Thursday, September 19, 2013

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံး ယာယီရပ်ဆိုင်းထား



ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင် လက်နက်ကိုင် အဖွဲ့အားလုံးက ယာယီရပ်ဆိုင်း ထားကြောင်း သိရသည်။


လက်ရှိအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အခြေအ နေပေါ် မူတည်၍ မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်ကို လုပ်ဆောင် သွား မည်ဖြစ်ပြီး လတ်တလော အ နေဖြင့် KNU ထိန်းချုပ်နယ်မြေ များတွင် မြေမြှုပ်မိုင်း ရှင်းလင်းရန် အစီအစဉ် မရှိသေး ကြောင်း တရားဝင် ပြောကြားထားသည်။

ထို့အတူ ယခင် DKBA ကလို့ထူးဘော ကရင်အမျိုးသား တပ်မတော်ကလည်း မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်ကို ယာယီရပ်နား ထားကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ပြည်သူလူထုများ စိတ်ချမ်းသာစွာ သွားလာလုပ်ကိုင် နိုင်ရေးအတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေးကို လုပ်ဆောင်လိုသော်လည်း အခြားသော နိုင်ငံရေး ကိစ္စရပ်များကြောင့် မြေမြှုပ်မိုင်း ရှင်း လင်းရေး အစီအစဉ်ကို ပြန်လည် မစတင်နိုင်သေးကြောင်း ကလို့ထူးဘော ကရင်အမျိုးသား တပ်မတော်မှ ဗိုလ်ကြီးသရီးတူးက ပြောကြားသည်။

''စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းတွေ အရမ်းအန္တရာယ် များပါတယ်။ ထိလည်းကွဲ၊ ခလုတ်တိုက်လည်းကွဲ၊ တက်၏ နင်း မိလည်း ကွဲတယ်။ မိုင်းရှင်းလင်းရေးလုပ်တော့ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ယောက်နဲ့ ဒုဗိုလ်တစ်ယောက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ခုနားထားတာ ဒဏ်ရာရရှိမှုနဲ့ မသက်ဆိုင်ပါဘူး။ ၂၀၀၈ ဖွဲ့ စည်းပုံ ဥပဒေကိုလည်း ပြင်မယ်။ လွှတ်တော်အပေါ်မှာ ဘယ်သူမှ မရှိဘူးဆိုရင် အသက်ကို ပဓာနမထားဘဲ ဖော်ထုတ်ဖို့ ၀န်မလေးပါဘူး။ ကရင်အမျိုးသား တပ်မတော်အနေနဲ့ အသက်စွန့်ပြီး ဒီစွန့်လွှတ်မိုင်းတွေ ဖော် ထုတ်ဖို့ ဆုံးဖြတ်ပြီးသားပါ'' ဟု မြေမြှုပ်မိုင်း ရှင်းလင်းရေးတွင် ပါဝင်ခဲ့သော DKBA ကလို့ထူးဘော ကရင် အမျိုးသား တပ်မတော်မှ ဗိုလ်ကြီးသရီးတူးက ပြောကြားသည်။

အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း မပြုသည့်နည်းတူ လွှတ်တော်၏ သြဇာမှာ လည်း အသက်ဝင်ခြင်း မရှိပါက ပြည်သူလူထု၏ မြေပေါ်မြေအောက် သယံဇာတကို ကာကွယ်သည့် အနေ ဖြင့် မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက်ရပ်နား ထားမည်ဖြစ်ကြောင်း ဗိုလ်ကြီး သရီးတူးက ဆက်လက် ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ဒေသအချို့၌ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ပြီးခဲ့သည့် ဇွန်လအတွင်းက ကရင်လက်နက်ကိုင် အဖွဲ့အချို့က လုပ်ဆောင်ခဲ့ရာ ဇွန်လတွင် တစ်ကြိမ်၊ ဇူလိုင်လတွင်တစ်ကြိမ်၊ သြ ဂုတ်လတွင် တစ်ကြိမ် ရှင်းလင်းရေး လုပ်ဆောင်ခဲ့သူများ မိုင်းထိပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ ပြီးနောက် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို ယာယီရပ်နားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ လဆန်းပိုင်းက ပြုလုပ်ခဲ့သော ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မတီ အစည်းအဝေးတွင် မြိုင်ကြီးငူဒေသ၌ ကျန်ရှိနေသော စွန့်လွှတ်မိုင်းများကို စက်တင်ဘာ လ လယ်ပိုင်းတွင် ထပ်မံရှင်းလင်း ဖော်ထုတ်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်များကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် NGO အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးမှုများ ရှိနေသော်လည်း ယင်းကဲ့သို့ ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်မှာ အကောင်အထည် ပေါ်မလာသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ပြုလုပ်ခဲ့သော မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့က မိမိတို့ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်း ရာတွင် စက်ကိရိယာ အကူအညီမပါဘဲ ဓားမြှောင်များဖြင့်သာ ရှင်းလင်းခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ပြောကြားချက်များအရ ကရင်ပြည်နယ် မြိုင်ကြီးငူ၊ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီးနှင့် သံတောင် ဒေသများ၊ ပဲခူးတိုင်းတွင် ရွှေကျင်နှင့် ကျောက်ကြီးဒေသ၊ တနင်္သာရီတိုင်းတွင် မြိတ်နှင့် ထားဝယ်ခရိုင်တို့တွင် မြေမြှုပ်မိုင်းများ ရှိနေသေးကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း တပ်စွဲခဲ့ကြသော လက်နက်ကိုင် အဖွဲ့များအားလုံး မြေမြှုပ်မိုင်းကို ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြောင်း၊ ယခု အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလတွင် မြေမြှုပ် မိုင်းများကို တူးဖော်ရခြင်း မရှိသေးဘဲ မြေမြှုပ်မိုင်း အန္တရာယ်ရှိသည့် နေရာများအား မသွားရ နေရာအဖြစ် သတ်မှတ် အသိပေးထားသည်ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံး ယာယီ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်ထံသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

 မြေမြှုပ်မိုင်းဒဏ် ခံထားခဲ့ရသော DKBA တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးအား တွေ့ရစဉ် 
(ဓာတ်ပုံ - မင်းသီဟဇော်) 

Eleven Media Group

၁၁ ဘီလျံကိစ္စနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်မည်

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းမည့် ရှင်းလင်းပွဲ တစ်ရပ်ကို နေပြည်တော်၌ ကျင်းပ မည်ဖြစ်ပြီး အဆိုပါ ရှင်းလင်းပွဲတွင် ဘဏ်စာရင်း ငါးခု၊ဒေါ်လာ၁၁ဘီလျံကိစ္စကိုမေးမြန်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက်၌ နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာနတွင် ကျင်းပမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆက်သွယ် ပြောကြားရာတွင် နိုင်ငံ့ဘဏ္ဍာရေးနှင့် ပတ် သက်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ရှင်းလင်းပွဲတွင် ဘဏ္ဍာရေးနှင့် ပတ် သက်သည့် မေးခွန်းများအားလုံး မေးမြန်းနိုင်ကြောင်း၊ မေးခွန်းများ ကြိုတင်ပေးပို့ ထားလျှင်လည်းရကြောင်း သို့မဟုတ် ရှင်းလင်းပွဲရောက်ရှိမှလည်း မေးမြန်းနိုင်ကြောင်း၊ မေးခွန်းကြိုတင် ပေးပို့မည်ဆိုပါက ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ရုံးအဖွဲ့သို့ ကြိုတင်ပေးပို့ နိုင်ကြောင်းလည်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရှင်းလင်းပွဲတွင် နိုင်ငံခြား ဘဏ်စာရင်းငါးခု၌ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ကိစ္စကိုလည်း မေး မြန်းနိုင်ကြောင်းနှင့် စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် အစည်းအဝေးကို စတင်ကျင်းပမည် ဖြစ် သည်။

Eleven Media Group

ကမ္ဘာ့ငွေကြေး အဖွဲ့အစည်းမှ ချီးမြှင့်သည့် ၂၀၁၃ ခုနှစ်အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဆုနှစ်ဆု ကမ္ဘောဇဘဏ် ရရှိ၊ ဆုပေးရသည့် အချက်များထဲတွင် အခွန်အများဆုံး ပေးဆောင်ထားသည့် အချက်ပါဝင်

ကမ္ဘာ့ငွေကြေး အဖွဲ့အစည်း World Finance မှ ကမ္ဘောဇဘဏ် လီမိတက်အား ဘဏ်လုပ်ငန်းဆိုင်ရာ ဆုနှစ်ဆုကို ချီးမြှင့်လိုက်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။


ကမ္ဘောဇဘဏ် လီမိတက်အား ဆုပေးရသည့် အချက်များထဲတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အခွန်အ များ ဆုံး ပေးဆောင်ထားသည့် အချက်ကိုလည်း ထည့်သွင်းတွက်ချက် ဆုပေးခဲ့ခြင်းဟုလည်း World Finance ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

လန်ဒန်အခြေစိုက် World Finance အဖွဲ့အစည်းမှ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ကြေညာချက် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက်အား Best Commercial Bank in Myanmar (2013) ဆုနှင့် Best Banking Group in Myanmar (2013) ဆုတို့ကို ချီးမြှင့်လိုက်ကြောင်း ဖော်ပြထား သည်။

Best Commercial Bank in Myanmar (2013) ဆုကို ချီးမြှင့်ရသည့် အချက်များမှာ ကမ္ဘောဇဘဏ် လီမိ တက်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံးဖြစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ စွမ်းဆောင်နိုင် မှူ ၊ ကျင့်ဝတ်ကောင်းမွန်မှုနှင့် လူမှုအကျိုးပြုဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့တွင် သာလွန်ခြင်း တို့ကြောင့် ရွေး ချယ်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Best Banking Group in Myanmar (2013) ဆုကို ချီးမြှင့်ရသည့် အချက်များအား ထုတ်ပြန်ရာတွင် ကမ္ဘောဇ ဘဏ် လီမိတက်သည် မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲပေါင်း ၁၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ် ဖွဲ့စည်းနိုင်ခြင်း၊ ပြည်သူများ၏ အပ်နှံငွေ ပမာဏ အများဆုံး ရရှိခြင်းတို့အပြင် နိုင်ငံတကာ ဘဏ်လုပ်ငန်း တွင် အအောင်မြင်ဆုံးနှင့် အမြင့်မားဆုံး ၀န်ဆောင်မှု ပေးနိုင်ခြင်း၊ တစ်နိုင်ငံလုံးတွင် အခွန်ငွေ အမြင့်မား ဆုံး ပေးဆောင်သော အဖွဲ့အစည်းဖြစ်ခြင်း စသည့် အချက်များကြောင့် ချီးမြှင့်ရခြင်းဟု ထုတ်ပြန်ထား သည်။

World Finance အဖွဲ့အစည်းသည် ကမ္ဘောဇဘဏ် လီမိတက်အပြင် ကမ္ဘောဇဘဏ် အုပ်စုကုမ္ပဏီ လီမိ တက်ကိုလည်း ၂၀၁၃ ခုနှစ် မတ်လအတွင်းက Best Corporate Governance in Myanmar (2013) ဆုကို ရွေးချယ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ကမ္ဘောဇဘဏ် လီမိတက် အနေဖြင့် ၂၀၁၂ -၂၀၁၃ စည်းကြပ်နှစ်တွင် မြန်မာနိုင်ငံ၏ ၀င်ငွေခွန် အများဆုံး ပေးဆောင်သူ ဖြစ်လာခဲ့ပြီး ယခုလက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက်ပင် ကျပ် ၁၇ ဘီလျံကျော် အား ကြိုတင်ခွန် အဖြစ်ပင် ထပ်မံပေးဆောင်ထားပြီး ဖြစ်ကြောင်း အခွန်ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင်လည်း ကမ္ဘောဇဘဏ် လီမိတက်က ကျပ် ၁၀ ဒသမ ၈၂၇ ဘီလျံကျော် ပေးဆောင်ထားပြီး ကမ္ဘောဇဘဏ် တစ်ခုတည်းမှ ငါးနှစ်အတွင်း ပေးဆောင်ထားသည့် အခွန်ပမာဏမှာ ကျပ် ၄၈ ဘီလျံ (ကျပ်သန်းပေါင်း ၄၈၀၀၀ ကျော်) အထိ ရှိကြောင်းလည်း ကမ္ဘောဇဘဏ် တာဝန်ရှိသူ များထံမှ သတင်းရရှိသည်။

Eleven Media Group

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပသုံးနိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်သည် စက်တင်ဘာ ၁၀ ရက်မှစ၍ ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွား ရောက်ခဲ့ရာတွင် ဥရောပ ခရီးစဉ်မှ စက်တင်ဘာ ၁၈ ရက် ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်၏ ယခုဥရောပ ခရီးစဉ် သည် ၎င်း၏ ဒုတိယအကြိမ် ဥရောပ ခရီးစဉ်ဖြစ်ပြီး ခရီးစဉ် အတွင်း သမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများ အပါအ၀င် နိုင်ငံအကြီးအကဲများ၊ နိုဗယ်ဆုရှင်များနှင့် တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး အပြောင်း အလဲများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ပိုလန်နိုင်ငံ အောက်လွှတ်တော်သို့ သွားရောက်စဉ် မိုးရွာထဲတွင် လွှတ်တော်ရှေ့၌ ဆန္ဒပြနေမှုများနှင့် ပတ် သက်၍ ပြောကြားခဲ့သော ''ဒီမိုကရေစီ အတွက်ကြောင့် မိုးရေစိုရတာ တန်ပါတယ်'' ဟူသော စကားသည် သမိုင်းဝင်စကား ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်နိုင်ငံရှိ ၀ါဆောတက္ကသိုလ်တွင် နိုင်ငံရေးနှင့် ပညာရေးဟူသော ခေါင်း စဉ်ဖြင့် လည်းကောင်း၊ ဟန်ဂေရီနိုင်ငံရှိ Corvinus တက္ကသိုလ်တွင် From Revoluation to Reconstruction ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့သည်။

စက်တင်ဘာ ၁၅ ရက်တွင် ချက်သမ္မတ နိုင်ငံတွင် ကျင်းပသော Forum 2000 တွင်လည်း အဖွင့်မိန့်ခွန်း တက်ရောက်ပြောကြား ခဲ့ရာတွင် ချက်နိုင်ငံသမ္မတဟောင်း Vaclav Havel နှင့်ပတ်သက်၍ ချီးမွမ်းဂုဏ်ပြု အောက်မေ့စကား ပြောကြားခဲ့ပြီး Vaclav Havel အုတ်ဂူသို့လည်း သွားရောက် လေ့လာခဲ့သည်။

မြန်မာ့နိုင်ငံရေး အကူးအပြောင်းနှင့် ပတ်သက်၍လည်း လက်ရှိအချိန်သည် စိန်ခေါ်မှုအရှိဆုံး အချိန်ဖြစ် နေသည့်အတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်ရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗယ်ဆု ရှင် တိဘတ်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် Forum အတွင်း သီးခြားတွေ့ဆုံခဲ့သည်။

ထို့အတူ Forum ပိတ်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ချက်နိုင်ငံရှိ နိုင်ငံရေးသမားများ မိမိ အား ထောက်ခံရန်နှင့် ချက်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုများကို ဆက်လက် အားပေး ထောက်ခံရန် သတင်းထောက်များနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိ ခဲ့ပြီး အဖွဲ့ချုပ် ပါတီဝင်များ၊ ထောက်ခံသူများက ကြိုဆိုခဲ့ကြသည်။

''အမေစုက နိုင်ငံကို အပြောင်းအလဲ လုပ်ပေးရုံတင်မကဘဲ မြန်မာကို ကမ္ဘာကသိအောင် လုပ်နေတဲ့သူပါ။ ကိုယ့်အိမ်အတွက် တခြားအိမ်တွေသွားပြီး အကူအညီ တောင်းနေတဲ့ အမေကို သားသမီးတွေက ကြိုဆို သလိုမျိုး လာပြီးကြိုတာပါ။ အမေစုက ကျွန်တော်တို့ကို သိမှာမဟုတ်ပေမယ့် ကျေနပ်ပါတယ်'' ဟု တာမွေ မြို့နယ်မှ လာရောက်ကြိုဆိုသူ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ပြောကြားသည်။

Eleven Media Group

မြန်မာနိုင်ငံတွင် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချထားပြီး နိုင်ငံရေး တည်ငြိမ်မှုလည်း ရရှိနေပြီဟု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်မှုစနစ် ရှိခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီ စနစ်ကိုကူးပြောင်းနေပြီဖြစ်သော ကြောင့် စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချထားပြီ ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ်ရှင်နာဝပ်ထရာနှင့် စက်တင်ဘာ ၁၇ ရက်က ဘန်ကောက် မြို့ရှိ အစိုးရ အိမ်တော်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက် အရ သိရသည်။


ထို့ပြင် မိမိတို့နိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုအပေါ် အာမခံချက် ပေးကြောင်းနှင့် ထိုင်းစီးပွားရေး လုပ်ငန်း ရှင်များ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက် တွန်း ပြောကြားသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှုတွင် အရပ်သားများ၏ အခန်းကဏ္ဍသည် ပိုမိုပါဝင် လာကြောင်းလည်း ၎င်းကပြောကြားသည်။

ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၁ ခုနှစ်က စတင်ပြီး ဒီမိုကရေစီစနစ်ဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာ တပ်မတော် အနေဖြင့် အောင်မြင်အောင် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်လက် တိုးတက်ရန်သာရှိပြီး နောက် ဆုတ်ရန် မရှိဟု ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက် မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့် ခဲ့ သည်။

နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးတန်း အရာရှိကြီးများ တွေ့ဆုံဆွေးနွေးသည့် ပထမအကြိမ် အဆင့်မြင့် ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

နှစ်နိုင်ငံအကြား နယ်နိမိတ် အတိအကျ သတ်မှတ်ရန် ကျန်ရှိနေသေး မှုများကိုလည်း အမြန်ဆုံး အပြီးသတ် ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းမှုအပေါ် ၀န်ကြီးချုပ်ယင်လတ်ခ်က သဘော တူညီခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံနှင့် လုပ်ဆောင်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးကြီးမှုကို လက်ခံထားပြီး အဆိုပါစီမံကိန်း အောင်မြင်စွာ ပြီးမြောက်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဝန်ကြီးချုပ်ယင်လတ်ခ်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ကြီးမားသည့် စီမံကိန်းဖြစ်ခြင်းနှင့် မိမိတို့နှစ်နိုင်ငံ အစိုးရများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြန်လည် ပြောကြား သည်။

ထို့ပြင် သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော မြန်မာနိုင်ငံမှ တရားမ၀င် ရွှေ့ ပြောင်းအလုပ်သမား များနှင့်ပတ်သက်သည့် ပြဿနာကို ပူးပေါင်းဆောင်ရွက် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဝန်ကြီးချုပ် ယင်လတ်ခ်ကလည်း စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများနှင့် နယ်စပ် ကုန်သွယ်ရေးတို့ကို တိုး မြှင့်လုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်လိုကြောင်း ပြန် လည်ပြောကြားခဲ့သည်ဟု သိရသည်။

ယခုကျင်းပသည့် ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက် ကာ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါး နှိမ်နှင်းရေးနှင့် တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများ အရေးတို့ ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Eleven Media Group

ဆူပူမှု ဖြစ်ပွားခဲ့သည့် ကော့သောင်း အကျဉ်းထောင်ရှိ အကျဉ်းသားများကို ပြောင်းရွှေ့



တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ရှိ ၉ မိုင် အကျဉ်းထောင်မှ အကျဉ်းသားများကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်မှစ၍ ပြောင်းရွှေ့ရန် အကျဉ်းထောင်မှ စတင် ထွက်ခွာ ခဲ့ရာ ကော့သောင်းမြို့ရှိ သင်္ဘောဆိပ်သို့ မွန်းလွဲ ၃ နာရီတွင် ရောက်ရှိလာပြီး ၃ နာရီခွဲ အချိန်တွင် ၁၀ ဘီးကားပေါ်မှ ၀န်တင်ကရိန်းကားဖြင့် လေးယောက် တစ်တွဲ ချီမကာ သံခွံသင်္ဘောအတွင်း ပို့ဆောင် ခဲ့ ကြောင်း သိရ သည်။


သင်္ဘောပေါ်သို့ တင်ဆောင်ထားသော အကျဉ်းသားများကို မည်သည့် အကျဉ်းထောင်သို့ ပို့ဆောင်ပေးမည် ဆိုသော သတင်းနှင့် အရေအတွက်တို့ကို မသိရသော်လည်း အမျိုးသမီးများ မပါဝင်ကြောင်း၊ မြိတ်ထောင် နှင့် ထားဝယ်ထောင်များသို့ ပို့ဆောင်ရန် အစီအစဉ်ရှိပြီး ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ ပို့ဆောင်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

တော်ဝင် သင်္ဘောဆိပ်သို့ အကျဉ်းသားများကို ပို့ဆောင်ရာတွင် ဆီအုန်းသယ် ၁၀ ဘီးကားနှစ်စီး၊ မှန်လုံ ကား တစ်စီးနှင့် အချုပ်သားတင် ကားပေါ်မှ အကျဉ်းသား တစ်ဦးတို့ကို ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အား ၀န်ချီ ကရိန်း ကားများဖြင့် ချီမကာ ပို့ဆောင်နေသည်ကို အကျဉ်းသားများ၏ မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမ များ မြင်တွေ့ကြရသဖြင့် ၀မ်းနည်းငိုကြွေး ကြသည်များလည်း ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသော ဌာနဆိုင်ရာများအား ဆက်သွယ် မေးမြန်းသော်လည်း ဆက် သွယ်မှု မရခဲ့ပေ။

တော်ဝင် သင်္ဘောဆိပ်သို့ ပထမအကြိမ် ၁၀ ဘီးကားဖြင့် တင်ဆောင်လာရာတွင် အကျဉ်းသား ၅၀ ဦးရှိပြီး ၃ နာရီတွင် ရောက်ရှိကြောင်း၊ ဒုတိယအကြိမ် ၁၀ ဘီးကားတစ်စီး ပေါ်တွင်လည်း အကျဉ်းသား ၅၀ ဦး ပါဝင်ခဲ့ပြီး တတိယအကြိမ် ၄ နာရီ ၄၀ မိနစ်ခန့်တွင် ရောက်ရှိလာသော မှန်လုံကား တစ်စီးပေါ်၌ ပါဝင် သော လူဦးရေအား ခန့်မှန်းရန် အခက်အခဲ ရှိခဲ့သော်လည်း ကနဦး သတင်းများအရ အကျဉ်းသား ၁၈၅ ဦးပို့ရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group