Tuesday, October 1, 2013

လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ကြီး၏ စေတီနှင့် သိမ်တော်ကိစ္စ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ်အတွင်း မူလအတိုင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရကတိပြု



လက်ပံတောင်းတောင် ဒေသရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီအား ပြည်ထောင် စု လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မူလ အတိုင်း မပျက်မယွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကတိပြု လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။


လက်ပံတောင်းတောင်သို့ လမ်းလျှောက် သူများမှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် အဆိုပါ စည်တီး ဘုန်းကြီးကျောင်းသို့ ရောက်ရှိကာ တစ်ညအိပ်နားခိုခဲ့ပြီး ၃၀ ရက် နံနက် ၇ နာရီတွင် ဆက်လက် ထွက်ခွာ ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တားမြစ်ပိတ်ပင် ထားမှုကြောင့် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ ညှိနှိုင်းရာတွင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မအရ ယခုကဲ့သို့ စီ တန်းလှည့်လည်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်တွင် တင်ပြ နေစဉ်အတွင်း မပျက်မစီး မရွှေ့မပြောင်းဘဲ ပကတိအတိုင်း တည်ရှိစေရမည် ဖြစ်ကြောင်းကို တိုင်းဒေ သကြီး သာသနာဝန်ကြီး၊ စက်မှု နှင့်လျှပ်စစ်ဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး စသည်တို့မှ သဘောတူညီ ကတိပြုခဲ့ကြသည်။

''ညှိနှိုင်းသဘောတူတဲ့ အချက်ထဲမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကနေ စီတန်းလမ်းလျှေက် သူတွေကို အခုလို ဖြစ်ရပ်မျိုး မပေါ်ပေါက်တဲ့ အချိန်ထိ အရေးယူခြင်း မပြုဖို့ ပါဝင်ပါတယ်။ အခုဖြစ်စဉ်ကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းတို့ ကြားဝင်ညှိနှိုင်း ပေးခဲ့ပြီး လွှတ်တော်မှာ တင်ပြပေးသွားမှာပါ။ ဒီအတောအတွင်း မူလအတိုင်း မပျက်မယွင်း ရှိစေဖို့ ၀န်ကြီးတွေ အဖွဲ့က သဘောတူ ကတိပြုလို့ လမ်းဆက် မလျှောက်တော့တာပါ'' ဟု လက်ပံ တောင်း အရေး ဆောင်ရွက်နေသူ ဆရာတော်ဦးသုက ပြောကြားသည်။

ဆန္ဒထုတ်ဖော် သူများနှင့် ဖြေလျော့ညှိနှိုင်းရေးအဖွဲ့တို့ စည်တီးဘုန်းကြီး ကျောင်းအတွင်း တွေ့ဆုံကြစဉ်

Eleven Media Group

ဘုန်းကြီးကျောင်းတစ်ခုလုံး မပြီးရွေ့လို့လည်းရတယ်၊လို့ ဝမ်ပေါင်ကုမ္ပဏီ ပြော/ကူညီသောပြည်သူများကိုလည်းလုံးဝဝင်ခွင့်မ ပေး



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ အတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့ သာသနိက အဆောက်အဦးတွေကို ဖယ်ရှားပြီး ရွှေ့ပြောင်းပေးဆိုရင်လည်း ရွှေ့ပြောင်းပေးမှာ ဖြစ် သလို အသစ်ပြန်လည်တည်ဆောက်ပေး ဆိုရင် လည်း တည်ဆောက်ပေးမှာဖြစ်ကြောင်း မြန်မာ ၀မ်ပေါင် ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ Mr. Kico က ဒီကနေ့ ပြောကြားလိုက်ပါတယ်။


ကြေးနီတောင်စီမံကိန်းဒေသ ၀မ်ပေါင်ရုံးခန်းမှာ Myanmar Wanbao Mining Co Ltd က တာဝန် ရှိသူ တွေနဲ့ သတင်းထောက်တွေ ဒီနေ့ နေ့လည်ပိုင်းကတွေ့ဆုံရာမှာ Mr. Kico က တရုတ်ဘာသာစကားနဲ့ ပြောကြားချက်ကို စကားပြန်က အခုလိုဘာသာပြန်ပေးခဲ့ပါတယ်။

"အဲဒီဘုန်းကြီးကျောင်းတစ်ခုလုံး မပြီးရွေ့လို့လည်းရတယ်၊ နောက်ပြီးဖြုတ်ပြီးတော့ ပြန်ဆောက်ရင်လည်း ရတယ်၊ နောက်လုံးဝအသစ် ပြန်ဆောက်ရင်လည်းရတယ်၊ ကျနော်တို့ ကုမ္ပဏီက ဘယ်လိုပဲဖြစ်ဖြစ် လက်ခံ တယ်"

လက်ပံတောင်းတောင်အရေး ဆက်ဆံရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး သစ်တော၊ သတ္တု၊ စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်ကတော့ ဒီကိစ္စဟာ သတ္တုတွင်းဝန်ကြီးဌာနနဲ့မဆိုင်ဘဲ သာသနာရေး ဝန်ကြီးဌာနနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။

တိုင်းနဲ့ ဗဟိုသံဃာ့နာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားမှာဖြစ်သလို ၊ ရွှေ့ပြောင်းသင့် မသင့် ကိုလည်း မပြောလိုကြောင်း လယ်တီစေတီနဲ့ သိမ်တော်ကို လက်ရှိတာဝန်ယူနေတဲ့ ကျော်ကျေးရွာ ဆရာတော် ဦးဝိမလက အခုလိုမိန့်ကြားပါတယ်။

"တိုင်းသံဃာ့နာယကအဖွဲ့၊ ဗဟိုသံဃာ့နာယကအဖွဲ့ပါရင်တော့ ခင်ဗျားတို့သဘောပဲ ကြိုက်သလိုလုပ်ပါ၊ ဘုန်းကြီးတို့ကတော့ အနားအနီးဆုံးလည်းဖြစ်တယ်၊ အကြီးဆုံးလည်းဖြစ်တယ်၊ ဒါပေမယ့် ဘုန်းကြီးတို့က မပေးရက်ဘူး၊ တိုင်းကခရိုင်ပိုင်တော့ သူတို့သဘော ဘယ်လိုလုပ်လုပ်၊ သူတို့ကရွေ့လို့လည်းမပြောဘူး၊ မရွေ့နဲ့လို့လည်းမပြောဘူး"

အဲဒီ လယ်တီဆရာတော်ကြီးရဲ့ သိမ်နဲ့သာသနိက အဆောက်အဦးတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးဖို့ မနေ့က မန္တလေးမြို့ကနေ လက်ပံတောင်းဒေသကို လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြသူတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သာသနာရေးဝန်ကြီး ဦးတင်ဝင်းနဲ့ စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေတို့က ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းပြီး အဆင်ပြေသွား ပါတယ်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်သူတွေရဲ့ တောင်းဆိုချက် ၃ချက်နဲ့ အစိုးရအဖွဲ့ရဲ့ တောင်းဆိုချက်တစ်ချက် စုစုပေါင်း ၄ ချက်ကို သဘောတူစာချုပ်ချုပ်လိုက်တယ်လို့ လမ်းလျှောက်ဆန္ဒပြရာသူတစ်ဦးဖြစ်တဲ့ ကိုစည်သူ က ပြောပါတယ်။

Credit : http://www.yeyintnge.com/2013/09/blog-post_4710.html#.UkpE4lMR8YI