Monday, October 7, 2013

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် "၀" သွေးစည်းညီညွတ်ရေး ပါတီကို သွားရောက်စည်းရုံး



အစိုးရက နေပြည်တော်တွင် ပြုလုပ်ရန်ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲ ရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုး ပွဲသို့ တက်ရောက်ပြီး လက်မှတ်ရေးထိုးရန် "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက သွားရောက်စည်းရုံးခဲ့ရာ ပထမနေ့ ဆွေးနွေးမှုတွင် အောင်မြင်မှု မရရှိခဲ့ ကြောင်း UWSP နှင့် နီးစပ်သူများက ပြောကြားခဲ့ သည်။


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၄ ရက်တွင် UWSP ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ ရောက်ရှိခဲ့ပြီး UWSP ဒုတိယဥက္ကဋ္ဌ ရှောက်မီလျံ ဦးဆောင်သော အဖွဲ့များနှင့် တွေ့ဆုံပြီး ဆွေးနွေးမှု ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဓိက နှစ်ချက်ပေါ့။ အောက်တိုဘာမှာလုပ်မယ့် အပစ်အခတ် ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပွဲကို တက်ဖို့နဲ့ လက်မှတ်ထိုးဖို့ပေါ့။ အဲဒါကို "၀" ဘက်က လုံးဝလက်မခံပါဘူး။ သူတို့က တက်ချင်တက်မယ်။ လက်မှတ်မထိုးဘူး" ဟု UWSP နှင့် အဆက်အသွယ်ရှိပြီး တရုတ်-မြန်မာ နယ်စပ်၌ နေထိုင်နေသူ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောကြားသည်။

ဆွေးနွေးပွဲ ပထမနေ့တွင် အချက်ကိုးချက်ကို ထည့်သွင်းဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လက်မှတ် ရေးထိုးရန်၊ "၀" ဒေသအတွင်း မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရေး၊ "၀" ဒေသတွင် အစိုးရ၏ နယ်စပ်စည်ပင် ၀န်ထမ်းများ "၀" နယ်မြေအတွင်း တာဝန်ချရေး၊ "၀" ဒေသ၌ အခြားပြည်နယ်များမှာ လာရောက်အလုပ် လုပ်ကိုင်ခွင့် ရရှိစေရေး အစရှိသော အချက်များကို အစိုးရဘက်မှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၄ ရက်က ဆွေးနွေးမှုတွင် သဘောတူညီချက် မရရှိခဲ့ဘဲ အောက်တိုဘာ ၅ ရက်တွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်ဆိုင်းမြို့တွင် ပြုလုပ်သော ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်ပြီး UWSP ၏ ပြင်ပဆက်ဆံရေးဌာန ဒုတိယ တာဝန်ခံ ဦးဆမ်ခွန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ဧည့်ခံပွဲသို့ ရောက်ရှိနေသဖြင့် ပြန်လည်ဖြေ ကြားခြင်း မပြုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် တို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

"အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက တောင်ကြီးဆွေးနွေးပွဲမှာလည်း "၀" ကိုယ်စားလှယ်တွေကို တင်ပြခဲ့တာတွေ ရှိတယ်။ "၀" ကိုယ်စားလှယ်တွေက ဗဟိုကို ပြန်တင်ပြခဲ့ပြီး အဲဒီတင်ပြချက်တွေကို လက်မခံခဲ့ဘူး" ဟု ဦးအောင်ကျော်ဇောက ဆက်လက်ပြောကြားသည်။

အစိုးရက ပြုလုပ်ရန်ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲသည် UWSP နှင့် သက်ဆိုင်ခြင်း မရှိကြောင်း UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က စက်တင်ဘာလအတွင်း ပြောကြားခဲ့သည်။

ထိုပွဲသို့ တက်ရောက်ရန် ပြည်ထောင်စုလွှတ်တော် နာကယ ဦးရွှေမန်းကလည်း စက်တင်ဘာ ၃ ရက်က UWSP ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပြောကြားသွားခြင်း မရှိသဖြင့် UWSP အနေဖြင့် အခမ်းအနားသို့ တက်ရန် ဖိတ်ကြားခြင်းသာ ဖြစ်သည်ဟု ယူဆခဲ့ပြီး ပါဝင်လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် UWSP အနေဖြင့် အစိုးရက ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး တာဝန်ယူခဲ့သည့် အစိုးရ အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသာ သက်ဆိုင်သည်ဟု ယုံကြည်ကြောင်း ဦးအောင်မြင့်က ပြောဆိုထားပါသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အင်အားအတောင့်တင်းဆုံး ဖြစ်သော UWSP သည် ၁၉၈၉ ခုနှစ် အချိန်ကတည်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိ ထားသည့် အဖွဲ့ဖြစ်သည်။

eleven media group

လင်ယောက်ျား မရှိတော့သည့် အိမ်ထောင်ဦးစီး အမျိုးသမီးများကို သမ္မတ ဦးသိန်းစိန်မှ ထောက်ပံ့ကြေး ပေးသွားရန် စီစဉ်



အမျိုးသား အိမ်ထောင်ဦးစီးသေဆုံးသွားပြီးနောက် မိသားစုကို ဦးဆောင်နေရသော အမျိုးသမီးများကို သမ္မတ ဦးသိန်းစိန်က ထောက်ပံကြေးပေးသွားရန် စီစဉ်နေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှက မဇ္ဈိမ ကို ပြောသည်။


နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသမီး များ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း အားတရားဝင်ကြေညာ ခဲ့သည့်ပွဲအပြီးတွင်လူမှုဝန်ထမ်း ဦးစီးဌာန၊လူမူ ၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒါကိုလုပ်ဖို့ မူဝါဒကို တင်ထားပြီးပါပြီ၊ လူဦးရေ စစ်တမ်းတွေ ကောက်ယူဖို့လိုနေသေးလို့ တရားဝင် မပြော ခဲ့တာပါ။ သမ္မတကြီးကလည်း တစ်ဦးတည်းရုန်းကန်နေရတဲ့ မုဆိုးမတွေကို သနားတာေ ကြာင့် ထောက်ပံ့ ပေးဖို့လုပ်တာပါ” ဟု ဒုတိယညွန်ကြားရေးမှူးချူပ် ဦးအောင်ထွန်းခိုင်က ပြောသည်။

ထောက်ပံ့ကြေးများအား နှစ်စဉ်ပေးသွားမည်ဖြစ်ပြီး လူဦးရေ စာရင်းများကို ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိသောအချက်များမှ အသုံးပြုမည်ဖြစ်သည်။

mizzima

ပြည့်တန်ဆာတွေအတွက် ပြစ်ဒဏ်ကြီးကြီးလာတော့မည်



အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့် မိန်း ကလေးများအား အရောင်းအဝယ် ပြုလုပ်ခြင်းကို နှိပ်ကွပ်ရန် အတွက် ကြီးလေးသည့်ပြစ်ဒဏ် များ ကိုသာ ချမှတ်ရန် တရားရုံး အားလုံးသို့ ညွှန်ကြား ချက် ပေးပို့ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။


အဆိုပါ လုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့်သာ အရေးယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော် တို့၏ ညွှန်ကြားမှုများ ထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့် အားဖြည့်၍ ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။

ခေတ်ကာလအလျောက် ပြည့်တန်ဆာ လုပ်ငန်းများ များပြားလာသဖြင့် ယင်းကို မနှိမ်နင်းနိုင်ပါက အကျင့် စာရိတ္တ ပျက်ယွင်းခြင်း၊ လူမျိုးဂုဏ် ကျဆင်းခြင်းနှင့် ကျန်းမာရေး ထိခိုက်ခြင်းများ ကြုံတွေ့လာနိုင်သဖြင့် တင်းကျပ်စွာ အရေးယူမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့အထိ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေး ယူခဲ့သော အမှု ၄,၈၁၆ မှုရှိကြောင်း ဝန်ကြီးက ပြောသည်။

ယင်းတွင် ကျား ၂၂၂ ဦးနှင့် မ ၄,၉၁၈ ဦးကို အရေးယူနိုင်ခဲ့သည်ဟု ဝန်ကြီး၏ ပြောပြချက်အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အစိုးရသစ် လက်ထက်၌ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဝန်ကြီးက အထက် ပါအတိုင်း ဖြေကြားခဲ့သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ် ရေး ဥပဒေနှင့် ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ ဝေဖန်မှုများ ရှိနေပြီး ရှေးရိုး အစဉ်အလာ ထိန်းသိမ်း စောင့်ရှောက်လိုသူများက ယင်းကို လူ့ဘောင် ယဉ်ကျေးမှုအရ ထိန်းသိမ်းသင့်ပြီဟု ဆိုကြပြီး အချို့ မှာ ခေတ်ကာလနှင့် အညီ ပြင်ဆင်ရန် သင့်သည်ဟု ဝေဖန်မှုများ ရှိနေကြောင်း ဒေါက်တာညိုညို သင်းက ပြောသည်။

၁၉၉၈ ခုနှစ် ဧပြီလတွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်ခဲ့ပြီး ယင်းတွင် ထောင်ဒဏ်များကို တိုးမြှင့် ချထားပေးရန်နှင့် မကျမနေ ထောင် ဒဏ်အပြင် ငွေဒဏ်ကိုလည်း ချမှတ်ရန် ပြင်ဆင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးကြီး မြင့်က ”ဒီဥပဒေမှာက ပျော်ပါးတဲ့ အမျိုးသားတွေကိုတော့ အရေးမယူဘူး။ အမျိုးသမီးတွေကိုပဲ အရေးယူတယ်။ ဒါကတော့ တစ် မျိုး ဖြစ်နေတာပေါ့”ဟု ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေနှင့် ပတ်သက်၍ ပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ပြည့်တန်ဆာ လုပ်ငန်းကို လိုင်စင်ဖြင့် လုပ်ကိုင်ခြင်းများ ရှိရာ ယင်းကဲ့သို့ စီမံ၍ အများပြည် သူများရှေ့တွင် မဖွယ်မရာ ပြုလုပ်ခြင်းကိုသာ ဥပဒေအရ တားမြစ်ခြင်းဆောင် ရွက်ရန်သင့် သည်ဟု ၄င်းက သုံးသပ် ပြောသည်။

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြင်ဆင်လိုက်ခြင်းမှာ ပုဒ်မ ၅ ၊ ပုဒ်မခွဲ ၁ တွင် တစ်နှစ်အောက် မနည်း သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် ကျခံရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၈ တွင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ စီရင်ရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

Popular Myanmar

မဒေးကျွန်းသား ၁၀ ဦးအား ထောင်ချမူ အပေါ် အောက်တိုဘာလ ၁၀ ရက်နေ့ အယူခံဝင်မည်



ကျောက်ဖြူမြို့နယ်မဒေးကျွန်းမှ ဒေသခံ ပြည်သူ များ၏ ကောင်းကျိုးကို ဆောင်ရွက်၍ ထောင်ချခံ ထားရသူ (၁၀) ဦး ၏ အမူကို အောက်တိုဘာလ ၁၀ ရက် နေ့တွင် အယူခံ ၀င်မည်ဟု သတင်း ရရှိ သည်။


” သူတို့ကို အယူခံဝင်ခွင့်ပေးတဲ့ အတွက် ဒီလ ၁၀ ရက်နေ့မှာ ထောင်ချခံရတဲ့ မိသားစုဝင်တွေက ကျောက်ဖြူမြို့နယ် တရားရုံးမှာ အယူခံ ၀င်ကြမှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူ လူငယ်ကွန်ရက်မှ ကိုထွန်းလွှင် က ပြောသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဒေသခံ ခေါင်းဆောင် ၁၀ ဦးကို စက်တင်္ဘာလ ၂၆ ရက်နေ့က ၎င်း မြို့နယ် တရားရုံးမှ ပုဒ်မ ၁၈ စီတန်းလှည့်လည်မူနှင့် ထောင် (၃) လ ချမှတ်ခဲ့သည်။

ထိုချမှတ်လိုက်ပြီးနောက် ဒေသခံ ပြည်သူ ၅၀၀ ခန့်က တရားရုံးရှေ့တွင် စုရုံးရောက်ရှိလာခဲ့ကြပြီး တရား ရုံး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြကာ သူတို့အား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

၎င်းတို့၏ ခေါင်းဆောင် ၁၀ ဦး လွှတ်မြောက်ရေး အတွက် ဒေသခံများ တရားရုံးရှေ့တွင် စုရုံးပြီး ဆန္ဒပြတောင်းဆိုမူမှာ မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် နှစ်ပေါင်း (၆၅) နှစ် အတွင်း ရခိုင်ပြည်နယ် အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်ဟု သိရသည်။

သူတို့ ၁၀ ဦးသည် ယခုနှစ် ဧပြီလ ၁၈ ရက်နေ့က တရုတ်ကုမ္ပဏီ CNPC ကုမ္ပဏီရုံးရှေ့တွင် ခွင့်ပြုချက် မရဘဲ ပြုလုပ်ခဲ့သော လူပေါင်း ၅၀၀ ခန့် ပါဝင်ခဲ့သည့် ဆန္ဒပြပွဲကို ဦးဆောင်သည်ဟု စွပ်စွဲကာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှ တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ရာ ကျောက်ဖြူမြို့နယ် တရားရုံးက အမူကို လက်ခံခဲ့သည်။ စက်တင်္ဘာ ၂၆ ရက်နေ့တွင် သူတို့အား ထောင်ချ ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပွဲတွင် မဒေးကျွန်း ဒေသခံများသည် သူတို့ကျွန်းပေါ်တွင် ပြုလုပ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် သူတို့၏ ထိခိုက်နစ်နေမူများအား ဖြေရှင်းပေးရန် မြန်မာ အစိုးရနှင့် တရုတ်ကုမ္ပဏီ CNPC တို့ကို တောင်းဆိုခဲ့သည်။

တောင်းဆိုချက် (၉) ချက်တွင် သိမ်းဆည်းလယ်မြေများနှင့် ပျက်စီးလယ်မြေများအား နိုင်ငံတကာ စံနုန်းများနှင့် အညီ လျှော်ကြေးပေးရန်၊ ကျွန်းပေါ်ရှိ ကျေးရွာများအား လျှပ်စစ် မီးဖြန့်ဖြူးပေးရန်၊ ကျွန်းပတ်လည်တွင် ငါးဖမ်းခွင့်ရရန်၊ ကျေးရွာချင်းဆက် လမ်းများကို ဖေါက်လုပ်ပေးရန်၊ ကျွန်းပေါ်ရှိ ဒေသခံများကို အလုပ်ခန့်ရန်နှင့် လစာကို တရုတ် အလုပ်သမားများနည်းတူ ပေးရန် စသည့် အချက်တို့ကို တောင်းဆိုခဲ့ကြသည်။

မြန်မာ အာဏာပိုင်များသည် မဒေးကျွန်းသူ ကျွန်းသားများ၏ ရသင့် ရထိုက်သော အခွင့်အရေးများ တောင်းဆိုသည်ကို တစ်စုံတစ်ရာ လိုက်လျော့ ပေးခြင်း မရှိဘဲ ထောင်ချခဲ့သဖြင့် ယင်းလုပ်ရပ်ကို လူမူ အဖွဲ့အစည်းအများက ရှုတ်ချခဲ့သည်။

“ ဆန္ဒပြတုန်းကတော့ အယူခံဝင်ပါလို့ ပြောတဲ့ အတွက် ဆန္ဒပြပွဲကို ရပ်လိုက်တယ်။ အယူခံဝင်ရင် သူတို့ လွှတ်မလား၊ မလွှတ်ဘူးလားဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ကိုထွန်းလွှင်က ပြောဆိုသွားသည်။

Credit : http://www.narinjara.com/burmese/?p=7272

ALD နှင့် RNDP တို့၏ ပေါင်းစည်းရေး အစည်းအဝေး နှစ်ဘက် ပါတီ ဥက္ကဌများ တက်ရောက်မည်

ALD-RNDP-flag

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP တို့၏ တစ်ပါတီ ဖြစ်မြှောက်ရေး ပေါင်းစည်းရေး နောက်ဆုံး အဆင့် အစည်းအဝေးကို မနက်ဖြန် ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်ရာ နှစ်ဘက်ပါတီ ဥက္ကဌများ တက်ရောက်ပြီး ဆွေးနွေးသွားမည် သတင်း ရရှိသည်။


ပါတီတစ်ခုစီမှ ကိုယ်စားလှယ် ၁၅ ဦးစီ တက်ရောက်မည် ဖြစ်ပြီး နှစ်ဘက်ပါတီ ဥက္ကဌများက ကိုယ်စားလှယ်များကို ဦးဆောင် သွားမည်ဟု RNDP မှ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးစံကျော်လှက ပြောသည်။

“ ကျွန်တော်တို့ ပါတီက ကိုယ်စားလှယ် ၁၅ ကိုတော့ ဥက္ကဌ ဒေါက်တာ အေးမောင်က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ တစ်ဘက်ပါတီ ALD က ကိုယ်စားလှယ် ၁၅ ဦးကိုတော့ ဥက္ကဌ ဦးအေးသာအောင်က ဦးဆောင်မှာ ဖြစ်ပါတယ်။ အစည်းအဝေးကတော့ မနက်ဖြန် ၁၀ နာရီမှာ စတင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းအစည်းအဝေးးအား ရန်ကုန်မြို့ ပြည်လမ်း၊ ၇မိုင်ရှိ စားသောက်ဆိုင် တစ်ခုတွင် ပြုလုပ်ရန် စီစဉ် ထားသည်ဟု သိရသည်။

ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အဟန့်အတား ရှိပါသလားဟု နိရဉ္စရာက မေးမြန်းရာ ဦးစံကျော်လှက ယခုလို ဖြေကြားသည်။

“ ပါတီ နှစ်ခုအကြားမှာ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ပြဿနာ ဘာမှ မရှိပါ။ နှစ်ဘက်စလုံးက ခေါင်းဆောင်တွေက ပေါင်းစည်းရေးကို လိုလားသလို ပါတီဝင်တွေကလည်း လိုလားကြတဲ့ အတွက် တစ်စုံတစ်ရာ အနှောင့်အယှက် အဟန့်အတား မရှိပါ။ ချောချောချူချူနဲ့ ပေါင်းစည်းရေးက ဖြစ်မြှောက် သွားမှာပါ” ဟု ဆိုသည်။

၎င်းအပြင် သူက ယခု လက်ရှိ ရခိုင်ပြည်၏ အခြေအနေကို လူတိုင်းသိပါကြောင်း၊ ယခု အခြေအနေသည် ယခင်က အခြေ အနေနှင့် မတူပါကြောင်း၊ အမျိုးသား ညီညွတ်ရေးသည် မည်မျှထိ အရေးကြီးကြောင်းကို ရခိုင်သားတိုင်း သဘောပေါက်လျှက် ရှိကြပါကြောင်း၊ သို့အတွက် ပါတီ နှစ်ခု ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ပြောရလျှင် ပေါင်းစည်းဖြစ်မည်မှာ သေချာကြောင်း၊ ပေါင်းစည်းပြီးလျှင်လည်း ပါတီမှာ နောက်ကြောင်း ပြန်လှည့်စရာ မရှိဘဲ တိုးတက် လာမည် ဖြစ်ကြောင်း၊ မိမိတို့ ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်ရေး အတွက် နှစ်ဘက် ခေါင်းဆောင်များက အားကြိုးမာန်တက် ဆောင်ရွက်ရန် သံဓိဌာန်ချထားပါကြောင်း ဦးစံကျော်လှက ပြောသည်။

ရခိုင်ပြည်သူ ရဟန်းရှင်လူ အပေါင်းတို့ မျှော်လင့်နေသော ပေါင်းစည်းရေးမှာ မကြာခင် အောင်မြင် တော့ မည် ဖြစ်ပါသဖြင့် ပြည်သူများသို့ လက်ဆောင်စကား ပါးချင်ပါကြောင်း သူက ဆက်လက် ပြောဆို သည်။

ပေါင်းစည်းရေး အစည်းအဝေးကို စနေနှင့် တနင်္ဂနွေ (၂) ရက် ပြုလုပ်သွားမည်ဟု သိရသည်။

Credit : http://www.narinjara.com/burmese/?p=7254

နိုင်ငံတကာသို့ ဆေးအတု တင်ပို့နေသော တရုတ်အမျိုးသားများပါ ဂိုဏ်း ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းမိ


Drug-conterband

ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတု လုပ်ပြီး နိုင်ငံတကာကိုပို့နေတဲ့ ဆေးအတု ထုတ် လုပ်တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ ပါတယ်။


အဲဒီဖမ်းမိတဲ့ ဆေးဝါး အတု ထုတ်လုပ်တဲ့ ဂိုဏ်းမှာ ပါဝင် ပတ်သက်နေတဲ့သူ ၁၀ ဦးကို ဖမ်းဆီးမိရာမှာ ၇ ဦးက တရုတ်လူမျိုးတွေလို့ ပြောပါတယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ဒီကနေ့ထုတ် New Age သတင်းစာမှာတော့ အဲဒီ ဆေးအတု ဂိုဏ်းဟာ ဆေးဝါးတွေကို ဘင်္ဂလာ ဒေခ်ျ့နိုင်ငံကနေ ထုတ်လုပ်နေတာ ၄ နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး အဲဒီ ဆေးဝါးတွေကို နိုင်ငံတကာကို တင်ပို့တယ်လို့ တရုတ်အမျိုးသားတွေက စစ်ဆေး မေးမြန်းစဉ် ထုတ်ဖေါ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

RAB ( Rapid Action Battalion) လို့ ခေါ်တဲ့ မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ကနေ ဂါဇီပူရ် မြို့နယ်က Courier ကုမ္ပဏီ ရုံးခန်းကနေ ဆေးဝါး အတုတွေ အမြောက်အမြား ဖမ်းဆီး ရမိခဲ့တယ်လို့ ပြောပါတယ်။

သူတို့ဟာ နိုင်ငံတကာ ဆေးဝါး မှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေသူတွေ ဖြစ်ပြီး နိုင်ငံတကာကို အထောက် အထား မှတ်ပုံတင် အတုတွေနဲ့ ဆေးဝါးတွေကို အဆင်သင့်ချုပ်လုပ်ထားတဲ့ အ၀တ်အထည်တွေနဲ့ ရော နှောပြီး ပို့နေသူ တွေ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။

ဒါ့ပြင် ယာဘားဆေးပြားတွေကို ဘင်္ဂလာဒေခ်ျ့ကို တင်သွင်းရာမှာ ပါဝင်ပတ်သက်သူတွေ ဖြစ်နိုင် တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလာဒေခ်ျ့ မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဆေးဝါးအတု တာကာ (၅) ကုဋေဖိုးခန့်ကို ဖမ်းဆီး ရမိခဲ့ပါတယ်။

ဆေးဝါး ရှားပါးမူနဲ့ ကြုံနေရတဲ့ မြန်မာပြည်သူတွေ အနေနဲ့လည်း အိမ်နီးချင်းနိုင်ငံတွေက ထုတ်တဲ့ ဆေးဝါးတွေကို မှီခိုနေကြရတဲ့ အတွက် နိုင်ငံခြားက ထုတ်တဲ့ ဆေးဝါးတွေကို အတုအပ အထူး သတိထားပီး ၀ယ်ယူကြဖို့လိုအပ်ပါတယ်။

Credit : http://www.narinjara.com/burmese/?p=7265