Monday, September 2, 2013

ဝန်ကြီးဟောင်းတစ်ဦးရေးသောစာ

သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယကသစ် ဦးရွှေမန်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံသို့ လယ်ယာမြေသိမ်းဆည်းခြင်းများနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ဖို့အတွက် အချက် (၆) ချက်ပါတဲ့ သဝဏ်လွှာတစ်ခု ပေးခဲ့ပါတယ်။


ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မသိနားမလည်တဲ့ တောင်သူလယ်သမားတွေ မလုပ်တတ် မကိုင်တတ်နဲ့ အရေးယူခံနေရကြောင်း၊ မြေယာများမှာ တောင်သူများကိုယ်တိုင် ခုတ်ထွင် ရှင်းလင်းပြီး ဓားမဦးချ လုပ်ကိုင်ခဲ့သော်လည်း မှတ်ပုံတင်ထားခြင်းမရှိခြင်း၊ အစိုးရဝန်ထမ်းများက လျစ်လျူရှုခြင်း၊ နစ်နာသူများကို သင့်တင့်တဲ့စီရင်ဆောင်ရွက်မှု မရှိခဲ့ခြင်းတို့ကြောင့် တောင်သူများ နစ်နာနေရကြောင်း ရေးသားထားပြီး အဆိုပါ မြေယာသိမ်းဆည်းမှုများမှာ ယခင်အစိုးရ လက်ထက်က လုပ်ခဲ့တာဖြစ်ကြောင်း၊ ယခု တာဝန်ရှိသူများက ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများကို ဆက်ခံရမည် ဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် သိမ်းဆည်းထားတဲ့ မြေယာများကို အချိန်ဆွဲခြင်းမလုပ်ဘဲ မြေယာများကို ပြန်ပေးစေလိုကြောင်း၊ စိတ်ကောင်း စေတနာဖြင့် ပြန်ပေးလိမ့်မည်ဟု ယူဆကြောင်း၊ တောင်သူများ အပေါ် စာနာစိတ် ထားရှိလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါ သဖြင့် သဝဏ်လွှာပေးပို့ခြင်းဖြစ်ပါကြောင်း ရေးသားဖော်ပြ ထားပါတယ်။

အပြောကတော့ ရွှေမန်း ဆိုတဲ့အတိုင်းပါပဲ။ သဝဏ်လွှာကို ဖတ်ရှုရသူတိုင်းက အားရဝမ်းသာ ရှိကြပါတယ်။ နာယကကြီး ဦးရွှေမန်းရဲ့ အခုလို မြေသိမ်းခံတောင်သူများ ဘဝကိုစာနာပြီး အခုလို သဝဏ်လွှာ ပေးပို့ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမယ့် ဦးရွှေမန်းအနေနဲ့ ကာယကံရှင် ပြည်သူတွေဘဝကို အမှန်တကယ်ပဲ စာနာလို့လား၊ ဒါမှမဟုတ် ဦးသိန်းစိန်ကို တိုက်ခိုက်ချင်လို့လား ဆိုတာကတော့ စဉ်းစားစရာပါပဲ။

မကြာသေးခင်ကမှ နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်မှုတွေက ဥပဒေနဲ့ မကိုက်ညီကြောင်း လွှတ်တော်က ပြောခဲ့တာ ကြောင့် လတ်တလောမှာ ဦးသိန်းစိန် နှင့် ဦးရွှေမန်း တို့ နှစ်ယောက် ပြိုင်ဆိုင်နေကြောင်း၊ သဘောထားကွဲနေကြောင်း မီဒီယာများကလည်း ရေးသားနေကြချိန်မှာ အခုလို ထိပ်တိုက်တွေ့ဖို့ ဦးရွှေမန်း က စပြီး သဝဏ်လွှာပို့လိုက်တာတော့ သံသယ ဖြစ်စရာရှိပါတယ်။

ဒီကနေ့ မီဒီယာတွေမှာ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့အကြား အာဏာလွန်ဆွဲနေကြကြောင်း၊ တဖြည်းဖြည်း ပြင်းထန် လာပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့လူ၊ သူရ ဦးရွှေမန်းရဲ့ လူဆိုပြီး ခွဲခြားမှုတွေ ရှိနေကြပြီ ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီ အတွင်းမှာ ၂ ခြမ်း ကွဲသွားနိုင်ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံရေး ပါတီသစ်တစ်ခုနဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစု တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ ရာထူးကို ဦးသိန်းစိန် လက်ထဲကနေ သူရဦးရွှေမန်းက လွှဲပြောင်းရယူလိုက်ချိန်ကတည်းက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တို့အကြားမှာ စေ့စပ်ညှိနှိုင်းလို့ မရတဲ့ နိုင်ငံရေး အာဏာ ပြိုင်ဆိုင်မှုတွေ ရှိလာကြောင်း နေပြည်တော်မှ ပြောစကားများဟု ကိုးကားပြီး သတင်းမီဒီယာများမှာ ဖော်ပြနေကြတာ တွေ့နေရပါတယ်။ အခုလို မီဒီယာများနဲ့ လူထုက အာရုံစိုက်နေချိန်မှာ ဦးရွှေမန်းက အခုလို သဝဏ်လွှာ ပေးပို့လိုက်တာဟာ မြေသိမ်းခံ ပြည်သူများ အတွက် စေတနာ ရှိလို့ ဟုတ်ပ့ါမလား ဆိုတာ စဉ်းစားစရာပါ။

လယ်ယာမြေသိမ်းဆည်းမှု ပြဿနာကလည်း နိုင်ငံအနှံ့ ကျေးရွာအများအပြားမှာသာမက ရန်ကုန်မြို့ ပေါ်ထိ ဆန္ဒပြမှုတွေ ရှိနေတုန်းပါ။ ဒီပြဿနာကို အတိုက်အခံ အင်အားစုတွေကလည်း လက်ကိုင်တုတ် တစ်ခုလိုသုံးပြီး အစိုးရကို အပြစ်တင်နေချိန်၊ အခါအားလျော်စွာ ဆန္ဒပြနေကြချိန်မှာ ပြည်ထောင်စု လွှတ်တော် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်က အတိုက်အခံနဲ့ ပြည်သူအချို့ဆီက နာမည်ကောင်း ရဖို့အတွက် ဒီလက်ကိုင် တုတ်နဲ့ပဲ သမ္မတကြီးဦးသိန်းစိန်ကို ဖိအားပေးရင်း နာမည်ကောင်းယူတာ တွေ့ရတော့ စိတ်မကောင်းဖြစ်မိ ပါတယ်။

ယမန်နှစ်က နေပြည်တော်မှာလုပ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မီဒီယာတွေတွေ့ဆုံပွဲမှာ သမ္မတကြီးက အစိုးရသစ် လက်ထက်မှာ မြေယာသိမ်းဆည်းမှု လုံးဝမရှိကြောင်း ပြောခဲ့ပါတယ်။ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကလည်း “ကျွန်တော်တို့ အစိုးရလက်ထက်မှာ မြေသိမ်းမှု၊ ယာသိမ်းမှု Zero.. လုံးဝမရှိဘူး” လို့ ပြောခဲ့ဖူးပါတယ်။ ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မြေယာသိမ်းဆည်းမှုများက ယခင်အစိုးရ လက်ထက်ကလို့ ရေးသားထားပါတယ်။ ဒါဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ အသံကောင်းဟစ်နေတဲ့ လွှတ်တော်နာယကကြီး ဦးရွှေမန်းကရော အရင်အစိုးရလက်ထက်က ဘာတာဝန် ထမ်းဆောင်ခဲ့သလဲ? မြေယာသိမ်းဆည်းမှု အစီအစဉ်တွေမှာ လုံးဝ မပါခဲ့ဘူးလား? အရင်အစိုးရလက်ထက်က မြေသိမ်းခဲ့တဲ့ ကိစ္စတွေကို လုံးဝမသိခဲ့ဘူးလား? ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ အရင်အစိုးရလက်ထက်က ဆိုးမွေဟု ပြောဆိုနေသည့် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်မှ အရင်အစိုးရအဖွဲ့မှာ အဆင့် (၃) အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် ဒီကိစ္စမှာ ဦးရွှေမန်းမှာရော တာဝန်ရှိမရှိ ဆိုတာ သဝဏ်လွှာထဲမှာ ထည့်ရေးသင့်ပါတယ်။ ဒီမြေသိမ်းမှု တွေမှာ အမှန်တကယ် ဦးဆောင်ခဲ့တာ ဘယ်သူလဲဆိုတာ ဦးရွှေမန်း အသိဆုံးဖြစ်မှာပါ။ တရားခံဘယ်သူလဲလို့မေးရင် ဦးရွှေမန်းပါလို့ ဖြေရမှာပါ။

တရားခံ ဦးရွှေမန်းလို့ တိုက်ရိုက်ပြောတာက စွပ်စွဲတာ မဟုတ်ပါဘူး။ အဲဒီအချိန်က ကျွန်တော် ကိုယ်တိုင် ဝန်ကြီးတစ်ဦး အနေနဲ့ အနီးကပ် လုပ်ကိုင်ခဲ့ရတာတွေကြောင့် အခုလို ပြောနိုင်တာပါ။ ဦးရွှေမန်း ပြောတဲ့ ယခင်အစိုးရ ဆိုတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက်တည်းကို ပြောလို့မရပါဘူး။ အသက် ၇၀ အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကလည်း တတိယအကြီးဆုံးဖြစ်တဲ့ ဦးရွှေမန်းတင်ပြခဲ့တဲ့အတိုင်းစီမံခွင့်ပေးခဲ့တာပါ။ ဒါကြောင့် အရင်အစိုးရလက်ထက်က မြေသိမ်း၊ ယာသိမ်းတွေကို အဓိက ဦးဆောင်လုပ်ခဲ့တာ ဦးရွှေမန်းပါပဲ။ အထက်က (၂) ယောက်ကိုလည်း သူပဲ မျက်နှာရအောင် အမျိုးမျိုးတင်ပြခဲ့တာပါ။ ဦးသန်းရွှေ အနားယူလျှင် တပ်ချုပ် ဖြစ်မယ် သမ္မတ ဖြစ်မယ် ဆိုပြီး မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာက ဦးရွှေမန်းပါ။ ဦးသန်းရွှေ နဲ့ ဦးမောင်အေးတို့ အနားယူဖို့ ပြင်ဆင်နေချိန်မှာ လုပ်ပိုင်ခွင့်အပြည့်ရှိနေတဲ့ ဦးရွှေမန်းက ၂၀၁၁ မှာ တပ်ချုပ်ဖြစ်မလိုလို၊ သမ္မတ ဖြစ်မလိုလို ထင်ပြီး အထက်လူကြီး နှစ်ယောက်ကို အထူးပဲ မျက်နှာလုပ်ခဲ့ပါတယ်။ အဲဒီအချိန်က ဦးရွှေမန်းနဲ့ ဦးတင်အောင်မြင့်ဦး တို့ နှစ်ယောက်က မြန်မာနိုင်ငံမြေပုံကို ကြည့်ပြီး မြေလွတ်တွေ့သမျှ အကုန် သိမ်းခိုင်းခဲ့တာပါ။ အောက်ခြေတပ်တွေက အခက်အခဲတွေ တင်ပြတာတောင် လက်မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဆိုပြီး အကုန်သိမ်းခိုင်းတာပါ။ နိုင်ငံပိုင်၊ တပ်ပိုင်တင် သိမ်းတာမဟုတ်ပါဘူး။ ဦးရွှေမန်းပိုင် ဆိုပြီးလည်း သိမ်းခဲ့တဲ့ မြေတွေ မနည်းပါဘူး။

ကိုယ်တိုင်မြေသိမ်းခဲ့ပြီး မြေပိုင်ယာပိုင် ဖြစ်နေတဲ့ သူဌေးကြီး ဦးရွှေမန်းဟာ ဒီ ပြဿနာကြီးတစ်ခုလုံးကို ဦးသိန်းစိန် အပေါ် ပုံချလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ နှစ်ယောက်လုံးရဲ့ လက်အောက်မှာ အလုပ် လုပ်ဖူးတာကြောင့် အတိုင်းအတာ တစ်ခုထိ လုပ်ဖော်ကိုင်ဖက် သံယောဇဉ်ရှိသလို သစ္စာစောင့်သိနေတုန်း ဖြစ်ပါတယ်။ ဦးရွှေမန်း အနေနဲ့လည်း ကိုယ်လုပ်ခဲ့သမျှကို မဆိုင်တဲ့လူကို ခေါင်းတည်ပြီး အပြစ်ပုံချရတဲ့အထိ သစ္စာမမဲ့သင့်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လျှင် သော်လည်းကောင်း၊ ပြိုင်ဖက်တစ်ဦးအဖြစ် တိုက်ခိုက်လိုလျှင် အခြားနည်းလမ်းဖြင့်သာ တိုက်ခိုက်သင့်ပါတယ်။

ဦးရွှေမန်းကိုယ်တိုင်က သမ္မတ ထက်ကြီးတဲ့ ရာထူးရှိရင်တောင် လိုချင်ကြောင်း ပြည်ပ ခရီးစဉ် တစ်ခုမှ ပြော ခဲ့ပြီး နောက်ပိုင်း မှာ ဦးရွှေမန်းအနေနဲ့ တဖက်မှာ အတိုက်အခံအင်အားစုများနဲ့ လွှတ်တော်အတွင်းမှာ သိသိသာသာ လိုက်လျောမှုတွေ လုပ်နေပြီး အခြားတဖက်မှာ ဦးသိန်းစိန်ကို အမျိုးမျိုးဖိအားပေးတာတွေ၊ တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာတာ သိသာ ထင်ရှားလွန်းပါတယ်။ အခုလို လွှတ်တော်တွင်း မျက်နှာပန်း ပွင့်ဖို့နဲ့ အတိုက်အခံ နဲ့ ပြည်သူ အချို့ရဲ့ ထောက်ခံမှု ရဖို့ မျှော်လင့်ပြီး ကိုယ့်အပြစ်ကိုသူများအပေါ် ပုံချတာ၊ လုပ်ဖော် ကိုင်ဖက်ခြင်းအပေါ် သစ္စာမဲ့ နေတာဟာ စိတ်ပျက်စရာ အလွန်ကောင်းပါတယ်။ ပြည်ထောင်စု လွှတ်တော် နာယကကြီး ဦးရွှေမန်းအနေနဲ့ အာဏာမက်မောမှုနှင့် နေရာမြဲဖို့အတွက် အခုလိုသူတပါးကို အပြစ်ပုံချတဲ့ လုပ်ရပ်တွေကြောင့် လူထုဆီက မဲ မရတဲ့အပြင် လူထုရဲ့ရှုံ့ချမှုကိုပဲ အနှေးနဲ့အမြန် ခံရမှာဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

(ဝန်ကြီးဟောင်း တစ်ဦး)

Credit : http://mmopenletters.blogspot.com/

ပုဂ္ဂလိကသတင်းစာများ ဘဏ်ချေးငွေရရှိရန် စီစဉ်ပေးမည်ဟု ပြန်ကြားရေးဝန်ကြီးပြော

ပြည်တွင်းတွင် ထုတ်လုပ်နေသော ပုဂ္ဂလိကသတင်းစာများ ဘဏ္ဍာရေးလိုအပ်ချက်ရှိပါက ချေးယူနိုင်ရန် ဘဏ်ချေးငွေ ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးအောင်ကြည်က ပြောသည်။


ဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းမှာ စက်တင်ဘာ ၁ ရက်က နေပြည်တော် သမ္မတအိမ်တော်တွင် နိုင်ငံ တော် သမ္မတ၊ ပြန်ကြားရေးဝန်ကြီးများနှင့် စာနယ်ဇင်းကောင်စီ (ယာယီ) မှ တာဝန်ရှိသူများတွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ယင်းပွဲသို့ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိ ယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို အတည်ပြုပြောကြား လိုက် ခြင်း ဖြစ်သည်။

ဦးခင်မောင်လေးက “ပုဂ္ဂလိက သတင်းစာတွေကို ဘဏ်ကငွေထုတ်ချေးဖို့ အစီအစဉ်ရှိတယ်လို့ပြည်ထောင် စု ၀န်ကြီးက ပြောခဲ့တာပါ၊ တရားဝင်ထုတ်ပြန် ကြေညာပြီး ပြောလိုက်ရင်တော့ စာနယ်ဇင်းလောက တစ်ခု လုံးအတွက် သတင်းကောင်းပါပဲ” ဟု ပြောသည်။

ယင်းသို့ ချေးငွေများရရှိအောင် ဆောင်ရွက်ပေးခြင်းမှာ သတင်းမီဒီယာဥပဒေ အတည်ပြုပြီးချိန်တွင် စာနယ်ဇင်းကောင်စီ၏ ထောက်ခံချက်များနှင့် ဘဏ်ချေးငွေကို ပေးခြင်းဖြစ်နိုင်မည်ဟုလည်း ၎င်းကပြော သည်။

ယင်းသို့ ချေးငွေချေးမည်နှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကအစိုးရ ဘဏ်များနှင့် ချိတ်ဆက်၍ ချေးငွေရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုလည်း မဇ္ဈိမ၏ဆက်သွယ် မေးမြန်းမှုကို အတည်ပြု ပြောကြားသည်။

၎င်းက “ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းရဦးမယ်၊ အခြားဝန်ကြီးဌာနတွေနဲ့လဲ ဆွေးနွေးပြီး ဘဏ်ချေးငွေ အမြန်ဆုံး ရရှိအောင် ဆောင်ရွက်သွားမှာပါ” ဟုပြောသည်။

“မီဒီယာတွေမှာ အင်အားကြီးတဲ့သူတွေကျန်ခဲ့ပြီး အင်အားနည်းတဲ့သူတွေ၊ ငွေကြေး မတတ်နိုင်တဲ့ မီဒီယာ တွေပျောက်ကွယ်သွားမှာ စိုးတဲ့အတွက် ငွေချေးတာအပါအ၀င် အခြားကူညီထောက်ပံ့မှုတွေ လုပ်ဖို့ ဆောင် ရွက်သွားမှာ ပါ” ဟု ဦးရဲထွဋ်က ဆက်လက်ပြောသည်။

သတင်းလွတ်လပ်ခွင့်အတွက် စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတဦးသိန်းစိန် တွေ့ဆုံခဲ့ရာတွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ သမ္မတက အာမခံခဲ့သည်ဟုလည်း ဦးခင်မောင်လေးက ပြော သည်။

“ဒီမိုကရေစီ နိုင်ငံတော်မှာ သတင်းလွတ်လပ်ခွင့်က မရှိလို့မဖြစ်ဘူး၊ ရှိကိုရှိရမယ်လို့ သမ္မတကြီး ကပြော တယ်၊ ရှိအောင်လည်း ကူညီမယ်၊ တိုက်တွန်းသွားမယ်လို့ပြောတယ်” ဟု သမ္မတ၏ ပြောကြားမှုကိုထပ်ဆင့် ပြန်ပြောသည်။

မဇ္ဈိမ

ကျန်ရှိသည့်အစိုးရသက်တမ်းလပေါင်း ၃၀ အတွင်း ကျေးလက်ဖွံ့ဖြိုးရေး အဓိကလုပ်မည်ဟု သမ္မတပြော

သက်တမ်း တစ်ဝက်ကျိုးသွားပြီဖြစ်သော သမ္မတဦးသိန်းစိန်အစိုးရသည် ကျန်ရှိနေသေးသည့်လပေါင်း ၃၀ အတွင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်သွားမည်ဟု သမ္မတက စက်တင်ဘာ ၁ ရက် တွင် ပြောကြားလိုက်သည်။


“မကြာမီကာလမှာ လက်တွေ့ကျတဲ့တိုးတက်မှုတွေ အသီးအပွင့်တွေကို ကျေးလက်နေပြည်သူများ ခံစားနိုင် တော့မှာဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုစီးပွားရေးတို့အတွက် အဓိကကျသော သန့်ရှင်းသည့် သောက်သုံး ရေနှင့် စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်ရေး၊ အလုပ်အကိုင် ရရှိရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့ကို အလေးပေးဆောင်ရွက်သွားမည်ဟုလည်း သမ္မတကဆိုသည်။

ကျေးလက်ဖွံ့ဖြိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်ရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေ သ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ပြောင်းလဲဖွဲ့စည်းပေးထားခြင်း ဖြစ်သည်ဟုလည်း သမ္မတကမိန့်ခွန်းတွင် ထည့်ပြောသည်။

ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကို သြဂုတ် လ အတွင်းက မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနအဖြစ် ပြည်ထောင်စု လွှတ်တော် အတည်ပြုချက်ဖြင့် အမည်ပြောင်း ထားသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဦးစား ပေး လုပ်ရမည့် အချက်သုံးချက်ကို သြဂုတ်လ ၂၅ ရက်က ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ထုတ်ပြန်ထားသည်။

ဦးစားပေးလုပ်ငန်းသုံးခုမှာ ကျေးလက်ရှိကျေးရွာအားလုံး သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရန်၊ လျှပ်စစ်မီး ရရှိရေးအတွက် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အစားအစာဖူလုံမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ဖြစ်သည်။

ယင်းအပြင် ကျေးလက်လမ်းတံတားများ တည်ဆောက်ပြုပြင် အဆင့်မြှင့်တင်ပေးခြင်း၊ အများသုံးအိမ်သာ ဆောင်ရွက်ပေးခြင်း၊ နေရပ်ပြောင်းရွှေ့နေထိုင်ရသူများအတွက် ကျေးလက်အိမ်ရာများ တည်ဆောက်ပေး ခြင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် မွေးမြူရေး လုပ် ငန်း တွင်မွေးဖက်ပေးစနစ်ဖြင့် မွေးမြူနိုင်ရန် ဆက်လက်ဆောင်ရွက်မည်ဟုလည်း ၀န်ကြီးဌာနက မူဝါဒချ မှတ်ထားသည်။

အဆိုပါဝန်ကြီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြည်တွင်း၊ ပြည်ပအင်န်ဂျီ အိုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူ ပိုင်းဒေသနှင့်ေ၏တာင်တန်းဒေသများရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်ကို ပထမအဆင့်အနေဖြင့် အကူညီပေး ရန်စီစဉ်ထားသည်။

သမ္မတနှင့် အစိုးရ၀န်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ သြဂုတ်လ ၉ ရက်တွေ့ဆုံမှုအတွင်း ရှေ့ ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်ခုနစ်ခုကို ချမှတ်ခဲ့ပြီး လုပ်ငန်းစဉ်များမှာ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ ဖြစ်သည်ဟုဖော်ပြထားပြီး လပေါင်း ၃၀ အတွင်း အပြီးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဟုလည်း ဖော် ညွှန်း ပါရှိသည်။

သြဂုတ်လ ၉ ရက်က အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သူဦးဆောင်သည့် အစိုးရ သက်တမ်း လပေါင်း ၃၀ အတွင်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု အားနည်းချက်များ၊ အုပ်ချုပ်မှု စွမ်း ဆောင်ရည်အားနည်းမှု၊ အဂတိလိုက်စားခြင်းတို့ကို ထောက်ပြထားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အတွက် သူကိုယ်တိုင် ဦးဆောင် လုပ်ကိုင်တော့မည်ဟုလည်း သမ္မတက ပြောဆိုသွားသည်။

မဇ္ဈိမ သတင်းဌာန

အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက် နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။


“လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာ မိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြ တဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ” ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။

တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲ အမှတ် (၃) ရပ်ကွက်ရှိ ဦးလွန်ဇကပ် (ခ) ပန်ကျား (၄၆) နှစ်၏ နေအိမ်သို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်ရှာဖွေခဲ့ရာ အိန္ဒိယနိုင်ငံသားဖြစ်သော လမ်လ်ခန့်ခွာ (၂၅-နှစ်၊ ခင်ရန်ရွာ၊ ဆာနားပတီးမြို့နယ်၊ အိန္ဒိယနိုင်ငံ)၊ ပေါင်လင်းထန် (၂၄-နှစ်၊ မိုရေးမြို့၊ အိန္ဒိယနိုင်ငံ) နှင့် ရန်ရန်း (၃၁-နှစ်၊ ဖိုလ်ငိုတ်ရွာ၊ ချန်ဒယ်လ်ခရိုင်၊ အိန္ဒိယနိုင်ငံ) တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လဝကအက်ဥပဒေပုဒ်မဖြင့် ခမ်းပတ်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း၊

၎င်းတို့သည် အိန္ဒိယနိုင်ငံအခြေစိုက် ကူကီးအမျိုးသားတပ်မတော် (Kuki National Army-KNA) မှ ခွဲထွက် လာသူများ ဖြစ်ပြီးပါလာသော ပစ္စတိုသေနတ်တစ်လက်နှင့် AK-47 သေနတ်တစ်လက်တို့ကို တမူးမြို့ မြို့မ (၁၄) ရပ်ကွက် ချောက်နက်ကြီးရွာတောစပ်ရှိ လူမနေသော တဲတစ်လုံးတွင် ဝှက်ထားခဲ့ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ အမေရိကန် ပြည်ထောင်စုလုပ် RUGER (၉ ဒသမ မမ ပစ္စတိုတစ်လက်) နံပါတ်မထင်ရှား၊ ကျည်ကတ်တစ်ခု၊ AK-47 သေနတ်တစ်လက် (နံပါတ်-၂၈၆၃၉)၊ ကျည်အိတ်တစ်ခု၊ (၇.၆၂ထ၃၉) ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါအမှုအတွက် တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၇၅/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း တမူးမြို့နယ်တရားရုံး စာရေးမတစ်ဦး၏ နေအိမ်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အပ်နှံထားသော ဗုံးသီး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့် ကျည်အိမ်များ၊ ယမ်းတောင့်၊ ယမ်းကြိုးခွေစသော လက်နက်မျိုးစုံ ထည့်ထားသည့် သံသေတ္တာ ၁၀ လုံး တွေ့ရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း တမူးမှ ကလေးသို့ ဆိုင်ကယ်အတွင်း ပစ္စတိုလက်နက် သယ်ဆောင် မောင်းနှင်လာသူတစ်ဦးကို ခမ်းပတ်မြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်း များအရ သိရသည်။

Credit : http://www.yeyintnge.com/2013/09/blog-post_7924.html#.UiQcVX8R8YI

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လယ်တောအိမ်၌ သီးခြားတွေ့ဆုံ



အသစ်ခန့်လိုက်သည့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး ဆွေးနွေးသည့် အကြောင်း အရာများကို မေးမြန်းရာ ၎င်းအနေဖြင့် အသေအချာ ဘာမှမသိသလို ဘာမှပြောပိုင်ခွင့်မရှိဟု ဖြေကြားခဲ့သည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၃၁ ရက် ညနေ ၃ နာရီက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ နိုင်ငံ တော်သမ္မတ လယ်တောအိမ်၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက တွေ့ဆုံခဲ့မှုကို အတည်ပြု ခဲ့သော်လည်း ဆွေးနွေးမှု အကြောင်းအရာများကို သူမသိကြောင်းနှင့် ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။

"ဒီနေ့ ညနေ ၃ နာရီ သမ္မတရဲ့ လယ်တော ဆောင်မှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပါတယ်။ ဘာကိစ္စတွေ ဆွေးနွေးလဲ မသိပါဘူး။ ထုတ်ပြန်ဖို့လည်း မရှိပါဘူး။ ဒီတွေ့ဆုံမှုက ရုတ်တရက် ဖြစ်လာ တာလား၊ အစီအစဉ် တကျဖြစ်လာတာ အဲဒါကိုလည်း မပြောနိုင်ပါဘူး" ဟု ဦးဝင်းမြင့်ကဆိုသည်။

ဦးဝင်းမြင့် နှင့် ဦးဖြိုးဇေယျာ်သော်တို့အား ပြီးခဲ့သည့် အပတ်ကမှ NLD ပြောရေးဆိုခွင့်ရှိသူ အဖြင့် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။


Credit : http://www.yeyintnge.com/2013/09/blog-post_7802.html#.UiQcW38R8YI

စာရင်းစစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သော တပ်မတော်တပ်ထိန်းတစ်ဦး



မန္တလေးသား လမင်းမောင်မောင် ကောင်းရာ သုဂတိလားပါစေ။ ဘဝဆက်တိုင် ဒီလို့ အဖြစ် ဆိုးတွေ မကြုံပါ စေနဲ။


စာရင်းစစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့် ပစ်သတ် ခဲ့သော တပ်မတော်တပ်ထိန်းတစ်ဦး ဇာတ်လမ်း အကျဉ်းကတော့ ၂၇၊၈၊၂၀၁၃ ရက်နေ့ ညအစောပိုင်းအချိန်က ပူတာအို တဆည တိုက်ခန်းတွင် ဖွင့်လှစ် ရောင်းချ နေသော အိန်ဂျယ် ခေါက်ဆွဲဆိုင်တွင် တပ်ထိန်း ဒုတပ်ကြပ်ခန့်စိန်နှင့် အဖွဲ့သည် မိန်းကလေး များ နှင့်အတူ အရက်နှင့် အခြား အစား အသောက် များ လာရောက်စားသောက်ခဲ့ကြပြီး ပြန်ပါသည်၊

ည(8):40နာရီခန့်တွင် တပ်ထိန်း ဒုတပ်ကြပ် ခန့်စိန်တစ်ဦးတည်း ပြန်လှယ်ရောက်ရှိလာပြီး အရက် ထပ်သောက်ရန် ဆိုင်ရှင်အား မှာကြားခဲ့ပါသည်၊ ဆိုင်ရှင်မှ ၉နာရီ ထိုးပြီဖြစ်၍ ဆိုင်ပိတ်ပြီဖြစ်ကြောင်း ပြောပြရာ ဆိုင်အတွင်း စားသောက်နေသော ပူတာအိုခရိုင်စာရင်းစစ် ကိုလမင်းမောင်မောင်နှင့် အဖေါ် တစ်ဦးကိုကြည့်၍ သူတို့ကိုတော့ ဘာကြောင့် ရောင်းတာလဲဟု မေးမြန်းရာ စာရင်းစစ် ကိုလမင်းမောင်မောင်၏ အဖေါ်မှာကြောက်လန့်၍ ထွက်သွား ခဲ့ကြောင်း သိရပါသည်၊

ပူတာအိုခရိုင်စာရင်းစစ် ကိုလမင်းမောင်မောင်မှာ ဟန်မပျက်ဆက်လက် စားသောက်နေရာ တပ်ထိန်း ဒုတပ်ကြပ်ခန့်စိန်မှ မင်းကဘာကောင်မို့ ဆက်စားနေတာလဲမေးရာမှ စကားများကြပြီး တပ်ထိန်း ဒုတပ်ကြပ်ခန့်စိန်မှ သူ့ပါလာသော ပစ္စတိုဖြင့် ကိုလမင်းမောင်မောင်၏ဦးခေါင်းကို အနီးကပ် ပစ်သတ် လိုက်ခြင်း ဖြစ်ကြောင်းသိရပါသည်၊

ကိုလမင်းမောင်မောင်မှာ မန္တလေးမြို့နန်းရှေ့တွင် နေထိုင်သော ဦးခင်မောင်တင့် ဒေါ်ဝင်းမာတို့၏ သားဖြစ်ပြီး ပူတာအိုခရိုင်သို့ ခရိုင်စားရင်းစစ်အဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရင် ယခုလို ပစ်သတ်ခံရမှုဖြစ်ကြောင်သတင်းရရှိပါသည်၊ဒုတပ်ကြပ်ခန့်စိန်မှာ တပ်ထိန်းတပ်ရင်းမှ မဟုတ်လဲ ဗျူဟာ၏ တပ်ထိန်းဖြစ်ကြောင်း သိရပါသည်၊

info by ဟာဂျူလီ ကသာ photo by Tun Tun Kyaw

Credit : http://www.yeyintnge.com/2013/09/blog-post_9903.html#.UiQcHn8R8YI