Tuesday, September 3, 2013

ဦးဝင်းထိန် ( သို့မဟုတ် ) အသံကြောင့် ဖားသေ



ဟိုတစ်နေ့က ပြည်ပအသံလွှင့်ဌာနတစ်ခုနဲ့ မိတ္ထီ လာမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော် အမတ် လည်းဖြစ်.... .NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ " ဦးဝင်းထိန်" တို့ရဲ့ အင်တာဗျူးစကားတွေကို ကြားလိုက်မိပါတယ်။


မိတ္ထီလာဒေသခံတွေက ကင်တားနား ကို ဆန္ဒပြကြ တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မေးကြ ဖြေကြ တာပါ။

ကင်းတားနား အကြမ်းဖက်ခံရတာ ဟာ ဟုတ်ကြောင်း ဖြေကြားသွားပါတယ်။

ဆန္ဒပြတဲ့ ဖြစ်စဉ်ကို ခပ်ကြမ်းကြမ်းပုံဖော်ကြည့်မယ်ဆိုရင် လူပေါင်းတစ်ရာကျော်လောက်က ကားကိုတားမယ်...စာပေးမယ်။ ကားတခါးမဖွင့်တော့ ကားကို လက်နဲ့ ပုတ်တာရှိမယ်...လက်နဲ့ ထုတာ ရှိမယ်ပေါ့..။

ဟို ကင်တားနား ဆိုတာကလည်း လုံခြုံတဲ့ လမ်းတွေပေါ် ကျော့ကျော့လေးေ လျှာက်ခဲ့တဲ့ ရွှေမင်းသား...။

မိတ္ထီလာမှာ အခုလို ကြုံလိုက် ရတော့ ထိတ်လန့်သွားမယ်...လိုတာထက်ပိုပြီး တွက်မိ လိမ့်မယ်...ပိုပြီးကြောက်သွားပါလိမ့်မယ်။ ကားမှန်အပြင်ဖက်က လူအုပ်ရဲ့ ဆန္ဒကို ကားမှန်တခါး အတွင်းထဲက ကင်တားနား အဓိပါယ် အကောက်အယူ လွဲသွားပါတယ်။

ဒါကို ဦးဝင်းထိန်က မတွေးနိုင်...မမြင်နိုင်ပဲ အကြမ်းဖက်ခံရတာ ဟုတ်ပါတယ်တွေ ဘာတွေ အတည်ပေါက် လာလုပ်နေပါတယ်။

အဆိုးဆုံးကတော့ အခုလို အကြမ်းဖက်ဆန္ဒပြသူတွေဟာ ၉၆၉ တွေပါလို့ မိုက်မိုက်ကန်းကန်း စွပ်စွဲ လိုက်တာပါပဲ။ ၉၆၉ လို့ တံဆိပ်ကပ်တာ ဟာ ဦးဝင်းထိန် က ပထမ ဆုံး နဲ့ တစ်ဦးတည်း ပါ။ ဘယ်ပုဂ္ဂိုလ် ...ဘယ် အဖွဲ့အစည်းက မှ ဒီလို နာမည်တပ်ပြီး မပြောပါဘူး။

တိကျ ခိုင်မာ နဲ့ သက်သေ..အချက်အလက် ဘာမှ မရှိပဲ အခုလို အာချောင်တာကို ကြည့်ပြီး ဒီ နိုင်ငံရေးသမားရဲ့ စိတ်အခံ နဲ့ နိုင်ငံရေး ရေချိန်ဟာ အတော့်ကို မေးခွန်းထုတ်စရာ ကောင်းပါ တယ်။

တကယ်တော့် ဒီ ၉၆၉ တို့ ...မျိုးစောင့်ဥပဒေ တို့ နဲ့ပတ်သက်ရင် ဒေါ်စုလို ဧရာမ ပုဂ္ဂိုလ်ကြီးတောင် ထိန်းထိန်းသိမ်းသိမ်...သတိရှိရှိ နဲ့ ပြောဆို လာရပါတယ်။ ဒီလို အရေးကြီးတဲ့ ဟာ မျိုးကို ဘာမှမဟုတ်တဲ့ ဦးဝင်းထိန်က ( ELEVEN နဲ့အင်တာဗျူးမှာ ) ဒေသခံပြည်သူတွေကို ရင့်ရင့်သီးသီး စကားတွေသုံပြီး ပြောဆိုခဲ့တယ်။

ဒီမိုကရေစီယဉ်ကျေးမှုတို့ ...ဘာတို့ ဆိုတာ ဒီ အမတ် ရဲ့ စကားတွေမှာ မတွေ့မိပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် ၉၆၉ တို့...၈၈ တို့ ထဲ ရောက် သွားတဲ့ ပါတီဝင်ဟောင်းတွေကို ရန်သူလို ရှုမြင်ပါတယ်.. ဒီကောင်တွေ..ဘာညာ နဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပါတော့တယ်..။

ဆရာကြီးဒဂုန်တာရာ ရဲ့ စကားနဲ့ ပြောမယ်ဆိုရင် နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ် အောင် လုပ်ရတာပါ။ ကိုယ်နဲ့ အမြင်မတူတဲ့ ဆန့်ကျင်ဖက်အင်အားစုကို မေတ္တာ ထားရ မယ်....သဘောထားကြီး ရပါမယ်...။ အစွဲကင်းကင်း နဲ့ ကြည့်မှ ပြသနာရဲ့ အဖြေကို ရှာနိုင်မယ်ဆို တာ ဦးဝင်းထိန် သတိထားမိပုံမပေါ်ဘူး။

ကိုယ်နဲ့ အမြင်မတူသူတွေအပေါ် ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ ...မျက်မှန်စိမ်းတပ်ပြီး ဦးဝင်းထိန်က ကြည့်ခဲ့တယ်။

ဦးဝင်းထိန် ဟာ သူရောက်နေတဲ့ လွှတ်တော်ထိုင်ခုံနေရာနဲ့ ပါတီရဲ့ CEC ဆိုတဲ့ နေရာတွေကို( ဒေါသရှေ့ထားလို့ )မေ့ပြီး...လမ်းပေါ်က လူလို ရမ်းကား နေတာ လားရယ်လို့ ဖော့ပြီးတွေးမိပါသေးတယ်။

ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အဖြေစကားတွေ ဟာ ပါတီရဲ့ ကောင်းခြင်း ဆိုးခြင်း နဲ့တော့ တိုက်ရိုက်ဖြစ်စေ ...သွယ်ဝိုက်လို့ ဖြစ်စေ သက်ဆိုင်နေတယ် ဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး.။

အများပြောကြသလို ခေတ်ပျက်နိုင်ငံရေးသမားဖြစ်စေ... အရှင်မွေးလို့ နေ့ချင်းကြီးရသူ ဖြစ်စေ... ပါးစပ် ကလေး လိမ္မာရင်ဖြင့် ပါတီအတွက်ရော...တိုင်းပြည်အတွက် ပါ..ပိုပြီးအကျိုးများပါလိမ့်မယ်။

From: Nyi Zin 

http://www.mmdailystar.com/2013/09/blog-post_7694.html

NLD ဘာလဲ၊ ဘယ်လဲ၊ ဘယ်လမ်းလျှောက်နေသလဲ


Photo:

ဝိုင်းတော်သားတစ်ဦး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဟာ ရှစ်လေးလုံး အရေး တော်ပုံကြီးနဲ့အတူ ပေ့က်ဖွားလာတဲ့ ပါတီပါ အောင်၊ စု၊ တင် (ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး)ဆိုတဲ့ ကြီးသုံးကြီးအပေါ် အခြေခံပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပြီး မကြာမီ ဥကဋ္ဌ ဦးအောင်ကြီးက NLD အတွင်း လက်ဝဲဝီ ကွန်မြူနစ်တွေ ကြီးစိုးနေကြောင်း စွပ်စွဲပြီး သူ့ရဲ့ အဆိုအပေါ် မဲခွဲရာ ဦးအောင်ကြီးရူံးနှိမ့်တဲ့အတွက် ပါတီမှ ထွက်ခွာခဲ့ရပါတယ်။ ဆိုလိုတာက NLD ဟာ အကွဲအပြဲနဲ့ စခဲ့တယ် ပြောတာပါ။


NLD က "မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဆန့် ကျင်ကြ" ဆိုပြီး ကြွေးကြော်ပါတယ်။ အဲဒီလို ကြွေကြော်ပြီး မကြာမီ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို လူစုလူဝေးနဲ့ ချီတတ်ဖို့ NLD က လုပ်ပါတယ်။ စစ်အစိုးရကလည်း လူစုလူဝေးနှင့် မချီတတ်ရ။ အမိန့်မနာခံရင် ဖမ်းဆီးအရေးယူမှာဖြစ်ကြောင်း ကြေညာပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်တိုင် မြို့နယ်အသီသီးရှိ NLD အဖွဲ့ဝင်များ အထူးသဖြင့် လူငယ်အဖွဲ့ဝင်များဟာ အာဇာနည်ကုန်းသို့ ချီတတ်ဖို့ ပြင်ဆင်နေကြပါပြီ။ အဲဒီအချိန်မှာ NLD ပါတီ CEC က အာဇာနည်နေ့ ချီတတ်ရေးအစီအစဉ် ဖျက်သင့်၊ မဖျက်သင့် ဒေါ်စုပဲ ဆုံးဖြတ်ပါဆိုပြီး ပုံအပ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီကိစ္စကို တစ်ညလုံးစဉ်းစားပြီး နံနက်ရောက်ခါမှ ချီတတ်ပွဲပယ်ဖျက်ဖို့ ဆုံးဖြတ်ကြောင်း သိရပါတယ်။ ဆုံးဖြတ်ချက်ကို မြို့နယ်များသို့ ချက်ချင်းအကြောင်းကြားပါတယ်။ ဒါပေမယ့် နောက်ကျနေပါပြီ။ အလွန်အမင်း တတ်ကြွတဲ့ NLD အဖွဲ့ဝင်အချို့ အာဇာနည်ကုန်းသို့ ချီတတ်နေကြပါပြီ။ လမ်းခုလတ်တွင် စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့များရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲရောက်ကုန်ကြပါတယ်။ ဒါဟာ NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ အလွန်အမင်း အားကိုးလွန်းတယ်။ အရေးကြီးကိစ္စရပ်များနှင့် ပတ်သက်ပြီး ပါတီတွင်း ဆွေနွေးတိုင်ပင်တဲ့ အလေ့အထမရှိကြောင်း ဖော်ပြရာရောက်ပါတယ်။

စာရေးသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့သမီးဖြစ်တာကြောင့်လည်း ဖအေတူသမီးပီပီ တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်ကိုးစားခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၁၄-၅နှစ် သူမ နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလက စာရေးသူအနေနဲ့ မိတ်ဆွေတစ်ဦးကို "She is the only person who can save our country."ဆိုပြီး လွန်လွန်ကဲကဲ ပြောခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဖအေတူသမီးပီပီ အာဇာနည်မျိုးရိုး ပီသကြောင်း သက်သေ ပြခဲ့ပါတယ်။ သူမဟာ ဒီမိုကရေစီအတွက် အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တာကြောင့် ၁၇ နှစ်ကြာ နေအိမ်အကျယ်ချုပ်ကျခဲ့ပါတယ်။ ဓနုဖြူမြို့ ခရီးစဉ်၊ ဒီပဲရင်း ခရီးစဉ်တို့မှာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူမရဲ့ ယုံကြည်ချက်အတွက် ကင်ဆာရောဂါနဲ့ သေကောင်းပေါင်းလဲဖြစ်နေတဲ့ ခင်ပွန်းရှိရာ အင်္ဂလန်သို့ မသွားခဲ့ပါဘူး။ သွားမယ်ဆိုရင် စစ်အစိုးရက မြန်မာနိုင်ငံသို့ ပြန်လာခွင့်မပြုမှာ စိုးလို့ပါ။ ဒီလိုနဲ့ ခင်ပွန်းဖြစ်သူသာ သေသွားရော၊ တွေ့ဆုံခွင့်၊ ပြုစုခွင့် မရခဲ့ပါ။ ဒါဟာ နဲနဲနောနော စွန့်လွှတ် အနစ်နာခံမှုမှ မဟုတ်တာ။

ပြည်သူတွေကလည်း NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ကြည့်ပါတယ်။ ၉၀ ပြည့်နှစ် ရွေးကောက် ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မပါဝင်နိုင်ပေမယ့် NLDဟာ တခဲနက် အနိုင်ရခဲ့ပါတယ်။ တဖန် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အပြည့်အဝ ထောက်ခံမဲပေးခဲ့ပါတယ်။ ဒေါ်စုနဲ့NLD လွှတ်တော်ထဲရောက်ရင်တော့ ပြည်သူတွေရဲ့ ကိုယ်စား မားမားမတ်မတ် ရပ်တည်လုပ်ဆောင်ပေးမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ပေါ့ဗျာ။ လက်ရှိ တိုင်းပြည်အုပ်ချုပ်နေတဲ့သူတွေကို အားမရတာလဲ ပါ ပါတယ်။ဒီမိုး ဒီလေ ဒီလူတွေနဲ့ဆိုရင် တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆိုးစာရင်းဝင်နိုင်ငံများအနက်တစ်ခု အာဆီယံအဖွဲ့ထဲမှာတောင် နောက်ဆုံးပိတ်ဘဝက လွတ်မြောက်မှာမဟုတ်ဘူးဆိုတာ ပြည်သူလူထုအနေနဲ့ ယူဆနေကြလို့ ဖြစ်ပါတယ်။

ကဲ၊ ဒေါ်စုနဲ့NLD လွှတ်တော်ထဲရောက်တာ တစ်နှစ်ပြည့်ပါတော့မယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လောက်ထိဖြည့်ပေးနိုင်ပြီလဲ။ အာဏာရပါတီက လေးစားခန့်ညား၊ ဖြုံရတဲ့ အတိုက်အခံပါတီကြီး တစ်ခုရဲ့ အခန်းကဏ္ဍကို ဘယ်လောက်ထိ ဖြည့်ဆည်းနိုင်ခဲ့ပြီလဲ။

"လွှတ်တော်ထဲဝင်တာကြာပြီ။ NLD အမတ်တွေ လွှတ်တော်ထဲ ဘာလုပ်နေကြသလဲ။ အာဏာရပါတီက တင်လာတဲ့အဆိုကို ဘယ်နှစ်ခေါက် ဝေဖန်ဖူးလဲ။ တင်လာသမျှ အမြဲတမ်း ဝေဖန်စရာ မလိုဘူး။ တချို့ကိစ္စကို ကောင်းတာပါရင် လက်ခံပေါ့။ တချို့ကိစ္စတွေက Modified လုပ်ပေါ့။ ပြုပြင် ပြင်ဆင်ပြီးတော့ ဖြည့်စွက်တာရှိမယ်။ အချို့ကိစ္စတွေမှာ ဝေဖန်တာရှိမယ်။ အချို့ ကန့်ကွက်တာရှိမယ်" လို့ ဆောင်းပါးရှင် မင်းဇင်က အင်တာဗျုးတစ်ခုမှာ ပြောပါတယ်။

စာရေးသူ သိရ၊ ကြားရသလောက် NLD လွှတ်တော်အမတ်တွေဟာ လွှတ်တော်တွင်းမှာ လွတ်လပ်စွာ အဆိုတင်းသွင်းခွင့်၊ ဆွေးနွေးခွင့် ရှိကြတယ်ဆိုပဲ။ ဒါဟာ ကောင်းပေမယ့် ဘဝင်မကျစရာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီကြီး တစ်ရပ်ဟာ မိမိအဖွဲ့ဝင်တစ်ဦးက ပါတီကိုယ်စာပြုပြီး လွှတ်တော်မှာ အဆိုတင်သွင်း ဝေဖန်ဆွေးနွေးခြင်းမပြုမီပါတင်တွင်းမှာ ကြိုတင်ဇာတ်တိုက်သင့်ပါတယ်။ ပွဲမဝင်မီ လေ့ကျင့်သင့်ပါတယ်။ NLD မှာ အဲဒီအလေ့အထ ရှိရဲ့လား။ အဆိုဆုံးက မြန်မာ့ဆက်သွယ်ရေးတင်ဒါရွေးချယ်မှု ကြေညာခါနီးမှ ကပ်ပြီး ခရိုနီတွေရဲ့ အကျိုးစီးပွားရှေ့ရှုကာ ရပ်ဆိုင်းဖို့ ပြည်သူလွှတ်တော်က အရေးပေါ်အဆို တင်သွင်း ထောက်ခံအတည်ပြုရာမှာ NLD လွှတ်တော်အမတ်များရဲ့ ဝေဖန်ဆွေးနွေးအသံ လုံးဝမကြားရတာပါပဲ။ နောက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကတင်သွင်းတဲ့ ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်ပြီး မီဒီယာလောကမှာ ဒီလောက် ဆူပူပွက်လောရိုတ်နေတာ ပြည်သူ့ကိုယ်စားလှယ်များဆိုတဲ့ NLD အမတ်များရဲ့အသံတိတ်နေပြီး ပြည့်သူ့လွှတ်တော်က အတည်ပြုခဲ့တာပါပဲ။ နိုင်ငံရေးပါတီတစ်ရပ်မှာ အမတ်တွေအနေနဲ့ မိမိတင်လိုက်တဲ့ အဆို ရူံးချင်ရူံးမယ်။ အင်အားကြီးတဲ့ အာဏာရပါတီရဲ့ ပယ်ချတာခံရချင်ခံရမယ်။ ရူံးရူံးနိုင်နိုင် ပြည်သူ တွေအတွက် အကျိုးရှိရင် တင်ပြရမယ် အကျိုးမဲ့ရင် ကန့်ကွက်ရမှာ တာဝန်သိ အတိုက်အခံပါတီရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ NLD ပြည့်သူ့လွှတ်တော်ကိုယ်စားလယ်များဟာအဲဒီတာဝန်ကို မလုပ်ကြသလောက်ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အမတ်တွေရဲ့ လွှတ်တော်တွင်း ဆောင်ရွှတ်ချက်ကို ပြည်သူတွေ အနေနဲ့ အားမလို အားမရ ဖြစ်နေပါတယ်။ ပေါင်းသင့်ကပေါင်း ခွဲသင့်ကခွဲ။ အာဏာရပါတီက သူ့အလုပ် သူလုပ်၊ အတိုက်အခံပါတီကလည်း သူ့အလုပ်သူလုပ်ရပါမယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ကိစ္စတွေနဲ့ အချိန်ကုန်လွန်နေတယ်။ NLD ပါတီရဲ့စည်းရုံးတည်ဆောက်ရေးအပေါ် အာရုံမစိုက်နိုင်ဘူးလို့ အချို့ကဝေဖန်ထောက်ပြနေပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တာဝန်သတ်သတ်မှတ်မှတ်ပေးတာ မရှိဘူးလို့ အထူးသဖြင့် လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးမှု မရှိကြောင်း ကြားရပါတယ်။ ခုဆိုရင် ၂၀၁၃ ခုနှစ် ထက်ဝက်ကျိုးနေပြီး ၂၀၁၄ ခုနှစ်ဆိုရင် လာမဲ့ရွေးကောက်ပွဲကြီးအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်ရတော့မယ်။ NLD ပါတီ ဘာတွေလုပ်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တတ် နိုင်ငံခြားဧည့်သည် လက်ခံတာလောက်ပဲ ရှိပြီး အောက်ခြေ NLD ပါတီဝင်တွေရဲ့ လှုပ်ရှားမှုကို ရေရေရာရာ မတွေ့ရပါဘူး။ NLD ပါတီဝင်တွေဟာ ကိုယ်ကျိုးစွန့်သူတွေ၊ အနစ်နာခံသူတွေဖြစ်ကြတယ်ဆိုတဲ့ ပုံရိပ်တွေ လူထုကြားတွင် လျော့ကျလာနေကြေသတိထားရပါမယ်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မိမိနှင့် အာဏရပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ရင်းနှီချစ်ကြည်ချင်းဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဖြစ်နိုင်မယ်လို့ ယုံကြည်နေပုံ ရပါတယ်။ ဖွဲ့စည်းပုံဥပပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အာဏာရပါတီရဲ့ဥကဋ္ဌက တစ်မျိုးပြော၊ ဒုတိယဥကဋ္ဌက တစ်မျိုးပြောနဲ့ အချိန်မီပြင်ဆင်ရေး ဖြစ်မြောက် မထင်ပါဘူး။ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရာမှာ အခရာကျတဲ့ တပ်မတော်ကလည်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေ ကာကွယ်စောင့်ရှောင့်ရန်ကိုပဲ ကြုံကြိုက် တိုင်း ပြောဆိုနေပြီး ပြင်ဆင်ရေးကိစ္စ လုံးဝပြောဆိုသံမကြားရပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့်NLDကို အကြံပြုချင်တာက ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးဆွဲရေးကိစ္စကို ဇောင်းပေးမနေဘဲ ပါတီတည်ဆောက်ရေး၊ လူထုစည်းရုံးရေးအပေါ် ယခုအချိန်မှစပြီး အာရုံစိုက်ကြပါ။ အာဏာရပါတီနှင့် NLD ပါတီရဲ့ မှုဝါဒသဘောထား၊ ရပ်တည်ချက်မတူကြောင်း ပြည်သူလူထုသိရှိအောင် ဖော်ပြကြပါ။ အာဏရပါတီကြီးနဲ့အတိုက်အခံပါတီဟာကိစ္စတော်တော်များများမှာ တူလွန်နေရင်တော့ ရွေချယ်ရမည့်ပြည်သူများအတွက် ဇဝေဇဝါဖြစ်နိုင်ပါတယ်။ အာဏာရပါတီကို ထောက်ခံသင့်တဲ့နေရာမှာ ထောက်ခံ၊ တချို့နေရာတွင် ပြတ်ပြတ်သားသား ဝေဖန်ဆွေးနွေးကန့်ကွက်ရပါမယ်။ အာဏာရပါတီနှင့် ချစ်ကြည်ရင်းနှီးလွန်းရင် ပါတီခေါင်းဆောင်မတွက်ရော ပါတီအတွက်ပါ သိက္ခာကျစရာ ဖြစ်နိုင်ပါတယ်။ လေးစား၊ ခံ့ညား၊ ဂုဏ်သိက္ခာကြီးမားတဲ့ ပြည်သူများက ယုံကြည်အားထားရတဲ့ ပါတီကြီးတစ်ရပ်ဖြစ်အောင် ရပ်တည်ပြီး ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရေး ရည်မှန်းချက်ထားစေချင်တယ်။

အခုလောလောဆယ် NLD ဟာ ပါတီရဲ့ ဦးတည်ချက်များကို လျှောက်လှမ်းရာမှာ နည်းဗျုဟာအရ ဝေဝါး နေ ပါတယ်။ NLD ဘယ်လဲ၊ ဘာလဲဆိုပြီး ပြည်သူလူထုအများစုကြီးက မေးခွန်းထုတ်နေကြကြောင်းပါဗျာ။

ဝိုင်းတော်သားတစ်ဦး

From: .NewsWatchJournal

အဖမ်းခံနေရတဲ့ လက်မှတ်ရှိသူ မြန်မာတွေ ကုလကူညီမည်



မလေးရှားနိုင်ငံမှာ လက်ရှိအဖမ်းဆီးခံနေရတဲ့ မြန်မာ ပြည်သားတွေအထဲက ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ စာရင်းပေးသွင်းထားပြီး community card ရှိသူ တွေကို UN OPI (Outreach, protection and Intervention) ကယ်ဆယ်ရေးရုံးက ပြန်လည်လွတ် မြောက် အောင် ကြိုးပမ်းပေးမယ်လို့ သိရပါတယ်။


ကွာလာလမ်ပူမြို့ Chinese Assembly ခန်းမမှာ သြဂုတ်လ ၂၉ ရက်နေ့က မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာUN အရာရှိက community card ကိုင်ဆောင်ထားသူတွေကို လွတ်မြောက်အောင် လုပ်ပေးမယ်လို့ တရားဝင်ပြောဆိုခဲ့တာဖြစ်ကြောင်း ချင်းဒုက္ခသည်များကို အကူအညီပေးနေပြီး ကွာလာ လမ်ပူ Cheras အရပ်မှာနေထိုင်တဲ့ ဆလိုင်းကျော်ကျော်က အခုလိုပြောပါတယ်။

“communities တွေအားလုံးကိုခေါ်ပြီးတော့ OPI ဌာနဆိုတဲ့ သူတို့ထောင်မှာကျနေတဲ့သူတွေကို လိုက်လံထုတ်ပေးတဲ့ အဖွဲ့အစည်းကလူတွေ ကျနော့်ကို ပြောသွားပါတယ်ခင်ဗျ၊ အဲဒါကို community card တွေရှိတဲ့သူအားလုံးကို သူတို့အနေနဲ့ အဖမ်းခံရတယ်ဆိုရင် သတင်းပို့ပေးပါတဲ့၊ သူတို့ကို လိုက်လံ ထုတ်ပေးမယ်လို့ ပြောပါတယ်ခင်ဗျ၊ မြန်မာ community card တို့ ကရင် community card တို့ပေါ့ဗျာ၊ အဲဒီလိုမျိုး ကိုင်ထားတဲ့သူတွေအားလုံးကို ဆိုလိုတာပါခင်ဗျ”

ဒီလို community card ကိုင်ဆောင်ထားသူတွေဟာ ၂ဝ၁၃ ခုနှစ် မတ်လမတိုင်မီအထိ UNHCR မှာ စာရင်းပေးသွင်းထားသူတွေ ဖြစ်ရမှာဖြစ်ပြီး မိမိတို့community ခေါင်းဆောင်ကို သတင်းပို့ပြီး ဒီခေါင်းဆောင် ကနေ UNHCR ရုံးကို ထပ်မံသတင်းပို့ပြီး ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်ပေး မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မလေးရှားနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင် အထောက် အထား ပြုလုပ်ခွင့်ပေးပြီး နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုတဲ့ 6P (6 programs) အစီအစဉ်မှာ တရားဝင် အထောက် အထား မပြုလုပ်သူတွေကို နောက်ဆုံးပိတ်အဆင့် ၆ အနေနဲ့ အခုလို ဖမ်း ဆီးနေတာ ဖြစ်ပါတယ်။

ဒီ ၃ လကြာစီမံချက်အရ ယမန်နေ့က မလေးရှားနိုင်ငံတဝှမ်း နေရာ ၅ဝ ခန့်မှာ အထောက် အထား မဲ့ နိုင်ငံခြားသားတွေကို ရှာဖွေဖမ်းဆီးခဲ့ရာမှာ မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံသား ဦးရေ ၂၄၃၃ ဦးကို ဖမ်းဆီးခံခဲ့ရပြီး၊ ဒီအထဲမှာ မြန်မာပြည်သား ၅၅၅ ဦး ပါဝင်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Mr. Datuk Seri Ahmad Hamidi မစ္စတာ ဒါတက် ဆရီအာမက်က ပြောဆိုကြောင်းလည်း The Sun daily သတင်းအရ သိရပါတယ်။

From: RFA Burmese

ဦးဝင်းထိန် အားမိတ္ထီလာ မြို့ သူမြို့ သားများ မြို့ လုံး ကျွတ် စုပေါင်းဆန္ဒပြမည်

5.9.2013 ရက်နေ့ မိတ္ထီလာ အမတ် ဦးဝင်းထိန်အား မိတ္ထီလာမြို့ လုံး ကျွတ်ဆန္ဒပြမယ်လို့  သိရပါတယ်.
ဆန္ဒဖော်ထုတ်ဖို့  သက်ဆိုင်ရာ ကို စာတင်ထားတာလည်း ကျလာပြီလို့ သိရပါတယ်..

ဘာတွေကို မကျေနပ်လိုဆန္ဒ့ ပြတယ်..

ဘယ်လိုတွေ တောင်းဆိုတယ်ဆိုတာ ကိုတော့

ထပ်မံစုံစမ်းပြီး တင်ပေးပါ့မယ်.

From: မောင်ဖိုးအောင်

Credit : http://www.mmdailystar.com/2013/09/blog-post_9456.html

မန္တလေး ဈေးကွက်တွင် တရုတ်ပြည်မမှ ကုန်သည်များ ကိုယ်တိုင် လာရောက် ၀ယ်ယူမှုကြောင့် ကျောက်စိမ်းဈေးများ အဆမတန် မြင့်တက်နေ



မန္တလေး ဈေးကွက်တွင် တရုတ်ပြည်မမှ ကုန်သည် များ ကိုယ်တိုင်လာရောက် ၀ယ်ယူမှုကြောင့် ကျောက် စိမ်းဈေးများ အဆမတန် မြင့်တက်နေ ကြောင်း သိရသည်။


''တရုတ်ပြည်မထဲက ကုန်သည်တွေ ကိုယ်တိုင် မန္တလေး ဆင်းဝယ်နေတဲ့ အတွက် မြန်မာ ကုန်သည် တွေ နယ်စပ်မှာ ဈေးမရတော့ဘူး။ အဲတော့ မန္တလေးကို ပြန်သယ်လာပြီး ရောင်းတာ။ တချို့ လည်း အရင်း၊ မြတ် တဲ့သူလည်း မြတ်တာပေါ့။ တချို့ကုန်သည်တွေ ကျလည်း သယ်ယူစရိတ် မတတ်နိုင်လို့ ရွှေလီမှာတင် သောင်တင်နေတာ။ အရှုံးခံပြီးလည်း မရောင်းနိုင် ကျောက်ထဲ ငွေအောင်းနေတော့ ကျောက်ဈေးသာ မြောက်နေတာ ငုတ်တုတ် ထိုင်နေရတာလည်း ရှိတယ်'' ဟု ရွှေလီ(နယ်စပ်) သို့ တင်ပို့နေသည့် ဦးလင်းက ဆိုသည်။

''ကိုယ့်ပြည်တွင်းထွက် ပစ္စည်းကို လက်ကုန်နှိုက် လာဝယ်နေတော့ မြန်မာကုန်သည်တွေ ဘယ်လိုမှ ဈေးမ ယှဉ်သာတော့ဘူး။ သူတို့တွေရဲ့ နယ်စပ်(တရုတ်) သယ်ယူမှု လမ်းကြောင်းကို ကြည့်ရင်လည်း လက်တစ် လုံးခြားနဲ့ သယ်နေတာ ကျောက်တစ်လောကလုံး သိတယ်။ တရားဝင် အခွန်ဆောင်ပြီး သယ်ခွင့်ပြုထားတာ စီ၊ ဒီ အဆင့် ကျောက်တွေပါ။ ဒါပေမဲ့ အေ၊ ဘီ အဆင့် ကျောက်တွေလည်း သယ်နေတာပဲ။ မန္တလေးမှာ အမြဲတမ်းနေတဲ့ တရုတ်တွေနဲ့ ရောနေတော့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ တရုတ်ကုန်သည်တွေ ၀င်ရောက်မှုကို မစိစစ် နိုင်သေးသမျှတော့ ပြည်တွင်း ကုန်သည်တွေက တရုတ်အကျန်ဈေးပဲ ရနေဦးမှာ'' ဟု ဆက်လက် ပြောကြားသည်။

လတ်တလော ဈေးကွက်တွင် ကျောက်စိမ်း အရိုင်းတုံးများ စိတ်ဝင်စား ၀ယ်ယူမှုပိုမိုများနေကာကျောက်စိမ်း လက်ကောက်ဈေးငြိမ်ကာ အရောင်းဝယ် ကောင်းနေကြောင်း၊ နယ်စပ်သို့ တင်ပို့ရာတွင် လွှာချပ်၊ ကျောက် စိမ်းတုံး တင်ပို့မှု အားကောင်းနေကြောင်း သိရသည်။

Eleven Media Group

အဲယားကွန်းပါသော ဂျပန် RBE ရထားအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရန် စီစဉ်



အတွဲလိုက် အင်ဂျင်ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ် ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရ သည်။


ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား စက်တင်ဘာ ၁ ရက်က ရန်ကုန် မြို့အတွင်း စမ်းသပ်ပြေးဆွဲလျက် ရှိနေကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ''အခုရောက်ရှိနေတဲ့ RBE ရထားတွဲက ဂျပန်နိုင်ငံမှာ သုံး ပြီးသားကို ၀ယ်ယူထားတာ ဖြစ်ပေမယ့် အားလုံး အကောင်းအတိုင်းပါပဲ။ ရထားတွဲက ၁၀ တွဲပါတယ်။ အား လုံးမှာ အင်ဂျင်တပ်ထားတယ်။ ဂျပန်နိုင်ငံက ရထားလမ်း စနစ်နဲ့ဆိုရင်တော့ တစ်တွဲမှာ တစ်မြို့နယ်စီ တင် ပြီးတော့ တစ်ဂိတ်ကို တစ်တွဲဖြုတ်နိုင်ပေမယ့် ကျွန်တော်တို့ စီမှာတော့ မရနိုင်သေးဘူး။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်အောင် နောက်ပိုင်းတွေ စီစဉ်မှာပါ'' ဟု ပြောကြားသည်။

စမ်းသပ်ပြေးဆွဲရာတွင် ရန်ကုန်မြို့ပတ် ရထားလမ်း အခြေအနေနှင့် ကိုက်ညီမှု မရှိသေးသော နေရာများ တွေ့ ရှိခဲ့ရပြီး ပြင်ဆင်မှုများ ပြုလုပ်သွားပြီး စတင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ဦးရဲလွင်က ပြောကြားခဲ့ သည်။

RBE ရထားတွဲအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရာတွင် တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်သည့်အပြင် ကျိုက်ထီးရိုးသို့ ပို့ဆောင်မည့် လမ်းကြောင်းများပါ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဈေးနှုန်း မသတ်မှတ် ရသေးကြောင်း သိရသည်။

ဦးရဲလွင်က ''သီတင်းကျွတ်က ရောက်တော့မယ်။ ကျိုက်ထီးရိုးကို ပြေးဆွဲဖို့လည်း စီစဉ်နေတယ်။ ရန်ကုန် ကိုရောက်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကလည်း ရထားနဲ့ သွားချင်တာ ဖြစ်တဲ့အတွက် ပို့ဆောင်ဖို့ စီစဉ် နေပါတယ်'' ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ရထားလမ်း ပို့ဆောင်ရေး စနစ်များအတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ၂၀၁၂ ခုနှစ် နှစ်ကုန်းပိုင်းမှ သဘောတူညီမှု ရရှိခဲ့သည့်အတွက် ရထားလမ်းများအား ဂျပန်နိုင်ငံရှိ ပညာရှင်များနှင့် ရထားလမ်း စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ်

Eleven Media Group

ပြစ်မှုကျူးလွန် သူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အမှုမဖွင့်ပေးခြင်း တို့နှင့်ပတ်သက်၍ တိုင်ကြားလာမှုကြောင့် ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သတင်းရရှိသည်။


ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာ တပ်ဆင်ရာ၌ ရဲစခန်းအတွင်းရှိ ပြည်သူများ အမှုလာရောက် တိုင်တန်းသည့် နေရာနှင့် ကျူးလွန်သူများကို အမှုစစ်ဆေးသည့် နေရာများတွင်အဓိကတပ်ဆင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်အေးက ပြောကြားခဲ့သည်။



''ကျွန်တော့် ခရိုင်အတွင်းမှာရှိတဲ့ ရဲစခန်းတွေမှာတော့ သြဂုတ်အတွင်းက စပြီးတော့ CCTV ကင်မရာတွေ တပ်ဆင်နေပါတယ်။ စက်တင်ဘာလ အတွင်းမှာ ပစ္စည်းရရှိမှုအပေါ် မူတည်ပြီးတော့ အပြီးတပ်ဆင် သွားပါ မယ်။ တပ်ဆင်ရခြင်းရဲ့ အကြောင်းအရင်းကတော့ အမှုစစ်ဆေးတဲ့ အခါမှာ စွပ်စွဲမှုတွေ တိုင်ကြားမှုတွေ ရှိလာတဲ့အတွက် အထင်အမြင် လွဲမှားမှုတွေ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တိုင်ကြားလာခဲ့ရင်လည်း သက်သေရရှိဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ မတော်တဆ လွဲမှားမှုလေးတွေ မဖြစ်စေချင်လို့ ဖြစ်ပါတယ်'' ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားခဲ့သည်။


ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာတွေ တပ်ဆင်မှုနှင့် ပတ်သက်၍လည်း အနောက်ပိုင်းခရိုင် ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က '' အမှုလာတိုင်တဲ့ အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက အမှုမဖွင့်ပေးဘူး။ ပြစ်မှုကျူးလွန်တဲ့ သူတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ ရှိတယ်လို့ တိုင်ကြားလာမှုကြောင့် အမှုလက်ခံ ဆောင်ရွက်ပေးတဲ့ နေရာနဲ့ အမှုစစ်တဲ့ အခန်းတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ရတာ ဖြစ်ပါတယ်။ အချို့တိုင်ကြား မှုတွေကလည်း မဟုတ်မမှန် တိုင်ကြားမှုတွေ ရှိနေတယ်။ အဓိကကတော့ ပြည်သူတွေကို ပွင့်လင်းမြင်သာမှု ရှိစေဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန် ၂၈ ရက်က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်ပြီး ပန်းရောင်းသူ မပိုး ပိုးမွန်မှာ နေအိမ်ခုတင်ပေါ်၌ ဓားဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်စဉ်တွင် ကျူးလွန်သည်ဟု သံသယရှိသူ ကို ရဲတပ်ဖွဲ့မှ ဘုရင့်နောင် ရဲစခန်းရှိ စစ်ကြောရေးခန်းမ၌ စစ်ဆေးနေစဉ် ဇူလိုင် ၈ ရက် နံနက် ၃ နာရီခွဲတွင် ရုတ်တရက် မေ့မြောလဲကျပြီး အင်စိန်ဆေးရုံသို့ ပို့နေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်သား အဆင့်မှ ဒုတိ ယရဲမှူးကြီး အဆင့်ထိ အရေးယူခဲ့ကြောင်း သိရသည်။

Eleven Media Group

တာချီလိတ် မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်းကျော် ဖမ်းဆီးရမိ



သြဂုတ် ၃၁ ရက် ညနေပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) အုပ်စု၊ ပါခုတ် ပူးပေါင်းစစ်ဆေးရေး စခန်း ၌ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈၄ သိန်း (တန်ဖိုး ငွေကျပ် ၁၉၆၈ သန်း)ကိုဖမ်းဆီးရမိ ခဲ့ကြောင်းမြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။


ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၃ နာရီခွဲ ခန့်က တာချီလိတ် မူးယစ် (အထူး) တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပါ ခုတ်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်မှ ယာဉ်မောင်းအိုက်အွမ် (၃၀ နှစ်) မောင်းနှင်လာ သည့် တိုယိုတာ ဒိုင်နာယာဉ်၊ အမှတ် ၉ဂ /_____အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နောက် ဘော်ဒီကြမ်း ခင်း နှစ်ထပ်အံဝှက်အတွင်း လျို့ဝှက်သယ်ဆောင် လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈၄ သိန်း ပြား (တန်ဖိုးငွေကျပ် ၁၉၆၈ သန်း)အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဆက်လက်ပြီး အိုက်အွမ်နေထိုင်ရာ မိုင်းဖုန်း (ခ) အုပ်စု၊ ၀မ်တုံကျေးရွာရှိ နေအိမ်အား စစ် ဆေး ရှာဖွေရာ နေအိမ်အိပ်ခန်းထဲမှ အမေရိကန်ဒေါ်လာ ၂၆၈၀၀ အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ချက် အရ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ စီဝမ်း (၁) ရွာနေ အိုက်စံမှ အိုက်အွမ်အား မိုင်းဖုန်း (ခ) အုပ်စု လွန်းကျိုင်းကျေးရွာသို့ ထိုင်းဘတ်ငွေ ၁၀ သန်းဖြင့် ပို့ဆောင် ပေး ခိုင်း ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများကို ပို့ဆောင်ခိုင်းသူ အိုက်စံနှင့် ပို့ဆောင်ပေးသူ အိုက်အွမ်တို့အား တာချီလိတ် မြို့မရဲစခန်းမှ မယ (ပ) ၁၀၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ် မြို့မရဲစခန်းသို့ စက်တင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ တာဝန်မှူး ဒုရဲအုပ်တစ်ဦးမှ ဖြေပေးနိုင်မည့် အရာရှိမှာ အပြင်ထွက် သွားသဖြင့် ပြောခွင့်မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

Eleven Media Group

အခြေခံစက်ရုံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် ခိုင်းစေမှုများ ရှိကြောင်း ပူးပေါင်းကော်မရှင် အစီရင်ခံစာတွင် ဖော်ပြ



အလုပ်သမားနှင့် အလုပ်ရှင် အခွင့်အရေးအတွက် စက်ရုံအလုပ်ရုံများကို ကွင်းဆင်း လေ့လာရာတွင် အခြေ ခံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထား ဖြင့် အလုပ်ခိုင်း စေ သည့် စက်ရုံများရှိကြောင်း ပြည်ထောင်စု လွှတ်တော်၊ အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာ ရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။


ယင်းအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်ပိုင် စက်ရုံအချို့သည် လုပ်သားများအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများ ရှိသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်း ထား သည်။

ပူးပေါင်း ကော်မရှင်သည် အလုပ်သမား အလုပ်ရှင် အခွင့်အရေးများကို လေ့လာခဲ့ပြီး ပြည်ထောင်စု လွှတ် တော်သို့ တင်သွင်းရာတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ အား ပဏာမ စစ်ဆေးပြီးနောက် စက်ရုံအလုပ်ရုံ ၇၉ ရုံအား ကွင်းဆင်း လေ့လာကာ တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားတင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကော်မရှင် အစီရင်ခံစာ၏ အလုပ်ချိန် သတ်မှတ်ခြင်းနှင့် အချိန်ပို သတ်မှတ်မှုတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိ ချက် အပိုင်းတွင် အလုပ်သမားများအား ''နေ့လယ် ထမင်းစားချိန် ၁ နာရီ သို့မဟုတ် ၄၅ မိနစ်မှလွဲ၍ နံနက် ၈ နာရီမှ ည ၈ နာရီ ၄၅ မိနစ်အထိ ၁၂ နာရီခန့် ရပ်လျက် အနေအထားဖြင့် အလုပ်လုပ် ကြရသည်ကို လေ့ လာရှိရသည်'' ဟု ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းကိစ္စမှာ ILO Convention 1, Article 2 နှင့် ဆန့်ကျင်ပြီး အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်း တွေ့ရှိရသည်ဟု လည်းကောင်း၊ ထို့အတွက် အလုပ်သမား အတော်များများမှာ ကျန်းမာ ရေး ချို့တဲ့ပြီး စိတ်ဓာတ်အင်အား လျော့ကျနေသည်ကို တွေ့မြင်ခဲ့ရသည် ဟုလည်း ဆက်လက်၍ အစီ ရင်ခံစာ တွင် ထည့်သွင်းထားသည်။

အလုပ်သမားအဖွဲ့ ဖွဲ့စည်းခြင်း၊ အလုပ်သမား အလုပ်ရှင် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အလုပ်သမား အ လုပ်ရှင် ဆက်ဆံရေး အခြေအနေတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိချက် အပိုင်းတွင်လည်း နိုင်ငံခြားသား အ လုပ်ရှင် အချို့သည် နိုင်ငံခြားသား ပညာရှင်များနှင့် အလုပ်ကြပ်များ ဖြစ်သော Leader, Supervisor များ ခန့်ထားမှုကြောင့် ဆက်ဆံရေး ပြေပြစ်မှုမရှိခြင်း၊ မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်း စေခြင်းများကြောင့် ပြဿနာများ အစပြု အခြေတည်လာကြောင်း တွေ့ရှိရသည် ဟုလည်း ထည့်သွင်းထား သည်။

ထို့ထက်ပို၍ လုပ်ခလစာ ပိုင်းတွင်လည်း စက်ရုံအလုပ်ရုံများသည် အခြေခံလုပ်ခ နေ့တွက်ကို အလွန်အမင်း နှိမ့်ထားပြီး နှိမ့်ထားသည့် အခြေခံ လုပ်အားခဖြင့် အချိန်ပိုလုပ်ခကို အခြေခံ တွက်ချက် ပေးချေသည့် အ တွက်လည်း အချိန်ပိုမှာ နည်းပါးကြောင်း၊ ထိုသို့ ပြုလုပ်ကာ အချိန်ပိုကြေးကို တမင်နည်းအောင် လုပ်ထား သည်ဟုလည်း ထည့်သွင်း ထားသည်။

လုပ်ခပြဿနာ အတွက် အနည်းဆုံး လုပ်ခလစာကို သတ်မှတ်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် စက်ရုံအ လုပ်ရုံများ လုပ်အားခ ပေးရာတွင် လုပ်သားများ၏ အခြေခံလစာမှာ တစ်လလုံး ပျက်ရက်လုံးဝမရှိ၊ အ ထည်ချုပ် စက်ရုံများဆိုလျှင် သတ်မှတ်ထားသည့် အထည်အရေအတွက် အပြီးချုပ်နိုင်မှု စသည်တို့အတွက် အပါအ၀င်ဆိုမှ တစ်လလျှင် ကျပ် ၄၇၀၀၀ နီးပါးသာ ရကြောင်းလည်း သိရသည်။

သြဂုတ် နောက်ဆုံးပတ်က လှိုင်သာယာ စက်မှုဇုန်ရှိ မင်းဇာနည်
အအေးခန်းစက်ရုံမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေစဉ်
(ဓာတ်ပုံ-သက်မျိုးမင်း)

Eleven Media Group

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒ ပြသူများကို တရားစွဲဆိုထားမှုတွင် ရုံးချိန်းပေါင်း ၁၃၀ ကျော် ခေါ်ယူထား

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒပြသူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ထားမှုတွင် ပါဝင်လှုပ်ရှားသူ များကို ရုံးချိန်းပေါင်း ၁၃၀ ကျော် ခေါ်ယူထားပြီး သက်သေ တစ်ဝက်ကိုသာ စစ်ဆေးဆဲ ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက စက်တင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။


၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင်ငြိမ်းချမ်း ရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့သူများအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့သည်။

ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများအား တရားစွဲဆို ထားမှုသည် တစ်နိုင်ငံလုံး ၁၃ ဦး ရှိကြောင်းသိရ သည် ။ အဆိုပါ တရားစွဲဆို ခံထားရသူများတွင် တောင်ကြီးမြို့မှ တရားစွဲခံရ သူများကိုသာ ဒဏ်ငွေဖြင့် စီရင်ချက်ချခဲ့ပြီး ကျန်လူများမှာ ကြန့်ကြာနေကြောင်း သိရသည်။

''စမ်းချောင်းမြို့နယ်မှာ မမေစပယ်ဖြူတို့ နှစ်ယောက်အမှုဆိုရင် အနောက်ပိုင်းခရိုင် တရားရုံးမှာ သက်သေ ၂၀ ကျော် စစ်ရမှာကို ဆယ်ယောက်ကျော်ပဲ စစ်ရသေးတယ်။ အရှေ့ပိုင်းခရိုင် တရားရုံးမှာဆိုရင် သက် သေ ၃၅ ယောက် စစ်ရမယ်။ အခု ဆယ်ယောက်လောက်ပဲ စစ်ပြီးသေးတယ်။ အဲဒီတော့ တရားလိုပြ သက် သေတွေကို စစ်မပြီးသေးတာနဲ့ပဲ အမှုက ရှေ့တိုးလို့လဲမရ ကျန်တဲ့အမှုတွေကလည်း လူမစုံ ဘာမစုံနဲ့ သွား ပြီး ရုံးချိန်း တက်နေရတယ်။ တရားရုံးတွေကို တစ်လမှာ ရှစ်ခါလောက် ပတ်နေရတယ်။ အဲဒီတော့ အချိန် ကုန်၊ ခရီးစရိတ်ကုန် ဖြစ်နေတယ်။ တစ်နှစ်အတွင်းမှာ ဒီလူတွေက တစ်နှစ်အတွင်း ရုံးချိန်း ၁၃၀ ကျော် တက်ပြီးသွားပြီ။ တရားလိုပြ သက်သေတွေကလည်း သက်သေ လိုက်ခိုင်းလို့သာ လိုက်ရတဲ့သဘောမျိုး ဖြစ်နေတယ်။ တချို့ကဆို အဲဒီနေ့မှာ ရှိတောင်မရှိဘူး။ တချို့ကလည်း ရက်စွဲတောင် မသိတာရှိတယ်'' ဟု ဒေါ်ခွန်ဂျာက ဆိုသည်။

Eleven Media Group

အလုပ်ရှာဖွေ လိုသူများ အနေနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ကြည့်ကာ အွန်လိုင်းမှတစ်ဆင့် ရှာဖွေနိုင်ရန် အလုပ်သမား ၀န်ကြီးဌာန ဆောင်ရွက်နေ



အလုပ်ရှာဖွေသူများ အနေနှင့် အလုပ်အကိုင် အခွင့် အလမ်းများကို အွန်လိုင်းမှ တစ်ဆင့်ဝင်ရောက် ကြည့် ရှုပြီး အလုပ်ရှာဖွေနိုင်ရန် အလုပ်သမား ၀န်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားခဲ့သည်။


ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် အလုပ်အကိုင် အခွင့်အ လမ်းပြပွဲ ဖွင့်ပွဲတွင် ၎င်းက ယခုကဲ့သို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

၎င်းက အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် လုပ်သားဈေးကွက် ဆိုင်ရာ အချက်အလက် များ ကို အလုပ်ရှာဖွေသူများ အနေနှင့် အွန်လိုင်းမှ ၀င်ရောက်ကြည့်ရှုကာ လွယ်ကူစွာ အလုပ်ရှာဖွေ နိုင်ရန် အတွက် (Online Labour Exchange Management System) တစ်ရပ်ကို တည်ထောင်နိုင်ရန် ကြိုးပမ်း နေကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ၀န်ကြီးက မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုကို လျော့ချနိုင်ရန် အလုပ်လုပ်နိုင်သူတိုင်း အလုပ် အကိုင် ရရှိရေးမှာ အရေးပါသည်ဟု ဆိုသည်။

ဝန်ကြီးဌာနနှင့် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ပူးပေါင်းပြီး အလုပ်အကိုင် ပြပွဲများ ကျင်းပပေးခြင်း ဖြင့် အလုပ်ရှာဖွေလိုသည့် လူငယ်များ အနေနှင့် တစ်နေရာတည်းတွင် One Stop Service ဖြင့် အလုပ် အကိုင် ရရှိနိုင်သည်ဟု သိရသည်။

အလုပ်အကိုင် ပြပွဲများကို ရန်ကုန်မြို့တွင် ငါးကြိမ်၊ မန္တလေးမြို့တွင် နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး လာရောက် အ လုပ်လျှောက်ထားသူ ၇၅ ရာခိုင်နှုန်းခန့် အလုပ်ရရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မန္တလေး အလုပ်အကိုင်ပြပွဲသို့ မန္တလေးမြို့ပေါ်မှ သာမက အခြားဒေသများမှ စိတ်ဝင်စားသူ များပါ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံရှိ လူငယ်အများစုမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးမှု၊ လုပ်ငန်း ခွင်ဆိုင်ရာ အခွင့်အရေး နည်းပါးမှုများကြောင့် အလုပ်အကိုင် ပြပွဲများတွင် စိတ်ဝင်စား လျှောက်ထားသူ များစွာရှိပြီး အလုပ်ရှိပြီးသား သူများပင် ပါဝင်လျက်ရှိသည်။

Eleven

မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် MA 60 ကို ပြင်သစ်လေယာဉ်ဖြင့် အစားထိုးရန် မြန်မာ့လေကြောင်းစီစဉ်

ကမ္ဘာ့နိုင်ငံအများအပြားတွင် လေယာဉ် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် တရုတ်နိုင်ငံ ထုတ် MA 60 သုံးစင်းကို ပြင်သစ်နိုင်ငံထုတ် ATR72 – 500 သုံးစင်းဖြင့် အစားထိုးသွားမည်ဟု ကမ္ဘာ့ခရီး သွားလုပ်ငန်း သတင်းများဖော်ပြလျက်ရှိသည့် eTurbo News အင်တာနက်စာမျက်နှာတွင် ဖော်ပြထား သည်။


အစားထိုးအသုံးပြုမည့် ပြင်သစ်နိုင်ငံလုပ် ATR72 – 500 သုံးစင်းမှာ ငါးနှစ်သက်တမ်းရှိပြီဖြစ်ပြီး အမေရိ ကန်ဒေါ်လာ ၁၂ သန်းခန့် ကုန်ကျမည်ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်းများတွင် အသုံးပြုနေသည့် MA 60 လေယာဉ်နှစ်စင်း မှာ ဟိုက်ဒရောလစ်ဘရိတ်စနစ် ချို့ယွင်းမှုကြောင့် ယခုနှစ်အတွင်း နှစ်ကြိမ်တိုင် လေယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့သည်။

ယခုနှစ် မေလ ၁၆ ရက်တွင် ရှမ်းပြည်နယ် မိုင်းဆတ်လေဆိပ်သည် ဆင်းသက်လာသည့် MA 60လေယာဉ် မှာ ဘီးချော်သွားခဲ့သည့်အတွက် ပြေးလမ်းအပြင်ဘက် ကိုက် ၂၀၀ အကွာရှိ ခြံစည်းရိုးအားဝင်တိုက် ခဲ့ သည့်အတွက် လူနှစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့သည့်အပြင် လေယာဉ်ပန်ကာဒလက်များလည်း ပျက် စီးသွားခဲ့ရသည်။

ထို့အတူ ယခုနှစ်ဇွန်လ ၁၀ ရက်က မော်လမြိုင်နှင့် ကော့သောင်းအကြား ပြေးဆွဲနေသည့် MA 60 လေ ယာဉ် တစ်စင်းမှာ ကော့သောင်းလေဆိပ်တွင် ဆင်းသက်စဉ်ဘီးချော်ကာ ပြေးလမ်းနှင့် ၆၅ ကိုက်အကွာရှိ ခြံစည်းရိုးအား ၀င်တိုက်မိခဲ့သည်။ ယင်းလေယာဉ်တွင် ခရီးသည် ၅၅ ဦးလိုက်ပါလာသော်လည်း ဒဏ်ရာရရှိ မှု တစ်စုံတစ်ရာမရှိခဲ့ပေ။

ထို့ကြောင့် နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် နိုင်ငံတကာ မြန်မာ့လေကြောင်းအနေဖြင့် MA 60 လေယာဉ် များအား အသုံးမပြုတော့ဟု ဇွန်လ ၁၁ ရက်တွင် တရားဝင်ကြေညာခဲ့ရသည်။

မြန်မာပြည်တွင်းတွင် အသုံးပြုနေသည့် MA 60 လေယာဉ်သုံးစင်းအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ၀ယ် ယူရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ် စက် တင်ဘာလတွင် ကူမင်းမှတစ်ဆင့် မြန်မာ နိုင်ငံ အတွင်းသို့ သယ်ဆောင်ခဲ့သည်။

အဆိုပါ MA 60 လေယာဉ်များမှာ တရုတ်နိုင်ငံရှိ Xian လေယာဉ်တည်ဆောက်ရေးလုပ်ငန်းကော်ပိုရေးရှင်း (Xi’an Aircraft Industrial Cooperation) မှ ထုတ်လုပ်နေခြင်းဖြစ်ပြီး၊ ၂၀၀၀ ခုနှစ်ဇွန်လတွင်တရုတ်နိုင်ငံ ရှိ အရပ်ဘက်လေကြောင်းအာဏာပိုင်များမှ လေကြောင်းပြေးဆွဲခွင့်လက်မှတ် ထုတ်ပေးခဲ့ရာ ယင်းနှစ်တွင် ပင် Sichuanလေကြောင်းလိုင်းမှ စတင်အသုံးပြုခဲ့သည်။

သို့သော် အမေရိကန်နှင့် အခြားနိုင်ငံများမှ လေကြောင်းအာဏာပိုင်များမှ လုံခြုံရေးအရ စိတ်မချရသည့် အတွက်လေကြောင်းပြေးဆွဲခွင့် လက်မှတ်များ ထုတ်မပေးခဲ့ချေ။

ထို့ကြောင့် MA 60 လေယာဉ်များအား အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည့် မြန်မာ၊ ဖိလစ်ပိုင်နှင့် အင် ဒိုနီရှားနိုင်ငံတို့မှ လေကြောင်းကုမ္ပဏီများအပြင် ဘိုလီဗီးယားနိုင်ငံရှိ လေကြောင်းလုပ်ငန်းများမှ ၀ယ်ယူအ သုံးပြုခဲ့ရာ မတော်တဆမှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်ဟုသိရသည်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ Zest လေကြောင်းလိုင်းမှ အသုံးပြုနေသည့် MA 60 လေယာဉ် မှာ Caticlan လေဆိပ်တွင် ပြေးလမ်းချော်သွားခဲ့သည့်အတွက် ကွန်ကရိအတားအဆီးတစ်ခုနှင့် ၀င်တိုက်မိရာ ခရီးသည် အများအပြားဒဏ်ရာ ရရှိခဲ့သည့်အပြင် လေယာဉ်မှာလည်း ပျက်စီးသွားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံကော့သောင်းလေဆိပ်တွင် မတော်တဆမှုဖြစ်ပွားခဲ့သည့်နေ့ (ဇွန်လ ၁၀) ရက်တွင်ပင် အင်ဒိုနီးရှားနိုင်ငံပိုင် Merpati Nusantara လေကြောင်းလိုင်းမှ ပြေးဆွဲနေသည့် MA 60 လေယာဉ်မှာ လည်း Kupang ခရိုင်မြို့တော်Nusa အရှေ့ပိုင်းလေဆိပ်တွင် စက်ချို့ယွင်းသွားခဲ့သည့်အတွက် လေယာဉ် မတော်တဆမှု ဖြစ်ပွား ခဲ့သည်။ ယင်းလေယာဉ်ဖြင့် လိုက်ပါလာသူပေါင်း ၅၀ ခန့်ရှိပြီး ခရီးသည်တော်တော် များများ ဒဏ်ရာရရှိသွားခဲ့ သည်ဟု လေဆိပ်အာဏာပိုင်များမှ အတည်ပြုပြောကြားခဲ့သည်ဟု အိန်္ဒိယနေ့ စဉ်သတင်းစာတွင် ဖော်ပြထားသည်။

မဇ္ဈိမ

ပြည်နယ်အစိုးရသို့ ဘတ်ဂျက် ၅၀ ရာခိုင်နှုန်းခွဲဝေပေးရန် ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုလွှတ်တော် နာယက ထံတောင်းဆို

ပြည်ထောင်စု အစိုးရမှ ဘတ်ဂျက် ခွဲဝေပေးရာတွင် ခုနစ်ရာခိုင်နှုန်းသာရရှိသဖြင့် ၅၀ ရာခိုင်နူန်းအထိ တိုး မြှင့်ပေးရန် ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုလွှတ်တော် နာယကထံတွင်တောင်းဆိုလိုက်သည်။


စက်တင်ဘာ ၂ ရက်က ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တောင်ကြီးမြို့၌ တွေ့ဆုံစဉ်တွင် ရှမ်းပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်းက တောင်းဆိုခြင်းဖြစ်သည်။

လုပ်ပိုင်ခွင့်အာဏာများ မျှဝေပေးရန်၊ ဗဟိုဦးစီးမှုစနစ် လျှော့ချပေးရန်၊ ဖက်ဒရယ်စနစ်ကိုဖြစ်အောင်ဆောင် ရွက်ပေး ရန်တို့ကိုလည်း တောင်းဆိုသည်။

ထိုင်းတွင်ရွှေ့ပြောင်းလုပ်ကိုင်နေရသော ရှမ်းတိုင်းရင်းသားများ ပြန်လည်ရောက်ရှိလာပါကလည်း မှတ်ပုံ တင် ရရှိအောင် ဆောင်ရွက်ပေးရေးကိုလည်း ဆွေးနွေးသည်။

ရှမ်းပြည်နယ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကလည်း မှတ်ပုံတင်တွင် တိုင်းရင်းသားလူမျိုးအ မည်မှန်ဖြစ်ပေါ်အောင် ဆောင်ရွက်ပေးရန်၊ ရှမ်းပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါးပြဿနာများ၊ တိုင်းရင်း သားတို့ တောင်းဆိုေ၏နသည့် ဖက်ဒရယ်မူဝါဒ၊ ၂၀၀၈ ဖွဲ့စည်းပုံနှင့် လေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်နေမှုများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများနှင့် လယ်ယာမြေပြဿနာများ ဆွေးနွေးမေးမြန်း သည်။

သူရဦးရွှေမန်းက ပြည်သူ့အသံများ ကို ကြားသိမြင်တွေ့ပြီးဆောင်ရွက်ပေးဖို့ရောက်ရှိလာခြင်းဖြစ်ကြောင်း အခက်အခဲများကိုလည်း ညှိနှိုင်းပြီးဆောင်ရွက်ပေးဖို့ ရောက်ရှိလာကြောင်း၊ပြည်သူကရွေးချယ်တင်မြှောက် ထားသော အစိုးရအဖွဲ့၊ ပြည်သူ့ကိုယ်စားလှယ်များ ရှိနေသဖြင့် ပွင့်ပွင့်လင်းလင်းတင်ပြပေး စေလိုကြောင်း ပြောသည်။

ဖက်ဒရယ် မူဝါဒသဘောထားနှင့်ပတ်သက်ပြီး “ဖက်ဒရယ်က အတော်လေးအသံကျယ်နေပါတယ်၊ ဖက်ဒ ရယ် မရဘူးဆိုရင် ငြိမ်းချမ်းရေးအတွက် ခက်ခဲမယ်၊ ဖက်ဒရယ်မရဘူးဆိုရင် တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခက်အခဲဖြစ်စေမယ်၊ ဖက်ဒရယ်မရဘူးဆိုရင် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အခက်အခဲဖြစ်မယ်ဆိုတဲ့စကားတွေ အသင့်အတင့်မှန်တဲ့ အတွက် ပေးထားချက်တွေပေါ် မူတည်ပြီးတော့ ထိုက်သင့်တာတွေကို ဆောင်ရွက်မယ်၊ ဘယ်သူ့မှာ တာဝန်ရှိလဲဆို သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ အားလုံးမှာဥပဒေ အပေါ် မူတည်ပြီး တာဝန်ရှိပါ တယ်” ဟု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုသည်။

ပြည်ထောင်စုလွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဒေါ်နန်းငွေက “ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်နယ်အသီးသီးမှ တစ်ဦးစီတင်ပြချက်များဟာ ပြည်သူ တွေ လိုအပ်ချက်များ ဖြစ်နေလို့ အမှန်တကယ်ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်” ဟု မဇ္ဈိမကို ပြောဆို သည်။

ပြည်ထောင်စုလွှတ်တော်ဥက်္ကဋ္ဌ ဦးသူရရွှေမန်း တောင်ကြီးတွင်တွေ့ဆုံပွဲသို့ တိုင်းရင်းသားစာပေ ယဉ်ကျေး မှုအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဦးစီးဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ရှမ်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်း သားပါတီများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ရပ်ကွက်အထောက်အကူပြု ကော်မတီဝင်များ၊ အစိုးရဌာန ဆိုင်ရာများ ၊ ပြည်သူများစုစုပေါင်း ၅၀၀ ကျော်တက်ရောက်ခဲ့သည်။

မဇ္ဈိမ

မြေမြှုပ်မိုင်းရှင်းလင်းရေးအပါအ၀င် အခြားပြည်နယ်တွင်းကိစ္စများ ဆွေးနွေးရန် ကရင်လက်နက်ကိုင်အဖွဲ့များတွေ့မည်

မြေမြှုပ်မိုင်းရှင်းလင်းရေးအပါအ၀င် မူးယစ်ဆေးဝါးကိစ္စများ၊ အခြားပြည်နယ်တွင်း ကိစ္စများဆွေးနွေးနိုင်ရန် အတွက် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ တတိယအကြိမ်အဖြစ် စက်တင်ဘာ ၃ ရက်တွင်တွေ့ဆုံမည်ဖြစ်သည်ဟု DKBA ကလိုထူးဘောစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်း အောင်ကပြောသည်။


ဆွေးနွေးပွဲတွင် လတ်တလော ကရင်ပြည်နယ်တွင်း ဖြစ်ပျက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအကြား မပြေလည်မှုများ၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီ ကြုံတွေ့နေရသည့် အခက်အခဲများအပြင် ပုံမှန်ဆွေးနွေးနေသည့် အခြား အချက်အလက်များလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟုသိရသည်။

ဆွေးနွေးပွဲကို ကရင်ပြည်နယ် မြ၀တီခရိုင် ရွှေကုက္ကိုမြိုင်ကျေးရွာတွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်မှူးကြီးစော ဆန်းအောင် က “ဆွေးနွေးပွဲမှာတော့ အကုန်လုံးကိုထည့်သွင်းပြီး ပြောသွားမှာပါ။ တပ်ဖွဲ့တွေအကုန် နိုင်ငံရေးနဲ့ ပတ်သက်တာတွေမှာရော၊ အခြားကရင်ပြည်နယ်တွင်း ဒေသအကျိုးပြုတွေရော၊ ပူးပေါင်း လုပ် နိုင် အောင်ဆွေးနွေးသွားမယ်” ဟု ပြောကြားခဲ့သည်။

ကရင်ပြည်နယ်တွင်း လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဒေသတွင်းကိစ္စများဖြေရှင်းရန် ညီညွှတ်ရေး ကော်မတီများ၊ လုပ်ငန်းကော်မတီများဖြင့် ဆောင်ရွက်ခြင်း၊ မြေမြှုပ်မိုင်းရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါး ကင်းစင်စေရန် လုပ်ဆောင်ခြင်း၊နိုင်ငံရေးအရ ပြေလည်မှုများရှိစေရန် တပ်ဖွဲ့ဝင်အသီးအသီးကြား စည်း မျဉ်းစည်း ကမ်းချမှတ်ထားခြင်းတို့နှင့် ပတ်သက်ပြီး ဇွန်လကပင် စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းသို့ ဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးစောဆန်းအောင်၏ ကိုယ်ရေးအရာရှိတစ်ဦးက “ပြည်နယ် တွင်း ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတဲ့ မိုင်းကိစ္စတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေကတော့ ဖွဲ့ ထားတဲ့ အဖွဲ့တွေအတိုင်း လုပ်ငန်းကော်မတီအလိုက် လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို သုံးလတစ်ကြိမ် သက်ဆိုင်ရာအဖွဲ့အသီးသီး၏ နယ်မြေဒေသများတွင် ကျင်း ပသွားရန် သဘောတူညီထားပြီး ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင့် တပ်မ တော် (DKBA)၊ KNU၊ နယ်ခြားစောင့််တပ် (BGF)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဟောင်သရော ငြိမ်း ချမ်းရေးအဖွဲ့နှင့် ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေးမည်ဖြစ်သည်။

ယင်းအပြင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းပစ်ခတ်မှုနှင့် ပတ်သက်သည့် ကိစ္စများကိုလည်း ဆွေးနွေး သွားဖွယ်ရှိကြောင်း BGF မှ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးခြင်း ပထမအကြိမ်ကို ကရင်ပြည် နယ်၊နော်တရာမြို့၊ ဒုတိယအကြိမ်ကို ကော့ကရိတ်ခရိုင်မြိုင်ကြီး ငူဒေသတို့တွင် ကျင်းပခဲ့ပြီး စက်တင်ဘာ ၃ ရက်တွင် တတိယအကြိမ် ကျင်းပမည်ဖြစ်သည်။

မဇ္ဈိမ

ဝန်ကြီးဌာနက သတ်မှတ်သည့်အတိုင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အသုံးစရိတ် အပြည့်အ၀မရဟုဆို

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ် ထားသည့် အတိုင်း ရုံးအသုံးစရိတ် အပြည့်အ၀မရရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးကပြောကြားလိုက်သည်။


ယခုကဲ့သို့ မရရှိခြင်းမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အသစ်ရွေးချယ်ခဲ့သည့် ယခုနှစ်ဧပြီမှစတင်ကာ ယနေ့ထိ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဖြစ်နေခြင်းဖြစ်သည်။

ရုံးအသုံးစရိတ်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး နည်းဥပဒေတွင်ကျပ်ငါးသောင်းသတ်မှတ်ထားပြီးလျှပ်စစ်၊ ရေ၊ စက်သုံးဆီ၊ ရုံးအထွေထွေနှင့် စာရေးပစ္စည်းကိရိယာ စသည့်ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ခွဲ ခြောက် ခူဖြင့် တင်ပြတောင်းခံနိုင်သော်လည်း လက်ရှိတွင် စာရေးပစ္စည်းကိရိယာ တစ်ခုတည်းအတွက်သာ တင်ပြ ခွင့်ရှိတော့သည်။

“အသုံးပြုခွင့်တော့ပေးထားတယ်။ ဒါပေမဲ့ ပြရမယ့်ခေါင်းစဉ်က တစ်ခုတည်းဆိုတော့ မလုံလောက်ဘူးလေ။ တစ်လဆိုအေဖိုး (A4) ငါးထုပ်၊ ဘောပင်ဆယ်ဒါဇင်လောက်ဝယ်တာ ဘယ်လိုမှပြလို့မရဘူး။ အခုက ပေး သာပေးတယ်၊ မရတဲ့သဘောမျိုးဖြစ်နေတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ရှင်းပြသည်။

ယင်းကဲ့သို့ သတ်မှတ်ခြင်းသည် ခရိုင်နှင့် ပြည်နယ်အုပ်ချုပ်ရေးပိုင်း ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေး ဒု-ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အစိုးရထုတ်နေ့စဉ်သတင်းစာများ၊ အပတ်စဉ်ထုတ် အစိုးရသတင်း ဂျာနယ်များကို ၀ယ်ယူကြရသည့်အပြင် သွားလာရေးစရိတ်၊ ဧည့်ခံစရိတ်၊ တယ်လီဖုန်းခ၊ စာရွက်စာတမ်း ခနှင့် စာရင်းမပြနိုင်သည့် စရိတ်များလည်း ကျခံရလျက်ရှိသည်။

“တကယ်လို့ အသုံးစရိတ်မရဘူးဆိုရင် တစ်နည်းတစ်လမ်းနဲ့ သူတို့ထွက်ပေါက်ရှာမယ်။ အကြောင်းရှာပြီး ကျေးရွာ လူထု ဆီက အခွင့်အရေးရှာလာကြမယ်။ ဂွင် (ခွင်) ဖန်လာမယ်။ ဒီလိုဆိုရင် သန့်ရှင်းတဲ့အစိုးရ၊ ကောင်းတဲ့အစိုးရ ဘယ်တော့ဖြစ်နိုင်တော့မလဲ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြ သည်။

ရပ်/ကျေးအုပ်ချူပ်ရေးမှူးများ၏ လစဉ်အသုံးစရိတ် အပြည့်အ၀ရရှိရေးအတွက် သြဂုတ်လ ၃၀ တွင် ချောင်း ဆုံမြို့နယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် တိုက်တွန်းထားပြီး စက်တင်ဘာလ ၁၈ တွင် စတင်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင်လည်း တင်ပြသွားမည်ဟု သူကပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ တွင် ရပ်ကွက်ပေါင်း ၃,၀၅၁ နှင့် ကျေးရွာအုပ်စုပေါင်း ၁၃,၆၂၀ ရှိသည့် အတွက် ရပ်/ ကျေးအုပ်ချုပ်ရေးရုံးပေါင်း ၁၆,၆၇၁ ရှိပြီး မွန်ပြည်နယ်တွင် ၃၀၀ ကျော်ရှိသည်။

မဇ္ဈိမ

ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်



ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထား ကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။


ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များ သာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ် မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့်ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရ သိရသည်။

Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ်ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြား သည်။

ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကို ဖီဆန်ခြင်း ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကို သော် လည်းကောင်း၊ လုံခြုံရေးကို သော်လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထား သည်။

သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

http://news-eleven.com