Tuesday, September 10, 2013

ဗြိတိန်တပ်မတော်မှ မြန်မာ့တပ်မတော်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမည်



မြန်မာနဲ့ အမေရိကန်နိုင်ငံတို့ စစ်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာဘဲ ဗြိတိန် စစ်ဘက်ကနေ မြန်မာ စစ်တပ်အရာရှိတွေကို ၂၀၁၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်စနစ်အောက်မှာ နေထိုင်တဲ့ တပ်မတော်တွေအကြောင်းနဲ့ ဒီမို ကရက်တစ်စနစ်ရဲ့ တာဝန်ခံမှုအကြောင်းတွေကို သင်တန်းပို့ချမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖရက်ရှာ(Joe Fisher) က ပြောပြပါတယ်။


“၂၀၁၄ ခုနှစ်မှာ စပြီးတော့ ဗြိတိလျ စစ်ဘက်က မြန်မာ့တပ်မတော်ရဲ့ အရာရှိ အချို့တွေအတွက် သင်တန်းတွေ ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဆိုတော့လေ့ကျင့်မှု မဟုတ်ဘူး။ ဒါပေမယ့် သင်တန်းပေါ့။ သင်တန်းဆိုတော့ ဥပမာ ဒီမိုကရက်တစ် နိုင်ငံရေး စနစ်အောက်မှာ စစ်တပ်အနေနဲ့ ဘယ်လိုနေတယ်။ နောက်ပြီးတော့ ဒီမိုကရက်တစ် တာဝန်ခံမှု အကြောင်း၊ သင်တန်းတွေ ပေးဖို့ ရှိပါတယ်။ လူ့ အခွင့်အရေး အကြောင်း သင်တန်းတွေ ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီလိုသင်တန်းတွေဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ၊ မတ်လောက် စပြီးတော့ ဖြစ်ပါမယ်။”

ဒီလို သင်တန်းတွေ ပေးဖို့ ကိစ္စကို ဇွန်လအတွင်းက ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်စ် (General Sir David Richards)ဟာ မြန်မာနိုင်ငံကို လာရောက်စဉ်ကတည်းက တပ်မတော်အရာရှိကြီးတွေနဲ့ ညှိနှိုင်း သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ ဇူလိုင်လအတွင်း ဗြိတိန်ခရီးစဉ်မှာလည်း နှစ်နိုင်ငံခေါင်းဆောင်တွေ သဘော တူထားတယ် လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ နှစ်နိုင်ငံဆိုင်ရာ စစ်ရေးပူးပေါင်းမှု တွေလုပ်ဆောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် စစ်သံမှူးဟာ အောက်တိုဘာလမှာ ရောက်ရှိမယ်လို့ ဒုအတွင်းဝန် ဂျိုးဖရက်ရှာက ဆက်ပြော ပါတယ်။

“၁၀ လပိုင်းမှာ စပြီးတော့ ကျွန်တော်တို့ဟာ မြန်မာပြည်မှာ အခြေစိုက်မယ့် စစ်သံမှူး တစ်ယောက် အသစ်ရှိပါမယ်။ အဲဒါဟာ ၁၀ လပိုင်းမှာ စဖြစ်မယ်။ စစ်သံမှူးက ရန်ကုန်မှာ အချိန်ပြည့် အခြေစိုက်ပါမယ်”

၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက အမေရိကန်က မြန်မာနိုင်ငံကို စစ်သံမှူး အဆက်အသွယ် မဖြတ်ခဲ့ ပေမယ့် ဗြိတိန် အနေနဲ့တော့ ဥရောပ သမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနဲ့ စစ်သံမှူး အဆက်အသွယ် ဖြတ်ခဲ့ပြီး ယခုနှစ်မှာ ပြန်လည် စတင်မှာ ဖြစ်ပါတယ်။

ဗြိတိန်အနေနဲ့ ယခုလို စစ်ဘက်ဆိုင်ရာ အကူအညီပေးဖို့တွေ လုပ်ဆောင်နေသလို အမေရိကန်ကလည်း မြန်မာစစ်တပ်ကို အဆင့်မြှင့်တင်ဖို့အကူအညီပေးမယ့်အကြောင်းကို ပြောဆိုခဲ့တယ်လို့ ရေဒီယို သြစတြေး လျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

Radio Austria

NLD မှ လက်မခံသော ၈၈မျိုးဆက်နှင့် နိုင်ငံရေး



လာမည့် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ၈၈ မျိုးဆက်ကျောင်းသား တချို့မိုးသီးဇွန် အပါ အ၀င် နိုင်ငံရေးပါတီ ထူထောင် မည်ဟု ပြောဆို ခဲ့ပြီး ရွေးကောက် ပွဲဝင်ကြ မည်ဟု ပြောဆိုခဲ့ သော ကြောင့်နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများမှ လည်း စိတ်ဝင်စား စွာ စောင့် ကြည့်နေကြသည်။


နိုင်ငံရေး လေ့လာသူ အချို့မှလည်း ၈၈မျိုးဆက် များအနေဖြင့် ပါတီတစ်ခုထူထောင်ပြီး နိုင်ငံရေးကို ထဲထဲဝင်ဝင် ၀င်ရောက်လုပ်ကိုင်စေကြသလို NLDပါတီနှင့် ပူးပေါင်းကာတိုင်းပြည် အနာဂတ် အရေးအတွက် ၀င်ရောက်လုပ်ကိုင်စေလိုကြသည်။သို့ သော်လည်း ၈၈မျိုးဆက်များအနေဖြင့် အရပ်ဘက် လူမှု အဖွဲ့ အစည်းများတွင် လုပ်ကိုင်နေကြသော အတွေ့ အကြုံသာ ရှိသည့်အတွက် ပါတီ တစ်ခုထူထောင်ကာ နိုင်ငံရေးလုပ်မည်ဆိုပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်မှာလည်း မလွဲ ဧကန် ပင်ဖြစ်ပါသည်။

၈၈မျိုးဆက်များအနေဖြင့်လည်း NLDပါတီနှင့် ပူးပေါင်းကာနိုင်ငံရေးလုပ်ဆောင်မည်ဆိုလျှင် တိုင်းပြည် အနာဂတ်အကျိုးရှိမည်ဟု လူအများက ယူဆကြသော်လည်း ၈၈မျိုးဆက်များ၏ အခြေအနေကို ကောင်းစွာ သိရှိသော NLD ပါတီဝင်များမှ ပူးပေါင်းလုပ်ဆောင်ကြရန် ယခုအချိန်ထိ တွန့် ဆုတ်နေဆဲဖြစ်သည်။NLD ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှလဲ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွင်လဲမှတ်သားလောက် ဖွယ် စွမ်းဆောင်နိုင်မှုမရှိသော ၈၈မျိုးဆက်များနှင့် လက်တွဲလုပ်ဆောင်ရန် လက်ခံနိုင်မည့် အခြေအနေ မရှိသေးပေ။

၈၈မျိုးဆက်များနှင့် ပတ်သတ်၍ NLD ပါတီအတွင်းလူတစ်ဦးကမူ"အမေစုက သူတို့ ကို အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်တာကို သဘောမကျတာဗျ။နောက်ပြီး ၈၈ဆိုတာ အခုနောက်ပိုင်း အချင်းချင်း စည်းလုံးမှု မရှိတာတွေကော၊ပြည်သူတွေက လဲငြိုငြင်လာကြ တာတွေကော ပါမှာပေါ့ဗျာ။ အဲ့တာတွေတော့ အမေစုက ပိုသိမှာပေါ့" ဟု Shwe News သို့ ပြောဆိုခဲ့သည်မှာလည်းပြည်သူတို့ သိရှိ ပြီးဖြစ်ပါလိမ့်မည်။။

တစ်ခုရှိတာက နိုင်ငံရေးဆိုတာကလဲ သူများပြောတာ ကြားဖူးနားဝဖြစ်ပြီး ဒို့ အရေးအော်ယုံနဲ့ တင် နိုင်ငံရေး သမားဖြစ်နေကြတဲ့ ၈၈မျိုးဆက်ဆိုသူတွေကို ဘယ်လိုလုပ်ပြီး နိုင်ငံတော်အတွက် ယုံကြည်စိတ်ချ အားကိုးရမလဲဆိုတာပဲဖြစ်ပါတယ်။ ဘယ်လိုပညာရပ်မျိုးဖြစ်နေပါစေ။သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်ပဲ ၀င်လုပ်ရင် အလွဲတွေနဲ့ ပဲကြုံရမှာဖြစ်ပါတယ်။ အမှန် အတိုင်းပြော ရလျှင် ထောင် ထဲမှာသာအချိန်ကုန်ခဲ့ပြီး"စိတ်ကူးယဉ်နိုင်ငံရေး"လုပ်လာကြတဲ့ ၈၈မျိုးဆက်များ အတွက် ထောင်မှ ထွက်လာပြီး နိုင်ငံရေး အနဲအကျဉ်းဝင်လုပ်ကာ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေကြတာလဲ အားလုံး သိရှိပြီးသားဖြစ် ပါလိမ့်မည်။

ဒါ့ကြောင့် ဒို့ အရေးအော်ပြီး နိုင်ငံရေးသမားဖြစ်နေကြသော ၈၈မျိုးဆက်များအနေဖြင့်ကျွမ်းကျွမ်း ကျင်ကျင် မတတ်မြောက်သေးတဲ့ နိုင်ငံရေးကို လေ့လာနေကြသလား၊အိယောင်ဝါးလုပ်ပြီး နိုင်ငံရေး လုပ်စားနေကြအုံး မလားဆိုတာကတော့ ၄င်းတို့ ၏လုပ်ဆောင်မှုများကပင် သက်သေပြသွား မည်ဖြစ်ပါသည်။

မျိုးချစ်သူ

Credit : http://www.oppositeyes.info/2013/09/blog-post_1856.html

နိုင်ငံရေး လုပ်စားဆိုတာဘာလဲ



မနေ့ ကရန်ကုန်၊ပြည်သူ့ လူမှုကွန်ရက်အဖွဲ့ ရုံးခန်းမှာ အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကျင်းပချီတက်ကြမယ်ဆိုတာ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ၀င် တွေကော ၊ပြည်တွင်းအဖွဲ့အစည်းများမှ အဖွဲ့ဝင်တော်တော် များများ တက် လာကြ တာတွေ့ ရပါတယ်။


အစည်း အဝေးဆိုလို့  ဘာများလုပ်မလဲပေါ့။ယောင်လည်လည်နဲ့ သွားကြည့်မိတာ "တစ်နိုင်ငံ လုံးသင့်မြတ်" ဆိုတဲ့တီရှပ်တွေ၊ စတစ် ကာတွေ၊ ခေါင်းစည်းတွေ ဖြန့် ဝေမယ်ဆိုတဲ့  အစည်း အဝေးဖြစ်နေမှန်း သိတယ်။ အားလုံးဝေပြီးရင် ထုံးစံအတိုင်း စုပေါင်း လမ်းလျှောက် ကြမယ်ပေါ့။

အဲ့ဒီလိုလမ်းလျှောက်ချီတက်နိုင်ဖို့  သက်ဆိုင် ရာကိုလဲ ခွင့်ပြုမိန့် တင်ထားတယ်ဆိုပဲ။ ခွင့်ပြုမိန့် မရရင် တရားဥပဒေ အကြောင်း၊ စည်းကမ်း အကြောင်း တွင်တွင် ပြောလေ့ရှိကြတဲ့ နိုင်ငံရေးသမားများက စည်းကမ်းလိုက်နာကာ ခွင့်ပြုမိန့်မရလဲပဲ လမ်းလျှောက် ချီတက်ကြ မယ်လို့ သိရပါတယ်။

လမ်းလျှောက်ချီတက်ရန်လည်းတီရှပ်ပေါင်း အထည်၈ထောင်ခန့် ၊စတစ်ကာပေါင်း ၄သောင်းခန့် နဲ့ နဖူးစည်း ၇ထောင်လောက်တောင် ဖြန့် ဝေသွားမယ်ဆိုပဲ။နိုင်ငံရေးသမားတွေ သုံးနေကျစကားဖြစ်တဲ့ နိုင်ငံတော်ကြီး ဆင်းရဲနေတယ်ဆို။ ဘာလို့ ပိုက်ဆံတွေကို အဲ့ဒီလို ပွဲတွေလုပ်ပြီးဖြုန်းနေကြတာလဲဆိုတာ စဉ်းစား လို့ မရဖြစ်နေတယ်။ ကျနော်တို့ နိုင်ငံက နိုင်ငံရေးသမားဆိုသူတွေက ပွဲတွေလုပ်တာလောက်ပဲ ၀ါသနာ ရှိကြပြီး တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ ကျတော့ လက်တွန့် နေကြတယ်လို့ ထင်တယ်ဗျာ။ ပွဲတွေလုပ် ပြီး ငွေဖြုန်းဖို့ ဘယ်သူက ဘယ်လိုစပွန်ဆာတွေ ပေးပြီး လုပ်နေလဲဆိုတာ နိုင်ငံရေး လုပ်စားသူတွေ သိမှာပေါ့လေ။

အရင်အစိုးရလက်ထပ်မှာနိုင်ငံရေးလုပ်စားဆိုသူတွေက ပြည်တွင်းမှာနည်းပါးပြီး ပြည်ပကနေတစ်ဆင့် နိုင်ငံရေးလုပ်စားကြတယ်။အခုဒီမိုကရေစီ အစိုးရလက်ထပ်လဲပြောင်းကော ပြောင်းလဲ လာတာ က ပြည်တွင်း မှာ ၈၈မျိုးဆက်ကျောင်းသားဆိုသူတွေ၊ နိုင်/ကျဉ်း ဆိုသူတွေ စတဲ့ နိုင်ငံရေး လုပ်စားသူတွေ များလာတယ်။နောက်ပြီးပြည်ပမှာအရင်ကနိုင်ငံရေးလုပ်စားနေသူတွေအခုချိန်မှာ ပြည်တွင်း ကို မျက်နှာပြောင်တိုက်ပြီး ၀င်ရောက်ကာ နိုင်ငံရေးဗိသုကာကြီးတွေကဲ့သို့ နေထိုင်ပြီး နိုင်ငံရေးလုပ်စားနေ ကြတာလဲ တွေ့ နေရပါတယ်။

နိုင်ငံတော်ကြီး ဘယ်လိုပဲ ပြောင်းလဲနေပါစေ။ နိုင်ငံရေးလုပ်စားသူတွေရဲ့ ပုံစုံကတော့ အခုအချိန်ထိ မပြောင်းလဲသေးတာ တွေ့ ရပါတယ်။ ကိုယ်နဲ့ ဆိုင်တဲ့ ပွဲတွေကော၊ မဆိုင်တဲ့ ပွဲတွေကောပြုလုပ်ကာ ပွဲကိုဗန်းပြပြီး စပွန်ဆာရှာ လုပ်စားနေကြတာ တိုင်းပြည်အတွက်လဲ အကျိုး မရှိစေသလို တိုင်းပြည် အနာဂတ်အတွက်လဲ အကျိုးရှိမည်မဟုတ် ပါ။ကျနော်မြင်နေ၊ တွေ့ နေ ရ သလောက်တော့ ခေါင်းစဉ် အမျိုးအမျိုး တပ်ပြီး ပွဲတွေလုပ်နေတာပဲ တွေ့ နေရပါတယ်။ဒါကြောင့် ကျနော် တို့ နိုင်ငံအနေဖြင့် အခုလို နိုင်ငံရေးသမားပွဲစားဆိုသူတွေ များပြားနေလျှင်ဖြင့် နောင် အနာဂတ် အတွက်တော့ ရင်လေးစရာ ဆိုတာပဲ တွေးမိပါသည်။

အခုပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မှာ "တစ်နိုင်ငံလုံးငြိမ်းချမ်း"စာတမ်းပါ တီရှပ်တွေဝတ်၊ ခေါင်းစည်းတွေစည်း၊ စတစ်ကာတွေကပ်ကာ လမ်းလျှောက်ချီတက်ကြမည့် ဂ၇ုနာရှင် လမ်းလျှောက်သူရဲ ကောင်း များကို ဝေဖန်အကြုံပြုချင်တာကတော့ မြန်မာနိုင်ငံသားများသင့်သင့်မြတ်မြတ်ဖြစ်နေကြပြီ ဖြစ်သည့်အတွက် မသင့်မမြတ်ဖြစ်နေကြသော ဆီးရီးယားနိုင်ငံ သို့  သွားရောက်ကာ ဆုတောင်း လမ်းလျှောက်ကြပါ လို့ အကြံပြုပါရစေ။

Credit : http://www.oppositeyes.info/2013/09/blog-post_10.html

၂ဝဝ၈ အခြေခံဥပဒေကြောင့် အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောကြား



၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော် အေး ချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကနေ နောင်တက်လာမယ့်အစိုးရကို အာဏာ လွှဲပြောင်း ပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြည် ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။


ဒီနေ့ ထားဝယ်မြို့တော်ခန်းမမှာ ကျင်းပတဲ့ ဒေသခံ လွှတ်တော်အမတ်တွေ၊ မြို့မိမြို့ဖတွေ၊ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ သူရ ဦးရွှေမန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"ကျနော်တို့ မြန်မာနိုင်ငံမှာတော့ နဝတအစိုးရက မိမိတို့ကျင့်သုံးနေတဲ့ အာဏာအရပ်ရပ်ကို နောင်တက် လာတဲ့ အစိုးရအဖွဲ့ကိုလွှဲပေးတာ ဘယ်နိုင်ငံမှမလုပ်နိုင်တဲ့ကိစ္စ၊ ဘယ်သူမှမလုပ်နိုင်ဘူး၊ ဘယ်ပုံစံနဲ့လွှဲပေး တယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပေးတာ၊ ဒီအခြေခံဥပဒေသည် ထိုခေတ်ထိုအခါက ဒီလို အာဏာလွှဲပေးနိုင်အောင် ရေးသားပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ၊ အဲဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲ နိုင်ခဲ့ရင် အခုလိုအာဏာလွှဲပေးနိုင်မှာ မဟုတ်ဘူး"

ဒါ့အပြင် အာဏာရှိတဲ့သူတွေဟာ မိမိရဲ့အာဏာကို တခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆီကို လွှဲပြောင်းပေး ဖို့ဆိုတာဟာ အင်မတန်ခဲယဉ်းတဲ့ ကိစ္စဖြစ်တယ်လို့ သူရ ဦးရွှေမန်းက ပြောခဲ့ပါတယ်။

သူရ ဦးရွှေ့မန်းနဲ့အဖွဲ့ဟာ ထားဝယ်ရေနက်စီမံကိန်း အထူးစီပွားရေးဇုံကို သွားရောက်ကြည့်ရှုခဲ့သလို ထားဝယ်ဒေသမှာ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတာတွေနဲ့ ပတ်သက်ပြီး ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်နာယကနဲ့ ထားဝယ်ဒေသခံတွေ တွေ့ဆုံပွဲကို ထားဝယ်မြို့အခြေစိုက် လူမှု အဖွဲ့အစည်းတွေကိုတော့ ဖိတ်ကြားခြင်းမရှိဘူးလို့လည်း သိရပါတယ်။

RFA Burmese

အလှမယ်ပြိုင်ပွဲတွေ ထပ်မပြိုင်ဘူးလို့ ခင်ဝင့်ဝါ ထုတ်ဖော်ပြောလိုက်ပြီ



ဘီလာရုစ်နိုင်ငံမှာ ကျင်းပတဲ့ Top Ten စာရင်း ၀င်မော်ဒယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်တဲ့ ခင်ဝင့်ဝါဟာနောက်ဆုံး ဆန်ခါ တင်အဆင့်အထိ တက်လှမ်းနိုင်တဲ့အပြင် Miss Internet, Most Beautiful Girl in the World, People Choice Award နဲ့ Face of Miss Supranational စတဲ့ဆုတွေကို ဆွတ်ခူးနိုင်ခဲ့သူ တစ်ဦးပါ။


ဆွတ်ခူးခဲ့တဲ့သူမ ဟာစက်တင်ဘာ ၈ ရက်မွန်းလွဲ ၁၂ နာရီကျော်မှာ အမိမြန်မာနိုင်ငံကို မျက်နှာပန်း လှလှနဲ့ပြန်လာ ခဲ့ပေမယ့်လည်း ခရီးရောက်မဆိုက်မှာဘဲသူမအနေနဲ့ ရှေ့ဆက်ပြီး ဒီလိုမော်ဒယ်ပြိုင်ပွဲတွေ ၀င်ပြိုင်တော့မှာ မဟုတ်တဲ့အကြောင်းကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဘာကြောင့်လဲ၊ ဘာပြုလို့လဲ စတဲ့အတွေးပေါင်း များစွာကို အဖြေပေးထားတဲ့ ဒီအင်တာဗျူးလေးကို ဖတ်ရှုကြည့်ကြပါစို့လား။

မေး > ခင်ဝင့်ဝါအနေနဲ့ အခုလိုဆုတွေတပွေ့ကြီးနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့ တဲ့ခံစား ချက်က ဘယ်လိုရှိလဲ။

အတိုင်းမသိပျော်မိပါတယ်။ ဟိုမှာ ပြိုင်ပွဲဝင်ကတည်းက ပြန်ချင်ခဲ့တာပါ။ မြန်မာနိုင်ငံကလူတွေနဲ့ တွေ့ ချင်စိတ်က အတိုင်းမသိပါပဲ။

မေး > ရရှိတဲ့ဝင်ငွေထဲက ၃၀ ရာခိုင်နှုန်း လှူဒါန်းမယ်လို့ သိရတယ်။ ဘယ်လိုနေရာတွေကို လှူဒါန်းဖို့ ရည်ရွယ် ထားလဲ။

ဟုတ်ပါတယ်။ Organization က အစ်ကိုတွေနဲ့ တိုင်ပင်ပြီးတကယ်လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ စဉ်းစားထားပါတယ်။

မေး > ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်မှာ ဟိုကသတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရတာရောရှိခဲ့လား။တခြား အနုပညာနဲ့ ပတ်သက်တဲ့အလုပ်တွေ ပြောဆိုလုပ်ကိုင်ခဲ့တာတွေရော ရှိခဲ့လား။

မရှိပါဘူး။ Miss တွေက ပြိုင်ပွဲပြီးတာနဲ့ ချက်ချင်းတန်းပြန်ရမယ့်သူတွေရှိတာကြောင့် မြန်မြန်ပဲပြန်လာခဲ့ ရပါတယ်။

မေး > အခုပြိုင်ပွဲမှာ ကိုယ်ကဆုလေးဆု ရရှိခဲ့ပြီဆိုတော့ နောက်ထပ် Miss ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်ဖို့ စဉ်းစားထားသေးလား။

Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖြစ်တော့ပါဘူး။ မပြိုင်တော့ဘူးလို့လည်း ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ နောက်ထပ် သွားပြိုင်မယ့် သူတွေအတွက် ဘာတွေလိုအပ်လဲ။ လိုအပ်တာရှိရင် ကူညီပေးမှာပါ။ Miss Universe အတွက် ညီမကို ကမ်းလှမ်းတာမျိုးရှိတယ်။ ဒါပေမဲ့ ညီမအနေနဲ့ ၀င်မပြိုင်ဖြစ်တော့ဘူး။ Miss ပြိုင်ပွဲတွေ ၀င်မပြိုင်တော့ပေမယ့် အနုပညာအလုပ်တွေတော့ ဆက်လုပ်သွားမှာပါ။

မေး > ဘာကြောင့် Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။

ပညာရေးဘက်လည်း လုပ်ဖို့ရှိတာရယ်၊ နောက်ပြီးတခြားအနုပညာအလုပ်တွေ၊ ပရဟိတအလုပ်တွေပဲ ဆက်လုပ်ချင် တာကြောင့်ပါ။ တခြားတော့ ဘာမှမရှိပါဘူး။

မေး > ဒါဆို ခင်ဝင့်ဝါ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာနဲ့ပတ်သက်တဲ့ အစီအစဉ်တွေရှိရင် လည်း ပြောပါဦး။

ကြော်ငြာတွေ ရိုက်မယ်။ Brand Ambas- sador လုပ်ဖို့ ရှိလာခဲ့ရင်လည်း သေချာစဉ်းစားပြီးလုပ်ဖို့ အစီ အစဉ်ရှိပါတယ်။

မေး > ပရိသတ်အားပေးမှုအတိုင်းအတာက ခင်ဝင့်ဝါ မျှော်လင့်ထားတာနဲ့ ထပ်တူကျခဲ့လား။

အစက vote ပေးတဲ့နေရာမှာ နည်းနေသေးတယ်။ ညီမရဲ့ official voting မှာမဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။ အဲဒါက လည်း ညီမကိုချစ်တဲ့ပရိသတ်ကြီးကို စော်ကားတဲ့စိတ်နဲ့ တွေးမိတာမဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit\ Debit Card အွန်လိုင်းငွေချေစနစ်ဆိုတာမတွင်ကျယ်သလို နိုင်ငံတကာက နိုင်ငံသားတိုင်း မှာက Credit\ Debit Card အားလုံးမှာ ရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့တာပါ။ အခုညီမကို ချစ်တဲ့ ပြည်ပက မြန်မာပရိသတ်ကြီးတွေ က ညီမအတွက် ပိုက်ဆံတွေအကုန်ခံပြီး မဲပေးကြတဲ့အတွက် ညီမအတိုင်းမသိ ၀မ်းသာပျော်ရွှင်ရပါတယ်။

မေး > အခုရရှိခဲ့တဲ့ဆုတွေထဲမှာ ဘယ်ဆုကို အားရကျေနပ်ဆုံးလဲ။

Miss Internet ဆုကိုပါ။ မြန်မာနိုင်ငံက ကော်နက်ရှင်လည်း မကောင်းဘူး။ အဲဒီကြားထဲက vote တွေ ပေးကြတယ်။ ပရိသတ်အားပေးမှုနဲ့ တန်အောင်လည်း ညီမကြိုးစားခဲ့ပါတယ်။ ပရိသတ်ကပေးတဲ့ဆုဖြစ် တဲ့အတွက် ဒီဆုကို ပိုပြီးနှစ်သက်မိပါတယ်။

မေး > မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ခင်ဝင့်ဝါရဲ့သဘောထားကိုလည်း သိပါရစေ။

ညီမအသက်အရွယ်နဲ့ဆိုရင် ငယ်ပါသေးတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှမဝေဖန်ချင်ပါဘူး။

မေး > အခုအချိန်မှာ အားပေးခဲ့တဲ့ ခင်ဝင့်ဝါရဲ့ပရိသတ်တွေကို အပြောချင်ဆုံးစကားက ဘာများဖြစ်မလဲ။

ပရိသတ်အားပေးမှုနဲ့တန်အောင် ညီမဆက်ကြိုးစားသွားမှာပါ။ ပရိသတ်ကြီးက ညီမကို ဆက်လက် အားပေးစေချင် ပါတယ်။ ပရိသတ်ကြီးကုန်သွားတဲ့ပိုက်ဆံတွေ အလကားမဖြစ်ရအောင် ညီမ ဆုရတဲ့ငွေကို ပရဟိတလုပ်ပြီး လှူမှာပါ။ ညီမကို မျှော်လင့်ချက်အားမာန်တွေ၊ ယုံကြည်မှုတွေ၊ ပျော်ရွှင်မှု တွေ အမြဲအား ပေးနေတဲ့ပရိသတ်ကြီးရဲ့ကျေးဇူးကို ညီမ,မမေ့ပါဘူး။ နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ကျေပွန် တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေး ပါတယ်လို့ ပြောချင်ပါတယ်။

Profile

အမည်ရင်း ခင်ဝင့်ဝါ
မိဘအမည် ဦးလှဟန် + ဒေါ်ကြည်ကြည်ဆွေ
မွေးနေ့ စက်တင်ဘာလ ၂၁၊ ၁၉၉၄
ပညာအရည်အချင်း တတိယနှစ် (ရုက္ခဗေဒ)

Credit : http://www.todaymyanmar.net/2013/09/blog-post_3686.html

ငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ကျိုင်းတုံမြို့နယ် ၀မ်တာပုံ စစ်ဆေးရေး စခန်း၌ လုံခြုံရေး တပ်ဖွဲ့ဝင် များက စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီခွဲ ခန့်တွင် သတင်းအရ စောင့်ဆိုင်း နေစဉ် မိုင်းခတ် မှ ကျိုင်းတုံ သို့ တာချီလိတ်မြို့ဆန်ဆိုင်း(ခ) ရပ်ကွက် နေ စိုင်းရီ မောင်းနှင်လာသည့် အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့် ရှာဖွေရာ ယာဉ် မောင်း၏ နောက်ခန်း ထိုင်ခံပေါ်မှ မြွေရေခွံအိတ် ၂ လုံးပါ ICE အထုပ် ၆၀ ထုပ် စုစုပေါင်း ၆၀ ကီလိုဂရမ် ခန့် ( ကာလတန်ဖိုး ငွေကျပ် သိန်း ၁၅၀၀၀ ခန့် ) ၊ မြန်မာငွေ ကျပ် ၇ သိန်း ၊ ဖုန်းတစ်လုံး နှင့် မော်တော်ယာဉ် နှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများ သိမ်း ဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

http://themyawadydaily.blogspot.com/

လင်မယားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး


ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ် ၊ နောင်ကိုင် ကျေးရွာ အုပ်စု မိဖာလဲ ကျေးရွာနေ ဦးမြလွင် ၄၈ နှစ် (ဘ) ဦးထွန်းကြည် နှင့် ဇနီးဖြစ်သူ ဒေါ်ရင်တင် ၅၂ နှစ် (ဘ) ဦးစံဟန် တို့နှစ်ဦးသည် စက်တင်ဘာ လ ၆ ရက်နေ့ ည ၈ နာရီခွဲ ခန့်က နေအိမ် အရှေ့ လှေကား အနီး ခြေဆေးကန် ဘေး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သိရှိရသဖြင့် တာဝန်ရှိ သူများက သွားရောက် စစ်ဆေးရာ အလောင်းများ အနီးတွင် ပွိုင့် - ၃၀ ကာဘိုင် ကျည် ခွံ ၁၅ ခုခန့် တွေ့ရှိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် စိစစ်ရာ ၄င်းတို့ နှစ်ဦးသည် ကျေးရွာ အတွင်း အောက်လမ်း အတတ်ပညာ များဖြင့် ပြုစား လုပ်ကြံ နေသူများ အဖြစ် သတင်းထွက် နေခြင်း ကြောင့် ကျေးရွာသူ ကျေးရွာသား များမှ ကျေနပ်မှု မရှိကြောင်း နှင့် အဆိုပါ လင်မယား နှစ်ဦး သေဆုံး သည့် ဖြစ်စဉ်အား ကော့ကရိတ် မြို့နယ် မြို့မ ရဲစ ခန်း မှ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

http://themyawadydaily.blogspot.com/

ပညာရေးဝန်ကြီးဌာနမှ တစ်လအတွင်း ပြန်လည်ရှင်းလင်းချက် မပေးပါက ဒေါ်စိုးစိုးခိုင်က သမ္မတထံ စာတင်မည်

ရှစ်လေးလုံး ငွေရတု အခမ်းအနားအကြို သတင်းစာရှင်းပွဲသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ်ဖြုတ်ခံရခြင်းနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမများအသင်းက ကန့်ကွက် ကြောင်း သတင်းထုတ်ပြန်သည့်နေ့မှ တစ်လအတွင်း ပညာရေးဝန်ကြီးဌာနမှ အကြောင်းတစ်စုံတရာ ပြန်ကြားခြင်းမရှိပါက သမ္မတထံစာတင်သွားမည်ဟု ဒေါ်စိုးစိုးခိုင်က မဇ္ဈိမကိုပြောသည်။


ကန့်ကွက်စာကို သြဂုတ်လ ၃၁ရက်က ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)တို့မှ ဆရာ/ ဆရာမများ အသင်းများက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သြဂုတ် ၃၀ ရက်နေ့စွဲဖြင့် နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါဆရာမကို အလုပ်ထုတ်ပယ်ခြင်းနှင့် ပတ် သက်ပြီး ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်း များ ကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

"ခုချိန်ထိတော့ ပညာရေးဝန်ကြီးဌာနက အလုပ်အတွက် ဘာမှအကြောင်းပြန်လာတာ၊ ဆက်သွယ်တာ မရှိသေးဘူး၊ အလုပ်ပြန်ရဖို့ထက် ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်မှာပါတဲ့ ခွင့်မဲ့ပျက်ကွက်တယ်ဆိုတဲ့ အချက်တွေက ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ပြန်လည်ဖြေရှင်းပေးစေလိုပါတယ်"ဟု ဒေါ်စိုးစိုးခိုင်က ပြောသည်။

ထို့အပြင် သြဂုတ်လ ၂၅ရက်က ပျဉ်းမနားမြို့ ထောက်လှမ်းရေးက ဒေါ်စိုးစိုးခိုင်အား အသနားခံစားတင်ရန် အကြောင်းကြားခဲ့သော်လည်း တင်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

"ကျွန်မဘက်က မမှားခဲ့လို့ အသနားခံစာကို မတင်ခဲ့ဘူး" ဟု ပြောသည်။

ဒဂုံတက္ကသိုလ်ဆရာ/ဆရာမများအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအာကာမိုးသူက "ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတဲ့လုပ်ရပ်တွေကဒီမိုကရေစီလမ်းကြောင်းကို သွေဖယ်နေပါတယ်။ ဒေါ်စိုးစိုးခိုင် အလုပ်ရပ်ဆိုင်းခံရတဲ့ အဖြစ်က ပညာရေးလောကအတွက် တင်မကဘူး အစိုးရ၀န်ထမ်းအားလုံးကို ခြိမ်းခြောက်လိုက်တာပါပဲ"ဟု ဝေဖန်လိုက်သည်။

ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ အလုပ်သမား ဥပေဒများနှင့်အညီ ဆောင်ရွက် ပေးရန် တက္ကသိုလ်ဆရာ/ဆရာမများအသင်းက ILO(နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း)သို့ သြဂုတ်လ ပထမပတ်အတွင်း က ပေးပို့ထားပြီးဖြစ်သည်။

နေပြည်တော် ကောင်စီနယ်မြေ ၊ ဇဗ္မူသီရိ မြို့နယ် အ.ထ.က (၅) တွင် အလယ်တန်းပြ ရာထူးဖြင့် တာဝန် ထမ်းဆောင်နေသော ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ် ၁၀ရက် မှ ၁၄ရက် အထိ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ခွင့်ပြု ချက်မဲ့ ခရီးဝေး ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် သြဂုတ်လအတွင်းတွင် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

Credit : http://www.yeyintnge.com/2013/09/blog-post_7838.html#.Ui6J638R8YI

မန္တလေး အိုးဘိုရွှေကျင် ကျူးကျော်တဲ၌ ငါးထောင်တန်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအတု ရှစ်သိန်းကျော် တွေ့

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ တာဘောင်ဘေးရှိ ကျူးကျော် တဲတွင် နေထိုင်သူ ရာဆင်း (ခ) ဦးကျော်စိန် (၆၅) နှစ်၏ နေအိမ်ကို သတင်းအရ စက်တင် ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ရှာဖွေရာ ငါးထောင်ကျပ်တန် ငွေစက္ကူအတု ၆၂ ရွက်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအသေး ၅၀၅ ရွက် စုစုပေါင်း ကျပ်ရှစ်သိန်းကျော်ပမာဏ ရှာဖွေတွေ့ရှိ ခဲ့ ကြောင်း အဆိုပါမြို့နယ်ရှိ အမှတ် (၂) ရဲစခန်း တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။


ယင်းတာဘောင်ဘေးရှိ ကျူးကျော်တဲ အများစုတွင် ကံသစ်ကုန်းကျေးရွာ ရေကြီးချိန် ပြောင်းရွှေ့ နေထိုင် သူများလည်းရှိပြီး ငါးထောင်တန်နှင့် တစ်ထာင်တန်အတု တွေ့ရှိသူသည် နွားပွဲစား၊ ဆိတ်ပွဲစားများ ပြုလုပ် သူ ဖြစ်ကြောင်း အဆိုပါ ကျူးကျော်တဲနှင့် ကပ်လျက်တွင် နေထိုင်သူ ဒေါ်ခင်မြင့်တင်က The Voice သို့ ပြောကြားသည်။

ဦးရာဆင်း၏ ဇနီးဖြစ်သူ ဒေါ်ချစ်စုက“ဘယ်လိုဖြစ်တာလဲ မသိဘူး။ အန်တီလည်း သူ့ကိုနားမလည်ဘူး။ သူနဲ့ အိမ်ထောင်ကျတာ ရှစ်လလောက်ပဲ ရှိသေးတာ။ နွား၊ ဆိတ် ရောင်းဝယ်ရေး လုပ်တယ်။ သူငွေပေး သလောက်ပဲ အန်တီဈေးဝယ်တယ်။ ရဲတွေလာရှာမှ အန်တီသိရတာ၊ အရင်ကတော့ ကြုံရာကျပန်း လုပ်တယ်” ဟု ဆိုသည်။

အဆိုပါ ငွေစက္ကူအတုများ သုံးစွဲမှုနှင့် လက်ဝယ်ထားရှိမှုတို့အတွက် ဦးရာဆင်းကို အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၂) ရဲစခန်းက (ပ) ၂၃၂/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉-ခ/၄၈၉-ဂ အရ အရေးယူ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၂) ရဲစခန်း တာဝန်ရှိသူထံမှ သိရသည်။

ဧပြီလ ၃ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေသူ အမျိုးသားတစ်ဦးကို စစ်ဆေးရာ ငါးထောင်ကျပ်တန် အတု ၅၂ ရွက် ကိုင်ဆောင် ထားသည်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။

Credit : http://www.yeyintnge.com/2013/09/blog-post_5704.html#.Ui6J4n8R8YI