Saturday, September 21, 2013

နိုင်ငံခြား ဘဏ်များတွင် တရားဝင် စာရင်းဖွင့် နိုင်ငံခြား ငွေပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံသာရှိကြောင်း ဗဟိုဘဏ် ထုတ်ပြန်

ဗဟိုဘဏ်၊ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ စာရင်းဖွင့်ထားသည့် နိုင်ငံခြား ငွေပမာဏမှာ စက်တင်ဘာ ၁၀ ရက်အထိ စာရင်းအရ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌဦးကျော်ကျော် မောင်က ပြောကြားခဲ့သည်။


နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၁ ဘီလျံ ကိစ္စမှာလည်း ဗဟိုဘဏ်၊ အစိုးရဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များမှ နိုင်ငံခြားငွေစာရင်း ဖွင့်ထား သည့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံနှင့် ပတ်သက်ခြင်း မရှိကြောင်းကို ဗဟိုဘဏ် ဥက္ကဋ္ဌက အ တည်ပြု ပြောကြားခဲ့သည်။

ပြည်ပတွင် တရားမ၀င် ငွေများအပ်ထားသည်ဆိုသည့် သတင်းအပေါ် အစိုးရ အနေဖြင့် ပြည်သူများကြားမှ သတင်းအတွက် မည်သို့စုံစမ်း ဖော်ထုတ်လေ့လာကာ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည်ကို ပြင်ဆင်ရန် ရှိ မရှိ မီဒီယာဘက်က မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ပြောကြားခြင်းလည်း ဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က "အစောက ဖြေခဲ့သလိုမျိုး ၁၁ ဘီလျံ ကိစ္စတွေကတော့ကျွန်တော် တို့ရဲ့ Official record မှာ မရှိပါဘူး။ ဘယ်သူတွေ ဘယ်မှာထားတာရယ်။ ဘယ်လောက်ထားတယ် ကျွန် တော်တို့ မသိပါဘူး။ ကျွန်တော်တို့ရဲ့ Official record ကတော့ ၇ ဒသမ ၆ ဘီလျံပဲ ဖြစ်ပါတယ်ဆိုတာ တင် ပြပြီး ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ ခဲ့သလိုမျိုး အဲဒါမျိုး ပွင့်ပွင့်လင်းလင်း Transparency ရှိရှိ အပ်ထားတာ တွေပဲ သိပါတယ်။ ဟိုဟာတွေကတော့ ဗဟိုဘဏ်နဲ့ လည်းကောင်း၊ နိုင်ငံတော်ဘဏ် အနေနဲ့လည်းကောင်း ၊ တခြားပုဂ္ဂလိက ဘဏ်တွေနဲ့ လည်းကောင်း ဘာမှပတ်သက်ခြင်း မရှိပါဘူး။ အဲဒါတွေ မသိပါဘူးကျွန်တော် တို့ အနေနဲ့ Transparency ရှိတဲ့ official result ကိုပဲ တင်ပြတာ ဖြစ်ပါတယ်" ဟု ဖြေကြားခဲ့ခြင်း ဖြစ် သည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကလည်း မြန်မာနိုင်ငံတွင် နိုင်ငံခြား အရန်ငွေကြေး မှာ အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၏ ကြွေးမြီများကို အပြီး သတ် လျှော်မပေးခြင်းမှာ ၁၁ ဘီလျံကိစ္စဖြင့် လုံးဝမပတ်သက်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထားသော အကြွေးပြန် မဆပ်နိုင်လောက်အောင် ဆင်းရဲမွဲတေသည့် အဆင့်တွင် မရှိသည့်အ တွက် လျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

Eleven Media Group

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယမြောက် ဆွေးနွေးပွဲ ယနေ့ စတင်မည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီဝင်များ တက်ရောက်မည့် ရှမ်း၊ ကယား၊ မွန်ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိ ယ အဆင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွင် စတင်ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းရုံးချုပ်၌ စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် အရပ်ဘက်လူမှု အဖွဲ့ အစည်းများ၊ အစိုးရ အဖွဲ့များ စသည်ဖြင့် စုစုပေါင်းအဖွဲ့ ၅၂ ဖွဲ့နှင့် ဥပဒေ ပညာရှင်များကိုပါ ဖိတ်ကြား ထားကြောင်း သိရသည်။


"ဆရာ့ကို ၂၂ ရက်မှာ ဟောပြောပေးဖို့ ဖိတ်ထားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး တိုင်းရင်း သားတွေအတွက် တရားမျှတမှုရှိပြီး ဒီမိုကရေစီဆန်တဲ့ ဖွဲ့စည်းပုံတစ်ခု လိုအပ်တယ် ဆိုတဲ့အကြောင်း ဟောပြောမယ်" ဟု ဆွေးနွေးပွဲ တက်ရောက်မည့်သူ တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ရန်ကုန်မြို့တွင် ရှမ်းအမျိုးသား ကိုယ်စားပြု ပါတီများနှင့် အပစ်ရပ် အဖွဲ့များ ပါ ဝင်သော ပထမအဆင့် ဆွေးနွေးပွဲ၊ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကယား ပြည်နယ်မှ နိုင်ငံရေးပါတီ၊ အပစ်ရပ် အဖွဲ့များ ပါဝင်လာသော ဒုတိယအဆင့် ဆွေးနွေးပွဲများအဖြစ် ပြုလုပ် ခဲ့ပြီး ဖြစ်သည်။

ယခင်ပြုလုပ်ခဲ့သည့် အကြိမ်များ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုတတိယအကြိမ် ဆွေးနွေးပွဲကိုမူ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ဖြစ်မြောက်ရေး ကော်မတီ ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် ဆွေးနွေးပွဲတွင် ယုံကြည်မှု တည်ဆောက်မည့် အဖွဲ့များအဖြစ် ရှမ်း၊ ကယားနှင့် မွန်လက် နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး အင်အားစုများ ပါဝင်မည်ဖြစ်ပြီး ရခိုင်၊ ကရင်နှင့် ချင်းနိုင်ငံရေး အင်အားစု များလည်း လေ့လာသူများအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

(၂၅) နှစ်မြောက် NLD ပါတီ၏ ရှေ့ဆက်ရမည့် ခရီးတွင် အခက်အခဲများ ရှိနေဆဲဟု နာယက ဦးတင်ဦး ပြောကြား

စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်မည့် NLD ပါတီ၏ (၂၅) နှစ်မြောက် ငွေရတုပွဲ ပြီးနောက်တွင်လည်း ပါတီအနေနှင့် ရှေ့ဆက်ရမည့် ခရီးလမ်းမှာ ကြမ်းတမ်းဆဲ ဖြစ်သည်ဟု NLD ပါတီ၏ နာယက ဦးတင်ဦးက The Daily Eleven သို့ ပြောကြားသည်။


NLD ပါတီ၏ ငွေရတုပွဲကို ယခင်နှစ်များထက် ပိုမိုစည်ကား သိုက်မြိုက်အောင် လုပ်ဆောင်သွားမည် ဖြစ် သည်ဟု ဦးတင်ဦးက ဆက်လက်ပြောကြားသည်။ ဦးတင်ဦးက MRTV-4 က NLD ပါတီအား ကူညီရန် မေတ္တာရပ်ခံခဲ့သောကြောင့် ငွေရတုပွဲ ကျင်းပစဉ်အတွင်း ပြင်ပမှ ပရိသတ်များ တွေ့မြင်ခွင့်ရအောင် စီစဉ် မည်ဟုလည်း ပြောကြားသည်။

NLD ပါတီကို ၁၉၈၈၊ စက်တင်ဘာ ၂၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ၈၈ အရေးတော်ပုံမှ မွေးဖွားလာသည့် ပါတီတစ်ခုအဖြစ် ပြည်သူအားလုံးက အသိအမှတ် ပြုထားသည်။

မြို့နယ်နှင့် ပြည်နယ်ရုံးများတွင်လည်း ငွေရတု အထိမ်းအမှတ်ပွဲ ပြုလုပ်ကြရန် တိုက်တွန်းထားပြီး ငွေရတု သ၀ဏ်လွှာ ဖတ်ကြားလိုပါက NLD ပါတီရုံးချုပ်သို့ ဆက်သွယ်ရန်လည်း ဖိတ်ခေါ်ထားသည်။

NLD ပါတီ၏ ငွေရတုပွဲအတွက် အမှတ်တရ စာစောင်အဖြစ် လူငယ်အဖွဲ့များက ဦးဆောင်ပြီး ရန်ကုန်နှင့် မန္တလေးတွင် ထုတ်ဝေမည်ဟု သိရသည်။

NLD ပါတီ၏ သက်တမ်း ငွေရတုတိုင်ခဲ့သည့်အပေါ် နာယက ဦးတင်ဦးက "အခုအချိန်အထိ အသက်ရှူ မချောင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့ဘုတ်တွေပေါ်မှာ ဆန့်ကျင်ရေးသား နေကြတုန်းပဲ။ အဲဒီလူတွေ နားလည်လာအောင်လုပ်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ နောက်ပြီး ရခိုင်ကိစ္စပေါ့နော်။ ရခိုင်တွေက နည်းနည်းလူမျိုးရေး ပြင်းထန်တော့လေ။ အခုကိစ္စမှာ NLD ရဲ့ ရပ်တည်မှုက ပျော့တယ် ဘာ ညာ ပြောကြတယ်။ NLD ပါတီ အနေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေ နဲ့ ရပ်တည်တာဆိုတော့ လူ့အခွင့်အရေး အခြေခံပေါ်မှာ မျှမျှတတဖြစ်အောင် စဉ်းစားရတယ်။ သို့သော် ဥပဒေမဲ့ ၀င်လာတဲ့ အခါကျတော့ အဲဒါကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ရမည် ဆိုတာကို နားလည် လာအောင် လုပ်ဖို့လည်း ရှိတယ်။ ကောလာဟလတွေက ဘက်နှစ်ဖက်စလုံးကနေ ထွက်နေတော့ ပဋိပက္ခတွေ ဖြစ်ကြရတယ်။ အရင်၂၅ နှစ်ကတော့ တော်တော့်ကို ကြမ်းကြမ်းတမ်းတမ်း ရပ်တည်ခဲ့ရတယ်။ ပါတီ ဝင်တွေ အဖမ်းခံရတယ်။ တချို့တွေ အသက်ပေးသွားတယ်။ တချို့ဘ၀တွေ ပျက်သွားတယ်" ဟု ပြောကြား သည်။

NLD ပါတီကို ၁၉၈၈ စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းကာ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပသည့် ပါတီ စုံ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် နိုင်ခဲ့သော်လည်း ထိုစဉ်က အာဏာသိမ်းထားသည့် စစ် အာဏာရှင်များက အာဏာလွှဲအပ်ခြင်း မပြုခဲ့ပေ။ ထို့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အ ပါအ၀င် ပါတီဝင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ပါတီရုံးများကို ပိတ်ပစ်ခြင်း၊ ပါတီရုံးချုပ်အ တွင်း အကြိမ်ကြိမ် ၀င်ရောက်စီးနင်း ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၁၀ တွင်ပြုလုပ်သည့် ရွေးကောက်ပွဲအား NLD ပါတီက သပိတ်မှောက်ခဲ့ပြီး ၂၀၁၀ နိုဝင်ဘာ ၁၃ ရက် တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် ခဲ့ပြီးနောက်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး နောက် ၂၀၁၂ ဧပြီလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ NLD ပါတီ၏ ရွေးကောက်ပွဲ ကြွေးကြော်သံအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဟူ၍ ကြွေးကြော်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ကိုယ်စားလှယ် ၄၁ ဦး အနိုင်ရရှိခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအ တွက် စက်တင်ဘာလမှ စတင်ကာ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းကာ တိုင်းရင်းသား အဖွဲ့များနှင့် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသည်။

NLD ပါတီ၏ (၂၅) နှစ်မြောက်ခဲ့ပြီး နောက်ပါတီ၏ ရပ်တည်ချက် အနေနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မ တီမှ ဦးထွန်းထွန်းဟိန်က "အမျိုးသားဒီမိုကရေစီ အဖွဲ့အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ကန့်ကွက်တယ်။ အဲဒီအမြင်ကို အခုထိ မပြောင်းလဲပါဘူး။ ဒါကတော့ ကျွန်တော်တို့ အစဉ်တစိုက် လုပ်ခဲ့တဲ့ အလုပ်ပဲ ဖြစ်ပါ တယ်" ဟု ပြောကြားသည်။

Eleven Media Group

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ ကျူးကျော်များ တန်ဖိုးနည်းအိမ်ရာ လျှောက်ခွင့်ပေးရေးအတွက် ဆန္ဒပြ



ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်ရှိ ကျူးကျော် ပြည်သူများက ၎င်းတို့အား ဖယ်ရှားခြင်း မပြုဘဲ တန်ဖိုးနည်း အိမ်ရာ လျှောက်ခွင့်ပေးရေးအတွက် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ ကြောင်း သိရသည်။


အမှတ် ၆၇ ရပ်ကွက်ရှိ လူအင်အား ၆၀ ခန့်မှ ၎င်း တို့အား မပြောင်းရွှေ့ရေးနှင့် အိုးအိမ်မှ ကတိပေး ထားသည့်အတိုင်း အိမ်ရာလျှောက်ခွင့် ပေးရန် အတွက် ပိုစတာများကိုင်ဆောင်ပြီး ကြွေးကြော်သံများ ကြွေးကြော် ကာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

"ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေဟာ ပြောင်းရွှေ့ရမယ့် နေရာမှာ အဆင်မပြေနိုင်ဘူးဆိုတဲ့ အကြောင်းကို တင်ပြတာ ဖြစ်တယ်။ ၁ လပိုင်း ၂ ရက်က သူတို့ကနေ ကျွန်တော်တို့ကို ပေးထားတဲ့ ကတိ ကလစ်လပ်တဲ့ နေရာလေးတွေမှာ တဲတန်းလျားထိုးပြီး နေထိုင်ဖို့ လုပ်ပေးမယ်။ တိုက်ခန်းပြီးတာနဲ့ တိုကိခန်းလျှောက်ခွင့် ပေးမယ်။ အလုပ်တွေလည်း ၀င်လုပ်ပါ။ လခပေးမယ်။ နေ့စားခ ပေးမယ်ဆိုပြီး ပြောထား တာ။ အဲဒီလို ပေးထားတဲ့ ကတိကို မတည်ဘဲနဲ့ မင်းတို့ပြောင်းတော့ဆိုပြီး နို့တစ်စာပေးတာ ငါးကြိမ်ရှိပြီ။ ၁ လပိုင်းတုန်းက အိုးအိမ်အပါအ၀င် ဌာန ၁၁ ခုက ကျွန်တော်တို့ကိုခေါ်ပြီး ကတိပေးခဲ့တာ" ဆန္ဒပြရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးအေးကိုက ပြောကြားသည်။

ပြောင်းရွှေ့သူများအား ၁၀ ပေ၊ ပေ ၆၀ မြေကွက်အား တစ်နှစ်နေထိုင်ခွင့်နှင့် ကျပ်ငွေနှစ်သိန်းပေးကြောင်း သိရပြီး၊ ပြောင်းရွှေ့သွားသူများမှာ အိမ်ခြေ ၅၀ ခန့်ရှိကြောင်း သိရသည်။

"ပြောင်းရမယ့် အိမ် ၄၀၀ ကျော်မှာ ကျန်နေတာက ၅၀ လောက်ပါ။ အဲဒီကျန်နေတဲ့ သူတွေက ၁၅ နှစ်၊ နှစ် ၂၀ နေလာတဲ့ သူဟောင်းတွေ ဖြစ်တယ်။ တန်ဖိုးနည်း အိမ်ရာမှာ ကျွန်တော်တို့ကို ဦးစားပေးစနစ်နဲ့ နိုင်တဲ့ အနေအထားမျိုးဖြစ်အောင်၊ တန်ဖိုးနည်း အိမ်ရာမှာ ဆင်းရဲသားတွေ နေနိုင်အောင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ လုပ်ပေးစေချင်တယ်။ အရစ်ကျဆိုလည်း အဆင်ပြေအောင် လုပ်ပေးစေချင်တယ်" ဟု ဦးအေးကိုက ပြော ကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ ရတနာ၊ ဧရာဝဏ် အထပ်မြင့် အိမ်ရာစီမံကိန်းကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

Eleven Media Group

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်



ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး ၂၆ လမ်း တွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် စတင် သတ်မှတ် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင် ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း တွင် Daily Eleven သတင်းစာသို့ ပြောကြား ခဲ့သည်။


ယာဉ်မရပ်ရ လမ်းများအဖြစ် သတ်မှတ်ခဲ့သည့် လမ်း များမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာ လမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီ လမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားဂရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်း လမ်းနှင့် အောက်ပုဇွန်တောင်လမ်းမကြီးများဖြစ်ပြီး၊ ယင်းလမ်းမကြီးများတွင် ယာဉ်များခေတ္တ ရပ်နားခြင်း မှအပ ရပ်နားခြင်း မပြုကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ "အခုလိုမျိုး လမ်းမကြီး ၂၆ လမ်းမှာ ယာဉ်မရပ်ရ ဇုန်အဖြစ် ရာသက်ပန် သတ်မှတ် ရခြင်း အဓိက အကြောင်းရင်းကတော့ ယာဉ်ကြောတွေ ကျပ်တည်းပြီးတော့ ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ပါ တယ်။ ဒါ့အပြင် အဲဒီလမ်းမကြီးတွေပေါ်မှာ ရပ်နားတဲ့ယာဉ်တွေကို စတင်အရေးယူ နေပါပြီ" ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြား ခဲ့သည်။

"ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ တော်တော်ဆိုးနေပြီ။ ကားပါကင် မရှိတော့ လမ်းပေါ်မှာ ကားတွေ ရပ်ပြီး ကားတွေပိတ်နေရတာ။ အဲဒီထဲမှာ စည်းကမ်းမဲ့ ရပ်ထားတဲ့ ကားတွေကြောင့်လည်း ပါတာပေါ့။ ဒါ ပေမဲ့ ယာဉ်ရပ်နား စခန်းတွေဖော်ပြီး စည်းကမ်းမဲ့ ကားတွေကိုလည်း ပိုတင်းကျပ်မယ်ဆိုရင် လမ်းပေါ်က ကားကျပ်တာလည်း အထိုက်အလျောက် လျော့နည်းနိုင်ပါတယ်" ဟု မြို့ပြသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို (၁၉၆၄) ခုနှစ် မော်တော် ယာဉ် နည်းဥပဒေဖြင့် အရေးယူ သွားမည့်အပြင် စီမံချက် ဒဏ်ငွေဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးထံမှ သိရသည်။

Eleven Media Group

ရွာသားများ က ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အား တစ်ရာကျော်ဖြင့် သွားရောက်ကယ်တင်



လယ်ယာမြေပြဿနာမှ အစပြု၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသား များ ပဋိပက္ခဖြစ်ပြီး ရွာသားများက ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ ၀င်များကို ရဲအင်အား တစ်ရာကျော်ဖြင့် သွားရောက်ကယ်တင် ခဲ့ရသော ဖြစ်စဉ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့-


ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ၀ရမ်းထုတ် ထားသည့် ရွာသားခြောက်ဦးကို ရွှေသွင်းကုန်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ရွာသားအင်အား သုံးရာခန့်က ပြန် လည်ဝိုင်းရံကာ အဆိုပါရဲတပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိ မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

“ရွာသားတွေက အင်အားအရမ်းများပြီး မင်းတို့ကို ပြည်သူတွေဝိုင်းထားပြီ။ လက်နက်ချ ပါလို့ ပြောတာ။ ရဲအရာရှိတွေကိုပါ ကြိုးတွေနဲ့ တုပ်ထားတာပါ” ဟု အထက်ပါ ရဲအရာရှိ က ပြောသည်။

“ကျွန်တော့်ကို ဧည့်စာရင်းစစ်တယ်ဆိုပြီး ရဲနဲ့လူ ၃၀ ကျော်လောက်က အိမ်ပေါ်တက် လာတယ်။ လည်ပင်း ကို လေး၊ ငါး ယောက်လောက်ကနင်းပြီး လက်ထိတ်ခတ်ခဲ့ပါတယ်”ဟု စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း အထိ လက်ထိတ်တန်းလန်းဖြင့်ရှိနေသူ ကိုဇော်လတ် က ပြောကြားသည်။

၎င်း၏ဇနီးနှင့် သမီးတို့က အော်ဟစ်သောကြောင့် ဓားပြတိုက်သည် အထင်ဖြင့် ရွာသားများ ၀ိုင်းအုံလာ ကြရာ ရဲတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြကြောင်း ၀ဲကြီးရွာသားအချို့ထံမှ သိရသည်။

ဖမ်းဆီးခံထားရသော ရဲအရာရှိအချို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးနေပြည်တော် ခုတင် တစ်ထောင် ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုတစ်စုံတရာ မပြုခဲ့ကြောင်းေ ဒသခံရွာသားများထံမှ သိရသည်။

“တရားခံအိမ်ကိုဝင်ပြီး ဖမ်းတာမှာ ဓားပြတိုက်နေပြီလို့ အိမ်ရှင်ကအော်တော့ ရွာသား သုံးရာကျော်လောက် ၀ိုင်းပြီး ရဲတွေကို ဖမ်းချုပ်တာပါ။ ဖမ်းမိထားတဲ့ တရားခံတွေကိုလည်း ပြန်လုသွားပါတယ်”ဟု ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Credit : http://www.yeyintnge.com/2013/09/blog-post_3844.html#.Uj0LT1MR8YI

မြန်မာနိုင်ငံရေးဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လမ်းဆုံ

၈၈-အရေးတော်ပုံပြီးတော့ သမ္မတ ဒေါက်တာမောင်မောင်ကို လွယ်လွယ်လေးနှင့် ဖြုတ်ချ- ဗိုလ်ချုပ်ကြီး နေ၀င်း၏ တပ်မတော်ကို အာဏာသိမ်းလိုက်သော ဗိုလ်ချုပ်မှူးကြီးစောမောင်-ဗိုလ်ချုပ်ကြီးခင်ညွှန့် - ဗိုလ်ချုပ်ကြီးတင်ဦး-ဗိုလ်ချုပ်ကြီးမျိုးညွှန့် တို့ တပ်မတော်က လက်နက်မဲ့ ပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး နိုင်ငံတော်အာဏာကို ရယူထိမ်းချုပ်လိုက်သည် ။


ထောင်ထဲ ဖမ်းပို့ သည် ။ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးသည် ။ မဆလပါတီကို ဖျက်သိမ်းသည် ။ တော်လှန်ရေးကောင်စီအစိုးရကို ဖျက်သိမ်းသည် ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့ စည်းသည် ။ ယင်းအဖွဲ့ သည် ကောင်စီမဟုတ်-ပါတီမဟုတ် ။ မဆလ၏ အကြွင်းအကျန်ကို လုံးဝမလိုလား သော သူတို့ လူသိုက်က -၁၉၉၃-ခုနှစ်တွင် ညောင်နှစ်ပင်ညီလာခံဟု ခေါ်သော အမျိုးသားညီလာခံကို ကျင်းပသည် ။

၎င်းကျင်းပသောအမျိုးသားညီလာခံတွင် -၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော နိုင်ငံရေး ပါတီများ တက်ရောက်ကြသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ညီလာခံတက်နေရင်းမှ နုတ်ထွက်ခဲ့ သည် ။ ၁၉၉၃-ခုနှစ်မှ ၂၀၀၈-ခုနှစ်ထိ -၁၅-နှစ်တိုင်တိုင် ကြာမြင့်စွာ ရေးဆွဲခဲ့ ရသော ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပါတီစုံရွေးကောက်ပွဲနှင့်အတူ ပေါ်ထွက်ခဲ့ သည် ။ ပြည်ပတွင်မူ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ-မူကြမ်း-စာအုပ်သည် ပြည်ထောင်မြန်မာနိုင်ငံအမျိုးသားကောင်စီ မှ ရေးဆွဲထုတ်ဝေဖြန့် ချီသည်မှာ -၃-အုပ်မြောက်ထွက်ဖြစ်ခဲ့ သည်ဟု ထင်သည် ။

ထို့ ကြောင့် မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု ပြောဆိုနေကြသော မြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် လက်ရှိအချိန်ကာလတွင် -၄-အုပ်တိတိ ရှိနေသည် ။ ပြည်ပမှ ရေးသားထုတ်ဝေဖြန့် ချီထားသော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ-မူကြမ်း-ကို တရားမ၀င်အဖွဲ့ အစည်းမှ ရေးသား ထုတ်ဝေဖြန့် ချီခြင်းဟု ပြော၍မရ ။ ယင်းသို့ ပြောလျှင် ညောင်နှစ်ပင် ညီလာခံဖွဲ့ စည်းပုံဟူ၍ အခြား တစ်ဖက်က ပြောနေမည်ဖြစ်သည် ။ ယေဘူယျပြော၍ရသော်လည်း စင်စစ်အားဖြင့် ၄င်းစာအုပ်များသည် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးသော စာအုပ်စာတမ်းများ ဖြစ်၍ လျှစ်လျှူမပြုသင့်ဟု မြင်သည် ။

ယခုအချိန်တွင် ပြည်သူ့ လွှတ်တော်၌ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကျမ်းသာစ္စာကျိန်ဆိုပြီး တက်ရောက်နေသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ရှိကြသည် ။ လွန်ခဲ့ သော-၂-နှစ်တာ ပြည်သူ့ လွှတ်တော်တက်ရောက်နေခဲ့ သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များသည် နောက်လာမည့်-၂-နှစ်ကာလအတွင်း ဖွဲ့ စည်းအုပ်ချုပ်အခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ရန် ကြိုးစားနေကြသည် ။ တိကျစွာပြောရလျှင် ယခုတက်ရောက်နေသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဝက်ခန့် သည် -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ တစ်ဝက်ခန့် ကို ပြင်ဆင်ပြောင်းလဲ လိုကြချင်သည်ဟု ထုတ်ဖေါ်ပြောဆိုနေကြပြီးဖြစ်သည် ။

သို့ သော် ပြည်သူ့ လွှတ်တော်အတွင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များက ရာခိုင်နုံးများစွာ ရှိနေသောကြောင့် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံသည် ပြင်ဆင်ခြင်း ပြောင်းလဲခြင်းများကို အခြား လွှတ်တော်ကိုယ်စားလှယ်များက ရေရေရာရာ ပြုလုပ်နိုင်စွမ်း မရရှိကြ ။ ထို့ ကြောင့် ယခုအခါ ဖွဲ့ စည်းပုံအခြေခံ ဥပဒေသုတေသနပြုရေး ကော်မီတီ တစ်ခုကို လွှတ်တော်မှ ဖွဲ့ စည်းထားသည်ဟုလည်း သိရှိရသည် ။ တစ်ချိန်တည်းမှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဆောင်ကာ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြုလုပ်နိုင်ရန်အတွက် အပါတ်စဉ် စနေနေ့ တိုင်း ပါတီများမှ တွေ့ ဆုံဆွေးနွေးနေကြသည်ဟု ကြားသိရသည် ။ မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲရန် သို့ မဟုတ် ဖြည့်စွက်ရန် လိုအပ်ပါ သလားဆို သည်ကို ရှေးဦးစွာ ဆန်းစစ်ရမည်ဖြစ်သည် ။ စောစောပိုင်းက တင်ပြခဲ့ သလို စစ်အစိုးရသည် -၁၅-နှစ်တိုင်တိုင် ရေးဆွဲထားသည်ကို ဂရုပြုရန်လိုသည် ။ သို့ အတူ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း ဂရုပြုရန် လိုသည်ဟု ပြောချင်သည် ။ အဘယ့်ကြောင့်ဆိုသော် ဖွဲ့ စည်းပုံအခြေခံဥပဒေကို တလတည်းနဲ့  ရေးဆွဲလို့ ရတယ် ဆိုသော အဓိပ္ပယ် မရှိသည့် စကားမျိုးဖြင့် ပြောကြားနေကြသည်ကို မြန်မာနိုင်ငံသားတို့ အနေဖြင့် အထူးသတိပြုကြမည့် အချိန်ဖြစ်သည် ။

နိုင်ငံတစ်နိုင်၏ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လွန်စွာ အရေးကြီးသည့် နိုင်ငံရေးလမ်းပြ အသက်သွေးကြောဖြစ်သည် ။ ၄င်းအသက်သွေးကြောဖြစ်သော နိုင်ငံ၏ အရေးအရာအား စစ်အစိုးရကို မထီမဲ့ မြင်ပြောလို၍ တစ်လနဲ့ ရေးဆွဲမည်ဟု ပြောဆိုသောစကားများမှာ လွန်စွာအရုပ်ဆိုးလှသည် ။ ယခုအချိန်တွင် လွှတ်တော်တွင်း ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေ့လာရန် ဖွဲ့ စည်းထားသော အဖွဲ့ မှာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ရေးဆွဲရန် သို့ မဟုတ် ပြင်ဆင်ဖြည့်ထည့် ရေးဆွဲရန် ဖွဲ့ စည်းထားသော ကော်မီတီမဟုတ် ချေ ။

တစ်ချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီ -၆-ပါတီမျှနှင့် အပါတ်စဉ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်ရေးဆွဲရန် တွေ့ ဆုံဆွေးနွေးနေကြသည် ဆိုခြင်းမှာလည်း ယုတ္တိမတန် သော လုပ်ရပ်များဖြစ်နေသည်ဟု မြင်သည် ။ ၄င်းတို့ အပါတ်စဉ်တွေ့ ဆုံနေကြသော အဖွဲ့ ကိုကြည့်လျှင် ယခင်က ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို ဖွဲ့ စည်းပြီး အပါတ်စဉ် တွေ့ ဆုံဆွေးနွေးနေကြပါသည်ဆိုသော ပြောဆိုနေခြင်းဖြင့် နှစ်ပေါင်း-၂၀-ကို ဖြတ်သန်းလာခဲ့ ကြသူများပင်ဖြစ်သည် ။ နှစ်-၂၀-သာကျော်ခဲ့ သည် ။ ဘာမျှ အလုပ်မဖြစ်၍ ခုတော့ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီသည်လည်း မရှိတော့ ။

ယခုအချိန်တွင် မြန်မာနိုင်ငံအတွက် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန် ရေးဆွဲခြင်းသို့ မဟုတ် ပြင်ဆင်ဖြည့်စွက်ခြင်းကို ၄င်းကဲ့ သို့  ပြုလုပ်နေ၍ မည်သို့ မျှ အလုပ်မဖြစ်ပေ ။ အသစ်ပြန်ရေးဆွဲခြင်းသည်၎င်း ပြင်ဆင်ဖြည့်စွက်ခြင်းသည်၎င်း မြန်မာနိုင်ငံအတွက် အသက်သွေးကြော တမျှ အရေးကြီးလျှင် လက်ခံပြုလုပ်ပေးကြရန်သည် ရှိသည် ။ ၄င်းကဲ့သို့ ရေးဆွဲသည့်အခါ ပြည်ပမှ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီတွင် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ သော ရှေ့နေဦးအောင်ထူးတို့ လို ပုဂ္ဂိုလ်များအား ဖိတ်ခေါ်ရေးဆွဲရန်သင့်သည် ။

ထူးခြားမှုတစ်ခုကား မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မနှစ်သက်ဟု ပြော ဆိုနေကြသောသူများအနေဖြင့် မိမိတို့ ၏ ဖွဲ့ စည်းပုံအခြေခံဥပေဒကား ဤသို့ ပါဟု လက်ဆုပ်လက် ကိုင် ပြစရာ ဘာတစ်ကြောင်းမျှရေးသားပြမည့်အရာမရှိ။ မူလတန်းကျောင်းသားလေးတွေ သုံးသော ကျောင်းသုံး စာရွက်၌ပင် မှတ်မှတ်သားသား ရေးသားထားပါသည်ဟု ပြောဆိုပြသစရာမရှိဟုပင် ထင်သည် ။ 

ယုတ်စွအဆုံး ( ၅၉-စ ) သည် သမ္မတဖြစ်ချင်ရှာသော ဒေါ်အောင်ဆန်းစုကြည်အတွက် ပြောင်းလဲပေးရန် လိုအပ်သော ဥပဒေပုဒ်မ္မဟု ပြောဆိုနေကြသော်လည်း ၄င်းဥပဒေကို ဥပဒေစာကြောင်းအရ ရေးသား ထုတ်ပြန် နေခြင်းများကို မတွေ့ ရသေး ။

မည်သို့ ပင်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလမ်းဆုံသည်ကား ယခု အချိန်တွင် ရောက်ရှိနေပြီဖြစ်ရာ ဤဥပဒေမကောင်းဆိုလျှင် ကောင်းမွန်သော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ချပြကြပါတော့ဟု ပြောဆိုရုံသာ ရှိတော့သည် ။။။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

Credit : www.yeyintnge.com/2013/09/blog-post_20.html#.Uj0LVFMR8YI