Wednesday, October 2, 2013

ဖြစ်နိုင်ခြေက အစပြုကြပါ



လက်ရှိ မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှာ တစ်နေ့တစ်မျိုး မရိုးလောက်အောင် ဖြစ်ထွန်း မှုတွေ တွေ့နေရတာ ဖြစ်ပါတယ်။ အစိုးရပိုင်းက ပြောဆို မှုများ၊ လွှတ်တော်ဘက်မှ ပြောဆိုမှုများ၊ တိုင်းရင်း သားများရဲ့ စုဖွဲ့မှုများ၊ NLD အပါအဝင် အတိုက် အခံများရဲ့ ပြင်ဆင်နေမှုများ စသဖြင့် အလွန် စိတ်ဝင်စားစရာ ကောင်း တဲ့ အခြေအနေကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။


အခု အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင် အုပ်စုများရဲ့ ဦးတည်ချက်ဟာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်နေပါတယ်။ အဖွဲ့ ၁၈ ဖွဲ့ပါ WGEC နဲ့ အဖွဲ့ ၁၁ ဖွဲ့ပါ UNFC တို့ရဲ့ လှုပ်ရှားမှုများ၊ SNLD ဦးဆောင်တဲ့ ရှမ်း၊ ကယား၊ မွန်တို့ ပါဝင်တဲ့ တိုင်းရင်းသားအရေး ဆွေးနွေးညှိနှိုင်းမှု သုံးကြိမ်၊ SNDP (ကျားဖြူပါတီ) ရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ၊ ရခိုင်နှစ်ပါတီရဲ့ စုဖွဲ့မှုသတင်းများနဲ့ အခြားသော တိုင်းရင်း သား နိုင်ငံရေး လှုပ်ရှားမှုများစွာကို တွေ့မြင်နေကြရပါတယ်။

တစ်ဖက်ကလည်း ပြည်ထောင်စုလွှတ်တော်မှာ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ’ ဆိုတာကို ဖွဲ့စည်းခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် အစည်းအဝေး ထိုင်ခဲ့တာ တွေ့ရတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ သုံးသပ်ရေး ကော် မရှင်ရဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အပေါ် လေ့လာတင်ပြချက် ဆိုတာကိုလည်း သြဂုတ်လဆန်းပိုင်းက တွေ့ကြရတယ်။

ယနေ့အခြေအနေ၊ အခင်းအကျင်းများကို ကြည့်ရတာဟာ ၁၉၆၁- ၆၂ က အခြေအနေမျိုးနဲ့ ဆင်တူနေ တယ်လို့ ထင်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ဖို့ ဥပဒေအရ ပြည်နယ်များ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ၁၀ နှစ်ကျော်လွန်လာခဲ့တဲ့ နောက်ပိုင်း ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားရေးဌာန ဝန်ကြီး ဒေါက်တာအေးမောင်က အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အခြေခံဥပဒေကို ပြင်ဆင်ရာတွင် အစအဆုံး ပြင်ဆင်ရန် မဟုတ်ဘဲ ရှိပြီးသားမူကို မပျက်စေရန် ဘောင်ခတ်ပေးရန် တင်ပြပြီး (၁) ဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ (၂) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် အချက်များ၊ (၃) ပြည်ထောင်စုကြီး စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေမည့် အချက်များအပေါ် အခြေခံစဉ်းစားပြီး ပြင်ဆင်ကြရန် အဆိုပြုခဲ့တယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရကို လိုအပ်သလို အကြံပေးနိုင်ရန် ‘အခြေခံ ဥပဒေ ပြင် ဆင်ရေး ကော်မတီ’ ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တယ်။

၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်မှာ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စပ်ခွန်ချို ဦးဆောင်ပြီး ရှမ်းခေါင်းဆောင်များ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စတင်ဆွေးနွေးခဲ့တယ်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ ‘ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ ပြင်ဆင်ရေးစာတမ်း’ ကို အတည်ပြုခဲ့တယ်။ ဒီစာတမ်းဟာ နောင်မှာ ဖက်ဒရယ်မူအဖြစ် ကျော်ကြား လာမယ့် စာတမ်းပဲ ဖြစ်ပါတယ်။

ဒီဖက်ဒရယ်မူကို ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နဲ့ မတ်လ ၁ ရက်နေ့တို့မှာ ပြည်လမ်း အသံလွှင့်ရုံမှာ နိုင်ငံရေးပါတီများ၊ အစိုးရ အဖွဲ့ဝင်များနဲ့ ဆွေးနွေးခဲ့တယ်။ တတိယအကြိမ် ဆွေးနွေးဖို့ မတ်လ ၇ ရက် နေ့ကို ချိန်းဆိုထားပေမယ့် မတ်လ ၂ ရက်နေ့မှာ စစ်တပ်ရဲ့ အာဏာသိမ်း မှုကြောင့် ဒေါက်တာအေးမောင် တင်ပြရန်ရှိတဲ့ အာဏာရ ပ.ထ.စ အစိုးရရဲ့ သဘောထားကို မတင်ပြလိုက် ရတော့ပါဘူး။ ဒါကတော့ ၁၉၆၂ ခုနှစ်က ဖက်ဒရယ်မူရဲ့ အရုပ်ဆိုးစွာ ဇာတ်သိမ်းခဲ့ပုံကို အကျဉ်းချုပ် တင်ပြတာ ဖြစ်ပါတယ်။

"ကိုယ်လိုချင်တာတွေကိုပဲ တောင်းဆိုတာဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါ တယ်။"                                                                                                                           

အခုတစ်ကြိမ်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပွဲကတော့ စည်နေပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ရှမ်းမူကို အသေဆုပ်ကိုင်ပြီး ရပ်ခံနေတဲ့ အင်အားစုအချို့ ရှိနေသလို မတူတဲ့ လမ်းကြောင်းများကို တင်ပြတဲ့အဖွဲ့တွေလည်း ရှိနေပါတယ်။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် အလွန်ခက်ခဲအောင် ရေးဆွဲထားတဲ့အတွက် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ခြင်းထက် အသစ်ပြန် လည် ရေးဆွဲခြင်းက ပိုကောင်းမယ်လို့ ဆိုနေသူတွေလည်း ရှိလာပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ဥပဒေ ကို ပြင်ဆင်မလား၊ အသစ်ပြန်လည် ရေးဆွဲမလားဆို တာ ဆွေးနွေးစရာကိစ္စ တစ်ခု ဖြစ်လာ ပါတော့တယ်။

အခုတစ်ကြိမ်မှာလည်း ၁၉၆၂ ခုနှစ်တုန်းကလိုပဲ အစိုးရဘက်ကရော၊ တိုင်းရင်းသားများနဲ့ အတိုက်အခံ ဘက်ကပါ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လေ့လာသုံးသပ်နေကြတာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့ ကော်မတီရဲ့ အစီရင်ခံစာဟာ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ထွက်ပေါ်လာရမှာ ဖြစ်တယ်။ အလားတူ NLD နဲ့ တိုင်းရင်းသားပါတီ အချို့ရဲ့ ညှိနှိုင်းမှုဟာလည်း သုံးကြိမ် ရှိခဲ့ပြီ ဖြစ်ပါ တယ်။ ကျားဖြူပါတီရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုကတော့ ပြီးဆုံးသွားပြီလို့ သိရတယ်။

ဒီအခြေအနေကြားမှာပဲ ပြီးခဲ့တဲ့ လအတွင်းက တစ်ဖက်နိုင်ငံမှာ ကျင်းပတဲ့ UNFC ရဲ့ ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲဖို့ အခိုင်အမာ ရပ်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာတာ တွေ့ရပါတယ်။ ဒီလိုတစ်လမ်းသွား ရပ်တည်ချက်ဟာ တကယ်တော့ အပြု သဘောဆောင်ပါရဲ့လား။ ဒီလိုရပ်ခံနိုင်ဖို့အတွက် လိုအပ်တဲ့ စုရုံးပြင်ဆင် မူအား ကိုယ့်မှာ ရှိပါရဲ့လား၊ ပြင်ဆင်ခြင်း နည်းလမ်းနဲ့ သွားလို့ မရဘူးဆိုတာကော တကယ်ဟုတ်ပါရဲ့လား စတဲ့ စဉ်းစားစရာတွေ အများအပြား ထွက်ပေါ်လာ ပါတယ်။

ဒီလိုအရေးကြီးလှတဲ့ ကိစ္စကြီးတွေကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ဆိုတာ လက်ရှိအခြေအနေကို နိုင်ငံရေးအရ အကဲဖြတ်မှုနဲ့ များစွာ သက်ဆိုင်ပါတယ်။ မြန်မာရဲ့ လက်ရှိအနေအထားဟာ ဗဟိုဦးစီးချုပ် ကိုင်မှု ဖြေလျှော့ တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒီအခြေအနေကမှ တစ်ဆင့် ကနဦးဒီမိုကရက်တစ် အကူးအပြောင်း အဆင့်ကို ရောက်အောင် အတော်ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာတွေ ကိုပဲ တောင်းဆိုတာ ဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါတယ်။

နောက်ကြောင်းပြန်တယ် ဆိုရာမှာ ဘက်တစ်ဖက်တည်းကချည်း မဟုတ်ဘဲ ဘက်နှစ်ဖက်စလုံးက နောက်ကြောင်းပြန်နိုင်တာ ဖြစ်ပါတယ်။ ရှမ်းမူအတိုင်း အသေဆုပ်ကိုင်ထားခြင်း၊ ဖွဲ့စည်းပုံဥပဒေသည် အသစ်ရေးဆွဲရန်မှတစ်ပါး အခြားလမ်းမရှိလို့ ယူဆခြင်းတွေဟာလည်း ကိုယ့်ဘက်က နောက်ကြောင်းပြန်ခြင်း တစ်မျိုးပါပဲ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ ဆိုကြရာမှ အလျှော့အတင်း အပေးအယူ ညှိနှိုင်းမှုများနဲ့ အစပြုရမှာပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်က နိုင်ငံတော်အစိုးရကို အကြံပြုဖို့ဖွဲ့စည်းထားတဲ့ ‘ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကော်မတီ’ ဟာအစီရင်ခံစာတစ်စောင် ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအစီရင်ခံစာမှာ အုပ်ချုပ်ရေး ဆိုင်ရာနဲ့ အရင်းအမြစ် ခွဲဝေရေး(သစ်တော၊ သတ္တုတူးဖော်ခွင့်များ)ဆိုင်ရာတွေ ပါဝင်တဲ့အချက်၂၄ ချက် လိုက်လျော ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီအချိန်က ခေတ်စားတဲ့ ကျန်ရှိနေသောအာဏာ (Resedue Power) ကိုပါ ပေးအပ်ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာလည်း လွှတ်တော်ရဲ့သုံးသပ်ချက် ထွက်ပေါ်လာရန် ရှိနေပြီး NLD နဲ့ တိုင်းရင်းသား ပါတီ များ ညှိနှိုင်းမှုမှလည်း ရလဒ်ကောင်းများ ထွက်ပေါ်လာရန် ရှိနေပါသည်။ ကျားဖြူပါတီရဲ့ အဆိုပြုချက်တွေ ဟာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီအချိန်မျိုးမှာ တစ်ကြောင်းဆွဲပုံစံကို တင်ပြ လာခြင်းဟာ နိုင်ငံရေးအရ ရှေ့ကိုဆက်မတိုးနိုင်အောင် ဖြစ်သွား စေပါလိမ့်မယ်။တစ်နေ့က လက် နက်ကိုင် အဖွဲ့ သေးသေးလေးတစ်ခုက ဗိုလ်မှူးကြီး ဆိုသူတစ်ဦးရဲ့ ရေဒီယို အင်တာဗျူး တစ်ခုလည်း ကြားလိုက်ရ ပါတယ်။

အမျိုးသား တွေ့ဆုံဆွေးနွေးပွဲကြီးမှာ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်က တစ်ဖွဲ့၊ လက်နက်ကိုင် အုပ်စုများကတစ်ဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ NLD ပါတီ အပါအဝင် အခြားပါတီများက တစ်ဖွဲ့စီ စုစုပေါင်း လေးပွင့်ဆိုင် အချိုးညီ ဆွေးနွေးရမယ်ဆိုပြီး ပြောပါတယ်။ ဒီလိုမဖြစ်နိုင်တဲ့ အချိုး အစားတွေကို တောင်းဆိုခြင်းတွေဟာ အကျိုးမများဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။

ယနေ့ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတွေ အများအပြား ရှိပါတယ်။ ဥပမာ- တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွက် အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာငွေ ခွဲဝေရေးတွေမှာ အခွင့်အာဏာတွေ ပိုမိုရရှိလာနိုင်ပါတယ်။ လက်ရှိတိုင်းနဲ့ ပြည်နယ်အစိုးရများ ကိုယ်တိုင်က တင်ပြထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲ ဖြစ်နေတဲ့ အချက်ပေါင်း ၁၅၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေဟာ အချို့ ဇယား (၁) မှ ဇယား (၂) သို့ ပြောင်းလဲပေး ရမှာတွေလည်း ဖြစ်နိုင်ပါတယ်။ ဇယား (၁) ပါ နယ်ပယ်အသီးသီးမှ ဥပဒေပြုပိုင်ခွင့် အချက် ၁၂၃ ချက် အနက်မှ အချို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေပြုခွင့်ထဲကို လွှဲပြောင်းပေးအပ်နိုင်ရင် တိုင်းပြည်ရဲ့ အခြေအနေဟာ ဖက်ဒရယ်အသွင် ပိုဆောင်လာစေမှာ ဖြစ်ပါတယ်။

ဒီတလောမှာပဲ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အုပ်ချုပ်မှုစနစ်ဆိုတဲ့ စာတမ်းတစ်စောင် ထွက်တာ တွေ့ရပါတယ်။ ဒီစာတမ်းဟာ MDRI လက်အောက်ရှိ CESD နဲ့ အာရှဖောင်ဒေးရှင်းတို့ ပြည်နယ်လေးခုနဲ့ တိုင်းဒေသကြီး နှစ်ခုတို့မှာ ကွင်းဆင်း လေ့လာ ရရှိချက်တွေ ဖြစ်ပါတယ်။ ဒီအစီရင် ခံစာမှာ နိုင်ငံရေးအရ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်း၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းနဲ့ ဘဏ္ဍာငွေရ/သုံးဆိုင်ရာ ဗဟိုဦးစီး စနစ် ဖြေလျှော့ခြင်းဆိုပြီး မျက်နှာစာသုံးဖက်မှ ဆန်းစစ် လေ့လာ ထားတာ တွေ့ရတယ်။ ခြုံလိုက်ရင် ဒီစာတမ်းမှာ လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဗဟိုဦးစီး စနစ်ဟာ ပြင်းထန်စွာ တည်ရှိနေ တာဖြစ်ပြီး အပိုင်းလိုက်၊ အပိုင်းလိုက် ဖြေလျှော့မှုတွေ လုပ်သွားဖို့ အခိုင် အမာ သုတေသ နပြု တွေ့ရှိချက်တွေနဲ့ တင်ပြထားတာ တွေ့ရတယ်။ 

ဒီလိုအစီရင်ခံစာတွေဟာ ဆန္ဒစွဲမပါတဲ့ တင်ပြ ချက်တွေ ဖြစ်တဲ့အတွက် အစိုးရပိုင်း အနေနဲ့ ကြိုဆို လက်ခံရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒါကြောင့်အခုအချိန်ဟာအရှိကိုအရှိအတိုင်းလက်ခံပြီးရိုးသားစွာ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်လာဖို့ မျှော်လင့်ရမယ့်အချိန် ဖြစ်ပါတယ်။ ဒီအဆင့် (ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး)ကိုအရင်ဖြတ်သန်းပြီးမှ နောက်တစ်ဆင့်ကို ဖြတ်သန်းကြရမှာပါ။ ဖွဲ့စည်းပုံဥပဒေကို အားလုံး အသစ် ပြန်လည် ရေးဆွဲမယ်ဆိုရင် အဲဒီကြားကာလဟာ ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့ ကြားကာ လ ဖြစ်လာ ပါလိမ့်မယ်။

လူဦးရေ နှစ်ယောက်နဲ့ တစ်ပိုင်းလောက်ပဲရှိတဲ့ အဖွဲ့အစည်းလေးတွေက သူတို့ရဲ့အပြောင်းအလဲကာလ ပါဝင်ခွင့်အတွက် အသည်းအသန် ရပ်တည်နေချိန်မှာ အင်မတန် ကြီးမားတဲ့ အင်စတီကျူးရှင်း ကြီးတွေ ရဲ့ ရပ်တည်ခွင့်တွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေကို အဲဒီ အဖွဲ့ကြီးတွေက လက်ခံနိုင်ပါ့မလား ဆိုတာ ထည့်သွင်း စဉ်းစားကြဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံရေး ဆိုသည်မှာ ဖြစ်နိုင်ခြေက အစပြုတာ အကောင်းဆုံးပဲလို့ ယူဆမိပါတယ်။

ဘမောင်ညို

Credit : http://www.oppositeyes.info/2013/10/blog-post_9929.html

သမ္မတရာထူးထက် ပါတီခေါင်းဆောင်နှင့် လွှတ်တော်ဥက္ကဌသာ လုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးရဲထွန်းမှပြောကြား



မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်၂၀၁၅ ရွေးကောက်ပွဲ အတွက် လွန်စွာအရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဟု ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုအသီးသီး ထောက်ပြ ပြောဆိုထားသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲပြင်ဆင် ရေး နှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကို မေးမြန်းထား သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။


Voice : ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေး အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒ သဘောထားကို ပြောပြပေးပါ။

UYH : ကျွန်တော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထား ဆိုတာထက် ကျွန်တော့် ထင်မြင်ယူဆချက်ကိုပဲ ပြောပါရစေ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယ အပတ်ထဲက တောင်ကြီးမြို့မှာ ကျွန်တော်တို့ပါတီက ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ်တွေ၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ အဓိကကတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့ လေ့လာ သုံးသပ်ရေး ကော်မတီမှာပါတဲ့ ကျွန်တော်တို့ပါတီက အဖွဲ့ဝင်လေးဦးကို အချက်အလက်တွေ စုဆောင်းပေးတဲ့ အစည်းအဝေးပေါ့။ အဲဒီမှာ ကျွန်တော် နားလည်လိုက်တဲ့ သဘောထားကတော့ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲခြင်း ထက် ပြင်ဆင်ဖြည့်စွက် အသုံးပြုခြင်းက နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် ပိုမိုကောင်းမွန်တယ်။ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဝိုင်းဝန်းကြိုးစား ရာမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေးမှာ တိုးတက် ကောင်းမွန်လာနေတဲ့ အပြန်အလှန် ယုံကြည်မှုကို မထိခိုက်စေရန်။ (၃) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အဓိက ရည်မှန်းချက်အဖြစ် ထားရှိသင့်တဲ့ ကိစ္စဟာ တိုင်းရင်းသားတိုင်း တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိရေးတို့အပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပီပြင်ရေး စတဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်သုံးချက်ဟာ ပါတီရဲ့ အမြင်ဖြစ်တယ်လို့ ကျွန်တော် မှတ်ယူပါတယ်။

Voice : တောင်ကြီးမှာ လုပ်ခဲ့တဲ့ မွန်၊ ရှမ်း၊ ကယားညီလာခံမှာ အခြေခံဥပဒေပြင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးနှစ်မျိုး ပြောထားပါတယ်။ ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် ဘယ်လမ်းက ပိုပြီးသင့်တော်မလဲ။ ဘာကြောင့်လဲ ဆိုတာကော နည်းနည်းလောက် ရှင်းပြပါလား။

UYH : ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် အသစ်ပြန်လည် ရေးဆွဲတာထက် တိုင်းပြည် တည်ငြိမ်ပြီး ကြီးပွားတိုးတက်ဖို့အတွက် လိုအပ်တယ်လို့ ဘုံသဘောတူ ယူဆထားချက်တွေကို ပြင်ဆင် အသုံးပြုတာက ပိုကောင်းပါတယ်။ ယခု ဘုံသဘောမတူနိုင်သေးတဲ့ အချက်တွေကို ခဏထားလိုက်ပေါ့။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ တပ်မတော်က ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး တောက်လျှောက် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာခဲ့ရာက တပ်မတော် စိတ်ကြိုက် နိုင်ငံနဲ့ သင့်တော်မယ်လို့ သူတို့ယူဆတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အုပ်ချုပ်လာတာ ၂ နှစ်ခွဲကျော်ကျော်ပဲ ရှိပါသေးတယ်။

တချို့ကိစ္စတွေမှာဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော်လည်း လက်တွေ့မှာ မကျင့် သုံးသေးတာမျိုးတွေ ရှိနေလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်လား၊ လက်တွေ့ အကောင် အထည် ဖော်နေသူတွေရဲ့ အားနည်းချက်ကြောင့်လားဆိုတာ အသေအချာ မပြောနိုင်သေး ဘဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေကို စပွန်ဆာလုပ်ခဲ့တဲ့ တပ်မတော်ဟာ ကနေ့မျက်မှောက် ကာလ မြန်မာ့နိုင်ငံရေးမှာ အဓိကအင်အားစု တစ်ရပ်အနေနဲ့ ရှိမြဲ ရှိနေပါသေးတယ်။

ကနေ့သွားနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ တကယ်တော့ စစ်ဘက်-အရပ်ဘက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးပဲဖြစ်လို့ အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးကို ထိပ်တန်း တင်လိုက်ရင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်။

Voice : အသစ်ပြန်ရေးမယ် ဆိုတဲ့အခါ နိုင်ငံရဲ့လက်ရှိသွားနေတဲ့ လမ်းကြောင်းနဲ့ အနာဂတ်ကို ဘယ်လို အကျိုးသက်ရောက် နိုင်မလဲ။

UYH : နိုင်ငံ လက်ရှိသွားနေတဲ့ လမ်းကြောင်းက စစ်ဘက်-အရပ်ဘက် ယုံကြည်မှု တည်ဆောက်ရေး၊ တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေး။ အဲဒီမှာ အဓိကဦးဆောင်တဲ့ အင်အားစုက တပ်မတော် ဖြစ်နေသေးတယ်။ အဲဒီအင်အားစုက နားလည် သဘောပေါက်လာအောင် လုံလောက်တဲ့ အချိန်နဲ့ လက်တွေ့ ဖြတ်သန်းမှု တစ်စုံတစ်ရာ မလုပ်ရသေးခင်မှာ သူတို့ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ဘေးချိတ်လိုက်ပြီး အသစ်ပြန်လည် ရေးကြစို့လို့ပြောရင် ရန်စကား ပြောသလို ဖြစ်နေလို့ အနည်းနဲ့အများ ဆိုသလို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

Voice : ခုတိုင်းပြည်မှာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ကြတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် အဟန့် အတားတွေ ရှိနေတယ်လို့ ဆရာ့အနေနဲ့ ယူဆပါသလား။ တချို့အဖွဲ့တွေက ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး ပြောကြတော့ ငြိမ်းချမ်းရေးအတွက် ဘယ်လို ရှေ့ဆက်သွားသင့်သလဲ။

UYH : လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အတွင်းကျကျ ပါဝင်ခဲ့တဲ့သူ မဟုတ်တော့ သူတို့က ဘာတွေ တောင်းဆိုတယ်။ တိုင်းပြည် အနာဂတ်မှာ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ရင် သူတို့က ဘယ်လို ဖြစ်စေချင်တယ်ဆိုတာ အတိအကျ မသိရပါဘူး။ အဲဒီအချက်တွေကို အတိအကျ သိရရင်တော့ အဟန့်အတား ဖြစ်နေတဲ့ ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်လား၊ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချက်လားဆိုတာ ထောက်ပြ ဝေဖန်နိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက် ပြောဆိုချက်တွေကို အသိပေး ထုတ်ပြန် ကြေညာသင့်ပါတယ်။

Voice : ခုတွေ့နေရတာက ကြံ့ခိုင်ရေးကလည်း အခြေခံဥပဒေ ပြင်တဲ့အခါ သူတို့ အကျိုးစီးပွား မထိခိုက်အောင် ထိန်းသိမ်းချင်တဲ့ သဘောရှိတယ်။ တိုင်းရင်းသားပါတီ အသီးသီးကလည်း ဖက်ဒရယ်ကို အမျိုးမျိုး အားပြုပြောနေကြတယ်။ တစ်ဖက်မှာ အဓိက အတိုက်အခံဖြစ်တဲ့ NLD မှာလည်း ကိုယ်ပိုင် Interest ရှိနေတယ်။ ဒီလို လမ်းကြောင်းတွေ မတူကြတဲ့အပေါ် ဘယ်လို သဘောထားပါသလဲ။

UYH : ပါတီစုံ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီအကျိုး စီးပွားအတွက်လည်းဖြစ်တဲ့ ကိစ္စတစ်ခုကို ဒါဟာ ပြည်သူ့ အကျိုးစီးပွားပါလို့ ပြောကြာ ဓမ္မတာပါပဲ။ သိပ်တော့ မဆန်းပါဘူး။ လွတ်တော်ထဲမှာ အင်အားတောင့်တဲ့ ပါတီကတော့ ပြောလည်းပြော အကောင်အထည် လည်း ဖော် သွားနိုင်မှာပေါ့။ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလို သူအလှည့် ရှိသလို ကိုယ့်အလှည့်လည်း ရှိမှာပေါ့။

Voice : အခြေခံဥပဒေကို ပြင်တဲ့အခါ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုအသီးသီး၊ တိုင်းရင်းသားအဖွဲ့တွေ ဘယ်လိုလက်တွဲ အလုပ်လုပ်သွားနိုင်မယ်လို့ ခန့်မှန်းပါသလဲ။

UYH : အခုလေ့လာသုံးသပ်ရေး ကော်မတီက Guidelines ချထားရာ မှာ ကော်မတီအနေနဲ့ ဖြစ်စေ၊ ကော်မတီဝင် တစ်ဦးချင်းဖြစ်စေ လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုတွေ၊ ပညာရှင်တွေ၊ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး သဘောထား ရယူနိုင်ကြောင်း ပြောထားတာ ရှိလေတော့ အဲဒီကိစ္စအတွက် လွတ်လွတ်လပ်လပ် အကြံပေးနိုင်ကြမှာပါ။

Voice : လတ်တလောမှာ အခြေခံဥပဒေကို အသစ်ပြန်ရေးဖို့ပြောတဲ့ အသံတွေ အားကောင်း လာတာ တွေ့ရတယ်။ ဒါပေမဲ့ တပ်မတော်မှာက အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေးဆိုတဲ့ ဦးတည်ချက် ရှိနေတော့ အဲဒီနှစ်ခု ထိပ်တိုက်တွေ့ခဲ့ရင် အားလုံးစိုးရိမ် တဲ့ နောက်ကြောင်း ပြန် လှည့်မှုမျိုးဆိုတာ ဖြစ်သွားနိုင်လား။

UYH : ဒီမိုကရေစီစနစ် လူ့ဘောင်မှာ လူတိုင်းလွတ်လပ်စွာ သဘောထား ဖော်ထုတ်ခွင့်ရှိတယ် ဆိုတာရယ်၊ အခြေခံဥပဒေ အပါအဝင် ဥပဒေ ပြဋ္ဌာန်းရေးဟာ လွှတ်တော်ကပဲ ဆုံးဖြတ်တာ ဖြစ်တယ် ဆိုတာရယ်၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရမယ်၊ မလိုက်နာရင် အရေးယူခံရမှာ ဖြစ်တယ်ဆိုတဲ့ အချက်တွေကို ပါဝင်ပတ်သက်နေသူ အားလုံးက လေးလေးနက်နက် သဘောပေါက်ကြရင် ဘာအန္တရာယ် မှမရှိနိုင်ပါဘူး။ ဒါပေမဲ့ တစ်ဖက်က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာနဲ့ အားမရသေးဘဲ လူ့အဖွဲ့အစည်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ပြီး မိမိတို့ တောင်းဆိုချက်တွေကို အတင်းအဓမ္မ လုပ်လာမယ် ဆိုရင် နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ အန္တရာယ် ရှိသလို တစ်ဖက် မှာလည်း သူတစ်ဖုံငါတစ်မျိုး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာ လေးလောက်ကို တိုင်းပြည်တော့ ပြိုကွဲတော့မှာပဲလို့ ပုံကြီးချဲ့ တွေးတောပြီး ၆၂ ခုနှစ်ကလို ပြန်လုပ်ကြမယ် ဆိုရင်တော့ အန္တရာယ် ရှိတာပေါ့။

ဒါက တပ်မတော် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး နားလည်မှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။

Voice : နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ဖို့ အခြေခံဥပဒေမှာပါတဲ့ အချက်တချို့ကို ဖယ်ရှားမယ်ဆိုရင် အမျိုးသား လုံခြုံရေးဘက်မှာ စိုးရိမ်စရာ ရှိတယ်လို့ ပြောကြတော့ ဘယ်လို ဖြေလျှော့ မှုက အကောင်းဆုံး ဖြစ်နိုင်မလဲ။

UYH : အကောင်းဆုံး ဖြေလျှော့မှုကတော့ လူ့အဖွဲ့အစည်းတစ်ခု၊ တိုင်းနိုင်ငံတစ်ခု ကောင်းမွန်တဲ့ စနစ်တစ်ခုဆီကို ချီတက်ရာမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းထက် Institution များ ပြောင်းလဲရေးက ပိုမိုအဓိက ကျတယ်ဆိုတဲ့ အချက်ရယ်၊ ဒီနေ့ အခြေခံဥပဒေမှာ သမ္မတမှာလည်း လုပ်ပိုင်ခွင့် ရှိသလို ပါတီပိုင်းနဲ့ လွှတ်တော်ဥက္ကဋ္ဌ တာဝန် နှစ်ခုလုံးကို ပူးတွဲ တာဝန်ယူထားနိုင်တဲ့ ပုဂ္ဂိုလ်မှာလည်း ကြီးမားတဲ့ လမ်းညွှန်မှု ပေးတဲ့ အလုပ်တွေ လုပ်နိုင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်ရင် အားလုံး အဆင် ပြေသွားမှာပါ။ ကျွန်တော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာဆိုရင် သမ္မတဖြစ်ရေးထက် ပါတီ ခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ အနေအထားကို ပိုသဘောကျမိမှာ အမှန်ပဲ။                                     

Voice : ဦးရဲထွန်းကိုယ်တိုင် ၂၀၀၈ အခြေခံဥပဒေ အောက်မှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန် ယူ နေတာဆိုတော့ အခြေခံဥပဒေ ပြန်ရေးကြမယ်ဆိုတဲ့ သဘောထားအပေါ်မှာ ဘာများပြော ချင်ပါလဲ။

UYH : မျက်မှောက်နိုင်ငံရေး အခြေအနေကို ထည့်သွင်း စဉ်းစားတာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် အခြေခံဥပဒေ အသစ်ပြန်ရေးမယ်ဆိုတဲ့ သဘောထားက စိတ်ကူးယဉ် ဆန်လွန်းပါတယ်။

Voice : လက်နက်ကိုင် တိုက်ပွဲမှာလည်း ပါခဲ့ဖူးတယ်။ အခု လွှတ်တော်တွင်းကနေ တိုင်းပြည် အပြောင်း အလဲကိုလည်း ဖော်ဆောင်နေသူဖြစ်တော့ လက်ရှိ နိုင်ငံသွားနေတဲ့ အနေအထားနဲ့ ၂၀၁၅ ထိ ရှေ့အလား အလာကို ဘယ်လို သုံးသပ်မလဲဗျ။

UYH : ဒီကိစ္စသုံးသပ် ပြောကြားဖို့ကတော့ သိပ်ကျယ်ပြန့်ပါတယ်။ တိုတိုနဲ့ ပြောရင်လည်း မပြည့်မစုံ ဖြစ်နေနိုင်တယ်။ ၂၀၁၅ ခုနှစ်အထိ သုံးသပ်ရမယ် ဆိုရင်တော့ အရင်ထက်စာရင် ကျွန်တော်တို့တစ်တွေဟာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ ကျင့်စဉ်တွေနဲ့ ပိုမိုယဉ်ပါးလာမှာ ဖြစ်သလို၊ ပါတီ တည်ဆောက်ရေး၊ လွှတ်တော်တွင်း လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာရေး စတာတွေမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ပါတယ်။ ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်နဲ့ သမ္မတဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့ကြားမှာလည်း ယခင်ကထက် ပိုမိုစည်းလုံး လာနိုင်ဖွယ်ရာ အရိပ်အယောင် တွေ့ရပါတယ်။

တစ်ဖက်ကိုတစ်ဖက် အပြုတ်တိုက်ရေး လုပ်တာဟာ အားလုံးအတွက် အကျိုးမရှိဘူးဆိုတာ (တိုင်းပြည် အတွက်ရော၊ ပြည်ခိုင်ဖြိုးပါတီ အတွက်ရော) နားလည် သဘောပေါက် လာကြရင်ပေါ့။

Voice : NLD နဲ့ တိုင်းရင်းသားပါတီများ ညှိနှိုင်း သဘောတူညီချက်အရ အခြေခံ ဥပဒေပြင်ရေးသို့ အသစ်ပြန်ဆွဲရေးကို ပြည်သူ့ သဘောဆန္ဒ ကောက်ယူပြီး လွှတ်တော် ပူးပေါင်း ကော်မတီထံ အစီရင်ခံစာ တင်သွင်းသွားမယ်လို့ သိရပါတယ်။ ပြည်သူတွေရဲ့ Awareness နဲ့ အခြေခံ ဥပဒေပြင်ရေးသို့ အသစ်ပြန်ဆွဲ ရေးကို တည့်တည့်မတ်မတ် သဘောဆန္ဒ ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။

UYH : ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ သာမာန်ပြည်သူ တစ်ယောက်အဖို့ မဆိုထားနဲ့ ရိုးရိုးဥပဒေဘွဲ့ရ ပညာတတ်ပုဂ္ဂိုလ် တစ်ယောက်သည်ပင်လျှင် နိုင်ငံရေးကို လေ့လာလိုက်စား နားလည်မှု မရှိရင် ထိုအခြေခံဥပဒေဟာ တိုင်းပြည်တစ်ခုအတွက် တော်၏ မတော်၏ သင့်၏ မသင့်၏ဆိုတဲ့ ကိစ္စများကို မှန်ကန်စွာ အကဲဖြတ်နိုင်ဖို့ အင်မတန် ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို နိုင်ငံရေး အခြေအနေအရ အထိအခိုက် မခံနိုင်တဲ့ အနေအထားမျိုး (တစ်နည်းအားဖြင့် ပြောရရင် အမျိုးသား ရင်ကြားစေ့ရေးကို ကြိုးစား တည်ဆောက်နေဆဲ ကာလမျိုး) မှာ ပြည်သူတွေအတွင်း ရှုပ်ရှုပ်ထွေးေ ထွးတွေ ဖြစ်လာစေနိုင်တဲ့ ကြီးလေးတဲ့ ကိစ္စကို ဆန္ဒခံယူပွဲ လုပ်ပြီး သဘောထား ရယူသွားမယ်ဆိုတာ မသင့်တော်ဘူးလို့ မြင်ပါတယ်။

Voice : ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်က ယိုယွင်းခဲ့တဲ့ တိုင်းပြည်ကို ပြန်တည်ဆောက်စ ကာလမှ ဒီလိုကြီးလေးတဲ့ ဝတ္တရားမျိုးကို ပြည်သူကို တာဝန်ယူစေသင့်လား။ ဒါမှမဟုတ် ပြည်သူကို ဦးဆောင်မယ့် သူတွေက ရဲရဲဝံ့ဝံ့ တာဝန်ယူသင့်လားဆိုတာ ဦးရဲထွန်းရဲ့ အမြင်ကို သိပါရစေ။ အထူးသဖြင့် အများကြီး Academic ဆန်တဲ့ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေလို ကိစ္စမျိုးမှာပေါ့။

UYH : ဒီလို ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေကို ချမှတ်နေဆဲ ကာလမှာ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ နိုင်ငံရေး တာဝန်ကြီးကို အဓိက ထမ်းဆောင်ရင်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာ နှစ်ဖက် နားလည်မှု ရှိရှိနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းကသာလျှင် တိုင်းပြည်ကို တည်ငြိမ်စွာ တဖြည်းဖြည်း အကောင်း ဘက်သို့ ပြောင်းလဲစေနိုင်မှာ ဖြစ်ကြောင်း၊ နှစ်ဖက် အပြန်အလှန် အယုံအကြည် ပျက်စေမယ့် ကိစ္စမျိုး တွေကို ဒီအချိန်မှာ အဓိက မထားသင့်ကြောင်း နိုင်ငံရေး ပါတီများက ပြည်သူကို ရှင်းလင်း ပြောပြသင့် ပါတယ်။ ဒါဟာ ပြည်သူအများစုရဲ့ လိုလားချက်နဲ့လည်း ကိုက်ညီလိမ့်မယ်လို့ ထင်ပါတယ်။

Voice : အဓိက အတိုက်အခံပါတီနဲ့ တိုင်းရင်းသားပါတီ ၁၀ ခုကျော်က အခြေခံဥပဒေ အသစ် ပြန်ဆွဲရေး ဘက်ကို ဦးတည် သွားနိုင်ခြေတွေ လက်ရှိအနေအထားအရ တွေ့နေတော့ ဖွဲ့စည်း ပုံ ပြင်ဆင်ရေးကို ဘယ်လိုရိုက်ခတ်မှု တွေ ဖြစ်လာနိုင်ပါသလဲ။

UYH : အမြင်မတူတဲ့ နိုင်ငံရေးပါတီတွေက အသစ်ပြန်လည် ရေးဆွဲရေးကို စည်းရုံး ဟောပြောနေ တာ လောက်နဲ့ကတော့ ပြဿနာ မကြီးပါဘူး။ ဒါဟာ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်ဆိုတဲ့ လူ့အခွင့်အရေးရဲ့ အခြေခံရပိုင်ခွင့်ကို အသုံးချတာဘဲ ဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေကို ပြင် ဆင်၊ ပြုစု၊ ပြဋ္ဌာန်းရမှာက ပြည်ထောင်စု လွှတ်တော်ပဲဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က အများဆန္ဒနဲ့ ဆောင်ရွက်လိုက်တာဟာ မိမိတို့ဆန္ဒနဲ့အညီ အခြေခံဥပဒေကို ပြင်ဆင်ပေးတာမျိုး မဟုတ်လို့ ဆိုပြီး ပြည်သူတွေကို လမ်းပေါ်ထွက် ဆန္ဒပြလာအောင် လုပ်ကြမယ်။ ဆူဆူပူပူ ဖြစ်အောင် ဖန်တီးကြမယ် ဆိုရင်တော့ နောက်ကြောင်း ပြန်လှည့်သွားဖို့အတွက် အချက်အလက် ဖန်တီးပေးရာ ရောက်မှာ အသေအချာပဲ ဖြစ်ပါတယ်။

တစ်ဖက်ကလည်း (တပ်မတော် ဘက်ကလည်း) ပြည်သူတွေ အကြားမှာ ငြိမ်းချမ်း စွာ ဆွေးနွေးရုံ၊ ဟောပြော ဆွေးနွေးရုံ၊ ငြိမ်းချမ်းစွာ ဆန္ဒပြရုံနဲ့တော့ တိုင်းပြည် ပြိုကွဲတော့မယ့် အန္တရာယ် ရှိနေပြီဆိုပြီး အလျင်စလို အာဏာ ပြန်သိမ်းတာမျိုး မလုပ်သင့်ပါဘူး။ နှစ်ဖက်စလုံးက ဒီမိုကရေစီ ကျင့်စဉ်တွေကို လိုက်နာဖို့ လိုပါတယ်။

The Voice

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပသည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူလက်တွဲ နေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲသို့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သ၀ဏ်လွှာပေးပို့



မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပလျက်ရှိသည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူလက်တွဲ နေထိုင် ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံ နှီးနှော ဖလှယ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်တို့မှ သ၀ဏ် လွှာ ပေးပို့ခဲ့သည်။


အဆိုပါ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တွင် ကျင်းပလျက်ရှိပြီး အောက်တိုဘာ ၁ ရက် အခမ်းအနားသို့ ဘာ သာပေါင်းစုံမှ ဘာသာရေး ခေါင်း ဆောင်များ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံအမတ်များ၊ သံအရာရှိများ စုစုပေါင်း ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရေးအတွက် ဘာသာအသီးသီးမှ ဘာသာရေး ခေါင်းဆောင်ကြီးများ စုစည်းပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ကိစ္စများကို အားကြိုးမာန်တက် ဆောင်ရွက်လျက် ရှိကြသည့်အတွက် များစွာကျေးဇူးတင် ၀မ်းမြောက်မိ ပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အပြည့်အ၀ ပါဝင်ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်" ဟု ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲသို့ ပေးပို့ သည့် သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ရွာကလေး တစ်ရွာလို ကျဉ်းမြောင်းလာ တဲ့ ကမ္ဘာကြီးမှာ စကြ၀ဠာကြီးတစ်မျှ၊ နှလုံးသား၊ သဘောထားများ ကျယ်ပြန့်နိုင်ကြပါစေ" ဟု ၎င်း၏ လက် ရေးဖြင့် ရေးသားထားသည့် ဆုတောင်းစကားကို သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့လာသည့် အထူးသ၀ဏ်လွှာကို သီတဂူ ဆရာ တော် ဒေါက်တာဥာဏိဿရက ဖတ်ကြားခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်မှ ပေးပို့သည့် သ၀ဏ်လွှာကို သာသနာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာ မျိုးမြင့်က ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် ဦးဆန်းဆင့်နှင့် ဦးအောင်မင်းတို့မှလည်း ငြိမ်းချမ်းရေး သ၀ဏ် လွှာ ဖတ်ကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၊ ဗြိတိန်၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံများမှ သံအမတ်ကြီး များကလည်း သ၀ဏ်လွှာ ဖတ်ကြားခဲ့ကြသည်။

ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲကို အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ရှိ Institue of Global Engagement(IGE) နှင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြည် တွင်းပြည်ပမှ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာတို့မှ ဘာသာ ရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့်အတူ လက်တွဲနေထိုင် ရေး ဆိုင်ရာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓါတ်ပုံ - မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပသည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူလက်တွဲ နေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံပွဲ

Eleven Media Group

နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း



တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံ ရေးထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။


နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာအဆောင်မှာ ဒီနေ့ နေ့လည်ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်က အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

"တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ ကျမ ဘယ်တုန်း ကမှ နိုင်ငံရေးထဲကို ဝင်ပါတဲ့တပ်မတော်ကို အားမပေးခဲ့ဘူး၊ အဲဒါပွင့်ပွင့်လင်းလင်းပြောတာ၊ တပ်မတော်ကို မချစ်လို့မဟုတ်ဘူး၊ ချစ်လို့ တန်ဖို့းထားလို့သာ မလုပ်စေချင်တာ၊ မလုပ်သင့်တဲ့ကိစ္စမို့လို့ မလုပ်စေချင်တာ၊ တကယ်ဆို ပြည်သူလူထုက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရဟာ တပ်မတော်အတွက် အားလုံးတာဝန်ယူ ရမယ်၊ တပ်မတော်ဆိုတာ ပိုက်ဆံရှာနေစရာ လိုရမယ့်ဟာမဟုတ်ဘူး၊ အရပ်သားအစိုးရက ပြည့်ပြည့်စုံစုံ ပေးထားရမှာ၊ အဲဒါမှ တပ်မတော်က အဆင့်မြင့်မြင့်နဲ့ အိနြေ္ဒရရနေနိုင်မှာ"

တပ်မတော်ကိုလည်း တကယ့်ကိုအရည်အချင်းပြည့်ဝပြီး ကမ္ဘာ့စံချိန်မှီတဲ့၊ ပြည်သူတွေက ထောက်ခံ အားပေးတဲ့ ၊ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်စေချင်တယ်လို့လည်း ပြောခဲ့ပါတယ်။ တပ်မတော်နဲ့ ပတ်သက် တာအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

RFA

ပုဗ္ဗသီရိ ဝဲကြီးရွာပဋိပက္ခ

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုးထားတဲ့ ယူက လစ်ပင် စိုက်ခင်းတွေကို ဝင်ရောက်ခုတ်ပစ်ခဲ့တဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက် နေ့မှာ ဝင်ရောက်ဖမ်းဆီးရာကနေ ရွာသားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပဋိပက္ခမှာ ပါဝင်သူ တွေဟာ ကျည်တောင်ကန် ရဲစခန်းမှာ ပြီးခဲ့တဲ့ စနေနေ့က သွားရောက် အစစ်ဆေးခံခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။

ပြည်သူလူထု စားဝတ်နေရေး မြင့်တက်လာခြင်း မရှိသောကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ပြည်သူလူထု၏ စားဝတ်နေရေးလူနေမှု အဆင့် အတန်း မြင့်တက်လာခြင်း မရှိသောကြောင့် မြန်မာ နိုင်ငံ၏ စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်မှု အမှန် တကယ်မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် aအာင်ဆန်းစုကြည်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်၍ ဝေဖန်ပြောကြားသည်။


အောက်တိုဘာ ၁ ရက်က နေပြည်တော်ရှိ လွှတ် တော် အဆောက်အအုံဝင်းအတွင်း တရားဥပဒေ စိုးမိုးရေး ESင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားသည်။

''လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက မကောင်းဘူး။ ခပ်တိုတိုပြောရမယ်ဆိုရင် တိုးတက်မှုက တကယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုးတက်မှုဆိုတာ ဘယ်လို တိုင်းတာမလဲဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေအနေပေါ့နော်။ လူနေမှု အဆင့်အတန်း မြင့်လာလားဆိုရင် မြင့်မလာဘူး။ အောက် ဆုံးပိုင်း အလွှာတွေဆိုရင် ပိုတောင် နိမ့်သွားတယ်လို့ ပြောကြတယ်။ အခု ADB နေပြီးတော့ ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှု ရှိတယ်ဆိုတာကိုလည်း တချို့ပညာရှင်တွေ မေးခွန်းထုတ်ကြတယ်။ မရှိဘူးပေါ့။ လုံ လောက်တဲ့ အထောက်အထား လုံလုံလောက်လောက် မရှိဘူးလို့ သုံးသပ်ကြတယ်။ ပညာရှင်တွေ ပြောတာ ထားလိုက်။ တကယ်တော့ ကိုယ့်ပြည်သူလူထုနဲ့ သွားပြီး စကားပြောရင်သိတာပဲ။ ဘယ်လောက်ထိ သူတို့ရဲ့ လူနေမှု အဆင့်အတန်းဟာ ပြောင်းလဲလာတယ်။ ပြောင်းလဲမလာဘူးဆိုတာ။ ရင်းနှီးမြှုပ်နှံမှုက ခန့်မှန်းသ လောက် မ၀င်ဘူးဆိုတာ အားလုံးအသိပါပဲ။ ဒီရင်းနှီးမြှုပ်နှံမှုကိုပဲ ထိုင်ပြီး စောင့်နေမလား။ ရင်းနှီးမြှုပ်နှံမှု တွေရအောင် ခြေလှမ်းလှမ်းနေတဲ့အချိန်မှာ တစ်ချိန်တည်းမှာပဲ ကိုယ့်ပြည်သူတွေအတွက် လုပ်သင့် လုပ် ထိုက်တာတွေ မလုပ်ရဘူးလား''ဟု ဒေါ်အောင်ဆန်းစုကြည်က အစိုးရ၏ ပြည်သူလူထု လူနေမှုအဆင့် အတန်း မြှင့်တင်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်ပြောကြားသည်။

ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုနည်းပါးခြင်းမှာ နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမရှိခြင်း နှင့် အခြေခံ အဆောက်အအုံ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

လက်ရှိတွင် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနများနှင့် ဆက်ဆံ အလုပ် လုပ်ရသည်မှာ နှေးကွေးသည်ဟု လုပ်ငန်းရှင်များထံမှ သိရကြောင်း ပြောကြားသည်။

သို့ရာတွင် နိုင်ငံစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကိုသာ စောင့်မျှော်မနေသင့်ဘဲ နိုင်ငံတော်စီမံကိန်းများကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သင့်ကြောင်းလည်း ပြောကြားသည်။

အောက်တိုဘာ ၁ ရက်က နေပြည်တော်တွင် မီဒီယာများအား တွေ့ဆုံပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

Eleven Media Group

လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား လှုံ့ဆော်မှုများကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် ထိရောက်စွာအရေးယူမည်

လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား အထိတ်တလန့်၊ စိတ်အနှောင့် အ ယှက် ဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် လှုံ့ဆော်သည့် ဖြစ်စဉ်များကို စစ်ဆေးတွေ့ရှိပါက အီ လက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မြင့်အေးက ပြောကြားသည်။


ယင်းကဲ့သို့ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှ တစ်ဆင့် လှုံ့ဆော်မှုများကို အရေးယူ ဆောင်ရွက် မှူ များသည် ယခင်ကတည်းက ရှိနေသော်လည်း နည်းပညာလိုအပ်ချက်များကြောင့် ထိရောက်စွာ အ ကောင်အထည် မဖော်နိုင်သေးကြောင်း သိရသည်။

ထိရောက်စွာ အရေးယူနိုင်ရန်အတွက် နိုင်ငံတကာမှ နည်းပညာများကို ရယူကာ နည်းဥပဒေကိုလည်း ရေး ဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၁ ရက်က ပြောကြားသည်။

''အဲဒီလို အင်တာနက် စာမျက်နှာတွေကနေ လှုံ့ဆော်တာတွေ၊ မဟုတ်မမှန်တာတွေ၊ ထင်ယောင်ထင်မှား ဖြစ်မယ့်အကြောင်းအရာ ဓာတ်ပုံတွေ တင်တာတွေကို ထိရောက်စွာ အရေးယူဖို့အတွက် စီစဉ်နေပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ခြင်း မရှိသေးတာက တိတိကျကျ စစ်ဆေးနိုင်မယ့် နည်းပညာတွေ မရှိသေးလို့ ဖြစ်ပါတယ်။ အခု နည်းဥပဒေ ရေးဆွဲနေတယ်။ ဒီလို ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ ပြည်သူတွေကလည်း ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ လိုပါတယ် '' ဟု အရှေ့ပိုင်းခရိုင် ရဲ တပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။

ကျူးလွန်သူများကို အီလက်ထရောနစ် ဥပဒေဖြင့် အရေးယူသွားမှာဖြစ်ပြီး ပြစ်မှုအပေါ်မူတည်၍ အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ် ကျစေနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော ရွှေပြည်သာမြို့နယ်တွင် မည်သူ သတ်သွားမှန်းမသိသော အမျိုးသမီးအလောင်းတစ်ခု တွေ့ရှိဆိုသည်သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင်လည်း ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းထုတ်ပြန်ရေးတပ်ဖွဲ့မှ သိရသည်။

Eleven Media Group

သံတွဲတွင် ပဋိပက္ခများပြန်ဖြစ် အိမ်ခြေပေါင်း ၄၀ ကျော် မီးဘေးသင့်



စက်တင်ဘာ ၂၈ ရက်မှ စတင်အစပြုခဲ့သည့် ပဋိ ပက္ခသည် အောက်တိုဘာ ၁ ရက်တွင် ပိုမိုဆိုးရွား လာခဲ့ပြီး အိမ်ခြေပေါင်း ၄၄ လုံး မီးရှို့ခံခဲ့ရကာ စာသင်ကျောင်းများနှင့် ဈေးများလည်း ပိတ်ထား ရသည်။


၎င်းက “နံနက်ပိုင်းက ကျေးရွာနှစ်ရွာမှာ မီးရှို့မှုဖြစ်ခဲ့ တာပါ။ စုစုပေါင်း သပြုချိုင်ရွာမှာ ၁၄လုံး၊ ပေါက်တော နဲ့ရွှေလှေမှာ အလုံး ၂၀လောက် လောင်သွားတယ်။ ကျူးလွန်တဲ့လူတွေကို ဥပဒေနဲ့အညီအရေးယူဖို့ ကြိုး စားနေပါတယ်။ နောက်ပြီး တရော်တော အနောက်ဘက်ကမ်းရွာမှာလဲ အိမ်ဆယ်လုံးလောက် မီးလောင် တယ်”ဟုအောက်တိုဘာ ၁ ရက် ညနေလေးနာရီခန့်တွင် ဆိုသည်။

“လုံခြုံရေးအင်အားတွေလည်း ထပ်ဖြည့်ထားရတယ်”ဟု ၎င်းက ဆက်ပြောသည်။ ယင်းအပြင် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာရှိ ဗလီတစ်လုံးနှင့် သပြုချိုင်ကျေးရွာရှိ ဗလီတစ်လုံးကိုလည်း လူအုပ်စုဖြင့် ဖြိုဖျက်ခဲ့ သည်ဟု ၎င်းက အတည်ပြု ပြောကြားသည်။

ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သော သံတွဲမြို့တွင်မူ အခြေအနေ တည်ငြိမ်လျက်ရှိသည်ဟု သံတွဲမြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်စိုးလွင်က မဇ္ဈိမသို့ ပြောသည်။ ၎င်းက “မြို့ထဲမှာတော့ အားလုံး တည်တည်ငြိမ်ငြိမ်ပါပဲ။ အခုက မြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာ ဖြစ်တာပါ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် သံတွဲမြို့ ဒေသခံများအနေဖြင့် နှစ်ဖက်အဖွဲ့အစည်းများကြားတွင် ကောလာဟလ များပျံ့နှံ့လျက်ရှိပြီး သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာစာသင်ကျောင်းများ ပိတ်ထားရသည်ဟုလည်း သံတွဲမြို့ နယ် ဆင်ဒင်ကလေးကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးက ပြောသည်။

၎င်းက “ကလေးတွေကို အိမ်ပြန်၊ ကျောင်းပြန် လွှတ်လိုက်တယ်၊ သတင်းတွေက မျိုးစုံကြားနေရတော့ ကိုယ့် အိမ်မှာကိုယ်နေတာ အကောင်းဆုံးမို့ပါ”ဟု ပြောသည်။

ပဋိပက္ခများကြောင့် သံတွဲမြို့ပေါ်ဈေးနှင့် ကျောင်းများကိုလည်း ပိတ်ထားရသည်ဟု သံတွဲမြို့ပေါ်ဒေသခံ ဦးအောင်သန်းက မဇ္ဈိမသို့ ပြောသည်။

သံတွဲလူမှုကွန်ရက်အဖွဲ့မှ ဦးနိုင်လင်းအောင်ကလည်း “ရွှေလှေ (သံတွဲနဲ့ တောင်ကုတ်ကြား) ကိုသွားတဲ့ ဆိုင်ကယ်တစ်စီးမှာ ရခိုင်အမျိုးသားလေးယောက်ပါသွားပြီး အကြမ်းဖက်မှု ကြုံရလို့ တစ်ယောက်ကသေ၊ တစ်ယောက်က ဒဏ်ရာရပြီး နှစ်ယောက် ပျောက်နေတယ်။ သေတဲ့သူကိုတော့ ဆေးရုံကို ပို့ထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယင်းသတင်းကို သံတွဲမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “မနက်က နည်းနည်းဖြစ်သွားတာပါ။ လူသေတာဘာညာနဲ့ ပတ်သက်ပြီး တိုင်ချက်ဖွင့်တာတော့ မရှိသေးပါဘူး”ဟု တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

ဇွန်လ ၃၀ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်လည်း သံတွဲမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ည ခြောက်နာရီမှ မနက် ခြောက်နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် ညမထွက်ရ အချိန်ကိုလျှော့ပေါ့ပြီး ညကိုးနာရီမှ မနက် ခြောက်နာရီထိ ထုတ်ပြန်ထားသော်လည်း အောက်တိုဘာ ၁ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ည ခြောက်နာရီမှ မနက် ခြောက်နာရီသို့ ပြောင်းလဲ ထုတ်ပြန်ထား သည်။

သံတွဲမြို့နယ် ရွှေလှေရွာတွင် ပဋိပက္ခများဖြစ်ပေါ်ရာမှ မီးလောင်ကျွမ်းခဲ့သည့် လူနေအိမ်တစ်လုံးကို အောက်တိုဘာ ၁ ရက် ညနေပိုင်းကတွေ့ရစဉ်။ 

မဇ္ဈိမ

အဓမ္မကျင့် လူသတ်မှုဖြင့် တပ်မတော်သားတစ်ဦးကို သေဒဏ်ချမှတ်

တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံ ကျေးရွာနေ အိမ်ထောင်ရှိ အမျိုး သမီးတစ်ဦးကို အဓမ္မကျင့်ကာ ဓားဖြင့်ခုတ်သတ်ခဲ့သူ တပ်မတော်သား တစ်ဦးကို တောင်ငူခရိုင် တရားရုံးမှ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီမိနစ် ၃၀ က ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၄၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁) (ဂ)အရ သေဒဏ် ချမှတ်ခဲ့ကြောင်း အဆိုပါ ခရိုင်တရားရုံးထံမှ သိရှိရသည်။


“သေဒဏ်ချမှတ်ခံရသူက ခုနစ်ရက်အတွင်း အယူခံ ဝင်နိုင်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်ငူအကျဉ်းဦးစီးဌာနကို ပေးပို့ထားပါမယ်” ဟု တောင်ငူခရိုင် တရားရုံးမှ အမည်မဖော်လိုသူ ခရိုင် တရားသူကြီးက ပြောကြားသည်။

အဆိုပါ လူသတ်မှုသည် ယခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်က အုတ်တွင်းမြို့နယ် ပေါက်တော ကျေးရွာအုပ်စု လက်ပံခုံကျေးရွာ အလယ်ရှိ ရေတွင်းဘေး သွေးအိုင်ထဲတွင် အသက် ၃၀ အရွယ် ဒေါ်သင်းသင်းဆွေ လဲကျ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဒေါ်သင်းသင်းဆွေမှာ အဝတ်လျှော်ရန် ယင်းရေတွင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ အမျိုးသားဖြစ်သူ ဦးအေးဆွေ၏ ထွက်ဆို ချက်အရ သိရှိရသည်။

ယင်းနေ့တွင် သံသယရှိသူ တစ်ဦးကို ရဲအရာရှိများ၏ မေးမြန်း စစ်ဆေးချက်များအရ ကျောက်ကြီးမြို့နယ်ရှိ အမှတ် (၆၀) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်သူ အသက် ၂၅ နှစ်အရွယ် တပ်သားဖိုးသားက ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းကို အုတ်တွင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ တပ်က လွှဲပြောင်းစစ်ဆေးကာ စစ်ဘက်တရားရုံးတွင် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ကြောင်း၊ ယင်း နောက် တောင်ငူ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကာ အရပ်ဘက် တရားရုံမှ ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိရသည်။

သံသယရှိသူ ဖိုးသားက ဒေါ်သင်းသင်းဆွေကို အဓမ္မကျင့်ပြီးနောက် ဓားဖြင့် ထိုးခုတ်ခဲ့သဖြင့် ဒေါ် သင်းသင်းဆွေတွင် ဦးခေါင်းပြတ်ရှ ဒဏ်ရာသုံးချက်၊ ဘယ်ဘက် လက်ကောက်တွဲလွဲပြတ်ကျ ဒဏ်ရာ တစ်ချက်၊ ဘယ်ဘက်နားထင်မှ ဘယ်ပါးအထိ ကန့်လန့်ပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် နားရွက်ပြတ် ဒဏ်ရာ များဖြင့် သေဆုံးခဲ့ရခြင်းအပြင် အဓမ္မမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် တောင်ငူ ခရိုင် တရားရုံးက ဖိုးသားကို သေဒဏ်ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံး၏ စီရင်ချက်တွင် ဖော်ပြထားသည်။

Credit : http://www.yeyintnge.com/2013/10/blog-post_4337.html#.UkuUzlMR8YI