Thursday, August 22, 2013

မိတ္ထီလာတွင်ကင်တားနားအားဆန္ဒပြမှု၈၈မျိုးဆက်အဖွဲ့ သဘောထား(လုံးဝ)မပါ၊မိတ္ထီလာမြို့ခံ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ဝင်များကိုလည်းပြင်းပြင်းထန်ထန် သတိပေးလိုက်ကြောင်းသိရ



မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ကုလသမဂ္ဂ၏ လူ့အခွင့် အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားအား ဒေသခံ များနှင့် အတူ ဆန္ဒပြခဲ့ကြသော မိတ္ထီလာမြို့ခံ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပြီး ထိုဆန္ဒပြမှုတွင်ရန်ကုန်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ သဘောထား လုံးဝ မပါဝင်ကြောင်း သိရသည်။


“ရန်ကုန်က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ တာဝန်ရှိသူတွေရဲ့ သဘောထားအရ ဒီ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ရဲ့ နာမည်ကို သုံးပြီး လုပ်ဆောင်ခွင့် မပြုပါဘူး။ ရန်ကုန် ၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ သဘောထားမပါဘဲ လုပ်တဲ့အတွက် သူတို့ကို လှမ်းပြောပြီး သတိပေးပြီးသား ဖြစ်တယ်။ နောက်နောင်တွေ ဒီလို မျိုး လုပ်တဲ့ ကိစ္စတွေမှာ ကြိုတင် အကြောင်းကြား အသိမပေးရင် ကျနော်တို့နဲ့ ဖြေရှင်းမှုတွေ လုပ်ရမယ်” ဟု ၈၈ မျိုးဆက် ကျောင်း သား များ အဖွဲ့မှ ကိုဇော်မင်းက ဧရာဝတီသို့ ပြောသည်။

သို့ရာတွင် အဖွဲ့အစည်းတခုခုမှ ဦးဆောင်ဦးရွက်ပြုပြီး မစ္စတာ ကင်တာနာကို ဆန္ဒပြခဲ့ကြခြင်း မဟုတ် ကြောင်း၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ၊ ရဟန်းများ၊ ဒေသခံ လူထုဖြင့် စုပေါင်း လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း၊ မိမိတို့ ပူးပေါင်းရပ်တည်ခဲ့ခြင်းမှာ လည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကိုယ်စားပြုမဟုတ်ဘဲ မြို့ခံတဦးအနေဖြင့်သာ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း မိတ္ထီလာ မြို့ခံ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုသီဟက ဧရာဝတီသို့ ပြောသည်။

“မြို့သူမြို့သားတွေ အကုန်လုံး စုပေါင်းပြီး လုပ်တာ။ ကျနော်တို့ တဖွဲ့တစည်းတည်းအနေနဲ့ ဦးဆောင် လုပ်တာ မဟုတ်ဘူး။ တောင်းဆိုထားတာက သူလာရင် အိတ်ဖွင့်ပေးစာ ပေးဖို့ပဲ တောင်းဆိုထားတာ။ ခွင့်ပြုချက် တောင်းထားတာ။ ကျန်တာ ဘာမှမပါဘူး။ကျနော်လည်း မြို့ခံတဦးအနေနဲ့ပဲ ၀င်ရပ်တည်တာပါ” ဟုကိုသီဟကဆိုသည်။အိတ်ဖွင့်ပေးစာကိုမိတ္ထီလာမြို့ခံ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က မိတ္ထီလာ ခရိုင် အုပ်ချုပ်ရေးမှူမှတဆင့်မစ္စတာကင်တားနား ထံသို့ပေးအပ်ခဲ့ကြောင်း မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုသည် တရားဝင်ခွင့်ပြုချက်တောင်းခံထားပြီးဖြစ်ကြောင်း၊ မိတ္ထီလာမြို့တွင် လက်ရှိ ကျင့်သုံးလျှက်ရှိသော ည၁၀နာရီနောက်ပိုင်းညမထွက်ရ အမိန့်ကို ကျော်လွန်ပြီးမစ္စတာ ကင်တားနား လာ ရောက်သည့် အချိန်အထိ စောင့်ဆိုင်းခဲ့ကြ သူများကိုလည်းအရေးယူရန် အစီစဉ်မရှိကြောင်း သိရသည်။

ထို့အပြင် မြို့ခံလူထု အနေဖြင့် မစ္စတာ ကင်တားနား တင်သွင်းခဲ့သော မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ အစီရင်ခံစာအား လုံးဝ လက်မခံကြောင်း၊ခိုးဝင်ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးသင့်သည်ဆိုသော တိုက်တွန်းချက်ကို လုံးဝကန့်ကွက်ကြောင်း၊၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဖြစ်ခွင့်ဥပဒေကို ခြွင်းချက်မရှိ လက်ခံကြောင်း၊ မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးထဲတွင် ရိုဟင်ဂျာဆိုသော လူမျိုးစု လုံးဝမရှိဟု လက်ခံထားကြောင်း၊ လူ့အခွင့်အရေးကို လေးစားသော် လည်း အမျိုးသားအခွင့်အရေးကို ဦးစားပေး သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းကို မူအားဖြင့် လက်ခံသော်လည်း တဖက် သတ် ထိပါးစော်ကားသည့် မည်သည့် ကိစ္စရပ်မျိုးကိုမဆို လုံးဝ လက်ခံမည် မဟုတ်ကြောင်းတို့လည်း ပါရှိသည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ ၁၁ ရက် အကြာ မြန်မာပြည် ခရီးစဉ်တွင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာပြည်တွင်းရှိ သွေးထွက်သံယို မှုများ ဖြစ်ပွားခဲ့ရာ ဒေသများသို့ သွားရောက်ခဲ့ပြီး ယနေ့ညနေတွင်ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ဧရာဝတီ

လူသတ်လုယက်ပြီးထွက်ပြေးတိမ်းရှောင်နေသူအားသိရှိသူ မည်သူမဆို ဆက်သွယ်သတင်းပေးပို့နိုင်


၂-၁၀-၂၀၁၂ ရက်နေ့ ၁၇၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အကွက်အမှတ်(၁၂၈)နေ ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးဖိုးကြာသည် မန္တလေးသီရိမင်္ဂလာ ကားကြီး ၀င်းတွင် ဆိုင်ကယ်ဂိတ်ထိုးထားစဉ် နိုင်လင်း ဆိုသူမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူ မြို့နယ်၊ ချင်မြစ်ကျဉ်းကျေးရွာသို့ ငွေကျပ်(၁၀၀၀၀ိ/-)ဖြင့်ငှားရမ်း၍ ၁၁ယ/၉၁၂၀၃ ဆိုင်ကယ်ဖြင့် လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း၊ ထိုနေ့တွင် ရွှေဘိုသို့ရောက်ရှိကြောင်း အားဦးဖိုးကြာထံမှအဆက်အသွယ် ရရှိခဲ့ပြီးနောက် ပျောက်ဆုံးနေသဖြင့် ကူညီရှာဖွေပေးရန် ဦးဖိုးကြာ၏ဇနီးဖြစ်သူမှ လာရောက် အကြောင်းကြား သဖြင့် မန္တလေးအမှတ်(၅)ရဲစခန်းမှ လူပျောက်အမှတ်စဉ်ရေးဖွင့်၍ စုံစမ်းရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေ နေစဉ် ရွှေဘိုမြို့နယ်၊ ဆိတ်ခွန်ရွာနှင့်ချီပါတံတားအနီးတွင် အလောင်းတစ်လောင်းတွေ့ရှိ၍ ရွှေဘို ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၂)ဖြင့် ရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသတင်းအရ သွားရောက်စုံစမ်းရာအလောင်းတွင်ဝတ်ဆင်ထားသောအင်္ကျီနှင့် ရိုက်ကူးထားသော ဓါတ်ပုံများအား ကြည့်ရှု၍ ဦးဖိုးကြာ၏အလောင်းဖြစ်ကြောင်းသိရှိရသဖြင့် လူသတ်ပြီး ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်းလုယူ သွားသူ နိုင်လင်း(ခ)အောင်နိုင်လင်းအားရွှေဘိုရဲစခန်း (ပ)၅၇၀/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့မှ လွှဲပြောင်းလက်ခံစစ်ဆေးလျက်ရှိသည်။


နိုင်လင်း(ခ)အောင်နိုင်လင်းသည် ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်လျက်ရှိ သဖြင့် ဖမ်းဆီးရမိရေးအတွက် ၎င်းင်းအားသိရှိသူ မည်သူမဆို နီးစပ်ရာရဲစခန်းများသို့ဖြစ်စေ၊မှုခင်းရဲတပ်ဖွဲ့ မှူးရုံး၏ တယ်လီဖုန်းအမှတ် ၀၆၇-၄၁၂၅၀၂ နှင့် ၀၆၇-၄၁၂၅၀၅ တို့သို့ဖြစ်စေ ဆက်သွယ် အကြောင်းကြား သတင်းပေးပို့နိုင်ကြောင်း သိရှိရသည်။

ရဲဇာနည်

ဒေသခံရွှေတူးဖော်လုပ်ကိုင်သူများထံမှ KIA အဖွဲ့ ဆက်ကြေးရွှေများ လာရောက်တောင်းခံ



ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နယ် စက်စဲ ချောင်း နှင့် စနစ်ချောင်း တစ်လျှောက်တွင် ရွှေတူးဖော် လုပ်ကိုင် လျက်ရှိသော စက်ဆိုင်း ပိုင်ရှင်များထံမှ KIA အဖွဲ့တစ်ဖွဲ့က သြဂုတ် ၁၉ ရက်တွင် ဆက်ကြေးအဖြစ် ရွှေများ လာရောက်တောင်းခံ သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။


“မနေ့က မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ၀င်တွေ ရောက်လာတယ်။ ဒီနှစ်အတွက် ဆက်ကြေး ငွေ ပေးဖို့ လာတောင်းတာပါ၊ အရင် တုန်းက ငွေယူပေမယ့် အခုရွှေပဲယူမယ်လို့ ပြောသွားတာပဲ၊ စက်ဆိုင်းပိုင်ရှင် တွေက တစ်ချို့တစ်ဝက်ပေး လိုက်ကြတယ်လို့ သိရပါတယ်” ဟု စက်စဲချောင်းတွင် စက်ဆိုင်းလုပ်သားတစ်ဦးက ပြောပြသည်။

စနစ်ချောင်းတွင် ရွှေတူးဖော်နေသော စက်ဆိုင်းပိုင်ရှင်တစ်ဦးကတော့ “ဒီချောင်းတွေဟာ သူတို့ ကချင်လွတ် မြောက်ရေးအဖွဲ့ အနောက် ပိုင်းအုပ်ချုပ်ရေးရုံး လက်အောက်မှာရှိတဲ့အတွက် ဒီနှစ်တစ်နှစ်စာ ဆက်ကြေး ပေးရမယ်လို့ ပြောသွားတာပဲ၊ လစဉ်ငွေ မဟုတ်တော့ဘဲရွှေပေးရမယ်၊ ဒီချောင်းနဲ့ စက်စဲ ချောင်းမှာ စက်ဆိုင်း တွေက အတော်များတယ်။ စက်ဆိုင်းကလည်း အကြီးအသေး ရှိတယ်လေ၊ အဲဒီအပေါ်မူတည်ပြီး ပေးရတဲ့ရွှေရွေးလည်းမတူဘူးပေါ့၊ ကျွန်တော်ကတော့စက်ကြီးမို့လို့တစ်လကိုရွှေ ၃ကျပ်သား ပေးရမှာပါ။ မပေးနိုင်ရင် မလုပ်ဘဲပြန်ဖို့ပဲရှိတာပေါ့” ဟု ပြောပြသွားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ဆက်ကြေးငွေ များအား လိုက်လံကောက်ခံလျက်ရှိရာ စက်စဲချောင်းနှင့်စနစ်ချောင်း တစ်လျှောက်တွင်ရွှေတူးဖော်နေသော စက်ဆိုင်းများဆီမှ တစ်နှစ်စာအတွက်လစဉ်ပေးသွင်း ခိုင်းထားကြောင်း၊ စက်ဆိုင်းများမှာ ဟွန်ဒါ၊ တစ်လုံးထိုး၊ နှစ်လုံးထိုး၊ လေးလုံးထိုး၊ ခြောက်လုံး ထိုးဟူ၍ အကြီးအသေးအလိုက်ခွဲခြားပြီး ရွှေများကို ပေးသွင်းရမည်ဖြစ်၍စက်ဆိုင်းပိုင်ရှင် များမှာအရှုံးပေါ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ တောင်း ထားသော ရွှေပမာဏအား မပေးနိုင်ခဲ့လျှင် ဆက်လက်တူးဖော်ခွင့်မပြုမည်ကိုစိုးရိမ်နေကြောင်း ရွှေစက် ဆိုင်းပိုင်ရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။

KDN

BGF အသွင်ပြောင်းလဲမှု ဗိုလ်မှူးချုပ် စောချစ်သူ ရှင်းလင်း



အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အမှတ် (၃)တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူ က ၎င်းတို့ အနေဖြင့် နယ်ခြေားစောင့်တပ် အဖြစ် အသွင် ပြောင်းခဲ့ရပုံကို ယနေ့ ရှင်းလင်း ပြောဆို လိုက် သည်။


ဗိုလ်မှူးချုပ် စောချစ်သူ သည် ကရင်ပြည်နယ် နယ်ခြားတပ်များ၏ ဗဟို ကွပ်ကဲရေး၊ ဗဟိုအကြံပေး နှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး လည်း ဖြစ်သည်။ “DKBA ဘဝကနေ နယ်ခြားစောင့်တပ် ပြောင်းရမယ့်အချိန်မှာ ကျနော်တို့ရဲ့DKBA အကြီးအကဲများ အကြီးမားဆုံး အခက်အခဲ တခုကို ရင်ဆိုင်ရပါတယ်၊ ကျနော်တို့လည်း မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး(ဦးသုဇန)ရဲ့ သြဝါဒ ခံယူပြီးတော့ကျနော်တို့ရဲ့ ခေါင်း ဆောင်တွေအားလုံး စောဘဦးကြီးရဲ့ မူ ၄ ချက် အတိုင်း ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမယ်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီး ရမယ်၊ ကရင်ပြည်နယ် ကရင် အုပ်ချုပ်ရမယ်၊ လက်နက်ချတဲ့ စကား ဘယ်တော့မှ မပြောနဲ့ ဆိုတဲ့ အတိုင်း အဲဒီ မူ ၄ ချက်နဲ့ ညီမျှတဲ့အတွက် ကျနော်တို့ လက်ခံခဲ့တာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် စောချစ်သူ က ပြောသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) မှ (BGF) အဖြစ် ပြောင်းလဲခဲ့ရခြင်းနှင့် ပတ်သက်သော အဆိုပါ ရှင်းလင်းချက်ကိုကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို ကျေးရွာတွင် ယနေ့ ကျင်းပသော BGF အမှတ် (၃) တပ်နယ် အမှတ် (၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀) နယ်ခြားစောင့်တပ် ၃ နှစ်မြောက်နေ့နှစ်ပတ်လည် အခမ်းအနား၌ ပြောကြားလိုက်ခြင်းဖြစ်သည်။ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသား လွတ်မြာက်ရေး တပ်မတော် (KNLA) တွင် ၎င်းအနေဖြင့် ဆယ်ကျော်သက် အရွယ်မှ ၁၉၉၄ ခုနှစ်အထိ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး မြိုင်ကြီးငူဆရာတော် ဦးသုဇန ၏ အရိပ်အာဝါသ အောက်၌ ခိုလှုံကာ DKBA သို့ ပြောင်းလဲခဲ့ကြောင်းကိုလည်း ယနေ့ အခမ်းအနားတွင် ဗိုလ်မှူးချုပ် စောချစ်သူ က ရှင်းပြသွားသေးသည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်၊ နယ်ခြားတပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး ဒု ဥက္ကဋ္ဌဗိုလ်ချုပ် ဖာနွီး၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင် အုန်း (ယခင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး)နှင့် လက်ရှိ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် တင်မောင်ထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း တို့ တက်ရောက်ကြသည်။

ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး(KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA)၊ ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA)၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်(PNLO) အပါအဝင် တိုင်းရင်းသား တပ်ဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ ၁၂ ဖွဲ့ အပါအဝင် ရာနှင့်ချီသော ဒေသခံပြည်သူများ လည်း တက်ရောက်ကြသည်ကို တွေ့ရသည်။ထူးခြားချက်မှာ အဆိုပါပွဲကို ကရင် လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်သော ဗိုလ်ထိန်မောင်၏ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) အဖွဲ့များ တက်ရောက်သည်ကို မတွေ့ရပေ။

ဗိုလ်မှူးချုပ် စောချစ်သူက ၎င်းတို့အနေဖြင့် DKBA အဖြစ်ရပ်တည်ခဲ့စဉ် ကာလနှင့် BGF သို့ ကူးပြောင်းလာသော ကာလများတွင် စိုက်ပျိုးရေး၊ သတ္တု တူးဖော်ရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းမီဒီယာများနှင့် သီးသန့်တွေ့ဆုံစဉ်မှာ ပြောသည်။“ခနောက်စိမ်း၊ ရွှေ စတဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း၊ ရော်ဘာ၊ ပြောင်းဖူး စိုက်ခင်းတွေနဲ့ ကုမ္ပဏီတွေတည်ထောင်ပြီး သွင်းကုန်၊ ထုတ်ကုန် လိုင်စင်အခွန်တွေနဲ့ ဆောင်ရွက်နေပါတယ် ရရှိတဲ့ အကျိုးအမြတ်တွေကို မိမိ အဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးသာ မက ဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေး ဘက်မှာလည်း ၅၀ ရာခိုင်နှုန်းထက် မနည်း ကျခံ သုံးစွဲပါတယ်”ဟုလည်း ဗိုလ်မှူးချုပ် စောချစ်သူ က ပြောဆို သွားသည်။

DKBA သည် နယ်ခြားစောင့်တပ်(BGF) ဖွဲ့စည်းရန် ၂၀၁၀ ပြည့် ဇူလိုင်လတွင် လက်ခံခဲ့ပြီး တပ်ဖွဲ့စည်းခြင်း အခမ်းအနားများကို သြဂုတ် လ အတွင်း လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ၀တီ မြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေး ဒေသ များတွင် ယခင်စစ်အစိုးရက ဦးဆောင် ပြုလုပ်ခဲ့သည်။၁၉၉၅ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အားကြီးမားလာသည့် လက်နက် ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။

ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်မှရရှိသော အလှူငွေကျပ်သိန်း၂၀၀ကျော်အား ဗလီပျက်များပြန်လည်ပြုပြင်ရေးတွင် ကူညီလှူဒါန်းမည်



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်ပြည့် မွေးနေ့ တွင် အထိမ်းအမှတ် အလှူငွေ ကျပ်သိန်း နှစ်ရာ ကျော် ရရှိခဲ့ကြောင်း နှင့် အဆိုပါ အလှူငွေများအား ပျက်စီးသွားသော ဗလီဝတ်ကျောင်းများ ပြည်လည် တည်ဆောက်ရေးတွင် များတွင် ပြန်လည်သုံးစွဲ သွား မည် ဟုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် ဒေါ်အေးအေးမာက ပြောကြား သည်။


အဆိုပါ ငွေကျပ် သိန်းနှစ်ရာသည် မွန်းလွဲ၁ နာရီခန့်က ကောက်ခံ အတည်ပြု ထားခြင်းဖြစ်ပြီး ထပ်မံ လှူဒါန်းသူများရှိကြောင်း၊ စုစုပေါင်း ရရှိသည့် အလှူငွေ စာရင်းကို ဆက်လက် ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း ဒေါ်အေးအေးမာက ထပ်မံ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် လှူဒါန်းငွေများ ရရှိခဲ့ရာဗလီပြန်လည် တည်ဆောက်ရေးအတွက် ကျပ် ၇၅ သိန်း၊ NLD ကျန်းမာရေး ကွန်ရက်သို့ ကျပ် ၆၈ သိန်း၊ မွတ်စလင် ပညာရေးကွန်ရက်သို့ ကျပ် ၄၅ သိန်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြား အလှူငွေကျပ် ၁၂ သိန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် မွေးနေ့ပွဲ အခမ်းအနားတွင် ထုတ်ပြန် ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ်စတန် သမ္မတနိုင်ငံ သံအမတ်ကြီး ဟူစိန်မာမွတ် အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း အချို့မှ ခေါင်းဆောင်များ၊ အနုပညာရှင်များ တက်ရောက်ကာ မွေးနေ့ လက်ဆောင် များ ပေးပို့ခဲ့သည်။

ပညာရေးကွန်ရက် ရန်ပုံငွေအတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ် ခဲ့သည့် ပြည်သူ့ရင်ပြင် ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရက်လုပ်သည့် ဆွယ်တာ နှစ်ထည်ကို လေလံတင် ရောင်းချခဲ့ရာ ငွေကျပ် ၁၀၄၅ သိန်း ရရှိခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက် မွေးနေ့တွင် လက်ခံရရှိသည့် မွေးနေ့လက်ဆောင် ငွေကြေး ပစ္စည်းအားလုံးကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မွတ်စလင် ကျန်းမာရေး ကွန်ရက်နှင့် ပညာရေး ကွန်ရက်များသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း NLDဗဟိုအလုပ်အမှုဆောင် အဖွဲ့က ကြိုတင် ကြေညာထားသည်။

ရွှေသတင်းသစ်

Credit : http://www.oppositeyes.info/2013/08/blog-post_5793.html

၈၈ မျိုးဆက်အဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့ တွေ့ဆုံကာ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်နိုင်မှု ဆိုင်ရာများ ဆွေးနွေး

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီအဖွဲ့နှင့် သြ ဂုတ် ၂၁ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် အဖွဲ့ရုံးခန်းတွင် တွေ့ဆုံခဲ့ကာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက်အဖွဲ့မှ ဦးမင်းကိုနိုင်၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးအံ့ဘွယ်ကျော်တို့ ပါဝင်ခဲ့ပြီး KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ လူထုဆက်ဆံရေးနှင့် နိုင်ငံခြားရေးရာ ခေါင်းဆောင် ဗိုလ်မှူးချုပ် တီမိုသီလက်ခလမ်းဒီဒီနှင့် အဖွဲ့တို့ ပါဝင်ခဲ့ပြီး ဆွေးနွေးမှုမှာ တစ်နာရီခန့်ကြာမြင့် ခဲ့ကြောင်း သိရသည်။

"အဓိကကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မှု၊အားလုံးကျယ်ကျယ်ပြန့် ပြန့် ကိုယ်စားပြု ပါဝင်နိုင်ရေးကို ဆန္ဒရှိကြတယ်။ ကျွန်တော်တို့ဘက်ကတော့ ပြီးခဲ့တဲ့ ရှစ်လေးလုံး အခမ်း အနား ကြေညာစာတမ်းမှာပါတဲ့ အချက်သုံးချက်နဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးတယ်" ဟု တွေ့ဆုံမှု တွင် ပါဝင်ခဲ့သူ ဦးပြုံးချိုက ပြောကြားသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အခမ်းအနား ကြေညာချက်တွင် ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှ မှုရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား အင်အားစုအားလုံး ပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်သည်ဟူသော အချက်များ ပါဝင်သည်။

Eleven Media Group

နိုင်ငံရေး သမားများ၊ ကျောင်းသားများကို နိုင်ငံရေး နှစ်ရှည်ထောင်ဒဏ်၊ ပြစ်ဒဏ်ပေးခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပါ နှစ်ရှည်ထောင်ဒဏ် ပြစ်ဒဏ်များနှင့် ပတ်သက်၍ ပြင်ဆင်ရေးဆွဲရန် လွှတ်တော်၌ ဆွေးနွေးမည်



နိုင်ငံရေးသမားများ၊ ကျောင်းသားခေါင်းဆောင် များကို နိုင်ငံရေးနှစ်ရှည် ထောင်ဒဏ်၊ ပြစ်ဒဏ်ပေး ခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သြဂုတ် ၂၁ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။


ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ယခင်မူလ ဥပဒေတွင် ပါဝင်သည့် အခန်း ၁၂ ပြစ်မှုနှင့် ပြစ်ဒဏ်များ အပိုင်းမှ နှစ်ရှည်ထောင်ဒဏ် ပြစ်ဒဏ်များ နေရာ တွင် ငွေဒဏ်များဖြင့် အစားထိုးကာ အဓိက ပြင်ဆင်ထားကြောင်း ဦးသိန်းညွန့်က ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ မှာ အခန်း ၁၃ ခန်းနဲ့ ပုဒ်မပေါင်း ၅၂ ခု ပါဝင်ပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းခဲ့တဲ့ ကာလကလွှတ်တော်ပေါ်ပေါက် ခြင်း မရှိတဲ့ အချိန်ကာလက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလက အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက် အလှမ်းကွာဝေးနေတဲ့ အချိန်မှာ ဒီလိုနိုင်ငံရေး အခင်းအကျင်းနောက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပ ဒေ ဖြစ်ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့မှာ နိုင်ငံရေး သမားတွေ၊ ကျောင်းသားခေါင်းဆောင် တွေကို နိုင်ငံရေးအရ နှစ်ရှည်ထောင်ဒဏ်၊ ပြစ်ဒဏ်ပေးတဲ့ ဥပဒေတစ်ရပ် ဖြစ်ခဲ့တာကို စီရင်ချက်တွေအရ သိရပါတယ်" ဟု ဥပဒေကြမ်းကို တင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ တွင် ပါဝင်သော "မည်သူမဆို အီလက်လ ရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကိုအသုံးပြု၍အောက်ပါပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဆိုသည့် နေရာတွင် "ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အ များဆုံး ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ပြင်ဆင်ထားပြီး ကင်းလွတ် ချက် အနေဖြင့် "ယခုပြဋ္ဌာန်းချက်သည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာ ယာရေး (သို့မဟုတ်)ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင် သော မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်တို့ နှင့် မသက်ဆိုင်" ဟု အစားထိုး ပြင်ဆင်ထားသည်။

အီလက်ထရောနစ် ပုဒ်မ ၃၄ တွင် ပါဝင်သော ထောင်ဒဏ်ငါးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံဒဖြစ်စေ ချမှတ်ရမည်ဆိုသည့် နေရာတွင် ငွေဒဏ်ကျပ် ၅၀ သိန်းမှ ကျပ်သိန်း ၁၀၀ အထိ ချမှတ်ရမည်။

ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်ခြောက်လ ချမှတ်ရမည်ဟု လည်းကောင်း၊ အီလက်ထရောနစ် ပုဒ်မ ၃၇ တွင် ပါဝင်သော ထောင်ဒဏ်တစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆို သည့် နေရာတွင် ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင် ဒဏ်သုံးလ ချမှတ်ရမည်" ဟုလည်းကောင်း အခြားသော ပုဒ်မများတွင် ပါဝင်သည့် ပြစ်မှုပြစ်ဒဏ်များကို လည်း ပြင်ဆင်ပယ်ဖျက်ခဲ့သည်။

ဆက်လက်၍ ဦးသိန်းညွန့်က "ဆက်သွယ်ရေးဒုဝန်ကြီး ဦးသောင်းတင် လွှတ်တော်ကို လာတင်ပြထားတာ လည်း ရှိပါတယ်။ အဲဒါက ခေတ်စနစ်နဲ့ ပိုမိုလျော်ညီပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ဆောင်ရွက်နိုင်မယ့် e-Commerce ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတဲ့ ထူးချွန်ထက်မြက်တဲ့ မြန်မာအိုင်တီ လူငယ်များ၏ တီထွင်မှု စွမ်းအားကို ထုတ်ဖော်နိုင်ရန် အားပေးတဲ့ ဥပဒေတစ်ရပ် ရေးဆွဲသင့်ကြောင်း၊ အဆိုပါ ဥပဒေသစ် မပေါ်ပေါက်မီ ယခုအီလက်ထရောနစ် ဥပဒေတွင် ပါဝင်သည့် အခန်း ၁၂ ပြစ်မှုနှင့် ပြစ်ဒဏ်များ အပိုင်းတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို လိုအပ်ပါက ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ရေးဆွဲသင့်ကြောင်း တင်ပြခဲ့ပါ တယ်။ ဒါ့ကြောင့် ယခုဥပဒေကြမ်းကို လွှတ်တော်က ဆွေးနွေးရန် လက်ခံပေးဖို့ တင်ပြအပ်ပါတယ်" ဟု ပြောကြားသည်။

အဆိုပါ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော် တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူခဲ့ရာ ကန့်ကွက်မည့်သူ မရှိသဖြင့် လွှတ်တော် က သဘောတူခဲ့သည်။

Eleven Media Group

သံလွင်၊ စစ်တောင်းနှင့် င၀န်မြစ်တို့၌ စိုးရိမ်ရေမှတ် ကျော်လွန်နေပြီး ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဒုတိယအကြိမ် ရေကြီးမှု ကြုံတွေ့



သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် င၀န်မြစ်တို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်နေပြီး ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် မြစ်ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို ဒုတိယအကြိမ် ကြုံတွေ့ နေရသည်ဟု သိ ရ သည်။


မိုးကောင်းခြင်းပေါ် မူတည်၍ မြစ်ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို မိုးရာသီ ကာလအတွင်း ကြုံတွေ့ လျက်ရှိရာတွင် ဇူလိုင်လကုန်ပိုင်းကလည်း မိုးရွာ သွန်းမှု ကောင်းမွန်သည့် ဒေသများ၌ မြစ်ရေကြီးမှုကို ကြုံ တွေ့ရပြီးနောက် ယခုလတွင် မြစ်ရေကြီးမှု ထပ်မံဖြစ်ပေါ်ခြင်း ဖြစ်သည်။

သြဂုတ် ၂၁ ရက်တွင် သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့၌ ၈၀၈ စင်တီမီတာသို့ ရောက်ရှိနေ ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၇၅၀ စင်တီမီတာကို ကျော်လွန်တည်ရှိနေသည်။ အဆိုပါ မြစ်ရေမှာ နောက် ၄၈ နာရီ (သြဂုတ် ၂၃ ရက်) အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်၌ ဆက်လက်တည်ရှိ နေ နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဇူလိုင်လကုန်ပိုင်းက မြစ်ရေကြီးမှုကြောင့် ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေး စခန်း ၁၂ ခု ဖွင့်လှစ်ခဲ့ ရ ပြီး ကယ်ဆယ်ရေး စခန်းများတွင် ပြောင်းရွှေ့ခိုလှုံရသူ ရေဘေးဒုက္ခသည် ဦးရေပေါင်း ၆၀၀၀ နီးပါး ရှိခဲ့ သည်ဟု သိရသည်။

ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းက ရေကြီးမှု ကြုံတွေ့ခဲ့ရသည့် င၀န်မြစ်တွင်လည်း ဧရာဝတီတိုင်း ဒေသကြီး ငါးသိုင်းချောင်းမြို့၌ ၁၁၅၈ စင်တီမီတာသို့ ရောက်ရှိနေကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် တွင် တစ်ပေ၀န်းကျင် ကျော်လွန်ရောက်ရှိနေသည်။ င၀န်မြစ်ရေမှာမူ စိုးရိမ်ရေမှတ်အထက်တွင်နောက်သုံး ရက်အတွင်း တည်ရှိမည် ဖြစ်သည်ဟု သိရသည်။

"ငါးသိုင်းချောင်းမှာတော့ ကယ်ဆယ်ရေး စခန်းတို့ဘာတို့ ဖွင့်ရတာ မရှိသေးပါဘူး။ ရွှေ့ရပြောင်းရတာ လည်း မရှိသေးဘူးပေါ့။ စိုးရိမ်ရေမှတ် ကျော်နေပေမယ့် လောလောဆယ်တော့ နေလို့ရနေသေးတဲ့အတွက် ပြောင်းရွှေ့တာတွေ မရှိသေးတာပါ" ဟု ငါးသိုင်းချောင်းမြို့ခံ ဦးသန်းအေးက ပြောပြသည်။

စစ်တောင်းမြစ်တွင်လည်း မဒေါက်မြို့၌ ၁၁၀၅ စင်တီမီတာသို့ ရောက်ရှိနေပြီး မဒေါက်မြို့၏ စိုးရိမ်ရေမှတ် မှာ ၁၀၇၀ စင်တီမီတာ ဖြစ်သည်။ အဆိုပါမြစ်တွင် ယခုနှစ် မိုးရာသီအတွင်း ပထမအကြိမ် မြစ်ရေကြီးမှုကို ကြုံတွေ့ခြင်းဖြစ်ပြီး သြဂုတ် ၂၃ ရက် ၀န်းကျင်အထိ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ နိုင် သည်ဟု သိရသည်။

ပဲခူးတိုင်းဒေသကြီးရှိ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်သည့်နည်းတူ ရွှေကျင်မြစ်သည်လည်း ရွှေ ကျင်မြို့၌လည်း စိုးရိမ်ရေမှတ် ကျော်လွန်နေသည်ဟု သိရသည်။

"သြဂုတ် ၂၀ ရက်က ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း စစ်တောင်းမြစ်အောက်ဘက်ပိုင်း ရွှေကျင်နဲ့ မဒေါက်တို့ ဘက်မှာ မိုးရေချိန် ရှစ်လက်မကျော်အောင် ရွာခဲ့ပါတယ်။ အခု မဒေါက်မှာရော ရွှေကျင်မှာပါ စိုးရိမ်ရေမှတ် ကျော်နေပါတယ်။ လောလောဆယ်တော့ တောင်ငူမှာ မိုးနည်းနေပါသေးတယ်။ ဒါပေမဲ့ စစ်တောင်းမြစ် အောက်ဘက်မှာ ရေကြီးနေပြီး လွယ်လွယ်နဲ့ကျဖို့လည်းမဖြစ်နိုင်လို့မိုးရေချိန်တစ်လက်မနှစ်လက်မလောက် ရွာ လိုက်ရင်ပဲ နောက်တစ်ပတ်လောက်ဆို တောင်ငူမှာ စိုးရိမ်ရေမှတ် ရောက်လာနိုင်ပါတယ်" ဟု တောင်ငူ ခရိုင် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမြင့်အောင်က သြဂုတ် ၂၁ ရက် ညနေပိုင်းက ပြော ကြားသည်။

သြဂုတ် ၂၁ ရက်တွင် စိုးရိမ်ရေမှတ်အထက် တည်ရှိနေသော မြစ်များအနက် သံလွင်မြစ်နှင့် င၀န်မြစ်တို့ သည် သြဂုတ် ၂၀ ရက်ကတည်းက မြစ်ရေကြီးမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့ရကာ စစ်တောင်း၊ ရွှေကျင် မြစ်တို့တွင်မူ သြဂုတ် ၂၁ ရက်တွင်မှ မြစ်ရေကြီးမှု သတိပေးချက်ကို ထုတ်ပြန်ရသော အနေအထားသို့ ရောက်ရှိလာသည်။

မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လကုန် ပိုင်းကလည်း မိုးကောင်းခြင်းကြောင့် ကရင်ပြည်နယ် မြ၀တီမြို့တွင်သောင်ရင်းမြစ် ရေတက်မှု၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ လှိုင်းဘွဲ စသည့်ဒေသများတွင်လည်း ရေကြီးရေလျှံမှု၊တနင်္သာရီ တိုင်း ဒေသကြီးအတွင်းရှိ ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ သံလွင် မြစ်တွင် ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၇၅၀ စင်တီမီတာကို ကျော်လွန်မှု၊ မွန်ပြည်နယ် ဘီးလင်းမြို့ တွင်လည်း မိုးဆက်တိုက်ရွာသွန်းမှုနှင့် တောင်ရေလိမ့်ဆင်းမှုများကြောင့် ရေကြီးရေလျှံမှု၊ ရှမ်းပြည်နယ် တာချီ လိတ်မြို့တွင်လည်း မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှု စသည်တို့ကို ကြုံတွေ့ခဲ့ရသည်။

"ဒီနှစ် မိုးကောင်းတာကြောင့် မြစ်ရေကြီးတာကို ကြုံနေရပါတယ်။ အဆိုးဆုံးနှစ်တော့ မဟုတ်ဘူး။ ရေကြီး တာကို ဆိုးဆိုးဝါးဝါး ကြုံရတဲ့ နှစ်ကတော့ ၂၀၀၄ ပါ" ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။

လက်ရှိတွင် စိုးရိမ်ရေမှတ် ကျော်လွန်နေသော မြစ်များ၏ ၂၄ နာရီအတွင်း ရေမျက်နှာပြင် ပြောင်းလဲမှုများ အနေဖြင့် ရွှေကျင်မြစ်တွင် +၁၇၄ စင်တီမီတာ၊ စစ်တောင်းမြစ်တွင် +၉၆ စင်တီမီတာ၊ သံလွင်မြစ်တွင် +၆၁ စင်တီမီတာ၊ င၀န်မြစ်တွင် +၂၀ စင်တီမီတာ ဖြစ်သည်။

သံလွင်၊ စစ်တောင်း၊ ရွှေကျင်၊ င၀န် စသောမြစ်များ၌ စိုးရိမ်ရေမှတ် ကျော်လွန်နေချိန်တွင် ပဲခူးမြစ်တွင် ပဲခူးမြို့၌ နောက် ၂၄ နာရီ (သြဂုတ် ၂၂ရက်) အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန် ထားသည်။

"ပဲခူးမြစ်ရေကတော့ လောလောဆယ်မှာ စိုးရိမ်ရေမှတ် မရောက်သေးတော့ ထူးထူးခြားခြား မရှိသေးပါဘူး။ မိုးဆက်တိုက်ရွာရင် ရေကတက်လာမယ့်သဘော ရှိပါတယ်။ စိုးရိမ်ရေမှတ် ရောက်ရင်တော့ အနိမ့်ပိုင်းတွေ ရေလွှမ်းတာကို ကြုံရမှာပါ" ဟု ပဲခူးမြို့ခံ တစ်ဦးက ပြောပြသည်။

ယခုနှစ်အတွင်း မိုးကောင်းခြင်း၊ ရေကြီးရေလျှံခြင်းတို့ကြောင့် လယ်ယာမြေအချို့ ရေနစ်မြုပ်ခြင်းကို ဧရာဝ တီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ ဒေသအချို့၌ ကြုံတွေ့ ခဲ့ရကာ ကရင်ပြည်နယ်တွင် လယ်ယာမြေ ရေနစ်မြုပ်မှုကို ဆက်လက်ရင်ဆိုင်နေရသည်။

သြဂုတ် ၅ ရက်တွင် ထုတ်ပြန်မှုအရ ရေဘေးကြောင့် လူခြောက်ဦး သေဆုံးပြီး ရေဘေးသက်ရောက်မှုကို ရင်ဆိုင်ခဲ့ရသော လူဦးရေ ၄၀၀၀၀ ၀န်းကျင် ရှိနိုင်ကြောင်း သိရသည်။

မော်လမြိုင်မြို့ ကမ်းနားဆိပ်အား သြဂုတ် ၂၁ ရက်က တွေ့ရစဉ်

Eleven Media Group

ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ဈာပန အခမ်းအနား အောင်ပန်းမြို့တွင် ကျင်းပ


ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ဈာပန အခမ်းအနားကို သြဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ ပြီး စာပေ၊ အနုပညာနှင့် နိုင်ငံရေး စသည့်နယ်ပယ်ဒေသ အသီးသီးမှ လူဦးရေ ထောင်ချီပို့ဆောင်ခဲ့ကြ ကြောင်း သိရသည်။ ဈာပန အခမ်းအနားသို့ နိုင်ငံရေးနယ်ပယ် အသီးသီးမှ ၀မ်းနည်းကြောင်း မှတ်တမ်း လွှာများ၊ ကဗျာများ ပေးပို့ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။


ဆရာကြီး ဒဂုန်တာရာ၏ ရုပ်ကလာပ်ကို အောင်ပန်းမြို့နေအိမ်မှ နှစ်မိုင်ကျော်ဝေးကွာသော မင်းဂူသုသာန် သို့ ပို့ဆောင်ချိန်တွင် မိုးဖွဲဖွဲ ရွာသွန်းလျက်ရှိပြီး နယ်ပယ်ဒေသ အသီးသီးမှ လာရောက်သူများမှာ ခြေကျင် လိုက်ပါ ပို့ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ မင်းဂူသုသာန်တွင် မီးသဂြိုဟ်ပြီး ကျန်ရှိသည့် အရိုးပြာကို အထိမ်း အမှတ်ဗိမာန် တည်ဆောက်ထားရှိရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် ဗိမာန်တည်ဆောက်မည့်နေရာ ရွေး ချယ်သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"အထိမ်းအမှတ်ဂူဗိမာန် ဘယ်မှာလုပ်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ လေ့လာဆဲ အဆင့်မှာပဲ ရှိသေး တယ်။ အောင်ပန်းမြို့ အထွက်က တောင်ပေါ်တစ်နေရာမှာ မိသားစုဝင်တွေ အနေနဲ့ သဘောတွေ့ ထား တယ်။ ရန်ကုန်မှာလည်း ထားရှိဖို့ အကြံပေးတဲ့ သူတွေလည်း ရှိတယ်" ဟု ဈာပန ကော်မတီဥက္ကဋ္ဌ ဦးအံ့ မောင်က ပြောကြားသည်။ 

ဆရာကြီး ဒဂုန်တာရာ၏ မြေးဖြစ်သူ တေးသံရှင် ဟေမာနေ၀င်းက "ဟေမာနေ၀င်းဆိုတဲ့ နာမည်နဲ့ ကြယ် တစ်ပွင့် မွေးဖွားခြင်းဆိုတဲ့ တေးစီးရီးနာမည်ကို ဦးလေး (အဘိုး) က ထောင်ထဲက ပေးခဲ့တာ။ ငယ်ငယ် ကတည်းက အတူတူကြီးပြင်းလာတာမို့ တော်တော်လေး သံယောဇဉ် ရှိခဲ့ကြတာပါ။ အသက် အရမ်း ကြီးပြီ ဆိုတော့ တရားနဲ့ပဲ ဖြေပါတယ်" ဟု ပြောကြားသည်။

Eleven Media Group

အာရှတော်ဝင် ဆေးရုံ၏ နှလုံးရောဂါ ကုသခြင်းဆိုင်ရာ သွေးကြောချဲ့ ကုသမှုဌာန ဖွင့်လှစ်



အာရှတော်ဝင် ဆေးရုံ၏ နှလုံးရောဂါ ကုသခြင်းဆိုင်ရာ သွေးကြောချဲ့ ကုသမှုဌာန ဖွင့်ပွဲကို သြဂုတ် ၂၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ နှလုံးရောဂါ ကုသခြင်းဆိုင်ရာ သွေးကြော ချဲ့ ကုသမှုဌာနကို စက်တင်ဘာမှ စတင်ကာ လူနာ များ လက်ခံကုသ ပေးသွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ မှ ဆေးပညာရှင်များနှင့် ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဌာနတွင် နှလုံးသွေးကြောကျဉ်းသည့် လူနာများအား နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်းဖြင့် ကုသ နှိုင်ပြီး လူနာ၏ပေါင် (သို့မဟုတ်) လက်ကောက်ဝတ်ရှိ သွေးလွှတ်ကြောမှတစ်ဆင့် နှလုံးသွေးကြော အ တွင်းသို့ သေးငယ်သော ပိုက်တစ်ခု ထည့်သွင်းပြီး ဆေးရည်ထိုးသွင်း ကြည့်ခြင်းအားဖြင့် မည်သည့်သွေး ကြော မည်မျှကျဉ်းနေသည်ကို ပုံရိပ်ဖော် ကွန်ပျူတာမှတစ်ဆင့် ကြည့်ရှုခြင်းဖြစ်ကာ ရောဂါတွေ့ရှိခဲ့ပါက ဆေးဝါးများ အသုံးပြုပြီး ကုသခြင်း၊ နှလုံးသွေးကြောချဲ့ခြင်းကို သွေးကြောထောက် ကိရိယာဖြင့် ကုသခြင်း နှင့် နှလုံးသွေးကြောဖြတ်ဆက် ကုသခြင်းတို့ဖြင့် ကုသနိုင်ကြောင်း သိရသည်။

ယင်းဌာနကို ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အာရှတော်ဝင် ဆေးရုံတွင် ဖွင့်လှစ်ခဲ့ဖူးပြီး ကြားကာလ များ တွင် သွေးကြောကျဉ်း ရောဂါကို စမ်းသပ်စစ်ဆေးနိုင်သည့် စက်ပိုင်းဆိုင်ရာ အားနည်းမှုများကြောင့် မဖွင့်ဖြစ်ခဲ့ဘဲ ယခု ၂၀၁၃ ခုနှစ် သြဂုတ်တွင် ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူ အဓိပတိ ဆရာတော် ဒေါက်တာအရှင်ဥာဏိဿရမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ကဗ္ပည်းမော်ကွန်းကို နံ့သာရည်များ ပက်ဖျန်းခြင်းနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ချီး မြှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်

     မာမက် (ခ) သိန်းအောင်                အာဇတ်                      ယူနွတ် (ခ) လှမြင့်

မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ခွဲရေးသမားများ သတင်းကြောင့် မြို့အ၀င်အထွက် လမ်းကြောင်းများ အ ပါအ၀င် ပင်လယ်ပိုင်းရှိ ကျွန်းများနှင့် ကျေးရွာများအထိ စနစ်တကျ စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ် လျှက်ရှိကြောင်း သိရသည်။


ယခုလလယ်ပိုင်းမှ စတင်ပြီး မြိတ်မြို့သို့ ဖောက်ခွဲရေးသမားသုံးဦး ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ၀င် ရောက်လာနိုင်ကြောင်း သတင်းများ ရရှိခဲ့ရာ လုံခြုံရေး တိုးမြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖောက် ခွဲရေးသမားသုံးဦး ရောက်ရှိနေသည့် သတင်းမှာ ဓာတ်ပုံများနှင့်အတူ အာဏာပိုင်များထံသို့ ရောက်ရှိနေပြီး ရပ်ကွက်အလိုက်၊ ကျေးရွာများအလိုက် လုံခြုံရေး တိုးမြှင့်ခဲ့သလို လူဝင်လူထွက်များ သိရှိနိုင်ရန် ဧည့်စာရင်း များစစ်ခြင်း၊ မြို့အ၀င်ထွက်များတွင် စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"ဖောက်ခွဲရေးသမား သုံးဦးကတော့ အခုထိ မမိသေးပါဘူး။ သတင်းတွေ အမျိုးမျိုး ထွက်နေပေမယ့် လုံခြုံ ရေး ကိုတော့ စနစ်တကျ လုပ်ဆောင်နေပါတယ်။ ကျေးရွာနဲ့ ရပ်ကွက်တွေအလိုက် ဆယ်အိမ်စု၊ရာအိမ်စုမှူး တွေအထိ အဆင့်ဆင့် စောင့်ကြည့်တဲ့ စနစ်နဲ့ လုပ်ဆောင်နေသလို ပင်လယ်ထဲက ကျွန်းတွေ၊ ဆိပ်ကမ်းအ ၀င်အထွက်ကိုလည်း စောင့်ကြည့်စစ်ဆေးနေတယ်။ သတင်းရပြီးတာနဲ့ လုံခြုံရေးကို ယခင်ကထက် ထပ်တိုး ထားပါတယ်။ သြဂုတ် ၁၇ နေ့ကစပြီး နေ့ရောညပါ လူတစ်ဦးချင်းအလိုက် ရှာပါတယ်။ ဆိုက်ကားတွေ ဆိုင် ကယ်တွေကို တစ်စီးချင်း ရှာပါတယ်။ ညပိုင်းဆိုရင် မြစ်ထဲမှာ လှေတွေနဲ့ ကင်းလှည့်စောင့်ကြည့် ပါတယ်။ ရွာတွေက လှေဆိပ်လေးတွေအထိ လိုက်စစ်နေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ထပ်တိုးထားတာပဲ ရှိပါ တယ်။ ဘယ်နေ့ဘယ်ရက်အထိ ချမယ်ဆိုတာမျိုး မရှိပါဘူး။ ရက်အကန့်အသတ်မရှိ ဆောင်ရွက်မှာပါ" ဟု ကျွဲကူးတံတားတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

သြဂုတ်လလယ်ပိုင်းတွင် ဖောက်ခွဲရေးသမားသုံးဦး ထိုင်းနိုင်ငံမှတစ်ဆင့် ပင်လယ်ရေကြောင်း ခရီးဖြင့် ၀င်ရောက်လာကြောင်း၊ ကော့သောင်-ဘုတ်ပြင်းဘက်မှ ရေလမ်းခရီးကို အသုံးပြုကာ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း သတင်းများ ရရှိပြီးနောက်ပိုင်း မြိတ်မြို့တွင် လုံခြုံရေး တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာမှ ထုတ်ပြန်သည့် ဖောက်ခွဲရေးသမား သုံးဦးမှာ မာမက် (ခ) သိန်းအောင်၊ အာဇတ်နှင့် ယူနွတ် တို့ဖြစ်ပြီး မာမက် (ခ) သိန်းအောင်မှာ ယခင် မြန်မာနိုင်ငံသားဖြစ်ပြီး ယခု ထိုင်းနိုင်ငံသားအဖြစ် ခံယူထား သူဖြစ်ကာ မြန်မာနိုင်ငံ၌ အသက် (၁၂) အထိ နေထိုင်ခဲ့ကြောင်း၊ အာဇတ်မှာ အင်ဒိုနီးရှားတွင် နေထိုင်ကာ နိုင်ငံသား စိစစ်ဆဲဖြစ်ကြောင်းနှင့် ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိဖြစ်ကာ ယခုထိုင်းနိုင်ငံသား ခံယူထားကြောင်း သိရပြီး ၎င်းတို့ သုံးဦးစလုံးမှာ မြန်မာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ကြောင်းလည်း သိရသည်။

ယင်းတို့နှင့် ပတ်သက်၍ ပြင်ပတွင် သတင်းမျိုးစုံ ထွက်ပေါ်နေသော်လည်း ၎င်းတို့အား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group

ရှစ်လေးလုံး ငွေရတု ကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သူ ဆရာမတစ်ဦး အား မယူမနေရပင်စင် ပေး

၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား ကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် ခဲ့သည့် ကျောင်းဆ ရာမတစ်ဦးကို ပညာရေးဝန်ကြီး ဌာနက မယူမနေရပင်စင် ပေး လိုက်ကြောင်း သတင်းရရှိသည်။


ရန်ကုန်မြို့တော်ဝင် နှင်းဆီ ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်း လင်းပွဲသို့ နေပြည်တော်မှ လာ ရောက် တက်ရောက်သည် ဟူ သောအချက်ဖြင့် အဆိုပါကျောင်း ဆရာမကို သြဂုတ်လ ၁၇ ရက်နေ့ တွင် မယူမနေရပင်စင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ပင်စင်ပေးခြင်းကို အမှတ် ၂ အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် ကသြဂုတ်လ ၁၅ ရက်တွင် လက် မှတ်ရေးထိုး၍ ပညာရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေးကော်မတီအ စည်းအဝေး၏ စုပေါင်းဆုံးဖြတ် ချက်ဖြင့်ဟု အမိန့်စာ၌ ထည့်သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။

မယူမနေရပင်စင် ပေးလိုက် သည့် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်းမှ သတ္တမတန်း B သိပ္ပံ ဆရာမဒေါ်စိုးစိုးခိုင်က ''တော် တော်လေးအံ့သြမိပါတယ်။ ကျွန် မလည်း တရားဝင်ခွင့်တင်တာပါ။ ဒီအရေးတော်ပုံကြီးမှာ ကျွန်မ လည်းပါဝင်လှုပ်ရှားခဲ့တဲ့အတွက် တက်ရောက် သင့်တယ်လို့ ယူဆ ပြီး ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ရန်ကုန်လည်း ရောက်နေတဲ့အ တွက်ပါ'' ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဆရာမ ဒေါ်စိုးစိုးခိုင်မှာ လုပ်သက် ၁၈ နှစ်ရှိပြီး အသက် ၄၈ နှစ် အရွယ်ရှိသူ ဖြစ်သည်။ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် ၂ အခြေခံပညာဦးစီး ဌာန၊ နေပြည်တော် ပညာရေးညွှန်ကြား ရေးမှူးရုံးထံသို့ မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတော် သမ္မတရုံးသို့လည်း ဆက်လက် မေးမြန်းခဲ့ရာ ၄င်းတို့နှင့် မဆိုင်၍ ပညာရေးဌာနထံသာ မေးမြန်းရန်ပေါ်ပြူလာနယူးစ်သို့ ဖြေကြားကြ သည်။

ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မကို စွဲချက်သုံးချက်နဲ့ စွပ်စွဲ တာ။ ခွင့်မဲ့ပျက်ကွက်တာ၊ ရန် ကုန်ကို အကြောင်း မကြားဘဲသွား တာ၊ ၈၈ ပွဲအခမ်းအနား သတင်း စာရှင်းလင်းပွဲတက်တာ။ ကျွန် မကတော့ ရဲရဲပြောရဲတယ်။ ၈၈ ပွဲကိုတက်လို့ ရည်ရွယ်ပြီးဖြုတ်တာ''ဟုပြောသည်။

ယခုကဲ့သို့ကျောင်းဆရာမ ပင်စင်ပေးခံခဲ့ရမှုကို ရန်ကုန် အ ရှေ့ပိုင်း တက္ကသိုလ်ဆရာ၊ ဆရာမ အသင်း ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အပြင်းအထန်ဆန့်ကျင်ကြောင်း ပြောကြားလိုက်သည်။ ''ဒီပြစ်ချက်နဲ့ ထုတ်တယ် ဆို ရင်တော့ ပညာရေးဝန်ကြီးဌာန က တော်တော်လွန်တယ်''ဟု ၄င်းက ပြောသည်။

၈၈ အရေးတော်ပုံကို ယခင် အစိုးရက ချိုးချိုးနှိမ်နှိမ်ပြောခဲ့ကြ ခြင်းမျိုး ရှိပြီး၊ သိမ်ငယ်အောင်၊ သိမ်ဖျင်း အောင် လုပ်ခဲ့ကြတာမျိုး ရှိကြောင်း၊ ၈၈ အရေးတော်ပုံက ကြီးမားသည့် အချိုးအကွေ့ကြီး တစ်ခုဖြစ် ကြောင်း၊ ယခုလိုသာ ဆိုပါက ထိုပွဲကို တက်ရောက်ခဲ့ သော ဝန်ကြီး ဦးအောင်မင်းအပါ အဝင် အခြားအစိုးရ ဝန်ထမ်း တို့ကိုပါ ပွဲ တက်သည့်ကိစ္စကြောင့် အငြိမ်းစားပေးမည်လားဟု မေး စရာရှိကြောင်းဟု ဦးသန်းထိုက်အောင်က ဆက်ပြောသည်။



Popular Myanmar News Journal