။ အားလုံး မျှော်လင့်ထားပြီး ဖြစ်သည်။ သို့သော် ယင်းတောင်းဆိုခြင်းကပင် သူမအတွက် အန္တရာယ် အချို့ တော့ ရှိနေသည်။

သူမသည် နိုင်ငံတကာ၏လေးစားခင်မင်မှု ကိုရရှိနေခြင်းက သူမ၏အရှိန်အ၀ါကိုသုံးပြီး နိုင်ငံတကာမှ အစိုးရများ၊ အဖွဲ့အစည်းများနှင့် ထင်ရှားသော နိုင်ငံရေးသမားများ၏ ထောက်ခံမှုကိုရယူနိုင်သည်။

မြန်မာစစ်အစိုးရကို နိုင်ငံတကာမှဖိအားပေးရန် သူမကတွန်းအားပေးခဲ့သည်။ ပြင်းထန်သော နိုင်ငံရေးနှင့် စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ပြီး နိုင်ငံတကာကလည်း သူမပြန်လည်လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်း သား လွတ်မြောက်ရေးတို့ကို တောင်းဆိုခဲ့သည်။ မြန်မာအစိုးရကို လူအခွင့်ရေးလေးစားရန်နှင့် စစ်မှန် သောဒီမိုကရေစီ အစိုးရဖြစ်ရေးတို့ကိုလည်း နိုင်ငံတကာကတောင်းဆိုခဲ့ကြသည်။

၂၀၁၁ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်သည်ပါလီမန်သို့ ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။ စစ်တပ်ကလည်းအစိုးရတာဝန်များမှ တဖြည်းဖြည်းဆုတ်ခွာနေပြီး၊ နိုင်ငံ တကာကလည်း အကြံဉဏ်များ၊ အကူအညီများပေးခြင်းဖြင့် မြန်မာပြည်အတွင်းသို့ တက် သုတ်ရိုက်ဝင် ရောက် လာနေသည်။

ယင်းကြိုဆိုဖွယ်ရာ တိုးတက်မှုများနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး ခြင်းများ လည်းရှိခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတကာ အဆင့်အတန်းဖြင့် ဦးသိန်းစိန်အစိုးရကို ဖိအားပေးရန်ကြိုးစားနေပုံပေါ်သည်။ ယင်းသို့ ပြု လုပ်နေခြင်းဖြင့် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် သူမ လိုချင်သောရလဒ်ကို ရရှိမည်လားဆိုသည်ကတော့ မေးစရာဖြစ်နေသည်။

ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးလုပ်နေသော အရပ်ဘက်-စစ်ဘက် စပ်ကျား နိုင်ငံရေးစနစ်ကို အကောင်ထည်ဖော်နေသော အစိုးရကိုနိုင်ငံတကာဖြင့် ဖိအားပေးခြင်းက မူဝါဒအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ သူမ အဆိုကိုထောက်ခံရန် အထောက် အထားတော့ မရှိသေးပေ။ အမှန်စင်စစ်အားဖြင့် အမေရိကန်နှင့်အခြား ခေါင်းဆောင်များကလည်း စီးပွားရေးပိတ်ဆို့မှုများက စစ်အစိုးရထက်အရပ်သားများကို ပိုမိုထိခိုက်စေကြောင်းကို ဆိုခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများက မြန်မာအစိုးရကိုပိုမိုဖိအားပေးခြင်းက ဆန့်ကျင်ဖက်ရလဒ်ကို ပင် ဖြစ်စေနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးပိတ်ဆို့ရန်နှင့် အစိုးရပြုပြင်ပြောင်းလဲရေးလုပ်ရန် တောင်းဆိုခြင်းက သူမအပေါ်စစ်အစိုးရက မျိုးချစ်စိတ်မရှိခြင်း၊ နိုင်ငံတော်ကိုသစ္စာဖောက်ခြင်းဟု ရှုမြင်ခြင်းခံခဲ့ရသည်။၂၀၀၂ ခုနှစ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးက “မျောက်ကို ငှက်ပျောသီးပေးပြီးကခိုင်းခြင်းက နည်းလမ်း မဟုတ်ကြောင်း၊ ကျွန်တော်တို့က မျောက်မဟုတ်ကြောင်း” ဆိုခဲ့သည်အထိ ရှိခဲ့သည်။

နိုင်ငံတကာ၏ ဖိအားများကမျိုးချစ်စိတ်လွန်ကဲသော စစ်အစိုးရခေါင်းဆောင်များကို ပြည်ပဖိအားကိုပို၍ တွန်းလှန်ရန် အားပေးလိုက်ပြီး၊ စနစ်ပြောင်းလဲရေးအတွက် ကိုယ်ပိုင်အစီအစဉ်အတိုင်းသာအကောင် အထည်ဖော်အောင် ပြုလုပ်လိုက်သည်။

ယခုအခြေအနေမှာ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့” ဟူသော လမ်းပြမြေပုံကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြီးဖြစ်သည်။ ယင်းအချက်များက ပြည်ပဖိအားများကစစ်အစိုးရ၏ အတွေး အခေါ်များကို ထိထိရောက်ရောက် မပြောင်းလဲနိုင်ကြောင်း ဖော်ပြချက်ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲကလည်း ပြည်ပဖိအားထက်ပြည်တွင်းမှလာသည်မှာ ထင်ရှားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်အစိုးရကိုလည်း ယခင်စစ်အစိုးရလိုပင် နိုင်ငံတကာက ဖိအားပြင်း ပြင်းပေးစေချင်ပုံပေါ် သည်။ ယင်းအခြေအနေမျိုး ယင်းလုပ်ရပ်မျိုးကို အကယ်၍ဦးသိန်းစိန်အစိုးရက လက်ခံနိုင်လျှင်တောင်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံနိုင်မည်မထင်ပေ။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး ဆက်လက်ပြုလုပ်ရန်နှင့် ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုလျှင် ကာချုပ်၏ထောက်ခံမှုသည် အရေးကြီးလှသည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများက ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်း လဲမှုများကို ထောက်ခံချီးကျူးနေသည်မှာ အထင်အရှားဖြစ်သည်။ အငြင်းပွားဖွယ်ဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုပင် အားတက်သရော ပြောဆိုရန်ကိုပင် မသိကျိုးကျွန်ပြုထားသလို ရှိခဲ့သည်။ ထို့ကြောင့် ပြည်ပအစိုးရများက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အနှောင့်အယှက်ဖြစ်မည့် အပြုမှုအပြော ဆိုမျိုးကို မပြုလုပ်ဖို့ရန်လိုလားနေသည်ဟု ယူဆရသည်။ မြန်မာအစိုးရအပေါ် စတင်ရရှိထားသည့် သြဇာ သက်ရောက်မှုကိုလည်း လျှော့မချလိုကြပေ။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏အခြေအနေသည် ယခုကိစ္စတွင်ယခင်ကထက် ယခုနိုင်ငံတကာ မိသားစုအပေါ် သြဇာလွှမ်းမိုးမှုလျော့နည်းနေသည်။ မြန်မာအစိုးရအပြောင်းအလဲများက ဒေါ်အောင်ဆန်း စုကြည်၏ နိုင်ငံတကာပုံရိပ်ကိုလည်း အနည်းငယ်ကျဆင်းစေသည်။ ထို့အပြင်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းကချင်စသည့် တိုင်းရင်းသားလူနည်းစုများကို ဖိနှိပ်ခြင်းနှင့်ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုရန်ပျက်ကွက်ခဲ့ခြင်းကြောင့် ဝေဖန်မှုမျိုးစုံနှင့် ခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်ဗိုလ်ချုပ်များ၏ ယုံကြည်မှုကိုရအောင် မဟာဗျူဟာများချမှတ်ရ မည့်အစား ယခုကဲ့သို့ကွဲလွဲသည့်ဗျူဟာများ ချမှတ်နေခြင်းက အံ့သြစရာဖြစ်နေသည်။ဒေါ်အောင်ဆန်းစု ကြည် ၀န်ခံထားသလိုပင် စစ်တပ်၏ထောက်ခံမှုမရဘဲ စစ်မှန်သောဒီိမိုကရေစီစနစ်ကို မသွားနိုင်ပေ။ ပါလီမန်အတွင်းပါဝင်နေသော တပ်မတော်ကိုယ်စားလှယ်များ၏ သဘောတူညီချက်မပါဘဲသူမနေဖြင့် ဖွဲ့စည်းပုံကိုပြင်ပြီး သမ္မတဖြစ်မလာနိုင်ပေ။

အထက်ပါ အချက်များကိုကြည့်၍ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရကိုဖိအားပေးရန် နိုင်ငံတကာ ကိုတောင်းဆိုနေခြင်းသည် အကောင်းထက်အဆိုးကိုဖြစ်နိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုနေကြသည်။ နိုင်ငံတကာအစိုးရများက မည်သို့တုံ့ပြန်သည်ဖြစ်စေ ယင်းမဟာဗျူဟာကသူမနှင့် ဦးသိန်းစိန်အစိုးရ၏အေးစက်နေသော ဆက်ဆံရေးကိုပို၍အေးခဲသွားစေနိုင်သည်။ ထို့အပြင် သူမ၏ ခေါင်းဆောင်မှုအခန်းကဏ္ဍကိုသာမက၊ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကိုပါ သိမြင်နားလည်သည့် သူမနှင့် လက်တွဲနိုင်သော စစ်ဗိုလ်ချုပ်များနှင့်လည်း ပိုမိုကင်းကွာသွားစေနိုင်ပေသည်။

From : .. mizzima

နိုင်ငံရေး ဆိုတာ



Revolution ပဲဖြစ်ဖြစ်၊ Evolution ပဲဖြစ်ဖြစ်၊ Revolution နဲ့ Evolution နှစ်ခုကို ရောသမမွှေပြီး အချိန်အခါနဲ့ အခြေအနေအပေါ်မူတည်ကာ ပြောင်းလဲကျင့်သုံးတာပဲဖြစ်ဖြစ် အားလုံးဟာ အနှစ် ချုပ်ရင်တော့ နိုင်ငံရေးလုပ်ခြင်းရဲ့ ခေါင်းစဉ် အောက်မှာ ရှိတာချည်းပါပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံ တစ်နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသူ၊ နိုင်ငံသားများကောင်းမွန်စွာ ရှင်သန်ရပ် တည်နိုင်ရေးနှင့် နိုင်ငံယဉ်ကျေးမှု့ အလှအပ၊ ဘာသာတရားများ မပျောက်ကွယ်ရေးတို့ အတွက် ပဲလို့ အကြမ်းဖျင်းသတ်မှတ်လို့ ရနိုင်ပါတယ်။


သမိုင်းကြောင်းအစဉ်အလာကြီးမားပြီး ယဉ်ကျေးမှု့ အမွေအနှစ် မြင့်မားတဲ့လူမျိုးနှင့်နိုင်ငံများအဖို့တော့ ကမ္ဘာ့အလယ်မှာ နိုင်ငံရေးဟာ ပိုပြီးထင်ရှားလေ့ရှိတတ်တာ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းစာအုပ်တွေမှာ လေ့လာတွေ့ ရှိနိုင်ပါတယ်။

ဆိုတော့ နိုင်ငံရေးကို ဦးစီးဦးဆောင်လုပ်ကိုင်သူတွေဟာ ဘယ်လိုအကြောင်းတရားနဲ့ အခက်အခဲ အကြပ်အတည်းတွေကိုပဲတွေ့ ရတွေ့ ရ ပထမဦးစွာ နိုင်ငံသူ၊ နိုင်ငံသားတို့ ရဲ့ မျက်နှာကိုပဲ ဦးစားပေး အနေဖြင့် ကြည့်ကာ ငဲ့ညှာထောက်ထားကြရမှာပါ။ ဒါမှနိုင်ငံရေးလုပ်တာ မည်မှာပါ။ နိုင်ငံသူ၊ နိုင်ငံသားတို့ ရဲ့ မျက်နှာနဲ့ ဘဝတွေကို မထောက်ထား၊ မညှာတာဘဲ ကိုယ်ဖြစ်ချင်တဲ့ မူဝါဒ၊ လမ်းစဉ်နဲ့ စံနစ်တွေကိုသာ ဦးစားပေးခဲ့မယ်ဆိုယင် နိုင်ငံရေးမမည်တော့ပဲ ပြည်သူတွေကို ခုတုန်းလုပ်ပြီး ကိုယ့်အတ္တကိုသာ ဦးစားပေးတဲ့ ကိုယ်ကျိုးရှာနိုင်ငံရေး အမျိုးအစားသာဖြစ်သွားမှာပါ။ အဲဒီလို အဖြစ်အပျက်နဲ့ သင်္ခန်းစာတွေ မြန်မာ့နိုင်ငံရေးလောကမှာ မြောက်များစွာရှိခဲ့ပြီး အခုအချိန်မှာလည်း တွေ့ နေရဆဲ၊ မြင်နေရဆဲဖြစ်တယ်။ အဘယ်ခေတ်ကာလက ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးဖြစ်ဖြစ်၊ ကောင်းကောင်း ဆိုးဆိုး၊ အားလုံးဟာ စံနစ်နဲ့ မူဝါဒတွေဆိုတာထက် အဲဒီစံနစ်နဲ့ မူဝါဒတွေကို အကောင်အထည်ဖေါ်တဲ့ လူတွေအပေါ်မှာ အဓိက မူတည်နေတာပါ။ ခေတ်ပြောင်းခြင်းဟာ စံနစ်နဲ့ မူဝါဒတွေကို အကောင်အထည်ဖေါ်နိုင်မှု ၊ မဖေါ်နိုင်မှုတွေအပေါ်မှာ မူတည်ပြီးမှ ပြောင်းလဲလာခြင်းမို့ လူသာလျှင် အဓိကဆိုတာ အထင်အရှားမြင်နိုင်၊ သိနိုင်ပါတယ်။ မူဝါဒတွေဆိုတာလည်း ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ လူမှု့ နေထိုင်ရှင်သန်ဖွံ့ ဖြိုးတိုးတက်မှု့ !ရေ မြေ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု့ တွေအပေါ် မှီတည်ပြီး လိုအပ်လျင် လိုအပ်သလို အချိန်အခါနဲ့ အခြေအနေအလိုက် မူသေမထားပဲ ပြောင်းလဲကျင့်သုံးနေကြတာ ဒီနေ့ ကဘာ့နိုင်ငံအများအပြားမှာတွေ့ နိုင်ပါတယ်။

ဆိုလိုတာက စံနစ်တွေ၊ မူဝါဒတွေဆိုတာ မူသေ၊ ပုံသေမဟုတ်ပဲ လိုအပ်သလို ပြု့ ပြင်ပြောင်းလဲ ရလေ့ရှိကြပြီး အချိန်အခါအလိုက် လိုက်နာအကောင်အထည်ဖေါ်ဆောင်ကြပါမှ အသီးအပွင့်တွေကို ထွက်ပေါ်လာစေတာပါ။ နိုင်ငံ၊ လူမျိုးတို့ အတွက် အသက်တမျှ အရေးကြီးတဲ့ မူဝါဒနဲ့ စံနစ်တွေကတော့ လွယ်လွယ်ကူကူပြု့ ပြင်ပြောင်းလဲလို့ မရနိုင်တဲ့ အချက်တွေကတော့ ချွင်းချက်အဖြစ်ထားလိုက်ပေါ့ ။ ဒါတွေကတော့ ပုံသေ၊ မူသေဝါဒအဖြစ်ထားရှိပေးရမှာပါ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ခေတ်ရဲ့ အပြောင်းအလဲဟာ မူဝါဒနဲ့ စံနစ်တွေဆိုတာထက် လုပ်ကိုင်ဆောင်ရွက်ကြသူတွေရဲ့ အရည်အချင်း အပေါ်မှာသာ အဓိကမူတည်နေကြောင်းတွေ့ နိုင်ပါတယ်။ ဒီနေ့ ကဘာပေါ်က မတူညီတဲ့ စံနစ်၊ မူဝါဒနဲ့ နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ ဖြိုးမှု့ နဲ့ ကျဆုံးနေမှု့ တွေကို ကြည့်ယင်သိနိုင်ပါတယ်။ ဥပမာ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဘရူနိုင်း၊ ကျူးဘား၊ အီဂျစ်၊ တောင်နဲ့ မြောက်ကိုရီးယား.... အစရှိသဖြင့်ပေါ့ ။ အရေးကြီးတာက သက်မဲ့ဖြစ်တဲ့ မူဝါဒတွေ၊ စံနစ်တွေထက် သက်ရှိဖြစ်တဲ့လူတွေကသာ ပိုအဓိကကျတာပါ။ မူဝါဒတွေ၊ စံနစ်တွေဆိုတာ လူတွေက ပုံစံပြု့ ၊ ဘောင်သွင်းထားကြပြီးမှ လိုက်နာအကောင်အထည်အဖေါ်ကြရတာမို့ စတင်ချမှတ်ကတည်းက နိုင်ငံနဲ့ လူမျိုးတွေနဲ့ သင့်လျော်ကိုက်ညီဖို့ လိုအပ်သလို အကောင်အထည်ဖေါ်ဆောင်မယ့်သူတွေကလည်း သူ့ နေရာနဲ့ သူမှန်ကန်ပြီး တိတိကျကျလိုက်နာလုပ်ဆောင်ပါမှ အောင်မြင်ပါ့ မယ်။ အကြောင်းကြောင့် အကျိုးဖြစ်တာမို့ အကြောင်းကောင်းပါမှ အကျိုးကောင်းပါလိမ့်မယ်။ ဒါတွေကို အခြေခံကျကျ ထည့်မစဉ်းစားမိပဲ ဖြစ်ချင်တာကြောင့် လုပ်ချင်တာကိုပဲဦးစားပေးမိခဲ့ကြလို့ မြန်မာနိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အခုအချိန်အထိ ဒုက်ခဆင်းရဲ ပင်လယ်ဝေနေကြရတာလို့ ပဲ သဘောပေါက် နားလည် ထားပါတယ်။

ပြောချင်တာကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံကျော် စာရေးဆရာကြီး ဒဂုန်တာရာရဲ့ သူ့ ဘဝတစ်လျောက်လုံးနဲ့ ရင်းပြီးမှ ရလာ၊ သိလာခဲ့တဲ့ နိုင်ငံရေးအမြင်ကို ပြန်ဝေငှချင်ပါတယ်။ အဲဒါကတော့ *နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ကြရတာပါ*။ "မုန်းသူမရှိ၊ ချစ်သူသာရှိပြီး" ဆောင်ရွက်တဲ့နိုင်ငံရေးမျိုးပေါ့ ဗျာ။ ဒါဆိုယင် တိုင်းပြည်လဲမနာ၊ လူမျိုးလဲမနာ၊ နိုင်ငံရေးလုပ်သူတွေ အားလုံးလဲ မနာကြတော့ဖူးပေါ့ ။ဒီတော့ အခုနိုင်ငံရေးလုပ်နေသူတွေရော၊ အစိုးရပိုင်းမှ လူကြီးမင်းများ ရော၊ လွှတ်တော်ပိုင်းဆိုင်ရာမှ ပုဂ်ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး ဆန်းစစ်ကြရမှာက မိမိတို့ ရင်ထဲ၊ အသဲနှလုံးထဲမှ အမုန်းတရားများ၊ အညှိုးအတေးများ၊ မကျေနပ်မှု့ များ၊ အာဃာတများ၊ လက်စားချေလိုမှု့ များ၊ မနာလို ဝန်တိုမှု့ နဲ့ ရန်လိုခြင်း လောဘ၊ ဒေါသ အကြွင်း အကျန်များ တစ်ယောက်အပေါ်တစ်ယောက်၊ တစ်ဖွဲ့ အပေါ်တစ်ဖွဲ့ ဘယ်လောက်များများ ကျန်ရှိနေကြ သေးလဲ ဆိုတာပါပဲ။ ဒါတွေကို အရင်ဦးဆုံး ကောင်းစွာမဖယ်ရှားပဲနှင့် လိုချင်တဲ့ ယုံကြည်မှု့ တည် ဆောက်ရေး၊ ပွင့်လင်းမြင်သာမှု့ ရှိရေး၊ တရားမျှတမှု့ နဲ့ ငြိမ်းချမ်းရေး၊ ဖွဲ့ စည်းပုံပြင်ဆင်ရေး၊ သမတ ဖြစ်ရေး၊ ဒီမိုကရေစီ ရရှိရေးဆိုတဲ့ နိုင်ငံအရေးများကို မိမိတို့ သေသည်အထိ ပြည့်ဝစွာ အကောင် အထည်ဖေါ်ဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း ရိုးသားစွာဖြင့် အကြွင်းမဲ့ယုံကြည်ပါတယ်။

ကိုရူပ ( ပဲခူး )

မြန်မာ



"မြန်မာ" လူမျိုးဟူသည် "မြန်" ၍ "မာ" သော လူမျိုး ဖြစ်သည်။ သို့သော် "စိတ်မြန်" ၍ "ခေါင်းမာ" သော အမျိုးသားရေး စိတ်ဆတ်သော လူမျိုးအဖြစ် အထင်မှတ် မခံရစေဘဲ "အလုပ်လုပ်ကိုင်ရာတွင် လျင်မြန်သွက်လက်ပြီး"၊ "စိတ်ဓာတ်ခိုင်မာ" သော လူမျိုးကြီး (တိုင်းရင်းသား အားလုံးနှင့် နိုင်ငံသား အားလုံး တစုတစည်းတည်းရှိသော နိုင်ငံသား စိတ်ဓာတ်) စိတ်ဓာတ်သည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အခြေခံ အချက်အဖြစ် အရေးကြီးပေသည်ဟု ထင်မြင်သည်။


စိတ်မြန်၍ ခေါင်းမာခြင်းထက် (အလုပ်လုပ်ရာတွင်) လျင်မြန်သွက်လက်၍ စိတ်ဓာတ်ခိုင်မာခြင်းသည် ယနေ့ပစ္စုပ္ပန်နှင့် အနာဂတ်ကို ကောင်းစွာပေါင်းကူးပေးသော စိတ်ဓာတ်ပင် ဖြစ်ပေလိမ့်မည်။

ယနေ့ ကမ္ဘာကြီးတွင် စိန်ခေါ်မှုများ (Challenge)များစွာ (စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေး အစရှိသည့်) ရှိပြီး၊ ယင်းစိန်ခေါ်မှုများ (Challenge)သည် ရံဖန်ရံခါ မထင်မှတ်ဘဲ (သို့မဟုတ် ထင်မြင်ထားသည် ထက်ပိုလွန်၍)ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုများ (Threats) အဖြစ်သို့ လျင်လျင်မြန်မြန် ကူးပြောင်းသွားလေ့ ရှိသည်ဆိုသည်ကိုလည်း လေ့လာတွေ့ရှိနိုင်သည်။

ဆိုလိုသည်မှာ ကမ္ဘာ့လူဦးရေ မြင့်မားတိုးပွား လာသည်နှင့်အမျှ စိန်ခေါ်မှုများ (Challenge)နှင့် ခြိမ်းခြောက်မှုများ (Threats)ကို အသွင်သဏ္ဌာန်မျိုးစုံ (Various Kinds)နှင့် ကဏ္ဍမျိုးစုံ (Various Sectors)တို့တွင် တွေ့မြင်လာရ ပေလိမ့်မည်ဖြစ်သည်။

စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အမျိုးသားလုံခြုံရေး အစရှိသည်တို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက် (ဆက်စပ်)နေပြီး၊ ကဏ္ဍတစ်ခု အားကောင်းနေရုံမျှဖြင့် မလုံလောက်ဘဲ အပြန်အလှန် စုစုစည်းစည်း ရှိနေစေသော (ဥမကွဲ သိုက်မပျက် ရှိစေသော) အမျိုးသားရေး အခြေခံ စိတ်ဓာတ်သည် လိုအပ်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။

ဆွေးနွေးတိုင်ပင်ခြင်းနှင့် စုပေါင်းအဖြေရှာခြင်းဖြင့် မည်ကဲ့သို့သော ပုံသဏ္ဌာန်ရှိသော စိန်ခေါ်မှုများကို အကောင်းဆုံးသော ရလဒ်များကို ရှာဖွေတွေ့ရှိ နိုင်သည်။

မွေးဖွားချိန် (Birth) မှ သေဆုံးချိန် (Death)ဟူသော အချိန်ကာလ တစ်ခုကို လူသားတိုင်း (နိုင်ငံသားတိုင်း) ဖြတ်သန်းကြရသည်ဖြစ်ရာ မိမိတို့ သေလွန်သွားသော်လည်း အနာဂတ်တွင် မွေးဖွားလာကြဦးမည့် မြန်မာ့အနာဂတ် မျိုးဆက်များအတွက် လိုအပ်သော (သို့မဟုတ်) လုံလောက်သော အခြေခံ အုတ်မြစ်များကို စနစ်တကျ စဉ်းစားတည်ဆောက် ကြရပေလိမ့်မည်။

သို့မဟုတ်ပါက အခြားသော (တစ်ပါးသော) နိုင်ငံများ၏ တစ်ဖက်သတ် အကျိုးစီးပွားကို ကာကွယ် ပေးရသော (အသုံးချခံ) နိုင်ငံအဖြစ် တည်ရှိနေပေ လိမ့်မည်။

မည်သည့်နိုင်ငံကိုမဆို (၁) စည်းလုံးညီညွတ်မှု (Unity) မရှိလျှင်၊ (၂) တရားမျှတသော ရင်ဆိုင်မှု (Fair Competition) မရှိလျှင်၊ (၃) ယင်းအချက် နှစ်ချက်လုံး မရှိလျှင်၊ ယင်းနိုင်ငံသည် မည်သို့သော ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများ (Development Policies) ကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်မည် မဟုတ်ပေ။

မြန်မာလူမျိုး အများစုသည် မိမိနိုင်ငံ မိမိလူမျိုးကို ချစ်ခင်ကြသော်လည်း အဘယ့်ကြောင့် မြန်မာနိုင်ငံသည် မဖွံ့ဖြိုးမတိုးတက် (နောက်ကျကျန်ရစ်) ခဲ့ရသနည်းဟုဆိုလျှင် မြန်မာနိုင်ငံသည် (၁) စည်းလုံးညီညွတ်မှုနှင့် (၂) တရားမျှတသော ပြိုင်ဆိုင်မှုတို့ မရှိခဲ့ (မလုံလောက်ခဲ့) သောကြောင့်ပင် ဖြစ်မည်ဟု ထင်မြင်မိသည်။

ဥပမာ ယနေ့မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာလာသော အချို့သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ရှိလာသော်လည်း ပြည်သူအများစုမှာမူ ဆင်းရဲတွင်း နက်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ အချို့က အဆိုပါ လုပ်ငန်းရှင်များ ရှိသောကြောင့် လုပ်သားထောင်ပေါင်းများစွာ အလုပ်အကိုင် ရရှိနေသည်ဟု ပြောဆိုငြားလည်း တစ်ပြေးညီ ပြိုင်ဆိုင်မှု ကင်းမဲ့သော ဈေးကွက်စီးပွားရေး အခင်းအကျင်းကြောင့် မြန်မာလူမျိုး သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေခြင်းနှင့် မြန်မာလူမျိုး သန်းပေါင်းများစွာ ပြည်ပနိုင်ငံများတွင် ရရာအလုပ် (အောက်ခြေသိမ်း အလုပ်များ အပါအ၀င်) လုပ်နေရခြင်း၊ လူကုန်ကူးခြင်းများ ခံနေရခြင်းနှင့် မက်ခရို စီးပွားရေး အင်အားနိမ့်ကျခြင်း ဖြစ်သကဲ့သို့ မြန်မာ့စီးပွားရေးမှာလည်း လူတစ်ဦးချင်း ၀င်ငွေအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များထဲတွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ထို့ကြောင့် နိုင်ငံ၏ အနာဂတ်ကို ကြိုတွေးလျှင် မိမိတို့နိုင်ငံသား အားလုံးသည် မြန်မာနိုင်ငံတည်းဟူသော နိုင်ငံ၏ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြသူများ ဖြစ်သည်ဆိုသည်ကို တွေ့မြင်နိုင်သလို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးပြီး အထွေထွေအင်အား တောင့်တင်းခိုင်မာသော နိုင်ငံကြီးအဖြစ်သို့ မြန်မာ့စိတ်ဓာတ်ဖြင့် တည်ဆောက်သွားရ ပေလိမ့်မည်။

(ဆောင်းပါးရှင် - ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ))

နိုင်ငံရေးအကျဉ်းသားတွေ ထိုက်သင့်တဲ့ ထောက်ပံ့မှု မရလို့ AAPP ကို တရားစွဲမယ်



ြ်မန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ နိုင်ငံရေး အကျဉ်း သားပေါင်း ၇၀၀ ကျော်ဟာ အေအေပီပီက နိုင်ငံရေးအကျဉ်းသားတွေကို ရှင်းပြ ပေးထားတဲ့ ထောက်ပံ့မှု အခြေအနေ ၉ ချက်အရ၊ သူတို့မရရှိ တာက ၇ ချက်လောက် ရှိတယ်ဆိုပြီး တရားစွဲဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။


၂၀၀၃ တုန်းက ဗြိတိသျှ သံရုံးရှေ့မှာ ဆန္ဒပြခဲ့လို့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရပြီး သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ၂၀၁၁မှာ သာယာဝတီထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇော်လင်းဦးက အေအေပီပီဆီကနေ သူတို့ အမှန်တကယ်မရခဲ့ဖူးတဲ့ ခံစားခွင့်တွေ အတွက် အကျဉ်းသားဟောင်းတွေ အားလုံးစုပြီး တရားစွဲမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အေအေပီပီရဲ့ တွဲ့ဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို ဘီဘီစီက ဆက်သွယ်ကြည့် တော့ သူတို့အနေနဲ့ ထိုင်းနိုင်ငံမှာ အခြေစိုက်တာကြောင့် ထိုင်းတရားဥပဒေ လုပ်ထုံး လုပ်နည်း အရ လိုက်နာ ဆောင်ရွက်နေတယ် တရားစွဲလိုတယ် ဆိုရင် ထိုင်းနိုင်ငံကိုလှမ်းပြီး တရားစွဲနိုင်တယ်လို့ ပြောပါ တယ်။

အေအေပီပီက သူတို့လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရှင်းပြထားတဲ့စာထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို တလ ထိုင်းဘတ်ငွေ ၅၀၀ နှုန်း၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဘတ် ၂၀၀၀၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ် ၁၀၀၀၊ အကျဉ်းသားမိသားစုတွေရဲ့ သားသမီးတွေ ပညာရေးအတွက် အကြောင်းအရာ ၉ ခုနဲ့ ထောက်ပံ့ငွေတွေ ပေးတဲ့အထဲက အများစုဟာ ၂ ခုလောက်အတွက်ပဲ ရကြသလို ထောက်ပံ့ငွေ လုံးဝမရခဲ့တဲ့သူတွေလည်း ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဆိုပါတယ်။

ဒီလို မရခဲ့တဲ့အတွက် နိုင်ငံတဝှမ်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကိုယ်နဲ့သက်ဆိုင်တဲ့ ပြည်နယ်၊ တိုင်း၊ မြို့နယ်တွေက တရားရုံးတွေကနေ တဦးချင်းစီ တရားစွဲဆိုမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

BBC

ကြိုးကြာငှက်ရဲ့ တစ်နှစ်ပြည့် အင်းလျားတွင် အမှတ်တရဖျော်ဖြေမည်

နိုင်ငံကျော်အဆိုတော် ခင်မောင်တိုး ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အမှတ်တရအဖြစ်
လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ
အမှတ်တရ သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။

ခိုးဝင်သူတွေကို စိစစ်ဖော်ထုတ်သွားမယ်လို့ လ၀က၀န်ကြီးပြော



၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ မြန်မာ နိုင်ငံမှာ မွေးဖွားသူနဲ့ ခိုးဝင်လာသူတွေကို စိစစ် ဖေါ်ထုတ်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ ရခိုင်ပြည်နယ် မောင်တောနဲ့ မြေပုံမြို့က ရပ်မိ ရပ်ဖတွေနဲ့တွေ့ဆုံစဉ် ရှင်းပြခဲ့ပါတယ်။


ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြေပုံမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းညွန့်က ၀န်ကြီး ဦးခင်ရီ ရှင်းပြခဲ့တာကို အခုလို ပြန်ပြောပြပါတယ်။

“၈၂ ခုနှစ် ဥပဒေကို အကောင်အထည်ဖော်ပြီးရင် ဒီကလား၊ တခြားနိုင်ငံက ခိုးဝင်လာတဲ့လူလားဆိုတာ အဲဒါကို သူတို့ကနေပြီးတော့ ဥပဒေက အကောင်အထည်ဖော်ပြီး စိစစ်သွားမယ်လို့ပြောပါတယ်”

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအတိုင်း ပေါက်တောနဲ့ မြေပုံမြို့နယ်တွေမှာ ဘယ်တော့ အကောင် အထည်ဖေါ်မလဲဆိုတာကိုတော့ အတိအကျ မပြောသေးဘူးလို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့အတူ ရခိုင်ပြည်နယ် ခရီးစဉ်တလျှောက်လိုက်ပါနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell၊ ဆွစ်ဇာလန် သံအမတ်ကြီးတို့ကလည်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို လူမျိုး၊ ဘာသာမခွဲခြားဘဲ အကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့အဖွဲ့ဟာ မနေ့က စစ်တွေမြို့မှာ မွတ်စလင်ဘာသာရေး ခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး လူဦးရေ စာရင်းကောက်ခံတာကို ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါ့အပြင် မနေ့ညနေပိုင်းကလည်း စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတချို့နဲ့ စစ်တွေဟိုတယ်မှာ သီးခြားစီတွေ့ဆုံပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် လူ့အဖွဲ့ အစည်း နှစ်ဘက်ပြန်လည်သင့်မြတ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

နိုင်ငံပိုင် ရွှေခုနစ်တန်ရှိကြောင်း ဗဟိုဘဏ်ပြောကြား



နိုင်ငံပိုင် ရွှေပိုင်ဆိုင်မှုပမာဏဟာ ၇ တန်ကျော်ရှိပြီး၊ နိုင်ငံခြားငွေပိုင်ဆိုင်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံကျော်ရှိတယ်လို့ မြန်မာ နိုင်ငံ တော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးမှာ ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက အခုလိုတင်ပြခဲ့တာပါ။

“၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရှိတဲ့ နိုင်ငံတော်ကပိုင်ဆိုင်တဲ့ ရွှေပမာဏဟာ တန်ချိန် ၇.၁၅၃၉ တန်ခန့်ရှိပါတယ်၊ နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှုပမာဏ စုစုပေါင်းဟာ ၈.၁၃ ဘီလီယံခန့်ကြောင်း တင်ပြအပ်ပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဗညားအောင်မိုးက နိုင်ငံပိုင်အရန်ငွေနဲ့ အရန်ရွှေ ဘယ်လောက်ရှိတယ်ဆိုတာ ပြည်သူ လူထုကို ချပြသင့်ကြောင်း တင်ပြခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယကက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌဆီ အကြောင်းကြားထားတာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်နဲ့ နိုင်ငံပိုင်ဘဏ်တွေမှာ ငွေသားအဖြစ်ထားသလို ပြည်ပဘဏ် တချို့မှာ နိုင်ငံခြားငွေအကောင့်နဲ့ ထိန်းသိမ်းထားတယ်လို့လည်း ဒေါ်ခင်စောဦးက ပြောကြားခဲ့ပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ်က နိုင်ငံပိုင်ရွှေနဲ့ နိုင်ငံခြားငွေ ဘယ်လောက်ရှိတယ်ဆိုတာကို ပြည်သူတွေဆီ ချပြပေမယ့် စစ်အစိုးရတက်လာပြီးနောက်ပိုင်းကနေ လက်ရှိအစိုးရလက်ထက်အထိ နိုင်ငံပိုင် ရွှေဘယ်လောက်ရှိတယ်ဆိုတာ မသိရဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညား အောင်မိုး က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။