Friday, September 20, 2013

သိန်း ၅၀ ဖြင့် လူငှား၍ သတ်ခိုင်းသဖြင့် စတိုးဆိုင်အတွင်း ၀င်ရောက်ကာ ဓားဖြင့် ထိုးခဲ့သူနှင့် ပါဝင်သူများကို ဖမ်းမိ



တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက်ရှိ စတိုး ဆိုင် တစ်ဆိုင်တွင် အသက် (၅၀) ကျော် အရွယ်ရှိ ဒေါ်မြင့်မြင့်ရှိန်အား အမည်မသိ အမျိုးသားက ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားခဲ့ရာ ကျူးလွန်သူများ ကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ကျပ်သိန်း ၅၀ ဖြင့် လူငှားကာ သတ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။


အထောက်အထားနှင့် ရှာဖွေ တွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူများ ဖြစ်သည့် ကြေးစားဖြစ်သူ မြင့်အေး (လိပ်စာ အတည်တကျ မရှိသူ)နှင့် ဒါးပိန်မြို့ နေသူများဖြစ်သည့် စီစဉ်ပေးသူ လှမောင်၊ ငွေပေး စေခိုင်းသူ သားအဖ ဖြစ်သည့် ဦးပေါက် (ခ) မြင့်လွင်၊ ကိုဇင်သန့် (ခ) ဇင်သန့်အောင်တို့ လေးဦးအား စက်တင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ကျူးလွန်သည့်နေ့က အသုံးပြုသော စူပါရုဗင် အငှား ယာဉ် နှင့် အခြား ဆက်စပ် သက်သေခံပစ္စည်း များအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဒေါ်မြင့်မြင့်ရှိန်နှင့် ၎င်း၏ ခဲအိုဖြစ်သူ မြင့်လွင် တို့သည် စားသောက်ဆိုင်ကိစ္စ စကားများကာ တောင်ဥက္က လာပမြို့နယ်တရားရုံးတွင် အပြန်အလှန် အမှုရင်ဆိုင် နေရကြောင်း သိရသည်။ ခဲအိုဖြစ်သူ မြင့်လွင်နှင့် သားဖြစ်သူ ဇင်သန့်အောင်တို့မှာ အမှုရှုံးမည်ကို စိုးရိမ်သောကြောင့် မြင့်လွင် နှင့် ညီအစ်ကို ၀မ်းကွဲတော် စပ်သူ လှမောင်နှင့် တိုင်ပင်ပြီး လှမောင်က လူငှားသတ်ရန် အကြံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လှမောင်က ကြေးစားဖြစ်သူ မြင့်အေးနှင့် ဆက်သွယ်ပေးခဲ့သည်။ ထို့ကြောင့် ထောက်ကြန့် လမ်း ဆုံအနီးရှိ ဘီယာဆိုင်တွင် မြင့်လွင်၊ ဇင်သန့်အောင်နှင့် ကြေးစားဖြစ်သူ မြင့်အေးတို့ တွေ့ဆုံခဲ့ကြောင်း ဒေါ် မြင့်မြင့်ရှိန်အား သတ်ရန်အတွက် ငွေကျပ် သိန်း ၅၀ ဖြင့် ဈေးသတ်မှတ်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ စရန်ငွေအဖြစ် ငွေကျပ် လေးသိန်းအား နှစ်ခါ ခွဲပေးခဲ့ကြောင်း ဒေါ်မြင့်မြင့်ရှိန် နှင့် ၎င်း၏ ဈေးဆိုင်ကို မှတ်မိစေရန် မြင့်အေးအား နှစ်ကြိမ် လိုက်လံပြသ ပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်သော နေ့တွင်လည်း ဇင်သန့်အောင်က ၎င်းပိုင် စူပါရုဗင် အငှားယာဉ်အား မောင်းနှင်ကာ တောင် ဥက္ကလာပမြို့နယ်၊ နန္ဒ၀န်ဈေးရှေ့၊သုမင်္ဂလာလမ်းပေါ်တွင် မြင့်အေးအား သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း ။ဇင်သန့်အောင်မှ လမ်းတွင် ၎င်း၏ ယာဉ်နံပါတ်ကို တိပ်ဖြင့် ကပ်အုပ် ထားခဲ့ကြောင်းနှင့် ဒေါ်မြင့်မြင့်ရှိန် နေထိုင်သည့် စတိုးဆိုင်အနီးသို့ မြင့်အေးအား ပို့ဆောင် ပေးခဲ့ကာ လှမောင်နှင့် ဇင်သန့်အောင်တို့မှာ ယာဉ် ပေါ်၌ အသင့်စောင့်နေခဲ့ကြကြောင်း သိရသည်။

ကနဦးဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် ည ၁၀ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ မေတ္တာလမ်းနေ ဒေါ်မြင့်မြင့်ရှိန်သည် နေအိမ် စတိုးဆိုင်အတွင်း ရှိနေစဉ် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုး ကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး ဒေါ်မြင့်မြင့်ရှိန်မှာ ရင်အုံအောက်ဘက်တွင် နှစ်ချက်၊ ချိုင်းအောက်တွင် တစ်ချက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ '' ကျူးလွန်သွားတဲ့ သက်သေခံ ပစ္စည်းကတော့ ဓားပါ။ သူတို့ရဲ့ တရားရင်ဆိုင်နေရတဲ့ ပြဿနာကိစ္စကတော့ မိသားစုပိုင် စားသောက်ဆိုင် အမွေကိစ္စကြောင့်လို့ စစ်ဆေး သိရှိရပါတယ် ''ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး မြင့်အေးက စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြား ခဲ့သည်။

 ဖြစ်စဉ်တွင် အသုံးပြုခဲ့သောယာဉ်နှင့် ကျူးလွန်သူ များကို တွေ့ရစဉ် 
(ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့)

Eleven Media Group

ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုး ထုတ်လုပ်မှု နှစ်စဉ် မြင့်တက်နေပြီး ပေါက်မြို့ တစ်မြို့တည်း၌ပင် ဗာဂျီးနီးယား ဆေးပေါင်း လုပ်ငန်း ၂၀၀ ကျော်ခန့်ရှိနေ



မြန်မာနိုင်ငံတွင် ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုး ထုတ်လုပ်မှု နှစ်စဉ် မြင့်တက်လျှက် ရှိကြောင်း ဆေး လိပ်နှင့် ဆေးရွက်ကြီး ကြော်ငြာခြင်း၊ အရောင်း မြှင့်တင်ခြင်း၊ ပံ့ပိုးခြင်း၊ တားမြစ်ခြင်း ဆိုင်ရာ အလုပ် ရုံ ဆွေးနွေးပွဲတွင် ဖြန့်ဝေခဲ့သည့် အချက် အလက် များအရ သိရသည်။


ထို့ပြင် ပြည်တွင်း၏ အဓိက ဗာဂျီးနီးယားဆေးပေါင်း လုပ်ငန်းများ လုပ်ကိုင်သည့် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့တစ်မြို့တည်း ၌ပင် ဆေးပေါင်းလုပ်ငန်း ၂၀၀ ကျော် ခန့် ရှိနေကြောင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီး ထုတ်လုပ်မှုနှင့် ဆေးပေါင်း ရုံများကြောင့် သစ်တော ပြုန်းတီးမှု လျှော့ချနိုင်ရန် ဆောင်ရွက်နေသည့် ပေါက် မြို့နယ်မှ ကိုရဲထွန်းနောင်၏ ပြောကြားချက်အရ သိရသည်။

မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့ အတွင်း၌ ဗာဂျီးနီးယား ဆေးပေါင်းလုပ်ငန်း လုပ်ကိုင်သည့် ဆေးရုံပေါင်း ၂၂၆ ရုံရှိသည့် အနက် ကုမ္ပဏီပိုင် ၁၃၅ ရုံနှင့် ပုဂ္ဂလိကပိုင် ၉၁ ရုံခန့် ရှိနေပြီး ယင်းဒေသရှိ ဆေးပေါင်း ရုံများမှာ ထင်းကို အသုံးပြုပြီး ဆေးပေါင်းကြခြင်း ဖြစ်သည့်အတွက် သစ်တောပြုန်းတီးမှု ပြဿနာများနှင့် ရင်ဆိုင် နေကြရကြောင်းလည်း သိရသည်။

ထို့ပြင် ပေါက်မြို့၏ ဆေးပေါင်း လုပ်ငန်းများကို အခြေချ လာရောက် လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ RPMM ဖြစ်ပြီး မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ လက်ခွဲ ကုမ္ပဏီတစ်ခု ဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ထုတ်ပြန် ခဲ့ပြီးဖြစ်သည့် စာရင်းများနှင့် သုတေသနများအရ ၁၉၆၀ နောက်ပိုင်းကာလတွင် လူအများ သိခဲ့သည့် ဒူးယား၊ ခပေါင်း စီးကရက်များ စတင် ထုတ်လုပ်စဉ်က နှစ်စဉ် စီးကရက် အလိပ်ရေ သန်း ၅၀၀ မှ ၁၀၀၀ ၀န်းကျင် ရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေး ပွင့်လင်းလာမှုကြောင့် နှစ်စဉ် စီးကရက် အလိပ်ရေ သန်း ၂၅၀၀ မှ ၃၀၀၀ ကျော် ထုတ်လုပ် လာကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၌ ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးမှု နှစ်စဉ် တိုးတက်လာပြီး ယင်းဆေးရွက်ကြီးကိုပင် ပြည်ပမှ တင်သွင်း မှုသည်လည်း တန်ချိန်မှ ၂၀၀၀ မှ ၇၀၀၀ ကျော် အထိ တိုးမြှင့် တင်သွင်း လာကြောင်း လည်း သိရသည်။

မြန်မာနိုင်ငံတွင် စီးကရက် လိပ်ရေ သန်းထောင်ချီ ထုတ်လုပ်သော်လည်း ပြည်ပ ပို့ကုန်အဖြစ် ထုတ်လုပ် ခြင်းက ပိုများကြောင်း ပို့ကုန် စာရင်းများအရ သိရသည်။ ထို့ပြင် သန်းထောင်ချီ ထုတ်လုပ်ပေးနေသော ပြည်တွင်းစက်ရုံ များကို နိုင်ငံပိုင် စက်ရုံများမှ ပုဂ္ဂလိက စက်ရုံများအဖြစ် တစ်ဆင့်လွှဲ၍ ဆောင်ရွက်သကဲ့သို့ အသစ်ထပ်မံ တည်ဆောက်ထားသည့် စက်ရုံများလည်း ရှိနေသေးကြောင်း သိရသည်။

 မကွေးတိုင်းဒေသကြီး အတွင်းရှိ ဗာဂျီးနီးယားဆေးပေါင်းရုံ တစ်ရုံအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

Eleven Media Group

အရက်၊ ဘီယာ ဖြန့်ဖြူးနေသည်ဟု သတင်းပေးမှုအရ GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့အဖြစ် ထပ်မံရှာဖွေရာတွင် နိုင်ငံခြားဖြစ် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် စစ်ဆေးတွေ့ရှိ



အရက်၊ ဘီယာများ ဖြန့်ဖြူးနေသည်ဟု သတင်းပေး ထားသော GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့ အဖြစ် စက်တင်ဘာ ၁၉ ရက်က ထပ်မံရှာဖွေရာ တွင် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် တွေ့ရှိ ခဲ့ကြောင်း သိရ သည်။


ယင်းသို့ ရှာဖွေရခြင်းမှာ အိမ်သုတ်ဆေး၊ လူသုံးကုန် ပစ္စည်းနှင့် ပိုက်များအား အဓိကထား တင်သွင်း ဖြန့်ဖြူး နေသည်ဟု ဆိုထားသော GMG ကုမ္ပဏီမှာ အရက်နှင့် ဘီယာများ တင်သွင်းဖြန့်ဖြူး နေသည်ဟု စက်တင် ဘာ ၁၇ ရက်က သတင်းပေးပို့မှု တစ်ခုရရှိပြီးနောက် Mobile Team အဖွဲ့မှ ၀င်ရောက်ရှာဖွေရန် စက်တင် ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်မှစ၍ ၎င်းစက်ရုံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအဖွဲ့တွင် Mobile Team မှ တာဝန်ရှိသူများ၊ အကောက်အခွန်မှ တာဝန်ရှိသူများ၊မြို့နယ်အုပ်ချုပ် ရေး မှူးရုံး အဖွဲ့ဝင်များနှင့် ခရိုင်ရဲတပ်ဖွဲ့အဆင့်နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှ စုစုပေါင်း အင်အား ၄၀ ခန့် ဖြင့် ရှာဖွေခဲ့ကြောင်း သိရသည်။

ရှာဖွေရေး အဖွဲ့များမှ စက်တင်ဘာ ၁၈ ရက်တွင် ဂိုဒေါင်တစ်လုံးသာ ရှာဖွေစစ်ဆေးနိုင်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင်မူ ကုမ္ပဏီရှိ ဂိုဒေါင်များအားလုံးကို စစ်ဆေးနိုင်ခဲ့ရာတွင် ခြောက်ခုမြောက် စစ်ဆေးခဲ့သော ဂိုဒေါင်၏ အနောက်ဘက်တွင် အရက်ပုလင်းဟောင်းများကို တွေ့ရှိခဲ့ကြောင်း Mobile Team အဖွဲ့မှ သိရသည်။

ရှာဖွေတွေ့ရှိခဲ့သော အရက်ပုလင်း ဟောင်းများအား ခြင်းများနှင့် ဖာတောင့်များအတွင်း ထည့်ထားသည်ကို တွေ့ရှိရပြီး အိန္ဒိယနိုင်ငံထုတ် Tiger တံဆိပ်ပါပုလင်း အလုံး ၆၀၊ ပုလင်းပြား ၃၈၂၉၆ ပြားနှင့် Bonus ၀ီစကီ အမည်ဖြင့် ပုလင်း ၂၀ ကျော်ခန့် ဖြစ်ကြောင်း သိရသည်။

''ဒီအချက်အလက်တွေကို အထက်ကို တင်ပြသွားမယ်။ ပြီးမှဘာဆက် လုပ်သွားမယ်ဆိုတာ သိရှိနိုင်မယ်'' ဟု Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းအရက် ပုလင်းများမှာ မိမိတို့ တင်သွင်းခြင်း မဟုတ်ကြောင်း၊ လွန်ခဲ့သော နှစ် ၂၀ ခန့် ကတည်းက အရက်ပုလင်းများအား ကုမ္ပဏီတစ်ခုမှ လာရောက် အပ်နှံထားခြင်း ဖြစ်ကြောင်း GMG ကုမ္ပဏီ၏ ပိုင်ရှင် ဖြစ်သူထံမှ သိရသည်။

လက်ရှိတွင် GMG ကုမ္ပဏီ၏ ပစ္စည်း အထုတ်၊ အသွင်းအား ကန့်သတ်ထားပြီး Mobile Team၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနများနှင့် စုစည်းပြီး လုံခြုံရေးယူ ထားကြောင်း သိရသည်။

Eleven Media Group