Thursday, October 3, 2013

မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နှင့် စည်ပင်သာယာ တာဝန်ရှိသူများအား စစ်ဆေးအရေးယူပေးပါ(အယ်ဒီတာထံပေးစာ)




မင်္ဂလာဒုံမြို့နယ်အတွင်း အိမ်/မြေ ကျူးကျော်မှုများ တဖြည်းဖြည်းအတင့်ရဲလာပြီး မည်သူ့ကိုမျှ ဂရု မစိုက် တော့ပါ။ ခရေပင်ရိပ်မွန် အိမ်ယာ အပိုင်း(၁) ယခင် ဈေးဖွင့်လှစ်ရန် သတ်မှတ် ထားသော နေရာ တွင် ရ.ယ.က အား ရံပုံငွေပေးပြီး တဲအိမ်များ ၀င်ရောက် ဆောက်လုပ် နေထိုင်ကြသည်မှာ ပုံတွင် ဖော်ပြထား သည့်အတိုင်း မြင်မကောင်းအောင် ဖြစ်နေပါပြီ၊ အစုတ်အပြတ် အဟောင်းများ စုပုံ ထား ရှိရာ ကျန်းမာရေး ထိခိုက်နိုင်ရုံမက မီးဘေး အန္တ ရယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေ ပါသည်။ နေ့စဉ် အော်ဟစ်ဆဲဆို သံများဖြင့် စရိုက်ဆိုး လှသည့် ကျူးကျော်တဲအိမ်များအား အမြန် ဆုံး ဖယ်ရှားပေးစေ လိုပါသည်။

တစ်ဆက်တည်း ဖော်ပြပါမည်- 

မြို့ပါတ်ရထားလမ်းနှင့်အပြိုင် ခရေပင်ရိပ်မွန်လမ်းမ ပေါ်တွင် ဖွင့်လှစ် ထားရှိသည့် MILLION COIN စားသောက်ဆိုင်မှာလည်း စည်ပင်ပိုင်မြေပေါ်သို့ ပေ ၆၀ ကျော် တိုးချဲ့ ကျူးကျော်ဖွင့်လှစ်ထားရှိပါသည်။ မည်သူ့ခွင့်ပြုချက်ဖြင့် အခိုင်အမာ အုတ်တံတိုင်းခတ် ဆောက်လုပ်ဖွင့် လှစ်ထားသည်မသိပါ။ မင်္ဂလာဒုံ ဘူတာရှေ့တည့်တည့် ဘူတာလမ်း လမ်းဘေးဝဲ/ယာတွင်လည်း နေရာလပ်မကျန်အောင် ကျူးကျော်ဆိုင်တန်းများ ပြည့်ကျပ်နေပါပြီ။ အဆိုးဆုံးမှာ မင်္ဂလာဒုံ ဘူတာလမ်းနှင့် ခရေပင်ရိပ်မွန် (၁)လမ်း ထောင့်တွင် ယခင် မြေကွက်များချပေးစဉ်က လမ်းနယ် အဖြစ် ချန်လှပ်ထား ခဲ့သည့် မြေနေရာအား ယခု steel frame ဖြင့် (၂)ထပ်တိုက် ဆောက်လုပ်နေပြီဖြစ်ပါသည် ။ လမ်းနယ် စည်ပင်မြေ ကျူးကျော်ရုံမက ရေမြောင်းများပါ ပိတ်ဆို့ကုန်ပါသည်။ တိုက်အိမ် အခိုင်အမာ ဆောက်လုပ် ပြီးပါက မည်သို့မျှ အရေးယူမရဟု ဆိုနေပါသည်။ ထိုသို့ဆိုပါက လမ်းဘေးဝဲ/ယာတွင် ယခု ဖွင့်လှစ် နေသော ဆိုင်ခန်းများက တိုက်အိမ်များ အခိုင်အမာဆောက်လုပ်လာပါက မည်သို့ဖြစ်လာပါမည်နည်း????

ခေတ်အဆက်ဆက် မည်သည့်အစိုးရတက်တက် ဖြေရှင်းမရနိုင်သည်မှာ ယခု ကျူးကျော်အိမ်မြေနေရာ များပင်ဖြစ်ပါသည်။ တာဝန်ရှိသူများ မိမိသက်တမ်းကာလအတွင်း ယခုကဲ့သို့ လုပ်စားခဲ့သောကြောင့် ပြဿနာများ မပြီးမစီးနိုင် ဖြေရှင်းနေရဆဲဖြစ်ပါသည်။ လ.၀.က မှ မည်သည့်နေရပ်လိပ်စာဖြင့် အိမ် ထောင်စုစာရင်း ထုတ်ပေးခဲ့ပါသနည်း??? EPC မှ မည်သည့် အထောက်အထားများဖြင့် နေအိမ်သို့ လျှပ်စစ်မီးသွယ်တန်းပေးခဲ့ပါသနည်း??? စည်ပင်သာယာမှ မည်ကဲ့သို့သော မြေပိုင်ဆိုင်မှု အထောက် အထားများဖြင့် ဂရံထုတ်ပေးခဲ့ပါသနည်း??? အဆောက်အဦး ဆောက်လုပ်ခွင့် မည်သို့ ခွင့်ပြုခဲ့ပါသနည်း??? တာဝန်ရှိ လူကြီးမင်းများ ကွင်းဆင်းစိစစ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ နေပြည်တော်သို့လည်း ဆက်လက်တင်ပြသွားပါမည်။

အောက်တိုဘာအတွက် ၇ ရက် သားသမီး ကံကြမ္မာ



တနင်္ဂနွေသားသမီးများအတွက် -

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက် နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြား မ လိုက်သကဲ့သို့ လက်ရှိ အခြေအနေ ထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။

လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန် စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။


ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။ အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ် ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။

လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက်ပါ ယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

တနင်္လာသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင် ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။

မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။

အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော် ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်း အကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက် သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထားသော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။

အင်္ဂါသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ် မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုးး၌ သာမန်အခြေအနေ မျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေး လိုပါသည်။ မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည် သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေး အတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။

ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်း ကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။ အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။

စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င် စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည် ရွယ်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။

မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေ အလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရ တတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။

အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ် ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့် အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက် ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။ ထီကံကောင်းသော ကာလ ဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။

အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်း သို့သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ်ဆောက်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက် စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။

နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

ကြာသပတေးသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာ ကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခ ပေးတတ်သည်။ အထူးသတိပြုပါ။

လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက် ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။

အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါး သွားတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံး သွားတတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

သောကြာသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည် ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ ဤကာလအတွင်း ထီမထိုးသင်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။

ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခ တွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။

သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန် ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

စနေသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခု ကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ် နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်း ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။

အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။

ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည်ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်း သိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာ ပြေပျောက် စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ။

ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

ဟိန်းတင့်ဇော်

Credit : Here

ရန်ကုန်မြို့လယ်တွင် တည်ဆောက်မည့် Landmark စီမံကိန်းအတွက် Yoma Strategic Holdings နှင့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း ပူးပေါင်းရန် လက်မှတ်ရေးထိုး



ရန်ကုန်မြို့လယ်တွင် မြို့၏အထင်ကရ နေရာ တစ်ခု ဖြစ်လာမည့် Landmark Project တည်ဆောက်ရန် အတွက် Yoma Strategic Holdings နှင့် ဂျပန်နိုင်ငံမှမစ်ဆူဘီရှီ ကော်ပိုရေးရှင်း၏ အိမ်ရာ စီမံကိန်း လုပ်ငန်းတို့  ပူးပေါင်းရင်းနှီးမြှုပ်နှံရန် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သတင်း ရရှိသည်။


''ဒီ Landmark စီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ စီးပွားရေးလုပ်ငန်းအများစု ဆုံစည်းရာနေရာတစ်ခုအဖြစ် ချီးမွမ်းခံရမယ့် အဆောက်အဦတစ်ခု ဖြစ်လာ မှာပါ။ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းနဲ့ မစ်ဆူဘီရှီ အိမ်ရာစီမံကိန်းရဲ့ နိုင်ငံ တကာအတွေ့အကြုံနဲ့ လုပ်ဆောင် ချက်တွေက အကောင်းဆုံးဖြစ်အောင် ကူညီမယ်လို့ ယုံကြည်ပါ တယ်'' ဟု Yoma Strategic မှ အမှုဆောင် အရာရှိချုပ် အန်ဒရူးရစ်ကတ် က ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်မြို့၏ Landmark စီမံကိန်းကို မြို့၏ အချက်အချာနေရာဖြစ်သည့် ကုန်သည်ကြီးများဟို တယ်နှင့် မျက်နှာချင်းဆိုင်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ကပ်လျက်နေရာတွင် တည်ဆောက်မည် ဖြစ် သည်။

အဆိုပါ Landmark စီမံကိန်းတွင် စတုရန်းပေ စုစုပေါင်း သန်း ၂၀ ကျယ်ဝန်းမည်ဖြစ်ပြီး လူနေအိမ်ခန်း များ၊ ရုံးခန်းများ၊ လက်လီအရောင်းဆိုင်များ၊ ဟိုတယ်လုပ်ငန်းနှင့် အခြားဧည့်ဝန်ဆောင်မှုလုပ်ငန်းများ ပါ ဝင်မည်ဟု ဆိုသည်။ နားလည်မှု သဘောတူ လက်မှတ်ရေးထိုးရာတွင် ပင်နီဆူလာ ရန်ကုန်အတွက် မပါ ၀င်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း ဆောက်လုပ်ရန် လက်မှတ်ရေးထိုးသည့် Yoma Strategic Holdings ကုမ္ပဏီသည် စင်ကာပူနိုင်ငံတွင် စီးပွားရေးဈေးကွက်ဝင် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၎င်းနှင့်အတူ Serge Pun& Associates (SPA) နှင့် First Myanmar Investment (FMI) တို့လည်း ပါဝင်မည်ဖြစ်သည်။

မစ်ဆူဘီရှီ အိမ်ခြံမြေ စီမံကိန်းလုပ်ငန်း Mitsubishi Estate သည် ဂျပန်နိုင်ငံတွင် အိမ်ခြံမြေစီမံကိန်းများကို ဦးဆောင်လျက်ရှိပြီး တိုကျိုမြို့လယ်တွင် တည်ဆောက်သည့် အဆောက်အဦကြီးများ အပါအ၀င် လက်လီ အရောင်းလုပ်ငန်းများ၊ လူနေအိမ်ရာ စီမံကိန်းလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ စသည့် အိမ်ခြံမြေလုပ်ငန်း များနှင့် ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 ရန်ကုန်တွင်တည်ဆောက်မည့် Landmark  စီမံကိန်းပုံစံငယ်ကို တွေ့ရစဉ် 
(ဓါတ်ပုံ- Yoma Strategic Holdings)

Eleven Media Group

မလေးရှားရောက် မြန်မာနိုင်ငံသားများအား လူမျိုးဘာသာမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်ပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လူမျိုးဘာသာမခွဲခြားဘဲအကာအကွယ်ပေးရန်စောင့်ရှောက် ရန် လိုအပ်ကြောင်းနှင့် နိုင်ငံသားများ၏ လိုအပ်ချက်ကိုကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှားနိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့ ကြောင်း အောက်တိုဘာ ၂ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရသည်။


မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဦးကျော်စွာ ၊ စစ်သံမှူး ဗိုလ်မှူး ချုပ်ဝင်းမောင်တို့ဦး ဆောင်သည့် သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့်တွေ့ဆုံစဉ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ မှာကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ပတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ တာဝန်ထမ်းဆောင် နေကြသည့် ၀န်ထမ်းများသည် နိုင်ငံအတွက် အရေးကြီးသည့် တာဝန်ကို ထမ်းဆောင်နေကြသူများ ဖြစ် ကြောင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရာတွင် သံတမန်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် အ တွက် အမှားမရှိအောင် ဂရုစိုက်ကြရန် လိုအပ်ကြောင်းနှင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်း ပေါ် လျှောက်လှမ်းရာတွင် မှန်ကန်စွာ ရပ်တည် ဆောင်ရွက်လျှက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သတင်း တွင် ဖော်ပြခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဘုရင်ကပေးအပ် သည့် ဘွဲ့တံဆိပ်ရယူရန် စက်တင်ဘာ ၃၀ ရက်က ရောက်ရှိနေခြင်း ဖြစ်ပြီး အောက်တိုဘာ ၂ရက် ညနေ ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

Eleven Media Group

တပ်မြေအဖြစ်သိမ်းထားသော မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ အား မူလမြေပိုင်ရှင်များ ပြန်လည်ရရှိရေး လူအင်အား ၆၀၀ ဖြင့် မြို့တော်ခန်းမရှေ့၌ သပိတ်စခန်းဖွင့်တောင်းဆို



တပ်ပိုင်မြေအဖြစ် သိမ်းထားသည့် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေကွက်များအား မူလမြေပိုင်ရှင် များက ပြန်လည်ရရှိရေးအတွက်လူအင်အား ၆၀၀ ဖြင့် သပိတ်စခန်းဖွင့်ကာ တောင်းဆိုလျက် ရှိကြောင်း သပိတ်စ ခန်း ဖွင့် တောင်းဆိုနေသူ များ၏ ပြောကြားချက်အရ သိရသည်။


အဆိုပါ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေကွက် များအား မူလမြေပိုင်ရှင်များက ပြန်လည်ရရှိရေး အတွက် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအနီးတွင် အောက်တိုဘာ ၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့် မှ စတင်ကာ သပိတ်စခန်းဖွင့်၍ တောင်းဆိုလျက်ရှိ ကြောင်း သိရသည်။

''ဒီမြေတွေဟာ ကျွန်မတို့ရဲ့ဘိုးဘွားပိုင် မြေတွေဖြစ်ပါတယ်။ စစ်တပ်က အတင်းအဓမ္မ သိမ်းသွားတာဖြစ်ပါ တယ်။ ဒီမြေကို ပြန်ရဖို့ ဆန္ဒပြတောင်းဆိုတာ ခုနစ်ကြိမ်ကျော်ရှိပါပြီ။သက်ဆိုင်ရာက တစ်စုံတစ်ရာ လာ ရောက်ဖြေရှင်းပေးမှု မရှိဘူး။ ကျေနပ်လောက်တဲ့ ဖြေ ရှင်းပေးမှု မရှိရင်တော့ သပိတ်စခန်းဆက်ဖွင့်ပြီး တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ရဲတွေကလည်း လာရောက်တားဆီးတာတွေ ရှိပါတယ်။ ညှိနှိုင်းပေးမယ်လို့ ပါးစပ်ကပဲပြောနေတယ်။ တရားဝင်စာရွက်စာတမ်းတွေနဲ့လုပ်တာ ဘာတစ်ခုမှမရှိဘူး။ ပြန်မရမချင်း တောင်းဆိုသွားမှာဖြစ်ပါတယ်'' ဟု သပိတ်စခန်းဖွင့် တောင်းဆိုသူများထဲတွင်ပါဝင်သူ မနေနွယ်သန်းက ပြောကြားသည်။

မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မှ မူလ မြေပိုင်ရှင်များသည် စစ်တပ်ကအတင်းအဓမ္မ သိမ်းထားသည့် မြေ ကွက်များ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ၏ ခွင့်ပြုချက်နှင့် အညီ (၇) ကြိမ်မြောက် ဆန္ဒပြခဲ့သော် လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်စုံတစ်ရာ ညှိနှိုင်းဖြေရှင်းပေးခဲ့ခြင်း မရှိကြောင်း သပိတ်စခန်း ဖွင့်ကာ တောင်းဆိုနေသူများက ပြောကြားသည်။

အဆိုပါ မိကျောင်းကန်မြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေမှုအားဖြေရှင်းရန် သင်္ဃန်းကျွန်း မြို့မိ၊ မြို့ဖများနှင့် သင်္ဃန်းကျွန်းမြို့နယ်ရဲမှူးတို့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ၀န်ကြီးတစ်ဦးနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါမိကျောင်းကန်မြေပေါ်တွင် ၁၉၁၇ ခုနှစ်မှစပြီး ဆန္ဒပြသူများနှင့် ဆန္ဒပြသူများ၏ ဘိုးဘွားများက နိုင်ငံတော်အား အခွန်ပေးဆောင်ကာ နေထိုင်ခဲ့ကြောင်းသိရပြီး တပ်မတော်မှ တပ်ပိုင်မြေအဖြစ် ၁၉၉၁ ခုနှစ်တွင် သိမ်းယူသွားခဲ့ကြောင်း သပိတ်စခန်းဖွင့်သူ များ၏ ပြောကြားချက်အရ သိရသည်။

''ကျွန်တော်တို့ကို သက်ဆိုင်ရာရဲတွေက ည ၇နာရီအထိ ခွင့်ပြုမယ်လို့ ပြောတယ်။ ည ၇ နာရီကျော်ရင် သပိတ်စခန်းသိမ်းဖို့ ပြောတယ်။ ကျွန်တော်တို့ကတော့ မတရားအသိမ်းခံနေရတဲ့ မြေကိစ္စတွေကို ဖြေရှင်း မပေးဘူးဆိုရင် ဆက်ပြီး သပိတ်စခန်းဖွင့်သွား မှာ ဖြစ်တယ်'' ဟု သပိတ်စခန်းဖွင့်ကာ တောင်းဆိုရာတွင် ပါဝင်သူ ဦးစိန်သန်းက ပြောကြားသည်။

ကျာက်တံတားမြို့မရဲစခန်းမှ ဒုရဲမှူး မျိုးမြင့်ကြိုင်က ''သူတို့ကို အထဲမှာ ညှိနှိုင်းဖို့ ခေါ်တယ်။ သူတို့ဘက်က လက်မခံဘူး။ ဒီကိစ္စကို ည ၇ နာရီအထိ ခွင့်ပြုထားတယ်ဆိုတာကို ကျွန်တော်မသိသေးပါဘူး'' ဟု ပြော ကြား သည်။

ထို့နောက်ညနေ ၅ နာရီခန့်တွင် ရန်ကုန်မြို့တော်ခန်းမအတွင်း၌ သပိတ်စခန်းဖွင့်သူများထဲမှ ကိုယ်စား လှယ် ၁၀ ဦးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ညှိနှိုင်းဆွေးနွေးရန်အတွက် ဖိတ် ခေါ်ခဲ့ပြီး မီဒီယာများကို ၀င်ရောက်ခွင့်မပေးခဲ့ဘဲ သီးသန့် ဆွေးနွေးခဲ့သည်။

ယင်းသို့ ဆွေးနွေးညှိနှိုင်းသော ကိုယ်စားလှယ် ၁၀ ဦးသည် ညနေ ၆ နာရီခန့်တွင် သပိတ်စခန်းသို့ ပြန် လည်ရောက်ရှိခဲ့ပြီး ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

Eleven Media Group

သံတွဲ ပဋိပက္ခဖြစ်စဉ်ကြောင့် ခြောက်ဦးသေဆုံးကာ ဒဏ်ရာရရှိသူလေးဦး ဆေးရုံတွင် ကုသနေ



စက်တင်ဘာ စတုတ္ထပတ်မှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့ ပဋိပက္ခ ဖြစ်စဉ်အတွင်း အောက် တိုဘာ ၂ ရက် ညနေပိုင်းအထိ သေဆုံးသူ ခြောက်ဦးအထိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ တာ ၀န်ရှိသူတစ်ဦးက အောက်တိုဘာ ၂ ရက် ညနေပိုင်းက ပြောကြားသည်။


ထို့ပြင် ပဋိပက္ခဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ လေးဦးအထိ ရှိနေပြီး ဆေးရုံတွင် တက်ရောက် ကုသနေရ ကြောင်း သိရသည်။


အာက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် သံတွဲမြို့ရှိ ဗလီတစ်ခု မီးလောင်ပျက်စီးခဲ့ပြီး အသက် ၆၀ အရွယ်ရှိ အဘိုးအိုတစ်ဦး လမ်းမ ပေါ်တွင် မှောက်လျက် သေဆုံးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေး ဌာနမှ ဒုတိယရဲမှူးကြီးမင်းအောင်က ပြောကြားသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုကြောင့် လေးဦးထပ်မံ သေဆုံး သွားခဲ့ကြောင်း သိရသည်။ပဋိပက္ခ ဖြစ်စဉ်အတွင်း အောက်တိုဘာ ၁ ရက်က အသက် ၉၆ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦး ဓားဒဏ်ရာများဖြင့် အသတ်ခံရကြောင်း သိရသည်။

''အဘွားအိုတစ်ဦးကတော့ အသတ်ခံရတယ်လို့ စစ်ဆေးချက်အရ သိရတယ်။ အောက်တိုဘာ ၂ ရက်မှာ ထပ်မံ သေဆုံးသွားတဲ့ အဘိုးအိုတစ်ဦးကတော့ အသတ်ခံရတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေကြောင့် နှလုံးရပ်ပြီး သေဆုံးသွားရတယ်လို့ ယူဆရတယ်။ ညနေပိုင်းမှာ သေဆုံးခဲ့တဲ့ လေးယောက်ကတော့ ဘာ ကြောင့်သေတာလဲဆိုတာ စစ်ဆေးနေတုန်းပါပဲ'' ဟု ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

''ညမထွက်ရအမိန့်ကို ည ၆ နာရီမထိုးခင် ထုတ်လိုက်တာဖြစ်တဲ့အတွက် လောလောဆယ်မှာတော့ ငြိမ် နေပါပြီ။ ဒီနေ့ဖြစ်ခဲ့တာကတော့ ရွှေလှေ၊ သပြုချိုင်တို့မှာ မီးလောင်မှုတွေ၊ အပြန်အလှန် တိုက်ခိုက်တာတွေ ဖြစ်တယ်'' ဟု ဆင်ခေါင်းကျေးရွာမှ ဒေသခံ တစ်ဦးက ဆိုသည်။

''တောင်ကုတ်ကနေ သံတွဲကိုလာတဲ့ ဆိုင်ကယ်သုံးစီး လူခြောက်ယောက် ရွှေလှေမှာ မွတ်စလင်တွေ ၀ိုင်း ခုတ်လို့ ဒဏ်ရာရတယ်။ လေးယောက် သံတွဲဆေးရုံကို ရောက်နေတယ်။ဆေးရုံကို ရောက်တဲ့လူတွေက တောင်ကုတ်မြို့၊ သင်ပန်းချေရွာက ကိုသောင်းရွှေရယ်၊ သံတွဲ အံတော်ရပ်ကွက်က ကိုရန်နိုင်ရယ်။ သံတွဲ ဇီးဖြူကုန်းက လင်းလင်းထွန်း၊ ကျောက်ဖြူက မြသိန်း နှစ်ယောက်ကတော့ ချက်ချင်း အော်ပရေးရှင်း ၀င် နေရတယ်။ ပျောက်နေတာက မိန်းမ တစ်ယောက်ရယ်၊ ကိုဘောဒါဆိုတဲ့ တစ်ယောက်ရယ် ပျောက်နေ တယ်။ ကိုရန်နိုင်မှာ အဆုတ်ပေါက်တဲ့ ဓားဒဏ်ရာရတယ်။ကျွန်တော်က လူနာတွေကို ညနေ ၄နာရီမှာ ရွှေလှေဆေးရုံကနေ သွားယူတာ ဖြစ်တယ်။ဖြစ်တဲ့နေရာက ဆေးရုံနဲ့ နီးနီးလေးဖြစ်တယ်။ဆေးရုံကို ညနေ ၆ နာရီရောက်ပါတယ်'' ဟု သံတွဲ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဖိုးဝိုင်းက ပြောကြားသည်။

သံတွဲမြို့ပေါ်တွင် အောက်တိုဘာ ၂ ရက်က လမ်းဆုံနေရာများ၊ အဆောက်အအုံအချို့တွင် ရဲများ၊ စစ်သား များ လုံခြုံရေးယူထားပြီး သာသနာ့အလံများကို အိမ်တိုင်းနီးပါးတွင် စိုက်ထူထားသည်ကို တွေ့ရသည်။

ထို့ပြင် ကားများ၊ ဆိုင်ကယ်များတွင်လည်း သာသနာ့အလံများ လွှင့်တင်ထားပြီး ညနေ ၅ နာရီ နောက်ပိုင်း မှ စကာ ဆိုင်အများစု ပိတ်သိမ်းပြီး လူသွားလူလာ ရှင်းလာသည်ကို တွေ့ရသည်။ အောက်တိုဘာ ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် သမ္မတဦးသိန်းစိန် သံတွဲ လေဆိပ်သို့ ရောက်ရှိလာပြီး လေဆိပ်တွင် သက်ဆိုင် ရာများနှင့် ခေတ္တတွေ့ဆုံကာ သံတွဲ (ငပလီ)အဏ္ဏ၀ါရိပ်သာတွင် ညအိပ်ရပ်နားခဲ့သည်။ သမ္မတ ဦးသိန်းစိန် သည် အောက်တိုဘာ ၃ ရက်တွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

''ဒီနေ့က သမ္မတကြီးလည်း ရောက်နေတယ်။ လုံခြုံရေးကလည်းတင်းကျပ်ထားတယ်ဆိုတော့ဘာမှဖြစ်တယ် လို့ မကြားပါဘူး။ မနက်ဖြန်ကျရင် သမ္မတနဲ့ တွေ့ဆုံဖို့ ရခိုင်ဘက်က ၁၀ ဦးနဲ့ အစ္စလာမ်ဘက်က ၁၀ ဦး တွေ့ကြမယ်လို့ သိရပါတယ်။ ရခိုင်ဘက်ကရွေးတဲ့ ၁၀ ဦးမှာ အုပ်ချုပ်ရေးပိုင်းက သူတို့နဲ့ အလျဉ်းသင့် တဲ့ သူပဲ လက်တို့ခေါ်ပြီး သူတို့ပြောခိုင်းတာ ပြောဖို့ခေါ်ထားတဲ့အတွက် သံတွဲဒေသခံတွေနဲ့ ဘုန်းကြီးတွေက မကျေမနပ်ဖြစ်နေကြပါတယ်။ မနက်ဖြန် သမ္မတကြီးပြန်မယ့်အချိန်မှာ ဒေသခံတွေက ကိုယ်နည်းကိုယ့် ဟန်နဲ့ စာတန်းတွေကိုင်ပြီး နှုတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ သံတွဲတစ်ဝိုက်မှာ စဖြစ်တဲ့အချိန်ကစပြီး ဒီနေ့ အထိ အစ္စလာမ်ဘာသာဝင် ငါးဦးသေတယ်။ ရခိုင်ဘက်က လေးဦးဒဏ်ရာရပြီး တစ်ဦး ပျောက်ဆုံးနေ ပါ တယ်။ တလိုင်းတဲ၊ ရွှေလှေ၊ သပြုချိုင်၊ ပေါက်တောဝ စတဲ့ရွာတွေမှာ အရင်ရက်တွေက မီးရှို့မှုတွေ ဖြစ်ခဲ့ ပါတယ်။ အခုလတ်တလောမှာတော့ အစ္စလာမ်ဘာသာဝင်တွေက ဂျီဟတ်လုပ်ပြီး ရခိုင်အပါအ၀င် ဘာ သာခြားတွေကို သတ်မယ်လို့ သတင်းတွေပြန့်နေတဲ့အတွက် မြို့က ထိတ်လန့်နေတယ်လို့ ပြောလို့ရပါ တယ်။ ဈေးဆိုင်တွေကတော့ ပိတ်တဲ့ဆိုင်ပိတ်၊ ဖွင့်တဲ့ဆိုင်ဖွင့်ပဲ။ အကုန်လုံး ပိတ်တာမျိုးမရှိပါဘူး။ လုံခြုံ ရေးတွေလည်း ရှိနေပါတယ်''ဟု သံတွဲဒေသခံ ကိုကျော်ကျော်က ဆိုသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော အိမ်တစ်လုံးရှေ့တွင် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် 

''စဖြစ်တဲ့အချိန်ကစပြီး အသေအပျောက်က ကျွန်တော်တို့ သိထားတာက ဒေါ်အေးကြည်က ပထမဆုံးပေါ့။ နောက်ထပ် လေးယောက်။ နောက်လေးယောက်က ဒီနေ့မှထပ်ရှင်းလင်းရင်း အလောင်းတွေ့တာပေါ့။ ဖြစ် စဉ်က မနေ့က ဖြစ်တာပေါ့။ သေဆုံးတဲ့သူတွေက သပြုချိုင် တောင်ပေါ်ရွာကပဲဖြစ်ပါတယ်။ ဒဏ်ရာရ တာ ကတော့ လေးယောက်ပါ။ သေဆုံးတဲ့သူတွေကတော့ အစ္စလာမ်ဘာသာဝင်ပါ။ ဒဏ်ရာရတဲ့ သူတွေက တော့ တိုင်းရင်းသားတွေပါ။ ဗုဒ္ဓဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင် တစ်ယောက်ပါတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးစခန်းက လင်းတီရွာမှာ ဖွင့်နေပါတယ်။ ထောက်ပံ့မှုတွေလည်း ပြည်နယ်အစိုးရအနေနဲ့ ပေး သွားမယ်လို့ သိရပါတယ်။ ဒီနေ့ အခြေအနေက အေးအေးချမ်းချမ်း တည်ငြိမ်ပါတယ်။ ကျီးကန်းရဲရွာမှာ တော့ ဗလီတစ်လုံး မီးလောင်တယ်။ ဒီနေ့ နံနက်အစောပိုင်း ၁၂ နာရီ ကျော်လောက်မှာပါ။သံတွဲမြို့ပေါ်မှာ က ကယ်ဆယ်ရေးစခန်း ဖွင့်ရလောက်အောင်မရှိဘူး။ လင်းတီရွာမှာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတာ ၁၀၀ ကျော်လောက် ရှိလို့ ဖွင့်လှစ်ဖြစ်တာပါ။ ဒီဖြစ်စဉ်မှာ ဆူပူအကြမ်းဖက်မှုတွေကို အမှုဖွင့်ထားတာရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ဒါကတော့ တည်ငြိမ်မှုကို အရင်လုပ်ရပါတယ်။ နောက်ပြဿနာတွေ မဖြစ်အောင် အရင်လုပ်နေရပါတယ်။ လုံခြုံရေးကိုလည်း လုံလောက်တဲ့ အင်အားချထားပေးပါတယ်''ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

Eleven Media Group

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကေအိုင်အို ဆက်ဆံရေး ရုံးဟောင်းတွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တွေ့ဆုံခဲ့ပြီး လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ခေါင်းစဉ်ငါးခုကို ဆွေးနွေးခဲ့သည်။


လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မနောကွင်းတွင် အောက်တိုဘာ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးမည့်အကြောင်းအရာများမှာပြီးခဲ့သောဆွေးနွေးပွဲ၏အကျိုးဖြစ်ထွန်း မှု များ၊ ရွှေ့ပြောင်း ဒုက္ခသည်ကိစ္စ၊ တပ်ပိုင်းဆိုင်ရာကိစ္စ၊ နိုင်ငံရေးကိစ္စနှင့် အခြားကိစ္စရပ်များ ဖြစ်ကြောင်း သိရသည်။

ယခုဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက လာမည့်ဆွေးနွေးပွဲတွင် ပိုကောင်းသောရလဒ်များ ရှိလာနိုင်ကြောင်း သုံးသပ်ကြသည်။ ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့မှ ဦးဒေါင်ခါးက ''အသေးစိတ် ဆွေးနွေးတာကတော့ လာမယ့်ဆွေးနွေးပွဲကို ဘယ်ပုံဘယ်နည်း လုပ်မယ်ဆိုတာပါ။ အဓိကတော့ ရှေ့တန်း စောင့်ကြည့်ရေး၊ ရွှေ့ ပြောင်း ဒုက္ခသည်အရေးတွေမှာ မူကျအောင် လုပ်ဖို့ပါပဲ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် မူကျအောင် ဆွေးနွေးမှာပါ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်စရာရှိသေးတယ်။ အချိန်လောက်၊ မလောက်တော့မသိဘူး။ ကျွန်တော်တို့က နိုင်ငံရေး ဆွေးနွေးမှုကို ဦးတည်တယ်။ရှေ့တန်းက ပြဿနာကိုသာ ပြောနေရင် အနုတ်လက္ခဏာ များမှာပေါ့''ဟု ဆိုသည်။

လာမည့်ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ လက်နက်ကိုင် မဟာမိတ်ပါတီများ၊ ရှမ်း တိုင်းရင်း သားရေးရာအဖွဲ့ စသည်တို့အား ဖိတ်ကြားမည် ဖြစ်သည်။

Eleven Media Group

ဒေါ်စုခေါင်းဆောင်မှုနောက် ဖြောင့်ဖြောင့် လိုက်ကြ(ဟံသာဝတီဦးဝင်းတင်)



ဒီစာကို ရေးနေတဲ့ ၂၀၁၃ စက်တင်ဘာ ၂၇ ရက်မှာ ကျုပ်ရဲ့နိုင်ငံရေးဘဝ ၂၅ နှစ်တိတိ ပြည့်မြောက် တယ်ဗျာ။ အရေးကိစ္စမြားမြောင်တဲ့ လူ့ဘောင် လောက အတိုင်းအထွာ မဟာဗျူဟာနဲ့ တန်းညှိ လိုတော့ မဖြစ်ဘူးပေါ့။ လောကတံထွာ အတိုင်း အတာ ပမာဏကတော့ ရှည်လျားပါဘိခြင်းပေါ့ဗျာ။ အဲဒီ အချိန်ကာလ အတိုင်းအတာ ရှည်ကြာတဲ့ နိုင်ငံရေးသံသရာကြီးထဲမှာ ၂၅ နှစ်ဆိုတာ မျက်စိတမှိတ်၊ လျှပ်တပြက်သာဖြစ်တယ်လို့ ဆိုရမှာပဲဗျာ။ လူ့ဘဝသက်တမ်း ပုဂ္ဂလိကသက်တမ်းနဲ့တိုင်းလို့ကတော့ ကာလတော်တော်ရှည်ကြာကြီးဗျ။


လူတို့ဘာဝလောဘနဲ့ တိုင်းတာရင် လောဘဆိုတာ (ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးဖွဲ့သလို) ‘တောင်ကျရေ နွားနှစ်ကောင်မဝသလို’ လိုက်မဆုံး၊ မိုက်မဆုံး ကာလရှည်ကြီးဗျ။ ဒေါသနဲ့ တိုင်းတာရင် လောကဆိုတာ ‘ကမ္ဘာမကျေဘူး’ အရေးတော်ပုံ ဟစ်ကြွေးတဲ့ကာလရှည်ကြီးဗျ။ မောဟနဲ့တိုင်းတာရင် အာဏာရှင်ငမိုက်သားတို့ကို ရုန်းကန်ရမှန်းသိ၊ ကုန်းခံရင်း အရှုံး သံသရာလည်နေကြရတဲ့ ကာလ ရှည်ကြီးဗျ။ အဲဒီနိုင်ငံရေးဘဝကာလတို၊ လူ့ဘဝကာလရှည်တည်းဟူသော ၂၅ နှစ်ကာကို ကျုပ်ဖြတ်သန်း ခဲ့တယ်။ ပြည်သူ့ အာဏာ မဟာအောင်ပွဲ စိတ္တတက္ခဏမှာ ကျုပ်မြောနေခဲ့တယ်။ ဒီလိုနဲ့ အနိစ္စသဘော အရတော့ ကျုပ်လဲ ကိစ္စချော ရတော့မှာပေါ့။ 

အဲဒီ့ကာလရှည်ကြာ တိုတောင်းစွာကို ကျုပ်ခမျာကတော့ ဆရာဇော်ဂျီရဲ့ကဗျာထဲကလို မဗေဒါ စုန်ဆန်ကြော မျောတာကို ကျူရိုးရှင် ထိုင်ကြည့်သလိုမျိုး ဥပေက္ခာမျက်စိနဲ့ ထိုင်မကြည့်နိုင်ဘူးဗျာ။ လောကဓံကို ကြောက်ပြေးတဲ့ ရွှေသမင်လိုလဲ ကျုပ်မလုပ်ချင်ဘူး။ ငွေရတုကို ကျုပ်သမင်လည်ပြန် မကြည့် ဘူး။ ငါဟဲ့ယောက်ျား ရင်ဆိုင်ခြင်း၊ ငါဟဲ့ယောက်ျား ခြင်္သေ့မင်း စိတ်ဓာတ်နဲ့ ခြင်္သေ့လည်ပြန်ခြင်းနဲ့ပဲ ကြည့်တယ်။ သမင်ကြည့်တာ အကြောက်ကြည့်၊ အပြေးကြည့်၊ အရှုံးကြည့်။ ခြင်္သေ့ကြည့်တာ အရဲကြည့်၊ အဆိုင်ကြည့်၊ အနိုင်ကြည့်။ ဘာ့ကြောင့် ကျုပ်ငွေရတုကို ခြင်္သေ့လည်ပြန် ကြည့်နိုင်သလဲ။ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးမှာ အရေးတော်ပုံတပ်သားတစ်ယောက်အဖြစ်နဲ့ ကျုပ်ပါဝင်လှုပ်ရှားခဲ့တယ်။ လွတ်လပ်စွာရေးသားခွင့်၊ ပွင့်လင်းမြင်သာခွင့်၊ ပြည်သူ့ဆန္ဒဖော်ထုတ်ခွင့်၊ အမှန်တရားအလင်းဆောင်၊ အမှားတရား အမှောင်ခွင်းခွင့် တိုက်ပွဲတွေကို လမ်းဖောက်ခဲ့တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ပြည်သူ့အရေးတော်ပုံကြီးရဲ့ အမွေခံ၊ အောင်လံလွှင့်နိုင်ငံရေးပါတီကြီး တည်ထောင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ထောင်ထဲရောက်ခဲ့တယ်။ ဆယ်စုနှစ် နှစ်စုအကြာ ထောင်ကလွတ်တော့ ကျုပ် အပြာရောင် ထောင်ကန့်ကွက် ဝတ်စုံအမြဲ ဝတ်ခဲ့ တယ်။ ထောင်ထဲမှာ ဒီမိုကရေစီပိုင်ခွင့်၊ လူ့အခွင့်အရေး ပြည့်ဝခွင့်တွေ တိုက်ပွဲဝင်ခဲ့တယ်။ ‘စုလွှတ်တွေ့’လှုပ်ရှားမှုနဲ့ ဒေါ်စုနဲ့နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ရေး၊ လွှတ်တော်ကျင်းပရေးနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး တောင်းဆိုခဲ့တယ်။ ‘ရံသုံးရံ’ လှုပ်ရှားမှုနှင့် ဒေါ်စုကို ဝန်းရံကြ၊ ဒီချုပ်ကို ဝန်းရံကြ၊ လွှတ်တော်(ပြည်သူ့အာဏာ)ကို ဝန်းရံကြဖို့ လှုံ့ဆော်ခဲ့တယ်။

‘နိုးသုံးနိုး’ လှုပ်ရှားမှုနဲ့ စစ်အာဏာအခြေခံဥပဒေသစ် အမှတ်ခြောက်အခြေခံမူဝါဒ (တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ရေး) ဖျက်သိမ်းရန်၊ အလျော့ပေးစေ့စပ်မှု လုံးဝမပြုရန်၊ ဒူးထောက်လက်မြှောက်ပုဒ်မ ၄၀၁ ဘယ်တော့မှ လက်မှတ်မထိုးရန် တိုက်ပွဲဝင်ခဲ့တယ်။ ထောင်ကလွတ် တော့ ဒီချုပ်မှာ မဝရေစာ နိုင်ငံရေးတာဝန် ဆက်ယူတယ်။ ၂၀၀၉ မှာ ‘လူထုကို မျက်နှာမူကြ’ လှုပ်ရှား ဖော်ခဲ့တယ်။ ရွှေဂုံတိုင် ကြေညာစာတမ်း ကြေညာခဲ့တယ်။ ‘လှေခွက်မကျန် အောင်လံမလှဲ’ လှုပ်ရှားမှု နှိုးဆော်ခဲ့တယ်။ လွှတ်တော်တွင်းလှုပ်ရှားမှုနဲ့အတူ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှား ခဲ့တယ်။ 

ဒီချုပ်ရဲ့နိုင်ငံရေး ရည်မှန်းချက်တွေ ဖြစ်တဲ့တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး လှုပ်ရှားမှုတွေကို ဝန်းရံခဲ့တယ်။ ကျုပ်က မသေကောင်းမပျောက်ကောင်းလို့ မသေမပျောက်သေးတာ။ ခေတ်ဝန်ကတော့ ဖြစ်စဉ်ပြောင်းခဲ့ပြီ။ အသက် ၆၀ မှာ နိုင်ငံရေး ဝိညာဉ်တွယ်ခဲ့ လို့ ထောင်ထဲရောက်ခဲ့တယ်။ ထောင်ထဲမှာ သတင်းဝိညာဉ်ရှင်ပြန်ထမြောက်လို့ နိုင်ငံရေးအကျဉ်းသား တွေရဲ့ မီဒီယာထိုးစစ် ဒီရေမြင့်သစ်ခဲ့တယ်။ ‘ဒီလှိုင်း’ ဆိုတာ ထောင်ရေစက်။ ထောင်ထဲမှာ ကျုပ်တို့ ထုတ်ခဲ့တဲ့ စာစောင်နာမည်။ ဒီမိုကရေစီဆူနာမီ ရေငလျင် ဒီလှိုင်းကြီးပေါ့။ ‘ဒီလှိုင်း’ ခရီးဆက်တော့ ကျုပ် အသက် ၈၀ ကျော်ပြီ။ 

နိုင်ငံရေးသမုဒ္ဒရာ ပင်လယ်ပြင်ကျယ်မှာ ကျုပ်ထင်သဟယ် မြင်သဟယ် အခြေခံမဏ္ဍိုင်တွေ မထူနိုင်ပါဘူး။ ဒီလှိုင်းမှာ ကျုပ်နိုင်ငံရေးသရော်စာတွေ ရေးတယ်။ အခါများစွာ ရှုးကြောင်ပေါချာ စာထိုးစာနှက်တွေပါပဲ။ ဖက်ပျော်ရုံလောက်ပါ။ ကရော်ကမည် လွှတ်လိုက်လို့လည်း မရဘူး။ ပါတီကြီးက ရှေ့ကခံနေသေး။ တုန့်ခနဲ ဘရိတ်အုပ်လိုက်လို့ကလဲ မဖြစ်။ လူထုက နောက်ကခံနေသေး။ ဒီလိုနဲ့ ရှေ့မရောက်၊ နောက်မလန် စာပေမသန်စွမ်းတွေကို ကျုပ်ရေးလာခဲ့တယ်။ အခုတော့ လေလျှော့ချိန်တန်ပြီ။ ကလောင်လဲပမ်း၊ လူလဲနွမ်းပြီ။ အနောက်တိုင်း စာပေအသုံးအနှုန်းအတိုင်းဆိုရင် ငန်းသီချင်း Swan Song ဆိုသင့်ပြီ။ မရဏတေးသီသင့်ပြီပေါ့။ မျောက်မင်းအူသံ ဟစ်သင့်ပြီပေါ့။ ကျုပ်အသက် နှစ်ရှစ်ဆယ် သက်တမ်းတစ်ဝက်ကျိုးခဲ့ပြီ။ ဒီရေမြင့်သစ် ဒီရေမစစ်ခင် ခေတ်ဝန်တွေအထမ်းလျှော့ရတော့မယ်။ ခေတ်လမ်းတွေ အလှမ်းလျှော့ရတော့မယ်။ 

နိုင်ငံရေးသမား၊ သတင်းသမား ဆိုတာ အသက်မသေမီအထိသာ ထက်မြက်ထိရောက်နိုင်တာဗျ။ လူဆိုတာ ခန္ဓာကိုယ်အတ္တဘောကြီးဘုံးဘုံးလဲသေပျောက်သွားမှ စခန်းသိမ်းတာ မဟုတ်ဘူးဗျ။ ဥာဏ်သေရင်လဲ တစ်ဇာတ်သိမ်းပြီ။ ဥာဏ်သေတယ်ဆိုတာ မိမိရဲ့အသိအာရုံတွေကို အခါမလပ် စုစည်းသိမ်းရုံ အသုံးချနိုင်ခြင်း မရှိတာကိုပြောတာ။ လူတိုင်းဟာ ဥာဏ်သေတာကို သိမှတ်ရမယ်။ ဥာဏ်သေသွားရင် နိုင်ငံရေး၊ လူမှုရေး ဦးဆောင်မှုကဏ္ဍတွေကို ဆင့်ကမ်းရမယ်။ လွှဲပြောင်းရမယ်။ 

အဖွဲ့အစည်း ကုလားထိုင် ဖက်သေမယ် မကြံရွယ်ရဘူး။ အဲသလိုဆို လူသေရုံမက အဖွဲ့အစည်း၊ ကုလားထိုင်ပါ အတူသေမယ်။ ကျုပ်ကတော့ ပါတီတာဝန်ထမ်းရွက်တဲ့ သက်တမ်းအစိတ်မှာ ကနဦး ကတည်းက အချိန်တန်ရင် စာရင်းပိတ်ဖို့ ကြံရွယ်ပြီးသားဗျ။ ဒါကို လူကြီးတွေလည်း တင်ပြပြီးသားဗျ။ ဒီတော့ ကျုပ်ရဲ့နိုင်ငံရေးပါရမီဖြည့်လုပ်ငန်းစဉ်အတိုင်း ကျုပ်အခု ဥာဏ်သေစ ပြုချိန်မှာ ‘ဒီလှိုင်း’ က လောင် ရွက်လွှင့်မှုတွေ လေလျှော့ချတော့မယ်။ 

ရိက္ခာမစား၊ စာမူခတစ်ပြားမယူ၊ အကြံပေးသာလုပ်ခဲ့တဲ့ ‘ဒီလှိုင်း’ လုပ်ငန်းတာဝန်တွေကို ဖဲ့ချွေ သေးမွှာတော့မယ်။ ဒီချုပ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း အထိုးအနှက် အရုန်းအကန်ဖျော့တော့မယ်။ လျှော့တော့မယ်။ နှစ်ဆယ့်တစ်ရာစု ဒီချုပ် ရှေ့ခရီးမှာ လူငယ်အားသစ်တွေ စိတ်သစ်၊ မာန်သစ်၊ ဥာဏ်သစ်၊ ဈာန်သစ်၊ ဟန်သစ်တွေနဲက တက်လှမ်းကြပါစို့လို့ပဲ တိုက်တွန်းပါတယ်။ 

လူငယ်တွေ ရှေ့တန်းက ချီကြပါ။ ကျုပ်တို့ အိုနာကျိုးကန်းတွေ နောက်က ထပ်ချပ်လိုက်ကြမယ်။ အရေးတော်ပုံစိတ်ဓာတ်ခိုင်ခိုင်မြဲကြဒီချုပ်စွမ်းအားသန်သန်မွေးကြ ပြည်သူ့အာဏာမာမာကိုင်ကြ နှစ်ဆယ့် တစ်ရာစုနိုင်ငံရေး ပြင်းပြင်းထူကြ ဒေါ်စုခေါင်းဆောင်မှုနောက် နောက်နွားသိုက်လို ဖြောင့်ဖြောင့် လိုက်ကြ အတိုက်အခံ ဥာဏ်မာန်မြဲကြ။

ဟံသာဝတီဦးဝင်းတင် ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၃၈)။

အင်းစိန် အစည်းအဝေး ကြေညာချက်(၅)ရပ် လုပ်ငန်းစဉ် (၈) ရပ် ထုတ်ပြန်နိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ကြီး၌ 1.10.2013 နှင့် 2.10.2013 နှစ်ရက်တိုင်တိုင် ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးက ကြေညာချက် (၅) ရပ်နှင့် လုပ်ငန်းစဉ်(၈) ရပ်-ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


"အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
ဗဟိုဦးဆောင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်များမှ ကိုယ်စားလှယ်များတွေ့ဆုံညှိနှိုင်းစည်းဝေးပွဲ
ကြေညာချက် (၂ဝ၁၃၊ အောက်တိုဘာလ ၂-ရက်)"

၁။ မြန်မာနိုင်ငံသူ/သားများနှင့် ဗုဒ္ဓဘာသာအပါအဝင် တိုင်းရင်းသားအားလုံးတို့သည် အကြမ်းဖက်မှု ပဋိပက္ခများကို ဓမ္မဝိနယ၊ တရားဥပဒေနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများ အကူအညီရယူလျက် ဝိုင်းဝန်းကာကွယ် တားဆီးကြရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ပါသည်။

၂။ နိုင်ငံတော်အစိုးရနှင့် လွှတ်တော်အသီးသီးအား အမျိုးစောင့်ဥပဒေ (သို့) အမျိုး ဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာအပါအဝင် တိုင်းရင်းသားအားလုံးအတွက် လိုအပ်လျက်ရှိသော လုံလောက်သည့် ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေကို အခြားဘာသာများနည်းတူ အမြန်ဆုံးပြဌာန်းပေးရန် တိုက်တွန်းပါသည်။

၃။ ဆရာတော် သံဃာတော်များဦးဆောင်သော ရဟန်းရှင်လူ ပြည်သူများပါဝင်သည့် ဘာသာရေး လူမှုရေးအခြေပြု သာသနာပြုအဖွဲ့အစည်းအဖြစ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (သာသန ဝံသပါလအဖွဲ့)များ နေရာဒေသအားလုံးတွင် ဖွဲ့စည်းလျက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။

၎။ ဒေသအသီးသီးတွင် အပတ်စဉ် ဓမ္မကျောင်းတော်များ၊ နွေရာသီယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ် သွားခြင်း၊ ပူးပေါင်းပံ့ပိုးကူညီခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတ လူငယ်ရေးရာအထူးအဖွဲ့ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဗုဒ္ဓဘာသာ အပါအဝင် မြန်မာတိုင်းရင်းသူ တိုင်းရင်းသား မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးမှုနှင့် စာရိတ္တ ပညာ မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက် (၃)ချက်

(က) မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး ဓမ္မဝိနယ အဆုံးအမများအား ပြန့်ပွားရေးနှင့် လိုက်နာကျင့်သုံးရေး။

(ခ) ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အချင်းချင်း ချစ်ကြည်ညီညွတ်စွာ လက်တွဲပူးပေါင်းလျက် အမျိုးသားရေး သွင်ပြင်လက္ခဏာများ ရှင်သန် တည်တံ့ခိုင်မြဲရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး။

(ဂ) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ရှေးရှုပြီး ပဋိပက္ခအကြမ်းဖက်မှုများ မဖြစ်ပွားစေရန် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရေး။

လုပ်ငန်းစဉ် (၈)ရပ်

(၁) ဆရာတော် သံဃာတော်များ၏ သြဝါဒကို အမြဲမပျက်ခံယူခြင်း။

(၂) လူငယ်ယဉ်ကျေးမှုသင်တန်းများနှင့် ဘာသာရေးသင်တန်းများ ဖွင့်လှစ်ခြင်း။

(၃) ဘာသာရေးဆိုင်ရာ ဝေယျာဝစ္စကိစ္စများအား ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်း။

(၄) ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအား နှီးနှောဖလှယ်၍ ပိုမိုရှင်သန် အားကောင်း လာစေရန် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်း။

(၅) လူငယ်များအတွက် ကောင်းမွန်သည့် အနာဂတ်တစ်ခု တည်ဆောက်ပေးနိုင်သော ဒေသအလိုက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ အတတ်ပညာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဖော်ထုတ်ဆောင်ရွက်ပေးခြင်း။

(၆) နိုင်ငံတော်မှ ချမှတ်ထားသော လုပ်ထုံး/လုပ်နည်းများ၊ ဥပဒေ/နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်နိုင်စေရန် ဥပဒေဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ဟောပြော ဆွေနွေးပွဲများ ကျင်းပခြင်း။

(၇) အဖွဲ့၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသော ဆွေနွေးပွဲများ ကျင်းပခြင်း။

(၈) အဖွဲ့အစည်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်သော လုပ်ငန်းစဉ်များ အား ပြန်လည်သုံသပ်ဆွေးနွေးခြင်း၊ သုတေသနပြုခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် သတင်းဖြန့်ဝေခြင်း။

သဘာပတိဆရာတော်များ -

အရှင်တိလောကာဘိဝံသ
နိုင်ငံတော်သြဝါဒါစရိယ
အဂ္ဂမဟာပဏ္ဍိတ
ဥက္ကဋ္ဌ

အရှင်ဝိမလဗုဒ္ဓိ
အဂ္ဂမဟာပဏ္ဍိတ
အတွင်းရေးမှူး

အရှင်သီလက္ခန္ဓာဘိဝံသ
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက
တွဲဖက်အတွင်းရေးမှူး

Credit : http://www.yeyintnge.com/2013/10/blog-post_7946.html#.UkzkzVMR8YI