Wednesday, August 14, 2013

သမ္မတ ဦးသိန်းစိန်ရဲ့ သြဂုတ် ၁၄ ရက်နေ့ မိန့်ခွန်း

သမ္မတ ဦးသိန်းစိန်က ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့မှာ မိန့်ခွန်းနာခံခြင်းနဲ့ ကတိသစ္စာ ပြုခြင်း အခမ်း အနား မှာ မိန့်ခွန်း တရပ်ပြောဆိုခဲ့ပြီး တိုက်ရိုက်လွှင့်ထုတ်တာဖြစ်ပါတယ်။



အစိုးရ ၀န်ကြီးသစ်တွေ ကတိသစ္စာ ပြုတဲ့ အခမ်းအနားမှာ အခုလို သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောခဲ့ တာဖြစ်ပါတယ်။ 


အပြည်အစုံကို ဧရာဝတီက ပြန်လည်မျှဝေ လိုက်ပါတယ်။

၁၄-၈-၂၀၁၃)

အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေ

ဒီကနေ့ အခမ်းအနားဟာ အသစ်ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ ကတိသစ္စာ ခံယူတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများဟာလည်း ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီး အဆင့်များ ဖြစ်တဲ့အတွက် ဒီကနေ့အခမ်းအနားမှာ ပါဝင်ကြပါတယ်။

ကတိသစ္စာပြုရာမှာ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ တည်ဆဲ ဥပဒေများ ကို လေးစားလိုက်နာဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် ကတိကဝတ်ပြုခြင်း ဖြစ်ပါတယ်။ မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့အတိုင်း အများရှေ့မှောက်မှာ မိမိတို့ပြုခဲ့ကြတဲ့ ကတိသစ္စာကို မကျိုး မပေါက်အောင် ထိန်းသိမ်း သွားကြဖို့လိုအပ်ပါတယ်။

ယခုလို ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေ ခန့်အပ်ခြင်းခံရတဲ့အတွက် မိမိအနေနဲ့ ဝမ်းသာဂုဏ်ယူ ပါကြောင်း ပြောကြားလိုပါတယ်။ 

မိမိတို့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော် ကိုင်ဘက်တွေ ယခုလို တိုးပွားလာတဲ့အတွက် မိမိတို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို ပိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ မိမိတို့ရဲ့ ရိုးသားမှု၊ ကြိုးစားမှုတို့ကြောင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်ပါတယ်။ ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ တာဝန်တွေ ကိုလည်း တိုးမြှင့်ယူကြရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုရာမှာ နိုင်ငံ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦးချင်း လိုက်နာစောင့်ထိန်း ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။

နိုင်ငံ့တာဝန်ဆိုရာမှာ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမသွားအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲပြီး ပြည်ထောင်စုကြီး ဖရိုဖရဲဖြစ်မသွားရအောင်နဲ့ အချုပ်အခြာ အာဏာဆုံးရှုံးပြီး သူတစ်ပါးကျွန် ဖြစ်မသွားရအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဖြစ်ပါတယ်။ အမှန်တော့ ဒီတာဝန်တွေ ဟာ နိုင်ငံသားအားလုံး လိုက်နာစောင့်ထိန်း ကြရမယ့် အမျိုးသားရေးတာဝန်လည်း ဖြစ်ပါတယ်။

မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာဟာ တကယ်တော့ နိုင်ငံတော်အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ ဝန်ကြီးဌာန အသီးသီးဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ကဏ္ဍအလိုက် ခွဲဝေပြီး တာဝန်ပေးထားမှု အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေကြရခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ခွဲဝေတာဝန်ယူပြီး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတော်အစိုးရရဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ မူဝါဒတွေကို ဦးစွာသိရှိထားဖို့ လိုအပ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်ရဲ့ လူဦးရေဟာ အကြမ်းဖျင်းအားဖြင့် သန်း (၆၀) ခန့် ရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဆန္ဒတွေဟာ အမျိုးမျိုး ရှိကြမှာ ဖြစ်သော်လည်း တူညီတဲ့ဆန္ဒကို စုစည်းလိုက်ရင် အဓိကကျတဲ့ တူညီတဲ့ ဆန္ဒနှစ်ခုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အဲဒီဆန္ဒနှစ်ခုအနက် တစ်ခုကတော့ ကျွန်တော်တို့ ပြည်သူတွေဟာ ကျွန်တော်တို့ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့တိုင်းပြည် ဖြစ်လိုကြပါတယ်။ ကျန်တဲ့ တစ်ခုကတော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ဒီဆန္ဒတွေအောင်မြင်အောင် ဆောင် ရွက်ပေးရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာတွေလုပ်ကြရလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေး တည်ငြိမ်အောင် လုပ်ရပါမယ်။ နှစ်ပေါင်း (၆၀) ကျော် ရှည်ကြာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်ရပါမယ်။

တစ်ချိန်တည်းမှာပဲ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ စားဝတ်နေရေး တွေ အဆင်ပြေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အတန်းတွေ မြင့်မားလာစေဖို့နဲ့ တိုင်းပြည် ကြွယ်ဝချမ်းသာအောင် စီးပွားရေး မြှင့်တင်နိုင်ဖို့ လုပ်ငန်းတွေကို လုပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အစိုးရ တက်လာလာချင်း နိုင်ငံရေးတည်ငြိမ်စေဖို့အတွက် ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပြည်သူအားလုံး ပါဝင်လာအောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ပါတီတွေ ထူထောင်နိုင်ခွင့်၊ အသင်းအဖွဲ့တွေ ဖွဲ့စည်းနိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောဆွေးနွေး ထုတ်ဖော်ခွင့်၊ စာပေလွတ်လပ်ခွင့် စတာတွေကို ဥပဒေများ ထုတ်ပြန်ပြီး ဆောင်ရွက်ခွင့်ပေးခဲ့တဲ့အပြင် အကျဉ်းသားပေါင်းများစွာကိုလည်း ဒီအခွင့်အရေးတွေ ရရှိအောင် လွှတ်ပေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းရှည်ကြာစွာ နာတာရှည်ရောဂါလို အမြစ်တွယ်နေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အဆင့် (၃) ဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်နဲ့ လွှတ်တော်ကို တင်ပြပြီိး လွှတ်တော်က ဖွဲ့စည်းပေးမည့်အဖွဲ့ နဲ့ ဆွေးနွေးတဲ့ အဆင့်ဆိုပြီး သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနဲ့ ပထမ ထိတွေ့နိုင်အောင်၊ ထိတွေ့တဲ့အဆင့်ကနေပြီး စကား ပြောနိုင်အောင်၊ စကားပြောကြည့်တဲ့ အဆင့်ကနေပြီး စားပွဲမှာထိုင်ပြီး ဆွေးနွေးနိုင်အောင် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်ရပါတယ်။

ဒီကနေ့ စားပွဲမှာ ထိတွေ့ဆွေးနွေးရာမှ တူညီတဲ့အချက်တွေကို လက်တွဲပူးပေါင်းလုပ်မယ်၊ မတူညီ တာတွေကို စားပွဲမှာပဲ တဖြည်းဖြည်း ညှိနှိုင်းဆွေးနွေးယူမယ် ဆိုတဲ့ နိုင်ငံရေး ပုံစံသစ် တစ်ရပ် ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ 

ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဆင့်မှာ ထိတွေ့ဆွေးနွေး နိုင်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်း သွားခဲ့ပြီ ဖြစ်ပါတယ်။ မကြာမီမှာ တစ်နိုင်ငံလုံး ပတ်ခတ် တိုက် ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရုံနဲ့ မပြီးသေးပါဘူး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက် လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်က ဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ် ရဦးမှာ ဖြစ်ပါတယ်။ နှစ်နှစ်တာကာလအတွင်း ဒီအခြေအနေ အထိ ရောက်လာအောင် အခက်အခဲ အမျိုးမျိုးကြားက ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ ပြည်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကချုပ်ကိုင်တဲ့ စီးပွားရေးစနစ်အစား ယှဉ်ပြိုင်နိုင်ခွင့် ရှိတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲ ဖော်ဆောင်ပေးခဲ့ ပါတယ်။ ပုံသေသတ်မှတ်ထားတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကိုလည်း ဈေးကွက်အရ ဖြစ်ပေါ်နေတဲ့ ငွေကြေး လဲလှယ်မှု စနစ်သို့ ညင်သာစွာ ပြောင်းလဲပေးခဲ့ပါတယ်။ အတိုးနှုန်း လျော့ပေးမှုတွေ၊ လိုင်စင် လွတ်လပ် ခွင့်တွေ၊ ငွေကြေး မူဝါဒတွေ၊ ဘဏ်စနစ်တွေ စတဲ့ စီးပွားရေးရဲ့ အခြေခံလိုအပ်ချက်တွေကို ကနဦး ပြောင်းလဲပေး ခဲ့ပါတယ်။

နိုင်ငံလူဦးရေရဲ့ (၇၀) ရာနှုန်းခန့်ဟာ ကျေးလက်မှာနေထိုင်ကြပြီး ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံး ဟာ ကျေးလက်နေပြည်သူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေးလုပ်ငန်းကို ဦးစားပေးပြီး လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ကာ အကောင်အထည် ဖော် ဆောင်ရွက်နေပါတယ်။ 

ပိုမိုပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ကို မွေးမြူရေး ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနလို့ ပြောင်းလဲပြီး Focal Ministry တစ်ခု သတ်မှတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့အတွက် မိမိတို့နိုင်ငံမှာ အခြေခံကောင်းတွေ ရှိပါတယ်။ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝပါတယ်။ လုပ်သားတွေ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ လူဦးရေများပြီး ကြီးမား တဲ့ ဈေးကွက်လည်း ရှိပါတယ်။ 

သို့သော်လည်း ကျွန်တော်တို့ လိုအပ်နေတာ အရင်းအနှီး၊ နည်းပညာနဲ့ လူသားအရင်းအမြစ်တို့ ဖြစ်ပါတယ်။ လိုအပ်တဲ့ အရင်းအနှီးနဲ့ နည်းပညာရဖို့အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရပါတယ်။ 

ပြည်ပ အရင်းအနှီးတွေ ဝင်ရောက်လာနိုင်ဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (Foreign Investment Law) ကို ရေးဆွဲ ပြဋ္ဌာန်းရပါတယ်။ တစ်ဖန် စီးပွားရေး ပိတ်ဆို့ထားမှုတွေ ဖယ်ရှားပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက် ရပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်လွန်ခဲ့တဲ့ လပေါင်း (၃၀) ကာလ အတွင်း အရေးကြီးတဲ့ လုပ်ငန်းတွေကို မနားတမ်းဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။

ယခုအခါ အခြေခံ စီးပွားရေးရဲ့ အဓိက လိုအပ်ချက်တွေကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ပြည်ပက အထောက်အပံ့တွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ၊ နည်းပညာ အကူအညီတွေ တစ်ဖွဲဖွဲ ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ 

လူ့စွမ်းအား အရင်းအမြစ်တွေကိုလည်း ကဏ္ဍစုံမှ မွေးမြူလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ ပြည်သူတွေ အလုပ်အကိုင်များများ ရနိုင်တဲ့ အခြေခံ အဆောက်အဦတွေ၊ စက်ရုံတွေ၊ စိုက်ခင်းကြီးတွေ၊ စက်မှုဇုန်တွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ 

တစ်ချိန်တည်းမှာပဲ တန်ဖိုးမြင့်တဲ့ ကုန်ပစ္စည်းတွေ၊ အရည်အသွေး ကောင်းတဲ့ ကုန်ပစ္စည်းတွေ ထုတ် လုပ်နိုင် ဖို့အတွက် ပုဂ္ဂလိကနဲ့ သမဝါယမကဏ္ဍတွေကို တိုးမြှင့်အားပေးပြီး SME တွေ များများပေါ်ပေါက် လာဖို့ တွန်းအားပေး ဆောင်ရွက် နေပါတယ်။

မိမိတို့ အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း (၃၀) အတွင်း ပြည်သူတွေ တိုက်ရိုက် အကျိုးခံစားလို တဲ့ ရေ ကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင် ပြေစေရေး၊ အလုပ်အကိုင် ရရှိရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်ကြဖို့နဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့် လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် ဝိုင်းလုပ်ကြဖို့ လိုအပ်ပါတယ်။

ဒီလုပ်ငန်းတွေဟာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်မှန်းချက်ဖြစ်ပြီး မိမိတို့ အစိုးရရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေ အောင်မြင်အောင် အစိုးရ တစ်ဖွဲ့လုံး တက်ညီလက်ညီနဲ့ ဝိုင်းလုပ်ကြဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်ကြတဲ့အခါ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ပြုပြင် ပြင်ဆင်ပေးနိုင်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်း အောင် စောင့်ထိန်း သွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

Telenor က ပြည်တွင်း အလုပ်ခေါ်ယူရေး အစီအစဉ်တွေ စတင်



မြန်မာ့ ​ဆက်သွယ်ရေးလုပ်ငန်းမှာ ​တင်ဒါအောင်မြင် သွားတဲ့ ​Telenor ​Group ​ဟာ ​ပြည်တွင်း၊ ​ပြည်ပက ​မြန်မာ ​လူမျိုးတွေကို ​အဓိကရည်ရွယ်ပြီး ​အလုပ် အကိုင် ​ခေါ်ယူနေပါတယ်။


မြန်မာအစိုးရက ​ချပေးတဲ့ ​လိုင်စင်ရရှိပြီးတာနဲ့ ​၈ ​လ အတွင်း ​လုပ်ငန်း ​အကောင်အထည် ​ဖော်ရ မှာ ဖြစ်လို့ ​စီမံခန့်ခွဲ ​နိုင်တဲ့ ​အုပ်ချုပ်မှုအဆင့်တွေကို ​အရင်ဦးဆုံးခေါ်နေကြောင်းလည်း ​Telenor ​Myanmar ​ရဲ့ ​Public ​Relationship ​မမွန်မြတ်သူက ​ပြောပါတယ်။

“Telenor ​Myanmar ​အနေနဲ့ ​မြန်မာနိုင်ငံမှာ ​၂၀၁၃-၂၀၁၄ ​ခုနှစ်အတွင်းမှာ ​အသုတ် ​၃ ​သုတ်ခွဲပြီး ​ဝန်ထမ်းတွေကို ​ခေါ်ယူသွားဖို့ရှိပါတယ်။ ​ဒီနေ့ကနေစပြီး ​ပထမဆုံး ​အသုတ် ​စပြီးတော့ ​ခေါ်ပါတယ်။ ရာထူးနေရာ ​၂၅ ​ခုနဲ့ ​စီမံခန့်ခွဲမှုဆိုင်ရာ ​အဆင့်တွေကို ​စပြီးတော့ ​ခေါ်သွားမယ်လို့ ​သိရပါတယ်။”

ဝန်ထမ်းဦးရေ ​၃၀၀၀ ​အထိခေါ်ယူသွားမှာဖြစ်ပြီး ​နည်းပညာပိုင်းဝန်ထမ်း ​၁၀၀၀ ​နဲ့ ​Sale ​and ​Marketing ​ဝန်ထမ်းတွေ၊ ​ဝန်ဆောင်မှုပေးမယ့် ​ဝန်ထမ်း ​၂၀၀၀ ​ခန့်အပ်သွားမယ်လို့ ​သိရပါတယ်။ ​မြန်မာပြည်တွင်းက ​လူတွေတင်မကဘဲ ​ပြည်ပနိုင်ငံတွေမှာ ​သွားရောက် ​လုပ်ကိုင်နေတဲ့ ​မြန်မာ ​လူမျိုးတွေကို ​ခေါ်ယူမှာဖြစ်တဲ့ ​အတွက် ​လစာနှုန်းတွေ ​ကတော့ ​ကျေနပ်နိုင်လောက်တဲ့ ​နှုန်းထားတွေ ​ပေးမှာဖြစ်တယ်လို့လည်း ​Telenor ​Myanmar ​ရဲ့ ​အရာရှိက ​ကပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​အသုံးပြုမယ့် ​ဆက်သွယ်ရေး ​ကွန်ယက်တွေအတွက် ​HUAWEI ​ကုမ္ပဏီ၊ ​Errisons ​ကုမ္ပဏီ၊ ​VIPO ​ကုမ္ပဏီတို့နဲ့ ​နားလည်မှု ​MOU ​ထိုးထားပြီး ​နောက်ဆုံးပိတ်ရွေးချယ်မှာကတော့ ​HUAWEI ​နဲ့ ​Errisons ​တို့ထဲက ​ရွေးချယ်ဖို့အတွက် ​စီစဉ်ထားတဲ့အကြောင်း ​Telenor ​Myanmar ​ရဲ့ ​Chief ​Financial ​Officer ​Mr.Petter ​ကဆိုပါတယ်။ ​ဖုန်းခေါ်ဆိုမှုနှုန်းထားတွေ ​အတွက် ​လက်ရှိမှာတော့ ​၂၅ ​ကျပ်လို့ ​သတ်မှတ်ထားပြီး ​နောက်ပိုင်းမှာ ​ဈေးနှုန်း ​လျော့ပေးတာတွေ ​လုပ်လာနိုင်တယ်လို့ ​အကြီးအကဲက ​ပြောတဲ့ အကြောင်း ​ မမွန်မြတ်သူက ​ရှင်းပြပါတယ်။

“အခုလောလောဆယ်တော့ ​၂၅ ​ကျပ်လို့ပဲ ​ပြောချင်ပါသေးတယ်တဲ့၊ ​တယ်လီနော ​စတင်လည်ပတ်ပြီးတော့ ​ရောင်းချနိုင်တဲ့ ​အဆင့်ရောက်ရင်တော့ ​ဘယ်လိုမျိုး ​promotion ​တွေနဲ့ ​ဘယ်လိုမျိုးရောင်းချ သွားမယ် ဆိုတာ ​သိရပါလိမ့်မယ်။ ​အဲဒီအတွက် ​ကြောင့် ​၂၀၁၄ ​ခုနှစ် ​ဒုတိယ ​၄ ​လပါတ်အထိ ​စောင့်ကြည့်ပေးဖို့ ​တောင်းဆိုချင်ပါတယ်”

မြန်မာနိုင်ငံဟာ ​Telenor ​ရဲ့ ​၁၃ ​ခုမြောက် ​ဈေးကွက်ဖြစ်လာမှာဖြစ်ပြီး ​ဝန်ထမ်းတွေအတွက် ​လုပ်ငန်း ကျွမ်းကျင်မှုနဲ့ ​စီမံခန့်ခွဲမှု ​အရည်အသွေးတွေ ​မြှင့်တင်ပေးမယ့် ​Telenor ​Myanmar ​Academy ​ကို ​ရန်ကုန် မှာ ​ဖွင့်လှစ်သွားမှာဖြစ်ပြီး ​ဒီသင်တန်းကျောင်းမှာ ​ဝန်ထမ်းတွေအပြင် ​ပြင်ပက ​ပြည်သူတွေ ​တက်ရောက် နိုင်ဖို့ ​ဆွေးနွေးနေတယ်လို့ ​သိရပါတယ်။ ​မြန်မာ့ဆက်သွယ်ရေး ​လုပ်ငန်းတွေအတွက် ​တင်ဒါခေါ်ယူတဲ့ အခါမှာ ​နော်ဝေ ​အခြေစိုက် ​Telenor ​Group ​နဲ့ ​Ooredoo ​ကုမ္ပဏီတို့ ​ရွေးချယ်ခံခဲ့ရတဲ့အကြောင်း ​ရေဒီယို သြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

Credit : http://abbsoluteright.blogspot.com/2013/08/telenor.html

ပုံနှိပ် ထုတ်ဝေ ဥပဒေကြမ်း ပြန်သုံးသပ်မည်ဟု ဦးရွှေမန်း ကတိပြု



ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ် ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို သတင်းမီဒီယာ များက ကန့်ကွက်မှုရှိနေသည့်ကြားမှ ပြည်သူ့ လွှတ်တော်က အတည်ပြု ထားပြီဖြစ်သော်လည်း ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပြန်လည် သုံးသပ်သွားမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုလိုက် သည်။


ယနေ့ နေပြည်တော်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) တို့ သတင်းမီဒီယာ ဥပဒေကိစ္စ တွေ့ဆုံဆွေးနွေးကြစဉ် သူရ ဦးရွှေမန်းက သတင်း မီဒီယာ အများစု ကန့်ကွက်နေသော ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြန်လည် ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများစွာ ရှိနေပြီး ဖြစ်သင့်ဖြစ်ထိုက် သော ဥပဒေတရပ်ဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောဆိုကြောင်း သိရှိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက “တွေ့ဆုံမှုကို ကျေနပ်အားရတယ်။ သူရဦးရွှေမန်း အပါအ၀င် လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌတွေရော၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ တွေရောနဲ့ တွေ့တယ်။ လက်ရှိ မီဒီယာလောကရဲ့အခြေအနေ၊ စာနယ်ဇင်းကောင်စီက မီဒီယာဥပဒေ ရေးဆွဲတဲ့အခြေအနေတွေ ရှင်းပြတယ်။ သူတို့အနေနဲ့ကလည်း သေချာအလေးအနက်ထားတယ်။ အမျိုးသားလွှတ်တော်မှာရော ပြည်ထောင်စု လွှတ်တော်မှာရော ဒီဥပဒေကို အလေးအနက် ပြန်သုံးသပ်ပြီး တော့မှ ဒီဟာဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်အောင် ဆောင်ရွက်ပေးပါမယ်လို့ သူရဦးရွှေမန်း အပါအ၀င် တဦးချင်းဆီက ကတိပြုပေးတယ်။ အမျိုးသားလွှတ်တော်ကို ရောက်လာရင်တောင်မှ ပြည်ထောင်စု လွှတ်တော်မှာ ဒီဥပဒေနဲ့ ပတ်သက်လို့ ပြန်ပြီး ဆွေးနွေးလို့ရတယ်။ ရေးရာကော်မတီတို့၊ ဥပဒေကြမ်း ကော်မတီ တို့က ပြန်လည် ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးပါ လို့ပြောတယ်” ဟု ဧရာဝတီ သို့ပြောဆိုသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းဥပဒေကြမ်းတွင် သတင်းမီဒီယာအများစု သဘောမတူ ကန့်ကွက်နေသော အချက်အလက်များ ကို အသေးစိတ် တင်ပြခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) က ရေးဆွဲနေသော သတင်းမီဒီယာဥပဒေကြမ်း အကြောင်းကိုလည်း သေချာစွာ ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

“ပုံနှိပ်နဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းမှာပါတဲ့ မှတ်ပုံတင်အရာရှိ ကိစ္စတွေကိုလည်း ထောက်ပြတယ်။ စာနယ်ဇင်း ကောင်စီက ရေးဆွဲတဲ့ မီဒီယာဥပဒေက သတင်း မီဒီယာ လောကသားတွေရဲ့ သဘောထား ဆန္ဒရော၊ ဥပဒေပညာရှင်တွေရဲ့ အမြင်တွေရော၊ အကြံဥာဏ်ရော ထည့်သွင်း ရေးဆွဲထားတာမို့ နှိုင်းယှဉ် သုံးသပ်နိုင်ကြောင်းကိုလည်း ရှင်းပြခဲ့တယ်။ ဥပဒေတွေကို ဥပဒေ သုံးသပ်နိုင်တဲ့ ဥပဒေပြု မဏ္ဍိုင်က လုပ်တာကို ထောက်ခံပေမယ့် ဥပဒေပြုမဏ္ဍိုင်က မဟုတ်တဲ့သူတွေက ထည့်သွင်း ဖြုတ်ပယ်တာမျိုးတွေကို လက်မခံနိုင်ဘူးဆိုတာလည်း ရှင်းပြလိုက်တယ်” ဟု ဦးဇော်သက်ထွေးက ဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ သည် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ယနေ့တွေ့ဆုံခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်တွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်း ကို အတည်ပြု စဉ်က ပြန်ကြားရေးနှင့် စာနယ်ဇင်းကောင်စီ အကြား ညှိုနှိုင်းထားသည်ထင်၍ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

“စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကြားမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်အားလုံးကို ရှင်းပြတယ်။ ပုံနှိပ်ထုတ်ဝေရေးဥပဒေကို ဘယ်လိုနည်းနဲ့ အတည်ပြုသွားတယ်ဆိုတာရော။ အန်တီ(ဒေါ်အောင်ဆန်း စုကြည်) ကတော့ ဒါတွေအားလုံး ညှိုနှိုင်းပြီးပြီမှတ်လို့ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တာပေါ့။ သူတို့ဘက်က အားနည်းချက်လည်း ရှိကောင်း ရှိနိုင်တယ်။ ဒါပေမယ့် တိုင်းပြည်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ဆိုတာမျိုး မထားဘဲနဲ့ တိုင်းပြည်အတွက်ကို သွားဖို့အတွက် လုပ်ရမှာပေါ့။အကောင်းဆုံးကတော့ ညှိုနှိုင်း ဆွေးနွေးခြင်းကို အဓိက သုံးဖို့ ပြောတယ်။ ညှိုနှိုင်း ဆွေးနွေးပြီးတော့ပဲ လုပ်သွားရမယ်။ နောက် ဥပဒေဆိုတာ လည်း ပြင်ဆင်ချက်တွေ လုပ်လို့ရတယ်။ လိုအပ်ချက် တွေရှိနေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တောင် ပြန်ပြင်ဖို့ လုပ်နေရတယ်။ အဲဒါကြောင့်မို့လို့ စိတ်ပျက် စရာမလိုဘူး။ ဒီအပေါ်မှာ စိတ်ပျက်စရာမလိုဘူး” ဟု ဦးဇော်သက်ထွေးက ပြောသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းသည် လတ်တလော အမျိုးသားလွှတ်တော်တွင် ရောက်ရှိနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ယင်းဥပဒေကြမ်းအပေါ် ၀င်ရောက်ဆွေးနွေးမှုများ ပြုလုပ်ရန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု သိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့က ရန်ကုန်မြို့၊ Park Royal Hotel တွင် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း သတင်းမီဒီယာဥပဒေကြမ်းကိစ္စ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကိစ္စ တစုံတရာ သဘောတူညီမှု မရရှိခဲ့ကြောင်း သိရှိရသည်။

Credit : http://abbsoluteright.blogspot.com/2013/08/blog-post_1417.html

ရွှေပြည်သာတွင် ဗလီသစ်ဆောက်သည့် ကောလာဟလကြောင့် ရဲများစုံစမ်းပြီး မမှန်ကန်ကြောင်းထုတ်ပြန်

ရွှေပြည်သာမြို့နယ်တွင် ဗလီအသစ်တစ်လုံး ဆောက်လုပ်နေကြောင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင်ကောလဟာလများ ပျံ့နှံ့ခဲ့သဖြင့် ထိုကိစ္စကို ရဲများကစုံစမ်းခဲ့ရာ မဟုတ်မှန်ကြောင်း ရန် ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။


ထိုကိစ္စကို အတည်ပြုစုံစမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က သြဂုတ် ၁၂ ရက်တွင် ညွှန်ကြား ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဒေသရှိ ရဲစခန်းမှရဲများက သွားရောက်စုံစမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ရွှေပြည်သာ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကလည်း “ဗလီဆောက်လုပ်တယ်ဆိုတာ မဟုတ်ပါဘူး။ ပိုင်ရှင်က ဟိန္ဒူဆိုတော့ မနာလိုတဲ့သူက တိုင်လိုက်တာပါ၊ ကျွန်တော်တို့ သွားရောက်စစ်ဆေး အတည်ပြုတော့လည်း ဗလီမဟုတ်တာကို အတည်ပြုပြီးပါပြီ” ဟု မဇ္ဈိမကို ပြောသည်။

ကောလာဟလများ ထွက်ပေါ်နေသည့် ရွှေပြည်သာမြို့နယ်၊ သစ္စာပန်းခြံ- ၂ လမ်း၊ အမှတ် ၁၇၀ ရှိ မြေ ကွက်ပေါ်တွင် ဆောက်လုပ်နေသော အဆောက်အဦကို မြို့နယ်ရဲစခန်းမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှသတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အဆိုပါမြေကွက်တွင်ဆောက်လုပ်နေသည်မှာ သုံးထပ်တိုက် အဆောက်အအုံဖြစ်ပြီး မိုတယ်အဖြစ် အသုံးပြုမည်ဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်မှ စတင်ဆောက်လုပ်ခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်း တွင်တွေ့ရသည်။

ပိုင်ရှင် ဦးအောင်ဆွေပိုင်ဆိုင်သည့် ယင်းအဆောက်အအုံကို မြို့တော်စည်ပင်၏ခွင့် ပြုချက်များလည်း ရယူပြီးမှဆောက်လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

မြို့နယ်ရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် အဆောက်အအုံကို စစ်ဆေးရုံသာမက ပိုင်ရှင်ဦးအောင်ဆွေ ကိုလည်း လူကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး မွတ်ဆလင်ဟုတ်မဟုတ် အတည်ပြုခဲ့ကြောင်းလည်း တိုင်း ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပိုင်ရှင်သည် ယခင်ကလည်း စမ်းချောင်းမြို့နယ်တွင် ဟိုတယ်တစ်လုံး ဆောက်လုပ်ခဲ့ဖူးသည်ဟု ရဲများက စုံစမ်းသိရှိ ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးအောင်လင်း၏ မှတ်ပုံတင်ကို စစ်ဆေးရာတွင်လည်း မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည်မှာ မှန်ကန် ကြောင်း ရဲများက အတည်ပြုထားသည်။

Credit : http://abbsoluteright.blogspot.com/2013/08/blog-post_2190.html

အမျိုးစောင့်ဥပဒေကို လွှတ်တော် တင်ရန် NDF ပါတီတာဝန်ယူ



ရန်ကုန် ၊ သြဂုတ် - ၁၁ ။ ။အမျိုးစောင့် ဥပဒေကို NDF ပါတီ၏ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော် တွင် တာဝန်ယူ တင်သွင်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်။ ''တိုင်းပြည်အကျိုးရှိမယ်၊ လူမျိုးကောင်းစားမယ် ဆိုရင်ဘာ မှ နောက်တွန့်နေစရာမလိုဘူး။ အန်တီ ဒီဥပဒေကို လွှတ်တော်မှာ တင်ပေးမယ်။ သတ္တိ ရှိစွာနဲ့ တင် သွားမှာပါ''ဟု ပြောသည်။


ဆက်လက်ပြီး ယင်းက ''ကန့် ကွက်နေတဲ့သူ တွေ ကိုလဲ ပြောချင် တာက သေချာလေ့လာပြီးမှ ဒါနဲ့ ပတ်သက်တဲ့ မှတ်ချက်ကောင်း တယ် မကောင်း ဘူး ပြောကြပေါ့။ အခုတော့ ဘာမှန်းမသိဘဲ ကန့် ကွက်နေကြတယ်''ဟု ပြောသည်။ မြန်မာ အမျိုးသမီး များ၏ ဆုံးရှုံးနစ်နာမှုများကို ကာကွယ် နိုင်ရန်အတွက် သိက0x081ခာတော်ရ ဆရာတော်ကြီးများ ဦးဆောင်၍ မျိုးစောင့်ဥပဒေ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေ ချိန်တွင် ယင်းဥပဒေနှင့် ပတ်သက် ၍ အရပ်ဘက် လူမှု အဖွဲ့ အစည်း များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူ များ၊ လွှတ်တော်ကိုယ်စားလှယ် များကြား သဘောထား ကွဲလွဲမှု များ ရှိနေသည်။

ယင်းဥပဒေအား လွှတ် တော်တွင် တာဝန်ယူတင်ပြပေး မည့် လွှတ်တော်ကိုယ်စားလှယ် မရှိဟု သတင်းများထွက်ပေါ်နေ သော်လည်း ယခုယင်းဥပဒေအ တွက် လွှတ်တော်တွင် ရဲဝံ့စွာတင် ပြပေးမည့် လွှတ်တော်ကိုယ်စား လှယ် ထွက်ပေါ်လာသည့်အတွက် ယင်းဥပဒေဖြစ်မြောက်ရေး ဆောင် ရွက်နေသော ဆရာတော်များက ဝမ်းသာစွာ ကြိုဆိုနေကြောင်း မိန့်ကြားသည်။ အရှင်စန္ဒာသီရိက '' ဒီလိုမျိုး တာဝန်သိ စွာနဲ့ လုပ်ဆောင်ပေး မယ့်သူရှိလာတော့ ဦးဇင်းတို့အ နေနဲ့ဝမ်း သာတယ်။ ကျေးဇူးလဲ တင်တယ်။ ကြိုလည်းကြိုဆို ပါ တယ်။ ဦးဇင်းတို့ စလုပ်တုန်းက လဲ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီအတွက်မှ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် တစ်ဖက် တစ်လမ်းက အထောက် အကူပြုမယ်ထင်လို့ သံဃာတော် တွေ ဦးဆောင်ခဲ့တာပါ''ဟု မိန့် ကြားသည်။

အဆိုပါဥပဒေနှင့်ပတ်သက် ၍လည်း အမျိုးဘာသာ၊ သာသ နာထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ နိုင်ငံရေးပါတီမှတာ ဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်း များ၊ ဘာသာပေါင်းစုံ ချစ်ကြည် ရေးအဖွဲ့မှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှု များကို ပြုလုပ် လျက် ရှိကြောင်း သိရသည်။

''ဘာသာပေါင်းစုံ ချစ်ကြည် ရေးက ခေါင်းဆောင်တွေနဲ့ ဆွေး နွေးမှုလုပ်တဲ့အခါမှာလဲ သူတို့က ဒီဥပဒေ ဘာကြောင့် လုပ်ဆောင် ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်း ပြတဲ့အခါကျတော့ သူတို့အနေနဲ့ လက်ခံတယ်။ အားလုံးတန်းတူညီ မျှတဲ့ အခွင့် အရေး အတွက် ဖြစ်သင့် တယ်လို့ ပြောကြတယ်''ဟု အမျိုး ဘာသာ၊ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ရုံးအဖွဲ့မှူးက မိန့်သည်။ မျိုးစောင့်ဥပဒေကို ထောက် ခံသည့် ပြည်သူများ၏လက်မှတ် သုံးသန်းကျော်ကို ပြည်သူ့ လွှတ် တော်ရုံး သို့ ပေးပို့ခဲ့သည်မှာ နှစ် ကြိမ် ရှိပြီးဖြစ်ပြီး ဆက်လက်၍ လည်း ပြည်သူ့လက်မှတ်များကို ကောက်ခံပေး ပို့သွားဦးမည် ဖြစ် ကြောင်း အမျိုး ဘာသာ၊ သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ပြောကြားချက်အရ သိရ သည်။

From: YMG

မူးယစ်ဆေးများဖမ်းစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးအသေဖမ်းမိ



ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးစဉ် ရဲများနှင့် မူးယစ်ဆေးဝါးဖြန့်ဖြူးသူများအကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ တစ်ဦးကို အသေပစ်ခတ်ဖမ်းမိခဲ့ပြီး တစ်ဦးမှာ သေနတ် ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်တာနက်လူမှုကွန်ယက် စာမျက်နှာမှ တဆင့် သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။


သြဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်မှရဲများက ဘားအံမြို့နယ်၊ ကော့သင်းရှုး ကျေးရွာအုပ်စု၊ လိုင်ကားရွာမှ တစ်မိုင်အကွာရှိ တောထဲတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးနေကြောင်း သတင်းရသဖြင့် သွားရောက်ရှာဖွေရာ မှ ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါတောထဲရှိ မူးယစ်ဆေးရောင်းသည့် အိမ်အနီးသို့ အရောက်တွင် ရဲနှစ်ဦးက မူးယစ်ဆေးဝယ်လိုသူ အဖြစ် ဟန်ဆောင်ကာ အရောင်းအ၀ယ်ဆောင်ရွက်ကြစဉ် ဆေးရောင်းသူနှစ်ဦးက ၎င်းတို့ကိုရဲများ ဖြစ်ကြောင်း ရိပ်မိသဖြင့် အမ်-၁၆ သေနတ်များဖြင့် စတင်ပစ်ခေတ်ခဲ့ကြသည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် ရဲများက ပြန်လည်ပစ်ခတ်ကြရာ တစ်ဦး၏ခြေထောက်ကို သေနတ်ကျည်ဆန် ထိမှန်သွားခဲ့ပြီး ထွက်ပြေး သွားခဲ့သည်။ ကျန်တစ်ဦးမှာမူ ၀ဲဘက်ရင်အုံနှင့် ၀ဲခြေသလုံးတွင်ကျည်မှန်ပြီး သေဆုံးခဲ့သည်ဟု ရဲဌာနက ဆိုသည်။

ထို့နောက်ရဲများက ၎င်းတို့နှစ်ဦးနေထိုင်ခဲ့သည့် တဲအိမ်ကိုရှာဖွေရာ အမ်-၁၆ သေနတ်တစ်လက်၊ ထို သေနတ်ပစ်သည့် ကျည် ၁၃ တောင့်၊ ၁၅ တောင့်ဝင်ကျည်ကဒ်နှစ်ခု၊ လုပ်သေနတ်အတိုသုံးလက်၊ တူမီးပြော င်း ရှည်သုံးလက်၊ ကိုးမမကျည် သုံးတောင့်၊ လက်ပစ်ဗုံး တစ်လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

တဲအိမ်ထဲတွင် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၄၀၀၀ ခန့်ကိုလည်းတွေ့ရှိရပြီး ထိုဆေး များသည် တန်ဖိုးအားဖြင့် ၉၁ သိန်းကျော်တန်ဖိုးရှိသည်ဟု ရဲများကသတ်မှတ်ထားသည်။ ထို့ပြင် မူးယစ် ဆေးသုံးရာတွင် တွဲဖက်အသုံးပြုသည့် ၀ါးပြောင်းသုံးခု၊ ယမ်းမှုန့်များ၊ ခဲသီးများ၊ ဓားများလည်း သိမ်းဆည်း ရမိ ခဲ့သေးသည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။

ယခုအမှုကို ဒေသအပိုင်ရဲစခန်းဖြစ်သည့် အိန္ဒုရဲစခန်းက မူးယစ်အမှုအမှတ် (ပ) ၁၁/၂၀၁၃ဖြင့် အမှုဖွင့် ထားပြီး ထွက်ပြေးတိမ်းရှောင်သွားသူကို ဖမ်းမိပါက မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/ ၁၉(က)/၂၀(က) / ၂၂၇(ခ)/၂၁ တို့ဖြင့် တရားစွဲဆိုမည်ဟုဆိုသည်။

သေနတ်ဒဏ်ရာရရှိပြီး ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရဲများကလိုက်လံဖမ်းဆီးနေသူမှာ ကိုမုဆိုး(ခ) ကို ကြာကူးဖြစ်ပြီး ရဲများနှင့်အပြန်အလှန်ပစ်ခေတ်စဥ် သေဆုံးသွားခဲ့သူမှာ ကိုမိုးခိုင်ဆိုသူဖြစ်ကြောင်း ရဲဌာန ကအတည်ပြုထားသည်။

mizzima

အများပိုင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတစ်ခု ဖွင့်လှစ် လိုက်ပြီ



မြန်မာနိုင်ငံရဲ့ အာမခံ လုပ်ငန်းများမှာ ပုဂ္ဂလိက ကဏ္ဍ အနေနဲ့ အများပိုင် အဖြစ် ဆောင်ရွက် လုပ်ကိုင် သွားမယ့် First National Insurance PublicCo.,Ltd ပုဂ္ဂလိက အများပိုင် အာမခံ ကုမ္ပဏီ ဖွင့်ပွဲကို သြဂုတ်လ ၁၂ ရက်နေ့က ကုန်သည်လမ်းရှိ First National Insurance ကုမ္ပဏီရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ First National Insurace ကုမ္ပဏီ အနေနဲ့ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီ အဖြစ် ဖွဲ့စည်းကာ အာမခံ လုပ်ငန်း အမျိုးအစား ၆ မျိုးဖြစ်တဲ့ အသက်အာမခံ၊ မီးအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံ၊ ငွေပို့ငွေသယ် အာမခံနဲ့ သမာဓိ အာမခံ အစရှိတာတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အာမခံ လုပ်ငန်း အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူများ အတွက်အာမခံ လုပ်ငန်း လိုအပ် ချက် များကို ပိုမိုဖြည့်ဆည်း ပေးနိုင်ဖို့ အတွက် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုကို လုပ်ကိုင်ခွင့် လိုင်စင်များ ချထား ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီများ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အာမခံ လုပ်ငန်းများ အပေါ်မှာ ပြည်သူများ စိတ်ဝင်စားမှု ရှိလာစေဖို့နဲ့ အာမခံရဲ့ အကျိုး သက်ရောက်မှုများကို နားလည်စေနိုင်ဖို့ ဆောင်ရွက် ရမှာ ဖြစ်သလို နိုင်ငံတကာ အာမခံ လုပ်ငန်း ကုမ္ပဏီများ အတိုင်း အဆင့် မီအောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်လျက် ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

MRTV-4

အင်္ဂလိပ်အက္ခရာ နံပါတ်ကားများ အာဆီယံနိုင်ငံတွင်း မောင်းနှင်နိုင်မည်



အင်္ဂလိပ်အက္ခရာ နံပါတ်ကားများ အာဆီယံနိုင်ငံတွင်း မောင်းနှင်နိုင်မယ်လို့ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ‘အင်္ဂလိပ် အက္ခရာကားတွေ အာဆီယံ နိုင်ငံအတွင်း မောင်း နှင်နိုင်ဖို့ အာဆီယံ နိုင်ငံတွေနဲ့ သဘောတူညီချက် ယူထားတယ်၊


အာဆီယံ နိုင်ငံအတွင်း လမ်းတွေဖောက်နေတယ်၊ မောင်းနှင်နိုင်ဖို့ စာချုပ် ချုပ်ထားတယ်’ လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောပါတယ်။ အင်္ဂလိပ်အက္ခရာ နံပါတ်ကားတွေကို ၂-၇-၂၀၁၃ က စတင်ပြီး နံပါတ်ထုတ်ပေး ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလိပ်အက္ခရာ နံပါတ်ထုတ်ပေးစဉ်က 4F-8000 နဲ့စပြီးယနေ့ 6F-4592 အထိ ရောက်နေပြီလို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဒေသအလိုက် အင်္ဂလိပ်အက္ခရာ ပြောင်းလဲ တပ်ဆင်ထားတဲ့ ယာဉ်စီးရေ ၅၀,၀၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်ယာဉ်နဲ့ အငှားယာဉ်တွေကို ယခင်အရောင်အတိုင်း အင်္ဂလိပ်အက္ခရာ ဒေသကုတ်နဲ့ ပြောင်းလဲ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ 

အဲသည်လို ပြောင်းလဲတဲ့အခါ နိဗ္ဗာန်ယာဉ်ဆိုရင် အနက်ရောင် အောက်ခံ HSE, သုံးဘီးယာဉ် နံပါတ်ပြားက 5U, ခရီးသွားလုပ်ငန်းသုံး ကားဆိုရင် အပြာရောင် အောက်ခံမှာ NPW နဲ့ ထော်လာဂျီတွေကိုတော့ 9V အဖြစ် ပြောင်းလဲ သတ်မှတ်ထားတယ်လို့ သိရကြောင်း သိရှိရသည်။

ကုမုဒြာ

နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် စီစဉ်



ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ် ခဲ့သည့် သြဂုတ် ၂၆ ရက်တွင် နိုင်ငံတော် ဘာသာ နေ့ ကျင်းပရန် အတွက် စီစဉ်နေသည်ဟု အဆိုပါ ပွဲကျင်းပရန် စီစဉ်နေသည့် ထေရ၀ါဒဓမ္မကွန်ရက်မှ သိရသည်။


အဆိုပါအခမ်းအနားကို တိပိဋကတ်သုံးပုံ အာဂုံ ဆောင် ဆရာတော်များနှင့် ရေစကြိုဆရာတော်၊ မော်ကွန်းဆရာတော်၊ စွန်းလွန်းဆရာတော်တို့ ပါဝင်ကျင်းပမည် ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ၅၂နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ဖြစ်သည့် သြဂုတ်၂၆ ရက်တွင် ကျင်းပမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်း၊ တောင်ဒဂုံပန်းခြံ မှတ်တိုင်အနီးရှိ ပိဋကတ်သုံးပုံ နိကာယ် စာသင်တိုက်တွင် နံနက် ရှစ်နာရီခွဲမှ စတင် ကျင်းပမည်ဖြစ်သည်ဟု ထေရ၀ါဒ ဓမ္မကွန်ရက် ပြန်ကြား ရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးအောင်မြိုင်က ပြောသည်။

အဆိုပါအခမ်းအနား ကျင်းပခြင်းနှင့်ပတ်သက်ပြီး ဦးအောင်မြိုင်က “နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာလည်း ပြုလုပ်ဖြစ်မှာပါ။ အဲဒီနေ့မှာပဲ ကျွန်တော်တို့နဲ့ အချိတ် အဆက်ရှိတဲ့ အသင်းအဖွဲ့တွေက ပြုလုပ်မှာပါ”ဟု ပြောသည်။

ထေရ၀ါဒ ဓမ္မကွန်ရက် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဓမ္မစက္ကဦးမောင်မောင် ကလည်း “အခမ်းအနားကို သံဃာသုံးရာလောက်လည်း ပါဝင်ကျင်းပမှာပါ။ နယ်တွေမှာလည်း လုပ်ဖို့ ရှိပါတယ်။ မြို့နယ် ၁၃ မြို့နယ်လောက်က နိုင်ငံတော်ဘာသာနေ့ အခမ်းအနား ကျင်းပမယ်လို့ ကျွန်တော်တို့ကို အကြောင်း ကြားထားပါတယ်” ဟု ပြောသည်။

mizzima

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ် ၃၄ / ၂၀၁၃
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာ အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-

(၁) ဦးကြည်ရှိန် အဖွဲ့ဝင်

(၂) ဦးမော်သန်း အဖွဲ့ဝင်

(၃) ဦးကျော်မင်းထွန်း အဖွဲ့ဝင်

(၄) ဦးသန်းအောင်ရင် အဖွဲ့ဝင်

(၅) ဒေါက်တာလှမောင် အဖွဲ့ဝင်

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

http://www.president-office.gov.mm

စေတနာလွန်ကဲမှုဖြင့် အုပ်စုအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခိုင်းသည့်အပေါ် ဒေသခံများမကျေနပ်

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတဦးအားတောင် သူလယ်သမားများပေါ် ကူညီရိုင်းပင်းမှုကို‘စေတနာလွန်ကဲမှု’ ဟုဆိုကာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှ တာဝန် ရပ်နားခိုင်း လိုက်ကြောင်း ဒေသခံများက ပြောပါသည်။


“ဂျူလိုင် ၁၅ ရက်နေ့တုန်းက ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က ဆိုင်လေး ကျေးရွာအုပ်စုအတွင်း ကျောင်းဖွံ့ဖြိုးရေး အတွက် အလှူ ငွေလာထောက်ပံ့သွားတယ်။ အဲဒီမှာ သူက ကျနော်တို့ အုပ်စု အုပ်ချုပ်ရေးမှူး စိုင်းအောင်ဝင်းကို အလုပ်ဖြုတ် လိုက်ပြီလိုပြောတယ်။ ‘သူက စေတနာ လွန်ကဲလို့’ ဖြုတ်လိုက် တာပါလို့ ကို ပြောသွားတယ်” – ဟု ဆီဆိုင်မြို့နယ်မှ စိုင်းနော်ငင်းက ပြောသည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားသည့် ဆီဆိုင်မြို့နယ် ဆိုင်လေး ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးရပ်နားခံရမှုပေါ် မကျေနပ်သောကြောင့် ၂၀၁၃ ဂျူလိုင် ၂၄ ရက်နေ့ တွင် တောင်ကြီးမြို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်မေးမြန်းခဲ့ ကြောင်း တောင်ကြီးရောက်ခဲ့သည့် ဒေသခံ စိုင်းကျော်က ဤကဲ့သို့ ပြောသည်။

“ပြီးခဲ့တဲ့လ ၂၄ ရက်နေ့တုန်းက စိုက်ပျိုးရေးဘဏ်မှာ ချေးငွေသွားထုတ်ရင်း လယ်သမားတွေက ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားမေးတယ်။ စေတနာလွန်ကဲမှု ဆိုတာဘာလဲ။ ဘယ်ဥပဒေ ပုဒ်မမှာပါသလဲ စသဖြင့် ပေါ့။ လူတွေက တအားများတော့ တာဝန် ခံတွေကလန့်သွားတာ။ အကြောင်းရင်းကို မေးပြီး နေ ရပ်ကို အေးဆေး ပြန် ဖို့ ပြော တယ်။ အိမ်ပြန်ရောက်ပြီး ဘယ်လောက်မှ မကြာဘူး၊ အမှတ် ၁ ရဲစခန်းက ကျေးရွာအုပ်ချုပ်ရေးမှူး ရွေး ကောက် တင်မြှောက်ရေး ကော်မတီ ၅ ဦးကို ထပ်ဆင့်ခေါ် တယ်။ တောင်ကြီး ရောက်တော့ ဖမ်းမိန့်ကျလာလို့တဲ့ဗျာ” – ဟု စိုင်းကျော်က ပြော၏။

၂၀၁၃ ဩဂတ်စ် ၄ ရက်နေ့ တွင် တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်း မှ ဆီဆိုင်မြိုနယ် ဆိုင်လေး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေး ကော်မတီဝင် ၅ ဦးအား ဆင့်ခေါ်ခဲ့ကြောင်း၊ ရွာသားများ စိတ်မချ သောကြောင့် မြန်မာစကား ကျွမ်း ကျင်သူ ၇ ဦးနှင့်အတူ တောင်ကြီးတက်၍ ခေါ်ဆောင်ရခြင်း အကြောင်းရင်း မေးမြန်းရာ ရဲစခန်းက ခရိုင်အမိန့်အရ အဆိုပါ လူငါးဦးအား ထိန်းသိမ်းစစ်ဆေးရန်ရန် ဆင့် ခေါ်ခြင်းဖြစ်ကြောင်း ပြောသည်ဟုဆိုသည်။

“လယ်သမားတွေ ပြည်နယ်အုပ်ချုပ်ရေးရုံးမှာ စုရုံးနေတာ အဲဒီကော်မတီ ၅ ဦးက စည်းရုံးလှုံ့ဆော်လို့ လို့ပြောတယ်။ အမှန်တော့ ဖြစ်စဉ် အားလုံးက သူတို့ ၅ ဦး နဲ့ မဆိုင်ဘူး။ လယ်သမားတွေ ရိုးရာလယ်ယာ ပူဇော်ပွဲလုပ်တာ အုပ်ချုပ်ရေးမှူး စိုင်းအောင်ဝင်းက စေတနာနဲ့ကူညီပေးတာကို စေတနာပိုတယ်ဆိုပြီး အလုပ်ဖြုပ်ခံရတဲ့အပေါ် ရွာသားတွေက မကျေနပ်ဘူး။ ဒီမိုကရေစီအရရွေး ကောက်တင်မြောက်ထားလို့ စိုင်းအောင်ဝင်းကိုအုပ်ချုပ်ရေးမှူးအဖြစ် ပြန်တင်ပေးဖို့တောင်းဆိုတာက ဒေသခံလယ်သမားတွေလေ၊ ကော်မတီ ၅ ဦးကိုလည်း ညနေပိုင်း ပြန်လွှတ်ပေးလိုက်တယ်။ ဘယ်မှ မသွားနဲ့ သွားရင် အကြောင်းကြားပါ။ လိုရင်လိုသလို ခေါ်တွေ့မယ်လို့ ပြောပြီးပြန်လွှတ်တာ” – ဟု အဆိုပါပုဂ္ဂိုလ် ၅ ဦး နှင့်နီးစပ်သူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သို့သော် ယနေ့ ဩဂတ်စ် ၁၃ ရက် ၂၀၁၃ ခုနှစ်အထိ ထပ်မံဆင့်ခေါ်ခြင်းမရှိသေးပေ။

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းဆီ ဆိုင်မြို့နယ် သုံးခုအား ၂၀၀၈ ဖွဲ့စည်းပုံက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ် သတ်မှတ်ထားသည့်) ဆီဆိုင် မြို့ နယ် ဆိုင်လေးကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၇ ရွာရှိ၏။ သျှမ်းပြည်၏ ဒုတိယအင်းလေး ဟုလည်း ထင်ရှားပြီး စပါးအများဆုံးထွက်ရှိသည့်ဒေသလည်းဖြစ်သည်။

source: http://burmese.bnionline.net/index.php/news/shan/15030-2013-08-13-16-06-19.html

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြသူ ဒေါ်နော်အုံးလှ နှင့် ဒေသခံများ အဖမ်းခံရ


DSC_1401

(၁၃-၈-၂၀၁၃)နေ့ နေလယ် (၂) နာရီမိနစ် (၃၀) အချိန်ပိုင်း တွင် မုံရွာမြို့သို့လာရောက်ကာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအရေးကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒ ထုတ်ဖော်ရန် ဆောင်ရွက်သူ ဒေါ်နော်အုံးလှအပါအ၀င် လက်ပံတောင်းတောင် အနီးရှိ တုံရွာ၊ဆည်တဲရွာ၊ မိုးကြိုးပြင် ရွာမှ အမျိုးသမီး (၁၀) ဦးအား သက် ဆိုင်ရာ မုံရွာမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။


““ကျွန်မတို့ မုံရွာမြို့ပေါ်မှာ ဆန္ဒပြခွင့်ရဖို့အတွက် အကြိမ် ကြိမ်တရားဝင်စာတင်ခဲ့ပါတယ်။ တစ်ခါမှ ခွင့်ပြုချက်မရခဲ့ပါဘူး။ အဲဒါကြောင့် အခုလိုလာရောက် ပြီး ခွင့်ပြုချက်မတင်တော့ဘဲ ဆန္ဒ ထုတ်ဖော်ဖို့ ရောက်လာခဲ့ကြတာ ပါ။ ခွင့်ပြုချက်တင်တော့လည်း ခွင့်မပြုပါဘူး။ ရှေ့ဆက်ပြီးသွား ခွင့်မပြုပါဘူး ဆိုပြီးရဲတွေကတားဆီး ပါတယ်။ ကျွန်မတို့ကလည်း အဲဒါ ဆို ဒီနေရာတင်ရပ်မယ်လို့ပြောပါ တယ်။ 


မရဘူး အဲဒါဆို ဖမ်းမယ်။ ပြန်ရင်မဖမ်းဘူး။ ပြန်မယ်လို့လုပ် နေတုန်းမှာ အစ်မကြီးဒေါ်နော်အုံး လှကို ရဲမေတွေက ၀ိုင်းဖမ်းလို့ မဖမ်းကြဖို့ ကျွန်မတို့ဝိုင်းပြီးဆွဲကြ ပါတယ်။ အဲဒီလိုဆွဲတဲ့သူတွေကို ပါ ရဲမေတွေကတစ်ခါတည်း ဖမ်း ပြီး ကားပေါ်ကို ဆွဲတင်ပါတော့ တယ်”” ဟု တုံကျေးရွာသူတစ်ဦး က ဆိုသည်။

““ကျွန်တော်တို့ရဲတပ်ဖွဲ့ကို ဆန္ဒပြခွင့်လာပြီးတင်ပါတယ်။ အချက်အလက်မပြည့်စုံလို့လက်မခံ ပါဘူး။ အခုလည်း မုံရွာမြို့ကိုလာ ပြီး ဆန္ဒထုတ်ဖော်ကြဖို့လူစုလူဝေး နဲ့ ဆိပ်ကမ်းကနေပြီး တက်လာ ကတည်းက မုံရွာမြို့နယ်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအဖွဲ့ကနေပြီး ဖြေလျော့ ပေးခဲ့ပါတယ်။ ဘယ်လိုမှ ပြောလို့ မရတဲ့အတွက် အခုလို စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)အရ ထိန်းသိမ်းခြင်းဆောင် ရွက်ခဲ့ရပါတယ်”” ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကပြော သည်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ဒေသသို့ ရောက်ရှိစဉ်အခါက ဆန္ဒထုတ် ဖော်ခွင့်ကို တရားဝင်စာတင်ပြီး ထုတ်ဖော် နိုင်ကြောင်း ဆန္ဒထုတ် ဖော်ခွင့်လျှောက်လွှာတင်ပြလာပါ က သက်ဆိုင်ရာမှ ခွင့်ပြုပေးရန် လည်း မှာကြား ခဲ့ပြီး တရားဝင်ခွင့် ပြုချက်ရယူပြီး ဆန္ဒပြမယ်ဆိုပါက သူမ၏နေထိုင်ရာအိမ်ရှေ့မှာပင် ဆန္ဒထုတ်ဖော် နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

ဖမ်းဆီးထားသူများနှင့် ဒေါ်နော်အုံးလှတို့အား ပြန်လွှတ် ပေးရန်အတွက် မုံရွာမြို့အမှတ် (၁) ရဲစခန်းရှေ့မြို့ဂါတ်ဘုန်းတော် ကြီးကျောင်းအတွင်းမှနေကာ ဒေသခံများက ဆန္ဒပြတောင်းဆို နေလျက် ရှိသည်။

Credit : http://www.hotnewsweekly.com/archives/24666

ပြည်သူလက်မခံလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သက်မဲ့ရုပ်ဝတ္ထုပဲဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


999865_574436882594816_1105666710_n

ရှစ်လေးလုံးငွေရတုအခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ (MCC) ခန်းမတွင် သြဂုတ်လ (၈) ရက်၊ နေ့လည် (၁၁း၀၀) တွင် ကျင်းပပြုလုပ် ခဲ့ရာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်က “အတိတ်ကို မှန်မှန်ကန်ကန် သုံးသပ် နိုင်ဖို့လိုတယ်။ အဲဒီလိုအတိတ်ကို မှန်မှန် ကန်ကန် မသုံးသပ် နိုင်ဘူးဆိုရင် ကျွန်မတို့အနေနဲ့ အနာဂတ် မှ ဆိုးဆိုးဝါးဝါးဖြစ်စေနိုင်တယ်။ ဒါတွေကို သတိထား ဖို့လိုပါတယ်။ ရှစ်လေးလုံးငွေရတုအခမ်းနားမှာ ကျင်းပတဲ့ ဒီနေရာမှာ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်နိုင်တာဟာကောင်းတဲ့ လက္ခဏာဖြစ်တယ်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်နဲ့ ညီညွတ်နေလို့ မရပါဘူး။ ညီညွတ်မှုဆိုတဲ့ နေရာမှာအားလုံးညီညွတ် တယ်ဆိုတာတော့မဟုတ်ပါဘူး။ အားလုံး တစ်သွေး တစ်သံ၊ တစ်မိန့်နဲ့ဆိုတဲ့ ညီညွတ်မှုမျိုးမဟုတ် ဘူး။ ဒီလိုညီညွတ်တယ်ဆိုတာဟာ ပကတိ အခြေနေကို စိုးရိမ်တဲ့ စိတ်လို့ပြောခြင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်သဘော မတူညီတဲ့အတွေး တွေကို ညှိယူတက်ရမယ်။ ညှိနိုင်တဲ့စွမ်းအင်ရှိဖို့ လိုတယ်။ မတူညီတာတွေညှိပြီး တော့ အပေးအယူ ရှိဖို့လိုပါတယ်။ ဒီလိုအပေးယူလုပ်တဲ့အချိန်မှာ နိုင်ငံကို အေးချမ်းသာယာရေးကို ရှေ့ရှုရမှာဖြစ်တယ်”ဟု ပြောသည်။

မြန်မာပြည်သမိုင်းတစ်လျှောက် လုံးကို ကြည့်လျှင် လုံခြုံရေးကို အကြောင်းပြကာ ပြည်သူများ၏ လွတ်လပ်မှုများကို ချုပ်ချယ်ခဲ့ခြင်း များရှိပြီး။ ပြည်သူများအနေဖြင့် လွတ်လပ်ခြင်ဖို့လိုအပ်သလိုလုံခြုံ မှုရှိဖို့လိုအပ်ကြောင်းလည်း သူမက ဆိုသည်။

“ကျွန်မတို့နိုင်ငံဟာပြောင်းလဲ နေသလားဟုမေးကြတယ်။ ဟုတ်တယ်ပြောင်းလဲနေပါတယ်။ ဒီအပြောင်း လဲဟာ နောက်ပြန်လှည့် နိုင်သလားလို့မေးကြတယ်။ တစ်ခါ တစ်လေစဉ်းစာကြည့်တယ်။ နောက်ပြန် လှည့်တာ အဓိကမဟုတ် ဘူး။ ရှေ့သွားတဲ့လမ်းက အဓိက ဘဲ နောက်ပြန်လှည့်တာကို စိုးရိမ်နေ တာထက် ရှေ့ဆက်သွားမယ့်လမ်း ကြောင်းဟာ မှန်ကန်ဖို့လိုတယ်။ မှန်မှန်ကန်ကန်ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး တော့ ရှေ့ဆက်ဘယ်လိုသွားမလဲ ဆိုတာဆုံးဖြတ်ကြပါ။ နိုင်ငံရေးခြေလှမ်းသစ်လှမ်း တိုင်းဝေဖန်မှုတွေသုံးသပ် မှုတို့ရှိတယ်။ တချို့ကသြဘာပေး တို့ချီးမွမ်းရှုံ့ချတာတို့ရှိမယ်ကို မှန်တယ်ထင်တာကိုလုပ်ဖို့လို တယ်။ ရှစ်လေးလုံးငွေရတုအခမ်း နားမှ ချမှတ်သွားတာတွေဟာ NLD ပါတီရဲ့ မူလဆုံးဖြတ်ချက် တွေနဲ့ ထပ်တူကြတယ်။ ဒီနိုင်ငံ မှာ တရားဥပဒေစိုးမိုးမှုမရှိသေးဘူး။ ပြည်တွင်းငြိမ်းချမ်းရေးဆိုပြီးလား ဆိုရင်မရှိသေးဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ပြီးလာဆိုရင်စတောင် မစရသေးဘူ။ ကျွန်မတို့ ဒီပန်းတိုင် ကိုရောက်အောင်သွားရမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူ တွေက လုပ်ထားတဲ့အရာတစ်ခုပါ သက်ရှင်လူသားတွေဟာ သက်မဲ့ အရာဝတ္ထုကို ကြောက်ပြီး မကိုင် ရဲဘူး။ မထိရဲဘူးဆိုရင် ကျွန်မတို့ သက်ရှိတွေက သက်မဲ့စာရွက်တွေ ကို ကြောက်နေသလိုဖြစ်နေမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူလူထုလက်ခံယုံကြည်ဖို့လို တယ်။ ဒါကို လက်မခံဘူးဆိုရင် သက်မဲ့ရုပ်ဝတ္ထုဆိုတာဖြစ်သွားပြီ” ဟုပြောကြားသည်။

ငွေရတုအခမ်းနားတွင် အနာဂတ်မြန်မာပြည်အတွက်ရှေ့ ဆက်သွားမည့်လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်။ အဆိုပါအခမ်း နားသို့ရှစ်လေးလုံးအရေးတော်ပုံ ကြီးတွင် ပါဝင်ခဲ့သူများနှင့် စိတ်ပါ ၀င်စားသူ ပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။

Credit : http://www.hotnewsweekly.com/archives/24619

ဒီမိုကရေစီစနစ်နဲ့ သွားတဲ့စစ်တပ်ဟာ ဘယ်တော့မှ နောက်ပြန်မလှည့်


IMG_4447

ဒီမိုကရေစီစနစ်အပေါ်တွင် တိုင်းရင်းသားငြိမ်းချမ်းရေး အတွက် တပ်မတော်၏အခန်းကဏ္ဍနှင့် ပတ်သက်၍ “အဘ တို့ကတော့ တွန်းအားပေး နေမှာပဲ။ ဒါဟာ နောင်လာနောက် သားတွေအတွက် တပ်ကလည်းသူတို့ဘာလုပ်မလဲတဲ့ဆိုပြီး မယုံသင်္ကာသလို ဟိုနေရာတက် ဒီနေရာတက် မယုံသင်္ကာနဲ့ဆိုတော့ ဘာမှငြိမ်းချမ်းရေးတွေလုပ်လို့မရ ဘူး။ လွတ်လွတ်လပ်လပ်လုပ်လို့ ရအောင် လူထုကလည်း အသာ လေးနေပေးပေါ့”ဟု (၆)ဆက် မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်မူဆောင်နာယက ဦးတင်ဦးက ဆိုပါသည်။


“စစ်တပ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သမိုင်းတုန်းက ပြည်သူ့ဘက်ကမရပ်တည်ခဲ့လို့ အခုလိုနှစ်ပေါင်း များစွာကြာခဲ့တာ လို့ပဲပြောရမယ်။ ဥပမာပိုလန်စစ် ခေါင်းဆောင်ဝါလက်ခရီးလည်း နှိပ်စက်တာပဲ။ ပြည်သူ့ ဆန္ဒတကယ် ရှိလာတော့ သူလည်းခံစားမူရှိလာ တယ်။ ငါ့လူမျိုး၊ ငါ့တိုင်းပြည်၊ င့ါပြည်သူကွန်မြူနစ်ဝါဒနဲ့ အုပ်ချုပ် လာတာဟာ တိုင်းပြည်နစ်နာ တယ်။ သူရဲ့စိတ်က ပြည်သူ့ဘက် ပါသွားပြီး ပိုလန်ဟာ ဒီမိုကရေ စီနိုင်ငံဖြစ်သွားတယ်။ 

ဒီလိုပါပဲ၊ အင်ဒိုနီးရှားနိုင်ငံက စစ်ခေါင်းဆောင် မားကို့စ်လည်း Police State နိုင်ငံ ကိုထူထောင်ပြီး နောက် တော့ ပြည်သူလူထုဘက်ပါသွားတယ်။အခု ဘဘတို့တိုင်းပြည်က စစ် တပ်က တဖြည်းဖြည်းသဘောပေါက် ကပုံရတယ်။ တချို့အစိတ်အပိုင်း လေးတွေတော့ ရှိတော့ရှိသေးတာ ပေါ့။ အရင်တုန်းက လူစုဖို့မပြော နဲ့၊ နှစ်ပတ်လည်လုပ်ဖို့ဆိုတာ အဝေးကြီး။အဘတို့ NLD အနေနဲ့ တွန်းအားပေးလုပ်ဆောင်နေတာ က အဘတို့အတွက်မဟုတ်ဘူး။ အဘတို့က နက်ဖြန်သဘက်ခါ သေတော့မှာ။ နောင်လာနောင် သားတွေ အတွက် စိတ်အေး ရအောင်လို့ပါ။ 

နောက်တစ်ခုပြော ချင်တာက အခုတိုင်းပြည်မှာရှိသေး တဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေ နားလည် သဘောပေါက် အောင်လည်း အဘတို့က ပြောရ မှာပဲ။ တပ်မတော်ဘက်လည်း တိုင်းရင်းသားပြည်သူ လူထုရဲ့ သားသမီးတွေဖြစ်တယ်။ ပြည်သူ ဟာ အမိ၊ ပြည်သူဟာ အဖဆိုတဲ့ အစဉ်အလာကောင်းနဲ့ လုပ်ရင် အကောင်းဆုံးပေါ့။ အရေးအကြီး ဆုံးက ယုံကြည်မှုပဲ။ အခုဆိုထွက် ပြေးတိမ်းရှောင်နေတဲ့ ပြည်သူလူ ထုက ဘယ်လောက်ဒုက်္ခရောက် နေသလဲကြည့်လေ။ ပြဿနာ တွေတက်နေတာဆိုတာကို လက်ခံရမယ်။ ဒါကိုဖြေရှင်းရမယ် လို့ပြောချင်ပါတယ်။

အားလုံးကို ကြည့်ပြီး ပြဿနာ ကိုဖြေရှင်းကြမယ်ဆိုရင် အခုပြော ပြောနေကြတဲ့ Win -Win Policy ပေါ့ဗျာ။ သူလည်းအကျိုးရှိ ကိုယ်လည်းအကျိုးရှိတိုင်းပြည်အတွက် အကျိုးရှိတဲ့ပုံစံနဲ့ ဖြေရှင်းရမှာပေါ့ ဗျာ။ သူတို့ကလည်း နှစ်ပေါင်းများ စွာခံစားထားရတယ်။ တာတွေကို လည်း ယုံကြည်မှုရအောင်လုပ်ရ မယ်။ တပ်ကလည်းသူတို့ဘာလုပ် မလဲဟဲ့ဆိုပြီး မယုံသင်္ကာသလို ဟိုနေရာတက်ဒီနေရာတက်၊ လူထု ကလည်းတို့ကို ဘာလုပ်မလဲဆိုပြီး မယုံသင်္ကာနဲ့ဆိုတော့ ဘာမှလုပ် လို့မရဘူး။ 

အမှန်က ယုံယုံကြည် ကြည်ဖြစ်အောင်တကယ်ပဲ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရ မယ်။ သူတို့စွန့်တဲ့အခါ မှာလည်း တာဝန်ရှိတဲ့လူတွေ လွတ်လွတ်လပ် လပ်လုပ်လို့ရအောင်လူထုကလည်း နေပေးပေါ့။

နောက်ဆုံးတိုင်းပြည်ကို ပြောချင်တာက ယနေ့ဒီမိုကရေစီ လှုပ်ရှားနေတာဟာ ဟိုတုန်းကနဲ့ မတူဘဲ တစ်ပြည်လုံးအတိုင်းအတာ နဲ့ လှုပ်ရှားနေကြတာဆိုတော့ အစိုးရဘက်ကိုလည်း ကြည့်ပေး ရမယ်။ သူတို့ကြောက်သွားအောင် လန့်သွားအောင်မလုပ်နဲ့လေ။ သူ့ဘက်ကလည်း လန့်တာပေါ့။ လန့်ပြီး တပ်မတော်က အာဏာသိမ်း မယ်ဆိုတာတော့ မစဉ်းစားနဲ့ ဒီမိုကရေစီနဲ့ စစ်တပ်က ဘယ်တော့ မှ နောက်ဆုတ်ဖို့ မစဉ်းစားဖူး။ နောက်ဆုတ်စရာအကြောင်း လူထုကစဉ်းစားကြပေမယ့် ဒီမိုကရေစီ ဘက်ရော စစ်တပ်ဘက်ရော ဘက်ဘက်မှ စဉ်းစားကြမယ်မထင် ဘူး။ နှစ်ပေါင်း (၆၀) ကျော်ပြီ ပဲလေ”ဟု ဒီမိုကရေစီခရီးတွင် မြန်မာ့တပ်မတော်၏အနေအထား နှင့်ပတ်သက်၍ဆိုပါသည်။

Credit : http://www.hotnewsweekly.com/archives/24644

ရွှေသံလွင်ကုမ္ပဏီက စိုက်ပျိုးမြေ ဧကများစွာ ရယူထားပြီး သီးစားခယူ အငှားပြန်ချ လုပ်ကိုင်နေမှု စစ်ဆေးပေါ်ပေါက်၊ တောင်သူများအား ပြန်ပေးရန်နှင့် လျော်ကြေးပေးရန် စုံစမ်းရေး ကော်မရှင်မှ လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာတွင် ထည့်သွင်း

ရွှေသံလွင် ကုမ္ပဏီသည် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် တောင်သူများထံမှ လယ်မြေဧက များစွာကို သိမ်း ယူထားပြီး မူလရည်မှန်း ထားသည့်အတိုင်း ကိုယ်တိုင်လည်း အပြည့်အ၀ မစိုက်ပျိုးနိုင်ဘဲ သီးစားခရယူလုပ် ကိုင်နေမှု စုံစမ်းစစ်ဆေး ပေါ်ပေါက်ခဲ့ပြီး မူလတောင်သူများသို့ ပြန်ပေးခြင်း၊ လျော်ကြေးပေးခြင်းနှင့် အစား ထိုး မြေပေးခြင်းများ ပြုလုပ်သင့်ကြောင်း စုံစမ်းရေး ကော်မရှင်မှ လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံ စာ ၌ ထည့်သွင်းခဲ့သည်။


ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်သည် သြဂုတ် ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် သို့ ကော်မရှင်မှ စုံစမ်းစစ်ဆေး တွေ့ရှိသည့် အစီရင်ခံစာ အပိုင်း (၃) ကို တင်သွင်းခဲ့သည်။

စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) မှာ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေး စီမံကိန်းအတွက် ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုရာတွင် တောင်သူများ၏ စိုက်ပျိုးမြေများ ပါဝင်သွားမှု၊ နိုင်ငံတော် စီမံကိန်းများဖြစ်သည့် ရထားလမ်း၊ ကားလမ်း၊ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် သိမ်း ဆည်းခံရမှုနှင့် နိုင်ငံတော်ပိုင် စက်ရုံအလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်းထားသည့် မြေ သိမ်း မှု ဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များ ပါဝင်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူများ လက်ရှိလုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားမှုအပေါ် ကော်မရှင်က စုံစမ်းစစ်ဆေး ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုမ္ပဏီပေါင်း များစွာမှ သိမ်းယူခဲ့သည့် မြေများနှင့် ပတ်သက် သည့် အချက်အလက်ပေါင်း များစွာအထိ စုံစမ်းရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီမှ မြေသိမ်းယူခဲ့မှု များထဲတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ ရွှေသံလွင် ကုမ္ပဏီ၏ လယ်မြေ၊ မြေလွတ်မြေလပ် ဧက ၁၃၇၅ ဧကကျော် ရယူလုပ်ကိုင်ခဲ့မှု ပါဝင်လာခဲ့သည်။

အစီရင်ခံစာတွင် ရွာငံမြို့နယ်တွင် စိုက်ပျိုးမြေများ ဖော်ထုတ်ရန်အတွက် မြေ ၁၃၇၅ ဒသမ ၃၆ ဧကအား ရွှေသံလွင် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ရွှေသံလွင် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပြုထားသော မြေလွတ် မြေလပ် မြေရိုင်းများတွင် တောင်သူများ စိုက်ပျိုးမြေများစွာ ပါဝင်ကြောင်း၊ ကုမ္ပဏီသည် မူလရည်မှန်းချက် များအတိုင်း ပီပြင်စွာ အပြည့်အ၀ စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း၊ လယ်ယာမြေများကိုသီးစားခရယူ၍လုပ်ကိုင် နေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြခဲ့သည်။

ထို့အတွက် ကုမ္ပဏီမှ ကိုယ်တိုင်စိုက်ပျိုး လုပ်ကိုင်ခြင်း မရှိသော မြေများကို နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူ များအား သိမ်းဆည်းစဉ်က မြေဧကများအတိုင်း စနစ်တကျပြန်လည် လွှဲပြောင်းပေးသင့်ကြောင်း၊ ကိုယ်တိုင် ဆက်လက် စိုက်ပျိုးမည် ဆိုပါကလည်း ထိုမြေများအတွင်း ပါရှိသွားသော မူလပိုင်ရှင်များသို့ လျော်ကြေး၊ နစ်နာကြေးပေးခြင်းနှင့် မြေအစား ပြန်ဖော်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသင့်ကြောင်း အစီရင်ခံစာ၏ အကြံပြုချက် အပိုင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ရွှေသံလွင် ကုမ္ပဏီကဲ့သို့ပင် အခြားသော ပုဂ္ဂလိက ကုမ္ပဏီပေါင်း များစွာသည် စိုက်ပျိုးမွေးမြူရေး စီမံကိန်း များအတွက် လယ်ယာမြေများ သိမ်းဆည်းထားပြီး ကိုယ်တိုင်လည်း စိုက်ပျိုးခြင်း မပြု၊ မူလပိုင်ရှင်များ သို့ လည်း ပြန်မပေးဘဲ သီးစားခ ထိုင်ယူကာ အမြတ်ထုတ်နေမှုများ များစွာရှိကြောင်း စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ စုံစမ်းစစ်ဆေးခြင်း အပိုင်း၌ ဖော်ပြထားချက်များအရ သိရသည်။

ကုမ္ပဏီများအပြင် နိုင်ငံတော် စီမံကိန်းများ၊ စက်ရုံအလုပ်ရုံများအတွက် သိမ်းယူထားသည့် မြေများထဲတွင် လည်း တကယ်တမ်း စီမံကိန်းအတွက် အသုံးမပြုဘဲ လွတ်နေသည့်မြေများကို တောင်သူများထံသို့ တစ်စုံ တစ်ရာ ပြန်မပေးသည့်အပြင် သီးစားခယူကာ လုပ်ကိုင်နေမှုများရှိကြောင်း စုံစမ်းရေးကော်မရှင်၏ အစီရင် ခံစာအရ သိရသည်။

Eleven Media Group

အစိုးရနှင့် အားကစား အဖွဲ့ချုပ်များအကြား အမြဲရှင်သန် အားကောင်းနေသည့် ဆက်ဆံရေး ထူထောင်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ပြောကြား

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး၊ မြန်မာအားကစားအဖွဲ့ အောင်နိုင် Aရးတို့အတွက် ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းအလိုက် အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၁၃ ရက်၌ နေပြည်တော်ရှိ အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။


ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက "အစိုးရနှင့် အားကစားအဖွဲ့ချုပ်များ အကြားတွင် အမြဲရှင်သန်အားကောင်း နေသည့် ဆက်ဆံရေး ထူထောင်ရန် လိုအပ်ကြောင်း၊ အဆိုပါကဲ့သို့ ဆက်ဆံရေး ထူထောင်ရန်အတွက် မကြာခဏ ထိတွေ့ဆက်ဆံရန်၊ ပူးပေါင်းဆောင်ရွက်ရန်၊ အပြန်အလှန် လေးစားမှုရှိရန် လိုအပ်ပြီး အားက စားဖွံ့ဖြိုး တိုးတက်ရန် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နေသည့် တာဝန်ရှိသူများ အနေ နှင့် ဘဏ္ဍာရေးနှင့် နည်းစနစ်ပိုင်းမှာ တာဝန်ရှိမှုနှင့် တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း" ပြောကြားသည်။

ထို့အပြင် အစိုးရနှင့် အားကစား အဖွဲ့ချုပ်များအကြား နှစ်ဦးနှစ်ဖက် လိုအပ်ချက်များကို အပြန်အလှန် လေး စား မှုဖြင့် ဖြေရှင်းပေးရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် အဖွဲ့ချုပ် အသီးသီးမှ တာဝန်ရှိသူများနှင့် ထိတွေ့ခဲ့ကြောင်း၊ ယင်းကဲ့သို့ ထိတွေ့ဆက်ဆံမှုများကြောင့် အဖွဲ့ချုပ် အသီးသီး၏ အောင်နိုင်စိတ် ပြင်းပြ စွာဖြင့် တက်ကုန်ရွက်ကုန်ဖွင့် ကြိုးပမ်းအားထုတ်နေသည်ကို အားတက်ဖွယ် တွေ့မြင်နေရကြောင်း ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက ဆက်လက်ပြောကြားသည်။

ယခုကာလသည် နိုင်ငံတော်၏ စီးပွားရေး အခွင့်အလမ်း ကောင်းများကို ဂုဏ်ယူပြသနိုင်ရန်အတွက်စိန်ခေါ် မှုများကို တွေ့ကြုံနေရသည့် ကာလလည်းဖြစ်ကာ ယင်းစိန်ခေါ်မှုများကို နိုင်ငံတော် အစိုးရနှင့်အတူ အား ကစားအဖွဲ့ချုပ် အသီးသီး၏ ကြိုးပမ်းအားထုတ်မှုများဖြင့် နိုင်ငံတော်အတွက် ခမ်းနားကြီးကျယ်သောသမိုင်း ၀င် ဖြစ်ရပ်ကြီးအဖြစ် ပြောင်းလဲနိုင်မည့် အခွင့်အလမ်း ကောင်းကြီးအဖြစ် ယုံကြည်ထားကြောင်းကိုလည်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

Eleven Media Group

ကရင်ပြည်နယ် ကော့ကရိတ် ရဲစခန်းအား DKBA တပ်ဖွဲ့က လက်နက်ဖြင့် ၀ိုင်းသည့်ပုံစံမျိုး ဖြစ်ပေါ်ခဲ့

ကရင်ပြည်နယ်ရှိ ကော့ကရိတ် ရဲစခန်းအား သြဂုတ် ၁၂ ရက် နေ့လယ်တွင် DKBA (တိုးတက်သော ဒီမိုက ရေစီ ကရင်အကျိုးပြု တပ်မတော်)က လက်နက်ဖြင့် ၀ိုင်းခဲ့သည့်ပုံစံမျိုး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ကော့ကရိတ် ဒေသခံများ၏ ပြောကြားချက်အရ သြဂုတ် ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် DKBA တပ် ဖွဲ့ ၀င် ၄၀ ဦးခန့်က ကော့ကရိတ် ရဲစခန်းအား လက်နက်ဖြင့် ၀ိုင်းခဲ့သည့်ပုံစံ ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ၀ိုင်းခဲ့သည့် ဖြစ်ရပ်သည် မည်သည့်ကိစ္စကြောင့် ဖြစ်သည်ကို တိတိကျကျ မသိရှိရဘဲ သြဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိနေပြီး DKBA နှင့် ဆက်နွှယ်သော ဂိမ်းဆိုင်များအား ကော့ကရိတ် ရဲစခန်းမှ ၀င်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကာ ဖမ်းဆီးခြင်းများ မရှိခဲ့သော်လည်း ဆိုင်မှ ပစ္စည်းအချို့ကို သိမ်းယူသွားခြင်းများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ခရိုင်ရဲတပ်ဖွဲ့ ဝင်တွေက စီမံချက်နဲ့ လောင်းကစားဝိုင်း (ဂိမ်းဆိုင်)တွေကို ၀င်ဖမ်းတယ်။ ပစ္စည်းတွေကို သော့ပိတ်ပြီး ထားခဲ့တယ်။ နောက်နေ့တော့ ရဲစခန်းကို သယ်သွားတယ်။ ဒါကြောင့် DKBA တပ်ဖွဲ့ ဝင် ၄၀ လောက်က ရဲစခန်းကိုလာပြီး ပစ္စည်းပြန်ရဖို့ ပြန်တောင်းတယ်။ ရဲစခန်းကလည်း တံခါးပိတ်ပြီး အသင့်အ နေအထား ယူခဲ့တယ်။ အဲဒီနေ့ ၁၂ နာရီ မိနစ် ၂၀ လောက်မှာ တစ်ခါ ခရိုင်ရဲတပ်ဖွဲ့ရုံးကို သွားတယ်။ နေပြည်တော်ကို ဆက်သွယ်ပြီး ဖြေရှင်းတယ် ထင်တယ်။ ခဏကြာတော့ ပြန်သွားကြတယ်။ ညကျတော့ စစ်တပ်က ရဲစခန်းထဲဝင်ပြီး နေရာယူတယ်။ မနေ့က တစ်မြို့လုံး စိုးရိမ်နေတယ်။ ဒီနေတော့ ဘာသံမှ မ ကြားသေးဘူး" ဟု ကော့ကရိတ် မြို့ခံတစ်ဦးက သြဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

"၀ိုင်းတာမဟုတ်ပါဘူး။ လူကြီးချင်း တွေ့ကြတာပါ။ မနေ့က အဲဒီသတင်းနဲ့ ပတ်သက်ပြီး ကော့ကရိတ် ဆက် ဆံရေးရုံးကို လှမ်းမေးကြည့်ပါတယ်။ သူတို့က ၀ိုင်းတာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။ လူကြီးချင်းတွေ့တော့ DKBA ဘက်က ဗိုလ်ကြီးနှစ်ယောက် ပါပါတယ်။ သူတို့သွားတဲ့အခါ သူတို့မှာ လုံခြုံရေး ရဲဘော်တွေ ပါသွား ပါတယ်။ အဲဒါကြောင့် လူများသွားတာပါ။ လူ ၄၀ လောက် ၀ိုင်းတယ်ဆိုတာ မဟုတ်ပါဘူး" ဟု မြ၀တီမြို့မှ DKBA အရာရှိ တစ်ဦးက ပြောကြားသည်။ ကော့ကရိတ် ရဲစခန်းသို့ မည်သည့်ကိစ္စဖြင့် သွားရောက်သည် ဆိုသာ ကိစ္စနှင့် သြဂုတ် ၁၀ ရက်က ဖြစ်ခဲ့သော ကိစ္စရပ်များကို ၎င်းအနေဖြင့် တိတိကျကျ မသိရှိကြောင်း DKBA အရာရှိက ပြောကြားသည်။

"DKBA တွေက ကော့ကရိတ်ရဲစခန်းကို လာဝိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေကအိမ် နှစ်အိမ်မှာ တရားမ၀င် ဖွင့်လှစ်ထားတဲ့ ဂိမ်းဆိုင်နှစ်ဆိုင်ကို ဖမ်းဆီးချိတ်ပိတ်ခဲ့တယ်။ ဒါ့ကြောင့် DKBA တွေ က သူတို့ဂိမ်းစက်တွေပါ ဆိုပြီးတော့ ကော့ကရိတ် ရဲစခန်းမှာ လာပြန်တောင်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ ဥပဒေကြောင်းအရ တရားမ၀င် ဂိမ်းဆိုင်ဖွင့်ထားတဲ့ သူတွေကို အရေးယူထားတဲ့အပြင် သူတို့လာပြီးတောင်း တဲ့ ဂိမ်းစက်တွေကိုလည်း ဥပဒေအရပဲ ဆက်လက်ဆောင်ရွက် ထားပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာန ချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က သြဂုတ် ၁၃ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

သြဂုတ် ၁၂ ရက်က ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့် ဆက်စပ်ပြီး ထိုနေ့ညပိုင်းနှင့် သြဂုတ် ၁၃ ရက် နံနက်ပိုင်း များတွင် မြ၀တီမြို့ပေါ်၌ ကရင်တိုင်းရင်းသား လက်နက်ကိုင်များအကြား လှုပ်ရှားမှု အနည်းငယ် ရှိခဲ့သော် လည်း သြဂုတ် ၁၃ ရက် မွန်းလွဲပိုင်းတွင်မူ တည်ငြိမ်သွားကြောင်း မြ၀တီမြို့ ဒေသခံတစ်ဦးက ပြောကြား သည်။

Eleven Media Group

သမ္မတရုံး ညွှန်ကြားချက်ဖြင့် ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းအား ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်များ ကန့်ကွက်မည်



ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့က မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ဖခင်နှင့်သမီး ကြည့်ရှုရန် မသင့်လျော်သည့် ဇာတ်ကားအများစု ပါဝင်နေသည်ဟု အကြောင်း ကြားစာ တစ်ရပ်အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးသို့ ပေးပို့ခဲ့ခြင်းအပေါ် ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်များ အနေဖြင့် ကန့်ကွက်ရန် စီစဉ် မည်ဟု သတင်းရရှိသည်။ ပြည်သူ့ဝန်ဆောင်မှု စွမ်း ဆောင်ရည် အကဲဖြတ်အဖွဲ့မှသမ္မတ ရုံး ညွှန်ကြား ချက်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားပြီး ဇူလိုင် ၁၂ ရက်မှ ၁၅ ရက်အတွင်း အဆိုပါ အဖွဲ့သို့ လက်ကိုင်ဖုန်းများ၊ အီးမေးလ်များဖြင့် တိုင်ကြားခဲ့သည်များအပေါ် အခြေခံရေးသား ပေးပို့ခြင်းဖြစ် သည်ဟု ဖော်ပြထားကြောင်း သိရသည်။


အဆိုပါ အကြောင်းကြားစာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တစ်ရပ်ကို သြဂုတ် ၁၃ ရက် နံနက် ၉ နာရီတွင် ရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့ရာ ဒါရိုက်တာများ၊ သရုပ်ဆောင်များနှင့်ဇာတ်ညွှန်းပညာရှင်များတက်ရောက် ဆွေးနွေး ခဲ့ကြသည်။


"ဒီလို အကြောင်းကြားစာ ပေးပို့လာရာမှာ အဲဒီအဖွဲ့က ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတာလဲ။ ရုပ်ရှင်နဲ့ ဗီဒီယို အများစုက ဒီလိုဖြစ်နေတယ်လို့ သုံးသပ်ရာမှာ ဘယ်စစ်တမ်းကို ကြည့်ပြီးတော့ ဆုံးဖြတ်တာလဲ။ ဇာတ်ကား အများစုလို့ သုံးနှုန်းရာမှာ ဇာတ်ကား ၁၀၀၀ ကျော်မှာ ရာခိုင်နှုန်း ၅၀ က အဲဒီလိုဇာတ်ကားတွေ ဖြစ်နေလို့ လား ဆိုတာတွေ ပြန်ပြီးမေးမြန်း သွားမှာပါ။ ဒီလိုပြောဆိုမှုကိုလည်း ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေ အနေနဲ့ ကန့်ကွက်ကြောင်းကို အမြန်ဆုံးပြန်လည် ပေးပို့သွားပါမယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် အကယ်ဒမီ လူမင်းက ပြောကြားခဲ့သည်။

မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအပေါ် ယင်းကဲ့သို့ ပေးပို့လာခြင်းနှင့် ပတ်သက်ပြီး ဒါရိုက်တာ အကယ်ဒမီ မီးပွားကလည်း "အခုလိုမျိုး အားလုံးကို လောကတစ်ခုလုံးကို ခြုံပြောတာထက် တိတိကျကျ ဘယ်လိုအကြောင်းကြောင့်ဆိုတာ ထောက်ပြစေချင်ပါတယ်။ ဒါဆိုရင် သက်ဆိုင်တဲ့သူကပဲ ဖြေရှင်းပါလိမ့် မယ်။ အခုလို ရုပ်ရှင်လောက တစ်ခုလုံးကို သိမ်းကြုံးပြောတာမျိုးကတော့ မကောင်းပါဘူး။ သမ္မတရုံးက ဆို ပြီးတော့ နေရာတကာ ပါနေတာကိုလည်း လက်မခံပါဘူး။ စင်ကာပူ၊ တရုတ် စတဲ့အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်း ယှဉ်ကြည့်ပါဦး" ဟု ၎င်း၏အမြင်အား ပြောကြားခဲ့သည်။

"ဒီလို ဆင်ဆာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ စပြီးပေါ်ထွက်လာတာက ကျွန်တော့်ဇာတ်ကားကနေ စတယ် လို့ ဆိုလို့ရပါတယ်။ ဒီဇာတ်ကားကလည်း ဇာတ်ကားထွက်ပြီး တစ်လလောက်အကြာမှာ Facebook ပေါ် တက်လာတာကနေ စဖြစ်လာတာပါ။ ဇာတ်ဝင်ခန်းထဲမှာ တကယ်မနမ်းဘဲ တကယ်နမ်းတယ်ဆိုပြီးအင်တာ နက်ပေါ် တက်လာတာပါ။ ကျွန်တော့်ဇာတ်ကားထဲက မင်းသမီးနှစ်ယောက်စလုံး လုံခြုံစွာဝတ်ထားပါတယ်။

ဘာတစ်ခုမှ မပေါ်ပါဘူး။ အနုပညာအရ ပြောင်မြောက်စွာ ရိုက်ကူးထားပါတယ်။ ဇာတ်ရဲ့ လိုအပ်ချက်အရ ဒီဇာတ်ဝင်ခန်းကို ထည့်သွင်းထားတာပါ။ ဒါကို အခုလို အင်တာနက်ပေါ်တင်ပြီး ၀ါဒဖြန့်တယ်ဆိုတာ နောက် ကျောကို ဓားနဲ့ထိုးတာပါ။ နောက်ပြန်သွားချင်တဲ့ လမ်းကြောင်းပါပဲ။ အခု ဆယ်ကျော်သက် လူငယ်တွေအား လုံးရဲ့ လက်ကိုင်ဖုန်းတွေမှာ ရှိနေတာ ကျွန်တော်တို့ မြန်မာဇာတ်ကားတွေ မဟုတ်ပါဘူး။ တက္ကသိုလ်တစ်ခု က အဖြစ်အပျက်ပါ။ ဒီကိစ္စမှာ ဘယ်သူက တာဝန်ရှိတာလဲ။ မြန်မာမိန်းကလေးတွေ ဘီယာသောက်တာ၊ မြန်မာဇာတ်ကားတွေကြည့်ပြီး လိုက်သောက်တာ မဟုတ်ပါဘူး။ ဒီတော့ လွတ်လပ်စွာ အနုပညာဖန်တီးမှုကို တိုက်ခိုက်လာမယ်ဆိုရင် ရင်ဆိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့ကို ကန့်သတ်မယ်ဆိုရင် Skynet မှာပြနေတဲ့ Channel V လို Channel မျိုးမှာ နမ်းတာကို ပြနေတာတွေ၊ ရင်သားဖော်တာတွေ တားမြစ်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ စကပ်အတိုကို ရိုက်ပြတာကို တားမြစ်မယ်ဆိုရင် MRTV 4 မှာလွှင့်နေတဲ့ကိုရီးယားဇာတ်လမ်း တွဲတွေထဲက စကပ်တိုတွေကို တားဖို့လိုပါလိမ့်မယ်။ အခုက ကျွန်တော်တို့ အနောက်နိုင်ငံ အသီးသီးက မီဒီ ယာတွေနဲ့ ယှဉ်ပြိုင်နေရတာပါ။ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်တော့ ရှိဖို့လိုပါတယ်" ဟု မျက်လုံးလေးကလယ် က လယ် ဇာတ်ကား၏ ဒါရိုက်တာ ၀င်းထွန်းထွန်းက သုံးသပ်ခဲ့သည်။

ဒါရိုက်တာ ၀ိုင်းကလည်း "သူတို့အဖွဲ့ရဲ့ နာမည်အတိုင်းဆိုရင် ထောက်ပြပြောဆိုစရာတွေ အများကြီး ရှိပါ တယ်။ ရုပ်ရှင်ကိုမှ ထောက်ပြစရာ ရှိတာလား။ အင်တာနက်က ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို မပိတ်ပင်ဘဲ ရုပ်ရှင်လောကကိုမှ အခုလို ဝေဖန်တိုက်ခိုက်လာတာက ရုပ်ရှင်လောကသားတွေကို စော်ကားတာပါပဲ။ လက်ကိုင်ဖုန်းတွေ၊ အီးမေးလ်တွေနဲ့ တိုင်လို့ရတယ်ဆိုရင် ဆင်ဆာအဖွဲ့နဲ့ ပတ်သက်ပြီး အဲဒီလို တိုင်ကြား မှုတွေ ရှိလာရင် ဆင်ဆာအဖွဲ့ကို ဖြုတ်ချပေးမလားဆိုတာ သိချင်ပါတယ်။ ကျွန်တော်တို့ တကယ်တမ်း ထိပ်တိုက်ရင်ဆိုင် သင့်တာက ထမင်းရှင် ပရိသတ်နဲ့ပါ။ ကိုယ်ဖန်တီးတဲ့ အနုပညာကို ကိုယ်ပဲတာ ၀န်ယူရ မှာပါ။ အဲဒီလို လွတ်လပ်စွာ ဖန်တီးခွင့်မရှိဘဲ ပိတ်ပင်တားမြစ်မယ်။ နောက်ပြန်သွားမယ် ဆိုရင်တော့ လွတ် လပ်စွာ ဆန္ဒထုတ်ဖော် ရမှာပါပဲ" ဟု ၎င်းကသုံးသပ်ခဲ့သည်။

ယင်းနေ့က ပြုလုပ်ခဲ့သော အနုပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲတွင် ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင် ရည် အကဲဖြတ်အဖွဲ့မှ ပေးပို့လာသည့် အကြောင်းကြားစာအပေါ် ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင် များက လက်မခံဘဲ ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ တိကျသည့် စစ်တမ်းကို အခြေခံထားခြင်း မဟုတ် သည့်အတွက် လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။


 သြဂုတ် ၁၂ ရက်က မြန်မာ့ရုပ်ရှင် အစည်းအရုံး၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် 
ဒါရိုက်တာ ၀င်းထွန်းထွန်း ဆွေးနွေးနေစဉ် 
(ဓာတ်ပုံ - လင်းလင်းခိုင်) 

Eleven Media Group

ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း၌ ပြင်ဆင်လိုသည့် အချက်များကို အမျိုးသားလွှတ်တော်တွင် NLD လွှတ်တော်ကိုယ်စားလှယ်များအား ဆွေးနွေးစေမည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မီဒီယာ ဥပဒေကြမ်းများအတွက် စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၁၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ခဲ့ကြောင်း သတင်းရ ရှိ သည်။


ပုံနှိပ်နှင့် ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း နှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ)အနေဖြင့် ပြင်ဆင်လိုသည့် အချက်များကို သြဂုတ် ၁၃ ရက်က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ် အေး ချမ်းရေး ကော်မတီ ရေးရာဆောင်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ တင်ပြ တောင်းဆိုခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံရာတွင် စာနယ်ဇင်းကောင်စီမှ ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ အပါ အ၀င် အဖွဲ့ဝင် ၁၀ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ် သည့် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးအောင်ကြည်ညွန့်တို့က ပုံနှိပ်နှင့်ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

စာနယ်ဇင်းကောင်စီ (ယာယီ) မှ မူလက ရေးဆွဲခဲ့သော မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြင်ဆင်ချက် ၁၇ ချက်ကို ပြင်ဆင်ရေးဆွဲရန် ညွှန်ကြားခဲ့ကြောင်း၊ အဆိုပါ ၁၇ ချက်သည် မီဒီ ယာလွတ်လပ်ခွင့်ကို ကန့်သတ်ရာ ရောက်သဖြင့် မိမိတို့ စာနယ်ဇင်းကောင်စီ အနေဖြင့် လက်ခံမည် မဟုတ်ကြောင်း၊ ထိုအခါ ပြန်ကြားရေး ၀န်ကြီးဌာနမှ မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပေး ရန် ငြင်းဆန်ခဲ့သဖြင့် မိမိတို့ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထံမှတစ်ဆင့် တင်သွင်းရန် ရည် ရွယ်ထားကြောင်း၊ မိမိတို့ စာနယ်ဇင်းကောင်စီ အနေဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနအပေါ် ယုံကြည်မှု လွန် ကဲမှုကြောင့် တစ်ပတ်ရိုက်ခံခဲ့ရကြောင်း မီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်၍ တင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်က အတည်ပြုပြီးနောက် အမျိုးသားလွှတ်တော်သို့ ရောက်ရှိနေသည့် ပုံနှိပ်နှင့် ထုတ်ဝေ ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ မိမိတို့ စာနယ်ဇင်းကောင်စီ အနေဖြင့် လက်မခံနိုင်ကြောင်း၊ အဆို ပါ ဥပဒေကြမ်းပါ မှတ်ပုံတင်ခွင့်များနှင့် ကန့်သတ်မှုများ ရှိနေကြောင်း၊ ထို့သို့ လွတ်လပ်စွာ ရေးသားခွင့်ကို ထိန်းချုပ်လိုသည့် ဥပဒေများကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဆွေးနွေးဆောင်ရွက်ပေးပါရန် တင်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား လွှတ်တော်တွင် မိမိတို့ပါတီဝင် ငါးဦးရှိကြောင်း၊ ၎င်းတို့အနက်မှ တစ် ဦးမှာ ခရီးသွားနေသဖြင့် ကျန်လေးဦးကို စာနယ်ဇင်းကောင်စီမှ ပြင်ဆင်လိုသည့် အချက်များနှင့် ပတ်သက် ၍ လေ့လာစေမည်ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လေးဦးအားပါတီမူဝါဒအတွင်း မှ လွတ်လပ်စွာ ဆွေးနွေးစေမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့ပါတီ အနေဖြင့် ယခင်က နားလည်ထားသည်မှာ ယခုအမျိုးသားလွတ်တော်သို့ ရောက်ရှိနေ သည့် ပုံနှိပ်နှင့် ထုတ်ဝေရေးဆိုင်ရာ ဥပဒေကြမ်းသည် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီတို့ သဘောတူညီမှု ရရှိပြီးဖြစ်ကာ လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဥပဒေဖြစ်သည်ဟု ယူဆခဲ့ကြောင်း၊ ကန့် ကွက်ရမည်ဟု နားမလည်ကြောင်း၊ ထို့ကြောင့် မကန့်ကွက်ဘဲ ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအတွက် တောင်းပန်ပါကြောင်း၊ နောက်နောက်တွင် ယခုလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန် မိမိတို့အား ကြိုတင်အ သိပေးမှုများ ပြုလုပ်ပေးစေလိုကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် သတင်းလွတ်လပ်ခွင့်သည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ အဖွဲ့ဝင်များသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မီဒီ ယာ ဥပဒေကြမ်းများအတွက် နေပြည်တော်တွင် ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ ပြည်သူ့ လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ဦးဇော်သက်ထွေးက "ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့အတူ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ ဦးဌေးဦးနဲ့ သူရဦးအေးမြင့်တို့လည်း ဆွေးနွေးပွဲကို တက်ရောက်ကြပါ တယ်။ သူရဦးရွှေမန်းကတော့ ပြည်သူ့လွှတ်တော်မှာ ဒီဥပဒေကြမ်းကို အချိန်မရတဲ့အတွက် အသေးစိတ် မဆွေးနွေးနိုင်ခဲ့တာပါလို့ ပြောပါတယ်။ အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ တဲ့အခါ ဒီရလဒ်အတိုင်း ပေါ်လာခဲ့လို့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်လည်ဆွေးနွေးဖို့ ကိုယ်စားလှယ် တစ်ယောက်က တင်ပြလာခဲ့မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် နာယကတစ်ဦး အနေနဲ့ ခွင့်ပြုသွားမယ် ပြောပါတယ်။ ပါတီစွဲ မထားဘဲ လွှတ်တော်တွင်းမှာ ဆွေးနွေးနေကြတယ်လို့လည်း ဆိုပါတယ်။ တွေ့ဆုံချိန် ၁ နာရီခွဲလောက်ရှိပြီး သူရဦးရွှေမန်းနဲ့ ဆွေးနွေးရတာ အပြုသဘော ဆောင်တဲ့အတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့ အခုလို လုပ်နေတာဟာ စာနယ်ဇင်း လောကအတွက် မဟုတ်ပါဘူး။ ပြည်သူပြည်သားတွေ အတွက်ပါ" ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တစ်ဦးက "ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ သူရဦးအေးမြင့်က ပြောတာက သူ့စိတ်ထဲမှာ မှတ်ပုံတင် အရာရှိဆိုတာ ဖျက်ပြီးပြီလို့ ထင်နေတာ။ ဒါကို နဂိုကတည်းကလည်း မကြိုက်ခဲ့ဘူး။ ဒီဟာမပါဘူးလို့ပဲ သူထင်နေတာ။ ဒီဥပဒေကြမ်းအတွက် ပြန်ကြားရေးကလုပ်တဲ့ ဆွေးနွေး ပွဲ ကို ဦးရဲထွန်း (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) နဲ့ ဦးခိုင်မောင်ရည် (NDF) တို့နှစ်ဦးကို တက်ခိုင်း ပေမယ့် အချိန်မရလို့ အပြည့်မတက်နိုင်ခဲ့ဘူး။ မအားလပ်တဲ့ကြားက တက်ရတော့ မဆွေးနွေးနိုင်လိုက်ဘူး။ အဲဒီအခါကျတော့ ပြန်ကြားရေးရဲ့ ဦးဆောင်မှုအောက်မှာ ဒီဥပဒေကြမ်းကြီး မျောသွားခဲ့ရတယ်။

စာနယ်ဇင်းကောင်စီနဲ့ ဆွေးနွေးထားတာတွေထဲက အပိုတွေ ပါသွားရတယ်။ ပယ်မယ်ဆိုတဲ့ အချက်တွေ ပါသွားတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး ပြောပါတယ်။ နောက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးအောင် ကြည်က ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကုန်ပြေလည်သွားပြီပြောလို့ ယုံလိုက်မိတာလို့ ပြောပါတယ်" ဟု ပြောကြားသည်။

Eleven Media Group