Wednesday, November 6, 2013

မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလကြိုဆို



မြစ်ကြီးနားမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ကျေနပ် အားရစရာ ဖြစ်တယ်လို့ မြန်မာ အစိုးရ ဘက်ကရော၊ လေ့လာသူအဖြစ် တတ်ရောက်ခဲ့တဲ့ ကုလသမဂ္ဂဘက်ကပါ ပြောပါတယ်။


ဒါပေမဲ့ လက်တွေ့ ဆွေးနွေးပွဲအတွင်းမှာတော့ အမြင်ကွဲလွဲမှုတချို့ ရှိခဲ့ပြီး၊ ဒါကို လာမယ့် ဒီဇင်ဘာလမှာ ပြန်လည်ဆွေးနွေးဖို့ ပြင်ဆင်ထားတာ တွေ့ရပါ တယ်။ ဆွေးနွေးပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တတိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ဆွေးနွေးကြ တဲ့ နှစ်ရက်ကြာ မြစ်ကြီးနားဆွေးနွေးပွဲဟာ တကယ်တော့ ရလဒ် ခိုင်ခိုင်မာမာ ထွက်မလာခဲ့ပါဘူး။ တိုင်းရင်းသားတွေ ဘက်က စုပေါင်းတင်ပြတဲ့ လိုင်ဇာသဘောတူညီချက်ကို အစိုးရဘက်ကို ပေးအပ်ခဲ့သလို၊ အစိုးရ ကိုယ်စားလှယ်ဘက်ကလည်း သူတို့ရဲ့ အဆိုပြုချက်မူကြမ်းကို တိုင်းရင်းသားတွေထံ အပြန်အလှန် ပေးအပ် ခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုလို အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ စိတ်ဓာတ်တွေကြောင့် နှစ်ဘက် အကြားမှာ တူညီတဲ့အခြေခံ ရရှိခဲ့တယ်လို့ လေ့လာသူအဖြစ် တတ်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားက ရှုမြင်တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ ဖာရမ်ဟိုက်က မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ရေရှည်အမြင်နဲ့ အလေးအနက်ထားတဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေကြောင့် ကျေနပ်အားရမှုရှိပြီး၊ ဒီအခြေအနေကြောင့် တိုင်းရင်းသားအုပ်စုတွေအနေနဲ့ အစိုးရနဲ့ ဆွေးနွေးမှုတွေဖြစ်ဖို့ တူညီတဲ့ အခြေခံတရပ် ရယူနိုင်ကြတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေထုတ်နိုင်ရေးဟာ တိုင်းပြည်နဲ့ လူထု အနာဂတ်အတွက် အရေးတကြီး ဦးစားပေးကိစ္စ ဖြစ်တယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမို ကရေစီရေး လမ်းကြောင်းပေါ် ဆက်သွားဖို့ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေကို ဆက်ပြီး ထောက်ပံ့ ကူညီသွားမှာဖြစ်ပါတယ်။”

ဆွေးနွေးပွဲအတွင်း အခိုင်အမာရလဒ် မရပေမဲ့လို့ ရှေ့ဆက် ဆောင်ရွက်သွားရမယ့် အခြေခံ လမ်းညွှန် ချက်တရပ်ကို အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ရရှိခဲ့တယ်လို့ မြန်မာအစိုးရဘက်က ထုတ်ပြန်ပါတယ်။ ဒါကြောင့်လည်း ဆွေးနွေးပွဲအပေါ်မှာ အားရကျေနပ်မိတယ်လို့ မြန်မာအစိုးရကိုယ်စားလှယ် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း က ပြောခဲ့ပါတယ်။

“ဒီဆွေးနွေးပွဲကို အရမ်းပဲ အားရကျေနပ်ပါတယ်။ တိုင်းရင်းသားတဖွဲ့၊ တဖွဲ့နဲ့ ဆွေးနွေးပွဲတောင်မှ ဘယ် လောက် ကျနော်တို့ ပင်ပန်းပြီးတော့ ဘယ်လောက် ကျနော်တို့ ကြိုးစားရတယ်ဆိုတာ ခင်ဗျားတို့ မြင်တယ် လေ။ အခု ဒီ တိုင်းရင်းသားပေါင်း ၁၆ ဖွဲ့ ၁၇ ဖွဲ့ကို တခါတည်း ဆွေးနွေးရတယ်ဆိုတော့ ၁၇ ဆလောက် ပင်ပန်းရမယ့်ဥစ္စာပေါ့လေဗျာ။ အဲ့တော့ ဒီဟာလည်း ဆွေးနွေးပွဲမှာ အောင်မြင်မှုရတယ်ဆိုတော့ ကျနော့် အနေနဲ့ အတိုင်းအဆမရှိ ၀မ်းသာမိတာပေါ့လေ။”

ဒါပေမဲ့ ဒီလက်တွေ့ ဆွေးနွေးပွဲအတွင်းမှာတော့ နှစ်ဘက်အကြား ကွဲလွဲချက်တွေတော့ ရှိနေတုန်းပါ။ အထူးသဖြင့်တော့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ အရင်တုန်းက တိုင်းရင်းသား ငြိမ်းချမ်းရေးတပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ကာကွယ်ရေးဦးစီးချုပ် လက်အောက်ခံ ပုံစံမျိုး ထားဖို့ ဆွေးနွေးထားတာပါ။

တို်င်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကတော့ ဒါကို လက်ခံချင်တဲ့ သဘော မရပါဘူး။ ဒါကြောင့်လည်း ငြိမ်းချမ်းရေး ယူလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပါ ပါဝင်တဲ့ ပြည်ထောင်စု တပ်မတော်ဆိုတဲ့ အသုံးအနှုန်း ဆွေးနွေးပြောဆိုချက်တွေ တိုင်းရင်းသားတွေဘက်က ရှိခဲ့ပါတယ်။ မြန်မာတပ်ဘက်က ဒါကို လိုလိုလားလား ရှိပုံမရပါဘူး။

ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တတ်ရောက် ဆွေးနွေးတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဒီကိစ္စဟာ အားလုံး အတွက် ရှုပ်ထွေးစရာ ဖြစ်တယ်လို့ မြင်ပါတယ်။

“ဘာဖြစ်လို့ ၀ိဝါရကွဲနေသလဲဆိုတော့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ဆိုတော့ တပ်မတော်ကြီးကိုပဲ ဖျက်ပြီးတော့ ပြင်ဆင်ဖွဲ့စည်းမလားဆိုတဲ့ လူတွေရဲ့ ယုန်ထင်ကြောင်ထင်ပေါ့။ တပ်မတော်ကလည်း ဖွဲ့စရာ အကြောင်းလည်းမရှိဘူး။ တပ်မတော်သည် တစ်ခုတည်းသော တပ်မတော်ပဲ။ တိုင်းရင်းသားတွေကလည်းပဲ ဒီပြင်ဆင်ထားတဲ့ တပ်မတော်မှာ သူတို့ကလည်းပဲ တခန်းတကဏ္ဍ အဲ့လိုလည်း မရဘူး။ နောက်ဆုံးမှာ ၀ိဝါရတွေ အမျိုးမျိုးကွဲပြီး၊ နောက်ပြီးတော့ သူတို့နဲ့ တိုင်းရင်းသားတွေနဲ့ ကိုယ်တို့တပ်နဲ့လည်းပဲ စိတ်ဝမ်းတွေ ကွဲလာနိုင်တာပေါ့။”

ဒါ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းတွေဘက်က ဖွဲ့စည်းပုံမှာ ဖက်ဒရယ်စနစ် ပုံစံမျိုး လိုချင်တာကြောင့်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာလည်း သူတို့အတွက် အရေးပါနေပါတယ်။ ဒါပေမဲ့ မြန်မာ တပ်ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးအဆင့်မှာ ဒါကိုထားပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာမှ ဖွဲ့စည်းပုံကိစ္စ ပြောစေချင်ပုံရပါတယ်။ လက်ရှိအဆင့် သဘောတူညီချက်တွေမှာ ဖွဲ့စည်းပုံကို ထိခိုက်စေတဲ့ အသုံးအနှုန်းမျိုးတွေ မရှိစေချင်ဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။

“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ သွားနေတာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဘာမှ မဆိုင်ဘူး။ တနည်းအားဖြင့်ပြောရလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်နိုင်တဲ့ အကြောင်းတရားတွေ ဘာမှမရှိဘူး။ ခုနတုန်းက ပြောသလို ၀ိဝါရကွဲစရာတွေပေါ့။ အဲ့ဒါမျိုးတွေကြောင့်မို့ စကားလုံး အသုံးအနှုန်းတွေကအစ သူတို့ ပြန်လည်ပြီးတော့ ပြင်ဆင်မှုတွေ သူတို့ ရှိမှာပဲ။ ကျနော်တို့က ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တာသည် ပတ်သက်တဲ့အချက်တွေမှာ ဒီအခု နိုင်ငံရေး ဆွေးနွေးတဲ့ အပိုင်းမှာ ပါကောင်းပါနိုင်တယ်။ ပါလာမှာပဲ။ ပါလာတဲ့အခါမှာတော့ တပ်မတော်အနေနဲ့ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအပေါ်မှာ အခြေခံပြီးတော့ပဲ သွားမှာပဲ။ အဲ့တော့ ပြင်ဖို့ မပြင်ဖို့ဆိုတာ ကျနော်တို့ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့လည်း ဆုံးဖြတ်လို့မရသလို၊ ကျနော်တို့လည်း ဆုံးဖြတ်လို့မရဘူး။ ဒါသည် ဒီကနေ့ လွှတ်တော်က ဆောင်ရွက်နေတယ်။”

မြန်မာအစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ အပစ်အခတ်ရပ်စဲရေးရော နိုင်ငံရေးဆွေးနွေးမှုတွေကိုပါ လာမယ့်နှစ်အတွင်းမှာ ပြီးစီးသွားစေချင်တယ်လို့ ပြောပါတယ်။ လက်ရှိ အနေအထားမှာ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းကနေ လုပ်နိုင်သမျှ လုပ်သွားပြီး၊ မလုပ် နိုင်တော့ဘူးဆိုမှ လူထုအားလုံးဆန္ဒနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကိစ္စကို စဉ်းစားစေချင်တယ်လို့ ဦးအောင်မင်းက ပြောခဲ့ပါတယ်။

“ဒီ ဒီဇင်ဘာလအတွင်းမှာ ကျနော်က Nationwide Ceasefire အတွက်ကို လက်မှတ်ထိုးချင်တယ်ခင်ဗျ။ အဲ့လို ထိုးတော့မှပဲ ကျနော်တို့က နောက်နှစ် ၂၀၁၄ ခုနှစ် ဧပြီလလောက်မှာတော့ Political Dialogue လုပ်ချင်တယ်။ Nationwide Ceasefire လက်မှတ်ထိုးပြီးတဲ့အခါမှာ Political Dialogue ကြားထဲမှာ ကျန်တဲ့ကာလမှာတော့ ကျနော်တို့က Framework အတွက် Political Dialogue အတွက် Framework ကို ကျနော်တို့က ဆွေးနွေးကြမယ်။ အဲ့တော့ ကျနော်တို့ လုပ်နိုင်တာကလည်း ကျနော်တို့ အစိုးရဟာ ၂၀၁၅ ခုနှစ်အထိပဲ တာဝန်ယူရမှာ။ အဲ့တော့ ကျနော်တို့ လုပ်နိုင်တာက ၂၀၁၄ ခုနှစ် တနှစ်လုံးရတာပေါ့။ Political Dialogue ဆိုတာကတော့ အချက်အလက်တွေ အများကြီး ပါတာပေါ့။ ဥပမာ ၁၀၀ ရာခိုင်နှုန်း မပြီးတာတောင်မှ ၇၀ ရာခိုင်နှုန်းလောက်ပြီးအောင် ကျနော်တို့ အစိုးရလက်ထက်မှာ လုပ်ပေးသွား ချင်တယ်။”

အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရအကြား တိုက်ရိုက် တပြိုက်တည်း တရားဝင်ဆွေးနွေးမှုဟာ ဆယ်စုနှစ်တွေအတွင်း ဒါ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် တိုးတက်ဖြစ်ထွန်းလာတဲ့ အထင်ကရ အခြေအနေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာလမှာ ဆက်လုပ်ဖို့ သဘောတူထားပြီး၊ နှစ်ဘက် အပြန်အလှန် တင်ပြထားချက်တွေကို အကျေအလည် ဆွေးနွေး သွားကြဖို့ ရှိပါတယ်။ 

Credit : http://burmese.voanews.com

ဘင်္ဂလီအယောက်၇၀ စီးနင်းလိုက်ပါသည့်လှေ တိမ်းမှောက်မှု အမေရိကန်သံရုံး ဝမ်းနည်းကြောင်း ထုတ်ပြန်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃ရက်က လူ ၇၀ နီးပါးပါဝင်သည့် လှေတိမ်းမှောက်မှုကို အမေရိကန် ပြည်ထောင်စုက ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က နိုဝင်ဘာ လ ၅ရက်က ထုတ်ပြန်လိုက်သည်။


လှေတိမ်းမှောက်မှုတွင် ပါဝင်သော လူ ၇၀ နီးပါးသည် သတင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်စလင်ဒေသခံများ ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

ဘင်္ဂလီလူမျိုး ၇၀ စီးနင်းလိုက်ပါသွားသော စက်လှေတိမ်းမှောက်မှု နိုဝင်ဘာလ ၃ရက်က ဖြစ်ပေါ်ခဲ့ပြီး ရှစ်ဦးကို ရခိုင်ကမ်းရိုးတမ်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီး ၆၀ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု AP သတင်းဌာနက ထိုရက်က ရေးသားခဲ့သည်။ သို့သော် ထိုသတင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က နိုဝင်ဘာလ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ထို့အပြင် အမေရိကန်သံရုံးက ရခိုင်ပြည်နယ်တွင် နေထိုင်သော ထိခိုက်လွယ်သောလူအားလုံး၏ လုံခြုံရေး နှင့် လူသားချင်းစာနာထောက်ထားမှုနှင့်ဆိုင်သော အခြေအနေများကို စိုးရိမ်ပူပန်လျက်ရှိ သည်ဟု ဆိုထား သည်။

ရခိုင်ပြည်နယ် တွင် ၂၀၁၂ ခုနှစ်က စတင်၍ ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ဘင်္ဂလီဒုက္ခသည် ၈၀၀၀၀ ကျော်နှင့် ရခိုင်ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိသည် ဟု အစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်၊ အမ်းမြို့နယ် ၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်များ တွင် ဒုက္ခသည်စခန်းများ ရှိပြီး ယင်းဒုက္ခသည် များ နေထိုင်နိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် UNHCR အဖွဲ့တို့ပူးပေါင်း၍ အိမ်ထောင်စု ၁၀ စုခန့်နေထိုင် နိုင်သော တန်းလျား ၁၅၀၀ ကျော်နှင့် လုံးချင်းအိမ်များ ငါးရာနီးပါးခန့် ဆောက် လုပ်ကာ နှစ်ဖက် အဖွဲ့အစည်းမှ ဒုက္ခသည်များကို ထားရှိသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မဇ္ဈိမသို့ ပြောကြား ထားဖူးသည်။

Mizzima

ပုဇွန်တောင်မြို့နယ်မှ သိန်း(၁၀၀၀)ကျော်ခိုးသည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ



၅.၁၁.၂၀၁၃ရက်နေ့ ၀၄၃၀အချိန် ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်နေ ဦးမောင်ကျော် (ဘ)ဦးမောင်မောင် သည် အိပ်ယာမှထစဉ် နေအိမ်နောက်ဖေးတံခါး ပွင့်နေပြီး ပစ္စည်းများပြန့်ကျဲနေသဖြင့် စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ သံ သေတ္တာအတွင်းထားရှိသော စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲ များပါ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၂၇)မျိုး၊ ငွေ ကျပ်သိန်း(၁၀၀)နှင့် ဆင်းကဒ်ပါ လက်ကိုင်ဖုန်း (၁)လုံး၊ စုစု ပေါင်း(၂၉)မျိုး၊ ကာလတန်ဘိုးငွေကျပ်သိန်း (၁၁၀၀)ခန့်မှာ ပျောက်ဆုံးနေ သည်ကို တွေ့ရှိ၍ ခိုးယူသူအား စုံစမ်းဖေါ်ထုတ် အရေးယူပေးရန်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မ ရဲစခန်း(ပ)၂၄၀/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်စဉ်တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးချက်အရ ၁၄၃၅အချိန် ပုဇွန်တောင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်၊ အနော်ရထာလမ်း၊ Ocean ကားမှတ်တိုင် အနီးတွင် အမှုမှတရားခံများဖြစ်သည့် ထိန်လင်း (ဘ)ဦးစိန်မြ၊ သာကေတမြို့နယ်၊ ကျော်ဆန်းဦး(ခ)ပေါက်စ (ဘ)ဦးကျော်လင်း၊ ဒေါပုံမြို့နယ် နှင့် စိုးမင်းထွေး (ဘ)ဦးဖိုးဟန်၊ ဇောင်းတူမြို့ နယ်၊ ပဲခူးတိုင်း ဒေသကြီးနေသူတို့ (၃)ဦးအား အမှုမှပျောက်ဆုံးပစ္စည်း (၂၉)မျိုးအနက် (၂၄)မျိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

ပြည်သူချစ်သော ယာဉ်ထိန်းရဲသား ခင်မြင့်မောင်



တိုးတက်ကြီးထွားလာနေတဲ့ ရန်ကုန်လို နေရာမျိုးမှာ ပြည်သူက ချစ်ခင်တဲ့ ယာဉ်ထိန်းရဲတဦး ဖြစ်ဖို့က မလွယ်ကူလှပါ။ ရဲတပ်ဖွဲ့ဝင်များ အနေနဲ့ အရိုးစွဲ လာခဲ့တဲ့ မလုပ် မရှုပ် မပြုတ် စာအုပ်ကြီး အတိုင်း အများပြည်သူနဲ့ ဆက်ဆံရာမှာ ဖော်ရွေမှု နည်းပါး တယ်၊ ပြီးတော့ လက်ဖက်ရည်ဖိုး တောင်းဖို့လောက် ပဲ စိတ်ဝင်စားတယ် လို့ ယူဆခံနေရပါတယ်။ ဒါပေမယ့် ဗဟန်းမြို့နယ်မှာ ရှိတဲ့ ဓမ္မစေတီ လမ်းဆုံမှာ တာဝန်ယူ လမ်းရှင်းပေးရတဲ့ ယာဉ်ထိန်း ရဲသား ခင်မြင့်မောင်ကတော့ အများနဲ့ မတူခြားနားတဲ့ တာဝန်ထမ်းရွက်မှုကို တွေ့ရပါတယ်။


“ခရီးသည်တွေ၊ ကိုယ်ပိုင်ယာဉ်မောင်းတွေနဲ့ ဘတ်စကား ယဉ်မောင်းတွေက သူ့ကို ခင်ကြတယ် ဗျ။ သူ တာဝန်ထမ်းဆောင်တာက တခြားသူတွေနဲ့ မတူဘဲ တက်တက်ကြွကြွနဲ့ တာဝန်ကို ထမ်းဆောင်လေ့ ရှိတယ်။ မိုးရွာရွာ နေပူပူ သူ့တာဝန်ကို ခင်မင်စရာ အမူအယာနဲ့ ထမ်းဆောင်တယ်။ တချို့ လူတွေက သူ့အတွက် စားစရာတွေ၊ သောက်စရာတွေ အပြင် ငွေကြေးတွေပါ ပေးကြတယ်။ အဲဒီလို ပေးတာကလည်း မသထာရေစာ လာဘ်ထိုးတာမျိုး မဟုတ်ဘဲ တကယ့်ကို လေးစားချစ်ခင်လို့ ပေးတာမျိုးပါ” လို့ အဲဒီ ဓမ္မစေတီလမ်းဆုံကို အမြဲဖြတ်သွားလာနေရတဲ့ ရုံးဝန်ထမ်း မသူသူက ပြောပါတယ်။

ယာဉ်ထိန်းရဲသား ခင်မြင့်မောင်ကို အများပြည်သူတွေက ချစ်ခင်တဲ့အကြောင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက် အရာရှိတွေလည်း သတိပြုမိခဲ့ပါတယ်။ ဒါနဲ့ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၃ ခုနှစ်အတွက် the Best Private Award ဆုကို အသက် ၂၅ နှစ် ရှိပြီဖြစ်တဲ့ ခင်မြင့်မောင်ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ချီးမြှင့်ခံဖို့ကလည်း မလွယ်ကူပါဘူး။ ရန်ကုန်မြို့ရဲ့ မီးပွိုင့် လမ်းဆုံ ၃၈ ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲ ၉၄၅ ဦးထဲက နောက်ဆုံးအဆင့် ၃၈ ဦးကို ရွေးချယ်ပါတယ်။ အဲဒီ ၃၈ ဦးထဲကမှ ရန်ကုန်ရဲ့ အကောင်းဆုံး ယာဉ်ထိန်းရဲ အဖြစ် မဲပေးရွေးချယ်တာလို့ သိရပါတယ်။ မြန်မာ အမျိုးသား ရဲတပ်ဖွဲ့ကလည်း သူ့ကို ၄၉ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ တပ်ကြပ်ရာထူး တိုးမြှင့်ပေးခဲ့ပါတယ်။

“ခင်မြင့်မောင်နဲ့ ပတ်သက်ပြီး ကျနော်တို့ ဂုဏ်ယူပါတယ်ဗျာ။ သူ့လို တာဝန်ကျေပွန်တဲ့ အပြင် အများပြည်သူက လေးစား တန်ဖိုးထား ချစ်ခင်တဲ့ ယာဉ်ထိန်းရဲတွေ မွေးထုတ်ပေးနိုင်အောင် လေ့ကျင့်ပေးပါတယ်” လို့ ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ ရဲချုပ် သာဌေးက ပြောပါတယ်။

ဧရာဝတီ သတင်းထောက် စံယမင်းအောင်က တာဝန်ကျေပွန်ပြီး လူအများက လေးစား ချစ်ခင်ရတဲ့ ယာဉ်ထိန်းရဲ ခင်မြင့်မောင် နဲ့ တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ ပါတယ်။

မေး။ ။ ဘယ်တုန်းက ယာဉ်ထိန်းရဲ အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့တာလဲ။

ဖြေ။ ။ကျနော့် အသက် ၂၀ အရွယ် ၂၀၀၉ ခုနှစ်မှာ တပ်ဖွဲ့ကို ၀င်ရောက်ခဲ့ပါတယ်။

မေး။ ။ စတင် တာဝန် ထမ်းဆောင်လာခဲ့ပြီးနောက် ဘယ်လောက်ကြာမှာ အများပြည်သူက သတိပြုမိပြီး ချစ်ခင်လာတာလဲ။

ဖြေ။ ။ ကျနော့်ကို လူအများက သတိပြုတာက ကျနော် ယာဉ်ထိန်းရဲ တာဝန်ယူ စတင် ထမ်းဆောင်ပြီး ၁ နှစ် ကြာချိန်မှာ သတိပြုမိ လာတာပါ။

မေး။ ။ ချစ်ခင်သူတွေ အများအပြားရှိတယ် လို့ ကိုခင်မြင့်မောင် ယူဆထားသလား။

ဖြေ။ ။ ကျနော့်ရဲ့ တာဝန်ဖြစ်တဲ့ လမ်းကြောင်း ယာဉ်ကြော ရှင်းလင်းဖို့ အမြဲတစေ စိတ်ရှည်ရှည်နဲ့ ကြိုးစား ရှင်းလင်းပါတယ်။ အများပြည်သူတွေအတွက် ကြိုးစား လုပ်ကိုင်ပါတယ်။

မေး။ ။ လူတွေက ပြောတယ်၊ ကိုခင်မြင့်မောင်ဟာ တခြား ယာဉ်ထိန်းရဲတွေနဲ့ မတူဘူး တဲ့။ အဲဒီ အပေါ် တခုခု မှတ်ချက်စကားလေး ပြောပေးပါလား။

ဖြေ။ ။ ဌာနဆိုင်ရာတိုင်း၊ လုပ်ငန်း ဌာနတိုင်းမှာ တချို့က ကြိုးစားလုပ်ကိုင် ဆောင်ရွက်တတ်သလို တချို့ကတော့ ၀တ်ကျေ တန်းကုန် ထမ်းဆောင်တာတွေကို တွေ့နေရတာပဲလေ။ ဒါတွေဟာ သူတို့ အားလုံး ကိုယ်စီ ရဲ့ တာဝန်ထမ်းဆောင်မှု အနေအထား ပါပဲ။ ကျနော် ဒီလောက်ပဲ ပြောပါရစေ။

မေး။ ။ ဆုတံဆိပ် ဘယ်နှခုလောက် ရရှိခဲ့ဖူးသေးလဲ။

ဖြေ။ ။ ၂၀၁၁ ခုနှစ်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပေးအပ်တဲ့ “Role Model Private Award” ဆု၊ ၂၀၁၃ မှာ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပေးအပ်တဲ့ “the Best Private Award 2013” ဆု ရခဲ့ပါတယ်။

မေး။ ။ အများပြည်သူက အလေးအနက်ပြု တန်ဖိုးထားလာတာက အခုလို ဆုရရှိစေတာလို့ရော ထင်ပါသလား။

ဖြေ။ ။ ဟုတ်ကဲ့။ ကျနော် အဲဒီလိုပဲ ယူဆပါတယ်။

မေး။ ။ ဆုရရှိခဲ့တာ အပေါ် ခင်ဗျား ဘယ်လို ခံစားရပါသလဲ။

ဖြေ။ ။ ကျနော် ပျော်တယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် အများကြီး အနစ်နာခံ လုပ်ဆောင်ခဲ့ပါတယ်။ ကြိုးစားစိတ်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။

မေး။ ။ တခြား ဘာဆုတွေ ရခဲ့သေးလဲ။

ဖြေ။ ။ ကျနော် 7Days သတင်းဂျာနယ်က ပေးအပ်တဲ့ “7Day Hero Award” ကို ၂၀၁၂ ခုနှစ်က ရရှိခဲ့ ပါတယ်။

မေး။ ။ တချို့လူတွေက ယာဉ်ထိန်းရဲတွေအပေါ် မလိုလားတာ၊ မနှစ်သက်တာတွေ ရှိတယ်နော်။ အဲဒါ ဘာကြောင့်လို့ ခင်ဗျား ယူဆပါသလဲ။

ဖြေ။ ။ ယာဉ်ထိန်းရဲ မှာသာမဟုတ်ဘူး၊ တခြားနေရာ နယ်ပယ်တွေမှာလည်း အဲဒီလို ဖြစ်နေတာပဲလေ။ အများပြည်သူ ဆိုတာကတော့ ကိုယ့်တာဝန်ကို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်သူကို နှစ်သက်မှာဖြစ်သလို၊ ရည်ရွယ်ချက်ကောင်း မရှိတဲ့ သူတွေကိုတော့ နှစ်သက်ကြမှာ မဟုတ်ပါဘူး။

မေး။ ။ ဘာကြောင့် ယာဉ်ထိန်းရဲ အဖြစ် ဆုံးဖြတ်ရွေးချယ်ခဲ့တာလဲ။

ဖြေ။ ။ ကျနော်က စစ်တွေမှာ မွေးတဲ့ ရခိုင်တိုင်းရင်းသားပါ။ ကျနော် ရန်ကုန်ကို လာရောက်ပြီး ဦးလေးနဲ့ အတူနေပါတယ်။ သူက ယာဉ်ထိန်းရဲ တဦးပါ။ ကျနော်လည်း ဦးလေးလို ဖြစ်လာတာပါပဲ။

မေး။ ။ အစိုးရ ၀န်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ် တာဝန် ထမ်းဆောင်ကြတယ် လို့ မကြာခဏ ဝေဖန်ပြောဆို မှုတွေ ရှိတယ်ဗျ။ အဲဒီ အပေါ် ဘာပြောမလဲ။

ဖြေ။ ။ အဲဒီလို ဖြစ်တာ အရင်ခေတ်တွေ တုန်းက ဖြစ်ချင်ဖြစ်ပေါ့ဗျာ။ အခုခေတ်မှာတော့ မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေ ရှိလာပြီ။ တကယ့်ကို အကောင်းဘက်ကို ပြောင်းလာနေပါပြီ။

http://burma.irrawaddy.org/interview/2013/11/05/50518.html

၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မအောင်မြင်မှုများ



မြန်မာ့နိုင်ငံရေးလောကထဲ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ်ဖြင့် အခြေချလုပ်ကိုင် လာတာ နောက် တစ်ပတ် နိုဝင်ဘာ ၁၃ ရက်ဆိုရင် ၃ နှစ် ပြည့်ပြီဖြစ်ပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ ပထမဆုံး မိန့်ခွန်းမှ စပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်စွာပြောဆိုရေးသားလုပ်ကိုင်ခွင့်တို့ကို ပြောခဲ့တာ ဒီနေ့အထိ ဖြစ်ပါတယ်။


ပထမဆုံး စတင်လုပ်ဆောင်ချိန် ဒေါ်အောင်ဆန်း စုကြည် ဆောင်ရွက်ခဲ့တာတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ ၂၀၀၈ အခြေခံဥပဒေဆန့်ကျင်ရေး၊ NLD မှတ်ပုံမတင်ရေး၊ ၉၀ ရွေးကောက်ပွဲ အသက်သွင်းရေးနှင့် ဒုတိယပင်လုံညီလာခံ တို့ဖြစ်ပါတယ်။ 

ပထမတစ်နှစ်အတွင်းမှာပင် ဒုတိယပင်လုံညီလာခံကိစ္စ၊ ၉၀ ရွေးကောက်ပွဲအသက်သွင်းရေးကိစ္စ၊ NLD ပါတီမှတ်ပုံမတင်ရေးကိစ္စများ မအောင်မြင်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ကျရှုံးခဲ့ ရပါတယ်။ ၂၀၁၀ နိုဝင်ဘာ ၂၀ မှာ ဒုတိယပင်လုံညီလာခံ ကျင်းပရေးအစည်းအဝေးမှာ ဒေါ်အောင်ဆန်း စုကြည်ကို ဥက္ကဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒုတိယပင်လုံညီလာခံကျင်းပရေးကို အခြားဘယ်ပါတီ၊ ဘယ်နိုင်ငံ ရေးသမားကမှ မထောက်ခံခဲ့တဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်များက အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွား တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ရှုံးနိမ့်ခဲ့ရပါတယ်။ 

၂၀၁၁ ခုနှစ်တစ်နှစ်လုံး ပြည်တွင်း၊ ပြည်ပ သတင်းထောက်ပေါင်းစုံနှင့် တွေ့ဆုံခြင်း၊ နိုင်ငံခြားဧည့်သည် တစ်ယောက်ပြီး တစ်ယောက်နဲ့တွေ့ဆုံခြင်း၊ အထိမ်းအမှတ်ပွဲပေါင်းစုံ ဆက်တိုက်လုပ်ဆောင်ခြင်းတွေပဲ လုပ်နေ ချိန်မှာ နိုင်ငံရေးသမားအချို့က NLD မှာ တိကျတဲ့ မူဝါဒမရှိကြောင်းဝေဖန်လာချိန်မှာ NLD အနေနဲ့ လွှတ်တော် ပြင်ပနိုင်ငံရေးလုပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ခဲ့ပါတယ်။ ဘယ်လောက်အောင်မြင် လဲဆို တာကိုတော့ မပြောနိုင်ခဲ့ပါဘူး။ ဝန်ကြီးဦးအောင်ကြည်နှင့် ၄ ကြိမ်၊ သမ္မတ ဦးသိန်းစိန်နဲ့ ၁ ကြိမ် တွေ့ဆုံခဲ့ ပြီးနောက် ၂၀၀၈ အခြေခံဥပဒေအရ NLD ပါတီ မှတ်ပုံတင်ဖို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရုတ်တရက် ဆုံးဖြတ်ခဲ့တာကြောင့် ၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုရေး လှုပ်ရှားမှု ရှုံးနိမ့်ခဲ့ပြီး NLD မှတ်ပုံမတင်ရေး လှုပ်ရှားမှုလည်း ရှုံးနိမ့်ခဲ့ရပါတယ်။ 

၂၀၁၂ ခုနှစ်အတွင်း လှုပ်ရှားမှုတွေက ၂၀၁၁ လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ ၂၀၁၁ အတွင်း လွှတ်တော်နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ၂၀၁၂ မှာ ရွေးကောက်ပွဲနိုင်ရေးနဲ့ လွှတ်တော်မှာနေရာရရေး ဆက်တိုက်ကြိုးစားခဲ့ပြီး လွှတ်တော်ထဲမှာ အမတ် ၄၃ နေရာ ရခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုချိန်မှာ သပိတ်မှောက်မယ်ပြောပြီး စာသားပြင်ဖို့ကြိုးစားခဲ့ပေမယ့် ထပ်မံရှုံးနိမ့် ခဲ့ပြီး အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် လို့ ကျမ်းကျိန်ခဲ့ရပါတယ်။ ပါတီထောင်ပြီးနောက် ယခင်က NLD မှတ်ပုံမတင်လို့ တခြားပါတီရောက်သွားသူအများစုကလည်း NLD ကိုပြန်မလာကြပါဘူး။ စည်းရုံးရေးတာဝန်ရှိသူများမှ ပါတီဝင် ၁၀ သိန်းရရှိရေး စုဆောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ဗဟိုဦးစီးမှုလွန်ကဲခြင်း၊ ပါတီဥက္ကမှ မိမိသမ္မတဖြစ်ဖို့သာလုံးပန်းနေပြီး အောက်ခြေပါတီဝင် များရဲ့ ဒုက္ခများကို လစ်လျှူရှုခြင်း၊ နီးစပ်သူ များက နေရာရခြင်းများကြောင့် မြောင်းမြ၊ ဂန့်ဂေါ၊ ကော့ကရိတ်၊ မန္တလေးမှ NLD ပါတီဝင်များက နှုတ်ထွက် တာတွေ၊ တခြားပါတီဆီပြောင်ရွှေ့သူတွေ၊ ပါတီဝင်အချင်းချင်းဆန္ဒပြသူတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ဒေါ်အောင်ဆန်း စုကြည်ကို အဓိက Image ကျစေခဲ့တာကတော့ မွတ်ဆလင် အကြမ်းဖက် မှုများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တစ်ဦးအနေနဲ့ ဘာမှမလုပ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာ ၁၄ ရက်နေ့က မောင်နှမ ၂ ဦးပိုင်အိမ်ကို တစ်ဦးတည်းပိုင်ဆိုင်လိုကြောင်း အနောက်ပိုင်းခရိုင် တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်သွင်းခဲ့ ပါတယ်။ အခြားသူများကို စည်းလုံးကြဖို့ လူကြား ကောင်းအောင်ပြောနေပြီး မောင်နှမချင်းမတည့်ဖြစ်ကာ အမွေလုနေခြင်းက လည်း ဒေါ်စုရဲ့ Image ကို ကျဆင်း စေခဲ့ပါတယ်။ 

၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မအောင်မြင်မှုများက အထူးသိသာလာ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မပါပဲ အစိုးရက တစ်နိုင်ငံလုံးအပြစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးခြင်းက တစ်နိုင်ငံလုံးတွင် တစ်ဦးတည်းရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကိုသာမက၊ ငြိမ်းချမ်းရေး နိုဘယ်ဆုကိုပါ သိက္ခာ ကျဆင်းစေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ပြင်ပမှာ ပြင်လို့ မအောင်မြင်တာကြောင့် လွှတ်တော် တွင်းမှာပြင်မယ်ဆိုပြီး ကြွေးကြော်ခဲ့ပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အခြေခံဥပဒေပြင်ရေး လွှတ်တော်မှာ တင်ပြပြီး ကော်မတီမှာဦးဆောင်လိုက်တာကြောင့် နေရာမရ ဖြစ်ခဲ့ရပြီး ယခင်နှစ်များနည်းတူ ၂၀၁၃ လည်း အောင်မြင်မှုမရှိပဲ ကုန်ဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့မှု ရပ်ဆိုင်းလိုသူတွေအတွက် သေချာစဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် သမ္မတဦးသိန်းစိန်ကို အသိအမှတ်ပြုတဲ့အနေနဲ့ စီးပွားပိတ်ဆို့မှု အားလုံးရုတ်သိမ်း သွားပြန်ပါတယ်။ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ရာထူးပေးထားပေမယ့် တရားသူကြီးတွေနဲ့ ရှေ့နေတွေကို တစ်ကြိမ်ခေါ်တွေ့ခဲ့တာပဲ လုပ်ခဲ့ပါတယ်။ မြန်မာ နိုင်ငံတွင်းသာမက ရန်ကုန်မြို့တစ်ခုတည်းကိုပင် တည်ငြိမ်အေးချမ်းအောင်နဲ့ တရားဥပဒေစိုးမိုးအောင် ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်ခဲ့ပါဘူး။ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ကို ဥက္ကဌ ခန့်အပ်ကာပြေလည်မှု ရရှိရေးဆောင် ရွက် စေခဲ့ပေမယ့် အခုချိန်ထိ ပြေလည်မှုမရသေးပါဘူး။ 

၃ နှစ်အတွင်း ဘာမှဖြစ်မြောက်မှုမရှိတာကို အချိန်မှီသိရှိသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၄ မှာ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုရဖို့အတွင် စတင်ပြင်ဆင်ခဲ့ပါတယ်။ ၂၀၁၁ တစ်နှစ်လုံးနဲ့ ၂၀၁၂ နှစ်ဝက်အထိ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ခဲ့ပေမယ့် နေရာမရခဲ့ပါဘူး။ ၂၀၁၂ နှစ်ဝက်နဲ့ ၂၀၁၃ ကို လွှတ်တော်တွင်း နိုင်ငံရေးလုပ်ခဲ့ပေမယ့်လည်း နေရာမရခဲ့ပြန်ပါဘူး။ နိုင်ငံရေးလုပ်ငန်းတွေမှာလည်း မအောင်မြင်၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာလည်း နာမည်မထွက်၊ ပါတီတွင်းလည်း ကျစ်လစ်ခိုင်မာအောင် မလုပ်နိုင် ခဲ့တာကြောင့် ဒီပုံစံ အတိုင်းဆက်သွားရင် ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုကျဆင်းသွားပြီး အခြားပါတီတွေက ဝေဖန် ကြမယ့်အပြင် ပါတီဥက္ကဌ ရာထူးက ဖယ်ရှားခံရနိုင်ပါတယ်။ ၂၀၁၄ မှာ အာဆီယံအစည်းအဝေးများ ကျင်းပချိန် မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရပဲ ရပ်ကြည့် နေရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၄ တစ်နှစ်အတွင်း နေရာတစ်ခုယူဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ် ခဲ့ပါတယ်။ 

“အခြေခံဥပဒေပြင်ဖို့ အစွမ်းကုန်အားထုတ်ကြိုးပမ်းသွားမယ်” လို့ နိုင်ငံတကာသတင်းထောက်တွေကို စက်တင်ဘာ ၂၃ ရက်နေ့ ညနေက စင်္ကာပူနိုင်ငံမှာ ပြောကြားခဲ့ပြီး လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ သာမက နိုင်ငံပြင်ပထိ ၎င်းရဲ့ မဟာမိတ်အင်အား အားလုံးသုံးကာ ၎င်းသမ္မတဖြစ်ရေးအတွက် အခြေခံ ဥပဒေပြင်ဖို့ စွမ်းအားကုန်ထုတ် ကြိုးစားခဲ့ပါတယ်။ ပြင်တွင်းရေး ဥပဒေပြင်ဆင်တဲ့ကိစ္စကို ပြည်ပဖိအားပေး ခိုင်းခြင်း၊ ဒေါ်စု ဖခင်ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ဥပဒေကို သမီးဖြစ်သူက ပြင်ဆင်ခြင်း တို့ကြောင့် ပြင်းပြင်း ထန်ထန် ဝေဖန်ရှုတ် ချ ခြင်းများခံနေရပါတယ်။ လက်တလောမှာ ပြည်ပဖိအားများအချို့က စတင်လာကြပြီဖြစ်ပေမယ့် လွှတ်တော် တွင်းမှာ ပြိုင်ဖက်ပါတီများနဲ့တိုင်းရင်းသားပါတီများက ဒေါ်အောင်ဆန်းစုကြည်ဖက်မှာမရှိသလို NLDဦးဆောင်တဲ့ လူထုဆန္ဒကောက်ယူပွဲတွေမှာလဲ NLD ပါတီဝင်တွေသာတက်ရောက်ပြီး တခြားဘယ်သူမှ မတက်ရောက်ကြ တဲ့အပြင် တက်ရောက်လာတဲ့ NLD ပါတီဝင်တွေကလည်း ပြင်ဆင်ရေးကိုသာ လက်ခံတဲ့အတွက် ၂၀၁၃ ဒီဇင် ဘာမှာ NLD ရေးဆွဲတဲ့ အခြေခံဥပဒေအသစ် လွှတ်တော်တင်မယ်ဆိုတဲ့ အစီအစဉ်လဲ ပျက်ရတော့ မှာ ဖြစ်ပါတယ်။

၃ နှစ်အတွင်း ဒေါ်စု ကြိုးစားမှုတွေဟာ အချည်းအနှီးသာဖြစ်ခဲ့ပြီး ပထမတစ်နှစ်တွင် လွှတ်တော်ကို သပိတ်မှောက် ကာ လွှတ်တော်ပြင်ပ လှုပ်ရှားမှုဦးတည်ချက်တိတိကျကျ မရှိခြင်း၊ ဒုတိယနှစ်တွင် လွှတ်တော် ဝင်ဖို့စည်းရုံးခြင်းနှင့် ပါတီတွင်းကိစ္စဖြင့် အချိန်ကုန်ခြင်း၊ တတိယနှစ်တွင် နိုင်ငံခြားခရီးစဉ်မျုားနှင့် သမ္မတဖြစ်ရေး လုပ်ငန်းများဖြင့်သာ အချိန်ကုန်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်သူလယ်သမား၊ လုပ်သားပြည်သူများ အတွက် ဘာမှလုပ်ပေးနိုင်ခဲ့ခြင်းမရှိပေ။ လုပ်ဆောင်ခဲ့သမျှ အလုပ်အားလုံးမှာလည်း နိုင်ငံခြားခရီးစဉ်များမှ လွဲပြီး အခြားလုပ်ဆောင်မှုအားလုံးမှာ အောင်မြင်မှုမရရှိပဲ အရှုံးဖြင့်သာ ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံခြား ခရီးစဉ် တွေမှာ အောင်မြင်မှုတွေ နဲ့ ဆုတွေတသီကြီး ရပြန်ပေမယ့်လည်း နိုင်ငံခြားရောက် ဖိနိပ်ခံမြန်မာ လူမျိုးတွေနဲ့ အနိုင်ကျင့်ခံ အလုပ်သမားတွေ အတွက် ဘာမှလုပ်ပေးနိုင်ပြန်ပါဘူး။ ခြုံငုံသုံးသပ်ရပါက ၂၀၁၀ နိုဝင်ဘာမှ ၂၀၁၃ နိုဝင်ဘာထိ ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်မှုများဟာ လူထုအတွက် ထူးခြားမှု မရှိသလို ဒီအတိုင်း ဆက်လုပ်နေပါက နောက်နှစ်များတွင်လည်း ထူးခြားမည်မဟုတ်ကြောင်း သုံးသပ်လိုက် ရပါတယ်။

Credit : OppositEyE

ဆီးဂိမ်းစ်အတွက် ဘတ်ဂျက်တောင်းခံသည့် ပညာရေး ၀န်ကြီးဌာနနှင့် ပတ်သက်၍ များစွာရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား၊ ဒီမိုကရေစီနှင့် မကိုက်ညီသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း ဝေဖန်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအတွက် မဟုတ်ဘဲ အားကစားအတွက် အသုံးပြုရန် ထပ်မံတောင်းခံခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လည်း ထို့အတွက် များစွာရှက်မိသည်ဟု ပြောကြားသည်။


နိုဝင်ဘာ ၅ ရက်က နေပြည်တော် လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သည့် ပညာရေးမြှင့် တင်မှု ကော်မတီ အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့ သို့ တောင်းခံခြင်းမှာ အားကစားမြှင့်တင်ရန် အတွက်ဟုဆိုသော် အားကစား ၀န်ကြီးဌာနကသာ ကုန်ကျခံ ရမည်ဖြစ်ကြောင်း၊ ပညာရေး ၀န်ကြီးဌာနတွင် ငွေကြေးများစွာ လိုအပ်နေချိန်တွင် ထိုကဲ့သို့ရရှိသည့် ငွေ များ ထဲမှ သုံးစွဲခြင်းမှာ မည်သူ့အတွက် ပြုလုပ်သနည်းဟု မေးခွန်းထုတ်ခဲ့ပြီး၊ ပညာရေးနှင့် မသက်ဆိုင် သည့် ဆောင်ရွက်ချက်များ (ဥပမာ လူကြီးတစ်ဦးအား ကျောင်းသားများ အလံဝှေ့ယမ်း ကြိုဆိုခြင်း) ကို လည်း အထက်ညွှန်ကြားချက်ဖြင့် လုပ်ဆောင်စေခြင်းမှာ အာဏာရှင် စနစ်ဆန်သည့် ကိစ္စများဖြစ်ကြောင်း၊ ပညာရေးကို ဒီမိုကရေစီအတွက် ထူထောင်မည် ဆိုပါက ယခုကဲ့သို့ လုပ်ဆောင်မှုများကို ရပ်တန့်ရန် လို အပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

"ဒီလိုဟာတွေက ဒီမိုကရေစီ ယဉ်ကျေးမှု အတွက်လည်း မကောင်းဘူး။ ပညာရေး အတွက်လည်း မလိုအပ် တဲ့ ကုန်ကျမှုတွေ အင်မတန်မှ များပါတယ်။ ဒီလိုဟာတွေ သုံးမယ့်အစား တကယ်လိုအပ်တဲ့ နေရာတွေမှာ သုံးစေချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။

ထို့အပြင် ပညာရေး မြှင့်တင်ရန်အတွက် ပညာရေး ၀န်ကြီးဌာန အနေဖြင့် လွှတ်တော်နှင့် ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ပညာရေး ဘတ်ဂျက်မှာ သုံးမယ့်ငွေဟာ ပညာရေးအတွက် မဟုတ်ဘဲ အခြားအတွက် ဖြစ်နေတာနဲ့ ပတ်သက်လို့ ပညာရေး ၀န်ကြီးဌာန တောင်းခံဖို့ တင်ပြတယ်။ ဟိုတစ်နေ့က ဆွေးနွေးတာ ကျွန်တော်ကြားတဲ့ အခါကျတော့ စိတ်မကောင်းလိုက်တာ။ ပညာ ရေး ၀န်ကြီးဌာနက ဘာကြောင့်ဒီလောက်တောင် သုံးလဲ။ ကျွန်တော်တအား ရှက်တာပဲ" ဟု ပညာရေး ၀န်ကြီးဌာနမှ ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် ပညာရေးအတွက် မဟုတ်ဘဲ အခြားကိစ္စရပ်များ သုံးစွဲရန် ထည့်သွင်းတောင်းခံမှုအပေါ် ပြောကြားသည်။

ပညာရေးစနစ် နိမ့်ကျနေသေးသည်ဟု ပြောဆိုနေကြသော်လည်း ပညာရေး မြှင့်တင်ရန်အတွက် ၀ိုင်းဝန်း ဆောင်ရွက်ရန် အားနည်းနေကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။

ပညာရေး ၀န်ကြီးဌာန အနေဖြင့် နောက်ထပ်ဖြည့်စွက် ရန်ပုံငွေ တောင်းခံခဲ့ရာတွင် SEA Games ကျင်းပ ရာတွင် ပညာရေး ၀န်ကြီးဌာန အနေဖြင့် ကူညီဆောင်ရွက် ရမည့်အပိုင်းတွင် ကျောင်းသားကျောင်းသူ ဆရာ ဆရာမများ အသွားအပြန် အသုံးစရိတ်၊ ဓာတ်ဆီဖိုး အသုံးပြုရန်အတွက် လည်းကောင်း၊ နိုင်ငံခြား ဧည့်သည်များ လာရောက်ရာတွင် ကြိုဆိုရမည့် ကျောင်းသူကျောင်းသားများ အသွားအပြန် ဓာတ်ဆီဖိုးနှင့် အသုံးစရိတ်တို့ကို ထည့်သွင်းတောင်းခံခဲ့ကြောင်း သိရသည်။

Eleven Media Group

ရွှေဂုံတိုင် ခုံးကျော်တံတား ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်



၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တည် ဆောက်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ၁၁ လ အကြာ တွင် ပြီးစီးမည်ဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုပါက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်အ သုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းမှာ လက်ရှိအနေအထားတွင် ရာခိုင်နှုန်း ၉၀ ပြီးစီး နေပြီး သတ်မှတ်ထားသည့် နိုဝင်ဘာ ၃၀ ရက်တွင် ရာခိုင်နှုန်းပြည့် ပြီးစီး မည်ဖြစ် ကြောင်း သိရသည်။


"ကားတွေရဲ့ ဆူညံသံတွေက မြေပြင်မှာဆိုရင် မသိသာပေမယ့် တံတားအမြင့် ဆောက်တဲ့အခါမှာ အ ဆောက်အအုံတွေနဲ့ နီးကပ်တဲ့အတွက် ဆူညံသံတွေက ပိုပြီးကျယ်တယ်။ ဒါကြောင့် ဆူညံမှုတွေ မဖြစ် အောင် အသံထိန်းညှိစနစ် တပ်ဆင်သွားပါမယ်" ဟု Capital Development Co.Ltd ၏ စီမံကိန်း ဒါရိုက်တာ ဦးအေးသော်က ပြောကြားသည်။

ယင်းအသံထိန်းညှိ စနစ်ကို ဂျပန်နည်းပညာဖြင့် တပ်ဆင်ခြင်းဖြစ်ပြီး လူနေအဆောက် အအုံများနှင့် နီးကပ်သည့် Excel Treasure Tower နှင့် Shwe Gon Plaza အနီးတို့တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီတံတားကို ကျွန်တော်တို့ဘက်က နိုဝင်ဘာ ၃၀ ရက် အပြီးဆောက်မှာပါ။ ဒီဇင်ဘာ ၁ ရက်ကစပြီး အသုံး ပြုလို့ ရပါပြီ။ ကားတွေဖြတ်သန်း သွားလာခွင့်ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့  တော် စည်ပင်သာယာရေး ကော်မတီတို့ရဲ့ ခွင့်ပြုချက်ရတာနဲ့ ဖြတ်သန်းသွားလာလို့ ရပါပြီ" ဟု Capital Development Co.Ltd ၏ စီမံကိန်းဒါရိုက်တာ ဦးအေးသော်က ဖြေကြားသည်။

ဆက်လက်ပြီး ၎င်းက "ဒီစီမံကိန်းကို နေ့ရောညပါ ဆောင်ရွက်မယ် ဆိုရင်တော့ သတ်မှတ်ထားတဲ့ ၁၁ လ ထက် ပိုပြီးစောပြီးနိုင်ပါတယ်။ ဒါပေမဲ့ တည်ဆောက်တဲ့ အခါမှာ အခက်အခဲ တချို့ ရှိတဲ့အတွက် အနည်း ငယ် ကြန့်ကြာမှု ရှိခဲ့တာပါ" ဟု ဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်ပြီး Capital Development Co.Ltd မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်သည့် ခန့်မှန်းကာလမှာ ၁၁ လဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ် ပြီးစီးမည်ဖြစ်ကာ ခန့်မှန်းကုန်ကျငွေမှာ ၁၇ ဒသမ ၄၄ ဘီလျံရှိကြောင်း သိရသည်။

 ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်နေမှုကို နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် 
(ဓာတ်ပုံ - အောင်မျိုးသန့်)

Eleven Media Group

ပေါက်တောမြို့နယ် လူသတ်မှု သံသယရှိသူတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ရက်နေ့က ဒေသခံ ရခိုင် အမျိုးသမီးတချို့ တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို မနေ့ညက ရဲတွေက ဖမ်းဆီး ထိန်းသိမ်း လိုက်တယ်လို့ သိရပါတယ်။


အဲဒီအမျိုးသားဟာ ပေါက်တောမြို့နယ် ဆင်တက်မော်ဒုက္ခသည်စခန်းမှာ နေထိုင်သူဖြစ်တယ်လို့ ပေါက်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

“အဲဒီမှာလှုပ်ရှားနေတဲ့ မြို့နယ်မှူးတို့၊ ဒုမြို့နယ်မှူးတို့၊ ခရိုင်မှူးတို့အဖွဲ့တွေက ဖမ်းလိုက်တာပေါ့၊ ညအချိန်မှာဖမ်းတာ၊ အဲဒီနေရာမှာ ကျနော်တို့ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်တွေ အရာရှိကြီးတွေက ဦးစီး ပြီးတော့ အဲဒီမှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ နယ်မြေလုံခြုံရေးကို သူတို့လုပ်နေပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ဆင်အိုင်ကျေးရွာသူတစ်ချို့ ဂုံးကောက်နေစဉ်မှာ အကြမ်းဖက်တိုက်ခိုက် ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ တစ်ဦးက စစ်တွေဆေးရုံ မှာ ဆေးကုသမှုခံယူနေရပါတယ်။

RFA Burmese