Tuesday, November 5, 2013

နိုဝင်ဘာလအတွက် ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာ ကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။


အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင် ပရိဘောဂ အိမ်သုံးပစ္စည်း ဝင်တတ်သည်။

သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တဝါများ ဝင်လာတတ်သည်။ ဝင်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတတ်သည်။

အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအဝင်မခံရပါ။ မြေဝင်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။

ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ဝင်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာ ပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။

တနင်္လာသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ဝင်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ဝင်လာတတ်သည်။ ဤကာလမျိုးး၌ သာမန် အခြေအေ နမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွား တက်လိမ့် မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။ မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ဝင်မည်။

အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။

လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရ တတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်း အခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ဝယ်သင့်သည် အပျက် အဟောင်း မဝယ်သင့်ပါ။

အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့ အတွက် သောက ရောက်ရခြင်းများ ကြုံရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။

စာရွက်စာတမ်း စာချုပ်ကိစ္စများအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့်မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မဝင် စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။

အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်း ဖြစ်တတ်သည်။

ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာ ပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးဖြူအသေးသက်စေ့နှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နံနက်တွင် ဘုရားလှူပါ။ အမွှေးနံ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

အင်္ဂါသားသမီးများအတွက်

ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွယ်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။

မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေ အလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရ တတ်သည်။

ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ် အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။

အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရတတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျောဒုက္ခပေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောက်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းအဝယ် အကြီးအကျယ် မလုပ်ပါနှင့်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေဝင်တတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက် ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆို ဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။

အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက်တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံး သွားတတ်သည်။

လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာ လှူပါ။

ကြာသပတေးသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ဝင်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။

ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွား တတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုး အကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက် မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနာခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။

အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေ အပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။

သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေဝယ် ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အိမ်ကဘုရားတွင် ကော်ဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

သောကြာသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။

ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။

လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ဝင်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။

အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ် တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။

နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။

ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘဝသို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘဝ ရောက်နိုင်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။

ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

စနေသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။

သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိ သာသာ အောင်မြင်မှုရမည်။ လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။

ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များ ဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအဝင် အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံးပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။

လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း၊ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း၊ ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ဝန်ထမ်း ဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကာလ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။

ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

ဆရာဟိန်းတင့်ဇော်

အပစ်ရပ်ရေး သဘောတူရန် နိုဝင်ဘာတွင် မဖြစ်နိုင်တော့


 ငြိမ်းချမ်းရေး, အပစ်အခတ်ရပ်စဲရေး, တိုင်းရင်းသား, ဆွေးနွေးပွဲ

နိုဝင်ဘာလတွင် ကျင်းပရန် သမ္မတဦးသိန်းစိန် အစိုး ရက မျှော်မှန်းထားသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်မှာ မဖြစ်နိုင်တော့ ကြောင်း နိုဝင်ဘာ ၄ ရက်နေ့တွင် ကချင် ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ကျင်းပ ခဲ့သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှ သိရသည်။


“နိုဝင်ဘာလမှာ အပစ်အခတ်ရပ်စဲဖို့ကတော့ မသေချာတော့ဘူး ပြောရမယ်။ ဘာကြောင့်ဆို ကျနော် တို့တွေ ဆွေးနွေးညှိနှိုင်းမှုတွေ မပြီးပြတ်သေးတာလည်း ပါတယ်။ ခုချိန်မှာ ကျနော်တို့ဘက်ကလည်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဝါဒအသစ်ကို တိုင်းရင်းသားတွေကို တင်ပြထားတယ်။ တိုင်းရင်းသား တွေဘက်က တင်ပြတဲ့ ဘုံသဘောတူညီချက်ကို ဆွေးနွေးရမယ့် အချက်တွေလည်း ရှိနေတယ်”ဟု ကာကွယ်ရေးဦးစီးချုပ်၏ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ဧရာဝတီသို့ ပြောဆိုသည်။

မြစ်ကြီးနား ဆွေးနွေးပွဲ ပထမရက် ဆွေးနွေးပွဲအပြီး တိုင်းရင်းသားများ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်ကို အစိုးရဘက်သို့ ချပြရာတွင် အစိုးရပိုင်းမှ နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပခင် အပစ်ရပ်ရန် တင်ပြပြီး တိုင်းရင်းသား ဘုံသဘောတူချက်တွင်ပါသည့် ဝေါဟာရအချို့ကို ပြောင်းလဲပေးရန် တောင်းဆိုထားကြောင်း သိရသည်။

“သူတို့ ပြင်ခိုင်းတာက ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးကို ပြည်ထောင်စု တပ်မတော် ရေးရာလို့ ပြင်ဖို့ပြောတယ်။ လောလောဆယ်တော့ ကျနော်တို့ဘက်က ဒီအပေါ်မှာ ပြင်ပေးဖို့ မပြောနိုင် သေးဘူး”ဟု တိုင်းရင်းသားပေါင်းစုံ ကိုယ်စားပြုကော်မတီ Nation Wide Cease-Fire Coordination Team (NCCT) မှ ဦးနိုင်ဟံသာက ပြောသည်။

ထို့အပြင် အစိုးရပိုင်းမှ လိုင်ဇာတွင် တင်ပြခဲ့သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်း မဟုတ်သည့် အသစ်ရေးဆွဲ ထားသောမူကို ပြန်လည်တင်ပြသွားကြသည်။

ယနေ့ ဆွေးနွေးပွဲ မစတင်ခင်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ တိုင်းရင်းသား ခေါင်းဆောင်များကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရာတွင် ဒို့တာဝန်အရေးသုံးပါးနှင့် “ဒီမိုကရေစီကျင့်စဉ် အရ” ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

တပ်မတော်၏ သဘောထားကို ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းက ပြောကြားပြီး အခြေခံမူ ၆ ချက် ပါဝင်သည်။ ၎င်းတို့မှာ ၁။ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ် ဆန္ဒရှိရန် ၂။ သဘောတူစာချုပ်များ၌ ကတိတည်ရန် ၃။ ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ်မထုတ်ရန် ၄။ဒေသခံများပေါ်တွင် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် ၅။ နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန် ၆။ ဒို့တာဝန်အရေး သုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန်တို့ ဖြစ်သည်။

သမ္မတဦးသိန်းစိန်ကလည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ တောင်းဆိုချက်ကို ညှိနှိုင်းဆောင်ရွက်ရန်၊ ရေးထိုးပြီးသည့် အပစ်အခတ်ရပ်စဲရေးကို ထပ်လောင်း အတည်ပြုရန်၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ပြီးပါက နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ရန်၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပေါင်းစုံနှင့် အဖွဲ့အစည်းအားလုံး စုပေါင်းလုပ်ဆောင်ရန်တို့ ပါဝင်သည့် မူဝါဒ ၄ ချက်ကို ဆွေးနွေးပွဲသို့ တင်ပြ ပြောကြားခဲ့ရာ အစိုးရပိုင်းအနေဖြင့် သမ္မတ၏အခြေခံမူ ၄ ချက်၊ ကာကွယ်ရေး ဦးစီးချုပ်၏ အခြေခံမူ ၆ချက် ပေါင်း ၁၀ ချက် တင်ပြခဲ့သည်။

သို့ရာတွင် တိုင်းရင်းသားအများစုက သမ္မတ၏ မူဝါဒမှာ တိုင်းရင်းသားများ တောင်းဆိုချက်များနှင့် ပိုမို နီးစပ်ပုံရှိပြီး ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒပိုင်းမှာ အတော်များများ ကွဲလွဲနေသည်ဟု တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံကတော့ ကျနော်တို့ လိုလားတာတွေ မရနိုင်ဘူးလို့ လက်ခံထားပါတယ်။ ဒီအပေါ်တော့ ဆွေးနွေးရမှာပါ”ဟု ဦးနိုင်ဟံသာက ပြောဆိုပြီး RCSS ရှမ်းအဖွဲ့မှ ဗိုလ်မှုးကြီး စိုင်းလှကလည်း “ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတာကို အာမခံပေးမယ့် ဖွဲ့စည်းပုံအခြေခံ ရှိရမယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံက တိုင်းပြည်ငြိမ်းချမ်းရေးကို တကယ်ဖော်ဆောင်ပေးနိုင်ရဲ့လားဆိုတာ လူတိုင်းသိနိုင်ပါတယ်”ဟု ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံအတိုင်း လိုက်ပါဆိုတာတော့ မဟုတ်သေးဘူး။ ခုပြောနေတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်း ရာမှာ အတားအဆီးများ ဖြစ်လာမလား စိုးရိမ်ရတာပေါ့။ တိုင်းရင်းသားတွေကပဲ ပြင်ဆင်နေကြတာ မဟုတ်ဘူး။ မြန်မာနိုင်ငံသားတိုင်း ပြင်ဆင်လိုနေကြတာပါ” ဟု ALP မှ အတွင်းရေးမှုး ဦးခိုင်သုခက ပြောသည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့နှင့် မနက်ဖြန် နိုဝင်ဘာ ၄၊ ၅ ရက်များတွင် ကျင်းပသွားရန်ရှိပြီး နိုဝင်ဘာ ၅ ရက်တွင် အစိုးရပိုင်းမှ ထပ်မံချပြလာသည့် မူဝါဒကို ဆွေးနွေးမှာဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား ဆွေးနွေးပွဲတွင် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒကို ဖတ်ကြားသည်
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Credit : Irrawaddy

မိမိသမ္မတဖြစ်ဖို့ နိုင်ငံတကာလှည့်ပြီး အကူအညီတောင်းနေတဲ့ ဒေါ်စု



၃ နှစ်အတွင်း နိုင်ငံပေါင်း ၂၁ နိုင်ငံကို ခရီးစဉ် ၁၁ ခေါက်ထွက်ခွာခဲ့ပြီး ရက်ပေါင်း ၈၀ ကျော် ခရီး ထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမ ခရီးစဉ်တွေတုန်းကတော့ ဆုယူဖို့ သက်သက်ထွက် တာဖြစ်ပေမယ့် ၂၀၁၃ နှစ်ကုန်ခရီးစဉ်များမှာတော့ ပုံစံပြောင်းလာပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နေထိုင်ခဲ့ပြီး သားအငယ်နှင့် မိုက်ကယ်၏ အုတ်ဂူရှိရာ ဗြိတိန်သို့ လည်းကောင်း၊ သားအကြီးရှိရာ အမေရိကန်သို့ လည်းကောင်း၊ မိုက်ကယ်၏ဆွေမျိုးများရှိရာ မွန်ဂိုလီးယားသို့ လည်းကောင်း၊ ကျောင်းတက်ဖူးသည့် ဂျပန်နှင့် အိန္ဒိယသို့လည်းကောင်း အသီးသီး သွားရောက်ခဲ့ချိန်များတွင် သာမန်အလည် အပတ်သဘောနှင့် မိတ်ဟောင်းဆွေဟောင်းများ တွေ့ဆုံသည့် သဘောသာဖြစ်ပြီး ပေးသမျှ ဆုမငြင်းပဲ ယူယုံမျှသာဖြစ်သည်။ သို့သော် ယခုနှစ် ဧပြီ ၁၃ ဂျပန်ခရီးစဉ်တွင် အစိုးရ၏ လုပ်ဆောင်ချက်များမှာ တိကျသော ဦးတည်ချက် မရှိကြောင်း စတင်ဝေဖန်လာခဲ့သည်။ စက်တင်ဘာ ၁၀ ရက်နေ့ ပိုလန်၊ ဟန်ဂေရီနဲ့ ချက် ခရီး စဉ် ကစပြီး အစိုးရကို ဝေဖန်ရုံမျှ မကတော့ပဲ မြန်မာ့ပြုပြင် ပြောင်းလဲရေးအတွက် ကူညီဖို့နဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုပြီး အဓိကထား ပြောဆိုလာ ပါတယ်။

NLD ပါတီဟာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် သြဂုတ်လကုန်ကစပြီး ပြင်းပြင်းထန်ထန် ကြိုးစား လာခဲ့ပါတယ်။ အပတ်စဉ် စနေနေ့တိုင်း တိုင်းရင်းသားပါတီများနဲ့ NLD တို့ အခြေခံ ဥပဒေပြင်ရေး ဆွေးနွေး မှုတွေ လုပ်ခဲ့ကြပြီး စက်တင်ဘာလက စတင်ကာ နယ်လှည့်စည်းရုံးဟောပြောမှုတွေ လုပ်ခဲ့ကြ ပါတယ်။ တစ်ဖက်တွင် ပြည်တွင်းအင်အားအတွက် ဦးကိုနီဦးဆောင်တဲ့အဖွဲ့က နိုင်ငံအနှံ့မှာ ဟောပြော ပွဲပေါင်း ၁၅၀ ကျော်လုပ်ဖို့စီစဉ်ထားပြီး အခြားတစ်ဖက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပဖိအားရရှိဖို့ အတွက်နယ်လှည့်စည်းရုံးကာ မြန်မာအစိုးရ၊ စစ်တပ်နဲ့တာဝန်ရှိသူတွေကို ဖိအားပေးဖို့ ပြောဆိုလာပါတယ်။

ဟန်ဂေရီနိုင်ငံကို ရောက်ရှိချိန်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ရင် ဒီမိုကရေစီနိုင်ငံမဖြစ်နိုင်ဘူး " လို့ ဒေါ်အောင်ဆန်း စုကြည်က စတင်ပြောဆိုခဲ့ပါတယ်။ ချက်နိုင်ငံက Forum 2000 ညီလာခံမှာတော့ " အစိုးရ ၄ မျိုးရှိပါတယ်။ မြန်မာပြည်သူတွေက အစိုးရ ဆိုးတွေနဲ့သာတွေ့နေရပြီး အစိုးရကောင်း ဆိုတာ ဘာမှန်းမသိကြပါဘူး.." လို့ ပြောဆိုခဲ့ပါတယ်။ ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မြန်မာ့ဒီမိုကရေစီရဖို့ ချက်သမ္မတနိုင်ငံကကူညီဖို့ တိုက်တွန်း ခဲ့ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့မှာ စင်ကာပူနိုင်ငံကို ထပ်သွားခဲ့ပြီး စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ပိုင်းမှာလုပ်တဲ့စာရှင်းလင်းပွဲမှာ " အခြေခံဥပဒေမပြင်ဆင်နိုင်ဘူးဆိုရင် ပြဿနာတွေပိုများလာမယ်၊ ဒါကြောင့် အခြေခံဥပဒေပြင်ဖို့ အစွမ်းကုန်အားထုတ်ကြိုးပမ်းသွားမယ် " လို့ နိုင်ငံတကာ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။ ဒါ့အပြင် " မြန်မာနိုင်ငံမှာ NLD လောက် အရည်အချင်းပြည့်ဝတဲ့ ပါတီရှိရင် ပြစမ်းပါ၊ စိန်ခေါ်လိုက်မယ် " လို့လည်း ပြောခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ မြန်မာမိသားစုတွေနဲ့တွေ့စုံချိန်မှာ "ကျွန်မ သမ္မတဖြစ်ဖို့ မြန်မာနိုင်ငံပြန်လာပြီး လုပ်ပေးကြပါ" ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ပြင်ဆင်ဖို့ အသည်းအသန်ကြိုးစားနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အကြောင်းပြချက်ကတော့ သမ္မတဖြစ်ချင်တာပါ။

အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ ဥရောပ ၅ နိုင်ငံကို ထပ်သွားပြန်ပါတယ်။ ဘယ်လ်ဂျီယံ နိုင်ငံကို ရောက်ရှိချိန် ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso နဲ့တွေ့ဆုံစဉ်မှာတော့ " ဖွဲ့စည်းပုံ အခြေခံ ဥပဒေမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျမှာမဟုတ်ဘူး"လို့ ထပ်ပြော ပြန်ပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့ လူဇင်ဘက်နိုင်ငံကိုရောက်စဉ်မှာလည်း " အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဟာ အရေးပါဆုံးစိန်ခေါ်မှုဖြစ်တယ်.. စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဥရောပနိုင်ငံတွေက ဖိအားပေကြဖို့ တိုက်တွန်းပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ပြင်သစ် နိုင်ငံကို ရောက်ချိန် မှာတော့ "မြန်မာ နိုင်ငံကို စစ်မှန်တဲ့ဒီမိုကရေစီရဖို့ ငွေကြေးရော၊ သြဇာရောသုံးပြီး ကူညီကြပါ"လို့ ထပ်ပြောပြန်ပါတယ်။ မြောက်အိုင်ယာလန်ကိုရောက်ရှိချိန်မှာ "ငါတို့အတွက် နိုင်ငံတကာ အကူအညီသာ မရခဲ့ဘူးဆိုရင် မြန်မာ့ ဒီမို ကရေစီလှုပ်ရှားမှုက အခုထက် ပိုခက်ခဲမှာပါ" လို့ ပြောခဲ့ပါတယ်။ ဥရောပကပြန်လာ ပြီးရင် သြစတြေးလျကို ထပ်သွားအုံးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေ အရ သူမ သမ္မတဖြစ်မှသာ မြန်မာနိုင်ငံဒီမိုကရေစီက စစ်မှန် သွားမယ့် သဘော မျိုး၊ သမ္မတမဖြစ်မချင်း ဒီမိုကရေစီမရသေးတဲ့ ပုံစံ ဖြစ်နေပါတယ်။ ဒါကြောင့် ဒေါ်စု သမ္မတမဖြစ်နိုင်တဲ့အချက် မပြင်မချင်းလည်း အခြေခံဥပဒေကို ပြဿနာရှာနေတော့မယ် ဆိုတာကို သတိပြုမိလိုက်ပါတယ်။

အခုဆိုရင် သူမ သမ္မတဖြစ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲတွေ နိုင်ငံအနှံ့လုပ်နေပေမယ့် မီဒီယာ တွေမှာတော့ NLD ပါတီဝင်တွေပဲ တက်တယ်လို့ ပြန်ကြားနေရ ပါတယ်။ ပြည်တွင်းကလူထုကို အားကိုးလို့ မရမှန်း သိလာတော့ ပြည်ပက ဖိအားပေး ဖို့ ကြိုးစားလာတာလား ဆိုတာ စဉ်းစားစရာဖြစ် လာပါတယ်။ နိုင်ငံတကာ ကိုကြည့်ရင်လည်း ကိုယ်သမ္မတ ဖြစ်ဖို့အတွက် ဘယ်ခေါင်းဆောင်ကမှ ပြည်ပထွက်ပြီး ကယ်ပါ၊ ယူပါလို့ အကူညီတောင်းတာ မတွေ့ဖူးဘူး။ ကိုယ့်နိုင်ငံက ပြည်သူတွေကိုပဲ စည်းရုံးပြီးကြိုးစား သွားကြတာပါ။ ဒေါ်စုအနေနဲ့ ပြည်တွင်းက အခြေခံဥပဒေပြဿနာနဲ့ မိမိသမ္မတဖြစ်ရေး ကိစ္စကို ပြည်တွင်း က ပြည်သူတွေ အင်အားနဲ့ ရယူဖို့မကြိုးစားပဲ ပြည်ပကို လိုက်အကူအညီ တောင်းနေတာက ကျွန်တော် တို့ ပြည်သူတွေ ကို စော်ကားနေ သလို ခံစားရပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကြိုးစားနေတဲ့ အတိုင်း သာ ဖြစ် မ လာခဲ့ရင် ဘာဖြစ်သွားနိုင်သလဲဆိုတာကို ဝိုင်းပြီးစဉ်းစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ 

ပြည်သူတစ်ဦး

အစိုးရဘက်က ရေးဆွဲထားသော အပစ်ရပ်စာချုပ် မူဘောင်တွင် တပ်မတော်၏ သဘောထားပါဝင်



တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်နှင့် ပတ်သက်ပြီး အစိုးရဘက်က ရေးဆွဲထား သော မူဘောင်တွင် တပ်မတော်၏ သဘောထားလည်း ပါဝင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက နိုဝင်ဘာ ၄ ရက် မြစ်ကြီးနား ဆွေးနွေးပွဲ တွင် ပြောကြားသည်။


အပစ်ရပ် စာချုပ်အပေါ် တပ်မတော်၏ သဘော ထားကို သတင်းထောက်များက မေးမြန်းရာ၌ ဒုတိယ ဗိုလ် ချုပ်ကြီးမြင့်စိုးက တပ်မတော် ဘက်တွင်လည်း မူဘောင်ရေးဆွဲ ထားခြင်းများ ရှိကြောင်း ပြောကြားသည်။ ''တပ်မတော်က တစ်နိုင်ငံလုံး အတိုင်အတာနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဘယ်လိုမူတွေ၊ ဘယ်လိုဟာတွေနဲ့ လုပ်မယ်ဆိုတာကို ကျွန်တော်တို့လည်း framework ရေးထား တယ်။ အဲဒီလိုပဲ တိုင်းရင်းသားတွေ ဘက်ကလည်း framework ရေးထားတယ်။ အဲဒီရေးထားတဲ့ အပေါ်မှာ နှစ်ဖက်ပေါ့။ ညှိပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြား သည်။

သို့သော် တပ်မတော်ဘက်က ရေးဆွဲထားသော မူဘောင်ဆိုသည်မှာ အစိုးရက ရေးဆွဲထားသော မူဘောင် နှင့် အတူတူပင် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက The Daily Eleven သို့ နိုဝင်ဘာ ၄ ရက် ညနေ ပိုင်းတွင် ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များက မည်သည့်အချိန်တွင် လက်မှတ်ရေး ထိုးမည် ဆိုသည်ကို ပြောရခက်ကြောင်း ၎င်းကပြောကြားသည်။

''ဘယ်တော့ လက်မှတ်ထိုးမလဲဆိုတဲ့ ဟာကတော့ ဖြေရခက်တယ်။ ဒီအပေါ်မှာ မူတည်မှာပေါ့။ ဒီ framework ပေါ်မှာ သူတို့က ဘယ်လောက် လက်ခံနိုင်မလဲ။ ကျွန်တော်တို့က ဘယ်လောက် လက်ခံနိုင် သလဲ။ ဒါကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းရမယ့် သဘောပဲ။ ယခင်ထက်စာလို့ ရှိရင်တော့ တကယ့်ကို သေချာတဲ့ ငြိမ်းချမ်းရေးပေါ့။ သူတို့ ပြောပြောနေသလိုပေါ့။ ဒါထိုးပြီးတယ် ဆိုလို့ရှိရင်တော့ အားလုံး ပြီးသွားမှာပေါ့။ ယခင်အနေအထားနဲ့ စာရင်တော့ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရတယ်'' ဟု ၎င်းက ပြောကြား သည်။

ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့်ကိစ္စမှာလည်း တိုင်းရင်းသား အဖွဲ့များ အပေါ်တွင်သာ မူတည်ကြောင်း ပြောကြားသည်။

''ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အပေါ်မှာ သူတို့အမြင်နဲ့ ဒီနေ့နိုင်ငံတော်က လက်တွေ့ ကျင့်သုံးနေတဲ့ အမြင်နဲ့ ကျင့်သုံးနေတာနဲ့။ ဘယ်လောက် ကွာခြားသလဲ၊ မကွာခြားဘူးလဲ ဆိုတာ သူတို့အပေါ်မှာ မူ တည်တယ်'' ဟု ၎င်းကဆက်လက် ပြောကြားသည်။

Eleven Media Group

စစ်တွေမြို့တွင် အခြေချ လုပ်ကိုင်နေကြသော INGO နှင့် NGO များအား ဒေသခံများ အလိုမရှိခြင်းနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး



စစ်တွေမြို့တွင် အခြေချ လုပ်ကိုင်နေကြသော နိုင်ငံ ခြား အဖွဲ့အစည်းများဖြစ်သည့် INGO နှင့် NGO များ အား ဒေသခံများ အလိုမရှိခြင်းနှင့် ပတ်သက် ပြီး ဆရာတော်ကြီးများ ကပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ် ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။


ယင်းသို့သွားရောက် တွေ့ဆုံမည့် စည်းကမ်း ထိန်း သိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော် များ (စစ်တွေ)မှ ဒေသခံများနှင့် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် အနှံ့အပြားတွင် လတ်တ လော ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။

အောင်မြေကုန်း ဆရာတော်က '' ပြည်သူတွေရဲ့ ဆန္ဒကို ၀န်ကြီးချုပ်ဆီ တင်ပြဖို့ လုပ်တာဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ ဘာတွေ တင်ပြချင်သလဲ၊ ဖြစ်ချင်သလဲ ဆိုတာကို မေးမြန်းတာဖြစ်တယ်။ ပြဿနာ မဖြစ်ဖို့လိုတယ်။ ပြဿနာဖြစ်ရင် ဘယ်သူ့အတွက်မှ မကောင်းဘူး။ ဒါကိုဘုန်းဘုန်းတို့က ကြားကနေ ကူ ညီဖြေရှင်းပေးတာ ဖြစ်တယ်။ နိုင်ငံခြား အဖွဲ့အစည်းတွေ ဘာလုပ်တယ် ဆိုတာ ထင်ရှားစွာပြသဖို့ လို တယ်။ ဒါကြောင့် ဒေသခံတွေနဲ့ တွေ့ဆုံတာဖြစ်တယ်'' ဟု မိန့်ကြားသည်။

ရှင်းလင်းမိန့်ကြားရာတွင် ပေါက်တောမြို့နယ်၊ ဆင်တက်မော်အုပ်စုရှိ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုး ထား သော ဘုရားစေတီ တောင်ပေါ်ရှိ သစ်ပင်၊ ၀ါးပင်များကို လုယူခုတ်ဖြတ် ဖျက်ဆီးခြင်းကြောင့် ဗုဒ္ဓဘာသာ ၀င်များ ဟန့်တားရာမှစ၍ ပြဿနာ ဖြစ်ပွားပြီး ရခိုင်အမျိုးသမီး နှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ရာတစ်ဦး သေဆုံး ခဲ့ရကြောင်း၊ ယင်းအပြင် ကျေးတောအုပ်စု၊ ဗျိုင်းဖြူရွာအုပ်စုတို့တွင် အမျိုးသမီးတို့အား ဆေးကုပေး သည် ဟုဆိုကာ ဆေးများထိုးပေးရာမှ ကိုယ်ဝန်ပျက်ကျသည့် အနေအထားကိုလည်း ကြားမြင်တွေ့ရှိ နေ ရကြောင်း၊ စစ်တွေမြို့အနှံ့တွင် အိမ်၊ ကား၊ ဂိုဒေါင်တို့အား ဈေးကြီးပေးကာ ငှားရမ်းပြီး ဘင်္ဂါလီနှင့် ပူး ပေါင်းလျက် နည်းမျိုးစုံဖြင့် အပျက်လုပ်ငန်းများ ဆောင်ရွက်နေသည် ကိုလည်း တွေ့ရှိရသည်။ သို့ဖြစ်၍ ယင်းကိစ္စရပ်များအပေါ် အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်နယ်ဝန်ကြီးချုပ်သို့ တောင်းဆိုမည် ဖြစ်ကြောင်း ရေးသားထားသည့် စာအား မိန့်ကြားခဲ့သည်။

ဒေသခံများကလည်း စစ်တွေမြို့တွင် INGO နှင့် NGO များအား လုံးဝအလို မရှိတော့ကြောင်း၊ ရခိုင်ပြည် နယ် အတွင်းမှ အပြီးအပိုင် ထွက်ခွာသွားပေးရန် လိုလားကြောင်း၊ ယင်းသို့မဟုတ်ပါက ကြီးမားသော ပြဿနာများ ထပ်မံဖြစ်ပွား လာနိုင်ကြောင်း ထပ်ဆင့်ဖြည့်စွက် တောင်းဆိုခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ထူးကုမ္ပဏီပိုင် စားသောက်ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွား



နိုဝင်ဘာ ၄ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ် အချိန် ခန့်က ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက် ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရ သည်။


တံတားဦးမြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အလယ်ထပ် (ပထမထပ်) လက်ယာဘက် ပြည်တွင်းထွက်ခွာ မှန်တံခါးပေါက် အနီးတွင်ရှိသော Espace Cafe & Bar မှ စားသောက်ဆိုင်၏ ရေခဲသေတ္တာ တွင် တပ်ဆင်ထားသော Safe Guard မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရကြောင်း သိရပြီး မီး အပူရှိန်ကြောင့် လေဆိပ်ခေါင်မိုးများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို လေဆိပ်အတွင်းရှိ လုံခြုံရေး ရဲအရာရှိနှစ်ဦးမှ မနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီ ၁၅ မိနစ်တွင် လေဆိပ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ လာရောက် ငြိမ်းသတ်ခဲ့ကာ ၁၂ နာရီ ၄၅ မိနစ်တွင် မီးကို ထိန်းနိုင်ခဲ့ကာ နံနက် ၂ နာရီတွင် မီးငြှိမ်းသတ်မှု ပြီးဆုံးခဲ့ ကြောင်း သိရသည်။

''ဒီမီးလောင်ကျွမ်းမှုကြောင့် လေဆိပ်ကို ပိတ်ထားမှာ မဟုတ်ဘဲ ဆက်လက်ပျံသန်း ပြေးဆွဲမှာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းတဲ့ ဆိုင်နဲ့ အနီးတစ်ဝိုက်ကိုတော့ ခရီးသွားဧည့်သည်တွေ အနှောင့်အယှက် မဖြစ်နိုင်အောင် ကာရံပေးထားပါမယ်။ လေဆိပ်က ပျက်စီးသွားတာ တွေကိုတော့ ခုံရုံးဖွဲ့ပြီး တန်ဖိုးကို စစ်ဆေးဆုံးဖြတ် သွားရပါမယ်'' ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးစိုးလွင်က ပြောကြား သည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက်ဆိုင်၏ Safe Cuard များကို တပ်ဆင်ထားသည်မှာ တစ်နှစ်ကျော်ခန့်သာ ကြာမြင့်သေးကြောင်းနှင့် နိုဝင်ဘာ ၃ ရက် ညနေ ငါးနာရီ အချိန်ခန့်က ဆိုင်ကိုပိတ်ခဲ့ကြောင်း ဆိုင်တာဝန်ရှိသူ တစ်ဦးနှင့် အထက်မြန်မာပြည် မီးသတ်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးတို့၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိအချိန်တွင် လေဆိပ်တာဝန်ခံဒု ရဲအုပ်မိုးမြင့်စိုးက ဆိုင်တာဝန်ခံ ထွန်းအောင်ကျော် (၂၉နှစ်) အား(ပ)၃၆/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

 မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ Espace Cafe & Bar စားသောက်ဆိုင် မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်

Eleven Media Group