Sunday, August 11, 2013

အဂတိလိုက်စားမှုဖြင့် ဝန်ထမ်း ၄၅၀ ကို သမ္မတအရေးယူ

ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရကို ဖော်ဆောင်မည် ဟု ပြောဆိုထားသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အဂတိလိုက်စားမှုဖြင့် အစိုးရဝန်ထမ်း ၄၅၀ ကျော်ကို အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့သတင်းထုတ်ပြန်သည်။


နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ တိုင်ကြားလာသည့် တိုင်ကြားစာ ၁၉၉ စောင်ကို စစ်ဆေးကာ ယင်းဝန်ထမ်း ၄၅၀ သည် အဂတိလိုက်စားကြောင်း တွေ့ရှိသဖြင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဝန်ထမ်း ၄၅၀ တွင် ၃၆၂ ဦးကို နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ဖြင့် အရေးယူခြင်း၊ ၆၉ ဦးကို ဌာနပြောင်းရွှေ့စေခြင်း၊ ဝန်ထမ်း ၁၈ ဦးကို အလုပ်ထုတ်ပယ်ခြင်း၊ တစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်းတို့ဖြင့် အရေးယူထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီနေ့သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင်တွေအားလုံး တွေ့ဆုံတဲ့အခါမှာလည်း အကျင့်ပျက် ခြစားမှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ညွှန်ကြားခဲ့ပါသေးတယ်” ဟု နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီလအတွင်းကလည်း သမ္မတရုံးသို့ ရောက်ရှိလာသော ပြည်သူ့ တိုင်စာများအရ အဂတိလိုက်စားမှုကြောင့် နိုင်ငံ့ဝန်ထမ်း ၇၂ ဦးကို ရာထူးချခြင်း၊ ဌာနပြောင်းရွှေ့ခြင်း ပြုလုပ်ခဲ့ပြီး ငါးဦးကို တာဝန်မှ အနားယူစေခဲ့သည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုစည်းမှူးတို့သည်{GSM SIM} များကိုလိမ်လည်ထုတ်ယူမှုများ လိုအပ်သလို အရေးယူပါရန်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူး တို့သည် ကျောသားရင်သားမခွဲခြားပဲ (၉၁)အုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၂၀၀)ကျော်အား၊ ကျေးရွာတိုင်းဖွံ့ဖြိုးတိုးတက်ရန်နှင့် သတင်းအချက်အလက်များ လွယ်ကူချောမွေ့စေရန်၊ စတုတ္ထအကြိမ် အဖြစ် {GSM SIM} ကဒ်များအားတစ်ရွာလျှင်(၃)လုံးနှုန်းဖြစ် အညီအမျှ ချပေးခဲ့ပါသည်။


သို့သော် ညောင်ဦးမြို့နယ်၊ကမ္ဘားနီကျေးရွာအုပ်စုတွင် ကမ္ဘားနီကျေးရွာ၊ ရေတွင်းညောင်ပင်ကျေးရွာ နှင့် ညောင်ကြီးကျေးရွာဟူ၍ ရွာပေါင်း(၃)ရွာရှိရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သည့် ညောင်ကြီး ကျေးရွာမှ ဦးဝင်းဇော်သည် ဖုန်းကဒ်ထုတ်ရန် ကမ္ဘားနီကျေးရွာသို့ အကြောင်းကြားခဲ့ခြင်းမရှိဘဲ ရေတွင်းညောင်ပင်ကျေးရွာ ရာအိမ်မှူး (သို့) ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုစည်းမှူး ဖြစ်သည့် ဦးအောင်ငွေ နှင့်ပေါင်း၍ ကမ္ဘားနီကျေးရွာအတွက်ရရှိသော ဖုန်းကဒ်များ 29.7.2013 ရက်နေ့တွင် ကမ္ဘားနီကျေးရွာ အနေဖြင့် လိမ်လည်ထုတ်ယူပြီး မိမိတို့သဘောဖြင့်ညောင်ကြီးကျေးရွာ (၅)လုံး၊ ရေတွင်းညောင်ပင် ကျေးရွာ(၄)လုံးစသည့်ဖြင့်ခွဲယူကာ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ၊ အာဏာပါဝါနှင့်လုပ်ပိုင်ခွင့်အား အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ ၄င်းပြသနာတွင် အထက်ပါ လူကြီးမင်းနှစ်ဦးသည် မြို့နယ်ထွေအုပ်ရုံးသို့ လိမ်လည်မှု၊အာဏာပါဝါနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်မှုများ ပေါ်လွန်နေပါသဖြင့် လိုအပ်သလိုဆက်လက်ဆောင်ရွက်နိုင်ပါရန် တင်ပြရခြင်းဖြစ်ပါသည်၊

Credit : http://mmopenletters.blogspot.com/2013/08/gsm-sim.html

နိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့်၏ထုတ်ပြန်ချက် (ဘာသာပြန်မူကြမ်း)

ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးက၊ ကျွန်တော့်ကို လာရောက်တွေ့ဆုံပြီး၊ ၄င်းတို့ ဆောင်ရွက် နေသော ရန်ကုန်မြို့ မင်းဓမ္မလမ်း မြန်မာကွန်ဗေးရှင်းစင်တာတွင် သြဂုတ်လ (၆) ရက်နေ့မှ (၈) ရက်နေ့ အထိကျင်းပမည့် “ရှစ်လေးလုံးငွေရတုအထိမ်းအမှတ်ကွန်ဖရင့်” တွင်၊ စီးပွားရေး အဆောက် အအုံ နှင့်ပတ်သက်၍ (၁၀) မိနစ်မျှ ပါဝင်ဆွေးနွေးပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။


ထိုမေတ္တာရပ်ခံချက်အရ၊ သြဂုတ်လ (၆) ရက်နေ့တွင်၊ မြန်မာ့စီးပွားရေးနှင့်ပတ်သက်၍ (၁၀) မိနစ် မျှ ဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးချက်ကိုလည်း ပူးတွဲဖေါ်ပြပါသည်။

ဆွေးနွေးတင်ပြအပြီး၊ အမေးအဖြေပိုင်းတွင်၊ ပရိတ်သတ်ထဲမှတစ်ဦးက၊ ယခင်စစ်အစိုးရက ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများ၊ ဒုစရိုက်မှုများနှင့်ပတ်သက်၍၊ ဝန်ခံပြီး ခွင့်လွှတ်ရန် တောင်းပန်မှုနှင့်ပတ်သက်သည့်၊ ကျွန်တော်၏သဘောထားကို မေးမြန်းခဲ့ပါသည်။

ထိုကိစ္စသည်၊ ကျွန်တော်နှင့် မသက်ဆိုင်ပါ၊ သို့သော်လည်း၊ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

“အဲဒီလိုလုပ်ရင်၊ ထိပ်တိုက်ရင်ဆိုင်ရာရောက်မယ်။ အဲဒါမျိုး မလုပ်သင့်ပါဘူး။ ခုအချိန်မှာ အဲဒီလိုကိစ္စတွေ ဘေးဖယ်ထားပါ။ နောက်ကြောင်းပြန်မယ့်အစား၊ ရှေ့ဆက်သွားရအောင်ပါ၊ တပ်မတော်ထဲမှာလဲ အရာရှိ ကောင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော် ကာကွယ်ရေးတက္ကသိုလ်မှာ၊ ဆယ်နှစ်ကျော် စာသင်ခဲ့ ပါတယ်။ သူတို့ဟာ အရာရှိကောင်းတွေဖြစ်ပြီး၊ ကျွန်တော်တို့လိုပဲ၊ မြန်မာနိုင်ငံကို အခုထက် ပိုမိုကောင်းမွန် စေလိုတဲ့ စေတနာရှိတဲ့သူတွေ ဖြစ်ပါတယ်။ ခင်ဗျာတို့ထဲက အချို့သူတွေက၊ ထောင်ကျတဲ့သူတွေဟာ၊ အခြားသူတွေထက် မျိုးချစ်စိတ်ဓါတ် ပိုမိုထက်သန်တယ်လို့ ထင်နေကြတာ ဝမ်းနည်းစရာကောင်းတယ်၊ နိုင်ငံရေးဆန္ဒပြမှုတွေမှာပါရင်၊ အဖမ်းခံရမယ် ၊ သေနတ်ပစ်ခံရမယ်။ လုပ်ငန်းသဘောအရ၊ ဒီအတိုင်း ဖြစ်နေ တာပါ၊ ပိုပြီး မျိုးချစ်စိတ်ဓါတ် ထက်သန်တယ်လို့ ပြောလို့မရဘူး။”

ထိုပြောဆိုချက်ကို၊ အသံဖမ်းမှတ်တမ်းတင်ထားပြီး တက်ရောက်သူ (၂၀၀၀) ခန့် ရှေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ယနေ့၊ (သြဂုတ်လ ရ) ရက်နေ့ထုတ် Voice နေ့စဉ်သတင်းစာတွင်၊ မျက်နှာဖုံး၌၊ “တပ်မတော်အစိုးရ လက်ထက် အမှားဝန်ခံရန် သမ္မတကို ဦးမြင့်ပြောပေးမည်ဟုဆို” ခေါင်းစဉ် တပ်ဆောင်းပါးတစ်ပုဒ် ဖေါ်ပြထားသည်ကို တွေ့ရှိရပါသည်။

ထိုသတင်းကို ဖတ်ရှုရပြီးနောက်၊ ယနေ့ဆွေးနွေးပွဲခန်းမရှိ စင်မြင့်သို့သွားရောက်ကာ၊ ကျွန်တော်သည် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူမဟုတ်ကြောင်း ပြောဆိုခဲ့ပါသည်။ သို့သော် ထိုသတင်းနှင့်ပတ်သက်၍၊ ကျွန်တော်၏ ကိုယ်ပိုင်အမြင်ကို တင်ပြခွင့်ပြုပါ။

ကျွန်တော်သည် ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းတွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးဌာန၏ အကြီးအကဲဖြစ်ခဲ့ပါသည်။ ထိုအချိန်က၊ ရန်ကုန်ရှိ ဗီယက်နမ် သံရုံး၏ စီးပွားရေးအရာရှိသည်၊ ကျွန်တော့်ကို တစ်ချိန်လုံး အဆက်အသွယ်လုပ်နေပြီး စစ်ဒဏ်ကြောင့် ဒုက္ခရောက်နေသော ၄င်းတို့နိုင်ငံအတွက်၊ သက်သာ သော ဈေးနှုန်းဖြင့် ဆန်ဝယ်ယူခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ပါသည်။

ထိုအချိန်က၊ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူနေသောနိုင်ငံဖြစ်ခဲ့ပါသည်။ ယခုအခါ၊ ဗီယက်နမ်နိုင်ငံသည်၊ ဆန်တန်ချိန် တစ်နှစ်လျင် (၆) သန်းမှ (၇) သန်းအထိ တင်ပို့ရောင်းချ နေသော နိုင်ငံဖြစ်ပါသည်။ မြန်မာ့သမိုင်းတလျှောက်တွင်၊ အများဆုံး ဆန်တန်ချိန် (၃.၅) သန်း တင်ပို့နိုင်ပြီး၊ ၁၉၃၈ ခုနှစ်က ထိုသို့တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်က၊ ဗီယက်နမ်မိတ်ဆွေတို့အား “အခုလို ဆန်နဲ့ပတ်သက်လို့ အကြီးအကျယ် အောင်မြင်အောင် လုပ်နိုင်တာ၊ ဘယ်လိုလျှို့ဝှက်ချက်ရှိသလဲ ?” ဟု မေးမြန်းခဲ့ပါသည်။

သူတို့က “ဦးမြင့် ခင်ဗျားတို့ အမေရိကန်နဲ့ တည့်ဖို့လိုတယ်၊ ကျွန်တော်တို့လူတွေ သန်းနဲ့ချီပြီး သေတယ်၊ သူတို့လူတွေလဲ သောင်းချီသေတယ်၊ ကျွန်တော်တို့နိုင်ငံလည်း ဒုက္ခရောက်သွားတယ်။ ဒါပေမယ့်၊ အခု ကျွန်တော်တို့၊ မိတ်ဆွေတွေ ဖြစ်နေကြပြီ။ ခင်ဗျားတို့နဲ့ အမေရိကန် ဘာဖြစ်လို့၊ အခုတောင် ဆက်ဆံရေးဆိုးသွားရသလဲဆိုတာ၊ ကျွန်တော်တို့ နားမလည်နိုင်ဘူး၊ ခင်ဗျားတို့ ဘာလို့ သူတို့ကို ဒီလောက်မုန်းနေရတာလဲ ?၊ သူတို့က ခင်ဗျားတို့ကို ဘာလုပ်ခဲ့လို့လဲ ? ၁၉၇၀ ပြည့်လွန်နှစ်များက၊ ထိုမေးခွန်း မေးခဲ့ရာ၊ ကျွန်တော် ပြန်မဖြေနိုင်ခဲ့ပါ။

ထို့နောက်၊ ကျွန်တော်သည်၊ ဟားဗတ်က္ကသိုလ် ကနေဒီစင်တာမှ ပါမောက္ခများနှင့် တွေ့ပါသည်၊ ၄င်းတို့သည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင်၊ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။ ကျွန်တော်က အမေရိကန်နှင့် ဗီယက်နမ် ရင်ကြားစေ့ရေးကိစ္စကို မေးမြန်းပါသည်။

သူတို့က၊ “ဗီယက်နမ် တွေဟာ၊ တစ်ချိန်လုံး ကြိုးစားပမ်းစား လုပ်နေကြတာ၊ အမေရိကန်က တစ်ချိန်လုံး ဝက်အူတင်းနေတာ။ ဒါပေမယ့် အမေရိကန်တွေက ဘယ်လိုအဟန့်အတားတွေပဲလုပ်လုပ် ဗီယက်နမ် တွေက ဇွဲကောင်းတယ်၊ တောင်းဆိုသမျှ အကုန်လိုက်လျောတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ပြန်လည်သင့်မြတ် သွားကြတာပဲ” ဟု ဖြေဆိုပါသည်။

အကယ်၍သာ ဗီယက်နမ်တွေက အမေရိကန်တို့ကို၊ စစ်အတွင်းက ၄င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ အားလုံးအတွက်၊ ဝန်ခံရန်နှင့် တောင်းပန်ရန်၊ တောင်းဆိုခဲ့လျှင်၊ ဗီယက်နမ်သည်၊ ယခုအချိန်အထိ၊ မြန်မာနိုင်ငံမှ ဆန်ကို ဝယ်ယူတင်သွင်းနေရပါမည်။

ကျွန်တော်က Egress မှ တာဝန်ရှိသူတစ်ဦးလည်းဖြစ်၊ Voice နေ့စဉ်သတင်းစာနှင့် ဆက်နွယ်မှုလည်း ရှိသော ဦးလှမောင်ရွှေအား၊ သြဂုတ်လ (၆) ရက်နေ့က ကျွန်တော်ပြောဆိုခဲ့သော အသံသွင်းမှတ်တမ်းကို ပြန်ဖွင့်ကြည့်ပါ၊ သြဂုတ်လ (၇) ရက်နေ့တွင်၊ လူထောင်ပေါင်းများစွာတို့ရှေ့၌၊ စင်မြင့်ထက်တွင်၊ ဗီယက်နမ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်တို့ကိုလည်း ပြန်နားထောင်ကြည့်ပါ။ ထို့နောက်၊ ကျွန်တော်၏ ပြောဆိုချက် အမှန်အတိုင်း၊ Voice နေ့စဉ်သတင်းစာမှ၊ အလျင်မြန်ဆုံး ပြန်လည်ဖေါ်ပြပေးရန်အတွက်၊ Voice အယ်ဒီတာအား တဆင့်ပြောဆိုပေးရန် မှာကြားခဲ့ပါသည်။

လေးစားမှုဖြင့်
ဦးမြင့်

credit to Khin Maung Nyo

ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရမ်းကားခဲ့သောပရိသတ်များ စတင်ဖမ်းဆီး



၂၀၁၃ မြန်မာလိဂ်ဘောလုံးရာသီ၏ နောက်ဆုံး ပွဲစဉ် ဖြစ်သည့် နေပြည်တော်-ရန်ကုန် ပွဲစဉ်တွင် ရမ်းကားခဲ့သော ပရိသတ်အချို့အနက် ၁၂ ဦးကို စတင်ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ကြောင်း နေပြည် တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ပြီး တိုင်ကြား ချက်အရ အားကစားကွင်းထိုင်ခုံများအား ဖျက်ဆီး ခဲ့ရာ တွင် ပါဝင်ပတ်သက် ခဲ့သည်ဟု ယူဆရသည့် ပရိသတ် ၁၂ဦးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း အဆိုပ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၈ရက်တွင်ပြောသည်။

သြဂုတ် ၄ရက် ညနေပိုင်းက ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ မြန်မာလိဂ်ပွဲစဉ်၌ ပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ထိုင်ခုံအရေအတွက် ၁၅၀ ကျော် ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသုံးရာဝန်းကျင်ခန့်ရှိကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးစစ်ဆေးသူများကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေးယူထားခြင်းဖြစ်ပြီး ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်စုံစမ်းအရေး ယူသွားရန်ရှိကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅)ရဲစခန်းတာဝန်ရှိသူက ဆိုသည်။

၎င်းပွဲစဉ်တွင် ပရိသတ်အချို့ စည်းကမ်းမဲ့သောင်းကျန်းကာ ကွင်းအတွင်းဝင်ရောက်မှု၊ ကစားသမားများ၏ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ပွဲစဉ်ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ပွဲချိန် ၃၇ မိနစ်တွင် ရပ်နားခဲ့ရသည်။

ဆိုးသွမ်းပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲလက်ခံကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ ကွင်းအတွင်းရှိ ထိုင်ခုံများ၊ လက်ရန်းတန်းများ၊ ကြော်ငြာဆိုင်းဘုတ်များ အဓိကပျက်စီးခဲ့ရကြောင်း ကွင်း အတွင်း သွားရောက်ကြည့်ရှုခဲ့သည့် ပရိသတ်အချို့က ဆိုသည်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းမှ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ ခိုက်ရန်ဖြစ်ပွားမှု များလည်း ရှိခဲ့ကြသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီအနေဖြင့် အဆိုပါပွဲစဉ်တွင် တာဝန်ယူခဲ့သည့် ပြိုင်ပွဲကြီးကြပ်သူ၊ ဒိုင်လူကြီးများ၏ အစီရင်ခံစာမှတ်တမ်းများ၊ ရုပ်သံမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ မကြာမီရက်ပိုင်း အတွင်း အရေး ယူမှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

From:7day

စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်း အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန် - စင်ကာပူ ခရီးစဉ် စတင်ပြေးဆွဲမည်

စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ်အား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Tiger Airways လေကြောင်းလိုင်းသည် အာရှဒေသအတွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော စရိတ်နည်း လေကြောင်း လိုင်းတစ်ခု ဖြစ်သည်။


"Tiger Airways လေကြောင်းလိုင်းက အောက်တိုဘာ ၁ ရက်မှာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပျံသန်း ဖို့ စီစဉ်နေပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက သြဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။

Tiger Airways လေကြောင်းလိုင်းသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲနေသော စင်ကာပူနိုင်ငံ အခြေစိုက် သုံးခုမြောက် လေကြောင်းလိုင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ စင်ကာပူနိုင်ငံ အခြေပြု၍ မြန်မာ နိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲနေသော အခြားလေကြောင်းလိုင်းများမှာ Singapore Airline နှင့် Silk Air လေကြောင်းလိုင်းတို့ ဖြစ်သည်။

ယင်းပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာ လဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်း လိုင်းနှင့် Business Air လေကြောင်းလိုင်းတို့သည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား စတင်ပြေးဆွဲရန် စီစဉ်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်း ရှိပြီး၊ ပြည်တွင်းလေကြောင်းလိုင်း ခုနစ်လိုင်း ရှိသည်။

၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ မတိုင်မီအထိ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၁၅ လိုင်းသာရှိပြီး၊ ၂၀၁၂ ပွင့်လင်းရာသီ ကာလမှ စတင်ကာ ပြည်ပလေကြောင်းလိုင်း ခုနစ်လိုင်းမှ မြန်မာ နိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ စတင်ပျံသန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံများမှာ ဂျပန်၊ ကာတာ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျာမနီနှင့် စင်ကာပူနိုင်ငံများ ဖြစ်သည်။ ယင်းပြင် ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ် စတင်ပျံသန်းမည့် နိုင်ငံများ၏ ဆင်းသက်ချိန်အား နေ့အချိန် တွင် ဆင်းသက်နိုင်ရန် ဦးစားပေး ညှိနှိုင်းသွားမည်ဖြစ်ပြီး၊ လက်ရှိပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေ ကြောင်း လိုင်းများမှ ခေါက်ရေတိုးမြှင့် ပျံသန်းခြင်းအား ညအချိန်တွင်သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

Eleven Media Group

အစိုးရနှင့် ABSDF တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး ငါးရက်အကြာတွင် ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုး



အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) တို့သည် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး ငါးရက်အကြာ တွင် ပြည်ထောင်စု အဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို သြဂုတ် ၁၀ ရက်က ရန်ကုန် မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ များ ဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည် ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများ၊ တပ်မတော်မှ ဒုတိယ ဗိုလ် ချုပ်ကြီး သက်နိုင်ဝင်းတို့ ပါဝင်ပြီး ABSDF မှ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီတို့ ပါဝင်သည့် အဖွဲ့ဝင် ၃၄ ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဆွေး နွေးပွဲသို့ လေ့လာသူများအဖြစ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦး ကိုကိုကြီး၊ ဦးမြအေး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ဦးအေးသာအောင် နှင့် ဦးဂင်ကန်းလျန် စသည်တို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ တောင်းဆိုတယ်။တောင်းဆိုတဲ့ကျောင်း သားတွေက နှစ်ဖွဲ့ကွဲသွားတယ်။ တစ်ဖွဲ့က မြို့မှာကျန်ခဲ့ပြီးတော့ ဒီမိုကရေစီရအောင် တောင်းဆိုတယ်။ နောက်တစ်ဖွဲ့က လက်နက်ကိုင်ပြီး တောင်းဆိုမယ်ဆိုပြီး တောထဲထွက်သွားတယ်။ သူတို့က သူတို့ရဲ့ ယုံ ကြည်ချက်အတွက် အနစ်နာ ခံခဲ့ကြတယ်။ နိုင်ငံတော် အစိုးရကလည်း ဒီမိုကရေစီစနစ်ကို သွားနေတာဆို တော့ စနစ်ကို တိုက်စရာ မလိုတော့ဘူး။ စနစ်က မှန်နေပြီ ဒီမှာလာပြီး ပူးပေါင်းဆောင်ရွက်တာပါ။ ဒီပွဲဟာ အောင်မြင်တဲ့ပွဲလို့ ပြောရမယ်" ဟု ပြောကြားသည်။ 

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက "တိုင်းပြည်ရဲ့ အနာဂတ်ပြဿနာတွေကို ဖြေရှင်းဖို့ ဒီနေ့စားပွဲဝိုင်းမှာတင် မပြီးပါဘူး။ မေတ္တာရပ်ခံချင်တာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရ၊ ပါလီမန်၊ တပ်မတော်စတဲ့ အင်အားရှိတဲ့၊ အာဏာရှိတဲ့ အဖွဲ့အစည်းတွေက ပိုပြီးတော့ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ကျွန်တော် တို့မှာလည်း တာဝန်ရှိပါတယ်" ဟု ပြောကြားသည်။

အစိုးရနှင့် ABSDF တို့၏ သဘောတူညီချက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သော အပစ်အခတ် ရပ်စဲရေးကို နှစ်ဖက်စလုံးမှ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိဖြင့် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ နိုင်ငံရေး အင်အားစုများ၊ ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တိုင်းပြည်၏ နိုင်ငံရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာ ရှိ စွာ ပါဝင်နိုင်ရေးအတွက် တရားဝင် ဖိတ်ခေါ်သွားရန်၊ မကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) ၏ မတရားအသင်းအဖြစ် သတ်မှတ်ထားရှိမှုကို ပယ်ဖျက်ပေးနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးသွားရန် စသည်တို့ ပါဝင်သည်။ 

ထို့ပြင် အမည်မည်းစာရင်းတွင် ထည့်သွင်းခံထားရသည့် မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များကို ပယ်ဖျက် ပေးရန်၊ တရားစွဲဆိုခြင်း ခံထားရသော မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ပယ်ဖျက် ပေးရေး ဆက်လက်ဆွေးနွေးရန်နှင့် ကလေး၊ ဘုရားသုံးဆူ၊ မူဆယ်၊ လွိုင်ကော်တို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆွေးနွေး သွားရန်တို့ကိုလည်း သဘောတူညီခဲ့သည်။

ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း နှစ်ဖက်ညှိနှိုင်း ရက် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် ABSDF တို့၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သြဂုတ် ၅ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးအပြီး အစိုးရနှင့် ABSDF တို့မှ တာဝန်ရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ-နိုင်လင်း) 

Eleven Media Group

လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လွှတ်တော်မှ ကတိက၀တ် ကော်မတီတွင် ထားရှိခဲ့မည်ဖြစ်၍ အစိုးရသစ် အနေဖြင့် ဆက်လက်ဆောင်ရွက်ရမည်ဟု ၀န်ကြီးဦးအောင်မင်းဆို

လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လွှတ်တော်မှ ကတိက၀တ် ကော်မတီတွင် ကတိက၀တ် အဖြစ် ထားရှိခဲ့မည် ဖြစ်သောကြောင့် အစိုးရသစ် အနေဖြင့် ဆက်လက်ဆောင်ရွက် သွားရမည်ဟု ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။


သြဂုတ် ၁၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့၏ ပြည်ထောင်စုအဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးမှုအပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အစိုးရသစ် လက်ထက်တွင် ဆက်လက် ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "ကျွန်တော်တို့က ၂၀၁၅ ခုနှစ်မှာ တော့ ရွေးကောက်ပွဲတစ်ခု ပြန်လုပ်မှာပေါ့။ ရွေးကောက်ပွဲမှာ ဘယ်သူတွေ တက်လာမလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အခုအချိန်မှာ ပြည်သူကလည်း ဒီမိုကရေစီ အလေ့အကျင့်တွေ အများကြီး ရ လာပြီ။ အဲဒီတော့ ပြည်သူက စီးပွားရေး၊ နိုင်ငံရေး၊ တိုင်းရင်းသား ကိစ္စရပ်တွေကို ဖြေရှင်းပေးနိုင်တဲ့ သူကိုပဲ ရွေးမှာပေါ့။ အဲဒီလို ရွေးတဲ့အခါမှာလည်း အဲဒီလူက ဆက်ပြီးတော့ လုပ်ရမှာပဲ" ဟု ပြောကြားသည်။

"ကျွန်တော်တို့ကလည်း ပြီးသလောက်လုပ်ပြီး ကျွန်တော်တို့ လုပ်တဲ့ဟာတွေ အားလုံးကို လွှတ်တော်မှာ ကတိက၀တ်များ ကော်မတီဆိုတာ ရှိတယ်။ အဲဒီမှာ ပေးခဲ့မယ်။ ပေးခဲ့ပြီး ပြီးအောင်ကြိုးစားပြီး လုပ်မယ်။ မပြီးရင်လည်း ကတိက၀တ် အနေနဲ့ ထားခဲ့မယ်။ နောက်အစိုးရ အနေနဲ့လည်း မလုပ်လို့ မရပါဘူး။ သူတို့ ကလည်း ဆက်လုပ်မှာပဲ။ အားလုံးကလည်း ငြိမ်းချမ်းရေးကို မလိုလားတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ငြိမ်း ချမ်းရေးကို နောက်အစိုးရသစ်လည်း လုပ်မှာပဲ။ အခုလည်း လုပ်နေတာပဲ" ဟု ၀န်ကြီးဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လက်ရှိအစိုးရ လက်ထက်တွင် ပြီးဆုံးအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြီးဆုံးခြင်း မရှိပါက ၂၀၁၅ အစိုးရသစ် လက်ထက်တွင် ဖြေရှင်းနိုင်မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီ ၂၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

Eleven Media Group

၂၀၀၈ ခုနှစ်မတိုင်မီ သတ္တုတွင်း ၀န်ကြီးဌာနမှ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသည် တရားနည်းလမ်းကျမှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

၂၀၀၈ ခုနှစ်မတိုင်မီ သတ္တုတွင်း ၀န်ကြီးဌာနမှ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသည် တရားနည်းလမ်းကျမှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတ္တမအကြိမ် ပြည် ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။


ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သတ္တုတွင်း ၀န်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်း၏ ရွှေကြွေးကျန်များအပေါ် စာရင်းစစ်ကန့်ကွက်ချက်နှင့် ပတ်သက်၍ အစီရင်ခံစာ အပေါ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းပြီးနောက် ယခုကဲ့သို့ ပြည်ထောင် စုလွှတ်တော် နာယကက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ဒီနေ့ဖြစ်စဉ်ဖြစ်ရပ် ဆွေးနွေးချက်များကို ပြန်လည်သုံး သပ်တဲ့အခါ သိရှိချက်က သတ္တုတွင်းဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ ၂၀၁၁ မတ် ၃၀ ရက် မတိုင်ခင်တုန်းက၊ ပြီးခဲ့ တဲ့ တပ်မတော်အစိုးရလက်ထက် ကျင့်သုံးခဲ့တဲ့ ကျင့်သုံးဆောင်ရွက်မှုများကို ဥပဒေအရ ပြဋ္ဌာန်းပြီး ဆောင် ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးချက်တွေကို ပြန်သုံးသပ်မယ်ဆိုလို့ရှိရင် အဲဒီပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွား ဖြစ်သလို တရားမျှတမှု ရှိလားမရှိဘူးလား ဆိုတာကို ပြန်သုံးသပ်ရ မယ်ဆိုတဲ့ သဘောပါပါတယ်။ ဒါအပိုင်း တစ်ပိုင်းပါ။

ဒါကြောင့်မို့လို့ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ပြောရမယ်ဆိုရင် ဒီနေ့လွှတ်တော်များဟာဥပဒေပြုရေးဥပဒေ များပြုလုပ်ဖို့ လွှတ်တော်များမှာ အဓိက တာဝန်ရှိ ပါ တယ်။ ဒါဟာ လွှတ်တော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက သတ္တုတွင်း ၀န်ကြီးဌာနက ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေများသည် တရားနည်းလမ်း တ ကျ ရှိသလား၊ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီး ပွား ကို ဖြစ်စေသလား မဖြစ်စေဘူးလားဆိုတာတစ်ပိုင်းပြန် လည်သုံးသပ်ဖို့ လိုပါတယ်။ ဒီဥပဒေသည် တရား မျှ တတယ်။ နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားကို မျှမျှတတ ဖြစ်စေတယ်ဆိုရင်ဒီဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါအပိုင်း တစ်ခုပါ။ နောက်အပိုင်း တစ်ခုကျတော့ စာရင်းစစ်အပိုင်း ဖြစ်ပါတယ်။ စာရင်း စစ်အဖွဲ့သည် စာရင်းစစ်ချုပ် တင်ပြသွားသလို ၀န် ထမ်းအဖွဲ့အစည်းတစ်ခု ဖြစ်ပြီးတော့ စာရင်းစစ်ဥပဒေ၊ စာရင်းစစ် အဖွဲ့အစည်းရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ဆောင်ရွက်ခွင့်တွေအတိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ခုနက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ထပ်ပြီးဆွေးနွေးသလို ဒီစာရင်းစစ် အဖွဲ့သည်လည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် သူ့အပိုင်းကလည်း ဒီဥပဒေအရ၊ လုပ်ထုံးလုပ်နည်းက မှန်ချင်မှန်နေလိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စသည် အနည်းငယ် ရှုပ်ထွေးတဲ့ ကိစ္စတစ်ခု ဖြစ်တဲ့အတွက် ဒီဘိတ်ဒီမှာ အဆုံးမသတ်ပါဘူး။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်မှာပါ" ဟု သုံးသပ်ပြောကြားသည်။

ထို့ပြင် သူရဦးရွှေမန်းက "စာရင်းစစ် အဖွဲ့များသည် ပြည်သူများကို ကိုယ်စားပြုပြီးတော့ ပြည်သူ့ဘဏ္ဍာများ စနစ်တကျ သုံးစွဲဖို့၊ မှန်မှန်ကန်ကန် သုံးစွဲဖို့အတွက် အဓိကတာ ၀န်ယူရတဲ့ အဖွဲ့အစည်းလို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ စာရင်းစစ် အဖွဲ့များသည် စာရင်းစစ်ချုပ်သည် ပြည်သူများရဲ့ ဘဏ္ဍာကို သက်ဆိုင် တဲ့ အဖွဲ့အစည်းများ သုံးတဲ့နေရာမှာ မှန်မှန်ကန်ကန်သုံးဖို့၊ မှားယွင်းစွာ မသုံးဖို့အတွက် အဓိကစစ်ဆေး တာဝန်ယူရတဲ့ အဖွဲ့ဖြစ်သလို ဒီနေ့စာရင်းစစ်ချုပ်သည်လည်း စာရင်းစစ်ချုပ်ရဲ့ တာဝန်အရ ပြည်သူ့ဘဏ္ဍာ များ ရရှိဖို့အတွက် တွေ့ရှိချက်များအပေါ် မူတည်ပြီးတော့ ကန့်ကွက်ပြောဆိုခြင်း ဖြစ်တယ်လို့ ယူဆပါ တယ်။ သို့ရာတွင် အခုလို ကန့်ကွက်ပြောဆိုတဲ့ အခါမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က ဆောင်ရွက်တဲ့နေရာမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ခဲ့ခြင်း ရှိ၊ မရှိ တစ်ဖက်က ပေါ်ပါ တယ် ။ နောက်တစ်ဖက်ကျတော့ အဲဒီပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ တကယ်တရားမျှတပြီးတော့ ဆောင်ရွက် တဲ့ လူတွေ တကယ်လိုက်နိုင်ခြင်း ရှိ၊ မရှိဆိုတဲ့ အချက်မှာ တည်ပါတယ်။ ပြန်ချုပ်ပြောမယ်ဆိုရင် ဒီနေ့ ဆွေးနွေးမှုဟာ အင်မတန်မှ အသက်ဝင်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ ကြိုဆိုရမယ့်ကိစ္စ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။

ဒီလိုပဲ ပွင့်လင်းမြင်သာရှိအောင် ဆောင်ရွက်ပြီး မိမိရဲ့လုပ်ငန်း၊ မိမိတာဝန်ကို တာဝန်ခံပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသည်လည်း မိမိရဲ့လုပ်ငန်း၊ မိမိရဲ့တာဝန်ကို ထမ်းဆောင် ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ခြင်း ဖြစ်သလို သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီးနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်သည်လည်း မိမိရဲ့ တာဝန်ကို မိမိထမ်းဆောင်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ ခြင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ခုနကပြောတဲ့ ဒီကာလမှာ စာရင်းစစ်ချုပ် ကာလမှာ ဖြစ်ခဲ့ တဲ့ ကာလမဟုတ်ဘဲနဲ့ ပြီးခဲ့တဲ့ သတ္တုတွင်း ၀န်ကြီးဌာန ၂၀၀၈ ရဲ့ ဟိုဘက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စများ ဖြစ်တဲ့ အတွက် ဒီကိစ္စကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ပါမယ်" ဟု ပြောကြားသည်။

Eleven Media Group

မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံလူထု ဖိုရမ်တွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ဆွေးနွေးရန် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများ သဘောတူညီချက် ရရှိ

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံ လူထုဖိုရမ်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ အပါအ၀င် တရားမျှတမှုနှင့် လူ့အခွင့်အရေး ဆိုင် ရာများကို ထည့်သွင်းဆွေးနွေးသွားရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် သဘောတူ ညီချက် ရရှိခဲ့ကြောင်း မြန်မာလူထုဖိုရမ်မှ ဆက်သွယ် ညှိနှိုင်းရေးမှူး ကိုကျော်လင်းဦးက ပြောကြား သည်။


အဆိုပါ ဖိုရမ်တွင် ခေါင်းစဉ်ကြီး လေးခုကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှု နှင့် လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စသည့်အကြောင်းအရာများကို အဓိက ထား ဆွေးနွေးပေးသွားရန် မြန်မာနိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံများနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။


"ကျွန်တော်တို့က အာဆီယံ လူထုဖိုရမ်မှာ ထည့်သွင်းဆွေးနွေးမယ့် အကြောင်းအရာတွေကို အာဆီယံ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဒီလထဲမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ ဘရူနိုင်းနိုင်ငံကလွဲလို့ ကျန်တဲ့အာဆီယံ နိုင်ငံတွေအားလုံး တက်ရောက်ကြပါတယ်။ အာဆီယံ လူထုဖိုရမ် ကျင်းပဖို့အတွက် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ ကော်မတီကို ဇွန်လအတွင်းက ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ အဖွဲ့အစည်းတွေမှာလည်း အာဆီယံဒေသက အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်သင့်တယ်လို့လည်း ဆုံး ဖြတ်ခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။

ယင်းအာဆီယံ လူထုဖိုရမ်ကို ၂၀၁၄ ခုနှစ် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့တွင် ပြုလုပ်သွားရန် သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အာဆီယံ လူထုဖိုရမ်ကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အာဆီယံ လူထုဖိုရမ်အကြို မြန်မာလူ ထုဖိုရမ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်း ရန်ကုန်မြို့၌ အကြိုကျင်းပသွားမည်ဖြစ်ပြီး ယင်းဖိုရမ်တွင်လည်း အာဆီယံ လူထုဖိုရမ်တွင် ဆွေးနွေးမည့် အကြောင်းအရာများကိုသာ အဓိကထား ဆွေးနွေးသွားရန်ရှိ ကြောင်း ယင်းကဆက်လက် ပြောကြားသည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ လူထုညီလာခံတွင် အိမ်ရှင်အစိုးရဘက်မှ ဆွေးနွေးခွင့် မပြု သည့် ကန့်သတ်ချက်များ ရှိသောကြောင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာ နိုင်ငံတွင် ယင်းသို့မဖြစ်စေရန် လူထုအသံများကို လွတ်လပ်စွာ ဖော်ပြနိုင်ရန်အတွက် အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်သွားရန် ရှိကြောင်းလည်း သိရသည်။


 ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း အရပ်ဘက် လူ့အဖွဲ့အစည်းများ စုပေါင်းပြီး ဆန္ဒထုတ်ဖော်နေစဉ် 
(ဓာတ်ပုံ-နေထွန်းနိုင်) 

Eleven Media Group