Monday, November 11, 2013

မြေသိမ်းမှုကို ထားဝယ်ဒေသခံတို့ ကန့်ကွက် ဆန္ဒပြ (ဓါတ်ပုံသတင်း)

တခြားမြို့တွေလိုပါပဲ . တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာလည်း မြေသိမ်းယာသိမ်းမှုတွေ ရှိပါ တယ်။ ထားဝယ်ဒေသခံတို့က မြေသိမ်းမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီမနက် ဆန္ဒဖော်ထုတ် ကြပါတယ်။ ထားဝယ်မြို့၊ မြောကင်းလမ်းတလျှောက်၊ ဝန်ကြီးများ အိမ်ယာရှေ့တွင် ဒေသခံတို့ ဆန္ဒပြခဲ့ကြ ပါတယ်။















Credit : ဧရာဝတီ

သုံးမရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဟု NLD နာယက ဦးဝင်းတင် ဝေဖန်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးမရသည့် ဥပဒေဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးဝင်းတင်က ဝေဖန်လိုက်ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းလုံးကျွတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒရယူပွဲတွင် အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒပြုလိုက်သည်။


ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်ပတ်သက်၍ တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲတွင် အများစုက ပြင်ဆင်ရန် သဘော ထား ပေးခဲ့ သော်လည်း ဦးဝင်းတင်ကမူ အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။

“ဒီအခြေခံဥပဒေဟာ သုံးလို့မရပါဘူး။ သုံးလို့မရတဲ့ဥပဒေကို ဒါကြီးကို အသေးစိတ် လျှောက်ပြင်နေရင် ပြီးတော့မှာလည်းမဟုတ်ဘူး။ ပြီးလည်းမပြီးနိုင်ဘူး။ ပြည်သူ့ဆန္ဒသဘောထားက အသစ် လိုချင် တာပဲ ပြောဖို့ရှိတယ်။ ကျွန်တော်ကတော့ အဲ့လိုပဲ ယူဆတယ်”ဟု ဦးဝင်းတင်က ပြောသည်။

ကနဦးအနေနှင့် ပြင်ချင်သူများ လက်ထောင်ဆန္ဒပြုနိုင်ကြောင်း ကြေညာရာတွင် တက်ရောက် သူ နှစ်သောင်းလုံးနီးပါးက လက်ထောင် ဆန္ဒပြုခဲ့ပြီး အသစ်ပြင်ဆင်လိုသူများ အတွက် ကြေညာရာတွင် ဦးဝင်း တင်အပါအ၀င် လူနှစ်ရာကျော်သာ လက်ထောင် ဆန္ဒပြုခဲ့ကြသည့်အတွက် ၉၉ ရာခိုင်နှုန်းကျော် က ပြင် ဆင်ရန် သဘောတူသည်ဟု ပွဲအပြီးတွင် ကြေညာခဲ့သည့်နောက် ဦးဝင်တင်က အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် အခြေခံဥပဒေကို ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေး လက်ထောင် ဆန္ဒရယူရာတွင် နာယ ကတစ်ဦးဖြစ်သူ ဦးတင်ဦးအပါအ၀င် တက်ရောက်လာသူ ပါတီထိပ်ပိုင်းခေါင်းဆောင် အားလုံးက ပြင် ဆင် ရေးကို ဆန္ဒပြုခဲ့ပြီး ဗဟိုအဖွဲ့ဝင်များထဲမှ ဦးဝင်းတင်တစ်ဦးတည်းကသာ အသစ်ပြန်လည်ရေး ဆွဲရေးကို လက်ထောင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိ အခြေခံဥပဒေမှာ ပြည်သူ့ဆန္ဒသဘောထားဖြင့် ရေးဆွဲထားခြင်း မဟုတ်သလို နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့တွင် တပ်မတော်ကသာ ဦးဆောင်နေသည့်အတွက် ပြောင်းလဲရမည့် ဥပဒေဖြစ်သည်ဟု NLD မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ထိုပွဲတွင် ပြောဆိုသွားသည်။

လက်ရှိအခြေအနေတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်က အမတ် ၁၀၉ ဦး ပါဝင် သည့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားပြီး လည်း ဖြစ်သည်။ ယင်းကော်မတီက လက်ရှိ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲသင့်သည့် အချက်များကို ပြည် ထောင်စုလွှတ်တော်သို့၂၀၁၄ ဇန်န၀ါရီလမကုန်မီ အစီရင်ခံစာတစ်ရပ် တင်ပြမည်ဟုလည်း ကြေညာထား သည်။

အခြားတစ်ဖက်တွင် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး အခြေခံ ဥပဒေသစ်တစ်ခု ရေးဆွဲထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရာတွင် တစ်ဖက်စွန်းရောက်မှုနှင့် မိမိဖြစ်လိုသည့် ဆန္ဒကို ရှောင်ရှားပြီး နိုင်ငံ၏ အတိတ်သမိုင်း၊ လက်ရှိအခြေအနေနှင့် နောက်လာမည့် အနာဂတ်တို့အတွက် ကောင်းကျိုး၊ ဆိုးကျိုးများ ကို စဉ်းစားဆောင်ရွက်ကြရန် သမ္မတဦးသိန်းစိန်က နိုဝင်ဘာ ၁ ရက်က ရေဒီယိုမိန့်ခွန်း တွင် ပြောဆို ထား သေးသည်။ အင်န်အယ်ဒီပါတီအနေနှင့် ပြည်သူ့ဆန္ဒများ ရယူပြီးပါက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ သွားမည်ဖြစ်သည်။

Mizzima

အခွန်ရှောင်သူများ ရှိနေပြီး အများလိုက်နာနိုင်သည့် အခွန်ဥပဒေများ ပြဋ္ဌာန်းမည်ဟု မိတ္ထီလာမြို့ ဒေသခံများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြား


T-11-11

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နှင့် မိတ္ထီလာမြို့ ဒေသခံများ နိုဝင်ဘာ ၁၀ ရက်တွင် တွေဆုံခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျောက်ဆည်၊ ၀မ်းတွင်းနှင့် မိတ္ထီလာ မြို့များရှိ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားရာတွင် "ဥပဒေတစ်ရပ် ပြဋ္ဌာန်း တယ် ဆိုတာက အများအတွက် အကျိုးရှိစေသော၊ အများလိုက်နာနိုင်တဲ့ ဥပဒေတွေဖြစ်ဖို့ လိုတယ်။ အများအတွက် အကျိုးမရှိဘူး။ မမျှတဘူး။ မလိုက်နာနိုင်တဲ့ ဥပဒေ စတင်ပြဋ္ဌာန်းလိုက်ပြီ ဆိုကတည်းက ဥပဒေကို အလိုလို ချိုးဖောက်ဖို့ အများကြီး ဖြစ်လာနိုင်တယ်။ အခွန်နဲ့ ပတ်သက်လို့ အခွန်ရှောင်တာတွေ၊ အခွန်ပုန်းတာတွေနဲ့ အခွန်နဲ့ ပတ်သက်လို့ မသမာမှု ရှိတာတွေ အများကြီးပဲ။ ဒါ့ကြောင့် မို့လို့ ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေတွေက အများလိုက်နာ နိုင်မှသာလျှင် ဒီဥပဒေဟာ တရားမျှတမယ်။ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်မယ်။ အခွန်ကိစ္စတင် မဟုတ်ဘူး။ ဘယ်ဥပဒေပဲဖြစ်ဖြစ် အများလိုက်နာနိုင်တဲ့ ဥပဒေဖြစ်ဖို့ အရေးကြီးတယ်။ အဲဒါတွေက ကျွန်တော်တို့ ကြိုးစားပြီး လုပ်မယ်" ဟု ပြောကြားသည်။ ထိုပြင် လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်ပြဋ္ဌာန်းပြီးသည့် ဥပဒေပေါင်း ၇၀ ကျော်ရှိပြီ ဖြစ် ကြောင်းနှင့် မိမိတို့ထံ၌ ထပ်မံပြဋ္ဌာန်းရန် ဥပဒေပေါင်း ၅၀ ကျော် ရှိနေကြောင်း ထည့်သွင်းပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖက်ဒရယ်ဆန်သောပုံစံ ရေးဆွဲထားကြောင်း၊ အရေးကြီး သည်က ပြည်ထောင်စုဖြစ်ကြောင်း၊ ပြည်ထောင်စု ဆိုသည်မှာ စုစည်းနေမှ နိုင်ငံဖွံဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု စနစ်နှင့် ဒီမိုကရေစီစနစ် ယှဉ်တွဲကျင့်သုံးသည့် အမေရိကန်၊ ဂျာမနီနှင့် အခြားထိပ်တန်း နိုင်ငံကြီးများအား အတုယူသင့်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။ ထိုပြင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား တရားမျှတစွာဖြင့် အနိုင်ရရှိအောင် ကြိုးစားရမည်ဟု သူရဦးရွှေမန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် များနှင့် တွေ့ ဆုံစဉ် ပြော ကြားသည်။ 

Eleven

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့သဘောထား ရယူပွဲသို့ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တစ်ခဲနက် ဆန္ဒပြု


R-11-11

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး (သို့မ ဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး ရန်ကုန် တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို နိုဝင်ဘာ ၁၀ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ အများစုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်း အား တစ်ခဲနက် ဆန္ဒပြုခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်း မရှိသော်လည်း NLD ပါတီ၏ သဘာပတိ အဖွဲ့နာယက ဦးတင်ဦးနှင့် သဘာပတိ အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟို ကော်မတီဝင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၌ သဘာပတိအဖြစ် NLD ပါတီအဖွဲ့ နာယက ဦးတင်ဦးက ဆောင်ရွက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တရားလွှတ်တော်ရှေ့နေ့ ဦးကျော်ဟိုးတို့က ဟောပြောပွဲသို့ တက်ရောက်လာသူ များအား ပြင် ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအား ဆန္ဒပြုနိုင်ရန် ရှင်းလင်းဟောပြောခဲ့သည်။

NLD ပါတီအား အမျိုးသား ညီလာခံမှ ထုတ်ပယ်ခဲ့သည့် အခြေအနေ၊ ပါတီဝင်များ ဖမ်းဆီးထောင်ချ ခံရခြင်းနှင့် ပါတီအား ဖိနှိပ်ခံခဲ့ရသည့် အခြေအနေများ၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့မှုများ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ မူဝါဒ သုံးရပ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေ များအား NLD သဘာပတိနာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သည်။

"ဒေါ်အောင်ဆန်းစုကြည်က အားလုံးပြောတဲ့ နေရာမှာ အဖွဲ့အစည်းတစ်ခု၊ တစ်ယောက်အတွက် မပြော ရဘူး။ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကိုပဲ လိုချင်ပါတယ်။ လူထုရဲ့ အစစ်မှန်သာလျှင် ခိုင်မြဲပါတယ်။ ဒါကြောင့်မိုလို့ လူထုနဲ့ ပတ်သက်လို့ ဆန္ဒကို ရယူရအောင်ဆိုတာ ဖြစ်လာတယ်။ ဒီလို အတွေးအခေါ်မျိုး ဒေါ်စုက ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါကြတော့ တစ်ခုကတော့ ပြင် ဆင်ရေး ၊ နောက်တစ်ခုကတော့ အသစ်ပြန်လည်ရေးရေး။ ကျွန်တော်တို့က ပြင်ဆင်ရေးရေး၊ အသစ်ပြန်ရေးရေး ဒီမကြိုက်တာဟာကတော့ တစ်ခုခု ပြင်ရမယ်။ ဖျက်ပစ်ရမယ်။ မမှန်ကန်တဲ့ အချက်တွေကို ဖယ်ရှား ရမယ်ဆိုတာ ပြောပြီးသားပဲ" ဟု ဦးတင်ဦးက ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် သုံးနည်းသာရှိကြောင်း၊ ပထမ တစ်နည်းမှာ လွှတ်တော်ကိုယ်စားလှယ် ၅၁ ရာခိုင်နှုန်းမှ ပြင်ဆင်ချင်ပါက ပြင်ဆင်၍ရသော ပြင်ရန်လွယ် ဖွဲ့စည်းပုံဖြစ်ကြောင်း၊ နောက်တစ်နည်းမှာ ၆၇ ရာခိုင်နှုန်းကျော် သဘောတူမှ ပြင်၍ရသော ပြင်ရန်ခက်သည့် ဖွဲ့စည်းပုံဖြစ်ကြောင်း၊ နောက်ဆုံး တစ်နည်းမှာ ၇၅ ရာခိုင်နှုန်း သဘောတူမှသာ ပြင်၍ရသော ပြင်ရန်အလွန်ခက်သည့် ဖွဲ့စည်းပုံဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံများတွင် မသုံးဘဲ ဆိုရှယ်လစ်စနစ် ကျင့်သုံးသည့် နိုင်ငံများတွင်သာ သုံးကြောင်း ၊ မြန်မာနိုင်ငံသည် အဆိုပါ သုံးနည်းထက် ဘောင်ကျော်လွန်ပြီး ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်၍ရကာ လွှတ်တော်၌ အရပ်သားလွှတ်တော် ကိုယ်စားလှယ်မှာ ၇၅ ရာခိုင်နှုန်းသာရှိပြီး ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထောက်ခံမှသာ ပြင်ဆင်၍ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ရှင်းလင်းပြောကြားသည်။

"ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုဖြစ်ဖို့ ပြင်ပြင်၊ သစ်သစ်၊ နောက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ဖို့ လိုတယ်။ နိုင်ငံတော် အာဏာ ပြည်သူလူထုကို အပ်ဖို့လိုတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေလို ရှင်းရှင်း လင်းလင်း နိုင်ငံတော်အာဏာကို နိုင်ငံသားတွေကို အပ်ဖို့လိုတယ်။ အဲဒါမှ ကျွန်တော်တို့ရဲ့ အနာဂတ် လှပမယ့် ဖွဲ့စည်းပုံ ပေါ်ပေါက်လာမယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြား သည်။

ထို့အပြင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရယူသည့်အချိန်တွင် လွတ်လပ်ရေး ကြေညာ စာတမ်း ရေးဆွဲ ခဲ့ကြောင်း၊ လွတ်လပ်ရေး ကြေညာစာတမ်း စာပိုဒ်ငါးတွင် ဗမာနိုင်ငံသည် လူတစ်ယောက် ပိုင်သည့် နိုင်ငံ မဟုတ်ကြောင်း၊ ဗမာနိုင်ငံသည် လူတစ်စု တစ်ဖွဲ့ပိုင်သည့် အမွေအနှစ် မဟုတ်ကြောင်း၊ ဗမာနိုင်ငံသည် နိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသား ပြည်သူအားလုံးပိုင်သည့် အမွေအနှစ် ဖြစ် သည်ဟု ရေးသားထားကြောင်း၊ သို့သော် အဆိုပါ ကြေညာစာတမ်းနှင့် ဆန့်ကျင်သည့် မိမိတို့နိုင်ငံသား အားလုံးပိုင်သည့် နိုင်ငံကို လူတစ်ယောက်မှ နှစ်ပေါင်း ၅၀ အုပ်ချုပ်သည်ကို ခံခဲ့ရသည် အတွက် နောက်ပိုင်းတွင် ထိုကဲ့သို့မဖြစ်ရန် လွတ်လပ်ရေး ကြေညာစာတမ်းကို ထိန်းသိမ်းစောင့်ရှောက် ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ဦးကိုနီက ဆက်လက်ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက အခမ်းအနားသို့ တက်ရောက်လာသူများအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းအား ထောက်ခံပါက လက်ထောင်ဆန္ဒပြုရန် ပြောကြားခဲ့ရာ ရာခိုင်နှုန်း ၉၀ ခန့်မှာ လက်ထောင်ဆန္ဒပြုခဲ့ပြီး အသံဖြင့် ဆန္ဒပြုရာတွင်လည်း ပြင်ဆင်ရေးအား သဘောတူကြောင်း သံပြိုင်ဆန္ဒပြုခဲ့ကြပြီး ဖွဲ့စည်းပုံ အသစ် ရေးဆွဲရေး လမ်းကြောင်းအား သဘောတူသည့်သူများ လက်ထောင်ပြရန် မေးမြန်းခဲ့ရာ NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် လူနည်းစုသာ လက်ထောင်၍ အသစ်ရေးဆွဲရေးကို ဆန္ဒပြုခဲ့သည်။

"ဒါ ပြင်သည်ဖြစ်စေ။ အသစ်ဖြစ်စေ။ လူတွေက ပြောင်းတာကို လိုချင်တယ်။ အဲဒီတော့ မိမိတို့ဆန္ဒ သဘောထားကတော့ သစ်တာကြိုက်ရင်လည်း ပြောင်းတာကို လိုချင်တယ်။ ပြင်တာကို ဆန္ဒပြုရင်လည်း ဒီအခြေခံ ဥပဒေကို ငြင်းတယ်။ အတူတူပဲ။ ကျွန်တော် ခုနက ပြောသလိုပေါ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရှင်းရှင်းပြောရရင် သုံးလို့မရပါဘူး။ သုံးလို့မရတဲ့ ဥပဒေကို လုပ်မယ့်လုပ်ရင် ဒါကြီးကို အသေးစိတ် လျှောက်ပြင်နေရင် ပြီးတော့မှာ မဟုတ်ဘူး။ ပြီးလည်းမပြီးနိုင်ဘူး။ အဲဒီတော့ ပြည်သူ့ဆန္ဒ သဘောထား အသစ်ကိုလို ချင်တယ်ဆိုတာပဲ ပြောဖို့ရှိတယ်လို့ ကျွန်တော်ယူဆတယ်" ဟု ဟံသာဝတီ ဦးဝင်းတင်က အခမ်းအနား အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် စက်တင်ဘာလ အတွင်းက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရာတွင် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိသဖြင့် ပြည်သူ့ဆန္ဒ သဘောထား ရယူရန် ဆုံးဖြတ်ခဲ့ပြီးနောက် အဖွဲ့ခုနစ်ဖွဲ့ခွဲကာ တိုင်းဒေသကြီး ၊ ပြည်နယ်များသို့ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်အဆင့်များအား ရှင်းလင်းဟောပြောမှုများ လုပ်ဆောင်ခဲ့ပြီး အများစုမှာ ပြင်ဆင်ရေး လမ်းကြောင်းကိုသာ ဆန္ဒပြုခဲ့ကြကာ ရန်ကုန်တိုင်း ဒေသကြီး ၌လည်း ခရိုင်၊ မြို့နယ်များအပြင် ယခုကဲ့သို့ တိုင်းလုံးကျွတ်ပွဲ ပြည်သူ့ဆန္ဒသဘောထား ရယူပွဲ အား ပြုလုပ်ခြင်းဖြစ်သည်။

ဓါတ်ပုံ - နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲ ကျင်းပနေစဉ်

Eleven

မြန်မာနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် ကမ်းလှမ်း

မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုအပ်ဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် စတင်ကမ်းလှမ်းထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်လင်းက ပြောကြားသည်။


၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်နှင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အ၀န်းအား အကောင်အထည် ဖော်ဆောင်မည့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း စသည့် လုပ်ငန်းစဉ်များအတွက် အာဆီယံ နိုင်ငံအချင်းချင်းအကြား ဗီဇာမလိုဘဲ သွားလာနိုင်ရန် ကမ်း လှမ်းခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် အစောပိုင်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ဦးအောင်လင်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ အနေနှင့် လက်ရှိတွင် ဗီယက်နမ်နိုင်ငံနှင့် အပြန်အလှန် ဗီဇာမလိုဘဲ သွားလာနိုင်ပြီဖြစ်ပြီး လာအို၊ အင်ဒိုနီးရှား၊ ထိုင်း စသည့်နိုင်ငံများနှင့် မကြာမီ ကာလအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံနှင့် လက်မှတ်ရေးထိုးရန်လည်း မကြာမီ ကာလအတွင်း စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးအောင်လင်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဗီဇာအလိုက် သတ်မှတ်ခွင့်ပြု ပေးထားပြီး ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု စာရင်းများအရ တစ်ဦးချင်း ၀င်ရောက်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသား ခရီးသည် တစ်ဦးချင်း ၀င်ရောက်မှုမှာ ၂၇၀၁၆၇ ဦး၊ ကြိုတင်စီစဉ်မှုဖြင့် ၀င်ရောက်သူ ၁၇၁၀၂ ဦး၊ အခြားဗီဇာ များဖြင့် ၀င်ရောက်လာသူ ၂၀၆၁၂၄ ဦးတို့ ၀င်ရောက်ခဲ့ပြီး စုစုပေါင်း ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုမှာ ၂၈၇၂၆၉ ဦးတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း လေကြောင်းခရီးဖြင့် လာရောက်သော ခရီးသည် ခြောက်သိန်း နီးပါးရှိရာ ထိုင်းနိုင်ငံသားမှာ ၁၆ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသားမှာ ၁၂ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ ရှစ်ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စု ၆ ဒသမ ၃ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားမှာ ခြောက်ရာခိုင်နှုန်းဖြင့် ခရီးသည် အများဆုံး ၀င်ရောက်သည့် ငါးနိုင်ငံ စာရင်းဝင် နိုင်ငံများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ခရီးသွား ဦးရေ ၂၀၀၀ နီးပါး ၀င်ရောက်နေကြောင်း သိရသည်။

Eleven

တောင်ကြီးမီးပုံးပျံပွဲတော် ယခင်နှစ်ထက် လုံခြုံရေးရဲအင်အား နှစ်ဆအထိ တိုးမြှင့်ချထား

နိုဝင်ဘာ ၁၀ ရက်က ညနေခြောက်နာရီခန့်က စတင်ဖွင့်လှစ်ခဲ့သော တောင်ကြီး မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီဝင် အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ထူးက မဇ္ဈိမကို ပြောသည်။


“ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအတွက် ရဲတပ်အင်အားကို ယခင်နှစ်အင်အားထက် နှစ်ဆချထားပါ တယ်။ သည်နှစ်မှာ ရဲတပ်သားအင်အား ၁,၀၀၀ ၀န်းကျင် ချထားပါတယ်၊ လုံခြုံရေးအတွက်လည်း ပွဲမစခင် ၁၀ ရက်လောက် ကြိုတင် ပြင်ဆင်ထားတယ်”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာ ၁၀ ရက် ညနေ ခြောက်နာရီခန့်က ကျောင်းကြီးစုရပ်ကွက်ရှိ၊ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပသည်။

အဆိုပါ မီးပုံးပျံပွဲတော် ဖွင့်ပွဲ မကျင်းပမီ ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တောင်ကြီးမြို့ စူဌာမုနိ ဘုရားကုန်းပြင်တွင် စိန်နားပန် မီးပုံးပျံတစ်လုံးကို ဘုရားမီးပူဇော်သည့်အနေဖြင့် လွှတ်တင်သည်။

ယင်းနောက် ဖွင့်ပွဲတွင် ရှမ်းပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့က ကိန္ဒရီ၊ ကိန္ဒရာအကနှင့် ဓားသိုင်းအကတို့ ဖြင့် ကပြဖျော်ဖြေပေးခြင်း၊ တောင်ကြီး ပညာရေးကောလိပ် သင်တန်းသူများနှင့် ရှမ်းပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များဖြစ်သည့် လီဆူ၊ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ရှမ်း၊ ကိုးကန့်၊ အင်းအဖွဲ့များက တန်ဆောင်တိုင်သီချင်းများဖြင့် ဆီမီးခွက်အကဖြင့် ဖျော်ဖြေခဲ့ပြီး ဖွင့်ပွဲ မီးရှူးမီးပန်းများကို ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲတွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခြင်း၊ စိန်နားပန် မီးပုံးကြီးတစ်လုံး လွှတ်တင်ခြင်းနှင့် မီးပုံးပျံငယ် ၅၀၀ လွှတ်တင်ပြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင် မီးပုံးများ ဆက်လက် ယှဉ်ပြိုင်သည်။

ဖွင့်ပွဲသို့ လာရောက်သည့် ပရိသတ်စုစုပေါင်း ခန့်မှန်းအရေအတွက် သုံးသိန်းကျော်ခန့် ရှိနိုင်သည်ဟု ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီမှ ခန့်မှန်းပြောဆိုသည်။

အဆိုပါပွဲသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ၀င်ကြေးကောက်ခံတော့မည်မဟုတ်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို နိုဝင်ဘာလဆန်း က ပြောထားသေးသည်။

တန်ဆောင်တိုင်ပွဲတော်လာသည့် နိုင်ငံခြားသား ခရီးသွားများကို ပြီးခဲ့သည့်နှစ်က ကင်မရာကြေးနှင့် ဧည့်ဝင်ကြေးများ ကောက်ခံခဲ့သော်လည်း ပြည်နယ်အစိုးရက ယခုနှစ်တွင် ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားသောကြောင့် ကောက်ခံမည်မဟုတ်ဟု အဆိုပါ တာဝန်ရှိသူက ဆိုခြင်းဖြစ် သည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ညမီး ကြီး ၆၈ လုံး၊ စိန်းနားပန် ၃၄ လုံး၊ နေ့လွှတ် အရုပ်စုစုပေါင်း ၁၆၀ ကျော် ပါဝင်ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Mizzima - News in Burmese

အလုပ်သမားသမဂ္ဂ ညီလာခံရလဒ် ပြည်သူ့လွှတ်တော်သို့ တင်မည်



ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နာရေးကူညီမှု အသင်းပိုင် သုခခန်းမတွင် ကျင်း ပမည့် အလုပ်သမားသမဂ္ဂ ညီလာခံမှ ဆွေးနွေး၍ ရရှိလာသော အချက်အလက်များကို ပြည်သူ့လွှတ်တော် သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ရုပ်ပြ ပန်းချီဆရာ သမဂ္ဂမှ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။


အဆိုပါ ညီလာခံကို အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ အလုပ်သမား သမဂ္ဂပေါင်း ၄၀၀ ကျော်နှင့် တောင်သူလယ်သမား သမဂ္ဂ ၃၀၀ ကျော် တက် ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

တက်ရောက်လာမည့် အလုပ်သမားနှင့် တောင်သူလယ်သမား သမဂ္ဂ ကိုယ်စားလှယ်များမှ ၂၀၁၂ ခုနှစ် အ လုပ်သမား ဥပဒေ၊ အစိုးရနှင့် အလုပ်သမား အခန်းကဏ္ဍ၊ အနိမ့်ဆုံး လုပ်ခလစာ၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများ အကြောင်း စသည်တို့ကို တစ်ခုလျှင် တစ်နာရီခွဲကြာ အုပ်စုချင်းလိုက်ဖွဲ့ကာ ဆွေးေ နွး ကြမည် ဖြစ်ပြီး ရရှိလာသော အချက်အလက်များကို စုပေါင်းကာ ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း ဦးအော င်လင်းက ဆိုသည်။

“ကျွန်တော်တို့ လုပ်ရတဲ့ အဓိက အကြောင်းက အလုပ်သမားတွေက အခက်အခဲတွေ ရှိတုန်းပဲ။ အလုပ်သမားတွေ သပိတ်မှောက်ရတဲ့ ကိစ္စပဲ ကြည့်လေ။ ဒီအခြေအနေမှာ စုပေါင်းပြီး လုပ်တာပါ။ ရလဒ်ကိုတော့ ပြည် သူလွှတ်တော် တင်ဖို့ရှိတယ်။ ရက်တော့ အတိအကျ မရှိသေးပါဘူး” ဟု ထပ်မံပြောကြားသည်။

အဆိုပါ ညီလာခံမျိုး ပြုလုပ်ခြင်းသည် အလုပ်သမားအတွက် အဖြေတစ်ခု ထွက်ပေါ်လာဖွယ်ရှိပြီး လုပ်သား များ အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းကို မိမိတို့ ကြိုဆိုကြောင်း စက်ရုံ လုပ်သားတစ်ဦးက ပြောကြားသည်။

The Voice Weekly

ဒီဇင်ဘာမှာ နိုင်ငံရေး အကျဉ်းသားအကုန် လွတ်ရေး



မြန်မာသမ္မတ ဦးသိန်းစိန် ကတိပြုထားတဲ့ အတိုင်း ဒီနှစ်ကုန် မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကို ပြ န်လွှတ်ပေးရေး အတွက် ပြီးခဲ့တဲ့ သောကြာနေ့ က နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီ ရဲ့ အစည်း အဝေးမှာ ညှိနှိုင်းဆွေးနွေးကြပါတယ်။


နိုင်ငံရေး အကျဉ်းသား တွေ အမှန်တကယ် လွတ် မြောက်ရေး နဲ့ ပတ်သက်လို့ သမ္မတ ဆီ နိုင်ငံရေး အကျဉ်း သား စရင်း ပေးပို့နိုင်ရေး အတွက် စီစစ်ကြ ရာမှာ ၁၄၇ ယောက် ရှိကြောင်း နိုင်ငံရေး အကျဉ်း သား စီစစ်ေ ရးကော်မတီဝင် တဦး ဖြစ်တဲ့ ဦးရဲအောင် က ဘီဘီစီ ကို ပြောပါတယ်။

အထက်ပါ ၁၄၇ ယောက် ထံမှာ အငြင်းပွားဘွယ် ရှိတဲ့ စရင်း ဆိုရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ဖမ်းရာမှာ နိုင်ငံတော် ပုန်ကန်မှု၊ မတရားသင်း နဲ့ ဆက်နွယ်မှု၊ မူးယစ်ဆေးဝါး စသဖြင့် ပုဒ်မ တွေ အပြ င် လူသတ်မှု နဲ့ ငြိနေတာ တွေ ရှင်းပြပါတယ်။

တဖက်မှာ လွှတ်ပေးမယ် ဆိုပေမယ့် တက်ကြွလှုပ်ရှား သူတွေ ကို တောက်လျှောက်ဖမ်း နေလို့ နိုင်ငံရေး အကျဉ်းသား ဆိုတာ ထောင်ထဲမှာ ကုန်သွားဖို့ ရှိမယ် မထင်တဲ့ အကြောင်း လည်း ဦးရဲအောင် က ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese

ငပလီကမ်းခြေဒေသကို ငပလီမြို့အဖြစ် သတ်မှတ်မည်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသရှိ ကျေးရွာအုပ်စုလေးခုကို ပေါင်း၍ ငပလီမြို့အဖြစ်ေ ပြာင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက နိုဝင်ဘာ ၁၀ ရက်တွင် မဇ္ဈိမ ကို ပြောသည်။


ယင်းသို့ သတ်မှတ်ရခြင်းမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်ကာ ယ င်းကမ်းခြေဒေသကို ငပလီမြို့အဖြစ် ပြောင်းလဲသတ်မှတ်ရန် ပြီးခဲ့သည့် အောက်တိုဘာလဆန်းက သမ္မတ ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ညွှန်ကြားထားခြင်းဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက စတင် အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဦးထွန်းဝေက “ခရိုင်မှာ လိုအပ်တဲ့ အထောက်အထားတွေလုပ်ပြီး ပြည်နယ်ကို တင်ရမယ်။ အစိုးရအဖွဲ့က စစ်ဆေးပြီးရင် လွှတ်တော်ကို တင်မယ်ထင်ပါတယ်။ ပြီးရင် အတည်ပြုမှာပေါ့”ဟု ပြောသည်။ ငပလီကမ်း ခြေဒေသတွင်းရှိ ဂေါ့ကျေးရွာ၊ မဇင်ကျေးရွာ၊ လင်းသာကျေးရွာနှင့် မြပြင်ကျေးရွာအုပ်စု လေးခုကို ငပလီ မြို့အဖြစ် သတ်မှတ်လိုက်ရန် စီစဉ်လျှက်ရှိပြီး လူဦးရေစစ်ဆေးခြင်း၊ မြေပုံရေးဆွဲခြင်း စသော ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဦးထွန်းဝေက ပြောသည်။

အောက်တိုဘာလအတွင်းက သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ရောက်ရှိပြီးနောက်ပိုင်း ငပလီဟိုတယ်ဇု န်ကိုလည်း ထပ်မံတိုးချဲ့လိုက်ပြီးဖြစ်ရာ ယင်းသို့ တိုးချဲ့ရာတွင် ကျေးရွာ ၁၂ ရွာကို ဟိုတယ်ဇုန်အတွင်း ထ ည့်သွင်းထားသည်။ ယင်းနောက် ငပလီကမ်းခြေဒေသကို ငပလီမြို့အဖြစ် ပြောင်းလဲရန် ထပ်မံ ဆောင် ရွ က်ခြင်းဖြစ်သည်။

ငပလီမြို့အဖြစ် သတ်မှတ်မည့်ကိစ္စနှင့်ပတ်သက်၍ ငပလီဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးကျော်စွာမောင်မောင်က “င ပလီကမ်းခြေက ပြည်တွင်းခရီးသွားလုပ်ငန်းကို အားမထားဘူး ပြည်ပနိုင်ငံတွေကို အားထားတယ်။ ငပ လီမှာလာတည်းတဲ့ ခရီးသွားတွေက နိုင်ငံခြားသားတွေ များတယ်။ သံတွဲမြို့နယ်ထဲမှာရှိနေရင် တစ်ခုခု ဖြစ်တိုင်း ငပလီကမ်းခြေကိုပါ နိုင်ငံတကာက လာရမှာကြောက်သွားတယ်။ ဒါကြောင့် ငပလီကို မထိခိုက် ရအောင် ခွဲ ထွက်တဲ့သဘော ထင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော သံတွဲမြို့ပဋိပက္ခများကြောင့် ငပလီကမ်းခြေ ဟိုတယ်များတွင် ကြိုတင်ဘွတ်ကင်လုပ်ထားသူများက ဘွတ်ကင်များ ပြန်ဖျက်ခဲ့ခြင်းရှိခဲ့သည်ဟုလည်း ဦးကျော်စွာမောင် မောင်က ဆိုသည်။

ငပလီကမ်းခြေဒေသတွင် အောက်တိုဘာလအတွင်းက ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးနောက်ပိုင်း ခရီးသွား ဧည့်သ ည် အ၀င်အထွက် ပုံမှန်ရှိသည်ဟု ဦးကျော်စွာမောင်မောင်က ဆိုသည်။ ယင်းအပြင် ငပလီဟိုတယ်ဇုန် တွင် ပါဝင်လာသော ကမ်းခြေကျေးရွာများ၏ ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ဆို သည်။

လက်ရှိတွင် ငပလီကမ်းခြေတွင် လက်ရှိလည်ပတ်လျက်ရှိသော ဟိုတယ်အရေအတွက် ၁၆ လုံးခန့် ရှိသည်။ ထို့ပြင် ငပလီကမ်းခြေတစ်လျှောက် ဟိုတယ်သစ်များ ထပ်မံ ဆောက်လုပ်လျက်ရှိသည်။

Mizzima - News in Burmese

တရုတ်ပြည်ဘက်ကမ်း ရွှေလီမြို့မှလူကုန်ကူးရန် ပေါ်တင်ကြေငြာနေသော ကြေငြာ

တရုတ်ပြည်ဘက်ကမ်း ရွှေလီမြို့တွင် ကပ်ထားသော ကြေငြာဖြစ်ပါသည်။ မြန်မာအမျိုးသမီးများအား တရုတ်နှင့် သားဖေါက်ရန် ဖိတ်ခေါ်ဆွဲဆောင်သော ကြေငြာစာလေးပါ။ တနည်းဆိုသော် လူကုန်ကူးရန် ပေါ်တင်ကြေငြာနေသော ကြေငြာဖြစ်ပါသည်။


တရုတ်ပြည်သည် စီးပွားရေးအလွန်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်သည်။ လုပ်ခလစာ အမျိုးသမီးဆိုလျှင် ယွမ် ၂၅၀၀၊ အမျိုးသားဆိုလျှင် ယွမ် ၄၅၀၀ အနိမ့်ဆုံးရသည်။ တရုတ်နှင့်အိမ်ထောင်ပြုသူ အမျိုးသမီး၏ မိဘဆွေမျိုးများ တရုတ်ပြည်တွင် လိုက်လံတွေ့ဆုံ အလုပ်လုပ်နိုင်သည်။ 

သားဖေါက်ရန် လူကုန်ကူးပေး၍ အောင်မြင်လျှင် ပွဲစားခ ယွမ် ၃၀၀၀ ရမည်။ တရုတ်ပြည်တွင် တရားဝင် မှတ်ပုံတင်၊ အိမ်ထောင်ပြုလက်မှတ် ရမည်ဟုဆိုသည်။ ဆိုင်ရာလူကြီးမင်းများ အချိန်မှီ ယခု ကဲ့သို့ မြန်မာ အမျိုးသမီးများအား ဇိမ်မယ် သဖွယ် ၊ သားစပ် နွားများ သဖွယ် သဘောထားကာ ၀ယ်ယူရန် တိုင်းရင်း ဘာသာစကားဖြင့် လမ်းတကာ့လမ်း ကြော်ငြာ ထုတ်ကပ်ခြင်း ပြုလုပ်သော တရုတ်နိုင်င ပြည်နယ် တရုတ် အစိုးရ တာဝန်ရှိသူတွေကို မြန်မာ အစိုးရ ဘက်က ပြတ်သားသော ထုတ်ပြန်ချက်ဖြင့် တရားဝင် ကန့်ကွက် အရေးဆိုပါရန် တောင်းဆိုပါသည်။

မြန်မာနိုင်ငံကို စီးပွားရေး အရ ဂုတ်သွေးစုပ် ကျူးကျော်ခြင်း အတင့်ရဲရဲ လုပ်ဆောင်နေယုံ အားမရ။ လူမြိုပြီး ၀ါးမြိုသားဖေါက်ရန် ဗြောင်ဗြောင်တင်းတင်း စော်ကားခြင်းသည် မြန်မာ ပြည်ထောင်စုသားတို့ ၏ အမျိုးသားရေး ဇာတိမာန်ကို အမြင့်မားဆုံး တိုက်ခိုက်စော်ကားခြင်းသာ မက နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ပါ ခြိမ်းခြောက် ခြင်း၊ မည်ပေသည်။

ယခု ကဲ့သို့ တရုတ်နိုင်ငံသားတို့ ဘက်မှ လူမျိုးရေး ကျွန်ပြုရန် ဗြောင်စိန်ခေါ်ချက်အား အစိုးရမှ တရားဝင် ကန့်ကွက် အရေးယူပေးရန် တောင်းဆိုခြင်း ပြုလုပ်ပေးပါရန် အလေးအနက် တောင်းဆိုပါသည်။

ပြည်ထောင်စုသားများ လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း(ယာယီ)
ရန်ကုန်မြို့

Credit : ဒေါင်းမာန်ဟုန်

မြန်မာ့ တရားရေး မဏ္ဍိုင် ဘယ်လို တည့်မတ်နိုင်မလဲ

တရားရေး မဏ္ဍိုင် , အစိုးရ , အဂတိ လိုက်စားမှု , လာဘ်ပေး လာဘ်ယူမှု , တရားရုံး
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ (ဓာတ်ပုံ – ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၀က်ဘ်ဆိုက်)

သန့်ရှင်းကောင်းမွန်တဲ့ အစိုးရ အဖြစ်ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူခဲ့တာ ၃ နှစ် နီးပါး ရှိလာပြီ ဖြစ်ပေမယ့် လာဘ်ပေး လာဘ်ယူမှု၊ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ အာဏာ အလွဲသုံးစားမှု စတဲ့ အဂတိ လိုက်စားမှု တွေဟာ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ ပြောင်းလဲမှု အားနည်းနေဆဲပါ။


ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း တရားစီရင်ရေးဆိုင်ရာ အားနည်းနေသလို တရားဥပဒေ စိုးမိုးမှုပိုင်း ဆိုင်ရာကလည်း အားနည်းနေဆဲ ဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံရဲ့ အဓိကကျတဲ့ မဏ္ဍိုင်ကြီးသုံးရပ်အနက် တရားစီရင်ရေး မဏ္ဍိုင်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင် နေပေမယ့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်ကတော့ ဦးနေ၀င်း မဆလ အစိုးရ လက်ထက်ကနေ ဒီနေ့အထိ ပြောင်းလဲ မှု မရှိသေးပါဘူး။ တရားစီရင်ရေး ကဏ္ဍတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေ အပြင် အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ ဖိအား ပေး စွက်ဖက်မှုတွေဟာလည်းပဲ အမြစ်တွယ်နေတုန်းပါပဲ။

မနှစ်ကလည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး နဲ့ လွှတ်တော် ကြားမှာ အားပြိုင်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

တရားရုံး အဆင့်အဆင့်မှာ လာဘ်ပေး လာဘ်ယူမှုတွေ နဲ့ အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုဟာတိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ နည်းလမ်း ပေါင်းစုံ နဲ့ကျင့်သုံးနေဆဲ ဖြစ်ပြီး အမှု ၁၀၀ မှာ ၈၅ မှုဟာ လာဘ်ပေးလာဘ်ယူ မကင်းဘူးလို့ ဥပဒေ ပညာ ရှင် တွေက ပြောပါတယ်။

၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ ခေတ်ကနေ ဒီနေ့အထိ ပြောင်းလဲတာဆိုလို့ တရားရုံးနဲ့ တရားသူကြီးတွေ အခေါ်အဝေါ် ပြောင်းသွားတာ၊ တရားသူကြီးတွေရဲ့ အရည်အချင်း သတ်မှတ်တာ၊ စာချွန်တော် အမိန့်တွေကို ပြန်လည် အသက်သွင်းဖို့ ကြိုးပမ်းတာလောက်ပဲ ရှိသေးတယ်လို့ သိရတယ်။

“တရားစီရင်ရေး စနစ်တွေကလဲ အရင်ကလူတွေ ချမှတ်ခဲ့တဲ့စနစ်တွေပါ၊ လူတွေကလည်းပဲ အရင် စနစ်ဟောင်းက လူတွေပဲ ဆိုတော့ တရားစီရင်ရေး ကဏ္ဍဟာလည်းပဲ အရင်အတိုင်းပဲ၊ စနစ်ကြီး တခုလုံးကို ပြောင်းမှရမယ်”လို့ ရှေ့နေ ဦးအောင် သိန်း က ပြောပါတယ်။

တရား စီရင်ရေးမှာ လာဘ်ပေးလာဘ်ယူမှု တခုခုကြောင့် ပြဿနာဖြစ်ခဲ့မယ်ဆိုရင် အဲဒီတရားသူကြီးကို တရားရုံးချုပ်လို နေပြည်တော်က ပြည်ထောင်စု လွှတ်တော် တရားရုံးချုပ်လို နေရာမျိုးကို ခေတ္တခေါ်ယူထားပြီး ၆ လ တနှစ်ကြာတဲ့ အခါမှာတာ့ နေရာကောင်း တခုကို ပြောင်းရွှေ့လိုက်တာမျိုးတွေ အများအပြား ရှိတယ်လို့ သိရပါတယ်။

“တရားသူကြီး လာဘ်စားတဲ့ အမှုကို တရားသူကြီး ကိုယ်တိုင်က စစ်ဆေးတော့ အမှုက ထောင်ချဖို့ အတော် ခက်တယ်၊ တ ရား သူကြီး ထောင်ကျတာ မရှိသလောက်ပါဘဲ၊ အမြင့်ဆုံး ပြစ်မှုက တာဝန်က ရပ်စဲတာ၊ နေရာပြောင်းတာလောက် ပါပဲ”လို့ ဦးအောင်သိန်းက ပြောပါတယ်။

တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်မှန်ကန်ဖို့ဆိုရင် တင်းကျပ်တဲ့ ဥပဒေတွေ၊ ပြစ်ဒဏ်ချမှတ်မှုတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံထဲက တ ရားစီရင်ရေး ဆိုင်ရာ ဥပဒေ တွေကို ပြုပြင်ပြဌာန်းဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှေ့နေ တဦးလည်းဖြစ်သူ ဦးဘရှိန်က ပြောပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ တရားသူကြီး ဒေါ်စီစီ ကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှု တွေနဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက အယုံအကြည် မရှိ အဆိုတင်သွင်းပြီး စုံစမ်းရေး ကော်မတီ ဖွဲ့စည်း စစ်ဆေးဖို့ ဆောင်ရွက်နေ စဉ်မှာပဲ မိမိဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတ ဦးသိန်းစိန် အမိန့်နဲ့အောက်တိုဘာလ ၂၂ ရက်နေ့က ကြေညာခဲ့ပါတယ်။

ပြည်နယ်အဆင့်ရှိတဲ့ တရားသူကြီး တဦးရဲ့ အဂတိ လိုက်စားမှုတွေ ပြစ်မှုထင်ရှားပေမယ့် ထိုက်သင့်တဲ့ စုံစမ်းစစ်ဆေး အရေး ယူမှု ပြီးဆုံးအောင် မလုပ်ဆောင်နိုင်တဲ့ အပေါ်မှာလည်း မြန်မာနိုင်ငံရဲ့ တရားစီရင် ရေး မဏ္ဍိုင် အပေါ်အများက မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ ရာထူးက နုတ်ထွက်သွားတဲ့အတွက် ဒေါ်စီစီအမှုဟာ အလုံးစုံ ပြီးဆုံးသွားပြီလို့ ယူဆရမလားပဲ။

လွှတ်တော်က စွပ်စွဲပြစ်တင်မှု ပြုလုပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ မပြီးဆုံးခင် မိမိဆန္ဒအလျောက် ထွက်လိုက် ရုံနဲ့ အမှုတခုလုံး ပြီးစီးသွားတာဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင် လွဲမှားနေကြောင်း ထင်ရှား စေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ တရားသူကြီး တဦးဦးသည် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ(က) တို့ အရ ဆန္ဒအလျောက်ရာထူးမှ နုတ်ထွက်ခွင့်ရှိကြောင်း ပြဌာန်းထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တရားသူကြီးတွေ အတွက် အကာအကွယ် ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။

“ဖွဲ့စည်းပုံ ဥပဒေမှာက တရားသူကြီးတွေကို အကာအကွယ် ပေးထားတော့ အရေးယူဖို့ ခက်တယ်၊ တရားသူကြီး အဆင့်ဆင့် က လာဘ်စားနေတာ၊ လာဘ်စားခဲ့တာတွေ လုပ်ခဲ့ကြတော့ အချင်းချင်း အကာအကွယ်ပေးပြီးသား ဖြစ်နေတယ်”လို့ ဦးဘရှိန် က ဆိုတယ်။

တည်ဆဲ ဥပဒေတွေမှာ တရားသူကြီးတွေကို အရေးယူနိုင်တဲ့ ဥပဒေတွေ သတ်သတ်မှတ်မှတ် ရေးဆွဲ ပြဌာန်းထားတာ မရှိ သေးတဲ့အတွက် ပြဌာန်းဖို့ လိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်ရဲ့ တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို က လည်း လွှတ်တော်မှာ မကြာသေးခင်က ဆွေးနွေးခဲ့ပါသေးတယ်။

နိုင်ငံတော် စီမံကိန်းမျိုးစုံနဲ့ပတ်သက်ပြီး အမှုပေါင်းစုံ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်တွင်းက ကျောက်ဖြူ ခရိုင်၊ မြို့နယ် တရားရုံးတို့ က တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေရဲ့ လာဘ်စားမှု သတင်းတွေ မကြာခဏကြားနေရပါတယ်။ ကျောက်ဖြူမြို့က အမှု သည် တဦးဆိုရင် သူ့အမှုကို အာမခံ ရလိုတာကြောင့် မြို့နယ်ဥပဒေ အရာရှိ ဦးစိုးမြ ဆိုသူကို ကျပ် ၆ သိန်းပေးထား ရတယ် လို့ ဆိုပါတယ်။

“အဖမ်းခံထားရတဲ့ ပုဒ်မက အာမခံမရဘူး၊ အဲဒီတော့ ပုဒ်မ ၃၇၉ ကို ပြောင်းဖို့ ဥပဒေအရာရှိကို ပြောတော့ စစ်တွေကိုသွားပြီး ပြောင်းပေးရမယ် ဆိုပြီးငွေ ၆ သိန်းပေးရတယ်၊ ဒါပေမယ့် ဖမ်းထားတဲ့ ပုဒ်မက သက်သေမခိုင်လုံတော့ ၃၇၉ ကို ပြောင်း ပြီး သား ဖြစ်သွားတာပေါ့၊ ဒါပေမယ့် ပေးထားတဲ့ ပိုက်ဆံ ပြန်တောင်းတော့ မပေးတော့ဘူး၊ အမှုကတော့ စစ်ဆေးတုန်းပဲ”လို့ အမှုသည် တဦးက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ဥပဒေ ပညာရှင် ဦးသိန်းညွန့်ကလည်း ၎င်းတို့ ကော်မတီ အနေနဲ့ မန္တလေးတိုင်း အတွင်းက တရားရုံးတွေကို စစ်ဆေးကြရာ မှာ တရားစီရင်ရေး အလွဲအမှား အများအပြားတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

တရားဥပဒေ စိုးမိုးမှု အားနည်းတာ၊ တရားစီရင်ရေး မဏ္ဍိုင် ယိုယွင်းနေတာတွေကို အထောက်အကူ ဖြစ်စေဖို့ ဒေါ်အောင် ဆန်း စုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီကို ပြီးခဲ့တဲ့ နှစ်မှာဖွဲ့စည်းခဲ့ပေမယ့် ယနေ့အထိ သိသာတဲ့ ထိရောက် ပြောင်းလဲမှု မတွေ့ရသေးပါဘူး။

အဲဒီကော်မတီဟာ နိုင်ငံတွင်းက ဒေသအများအပြားကို ကွင်းဆင်းပြီး လေ့လာတဲ့အခါမှာ တရားရုံးအပေါ် အာဏာပိုင်တွေ ရဲ့လွှမ်းမိုးမှု ရှိနေတာ၊ အမှုလိုက်ပါဆောင်ရွက်တဲ့ ဥပဒေ အရာရှိတွေ၊ တရားသူကြီးတွေ လာဘ်ပေး လာဘ်ယူမှု ရှိနေတာတွေ ကို လွှတ်တော်မှာ အစီရင်ခံ တင်ပြခဲ့ပါသေးတယ်။

ယိမ်းယိုင်နေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို ပြန်လည်တည့်မတ်ဖို့ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေအားလုံးက အဂ တိ တရားကင်းရှင်းကြဖို့ကိုပဲ ကော်မတီက တိုက်တွန်းနိုင်ပါတယ်။ တရားသူကြီးတွေ၊ ဥပဒေ အရာရှိတွေ၊ ရှေ့နေတွေ ရဲ အရာ ရှိတွေက ပါဝင်ပူးပေါင်းမှသာ တရားရေးမဏ္ဍိုင် ကောင်းမွန်လာနိုင်မှာ ဖြစ်ကြောင်းလည်း ကော်မတီက တင်ပြခဲ့ပါတယ်။

တရားဥပဒေ စိုးမိုးရေး ကော်မတီရဲ့ အစီရင်ခံစာပါ ပြုပြင်ရမယ့် အားနည်းချက်တွေကို တာဝန်ယူ ဆောင်ရွက်ရမယ့် အဓိက တာဝန်ရှိသူကတော့ အစိုးရပါပဲ။ ဒါပေမယ့် အစိုးရအဖွဲ့ ကိုယ်တိုင်က အလေး ထား ဆောင်ရွက်မှု အားနည်းနေတော့ အစီရင် ခံစာဟာလည်း အရေးမပါတဲ့ သဘော ဖြစ်သွားရပါတယ်။

တရားသူကြီးတွေဟာ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း စတဲ့အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့စဉ်ကတည်းက အဂတိ လိုက် စားမှု တွေရှိခဲ့တာကြောင့် လက်အောက်ခံ တရားသူကြီးတွေကို အပြန်အလှန် ဖေးမမှုတွေကြောင့် လာဘ်ပေးလာဘ်ယူမှု တွေ ကို လက်ပူးလက်ကြပ် အရေးယူဖို့ခက်ခဲကြောင်း ဥပဒေ ပညာရှင်တွေက ထောက်ပြကြပါတယ်။

“အထက်က လူကိုယ်တိုင်က လာဘ်စားထားတော့ အောက်က လူတွေကို အရေးယူ အပြစ်ပေးဖို့ ခက်တာ ပေါ့၊ ပြည်သူတွေ ကိုယ်တိုင်ကလည်း အမှန်တရားကို ပြောရဲ ဆိုရဲ တိုင်ရဲကြဖို့ အရေးကြီးပါတယ်”လို့ လွှတ်တော်ရဲ့ ဥပဒေကြမ်း ကော်မတီဝင် တဦး လည်းဖြစ်တဲ့ ရှေ့နေ ဦးဘရှိန် က ပြောတယ်။

အစိုးရကိုယ်တိုင်က ပြစ်မှုတွေကို အလေးထား ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့လည်း ဆိုတယ်။

ဖွဲ့စည်းပုံထဲက တရားစီရင်ရေး ဥပဒေတွေကို ပြုပြင်ဖို့၊ တင်းကျပ်တဲ့ တရားစီရင်ရေး ဥပဒေ ပြဌာန်းနိုင်ဖို့ လိုအပ်နေသလို တရားစီရင်ရေးဆိုင်ရာ ၀န်ကြီးအဆင့် တဦးလည်းထားဖို့ လိုအပ်တယ်၊ ဒါမှသာ လာဘ်ပေး လာဘ်ယူမှုတွေ လျော့ကျလာနိုင်မှာ ဖြစ်တယ်လို့ ဦးဘရှိန် က ဆက်လက် ပြောဆိုပါတယ်။

မြန်မာ့တရား စီရင်ရေး မပြောင်းလဲနိုင်တာဟာ စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်အရာရှိတွေ၊ အုပ်ချုပ်ရေး အာဏာ ပိုင်တွေက တရား စီရင်ရေး ကိစ္စတွေမှာ ပါဝင်နေတာရယ်၊ ၀န်ထမ်းတွေကို လုံလောက်တဲ့ အကျိုးခံစားခွင့် လစာ ပေးခြင်းမရှိတာတွေရယ် ကြောင့် ဖြစ်တယ်လို့လည်းပဲ ဥပဒေ ပညာရှင်တွေက ပြောဆိုပါတယ်။

တရားစီရင်ရေး ကဏ္ဍဟာ အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ဖို့၊ တရားသူကြီးတွေ ကိုယ်တိုင်က လွတ် လပ်တဲ့ စိတ်နဲ့ တရားစီရင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဥပဒေ အရာရှိတွေ၊ အမှုလိုက်တဲ့ ရှေ့နေတွေ၊ ရဲ ၀န်ထမ်းတွေ စတဲ့ အဆင့်ဆင့် တာဝန်ရှိသူတွေ ကလည်း အာဂတိ လိုက်စားမှု ကင်းရှင်းဖို့ အရေးကြီးပါတယ်။

ရဲဝန်ထမ်းက ပြစ်မှုကျူးလွန်သူ တဦးဦးကို ဖမ်းလာပြီး တရားစွဲဆိုတော့မယ်ဆိုရင် တရားသူကြီးနဲ့ပူးပေါင်း ညှိနှိုင်းပြီးအမှု ဖွင့် တာ၊ ပုဒ်မ တပ်တာတွေ လုပ်လေ့ရှိကြောင်း သိရပါတယ်။

“အမှုကိုင်တဲ့ ရဲနဲ့ တရားသူကြီးတို့က ပေါင်းပြီးတော့ ပုဒ်မကို လိုသလိုတပ်တာ၊ တရားခံ၊ တရားလို နှစ်ဘက်စလုံးက လာဘ် ငွေပေးမယ်ဆိုရင်လည်း ငွေများများပေးတဲ့ ဘက်ကို အနိုင်ပေးတယ်၊ ငွေပိုပေးရင် တရားခံကနေ တရားလို ဖြစ်သွားတဲ့ အမှု မျိုးတွေ အများအပြားရှိပါတယ်”လို့ ရှေ့နေ တဦး က ပြော ပါတယ်။

အမှုတခု ဖြစ်ပေါ်ပြီဆိုရင် အမှုကိစ္စကို ဆွေးနွေးဖို့ တရားသူကြီးဆီကို လာရောက်ဆွေးနွေးမယ်ဆိုရင်လည်း တရားသူကြီးရဲ့ လက်ထောက် သို့မဟုတ် စာရေး နဲ့ပဲ စကားပြောပြီး ညှိနှိုင်းလိုက်ကြပါဆိုတဲ့ ဈေးစကား၊ ပွဲစား စကားပြောတာမျိုးတွေ ဟာ လည်းပဲ တရားရုံးရဲ့ ယဉ်ကျေးမှု တခုလို ကျင့်သုံးနေဆဲပါ။

မြန်မာနိုင်ငံ တ၀န်းလုံးမှာ အဲဒီလို ဖြစ်ပျက်နေတာ၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး တခုလုံး အကျင့်ပျက်ခြစား နေတာကို တ ဘက် တလမ်းက တည့်မတ်နိုင်ဖို့ လွှတ်တော်မှာ အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးကြတာလည်း တွေ့ရပါတယ်။ တရားစီရင်ရေး ကိစ္စတွေမှာ လာဘ်ပေး လာဘ်ယူမှု အားနည်းလာအောင် တရားခွင်ကို မှတ်တမ်းတင်တာ၊ CCTV ကင်မရာ တပ်ဆင်တာ တွေ ပြုလုပ်ဖို့ လွှတ်တော် ကိုယ်စားလှယ် တချို့က အကြံပြုကြတာတွေလည်း ရှိပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်း က တော့“လာဘ်ပေးတာက တရားခွင်မှာ ပေးမှ မဟုတ်ဘူး၊ ထမင်းဆိုင်၊ လက်ဖက်ရည် ဆိုင်မှာ ပေးလည်း ရတာပဲ၊ အဲဒီတော့ CCTV တပ်တာထက် တင်းကျပ်တဲ့ ဥပဒေ ပြဌာန်းနိုင်ဖို့ အရေးကြီးတယ်”လို့ ဆိုပါတယ်။

CCTV ကင်မရာတွေ တပ်ဆင်တာ အပြင် တရားရုံး သတင်းထောက်တွေ ထားပြီး မီဒီယာတွေကို တရားရုံးတွေမှာ လွတ်လပ် စွာ စောင့်ကြည့် သတင်းရယူခွင့်ပေးဖို့ လိုအပ်ကြောင်းလည်း ရှေ့နေကြီး တွေက ပြောပါတယ်။

အဲဒီတော့ ဦးသိန်းစိန် အစိုးရရဲ့ လက်ကျန် ၂ နှစ်အတွင်းမှာ သန့်ရှင်းကောင်းမွန်တဲ့ အစိုးရ တရပ်ဖြစ်ရေး အတွက် မြန်မာ့တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်လာရေးဟာ တင်းကျပ်တဲ့ ဥပဒေတွေ ပြုပြင် ပြဌာန်းနိုင် ရေး ဟာ အဓိက ဖြစ်နေပါတယ်။

အဲဒီ ဥပဒေတွေကို အစိုးရ အဖွဲ့ကရော တရားစီရင်ရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က ကျင့်သုံးနိုင် မယ်ဆိုရင်တော့ ယိမ်း ယိုင်နေတဲ့ မြန်မာ့ တရားစီရင်ရေး မဏ္ဍိုင်ကြီးဟာ အတန်အသင့် တည့်မတ် လာနိုင် ခြေ ရှိတယ်လို့ သုံးသပ်မိပါတယ်။

Credit : ဧရာဝတီ