Wednesday, September 11, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြင်ဆင်လိုသည့် အချက်များကို လွှတ်တော်သို့ တင်ပြရန် ကျားဖြူပါတီ ရှမ်းပြည်နယ်၌ ပါတီတွင်း ဆွေးနွေးပွဲ ပြုလုပ်



ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြင်ဆင်လိုသည့် အချက် များကို လွှတ်တော်သို့ တင်ပြရန် စက်တင်ဘာ ၉ မှ ၁၁ ရက်ထိ သုံးရက်ကြာ ဆွေးနွေးပွဲကို ရှမ်း ပြည်နယ် တောင်ကြီးမြို့၌ ပြုလုပ်လျက်ရှိကြောင်း ရှမ်းတိုင်းရင်း သား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောကြားသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၅)အထွေထွေ ပြဋ္ဌာန်းချက်များပါ ဇယား များ၌ ပါဝင်သော ပြည်ထောင်စု၏ အခန်းကဏ္ဍများအား လျော့ချရေး ကိစ္စအား အဓိက ဆွေးနွေး နေ ကြောင်း သိရ သည်။

"ဗဟိုချုပ်ကိုင်မှု လျော့ချရေးနဲ့ ဇယား (၁)ကနေ (၂)ကို ပြောင်းဖို့ အဲဒါတွေ အဓိက ဆွေးနွေးနေတာပါ။ သုံးရက်တာ ဆွေးနွေးပွဲပြီးရင် ပါတီအနေနဲ့ ထုတ်ပြန်ချက်ထုတ်ဖို့ ရှိပါတယ်" ဟု ဦးစိုင်းလှကျော်က ပြော ကြား သည်။

အခန်း (၁၅)အထွေထွေ ပြဋ္ဌာန်းချက်များတွင် ဇယား (၁)၌ ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား (၂)၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်း၊ ဇယား (၃)၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း၊ ဇယား (၅)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များ က ကောက်ခံရမည့် အခွန်အခများ စသည့်အချက်များကို ပြဋ္ဌာန်းထားသည်။

ကျားဖြူပါတီ အနေဖြင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ အာဏာခွဲဝေရေး၊ မြေပေါ်မြေ အောက် သံယဇာတ ခွဲဝေရေး၊ အခွန်အခများ၊ နယ်စပ်ကုန်သွယ်ရေးများမှ ရရှိသည့် အကျိုးအမြတ်များ အား အချိုးကျ ခွဲဝေရေးကို အဓိက ပြင်ဆင်လိုခြင်းဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ လုံခြုံရေး ကဏ္ဍ များကို ပြည်ထောင်စုမှသာ ကိုင်တွယ်လိုခြင်း ဖြစ်သည်။

"ကျွန်တော်တို့က ဗဟိုချုပ်ကိုင်မှု များနေတဲ့ အချက်တွေကို အဓိက ပြင်ဆင်လိုတာပါ။ ဘဏ္ဍာရေးလို ကိစ္စ တွေမှာ ပြည်ထောင်စုက ကိုင်တွယ်ရတာ ရှိသလို တိုင်းဒေသကြီး၊ ပြည်နယ်တွေက ကိုင်တွယ်ရတာတွေ ရှိပါတယ်။ အခွန်အခတွေဆိုရင် ဗဟိုက ငါးဆယ်။ ပြည်နယ်၊ တိုင်းဒေသကြီးတွေက ငါးဆယ် အချိုးက ခွဲ ဝေယူပေါ့။ နောက်တစ်ခုက ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်တာ မဖြစ် သင့်ဘူး။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်ပြီး သမ္မတက အသိအမှတ် ပြု တာမျိုးပဲ လုပ်သင့်တယ်။ ဒါမျိုးတွေ ပြင်ရမယ်။ တကယ်လို့ ၀န်ကြီးချုပ် အလုပ်မလုပ်လို့ ပြန်ဖြုတ်ချင်ရင် လည်း အဲဒီကိုယ်စားလှယ်တွေကပဲ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချလိမ့်မယ်" ဟု ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က The Daily Eleven သို့ စက်တင်ဘာ ၆ ရက်က ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ်ရန် စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်း၍ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းခိုင်းသင့်ပြီး အဆိုပါအချက်အား ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်းရန် လို အပ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။ 

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် ကော်မတီဝင်အဖြစ် ကျားဖြူပါတီမှ လွှတ်တော်ကိုယ်စားလှယ်လေးဦး ပါဝင်ကြောင်း သိရသည်။

 တောင်ကြီးမြို့တွင် ကျင်းပနေသော ကျားဖြူပါတီ၏ ပါတီအတွင်း ဆွေးနွေးပွဲအား တွေ့ရစဉ် 
(ဓာတ်ပုံ-ယဉ်ယဉ်ဝင်း)

Eleven Media Group

ဒီလှိုင်းစာစောင် ကြွေးကျန်ကျပ် သိန်း ၁၈၀၀ ကျော်ကို လျှော်ပစ်ခြင်း မရှိသေးဘဲ စိစစ်နေဆဲဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒီလှိုင်းစာစောင်ကြွေးကျန် ကျပ်သိန်း ၁၈၀၀ ကျော်ကိစ္စကို လျှော်ပစ်ခြင်း မရှိသေးဘဲ စိစစ်ဆဲသာဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။


အင်တာနက် လူမှုစာမျက်နှာများတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ယင်းကြွေးကျန်များကို လျှော်ပစ်မည်ဟု ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ် လာခဲ့ပြီးနောက် ဦးဥာဏ်ဝင်းက The Daily Eleven ၏ မေးမြန်းမှုအပေါ် ယင်းသို့ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

"ကျွန်တော်လည်း တွေ့ပါတယ်။ အဲဒီသတင်းက သတင်းအမှားကြီးဗျ။ ဒီလှိုင်းက စာရင်းတွေကို စိစစ်တုန်းပဲ။ ဘာမှမလုပ်ရသေးဘူး။ အဲဒီ အခြေအနေတွေမှာ ဒေါ်စုလည်း ဘာမှမပြောပါဘူး" ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ပြောကြားသည်။

ယင်းကဲ့သို့ ငွေကြေးကွာဟမှုမှာ မည်ကဲ့သို့ ဖြစ်ပွားသည်နှင့် ပတ်သက်၍ အယ်ဒီတာအဖွဲ့ဝင် မုံရွာအောင် ရှင်က "ကျွန်တော်ကတော့ သတင်းပိုင်းနဲ့ပဲ ဆိုင်တဲ့အတွက် ဒီငွေကြေးကိစ္စနဲ့ ပတ်သက်လို့တော့ဟုတ်တယ် မဟုတ်ဘူးဆိုတာ အတည်ပြု မပြောချင်ပါဘူး။ အခုကိစ္စကို စာရင်းကိုင်နဲ့ အုပ်ချုပ်ရေးမှူးတို့ စိစစ်နေပါ တယ်။ ဟုတ်တယ်ဆိုရင် စီအီးစီကို တင်ပြသွားကြမှာလို့ပဲ နားလည်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ လောလောဆယ်မှာ ဘာမှမပြောနိုင်ပါဘူး" ဟု ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်ပြီး မေးမြန်းမှု အား ပြန်လည်ဖြေကြားသည်။

ဒီလှိုင်းစာစောင်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက သတင်းများကို အတည်မပြုကြောင်း၊ ယခုငွေ ကြေးကိစ္စသည် အဆင်ပြေသွားမည့် ကိစ္စဖြစ်ကြောင်း၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ချမှတ် သည့် လုပ်ငန်းစဉ် မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒီလှိုင်းဂျာနယ်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဋ္ဌာနမှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ လ ၁၆ ရက်တွင် စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်သည်။

Eleven Media Group

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စိစစ်ခန့်အပ်ခဲ့သည့် နေ့စားလပေးဆရာ၊ ဆရာမများအား သင်တန်းပို့ချ၍ မူလတန်းပြ၊ အလယ်တန်းပြအဖြစ် တိုးမြှင့်ခန့်အပ် သွားမည်

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စိစစ်ခန့်အပ်ခဲ့ပြီး သြဂုတ် ၁ ရက်တွင် သက်ဆိုင်ရာ တာဝန်ကျသည့် အခြေခံပညာ ကျောင်းများအလိုက် ယာယီလုပ်ငန်းခွင် ၀င်ရောက်ခဲ့သည့် နေ့စားလပေး ဆရာ၊ ဆရာမများ အား ဆရာအတတ်ပညာ သင်တန်းများ ပို့ချပြီး မူလတန်းပြ၊ အလယ်တန်းပြ ဆရာ၊ ဆရာမများအဖြစ် တိုး မြှင့်ခန့်အပ် သွားမည်ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သိရသည်။


အဆိုပါ စိစစ်ခန့်အပ်ခဲ့သည့် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနအောက်တွင် နေ့စားလပေး ဆရာ၊ ဆရာမ ၂၄၄၀၇ ဦး၊ အမှတ် (၂) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမ ၂၅၅၇၁ ဦး၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမ ၂၇၈၃ ဦးအား နွေရာသီရက်ရှည် ကျောင်းပိတ်ရက် များတွင် ဆရာအတတ်ပညာသင်တန်း ပို့ချပြီး ဆရာအတတ်သင် သင်တန်းဆင်းလက်မှတ် ရရှိပြီးပါက မူလ တန်းပြ ဆရာအဖြစ် လည်းကောင်း၊ အလယ်တန်းပြ ဆရာအတတ်ပညာသင်တန်း တတ်မြောက်ပြီးဆုံးပါက အလယ်တန်း ဆရာမများအဖြစ် ရေရှည်ခန့်အပ် သွားမည်ဖြစ်သည်။

"စိစစ်ခန့်အပ်လိုက်တဲ့ နေ့စားလပေး ဆရာ၊ ဆရာမတွေကို ဆရာအတတ်ပညာ သင်တန်းတွေ ပို့ချပေးဖို့ လုပ်နေတယ်။ ဆရာအတတ်ပညာ သင်တန်းဆင်းပြီးရင်တော့ မူလတန်းပြ ဆရာအဖြစ် ရေရှည်ခန့်အပ် သွားမယ်။ နောက်ပိုင်းလုပ်သက်တွေ များလာပြီး အလယ်တန်းပြ ဆရာအတတ်ပညာ သင်တန်းဆင်းပြီးရင် တော့ အလယ်တန်းပြ ဆရာတွေအဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်" ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့် ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာထွေးက ပြောကြားခဲ့သည်။

ထို့ပြင် အခြေခံပညာ ကျောင်းများ၌ အမျိုးသားဆရာဦးရေ များပြားလာစေရေးအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် အမျိုးသားများအား အခြေခံပညာ ကျောင်းများတွင် အထွေထွေ လုပ်သားများအဖြစ် ခန့်အပ်ခဲ့ပြီး မူလတန်းပြ စာပေး၊ စာယူသင်တန်း တတ်မြောက်ပြီးဆုံးပါက မူလတန်းပြ ဆရာများအဖြစ် ရည်ရွယ်ကာ တိုးမြှင့်ခန့်အပ် သွားမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာများတွင် ကျောင်းဆရာ လိုအပ်ချက် ပိုများနေသည့်အတွက် ဒေသခံ ဘွဲ့ရများအား မိမိဒေသရှိ ကျောင်းများ၌ ကျောင်းဆရာ၊ ဆရာ မများအဖြစ် ခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ပြီး ခန့်အပ်လိုက်ခြင်းအားဖြင့် ဒေသအား စွန့်ခွာရန်မလိုဘဲ မိမိဒေသ၌ အလုပ်အကိုင် ရရှိစေရန် ရည်ရွယ်ကာ နေ့စားလပေး ဆရာ၊ ဆရာမ ငါးသောင်းကျော်အား စိစစ်ခန့် အပ်ခဲ့ ခြင်း ဖြစ်သည်။

Eleven Media Group

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသော ဘင်္ဂါလီများက ၎င်းတို့အား မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးရန် တောင်းဆို

တတိယနိုင်ငံများသို့ သွားရောက်အခြေချနိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံရှိ လူဝင်မှုထိန်းသိမ်းရေးစခန်း များတွင် ကိုးလကြာ ထိန်းသိမ်းခံထားရသော ဘင်္ဂါလီများသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး ရန် တောင်းဆိုလျက် ရှိနေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။


ယခုအချိန်တွင် ဘင်္ဂါလီဦးရေ ၁၇၀၀ ခန့်သည် ထိုင်းနိုင်ငံသို့ တရားမ၀င် ခိုးဝင်လာမှုကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်း ပြည်နယ်များရှိ လူဝင်မှုထိန်းသိမ်းရေး စခန်း ၁၅ ခုတွင် ထိန်းသိမ်းခံထား ရသည်။

လူဝင်မှုကြီးကြပ်ရေး ဗျူရိုမဟာမင်းကြီး ဒုတိယဗိုလ်ချုပ်ကြီး Pharnu Kerdlarpphon က ပြောဆိုရာတွင် မြန်မာအစိုးရက တရားမ၀င် ခိုးဝင်လာသူများအဖြစ် သတ်မှတ်ထားနေသော်လည်း ဘင်္ဂါလီများသည် ၎င်း တို့အား မြန်မာနိုင်ငံသို့သာ ပြန်လည်ပို့ဆောင်ရန် တောင်းဆိုနေကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံ လူဝင်မှု အရာရှိများ အနေဖြင့် ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသော ဘင်္ဂါလီ တစ်ဦးချင်းစီ အား ပဋိပက္ခ ဖြစ်ပွားနေသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ မိမိသဘောနှင့်မိမိ ပြန်လိုခြင်း ရှိမရှိကို စိစစ် မေးမြန်းရန် တာဝန်ပေးအပ်ထားပြီး ထိုသို့ပြန်ပို့ရန်အတွက်လည်း သဘောတူကြောင်းရေးသားရန် ညွှန် ကြား ထားသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ဘင်္ဂါလီဒုက္ခသည် စခန်းတစ်ခု တည်ဆောက်ရန် တောင်းဆိုမှုများနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေး ဗျူရိုမဟာမင်းကြီးက ထိုင်းနိုင်ငံပြည်ထဲရေး ဌာနများအနေဖြင့် အဆိုပါ အကြံဥာဏ်အား လက် မခံနိုင်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဘင်္ဂါလီများ ၀င်ရောက်လာသည့်နှုန်း မြင့်တက် လာလိမ့်မည်ဖြစ်ပြီး အစိုးရ၏ မူဝါဒနှင့်လည်း မကိုက်ညီကြောင်း ပြောကြားသည်။

"သူတို့အနေနဲ့ အကျဉ်းထောင်ထဲမှာ ကိုးလကြာနေပြီ ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ သူတို့ကို ဘယ်ပို့ရမလဲဆိုတာနဲ့ ပတ်သက်လို့ အဖြေမရသေးဘူး။ မလေးရှားကလည်း မလိုချင် ဘူး။ မြန်မာကလည်း မလိုချင်ဘူး။ သူတို့အနေနဲ့လည်း ထိုင်းနိုင်ငံမှာ မနေချင်ဘူး။ တော်တော်များများက အိမ်ပဲပြန်ချင်နေတယ်။ သူတို့ကို ရခိုင်ပြည်နယ် တိုက်ရိုက်ပို့ဆောင်ပေးလို့ ရမလားဆိုတာကို မြန်မာအစိုးရ နဲ့ တိုင်ပင်နေပါတယ်" ဟု ၎င်းကပြောကြားသည်။

Eleven Media Group

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်အတွက် နိုင်ငံရေးအာမခံချက် မရှိသေးဟု UNFC ပြောကြားပြီးချိန်တွင် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC) က အစိုးရနှင့် အဆင်ပြေရန် ကြိုးစားနေဟုဆို

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်အတွက် နိုင်ငံရေးအာမခံချက် မရှိသေးဟုညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ပြောကြားပြီးချိန်တွင် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက် ရေး အဖွဲ့ (WGEC) က အစိုးရနှင့် အဆင်ပြေရန် ကြိုးစားနေကြောင်း ပြောကြားသည်။


"ကျွန်တော်တို့ကတော့ အစိုးရနဲ့ ပြေလည်အောင် ကြိုးစားနေတာပဲ။ ညှိနှိုင်းပွဲတွေလည်း အကြိမ်ပေါင်းများ စွာ လုပ်ပြီးပြီ။ ကျွန်တော်တို့ဘက်က WGEC ရဲ့ မူဘောင်တွေကို တင်ပြထားတယ်။ အစိုးရဘက်တော့ အဲ ဒီမူဘောင်တွေကို ငြင်းခုံစရာ သိပ်မရှိဘူးလို့ ပြောတယ်။ အကြမ်းဖျင်းအားဖြင့်ပေါ့။ အသေးစိတ် ကိစ္စတွေ ကိုတော့ ညှိနှိုင်းနေတယ်" ဟု WGEC အဖွဲ့ဝင် RCSS/SSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှ က The Daily Eleven သို့ ပြောကြားသည်။

လာမည့်အောက်တိုဘာလအတွင်း နေပြည်တော်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်လက် မှတ် ရေးထိုးနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်အားလုံးကို အစိုးရက ကမ်းလှမ်းထားပြီး ထိုကိစ္စရပ်သည် နိုင်ငံရေးအာမခံချက် မရှိသဖြင့် သဘောထားမပေးနိုင်ကြောင်း UNFC က ယခုရက်ပိုင်းအ တွင်း ပြောကြားခဲ့သည်။

WGEC အဖွဲ့ကို UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁) ဖွဲ့၊ UNFC အဖွဲ့ဝင် မဟုတ် သော RCSS/SSA၊ DKBA တပ်မဟာ-၅ KPC၊ MNDAA၊ KNLP၊ KNPLF (နယ်ခြားစောင့်တပ်)တို့ အပါ အ၀င် လူထုအခြေပြု လူမှုအဖွဲ့အစည်း ခြောက်ဖွဲ့တို့ဖြင့် ၂၀၁၂ ခုနှစ် ဇွန်လက ဖွဲ့စည်းခဲ့သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် WGEC အဖွဲ့မှ UNFC အဖွဲ့ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း WGEC သည် အစိုးရနှင့် ပိုမိုနီး ကပ်စွာ ဆက်သွယ်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သိရသည်။

WGEC အဖွဲ့မှ ချမှတ်ထားသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များမှာ လက်ရှိအချိန်တွင် UNFC မှ ကိုင်စွဲ ထားသော အခြေခံမူ ခြောက်ချက်နှင့် များစွာကွဲလွဲမှု မရှိကြောင်း သိရသည်။ WGEC ၏ နိုင်ငံရေးဆွေးနွေး ပွဲ မူဘောင်တွင် အပိုင်းလေးပိုင်း ခွဲထားပြီး လုပ်ငန်းစဉ်ပူးပေါင်းရေး၊ တစ်ပြည်လုံး အပစ်အခတ်ရပ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပြောင်းလဲရေး ကာလအတွင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ နေထိုင်ရေး အ ချက်တို့ ဖြစ်ကြသည်။

လုပ်ငန်းစဉ် ပူးပေါင်းရေးတွင် ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်၊ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို လက်ခံအတည်ပြုရန်၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲအောင် ကာကွယ်သွားရန်၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင် နိုင်ငံရေးပါတီ၊ အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၊ လူမှုရေး အသင်း အဖွဲ့ များနှင့် အမျိုးသမီး (၃၀ ရာခိုင်နှုန်း) အစရှိသဖြင့် ပါဝင်ရန် တင်ပြထားပါသည်။

တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးတွင် စစ်ကျင့်ဝတ်ကို ပြဋ္ဌာန်းခြင်း၊ အပစ်ရပ် ပူးပေါင်းစောင့်ကြည့်ရေး ကော်မတီ (JCC) ကို ဖွဲ့စည်းခြင်းနှင့် အပစ်ရပ်စောင့်ကြည့်ရေး ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်တို့ ပါရှိ သည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အပိုင်းတွင် ဆွေးနွေးပွဲများကို ဌာနနှစ်ခု ဖွဲ့စည်းဆောင်ရွက်ပြီး ခေါင်းစဉ်ကြီး (၁၉)ခုဖြင့် လုပ်ဆောင်ရန် တင်ပြထားပါသည်။

"WGEC အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေ ရှိတယ်။ ခေါင်းစဉ်ကြီးတွေ၊ ခေါင်းစဉ်ငယ်တွေ ရှိတယ်။ အားလုံးတော့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကြိုးစားပြီး လုပ်ဆောင်နေတယ်" ဟု ဗိုလ်မှူးကြီး စိုင်းလှ က ပြောကြားသည်။ စက်တင်ဘာ ၁၁ ရက် (ယနေ့)တွင် WGEC ၏ အလုပ်အဖွဲ့နှင့် Myanmar Peace Center(MPC) မှ တာဝန်ရှိသူများ ရန်ကုန်မြို့တွင် တွေ့ဆုံပြီး မူဘောင်ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးရန်ရှိ ကြောင်း သိရသည်။

Eleven Media Group

ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် အစိုးရအဖွဲ့မှ တင်ပြမည့် ထပ်တိုးဘတ်ဂျက်များကို အဓိက ဆွေးနွေးမည်



အောက်တိုဘာ ၁ ရက်တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် အစိုးရအဖွဲ့မှ တင်ပြ မည့် ထပ်တိုးဘတ်ဂျက်များကို အဓိက ဆွေးနွေးမည်ဟု သိရသည်။


အစိုးရအဖွဲ့မှ ခွင့်ပြုဘတ်ဂျက်ဖြင့် မလုံလောက်၍ ထပ်မံတင်ပြလာသည့် ထပ်တိုးတောင်းခံငွေများကို အောက်တိုဘာလတွင် ပြန်လည်စတင်မည့် လွှတ်တော်၌ စိစစ်ခွင့်ပြု သွားမည်ဟု ပြည်သူ့ လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ သိရသည်။

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော်က "အောက်တိုဘာလမှာ ပြန် လည်စတင်မယ့် လွှတ်တော်အစည်းအဝေးမှာ ဘတ်ဂျက်ကိစ္စတွေ ပါပါမယ်။ အစိုးရ ၀န်ကြီးဌာနတွေရဲ့ ဘတ်ဂျက်အသုံးစရိတ်တွေကို ပြီးခဲ့တဲ့ ဧပြီလ မတိုင်ခင်မှာ ခွင့်ပြုပေးခဲ့တယ်။ အဲဒီခွင့်ပြုပေးခဲ့တဲ့ ဘတ်ဂျက် ကို သုံးစွဲပြီးနောက် တချို့မလုံလောက်တာတွေ၊ အရေးပေါ် ဆောင်ရွက်ဖို့ပေါ်လာတဲ့ကိစ္စတွေအတွက်ဘတ် ဂျိက်ထပ်မံ တောင်းခံမှုတွေကို အခုလာမယ့် လွှတ်တော်မှာ တင်ရပါမယ်။ ကျွန်တော်တို့ ပြည်သူ့ငွေစာရင်း ကော် မတီ အနေနဲ့ စိစစ်ခွင့်ပြုသွားဖို့ ရှိပါတယ်" ဟု ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က"ဘတ်ဂျက် မှာ မူလ BE ဆိုတဲ့ ပထမအဆင့် ရှိတယ်။ အခုလာမယ့် လွှတ်တော်မှာက RE (ထပ်တိုးနောက်ဆက်တွဲ ဘတ်ဂျက်)ကို အစိုးရက ထပ်တင်ပြမှာ။ မူလက လွှတ်တော်က ငါးကျပ်ခွင့်ပြုတယ်။ မလောက်လို့ နောက် ထပ်တစ်ကျပ်ထပ်တောင်းရင် စုစုပေါင်း ခြောက်ကျပ်ဖြစ်မယ်။ အဲဒါ စုစုပေါင်းဘတ်ဂျက် ဖြစ်မယ်" ဟု ပြောကြားသည်။

ထို့ပြင် အခြားဥပဒေပြု အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများလည်း ဆောင်ရွက်ဖွယ် ရှိနေသည်။

"လွှတ်တော်နားတဲ့ ကာလအတွင်း ပြည်ထောင်စုလွှတ်တော် နယကကြီးလည်း ခရီးတွေတောက်လျှောက် ထွက်နေတယ်။ ခရီးစဉ်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေကိုလည်း လွှတ်တော်မှာ ဆောင်ရွက်နိုင်တယ်။ ပြီးတော့ နာယကက ဥပဒေပြုတာကို များများဆောင်ရွက်ဖို့ ပြောထားတာ ရှိပါတယ်" ဟု ဦးအေးမောက်က ဆက် လက်ပြောကြားသည်။

လာမည့်လွှတ်တော်သည် အနည်းဆုံး တစ်လမှ နှစ်လ၀န်းကျင်အထိ ကြာမြင့်နိုင်သည်ဟု သိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီအနေဖြင့် လာမည့်လေးလအတွင်း အစီရင်ခံစာတင် သွင်းရမည်ဖြစ်ရာ လာမည့်လွှတ်တော်တွင်လည်း ကော်မတီတွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အစီအရင်ခံစာအတွက် ပြင်ဆင်မှုများ စတင်ရမည် ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဘတ်ဂျက်များနှင့် ပတ်သက်၍ သက် ဆိုင်ရာ ၀န်ကြီးဌာနအလိုက် တင်ပြလာပါက စနစ်တကျ စိစစ်လျက်ရှိပြီး အသေးစိတ်ညှိနှိုင်း ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် စာရင်းစစ် အဖွဲ့များအပြင် လွှတ်တော်ကပါ စနစ်တကျ စိစစ်လျက် ရှိသည့်အတွက် နိုင်ငံတော် စီမံကိန်းကြီးများအတွက် ချထာပေးခဲ့သည့် ဘတ်ဂျက်များသည် အဟောသိကံ ဖြစ်သည်ဟုသေ ချာပေါက်ပြော၍ မရနိုင်ကြောင်း သတင်းထောက်များသို့ ပြောကြားသည်။

 ဓါတ်ပုံ - ကျင်းပပြီးစီးခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တက်ရောက်လာသည့် 
ကိုယ်စားလှယ်များအား အခမ်းအနား မစမီ တွေ့ရစဉ် 

Eleven Media Group

သံဃာ့မဟာနာယကအဖွဲ့ဟာ သေနတ်နဲ့ထောက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့လို့ ဦးဝီရသူကတုံ့ပြန်

“ဦးဇင်း ဝီရသူဟာ စစ်သည် ၅သိန်းအား ရှိပါတယ်”ဟု ၉၆၉ အပေါ် မဟန၏ ဆုံးဖြတ်ချက်ကို ဦးဝီရသူက တုံ့ပြန်မိန့်ကြား

၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာကွန်ရက်တွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အမှတ်အသားကို ကိုယ်စားမပြုသလို အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဟာ သေနတ်နဲ့ထောက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့လို့ ဦးဝီရသူက စက်တင်ဘာ ၁ဝရက်နေ့မှာ တုံ့ပြန် လိုက်ပါတယ်။


ဦးဝီရသူ မွတ်ဆလင်တွေနဲ့ လက်တွဲမယ်ဆို

========================

By BBC Burmese ၉၆၉ လှုပ်ရှားမှုကို ကျယ်ပြန့်လာအောင် လှုံ့ဆော်သူလို့ နာမည်ကြီးတဲ့ မစိုးရိမ် တိုက်သစ် နာယက ဆရာတော် အမျိုးသားရေးဝါဒီ ဦးဝီရသူဟာ မြန်မာနိုင်ငံမှာ ဘာသာရေး အဓိ ကရုဏ်းတွေ ထပ်မဖြစ်အောင် မွတ်ဆလင် ဘာသာဝင်တွေနဲ လက်တွဲပြီး ဆောင်ရွက်သွား မယ်လို့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ကေသာရာမ ကျောင်းတိုက်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူဟာ ၉၆၉ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်လို့ ကမ္ဘာ့မီဒီယာတွေပေါ်မှာ ဒီနှစ်ထဲကစလို့ နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီနှစ်ထဲမှာလည်း မွတ်ဆလင် ဆန့်ကျင်ရေး ပြင်းထန်တဲ့ စကားတွေ ဟောခဲ့တာတွေ ရှိပါတယ်။ဒီနေ့မှာတော့ သူဟာ ဥပဒေမဲ့ တုံ့ပြန်တာတွေ မလုပ်ဖို့ကို နိုင်ငံအနှံ့ ကျယ်ပြန်စွာ ဟောပြောပို့ချပါမယ်လို့ ကတိပြုပြီး အစ္စလာမ် ဘာသာဝင်တွေ ပါဝင်တဲ့ ကွန်ယက်နဲ့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

ဒီနေ့ တွေ့ဆုံတဲ့ပွဲမှာ ဦးဝီရသူနဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်း ရွှေကြည်တို့က ပူးတွဲပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပက်သတ်လို့ အဓိက သဘောထား ထုတ်ပြန်ကြတာ ဖြစ်ပြီး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားဖို့ နှစ်ဘက် ဘာသာရေး ခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံပြီး တတ်နိုင်သလောက် ကြိုးစားသွားကြဖို့ ပြောသွားပါတယ်။

ဦးဝီရသူဟာ မွတ်ဆလင်တွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေရေးအတွက် အခုလို လုပ်မယ်လို့ ပြောတာဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်ကလည်း ဒီလို တွေ့ဆုံမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာ မွတ်ဆလင် ဆန့်ကျင်ရေးတွေ ပြောခဲ့တယ် ဆိုပြီးတော့ ဝေဖန်သူတွေက ပြောကြပါတယ်။အခု ရက်ပိုင်းမှာ ဦးဝီရသူကို နေ့စဉ် ဖုန်းနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ရှိနေပြီး အခုလို မွတ်ဆလင်တွေနဲ့ တွေ့ဆုံပြီး အဓိကရုဏ်းတွေ တားဆီးဖို့ လုပ်တာဟာ အဲဒီ ခြိမ်းခြောက် ခံရမှုတွေနဲ့တော့ မပတ်သက်ဘူးလို့ ဦးဝီရသူက ဘီဘီစီကို ပြောပါတယ်။

BBC Burmese

http://www.bbc.co.uk/burmese/burma/2013/09/130910_wirathu.shtml