Thursday, September 12, 2013

အလုပ်ရှင်များ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် စက်ရုံအလုပ်ရုံ အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွား

လုပ်ခလစာ နည်းပါးခြင်း၊ မဆင်းမနေရ အချိန်ပို ဆင်းရခြင်းများ အပါအ၀င် အလုပ်သမား အခွင့် အရေးများ ကို အလုပ်ရှင်များမှ အပြည်အ၀ မပေး ဘဲ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများ ကြောင့် ရန်ကုန်တိုင်း ဒေသကြီး စက်ရုံအလုပ် သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွား လျက် ရှိကြောင်း သိရသည်။


လက်ရှိတွင် လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံ၊ Hong Tex အထည်ချုပ်စက်ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချို့စက်ရုံတို့၌ ဆန္ဒဖော်ထုတ်မှုများ ဖြစ် ပွား လျက်ရှိပြီး Hong Tex အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများမှာ ပြေလည်မှု ရရှိပြီး ဖြစ်သည်ဟု သိရသည်။


အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပေးရေး၊ အလုပ်သမားများ လစာတိုးမြှင့်ပေးရေး၊ အလုပ် သမားများ၏ ဆန္ဒမပါဘဲ အချိန်ပို မခေါ်ရေး၊ အချိန်ပိုကြေး တိုးမြှင့်ရရှိရေး၊ အလုပ်ချိန် တိကျစွာ သတ်မှတ် ပေးရေး၊ အစိုးရ ရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရေး စသည့်အချက်များ အပါအ၀င် ဥပဒေပါ အလုပ်သ မား အခွင့်အရေးများကို တောင်းဆိုမှုများ ပြုလုပ်လျက်ရှိရာ အလုပ်ရှင်များက လိုက်လျောမှု မရှိသဖြင့် ထို ကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"ကျွန်မတို့ ဆန္ဒထုတ်ဖော်တာ သုံးရက်ရှိပါပြီ။ အလုပ်ရှင်နဲ့ ညှိနှိုင်းခွင့် ရပေမဲ့လည်း လိုက်လျောမပေးဘူးလို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အလုပ်သမားရုံးကိုတော့ တိုင်ကြားထားပါတယ်။ ကျွန်မတို့ အလုပ်သမား တွေ တောင်းဆိုထားတဲ့ အချက်တွေ အပြည့်အ၀ရဖို့ကို ခုံသမာဓိကောင်စီအထိ အဆင့်ဆင့်တင်ပြ တောင်း ဆိုသွားမှာပါ" ဟု ရန်ကုန်မြို့ ရွှေလင်ပန်းစက်မှုဇုန်ရှိ Force ဖိနပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် မခိုင်ဇင်မင်းက ပြောပါသည်။

ထို့အပြင် အလုပ်ရှင်များ အနေဖြင့် ယခင်ဇွန်လက ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင်များကို အကြောင်းအမျိုးမျိုးပြ၍ အလုပ်မှ ထုတ်ပယ်ခြင်းများနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ ပြုလုပ်မှုများ ရှိနေကြောင်းလည်း အလုပ်သမားအရေး ကိစ္စများ ဆောင်ရွက်နေသူများထံမှ သိရသည်။

အလုပ်ထုတ်ပယ်ခြင်းခံရသော အလုပ်သမားများကို ပြန်လည်ခန့်အပ်ရန်အတွက် မြို့နယ်ညှိနှိုင်း ဖြန်ဖြေ ရေးရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း အလုပ်ရှင်များက လိုက်နာမှု မရှိခြင်းကြောင့် ခုံသမာဓိကောင်စီ အထိ တိုင်ကြားထားကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ပြောကြားသည်။

စက်ရုံအလုပ်ရုံ အများစုသည် အလုပ်သမားများ၏ အခြေခံ လုပ်အားခလစာကို အနိမ့်ဆုံးဖြစ်စေရန် သတ်မှတ်ထားခြင်း၊ မဆင်းမနေရ အချိန်ပို ဆင်းခိုင်းခြင်းများ၊ အချိန်ပိုလုပ်ခ နည်းစွာဖြင့် တစ်ရက်လျှင် ၁၃ နာရီခန့် ခိုင်းစေမှုများ ရှိကြောင်း၊ တစ်ရက်လျှင် ၁၂ နာရီခန့် မတ်တပ်ရပ် အနေအထားဖြင့် အလုပ် လုပ်ခိုင်းစေမှုများ ရှိနေခြင်း၊ နားနေချိန် နည်းပါးစွာ ခိုင်းစေမှုများ ရှိနေခြင်းများ အပါအ၀င် အလုပ်သမား ဥပဒေများအား လိုက်နာဆောင်ရွက်မှုများ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။

လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံရှေ့တွင် အလုပ်သမားများမှ ဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ် 

Eleven Media Group

စည်ပင်ခွင့်ပြုချက် မရှိဘဲ ၀ါဝါ၀င်းကုမ္ပဏီမှ အဆောက်အအုံ တည်ဆောက်မှုကြောင့် မြေပိုင်ရှင်များက ငါးကြိမ်မြောက် ဆန္ဒပြပြီး သပိတ်စခန်းပြုလုပ်၍ ကန့်ကွက်မည်ဟုဆို



မြို့တော်စည်ပင်မှ ခွင့်ပြုချက် မရရှိဘဲ ၀ါဝါ၀င်း ကုမ္ပ ဏီမှ အဆောက်အအုံ တည်ဆောက်မှုကြောင့် မြေပိုင်ရှင် ၅၀ ခန့်က စက်တင်ဘာ ၁၀ ရက်တွင် ငါးကြိမ်မြောက်အဖြစ် ဆန္ဒပြခဲ့သည့်အပြင် ယင်းမြေ နေရာပေါ် တွင် သပိတ်စခန်း တည်ဆောက်ကာ ကုမ္ပဏီ၏ တည်ဆောက်မှုများကို နေ့ရောညပါ စောင့်ကြည့်ပြီး ကန့် ကွက်ရန်အတွက် သက်ဆိုင်ရာ သို့ အသိပေး ခွင့်တောင်းစာများ ပေးပို့ထားကြောင်း သိရသည်။


ဗိုလ်တထောင်မြို့နယ်၊ ၃ ရပ်ကွက် မြေတိုင်းရပ်ကွက် ၉၊ ၅၇ လမ်း၊ ၅၈ လမ်း၊ ၅၉ လမ်း၊ လမ်း ၆၀ မြေနေ ရာတွင် ၀ါဝါ၀င်း ကုမ္ပဏီမှ မြို့တော်စည်ပင် အဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုချက် မပါဘဲ ဆောက် လုပ်ခဲ့ပြီး၊ ဆက်လက်ဆောက်လုပ်ခြင်း မပြုရန် တားမြစ်ခဲ့သော်လည်း တိုးမြှင့်ဆောက်လုပ်လာခြင်းနှင့် ခြံ စည်းရိုးများ ကာရံလိုက်မှုကြောင့် ယခုကဲ့သို့ ငါးကြိမ်မြောက် ဆန္ဒပြရခြင်းဖြစ်ပြီး ယင်းမြေကွက် အတွင်းတွင် သပိတ်စခန်း ပြုလုပ်၍ အလှည့်ကျစနစ်ဖြင့် တည်ဆောက်မှုများကို နေ့ရောညပါ စောင့်ကြည့်သွားဦးမည် ဖြစ်ကြောင်း မူလမြေကွက်ပိုင်ဆိုင်သူ တစ်ဦးဖြစ်သည့် ဦးမြင့်အောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မူလမြေပိုင်ရှင်များသည် နှစ် ၉၀ ဂရန်နှင့် နှစ် ၆၀ ဂရန်ရှိသူ အများစုဖြစ်ပြီး ၁၉၄၇ ခုနှစ်က ကာကွယ်ရေး နှင့် ကုန်သွယ်ရေး ၀န်ကြီးဌာနတို့မှ ယင်းမြေကွက်များကို ယာယီငှားရမ်းခဲ့ပြီး ၁၉၉၄ ဇွန်လတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ထိုမြေများကို နိုင်ငံတော် လိုအပ်ချက်အတွက် ဆက်လက်အလိုရှိ သည်ဟု ဆို ကာ သိမ်းယူခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ကုမ္ပဏီများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုဆန္ဒပြသည့် အဆောက်အအုံတွင် မူလပိုင်ဆိုင်သူ ဒေါ်ခင်သန်း၏ မြေကွက်နှစ်ကွက်နှင့် အဆောက်အအုံ အနီးတွင် လည်း မြေကွက် ၆ ကွက်ခန့်မှာ မူလပိုင်ဆိုင်သူများရှိကြောင်း သိရသည်။

ယင်းမြေကွက်များမှာ တစ်ကွက်ပျမ်းမျှ အကျယ် ၂၅x၅၈ ပေဖြင့် စုစုပေါင်း ၇၁၃ ကွက်ရှိပြီး တည်နေရာမှာ ပျမ်းမျှအားဖြင့် (၅၇)လမ်းမှ လမ်း (၇၀)၀န်းကျင်အထိ အလျား၊ ဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ အနံအ ဖြစ် တည်ရှိပြီး အဆိုပါမြေ ပိုင်ဆိုင်မှုများအတွက် ဆန္ဒပြနေသည့် မူလမြေပိုင်ရှင်များ၏ ပိုင်ဆိုင်မှုမှာ ၁၉၄၇ ခုနှစ် ကတည်းက ၀န်ကြီးဌာနများမှ ငှားရမ်းခဲ့သည့်အတွက် နှစ်ကာလ ကြာမြင့်လာမှုကြောင့် အကွက် ၁၀၀ ခန့်သာ ကျန်ရှိတော့ပြီး ယင်းမြေကွက်များတွင် ယခုဆောက်လုပ်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီများ မှာ ၀ါဝါ၀င်း၊ ဧဒင်၊ ပတ္တမြားနဂါးနှင့် ယုဇနကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက မြေငှားထားတဲ့ ၀န်ကြီးဌာနတွေကနေ မြေပိုင်သူ ဖြစ်တဲ့အတွက် ငှားရမ်းခတွေပေးတဲ့ပြေစာ တွေ ရှိပါတယ်။ ဂရန်တွေလည်း ရှိပါတယ်။ နောက်ပြီး အချိန်ကာလကလည်း ကြာမြင့်သွားပြီမို့ ပိုင်ရှင် ၇၀၀ ကျော်ရှိတဲ့ မြေကွက် ၇၀၀ ကျော်ကနေ ယခုဆိုရင် မြေကွက်က ၁၀၀ ကျော်လောက်ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ကုမ္ပဏီတွေက ပြန်မပေးသေးတဲ့အပြင် ၀ါဝါ၀င်းကုမ္ပဏီက ဥပဒေရဲ့ အထက်မှာ နေနေပြီးတော့ စည်ပင်သာယာ ခွင့်ပြုချက်မပါဘဲ ဆောက်လုပ်နေပါ သေးတယ်" ဟု မြေတိုင်းရပ်ကွက် 9L အတွင်းရှိ မူလ မြေပိုင်ဆိုင်သူ ကိုဇော်အောင်ထွန်းက ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့ ငါးကြိမ်မြောက် ဆန္ဒပြ ကန့်ကွက်ခဲ့သော်လည်း ၀ါဝါ၀င်းကုမ္ပဏီ အပါအ၀င် အခြား ကုမ္ပဏီ များမှလည်း မူလနှစ် ၆၀ ဂရန်၊ နှစ် ၉၀ ဂရန် ပိုင်ဆိုင်သူများနှင့် လာရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ခြင်း တစ်ကြိမ်မျှ မရှိကြောင်း သိရသည်။

စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် ၀ါဝါ၀င်းကုမ္ပဏီ၏ အဆောက်အအုံရှေ့တွင် မူလမြေပိုင်ဆိုင်သူများ ဆန္ဒပြနေကြစဉ်

Eleven Media Group

ပြည်ထောင်စု အကျိုးရှိမည် ဆိုပါက အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ဟု သူရဦးရွှေမန်းပြောကြား

ပြည်ထောင်စုအတွက် အကျိုးရှိမည် ဆိုပါက အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာ သာစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက မြိတ်မြို့ရှိ ဌာနဆိုင်ရာများ၊ ပါတီများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။


ပြည်ထောင်စု လွတ်တော်နာယက၊ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အဖြစ် စက်တင်ဘာ ၁၁ ရက်တွင် မြိတ်မြို့သို့ ရောက်ရှိစဉ် ဒေသခံ ပြည်သူလူထုများနှင့်ပုလဲရတနာ ခန်း မတွင် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ သူရဦးရွှေမန်းသည် တနင်္သာရီတိုင်းဒေသကြီး ခရီး စဉ်အဖြစ် ထားဝယ်-ကော့သောင်း-မြိတ်မြို့များသို့ သွားရောက်ကာ ပြည်သူလူထုနှင့် တွေ့ဆုံပြီး ပြည်သူ့ အသံများကို လွှတ်တော်နားနေချိန်အတွင်း လာရောက်နားထောင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

"ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် လုပ်လာတာ လပေါင်း ၃၀ ကျော်လာပါပြီ။ ပြည်ထောင်စု အတွက် အကျိုးရှိမယ်ဆိုရင် အားလုံးပူးပေါင်း ဆောင်ရွက်ရပါမယ်။ လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဘယ်ပါတီပဲဖြစ်ဖြစ် နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားကို ပျက်ပြားစေမယ့် အပြောအဆိုများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမယ့် အပြောအဆိုများ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပျက်စီးစေမယ့် အပြောအဆိုများ မပြောမိဖို့၊ မလုပ်မိဖို့ လိုမယ်။ မပြောသင့်တာ ကိုပြောရင် အမှားပဲ။ ပြောသင့် ပြောထိုက်တာကိုပြောမှ အမှန်ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံ ဘယ်လောက် အထိ နိမ့်ကျနေတာလဲ၊ နောက်ကျနေတာလဲဆိုတာ တခြားနိုင်ငံ ထွက်ပြီးကြည့်။ ပိုပြီးမြင်လာမယ်။ ကမ္ဘာကို ပတ်ကြည့်။ ပိုပြီးမြင်မယ်။ ကျွန်တော်တို့ ဘာဖြစ်လို့ နောက်ကျနေတာလဲဆိုရင် တိုင်းရင်းသား စည်းလုံး ညီ ညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့အချက်တွေ လိုအပ်နေတာကြောင့် ဖြစ်တယ်" ဟု သူရဦးရွှေမန်းက ဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် အာဏာကို ပြည်သူများထံ လွှဲပေးပြီးဖြစ်ကြောင်း၊ ယခင်က လွှတ်တော်ကို မယုံ ကြည်သူများ၊ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲကို ရောက်လာကြောင်း၊ ယခုဆိုရင် လွှတ်တော် အတွင်း ပါတီများ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း အပြောင်းအလဲကို ယခင်က သံသယစိတ်များနှင့် ကြည့် ကာ အမြင်အမျိုးမျိုး ရှိခဲ့ပေမယ့် လွှတ်တော်ကိုပိုပြီး ယုံကြည်မှု ရှိလာပြီဖြစ်ကြောင်း ၎င်းကပြောကြား သည်။

"နိုင်ငံတကာ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေလည်း လွှတ်တော်ကို ပိုပြီးစိတ်ဝင်စားလာ ကြပါ တယ်။ အုပ်ချုပ်မှု အာဏာကို လွှတ်တော်က ပြဋ္ဌာန်းရပါမယ်။ ပါတီတွေ အစွဲမထားဘဲ ပြည်ထောင်စု အ တွက် ၀ိုင်းဝန်းဆောင်ရွက် ရပါမယ်။ လွှတ်တော်နားတဲ့ အချိန်မှာ ပြည်သူများရဲ့ လိုအပ်ချက်၊ ဆန္ဒသဘော ထားတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့၊ ပြည်သူ့အသံကို နားထောင်ဖို့ လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်" ဟု သူရဦးရွှေမန်း ထည့်သွင်းပြောကြားသွားသည်။

Eleven Media Group

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား လွှတ်တော်အဆောက်အအုံ၌ ကျင်းပမည်

မြန်မာနိုင်ငံ၌ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အခမ်းအနား၌ စာတမ်းဖတ်ကြားမည့်သူ တစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦး တက်ရောက်ရန် နိုင်ငံရေးပါတီများသို့ ဖိတ်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌJပည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

"နိုင်ငံတကာ ဒီမိုကရေစီနေ့ကို လွှတ်တော်က ကျင်းပဖို့အတွက် ကော်မတီဖွဲ့ပြီး ကျွန်တော်တို့ကို အခမ်းအ နား တက်ရောက်ဖို့အတွက် ဖိတ်ကြားထားပါတယ်။ စာတမ်းလည်း ဖတ်ကြားပါမယ်။

စာတမ်းအနှစ်ချုပ်ကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို တင်သွင်း မှာပါ" ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

အလားတူ အခြားနိုင်ငံရေး ပါတီများကလည်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် စာတမ်း ဖတ်ကြားမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့လည်း နှစ်ယောက်တက်မယ်။ စာတမ်းဖတ်ဖို့ ရှိပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်များ ပေါ်ပေါက်လာပြီး ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာပြီးနောက်တွင် စတင်ကာ ကျင်းပ လာခဲ့ခြင်းဖြစ်သည်။

ယခု ကျင်းပပြုလုပ်မည့် အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်ပြီး ယင်းကဲ့သို့ပင် ရှစ်လေး လုံး အရေးတော်ပုံ ပေါ်ပေါက်ခဲ့သည့် ၁၉၈၈ ခုနှစ် ကာလများအား အစွဲပြု၍ သြဂုတ် ၈ ရက်အား မြန်မာ နိုင်ငံ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများလည်း ရှိသည်။

Eleven Media Group

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးရန်အတွက် ရေးဆွဲခဲ့ပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေ အားလုံးကို ဗဟိုအလုပ်အမှုဆောင်များက လေ့လာနေသည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပေါ် ဆွေးနွေးနိုင်ရန်အတွက် ရေးဆွဲထုတ်ပြန် ပြီးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အားလုံးကို ဗဟို အလုပ်အမှုဆောင် အဖွဲ့များက လေ့လာနေသည် ဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က ပြောကြားသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေ ဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဆွေး နွေး မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ပညာရှင်များ၏ အမြင်သဘောထားများကို သိရှိနိုင်ရန် ဖွဲ့စည်းပုံ အခြေ ခံဥပဒေ လေ့လာသုံးသပ်ရေး စာတမ်းဖတ်ပွဲ တစ်ခုကို ပြုလုပ်ထားကြောင်း ဦးဌေးဦးက ပြောကြားသည်။


"ကျွန်တော်တို့ စာတမ်းဖတ်ပွဲပေါ်မှာ မူတည်ပြီး ဆွေးနွေးပါ့မယ်။ ဒါကိုလေ့လာနေပါတယ်။ အားလုံးသမိုင်း ကြောင်းကစပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေက အစပေါ့။ ၄၇၊ ၇၄၊ ၂၀၀၈ ဖြစ်ပေါ်လာတဲ့ အခြေအနေ တွေ အားလုံးပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီး ဗဟိုအလုပ် အမှုဆောင် အဖွဲ့တွေက ကိုယ်တိုင်လေ့လာနေပါ တယ်" ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။

စာတမ်းဖတ်ပွဲမှ ရရှိလာသည့် ရလဒ်များအပေါ် မည်ကဲ့သို့ ဆက်လုပ်မည်ဆိုခြင်းနှင့် ပတ်သက်၍မူ အများ စုကသာ စဉ်းစားဆုံးဖြတ် သွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် ပြော၍မရကြောင်း ဦးဌေးဦးက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်တွင်း ပါဝင်သော ပါတီတစ်ခုစီ၏ လွှတ်တော်ကိုယ်စားလှယ် အချိုး ကျစီဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်း ထားပြီး အဆိုပါ ကော်မတီတွင် အဖွဲ့ဝင် ၁၀၉ ဦးရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ် စားလှယ် ၅၂ ဦးအထိ ပါဝင်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး ပါဝင်နေသည်။

အဆိုပါ ကော်မတီ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့မှာလည်း ပြည်ခိုင်ဖြိုး ပါတီမှပင်ဖြစ်ပြီး ဥက္ကဋ္ဌတာဝန်ယူ မည့် သူရဦးရွှေမန်းမှာ လက်ရှိပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ အနေဖြင့် လေ့ လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းရမည်ဖြစ်ပြီး ကော်မတီ သက်တမ်းမှာ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီး ချိန်အထိ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအနေဖြင့် အပတ်စဉ် စနေနေ့တိုင်း တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

တိုင်းရင်းသားအဖွဲ့များ အနေဖြင့် ၎င်းတို့ရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းများကို လွှတ်တော် တွင်း တွင်သာမက အစိုးရက ပြောကြားထားသည့် လွှတ်တော်ပြင်ပ ပင်လုံကဲ့သို့သော ညီလာခံတစ်ခု ခေါ်ယူဖြစ်ပါကလည်း ကိုင်စွဲအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


 ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအား လူငယ်တွေ့ဆုံပွဲနှင့် 
လူငယ်စွမ်းရည်မြှင့်တင်ရေး အစည်းအဝေး၌ တွေ့ရစဉ် 

Eleven Media Group

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယမြောက် ဆွေးနွေးပွဲ တောင်ကြီးမြို့တွင်သာ ပြုလုပ်မည်

တတိယအကြိမ်အဖြစ် ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို ခွင့်ပြု ချက် မကျလျှင်လည်း မူလရည်ရွယ်ထားသည့် တောင်ကြီးမြို့တွင်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။


အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးဟို တယ်တွင် ပြုလုပ်သွားရန် စီစဉ်ထားပြီး ပွဲကျင်းပခွင့်ရရန် သြဂုတ် ၂၄ ရက်ကတည်းက ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ ခွင့်ပြုချက် လျှောက်ထားခဲ့ကာ ကြိုတင်စီစဉ်မှုများ ပြုလုပ်နိုင်ရန်အတွက်နှစ်ပတ်အတွင်းအကြောင်း ပြန်ပေးရန် မေတ္တာရပ်ခံ ခဲ့သော်လည်း စက်တင်ဘာ ၁၀ ရက်အထိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ ခွင့်ပြု ချက် မကျသေးကြောင်း သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက် မရပါကလည်း စီစဉ်ထားပြီး ဖြစ်သည့်အတွက် အဆိုပါ ရက်အ တိုင်း ပင် တောင်ကြီးမြို့၌ ပြုလုပ်သွားမည်ဟု တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ညွန့်က ဆိုသည်။

"စုံစမ်းရသလောက် ပြည်ထောင်စု အစိုးရအဖွဲ့ကို မိတ္တူပို့တယ်လို့ ပြောတယ်။ ၀န်ကြီးဦးအောင်မင်းတို့နဲ့ တရားဝင် ကမ်းလှမ်းထားတာဆိုတော့ မကျစရာတော့ မရှိဘူးထင်တယ်။ မကျရင်လည်း ပြောင်းဖို့မလွယ် တော့လို့ တောင်ကြီးမှာပဲ အဲဒီရက်အတိုင်း လုပ်မယ်" ဟု ဦးစိုင်းခင်မောင်ညွန့်က ပြောကြားသည်။

Eleven Media Group

ပေါက်တောတွင် ဘင်္ဂါလီ ခုနစ်ဦးက ကျွဲထိန်း နှစ်ဦးအား အကြမ်းဖက်ကာ ကျွဲခြောက်ကောင်ကို လုယက်သွား



ပေါက်တောမြို့နေ ဇီးချိုမော်ရွာနေ ဦးမောင်သာလှ၏သား ဦးဦးထွန်းသိန်းတွင် စားကျက်မလုံလောက်သောကြောင့် ကြက်သရေ ကျေးရွာအနီး စားကျက်ဝယ်၍ ကျွဲ (၁၃) ကောင်အား ကျက်သရေ ကျေးရွာနေ အဖိုးတော်စပ်သူ ဦးမောင်စိန် (ဘ) ဦးမဲကျော် (၆၈-နှစ်) နှင့် လယ်လုပ်သား ကျွဲထိန်း မောင်ထွန်းစံ (ဘ) ဦးအေးစိန်အောင် (၂၅-နှစ်) တို့ နှစ်ဦးအား ထိန်းသိမ်းစောင့်ရှောက်ရန် ငှားရမ်းထား ပါသည်။


ကြက်သရေကျေးရွာနှင့် ကိုက် (၆၀၀) ခန့်ကွာဝေးသော ယင်းစား ကျက်တွင် လယ်တဲဆောက်လုပ်ပြီး ၄င်းကျွဲ (၁၃) ကောင်အား ထိန်းသိမ်းစောင့်ရှောက်နေသည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါ သည်။

အခင်းဖြစ်ပွားသည့် ၂-၉-၁၃ နေ့ ညဥ့် ဆယ်နာရီခန့်တွင် ကျွဲထိန်းနှစ်ဦး အိပ်ပျော်နေစဉ် ကျွဲမြည်သံကြား၍ ဦးမောင်စိန်က လက်နှိပ်ဓါတ်မီးဖြင့်ထိုးကြည့်ရာ၊ ဘင်္ဂါလီတစ်ဦးတဲပေါ်သို့ ပြေးတက်လာပြီး ခဲသီးဖြင့် ပစ်ခန်ရာ ၀ဲဘက်ပါးတွင် ခဲသီးနစ်ဝင်သွားပြီး ရင်ဝသို့လက်သီးတစ်ချက်ထိုးပါသည်။ ကျန်ကုလားများက အသင့်ပါလာသော ဓါးရှည်များဖြင့် ရင်ဝကိုထောက်ထားပြီး လက်နှစ်ဖက်ကို နောက်ပြန်ကြိုးချည်ခြင်း ခြေကိုချည်ခြင်းများပြုလုပ်ပြီး လယ်တဲ၏တိုင်များတွင် သီးခြားစီတုပ်နှောင်ကာ ပါးစပ်ကို အ၀တ်များဖြင့် ထိုးထည့် စည်းနှောင်ထားပါသည်။

ထို့နောက်ချည်နှောင်ထားသော ကျွဲ (၁၃) ကောင်အား ညာဥ့် ဆယ်နာရီခွဲခန့်တွင် လုယက်ခိုးယူသွားရာ၊ လမ်းခရီးတစ်ဝက်တွင် ကျွဲခုနစ်ကောင်မှာ လွတ်ထွက်သွားခဲ့သော်လည်း၊ ကျွဲထီးနှစ်ကောင် နှင့် ကျွဲမလေးကောင် (စုစုပေါင်း ခြောက်ကောင်)တို့မှာ ဘင်္ဂါလီ ခုနစ်ဦးတို့၏ လုယက်ခိုးယူမှုကြောင့် ယနေ့ ထက်တိုင် စုံစမ်း၍ မရနိုင်သေးပါ။

အထပ်ပါဖြစ်ရပ်အတွက် နယ်မြေခံ ရဲတပ်ဖွဲ့များက အပူတပြင်း ရှာဖွေစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။

(Coral Arakan News သို့ ပေါက်တောသား ရေးသားပေးပို့သည်။)

ဓါတ်ပုံရည်ညွှန်းစာသား - လုယက်တိုက်ခိုက်ခြင်းခံရသူ ဦးမောင်စိန်

Credit : http://www.yeyintnge.com/2013/09/blog-post_378.html#.UjEuZ38R8YI

ရွှေတိဂုံတွင် ပျောက်ဆုံးခဲ့သည့် ကိုယ်ပိုင်ယာဉ် ထောက်ကြန့်တွင်တွေ့

ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာတွင် စက်တင်ဘာလ ၉ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ပျောက်ဆုံးခဲ့သော SE ဆလွန်းယာဉ်ကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရန်ကုန်-ပဲခူး လမ်းမကြီးဘေးရှိ ဝင်း မူကြိုကျောင်း ရှေ့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။


သင်္ဃန်းကျွန်းမြို့နယ် ဗိုလ်ကံညွန့်ရပ်ကွက်တွင် နေသူ ဒေါက်တာငြိမ်းသီရိအေး နှင့် မိသားစုသည် ပျောက်ဆုံးခဲ့သော ယာဉ်ဖြင့် စက်တင်ဘာ ၉ ရက်နေ့ ညနေ ၅ နာရီက အနောက်ဘက်မုခ်ရှိ ယာဉ်ရပ်နား နေရာ၌ ရပ်ထားခဲ့ပြီး ရွှေတိဂုံစေတီတော်သို့ တက်ရောက်ဖူးမြော်ပြီးနောက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်ရှိရာသို့ ပြန်လာခဲ့ရာ ယာဉ်မှာ ပျောက်ဆုံးနေသောကြောင့် ဒဂုံမြို့နယ် မြို့မရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။

"အနောက်ဘက်မုခ်မှာ ဒီလိုကားပျောက်တာ တစ်ခါမှမရှိဘူး။ တောင်ဘက်မုခ် မှာတော့ ကားပျောက်တာ၊ ကားပစ္စည်းတွေ ဖြုတ်ခိုးတာတော့ မကြာခဏဖြစ်တယ်" ဟု အနောက်ဘက်မုခ်ဦးတွင် ၁၀ နှစ်ကျော်ကြာ ဈေးရောင်းချသူ တစ်ဦးက ပြောဆိုသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မုခ်လေးဖက်တွင် ယာဉ်ဝင်ကြေးတစ်စီးလျှင် ငွေတစ်ရာကျပ် ကောက်ခံကာ နံနက် ၄ နာရီမှ ည ၁၀ နာရီထိ ဝင်ခွင့်ပြုထားကြောင်းနှင့် ယာဉ်ရပ်နားနေရာ များတွင် CCTV ကင်မရာများ တပ်ဆင်ထားပြီး ယခုယာဉ် ပျောက်ဆုံးသော အနောက်ဘက်မုခ် ယာဉ်အဝင်အထွက် နေရာတွင်လည်း ကင်မရာနှစ်လုံး တပ်ဆင်ထားကြောင်း ဘုရားလုံခြုံရေးတစ်ဦးက ဆိုသည်။

ရွှေတိဂုံစေတီတွင် အနောက်ဘက် မုခ်၌ ယာဉ်ရပ်နားခ တစ်စီးလျှင် ကျပ် ၁၀၀ ကောက်ခံကြောင်း၊ ယာဉ်ရပ်နားနေရာတွင် ထားရှိသည့် ယာဉ်များ၏ လုံခြုံရေးကို ဘုရားလုံခြုံရေး အဖွဲ့က ဆောင်ရွက် ပေးခြင်းရှိ မရှိကို ယင်းစေတီတော်၏ တာဝန်မှူးရုံးသို့ သွားရောက် မေးမြန်းခဲ့သော်လည်း စာဖြင့် မေးမြန်းရမည်ဖြစ်ပြီး နှစ်ရက်ခန့် အကြာတွင် ရွှေတိဂုံစေတီတော် ဝက်ဘ်ဆိုက် မှ ပြန်လည် ဖြေကြား ပေးမည် ဖြစ်ကြောင်း အဆိုပါ တာဝန်မှူးရုံးရှိ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ်ပျောက်ဆုံးမှုကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲစခန်း များနှင့် အထူးစုံစမ်းရေး အဖွဲ့များက မြို့ဝင်မြို့ထွက် တိုးဂိတ်များ၊ ယာဉ်ထိန်းတပ်ဖွဲ့များ သို့ အကြောင်းကြားထားခဲ့ရာ ထောက်ကြန့်မြို့တွင် ယာဉ်ကိုသာ ပြန်လည်တွေ့ရှိခဲ့ ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ သိရှိရသည်။

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် တွင် ၂၀၁၂ ခုနှစ်၌ ယာဉ်ခိုးယူမှု နှစ်ကြိမ် တိုင်တိုင် စေတီတော် လုံခြုံရေး အဖွဲ့က ဖမ်းမိခဲ့ကြောင်း အဆိုပါအဖွဲ့ ထံမှ သိရှိရသည်။

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်သည့် Day Club အား စစ်ဆေးကာပိတ်သိမ်း

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ်(၁၅)တွင် (Black & White)အမည်ဖြင့် Day Club ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက်အရွယ် ကျား/မ လူငယ်များ အရက်သေစာသောက်စားကာ ဆူညံစွာကခုန်လျက်ရှိသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများစိတ် အနှောက်အယှက်ဖြစ်ရကြောင်း၊ Club မှထွက်လာသည့် လူငယ်များသည် မူးယစ်နေကြ၍ ယာဉ်များအား အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း သတင်းရရှိသဖြင့် ၉.၉.၂၀၁၃ ရက်နေ့၁၆၀၀ အချိန်တွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာ လက်ထောက် အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်နှင့်ပတ်သက်သည့် ယစ်မျိုးလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ ဗီဒီယိုလိုင်စင်များ မရှိသဖြင့် ၁၀.၉.၂၀၁၃ရက်နေ့ ၁၀၀၀ အချိန် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်ဆိုင်မန်နေဂျာ ကိုအောင်ကိုခိုင် အားခေါ်ယူ၍ ယစ်မျိုးရောင်းချခြင်း၊ Day & Night Club ဖွင့်လှစ်ခြင်းတို့မပြုရန်၊ ဆိုင်အား ပိတ်ထားရန် ၀န်ခံကတိပြုလက်မှတ်ရေးထိုးထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police