Thursday, August 8, 2013

၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု ရှိ၊ မရှိ စိစစ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တာဝန်ရှိသည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောကြား

နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် "၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ" သည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ညီညွတ်ခြင်း ရှိမရှိကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် စိစစ်သွားရန် တာဝန်ရှိ ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သြဂုတ် ၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။


ပည်ထောင်စုလွှတ်တော်က ယင်းဥပဒေကို သြဂုတ် ၆ ရက်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆ ပုဒ်မခွဲ (ဂ)နှင့် ပုဒ်မ ၉၈ တို့အရ ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ် ပြန်ရေး အဖွဲ့ က သတင်းထုတ်ပြန်ခဲ့ရာတွင် ထိုသို့ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

"၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း" ကို ပြည်ထောင်စု လွှတ် တော်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီး လက်မှတ်ရေးထိုး ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်သမ္မတထံသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ပေးပို့ခဲ့ရာ သမ္မတက ပြင်ဆင်ချက်ကိုးချက်ကို သဘောထားမှတ်ချက်များနှင့်အတူ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်၌ ပြန်လည်ပေးပို့ရာပြည်ထောင် စုလွှတ်တော်က မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်ခဲ့၍ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး နိုင်ငံတော် သမ္မတ ထံသို့ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ပြန်လည်ပေးပို့ခဲ့သည်။

ထိုသို့ ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းနိုင်ရေး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် ပြန်လည်ပေးပို့ သော ဥပဒေကြမ်းပါ ဖော်ပြချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၏ ပြဋ္ဌာန်း ချက် များ နှင့် ညီညွတ်ရန်၊ အဓိကကျသည့် ဒီမိုကရေစီ ကျင့်စဉ်များဖြစ်သော ခွဲခြားဆက်ဆံမှု မရှိစေရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အ ပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုရေးဟူသော အချက်များနှင့် ညီညွတ်ရန် စသည့်လိုအပ်ချက်များ ရှိနေ ခြင်းကြောင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုနိုင်သည်ကို သိရှိနိုင်ရန်နှင့် ဆက်လက်ဆောင် ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် သြဂုတ် ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

ထိုသို့ ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့ အပြန်အလှန် သ၀ဏ်လွှာများ ပေးပို့ပြီးနောက် ပြည်ထောင်စုလွှတ်တော်က ယင်းဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က ပြန် လည်ပေးပို့သော ဥပဒေကြမ်းကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုလျှင် သတ်မှတ်ကာလပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏လက်မှတ် ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (ဂ)တွင် ဖော်ပြထားသည်။

Eleven Media Group

ကျွန်ုပ်တို့ ဘာကြောင့် လူရိုင်းဖြစ်ရသလဲ ? ( ၁၉၈၈ ခုနှစ်က ဆရာလူထုစိန်ဝင်း ရေးခဲ့တဲ့ဆောင်းပါး )

သမိုင်းကို ဘယ်လိုလိမ်ခဲ့ ကြသလဲဆိုတာ

၁၉၈၈ ခုနှစ်က ဆရာလူထုစိန်ဝင်း ရေးခဲ့တဲ့ဆောင်းပါး


ဇေယျတု စာအုပ်ထုတ်ဝေရေးမှ ထုတ်ဝေသော "၁၃၅၀ ပြည့်နှစ် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအမှတ်တရ မန္တလေးနှင့် အခြားသမိုင်းပုံရိပ်များ" စာအုပ်မှ ပြန်လည် ဖော်ပြပါသည်။

ယမန်နေ့ညက အီတလီနိုင်ငံ မီလန်မြို့ရှိ မိတ်ဆွေတစ်ဦးထံက ဖုန်းဆက်သည်။ ၎င်းမိတ်ဆွေက ထိတ်လန့် တကြားဖြင့် ဗမာလူမျိုးတွေဘာကြောင့် လူရိုင်းကြီးတွေ ဖြစ်ကုန်ကြတာလဲဟု မေးသည်။ သူက ဗမာပြည်မှ ပြန်ရောက်လာသူများထံမှ ဓာတ်ပုံများ၊ ဗွီဒီယို အခွေများကိုကြည့်ပြီး အမျိုးသမီးတစ်ဦးက ထဘီတိုတို ၀တ် ပြီး ဓားရှည်ကြီးကို တအားလွှဲလျက် လူတစ်ယောက်၏ ခေါင်းကိုဖြတ်နေပုံ၊ ကျောင်းသားနှင့်တူသည့် လူ ငယ်လေးတစ်ဦးက ခေါင်းပြတ်ကြီးတစ်ခုကို ဆံပင်မှ ဆုပ်ကိုင်၍ ၀မ်းသာအားရ ခုန်ပေါက်နေပုံ စသည့် ကြောက်ခမန်းလိလိ ပုံတွေကို မြင်ရသောအခါ အော့နှလုံးနာမိသည်။

သူများစွာကို ချစ်မြတ်နိုးလွန်း၍ ဂုဏ်ယူဝင့်ကြွားလေ့ရှိသော ဗမာလူမျိုးများအတွက် အရှက်ရမိ ပါသည်ဟု ပြောလေသည်။

ကျွန်တော့်မိတ်ဆွေ အင်နီတာသည် မီလန်တက္ကသိုလ်မှ မနုဿဗေဒ ပါမောက္ခတစ်ဦး ဖြစ်ပါသည်။ 

ကျောင်းဆရာဘ၀ မရောက်ခင် တက်တက်ကြွကြွ ၂၀ ဦးပိုင်း အရွယ်က ကျွန်တော်နှင့် ဘ၀တူ သတင်းစာ သမားတစ်ဦး ဖြစ်ခဲ့ပါသည်။ အသက် ၄၀ ကျော်လာသော အခါတွင်မှ ပြေးလွှားလှုပ်ရှားနေရသော သတင်း ထောက်ဘ၀မှ အနားယူကာ ကျောင်းဆရာဘ၀သို့ ကူးပြောင်းသွားခဲ့ ပါသည်။ သူသည် မြန်မာနိုင်ငံသို့ သ တင်းထောက်မလေးအဖြစ် သုံးကြိမ်၊ ပါမောက္ခတစ်ဦးအဖြစ် သုံးကြိမ် စုစုပေါင်း ခြောက်ကြိမ် ရောက်ခဲ့ဖူး၍ သီလရှင် နှစ်ကြိမ်ဝတ်ပြီး ရက်ရှည်တရား ထိုင်ခဲ့ဖူးသူလည်း ဖြစ်ပါသည်။

လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက် ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျား ကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတ ရားကျင့်ကြံခြင်း . . . . .

သူသည် မြန်မာလူမျိုးများနှင့်တကွ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို များစွာချစ်မြတ်နိုးပါသည်။ ဗုဒ္ဓ ဘာသာကို သက်ဝင်ယုံကြည်၍ ကမ္မဋ္ဌာန်းတရား၌လည်း ပျော်မွေ့ပါသည်။ တစ်ကိုယ်ရေ တစ်ကာယသမား ဖြစ်၍ ငွေစုပြီး အငြိမ်းစားယူသော အရွယ်၌ မြန်မာနိုင်ငံတွင် သီလရှင်ဘ၀ဖြင့် လာပြီးအရိုးထုတ်ရန် ရည် သန်ထားသူလည်း ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ စိတ်ရှည်သည်းခံနိုင်မှု၊ ကြင်နာသနားတတ်မှု၊ ရက်ရောမှု တို့ကိုလည်း တဖွဖွချီးကျူး ပြောဆိုလေ့ ရှိပါသည်။

ယခုတော့ ချီးကျူးဂုဏ်ယူလေ့ရှိသော မြန်မာလူမျိုးတို့အတွက် အကြီးအကျယ် အရှက်ရနေရ ပါသည်။ ဘာ့ ကြောင့်များ ဗုဒ္ဓဘာသာ တရားတော်၏ အဆုံးအမ၌ ယဉ်ပါးခဲ့ရသော မြန်မာလူမျိုးများ ရက်စက်ကြမ်းကြုတ် သော အပြုအမူတွေ ပြုမူကုန်ကြတာလဲဟု ထိတ်လန့်တကြား မေးခဲ့သည်။

ဟုတ်ပါသည်။ အင်နီတာသိသည့်အတိုင်း မြန်မာလူမျိုးများသည် အင်မတန် သနားတတ်သော လူမျိုးဖြစ်ပါ သည်။ မိမိလူမျိုးကို လက်သည်းခွံခွာပြီး ပါးရိုက်သော ဂျပန်ဖက်ဆစ်များကိုပင် စစ်ပြေးများအဖြစ် ရောက် လာသောအခါ ရွာထဲမှ ၀ှက်ထား၍ ကျွေးမွေးစောင့်ရှောက်သော လူမျိုးဖြစ်ပါသည်။

သို့သော် လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက် ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျား ကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတရားကျင့်ကြံခြင်း စသည်တို့ကို မျက် ၀ါးထင်ထင် မြင်တွေ့ခံစားရသော အခါမျိုး။

လက်နက်မဲ့ ရဟန်းသံဃာနှင့် ကျောင်းသားပြည်သူတွေကို ထောင်နှင့်ချီ၍သေအောင် စစ်မြေပြင်သုံးမောင်း ပြန်လက်နက်တွေသုံး၍ စနစ်တကျ သွေးအေးအေးဖြင့် သတ်ဖြတ်သည်ကို မြင်တွေ့ခံစားရသော အခါမျိုး၌ မည်သည့်လူသားသည် ဒေါသပုန်မထဘဲ ရှိပါမည်နည်း။

ပြည်သူတို့ သောက်သုံးသည့်ရေထဲ အဆိပ်ထည့်၍သတ်သော လုပ်ရပ်မျိုး၊ ညညကားနှင့် ဖြတ်မောင်း သွား ကာ ပြည်သူများကို လက်နက်မျိုးစုံဖြင့် ပစ်ခတ်ထွက်ပြေးသော မာဖီယားလူဆိုးတို့ လုပ်ရပ်မျိုး၊ အစိုးရကိုယ် တိုင်က သူခိုးကျင့်သူခိုးကြံဖြင့် ဂိုဒေါင်တွေလည်းဖောက်ပြီး ၀ရုန်းသုန်းကားဖြစ်အောင် ဖန်တီးသော လုပ်ရပ် မျိုး၊ တစ်နိုင်ငံလုံးရှိ အကျဉ်းသားများကို လွှတ်ပေးသော လုပ်ရပ်မျိုး၊ လူဆိုးသူခိုးတွေကို လူစိတ်ပျောက်စေ သော စိတ်ကြွဆေးများ ထိုးပေးကာ ရဟန်းသံဃာနှင့် ကျောင်းသားတွေကို ခေါင်းဖြတ်သတ်စေသော လုပ် ရပ်မျိုးများကို ဤနှစ်ဆယ်ရာစု ခေတ်ကြီးအတွင်း၌ မည်သည့်အစိုးရမျိုးက လုပ်ရဲသည်ကို အင်နီတာ တွေ့ ဖူးကြုံဖူး ကြားဖူးပါသလဲ။

မြန်မာလူမျိုးတို့သည် ၂၆ နှစ်လုံးလုံး ကျောကော့အောင် ခါးစည်းသည်းခံ ခဲ့ကြသည်ကို အင်နီတာ အပါအ ၀င် နိုင်ငံခြားသားတိုင်းပင် သြချယူခဲ့ရသည် မဟုတ်ပါလော။ ဒါလောက်တောင် ဖိနှိပ်ချုပ်ချယ်တဲ့၊ဒါလောက် တောင် ယုတ်မာပက်စက်တဲ့၊ ဒါလောက်တောင် လူ့အခွင့်အရေးတွေကို နင်းခြေဖျက်ဆီးတဲ့ အစိုးရလက် အောက်မှာ မြန်မာလူမျိုးတွေ ဒါလောက်ကြာကြာ နေနိုင်ကြတာကို အံ့သြလို့တောင် မဆုံးနိုင်ဘူးလို့ အင်နီ တာ ကိုယ်တိုင် ထပ်တလဲလဲ ပြောခဲ့ဖူးသည် မဟုတ်ပါလား။

ချစ်စွာသော အင်နီတာ။ ကမ္ဘာမှာ ကျော်မကောင်း ကြားမကောင်းအောင် မိန်းမသားများပင် ခေါင်းဖြတ်ရ သည့် အဖြစ်မျိုးရောက်အောင် ကျွန်ုပ်တို့အား ဘယ်သူက တွန်းပို့ခဲ့ပါသနည်း။ ကလေးဆေးရုံမှ ကလေးသူ ငယ်များ သောက်သုံးရေထဲသို့ အဆိပ်လာခတ်သောသူကို ဒေါသတကြီးဖြင့် တုံ့ပြန်သောလူထုကို မှား သည် ဟု အင်နီတာ ဆိုပါမည်လော။ လူသတ်ခြင်းဟာ မကောင်းပါ အင်နီတာ။ ခေါင်းဖြတ်ခြင်း အမှုဆိုတာ က တော့ သာ၍ပင် မကောင်းပါ။ လူသားစားခေတ် လူရိုင်းများ၏ လုပ်ရပ်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ မြန်မာ လူမျိုးများ လူရိုင်းဘ၀သို့ ရောက်သွားအောင် ဇွတ်အတင်းတွန်းပို့သော တရားခံသည် မည်သူလဲဆို တာ အထူးတလည် ပြောကြားရန် လိုမည်မဟုတ်တော့ပါ။

သွားတစ်ချောင်းလျှင် တစ်ချောင်းချင်း၊ မျက်လုံးတစ်လုံးလျှင် တစ်လုံးချင်းဆိုသည်မှာ တောတွင်းတိရစ္ဆာန် တို့ ၏ ဥပဒေသ ဖြစ်ပါသည်။ မကောင်းပါ။

သို့သော် တစ်ခါတစ်ရံ တိရစ္ဆာန်တို့ နားလည်သော ဘာသာစကားမှာ ဤဘာသာစကား တစ်ခုတည်းသာ ဖြစ်သည်ဆိုပါလျှင် ....။

(မိုးသောက်ဂျာနယ် အမှတ် (၁) ၁၉၈၈ စက်တင်ဘာလ ၁၃ ရက်မှ)

Eleven Media Group

အစိုးရ အဆက်ဆက်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်ရခြင်းမှာ နည်းလမ်းမှားခြင်းကြောင့်ဖြစ်ကြောင်း ရှစ်လေးလုံးငွေရတု ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား



အစိုးရ အဆက်ဆက်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်ရခြင်းမှာ နည်းလမ်းမှားသောကြောင့် ဖြစ်ပြီး ပြဿနာကို ဖြေရှင်းနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲကို မရောက်ရောက်အောင် ပြင်ဆင်ထား ဟု သြဂုတ် ၇ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် ရှစ်လေးလုံးငွေရတု အခမ်းအနား ဒုတိယမြောက် နေ့တွင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားသည်။


ရှစ်လေးလုံးငွေရတု အခမ်းအနား၏ ဆွေးနွေးပွဲ "တိုင်းရင်းသား ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ် ပြည်ထောင်စု" ကဏ္ဍတွင် ရှေ့ဆက်လုပ်ဆောင်မည့် အဆိုပြု ချက်များ နှင့် ပတ်သက်သည့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေတ္တလာရောက်ပြီး အစိုး ရ အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးအောင် မင်းက "ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးကို ကျွန်တော်တို့ဒီမှာ ရပ်မထားပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲကို တက်ပါမယ်။ ကျွန်တော်တို့ အရင်အစိုးရ အဆက်ဆက်မှာ အပစ်အခတ် ရပ်စဲရေးကို လုပ်ခဲ့ပါတယ်။ ဒါပေ မယ့် အောင်မြင်လားဆိုတော့ ရာနှုန်းပြည့် မအောင်မြင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဟာက နည်းလမ်းမှား နေ လို့ပဲ ဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကို မရောက်ရောက်အောင် ဆောင်ရွက်ဖို့အတွက် ပြင်ဆင်ထားတယ်ဆိုတာလေးလည်း ဒီမှာတင်ပြပါတယ်" ဟု ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားသည်။

"နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တဲ့အခါ အားလုံးပါဝင်ခွင့် ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုး မြန်မာနိုင်ငံ မှာ အခုရှိပါတယ်။ သူတို့လည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့လည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက်အစိုးရ ပါလာမယ်။ လွှတ်တော်ပါလာမယ်။ နိုင်ငံရေးပါတီတွေ ပါလာ မယ် ။ လူမှုအဖွဲ့အစည်းတွေအားလုံး ပါဝင်တဲ့ တိုင်းရင်းသား အစည်းအဝေးကြီးတစ်ခု ကျင်းပပြီးတော့ အ ကောင်းဆုံး အဖြေတစ်ခုရအောင် ဖော်ထုတ်သွားမှာ ဖြစ်ကြောင်းလည်း တင်ပြအပ်ပါတယ်" ဟု ဦးအောင် မင်း က ဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူလူထုကို အရေးကြီးသည့် အခန်းကဏ္ဍမှာ ထည့်ထားကြောင်း၊ ပြည်သူ များတွင်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တာဝန်ရှိကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်း ၀န်း လုပ်ဆောင်ပေးရန် ဦးအောင်မင်းက ဆွေးနွေးပွဲတွင် ပြောကြားသည်။

"ကျွန်တော်တင်ပြချင်တာက ဗမာလူမျိုး ဆိုတာကလည်း တိုင်းရင်းသား တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘာမှ အခွင့်အရေး ပိုယူစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ဗမာမုန်းတီးရေးဆိုတာကို မဖြစ်ဘဲနဲ့ တိုင်းရင်းသား တစ် ယောက်အနေနဲ့ ခံယူမယ်ဆိုရင် ဒီပြဿနာတွေ အားလုံးက ပြီးသွားမယ်ဆိုတာလေး တင်ပြအပ်ပါတယ်" ဟု ဦးအောင်မင်းက ရှစ်လေးလုံးငွေရတု အခမ်းအနား ဆွေးနွေးပွဲတွင် ပြောကြားသည်။

"တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု" ခေါင်းစဉ်ကို ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာဖေမြင့်၊ ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့် ထွန်း၊ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ချင်း အမျိုးသားတပ်ဦး (CNF) အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျှံမုန်း၊ ကချင်ငြိမ်းချမ်းရေးကွန်ရက် စည်း ရုံးရေးမှူး ဒေါ်ခွန်ဂျာတို့က သြဂုတ် ၆ ရက်က စတင်ပြီး ဦးဆောင်ဆွေးနွေးခဲ့ကြကာ တိုင်းရင်းသား ခေါင်းဆောင်များ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့သည်။

Eleven Media Group