Monday, September 16, 2013

မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေရောက်ရှိလာရန် စစ်တပ်ကအဓိကဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဦးဌေးဦးဆို

မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ လက်ရှိအခြေအနေရောက်လာရန် စစ်တပ်က အဓိကဖန်တီး ထား ခြင်း ဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက် တွင် မဇ္ဈိမကို ပြောကြားခဲ့သည်။


“လက်ရှိတိုင်းပြည် မတည်ငြိမ်သေးတဲ့ အခြေအနေမှာ တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍဟာ မပါမဖြစ် ပါရမှာပဲ။ ဒီအခြေအနေ ထိရောက်ဖို့လဲ တပ်မတော်သားတွေက လုပ်ခဲ့တာပဲ၊ လွှတ်တော် ကြီးရှိနေတာလဲ တပ်မတော်ကဆောက်ခဲ့တာပဲ။ တိုင်းပြည်တည် ငြိမ်အေးချမ်းမှုကို ဘယ်သူလုပ်ပေးတာလဲ လွှတ်တော် တွင်းရောက်နေတဲ့ နိုင်ငံရေးသမားတွေ လုပ်လို့မရဘူး။ ဒါကြောင့် တပ်မတော်သားတွေဟာလည်း နိုင်ငံရေး နဲ့ ကင်းလို့မရဘူး” ဟု ဦးဌေးဦးက မဇ္ဈိမကိုပြောသည်။

အခြေခံဥပဒေပြင်ဆင်ရာတွင်လည်း ပြည်ထောင်စုမပြိုကွဲရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာသည် ပြည်ပနိုင်ငံများက လွှမ်းမိုးမှုမရှိသော အခြေအနေမျိုးကိုသာကြိုဆိုမည်ဟုလည်း သူကပြောသည်။

“လွှတ်တော်မှာ တပ်မတော်သားတွေ ရှိနေလို့ ဘယ်သူမှမထိခိုက်ဘူး””ဟုလည်း သူကပြောသည်။

အခြားတစ်ဖက်တွင်မူ လွှတ်တော်တွင်း၌ စစ်သားများဝင်ရောက်နေခြင်းကို ကယန်းအမျိုးသားပါတီ အထွေ ထွေအတွင်းရေးမှူး ဦးနန်းရီက “တပ်မတော်ဆိုတာ ပြည်ပရန်ကိုကာကွယ်ဖို့ ပြည်သူတွေရဲ့ အသက် အိုးအိမ်ကို ကာကွယ်ဖို့ပဲဖြစ်သင့်တယ်။ တပ်မတော်က တပ်မတော်နေရာမှာနေ၊ အစိုးရက အစိုးရနေရာမှာ နေရမှာပေါ့” ဟုဝေဖန်သည်။

Credit : http://abbsoluteright.blogspot.com/2013/09/blog-post_9723.html

ကရင် နိုင်ငံရေးပါတီ လေးပါတီမှ သဘော တူညီချက်ရရှိ



ကရင် နိုင်ငံရေးပါတီ(၄)ပါတီ၏ နှစ်ရက်တာ ကျင်းပ သည့် အစည်းအဝေးကို သဘော တူညီချက် (၆) ချက်ဖြင့် ယနေ့ ပြီးဆုံးသွားသည်ဟု ပြောရေး ဆိုခွင့် ရှိ သူ ဖလုံ-စဝေါ ဒီမိုကရက်တစ် ပါတီမှ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဆိုပါ သည်။


“ ဆွေးနွေးပွဲကို ဖါးအံ မြို့ပေါ်က ဇွဲကပင်ဂါဒင်း နေရာမှာ ကျင်းပပါတယ်။ လူပေါင်း (၅၀) လောက် တက်ပါတယ်။ အကျိုးတော်ဆောင်တွေနဲ့ ပါတီ မီဒီယာတွေလည်း ပါတာပေါ့။ အဓိက ကိုယ်စားလှယ်တွေ ကတော့ တပါတီကို ဗဟို ကော်မီတီ အဆင့်ထဲက ကိုယ်စားလှယ် (၁၀) ဦးစီ အတိအကျ တက်ကြပါတယ်” ဟု ဆိုပါသည်။

ယင်းဆွေးနွေးပွဲတွင် သဘော တူညီချက် (၆) ချက်နှင့် အချက်ငယ် (၁၀) ချက် သဘော တူညီ ခဲ့သည်ဟု ဆိုပါသည်။ (က) ကရင်နိုင်ငံရေး ပါတီများ တပါတီဖြစ်ရေး (ခ) ကရင်နိုင်ငံရေး ပါတီများ အနေဖြင့် အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး။ (ဂ) ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကရင်နိုင်ငံရေး ပါတီ များ ညှိနှိုင်း ဆောင်ရွက်ရေး။ (ဃ) ၂၀၁၀ ရွေး ကောက်ပွဲ၌ မဲပေးခွင့် မရခဲ့သော နေရာများ ၌ ၂၀၁၅ ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရရေး။ (င) အသက်(၁၈)နှစ်ပြည့်သူ ကရင် လူမျိုးတိုင်း၊ မှတ်ပုံတင် ရရေးနှင့် မဲပေးခွင့်ရရေး။ (စ) ကရင်ပြည်နယ်တွင်းရှိ မူးယစ်ဆေးဝါး နှင့် လောင်းကစား မှုများ တိုက်ဖျက်ရေး စသည့် သဘော တူညီချက်များ ရရှိခဲ့ကြပါသည်။

၂၀၁၀ ရွေးကောက်ပွဲ ၀င်သည့် ကရင်နိုင်ငံရေး ပါတီ များသည် အပစ်အခတ် ရပ်စဲ ထားသည့် လက်နက် ကိုင် ကရင်နိုင်ငံရေး ပါတီများနှင့် လောလောဆယ်တွင် တွေ့ဆုံဆွေးနွေးရန် အစီစဉ် မရှိသေးကြောင်း ဆိုပါသည်။ ၄င်းတို့၏ အပစ်အခတ် ရပ်စဲရေး အခြေအနေသည် အတိုင်းအတာ တခုထိ စောင့်ကြည့်ရန် လိုနေသေးသည်ဟု သဘော ထားခဲ့ပါသည်။ 

စက်တင်ဘာ (၁၄) ရက်နှင့် (၁၅) ရက် အတွင်း ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော ကရင် နိုင်ငံရေး ပါတီ များမှာ - (၁) ဖလုံ- စဝေါ ဒီမိုကရက်တစ် ပါတီ၊ (၂) ကရင် ပြည်သူ့ပါတီ၊ (၃) ကရင် ပြည်နယ် ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ (၄) ကရင် ဒီမိုကရက်တစ် ပါတီ တို့ ဖြစ်ပါသည်။

၎င်းပါတီ များသည် ပြီးခဲ့သည့် စက်တင်ဘာ (၁၀) ရက်နေ့တွင်လည်း ဆွေးနွေးပွဲ ကျင်းပရန် အစီအစဉ်များ ရေးဆွဲပြီး ဖြစ်မြောက်ရေး အတွက် တွေ့ဆုံခဲ့ကြပါသည်ဟု ကရင်ရေးရာ ကော်မီတီ အထွေထွေ အတွင်း ရေးမှူး ကိုကျော်စွာ က ဆိုပါသည်။

နိုင်ငံရေးအရ ကရင်လေးပါတီ အဖွဲ့ တွေ့ဆုံနိုင်ရန် ကရင် ရေးရာ ကော်မီတီက တိုက်တွန်းနှိုးဆော် ခဲ့ပြီး ဤအကြိမ် ဆွေးနွေး မှုသည် ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ဖြစ်ကြောင်း ဆိုပါသည်။ 

Credit : http://abbsoluteright.blogspot.com/2013/09/blog-post_2553.html

ဝန်ကြီးနှင့်အမတ်များကို မကြောက်ရန် ပြည်သူကို ၀န်ကြီးဦးဇော်အေးမောင်တိုက်တွန်း

အစိုးရ၀န်ကြီးများနှင့် လွှတ်တော်အမတ်များကို ပြည်သူများအနေဖြင့် ကြောက်မနေဘဲ ပြောရဲ၊ ဆိုရဲရှိရန် လိုကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က တိုက်တွန်း လိုက်သည်။


“ကျွန်တော်တို့နိုင်ငံက ပြည်သူတွေ သခင်စိတ်ရှိဖို့သိပ်လိုတယ်။ အုပ်ချုပ်တဲ့အစိုးရအဖွဲ့ ၀န်ကြီးဆိုရင် အလို လို ဒူးတုန်ကြောက်နေတယ်။ အမှန်မှာ ကြောက်စရာမလိုဘူး။ ၀န်ကြီးဆိုတာ ကိုယ်ခန့်ထားတာ ကိုယ် က ပြောရမှာ ကိုယ်ကခိုင်းရမှာ။ လွှတ်တော်အမတ်လာခဲ့ ငါဒီလိုပြောချင်တယ်။ လိုအပ်ရင်ဖုန်းဆက်ခေါ်လိုက်”  ဟု ၎င်းကပြောသည်။

ပြည်သူလူထုက ဖုန်းဆက်ခေါ်လာမည်ဆိုပါကလည်း ၎င်းကိုယ်တိုင်သွားမည်ဟု ဦးဇော်အေးမောင်က ဆို သည်။

ရန်ကုန်မြို့ရှိ အလုံမြို့နယ်ခန်းမတွင် စက်တင်ဘာ ၁၅ ရက်ကပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့ အခမ်းအနားတွင် ၀န်ကြီးကထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ရွေးကောက်ပွဲနိုင်သွားသော အမတ်အများစုသည် ရွေးကောက်ပွဲပြီးနောက် ၎င်းတို့ အနိုင်ရရှိ ခဲ့သည့် မဲဆန္ဒနယ်များသို့ မသွားရောက်တော့သဖြင့် ဝေဖန်မှုများရှိနေသည်။ ထို့ပြင် ယခုနောက်ဆုံးအကြိမ် ကျင်းပခဲ့သည့် လွှတ်တော်တွင် အမတ်များကို မိမိတို့၏မဲဆန္ဒနယ်များကို ပြန်သွားပြီး ကွင်းဆင်းလေ့လာ ကြရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းကလည်း တိုက်တွန်းခဲ့သည်။

ဝန်ကြီးများနှင့် အမတ်များသည်လည်း ပြည်သူလူထုနှင့်တွေ့ဆုံစဉ်ပေးခဲ့သည့် ကတိက၀တ်များ မည်မျှ အထိကျေပွန်ခဲ့သည်ကို တိုင်းတာရန်လိုကြောင်းကိုလည်း ၀န်ကြီးက “ကတိက၀တ်တွေကို ဘယ်လောက် အတိုင်းအတာထိ ကိုယ်လုပ်ပေးနိုင်သလဲဆိုတဲ့ စံနမူနာပေတံ သိပ်အရေးကြီးပါတယ်” ဟုဆိုသည်။

Credit : http://abbsoluteright.blogspot.com/2013/09/blog-post_1130.html

ဝန်ထမ်း အဖြစ်မှ ရပ်စဲ သည့်ကိစ္စ အထက ကျောင်း အုပ်ဆရာမကြီးမှ ပြန်လည် ရှင်းလင်း

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ (၉)ရက်နေ့က ချင်းပြည်နယ်ထန်တလန်မြို့ အစိုးရ အထက်တန်းကျောင်း ဆရာ မကြီး Mai Mai Htay Htay ကို ၀န်ထမ်းအဖြစ်မှ ရပ်စဲလိုက်သည်။


ကျောင်းအုပ်ဆရာမကြီးသည် လက်ရှိကျောင်းအုပ်တာဝန်ထမ်းဆောင်မှု အပေါ် အလုပ်ရပ်စဲခြင်းမဟုတ်ပဲ ၂၀၀၉ – ၂၀၁၀ ခုနှစ် မင်းတပ်မြို့နယ် ရိုရွာ အစိုးရအလယ်တန်းကျောင်းအုပ်ဆရာမကြီး တာဝန်ထမ်းဆောင်စဉ်က လုပ်ငန်းတာဝန်နှင့် ပါတ်သက်ပြီး ရပ်စဲခြင်း ဖြစ်သည်။

အလုပ်ရပ်စဲသည့် အကြောင်းရင်းမှာ ကျောင်းချိန်ပျက်ကွက်ခြင်း၊ စာမေးပွဲ မဖြေဆိုသူ ကျောင်းသား အအောင် ပေးခြင်း တို့ဖြစ်နိုင်ကြောင်း ယင်းကိစ္စဟာ နောက်ကွယ်မှာ တခုခုတော့ ရှိမယ်လို့ထင်ကြောင်း ဆရာကြီးက ပြောသည်ဟု ဒေသထုတ် သတင်းမှာ ဖော်ပြထားသည်။

အသေးစိပ်မှာ ဆရာမကြီးသည် မင်းတပ်မြို့နယ် Ro ရွာ အလကတွင် တာဝန်ကျစဉ် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲရုံမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ မဲဆန္ဒရှင်စာရင်းတွင် သေဆုံးသူများ၊ နိုင်ငံရပ်ခြားတွင် နေထိုင်သူများ၊ အသက်မပြည့်မှီသူများပါဝင်သည်။ ယင်းကိစ္စနှင့် ပါတ်သက်ပြီး နိုင်ငံရေးပါတီကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်ကို ကျမအ နေနဲ့ လူသစ်ဖြစ်သဖြင့် အသေးစိပ်မသိကြောင်း၊ ယခုကိစ္စဟာ မဲ ကော်မရှင်နဲ့ပဲ သက်ဆိုင်ကြောင်း ရှင်းလင်း ခဲ့သည်။ အောက်တိုဘာ ၇ ရက်နေ့က အာရ်အက်ဖ်အေ ကနဲ့လည်း ကျမကို မေးမြန်းခဲ့ပါတယ်၊ အဲဒါနဲ့ ကျမဟာ မဲကော်မရှင် တွေကို အစည်းအဝေးခေါ်ယူတယ်၊ ကျေးရွာ ရယက စာရေးကလည်း သူဟာ လူသစ်ဖြစ်ပြီး စာရေးဟောင်းရဲ့ စာရင်းအ တိုင်း ကြော်ငြာကပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်၊ အစည်းအဝေးမှာပဲ မဲကော်မရှင်တွေအချင်းချင်းက ” ဆရာမ ကြီးနဲ့ ဆရာမတွေကို တာဝန်မပေးဖို့ပြောတာတွေ အခု သူတို့ကို တာဝန်ပေးလို့ အားလုံးပေါ်ကုန်ပြီ ” ဟု အခြေအတင် စကားများကြပါသေးတယ်။

မဲရုံမှူးကို လူသစ်ရွေးဖို့ တင်ပြခဲ့သော်လည်း မရွေးနိုင်ခဲ့ကြပါ။ ဒါနဲ့ တရားမ၀င်သူတွေကို မဲစာရင်းကနေ သူတို့ ကိုယ် တိုင် ပယ်ဖျက်ခဲ့ကြပါတယ်၊ အဲဒီသတင်းဟာ ချင်းပြည်နယ် တာဝန်ရှိထံပေါက်ကြားသွားတယ်၊ အဲဒီပုဂ္ဂိုလ်ဟာ သူ့ရဲ့ မဲဆန္ဒ နယ်မှာ ဒီဆရာမကို မထားရှိရန် နဲ့ တာဝန်မှရပ်စဲရန် မင်းတပ်မြို့အနီး Ngahlaithu လဘက်ရည်ဆိုင်မှာ ပြောခဲ့ သည်။ ကျမ Ro အလက ကနေ ပြောင်းရွှေ့ခံရပါတယ်။

ကျမ Ro အလက ကနေ မပြောင်းရွှေ့ခင်မှာ မင်းတပ်ကို သွားပါတယ်၊ အဲဒီမှာပဲ မင်းတပ် နတလ ကျောင်းတာဝန်ရှိ ဘုန်းကြီးက သုံးရက်အတွင်း Ro အလက ကျောင်သား၊ ကျောင်းသူစာရင်းပေးပို့ဖို့ တောင်းခဲ့ပါတယ်၊ Ro ရွာဟာ မင်းတပ် ကနေ မိုင် ၄၀ ဝေးပါတယ်၊ ကျမ Ro ရွာ ပြန်မရောက်သေးသဖြင့် အချိန်မှီ မပေးပို့နိုင်ကြောင်း ပြောခဲ့တယ်၊ ကျမ Ro အလက အရောက်မှာပဲ ကျောင်းသားကျောင်းသူ အားလုံး မင်းတပ် နတလ ကျောင်းသို့ စေလွှတ်ဖို့ စာရောက် လာပြန်တယ်၊ ကျမက ကျောင်းသားကျောင်းသူတွေထဲမှာ ခရစ်ယာန်ကလေးတွေလည်းပါဝင်နေသဖြင့် ယင်းကိစ္စ မဖြစ်နိုင် ကြောင်း အကြောင်းကြားခဲ့သည်ကို အတိုက်အခံလုပ်တယ်ဆိုပြီး ကျမအပေါ် စိတ်ဆိုးခဲ့ပါတယ်၊ ဒါနဲ့ပဲ ဘုန်းကြီးကိုယ်တိုင် ရောက်လာပြီး ကျောင်းသားမိဘလည်း အသိမပေး၊ ဆရာမတွေထံ ခွင့်ပြုချက်မယူပဲ ကျောင်းသားအားလုံးကို ခေါ်သွား တယ်၊ ဘုန်းကြီး အသုံးအဆောင်တွေကိုလည်း အမြဲတမ်းထမ်းခိုင်းခဲ့တယ်၊ ကျမက တရားဝင် အသိပေးရန် ပြောခဲ့သော် လည်း အတိုက်အခံလုပ်သည်ဟုသာ တုံ့ပြန်ခဲ့တယ်၊

နောက်ပြီး ကျမဟာ ကျောင်းဆရာမတွေ နေရေးထိုင်ရေး အဆင်ပြေဖို့ ဆိုပြီး နီးစပ်ရာ ဗမာ အချင်းချင်း၊ ချင်း အချင်း ချင်းဆိုပြီး အခန်းခွဲ နေရာချခဲ့တယ်၊ သို့သော် ဆရာမ Thein suh ဟာ အိမ်ထောင်နဲ့ဆိုတော့ ရယကအဖွဲ့တွေနဲ့ တိုင်ပင်ပြီး ဘုန်းကြီးကျောင်းနားက ရယက ရုံးခန်းမှာ အခန်းခွဲနေရာပေးခဲ့တယ်၊ အစမှာ ဘုန်းကြီးကလည်း သူတို့ကို ကောင်းမွန်စွာ ကြည့်ရှုဆက်ဆံပါတယ်၊ သို့သော် ယခု ကျမကို တိုင်ကြားသူ ဆရာမ နှစ်ဦး ဟာ ကျောင်းဖွင့်ပြီးမှ တာဝန် ကျရောက်လာခဲ့ကြပါတယ်၊ သူတို့ဟာ အခန်ပေးထားတဲ့ နေရာမှာ မနေပဲ ဘုန်းကြီးကျောင်း မှာ သွားနေကြပါ တယ်၊ ကျမက ဘုန်းကြီးကျောင်းမှာ မိန်းကလေး နေထိုင်တာ မသင့်တော်ကြောင်း ပြောတော့ ” မင်းအပူးမပါဘူး “လို့ ခံပြောကြ တယ်၊ မကြာပါဘူး၊ ဆရာမ Thein suh ကိုလည်း ဘုန်းကြီးကျောင်း နားမှာ မနေဖို့ ဘုန်းကြီးက မောင်းထုတ် တယ်၊ ဆရာမ Thein suh မနေနိုင်အောင် သတ်မယ်၊ ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်၊ အဲဒီကိစ္စ ရယက ထံ ပေါက်ကြား သွားလို့ ရယက အဖွဲ့၊ ရယက စာရေး၊ ရပ်မိရပ်ဖ တို့ဟာ ဘုန်းကြီးထံ သွားပြီး တောင်တန်းသာ သနာပြု တပါးအနေနဲ့ ဆက်ဆံရေးနူးညံ့ပြေပြစ်ဖို့ တောင်းပန်သည်ကို ဘုန်းကြီးက ” လိုအပ်ယင် လူလည်း သတ်မယ်” ဟု သာ အကြောင်းပြန်ခဲ့ သည်။

အောက်တိုဘာ တနေ့ ည ၉း၀၀ နာရီမှာပဲ ဆရာမ Thein suh ကို သူ့ရဲ အထုပ်အပိုးအားလုံး အပြင်ထုတ်ပြီး မောင်းထုတ် ခဲ့ကြတယ်၊ စာမေးပွဲပြီးလို့ ကျမ မင်းတပ်မြို့သို့ သွားခဲ့တယ်၊ နိုဝင်ဘာလ ကျောင်းပြန်လည်ဖွင့်တော့ ကျောင်းဆရာမ နှစ်ဦးဟာ ဆရာမ Thein suh အခန်းမှာ နေရယူထားနှင့်ပြီးဖြစ်ပါတယ်၊ ဘုန်းကြီးက သူ့လုပ်ငန်းမှာ မပါတ်သက်ဖို့ ကျမကို စာပေးခဲ့ပါတယ်၊

ဒီဇင်ဘာ ကျောင်းပိတ်ရက် ကျမ မရှိတဲ့အချိန်မှာ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦး Ning Nai ဟာ Ro ရွာကို ရောက် လာခဲ့ပါတယ်၊ အဲဒီမှာ ကျမကို တိုင်ကြားသူ Zin Mar Myo က ကျမ အကြောင်း အမျိုးမျိုးပြောခဲ့တယ်၊ U NingNai က U Hung Ngai ထံ ပြန်လည်တင်ပြတယ်၊ အဲဒါကြောင့် မြို့နယ်ပညာရေးမှူး၊ အထက (၁) ကျောင်းအုပ် U Sein Lwin နဲ့ U Ki Hung တို့က ကျမကို ခေါ်ယူ မေးမြန်းခဲ့ကြတယ်၊ မေးမြန်းဖြေဆိုချက်ကို ပြည်နယ်သို့ ပို့ကြတယ်၊ အဲဒါကို သူတို့ မကျေနပ်ဘူးထင်တယ်၊ ဗိုလ်မှူး Aung Shwe Oo, ဦး Awn Tual , ခရိုင်မှူး ဦး Zar Nyi တို့ ကျမကို ပြန်လည် စစ်ဆေး မေးမြန်းခဲ့ကြတယ်၊

ကျမ ကျောင်းချိန် ပျက်ကွက်တာမှန်တယ်၊ ဒါပေမဲ့ သက်ဆိုင်ရာကို တရားဝင် ခွင့်တင်ခဲပါတယ်၊ ကျမသမီး ၁၀ တန်း အောင်လို့ ဘုရားကောင်းချီး ဆုတောင်းပွဲအတွက်နဲ့ တက္ကသိုလ် ဆက်တက်ရေး၊ ကျမ ကျန်းမာရေးကြောင့် ရန်ကုန် ဆေးရုံ သွားရသည့် ကိစ္စ၊ မင်းတပ် နဲ့ ဟားခါးသို့ ရုံးကိစ္စ ခရီးလွန်တာတွေဖြစ်ပါတယ်၊

နောက်ပြီး စာမေးပွဲ မဖြေဆိုသူ စာမေးပွဲ အအောင်ပေးခြင်းက ဒီလိုပါ၊ အောက်တိုဘာအထိသာ ကျောင်းတက်ပြီး ကျောင်း ထွက်သူ ကျောင်းသားတဦးဟာ အောင်စာရင်းထဲမှာ ပါခဲ့တယ်၊ ကျောင်းပြန်လည် တက် သူလည်း မဟုတ်တော့ပါ၊ အောင်စာရင်း သွင်းသူ ဆရာမ ရေးမှားသည်ကို ကျမက သေချာ မစီစစ်တာကြောင့်ပါ၊ နောက်နောင် ဆက်ဆက် သတိ ထားဖို့ သတိပေးစာနဲ့ ပြီးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်၊

မတူပီဒေသခံ၊ အထက်တန်းကျောင်းအုပ်ဆရာမကြီး Mai Htay Htay ဟာ ကျောင်းဆရာ သက်တမ်း ၃၂ နှစ်ရှိပြီဖြစ်ပြီး သက်ပြည့်ပင်စင်ယူရန် ၈ နှစ်သာလိုတော့သည်။ မတူပီမြို့ပေါ် မျက်နှာဖုံး၊ အဆိုတော် တဦးဖြစ်သည်။ 

Credit : http://abbsoluteright.blogspot.com/2013/09/blog-post_2413.html

အချိန်တန်လို့ သရုပ်မှန်တွေ ပေါ်လာပြီ



ကျွန်တော်တို့ နေထိုင်ရာ လူ့ပတ်ဝန်းကျင်ဆိုတာ တစ်နေ့တစ်မျိုး မရိုးနိုင်သော ပြဿ နာပေါင်း သောင်းခြောက် ထောင်ကို မြင်တွေ့ကြားသိ နေ ရခြင်းမှာ လူ့သဘောသဘာဝ လို့ ပြောနိုင်ပါတယ်။ တောလက်ကျေးရွာတွေမှာ ဆိုရင် လင်နဲ့မယား ရန်ဖြစ်လို့ ခုနှစ်အိမ်ကြားရှစ်အိမ်ကြား ဆဲဆို အော်ဟစ် သံတွေကြားရ၊ ဟိုဘက်ဆွေမျိုး ဒီဘက် ဆွေမျိုးပါလာပြီး အုံ့အုံ့ကြက်ကြက်ဖြစ်ကာ ဓလေ့ တစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် အချိန်တန်တော့ အဲဒီ လင်မယားနှစ်ယောက် ပြန်ပေါင်းပြီး အဆင်ပြေ သွားကြတာပါပဲ။ နှစ်ဖက်ဆွေမျိုးတွေသာ မျက်နှာ တွေပူပြီး မခေါ် မပြောရဲဖြစ်ကြတာပဲ အဖတ် တင်ပါတယ်။


ဒါပေမယ့် ဖြစ်လေ့ဖြစ်ထမရှိတဲ့ ထောင်ထွက်လူဆိုးတစ်ယောက် ရွာပြန်လာပြီး လူကောင်းအဖြစ် ဟန်ဆောင် ရင်းကနေ သရုပ်မှန်ပေါ်တတ်တဲ့ သဘောသဘာဝကိုတော့ ရွာတစ်ရွာမှာ ကြုံခဲ့ဖူးပါတယ်။ ကျွန်တော်က နယ်မြို့တစ်မြို့နဲ့ မဝေးတဲ့ ရွာတစ်ရွာမှာ ကျောင်းဆရာအဖြစ် တာဝန်ကျပါတယ်။ အဲဒီရွာမှာ တစ်ရွာလုံး အော့ကြောလန်တဲ့ လူဆိုးလူမိုက်တစ်ယောက်ရှိတယ်။ မိဘတွေက ကြေးရတက်တွေဆိုတော့ ရွာမှာ အရှိန်အ၀ါ ရှိတယ်၊ အဲဒီလူမိုက်ကလည်း မိဘမျက်နှာနဲ့ တစ်ရွာလုံး ဘယ်သူ့မှ လူထင်တာမဟုတ်ဘူး။ တစ်နေ့ အဲဒီ လူမိုက်ဟာ ရွာပြင်က ထန်းတောမှာ မူးရူးရမ်းကားပြီး လူသတ်မှုဖြစ်လို့ ထောင်ကျသွားတယ်၊ ကံကောင်းချင် တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တယ်။

အဲဒီနောက်ပိုင်း ရွာမှာ လူကြီးလူကောင်းပုံစံနဲ့ ပြောင်းလဲသွားခဲ့တယ်။ တစ်ရွာလုံး အံ့အားသင့်ကုန် ကြ တာပေါ့။ အဖေဆုံးသွားတော့ အမေကပဲ စီးပွားရေးလုပ်ငန်းတွေကို ဆက်လုပ်ရင်း ထောင်ထွက်သားကို နေရာပေးတယ်။ ရွာအတွက် အလှူအတန်းတွေလုပ်ပြီး လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးရာကနေ ရွာမှာ မျက်နှာပွင့် ဂုဏ်တက်ပြီး သားထောင်ထွက်ကိုလည်း ရွာက လက်ခံလာကြတယ်။ သူ့ကို အမေလုပ်သူက လူဝင်ဆန့်အောင် ရယ်ဆိုပြီး ရွာက လူမှုရေးအဖွဲ့တစ်ဖွဲ့ထဲမှာ နေရာတစ်နေရာရအောင် လုပ်ပေးခဲ့တယ်။ အမေ့မျက်နှာနဲ့ တစ်ရွာလုံးက သူ့ကို ယုံကြည်ပြီး အဲဒီအဖွဲ့ထဲမှာ ငွေထိန်းတာဝန်ပေးလိုက်တယ်။

လအနည်းငယ်ကြာလာတော့ ငွေအလွဲသုံးစားမှုပေါ်လာလို့ စစ်ဆေးလိုက်ရာမှာ အဲဒီလူက ရံပုံငွေတွေကို ချဲထိုး၊ ဘောလုံးပွဲတွေ လောင်းပစ်လိုက်တာ ကုန်ပါလေရော၊ အမေလုပ်သူက သူ့မျက်နှာအိုးမဲသုတ် ရပါ့မလားဆိုပြီး သားဖြစ်သူကို အပြစ်တင်တာပေါ့၊ အဲဒီငွေတွေကိုလည်း ပြန်လျော်ပေးမယ်ပေါ့။ ဒါပေမယ့် ရွာကတော့ သူ့ကို အဲဒီအဖွဲ့ထဲကနေ ထုတ်လိုက်ပါတယ်။ အမေလုပ်သူရဲ့ ရွာအပေါ်ကောင်းခဲ့ သမျှဟာလည်း သဲထဲရေသွန်သလို ဖြစ်ပြီး ရွာရဲ့ယုံကြည်မှုကို မရတော့ပါဘူး။ ဆိုလိုချင်တာက လူဆိုး လူမိုက်ဆိုတာ ဘယ်လောက်ပဲ လူကောင်း ယောင်ဆောင်ပြီး လိမ္မာပါတယ် လို့ပြောပြော အချိန်တန်ရင် သရုပ်မှန်ကပေါ်လာတတ်တာ သင်ခန်းစာယူစရာ ဖြစ်ပါတယ်။ 

အဲဒီရွာလေးကနေ ကျွန်တော် ၂၀၁၀ ခုနှစ်ရောက်တော့ ခွဲခွာခဲ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တစ်မြို့ က အထက်တန်းကျောင်းကို အထက်တန်းပြအဖြစ် ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ အဖြစ် အပျက်လေး တစ်ခု ဒီမြို့မှာ ထပ်ကြုံရပြန်ပါတယ်။ ကျွန်တော်က ကျောင်းဆရာဖြစ်နေတော့ နိုင်ငံရေးတွေ စိတ်မ၀င်စားသလို ဘယ်ပါတီအဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမှလည်း အစွဲမထားတတ်ပါဘူး။ ကျွန်တော် ပြောချင်တာက လူ့သဘော သဘာဝကိုပဲ သင်ခန်းစာယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မျှဝေပေးခြင်းသာ ဖြစ်ပါ တယ်။

မြို့သူမြို့သားအားလုံးနီးပါးက ပုဂ္ဂိုလ်တစ်ယောက်ကို ယုံကြည်ထောက်ခံလိုက်လို့ မြို့နယ်ပါတီတစ်ခုရဲ့ လွှတ်တော် အမတ်ရာထူးထိ ရခဲ့ပါတယ်။ မြို့နယ်အတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုပြီး အာပေါင် အာရင်း သန်သန်နဲ့ ပြောသွားတဲ့ စကားတွေမှာ မြို့သူမြို့သားတွေ နစ်မျောခဲ့ကြတယ်။ ဟော. အခု နေရာလည်းရရော ကိုယ့်မြို့သူမြို့သားတွေကို စော်ကားလိုက်ပြီ၊ ဒီတော့ မြို့သူမြို့သားတွေ ဆွေ့ဆွေ့ခုန် နေကြပြီလေ၊ အဲဒီ ရာထူးနဲ့ မထိုက်တန်ပါဘူး၊ ရုပ်သိမ်းပေးဖို့ တောင်းဆိုမယ်ဆိုပြီး လက်မှတ်တွေ လိုက်ထိုးနေတာ ကျွန်တော် တွေ့နေရပါတယ်။ မြို့သူမြို့သားတွေက ပင့်ပေးလိုက်လို့ အမြင့်ရောက်သွား ကာမှ အောက်ကို တံတွေး ထွေးတတ်တဲ့အကျင့် ဒါမှမဟုတ် စော်ကားမောက်မာတဲ့ အကျင့်မျိုးရှိတဲ့ လူဖျက်ဟာ အချိန်တန်တော့လည်း သရုပ်မှန်တွေ ပေါ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

တိုက်ဆိုင်စွာပဲ ကျွန်တော်တို့ ကျောင်းနားက လက်ဖက်ရည်ဆိုင်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သတင်းထွက်နေတာ ကြားရပြန်ပါတယ်။ ဂျာနယ် တစ်စောင်အတွက် သိန်း ၁၈၀၀ အလွဲသုံးစားမှုဖြစ်နေလို့ အဖွဲ့ဝင်တွေ အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် အပြစ်ဖို့နေကြပြီး အဲဒီပါတီအပေါ် ပြည်သူရဲ့ ယုံကြည်မှုတွေလည်း လျော့သွားပြီလို့ အသံတွေ ထွက်နေပါတယ်။ အဲဒီသတင်းမှန်ခဲ့ရင် အဖွဲ့အစည်းရဲ့ ကိုယ်စား ယုံကြည်လို့ တာဝန်ပေးအပ်တာကို နေရာနဲ့ လုပ်ပိုင်ခွင့်ရရင် အလွဲသုံးစားလုပ်တတ်တဲ့ သရုပ်မှန် ပေါ် လာတယ်လို့ ပြောနိုင်ပါတယ်။

ကျွန်တော်ပြောခဲ့တဲ့ စကားတွေဟာ အပြုသဘောသက်သက်ပါ။ ဘယ်သူတစ်ဦးတစ်ယောက် ဘယ်အဖွဲ့ အစည်းကိုမှ ပုတ်ခတ်ဝေဖန်စော်ကားခြင်း ဆန္ဒလုံးဝမရှိပါ။ ကျွန်တော်တို့က ကြားနေလူတန်းစား အစိုးရ ကျောင်းဆရာ တစ်ဦးသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကောင်းစားတာကိုတော့ မြင်ချင်တွေ့ချင် ပါတယ်။ ဒီတော့ ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်မှာ နိုင်ငံကိုကောင်းအောင် လုပ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အများကြီး လိုအပ်နေပါပြီလို့ မြင်မိပါတယ်။ အများစု အထင်ကြီးနေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ဆိုတာကလည်း အချိန်တန်တော့ သရုပ်မှန်တွေ ပေါ်လာတတ်တာ တွေ့ရပါတယ်။ ဒါဆိုရင် အများပြောနေတဲ့ ၂၀၁၅ ခုနှစ်အတွက် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းတွေ တာဝန်ယူနိုင်မလဲဆိုတဲ့ အဖြေဟာလည်း အင်မတန်အရေးကြီးလာပါပြီ။ နေရာနဲ့ လုပ်ပိုင်ခွင့်ရရင် တိုင်းပြည်ကိုတောင် ရောင်းစား မယ့် လူတွေ လက်ထဲ မှာတော့ ကျွန်တော်တို့တွေရဲ့ အနာဂတ်ကို ၀ ကွက် မအပ်ချင်တာအမှန်ပါ။ 

အချိန်တန်လို့ သရုပ်မှန်တွေ ပေါ်လာပြီ… အထက်မှာပြောခဲ့သလို ထောင်ထွက် လူမိုက်ကို ငွေထိန်း ထားမိလို့ အလွဲသုံးစားဖြစ်တာက ငွေလျော်ခိုင်းပြီး အဖွဲ့ထဲက ထုတ်ပစ်လို့ရတယ်၊ ရွာလည်း မနစ်နာပါ၊ ကောင်းမယ် ထင်လို့ အများက ၀ိုင်းပြီး ထောက်ခံပေးခဲ့တဲ့ ပုဂ္ဂိုလ်ကို မကျေနပ်လို့ ရာထူးတွေ ပြန်ရုပ်သိမ်း ပေးပါလို့ တောင်းဆိုတာကလည်း အဲဒီပုဂ္ဂိုလ်ပဲ နစ်နာရုံကလွဲပြီး မြို့နယ်တစ်ခုလုံး မနစ်နာနိုင်ပါ၊ ဒါပေမယ့် နိုင်ငံ တစ်ခုလုံးကို အကျင့်စာရိတ္တမကောင်းတဲ့ အဖွဲ့အစည်းတွေ လက်ထဲမှာ ယုံယုံကြည်ကြည် အပ်မိလို့ မှားသွား ရင်တော့ တိုင်းသူပြည်သားအားလုံးအတွက် နစ်နာဆုံးရှုံးမှုကြီးမားပြီး ဘ၀ပါ ပျက်ရမှာပါ၊ ဒီတော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကို အားကိုးယုံကြည်ရမလဲဆိုတဲ့ အဖြေကို ကိုယ်တိုင်အသိတရား ကိုယ်စီနဲ့ လေးလေးနက်နက် စဉ်းစားပြီး ဆုံးဖြတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း အကြံပြုလိုက်ခြင်း ဖြစ်ပါတယ်။

From:MEG

GSM လိုင်းကတ်အရေအတွက် တိုးရောင်းမည်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင်လမှ စတင် ကာ ကျပ် ၁၅၀၀ နှုန်းဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အရေအတွက် ကန့်သတ်ရောင်းချပေးနေသည့် GSM လိုင်းကတ် များကို အရေအတွက် တိုးမြှင့်ရောင်းချသွား မည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီး တန်း အရာရှိ တစ်ဦးက ပြောကြားသည်။


ကျပ် ၁၅၀၀ တန် GSM မိုဘိုင်းလ်ဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ဇူလိုင်လအတွက် လိုင်းကတ်နှစ်သိန်း၊ သြဂုတ်လအတွက် လိုင်းကတ် နှစ်သိန်းတစ်သောင်းခွဲဝေ ရောင်းချပေးခဲ့ပြီး စက်တင်ဘာလခွဲတမ်းတွင် ထပ်မံတိုးမြှင့် ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “လိုင်းအင်အား တိုးချဲ့ ဖို့အတွက် ခုလည်း လုပ်နေတာပဲ။ ဖြည်းဖြည်းချင်းတော့ တိုးရောင်းသွားမှာပါ” ဟု ၎င်းက ဆိုသည်။

GSM မိုဘိုင်းလ်ဖုန်းလိုင်းများ တိုးမြှင့်ချထားပေးပါက လက်ရှိလိုင်းအင်အားနှင့် မလုံလောက်သည့်အတွက် သေချာပေါက် လိုင်းကျပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ကုမ္ပဏီများနှင့် ပူးပေါင်း၍ လိုင်းအင်အားတိုးမြှင့်ရန် လုပ်ဆောင်နေမှုမှာ စက်တပ်ဆင်သည့် အဆင့်သို့ မရောက်သေးကြောင်း မကွေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာ တစ်ဦးက ရှင်းပြသည်။ “ဒီလအတွင်းတိုးဖို့တော့ မီပါ့မလားမသိဘူး။ ဘယ်လောက်ရောင်းပေးမလဲဆိုတာ တစ်ပတ်အတွင်း သိရမှာပါ” ဟု ၎င်းက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအပြင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ထုတ်ပေးနေသည့် CDMA လိုင်းကတ်များအတွက်ပါ စက်အင်အား တိုးချဲ့ တပ်ဆင်ခြင်း မရှိကြောင်း အဆိုပါ တာဝန်ခံ အင်ဂျင်နီယာက ထုတ်ဖော်ပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် (MEC) တို့က ဧပြီလမှ စတင်ကာ CDMA လိုင်းကတ် စုစုပေါင်း ၁ ဒသမ ၃၅ သန်းနှင့် GSM လိုင်းကတ် ၀ဒသမ ၄၁ သန်းကို ကျပ် ၁၅၀၀ နှုန်းဖြင့် ခွဲဝေရောင်းချခဲ့သော်လည်း ပြင်ပဈေးကွက်တွင် အနိမ့်ဆုံး CDMA အသိတွက် ကျပ်ခြောက်သောင်း၊ GSM အတွက် ကျပ်တစ်သိန်း နှစ်သောင်း ခန့် ဈေးပေါက်လျက်ရှိကြောင်း သိရသည်။

From: the voice

၁ မိနစ်၂၅ ကျပ်နှုန်းသာ ကျမည့် ဆင်းကတ် ၁၅၀၀ ကျပ်ဖြင့် ၈ လအတွင်း သုံးစွဲနိုင်မည်



Telenor Myanmar က နိုင်ငံတော်အစိုးရနှင့် လိုင်စင် ဆောင်ရွက်ခွင့် လက်မှတ်ရေးထိုးမှု ဆွေးနွေး ပြီး ပါက (၈) လအတွင်း ၁ မိနစ် ၂၅ ကျပ်နှင့် ဆင်းကတ်ဈေးနှုန်း ၁၅၀၀ ဖြင့် အသုံးပြု နိုင်မည်ဟု တယ်လီနော တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။


“လိုင်စင်သဘောတူညီမှု လက်မှတ်ရေးထိုးပြီးရင် (၈) လအတွင်း ဖုန်းပြောဖို့အတွက်နဲ့ အင်တာနက် အသုံးပြုမှု ကျယ်ပြန့်အောင် ဝန်ဆောင်မှုပေးဖို့ စီစဉ် နေပါတယ်” ဟု ပြောကြားခဲ့သည်။ ကွန်ရက်တည်ဆောက်မှုအတွက် 2G နှင့် 3G ပါ တစ်ပြိုင်နက်တည်း တည်ဆောက်သွားမည်ဖြစ်ပြီး 2G Network သည် အသံအရည်အသွေး ကောင်းမွန်သည့် ဖုန်းပြောနိုင်ရန် ဖြစ်ကြောင်းနှင့် 3G Network သည် မြန်မာနှုန်းဖြင့် အင်တာနက် ဆက်သွယ်နိုင်ရန်ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ တည်ဆောက်မှုတိုင်းသည် 4G Network အတွက် အဆင်သင့်ဖြစ်ရန်နှင့် နောက်ဆုံးပေါ် နည်းပညာအား အသုံးပြုခွင့် ရရန်ဟု ပြောကြားခဲ့သည်။ ယင်းအပြင် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေ ၉၀ ရာခိုင်နှုန်း ဖုန်းအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့ သည်။ ယင်းကြောင့် သဘောတူညီချက် ဆွေးနွေးမှု ပြီးစီးပါက ၈ လအတွင်းဖုန်းခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ်နှင့် ဆင်းကတ်ဈေး ၁၅၀၀ ဖြင့် အသုံးပြုနိုင်မည်ဟု ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းထားသည့် အမေရိကန်၊ အီးယူ အစရှိသော နိုင်ငံများအနေဖြင့် အကောင်းမြင်မှု မလွန်ကဲစေရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

ဥရောပ သုံးနိုင်ငံ၏ဒုတိယနိုင်ငံခရီးစဉ်ဖြစ်သောဟန်ဂေရီနိုင်ငံသို့ရောက်ရှိနေသောဒေါ်အောင်ဆန်းစုကြည် က အမေရိကန်နှင့် အီးယူ(ဥရောပသမဂ္ဂ) နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင် အကောင်းမြင်မှု မ လွန်ကဲစေရန် သတိပေး ပြောကြားခဲ့ကြောင်း Vatican Radio ၀က်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၄ ရက် ည နေပိုင်းက သတင်းဖော်ပြခဲ့ပါသည်။


မြန်မာနိုင်ငံသည် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ပြီးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ခဲ့သော် လည်း ဒီမိုကရေစီနိုင်ငံ မဖြစ်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု Vatican Radio သတင်းတွင် ဆိုသည်။


အမေရိကန်၊ အီးယူ အစရှိသော နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ သည့် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းချက်သည် အဆုံးသတ်ရန် ကာလ ရှည်ကြာစွာ ကျန်ရှိနေသေးသည်ကို သတိထားမိရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးတာ မှန်ကန်တဲ့ လုပ်ဆောင်ချက်ပါ။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအ၀င် ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခဲ့တဲ့ နိုင်ငံတွေအနေနဲ့ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေ ကို ဓမ္မဓိဋ္ဌာန်ကျကျ မြင်တတ်ဖို့နဲ့ အကောင်းမြင်မှု မလွန်ကဲဖို့ဟာ အရင်ကထက် ပိုပြီးအရေးကြီးလာတယ်။ မြန်မာနိုင်ငံဟာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်သေးသရွေ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်သေးပါဘူး" ဟု ၎င်းကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်က ပိုလန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၃ ရက် တွင် ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိခဲ့ကာ ဟန်ဂေရီသမ္မတ Janos Ader နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် လာမည့်လ အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသောကာလ ဖြစ်လာလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းပြောကြားချက်သည် ယခုနှစ်မကုန်မီ အစီရင်ခံစာ တင်သွင်းရန် ပြင်ဆင်နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၂ ရက်က ပိုလန်နိုင်ငံ ၀ါဆောတက္ကသိုလ်၌ ပို့ချချက်တစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ ပို့ချချက်တွင် ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အား မလွဲမသွေပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၅ ရက် (ယနေ့) တွင် ချက်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိ မည် ဖြစ်သည်။ ၎င်းသည် ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော Forum 2000 ကို တက်ရောက်မည်ဖြစ်သည်။ အဆိုပါဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ရန် နှစ် စဉ်ဖိတ်ကြားခဲ့သော်လည်း နေအိမ်အကျယ်ချုပ် ချထားခြင်းခံရစဉ်က တက်ရောက်နိုင်ခြင်း မရှိပေ။

အဆိုပါ ဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်း ရေး နိုဘယ်ဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

Eleven Media Group

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်တွင် လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲ၌ ပါဝင်နိုင်ရေး အဆင့်တိုင်းတွင် လမ်းဖွင့်ပေးမည်ဟု ၀န်ကြီးဦးအောင်မင်းက UNFC အား ရှင်းပြ

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် အကြောင်းအမျိုးမျိုးကြောင့် လက်မထိုးနိုင်သည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲ၌ ပါဝင်နိုင်ရေး အဆင့်တိုင်းတွင် လမ်းဖွင့်ပေးမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ညီညွတ်သော တိုင်း င်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် စက်တင်ဘာ ၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ စဉ် ရှင်းပြခဲ့သည်ဟု Myanmar Peace Center မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဆိုသည်။


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တောင်းဆိုနေသည့် နိုင်ငံရေး ဆွေးနွေးပွဲသို့ သွားနိုင်ရေး အ တွက် အောက်တိုဘာလတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုသည့် ကဏ္ဍ၊ နိုင်ငံရေး ဆွေးနွေးပွဲကို ပြင်ဆင်သည့် Framework Meeting ကဏ္ဍများနှင့် ပတ်သက်ပြီး လိုအပ်သည့် ညှိနှိုင်းမှုများကို အစိုးရ Technical Team နှင့် KNU RCSS အဖွဲ့တို့၏ Technical Team များ တွေ့ဆုံဆွေးနွေးမှု ငါးကြိမ်ပြု လုပ်ပြီးဖြစ်ပြီး ဆွေးနွေးပွဲ ရလဒ်များကို ရှမ်း၊ ကချင်လက်နက်ကိုင် အဖွဲ့များမှ ကျန်တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များသို့ ပြန်လည်ရှင်းပြသွားမည်ဟု သိရသည်။

"ကျွန်တော်နားလည်တာက နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီက နောက် သွားမယ့် အဆင့်သည် နိုင်ငံရေး ဆွေးနွေးမှုပဲ။ နောက်သွားမယ့် နိုင်ငံရေး ဆွေးနွေးပွဲကို ဖြစ်မြောက်ဖို့အ တွက် ဖြတ်သန်းသွားရမယ့် အဆင့်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲမှုနဲ့ မူဘောင်ဆွေးနွေးပွဲဆိုတာ ရှိ တယ်" ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

"၀န်ကြီးဦးအောင်မင်းက ရှင်းပြတာက အောက်တိုဘာမှာ လက်မှတ်ထိုးတဲ့သူတွေ ရှိမယ်။ အနည်းငယ်က တော့ ထိုးချင်မှလည်း ထိုးမယ်။ ဒါပေမဲ့ သူတို့ကိုလည်း ဖိတ်မယ်။ အဲဒါပြီးရင် မူဘောင်ကို ဆက်တက်မယ်။ ဒီကြားထဲမှာ လက်မှတ်ထိုးမယ် ဆိုရင်လည်း ထိုးလို့ရတယ်။ မထိုးလည်း အဆင့်တိုင်းမှာ ဖိတ်မယ်ဆိုတဲ့ အယူအဆမျိုးကို ၀န်ကြီးဦးအောင်မင်းကနေပြီးတော့ UNFC ကို ရှင်းပြတယ်။ အဆင့်တိုင်း အဆင့်တိုင်းမှာ အမြဲတမ်း တံခါးဖွင့်ထားမယ် ဆိုတာပဲ" ဟု ၎င်းကပြောကြားသည်။

Eleven Media Group

ပျဉ်းမနားမြို့ ငလိုက်ချောင်း ရုတ်တရက် ရေကြီးလာမှုကြောင့် ကမ်းပါးရှိ နေအိမ်များ ပြောင်းရွှေ့မှုများ ရှိခဲ့



စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် မိုး သည်း ထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်း တွင် ပျဉ်းမနားမြို့ ငလိုက်ချောင်း ရုတ်တရက် ရေကြီးလာမှုကြောင့် ကမ်းပါးရှိနေအိမ် များ ပြောင်းရွှေ့ပြီး နံတော်စဉ်ဓမ္မာရုံတွင် ပြောင်း ရွှေ့နေထိုင် နေကြကြောင်း သတင်းရရှိသည်။


ယင်းကဲ့သို့ ရေကြီးမှုကြောင့် ဘောဂသီရိ အဝေး ပြေးကားကွင်းနှင့် သစ်ဆိမ့်ပင်ကျေးရွာ အနီးရှိ ယာမြေ တစ်ချို့ ရေနစ်မြုပ်ခဲ့ပြီး စိုက်ခင်းအချို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။

"အရင်ကဆို ငလိုက်ချောင်းထဲကို ရေလွှတ်မယ်ဆိုရင် သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားလေ့ ရှိ တယ် ။ ရေတွေက နံနက် ၃ နာရီ ၃၀ မိနစ်လောက်မှာ ရေတွေက ငလိုက်ချောင်းမှာ အပြည့်ဖြစ်လာတယ်။ ဒါကြောင့် ချောင်းစပ်မှာ နေထိုင်သူတွေ ဒုက္ခရောက်ပြီး ရေလွတ်ရာကို အမြန်ရွှေ့ပြောင်းရတယ်။ အရင်လို အကြောင်းကြားပေးသင့်တယ်" ဟု ငလိုက်ချောင်းဘေးတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

နေပြည်တော် ဘောဂသီရိ ကားကွင်းရှိ ရွှေမန်းသူကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက "အခုလို ကားကွင်းထဲ ရေလျှံတာက ကားကွင်းထဲက ရေထွက်ပေါက်ကို စည်ပင်ကအရင်ထဲက ပြုပြင်သင့်တယ်။ ကားတွေက ဂိတ်မှာရပ်လို့ မရဘဲ လမ်းမပေါ်မှာ ဂိတ်ထိုးရတော့ အဆင်မပြေမှုတွေနဲ့ ကြုံနေရတယ်" ဟု ဆိုသည်။

ရေကြီးမှုကြောင့် ယာမြေအတွင်း စိုက်ပျိုးထားသည့် ပန်းစိုက်ခင်းများ ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရေ ကျသွားမှ ပျက်ဆီးမှု အနေအထားကို အတိအကျ သိရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မိုးများ၍ ရေကြီးပါက ပျဉ်းမနားမြို့ပေါ်ရပ်ကွက် အချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - ပျဉ်းမနားမြို့ ငလိုက်ချောင်း၌ ရေကြီးမှု ဖြစ်ပေါ်နေစဉ်

Eleven Media Group

ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံကို ၂၀၁၅ မတိုင်မီ ဆောင်ရွက်မည်

ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံ ပေါ်ပေါက်ရန်အတွက် ယခုအခါစတင်လုပ် ဆောင်နေပြီဖြစ်ပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ဘဏ္ဍာရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ကျန်းမာရေး အာမခံနှင့် ပတ်သတ်သည့် ဆွေးနွေး ပွဲ တွင် ပြောကြားခဲ့သည်။


ယင်းအာမခံ အမျိုးအစားသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်း မရှိသေးသည့် အာမခံ အမျိုးအစားဖြစ် ကာ လက်ရှိတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်သည့် မြွေအန္တရာယ် အာမခံ အမျိုးအစားသာ ရှိသေး ကြောင်း ၎င်းကဆိုသည်။

"ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို သုတေသန ပြု ရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူ တိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ်။ ဒီအာမခံ ပေါ်ပေါက်လာဖို့အတွက် စာတမ်းဖတ်ပွဲ တွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက် နေပါတယ်" ဟု ၎င်းကဆက်လက် ပြော ကြားသည်။

ကျန်းမာရေး အာမခံ ပေါ်ပေါက်လာရန်အတွက် ကျန်းမာရေး ၀န်ကြီးဌာန၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ၊ ဆေးရုံ၊ ဆေးခန်း စသည်တို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကာ ၂၀၁၅ အမီ ပေါ်ပေါက်လာစေရန် အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"လူလတ်တန်းစားတွေအတွက် ကျန်းမာရေးနဲ့ အသက်အာမခံက ဈေးကွက်ဖွံ့ဖြိုးဖို့ အဓိကကျတဲ့ အာမခံ နှစ်ခုပါ။ အဲဒါက အရင်ဖွံ့ဖြိုးလာရင် ကျန်တဲ့အာမခံ ဈေးကွက်ကပါ ပိုရင့်ကျက်လာမှာ ဖြစ်ပါတယ်" ဟု ဟောင်ကောင်အခြေစိုက် Manulife အသက်အာမခံ ကုမ္ပဏီ၏ senior vice president & regional executive Mr. Indren Naidoo က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်၍ မြွေအန္တရာယ် အာမခံ အမျိုးအစားကိုသာ ရောင်း ချပေးလျက်ရှိပြီး မြွေကိုက်၍ သေဆုံးပါက လျော်ကြေးငါးသိန်းကျပ် ပေးလျော်ကြောင်း သိရသည်။

မြွေအန္တရာယ် အာမခံထားရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ထားရှိသူဦးရေ ၂၂၀၀၀၀ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂၃၀၀၀၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်း၏ နှစ်ချုပ်စာရင်းမှ သိရသည်။

Eleven Media Group

နာမည်ကြီး ကုမ္ပဏီများ ထိပ်တန်းအခွန်စာရင်း၌ ပါဝင်လာခြင်း မရှိသေး၊ ရွှေသံလွင်၊ ဒဂုံအင်တာနေရှင်နယ်၊ တော်ဝင်၊ Naing Group၊ Father Land၊ Mother Land၊ Shine ကဲ့သို့သော ကုမ္ပဏီများ အခွန်ထမ်း ၅၀၀ ဦး စာရင်း၌ပင် မပါဝင်



၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူ ၅၀၀ ဦးနှင့် ၀င်ငွေ ခွန် အများဆုံး ပေးဆောင်သည့် ၅၀၀ ဦး စာရင်းများကို ထုတ်ပြန်ရာ၌ နာမည်ကျော် ကုမ္ပဏီ များ ပါဝင်လာ ခြင်း မရှိကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။


Sky Net ရုပ်သံလိုင်း အပါအ၀င် လုပ်ငန်းပေါင်း များစွာ တည်ထောင်လုပ်ကိုင်နေသည့် ရွှေသံလွင် ကုမ္ပဏီ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ တော်ဝင်စင်တာ အပါအ၀င် အခြားစီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင် နေသည့် Taw Win Family၊ သစ်လုပ်ငန်းကဲ့သို့ လုပ်ငန်းကြီးများ လုပ်ကိုင်နေသော Dagon International၊ ရန်ကုန် မြို့၏ လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်းများစွာကို တည်ဆောက်ရောင်းချခြင်းအပြင် ကျပ်သိန်းပေါင်း သောင်း သိန်းချီတန်သော မြေကွက်များကိုပင် အရောင်းအ၀ယ် ပြုလုပ်နေသော Father Land၊ Mother Land၊ Shine Construction၊ Naing Group အမည်ရှိသော ကုမ္ပဏီများမှာ ၀င်ငွေခွန် အများဆုံး ပေးဆောင်သူ ၁၀၀ ဦးစာရင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူ ၁၀၀ ဦးစာရင်းအပြင် ၀င်ငွေခွန်၊ ကုန် သွယ်ခွန် ထိပ်ဆုံးပေးဆောင်သူ ၅၀၀ ဦး စာရင်း၌ပင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။

အဆိုပါ ကုမ္ပဏီများအပြင် အခြားပေးဆောင်သင့် ပေးဆောင်ထိုက်သော နာမည်ကျော် ကုမ္ပဏီများလည်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦး၊ ၀င်ငွေခွန် အများဆုံး ပေးဆောင် သည့် ထိပ်ဆုံး ၅၀၀ ဦး စာရင်းတွင် မပါဝင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထိုသို့ ငွေကျပ်သိန်းပေါင်းများစွာဖြင့် လည်ပတ်လုပ်ကိုင်နေသော ကုမ္ပဏီများ၊ အမြတ်အစွန်းရှိသော သစ် လုပ်ငန်းကဲ့သို့ လုပ်ငန်းများ၊ ယနေ့ခေတ် ရန်ကုန်မြို့မြေဈေး ခေါင်ခိုက်ချိန်တွင် မြေကွက်၊ လုံးချင်း၊ တိုက် ခန်း၊ ကွန်ဒိုများစွာ အရောင်းအ၀ယ် ပြုလုပ်နေသည့် ကုမ္ပဏီများမှာ ထိပ်တန်းအခွန် ပေးဆောင်သည့် ၁၀၀ ဦးစာရင်းအပြင် ၅၀၀ ဦး စာရင်း၌ပါ ပါဝင်လာခြင်း မရှိသည်မှာ အမှန်တကယ် အခွန်ပေးဆောင်နိုင်စွမ်း မရှိ ခြင်းကြောင့်လား၊ သို့တည်းမဟုတ် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိသည့် ခုနှိမ်ခွင့်၊ အရှုံးပြခွင့် စသည့်အခွင့်အရေး များအရ အခွန်ပေးဆောင်ရမှု မရှိခြင်းလား၊ သို့တည်းမဟုတ် ကင်းလွတ်ခွင့် ရထားခြင်းများကြောင့်လား၊ သို့ တည်းမဟုတ် မျက်ကွယ်ပြုထားခြင်းလားဟု ထိပ်ဆုံးအခွန်ထမ်း ၅၀၀ ဦးစာရင်းတွင် ပါဝင်သူ လုပ်ငန်းရှင် အချို့က မေးခွန်းထုတ်ခဲ့ ကြပါသည်။

လက်ရှိ အခွန်ဥပဒေအရ ခုနှိမ်ခွင့်၊ လုပ်ငန်းအရှုံးပြခွင့်များ ရှိနေရာ လုပ်ငန်းရှင် အချို့မှာ နှစ်စဉ်လုပ်ငန်း အရှုံးပြကာ အခွန်ရှောင်တိမ်း၍ရခြင်း၊ အချို့မှာ ၀င်ငွေခွန် ကြေညာလွှာပင် မတင်ခြင်းများ ရှိခဲ့သည်အထိ အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းမှာ အစိုးရသစ် လက်ထက်တိုင် ရှိနေဆဲဖြစ်သည်။

အခွန်ထမ်း ၅၀၀ ဦး စာရင်းတွင် ပါဝင်သည့် လုပ်ငန်းရှင် တစ်ဦးက "မြန်မာ့စီးပွားရေးဦးပိုင်၊ နောက်ခရိုနီ ကုမ္ပဏီ တချို့တောင် အခွန်ကို သင့်တင့်သလောက် ပေးလာတဲ့အချိန်မှာ အခုအထိ အခွန်ကင်းလွတ်ခွင့် ရထားသယောင်ယောင်၊ လုပ်ငန်းရှုံးသလိုလိုနဲ့ အခွန်မပေးတဲ့သူတွေ အများကြီး ကျန်သေးတယ်။ အထူး သဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီတွေ ကျန်နေတယ်။ အခွန်ဥပဒေကလည်း တကယ်ရှုံးလို့ အရှုံးပြတာတော့ ထား၊ မရှုံးလည်း အရှုံးပြလို့ ရနေတယ်။ လက်ဖက်ရည်ဆိုင် သေးသေးလေးကအစ လမ်းဘေးဈေး သည်အ ဆုံး အခွန်ပေးနေရတဲ့ အချိန်မှာ ကျပ်သန်းပေါင်းများစွာနဲ့ လုပ်ငန်းကြီးတွေ လုပ်နေတဲ့ သူတွေက ရှုံးတာတို့ ကင်းလွတ်ခွင့် ရတာတို့ ဆိုရင်တော့ မတရားတဲ့ စနစ်ပဲ။ အရှုံးပြတာပဲ ဖြစ်ဖြစ်၊ ကြေညာလွှာ မတင်တာဘဲ ဖြစ်ဖြစ် အဲဒီလိုကုမ္ပဏီကို သေချာစစ်သင့်တယ်။ နှစ်တိုင်း အခွန်မှန်မှန်ပေးတဲ့ သူတွေကပေး။ အဲဒီလူတွေ အပေါ်မှာပဲ တိုးကောက်တဲ့ ပုံစံမျိုး၊ တစ်ဖက်မှာကျတော့ မျက်ကွယ်များ ပြုထားသလား အောက်မေ့ရတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီ အများစုက မနှစ်က ထိပ်တန်းအခွန်ထမ်း ၁၀၀ မှာလဲ မပါဘူး။ ဒီတော့ တကယ် မဆောင်နိုင်တာလား၊ တကယ်ရှုံးတာလား၊ ကင်းလွတ်ခွင့် ရထားတာလား သေချာပြန်စစ်သင့်တယ်" ဟု ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံ၌ လက်ရှိအချိန်အထိ မှတ်ပုံတင်ထားသော ပြည်တွင်းပြည်ပ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်းမှာ ၂၀၁၃ ခုနှစ် သြဂုတ်အထိ ၃၇၀၀၀ ကျော် ရှိသော်လည်း အမှန်တကယ် အမြတ်ပြ အခွန်ဆောင်သည့် ကုမ္ပဏီမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်သာရှိကြောင်း သိရသည်။

အစိုးရသစ်လက်ထက် ပထမဆုံး ဘဏ္ဍာနှစ်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် အခွန်အ ရပ်ရပ်သည် ကျပ်ဘီလျံ ၁၅၀၀ ၀န်းကျင်သာ ရရှိခဲ့သည်။ ဒုတိယနှစ် လက်ထက်တွင်မူ ကျပ်ဘီလျံ ၂၅၀၀ အထိ တိုး၍ရရှိခဲ့ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်နေသည့် ကုမ္ပဏီများကို စိစစ်ခြင်း၊ အခွန်စနစ် ပြင်ဆင်ခြင်းများ ပြုလုပ်ပါက အခွန်ငွေမှာ ယခုထက် အနည်းဆုံး ငါးဆနှင့်အထက် ပိုမိုရရှိမည် ဖြစ်သည်ဟုလည်း ခန့်မှန်း တွက်ချက် ထားကြသည်။

ထိပ်ဆုံးအခွန်ထမ်း ၃၀၀ ဦး စာရင်းတွင် ပါဝင်သူ လုပ်ငန်းရှင် တစ်ဦးက "အခု တီဗီကြော်ငြာ၊ သတင်းစာ ကြော်ငြာ၊ ရန်ကုန်မြို့ လမ်းတစ်လျှောက် ကြော်ငြာတွေမှာ အဲဒီကုမ္ပဏီတွေချည်းပဲ။ ဒီလောက်လုပ်ငန်း လုပ်ပြီးမှတော့ အခွန်မဆောင်နိုင်တာတော့ မဟုတ်ဘူး။ ဥပဒေအရ ရှောင်လို့ရနေတာနဲ့ သေချာမစစ်ဘဲ မျက်ကွယ်ပြုထားသလို ဖြစ်နေတာ နှစ်မျိုးပဲ ဖြစ်လိမ့်မယ်။ မြေနီကုန်းက မခင်အေး စတိုးဆိုင်တောင် နံပါတ် ၃၀၀ ကျော်လောက်မှာ ပါလာတယ်။ ဒီကုမ္ပဏီ နာမည်တွေ မတွေ့ဘူး။ အမှန်ဆောင်တဲ့သူနဲ့ သူတို့နဲ့ ယှဉ် လိုက်ရင် အမှန်ဆောင်တဲ့သူတွေ ဘယ်လောက်နာသွားလဲ။ ဆင်းရဲချမ်းသာရော ဘယ်လောက်ကွာသွား မလဲ။ အခွန်ဥပဒေမှာ ကာလစည်းကမ်းသတ်ဆိုတာ ရှိတယ်။ သုံးနှစ်ကျော်သွားရင် အခွန်ပြန်စည်းကြပ်လို့ မရဘူး။ ဒါပေမဲ့ ပုံမှန်အတိုင်း အခွန်ရှောင်ချင်လို့ မဟုတ်ဘဲ အခက်အခဲကြောင့်ဆိုရင် အဲဒီဥပဒေအရ အ ကျုံး ၀င်တယ်။ ဒါပေမဲ့ တမင်အခွန်ရှောင်ဖို့ လုပ်ခဲ့တာလို့ အခွန်ကောက်တဲ့သူက ယူဆရင်တော့ နှစ်ဘယ် လောက်ကြာကြာ အခွန်ပြန်ကောက်လို့ ရတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ PMG နဲ့အခြားအရက် ကုမ္ပဏီ ကြီး တစ်ခုကို အဲဒီလို ပြန်ကောက်တာလေ။ အကုန်ပြန်ဆောင်ခိုင်းတာ။ အခုလည်း ဒီလောက်အရှုံးပြတဲ့ သူတွေကို ဘုတ်အဖွဲ့အနေနဲ့ ပြန်စစ်ပြီး မမှန်ရင် အကုန်ပြန်ဆောင် ခိုင်းသင့်တယ်။ အမှန်အတိုင်း ပေး ဆောင်နေတဲ့သူတွေ အရမ်းနစ်လာသလို နိုင်ငံတော်လည်း အခွန်မရလို့ နာတယ်" ဟု သုံးသပ်ပြောကြား ခဲ့သည်။

လက်ရှိတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သော်လည်းအခွန်တိမ်း ရှောင်မှုများ၊ ဥပဒေအရဟု ဆိုသော်လည်း နှစ်စဉ်အရှုံးပြနေသည့် ကုမ္ပဏီကြီးများအား ထိရောက်စွာ စိစစ် ကြပ်မတ်မှုထက် အခွန်ပေးဆောင်မှုများ အပေါ်တွင် ပိုမိုရရှိ စေရန်ကိုသာ လုပ်ဆောင်ထားနိုင်သေးသည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အခွန်ကိစ္စရပ်၊ အခွန်ဥပဒေ၊ အခွန်ကောက်ခံမှု များမှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ပြင်ဆင်ရန်လိုအပ်ကြောင်း ပြောကြားထားခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်လိုက်တယ်။ ကုန် သွယ်လုပ်ငန်းခွန် အမိန့်ကြေညာစာ။ အဲဒီအတိုင်း ကောက်ရမယ်။ အဲဒီအတိုင်း ကောက်ပေမယ့် ဘယ်လို တွက်လဲ၊ ဘယ်လိုချက်လဲဆိုတာက တချို့တချို့သော၊ ပြီးသွားပါပြီ။ အဲဒီဌာနက ပုဂ္ဂိုလ်များသည်ပင် မသိ ပါဘူး။ သူတို့သိတာက ဘာလဲ။ ဒီနယ်မြေမှာ ဒီနှစ်အခွန် ဘယ်လောက်ရအောင် ကောက်ဆိုတဲ့ မန်းဒိတ် အရ ကောက်သွားပြီးတဲ့ အခါမှာ မနှစ်က သိန်း ၅၀၀ ဆို၊ ဒီနှစ်သိန်း ၅၅၀ ဆိုပြီး ဖြစ်သွားတဲ့သူတွေ အများ ကြီးပါ။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ ကျွန်တော်ဒီနယ်ပယ်မှာ လေ့လာထားတာ အများကြီးရှိတယ်။ ပြီးတဲ့အခါမှာ ခုနက အခွန် ၂၅ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ။ ၃၀ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ အများ ကြီး ရှုပ်ထွေးပါတယ်။ ဒီလို အခွန်ကောက်နေတာ ဘယ်စာရင်းအပေါ်မှာ ကောက်နေသလဲ။ တကယ်စာရင်း အမှန်မှာလား။ ဒါမှမဟုတ်ရင် အစီစစ်ခံတဲ့ စာရင်းပေါ်မှာလား။ ဒါတွေဟာ ရှုပ်ထွေးနေဆဲ ရှိပါတယ်။ အဲဒါ တွေ ကို ဒီနေ့ပြုပြင် ပြောင်းလဲရမယ်" ဟု ပြောကြားထားခဲ့ပြီးလည်း ဖြစ်သည်။

အခွန်ရှောင်တိမ်းနေသူများ၊ လာဘ်လာဘများဖြင့် ကြွယ်ဝနေသူများ၊ ငွေမည်းငွေဖြူ လုပ်နေသူများအား စိစစ်ကြပ်မတ်ခြင်း မရှိသေးဘဲ ပုံမှန်အခွန် ထမ်းဆောင်နေသူ၊ အခွန်စာရင်း ပေါက်ပြီးသား လူလတ်တန်း စား ကုမ္ပဏီများထံမှသာ အခွန်ပိုမို ရရှိရေးကို စိစစ်ကောက်ခံ နေသည့်အတွက် ဆင်းရဲချမ်းသာ ကွာဟမှု မှာလည်း ပိုမိုကြီးထွားလာခြင်း၊ အခွန်ကင်းလွတ်ခွင့် သက်သာခွင့် လျှောက်ထားမှုများအပေါ် အများပြည်သူ မှ နားမလည်ခြင်း၊ နားလည်ရန် ခက်ခဲခြင်းများကြောင့်လည်း စိစစ်ခြင်းအပြင် အခွန်ဥပဒေကိုပင် ပြင်ဆင် သင့်ပြီ ဖြစ်သည်။

ဒီမိုကရေစီ အစိုးရဖြစ်သည့်အတွက် အခွန်ကို အားထားရချိန်၊ ၀န်ထမ်း၊ လမ်းဘေးဈေးသည်မှအစ အခွန် အရပ်ရပ်အား ပေးဆောင်နေချိန်၊ လူလတ်တန်းစား ကုမ္ပဏီများမှ ရှုံးသည်ဖြစ်စေ မြတ်သည်ဖြစ်စေ ပေး ဆောင်ရန် သတ်မှတ်သည့် အခွန်ကို မညည်းမညူ ပေးဆောင်နေချိန်၊ အခွန်ရှောင်မှုများအား ထိရောက်စွာ စိစစ်နိုင်သည့် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းထားရှိ ပြီးချိန်တွင် ယခုကဲ့သို့ အခွန် ဆောင်စာရင်းတွင် မပါဝင်သည့် ကုမ္ပဏီကြီးများအား အမှန်တကယ် ပေးဆောင်နိုင်ခြင်း မရှိ၍လား၊ ရှောင် တိမ်းနေခြင်းလား ဆိုသည်ကို ထိရောက်စွာ စိစစ်သင့်ပြီ ဖြစ်သည်။

Eleven Media Group

ပခုက္ကူမြို့အနီး ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက်များအထိ မြစ်ရေ၀င်ရောက်



ပခုက္ကူမြို့အနီး ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာ များနှင့် ရေလယ်ကျွန်း ကျေးရွာတွင် မြစ်ရေကြီး မှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ် ရပ်ကွက် အချို့တွင်လည်း မြစ်ရေ၀င်ရောက် လာ ခြင်းကြောင့် ရေလွတ်ရာနေရာများ သို့ရွှေ့ပြောင်း နေကြ ကြောင်း သိရသည်။


မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ နေရသော ပခုက္ကူမြို့နယ်တွင်း ရေလယ်ကျွန်း ကျေးရွာများ ဖြစ်သည့် ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ ဗွက်ကုန်းကျေးရွာများတွင် အသုံးအဆောင် ပစ္စည်းများ၊ ကျွဲ၊ နွားများ အား ရေလွတ်ရာ အမြင့်ပိုင်းများသို့ ရွှေ့ပြောင်းစဉ် ရေနစ်သေဆုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသ ခံများ၏ ပြောကြားချက်အရ သိရသည်။

"ပြီးခဲ့တဲ့ ငါးရက်ကတည်းက မြစ်ရေက ဆက်တိုက်တက်လာပြီး ရွာထဲဝင်လာတယ်။ ရေက တအားများနေ တော့ နွားတွေရော အသုံးအဆောင် ပစ္စည်းတွေရော အမြင့်ပိုင်းတွေ ရွှေ့ထားရတယ်။ ကျွဲတွေ နွားတွေကို ရေ၀င်နေရာတွေကနေ အမြင့်ပိုင်းတွေကိုရွှေ့တုန်း ရေနစ်သေတာတွေလည်း ရှိတယ်။ မနေ့ကကိုပဲ ဗွက် ကုန်းက ကလေးတစ်ယောက် ကျွဲကိုရေလွတ်တာ သွားပို့ရင်း ရေနစ်သေသွားတယ်" ဟု မြစ်ရေကြီးမှုနှင့် ကြုံတွေ့နေရသည့် ပခုက္ကူ ကျွန်းကျေးရွာမှ ဦးမျိုးမြင့်က ပြောသည်။

ပခုက္ကူမြို့အနီးရှိ ကျေးရွာတစ်ခု၌ မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ် 

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ရွှေချောင်းကျွန်း၊ အေးကျွန်းကျေးရွာများတွင် နေထိုင်သူများ မှာလည်း ရေလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရ သည်။

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကျေးရွာရွှေ့ပြောင်းမှုနှင့် ကြုံတွေ့နေရသည့် သိမ်ကုန်း၊ မရိုးကုန်း၊ မြင်းကျွန်း၊ ထနှောင်းကုန်း ကျေးရွာများတွင်လည်း မြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံ မှုများနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။

အပေါ်ပုံ - ပခုက္ကူမြို့အနီးရှိ ကျေးရွာတစ်ခု၌ မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်

Eleven Media Group

မြွေတောင်ဖားတောင် နီကယ်သတ္တုရိုင်းသိုက်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး သတ္တုရိုင်းသိုက်ဖြစ်ပြီး သန့်စင်ပြီး နီကယ်သတ္တုရိုင်းတန်ချိန် တစ်သန်းထွက်ရှိနိုင်



ချင်းပြည်နယ် မြောက်ပိုင်းဒေသတွင် တည်ရှိသော မြွေတောင်ဖားတောင် နီကယ်သတ္တုရိုင်းသိုက်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး နီကယ်သတ္တုရိုင်း သိုက် ဖြစ်သည်ဟု ဘူမိဗေဒ မှတ်တမ်းများအရ သိရ သည်။


အဆိုပါ သတ္တုရိုင်းများသည် ဆာပင်တင်နိုက် ကျောက်များနှင့် တွဲဖက်ဖြစ်ပေါ်နေပြီး သန့်စင်ပြီး နီကယ် သတ္တုရိုင်း တန်ချိန်တစ်သန်းခန့် ရရှိမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ မှတ်တမ်းများတွင် ခန့်မှန်းထား သည်။

စစ်ကိုင်းတိုင်း တကောင်းမြို့ အနီးမှ ထွက်ရှိသော တကောင်းတောင်ရှိ နီကယ်သတ္တုရိုင်းသိုက်သည် မြွေ တောင်ဖားတောင် နီကယ်သတ္တုရိုင်းသိုက်ထက် ပိုမိုသေးငယ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။

"အရင်အစိုးရတွေ လက်ထက်က ချင်းပြည်နယ်ဟာ ဘာမှမထွက်ပါဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ အခု ဆိုရင် ချင်းပြည်နယ် ကိုးမြို့နယ်မှာ ရှစ်မြို့နယ်အထိ သယံဇာတတွေ ထွက်နေတယ်လို့ သိရပါတယ်။ 

ဘယ် လောက်အတိုင်းအတာအထိ ထုတ်လုပ်မလဲ မသိဘူး။ ဘယ်အချိန်အထိ ထုတ်လုပ်မလဲ မသိဘူး။ ဘယ်လို စာချုပ်မလဲ မသိဘူး။ နီကယ်တစ်ခုတည်း ထွက်တာလား တခြားသတ္တုတွေရော ထွက်တာလား မသိဘူး။ ထွက်ရှိလာတဲ့ ပစ္စည်းကို တိတိကျကျ ကျွန်တော်တို့ သိရမယ်။ ပြောရရင် ပွင့်လင်းမြင်သာမှု မရှိဘူး။ ကချင် ပြည်နယ် မြစ်ဆုံစီမံကိန်းလုပ်စဉ်ကာလတုန်းက အဲဒီကမြေကြီးတွေ အကုန်ကားနဲ့ တိုက်သွားတယ်။ကျောက် ခဲတစ်လုံးတောင် မချန်ဘူး။ ဘာကြောင့်လဲ အဲဒီမြေမှာ ရွှေရှိတယ်လေ။ အခုတော့ အဲဒီစီမံကိန်းကို ဒီအစိုးရ လက်ထက်မှာ ခေတ္တနားထားတယ်။ မြွေတောင်ဖားတောင်မှာလဲ တခြားသတ္တု ဘာရှိသလဲ။ ရှိရင်လည်း ရှိ တဲ့သတ္တုကလည်း တန်ဖိုးဘယ်လောက်ရှိလဲ ကျွန်တော်တို့ မသိဘူး။ ပတ်ဝန်းကျင်ကိုရော ထိခိုက်မှု ရှိမ လား။ လုပ်မယ့်ကုမ္ပဏီနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းပြီးတော့မှ သဘောတူပြီးမှ လုပ် မှကောင်းမယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦး စတီဗင်သာဘိတ်က ပြောကြားခဲ့သည်။

မြွေတောင်၊ ဖားတောင် စီမံကိန်းကို တူးဖော်မည်ဆိုသော North Mining Investment Company ၏ မှတ်တမ်းများအရ အဆိုပါ မြွေတောင်မှ စီးပွားဖြစ် ထုတ်လုပ်နိုင်သော နီကယ်နှင့် သံသတ္တုရိုင်း သုံးခုကို ရှာဖွေတွေ့ရှိထားပြီး သတ္တုရိုင်းသိုက် သုံးခုတွင် ပျမ်းမျှနီကယ်ပါဝင်မှု ၁ ဒသမ ၄ ရာခိုင်နှုန်းရှိသော သတ္တု ရိုင်း စုစုပေါင်း မက်ထရစ်တန်ချိန် ၄၂,၂၁၀,၀၀၀ ခန့်ရှိနိုင်ပြီး သန့်စင်ပြီး နီကယ်မက်ထရစ်တန်ချိန် ၅၉၅,၀၀၀ သာ ထုတ်ယူရရှိမည်ဟု ခန့်မှန်းထားပါသည်။

Eleven Media Group