Tuesday, September 17, 2013

လက်ရှိအစိုးရ၏ အမွေအဖြစ် သီလဝါ အထူးစီးပွားရေးဇုန်ကို အမှားအယွင်းမရှိ အကောင်အထည်ဖော်မည်



လက်ရှိနိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရ၏ အမွေဖြစ်လာမည့် သီလဝါ အထူးစီးပွားရေးဇုန်ကို လုံးဝအမှားအယွင်း မရှိစေရန် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ယင်း အထူး စီးပွားရေး ဇုန်ကို အကောင်အထည် ဖော်သွားမည့် မြန်မာ့ စီးပွားရေးအဖွဲ့မှ ဥက္ကဌအဖြစ် တာဝန်ယူထားသူ UMFCCI ဥက္ကဌ ဦးဝင်းအောင်က ပြောကြား ခဲ့သည်ဟု သိရသည်။


ဦးဝင်းအောင်သည် စက်တင်ဘာ ၁၀ရက်နှင့် ၁၁ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော Myanmar Global 1 Mestment Formတွင် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ “သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရာမှာ မြန်မာဘက်က ၅၁ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်က ၄၉ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပြီး ပါဝင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မြန်မာဘက်က ၅၁ရာခိုင်နှုန်းထဲမှာ အစိုးရ ဘက်ကလည်း ပါဝင်မှာပါ။ အခုမြန်မာဘက်က အကောင်အထည်ဖော်မယ့် စီးပွားရေးအဖွဲ့မှာ အများပိုင် ကုမ္ပဏီကိုးခု ပါဝင်ပါတယ်”ဟု ၄င်းက ရှင်းလင်းပြောကြားခဲ့သည်။

စီမံကိန်း အကောင်ထည်ဖော်မည့် မြန်မာ့စီးပွားရေး အဖွဲ့တွင် ကုမ္ပဏီကိုးခု ပါဝင်မည်ဟု သဘော တူညီထားသော်လည်း ၄င်းကုမ္ပဏီများချည်း လုပ်ဆောင်ရမည်ဟု ကန့်သတ်ထားခြင်း မရှိကြောင်း သိရ သည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာမှာ ဟက်တာ ၂၄၀၀ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်နှင့် ပိုမိုနီးကပ်သည့်အတွက် အခြားစီးပွားရေး ဇုန်များထက် များစွာမြန်ဆန် ပြီးစီးနိုင် မည်ဖြစ်ကြောင်း သီလဝါအထူး စီးပွားရေးဇုန် စီမံအုပ်ချူပ်မှု ကော်မတီ ဥက္ကဌ ဦးဆက်အောင် က ပြောကြားခဲ့သည်။

“သီလဝါက ရန်ကုန်နဲ့ မေ၀းသလို အခြားဆက်စပ် ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း စတင်နေပါပြီ။ ဒါ့ကြောင့် ထားဝယ်စီးပွားရေးဇုန်ထက် အများကြီး မြန်မြန်ဆန်ဆန် ပြီးစီးမှာ ဖြစ်ပါတယ်”ဟု ဦးဆက်အောင် ပြောကြားခဲ့သည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၄ခုနှစ် အစပိုင်း တွင် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် စီမံကိန်း သုံးခုကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ၄င်းတို့မှာ သီလဝါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန် တို့ ဖြစ် သည်ဟု သိရပါသည်။

Myanmar ICT

ရတနာပုံတက္ကသိုလ်အရှုပ်တော်ပုံ သမ္မတရုံးတိုက်ရိုက်စစ်ဆေး



မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်မှ အရှုပ် တစ်ခုသဖွယ်ဖြစ်နေသည့် ကိစ္စများအား ပါမောက္ခ ချုပ် ဒေါက်တာခင်မောင်ဦးအပါအဝင် တာဝန်ရှိသူအချို့ကို သမ္မတရုံးမှ တာဝန်ရှိသူ များနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ငွေကြေးအလွဲ သုံးစားကိစ္စများအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း တက္ကသိုလ်ဆရာ အသိုင်းအဝိုင်းမှ သိရသည်။


အဆိုပါစစ်ဆေးမှုတွင် ရတနာပုံမဂ္ဂဇင်း ဆိုင်ရာ ငွေကြေးများ၊ စားသောက်ဆိုင်ကိစ္စများ၊ ဆရာမ များ အ ဆောင်၊ ကွန်ကရစ် ကျောင်းလမ်းမကြီးကိစ္စများ၊ ဘွဲ့နှင်းသဘင်ဓာတ်ပုံတင်ဒါကိစ္စများ စသည်တို့ကို အချိန်ယူစစ်ဆေးသွားသည်ဟု သိရသည်။ ထို့အပြင် သင်္ချာဌာနမှူး ဒေါက်တာဒေါ်နှင်းဦးကိုလည်း မေးခွန်းမှားယွင်းမှုများတက္ကသိုလ်နှင့် ပတ်သက်၍ စစ်ဆေး သွားခဲ့သည်ဟု သိရသည်။

"ပထမဆုံး သမ္မတရုံးက လာစစ်တယ်၊ ညနေကျောင်းဆင်းရင်ကားနဲ့လာပြီးတော့စစ်တယ်၊ နောက် စသုံးလုံးမှာ သွားအစစ်ခံရတယ်။ အခုပြီးတော့ ပညာရေးဝန်ကြီးဌာနက လာစစ်တယ်။ အားလုံးပေါင်း ၂၈ ယောက်ဝန်းကျင် စစ်ဆေးခံရတယ်၊ တစ်ခုထူးခြားတာက မဂ္ဂဇင်း၊ ကော်မတီ မှာလည်း ဒီလူတွေပဲ၊ စားသောက်ဆိုင်ကိစ္စတွေမှာလည်း ဒီလူတွေပဲ။ အကုန်လုံးလိုလိုက ဒီလူတွေပဲ လုပ်ကိုင်နေတာ ကို တွေ့ရ တယ်ဟု တက္ကသိုလ်ဆရာတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင် ရတနာပုံနှစ်ပတ်လည်မဂ္ဂဇင်းကို အုပ်ရေများစွာရောင်းချသော်လည်း အုပ်ရေ အမှန်မတင်ပြခြင်း၊ စားသောက်ဆိုင် လေလံကြေးနှင့်ဌာနဆိုင်ရာသို့ တင်ပြငွေကွာ ဟနေခြင်း၊ စသည် တို့ကို စစ်ဆေးမှုများ ပြုလုပ်သွားသည်ဟု ဆိုသည်။

"စစ်ဆေးသွားတာတွေကတော့ ငွေကြေးအလွဲသုံးစားမှုလို့ပဲသုံးရမယ် ထင်တယ်၊ စားသောက် ဆိုင် တွေ ဆိုရင်အနည်းဆုံး စာသင်နှစ်တစ်နှစ်စာကို သိန်းလေးဆယ်ကနေ သိန်းတစ်ရာကျော် အထိရှိတယ်၊ ဒါပေမယ့်ဝန်ကြီးဌာနကို အများကြီးလျှော့ပြီး တင်ပြထားတယ်။ ဒါပေမယ့်ဆိုင် ခန်းနှစ်ခန်း ကတော့အမှန် အတိုင်းဖြေမသွားပဲ လျှော့ဖြေသွားတယ်လို့လည်း သိရတယ်။ သိထားတာတွေတော့ တော်တော် များပါတယ်။ ဒါပေမယ့်ပြောလို့ မရသေးဘူး။ ဘယ်လို အရေး ယူမလဲဆိုတာ စောင့်ကြည့်ရဦးမယ်" ယင်း တက္ကသိုလ် ဆရာတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးသွားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူခြင်းမရှိသေးကြောင်း၊ ထို့အတူ ဝန်ကြီး ဌာနစစ်ဆေးမှုနှင့် သမ္မတရုံးစစ်ဆေးမှုတို့ကိုလည်း တစ်စုံတစ်ရာမသိရှိကြရသေးဘဲ ပွင့်လင်းမြင်သာမှုမှာ အားနည်းလျက်ရှိပြီး ပညာရေးစနစ်မှာ ကြိုးနီစနစ်လွှမ်းမိုးနေဆဲဖြစ်ကြောင်း တက္ကသိုလ်ဆရာများ အသိုင်း အဝိုင်း က သုံးသပ်သည်။

"ဆရာမ ဒေါ်စိုးစိုးခိုင်ကိုကျတော့ နှစ်ဆင့်လောက်ကို ချက်ချင်းကြီးအရေးယူလိုက်တယ်။ အခုကိစ္စကျတော့ ဘယ်လိုအရေးယူမလဲစောင့်ကြည့်မယ်၊ ပညာရေးလောကသားတွေအကုန်လုံး အခုကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်" ဟုဆရာများသမဂ္ဂမှ ဆရာတစ်ဦးကဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးကို ဆက်သွယ်မေးမြန်းရာ "ဘာမှပြော စရာမရှိဘူး" ဟုဖြေကြားခဲ့ပြီး ထပ်မံ၍ "လာရောက်စစ်ဆေးသွားတယ်ဆိုတာ ဟုတ်ပါသလား" ဟု မေးမြန်း ရာတွင်လည်း "အဲလိုလည်းမပြောဘူး" ဟုဖြေကြားကာ ဖုန်းချသွားခဲ့ပြီးနောက် ထပ်မံဆက်သွယ်သော် လည်း ဆက်သွယ်မှုမရရှိတော့ပေ။

လူထုပုံရိပ်သတင်းဂျာနယ်

ရှမ်းပြည်နယ် ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၄၂ / ၂၀၁၃ )
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်)


ရှမ်းပြည်နယ် ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်း ချက်များအရ မိုင်းပြင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်း အားရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်ခန့်အပ်တာဝန် ပေးလိုက်သည်။


                                                                                     (ပုံ) သိန်းစိန်
                                                                                  နိုင်ငံတော်သမ္မတ
                                                                     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားသောအမှု လေးမှုရှိ

လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန် လည်ရုပ်သိမ်းလိုကြောင်း မဲဆန္ဒရှင်များက ရွေးကောက်ပွဲ ကော်မ ရှင်သို့ တိုင်ကြားထားသည့် အမှုလေးမှုရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး က ပြောကြားသည်။


လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းလိုကြောင်း တိုင်ကြားခံထား ရသူများမှာ

  1. ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမဲဆန္ဒနယ်၊ လွှတ်တော် ကိုယ်စားလှယ် ဦးဟန်စိန်၊
  2. အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မန္တလေးတိုင်းဒေသကြီး တံတားဦး မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၊
  3. ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒ နယ် အမှတ် (၁၂) ဦးဆလိုင်းခွဲယန်နှင့်
  4. ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်

တို့ ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ထိုသို့ ပြည်သူများ၏ တိုင်ကြားချက်များကို မိမိအနေဖြင့် ဆောင်ရွက်ပေး လိုသော်လည်း ဥပဒေ မရှိသေး သဖြင့် ဥပဒေပြုရန် လွှတ်တော်သို့ တင်ပြခဲ့သော်လည်း ရပ်ဆိုင်းခြင်းခံရကြောင်း ပြောကြားသည်။

ထိုသို့လွှတ်တော်တွင်း ဆိုင်းငံ့ထားသော ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရန် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် တိုက်တွန်းပြောဆိုရန် ရှိမရှိနှင့် ပတ်သက်၍ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ''လူကြီးတွေပဲ။ တိုက်တွန်းစရာလည်း မလိုပါဘူး။ အသိစိတ်နဲ့ လုပ်ရမယ့် ကိစ္စတွေပါ။ ဒါတွေဟာ ကလေးကစား စရာလည်း မဟုတ်ဘူး။ ဥပဒေတွေပါ။ ဖွဲ့စည်းပုံကို အလေးထားရမယ့် ဥပဒေတွေ ဖြစ်ပါတယ်'' ဟု ဦးတင်အေးက စက်တင်ဘာ ၁၄ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထို့အပြင် ယခုကဲ့သို့ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရန် ဆိုင်းငံ့ထားခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း၊ ဥပဒေပြု ပြဋ္ဌာန်းရမည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသည့် လွှတ်တော်၏ တာဝန်သာ ဖြစ်ကြောင်း၊ လွှတ်တော်၌ ဆွေးနွေးချက်များကဲ့သို့ ဥက္ကဋ္ဌတွင် အာဏာရှိသကဲ့သို့ ဆွေးနွေးရန် ရပ်ဆိုင်း၍ မရကြောင်း၊ ယခု ဥပဒေသည် လွှတ်တော်မှ ဖွဲ့စည်းပုံအရ မဖြစ်မနေ ပြဋ္ဌာန်းရမည့် ဥပဒေ တစ်ခု လည်း ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

Eleven Media Group

လက်ရှိအချိန်တွင် အခက်အခဲနှင့် စိန်ခေါ်မှု အကြီးဆုံး ရှိနေပြီး လုပ်သင့်သည်များကို အမှန်ကန်ဆုံး ဆုံးဖြတ်လုပ်ကိုင်ရမည့် ကာလဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



မြန်မာနိုင်ငံ၏ လက်ရှိအကူးအပြောင်း ကာလတွင် အခက်အခဲနှင့် စိန်ခေါ်မှု အကြီးဆုံး ရှိနေပြီး လုပ် သင့်သည်များကို အမှန်ကန်ဆုံး ဆုံးဖြတ်လုပ်ကိုင် ရမည့် ကာလဖြစ်ကြောင်း ချက်သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ် အလည်အပတ် ရောက်ရှိနေ သော မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပ သည့် Forum 2000 အဖွင့်မိန့်ခွန်းတွင် ပြောကြား ခဲ့သည်။


ထို့ပြင် လက်ရှိ အခြေအနေသည် နောက်တစ်ကြိမ် ပြန်လည် ရရှိနိုင်ရန် ခက်ခဲသည့် အခွင့်အရေးများကို ရရှိနေသည် ဆိုသော်လည်း လက်ရှိမြန်မာနိုင်ငံ အပြောင်းအလဲအပေါ် အကောင်းမြင်လွန်းခြင်းသည် ရှေ့ ဆက်သွားရမည့် လမ်းကြောင်းကို ပျောက်ဆုံးသွားစေ နိုင်ကြောင်းကိုလည်း သူကသတိပေးခဲ့ပြီး အပြောင်း အလဲ အတွက် ကြိုးပမ်းခဲ့ကြရသည့် အခက်အခဲများကို မှတ်မိနေရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြား သည်။

''ကျွန်မတို့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကိုသွားတဲ့ လမ်းကြောင်းကို စနိုင်ခဲ့ ပါပြီ။ ဒါပေမဲ့ ကျွန်မ ထပ်ခါထပ်ခါ ပြောခဲ့ဖူးသလိုပဲ အပြောင်းအလဲအပေါ် အကောင်းမြင်လွန်းခြင်း ကတော့ ကျွန်မတို့ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ပျောက်ဆုံးသွားစေ နိုင်ပါတယ်။ ကျွန်မတို့တွေ့ကြုံခဲ့ရတဲ့အခက် အခဲတွေကို မှတ်မိနေဖို့လိုတယ်။ သူသာ (ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel) ဆိုရင်လည်း ဒီလိုမျိုး အခြေအနေအပေါ် အရမ်းကြီး အကောင်းမြင် နေတာမျိုးကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန် ဟာ ကျွန်မတို့အတွက် စိန်ခေါ်မှု အရှိဆုံး အချိန်ပါ။ အခုချိန်မှာ ရရှိနေတဲ့ အခွင့်အရေး ကောင်းတွေဟာ တော်တော်ကြာတဲ့ အချိန်ထိ ပြန်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မှန်ကန်တဲ့ အချိန်မှာ ချမှတ်နိုင်ရေးဟာ ဒီအကူးအပြောင်း ကာလမှာ အရေးအကြီးဆုံးပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည် က အဖွင့်မိန့်ခွန်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့သည်။ Forum 2000 ဆွေးနွေးပွဲ ၏ အဖွင့်မိန့်ခွန်း အစတွင် ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သွားပြီ ဖြစ်သည့် ချက်နိုင်ငံသမ္မတဟောင်း Vaclav Havel နှင့်ပတ်သက်၍ ပြောကြားခဲ့ရာ သူ၏ရေးသား မှုများသည် သူမအကျယ်ချုပ် ကျခံနေရချိန် တွင် အားတက်စရာများ ဖြစ်ခဲ့ပြီး အတုယူခဲ့ရသည်ဟု ပြောကြားသည်။ ထို့ပြင် Vaclav Havel သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းအတွက် များစွာကျေးဇူး ရှိကြောင်းနှင့် သူကသာ သူမ၏ နာ မည်စာရင်းကို တင်သွင်းခဲ့ခြင်း မပြုခဲ့ပါက သူမသည် ၁၉၉၁ ခုနှစ် နိုဗယ်ဆုကို ရရှိနိုင်စရာအကြောင်း မရှိကြောင်းလည်း သူမ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

စက်တင်ဘာ ၁၅ ရက်က ချက်သမ္မတနိုင်ငံတွင် ပြုလုပ်သည့် (၁၇) ကြိမ်မြောက် ဖိုရမ် ၂၀၀၀ ကွန်ဖရင့်ဖွင့်ပွဲသို့ တက်ရောက်လာသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် 
(Photo:AFP) 

''သူရေးတဲ့ စာအုပ်တွေ ကျွန်မရရှိတဲ့ အချိန်မှာ သူဘယ်လို ရုန်းကန်ရှင်သန်ခဲ့ရလဲ ဆိုတာကိုကြည့်ပြီးကျွန်မ အတု ယူခဲ့ရတယ်။ တကယ်ပြီးပြည့်စုံတဲ့ လွတ်လပ်မှုဆိုတာ အမှန်တရားမှာ နေထိုင်ခြင်း ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ ကျွန်မ အကျယ်ချုပ် ကျနေတဲ့ အချိန်မှာ ကျွန်မကို လွတ်မြောက်နေအောင် ခံစားရစေခဲ့သူဟာ သူပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ချက်သမ္မတနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Forum 2000 ဆွေးနွေးပွဲသည် ယခင် ဆိုဗီယက် ပြည် ထောင်စုနိုင်ငံများ၊ အာရပ်ကမ္ဘာ၊ လက်တင် အမေရိကနှင့် အာရှနိုင်ငံများတွင် အကူးအပြောင်း၌ တွေ့ကြုံ ရတတ်သည့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ အန္တရာယ်များနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် ကျင်းပခြင်း ဖြစ်သည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းတွင် လိုအပ်သည့် အရာများအပေါ် ပိုမို နားလည် လာနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အကူးအပြောင်းအပေါ် ရပ်တန့်သွားစေ နိုင်မှုများနှင့် နောက်ကြောင်းပြန်သွားနိုင်မှု အန္တရာယ်များကိုလည်း သိရှိစေရန် ဖြစ်သည်။ ယခုဆွေးနွေးပွဲကို စက်တင် ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်များ ဖြစ်ကြသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားအပြင် အခြားလူ့အခွင့်ရေးနှင့် ဒီမိုကရေစီအရေး တက် ကြွလှုပ်ရှား သူများလည်း တက်ရောက်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့သော Forum 2000 ဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်စဉ်ဖိတ်ကြား ခဲ့သော်လည်း နေအိမ်အကျယ်ချုပ် ကျခံနေရသည့်အတွက် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ယခုအကြိမ်မှ တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း Eleven Media Group

ရွှေဂက်(စ်) ဖြင့် ကျောက်ဖြူမြို့ပေါ်နှင့် ကျေးရွာ ၁၃ ရွာအား လျှပ်စစ်မီး စတင်ပေး



ရွှေဂက်(စ်)ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပေါ် နှင့် ကျေးရွာ ၁၃ ရွာတို့အား စက်တင်ဘာ ၁၅ ရက်မှ စ တင်ကာ လျှပ်စစ်မီး ပေးနေပြီ ဖြစ်ကြောင်း ကျောက်ဖြူမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း မှ သတင်း ရရှိသည်။


ယင်းသို့ လျှပ်စစ်မီးသုံးစွဲခ နှုန်းထားကို သတ်မှတ် ရာတွင် အထွေထွေ စီးပွားရေး လုပ်ငန်းသုံးအတွက် တစ် ယူ နစ်လျှင် ၇၅ ကျပ်နှုန်း ကောက်ခံမည် ဖြစ်ပြီး အထွေထွေ အိမ်သုံးအတွက် တစ်ယူနစ် လျှင်၃၅ကျပ်နှုန်း ဖြင့် သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။ ရွှေဂက်(စ်)ဖြင့် ကျောက်ဖြူ တစ်မြို့လုံး သာမက စီမံကိန်းပါ အနီးအနားကျေးရွာ ၂၁ ရွာသို့ပါလည်း မီးပေးရန် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီး နေပြီဖြစ်သော်လည်း ကျေးရွာ ၁၃ ရွာကို စတင်မီးပေးခြင်း ဖြစ်ကြောင်း သိရသည်။


ယခင်က ကျောက်ဖြူမြို့တွင် မီတာ အလုံးပေါင်း ၃၈၀၀ ခန့် ရှိသော်လည်း မီတာခ ၃၅ ကျပ်နှုန်းဖြင် လျှပ် စစ်မီး ဖြန့်ဖြူးပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် လာရောက် မီတာလျှောက်ထားသူ များပြားနေပြီး မီတာအလုံးပေါင်း ၂၅၀၀ ခန့် လျှောက်ထားမှု ရှိနေကြောင်းနှင့် ဆက်လက်မီတာ လျှောက်ထားသူ များ ပြားဖွယ် ရှိကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့တွင် ယခင်က ထရန်စဖော်မာ ငါးလုံးသာ တပ်ဆင်ထားရှိသော်လည်း ယခုအခါ ထရန်စဖော် မာ ၁၇ လုံးအထိ တိုးချဲ့တပ်ဆင် ထားရှိပြီးဖြစ်ကာ မီတာလုံးရေ ၃၈၀၀ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရ သည်။

ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရရှိသည့် ညသဘာဝဓာတ်ငွေ့များကို အသုံးပြုပြီး၊ ရခိုင်ပြည် နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး၊ ကျောက်ဖြူဒေသအတွင်း အကောင်အထည်ဖော်မည့် အထူး စက်မှုဇုန်များ ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းများသို့ ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း သိရပြီး ထိုသို့ ပေးနိုင်ရန် ဂက်စ်တာဘိုင် စက်ကြီးများ တည်ဆောက်ရန်အတွက် နှစ်နှစ်ခန့် ကြာမြင့်မည် ဖြစ် ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ဓာတ်အားပေးနိုင်ရန်အတွက် ထရန်စဖော်မာများ တပ်ဆင်နေစဉ်

Eleven Media Group

စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်မြေနေရာ အတွက် အိမ်ဖျက်ရန် ကြိုးစားရာမှ မိသားစုဝင်များနှင့် ဒေသအာဏာပိုင်များ တင်းမာမှုဖြစ်ပွား

စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် မြေနေရာအတွက် စက်တင်ဘာ ၁၆ ရက်က မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်ရှိ နေအိမ်ကို ဖျက်ရန်ကြိုးစားရာမှ မိသားစုဝင်များနှင့် ဒေသအာဏာပိုင်များ တင်းမာမှု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။


မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်ရှိ အကွက် အမှတ် ၃၃၃-က မြို့ပြဧရိယာ ၆၂ ဒသမ ၆၆ ဧကကို အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြေအဖြစ် အသုံးပြုခွင့်ရပြီး ဖြစ်သော်လည်း အိမ်ပိုင်ရှင် ဦးရဲထွဋ်(ခ) ဦး အောင်သိန်းက ဆက်လက် နေထိုင်သဖြင့် အရေးယူပေးရန် ဦးတိုက်လျှောက်ထားမှုကို မုံရွာမြို့နယ် တရား ရုံးက လက်ခံစစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီက အလုပ်နှင့် ထောင်ဒဏ်တစ်လ ကျခံရ စေ ရန် အမိန့်ချမှတ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၆ ရက်တွင် ယင်းနေအိမ်အား ဖျက်ရန် ကြိုးစားခဲ့ရာမှ ပြဿနာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

''လွှတ်တော် အဆောက်အအုံ မြေနေရာအတွက် ၆၁ ဒသမ ၆၆ ဧကမှာ ၄၀ ဒသမ ၁၈ ဧကက သိမ်းပြီးပြီ။ အဆောက်အအုံကိုလည်း ၂၀၁၀ ၀န်းကျင်က ဆောက်ခဲ့ပြီးပြီ။ အခုဟာက ကျန်တဲ့မြေ ၂၀ ဒသမ ၄၈ ဧက အတွက် သိမ်းဖို့လုပ်ရာက ပြဿနာတွေ ထပ်ဖြစ်နေတာပါ။ တောင်သူ ၃၀ ကျော်နဲ့ အိမ်ဝင်းနေထိုင်သူ အပါ အ၀င် ၇၇ ဦးကို ရွှေ့ဖို့လုပ်ရာက ၁၆ ဦးပဲ မရွှေ့သေးဘဲ ကျန်တာပါ။ အခုဟာက ဘာအတွက် ရွှေ့ ခိုင်းတာလဲမေးရင် အထက်ကလို့ပဲ ပြောပါ တယ်။ ရွှေ့ရမယ့်သူက သိခွင့်မရဘူး ဖြစ်နေတယ်'' ဟု အိုးဘို တောင် ရပ်ကွက်နေ ကိုထင်ဇော်လင်းက ပြောသည်။

''စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရရုံးမှာ ကျွန်တော်တို့ကို လေးခါခေါ်ညှိပေမယ့် ညှိတာမဟုတ်ဘဲ သူတို့ရွှေ့ ပေး တဲ့ မုံရွာဂေါက်ကွင်းနား ပြောင်းဖို့ချည်း ပြောပါတယ်။ အခုတော့ အိမ်ကိုလာဖျက်ဖို့ လုပ်နေကြပါတယ်။ ကျွန်တော်တို့ကတော့  ဖျက်ခွင့်မပေးသလို အိမ်ပိတ်ထားပြီး သူတို့ကလည်း အိမ်နားကို ဖြတ်သန်းသွားလာ ခွင့် ပိတ်ထားပါတယ်'' ဟု ဦးရဲထွဋ်၏ သမက်ဖြစ်သူ ကိုသိန်းတန်က ပြောပြသည်။

ဇူလိုင် ၁ ရက်ကလည်း အထက်မြန်မာပြည် မြေနှင့်အခွန် နည်းဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂)အရ အလုပ်နဲ့ ထောင်ဒဏ်တစ်လ ကျခံရစေရန် မုံရွာမြို့နယ် တရားရုံးက ဦးကျောက်ခဲအား အမိန့်ချ မှတ်ခဲ့ကာ ဇူလိုင် ၂ ရက်က မုံရွာမြို့ အိုးဘိုတောင်ကွက်သစ် မြ၀တီရပ်ကွက် နယ်မြေ ၆ ရှိ ဦးရွှေရ(ခ) ကျောက်ခဲ နေထိုင်သည့် အိမ်အမှတ် ၆။၁၄၉ နေအိမ်ဝင်းကို ဒေသ အာဏာပိုင်များ သဘောတူညီချက်ဖြင့် နေအိမ်ရွှေ့ဖျက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြုမည်



တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန် ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး ကျန်းမာရေး နှင့် လယ်ယာလုပ်ငန်းများတွင် အသုံး ပြုသွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် အချက်အလက်များအရ သိရသည်။


တရုတ်နိုင်ငံမှ အကူအညီရယူပြီး ဆောင်ရွက် သွားမည့် လုပ်ငန်းစီမံချက်များမှာ အသည်းရောင် အသားဝါ (ဘီ)ပိုးအတွက် ဆေးနှင့်ဆေး ကိရိယာပစ္စည်းများ အကူအညီပေးရေး၊ ဆေးကိရိယာ ပစ္စည်းများ အကူအညီ ပေးရေး၊ စိုက်ပျိုးရေး သရုပ်ပြစင်တာ စီမံချက်အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ ရေးဆွဲ ရေး၊ ပညာရေး သင်ထောက်ကူ ပစ္စည်းများ အကူအညီပေးရေး၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစား လေ့ကျင့်ရေးဆိုင်ရာ ပစ္စည်းများ၊ မြန်မာအားကစား အဖွဲ့များအား တရုတ်နိုင်ငံတွင် လေ့ကျင့်ပေးမည့် အစီအစဉ်၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စေလွှတ်မည့် အားကစား နည်းပြ များနှင့် ဖွင့်ပွဲပိတ်ပွဲအတွက် ပစ္စည်းကိရိယာများ အကူအညီပေးရေး၊ ရခိုင်ဒေသအတွက် အိမ်ပုံစံ ပစ္စည်းအစုံ ၃၅၀ စီမံကိန်း၊ ရခိုင်ဒေသ ငလျင်ဒေသရှိ ဒုက္ခသည်များ အကူအညီပေးရေး လုပ်ငန်း၊ ကချင် ပြည်နယ်သို့ ကျောင်း၊ ဘိုးဘွားရိပ်သာများ လှူဒါန်းခြင်း အစရှိသည့် လုပ်ငန်းစီမံချက်များ ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း တရုတ်နိုင်ငံ၏ အကူအညီပေးမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၁၁ သန်း ရှိကြောင်း၊ ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းများမှ ရရှိနိုင်မည့် အကူအညီ ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရင်းနှီး မြှုပ်နှံမှု လျာထားချက်များအရ သိရသည်။ ပညာရေး၊ ကျန်းမာရေး၊ အစားအစာနှင့် ၀င်ငွေလုံခြုံရေးဆိုင်ရာ အခြေခံ လိုအပ်ချက်များဆိုင်ရာ ပံ့ပိုးမှု၊ ရေချိုနှင့် ကမ်းခြေဒေသ ငါးလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် သုတေသန လုပ် ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး စီမံကိန်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ တစ်နိုင်တစ်ပိုင် မွေးမြူ မှုဖွံ့ဖြိုးတိုးတက်ရေး သုတေသ စီမံကိန်းများအတွက် သြစတြေးလျနိုင်ငံမှ အကူအညီ ရယူသွားမည် ဖြစ် ကြောင်း သိရသည်။

Eleven Media Group

Nissan Motor မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များ တပ်ဆင်ထုတ်လုပ်ရန် စီစဉ်



ဂျပန်နိုင်ငံ အခြေစိုက် Nissan Motor သည် ၎င်း၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ မိတ်ဖက်နှင့် အတူ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ငယ်များ (Small Passenger Cars) နှင့် ကုန်တင်ယာဉ်ငယ် များ (Pickup Trucks) ထုတ်လုပ်သွားမည် ဖြစ် ကြောင်း Nikkei Business Daily ၏ သတင်း ဖော်ပြချက်အရ သိရသည်။ Nissan အနေဖြင့် ၎င်း၏မိတ်ဖက် Tan Chong Motor Holdings Bhd နှင့် ပူးပေါင်းပြီး မော်တော်ယာဉ် တပ်ဆင်ရေး စက်ရုံတည်ထောင်ရန် စီစဉ်ခြင်းဖြစ်သည်။ Nissan မော်တော်ယာဉ် အစိတ်အပိုင်းများကို ရေကြောင်းဖြင့် သယ်ဆောင်လာပြီး ပြန်လည်တပ်ဆင်ကာ ထုတ်လုပ်ရောင်းချမည် ဖြစ်ကြောင်း သိရ သည်။


မြန်မာနိုင်ငံမှ ရရှိသော သတင်းများအရ Nissan သည် လာမည့် စက်တင်ဘာ ၂၀ ရက်တွင် နေပြည်တော်ြ မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်နေပြီး သတင်းမီဒီယာများကို ဖိတ်ကြားထားပြီး ဖြစ်သည်။ Nikkei ၏ သတင်းများအရ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် လုပ်ငန်းတိုးချဲ့မည့် ကိစ္စများကို တရားဝင် ထည့်သွင်း ပြောကြားဖွယ် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လူဦးရေ ၆၃ သန်းအနက် မော်တော်ယာဉ်စီးရေ ၂ ဒသမ ၃၆ သန်းသာ ရှိခြင်းကြောင့် ဈေး ကွက် အလားအလာမှာ လျင်မြန်စွာ ကြီးထွားလာမည် ဖြစ်ကြောင်း Nikkei က ခန့်မှန်းထားသည်။

ဂျပန်အခြေစိုက် Nissan ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို ဇူ လိုင် ၃၁ ရက်တွင် အမှတ်-၄၃၃၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်တွင် စတင်ဖွင့် လှစ်ခဲ့ပြီး ဖြစ်သည်။

လက်ရှိ Nissan ၏ S3 စင်တာတွင် အရောင်း၊ ၀န်ဆောင်မှု၊ ယာဉ်အပို ပစ္စည်းများ ရောင်းချခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကျွမ်းကျင်ပညာရှင်များနှင့် ၀န်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

မလေးရှား အခြေစိုက် Tan Chong Motor Group သည် အရှေ့တောင်အာရှတွင် ဂျပန်မှ Nissan အုပ်စု နှင့် အဓိကချိတ်ဆက် လုပ်ကိုင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘော ဒီးယားနှင့် မြန်မာနိုင်ငံ ကားဝန်ဆောင်မှုစင်တာ၊ ရောင်းချရေး စင်တာနှင့် မော်တော်ယာဉ် တပ်ဆင်ထုတ် လုပ်ရေး စက်ရုံများ တည်ထောင် လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု တစ်ခုဖြစ်သည်။

Nissan ကားကုမ္ပဏီသည် ၁၉၃၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် ဂျပန် နိုင်ငံ ၏ ဒုတိယ အကြီးဆုံး ကားကုမ္ပဏီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် ကားအမှတ် တံဆိပ် တစ်ခုဖြစ်ပြီး လူသုံးများသည့် Nissan ကုမ္ပဏီထုတ် ကားများမှာ Sunny၊ GTR၊ Fairlady Z၊ Skyline၊ Serena၊ Cedric၊ A D၊ Cefiro၊ Laurel၊ President၊ Bluebird၊ Atlas၊ Primera၊ Avenir၊ Tiida၊ Caravan၊ Civilian၊ Gloria၊ Vanette တို့ဖြစ်သည်။

Nissan Motor မှ မော်တော်ယာဉ် တပ်ဆင်ရေး စက်ရုံတည်ထောင် ဖြစ်ပါက မြန်မာနိုင်ငံတွင် ဒုတိယ မြောက် ကားစက်ရုံ လာရောက်ရင်းနှီး မြှုပ်နှံသည့် နိုင်ငံတကာ ကားကုမ္ပဏီတစ်ခု ဖြစ်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြားဂျပန် အခြေစိုက် ကားကုမ္ပဏီ တစ်ခုဖြစ်သော Suzuki ကားကုမ္ပဏီ၏ မော်တော် ယာဉ် တပ်ဆင်ရေးစက်ရုံ တစ်ရုံဖွင့်လှစ်ပြီးဖြစ်ပြီး Suzuki က ပိုမိုကြီးမားသည့် စက်ရုံတစ်ရုံကို သီလ၀ါဒေ သ တွင် တည်ထောင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Eleven Media Group

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်



တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူ ရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်


တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါဝင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံး ကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးက "တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီဆိုတာ မပါဘူး။ တရုတ်ဆိုတာ မပါဘူး။ ပါကစ္စတန်ဆိုတာ မပါဘူး။ မပါတဲ့ လူတွေအားလုံးကို အခြားဆိုတဲ့ နေရာမှာ ထည့်သွင်းကောက်ယူသွားမယ်။ ၁၃၅ မျိုးထဲမှာ မပါရင် တိုင်းရင်းသား မဟုတ်ဘူး" ဟု ပြောကြားသည်။

ဆက်လက်၍ ၀န်ကြီးက လက်ရှိတွင် နိုင်ငံသားကတ် ကိုင်ဆောင်ထားသော တရုတ်၊ ဘင်္ဂါလီများနှင့် ပက်သက်၍ "နိုင်ငံသားဆိုတာ နိုင်ငံသားဖြစ်နေတာကို အသိအမှတ်ပြုတာ။ နိုင်ငံသားက နှစ်မျိုးရှိတယ်။ မွေးရာပါ နိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားဆိုပြီး ရှိတယ်။ မွေးရာပါ နိုင်ငံသားကို ဘယ်သူမှ ချေဖျက်လို့ မရဘူး။ တချို့က မွေးရာပါနိုင်ငံသား မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ အချက်နဲ့ ညီတယ်။ သူလည်း နိုင်ငံသားဖြစ်ခွင့် ရှိတယ်။ အဲဒါသည် ဥပဒေအရ နိုင်ငံသားပါ။ တရုတ်၊ ကုလားလည်း ဖြစ်နိုင်တာပေါ့" ဟု ပြောကြားသည်။

ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံသားကတ် ကိုင်ဆောင်ထားခြင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားသည်။

"သန်းခေါင်စာရင်း ကောက်ယူရေးဟာ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး ဘာနဲ့မှမဆိုင်ဘူး။ တိုင်းရင်းသား လူမျိုး ၁၃၅ လူမျိုးထဲ မပါရင် တခြားထဲမှာ ပါမယ်။ လူမျိုးပျောက် မသွားဘူး" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရေးအတွက် Third Party အဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများက ကြားခံပြီး ပြောဆိုမှုများ ပြုလုပ်နေကြောင်းနှင့် UNFPA ၏ အကူအညီဖြင့်လည်း ဆောင်ရွက်နေကြောင်း ၀န်ကြီးက ထပ်မံပြောကြားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက် ညသန်းခေါင်အချိန်မှစ၍ ဧပြီ ၁၄ ရက်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် #11editorial

၂၀၁၅ အတွက် သမိုင်းတရားခံများ မဖြစ်ရလေအောင်

၂၀၁၅ ခုနှစ်တွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများ အနေဖြင့် မဲပေးခွင့် ပြုမပြုသည် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန သတ်မှတ်ချက်အပေါ်တွင်သာ မူတည် သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးရသူများသာဖြစ်ပြီး မဲပေးခွင့်ရှိသူ သတ်မှတ်ရန်အတွက် ဥပဒေပြုသော လွှတ်တော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့၏ ဥပဒေများ၊ စိစစ်မှုများအရသာ ဆောင်ရွက်ရသူများ ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကမူ ရွေးကောက်ပွဲတွင် မဲပေးခွင့် ရှိမရှိ ဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်တွင်သာ မူတည်မည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်က ပြောကြားခဲ့ဖူးပါသည်။

နောင်လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယာယီသက်သေခံ လက်မှတ်ဖြင့် မဲပေးခြင်း၊ ပါတီထောင်ခြင်းများ အားလုံးကို ပိတ်ပင်ရန် အားထုတ်ကြရမည် ဖြစ်သည်။ ပိတ်ပင်နိုင်ခဲ့ခြင်း မရှိပါက မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်သော နိုင်ငံတစ်နိုင်ငံဟုပင် ခေါ်ဆိုနိုင်တော့မည် မဟုတ်ပါ။ ယခုအချိန်တွင်ပင် စိစစ်မှု အားနည်းခဲ့မှုကြောင့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသည့် ခိုးဝင်လာသူများမှာ ပင်ရင်းတိုင်းရင်းသားများထက်ပင် ပမာဏ များနေသည့် အခြေအနေသို့ ရောက်ရှိနေ ပါသည်။ ရွေးကောက်ပွဲ ဥပဒေ၏ အားနည်းချက်ကြောင့်လည်း ယာယီသက်သေခံ လက်မှတ်နှင့် လွှတ်တော်အမတ် ဖြစ်နေသူများပင် ရှိနေပြီ ဖြစ်ပါသည်။ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့်၊ ပါတီထောင်ခွင့် ပြုခဲ့သည့်အတွက် နိုင်ငံအကျိုး ယုတ်စေရသည့် ပြဿနာများစွာလည်း ဖြစ်ပွားခဲ့ရပြီ ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ၏ သာဓက မယူနိုင်ဘူးဆိုလျှင် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ယခုလို ပြဿနာများ ထပ်မံဖြစ်ပွား နေရဦးမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးသည်ဆိုသော နိုင်ငံကြီးများတွင်ပင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဆိုထားနှင့် အမြဲတမ်းနေထိုင်ခွင့် ရရှိသူ ဧည့်နိုင်ငံသားများကိုသော်မှ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မပေးပါ။ ပါတီထောင်နိုင်ခွင့်ဆိုလျှင် ပို၍ဝေးပါသည်။ ထို့အတွက် မြန်မာနိုင်ငံနှင့် တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီးနေစေသော ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးပိုင်ခွင့်၊ ပါတီထောင်နိုင်ခွင့် ဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုထားသည့် ဥပဒေမှာ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ရေးဆွဲခဲ့သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေအရ ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံနှင့် တိုင်းရင်းသား အကျိုးစီးပွား ပျက်စီးစေနိုင်မည့် အန္တရာယ်ကို ကာကွယ် ရန်မှာ ထိုဥပဒေကို ပြင်ဆင်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည့် လွှတ်တော်၏တာဝန် ဖြစ်ပါသည်။ လွှတ်တော်ထံတွင် အဓိက တာဝန်ရှိသည် ဆိုသော်လည်း ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ယခုလို မိမိတွင် လုံးဝတာဝန် မရှိသကဲ့သို့ ပြောဆိုရန် မသင့်ပါ။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း ကိစ္စရပ်များတွင် အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည့် ရွေးကောက်ပွဲ ကော်မရှင်သည်လည်း မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်နိုင်ရေး အားထုတ်ကြိုးပမ်း နိုင်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်နိုင်ရေး လွှတ်တော်တွင် တင်သွင်းအဆိုပြုမှုများ ပြုလုပ်ပေးပြီး လွှတ်တော်အနေဖြင့်လည်း နိုင်ငံနှင့်နိုင်ငံသားတို့၏ အကျိုးအတွက် လက်ခံပြင်ဆင်ပေးကာ ၂၀၁၅ ရွေးကောက်ပွဲတွင် သမိုင်းတရားခံ များအဖြစ် နာမည်မကျန်ရစ်စေရန် အားထုတ်ကြိုးပမ်းသင့်ကြကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

Credit : http://www.yeyintnge.com/2013/09/blog-post_5672.html

ဝန်ကြီး ဦးတင့်ဆန်းအမှု ဆက်လက်စစ်ဆေးရန် သင့်မသင့် စက်တင်ဘာ ၂၆ တွင် အမိန့်ချမည်



အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း မြေအရောင်း အဝယ်ကိစ္စနှင့် စပ်လျဉ်း သည့် တရား မမှုကို ဆက်လက်စစ်ဆေးရန် သင့် မသင့်ကို စက်တင်ဘာ၂၆ရက်တွင် မန္တလေးတိုင်း ဒေသကြီး တရား ရုံး တွင် အမိန့်ချမှတ်သွားမည်ဖြစ် ကြောင်း ယင်းအမှုကိုစစ်ဆေးနေ သော မန္တလေး တိုင်းဒေသကြီး တရားသူကြီး ဦးကြည်သိန်းက ပြောသည်။


ယင်းအမှုနှင့်ပတ်သက်၍ တရားသူကြီး ဦးကြည်သိန်း က ''ဒီစက်တင်ဘာ၁၂ရက် ရုံးချိန်းက ပဏာမငြင်းချက်ကို နှစ်ဖက်လျှောက် လဲချက် ကြားနာတဲ့ ရုံးချိန်းပါ။ အဲ ဒီအပေါ်မှာ တရား ဥပဒေနဲ့အညီ ၂၆ရက် အမိန့်ချမယ်။ တရားရုံး အနေနဲ့ ဆုံးဖြတ် ချက် ပေးရမှာပါ။ ဒီအမှုကိုဆက်စစ်ဖို့ သင့် မသင့် အမိန့်ချမှာပါ။ တရားရုံးအနေနဲ့ ဘယ်လိုအမှုမျိုးပဲ ဖြစ်နေပါစေ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီလုပ်ရင် အမှုတွေကို လက် ခံစစ်ဆေးပေးပါတယ်။ open court ပါ။ မည်သူ မဆို လာ ရောက် နားထောင်လို့ရပါတယ်'' ဟု ပြောသည်။

အဆိုပါအမှု အတောအ တွင်း တရားရုံး စစ်ဆေးဆဲဖြစ် သည့် အချင်းဖြစ်ပစ္စည်းကို တရား မဝင်ချုပ်ဆိုခြင်း၊ ကာလတန်ဖိုး ထက်များစွာ လျော့နည်းဖော်ပြ ခြင်း၊ မမှန်မကန် စာချုပ်ချုပ်ဆို ခြင်းတို့ကြောင့် တရားလို အမှုသည် များ ရသင့်ရ ထိုက်ခွင့်ရှိ သော အ ကျိုးစီးပွားများ နစ်နာဆုံးရှုံးသည့် အတွက် စာချုပ်စာတမ်း ချုပ်ဆို ထားခြင်းမှ တရားမဝင်ကြောင်း ပယ်ဖျက်ပေးစေလိုမှုနှင့် အကျိုး စီးပွားကြားကာလ အမြတ်အစွန်း ရလိုမှု စွဲဆိုထားခြင်းကို မန္တလေး တိုင်းဒေသကြီး တရားရုံး မှ ဥပ ဒေနှင့်အညီ အမိန့်ချသွားမည် ဖြစ် ကြောင်း၊ အဆိုပါအမှုတရား လို ဦးစိုးဝင်းမိုးက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက် ၍တရားပြိုင်ဦးတင့်ဆန်း၏ကိုယ် စားလှယ်တစ်ဦးဖြစ်သူ ဦးချစ်မြင့် က ''ကျွန်တော် တို့အနေနဲ့ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူသွားမှာ ပါ။ ဘာမှပြောစရာမရှိပါဘူး'' ဟု မန္တလေးတိုင်း ဒေ သကြီး တရားရုံး တွင် စက်တင်ဘာ ၁၂ ရက် အဆို ပါ အမှု ရုံးချိန်းတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

ကျော်မြတ်ဇံ

Credit : http://www.yeyintnge.com/2013/09/blog-post_2139.html