Thursday, August 15, 2013

ရန်ကုန်လေဆိပ်တွင် ထိုင်းနိုင်ငံသူတစ်ဦးထံမှ ကျည်ဆံများဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် MAI ပိုင်လေယာဉ်ပေါ်သို့ တက်ရောက်စီးနင်းတော့မည့် ထိုင်း နိုင်ငံသူ တစ်ဦးထံမှ သေနတ်ကျည်ဆံများ သိမ်းဆည်းရမိမှုတစ်ခု သြဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။


အဆိုပါ အမျိုးသမီးသည် လေယာဉ်ပေါ်သို့ တက်ရန်ပြင်ဆင်နေစဉ် လေဆိပ်ဝန်ထမ်းများက လုပ်ထုံး အတိုင်း X-ray စက်ဖြင့် ပြည်ပထွက်ခွာမည့်သူများ၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ ယခုလို ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ရဲမှတ်တမ်းတွင် အံ့သြဖွယ်ဖော်ပြထားသည်မှာ ထိုင်းအမျိုးသမီး၏ မစ္စဂိုမက်စ်ဆူရာဖနာပါ၏ အိတ်အတွင်း တွင်တွေ့ရှိရသည့် ကျည်များမှာကျည်အမျိုးအစား ရှစ်မျိုးဖြစ်ပြီး ကျည်ခုနစ်မျိုးအတွက် တစ်တောင့်စီနှင့် ကျန်ကျည် တစ်မျိုးအတွက်သာ နှစ်တောင့်ပါဝင်သည်ကို တွေ့ရခြင်းဖြစ်သည်။

လက်ရှိတွင် သူမကို တရားမ၀င် လက်နက်လက်ဝယ်တွေ့ရှိသူအဖြစ်စွပ်စွဲကာ ရဲအုပ်ထွန်းထွန်းဦးက တရား လိုပြုလုပ် အမှုဖွင့်တိုင်တန်းထားပြီး မင်္ဂလာဒုံရဲစခန်းကလည်း အမှုအမှတ် (ပ)၅၀၅/၂၀၁၃ ဖြင့် အမှုဖွင့် ထားကာ လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် တရားစွဲဆိုမည်ဟု တိုင်းရဲဌာနကထုတ်ပြန်သည်။

Credit : http://abbsoluteright.blogspot.com/2013/08/blog-post_3563.html

အွန်လိုင်းပေါ်တွင် ပျံနှံ့ ခဲ့ကြသည့် GTC အတွဲ မင်္ဂလာဆောင်ကြပြီ

လူငယ်ဆိုတာ အမှားနဲ့ မကင်းပါဘူး။ အတင်းအဖျင်း ပြော သူတွေ ရပ်တန်းက ရပ်နိုင်ကြပါစေ။


သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်း သားနှင့် ကျောင်းသူတို့၏ မဖွယ်မရာ ပြုလုပ်နေ သည့် ဗီဒီယိုဖိုင် အွန်လိုင်း၌ ပျံ့နှံ့ခဲ့ပြီးနောက် နျစ်ဘက်မိဘစုံလင်စွာဖြင့်မင်္ဂလာဆောင် သန်လျင် GTC က VIDEO ထွက်ခဲ့တဲ့စုံတွဲလက်ထပ်သွားပါပြီ

ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေ...

နောက်ထပ် ဖွမဲ့သူတွေလည်း ပါးစပ်ပိတ်နိုင်ကြပါစေ

သားသမီးချင်း ကိုယ်ချင်းစာနိုင်ကြပါစေ ဒီတခါနောက်ဆုံး ဒီကိစ္စနဲ့ပက်သတ်ပြီး

သတင်းတင်ချင်းဖြစ်ပါသည်... နောက်နောင်တွင် သားသမီးချင်း ကိုယ်ချင်းစာနိုင်ကြပါစေ... ဖွနေသူများ လည်း ရပ်တန့်နိုင်ကြပါစေ....

From: Nay Min

ဘောလုံးကွင်းမှာ အကြမ်းဖက်သူတွေကို ပြစ်ဒဏ်ချ အရေးယူပြီ



မြန်မာနေရှင်နယ်လိဂ် (MNL) နောက်ဆုံးပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်း ရေး ကော်မတီက ဒီကနေ့မှာပဲ ပြစ်ဒဏ် အသီးသီး ချမှတ်ပြီး အရေးယူလိုက်ပြီလို့ သိရပါတယ်။


နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးမှာ ဒီလ ၄ ရက်နေ့က MNL ပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန် ယူနိုက်တက် (YUFC) အသင်းနဲ့ နေပြည်တော် (NPTFC) အသင်းတို့ကစားခဲ့ကြရာမှာ နှစ်ဖက်အသင်း ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေ ကြားမှာ ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့တဲ့ အတွက် ပွဲပယ် ပြစ်ဒဏ်နဲ့ ပူးတွဲဒဏ်ငွေ တွေကို အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။


ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ အစီရင်ခံစာ၊ ရုပ်သံနဲ့ ဓာတ်ပုံ မှတ်တမ်းတွေကို ကြည့်ရှု စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ပြစ်မှုကျူးလွန်ခဲ့တဲ့ ကစားသမားတွေ၊ အသင်း၊ အသင်း အုပ်ချုပ်သူ တာဝန်ရှိသူတွေကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောပါတယ်။

“ဒီတစ်ခေါက် အရေးယူတာ ပြင်းတယ်၊ ဖြစ်တာလည်း များတော့ ပြစ်ဒဏ်တွေလည်း ပြင်းတာပေါ့၊ လူချင်းတော့ ခင်ကြပေမယ့် ဥပဒေက သက်ညှာလို့မရဘူး၊ ဒီဥပဒေက ကျနော်တို့ မြန်မာပြည်က ချမှတ်ထားတဲ့ ဥပဒေတွေ မဟုတ်ဘူး၊ FIFA က ချမှတ် ထားတဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေ၊ ဒီအတိုင်းပဲ အရေးယူတယ်”လို့ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ဧရာဝတီကို ပြောပါတယ်။

ပြစ်ဒဏ်တွေထဲမှာ အိမ်ရှင် နေပြည်တော် အသင်းအနေနဲ့ ဝဏ္ဏသိဒ္ဓိ ကွင်းအတွင်း ပျက်စီးဆုံးရှုံးမှု ကုန်ကျ စရိတ်တွေကို တစ်ဝက် ပေးလျော်ရန်နဲ့ လာမယ့် ၂၀၁၄ MNL အမှတ်ပေး ပြိုင်ပွဲရဲ့ ပထမ အကျော့ ပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် မပြုဖို့ အသင်းကို ပြစ်ဒဏ်ချမှတ်ပါတယ်။

ကစားသမားတွေထဲမှာတော့ နေပြည်တော် အသင်း ရဲ့ ကျောနံပါတ် ၁၂ ခိုင်ထူး ကို တဖက် အသင်း ကစားသမားအား ဥပဒေ မဲ့ ရန်ပြုခဲ့တာကြောင့် ၂၀၁၄ MNL ပြိုင်ပွဲ ပွဲစဉ် တရာသီလုံးကို ကစားခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဒါဟာ ကစားသမားတွေ ထဲက အပြင်းထန်ဆုံး အဖြစ် အရေးယူ ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ခိုက်ရန်ဖြစ်ပွားမှုမှာပါဝင်ခဲ့တဲ့ နေပြည်တော် အသင်းသားတွေဖြစ်တဲ့ ကျောနံပါတ် (၄) ဇော်လင်း ၅ ပွဲပယ်၊ ဒဏ်ကြေး ကျပ် ၅ သိန်း ချမှတ်ခဲ့ပြီး ကျောနံပါတ် (၁၆) တင်ဇော်မိုးနဲ့ ကျော်နံပါတ် (၂၉) အရန်ဂိုးသမား ဇော်မျိုးဦး တို့ကို ၅ ပွဲစီ ပွဲပယ်နဲ့ ဒဏ်ကြေး ကျပ် ၂ သိန်းစီ ပေးဆောင်ဖို့ ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။

ကစားသမားတွေအပြင် နေပြည်တော် အသင်းရဲ့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနဲ့ နည်းစနစ် အကြံပေး ဦးမျိုးဝင်း တို့နှစ်ဦးကိုလည်း စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ပွဲစဉ် (၃) ပွဲ ကွင်းအတွင်း ဝင်ရောက် ကြီးကြပ်ခွင့် ပိတ်ပင်တာနဲ့ ဒဏ်ကြေး ကျပ် ၅ သိန်းစီ ချမှတ်ခဲ့ ပါတယ်။ ပွဲပယ် ပြစ်ဒဏ်တွေ အားလုံး မှာ လာမယ့် ၂၀၁၄ MNL ပြိုင်ပွဲ ပထမ ပွဲစဉ်တွေမှာ ကျခံရမှာ ဖြစ်ပါတယ်။

နေပြည်တော်အသင်းဟာ ဒီတကြီမ် အပါအဝင် အရေးယူခံရတာ စုစုပေါင်း ၄ ကြိမ်ရှိပြီဖြစ်ပြီး အရင် ကလည်း တခြားအသင်း ပရိသတ်တွေ၊ အားကစားသမားတွေကို တုတ်၊ ခဲ အပါအဝင် အရာဝတ္ထုတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ က ၃ ကြိမ်အရေးယူတာ ခံခဲ့ရဖူးတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။

ဧည့်သည်အသင်း အဖြစ် လာရောက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန် ယူနိုက်တက်အသင်း မှာလည်း ပြစ်ဒဏ် ပေးခံရသူ ၂ ဦးရှိပြီး လက်ထောက်နည်းပြ ဦးတင်မောင်ထွန်း ကွင်းတွင်းဝင်ရောက် ကြီးကြပ်ခွင့် (၃) ပွဲ ပိတ်ပင်နဲ့ ဒဏ်ကြေး ကျပ် ၅ သိန်း၊ ကျောနံပါတ် (၈) ကြည်လင်း ၃ ပွဲ ကစားခွင့်ပိတ်နဲ့ ဒဏ်ကြေး ကျပ် ၅ သိန်း ချမှတ်ခဲ့ပါတယ်။

အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းကြီးဟာ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အမီ ပြုလုပ်ထားတဲ့ ကစားကွင်း ဖြစ်ပြီး နေပြည်တော်အသင်း ပရိသတ်တွေ အကြမ်းဖက်မှုတွေကြောင့် ထိုင်ခုံ အလုံးပေါင်း ၁၅၀ (ကာလတန်ကျေး ကျပ် သိန်း ၂၀၀) ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့က နှစ်ဖက်ကစားသမားတွေ ကြားမှာ ထိုးကြိတ်၊ ကန်ကျောက်မှုတွေ၊ အိမ်ရှင် ပရိသတ်တွေက ပွဲကြည့်စဉ် ပေါ်က ထိုင်ခုံတွေ၊ လက်ရန်းတွေ၊ ဆိုင်းဘုတ်တွေကို ဖျက်ဆီးမှုတွေ၊ ဒိုင်နဲ့ တဖက်အသင်း ကစားသမားတွေကို ရန်မူဖို့ ကွင်းအတွင်း ဝင်ရောက် အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။

ကွင်းအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်တဲ့ ဘောလုံးသမားတွေ၊ နည်းပြတွေနဲ့ ဘောလုံးအသင်းတွေကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်ခဲ့သလို ကွင်းအတွင်း ခုံတွေ၊ လက်ရန်းတန်း တွေ၊ ဆိုင်းဘုတ်တွေကိုဖျက်ဆီးသူတွေ၊ ကစားကွင်း အတွင်း ဝင်ရောက်လာပြီး အကြမ်းဖက်သူပရိသတ်တွေကို လည်း ပြည်ထဲရေး ဝန်ကြီးဌာန က အရေးယူ ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ဒီအကြမ်းဖက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ နေပြည်တော် အမှတ် (၅) ရဲစခန်းကနေ တာဝန်ယူ ကိုင်တွယ် ဆောင်ရွက်နေပြီး လောလောဆယ်မှာတော့ သံသယ ရှိသူ ၁၂ ဦးကို ဖမ်းမိထားပြီး နောက်ထပ်သံသယ ရှိသူတွေကို ထပ်မံဖမ်းဆီးသွားဖို့ရှိတယ်လို့ သိရပါတယ်။

နေပြည်တော် အမှတ် (၅) ရဲစခန်းက ရဲအရာရှိတဦးက “ကျနော်တို့က သတင်းရုပ်သံအဖွဲ့တွေ၊ ဓာတ်ပုံတွေ၊ CCTV တွေ၊ မျက်မြင် တွေကရတဲ့ အထောက်အထားတွေအရ ဖမ်းဆီးထားတာပါ၊ မိထားတဲ့လူအများစုက ပျဉ်းမနားသားတွေပါ၊ မှတ်တမ်းတွေ အရတော့ အရေးယူရမယ့်လူတွေကျန်ပါသေးတယ်”လို့ သူက ဧရာဝတီကို ပြောပါတယ်။

ဖမ်းမိထားတဲ့သူတွေကိုတော့ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက် ရေး အက်ဥပဒေ ပုဒ်မ ၆ (၁) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲက ပြောပါတယ်။

ဒီဘောလုံးပွဲ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ မြန်မာ သတင်းဌာနတွေက ဖော်ပြခဲ့ကြသလို နိုင်ငံတကာ သတင်းဌာနတွေကလည်း စိတ်ဝင်တစား ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရ သတင်း မီဒီယာတွေမှာတော့ မတွေ့ရပါဘူး။

ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဘောလုံးအသင်း ၂ သင်းက နေပြည်တော် (NPTFC) အသင်း ရဲ့ ဥက္ကဋ္ဌမှာ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဖြစ်ပြီး ရန်ကုန် ယူနိုက်တက် (YUFC) အသင်းရဲ့ ဥက္ကဋ္ဌ ကတော့ ဦးပြည့်ဖြိုးတေဇ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဟာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဌ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း ရဲ့ သားဖြစ်ပြီး ဦးပြည့်ဖြိုးတေဇ ကတော့ မြန်မာနိုင်ငံရဲ့ သူဌေးကြီး ဦးတေဇ ရဲ့ သားဖြစ်ပါတယ်။

သြဂုတ်လ ၄ ရက်နေ့က အိမ်ရှင် နေပြည်တော်အသင်းနဲ့ ရန်ကုန်ယူနိုက်တက် အသင်းတို့ ပွဲမှာ ကွင်းထဲပြေးဝင်လာပြီး ဒိုင်လူကြီးကို ရန်မူဖို့ ကြိုးစားနေတဲ့ နေပြည်တော် အသင်း အားပေးသူ တဦးကို အသင်း ကစားသမားတဦးက တားဆီးနေစဉ် (ဓာတ်ပုံ – YUFC Facebook)

Credit : http://burma.irrawaddy.org/archives/46285

မြန်မာ့အပြောင်းအလဲ VOA သတင်းထောက် ဒီလိုမြင်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်း မြန်မာနိုင်ငံမှာ (၃) နှစ်ကျော် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မြန်မာနိုင်ငံအတွင်း မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်း တွေအကြောင်းကို ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။


ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော်မေးချင်တာက မျက်စိအမြင်အားဖြင့် မြန်မာနိုင်ငံဟာ ဘယ်လောက် အထိ တိုးတက်သွားသလဲဆိုတာကို အပေါ်ယံအမြင်ကို ပြောပါအုံး။

ကိုကျော်ကျော်သိန်း ။ ။ ကျနော် မနှစ် ၂၀၁၂ ခုနှစ် ကြာဖြတ်ရွေးကောက်ပွဲကာလက (၅) ရက် ရွေးကောက်ပွဲသတင်းယူဖို့ ရောက်ခဲ့တယ်။ တနှစ်အကြာ ၂၀၁၃ မှာ ပြန်ရောက်တော့ တနှစ်အတွင်း မျက်စိအမြင်အရ အပြောင်းအလဲကို ပြောရမယ်ဆိုရင် ကျနော့်မျက်စိထဲမှာ အသိသာဆုံး အပြောင်းအလဲကတော့ လမ်းပေါ်က ကားတွေလို့ ပြောရမှာပဲ။ လွန်ခဲ့တဲ့ တနှစ်တုန်းက လမ်းပေါ်မှာ ကားအဟောင်းတွေ တော်တော်များတယ်။ ကားတွေကထွက်တဲ့ မီးခိုးတွေနဲ့ အနံတွေအတော်ရတယ်။ အငှားကား တက္ကစီ ငှားစီတယ်ဆိုရင် တံခါးဆွဲလိုက်လို့ ပြုတ်ထွက်သွားမှာကို စိုးရိမ်နေရတယ်။ ကားတစီးလုံးက လှုပ်ခါနေတယ်။ ဒီနှစ်ကြာတော့ လမ်းပေါ်မှာ အငှားကားတွေကလည်း အသစ်ပေါ့ မြန်မာပြည်အနေအထားနဲ့ အသစ်ကားတွေ များလာတယ်။ တခြား ကိုယ်ပိုင်ကား အသစ်အသစ်တွေလည်း များလာတယ်။ အဲဒါကတော့ အဓိက အထင်ရှားဆုံး တနှစ်အတွင်း အပြောင်းအလဲလို့ ပြောရမှာပဲ။ ကျန်တာကတော့ လမ်းတွေ ပိုပြီးတော့ ကောင်းလာတာကို တွေ့ပါတယ်။ နောက် တံတားအသစ်တွေ၊ ဂုံးကျော်တံတားအသစ်တွေ ဆောက်နေတာ တွေ့တယ်။ အဆောက်အဦးအသစ်တွေ အပြိုင်အရိုင်း၊ ဟိုတယ်လ်အသစ်တွေ အပြိုင်အရိုင်း ပြီးသွားတာတွေ၊ ဆောက်နေတာတွေကလည်း မနှစ်ကထက် ပိုများလာတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ စည်းကမ်းပိုင်းအနေနဲ့ ကားမောင်းတဲ့လူတွေ၊ လမ်းဖြတ်တဲ့လူတွေရဲ့  စည်းကမ်းက တိုးတက်လာသလား။

ကိုကျော်ကျော်သိန်း ။ ။ ကျနော် ကင်းကွာခဲ့တဲ့ (၁၁) နှစ်ကာလအတွင်း (၁၁) နှစ်ကျော်ရဲ့  ဟိုဘက်တုန်းကနဲ့ ဒီကနေ့နဲ့တော့ အတော်ကွာတယ် ပြောရမယ်။ လူတွေကို မြင်းကျားကနေ ကူးပါဆိုပြီး ပညာပေးတယ်။ လူတွေကလည်း မြင်းကျားကနေ ကူးတယ့်လူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မော်တော်ကားတွေကြတော့ မြင်းကျားက ကူးတယ့်လူတွေကို လူကိုလူလို အသိအမှတ်ပြုပြီးတော့ ဦးစားပေးရမယ်ဆိုတဲ့ အသိပညာပေးမှုက မရှိသေးဘူးထင်တယ်။ ဆိုတော့ မြင်းကျားက လူကူးနေတဲ့ မော်တော်ကားက ဟွန်းတီးပြီးလာတယ်။ ဒါ့အပြင် ရှေ့ မီးကြီးကို ရဲနေအောင်ဖွင့်ပြီးတော့ လူကို အတင်းမကူးကူးအောင် တွန်းပို့ပြီးတော့ လူက ကားကိုရှောင်ပြီးတော့ သွားရတယ်။ ကျနော့် အတွေးထဲမှာတော့ တနေ့တနေ့ ရန်ကုန်မြို့ မှာ လမ်းပေါ်သွားနေရတဲ့ လူတွေက အသက်စွန့်၊ အသက်လုသွားနေရတယ်လို့ ခံစားရတယ်။ လမ်းစည်းကမ်းနဲ့ ပြောရင်၊ ယာဉ်စည်းကမ်းနဲ့ပြောရင် လက်ရှိအခြေအနေက မြန်မာနိုင်ငံဟာ zero လို့ပဲ ပြောချင်တယ်။ 

ဦးကျော်ဇံသာ ။ ။ သတင်းထောက်တယောက်အနေနဲ့ သတင်းယူရတာ၊ ဘယ်လောက် လွတ်လွတ်လပ်လပ် ရှိပြီလို့ ခံစားခဲ့ရပါသလဲ။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုမှာ သတင်းလိုက်နေရတယ်ဆိုတဲ့ ခံစားမှုမျိုး ရရှိခဲ့ပါသလား။ 

ကိုကျော်ကျော်သိန်း ။ ။ ရပါတယ်။ ယေဘုယျအားဖြင့်ပြောရင် အဲဒီ ခံစားမှုမျိုး ရပါတယ်။ တခုပဲ အကြီးမားဆုံးရှိနေတဲ့ စိမ်ခေါ်မှုက access of information အစိုးရတာဝန်ရှိသူတွေဆီကနေ သတင်းတွေကို လွတ်လွတ်လပ်လပ် အလွယ်တကူ၊ အများပြည်သူကို တင်ပြနိုင်အောင် ရယူနိုင်ခွင့်။ အဲဒီအပိုင်းမှာ အကန့်အသတ် အတားအဆီးတွေ အများကြီးရှိတယ်။ တခါတရံကြရင် အစိုးရတာဝန်ရှိသူတွေကို ကျနော်တို့ မေးဖို့မြန်းဖို့ရာမှာ အလွယ်တကူ ဆက်သွယ်လို့မရတာ၊ မေးလို့မရတဲ့ အခြေအနေမျိုးတွေက နေရာဌာနပေါင်းစုံမှာ တွေ့ရတယ်။ ဒါ့အပြင် ပိုပြီးတော့ မသက်မသာ ဖြစ်စရာကောင်းတာက ဆွေးနွေပွဲကြီးလုပ်တယ်၊ workshop, seminar လုပ်တယ် စသည်အားဖြင့် အဲဒီအပေါ်မှာ အစိုးရတာဝန်ရှိသူတွေက စင်ပေါ်တက်ပြီး တင်ပြဆွေးနွေးကြတယ်။ အဲဒီ အစိုးရတာဝန်ရှိသူက တင်ပြဆွေးနွေးချက်ပြီးတဲ့အခါ ကျနော်ချဉ်းကပ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး on camera လုပ်ချင်ပါတယ်ဆိုတော့ အဲဒီ တာဝန်ရှိသူတွေက ကျနော် (၃) ကြိမ်လောက် ကြုံခဲ့ပါတယ်။ ငြင်းပါတယ်။ ကျနော်တို့ မလုပ်ရပါစေနဲ့ ကျနော်တို့ အစိုးရဝန်ထမ်းတွေပါ။ ဒီပွဲမှာ ဒီလိုလာပြောပါဆိုလို့ ကျနော်တို့က လာပြောတာပါ စသည်ဖြင့် အဆင့်မြင့်တဲ့ တာဝန်ရှိသူတယောက်နဲ့လည်း တွေ့ဆုံမေးမြန်းခွင့်ရဖို့ ချဉ်းကပ်တယ်။ ကျနော် လိုချင်တဲ့ အချက်အလက်တွေအားလုံးပေးပါမယ်။ on the record - on camera တော့ မလုပ်ရပါစေနဲ့လို့ ငြင်းတာရှိတယ်။ ဆိုတော့ သတင်းလိုက်ရတဲ့အပိုင်းမှာ လွတ်လွတ်လပ်လပ်၊ ဘာအတားအဆီး အနှောက်အယှက်မရှိပါဘူး။ ဒါပေမဲ့ တာဝန်ရှိသူတွေဆီကနေ တရားဝင် သတင်းရယူနိုင်ဖို့ နေရာမှာတော့ တကယ်ကို စိမ်ခေါ်မှုက ကြီးကြီးမားမား ရှိနေတုန်းပါ။

ဦးကျော်ဇံသာ ။ ။ သတင်းထုတ်ပြန်ရေးအဖွဲ့ဆိုတာကလည်း သူတို့ဘက်က ပြောချင်တဲ့ သတင်းအချက်အလက်ဆိုရင်တော့ ချက်ချင်းထုတ်ပြောတယ်။ ဒါပေမဲ့ သူတို့ကို ထဲထဲဝင်ဝင် သိချင်လို့ မေးတယ်ဆိုရင် သူတို့သိပ်ပြီးတော့ ... နိုင်ငံရေးနည်းနည်း ကြည့်ကြအောင်ပါ။ ပထမတခုကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရမယ်၊ ၂၀၁၅ ကျရင် စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ပြီးတော့ အရပ်သားလုံးဝပီပြင်တဲ့ အစိုးရဖြစ်လာမယ်။ ပီပြင်တဲ့ အတိုက်အခံတွေ ရှိလာမယ်ဆိုတာကို မျှော်မှန်းနေကြပါတယ်။ အဲဒီအတွက် ဦးတည်လှုပ်ရှားနေတဲ့ နိုင်ငံရေးပိုင်းက ဘယ်လောက်တက်တက်ကြွကြွ လုပ်နေကြပါသလဲ။ ဒါတွေကို တွေ့ရပါသလား။

ကိုကျော်ကျော်သိန်း ။ ။ လုပ်တော့ လုပ်နေကြပါတယ်။ ဒါပေမဲ့ နယ်ပယ်ပေါင်းစုံက လူတော်တော်များများနဲ့ မေးမြန်းတဲ့အခါတိုင်းမှာ ဒီလိုမျိုး ဆက်တဲ့မေးခွန်းကို ထည့်ပြီးတော့ မေးလေ့ရှိပါတယ်။ ဆိုတော့ အဲဒီလူတွေ အများစုရဲ့  အမြင်ကတော့ တူကြတာ ဘာလဲဆိုတော့ ပြောင်းနေတယ်။ အကောင်းဘက်ကို ပြောင်းနေတယ်။ ဒါပေမဲ့ စိတ်ချလက်ချ နေရလောက်အောင် ဖြစ်နိုင်တဲ့ ပြင်ဆင်မှုမျိုးတွေလုပ်တာ အားနည်းနေသေးတယ်။ ၂၀၁၅ ဆိုရင် ကျနော် အခုပြန်လာတဲ့အချိန်အထိ ထိထိရောက်ရောက် ပြင်ဆင်နေတာမျိုး ပေါ်ပေါ်ထင်ထင် မတွေ့ရသေးဘူး။ အတွင်းမှာ ကြိတ်လုပ်နေရင်တော့ ကျနော်တို့အနေနဲ့ မသိနိုင်ဘူးပေါ့။ သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းထောက်တွေမေးတာ ကြုံခဲ့ရဘူးပါတယ်။ ဘာတွေပြင်ထားပြီးပြီလဲလို့ မေးတဲ့အခါ ပြင်ဖို့လုပ်နေတုန်းဆိုတဲ့ အဖြေမျိုးတွေ ကြားခဲ့ရတာ တွေ့ပါတယ်။ ဆိုတော့ သက်ဆိုင်တဲ့လူတွေအနေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၁၅ အတွက် ဘယ်လောက်အထိ ပြင်ဆင်နေကြပြီလဲဆိုတာတော့ တိတိကျကျ မတွေ့ရသေးပါဘူး။ ရှင်းရှင်းလင်းလင်း၊ ထင်ထင်သာသာ တွေ့ရတဲ့အခြေအနေမှာ မရှိသေးဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က နောက်ဆုတ်မလား။ သို့နည်းမဟုတ် အခုလက်ရှိပုံစံမျိုး စနစ်ဟောင်းနဲ့ ဆက်စပ်နေတဲ့ လူတွေပဲ ကြီးစိုးနေမလားဆိုတာကို ပြတ်ပြတ်သားသား ပြောနိုင်တဲ့ အခြေအနေ မရှိသေးဘူးပေါ့။

ကိုကျော်ကျော်သိန်း ။ ။ မရှိသေးပါဘူး။ ဒါပေမဲ့ နှစ်ဘက် ပြင်ဆင်တာထက် နှစ်ဘက်က ဒီအပေါ်မှာ ချဉ်းကပ်နေကြတဲ့ အရိပ်အရောင်မျိုးတွေတော့ တွေ့နေရတယ်။ စနစ်ဟောင်းက လူတွေပဲ ကြီးစိုးမလား။ စစ်တပ်က နောက်ဆုံးမလား။ နောက်ထပ်အင်အားစုတွေကို ဘယ်လောက်အထိ နေရာပေးတဲ့ အခင်းအကျင်းမျိုး ဖြစ်လာမလဲဆိုရာမှာ နှစ်ဘက်ခြေလှမ်းတွေတော့ ရိုးတိုးရိပ်တိပ် တွေ့ရတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေအထိမှာ စစ်တပ်က သိသိသာသာကြီး နောက်ဆုတ်မယ့် အနေအထားမျိုး၊ လက်ရှိအာဏာရထားတဲ့ အစုကနေပြီးတော့ သိသိသာသာကြီး အာဏာကို ဖြေလျှော့ပေးလိုက်မယ့် အနေအထားမျိုးတော့ ကျနော်ကိုယ်တိုင်တော့ မတွေ့ရဘူး။ 

ဦးကျော်ဇံသာ ။ ။ အာဏာပိုင်တွေပြီးတော့ ပြည်သူလူထု - မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းအတွက် အဓိက စိမ်ခေါ်မှုဆိုပြီး ဒီကနေ့ ကြုံတွေ့လာရတာကတော့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပါတယ်။ အဲဒီဟာနဲ့ ပတ်သက်လို့ ပထမဦးဆုံး လူတွေရဲ့  သဘောထား။ လူတွေဟာ ဘယ်လောက်အထိ တဖတ်နဲ့တဖတ် အပြန်အလှန် နားလည်းမှုရှိပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အတူ ဟိုတုန်းကလို နေထိုင်ကြတဲ့ဆီကို ပြန်သွားနိုင်မယ့် အလားအလာကို တွေ့ပါသလား။ ဒီအန္တရာယ်က ဘယ်လောက်အထိ ခြိမ်းခြောက်နေသလဲ။

ကိုကျော်ကျော်သိန်း ။ ။ ဒီအန္တရာယ်က သိပ်ကိုကြီးမားတဲ့ ခြိမ်းခြောက်မှုဆိုတာကို ကျနော် တွေ့ဆုံမေးမြန်းဖူးသမျှ လေ့လာသူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ နောက်ဆုံးအဆင့် ကုလသမဂ္ဂ တာဝန်ရှိသူတွေကိုယ်တိုင်က ဒီအန္တရာယ်နဲ့ ပတ်သက်လို့ အကြီးအကျယ် သတိပေးပြောတာကို တွေ့ရတယ်။ အခုနတုန်းက လူမှု့အဝင်အဝိုင်းတွေကြားမှာ ပြန်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ဆိုတဲ့နေရာမှာ အင်မတန် စိတ်ဝင်စားဖို့ကောင်းတာက ဘာလဲဆိုတော့ အခုလက်ရှိဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ။ ဒီပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ အမြင်တွေ ချဉ်းကပ်ပုံတွေက မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ လူတွေနဲ့ မြန်မာပြည်ပြင်ပကနေပြီးတော့ မြန်မာနိုင်ငံအတွင်းကို ရောက်သွားတဲ့ တချိန်က မြန်မာနိုင်ငံသားတွေကြားမှာ အတော်ကို ကွဲတဲ့အမြင်မျိုးရှိတာကို တွေ့ရတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့လူတွေက လက်ရှိပဋိပက္ခတွေမှာ ချဉ်းကပ်တဲ့ဟာက နိုင်ငံတကာက ချဉ်းကပ်တာမျိုးနဲ့ လုံးဝဆန့်ကျင်တယ်။ သူတို့အနေနဲ့ အခုဆိုရင် ပြတ်ပြတ်သားသား တချို့ နေရာတွေမှာ ပြောတာက ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ အတော်ခဲယဉ်းသွားပြီ။ အတူယှဉ်တွဲ နေထိုင်ဖို့ အတော်ခဲယဉ်းသွားပြီ။ နေဖို့ဆိုရင်တော့ အချိန်အများကြီး ကြာလိမ့်မယ်။ သူတို့က နိုင်ငံတကာက ပြောနေတဲ့ မြန်မာနိုင်ငံ ပြင်ပကနေ မြန်မာနိုင်ငံအတွင်း ဝင်သွားတဲ့ လူတွေပြောနေကြတဲ့ လူ့အခွင့်အရေးတို့၊ နိုင်ငံတကာအလယ်မှာ လူမျိုးဂုဏ်သိက္ခာ၊ တိုင်းပြည်ဂုဏ်သိက္ခာ မကျစေဖို့ ဆိုတာတွေက သူတို့ရဲ့  ထိပ်တန်းစဉ်းစားမှုတွေမှာ မပါဘူး။ သူတို့ ဦးစားပေး စဉ်းစားတာက ကိုယ့်ရဲ့  လူမျိုးရေး၊ ကိုယ့်နိုင်ငံ၊ ကိုယ်ဘာသာ အမျိုးသာသနာ။ အဲဒီလိုဟာမျိုးကို အဓိက ဦးစားပေး စဉ်းစားကြတယ်။ စဉ်းစားတော့ အင်မတန် စိတ်ဝင်စားဖွယ်ကောင်းအောင် တွေ့ရတဲ့အချက်ကတော့ နိုင်ငံတကာက အထူးသဖြင့် တာဝန်ရှိသူတွေ သတိပေးနေသလိုမျိုးပဲ စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ပြည်တွင်းရဲ့  လူတွေရဲ့  တုံ့ပြန်ချက်မှာ သွားပြီးတော့ ရောင်ပြန်ဟပ်နေတယ်။ 

ဦးကျော်ဇံသာ ။ ။ အစဉ်အလာ အမျိုးသားရေးဝါဒကို စွဲကိုင်ထားတယ်ဆိုတော့ အခု (၂၁) ရာစု နိုင်ငံတကာမြင်လာတဲ့ civic nationalism နိုင်ငံသားကို အခြေခံတဲ့ အမျိုးသားရေးဝါဒနဲ့ ခေတ်မီတိုးတက်အောင် သွားနိုင်တဲ့ လမ်းကြောင်းတော့ မတွေ့နိုင်ဘူးဆိုတဲ့ သဘောပေါ့။ 

ကိုကျော်ကျော်သိန်း ။ ။ အဲဒီလို အခြေအနေမျိုး ရောက်ဖို့ကို တော်တော်သွားရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အခုလက်ရှိ အခြေအနေမှာတော့ အဲဒီလောက်အထိ မရှိဘူး။ ကျနော်ကို တချို့ က ဘယ်လောက်အထိ ပြောသလဲဆိုရင် မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံရဲ့  အခြေအနေတွေကို နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ ဥပမာ နောက်ဆုံး ကုလသမဂ္ဂကြေညာစာတမ်းလိုမျိုး နိုင်ငံတကာ ပဋိညာဉ်စာတမ်းတွေ၊ နိုင်ငံတကာရဲ့  သတ်မှတ်ချက်တွေနဲ့အညီ အကဲဖြတ်ဖို့။ အဲဒါတွေ သတ်မှတ်ချက်တွေနဲ့ လိုက်လုပ်ဖို့ မြန်မာနိုင်ငံ မဖြစ်နိုင်သေးဘူး။ သိပ်စောသေးတယ်။ မြန်မာနိုင်ငံ ကိုယ့်စံကိုယ့်အထွာ၊ ကိုယ့်ပေတံနဲ့ပဲ သွားရအုံးမယ် အဲဒီလောက်အထိ ပြောကြတယ်။ 

ဦးကျော်ဇံသာ ။ ။ နှစ်ပေါင်းများစွာ ပိတ်ခံနေခဲ့ရတော့လည်း နိုင်ငံတကာအမြင်၊ နိုင်ငံတကာအယူအဆ၊ နိုင်ငံတကာ ပညာရေးတွေ...

ကိုကျော်ကျော်သိန်း ။ ။ အဲဒီလို ပြောတဲ့အထဲမှာ အခုနလို ပညာတတ်တွေ၊ အတွေးအခေါ်ရှိသူတွေ၊ စာဖတ်သူတွေပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါက လောလောဆယ်ပေါ်ပေါက်လာတဲ့ ပြဿနာစိမ်ခေါ်မှုပေါ့။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအတိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် အစဉ်အလာရှိလာတဲ့ တိုင်းရင်းသားလူမျိုးစု ပြဿနာပြေလည်ရေး၊ ငြိမ်းချမ်းရေးတို့၊ အပစ်အခတ် ရပ်စဲရေးတို့ အကြိမ်ကြိမ်ကြားနေရတယ်။ လက်တွေ့ကတော့ သေနတ်သံတွေလည်း ထွက်နေတုန်းပဲ။ အဲဒါဟာကော ဘယ်လိုဖြစ်နေသလဲ။ ဘယ်တော့များ ...

ကိုကျော်ကျော်သိန်း ။ ။ ကျနော် မြစ်ကြီးနားမှာ ကချင်လွတ်မြောက်ရေး KIA နဲ့ မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ဆွေးနွေးပွဲကို ကျနော် တောက်လျှောက်သတင်းသွားယူခဲ့ရပါတယ်။ ဆိုတော့ အဲဒီမှာ ပြင်ပမှာ ကျနော် မေးမြန်းကြည့်တာတွေ ရှိပါတယ်။ ယေဘုယျ အားလုံးမှာရှိနေတဲ့ ခံစားချက်။ အားလုံးမှာရှိနေတဲ့ စိတ်အတွေး ခံစားချက်ကတော့ အပစ်အခတ်ရပ်စဲရေး ဖြစ်မယ်။ ငြိမ်းချမ်းရေးဖြစ်မယ်။ ဒါပေမဲ့ အဖုအထစ်လေးတွေ ရှိနေတယ်။ သံသယလေးတွေ ရှိနေတယ်။ အဲဒါလဲ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ သမိုင်းကြောင်းတွေလည်း ရှိမှာပေါ့။ တဖတ်နဲ့တဖတ် ရှိခဲ့တဲ့အနေအထားတွေ။ ဖြစ်တာတော့ဖြစ်မယ်။ သို့သော် အချိန်နည်းနည်း ယူရလိမ့်အုံးမယ်။ အဲဒါကြောင့်လည်း တဖတ်က အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးပြောတယ်။ သိပ်မကြာဘူး တဖတ်မှာပစ်တယ်။ နောက်တခုကလည်း ကျနော်ကိုယ်တိုင်မြင်တာက အဆင့်လိုက် တဖတ်မှာ အဆင့်အဆင့်အလိုက်မှာ သဘောထားတွေက ထပ်တူမကျဘူး။ အမြင်တွေက ထပ်တူမကျဘူး။ ချဉ်းကပ်ပုံ ထပ်တူမကျဘူး။ အပေါ်မှာတော့ သဘောတူတယ်။ အောက်ခြေမှာက သဘောတူညီချက်မရဘူး။ အဲဒီသဘောတူညီချက်က အောက်ခြေအထိ မရောက်ဘူး။ မရောက်တော့ အောက်ခြေမှာ ပစ်တာခတ်တာတွေ ရှိမှာပဲ။ အဲဒါကိုလဲ တခုကောင်းတာကတော့ အပေါ်အဆင့်မှာတော့ ဒီဟာတွေကို အသိအမှတ်ပြုတယ်။ ရှိနေလိမ့်မယ် ဒီလိုပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေလိမ့်အုံးမယ်။ ဒီမှာ သဘောတူညီချက်ရပြီသော်လည်း တနေ့မှာ နှစ်ဖက် နားလည်းမှုလွှဲပြီးတော့ ပစ်တာခိုက်တာတိုက်တာတွေ ရှိနေလိမ့်မယ်။ အဲဒါတွေကို လျှော့ချမယ်။ အဲဒါတွေကို အတတ်နိုင်ဆုံး ပြေလျော့အောင်လုပ်မယ်။ တခါ နောက်တပိုင်းကလဲ အားလုံးမှာ ယေဘုယျအားဖြင့် သဘောတူနေတယ်လို့ မြင်နိုင်တဲ့တချက်က ဒီလူမျိုးတိုင်းရင်းသားတွေ ပြဿနာတွေအကုန်လုံးကို နိုင်ငံရေးနဲ့ ဖြေရှင်းမှရမယ်ဆိုတဲ့ဟာကို ဟိုဘက်ကရော၊ ဒီဘက်ကရော လက်ခံလာတဲ့ပုံမျိုးတော့ရှိတယ်။ သို့သော် a long way to go အများကြီးသွားရလိမ့်မယ်လို့ ကျနော်ကိုယ်တိုင်ကတော့ အဲဒီလိုမြင်တယ်။ 

ဦးကျော်ဇံသာ ။ ။ ဒီကနေ့ ကမ္ဘာ့နိုင်ငံတွေမှာ ကြည့်မယ်ဆိုရင် လူမျိုးစုများစွာ စုစည်းနေထိုင်တဲ့ နိုင်ငံတွေဟာ တချို့ က ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပြီးတော့ လာကြတယ်။ လူမျိုးစု အခွင့်အရေးတွေ၊ တန်တူညီတူ ပေးလာကြတယ်။ ဆိုတော့ ဒီလိုပေးသင့်တယ်ဆိုတဲ့ အယူအဆမျိုး ဗဟိုအာဏာပိုင်တွေဆီမှာ တကယ်ရှိနေကြပြီလား။

ကိုကျော်ကျော်သိန်း ။ ။ ဗဟိုအစိုးရအဆင့်မှာ အဲဒီလို ပေးသင့်တယ်ဆိုတာကို လက်ခံလာတဲ့ အဆင့်မြှင့်တာဝန်ရှိသူတွေ ရှိလာတယ်။ လူသိရှင်ကြား ထုတ်ဖော်မပြောတာလည်းရှိတယ်။ ဒါပေမဲ့ မသေချာတာက အဲဒါဟာ အခုနပြောသလို ဗဟိုအဆင့်တာဝန်ရှိသူတွေ အားလုံးကြားထဲမှာ တထပ်တည်းကျတဲ့ သဘောထားလား။ သို့မဟုတ် တယောက်နှစ်ယောက်ရဲ့  သဘောထားလား။ အဲဒါမသေချာဘူး။ ပိုပြီးတော့ အရေးကြီးတာက စစ်တပ်က သဘောတူရမယ်။ အဲဒီလို အရေးကြီးတဲ့ players တွေ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေသူတွေအားလုံး တထပ်တည်းကျတဲ့ကိစ္စလားဆိုတာကတော့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။

Credit : http://burmese.voanews.com/content/news-analysis-voa-reporter-in-burma/1730057.html

လက်ပံတောင်းအရေး လှုပ်ရှားသည့် ဒေါ်နော်အုန်းလှကို ဆူပူအောင်လှုံ့ဆော်မှုဖြင့် တရားစွဲမည်

လက်ပံတောင်းတောင်စီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရေးအတွက် ဒေသခံများနှင့်အတူ ဆန္ဒပြခဲ့သော ဒေါ်နော်အုန်းလှ အား ဒေသတည်ငြိမ်မှုကို ပျက်ပြားစေရန် လှုံ့ဆော်နေသူအဖြစ် အာဏာပိုင်က စွပ်စွဲရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှတ်တမ်း များတွင် ဖော်ပြထားသည်။


ယင်းရဲမှတ်တမ်းများတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အကြောင်းပြလျက် ဒေသတွင်း တည်ငြိမ်မှုပျက်စေရုံသာမက အစိုးရကို အကြည်ညိုပျက်စေရန် ဥပဒေမဲ့ လူစုလူဝေးပြုလုပ်ခြင်း၊ စီတန်း လှည့်လည် ခြင်း ပြုလုပ်ခဲ့သူအဖြစ် ဒေါ်နော်အုန်းလှကို စွပ်စွဲထားသည်ကိုလည်း တွေ့ရသည်။

၎င်းကို မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်စိုးက တရားလိုပြုလုပ်၍ တိုင်တန်းထားခြင်း ဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ဒေါ်နော်အုန်းလှသည် ဒေသခံ ၁၅၀ ခန့်ကို ဦးဆောင်ကာ သြဂုတ် ၁၃ ရက်က မုံရွာမြို့ပေါ်တွင် ကြေးနီစီမံ ကိန်း ရပ်ဆိုင်းရေး၊ အခြေခံဥပဒေပြင်ပေးရေး၊ ကြေးနီစီမံကိန်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် ရဲများအား အရေးယူပေးရေး စသည်တို့ကို တောင်းဆိုဆန္ဒပြခဲ့ရာ ၎င်းအပါအ၀င် ဆန္ဒပြသူ ၁၀ ဦးကို ရဲများက ဖမ်းဆီးခဲ့သည်။

သို့သော် ၎င်းတို့ကို ဖမ်းသွားသဖြင့် ဆန္ဒပြသူများက ရဲစခန်းရှေ့တွင် ဆက်လက် တောင်းဆိုမှုများပြုလုပ် နေရာ ရဲများက ဒေါ်နော်အုန်းလှမှအပ ဒေသခံရွာသူ ကိုးဦးကို ပြန်လွှတ်ပေးခဲ့ပြီး နောက် တစ်နေ့တွင်မူ ၎င်းကို ဆူပူ အုံကြွအောင် လှုံ့ဆော်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရားစွဲရန် ပြင်ဆင်ခြင်းဖြစ်သည်။

ဒေါ်နော်အုန်းလှသည် ယင်းဆန္ဒပြပွဲ ပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်တို့ထံ အကြိမ်ကြိမ် ခွင့်ပြုမိန့် တောင်းခံ ခဲ့သည်ဟုလည်း အဖမ်းမခံရမီက ပြောကြားခဲ့ဖူးသည်။

လက်ရှိတွင် မုံရွာအကျဉ်းထောင်၌ ဖမ်းဆီးခြင်းခံထားရပြီဖြစ်သည့် ဒေါ်နော်အုန်းလှက အဖမ်းမခံရမီက ဒေသခံများ ကို “ကျွန်မတို့ ဆန္ဒပြဖို့၊ လိုအပ်ချက်တွေကို ဥပဒေဘောင်အတွင်းကနေ တောင်းဆိုဖို့၊ မှားယွင်းနေတာတွေကို ထောက်ပြဖို့၊ သက်ဆိုင်ရာကို စာတင်ခဲ့တာ ကိုးကြိမ်ရှိခဲ့ပါပြီ။ ခွင့်ပြုချက်မရခဲ့ပါဘူး။ မရရင်လည်း ကျွန်မလုပ်သင့် တာကို ဆက်ပြီး လုပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

လက်ပံတောင်းတောင်ဒေသမှ အငြင်းပွားဖွယ်ကြေးနီစီမံကိန်းသည် နိုင်ငံသားအားလုံး၏အရေးဖြစ်သည်ဟု တက်ကြွ လှုပ်ရှားသူများဘက်မှ သုံးသပ်ပြောဆိုမှုများရှိသကဲ့သို့ အာဏာပိုင်များကလည်း လက်ပံတောင်း အရေးကိစ္စကို အကြောင်းပြ၍ ဒေသခံမဟုတ်သူများက ရွာသားများကို လာရောက် သွေးထိုးလှုံ့ဆော် နေသည် ဟု တုံ့ပြန်ပြောကြား မှုများလည်း ရှိနေသည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/13235-2013-08-15-02-22-19.html

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုနှင့် လိုအပ်ချက်များ

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်တွင် ဦးသိန်းစိန်သမ္မတအဖြစ် နိုင်ငံ့တာဝန်ကိုစတင် ထမ်းဆောင်ကာ သမ္မတ သုံးဦးနှင့် ၀န်ကြီးဌာနပေါင်း ၃၀၊ ပြည်ထောင်စုရှေ့နေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ဖြင့် ပြည်ထောင်စု အစိုးရတစ်ရပ်ကို စတင် ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ လပေါင်း ၂၉ လ တာဝန် ထမ်းဆောင်ပြီးဖြစ်သော အစိုးရသည် သူ၏ သက်တမ်း ငါးနှစ်နှင့် ညီမျှသည့် လပေါင်း ၆၀ အတွက် တစ်ဝက်တိတိ တာဝန်ထမ်းဆောင်ပြီးဖြစ်သည်။


သက်တမ်းဝက် လပေါင်း ၂၉ လ တာဝန်ထမ်းဆောင်ပြီးဖြစ်သော အစိုးရ၏ ဖွဲ့စည်းတည်ဆောက်မှုကို ပြန်ကြည့်မည် ဆိုပါက ၀န်ကြီးဌာနများပေါင်းစည်းခြင်း၊ တိုးချဲ့ဖွဲ့စည်းခြင်း၊ ခွဲထုတ်ခြင်းတို့ကိုတွေ့ရမည် ဖြစ်သည်။ အလားတူ ၀န်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်း၊ သမ္မတ တစ်ဦးအပါအ၀င် ၀န်ကြီးများ နုတ်ထွက်ခြင်းစသည့် ပြောင်းလဲမှုကြီး များ တွေ့ရှိရသည်။ အစိုးရအတွင်း အကြီးမားဆုံး ပြောင်းလဲမှု များအဖြစ် ဒုသမ္မတတစ်ဦးဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်သွားခြင်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း နုတ်ထွက်ခြင်း၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်ခြင်းတို့အပြင် ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် လှမင်းမှသည် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် သို့ ပြောင်းလဲသွားသည်ကိုလည်း တွေ့ရှိရ သည်။

အလားတူထင်ရှားသည့် ၀န်ကြီးများဖြစ်သည့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို သမ၀ါယမ ၀န်ကြီးအဖြစ် ပြောင်းရွှေ့ပစ်လိုက်ခြင်း၊ အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည်ကို ပြန်ကြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်း ဆောင်စေခြင်း၊ မီးရထားဝန်ကြီး ဦးအောင်မင်းကို သမ္မတရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ယူစေခြင်းတို့ တွေ့ရှိရ သည်။ အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ်က သမ္မတရုံးဝန်ကြီး ဦးစိုးမောင် နှင့် ဦးသိန်းညွန့်တို့ နှစ်ဦးသာရှိသော်လည်း ယခုအချိန်တွင် သမ္မတရုံး ၆ ခု၊ ၀န်ကြီးခြောက်ဦး တိုးချဲ့ဖွဲ့စည်းထားသည်။

အစိုးရ စတင်ဖွဲ့စည်းစဉ်နှင့် ယခုရောက်ရှိနေသည့် အခြေအနေကို ပြန်လည်နှိုင်းယှဉ် ကြည့်မည်ဆိုပါက ၀န်ကြီးများ ပြောင်းလဲခြင်း၊ နုတ်ထွက်ခြင်း၊ အနားပေးခြင်း၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းတို့ကို မြောက်များစွာ ပြုလုပ်ခဲ့ ပြီး နေရာတည်မြဲလျက်ရှိနေသေးသည့် ၀န်ကြီးများအဖြစ် ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ လယ်ဆည်၊ သစ်တော၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ၀န်ကြီး ကိုးဦးသာ ကျန်ရှိ တော့သည်။

ဦးသိန်းစိန် သမ္မတအဖြစ်တာဝန်ယူပြီးနောက် မကြာခဏ ပြောလေ့ရှိသည့် စကားများအဖြစ် ပြုပြင်ပြောင်း လဲရေး၊ နောက်ကြောင်းပြန်မလှည့်လိုမှု စသည့် စကားများကို အထက်ပါလုပ်ရပ်များက သက်သေပြ သကဲ့သို့ဖြစ်သည်။ ယင်းအပြင် အစိုးရ သက်တမ်း တစ်ဝက်ကျိုးကာလ ဇူလိုင်လ ၂၅ ရက်ကလည်း ၀န်ကြီး ၁၇ ဦးကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၀န်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်းနှင့်အတူ သမ္မတဦးသိန်းစိန်က သူ၏ အစိုးရအဖွဲ့အတွင်း အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ အဂတိလိုက်စားခြင်း၊ တာဝန်ယူမှု၊ တာဝန်သိမှုတို့ မရှိခြင်းတို့ကို သြဂုတ်လ ၉ ရက်က သူ၏ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ညည်းတွား သွားခဲ့သည်။

အလားတူ သြဂုတ်လ ၁၄ ရက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌများ ကတိသစ္စာပြုခြင်း အခမ်းအနားတွင်လည်း အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် နေထိုင်သွားကြရန် သူ၏ အစိုးရအဖွဲ့ဝင်များကို သမ္မတက ထပ်မံသတိပေးထား သည်။ သက်တမ်း ထက်ဝက်အတွင်း ၀န်ကြီးအသစ်များ တိုးချဲ့ခန့်ခြင်း၊ ပြောင်းလဲ တာဝန်ပေးခြင်းများဖြင့် ထပ်မံ အားသစ်လောင်းထားသည့် အစိုးရသည် ပြည်သူတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးမည့် အစိုးရ၊ အဂတိလိုက်စား ခြင်းမှ ကင်းဝေးသည့် အစိုးရ အမှန် တကယ်ဖြစ်ရန် လိုအပ်ပါလိမ့်မည်။

အလားတူ လျှပ်စစ်မီးရရှိရန်၊ သန့်ရှင်းသည့် သောက်သုံးရေရရှိရန်၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန်၊ အလုပ် အကိုင် ရရှိနိုင်ရန်၊ အသေးစားအလတ်စား စက်မှုဖွံ့ဖြိုးလုပ်ငန်းများ လုပ်ဆောင်ရန် မူဝါဒများ ချမှတ် ထားပြီးဖြစ်ရာ ကျန်ရှိ သက်တမ်း လ ၃၀ အတွင်း ထိုလုပ်ငန်းများ အမှန်တကယ် ထိရောက်အောင်မြင်ရန် အစိုးရအဖွဲ့ဝင်များ အားထုတ်ရန် လိုအပ်ပါလိမ့်မည်။ ကမ္ဘာ့အလယ်တွင် နောက်ကျကျန်နေခဲ့သော မိမိတို့ မြန်မာနိုင်ငံသည် ဆက်သွယ်ရေး၊ လမ်းပန်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအတွက်လည်း လိုအပ်ချက် များစွာရှိနေသေးသည်ကို မမေ့သင့်ပါ။ 

Credit : http://www.mizzimaburmese.com/edop/editorial/13232-2013-08-15-01-42-36.html 

ပညာရေးဝန်ကြီးဌာနက လွှတ်တော်ကိုပေးသည့် ကတိကြွေး အများဆုံးကျန်

အစိုးရ၀န်ကြီးဌာနများက ၎င်းတို့ လုပ်ဆောင်ပေးမည့် ကိစ္စများနှင့်ပတ်သက်၍ လွှတ်တော်၌ ကတိက၀တ် ပြုကြရာ ယင်းကတိများအတိုင်းလုပ်ရန် ပညာရေးဝန်ကြီးဌာနက အများဆုံးကျန်ရှိနေကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စောင့်ကြည့်သည့် လွှတ်တော်မှ ကော်မတီ၏ အစီရင် ခံစာတွင် ပါရှိသည်။


ကတိပေးပြီး မလုပ်ရသေးသည့် အစိုးရ၀န်ကြီးဌာနအားလုံး တာဝန်ခံချက်များ စုစုပေါင်းလျှင် တစ်ထောင် ကျော်ပင် ရှိနေကြောင်း သြဂုတ် ၁၄ ရက် တင်သွင်းသည့် ထိုအစီရင်ခံစာတွင် ပါရှိသည်။ ထိုတာဝန်ခံချက် တစ်ထောင်ကျော် အနက် အရည်အသွေးဆိုင်ရာ မေးခွန်းထုတ်ဖွယ်ရှိနေသဖြင့် ပြုပြင် ပြောင်းလဲရ မည်ဟု ဝေဖန်ခံနေရသော ပညာရေးဝန်ကြီးဌာနက လုပ်ရန်ကျန်ရှိနေသည့် ကတိက၀တ်မှာ ၂၂၀ ခန့် ရှိ သည်ကိုလည်း တွေ့ရသည်။

ထို ကတိပေးပြီး မလုပ်ရသေးသည့် လုပ်ငန်းများမှာ လွှတ်တော်အစည်းအဝေးတွင် အမတ်များက ၎င်းတို့ ဒေသရှိ လိုအပ်ချက်များကို တင်ပြကြသည့်အခါ သက်ဆိုင်ရာဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး တစ်ဦးဦးက လုပ်ဆောင်ပေးမည်ဟု အာမခံကတိပေးထားသော ကိစ္စများဖြစ်ကြသည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအနေဖြင့် ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည့်လုပ်ငန်းများကို သတ်မှတ်သည့်ကာလအတွင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ/မရှိ စစ်ဆေးရသည့်အတွက် ယခုကဲ့သို့ အစီရင်ခံစာ ထွက်ရှိလာခြင်းဖြစ်သည်။

လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကာလအတွင်း ၀န်ကြီး၊ ဒုဝန်ကြီးများက ပေးခဲ့သည့် ကတိများနှင့် ပတ် သက်၍ ကော်မတီက ယခုလို အစီရင်ခံခြင်းလည်း ဖြစ်သည်။

ကတိက၀တ်များကို လုပ်ဆောင်ရန် အများဆုံးကျန်ရှိနေသေးသည့် ပညာရေးဝန်ကြီးဌာနက မည်ကဲ့ သို့သော လုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟု အမတ်များကို တာဝန်ခံထားသည်ကိုမူ ကော်မတီက လွှတ်တော် တွင် အသေးစိတ် အစီရင်မခံခဲ့ပေ။

လုပ်ငန်းလက်ကျန် အများဆုံးဖြစ်နေသည့် ပညာရေးဝန်ကြီးဌာနအတွက် လွှတ်တော်က ယခု ဘဏ္ဍာ နှစ်တွင် ငွေကျပ်သန်းပေါင်း ရှစ်သိန်းနီးပါး အသုံးစရိတ် ချထားပေးခဲ့သည်။

လွှတ်တော်တွင် ကတိပေးပြီး တကယ်လုပ်ရန် လုပ်ငန်းကြွေး ဒုတိယအများဆုံး ကျန်နေသည်မှာ အဆင့်အတန်း နိမ့်ကျနေသည့် မြန်မာ့ကျန်းမာရေးအတွက် အခရာကျသော ကျန်းမာရေးဝန်ကြီးဌာန ဖြစ်သည်။

ထိုဝန်ကြီးဌာနသည် လွှတ်တော်ကို ကတိပေးထားပြီး လုပ်ရန်ကျန်နေသည့် လုပ်ငန်းစုစုပေါင်း ၁၇၀ ခန့် ရှိနေသည် ကို ကော်မတီ၏ အစီရင်ခံစာတွင် တွေ့ရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ယခုဘဏ္ဍာနှစ်အတွက် အသုံးစရိတ် ကျပ်သန်းပေါင်း ငါးသိန်းနီးပါး ရရှိထားသည်။

ယခုကဲ့သို့ အစိုးရ၏ ၀န်ကြီးဌာနများက ပေးထားသည့် ကတိများကို ဖော်ဆောင်ရန် လုပ်ငန်းကြွေးများ ကျန်ရှိနေ ခြင်းနှင့် ပတ်သက်၍ ကတိက၀တ်စောင့်ကြည့်ရေး ကော်မတီ၏အဖွဲ့ဝင် ဒေါ်ခင်စောဝေက “အန်တီကတော့ ဘတ်ဂျက်ကြောင့်လို့ ထင်တယ်။ လွှတ်တော်ကလည်း ၀န်ကြီးဌာနတွေရဲ့ ဘတ်ဂျက်ကို ပြန်ပြီး ဖြတ်တာတောက်တာ ရှိတော့ အဲ့ဒါကြောင့်နေမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

အခြားတစ်ဖက်တွင်မူ ထိုကော်မတီ၏ အဖွဲ့ဝင်ပင်ဖြစ်သည့် ဒီပဲယင်းအမတ် ဦးသန်းထွန်းက “အချို့ လုပ်ငန်း လက်ကျန်တွေဟာ ဘဏ္ဍာငွေ အခက်အခဲကြောင့်မဟုတ်ဘဲ ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန များရဲ့ တာဝန် မကျေပွန်မှု၊ ပေါ့လျော့မှု၊ ပေးထားတဲ့ကတိကို အလေးအနက်မထားမှုတို့ကြောင့် ဖြစ်တယ် ဆိုတာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ပြောပြချက်အရ သိရပါတယ်” ဟု အစီရင်ခံစာကို တင်သွင်းသည့် နေ့က လွှတ်တော်တွင် အတိအလင်း ပြောကြားခဲ့သည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/13234-2013-08-15-02-12-04.html

သင့်အသည်း ကျန်းမာရေးကောင်းပြီး စွမ်းအင် အပြည့်အဝ ရရှိစေရန်



သင်ရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့ အသည်းဟာ သွေးတွေက သန့်ရှင်းစင်ကြယ်စေပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ သွေးတွင်းသကြား အဆင့်နဲ့ စွမ်းအင်အဆင့်ကို တည်ငြိမ်စေနိုင် ပါ တယ်။ အမေရိကန်မှ လေ့လာမှုအရ သူတို့လူမျိုး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသည်းမှာ အဆီစုနေတာ ဒါမှမဟုတ် အာဟာရချို့တဲ့ တာ ကြောင့် အသည်းရဲ့ လုပ်ငန်းတွေ ကျဆင်းနေ တယ် လို့ တွေ့ရှိခဲ့ပါတယ်။


အသည်းရဲ့လုပ်ဆောင်ချက်ကျဆင်းတဲ့ပထမဆုံးလက္ခဏာဟာ ပင်ပန်းနွမ်းနယ်နေတာပါ။ အောက်ပါ နည်းတွေဟာတစ်လအတွင်းသင့်အသည်းရဲ့ကျန်းမာရေးကိုပြန်လည်ကောင်းမွန်စေနိုင်ပြီး စွမ်းအင် အပြည့် အဝ ရရှိစေနိုင်မယ့် နည်းတွေပါ။

နံနက်စာအတွက် ကြက်ဥနှစ်လုံးနှင့် လိမ္မော်ရည်သောက်ပါ

ကြက်ဥမှာများစွာပါဝင်တဲ့အမိုင်နိုအက်စစ်တွေဟာ အဆိပ်အတောက်တွေဖြစ်စေတဲ့ဓာတုပစ္စည်း ပေါင်း တစ်ရာကျော်ကို ပျက်ပြယ်စေတဲ့အတွက် အဆိပ်တွေကြောင့် အလုပ်ဒဏ်ပိနေတဲ့အသည်းရဲ့ ကျန်းမာရေး ကိုကောင်းမွန်စေပါတယ်။ လိမ္မော်ရည်တစ်ခွက်မှာပါဝင်တဲ့ ဗီတာမင်စီဟာလည်း ဆဲလ်တွေကို ပျက်စီး စေတဲ့ အဆိပ်တွေကိုရှင်းထုတ်တဲ့အသည်းရဲ့လုပ်ငန်းစဉ်ကို၃၅ရာခိုင်နှုန်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

နေ့စဉ် မိနစ် ၂၀ လေ့ကျင့်ခန်းပြုလုပ်ပါ

လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် စက်ဘီးစီးတာလိုမျိုး လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ် တာကြောင့် အသည်းအတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေနိုင်ပြီးကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို ရှင်းထုတ် နိုင်ကာအသည်းကင်ဆာဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း လျှော့ချနိုင် တယ်လို့ ဂျပန်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ဒါ့အပြင်သွေးတွင်းပိုလျှံနေတဲ့သကြား ဓာတ်တွေနဲ့ ထရိုင်ဂလစ်စရိုက်တွေကို လောင်ကျွမ်း စေနိုင် တာမို့အသည်းမှာအဆီတွေစုဆောင်း မှုမဖြစ်အောင်လည်း ကာကွယ်နိုင်တယ်လို့ ချီကာဂို ဆေးရုံမှ ပါမောက္ခမေရီက ပြောပါတယ်။

ဆေးဖက်ဝင် အပင်အမျိုးအစားများကို မှီဝဲပါ

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာ ပါဝင်တဲ့ စပျစ်သီးအစေ့(Grape seed extract)ကိုနေ့စဉ် ၁၀၀ မီလီဂရမ်မှီဝဲတာကြောင့် အသည်းကျန်းမာရေးကောင်းမွန်စေနိုင်ပါတယ်လို့ သုတေသီတွေ က အကြံပေး ထား ပါတယ်။အသည်းရောဂါရှိနေသူဖြစ်ရင်လည်းMilkthistleကို၃၀၀မီလီဂရမ် မှီဝဲတာကြောင့် အသည်းဆဲလ် အသစ်ကြီးထွားမှုနှုန်းမြန်ဆန်ပြီး ပင်ပန်းနွမ်းနယ်တာနဲ့လေပွ တာလိုမျိုး အသည်းရောဂါ ဝေဒနာတွေဟာ နှစ်လအတွင်း သက်သာသွားနိုင်ပါတယ်။

ကျန်းမာရေးကောင်းစေသော အဆီကို အဓိကထား စားပါ

ဆီကြော်စာတွေကိုတစ်ပတ်သုံးကြိမ်ဒါမှမဟုတ်ဒါထက်ပိုစားခဲ့ရင်အသည်းမှာရောင်ရမ်းမှု ဖြစ်နိုင် ခြေ မြင့်တက်လာပြီး အသည်းမှာ အမာရွတ် ဖြစ်စေနိုင်ပါတယ်လို့ကနေဒါမှ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းစေပြီးရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့သံလွင်ဆီလိုမျိုး အဆီ၊ မြေပဲ၊ ငါး၊ အခွံမာသီး၊ အစေ့နဲ့ထောပတ်သီးလိုမျိုးအဆီတွေဟာအသည်းပျက်စီးမှုကို ပြန် လည်ပြုပြင်နိုင်ပြီး ပင်ပန်း နွမ်းနယ်တာဟာလည်း တစ်လအတွင်းမှာ ၅၀ ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။

Myawady News

NEC မှ မြို့ကြီးသုံးမြို့တွင် ဆီးဂိမ်းအမီ မြန်နှုန်းမြင့် 30Gbps အထိ လွှင့်ပေးနိုင်သည့် စနစ်တပ်ဆင်မည်



၂၀၁၃ ဆီးဂိမ်း၏ မြင်ကွင်းများ၊သတင်း ပေးပို့ချက် များကို ထုတ်ပေးနိုင်ရန်အတွက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတွင် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံအဖြစ် မြန်နှုန်းမြင့်၊ လုပ်ဆောင် နိုင်စွမ်းမြင့်သည့် ကွန်ရက်ဖြစ်သော 30Gbps အထိ ထုတ်လွှင့်ပေးနိုင်သည့်စနစ်ကို တပ်ဆင်ပေးလျက် ရှိကြောင်း နေပြည်တော် တွင် သြဂုတ်လ ၇ ရက်နေ့က ကျင်းပခဲ့သည့် NEC၏ သတင်းစာ ရှင်းလင်းပွဲတွင် NEC ကော်ပိုရေးရှင်းမှ လက်ထောက်ဖြစ်သူ မစ္စတာတာ ကာယူကီမိုရီတာက ပြောသည်။


အဆိုပါ စီမံကိန်းအား ၂၀၁၃ ခုနှစ် ၅ လပိုင်း ၁၄ ရက်နေ့က MPT, NTT, SUMI TOMO တို့ ပူးပေါင်းကာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီပေးရန် ထောက်ပံ့ရေးစာချုပ်ကို ပြုလုပ်ပြီး ၆ လပိုင်းတွင် ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း တင်သွင်းခဲ့ကြောင်း၊ စက်ပစ္စည်း တပ်ဆင်ခြင်းကို အောက်တိုဘာလတွင် ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလတွင် လုပ်ငန်းများကို MPT သို့ လွှဲပြောင်းပေးခြင်းနှင့် စမ်းသပ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း NEC \ General Project Managerက ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် SEA Games ပွဲတော်မကျင်းပမီ လုပ်ငန်းများ လက်တွေ့ ဆောင်ရွက်နိုင်ရန် စီမံထားကြောင်း၊ မြို့ကြီးသုံးမြို့ကို 30Gbps ရှိသည့် High Speed Optical Communication System ဖြင့် ချိတ်ဆက်ပေးပြီး ဆီးဂိမ်း၏ အရေးကြီးသော အဓိကပွဲတော်နေရာများ၊ အရေးကြီးသော တည်းခိုဆောင်နေရာများ၊ အစိုးရအဖွဲ့အစည်းနေရာများ၊ အားကစားပွဲတော်နေရာများ တွင် Hi-Speed Access Equipment များ တပ်ဆင်ထားကာ ယင်းမှတစ်ဆင့် Wi-Fiကိုကြားခံထားပြီး မြန်နှုန်းမြင့် အင်တာနက်အား သုံးစွဲသူတို့ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ယင်းတို့ထောက်ပံ့ပေးထားသော System ပမာဏ 30Gbps အဖြစ်ပေးသော်လည်း စက်ပစ္စည်းများ အလွယ်တကူတိုးချဲ့ တပ်ဆင်ခြင်းအားဖြင့် 100Gbps အထိ သုံးနိုင်အောင် ပြုလုပ်ထားပြီး ပမာဏကို လိုအပ်သည်ထက် ပိုကာတပ်ဆင်ထားသည့်အတွက် နောင်တွင် အိမ်ဖုန်း၊ ရုံးဖုန်း၊ လက်ကိုင်ဖုန်းများဖြင့် အင်တာနက်လိုင်းများ တိုးချဲ့သုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် SEA Games ပွဲတော်မကျင်းပမီ လုပ်ငန်းများ လက်တွေ့ ဆောင်ရွက်နိုင်ရန် စီမံထားကြောင်း၊ မြို့ကြီးသုံးမြို့ကို 30Gbps ရှိသည့် High Speed Optical Communication System ဖြင့် ချိတ်ဆက်ပေးပြီး ဆီးဂိမ်း၏ အရေးကြီးသော အဓိကပွဲတော်နေရာများ၊ အရေးကြီးသော တည်းခိုဆောင်နေရာများ၊ အစိုးရအဖွဲ့အစည်းနေရာများ၊ အားကစားပွဲတော်နေရာ များတွင် Hi-Speed Access Equipment များ တပ်ဆင်ထားကာ ယင်းမှတစ်ဆင့် Wi-Fi ကိုကြားခံထားပြီး မြန်နှုန်းမြင့် အင်တာနက်အား သုံးစွဲသူတို့ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ယင်းတို့ထောက်ပံ့ပေးထားသော System ပမာဏ 30Gbps အဖြစ်ပေးသော်လည်း စက်ပစ္စည်းများ အလွယ်တကူတိုးချဲ့ တပ်ဆင်ခြင်းအားဖြင့် 100Gbps အထိ သုံးနိုင်အောင် ပြုလုပ်ထားပြီး ပမာဏကို လိုအပ်သည်ထက် ပိုကာတပ်ဆင်ထားသည့်အတွက် နောင်တွင် အိမ်ဖုန်း၊ ရုံးဖုန်း၊ လက်ကိုင်ဖုန်းများဖြင့် အင်တာနက်လိုင်းများ တိုးချဲ့သုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

internet journal

မန္တလေးရှိ လူမှုရေးအသင်းများ၏ အရေးပေါ်ဖုန်းနံပါတ်များကို အလွယ်တကူဆက်သွယ်နိုင်သည့်ဆော့ဖ်ဝဲလ် ဖြန့်ဝေ



မန္တလေးမြို့ရှိ လူမှုရေးအသင်းများ၏ အရေးပေါ်ဖုန်းနံပါတ်များကို အလွယ်တကူ ဆက်သွယ်နိုင်သော မိုဘိုင်းဖုန်း ဆော့ဖ်ဝဲလ်တစ်ခုကို သြဂုတ် ၁၀ ရက်က စတင်၍ အခမဲ့ ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ယင်း ဆော့ဖ်ဝဲလ်ရေးဆွဲသူ ကိုဖြိုးက မဇ္ဈိမကို ပြောသည်။


“Mandalay Donate"ဟု အမည်ပေးထားသည့် ယင်းဆော့ဖ်ဝဲလ်မှာ မန္တလေးမြို့တွင် ယာဉ်မတော် တဆမှုများနှင့် အခြားရုတ်တရက် ထိခိုက်ဒဏ်ရာရမှုများအတွက် အရေးပေါ်ဆေးရုံတင် ကုသနိုင်ရန် အတွက် ရေးဆွဲထားခြင်းဖြစ်ပြီး လူမှုကူညီရေးအသင်းများကို အလွယ် တကူ ဆက်သွယ်နိုင်ရန် လိပ်စာ နှင့် ဖုန်းနံပါတ်များပါဝင်သော Android ဆော့ဖ်ဝဲလ်တစ်ခုဖြစ်သည်။ ယင်းဆော့ဖ်ဝဲလ်ကို အွန်လိုင်းမှ တစ်ဆင့် အလွယ်တကူ ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။


ဆော့ဖ်ဝဲလ်ရေးဆွဲသူ ကိုဖြိုးက “Android ဖုန်းတွေမှာ အလွယ်တကူထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး တစ်စုံ တစ်ရာဖြစ်လို့ အရေးပေါ်ဖုန်းနံပါတ် လိုအပ်တဲ့အခါ ဘယ်အချိန်မဆို အသုံးပြုနိုင်ပါတယ်” ဟု ပြောသည်။

ယင်းဆော့ဖ်ဝဲလ်မှာ စမ်းသပ်ရေးဆွဲထားသည့် အဆင့်တွင်ရှိပြီး သြဂုတ်လကုန်ပိုင်းတွင်အဆင့်မြှင့် တင်မည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ ယင်းဆော့ဖ်ဝဲကို အသုံးပြုရန်အတွက် အင်တာနက်ချိတ် ဆက်ရန်မလိုဟုလည်း သိရသည်။ သြဂုတ်လကုန်ပိုင်းမှစတင်ပြီးမန္တလေးမြို့တွင်ရှိသော လူမှုရေးအသင်း များစွာ၏ ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။

ပေးဆပ်ခြင်းသွေးလှူအသင်းမှ ဦးစိုးနန္ဒက “လမ်းမှာကြုံနေရတာ နေ့စဉ်လိုပါပဲ။ တချို့ဆို ကိုယ့်ရှေ့မှာတွင် ဖြစ်သွား တယ်။ ကူညီချင်ပေမယ့် အသင်းတွေရဲ့ ဖုန်းနံပါတ်တွေမသိဘူး။ မှတ်လည်း မထားမိဘူး။ အခု ဒီဆော့ဖ်ဝဲလ်လေး ပေါ်လာတာ ဂုဏ်ယူပါတယ်။ အရေးပေါ်ကြုံလာရင် ကူညီပေးလို့ရတာပေါ့” ဟု ပြောသည်။ လောကပါလ လှုမှုကူညီရေး အသင်းမှ ဦးခင်မောင်တင့်ကလည်း “အခုလို ဆော့ဖ်ဝဲလ်လေး လုပ်ပေးထားတော့ ကောင်းပါတယ်။ တစ်ခါတစ်ရံ သက်ဆိုင်ရာက ဖုန်းဆက်မှ ဖြစ်တဲ့ဆီကိုရောက် တယ်။ ရောက်တဲ့အချိန်ကျတော့ ထိမိခိုက်မိတဲ့လူက အချိန်လွန်နေပြီ။ ဒီ့ထက်စောပြီးသိရရင် အသက် အန္တရာယ် မစိုးရိမ်ရတော့ဘူး။ အခုဟာကတော့ လူတိုင်းဖုန်းကိုယ်စီနဲ့ဆိုတော့ ပိုပြီးလွယ်ကူသွားပါပြီ” ဟု ပြောသည်။

Mandalay Donate ဆော့ဖ်ဝဲလ်ကို အသုံးပြုလိုပါက https://www.dropbox/. com/s/60wyk 6uk8uofx8q/MDY donateBeta.apk ၀က်ဘ်ဆိုဒ်လိပ်စာတွင် ဒေါင်းလုပ်ဆွဲ၍ အသုံးပြုနိုင်မည်ဖြစ်သည်။

mizzima

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ



ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓ အံတော်တစ်ဆူ၏အရွယ်အစားသည် ဆက်လက် ကြီးထွား လျက်ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူများက ပြောကြားထားသည်။


ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင်များသည် အရှည် နှစ်လက်မခန့်ရှိ ဗုဒ္ဓအံတော်အားဖူးမြော်ကြည့်ရှုရန် စုဝေးရောက်ရှိ လာခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော်ဖြစ်ပြီး အရွယ်အစားမှာ ပျမ်းမျှအားဖြင့် လူ့သွား တစ်ချောင်း၏ လေးဆခန့် ရှိသည်။

၎င်းရှေးဟောင်းဗုဒ္ဓမွေတော်တွင် ထူးခြားဆန်းကြယ်သော စွမ်းအင်မျိုးရှိသည်ဟုယူဆရပြီး လက်ရှိတွင် ၎င်းအံတော်သည် ဆက်လက်ကြီးထွားလျက်ရှိကြောင်း LuကMountain ဘုန်းတော်ကြီးကျောင်းရှိ ဘုန်း တော်ကြီး တစ်ပါးဖြစ်သူသောမတ်မိုင်ယာက ပြောကြားထားသည်။

ဖော်ပြပါ ဗုဒ္ဓအံတော်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅ဝဝ ခန့်ရှိပြီး ၎င်းအံတော်အား ဆံတော်တစ်ဆူ အပါအဝင်အခြားသောဓာတ်တော်မွေတော်များနှင့်အတူ အပူဇော်ခံ ပြသ ထားသည်ဟုလည်း ဘုန်းတော် ကြီး မိုင်ယာက ပြောကြားထားကြောင်း သိရသည်။

myawady

လားရှိုးမြို့ တွင် ဆိုင်ကယ်ခိုးအဖွဲ့ အားဖော်ထုတ်ဖမ်းဆီး



ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသဖြင့် ဆိုင်ကယ်ခိုးယူ သူများအား ဖမ်းဆီးရမိရေးအတွက် လားရှိုးခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမာခံ သတင်းပေး များ၊ ဆယ်အိမ်မှူးများ၊ ရက်ကွက်အထောက်အကူပြု အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ၂၉-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး မြို့နေ ကျော်စွာဝင်း(၃ဝ)နှစ်၊ တင်မိုးဝင်း (၁၉) နှစ်၊ ကိုငယ်(၂၄)နှစ်တို့အား စစ်ဆေးခဲ့ရာ

၂ဝ-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်း ကားလမ်း ဘေးရှိ နမ့်ပေါင်ရွာအနီးမှTankBo-110 အစိမ်းရောင်ဆိုင်ကယ် ၁ စီး၊ ဟိုပိတ်ရွာအနီး ကား လမ်းဘေးမှNewStar-125 CZI အဝါရောင်ဆိုင်ကယ် ၁ စီး၊ ၂၂-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်း ကားလမ်းဘေးတွင် ရပ်ထားသော Sonic-125 အနီရောင်ဆိုင်ကယ် ၁ စီး၊ တန့်ယန်းမြို့အဝင် ဆီဆိုင်အနီးမှ Nwe Asia-125 CZI စိမ်းပြာရောင်ဆိုင်ကယ် ၁ စီး၊ ၂၇-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကားလမ်းဘေးမှ Hawe-125 ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူလာသည့်ဆိုင်ကယ် (၅)စီးအား သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်လက်၍ လားရှိုးမြို့နေ အောင်ကျော်(ခ)အယ်မိသီ(ခ)မိသီ(၂၁)နှစ်၊ အားဟွာ(၂ဝ)နှစ်၊ ဟော်ရင်ကွေ့၊ အိုက်မေ(ခ)ပေါက်ဆိုယုတ်၊ အားဟုန်၊ အားစီ(ခ)ရှုလင်(၂၄)နှစ်နှင့် အားရှုလင်(၃၆)နှစ် တို့အားစစ်ဆေးခဲ့ရာ ၁-၈-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းရှေ့မှ KenBo-125 CZI အဖြူရောင်ဆိုင်ကယ် ၁ စီး၊ လားရှိုး မန်ဆူဘုရားဝင်းအတွင်းမှ Tohon-110 အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လားရှိုးတရုတ်ဘုံကျောင်းအနီးမှMDL-125 နက်ပြာရောင် ဆိုင်ကယ် ၁ စီး၊ အမှတ်(၆) အခြေခံပညာအထက်တန်ကျောင်းမှHeroAnbo-125 CZI ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ အောင်မင်္ဂလာ ဈေးအနီးမှ Yinxing-125 CZI ခဲပြာရောင်ဆိုင်ကယ် ၁ စီး၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းရှေ့မှFelling-110 အနက်ရောင်ဆိုင်ကယ် ၁ စီးနှင့် လားရှိုး(၄၂)လမ်း ဆိုင်ကယ် ပွဲစားတန်းမFaster-125 ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူခဲ့သည့် ဆိုင်ကယ်(၇)စီး တို့အား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများအား တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

Credit : http://www.oppositeyes.info/2013/08/blog-post_5217.html

တရားစီရင်ရေးစနစ် မှန်ကန်ဖို့ လွှတ်တော်နဲ့ အစိုးရကူညီမှု လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော


dassk-rul-of-law-committee-305.jpg

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ဖြောင့်မတ် မှန်ကန်ဖို့ လုပ်ဆောင်ရာမှာ မိမိတို့ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေပြုရေးအပိုင်းဖြစ်တဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဝိုင်းဝန်ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။


ပြည်သူ့လွှတ်တော်မှာ ဒီနေ့ဆွေးနွေးတဲ့ တရားစီရင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးအပြီး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အခုလို အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရှင်းပြစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

“ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း တတ်နိုင်သမျှ လွှတ်တော်ကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးဖို့လိုသလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာကလည်း ကူညီပံ့ပိုးပေးဖို့လိုပါတယ်၊ ကျမတို့ရဲ့ တွေ့ရှိချက်တွေမှာ ကြည့်လိုက်မယ်ဆိုရင် ၂၁ ချက်ရှိပါတယ်၊ အဲဒီထဲက ၉ ချက်ဟာ အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်၊ နောက် ၈ ချက်ကတော့ တရားစီရင်ရေးအပိုင်းနဲ့ ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်၊ ၄ ချက်ကတော့ ရဲအဖွဲ့နဲ့ ဆိုင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်စရာတွေ အများကြီးရှိသေးကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်လုပ်နိုင်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပြီး၊ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၆ ဦး ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပါတယ်။

Credit : http://www.rfa.org/burmese/news/government-parliament-need-help-rule-law-08142013085447.html