Friday, September 13, 2013

ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မလွဲမသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုက ရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် အတွက် မလွဲ မသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ပိုလန် နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် က စက်တင် ဘာ ၁၂ ရက် ည ၈ နာရီ ၃၀ မိနစ် (ဒေသစံတော်ချိန် ညနေ ၄ နာရီ) ၀ါဆော တက္ကသိုလ်၌ ပြုလုပ်ခဲ့သော Politics and Education (နိုင်ငံရေးနှင့်ပညာရေး) ခေါင်းစဉ်ဖြင့် ပို့ချချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။


ရွေးချယ်စရာ အခွင့်အလမ်း မရှိပါက ဒီမိုကရေစီ၏ အနှစ်သာရများလည်း ပျောက်ဆုံးမည် ဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေသည် အဆိုပါ ရွေးချယ်ခွင့်များအား ကန့်သတ်ထားသဖြင့် ပိုမိုကျယ်ပြန့်သည့် ရွေးချယ်ခွင့်များ ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် နိုင်ငံခေါင်းဆောင် တင်မြှောက်ရာတွင် ရွေးချယ်စရာ နည်းပါးနေခြင်းက ဒီမိုကရေစီ၏ အနှစ်သာရကို ထိခိုက်စေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံရေး၌ တပ်မတော်က ပါဝင်ချုပ်ကိုင်မှုများ ပြုလုပ်နိုင်ရန် ခွင့်ပြုထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ တက်လာခဲ့သော်လည်း ယခင်တပ်မတော် အစိုးရအဖွဲ့ ပါဝင်ခဲ့သူများဖြင့် လက်ရှိအစိုးရကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

''ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ ရွေးချယ်မှုမရှိရင် အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ အသိပညာ မကြွယ်ဝတဲ့သူ တစ်ဦးရဲ့ ရွေးချယ်မှုဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံ ရဲ့ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖို့ လိုပါတယ်။ တစ်ချိန်က ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှ မှာ အကောင်းဆုံး တက္ကသိုလ်တစ်ခုပါ။ အခုချိန်မှာတော့ အညံ့ဆုံး ဖြစ်နေပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တက္ကသိုလ် အများစုဟာလည်း ဘွဲ့လွန်အဆင့် မရှိကြပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ တပ်မတော် အစိုးရလက်ထက်မှာ ပြည်သူတွေကို အသိပညာ ဖွံ့ဖြိုးစေမယ့်အစား ထိန်းချုပ်မှုတွေ လုပ်ခဲ့လို့ပါပဲ'' ဟု ၀ါဆောတက္ကသိုလ်တွင် လာရောက်နားထောင်သော ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ထိန်းချုပ်ရခြင်းသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း၊ ရှစ်လေးလုံး လူထုအုံကြွမှုသည် တက္ကသိုလ် ကျောင်းသားများထံမှပင် စတင်ခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာမည်ကို တပ်မတော်အစိုးရ က စိုးရိမ်ခဲ့ကြောင်း ၎င်းက ပြောသည်။

''ကျောင်းသားတွေ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားတွေကနေ ပြောင်းလဲမှုတစ်ခုကို ဦးဆောင် တယ်ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ သမိုင်းတစ်လျှောက်မှာ ကျောင်းသားတွေကနေ ပြောင်းလဲမှု တွေကို ဦးဆောင်ခဲ့တာတွေ အများကြီး တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ဟာ အရင်က လွတ် လပ်ခွင့်တွေကို ဆုံးရှုံးနေပါတယ်။ တကယ်ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ ဆန္ဒပြပွဲတွေကို ကြောက်ရွံ့စရာ မလိုပါဘူး။ ကျွန်မ ပိုလန်လွှတ်တော်ကို လာတဲ့အချိန်မှာတောင် ဆန္ဒပြပွဲတစ်ခုကို ကြုံခဲ့ရပါသေးတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ မေး ရာတွင် ပြန်လည် ဖြေကြားရာ၌ ''မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကျွန်မတစ်ဦးတည်း ဖြေရှင်းလို့ မရပါဘူး။ တရားဥပဒေ စိုးမိုးရေးကို စနစ်တကျ တည်ဆောက်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေ ကြားမှာ လည်း ၉၆၉ လှုပ်ရှားမှုကို စိုးရိမ်မကင်းနဲ့ စောင့်ကြည့် နေသူတွေ ရှိပါတယ်'' ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဥရောပသုံးနိုင်ငံ ခရီးစဉ်၏ ပထမဆုံး နေ့ဖြစ်သည့် စက်တင်ဘာ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် သည် အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz နှင့်အတူ လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ပိုလန်အထက် လွှတ်တော်ဥက္ကဋ္ဌ Bogan Borusewicz နှင့် တွေ့ဆုံခဲ့ပြီး ည ၇ နာရီတွင် ပိုလန်ဝန်ကြီးချုပ် Donald Tusk တက်ရောက်သည့် လွှတ်တော်က တည်ခင်းဧည့်ခံသော ညစာစားပွဲ တက်ရောက်ခဲ့သည်။ စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်သမ္မတ၊ ၀န်ကြီးချုပ်၊ သမ္မတဟောင်းနှင့် နိုဗယ်ဆုရှင်တစ်ဦး ဖြစ်သူ Lech Walesa တို့နှင့် တွေ့ဆုံခဲ့ပြီး Warsaw တက္ကသိုလ် စာကြည့်တိုက်ဟောင်း၌ Politics and Education (နိုင်ငံရေးနှင့် ပညာရေး) ခေါင်းစဉ်ဖြင့် ကျောင်းသားများအား ပို့ချခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနှင့် ချက်ပြည်သူ့သမ္မတ နိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။

Eleven Media Group

ယောနှင့် ကျောချောင်းတို့တွင် တောင်ကျရေ ကျဆင်းလာ၍ ယာဉ်အစီး ရာနှင့်ချီ၍ သုံးရက်ကြာ ညအိပ်စောင့်ဆိုင်းနေ



ပခုက္ကူနှင့် ပေါက်၊ ယောဒေသ၊ ချင်းပြည်နယ် သို့ သွား သော ခရီးသည်နှင့် ကုန်တင်ယာဉ် အစီး ၁၀၀ ခန့်မှာ ပခုက္ကူနှင့် ပေါက်မြို့နယ်၏ ကြားရှိ ယော ချောင်း နှင့် ကျောချောင်း တို့တွင် တောင်ကျရေများ ကျဆင်းလာ ၍ ဖြတ်ကူးနိုင်ခြင်း မရှိသည့်အတွက် ညအိပ်စောင့်ဆိုင်း နေရကြောင်း သိရသည်။


ပခုက္ကူနှင့် ပေါက်မြို့ကြား ဆက်သွယ်ထားသည့် မော်တော်ကားလမ်းသည် ပေ ၂၀ မှ ပေ ၁၀၀၀ ကျော် ကျယ်ဝန်းသော သဲချောင်း ၃၀ ၀န်းကျင်ကို ဖြတ်သန်းရပြီး ထိုသဲချောင်း များအတွင်း တောင်ကျရေ ကျ ဆင်း လာပါက သွားရေးလာရေး ခက်ခဲကြောင်း သိရသည်။

တောင်ကျရေ စီးဆင်းမှု များပြားလာသည့်အတွက် မော်တော်ယာဉ်များစောင့်ဆိုင်း နေရသည်မှာ သုံးရက် ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ တောင်ကျရေမှာ ဆက်လက် စီးဆင်းနေသည့် အတွက် ယာဉ်များဖြတ်ကူးနိုင် ခြင်း မရှိသေးကြောင်းနှင့် ခရီးသည်များမှာ ချောင်းရေနည်းပါးချိန်တွင် လှေများဖြင့် ဖြတ်ကူးနေရကြောင်း မော်တော်ယာဉ်မောင်းများနှင့် ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။

''အရင်နှစ်ရက်လောက် ကတည်းက ချောင်းရေကျလို့ ကားတွေက ကူးမရဘူး။ စက်တင်ဘာ ၁၁ ရက်က လည်း ချောင်းရေက များနေသေးလို့ မကူးနိုင်သေးဘူး။ ကျွန်တော်တို့က ယောချောင်းနဲ့ ကျောချောင်းကြား ရောက်နေတော့ ပြန်လှည့်မရလို့ စောင့်နေရတာ'' ဟု ယောထိပ်တန်း ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း ကိုကျော်ဟိန်းက ပြောကြားသည်။

''ကျောချောင်းရေများရင် ကျွန်တော်တို့ လှေသမားတွေကလည်း ကူးမပေးရဲတော့ ခရီးသည်တွေလည်း ညအိပ်စောင့်ရတယ်။ စက်တင်ဘာ ၁၁ ရက်က တောင်ရေ နည်းသွားလို့ လှေပြန်ချပြီး ကူးပေးနိုင်တာ။ ပုံတောင်ပုံညာဘက် မိုးရွာရင် ချောင်းရေက များဦးမှာပဲ'' ဟု ကျောချောင်းအတွင်း လှေဖြင့် ခရီးသည် ပို့ဆောင်ရေး လုပ်ကိုင်နေသူ ဦးချစ်ငွေက ပြောကြားသည်။

ပခုက္ကူမှ ပေါက်မြို့၊ ယောဒေသ၊ ချင်းပြည်နယ်တို့သို့ သွားရာလမ်းတွင်ယခင်က ကျောချောင်း၊ယောချောင်း အတွင်းရှိ ရေပြာတံတားနှင့် အုန်းတောတံတားတို့မှ သွားလာကြပြီး ၂၀၁၁ အောက်တိုဘာလတွင်း ဖြစ်ပေါ် ခဲ့သော မကွေးတိုင်း ဒေသကြီးအတွင်း ချောင်းရေကြီးမှုတွင် အဆိုပါတံတား နှစ်စင်းလုံး မျောပါ ပျက်စီး ခဲ့ ကြောင်း သိရသည်။

Eleven Media Group

ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှအား သက်ဆိုင်ရာမှ ထောင်ပြောင်းရွေ့

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ပုဒ်မ ၅၀၅(ခ)အမှုဖြင့် မုံရွာမြို့နယ်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ် ကျခံစေရန် အမိန့်ချမှတ်ခြင်း ခံထားရသူ ဒေါ်နော်အုန်းလှသည် ထိုနေ့ ညနေ ၅ နာရီအချိန်မှ စတင်၍ မုံရွာအကျဉ်း ထောင်အတွင်း၌ အစာအငတ်ခံ ဆန္ဒပြလျက်ရှိခဲ့ရာ ၁၃ ရက်ပြည့်သည့် ယနေ့ညနေ ၄ နာရီ ၅၅ မိနစ်အချိန်ခန့် က မန္တလေး အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ဖြစ်ကြောင်း မုံရွာ အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရှိ ရသည်။


ထိုသတင်းရပ်ကွက်မှ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှသည် အစာအငတ်ခံ ဆန္ဒစတင်ပြသည့် အချိန်ခန့်က သက်ဆိုင်ရာ ထောင်ဆရာဝန်၏ ကျန်းမာရေး စစ်ဆေး ဆောင်ရွက်ချက်များအရ ထိုသူ၏ ကိုယ်အလေး အချိန်မှာ (၁၈၆)ပေါင် ခန့်ရှိခဲ့သော်လည်း ယနေ့မနက် ၀၆ နာရီ အချိန် ကျန်းမာရေး စစ်ဆေးချက်များအရ ကိုယ်အလေးအချိန်မှာ (၁၇၄)ပေါင်ခန့် သာရှိတော့ကြောင်း သိရှိရသည်ဟု ဆိုသည်။

ထိုသူ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်အား အနီးကပ် စောင့်ကြည့်နိုင်ရန် အတွက် မန္တလေး အကျဉ်းဦးစီး ဌာနရှိ ဒေါက်တာ ဦးမျိုးမင်း ဆိုသူမှ တာဝန်ယူ စောင့်ရှောက်နေရသည်ဟု သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ပြည်သူကို ညှင်ပန်းနှိပ်စက် သောရဲများအား အရေးယူပေးရေး စသည့်တောင်ဆိုးချက် သုံးချက်အား တောင်းဆို ဆန္ဒပြရန်အတွက် မုံရွာမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခွင့် တင်ပြလျှောက်ထားခဲ့သည်။

ထိုတင်ပြလျှောက်ထား ချက်အား ခွင့်ပြုမိန့် မရရှိခဲ့ သည့်အတွက် အထက်ရုံး၌ ဆက်လက်၍ အယူခံတင်ပြ လျှောက်ထားခြင်းမရှိဘဲ ၎င်း၏သဘောဆန္ဒ အလျောက် စီတန်းလမ်း လျှောက်ခဲ့ရာမှ ယင်းကဲသို့ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၈)အရ ဖမ်းဆီးခံခဲ့ရပြီးနောက် မုံရွာမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဦးညွှန့်စိုး၏ တရားလိုပြုလုပ်တိုင်တန်းချက်များအရ မုံရွာအမှတ်(၁) ရဲစခန်းရှိ ရဲစခန်းမှတ်ပုံတင် (၂၅)၊ အမှတ်စဉ် (၁၀/ ၂၀၁၃)၊ ပြစ်မှု ပုဒ်မ ၅၀၅(ခ) အရ ဒေါ်နော်အုန်းလှ ဆိုသူအား မုံရွာမြို့နယ်တရားရုံးသို့ တရားစွဲခဲ့ရာ တရားရုံးမှ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၉၅၅၃/ ၂၀၁၃ အရ တရားခွင်၌ ကြားနာစစ်ဆေးခဲ့ပြီးနောက် မြို့နယ်တရားသူကြီး ဦးခင်မောင်ဝင်းမှ ဒေါ်နော်အုန်းလှအား အလုပ်နှင့် ထောင်ဒဏ် (၂)နှစ်ကျခံစေရန် အမိန့်ဒီဂရီချမှတ်ခဲ့ ကြောင်းသိရသည်။

ထို့နောက် ဒေါ်နော်အုန်းလှအား မုံရွာမြို့နယ် တရားရုံးဝန်းအတွင်းရှိ အချုပ်ခန်းမှ မုံရွာ အကျဉ်ထောင်သို့ သက်ဆိုင်ရာ အာ ဏာပိုင်များမှ ဆက်လက်ပို့ဆောင်ခဲ့ရာ ထောင်မှူး ဦးအေးသာထွန်း ဆိုသူမှ ထောင်ဝင် အမှတ် မရ / ၁၃/ ၀၀၆၇၀/(က) အရ လက္ခံခဲ့သည်ဟု သိရသည်။

ထိုနေ့ညနေ ၅ နာရီအချိန်မှ စတင်၍ ဒေါ်နော်အုန်းလှသည် မုံရွာ အကျဉ်းထောင်အတွင်း၌ အစာ အငတ်ခံဆန္ဒပြနေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် မန္တလေး အကျဉ်းဦးစီးဌာနရှိ ထောင်ဆရာဝန် ဒေါက်တာ ဦးမျိုးမင်း ဆိုသူမှ ဒေါ်နော် အုန်းလှ၏ ကျန်းမာရေး အခြေ နေအား မျက်ခြေမပြတ် စောင့်ကြည့် ပေးနေရကြောင်း သတင်းများ ထွက်ပေါ်လာချက်များအရ သိရသည်။

ယခုအခါ ဒေါ်နော်အုန်းလှသည် အစာအငတ်ခံ၍ ရက်ရှည်ဆန္ဒပြနေသော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရှိရသည်။

ဒေါ်နော်အုန်းလှ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေကြီး ရောဘတ်ဆန်းအောင် ဆိုသူမှ “ ပန်ဘဲတန်း တရားရုံးနဲ့ ကျောက်တံတားတရားရုံးမှာ သူ့ရဲ့အမှုတွေကို ကြားနာစရာ ရှိနေပါသေးတယ်..” ဟုဆိုသည်။

Credit : http://www.yeyintnge.com/2013/09/blog-post_4024.html#.UjKORn8R8YI

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပွဲ (စင်္ကာပူ)



လက်မှတ် ဝယ်ယူရန် နေရာ ။ ။ ပင်နီဆူးလား (၅) လွှာ အခန်း နံပါတ် (၃၇)

နေ့ရက် နှင့် အချိန် ။ ။ 
• စက်တင်ဘာ (၁၃) ရက် သောကြာနေ့ ညနေ (၅) နာရီ မှ ည (၈) နာရီ ခွဲ
• စက်တင်ဘာ (၁၄) ရက် စနေနေ့ မွန်းလွှဲ (၁) နာရီ မှ ည (၈) နာရီ ခွဲ
• စက်တင်ဘာ (၁၅) ရက် တနင်္ဂနွေနေ့ မွန်းလွှဲ (၁) နာရီ မှ ည (၈) နာရီ ခွဲ

လက်မှတ်ဈေးနှုန်း ။ ။ $30

မှတ်ချက် ။ ။ • မိမိ၏ Singapore IC (WP/SPass/ EP/PR/Ex-Myanmar Citizen) ကဒ် ယူဆောင်လာပါရန်

• တန်းစီသူတစ်ဦးလျှင် Singapore IC (WP/SPass/ EP/PR/Ex-Myanmar Citizen) (original) နှစ်ကဒ် ပြ၍ လက်မှတ် (၂) စောင်အထိ ဝယ်ယူခွင့်ရှိသည်

• CASH only 

• ၅ နှစ်အောက် ကလေးငယ်များခေါ်ဆောင်လာခြင်း သည်းခံပါ။

Myanmar Club (Singapore)

အထိုင်များသော အလုပ်ကြောင့် စောစော စီးစီး သေဆုံးစေနိုင်



တစ်ခါထိုင်ရင် သုံးလေးနာရီကျော် ကြာတဲ့သူ တွေ ကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါ တယ်။ အမေရိကန် လေ့လာမှုအရ တစ်နေ့ ခြောက် နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုး သမီးတွေက အချိန် မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မား ကြောင်း၊ အမျိုး သားတွေ မှာတော့ အချိန် မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မား ကြောင်း လေ့လာ တွေ့ရှိရပါတယ်။


သြစတြေးလျ လေ့လာမှုအရ လူတွေက အထိုင်များ လေလေ၊ ဘ၀သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများ လေလေ ဖြစ်တာကိုတွေ့ရပါတယ်။

အထိုင်များသူတို့အတွက် ဖြေရှင်းနည်း

အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။ ဖုန်းကို ရပ်ပြီးပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုးလုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့် အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။ 

Credit : http://mmforward.blogspot.com/2013/09/blog-post_6708.html

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက်ကြောင့် Eleven Media အရှက်ကွဲ


အစိုးရ၏ ဘဏ်အပ်ငွေစာရင်း ငါးခုနဲ့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ နိုင်ငံခြားဘဏ်မှာအပ်နှံထားသည့် သတင်းကို ပြောကြားခဲ့သူ Mr.Jelson Garcia မှာ ကမ္ဘာ့ဘဏ်၏ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူမဟုတ်ပဲ NGO အဖွဲ့အစည်း Bank Information Center တွင် တာဝန်ထမ်းဆောင်နေ သူသာဖြစ်ကြောင်း သတင်းထုတ်ပြန်သော် လည်း ဒေါ်လာ (၁၁)ဘီလီယံ ရှိ/မရှိကိုတော့ ပြောကြားခြင်းမရှိ။

မလေးက မြန်မာလုပ်သားများအရေး နှစ်ဖက်အစိုးရ သဘောတူညီမှုရပြီ



မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ တရားမဝင် မြန်မာ အလုပ်သမားတွေအတွက် ကွာလာ လမ်ပူမြို့မှာ One Stop Service စင်တာ ဖွင့်လှစ်ပြီး အထောက် အထား ထုတ်ပေးဖို့ မလေးရှားနဲ့ မြန်မာ နှစ်ဖက် အစိုးရ သဘော တူညီမှု ရလိုက်ပြီလို့ သိရပါတယ်။


ဒီအစီစဉ်ကို နောက် ၂ လလောက်မှာ စတင်ဖို့ ရှိတယ် ဆိုတဲ့အကြောင်း မြန်မာအစိုးရရဲ့ အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မလေးရှားက ပြန်ရောက်ရောက် ချင်း မင်္ဂလာဒုံလေဆိပ်မှာ ဒီကနေ့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မလေးရှားမှာ အထောက်အထား မရှိတဲ့ မြန်မာနိုင်ငံက တရားမဝင် လုပ်သားပေါင်း တစ်သိန်း တစ်သောင်း လောက်ရှိနေပြီး ဒီလူတွေအတွက် အထောက်အထား စိစစ်ပေးမှုကို ကွာလာလမ်ပူမှာရှိတဲ့ မြန်မာ သံရုံးက လုပ်ပေး မှာ ဖြစ်ပြီး ကွာလာလမ်ပူနဲ့ အဝေးမှာ ရှိနေတဲ့ တရားမဝင် မြန်မာတွေအတွက်လည်း စက်ရုံ အလုပ်ရုံတွေ၊ စိုက်ပျိုးရေးခြံတွေ အထိပါ ကွင်းဆင်းလုပ်ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံသား ဖြစ်ပြီး အလုပ်ရှိတဲ့သူတွေကို တရားဝင် အလုပ်လုပ်နိုင်ဖို့ အထောက်အထား ထုတ်ပေး မှာဖြစ်သလို၊ အလုပ်မရှိဘဲ မြန်မာနိုင်ငံ ပြန်ချင်တဲ့သူတွေအတွက်လည်း ရင်းဂစ် ၄၀၀ (မြန်မာငွေ တစ်သိန်း ကျော်) ဆောင်ရတဲ့ ဒဏ်ကြေးကို ပေးစရာမလို့တော့ဘဲ ဆောင်ရွက်ပေးဖို့ ရှိတယ်လို့ ဦးအေးမြင့် က ပြောသွားပါတယ်။

ဝန်ကြီးက ဒီလို ပြောခဲ့ပေမယ့် အခုလို အကောင်ထည်ဖော်ဖို့ ကိစ္စဟာ နားလည်မှု စာချွန်လွှာ ရေးထိုးတဲ အဆင့်ထိ ရောက်ခဲ့တာတော့ မဟုတ်ပါဘူး။ နှစ်နိုင်ငံ အစိုးရချင်း နားလည်မှု ယူခဲ့တဲ့အဆင့်သာ ဖြစ်တဲ့ အတွက် ဖြစ်မှ ဖြစ်လာပါ့ မလား ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

အခု ရက်ပိုင်းမှာ တရားမဝင် ဖြစ်နေတဲ့ မြန်မာလုပ်သား တချို့ဟာ မလေးရှားကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံကို ပြန်လာနေကြတာတွေ ရှိပါတယ်။

မလေးရှားအခေါ် အော်ပရာစီလို့ အမည်ပေးထားတဲ့ တရားမဝင် နိုင်ငံခြား အလုပ်သမားတွေကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးဟာ စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နောက် ၃ လ အထိ ဖမ်းဆီးဖို့ ရှိနေ ပါတယ်။

ဒီနေ့အထိ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဟာ မလေးရှားမှာ ဖမ်းဆီးခံထားရပြီးတော့ ထောင်ဂဏန်း လောက်ရှိတဲ့ မြန်မာလုပ်သားတွေဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ စောင့်ဆိုင်းနေတယ်လို့လဲ သိရပါတယ်။

From: BBC

ကေအိုင်အေဌာနချုပ် လိုင်ဇာအား (၄၈) နာရီအတွင်း ထိုးစစ်ဆင်တော့မည်


အပစ်အခတ်ရပ်စဲရေးကာလတွင် ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်လိုက်တဲ့ သတင်း အင်တာနက် စာမျက်နှာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာပြီးတဲ့ နောက်မှာ အစိုးရ တပ်မတော် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တော့မယ်လို့ မြစ်ကြီးနား စစ်ဌာနချုပ် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတွေက သတင်းပေးပို့လာပါတယ်။


ကေအိုင်အေ ရဲ့ ဖမ်းဆီးမိတဲ့ စစ်ပွဲသုံ့ပန်းအပေါ် ရက်ရက်စက်စက် လည်ဖြတ် ၊ ဗိုက်ခွဲ သတ်တဲ့အပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံး က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကေအိုင်အေ ကို အပြတ်တိုက်ဖို့ အတွက် ပြင်ဆင်ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်လို့ မြစ်ကြီးနား တပ်မတော် နှင့် နီးစပ်ရာအသိုင်း အ၀ိုင်း က ဆိုပါတယ်။


ကေအိုင်အေ လိုင်ဇာ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် တပ်မ (၄)မနဲ့စကခ (၃)ခုတို့ ကို ပူးတွဲ တာဝန်ပေးသွားလိမ့်မယ်လို့ လည်းသိရပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်မ (၈၈) နဲ့ တပ်မ (၃၃) စတဲ့တပ်မ တွေကို ထုတ်သုံးသွားမယ့်အပြင် မြေပြင်ပစ် ဒုံးတပ်နှင့် သံချပ်ကာတပ်မများကိုလည်း ၂၄ နာရီအတွင်း တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီလိုထိုးစစ်ဆင်မယ့် အစီ အစဉ်အပေါ်မှာလဲ ပြည်သူတွေ က ထောက်ခံမှုတွေ ဟာ ယခင်ကထက် ရာခိုင်နှုန်းမြင့်လာတာကို တွေ့ရ ပါတယ်။


ဒီအခြေအနေ မှာ ကေအိုင်အေ ရဲ့ လုပ်ရပ်ဟာ ကချင်တိုင်းရင်းသားတွေ အပေါ် တိုင်းရင်းသားတွေ အပေါ် ဆိုးကျိုးသက်ရောက်ဖို့များနေပြီး စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေ လဲ ရှိနေပါတယ်။


Posted by ရွှေသတင်းသစ်

Credit : http://www.todaymyanmar.net/2013/09/blog-post_4380.html

အိပ်စက်ခြင်း ပုံစံများနှင့် ကျန်းမာရေး



(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall)

မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက်မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။ မှောက်လျက်အိပ်သည့်အနေအထားသည် အစာကြေ လွယ်စေသည်။


(၂) သန္ဓေသား (the Fetus)

ဘေးတစ်ဖက်စောင်း၍ ကွေး အိပ်သည့်ပုံစံဖြစ်ပြီး လူအများစုတွင် တွေ့ရသည်။ လက်ဝဲဘက်စောင်း အိပ်သည့်အခါ နှလုံး၊အဆုတ်စသည့် အင်္ဂါများကို ဖိအားသက်ရောက်စေ သည့်အတွက် လက်ယာ ဘက်ကိုသာ စောင်းအိပ်သင့်သည်။

(၃) သစ်တုံး (the log)

ဘေးတစ်ဘက်စောင်း၍ ခြေ လက်များဆန့်တန်းလျက်အိပ်သည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ကျောရိုး ဆစ်ကို ဖြောင့်တန်းစေသောကြောင့် ခါးနာဝေဒနာရှိသူများအတွက် အသင့် တော်ဆုံးပုံစံဖြစ်သည်။ 

(၄)တမ်းတသူ (the yearner)

ဘေးတစ်ဘက်စောင်း၍ လက် နှစ်ဖက်စလုံးဘေးသို့ ဆန့်ထုတ်ထား သည့်ပုံစံဖြစ်သည်။ အစာခြေရည် ပျို့သောကြောင့် ရင်ပူတတ်သူများ၊ ဟောက်တက်သူများအတွက် သင့် တော်သည့်ပုံစံဖြစ်သည်။

(၅)စစ်သား (the soldier)

လက်နှစ်ဖက်ဘေးချလျက် ပက်လက်အိပ်သည့်အနေအထားဖြစ် သည်။ ပက်လက်အိပ်ခြင်းကြောင့် လျာအနောက်ဘက်သို့ ခွေဝင်ကာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ စေသဖြင့်ဟောက်သံ ကျယ်တတ် သည်။

(၆)ကြယ်ငါး (the starfish)

လက်နှစ်ဖက်မြှောက်လျက် ပက်လက်အိပ်သည်ပုံစံဖြစ်သည်။ ယင်းသို့ အိပ်တတ်သူများသည် သူတစ်ပါး ပြောစကားကို တလေး တစားနားထောင်တတ်သူများဖြစ် သည်ဟု သုတေသီများက ဆိုသည်။ သို့သော် ပက်လက်အိပ်တတ်သူတို့ ထုံးစံအတိုင်း ဟောက်သံကျယ်တတ် သည်။

ဇော်ကို 
Health update journal

BellBagan

မလေးရှားမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမား ၁၅၀ ထိုင်းမှတစ်ဆင့် မြ၀တီသို့ ရောက်ရှိ



မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်က စတင် ပြုလုပ်ခဲ့သော တရားမ၀င် အလုပ်သမား ရှင်းလင်း ရေး စီမံချက်ကြောင့် အေးဂျင့်များ၏ အကူအညီကို ရယူကာ လူတစ်ဦးလျှင် ရင်းဂစ် ၉၀၀ ပေးပြီး ထိုင်း နိုင်ငံဘက်မှ ကုန်းလမ်းခရီးဖြင့် ပြန်လည် ရောက်ရှိ လာသူ ၁၅၀ ခန့်အား မြ၀တီခရိုင်မှ တာဝန်ရှိ သူများက စက်တင်ဘာ ၁၂ ရက်နံနက်တွင် ယာယီ ခရီးသွား ထောက်ခံစာ ပြုလုပ်ပေးပြီး ရန်ကုန်ထိ မော်တော် ယာဉ်နှစ်စီး စီစဉ်ပေးခဲ့သည်။


မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံ၊ မြ၀တီမြို့သို့ စက်တင်ဘာ ၁၁ ရက် ည ၉ နာရီ၌ ရောက်ရှိ လာပြီး မြ၀တီမြို့မှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမှတ် (၁) ရပ်ကွက် ဓမ္မာရုံ၊ အောင်ဆုပန် ကျောင်းတို့တွင် နေရာချ ကူညီစောင့်ရှောက်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း တစ်နှစ်ကျန်သေးသော်လည်း ဆက်လက်နေထိုင် လုပ်ကိုင်ရန် မ၀ံ့ရဲသဖြင့် ထွက်ပြေးလာသူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ မချေက ''သွားတုန်းက တရားဝင်ပတ်စ်ပို့၊ ဗီဇာနဲ့ သွားတာပါ။ သုံးနှစ်သက်တမ်း၊ နှစ်နှစ်ပဲ လုပ်ရသေး ပါတယ်။ အေးဂျင့်ကို ငွေအကျေ ပေးထားပြီးပေမယ့် လုပ်ငန်းခွင်မှာ လစဉ်အဖြတ် ခံရပါတယ်။ မြန်မာအလုပ်သမား တွေဟာ တရားဝင် သွားကြပေမယ့် လုပ်ငန်း ရှင်တွေနဲ့ပေါင်းပြီး အေးဂျင့်တွေရဲ့ ခေါင်းပုံဖြတ်တာ ခံရပါတယ်'' ဟု ပြောကြားခဲ့သည်။

''ကျွန်တော်တို့ ပြေးလာတာ လူတစ်ထောင်လောက် ရှိပါတယ်။ ဘယ်ကို ရောက်သွားလဲတော့ မသိဘူး။ ကျွန်တော်တို့က ဒီက တာဝန်ရှိသူတွေ ခေါ်လာလို့ ဓမ္မာရုံ ရောက်လာတာပါ'' ဟု မလေးရှားနိုင်ငံတွင် ငါးနှစ် ကြာ အလုပ်သွားလုပ်ပြီး ပြန်ပြေးလာသူ လှမျိုးစေက ပြောသည်။

''ကျွန်တော်တို့ မနေရဲတော့ဘူး။ Over တွေကို လက်ခံထားတဲ့ သူဌေးကိုတောင် ဖမ်းမိရင် ကြိမ်ဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ် ရိုက်မယ်ဆိုတော့ သူလည်း လက်မခံတော့ဘူးပေါ့။ ကိုယ့်နိုင်ငံကို ပြေးဖို့အတွက် အေးဂျင့် ဆက်သွယ်ရတယ်။ တစ်ယောက် ရင်းဂစ် ၉၀၀ နဲ့ လာခဲ့ကြတာပါ။ မလေးနဲ့ ထိုင်းနယ်စပ်မှာ တစ်ညအိပ်ရတယ်။ ထိုင်းနယ်စပ်ရောက်တော့ ကားလေးထဲမှာ အရှေ့ခြောက်ယောက် အနောက် ငါးယောက် အပေါ်မှာ အ၀တ်အိတ်တွေနဲ့ ဖုံးပြီးတင်လာတာ။ ထိုင်းနိုင်ငံ အချုပ်မှာ တစ်ညအိပ်ရတယ်။ အချုပ် ကားနဲ့ တင်လာပြီး မဲဆောက်မှာတစ်ည။ နောက်သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ရပါတယ်'' ဟု မလေးရှားမှ ပြေးလာသူ ကိုထက်အောင်က ပြောကြားသည်။

ဘီးလင်းမှ အမျိုးသမီး တစ်ဦးကလည်း ''အဖမ်းခံရတာထက်စာရင် ခုလိုထွက်ပြေးလို့  လွတ်မြောက်လာ တာ ၀မ်းသာစရာပါ။ ဘာလို့လဲဆိုတော့ နောက်မှာပြေးလာတဲ့ ကားတစ်စီးကို မလေးရဲက လိုက်ဖမ်းတာ မိသွားတယ်လို့ ကြားပါတယ်။ ဒီကတာဝန်ရှိတဲ့သူတွေ ကူညီပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

eleven media group

စာမေးပွဲဖြေခွင့် ပိတ်ပင်ခံရတဲ့ ရတနာပုံနည်းပညာ ကျောင်းသားတွေ နေပြည်တော်ကို တိုင်ကြား



မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ရတနာပုံဆိုက်ဘာ စီးတီး နည်းပညာတက္ကသိုလ်မှာ ကျောင်းခေါ် ချိန်မပြည့်လို့ စာမေးပွဲဖြေဆို ခွင့်မရ ခဲ့တဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေက စုပေါင်း လက်မှတ် ရေးထိုးပြီး သမ္မတရုံးအပါအဝင် သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနကို တိုင်ကြားစာပေးပို့ လိုက်ပါတယ်။


ဒီနှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ ဘာသာရပ်အလိုက် ကျောင်းတက်ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်း ပြည့်မီရမယ်ဆိုတဲ့ ပုံစံစနစ်သစ်ကို ပြန်လည်စစစ်သုံးသပ်ဖို့ တောင်းဆိုလိုကြောင်း ဘာသာရပ်နှစ်ခုမှာ ကျောင်းခေါ်ချိန် မပြည့် လို့ စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ICT သတင်းအချက်အလကိ နည်းပညာဘာသာ ဒုတိယနှစ်ကျောင်း သူ မစုလှိုင်ဦးက ပြောပါတယ်။

“သမီးက Dbar ထိတဲ့စာရင်းထဲမှာပါပါတယ်၊ အဲဒါနဲ့ မိဘတွေကတဆင့် သက်ဆိုင်ရာကနေပြီးမှ သမီးဘယ် ဘာသာနဲ့ ထိမယ်ဆိုတာကို ကြည့်ခိုင်းတယ်ပေါ့နော်၊ ကိုးဘာသာရှိတဲ့နေရာမှာ ခုနှစ်ဘာသာပြည့်တယ်၊ ကျန်တဲ့ နှစ်ဘာသာက ၇၁ ရာခိုင်နှုန်းနဲ့ ထိနေပါတယ်၊ 

အဲဒီနှစ်ဘာသာကြောင့် တစ်နှစ်အောက်ခံရတယ်ဆိုတော့ သမီးအတွက် အရမ်းကိုနစ်နာပါတယ်၊ တခြား ကျောင်းတွေကျင့်သုံးတဲ့ နည်းစနစ်အတိုင်း ကျင့်သုံးမယ်ဆိုရင် သမီးက လွတ်လွတ်ကျွတ်ကျွတ်ကြီး ဒီစာမေးပွဲ ကိုဖြေလို့ရမယ်လို့ ယုံကြည်ပါတယ်”

နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ကျောင်းခေါ်ချိန် စံနှုန်းတွေအတိုင်း ကျောင်းခေါ်ချိန်ကောက်ယူတဲ့ပုံစံကို ဒီနှစ် ကနေစပြီးတော့ ပြောင်းလဲ ကျင့်သုံးတာဖြစ်တယ်လို့ ရတနာပုံနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာအောင်ဝင်းက RFA ကိုပြောပါတယ်။

“ကျနော်တို့ နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးမှာဆိုလို့ရှိရင် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ကို တစ်ဘာသာချင်းစီကြည့်တယ်၊ ကြည့်ရတဲ့ရည်ရွယ်ချက်ကလည်း နိုင်ငံခြားတက္ကသိုလ်တွေဆီမှာ ဆိုလို့ရှိရင် credit point ကို ဘာသာရပ်တစ်ခုချင်းဆီပဲတွက်တယ်၊ အဲလိုတွက်တဲ့ အတွက် ဘာသာရပ် တစ်ခုချင်းဆီမှာ အဲဒီ credit point မမီလို့ရှိရင် စာမေးပွဲဖြေဆိုခွင့် မရှိဘူးပေါ့နော်၊ အဲဒီလိုပဲ ကျနော်တို့ဆီ မှာလည်း ဘာသာရပ်တစ်ခုချင်းဆီ ၇၅ ရာခိုင်နှုန်းမပြည့်ရင် ဘာသာရပ်ဖြေဆိုခွင့် မပြုပါဘူး”

ဒီနှစ်ပညာသင်နှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ ကျောင်းခေါ်ချိန်ကောက်ယူတဲ့ပုံစံစနစ်သစ်အရ ကျောင်းသား ကျောင်းသူ ၁၇၈ ယောက်ဟာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်တဲ့အတွက် စာမေးပွဲဖြေဆိုခွင့် မရခဲ့ တာဖြစ်ပါတယ်။

RFA Burmese

၈၁ မမ ဗုံးသီးများ ဖော်ထုတ် သိမ်းဆည်းရမိ


ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တာချီလိတ် မြို့နယ် ၊ မိုင်းဖုန်း(က) အုပ်စု ပါဆာရွာရှိ လွန်းလိန်း ဘုန်းတော် ကြီး ကျောင်းအနီး တောစပ်တွင် မူးယစ် တရားခံ နော်ခမ်း ရှိစဉ်က ခဲယမ်းများ မြှုပ်နှံ ထားကြောင်း သတင်း ရရှိသဖြင့် စက်တင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်း က တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင် များက သွားရောက် စစ်ဆေး ရှာဖွေရာ မြေကြီးအောက် အနက် ၂ ပေခန့်မှ ပလတ်စတစ် ပုံးအစိမ်း အတွင်း ထည့်ထားသော ၈၁ မမ ဗုံးသီး ၂၂ လုံးအား ဖော်ထုတ် သိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်းရမိ ဗုံးသီးများအား ခဲယမ်းစစ်အဖွဲ့များဖြင့် စစ်ဆေးပြီး သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


http://themyawadydaily.blogspot.com/2013/09/blog-post_8983.html