Wednesday, September 18, 2013

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပထမဆုံး အကြိမ် အစည်းအဝေးခေါ်ပြီ

ရန်ကုန်၊ စက်တင်ဘာ ၁၇

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဝင် ၁ဝ၉ ဦးအား ယခုလ ၃ဝ ရက်နေ့ လွှတ်တော်တွင် ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်ရန် ခေါ်ထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ သတင်းရရှိသည်။


”လုပ်ပိုင်ခွင့်တွေ၊ အစုအဖွဲ့တွေ ခွဲပြီး လုပ်မယ်။ ကော်မတီဝင် အများစုထဲက ဘယ်အဖွဲ့က ဘယ် အခန်း ကဏ္ဍတွေကိုယူပြီး ဘယ်သူတွေက ဘယ်အပိုင်းကိုယူပြီး လေ့လာပြင်ဆင်ဖို့အတွက် အစည်း အဝေး ခေါ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါ ပထမဆုံး အကြိမ် ခေါ်တဲ့ အစည်းအဝေးပါ” ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ် က စက်တင်ဘာ ၁၇ ရက် နေ့တွင် ပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး ကို လေ့လာသုံးသပ်ရန် ကော်မတီ သို့ မဟုတ် ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ယခုနှစ် မတ်လတွင် ပြည်ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ် သူရ ဦးအေးမြင့် က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ဇူလိုင်လကုန်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်မှ ဒုတိယ နာယက အပါအဝင် အဖွဲ့ဝင် ၁ဝ၉ ဦး ဖြင့် ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၄င်း ပထမအကြိမ် အစည်းအဝေး သို့ ပြည် ထောင်စုလွှတ်တော် နာယက သူရ ဦး ရွှေမန်းပါ တက်ရောက်မည့် အခြေအ နေ ရှိကြောင်း သိရသည်။

”နာယက ကိုယ်တိုင်လည်း တက် နိုင်ပါတယ်။ ကော်မတီဝင်တွေ လွတ် လွတ်လပ်လပ် လုပ်ပါစေဆိုတဲ့ ပုံစံမျိုး နဲ့လည်း ထားချင်ထားနိုင်ပါတယ်” ဟု ဦးတီခွန်မြတ်က ထပ်မံပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှလည်း တိုင်းရင်းသားပါတီ ၁၃ ပါတီနှင့် အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံရန် ယင်းပါ တီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် စက်တင်ဘာ ၇ ရက်က ရွှေဂုံတိုင်ရှိ NLDရုံးချုပ်တွင် တက်ရောက်ညှိနှိုင်းခဲ့သည်။ လက်ရှိတွင် NLD ပါတီမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်သူသို့ ချပြမည့် ကြေညာ ချက်တစ်စောင်နှင့် အသေးစိတ် ပြင် ဆင်နိုင်မည့် သုံးသပ်ချက်များကို ဒီလှိုင်း ဂျာနယ်မှ တစ်ဆင့် အပတ်စဉ် ဖော်ပြ သွားရန် ရှိကြောင်း၊ အများ ပြည်သူသိရှိ စေရန် အချက်အလက်များကို ယခု အပတ်အတွင်း ထုတ်ပြန်သွားမည်ဟု စီစဉ်ထားကြောင်း NLD မှ ဖွဲ့စည်းပုံ ဖြစ်မြောက်ေ ရး ကော်မတီဝင် ဦးကိုနီ က ပြောသည်။

ယခုကျင်းပမည့် အစည်းအဝေး တွင် ကော်မတီဝင်များ ဖြစ်ကြသော ကိုယ်စားလှယ်များက တွေ့ရှိထား သော အချက်အလက်များကို တင်ပြသွားမည် ဖြစ်ပြီး နိုင်ငံရေး ပါတီငယ်များ၊ ကော်မ တီဝင်များနှင့် ပြည်သူများထံမှ ရရှိသော အချက်အလက်များကို တင်ပြညှိနှိုင်း သွားမည်ဟု ယူဆရကြောင်း၊ ကော်မတီ ဝင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့် ( NLD ) က ပြောသည်။

”အခြေခံမူ ညှိပြီးသားဆိုတော့ ခု အစည်းအဝေးမှာ အဲဒီအပေါ်မှာ မူတည်ပြီး နောက်တစ်ဆင့် ထပ်တက် မယ့် သဘောရှိပါတယ်” ဟုဆိုသည်။ ဖွဲ့စည်း ပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒ ကျော်စွာ၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် အမျိုး သား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း တို့က တာဝန်ယူထားသည်။

အဆိုပါ အစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၂ဝ) တွင် မွန်းလွဲ ၁ နာရီအချိန်၌ ပြုလုပ်မည်ဟု သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီသည် လေ့လာ တွေ့ရှိချက်များကို ယခုနှစ် ဒီဇင်ဘာလ တွင် လွှတ်တော်သို့ အပြီးသတ် အစီရင် ခံစာတင်ရ မည် ဖြစ်သည်။

Credit : Here

ငါးထောင်တန်အတု သံသယရှိသူငါးဦး ဖမ်းဆီး



ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့တွင် စက် တင်ဘာလ ဒုတိယပတ်အတွင်း ငါးထောင်ကျပ်တန် အတုတွေ့ရှိမှုနှင့် ပတ်သက်ပြီး ပါဝင်သည်ဟု ယူဆ ရသူ ငါးဦးကို ပလက်ဝမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းနှင့် ဒေသခံများထံမှ သိရသည်။


“လောလောဆယ် ဖမ်းထားတယ်။ တရားရုံး မတင်ရ သေးဘူး။ တရားရုံးတင်ပြီးမှ တရားခံ ဘယ်နှဦး ဆိုတာ ပြောလို့ရမယ်။ အခုဟာက သံသယရှိလို့ ဖမ်းဆီးထားတာ” ဟု ပလက်ဝမြို့နယ် ရဲတပ်ဖွဲ့စခန်း ဒုတိယရဲမှူး စိုးသိန်းက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ပလက်ဝမြို့ မြို့မရပ်ကွက်ရှိ ဒေါ်ဆုံးဘဲ (၃၇) နှစ်၏ နေအိမ်သို့ သတင်းအရ သွားရောက် ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အောက် ထင်းပုံကြားတွင် ပလတ်စတစ် အဖြူ ရောင်ဖြင့် ထုပ်ပိုးထားသော ငွေစက္ကူ ငါးထောင်ကျပ်တန်အတု ၁၀ ရွက်ကို တွေ့ရှိ ခဲ့ကြောင်း၊ ယင်းအပြင် သတင်းပေး တိုင်ကြားသည်ဟု ယူဆရသော အဆိုပါ ရပ်ကွက်နေ ဦးဇာနီထွန်း (၄၅) နှစ်ကိုလည်း စက်တင် ဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“ဦးဇာနီထွန်းက ဒေါ်ဆုံးဘဲရဲ့ ညီမကို ယူထားတာ။ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုပြဿနာဖြစ်လို့ ဖြစ် မယ်။ ပလက်ဝဘက်မှာတော့ မနှစ်ကတုန်းကတော့ အခုလိုပဲ ငါးထောင်တန် အတုတွေ ဖမ်းမိခဲ့ဖူး တယ်” ဟု ပလက်ဝ ဒေသခံတစ်ဦးက ပြောကြားသည်။

အလားတူ အဆိုပါ ငွေစက္ကူ အတုနှင့် ပတ်သက်ပြီး ပလက်ဝမြို့ မြို့မရပ်ကွက်နေ ဦးဇော်လင်း၊ မွန်ထောင့် ရပ်ကွက်နေ ဦးသန်းရွှေနှင့် ရှင်မဒိန် ကျေးရွာနေ ဦးမင်းအောင်တို့ကို ဆက်လက်ဖမ်းဆီး အရေးယူထား ကြောင်း ယင်းမြို့နယ် ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ (ပ) နံပါတ်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မစသော အချက်အလက်များကို မထုတ်ပြန်နိုင်သေးကြောင်း၊ ဖမ်းဆီးထားသူများထံမှ အသေးစိတ် ထွက်ချက် ရယူနေကြောင်း ဒုရဲမှူး စိုးသိန်းက ဆက်လက်ပြောကြားသည်။

From : ..the voice

မြန်မာငြိမ်းချမ်းရေး အဖွဲ့နဲ့ KIO အပစ်ရပ် ပူးတွဲ စောင့်ကြည့်ရေး ဆွေးနွေး



ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC က Technical Advisory Team ခေါ် လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့ ဆက်လက်ကျင်းပ ခဲ့ပြီး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စောင့်ကြည်ရေး အဖွဲ့ ပူးပေါင်း ဖွဲ့စည်းဖို့နဲ့ နှစ်ဘက်တပ်တွေ ဆက် လက် နေရာချထားရေး ကိစ္စတွေကို လာမယ့်လမှာ ကျင်းပမယ့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးနိုင်ဖို့ အတွက် ညှိနှိုင်းခဲ့ကြပါတယ်။


လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ရဲ့ ၂ရက်ကြာ ဆွေးနွေးပွဲမှာတော့ အချက် ၅ ချက်ကို အလေးထား ဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

KIO နဲ့ MPC ရဲ့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ရဲ့ ဒုတိယနေ့ ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့က KIO အဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ရုံးမှာ မနက် ၉ နာရီခွဲကနေ ၃ နာရီခွဲထိ ကျင်းပခဲ့ပြီး အချက်၂ ချက်ကို အဓိက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေကို KIO လုပ်ငန်းညှိနှိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဒေါင်ခါးက အခုလို ပြောပါတယ်။

“ဒီကနေ့ အစည်းအဝေးမှာတော့ Joint Monitoring Committee ဖွဲ့စည်းရေးပဲ ကျနော်တို့ ဆွေးနွေးတယ်။ ပြီးရင် ဒီတပ်ပိုင်း ဆိုင်ရာကို တပ်အရေအတွက်နဲ့ တပ်နေရာချထားရေး၊ နှစ်ဘက်တပ်များတည်ရှိမှု အနေ အထားပြမြေပုံ ဒီဥစ္စာလုပ်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။”

Joint Monitoring Group ခေါ် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စောင့်ကြည်ရေးအဖွဲ့ ပူးပေါင်း ဖွဲ့စည်းဖို့မှာ တော့ အစိုးရဘက်က တခြား အပစ်အရပ်အဖွဲ့ ၅ ဖွဲ့နဲ့ လုပ်ဆောင်နေပြီ ဖြစ်တာကြောင့် KIO ဘက်က တင်ပြချက်နဲ့ အများအားဖြင့် ကိုက်ညီမှုရှိကြောင်း ပြောပါတယ်။ တပ်တွေ နေရာချထားရေး ကိစ္စနဲ့ပတ် သက်ပြီး KIO ရဲ့ တင်ပြချက်ကိုတော့ ဦးဒေါင်ခါးက အခုလို ရှင်းပြပါတယ်။

“စက်တင်ဘာ ၃၀ ရက်နေ့အထိတော့ နှစ်ဘက်တပ်များ တည်ရှိမှု အနေအထားပြမြေပုံကို နှစ်ဘက်ကိုယ် စားလှယ် ဆွေးနွေးပွဲမှာ အစည်းအဝေးအတွင်းမှာ ကျနော်တို့ ဒါ အတည်ပြုမှုပေါ့ မှတ်တမ်းတင်မှုကို ကျနော်တို့ လုပ်မယ်။ အဲ့ဒီကနေမှတဆင့် ကျနော်တို့ဟာ ရှေ့တန်းပြဿနာတွေကို ဖြေရှင်းမယ်။ သဘော တရားက နီးကပ်လွန်းတဲ့ စစ်တပ်တွေကို ဘယ်လိုခွာမလဲ၊ ပြီးရင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ဘယ်လိုထားရှိမလဲ၊ အရပ်တပ်တွေရဲ့ သွားလာမှုကို ဘယ်လိုသဘောထားမလဲ စသည်ဖြင့်ပေါ့။ အဲ့ဒီ အခြေခံ ပေါ်မူတည်ပြီးတော့ ဒီ Monitoring Program တွေကို လုပ်သွားမယ်။”

မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့ လုပ်ငန်းညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေက ၂ ရက်တာ ဆွေးနွေးမှုမှာ အချက် ၅ ချက်ကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ Agenda ၅ ခု ဆွေးနွေးဖို့ သဘောတူတော့ အဲ့ဒီ ၅ ခုလုံး ဒီကနေ့ ဆွေးနွေးလို့ပြီးတယ်ဗျ။ နောက်တကြိမ် ကျင်းပမယ့်အစည်းအဝေး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၊ နောက် ကျနော်တို့ IDP ကိစ္စ၊ အပစ်အခတ် စောင့်ကြည့်တဲ့အဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ Ceasefire Monitoring ကိစ္စ ဆိုပြီးတော့မှ ကျနော်တို့ ဘက်က အဆိုပြုထားတဲ့ Nationwide Ceasefire ပေါ့နော် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲနိုင်မှုနဲ့ အထွေထွေဆိုပြီး ၅ ချက် ဆွေးနွေးတယ်ဗျ။ အဲ့ဒီ ၅ ချက်လုံး ကျနော်တို့ ဒီနေ့တော့ ဆွေးနွေးလို့ ပြီးပါ တယ်။”

အောက်တိုဘာလ ပထမပတ်မှာ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေ ဆွေးနွေးရေးကိုတော့ နှစ်ဘက် အဖွဲ့တွေက သက်ဆိုင်ရာ ဗဟိုကို တင်ပြသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အထွေထွေခေါင်းစဉ် အောက် မှာတော့ ပြည်ထောင်စုအဆင့် မဆွေးနွေးမှီ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ ထပ်မံ တွေ့ဆုံဖို့ကို လည်း သဘောတူခဲ့ကြပါတယ်။ လက်ရှိ ပြီးဆုံးသွားတဲ့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ အပေါ်မှာ တော့ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဟုတ်တယ်ဗျ။ ဒီဆွေးနွေးပွဲဖြစ်ဖို့ ကျနော်တို့ဘက်က ၃ လခွဲလောက် စောင့်လိုက်ရတဲ့ သဘောတော့ ဆောင်ပေမဲ့ တကယ် ဆွေးနွေးကြည့်တဲ့အခါကျတော့လည်း တော်တော်လေး ကျနော်တို့ ကြိုတင်မျှော် လင့်ထားတာထက်ကို ကောင်းတယ်လို့ ပြောရမယ်။ နောက် ကျေနပ်အားရမှုကတော့ ခေါင်းစဉ် ၅ ခုလုံးမှာလည်း ရှိသလို၊ ကျနော်တို့ဘက်က တင်ပြလိုတဲ့ Nationwide Ceasefire ပေါ့လေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ကျနော်တို့ဘက်က သေသေချာချာ တင်ပြနိုင်ခဲ့တဲ့အတွက်ကို ကျနော်ကတော့ ပိုအား ရပါတယ်။”

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးအင်ရှန်ဆန်အောင် ကတော့ တပ်နေရာချထားရေးနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းနိုင်ရင် IDP ခေါ် ဒုက္ခသည်တွေ ပြန်လည်နေရာချထားဖို့နဲ့ အခြား ကိစ္စတွေ ဆောင်ရွက်ဖို့အတွက် အလားအလာ ပိုကောင်းလာမယ်လို့ သုံးသပ်ပါတယ်။

“အဓိက လက်မှတ်ရေးထိုးရင်လည်း အဲ့ဒါတွေ မလုပ်ထားရင်တော့ တိုက်ပွဲက အချိန်မရွေးပဲ ပြန်ဖြစ်မှာပါ။ အဲ့ဒါကြောင့် ဒီ တပ်နေရာချထားရေးနဲ့ Joint Monitoring ကတော့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အဲ့ဒါတွေ လုပ်ပြီးမှပဲ မိုင်းရှင်းလင်းရေးတွေ ဘာတွေကလည်း အဲ့ဒီအခါကျတော့မှပဲ လုပ်ရမှာပေါ့။ ပြီးတော့ IDP တွေလည်း ပြန်နေရာချထားလို့ ရပြီပေါ့။ အဲ့ဒါတွေလုပ်နိုင်မှ ရှေ့ဆက်ပြီးမှ ကျန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး လုပ်လို့ရမယ့် အနေအထားမျိုးလို့ သုံးသပ်လို့ ရတယ်ပေါ့။”

KIO နဲ့ အစိုးရတပ်အကြား၂ နှစ်ကျော်ကြာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်းမှာတော့ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တွေဟာ အနည်းဆုံး ၁၅ ကြိမ်လောက် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကုန် ပိုင်းက ဆွေးနွေးပွဲမှာတော့ တိုက်ပွဲတွေ လျှော့ချဖို့၊ တိုက်ပွဲမဖြစ်အောင် ထိန်းသိမ်းဖို့ အပါအ၀င် အချက် ၇ ချက်ကို သဘောတူညီခဲ့ပေမဲ့ ဆွေးနွေးပွဲပြီးနောက်မှာ ကချင်ပြည်နယ်အတွင်းက နေရာဒေသ ၃ ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ပူတာအိုခရိုင် မချမ်းဘောဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ KIA တပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ တပ်မတော် အရာရှိတဦးကို ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက KIO အဖွဲ့ကို စာရေးမေးမြန်းထားပြီး ဒီရက်ပိုင်းတွေအတွင်းမှာ KIO ဗဟိုက တရားဝင် အကြောင်းပြန်ကြားဖို့ ရှိနေပါတယ်။

VOA

မြန်မာ့မီးရထားရုံးချုပ် အဆောင်အဦးဟောင်းအား 5 star အဆင့်မြင့် ဟိုတယ်အဖြစ် (၂၀၁၄) ခုနှစ်တွင် ဖွင့်လှစ်မည်



ရန်ကုန်မြို့ကုန်သည်လမ်းရှိ မြန်မာ့မီးရထား ရုံးချုပ် အဆောက်အဦ ဟောင်းအား 5 star အဆင့်မြင့် ဟို တယ် အဖြစ်ပြုပြင်ရာတွင် US ဒေါ်လာ (၁၅)သန်း ကုန်ကျမည် ဖြစ်ပြီး အဆိုပါဟိုတယ်အား (၂၀၁၄) ခုနှစ်တွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။


ဟိုတယ်အခန်းများ လိုအပ်မှုကြောင့် အစိုးရမှ (၂၀၁၁) ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံပိုင်သတင်း စာ များမှ မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦ ဟောင်းအား ပုဂ္ဂလိ ကသို့ငှားရမ်းရန်အတွက် တင်ဒါ ခေါ်ယူခဲ့ရာ၌(၂၀၁၂) ခုနှစ် မေလတွင် DOSIN ENGINEERING & CONSTRUCTION Co.,Ltd. မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းနွယ်ဖွေမှ တင်ဒါအောင်မြင်ခဲ့ကြောင်း သိရ သည်။

“ကျွန်မတင်ဒါ (၄) ခု လျှောက်ခဲ့ရာမှာ ဒီအဆောက်အဦ ကိုတင်ဒါအောင်ခဲ့ပါတယ်။ တင်ဒါအောင်ပြီး တဲ့နောက်(၂၀၁၂) ခုနှစ် မေလမှာ အစိုးရကပြုပြင်ဖို့အတွက်ခွင့်ပြုခဲ့ပါတယ်။ ဒီအဆောက်အဦကို အစိုးရဆီ က နှစ် (၅၀) ငှားရမ်းကားတာပါ။မကြာခင်ရက်ပိုင်းမှာ အစိုးရနဲ့ စာချုပ်ချုပ်ဆိုတော့မှာပါ။ စာချုပ် ချုပ်ပြီးတဲ့ အချိန်ကစပြီး (၁၀) လ အတွင်းမှာ5 star အဆင့်မြင့် ဟိုတယ်အဖြစ်နဲ့ပြီးမယ်လို့တင်ပါ တယ်။ မြေငှားရမ်း ခကို တစ်လ US ဒေါ်လာ (၂၅၀၀၀)ပေးရပါ တယ်။ အပြီးအစီးမြေကြီးကို သုံးစွဲခကတော့ US (၃.၇၅) သန်း ပေးရမှာပါ။ အားလုံးစုစုပေါင်းကုန်ကျစရိတ်ကတော့ US (၁၅) သန်းကုန်မှာပါ။ ဒီဟိုတယ်ပြီးသွား ရင်ဝန် ထမ်းတစ်ဦးရေ (၄၅၀) လောက်ခေါ်သွားမှာပါ”ဟု တင်ဒါ အောင်မြင်သူဒေါ်နန်းနွယ်ဖေက ပြောသည်။

အဆိုပါအဆောက်အဦ၏ မြေနေရာမှာ (၃.၅) ဧကရှိပြီး ၅ ထပ်အဆောက်အဦဖြစ်၍ ၎င်းအဆောက်အဦ အားမြန်မာတိုင်း ရင်းသားလုပ်ငန်းရှင်များက ပြုပြင် မွမ်းမံနေပြီး ဟိုတယ်အဖြစ်ပြီးစီးပါ ကအခန်းပေါင်း (၁၄၅) ခန်းပါဝင် မည်ဖြစ်ကြောင်း သိရသည်။

Hot news

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း အဓမ္မပြုကျင့်မှု ၉၇ မှုတွင် အရွယ်မရောက်သေးသည့် ကလေးများ အဓမ္မပြုကျင့် ခံရမှု ၆၉ မှု ပါဝင်နေ

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ရှစ်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အဓမ္မ ပြုကျင့်ခံရမှု ၉၇ မှု ဖြစ်ပွားခဲ့ပြီး အရွယ်မရောက်သေးသည့် ကလေးများ အဓမ္မပြုကျင့်ခံရမှု ၆၉ မှု ပါဝင်နေကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။


ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်၏ "အသက် မပြည့်သူ ကလေးများ အဓမ္မပြုကျင့် ခံရမှုနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်ရေးစနစ် ထူထောင်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ မည်သို့စီစဉ်ထားရှိသည်ကို သိရှိလိုကြောင်း" မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အပေါ်တွင် ပြစ်မှုကျူးလွန်ပါက ကလေးသူငယ် ဥပဒေပါ ပြစ်ဒဏ်များအပြင် ပြစ်မှုဆိုင်ရာ ဥပဒေတွင်လည်း ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်များကို ကျခံရမည် ဖြစ် ကြောင်း . . . . .

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်ထိ မုဒိမ်းမှု ၉၇ မှု ဖြစ်ပွားခဲ့ရာ၌ သက်ငယ် မုဒိမ်းမှု ၆၉ မှု ပါဝင်ခဲ့ပြီး အသက် ၁၀ နှစ်အောက် မုဒိမ်းမှု ၁၂ မှု၊ အသက် ၁၀ နှစ်မှ ၁၃ နှစ်အတွင်း မုဒိမ်းမှု ၃၁ မှု၊ အသက် ၁၄ နှစ်မှ ၁၅ နှစ်အတွင်း မုဒိမ်းမှု ၁၄ မှု၊ အသက် ၁၆ နှစ်မှ ၁၇ နှစ်အတွင်း မုဒိမ်းမှု ၁၂ မှုတို့ဖြစ်ကြောင်း သိရသည်။

ထို့သို့ ဖြစ်ပွားနေမှုကြောင့် ၂၀၁၃ နှစ်ကုန်အထိ မုဒိမ်းမှုများ၊ အထူးသဖြင့် သက်ငယ်မုဒိမ်းမှုများ လျော့ပါး စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မုဒိမ်းမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းများကို အခြေခံ၍ မြို့နယ်လိုက် ပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး ဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါးများ ထည့်သွင်း၍ အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်းနှင့် မြို့နယ်အလိုက် သက်ငယ်မုဒိမ်းရှုံ့ချမှု ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အပေါ်တွင် ပြစ်မှုကျူးလွန်ပါက ကလေးသူငယ် ဥပဒေပါ ပြစ်ဒဏ်များအပြင် ပြစ်မှုဆိုင်ရာ ဥပဒေတွင်လည်း ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်များကို ကျခံရမည် ဖြစ်ကြောင်းကိုလည်း အသိညာ ပေးလျက်ရှိကြောင်း၊ ထို့အပြင် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြည်သူလူထု တစ်ရပ်လုံး သိရှိရန် အလွန်အရေးကြီးကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူညီချက်ပါ ကလေးသူငယ် အခွင့်အရေးများ၊ ကလေးသူငယ် ဥဒေပါ ပြဋ္ဌာန်းချက် များအား ကလေးသူငယ်များ အပါအ၀င် ပြည်သူလူထု တစ်ရပ်လုံး သိရှိစေရေးအတွက် ဌာနဆိုင်ရာ အကြီး အကဲများ၊ အန်ဂျီအိုများ၊ ကလေးသူငယ် ကိစ္စရပ်များအား စိတ်ပါဝင်စားသည့် ရပ်မိရပ်ဖများ ပါဝင်သော တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

ကလေးသူငယ်များကို မတရားမှု ကျူးလွန်ပါက ကလေးသူငယ် အချင်းချင်း ပူးပေါင်းဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် နောက်တခြားသော ကလေးသူငယ် အမှုအခင်းများကို သိရှိသူက ချက်ချင်းဆင့်ကဲဆင့်ကဲ သတင်းပို့ အရေးယူစေရန် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ် အတွင်းရှိ စေတနာ့ဝန်ထမ်း၊ လူမှုဝန်ထမ်းမှ အရာရှိ ၇၄ ဦးခန့်ထားပြီး ကလေးသူငယ် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပေါ်ပေါက်ပါက ကူညီပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ဆက်သွယ် သတင်းပို့ကြရန်လိုကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

Eleven Media Group

မြန်မာ-ထိုင်းနယ်စပ် မျဉ်းတိုင်းတာရေး လုပ်ငန်းကို ပူးတွဲ ဆောင်ရွက်မည်



နှောင့်နှေးကြန့်ကြာနေတဲ့ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ နယ်စပ်မျဉ်း တိုင်းတာရေးဆွဲရေးလုပ်ငန်းကို ပြီးပြတ် အောင် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမယ်လို့ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း ဘန်ကောက် ပို့စ် သတင်းစာက ဖော်ပြပါတယ်။


ထိုင်းဝန်ကြီးချုပ် ယင်လပ်ရဲ့ နှစ်နိုင်ငံ နယ်စပ် တိုင်းတာရေးဆွဲရေး အစီအစဉ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူ ထောက်ခံခဲ့တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

ဒါ့ပြင် ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ရေး၊ နယ်စပ်ကျော် မူးယစ်ဆေး မှောင်ခို လုပ်ငန်း ချေမှုန်းရေးတွေ ပူးတွဲဆောင်ရွက်ဖို့လည်းသဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တည်ဆောက်ရေး စီမံကိန်းကို ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စား လာအောင် နှစ်နိုင်ငံ ပူးပေါင်းပြီး အရှိန်မြှင့်ဆောင်ရွက်ဖို့လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်က အလေးပေးပြောကြားခဲ့တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ထားဝယ် စီမံကိန်းဟာ ထိုင်းနိုင်ငံအတွက် အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို ကုန်စည်တွေ တင်ပို့ဖို့ အတွက် အဓိက ဂိတ်တံခါးအဖြစ် ထိုင်းအစိုးရက ရှုမြင်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၆)ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နဲ့ ထိုင်း ဒုကာကွယ် ရေး ၀န်ကြီး တို့ နှစ်ဦး ပြောဆိုခဲ့ကြတဲ့အသံ ဆိုပြီး ထွက်ပေါ်လာခဲ့တဲ့  အသံဖိုင်တစ်ခုမှာ - ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း အောင်မြင်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခရာကျ တယ် လို့ ပြောဆိုထားပါတယ်။

မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ မနေ့က ထိုင်းခရီးစဉ်ဟာ အဲဒီအသံဖိုင် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ပထမဆုံး ထိုင်းခရီးစဉ်ဖြစ်ပါတယ်။

RFA

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် ဦးနှောက်အကျိတ် ခွဲစိတ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ မရှိသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြု



အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် ဖြစ် နေသည့် ဦးနှောက်အကျိတ်ကို စင်ကာပူ အထွေ ထွေ ရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ပြုလုပ် ခဲ့ပြီး ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်သည့် နောက် ဆက်တွဲ ဆိုးကျိုးများကို စစ်ဆေးခဲ့ရာ ဆိုးကျိုးများ မရှိသည့်အတွက် စက်တင်ဘာ ၁၆ ရက်က ဆေးရုံ မှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။


ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ဦးနှောက်အကျိတ် ကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသခဲ့ရာ ခွဲစိတ်မှုအားလုံး ရာနှုန်းပြည့်နီးပါး အောင်မြင် ခဲ့ကြောင်းနှင့် လက်ရှိတွင် ဟော်မုန်းဓာတ် အပါအ၀င် ဆီးချိုသွေးချို လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လာရန် စီစဉ်ထားကြောင်း သိရသည်။

"လက်ရှိအခြေအနေကတော့ အားလုံးကောင်းပါတယ်။ ခွဲစိတ်မှုလည်း အောင်မြင်ပြီး ဘေးထွက်ဆိုးကျိုး လည်း ဘာမှမရှိပါဘူး။ ခွဲစိတ်မှု လုပ်လိုက်တဲ့အတွက် ကြီးထွားမှု ဟော်မုန်းတွေလည်း လျော့သွားပါပြီ။ အခြားခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ဆေးတွေပဲ ဆက်စားသွားရ တော့မှာပါ" ဟု ကိုဝင်းဇော်ဦး၏ ကျန်းမာ ရေး စစ်ဆေးမှုများတွင် တာဝန်ယူ လုပ်ဆောင်ပေးနေသည့် ဒေါက်တာခင်လေးရီက ဆိုသည်။

ကိုဝင်းဇော်ဦးကို ခွဲစိတ်မကုသမီ ကျန်းမာရေး စစ်ဆေးမှုများအရ ပီကျူထရီ (Pituitary Gland) တွင် အကျိတ်ရှိမနေဘဲ ပီကျူထရီ၏ အထက်ပိုင်း ဦးနှောက်နှင့် ကပ်လျက်ရှိ ဟိုက်ပိုသားလမတ်(စ်) (Hypothalamus) တွင် ရှိနေသည်ဟု စစ်ဆေးတွေ့ရှိ ခဲ့သော်လည်း ခွဲစိတ်နေစဉ်အတွင်း ဟိုက်ပိုသား လမတ်(စ်) (Hypothalamus) တွင် ရှိနေသည့် အကျိတ်သာမက ပီကျူထရီတွင်ပါ ကင်ဆာဖြစ်နေသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် ဟိုက်ပိုသားလမတ်(စ်)တွင် ရှိနေသည့် အကျိတ်ကိုသာမက ပီကျူထရီကိုပါ တစ်ပါ တည်း ခွဲထုတ်ခဲ့ကြောင်း သိရသည်။

ခွဲစိတ်မှုကို စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာ ၀န်ကြီးများ ပါဝင်သည့် ဆေးပညာအဖွဲ့မှ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ကြာမြင့်ချိန် ၈ နာရီခန့် ကြာခဲ့ကြောင်းနှင့် အဆိုပါ ခွဲစိတ်ကုသမှုသည် စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးအတွက် ထူးခြား သည့် ခွဲစိတ်ကုသမှု တစ်ခုဖြစ်ကြောင်း သိရသည်။

Eleven

မြန်မာလူမျိုး လုပ်ငန်းရှင်တစ်ဦးမှ မြန်မာ့ ယဉ်ကျေးမှုရှေးဟောင်း လက်ရာများစွာ ပါရှိမည့် ရေပေါ် ကရ၀ိတ်ရွေ့လျား ဟိုတယ်ကြီး တည်ဆောက်လျုက်ရှိ



မြန်မာနိုင်ငံ၏ ဂုဏ်ဆောင် မြစ်မင်း ဧရာဝတီ မြစ်ရိုး တစ်လျှောက် နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင် စားဖွယ် မြန်မာလူမျိုး တို့၏ ရှေးရိုးရာ ယဉ်ကျေးမှု မြောက်မြားစွာဖြင့် ဖန်တီး စီရင်ထားသော ရေပေါ် ကရဝိက် ဖောင်တော် သုံးထပ် ရွေ့လျား ဟိုတယ် ( Mobile ) ဟိုတယ်ကြီး ကို မြန်မာလူမျိုး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးထွန်းထွန်း သည် ၂ဝ၁၃ သြဂုတ်လ ၂၆ ရက်မှ စတင် တည်ဆောက် ခဲ့ပြီး ယနေ့ အချိန် တွင် ၇ဝ ရာခိုင်နှုန်း ခန့် အကောင် အထည်ဖော် တည်ဆောက်ပြီး ဖြစ်ကြောင်း သိရသည်။


အဆိုပါ ရေပေါ် ကရဝိက် ဖောင်တော် သုံးထပ် ရွေ့လျား ဟိုတယ်ကြီး ကို အလျား ၂၅ဝ ပေ x အနံ ၂၄ ပေ x အမြင့် ၂၄ ပေရှိ ကရဝိက် ဖောင်တော် ၂ စီးဖြင့် အခြေခံ တည်ဆောက် ထားပြီး ကရဝိက် (၁) စီးဆီကို မြင်းကောင်ရေ (၃၆ဝ) ပါဝါရှိ အင်ဂျင် (၁)လုံးစီ တပ်ဆင်ထား၍ ရေဆူး(၃)ပေ ရှိသည်။ ၄င်း ဟိုတယ်ကို အထပ် (၃)ထပ်ဖြင့် တည်ဆောက် ထားပြီး မိသားစု အခန်း (၆)ခန်း ၊ ၂ ယောက်တွဲ (၄ဝ)ခန်း ၊ အပေါ်ဆုံး ထပ်တွင် (၂ဝx၄ဝ) ပေ ရေကူးကန် နှင့် အားကစား လေ့ကျင့်ရေး ခန်းမ ၊ Spa ခန်းမ တို့လည်း ပါရှိမည် ဖြစ်သည်။ ရေပေါ် ရွေ့လျား ကရဝိက် ဟိုတယ်ကြီး အတွင်းပိုင်းကို မြန်မာ့ ရှေးယဉ်ကျေးမှု လက်ရာများ ဖြစ်သည့် ပန်း(၁ဝ)မျိုး ပန်းချီ ၊ ပန်းပု လက်ရာ များဖြင့် ထုန်မွမ်း ထားပြီး ခေတ်နှင့်အညီ ပြောင်းလဲ တိုးတက် လာသည်နှင့် အမျှ မြန်မာနိုင်ငံ၏ ရှေးဓလေ့ ထုံးတမ်းများကို စိတ်ဝင်စား ကြသည်။ ကမ္ဘာ ရပ်ခြားမှ နိုင်ငံခြားသား ဧည့်သည်များ လာရောက် အပန်းဖြေ လေ့လာ ကြည့်ရှု နိုင်ရန် အဓိကထား တည်ဆောက် ခဲ့သည် ဟု ဟိုတယ်ကြီး ကို တည်ဆောက် ဖန်တီးသူ မြန်မာလူမျိုး လုပ်ငန်းရှင် ဦးထွန်းထွန်း မှ မန္တလေးမြို့ခံ သတင်း မီဒီယာများ ကို ပြောကြား ခဲ့သည်။

ရေပေါ် ကရဝိက် ရွေ့လျား ( Mobile ) ဟိုတယ်ကြီးကို ၂ဝ၁၃ ဒီဇင်ဘာလ ကုန်တွင် ပြီးစီးမည်ဟု ခန့်မှန်း ထားပြီး နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ဦးစားပေး စီစဉ် ထားရှိမည် ဖြစ်သည်။ မြန်မာလူမျိုး အပန်းဖြေ ခရီးသွား ဧည့်သည် များကိုလည်း အဆင်ပြေ စေရန် အခန်းခ ငွေဒေါ်လာ နှင့် တန်ဖိုး ညီမျှသော မြန်မာ ကျပ်ငွေဖြင့် ကောက်ခံမည် ဖြစ်သည်။ ဟိုတယ်ကြီးကို ခရီးစဉ် အဖြစ် နေ့စဉ် နေ့လည် ၂ နာရီတွင် မန္တလေး ဆိပ်ကမ်းမှ ထွက်ခွာမည် ဖြစ်ကာ မင်းကွန်း တောင်ရိုးသို့ ပို့ဆောင်၍ ကျန်ခရီးစဉ်ကို ခရီးသွား ဧည့်သည်များ နှစ်သက်သည့် ရွှေကြက်ယက် View ( သို့မဟုတ် ) ဧရာဝတီ လင်းပိုင်များ ကြည့်ရှု နိုင်မည့် နေရာများသို့ ပို့ဆောင်ကာ ခန့်မှန်း ကြာချိန် (၅) နာရီ ဖြစ်သည်။ ဟိုတယ်ကြီးပေါ် တွင် ဝန်ထမ်း အင်အား (၇ဝ)ဦးခန့် ထားရှိမည် ဖြစ်ပြီး ၄င်း ဝန်ထမ်းများ ကို မန္တလေး ဈေးချို ဟိုတယ်တွင် ဟိုတယ်တွင် လုပ်ငန်း ဆိုင်ရာ သင်တန်းများ ပေးထားပြီး ဝန်ထမ်းများ ကို ဘာသာစကား အနည်းဆုံး (၂)မျိုး ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက် ထားသည်ဟု သိရသည်။ ဟိုတယ်ပေါ်တွင် ကျန်းမာရေး စောင့်ရှောက်မှု ၊ လုံခြုံရေး နှင့် မီးဘေး ကာကွယ်ရေး စနစ်များကို ကျွမ်းကျင် ဝန်ထမ်း များဖြင့် ဝန်ဆောင်မှု ပေးမည်ဟု သိရသည်။ အခြား မန္တလေးမြို့တွင် ကုန်းပေါ် ဟိုတယ်ကြီး များတွင် တည်းခို နေသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အနေဖြင့် ပြေးဆွဲမည့် ခရီးစဉ်တွင် လိုက်ပါ လိုပါက ဟိုတယ်ခ မပေးရဘဲ ခရီးစဉ် လမ်းကြောင်း သတ်မှတ် ဈေးနှုန်းကိုသာ ပေးဆောင် ရမည် ဖြစ်သည်။


ကရဝိက် ရေပေါ် ရွေ့လျား ( Mobile ) ဟိုတယ်ကြီးကို မြန်မာလူမျိုး လုပ်ငန်းရှင် GC Myanmar ဦးထွန်းထွန်း မှ မြန်မာလူမျိုး တို့၏ ဂုဏ်ဆောင် နိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက် လျက်ရှိပြီး ဟိုတယ် ရုံးခန်းကို မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် ပြည်ကြီး ပျော်ဘွယ် အနောက် ရပ်ကွက် (၃၁x၃၂) လမ်းကြား ၊ လမ်း ၉ဝ တွင် ဖွင့်လှစ် ထားရှိ၍ ဆက်သွယ် ရန် ဖုန်းမှာ ဝ၉- ၅၁၄ ၃၉ဝ၂ နှင့် ဝ၉- ၉၁ဝ ၅၄၂၆၂ တို့ဖြစ်ကြောင်း စာရေးသူမှ မြန်မာ့ဂုဏ် ကျက်သရေဆောင် ရှေးယဉ်ကျေးမှု အမွေအနှစ် များကို ကမ္ဘာရပ်ခြား ရှိ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက် အပန်းဖြေရင်း လေ့လာ ကြည့်ရှု နိုင်စေရန် အတွက် အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံ၍ ရေးသား လိုက်ရပေသည်။ 

( အောင်စိုးမိုး )

Credit : http://themyawadydaily.blogspot.com/2013/09/blog-post_6692.html

ဆင်းရဲတွင်း နက်သထက်နက်လာ၍ သမ္မတထံ စာပို့ (ပေးစာ)

သို့

သမ္မတ

ပြည်ထောင်စုမြန်မာနိုင်ငံ

ရက်စွဲ။ ။၁၇.၉.၂၀၁၃

အကြောင်းအရာ။ ။သမ္မတ၏အမိန့်ကြေငြာစာအမှတ်၂၇/၂၀၁၃ ရက်စွဲ ၂၆- ၂- ၂၀၁၃ ပါ ညွှန် ကြားချက် များနှင့် ကွဲလွဲပြီး လုပ်ကိုင်နေကြခြင်း ကိစ္စ။


အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ကျွန်တော်တို့ တောင်ကုတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး ကော်မတီ မြို့နယ် စည်ပင်သာယာရေး ကော်မတီဆိုပြီး ကိုယ့်သဘောနှင့် ကိုယ်အမည်စာရင်း ထည့်သွင်း ဖွဲ့စည်းထားကြပါ သည်။ အထက်ရည်ညွှန်းပါ သမ္မတအမိန့် ကြေငြာချက်နှင့် လုံးဝလွဲချော်ပြီး ဖွဲ့စည်း ထား ကြခြင်း ဖြစ်ပါသည်။ အဆိုပါ တောင်ကုတ်ဒေသ ဖွံ့ဖြိုးရေးကော်မတီသည် မြို့မှမီးလင်းရေး ကိစ္စများကို ဆောင်ရွက်ရာတွင်လည်း မီတာခများ ဈေးကြီးမြင့်ရသည့် အထဲ မီတာ ထိန်းသိမ်းခ ကျပ် (၁၀၀၀ိ)။ လျှပ်စစ်ရုံးမှ မီတာ ထိန်းသိမ်းခ ကျပ် (၁၀၀၀ိ)။ သို့ အတွက် တစ်လလျှင် မလိုအပ်ဘဲ မီတာ ထိန်းသိမ်းခ ကျပ် (၂၀၀၀ိ)စီ ပေးဆောင်နေရပါသည်။ မီတာခ ပေးဆောင်ခြင်း နောက်ဆုံး သတ်မှတ်ရက်ထက် တစ်ရက်ထက် ကျော်လွန် ခဲ့လျှင်လည်း ရက်လွန်ကြေး (၂၀၀၀ိ) ဆိုပြီး ပြည်သူများအပေါ် ဖိနှိပ် ကောက်ခံနေပါသည်။ အဆိုပါ ဒေသ ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့မှ စာရင်း ရှင်းတမ်းလည်း နှစ်စဉ် ထုတ်ပြန်ခြင်း၊ စစ်ဆေးခြင်းတို့ မရှိဘဲ ပြည်သူများ ထံမှ ကောက်ခံသော အခွန်ငွေများမှာ မည်သို့ အလွဲ သုံးစား လုပ်ခံနေရသည်ကို သမ္မတကြီး သိရှိနိုင်စေဖို့ တင်ပြရခြင်း ဖြစ်ပါသည်။

မြို့နယ်စည်ပင်သာယာရေး ကော်မတီဟု ကိုယ့်သဘောနှင့် ကိုယ်ဖွဲ့ထားသော အဖွဲ့သည်လည်းအထက်မှ ဒေသဖွံ့ဖြိုးရေးကော်မတီ ဆိုသူများသာ ဖြစ်ကြပါသည်။ တောင်ကုတ်မြို့ ညဈေးမှ ဈေးကောက်ခကြီး မြင့်မူ၊ တစ်နေ့ ဈေးကောက် နှစ်ကြိမ် ကောက်ခံမူတို့အား စည်ပင်ကော်မတီ ဥက္ကဋ္ဌထံ တိုင်ကြားရာ၊ တိုင်စာတွင် မိတ္တူကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟုပါသည်ကို အဆိုပါဥက္ကဋ္ဌမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုသောစာကို ဖျက်ပေးမှ တိုင်စာကို လက်ခံမည်ဟု ငြင်းပယ် လွှတ်လိုက်ပါသည်။ ဈေးကောက် ကြီးမြင့်မှု ဒဏ်ကို ဖြေရှင်း ပေးရမည့်အစား မိတ္တူပို့ လိပ်စာအပေါ်တွင်သာ အလေးထားသော စည်ပင် ကော်မတီ ဥက္ကဋ္ဌ အကြောင်းအားလည်း သမ္မတကြီး သိရှိစေလိုပါသည်။

အချုပ်အားဖြင့်ဆိုရပါလျှင်သမ္မတကြီး၏ ဆင်းရဲမွဲတေမူ လျှော့ချရေး၊ ပပျောက်ရေး ရည်မှန်းချက်များသည် အထက်ပါ အမိန့်ကြေငြာစာများအား တိကျစွာ မလိုက်နာသော လူတစ်စု၊ တစ်ဖွဲ့တို့၏ လုပ်ရပ် များကြောင့် အခွန်ထမ်း ပြည်သူများမှာ ဆင်းရဲတွင်း နက်သထက်သာ နက်နေကြခြင်း ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

မင်းအောင်(တောင်ကုတ်)

Credit : Here

မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား



မိသားစု လုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံး ဖွင့်ချ မည် ဟု အနောက်နိုင်ငံ သံရုံးကိုယ်စားလှယ် တစ်ဦး နှင့် လျှို့ဝှက်တွေ့စုံစဉ် အငြိမ်းစာဗိုလ်ချုပ်ကြီး ခင်ညွန့် မှ ပြောကြား ခဲ့ခြင်းဖြစ်သည် ၊


စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည် သို့ ဝန်ခံဖွင့်ချမည့်သူ အများအပြားရှိကြောင်းလည်း ပြောကြားသွားသည်ဟု သိရပါသည် ၊

" အားလုံးက ပြောချင်နေကြပြီလေ ၊ အဲဒီအချိန် တုန်းကတော့ အထက်အမိန့်အရ လုပ်ခဲ့ကြတာလေ ၊ မှားတယ်မှန်တယ် လုပ်သင့်တယ် မလုပ်သင့်ဘူး ပြန်ဝေဖန်ပိုင်ခွင့်မှ မရှိတာ ၊ ခိုင်းတာလည်းလုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလို နဲ့ အပြင်ကို ကောလဟာလလွှင့်တာခံရတယ် ၊ အဲဒါတွေက နောက်ကျောဓါးနဲ့ထိုးလိုက်တာပဲ ၊ ကိုယ့်ကို သမိုင်းတရားခံဖြစ်အောင် ထိုးကျွေးလိုက်တာ ၊ ဒါ ဘယ်သူကမှ မခံနိုင်ဘူးလေ ၊ ကိုယ့်သားစဉ် မြေးဆက် အပေါ် မဟုတ်တဲ့ အမည်းစက်ကြီးဖြစ်နေမှာလေ ၊ အားလုံး ဖွင့်ချချင်နေကြတယ် ၊ တစ်ခုပဲရှိတယ် ၊ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ် ၊ "

မည်သည့်စိုးရိမ်မှုများကြောင့် မိသားစုလုံခြုံရေးကို အာမခံချက်တောင်းရတာလဲ ဟု သ့ရုံးကိုယ်စားလှယ် မှမေးရာ ၅လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်မခြင်း အရင်အာဏာရှင်များ၏ နောက်ကွယ်မှ ကြိုးကိုင် မှုများ ရှိနေသည်ကို အထင်အရှားသိနိုင်ကြောင်း ၊ အချိန်မရွေး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ ပြန်ဖြေခဲ့သည်ဟု သိရပါသည် ၊

သံရုံးကိုယ်စားလှယ်မှ တဆက်တည်းဖြေလို့ရလျှင် မေးစရာတစ်ခုရှိကြောင်း ၊ ဖြေလို့ရလျှင် ဖြေပေးစေ လိုကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်မှ သဘောတူသဖြင့် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခြင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ပယောဂပါ မပါ သိလိုကြောင်းမေးကြားခဲ့သည် ၊

" အဲဒါကိုလည်း ဖြေချင်နေတာပါ ၊ ကိုယ့် ပယောဂ မပါပါဘူး ၊ လုံးဝကို မပါတာပါ ၊ ကိုယ်တို့ ဟာ လုပ်ဖော် ကိုင်ဖက်တွေပါ ၊ တခါတခါ သဘောထားတိုက်ဆိုင်တာရှိသလို ထိပ်တိုက်ပြောရတာလေးတွေလည်း ရှိတာ ပေါ့ ၊ အခုဟာက အပြင်မှာ ဒီကိစ္စနဲ့ပတ်သတ်လာရင် ကိုယ်က တရားခံလိုလို ဘာလိုလို ဖြစ်နေတယ် ၊ ဒါလုံးဝ မဟုတ်ပါဘူး ၊ ဒါဘယ်သူလုပ်တယ်ဆိုတာ ကိုယ်သိတယ် ၊ အချိန်တန်ရင် ကိုယ်ဖွင့်ပြောမှာပါ ၊ ကိုယ် မသေခင် တာဝန်ကျေသွားချင်တယ် "

တွေ့ဆုံမှုအစီအစဉ်ကို ပြည်ပရောက် ဗိုလ်မှူးအောင်လင်းထွဋ်မှ စီစဉ်ပေးခဲ့ကြောင်း သိရသည် ၊

''ဂျော်လီဆွေနှင်သားများ"ဗီဒီယိုထုတ်လုပ်ရေးမှတောင်းပန်ခြင်း


ကျွန်တော်များဗီဒီယိုထုတ်လုပ်ရေးမှ အရင်ကတည်းက ရခိုင်အမျိုးသားကိုချစ်ခင်စွာဖြင့် ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဒီကနေ့ထိပ်တန်းသရုပ်ဆောင် နေတိုးကို လက်တွဲ၍ ရိုက်ကူးခဲ့သောထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ သည့်အပြင် ရခိုင်အမျိုးသားများဖြစ်သည့်"ဘုန်းသျှံ""သာထက်"စသောအနုပညာရှင် များကိုမြေတောင်မြောက်ကာ ရိုက်ကူးပေးခဲ့သော ကုမ္ပဏီလည်းဖြစ်ပါသည်။

ရခိုင်အမျိုးသားများအား ထိခိုက်နစ်နာစေလိုခြင်း အလျင်းမရှိပါ။ ''ဂျောင်း"ဗီဒီယိုဇာတ်ဝင်ခန်းတွင်ပါဝင် သော စကားလုံးအချို့နှင့်ပတ်သက်၍ ဇာတ်ညွှန်း-ဒါရိုက်တာ-သရုပ်ဆောင် များက သဘာဝထက်ဟာသကို ဦးစားပေးပြီးရိုက်ကူးတင်ဆက်မိခဲ့ခြင်းအပေါ် နားလည်သည်းခံခွင့်လွှတ်ပါရန် နှင့် နောက်နောင် ဇာတ်ကား များတွင်လည်း ဤလိုအဖြစ်မျိုးများ မဖြစ်ရန် တာဝန်ယူဂတိပြုပါကြောင်း အနူးအညွတ် တောင်းပန် အပ်ပါသည်ခင်ဗျာ…


ဂျော်လီဆွေနှင့်သားများ
ဗီဒီယိုထုတ်လုပ်ရေး