Wednesday, August 7, 2013

ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေရဲ့ ပစ္စုပ္ပန်၊ အနာဂတ်

အစိုးရပိုင်မဟုတ်တဲ့ ပုဂ္ဂလိကသတင်းစာ အခုလောလောဆယ် ၁၀ စောင်ဝန်းကျင် ထွက်နေတယ်လို့ ကျွန်တော်ခန့်မှန်းမိပါတယ်။ အကုန်လုံးကို မဖတ်နိုင်ပေမယ့် ၅ စောင်ဝန်းကျင်လောက်ကို အလှည့်နဲ့ ဖတ်ဖြစ်ပါတယ်။ ၃ စောင်လောက်ကလွဲရင် ကျန်တဲ့သတင်းစာတွေဟာ မူဝါဒ တိတိကျကျမရှိဘဲ ကြုံရာ ကျပန်း လုပ်နေကြတယ်လို့ မြင်မိပါတယ်။


သတင်းဖော်ပြပုံတွေ၊ သတင်းရေးသားပုံတွေက ကျင့်ဝတ်နဲ့ မညီ၊ သိက္ခာမရှိ၊ တာဝန်ယူမှုမရှိ လက်လွတ် စပယ် ရေးသားကြတာကို စိတ်မကောင်းစရာ မြင်တွေ့ရပါတယ်။ အချို့သတင်းစာတွေဆိုရင် အယ်ဒီတာ အဖွဲ့ အမည်စာရင်းကို ကြည့်လိုက်တော့ ပိုလို့တောင် အံ့သြရတယ်။ မနေ့တစ်နေ့ကမှ သတင်းစာလုပ်တာ မဟုတ်ဘဲ ၀ါရင့်သမ္ဘာရင့် သတင်းစာသမားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကိုယ့်မူနဲ့ကိုယ် ခိုင်ခိုင်မာမာ မရပ်တည်ဘဲ သတင်းစာထုတ်တဲ့ ပိုင်ရှင်အလိုကျ၊ အဖွဲ့အစည်းအလိုကျ ရေးသားဖော်ပြနေကြတယ်လို့ ခံစားမိပါတယ်။ ပရိသတ်ကို စိတ်ဝင်စားအောင် ဆွဲဆောင်တာဆိုပေမယ့် မျက်နှာဖုံးစာမျက်နှာမှာ သတင်းခေါင်းစီး ပေးပုံတွေက ကြောက်စရာကောင်းလှပါတယ်။ လူပုဂ္ဂိုလ်အလိုက်၊ အဖွဲ့အစည်းအလိုက် သဘောကျနှစ်ခြိုက်ခြင်းမရှိ၊ လိုလားနှစ်သက်ခြင်းမရှိတဲ့ အသုံးအနှုန်းတွေကို ဖောဖောသီသီ သုံးနှုန်းကြ တာ တွေ့ရပါတယ်။ ဒါဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။

သတင်းစာတွေဟာ စနစ်ကို ဝေဖန်ပြုပြင်မှာလား၊ လူပုဂ္ဂိုလ်တစ်ဦးချင်းတွေ၊ အဖွဲ့အစည်းတွေကို ငယ်ကျိုးငယ်နာဖော်၊ အပုပ်ချ၊ ဝေဖန်၊ ပုတ်ခတ်၊ တိုက်ခိုက်၊ ခြေထိုး၊ ဓားနဲ့ထိုး လုပ်မှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဂျာနယ်တွေ၊ သတင်းစာတွေ အားလုံးက ပြည်သူအတွက်၊ ပြည်သူအတွက်လို့ တွင်တွင်အော်နေကြပေမယ့် တကယ်တမ်းမှာတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် စာဖတ်သူ (ပြည်သူ) တွေကို ခုတုံးလုပ်နေတာကို အခုရက်ပိုင်း ပိုလို့တောင် မြင်လာရပါသေးတယ်။ ကြိုက်တဲ့ဂျာနယ်၊ သတင်းစာကို ဖတ်ကြည့်လိုက်၊ စာဖတ်သူတွေအတွက် လက်ငင်းအကျိုးရှိစေမယ့် အကြောင်းအရာ၊ လက်ရှိ နိုင်ငံရေးအပေါ် စာဖတ်သူတွေ တွေးဆဆင်ခြင်စေနိုင်မယ့် အကြောင်းအရာ၊ လက်တွေ့ ဘ၀တွေအတွက် တစ်ဖက်တစ်လမ်းက အကျိုးရှိစေမယ့် အကြောင်းအရာတွေထက် သမိုင်းကျမ်းစာအုပ် တွေအလား၊ လိပ်ဥတူးစာစောင်တွေအလား၊ လှုံ့ဆော်ရေးစာစောင်တွေအလား သူ့ထက်ငါ အပြိုင်အဆိုင် ဆော်ကြ၊ နှက်ကြ၊ ဖဲ့ကြ၊ ရွဲ့ကြ၊ လှုံ့ဆော်ကြ၊ အခါတော်ပေးကြ လုပ်နေကြတာဟာ အနာဂတ်အတွက် စိတ်မကောင်း စရာပါ။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ ပြန်မေးကြရတော့မယ့် အခြေအနေပါ။ မီဒီယာတွေ ကိုယ့်ဘာသာ ကိုယ် မေးကြရမယ့် အခြေအနေ ရောက်နေပြီလို့ မြင်မိပါတယ်။

မီဒီယာတွေ (သူတို့ကိုယ်သူတို့ စတုတ္ထမဏ္ဍိုင်လို့ ပြောနေတဲ့လူတွေ) ဟာ အလယ်ကမနေဘဲ၊ အမှန်တရား ဘက် မလိုက်ဘဲ သူတို့တိမ်းညွတ်တဲ့ ဘက်တွေကို သိသိသာသာတစ်မျိုး၊ ပြောင်တစ်မျိုး တစ်ဘက် စောင်းနင်း ရေးနေကြတာတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အားနည်းချက်တွေကို လူတိုင်းသိပြီးသားမို့ အထူးအထွေ မပြောလိုဘူး၊ ဥပဒေပြုရေးကလည်း အခုမှ မြေစမ်းခရမ်းပျိုး၊ ဒါ့အပြင် အာဏာအားပြိုင်မှုတွေကြားမှာ ဦးတည်ချက် ပျောက်နေတယ်၊ တရားစီရင်ရေးမဏ္ဍိုင်က ခေါက်ရိုးကျိုးနေဆဲ၊ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် အခုအချိန်အထိ ရပ်တည်ရဲသေးပုံမရ။ ဒီလိုအချိန်မျိုးမှာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာတွေကလည်း ကိုယ့်ဘာသာကိုယ် ကိုယ့်သိက္ခာနဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘေးကနေ ဖေးမထိန်းကျောင်း၊ ဝေဖန်အကြံပြုတာတွေ လုပ်ရမယ့်အစား သူတို့သည်လည်း အာဏာပိုင် အဖွဲ့အစည်းတစ်ရပ် ဖြစ်တယ်ဆိုတဲ့ အနေအထားမျိုးရောက်လာအောင် သြဇာအာဏာ ထူထောင်လာကြတာတွေ တွေ့လာရတယ်။ လုပ်ကိုင်ဆောင်ရွက်နေတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေကို အကျိုးရှိအောင် အသုံးချပြီး အားလုံးကို အလုပ်အကျွေးပြုရမယ့်အစား ကျန်တဲ့လူတွေအပေါ် အသာစီးရထားတဲ့ လက်နက်တွေပမာ အသုံးပြုနေကြတာကို စိတ်မကောင်းစွာ တွေ့နေမြင်နေရတယ်။ အဲဒီလိုလူတွေကို ကျွန်တော်တို့က ဘယ်လို စိတ်တွေနဲ့ လေးစားရမလဲ၊ အားကိုးရမလဲ၊ ယုံကြည်ရမလဲဗျာ။ သမိုင်းက မှတ်တမ်းတင်သွား ပါလိမ့်မယ်။

အဲဒီလို မှတ်တမ်းတင်ထားသူတွေထဲမှာ ကျွန်တော်ကိုဉာဏ်လည်း တစ်ဦးအပါအ၀င်ပေါ့ဗျာ။ နောက်ထပ် ၂၀၁၆-၂၀၁၇ ခုနှစ်ဝန်းကျင်မှာ အခုဒေါင်းနဲ့မောင်းနဲ့ ရေးနေတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေ ဘယ် သောက်ချိုး ပြောင်းသွားမယ်ဆိုတာ ဒီကကောင်က အခုကတည်းက ကြိုပြီးတော့ မြင်နေတာခက်တယ်။ မျက်နှာကို အမဲဆီသုတ်၊ ချောဆီသုတ်၊ ဖယောင်းသုတ်၊ စက်ဆီသုတ်ပြီး မျက်နှာပြောင်တိုက်ကြဦးမှာ မြင်ယောင်နေသေးတယ်။ ကျွန်တော်က နိုင်ငံရေးပုရောဟိတ် မဟုတ်သလို၊ နိုင်ငံရေးရှေ့ဖြစ် ဟောသူ လည်း မဟုတ်တဲ့အတွက် ကျွန်တော့်ခန့်မှန်းချက်တွေ မှန်နိုင်တဲ့အလားအလာဟာ ဘယ်လောက်ရာခိုင်နှုန်း ရှိတယ်ဆိုတာကို တပ်အပ်သေချာ မပြောနိုင်ပါဘူး။ ဒါပေမယ့် အခုဒီဘက် ၄-၅ နှစ်အတွင်းမှာကို ရဲရဲတောက် စာနယ်ဇင်းတွေ၊ စတုတ္ထမဏ္ဍိုင်တွေလို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သိဒ္ဓိတင်နေခဲ့သူတွေဟာ ဘယ်သူနဲ့တွေ့ရင် ဘယ်မူပြောင်း၊ ဘယ်လူနဲ့တွေ့ရင် ဘယ်မူစောင်းခဲ့တယ်ဆိုတာကို သိနေလေတော့ အတော်ခက်တယ်ဗျာ။ အကျိုးစီးပွား ဆိုတဲ့စကားလုံး ၄ လုံးကို ကျန်တာတွေအားလုံးနဲ့ လဲလှယ်ကာကွယ် ခဲ့တာတွေဟာ ဆယ်စုနှစ်တောင် မကြာသေးပါဘူး။

ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကို ယထာဘူတကျကျ ဉာဏ်ရှေ့ပန်းပြီး တွေးမိသူတိုင်း သက်ပြင်းတွေ ချမိကြပါလိမ့်မယ်။ နောက် ၁၀ နှစ် မပြောနဲ့၊ နောက်လထဲမှာ မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုရှိမယ် ဆိုတာကိုတောင် ကံသေကံမ ပြောလို့မရတဲ့ အခြေအနေ၊ သိပ်ပြီးတော့ ထိလွယ်ရှလွယ် အခြေအနေ၊ အခက်အခဲတွေ ရောပြွမ်းနေတဲ့ လက်ရှိအနေအထား၊ တက်ညီလက်ညီမဖြစ်ဘဲ ငါ့လှေငါထိုးတွေ များနေတာတွေဟာ နိုင်ငံ့အနာဂတ်အတွက် ကောင်းတဲ့အလားအလာတွေ မဟုတ်ပါဘူး။

တကယ်ဆိုရင် ဒီလိုအခြေအနေတွေကို သတင်းစာတွေ၊ ဂျာနယ်တွေက ဝေဖန်ထောက်ပြ၊ အကြံပြု၊ ပြုပြင်ထိန်းကျောင်း လုပ်ကြရမှာပါ။ နိုင်ငံသားတွေအားလုံး နိုင်ငံရေးအသိရေချိန် မြင့်တက်လာအောင်၊ တိုင်းပြည်တည်ဆောက်ရေးမှာ တက်ညီလက်ညီ ပါဝင်လာအောင်၊ တစ်နိုင်ငံလုံး ညီညွတ်ကြရအောင် ဆော်သြနှိုးဆော်၊ ထောက်ပြဝေဖန် လုပ်ကြရမှာပါ။ အခုတော့ သတင်းစာချင်း၊ ဂျာနယ်ချင်း အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေဖြစ်၊ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးရဲ့ ထီးရိပ်ကိုခိုပြီး ကျင့်ဝတ်နဲ့ မညီတဲ့ ဘက်လိုက်မှုတွေရေး၊ နိုင်ငံတည်ဆောက်ရေးအတွက် တိုက်တွန်းရမယ့်အစား တော်လှန်ရေး တေးသံတွေနဲ့ပဲ အမြဲတမ်းတပ်လှန့် ဖြစ်နေလုပ်နေကြတာဟာ မတွေးဝံ့လောက်အောင် အန္တရာယ်များလှ ပါတယ်။

ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ၊ အပတ်စဉ်ဂျာနယ်တွေရဲ့ အနာဂတ်လားရာ ဘာလဲ၊ ဘယ်လဲ ဆိုတာ ကတော့....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၀၀ နာရီ ၃၁ မိနစ်တွင်ပြီး၏။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ အပိုင်း ( ၁ ) ၊ ( ၂ ) ၊ ( ၃ )

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ အပိုင်း (၁)


လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက မိမိ၏ ဘေးတွင် ကပ်ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ညွှန်ပြကာ အတူ လက်တွဲ အလုပ်လုပ်နေကြပြီဟု ဆိုလျှက် အမျိုးသား စည်းလုံးမှု ရနေသယောင် ဟစ်ကြွေး ခဲ့သည့် ဤသို့သော အချိန်တွင် ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ ဟု တပ်လှန့် နိုးလိုက်သံ ကြားလိုက်ရသော အခါ စာဖတ်သူ အံ့သြကောင်း အံ့သြပါမည်။


အကြောင်းမည်သို့ ဆိုသည်ကို ရှင်းပါအံ့။ ရှေ့ ခြေနှစ်လှမ်း တိုးရန် နောက်ခြေ တလှမ်းပြန်ဆုတ်(Onestep backward, two steps forward) ဟူသော ဆိုရိုးစကား ရှိသည်။ လူသည် ဘ၀ခြေလှမ်းများ လှမ်းရာ၌ တခါတရံတွင် မလှမ်းသင့် သောနေရာကို လှမ်းမိ သဖြင့် ကျွံသွား တတ်သည်။

ဤသည်ကို မှန်ကန်စွာ သိမြင်လာပါက လမ်း ကြောင်း မှန်ကို ပြန်လည် လျှောက်လှမ်းရန် မိမိခြေ တလှမ်းကို အမြန်ဆုံး ပြန်ဆုတ်ရပါမည်။၂၀၀၈ ဖွဲ့ စည်း ပုံအခြေခံ ဥပဒေအောက်တွင် ခေါင်းလျှိုးကာ စစ်အစိုးရ တည်ဆောက် ထားခဲ့သည့် လွှတ်တော် အတွင်း ၀င်ရောက် သွားခဲ့ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရ သာမက ဥပဒေအရပါ ခြေ လှမ်းကြီး တလှမ်းကျွံသွား ခဲ့ခြင်း ဖြစ်သည်။

အမြန်ဆုံးပြန်ဆုတ်ရန်လိုပါမည်။ သို့ မဟုတ်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ပင်လယ်ထဲတွင် မျောနေသည့် ဆင်သေကောင်ကြီးအပေါ်တွင် စီးနင်းလိုက်ပါ သွားရင်း ဆင်သေကောင်နှင့်အ တူ ရေထဲ မြုပ်သွား မည့် ငှက်ငယ် ကလေး၏ ဘ၀နှင့်အလားတူ သွားမှာ စိုးရိမ်မိပါသည်။ အဘယ်ကြောင့် ဆိုသော် စစ် အာဏာရှင်စနစ်ကို စနစ်တ ကျအသက် သွင်းထားသော ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေသည် ဆင်သေကောင်ပုပ်ကြီး ဖြစ်နေသော ကြောင့် ပင်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အတွင်း ၀င်ရောက် သွားခဲ့သည့် တနှစ်ကျော်ကာလ ဖြတ် သန်းမှု ကို ပြန်လည် သုံး သပ် ဘို့ လိုပါမည်။ သူမ ကြားဖြတ်ရွေးကောက်ပွဲ ၀င်စဉ်က ကြွေးကြော်ခဲ့သည့် ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေး၊ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်း စံထားချက်များဖြင့် သုံးသပ်ရန် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည် ဥပဒေ စိုးမိုးရေး ဟူသော စကားလုံးကို ကြိမ်ဖန်များ စွာ ပြော နေသော်လည်း ဤသည်မှာ မည်သို့ သော အဓိပ္ပါယ်ရှိကြောင်းကို လူထုအား တိတိကျကျ ရှင်းလင်းမှု မပြုခဲ့ပါ။ စစ်အစိုးရ အဆက်ဆက် က ပြဌာန်းထားသော မတရား ဥပဒေများကို ဆက်လက် လိုက်နာရေးနှင့် လက်ရှိ လွှတ်တော်က ပြဌာန်း နေသည့် မတရား ဥပဒေများအောက်တွင် လူထုတရပ်လုံး ငြိမ်ဝပ်စွာ နေထိုင်ရေးအား ဥပဒေ စိုးမိုးရေး ဟူသကဲ့ သို့  ဖန်တည်းခံ နေရသည်။ ဤသည်ကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်က လက်ခံလိုက်နာ ပံ့ပိုး ပေးသကဲ့သို့ ဖြစ်နေသည်။

ဥပဒေစိုးမိုးရေး နှင့် စပ်လျှဉ်း၍ နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီရုံ သာမက ပြည်တွင်း လိုအပ်ချက် ကိုပါ ဖြည့် ဆည်းနိုင် မည့် ဖွင့်ဆိုချက် တခုခုအား တိတိကျကျ ကိုင်စွဲမထားသောကြောင့် ဖြစ်သည်။ ဥပဒေ အထောက်အကူပြု ကွန်ရက် အနေဖြင့် ဥပဒေ စိုးမိုးရေး ဟူသော စကားရပ်ကို အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်း ဖွင့်ဆို သည်။ ပြစ်မှု ကျူးလွန်သူ ဟူသမျှကို ထိရောက်စွာ ဖေါ်ထုတ်ပြီး အပြစ်ပေးရေး၊ ပြစ်မှုကျူးလွန် ခံရသူများ အနေဖြင့် လွတ်လပ်၊ ဘက်မလိုက်သော တရားရုံးများ၌ အရေးယူ တိုင်တန်း တရားစွဲခွင့် ရရှိရေးနှင့် ၄င်းတို့၏ ဘ၀နစ်နာ ဆုံးရှုံးခဲ့မှု အတွက် ပြန်လည် ကုစားပေးနိုင်ရေး၊ ပြစ်မှုကျူးလွန် ခံရသူရော စွပ်စွဲခံရသူများ အတွက်ပါ မျှတသော တရားခွင် အခြေအနေ (Fair Trial) ရရှိရေး အခြေခံ များအပေါ်တွင် တရားမျှတသော ဥပဒေများရှေ့မှောက်၌ လူတိုင်း တန်းတူရေး နှင့်တန်းတူ အကာအကွယ် ရရှိရေးဖြစ်သည်။ ဥပဒေစိုးမိုးရေး ၏ အနှစ်သာရကို သေချာစွာ ဆုပ်ကိုင်မိပါမှ လူထုအတွက် ဥပဒေ စိုးမိုးရေး ခံစားရရှိနိုင်ပါမည်။

ဥပဒေ စိုးမိုးရေး၏ အနှစ်သာရကို ဆုပ်ကိုင်ရန် နှင့် လက်တွေ့ ဖေါ်ဆောင် ရန်မကြိုးစားဘဲ ဥပဒေ စိုးမိုးရေး ဟူသော စကားရပ် အား အကြိမ်ပေါင်း ကုဋေမျှပင် ရွတ်ဆိုစေဦး။ ဟောရင်းသာ ပြန်လွန်တော် မူသွားပါမည်။ လူထုသည် ဥပဒေ စိုးမိုးရေးကို ခံစားနိုင်ဘွယ် မရှိပါ။ အထက်ပါ ဥပဒေ စိုးမိုးရေး စံထားချက်နှင့် တိုင်းတာမည် ဆိုပါက လက်ရှိမြန်မာနိုင်ငံ အတွင်းရှိ အခြေခံ လူထုသည် ဥပဒေ စိုးမိုးရေး ဆုံးရှုံးခြင်း၏ ဟိုမှာ ဘက်ကမ်း သို့ လွန်နေကြောင်း တွေ့ ရပါမည်။

ဥပဒေ စိုးမိုးရေး ဟူသော စကားရပ် ကဲ့သို့ ပင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည်သင့် မြတ် ရေးဟူ သည်ကို အကြိမ်ပေါင်း တထောင်မက ပြောခဲ့ပြီးသော်လည်း ဤသည်မှာ မည်သည့် အရာဖြစ်ကြောင်း ဘယ်တုံးက မျှ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ဖွင့်ဆိုမပြခဲ့ပါ။

ဒေါ်အောင် ဆန်းစုကြည်အား ပုဂ္ဂိုလ်အရ ချစ်ခင်မြတ်နိုးကြသော လူထု အများစုကြီးမှာလည်း မည်သည် မှန်းမသိ သော အရာ နောက်သို့တောက်လျှောက် လိုက်နေခဲ့ကြသည်။ သို့ဖြစ်၍ လက်တွေ့တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဟူသည်မှာ စစ်အစိုးရ အဆက်ဆက်က ကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများအား ရေငုံနုတ်ပိတ်ရေး နှင့် လက်ရှိကျူးလွန်နေမှုများ အပေါ် တွင်လည်း အမှန်တရားကို ဖုံးကွယ် ထားရေး ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌနေရာတွင် ယူထားပါလျှက် ဥပဒေ စိုးမိုးရေး ကို သူမ ကိုယ်တိုင် ဦးဆောင် ဥပက္ခာပြုလျှက် ရှိသည်။ စစ်အစိုးရ အဆက်ဆက်က ကျူးလွန်ခဲ့သော နိုင်ငံတကာ အဆင့် ရှိ ပြစ်မှုကြီးများအား ဖေါ်ထုတ် အရေးယူရန် ကြိုးစားဘို့ ဝေးရုံသာမက မျက်မှောက်မှာ ပင် ရခိုင်ပဋိပက္ခတွင်လည်းကောင်း၊ မိတ္ထီလာ အဓိကရုဏ်းတွင် လည်းကောင်း၊ အစိုးရအာဏာပိုင် များကိုယ်တိုင် ပါဝင်ကျူးလွန်သည့် အထောက် အထား များတွေ့ရ၊နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့ အစည်းများကလည်း ထောက်ပြကြ ပါလျှက်မမြင်ယောင် မကြား ယောင်ပြုခဲ့သည်။ ကချင်ပြည်နယ် စစ်ပွဲများအတွင်း နိုင်ငံတကာ စစ်ရာဇ၀တ်မှုကြီးများ ကျူးလွန် ခံခဲ့ရသည့် ထောင်သောင်း ချီသော ကချင် လူထုများသည် ယနေ့ တိုင် ဒုက္ခသည် စခန်းများ အတွင်း ရှိနေကြဆဲဖြစ်သော် လည်း ဥပဒေ စိုးမိုးရေး အခြေခံမှ မည်သည့် အရေးယူ ဆောင်ရွက်မှုမျှ မပြု။

လက်ပံတောင်းတောင်တွင် သံဃာတော်များမှာ မီးလောင်ကျွမ်းခဲ့သည့် ဒဏ်ရာများရခဲ့သည်ကို မည်သူမျှမငြင်းနိုင်။ ဆင်ကြီး တကောင်လုံး တွေ့ ရပါလျှက် ဆင်ခြေရာရှာသည့် အလုပ်ကိုသူမ လုပ်ခဲ့သည်။ မီးခိုးဗုံးပါဟု ပြောင် ငြင်းခဲ့သည်။ မည်သည့် လက်နက် မျှ ကိုင်စွဲခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေသောသံဃာတော်များ ညဘက် ကြိမ်းစက် နေသည့် အချိန်တွင် အကြမ်းဘက် ၀င်ရောက် စီးနင်းကာ မီးလောင်ဗုံးနှင့် ဖြိုခွဲခဲ့ခြင်းမှာ ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ် သည်။

အကျိုးဆက် အနေဖြင့် သံဃာတော်များမှာ မျက်စိပျက် သူပျက်၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူချို့ ယွင်း၊ တကိုယ်လုံးမြင် မကောင်းအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်သူဖြစ်နှင့် ဘ၀နစ်နာ ပျက်စီးကြရသည်။ ဥပဒေ စိုးမိုးရေးကို တကယ်တန်း ဖေါ် ဆောင်လိုပါက ဤပြစ်မှုကြီးအပေါ် အဆင့်နှစ်ဆင့်ဖြင့် အရေးယူ ဆောင်ရွက် ရပါ မည်။ ပထမ အဆင့်မှာ မည်သူပင် ကျူးလွန်သည်ဖြစ်စေ ဤ ပြစ်မှု ကိုဖေါ်ထုတ် အရေးယူ ရမည်ဖြစ်သည်။ ဒုတိယ အဆင့်မှာ ဆိုးဝါးစွာဘ၀နစ်နာ ပျက်စီး သွားခဲ့ရသော သံဃာတော်များအား တဘ၀လုံးစာ အတွက် ထိုက်ထိုက်တန်တန် လျော်ကြေးငွေ အမြောက် အများလည်း ပေးအပ်ရပါမည်။ ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်သည် ဘ၀နစ်နာ ပျက်စီး ဆုံးရှုံးသွား ခဲ့ရသော သံဃာတော်များ အတွက် ဘာတခုမျှ ထိထိရောက်ရောက် ဆောင်ကျဉ်းမပေးခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော်များအားရှိခိုးနေသည့်ပုံများကို မကြာခဏ တွေ့ ရသည်။ ကြည်ညို ဘွယ် ကောင်းပါသည်။ သို့ရာတွင် အသွင်သဏ္ဍာန်အရ သံဃာကို ရှိခိုးနေသော်လည်း အနှစ်သာရအားဖြင့်မူ အာဏာကို သာ ရှိခိုးနေသည်ဟု ရှုမြင်မိသည်။ သူမ ဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌဖြစ်နေသည့် အချိန်တွင်ဤပြစ်မှုကြီး အပေါ် အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံ လက်ပံတောင်းတောင် လူထု၏ တောင်းဆိုမှုကို လည်း ခပ်တင်းတင်းပင်လျှစ် လျှူရှုထားဆဲဖြစ်သည်။ “ငါတို့ မှာမြေလည်းဆုံး ၊အောင်ဆန်း စုကြည်လဲဆုံးပါပေါ့ လား” ဟု အော်မြီရင်း ရင်အုံကို တဘုံး ဘုံး ထုကာ ငိုကြွေးခဲ့သော လက်ပံတောင်း ဒေသခံ အဖွားအို တဦး၏ ရင်နင့်ဘွယ် ရင်ဖွင့်သံကို ဒေါ်အောင် ဆန်းစုကြည် မကြားယောင် ပြုခဲ့ပြီ။

ပြစ်မှုကျူးလွန်သူကို အရေးယူရန် မကြိုးစား ခဲ့ရုံသာမက ပြစ်မှုကျူးလွန်သူ ဘက်မှ မည်သူကမျှ သူမအား မငှား ပါဘဲ လျှက် နှင့်ရှေ့နေပင် လိုက်ပေးခဲ့သည်။ “သံသယ အကျိုးကို ခံစားခွင့်ပေးရမယ်။” ဟူသော စကားရပ်ကို ထပ်ခါ ထပ် ခါသုံးစွဲခဲ့ခြင်း ဖြစ်သည်။ ယင်းစကားရပ်အား မည်သည့် အချိန်၊ မည်သည့်နေရာတွင် အဓိက သုံးစွဲရသည်ကိုသူမ လေ့လာခဲ့ဘူးပုံ မရ။ “တရားရုံး က ပြစ်မှုထင်ရှား မစီရင်မခြင်း စွပ်စွဲခံရသူအပေါ် အပြစ်ကင်းသူ အဖြစ် မှတ်ယူရမည်။”[1] ဟူသည့်မူ နှင့် နားလည်မှုလွဲကာ သုံးစွဲနေလေသလားဟူ၍လည်း စဉ်းစားမိသည်။ပြစ်မှု ဆိုင်ရာမှုခင်းတခုခုကို လက်ခံပြီးနောက် အဆင့်ဆင့် စစ်ဆေးစီရင်နေစဉ် အတွင်းတွင် “သံသယ အကျိုး ခံစားခွင့်” [2] ဟူ သည်ကို တရားရုံးက စွပ်စွဲခံရ သူအ ပေါ် အဓိကအားဖြင့် လက်ခံစဉ်းစားခြင်းဖြစ်သည်။

သံဃာတော်များ အား မီးလောင်ဗုံး နှင့်ပစ်ကာ ရာဇ၀တ်မှုကြီး တရပ် ကြီးကြီးမားမား ကျူးလွန်ခဲ့သည့် အာဏာပိုင်များအား ဖမ်းဆီး အရေးယူ ရုံးတင် စစ်ဆေးနေသည့် အချိန် တွင်ဖြစ်ပါက “သံသယ အကျိုး ခံစားခွင့်” ကို ၄င်းတို့ အပေါ် စဉ်းစားနိုင်သည်။ ယခုမူ သံဃာတော်များ အပေါ်ကျူးလွန် ခဲ့သည့် ပြစ်မှုကြီးနှင့် စပ်လျှဉ်း၍ မည်သည့်ရဲ သို့ မဟုတ် အာ ဏာပိုင်ကိုမျှ ဖမ်းဆီးအရေး ယူခြင်းမပြု၊ ရုံးတင် တရားစွဲဆိုသည့် အဆင့်လည်း မရောက်၊သူမကိုယ်တိုင်သည် တရား သူကြီး သော်လည်းကောင်း တရားရုံးသော် လည်းကောင်းလဲ မဟုတ်ပါ ဘဲလျှက် ပြစ်မှုကျူးလွန်သူ အာဏာပိုင်များ ဘက်မှ ကာကွယ်ကာ “သံသယ အကျိုး ခံစားခွင့်” ဟူသောစကားရပ်အား တတွတ်တွတ် ရွတ်ဆိုခဲ့သည်။ အဘယ် ကြောင့်နည်း။

ပြစ်မှုကျူးလွန်သူအာဏာပိုင်များကို အရေးယူခြင်း လုံးဝ မရှိသဖြင့် ဥပဒေ စိုးမိုးရေးပျက်ခြင်းမှာ တပြည်လုံးအနှံ့ ဖြစ်ပွား လျှက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဦးရွှေမန်းတို့ အဖွဲ့ သားများနှင့် တွဲကာရွှင်လန်း မြူးတူးစွာနှင့် လွှတ် တော် အတွင်းတွင် ကွေးနေအောင် ကနေသည့် အချိန်တွင် ဥပဒေ စိုးမိုးရေး ပျက်သည့်အောက်၌ တိုင်းရင်းသား အခြေခံ လူထု အမြောက် အများမှာ ဒူးနှင့်မျက်ရည် သုတ်နေကြရသည်။ စစ်အာဏာရှင် စနစ် အခြေခံ ဥပဒေအမွေဆိုးကို ချန် ထားခဲ့မည်လား။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ အပိုင်း (၂)

Monday, 05 August 2013
Written by ဦးအောင်ထူး(ရှေ့နေ)
ရွှေဟင်္သာသတင်းဌာန

ဒေါ်အောင်ဆန်းစုကြည်သည် အသက် ခုနှစ်ဆယ်ပိုင်း အတွင်း ၀င်ရောက် အရွယ်ထောက်လာခဲ့ပြီ ဖြစ်သည်။ ဇရာ၏ သဘောအရ ကွေးသောလက် မဆန့် ခင်၊ ဆန့် သော လက်မကွေးခင် ဖြစ်သည်။ မိမိ အသက် ထင်ရှားရှိ နေစဉ် အတွင်း နိုင်ငံရေး ရပ်တည်ချက်ကို ပြန်လည် သုံးသပ်သင့်ပါပြီ။ စစ်အာဏာရှင် စနစ်၏ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ သံကွန်ချာ အတွင်းသို့  ပြည်သူလူထုကို ခေါ်သွင်းသွားပြီး ရုန်းထွက်ရ လွန်စွာခက်ခဲသည့် အနေအထားမျိုးဖြင့် မထား ခဲ့သင့်ပါ။

ဒေါ်အောင်ဆန်းစုကြည်မှာ ဘယ်သူ ဘာပြောပြော ကိုယ်မှန်သည်ထင်ရာ လုပ်တတ်သည့် ခေါင်းဆောင် တဦး ဖြစ်သည်ကို သတိပြုမိသည်။

မှန်သည့် လမ်းကို လျှောက်မိသည့် အချိန်၌ ဤဥာဉ်မျိုးမှာ ကောင်းကျိုးပြု တတ်သော်လည်း မှားသည့် လမ်းကို လျှောက်မိသွားလျှင် ဆိုးကျိုးကိုသာ ပေးစွမ်းနိုင်ပါမည်။

လမ်းကြောင်းမှားကို လျှောက်လှမ်း နေသော ဒေါ်အောင်ဆန်းစုကြည် စစ်အာဏာရှင် စနစ်ကို အသက်သွင်း ထား သည့် ၂၀၀၈ ဖွဲ့ စည်းပုံ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေခြင်း မှာ မှားနေပြီဟု စာရေးသူ အနေဖြင့် အတိအကျ သုံးသပ်သည်။ အောက်ပါ အကြောင်း အချက်များကြောင့် ဖြစ်သည်။

(၁) ၂၀၀၈ ဖွဲ့ စည်းပုံကို လက်ခံပြီး ရွေးကောက်ပွဲဝင်၊ ၄င်းအရ တည်ဆောက်ထားသော တိုင်းပြည် အဆောက် အအုံများတွင် ပါဝင် ထမ်းဆောင်သည့် နည်းမျှဖြင့်၂၀၀၈ ဖွဲ့ စည်းပုံ၏ အခြေခံ ကျသော ကျောရိုးများကို ပြင်နိုင်မည် မဟုတ်။

(အခြေခံ ကျသော ကျာရိုးများဆိုသည်မှာ သာဓက အားဖြင့် ပြည်ထောင်စု ဖွဲ့ စည်းရာတွင် တိုင်းရင်း သားများ လိုလားသည့် အတိုင်း တိုင်းများ၊ တိုင်းဒေသကြီးများကို ဖြုတ်၍ ပြည်ထောင်စုအား အမျိုးသား ပြည်နယ် များ ဖြင့်သာ ဖွဲ့ စည်းစေခြင်း၊ အတုအယောင် သမ္မတ စနစ်ကို ကျင့်သုံး ခြင်း မှနေ ၍ ၀န်ကြီးချုပ် ဦးဆောင်သည့် ပါလီမန် စနစ်သို့ ပြောင်းလဲကျင့်သုံး ခြင်း၊ အမျိုးသား ကာကွယ်ရေး ကောင်စီ တည်ရှိမှုနှင့် စစ်ဘက် ဆိုင်ရာ တရားရုံး သီးခြား တည်ရှိမှုတို့ ကိုဖြုတ်ခြင်း၊ပြည်ထောင်စု တရား လွှတ်တော် တရားသူကြီးချုပ်များ နှင့်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး တရားသူကြီးများအား လွတ်လပ်သည့် တရားရေး ကော်မရှင်သို့ မဟုတ် တရား စီရင်ရေး ပိုင်းဆိုင်ရာ တာဝန် ထမ်းဆောင်မှု ကော်မရှင်က ခန့်  အပ်သည့် စနစ်ကို ကျင့်သုံးခြင်းဖြင့် တရားစီရင် ရေး လွတ်လပ်မှုကို တည်ဆောက်ခြင်း၊ န၀တ နှင့် နအဖ စစ်အစိုး၇များ က ကိုယ့်ကိုယ်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးထားသည့် ပုဒ်မ ၄၄၅ ကိုဖြုတ်ခြင်း၊ ဥပဒေပြု လွှတ်တော်များ၌ စစ်ဗိုလ် တမတ်သား ပါဝင်မှုကို ဖြုတ်ခြင်း) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အတွင်း ရောက်သွားသည်မှာ တနှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း အခြေခံကျ သော ကျောရိုး တခုတလေကိုမျှ ပြင်နိုင်မည့် အ လားအလာ မတွေ့ရ။ အဆိုပါ အခြေခံ ကျသော ကျောရိုးများအား ပြင် သွားမည်ဟူ၍ပင် သူမထံမှ တိတိကျကျ စကားထွက်သံ မကြားရ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ သာမကနောင်လာမည့် မည်သည့် ရွေးကောက်ပွဲတွင် မျှ၎င်း အခြေခံ ကျောရိုးများကို ပြင်ဆင်ပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်နိုင်မည် မဟုတ်။

(၂) ဆန္ဒရှိလျှင် ၂၀၀၈ ဖွဲ့ စည်းပုံကိုတလအတွင်းပြင်နိုင်သည် ဟု ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်နေခြင်း မှာ သင်္ကြန် အမြှောက်သာဖြစ်သည်။သူမ အိမ်အချုပ်မှ လွတ်မြောက် ခါစတွင် ပင်လုံကဲ့သို့ အလားတူသော ညီလာခံ ကြီး တခုကျင်းပ သွား မည် ဟူ၍ တိုင်းသိပြည်သိ ကြေငြာခဲ့ ဘူးသည်။ စာရေးသူနှင့် သိကျွမ်းရင်းနှီးခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအင်န်ပီပီ) ၏ ဥက္ကဌကြီး ဖြစ်ခဲ့သော ဦးထဲဘူးဖဲ က ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင် ခေါ်ယူမည့် ပင်လုံကဲ့သို့ သော ညီလာခံကြီးကို တက်လို ကြောင်း လူသိရှင်ကြား ရေဒီယိုမှ ပြောကြားခဲ့သည်။

ယခု ဥက္ကဌ ကြီး မှာ ကွယ်လွန် သွားရှာပါပြီ။ ဒေါ်အောင်ဆန်း စုကြည်၏ ပင်လုံ ညီလာခံမှာ လေထဲတွင် ပျောက်ကွယ် နေသည်မှာ ကြာပါပြီ။ ဥက္ကဌကြီးသည် မည်သည့် အခါတွင်မျှ တက်ခွင့် ရလိမ့်မည်မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးကောက်ပွဲ ၀င်ခွင့် မရစေရန် ကန့်သတ် ထားချက်မှာ ဖွဲ့ စည်းပုံ၏ အခြေခံ ကျောရိုး မဟုတ် သည်မှာ ရာနုန်း ပြည့်သေချာသည်။ မည်သည့် အခြေခံ ကျောရိုးကိုမျှ ပြင်မပေးဘဲ ဥပဒေမျက်လှည့်ပြ သည့်အနေဖြင့် အဆိုပါ ကန့်သတ် ထားချက်အား ပြင်ဆင်ပေးခြင်းမျိုး လုပ်ကောင်း လုပ်လာနိုင်သည်။ ဤသည်မှာ လူထု တရပ်လုံးအတွက် ဆင်ထားသည့် စစ်အာဏာရှင် စနစ်၏ ထောင်ခြောက်ပင် ဖြစ်သည်။

ယင်းမှလွဲ၍ ၂၀၀၈ ဖွဲ့ စည်းပုံ၏ အခြေခံကျောရိုးများ အနက် တခု တလေမျှကိုပင် တလ အတွင်း ပြင်ဆင်ရန် မည်သို့မျှ မဖြစ်နိုင်။ ဒေါ်အောင်ဆန်းစုကြည် သည်တာဝန်မဲ့ စကားများကိုအ ဘယ်ကြောင့် ပြောဆိုနေသနည်း။ မိမိကိုယ် ကိုမိမိ စိတ်ကူးယဉ် အိပ်မက် အတွင်း အတင်း သွင်းနေသော အဖြစ်မှ နိုးထသင့်ပါပြီ။

(၃) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အတွင်း ၀င်သွား ခဲ့သည်မှာ တနှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း မည်သည့် မတရား သည့် ဥပဒေ တခုတလေကို မျှဖျက်သိမ်းနိုင်ခဲ့ခြင်း မရှိသေး။ ပြောင်းပြန်ပင် မတရား သည့် ဥပဒေ အသစ်များ ဆက် လက်ပြဌာန်းနေ သည်ကို ကန့်ကွက်ဖေါ်ပင် မရဘဲ ထိုင်ပြီး လက်ခုပ် တီးပေးနေသည့် အဆင့် ဖြစ်နေသည်။၂၀၁၃ ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ တွင်ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ပြည်သူ့ လွှတ်တော်က ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို အတည်ပြု ခဲ့သည်။ ယင်း၏ အခန်း (၃) ပုဒ်မ (၇) အရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းကို တား မြစ်သည့် စည်းကမ်း (၅) ရပ် အနက် တရပ်မှာ အောက်ပါ ပြဌာန်းချက် ဖြစ်သည်။

(င) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ နှင့် အခြားတည်ဆဲ ဥပဒေများအ ရပြဌာန်းချက်များကို ဆန့် ကျင်ဖေါက်ဖျက်ရာ ရောက်သည့် အရေး အသားများ၊ စာများ ထုတ်ဝေခြင်း။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုလျှင် ယင်းအပေါ်တွင် ဘက်စုံ ဒေါင့်စုံမှ သုံးသပ်ချက် ပေါင်းများစွာ ရေးသား ပြုစုပြီး အများ ပြည်သူ လေ့လာခွင့် ရစေရန် စာအုပ် စာတမ်းများ ထုတ်ဝေ ရ ပါမည်။

အထက်ပါ ပြဌာန်းချက်အရ ရှင်းနေသည်မှာ ဤဥပဒေသာ အတည်ဖြစ်သွားပါက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဆန့် ကျင်ဝေဖန် ရေးသား ထားသည့် စာအုပ်များ၊ စာစောင်များအား ထုတ်ဝေရဲမည့် သူရှိတော့မည် မဟုတ်ခြင်းပင်။ အရဲစွန့် ထုတ်ဝေမည့်သူ ရှိဦးတော့။ စိုးတထိတ်ထိတ် ရှိနေပါမည်။ ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သည့် လွတ် လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်အား အကြီးအကျယ် ထိပါးလိုက်ခြင်းဖြစ်သည်။ ဤမျှဆိုးဝါးသည့် ဥပဒေကို ဒေါ်အောင် ဆန်းစု ကြည်သည် အဘယ်ကြောင့်ပြင်းပြင်း ထန်ထန် မကန့် ကွက်ဘဲ အတည်ပြု ပေးလိုက်ပါသနည်း။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် ပြည်ထောင်စု လွှတ်တော်က၂၀၁၃ခုနှစ် ဇူလိုင်လ(၂၉) ရက်နေ့  တွင် ပြဌာန်း လိုက်သည့် တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေ သည်လည်း အိန္ဒိယနိုင်ငံတွင် ၁၉၇၁ ခုနှစ်က ပြဌာန်း ထား သည့် အလားတူ ဥပဒေမှ တိုက်ရိုက်ပုံတူကူး ချထားကြောင်းတွေ့ ရ သည်။ဒေါ်အောင်ဆန်းစုကြည် အဘယ် ကြောင့် မကန့် ကွက်ခဲ့သနည်း။ အားလုံး နီးပါးကို ကူးချ ထားသော်လည်း အိန္ဒိယ ဥပဒေတွင်မပါဘဲ မြန်မာနိုင်ငံ ဥပဒေ တွင် ထည့်သွင်းဖေါ်ပြထားသည့်အောက်ပါ တားမြစ် ကန့် သတ် ချက်မှာ သတင်း မီဒီယာများ၏ လွတ်လပ်ခွင့်ကို တိုက်ရိုက် ထိပါး လိုက်ခြင်းဖြစ်သည်။

တရားရုံးက ဆုံးဖြတ်ရန် ရှိသော အချက်များကို တစုံတရာ အဆုံးအဖြတ် မပေးရသေးမီ ကြိုတင်ဝေဖန် ပြောဆိုခြင်း၊ရေး သားဖေါ်ပြခြင်း၊ ပုံနှိပ် ထုတ်ဝေခြင်း၊ ဖြန့် ချီခြင်း။ အဆိုပါ ပြဌာန်းချက်အပေါ် ဥပဒေ အထောက်အကူပြု ကွန်ရက် Legal Aid Network (L.A.N) ၏ ကန့် ကွက် ဝေဘန်ချက်အား လွတ်လပ်သော အာရှအသံ ရေဒီယိုက ဇူလိုင်လ သုံးဆယ် ရက်နေ့ တွင် အသံလွှင့်ခဲ့သည်။ ဤလင့်ခ်တွင်ပြန်လည် နားဆင် နိုင်ပါသည်။


အခြားအချက်များ အပြင် ယင်းကန့် ကွက်ချက်ကိုလည်း ရည်ညွှန်း၍ ဘီဘီစီ သတင်းဌာနက သြဂုတ်လ (၂ ) ရက်နေ့  တွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် ဥပဒေ စိုမိုးရေး ကော်မတီဝင် အမတ် တဦးလဲဖြစ်၊ ရှေ့နေကြီး တဦးလည်း ဖြစ်သူ ဦးသိန်းညွန့် အား မေးမြန်းခဲ့ရာ ၄င်းက ဤဥပဒေတွင် ဖေါ်ပြထားသည့်  ကင်းလွတ်ချက်များသည် လိုသလိုဆွဲ ၍ရသဖြင့် သတင်း မီဒီယာများ၏ လွတ်လပ်ခွင့်ကို ထိခိုက်နိုင်ကြောင်း ဖြင့်ဝန်ခံဖြေဆို သွားခဲ့ရသည်။ ဦးသိန်းညွန့်၏ အင်တာဗျူးကို ဤလင့်ခ်တွင် နားဆင်ပါ။


ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ တာဝန်ယူ ထားသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် သတင်းမီဒီယာများ၏ လွတ်လပ်ခွင့် အပါအ၀င် လူထု၏ အခြေခံ လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အခွင့်အရေးများအား ပိတ်ဆို့သည့် ဖေါက်ပြန်သည့် ဥပဒေများ၊ မတရားသည့် ဥပဒေများအား အဘယ်ကြောင့် ဟောတခု၊ ဟောတခုထိုင်ပြီး အတည်ပြုပေးနေသနည်း။ လွှတ်တော် တွင် မိမိပါတီက လူများစုနေရာ မရသော်လည်း အမတ်တဦးချင်းအနေ အ ထား အရပင် ပြင်းပြင်းထန်ထန် ကန့်ကွက်ရန်၊ မတရား ဥပဒေ မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် တာဝန် ရှိသည်။

လွှတ်တော်ပြင်ပမှ လူထု အားကို ရယူ၍ မတရားပြဌာန်းချက် မှန်သမျှကို တိုက်ဖျက်ဘို့ ကြိုးစားသင့်သည်။ အဘယ်ကြောင့် ငြိမ်ထိုင်နေသနည်း။ လွှတ်တော် တက်ရောက်နေသည့် လူထုခေါင်းဆောင်၏ တာဝန်ခံမှု သည်အဘယ် နည်း။ ချုပ်ချယ် ကန့်သတ် ပိတ်ပင် ထားသည့် မတရား ဥပဒေများ အောက်တွင် ဒီမိုကရေစီ ရရှိမည်ဟူ၍များ စိတ်ကူး ယဉ် နေပါ သလား။ အခြားနိုင်ငံမှ ဥပဒေကို ပုံတူကူးချ၊ စစ်အာဏာရှင် ဟောင်းသစ်များ လိုခြင်သည့် ဖိနှိပ်သော ပြဌာန်းချက် များ ထည့်သွင်း ပေါင်းစပ်ခြင်းဖြင့် ဥပဒေပြုသည်ဟု ကြွေးကြော် လုပ်ဆောင်နေသော လွှတ်တော်တွင် မိမိကိုယ်တိုင် လည်း ဘာမျှ မလုပ်နိုင်ပါ ဘဲလျှက် ဆက်ထိုင်နေခြင်းသည် လူထုအတွက် အကျိုးရှိပါမည်လား။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ အပိုင်း (၃)

Monday, 05 August 2013
Written by ဦးအောင်ထူး(ရှေ့နေ)
ရွှေဟင်္သာသတင်းဌာန

သူမသည်၂၀၀၈ ဖွဲ့ စည်း ပုံ လမ်းကြောင်းတွင် ကိုယ့်ကိုယ်ကို စီးမျောခံရင်း စစ်အာဏာရှင် စနစ်၏ ဥပဒေ သံကွန်ချာကြီး ခိုင်မာအောင် တည်ဆောက် ရာ၌ ပံ့ပိုးပေးရသည့် ဘ၀သို့ ကျရောက်သွားခြင်းမှာ များစွာ ၀မ်းနည်း ဘွယ်ပင်။ ဤသည်မှ ရုန်းထွက်သင့်ပြီ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့်ခွာ သင့်ပါပြီ။

၂၀၀၈ ဖွဲ့ စည်းပုံကို ကန့် ကွက်၊ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲရန် တောင်းဆိုသော လူထုအသံများ၊ကြိုးပမ်းအားထုတ်မှုများ။

စစ်အာဏာရှင် စနစ်ကို အသက်သွင်း ထားသည့်ဖွဲ့ စည်းပုံအဖြစ်၂၀၀၈ ဖွဲ့  စည်းပုံအား ရည်ညွှန်း လျှက်တိုက်ပွဲမပြီး ဆုံး သေးကြောင်းဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကို က ဇူလိုင်လ (၂ ) ရက်နေ့ က ရဲရဲ တောက်မြွက်ကြား သွားခဲ့သည်။

၎င်းသည် ၂၀၀၈ ဖွဲ့ စည်းပုံ၏ အတွင်းသရုပ် အမှန်ကို အမှန်အတိုင်း မြင်တတ်သည့် အပြင် မြင်သည့် အတိုင်း တည့် တည့် ထုတ်ဖေါ် ပြောရဲသူ ဖြစ်သည်။ လူငယ်လေးမျှဖြစ်သော ကိုကျော်ကိုကို နှင့် ဗကသ ခေါင်းဆောင် များသည် ယနေ့ ၂၀၀၈ ဖွဲ့စည်းပုံ လမ်းကြောင်းတွင် စီးမျောနေကြသော လူကြီးနိုင်ငံရေး သမားများ အတွက် စံထားစရာ သဖွယ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်ကလည်း၂၀၀၈ဖွဲ့ စည်းပုံမှာ ပြင်ရန် လိုအပ်ကြောင်း လက်ခံ ရုံသာမက ပြင် ဆင်နိုင်သည့် ပြဌာန်းချက်ပုဒ်မ ၄၃၆ အရဆိုပါက လက်တွေ့ ပြင်၍ရနိုင် မည်မဟုတ်ကြောင်း၊ သို့ ဖြစ်၍ မပြင်တော့ဘဲ အသစ်ရေးဆွဲ သင့်ကြောင်း၊ အသစ် ရေးဆွဲခြင်း အားဖြင့် အချိန် ကုန်သက်သာမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်အတွင်း ကထဲကပင် ထုတ်ဖေါ်ခဲ့သည်။ထိုနည်းတူ စွာပင် ဥပဒေ အထောက်အကူပြု ကွန်ရက်ကလည်း ပြည့်စုံသော ဥပဒေ စိုးမိုး ရေးမူများ အပေါ်တွင် ပြုစုထားသည့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် တရပ် ပေါ်ပေါက် အတည်ပြု ကျင့်သုံးသွား ရန် ၂၀၁၃ ခုနှစ် ဇူလိုင် (၅) ရက်နေ့ တွင် ဘဲလ်ဂရိတ် ကြေငြာချက် ထုတ်ပြန်ကာ တိုက်တွန်း ခဲ့သည်။ ဤလင့်ခ်တွင်ရှုပါ။


၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၈ မှ ၃၀ ရက်နေ့ အတွင်းထိုင်းနိုင်ငံချင်း မိုင်မြို့တွင်ကျင်းပခဲ့ပြီး တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ အစည်းကြီးများ အားလုံးနှင့် လက်နက် မကိုင်သည့် အခြား တိုင်းရင်းသား အဖွဲ့ အစည်းများ ပါတက် ခဲ့သည့် ညီလာ ခံကြီးမှ နေ၍၂၀၀၈ ဖွဲ့ စည်းပုံ ကို လက်မခံနိုင် ကြောင်း၊ ဖက်ဒရယ်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ သစ်ကို ၂၀၁၃ ခုနှစ် အ တွင်းမှာပင် အပြီး ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ ထို့ အပြင် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တရပ်တည်ထောင်ရန် တောင်းဆိုကြောင်း ကြေငြာ ခဲ့သည်။ ဤသည်မှာ စစ်အာဏာရှင်ဟောင်း သစ်များအား ကြီးကြီးမားမား စိမ်ခေါ်လိုက် ခြင်းဖြစ်သည်။ သို့ ရာတွင် ၄င်းတို့ သာ မဟာ လူမျိုးကြီး ၀ါဒကို မကျင့်သုံးဘဲ ရိုးသားစွာ နားလည်မှု ထားရှိမည် ဆိုပါက စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး လမ်းကြောင်း မှန်အနေဖြင့် လက်ခံသင့်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းကြီးများတွင် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲသည့် အတွေ့ အကြုံ ရှိနေခဲ့ကြပြီဖြစ်သည်။ မဒတဟုခေါ်သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု တွင်ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အပါအ၀င် ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစုများနှင့် ပေါင်းကာ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ ချုပ် (ဒီအေဘီ) ကို ဖွဲ့ စည်းခဲ့ကြ ပြီး နောက် ၁၉၉၀ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥ ပဒေမူကြမ်း ရေးဆွဲရေး ကော်မတီတရပ်အား ဖွဲ့စည်း ဆောင်ရွက်စေ ခဲ့သည်။

လေးနှစ်ခန့်  ကြာပြီးနောက်တွင် ယင်းလုပ်ငန်းစဉ်အား ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ၏ ကြီးကြပ်မှုအောက်တွင် ထားရှိ၊ မူကြမ်းရေးဆွဲရေး ကော်မတီအား တိုးချဲ့ ဖွဲ့  စည်းကာ ဖွဲ့ စည်းပုံ မူကြမ်းအား တဆင့်ပြီးတဆင့် တနှစ်ပြီးတနှစ် ဖြည့်စွက်ပြင်ဆင်အချောသတ် လာခဲ့သည်။ စာရေးသူသိသမျှ နောက်ဆုံး ကမကထ ပြု၍ နှီးနှောဖလှယ်ပွဲကြီးများ ကျင်းပကာ ပြုစုရေးဆွဲ ခဲ့သည့် ကော်မတီမှာ ဖက်ဒရယ် ဖွဲ့ စည်းပုံ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနိုင်းရေးကော်မတီ(FCDCC) ဖြစ်သည်။

၁၇ နှစ်တာ စုပေါင်းကြိုးပမ်း ခဲ့မှု၏ ရလာဒ် အနေဖြင့် ယင်းကော်မတီမှနေ၍၂၀၀၇ ခုနှစ်တွင် အများ ပြည်သူ လေ့လာခွင့် ရစေရန် ပုံနှိပ်ဖြန့် ဝေ ခဲ့သည့် ဖွဲ့ စည်းပုံ (ပထမ မူကြမ်း) အား ဤလင့်ခ်တွင် ဖတ်ရှုနိုင် ပါ သည်။


ယခုနောက်ဆုံးကျင်းပခဲ့သည့် တိုင်းရင်းသား ညီလာခံကြီးမှနေ၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့  စည်းပုံအခြေခံ ဥပဒေ အသစ်တရပ် ရေးဆွဲသွားမည် ဟူသည်မှာ အထက်ပါဖွဲ့ စည်းပုံ (ပထမမူကြမ်း) အား ဆက်လက် မွမ်းမံ ပြင်ဆင် သွားမည်လား၊ နောက်ထပ် အသစ် တရပ်ကိုရေးဆွဲသွားမည်လား မပြောနိုင်ပါ။

သို့ ရာတွင် စစ်အာဏာရှင်အဆက် ဆက်က ဖွဲ့ စည်းပုံ ရေးဆွဲရေး လုပ်ငန်းစဉ်အား ထိမ်းချုပ်ကာ ၄င်းတို့ အလိုကျ ရေးဆွဲစေခဲ့ ခြင်းမျိုး ကဲ့ သို့မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံ အခြေခံ လူထုကြီးတရပ်လုံး ပါဝင်ခွင့်ရစေမည့်လုပ်ငန်း စဉ်မျိုးဖြင့် ဖေါ်ဆောင် လိမ့်မည်ဟု မြှော်လင့်ရသည်။ ဥပဒေရေးရာ၊ နိုင်ငံရေးအရ ချိန်ကိုက်မှု နှင့် ဒေါ်အောင်ဆန်း စုကြည်ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် တက်ကာ ဥပဒေပြဌာန်းသည့် လုပ်ငန်းတွင် ပါဝင်နေခြင်းမှာ တိုင်းရင်း သား အခွင့်အရေးများ အားကာကွယ်နိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်း ပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာ ရန်လုပ်ဆောင်နိုင်ဘို့ ဝေးစွ။ သတင်း မီဒီယာများ၏ လွတ်လပ်ခွင့် အပါအ၀င် လူထု၏ အခြေခံလွတ်လပ်ခွင့်နှင့် ဒီမို ကရေစီ အခွင့်အရေး များအား အကာအကွယ် ပေးနိုင်မည့် ဥပဒေများ ပေါ်ထွက်လာစေရန်ပင် မစွမ်းဆောင် နိုင်ကြောင်း ပွင့်လင်းစွာသုံးသပ်ရပါမည်။

၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံ ဥပဒေလမ်းကြောင်း၊ ၄င်း အရ တည်ထောင် ထားသည့် ဥပဒေဘောင်၊[3] နှင့်တိုင်းပြည် အဆောက်အအုံများ အတွင်းဝင်ရောက် ဆောင်ရွက်နေသမျှကာလပတ် လုံး စစ်မှန်သည့် ဥပဒေ စိုးမိုးရေး အခြေခံ တွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်ထောင်စု နိုင်ငံသား တိုင်း၏ ဒီမိုကရေစီနှင့် လွတ်လပ်မှု အခွင့်အရေး များအား ကာကွယ်ဖေါ်ဆောင်နိုင်မည့် ဥပဒေအုတ်မြစ် [4] ချမှတ်ရန် လုံးဝ မဖြစ်နိုင်ပါ။ ယင်း သို့ မချမှတ်နိုင်သမျှ ကာ လပတ်လုံး စစ်မှန်သည့် ပြည် တွင်း ငြိမ်းချမ်းရေးလည်း မည်သည့် အခါမျှ ရမည် မဟုတ်သောကြောင့် တိုင်းပြည်နှင့် လူထု၏ စီးပွားရေး တိုးတက်မှု မှာလည်း အိပ်မက်ပမာသာ ဖြစ်နေပါမည်။

၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ ၌ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ကို ဖေါ်ဆောင်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံ ဥပဒေဘောင် အတွင်း တွင်ဖက်ဒရယ် ဥပဒေမူကြမ်း တခု ရေးဆွဲရန် ဦးတီခွန် မြတ် နှင့် ဒေါ်နန်းဝါနု တို့အား တာဝန် ပေးအပ်ကြောင်းကြေငြာခဲ့သည်။တိုင်းရင်းသားများ လိုလား သည့် ဖက်ဒရယ် သည် ပေးအပ် သင့်သော နိုင်ငံရေး အခွင့်အရေးဖြစ်သည်ဟုလက်ခံ လာပြီဖြစ်သော်လည်း စစ်အာ ဏာရှင် ဟောင်းသစ် များသည် နောက်ထပ် ဥပဒေ မျက်လှည့်တမျိုးပြ သရန် စီမံ နေခြင်းသာဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည် နားမယောင် သင့်ပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး ဖွဲ့ စည်းပုံဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုကို ယင်းအခြေခံ တွင်တည်ဆောက်မည် ဟူသည်မှာ အမြင်မတော် ဆင်တော်နှင့် ခလောက် ဖြစ်ရုံသာမက ပတ္တမြားကို ယိုအိမ်သာထဲတွင် ထိန်းသိမ်းထားရှိရန် ကြိုးပမ်းနေခြင်းသာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံအရ သမ တ ဖြစ်လာနိုးနှင့် မြှော်လင့်ချက် ပေးထားခံရသည့် အခြေအနေမှ နိုးထသင့်ပါပြီ။၂၀၁၅ ရွေးကောက်ပွဲပြီးနောက်တွင် လက်ရှိ စိုင်းမောက်ခမ်းကဲ့ သို့ ဘာမှ အခွင့်အာဏာ မရှိသည့် ဒုသမ္မတနေရာ မျိုးနှင့် မိမိကိုယ်တိုင်ချောင် ထိုးခံထားရရုံ သာမက တိုင်းရင်းသား ပေါင်းစုံလူထုကြီး တရပ်လုံးစစ် အာဏာရှင်စနစ်၏ ကျေးကျွန်များ ဖြစ်ကျန်စေမည့် အခြေ အနေ မျိုးကို တွန်းပို့ မထားသင့်ပါ။ ယခု အချိန်တွင် လွှတ် တော်မှ ပြတ်ပြတ်သားသား ကျောခိုင်း ထွက်ခွာကာ တိုင်းရင်းသားများ၊ အခြေခံ လူထုများနှင့် နိုင်ငံတကာ တို့ ၏ ထောက် ခံမှု ကို ရယူလျှက် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေ ခံဥပဒေ သစ် တရပ် ပေါ်ပေါက်ရေး လုပ်ငန်းစဉ်တွင် အတူပါဝင် ဦးဆောင် အကောင်အထည်ဖေါ်သင့်ပြီဖြစ်သည်။

ယင်းသို့ ဖြစ်ပါက ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ (ပထမ မူကြမ်း) တွင် ၀န်ကြီးချုပ် စနစ်ကျင့်သုံး ထားသည်ကို ရည်ညွှန်း လျှင် ပြည်ထောင် စုနိုင်ငံသစ်၌ ပထမဆုံး ၀န်ကြီးချုပ် ဖြစ် သင့်သူ မှာဒေါ်အောင် ဆန်းစုကြည် သာ ဖြစ်ကြောင်း အဆို တင်သွင်းမည့်သူ များတွင် စာရေးသူကိုယ် တိုင်လည်း ပါဝင်ရန် အသင့်ရှိပါမည်။

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
နေ့ စွဲ။ ၂၀၁၃ ခုနှစ်သြဂုတ်လ ၅ ရက်

လေယာဉ်အချိန်ဇယားနှင့် လက်မှတ်ကြည့်ရှု မှာယူနိုင်မည့် Android App ထွက်ရှိ



ပြည်တွင်းမှ ပြည်ပသို့ ခရီးသွားလာရေး အဆင်ပြေ စေရန်အတွက် ပထမဆုံးလေယာဉ် ခရီးစဉ် အချိန်ဇယားနှင့် လက်မှတ်ကြည့်ရှု မှာယူနိုင်မည့် စနစ်ကို Android မိုဘိုင်းဖုန်းများတွင် အသုံးပြု နိုင်ပြီဖြစ်ကြောင်း ၁-၈-၂၀၁၃ ရက်က ကိုလံဘတ်စ် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။


ထူးခြားချက်တွေကတော့ မြန်မာပြည်ကနေ စထွက်သော လေကြောင်းလိုင်းတွေရဲ့ အချိန်ဇယား တွေဖြစ်တယ်။ ဒီ Appolication မှာဆိုရင် မြန်မာပြည်ကနေ စထွက်မယ့် လေကြောင်းလိုင်း တွေကို ကြည့်ရှု စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 

ကြိုတင် လက်မှတ်ကိုလည်း SMS စနစ်ကို အသုံးပြုမှာယူနိုင်အောင် SMS Service နဲ့ ဒီဆော့ဖ်ဝဲကို လင့်ချိတ် ထားလို့ပါပဲ။ ပြီးတော့ လက်မှတ် မှာယူချင်သူတွေလဲ ဒီ App ကနေ လေကြောင်း ခရီးစဉ် နေ့ရက်၊ အချိန်စာရင်းတွေကို ကြည့်ပြီး မိမိသွားချင်တဲ့ လေယာဉ်နေ့ရက် အချိန်နေရာတွေကို SMS ဖြင့် တိုက်ရိုက် ကြိုတင်မှာယူနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ SMS ထဲကို လက်မှတ် မှာထားတဲ့ အကြောင်းအရာတွေ အားလုံးဝင်ရောက်လာရင် ကျွန်တော်တို့က ဝယ်ယူမယ့် သူတွေကို ဘယ်သွားချင်တာလဲ ဈေးနှုန်းကတော့ ဒီလောက်ရှိတယ်ဆိုတာကို Follow up ပြန်လိုက်ပြီး SMS ပြန်ပို့ပေးမှာပါ။ နောက်တစ်ခုက သတင်းတွေပါ။

ကိုလံဘတ်စ်က ဘာတွေလုပ်နေတယ် နောက်ဘာတွေ အသစ်ရှိလဲဆိုတာ အသစ်ရှိရင် ကျွန်တော်တို့က Update လုပ်ပေးမှာပါ။ Online ဖွင့်လိုက်တိုင်း သူ့ဘာသာသူ Update တက်လာပါလိမ့် မယ်။ နောက်ပြီး လေကြောင်းလိုင်းတွေရဲ့ ရုံးခန်းတွေ အကြောင်းပါ။ ရန်ကုန်မြို့ ကနေ ပြေးဆွဲနေ တဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ရုံးဖုန်းနံပါတ်တွေ လေဆိပ်ဖုန်းနံပါတ်တွေ အားလုံးဒီအထဲမှာ ရှိပါတယ်” ဟု ကိုလံဘတ်စ် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ ကိုလှမျိုးက ပြောသည်။ 

အဆိုပါ Android Application လိုချင်သူများအနေဖြင့် Google play တွင် Myanmar Flight ဟု ရိုက်ရှာလျှင် ကိုလံဘတ်စ် Logo ရွတ်လှေလေးဖြင့် ကျလာမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ Bluetooth ကော်နာ များနှင့် နာမည်ကြီး ဖုန်းဆိုင်များတွင် ကိုလံဘတ် ဆော့ဖ်ဝဲကို အခမဲ့ ရယူနိုင် မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

ရွှေဂုံတိုင် တံတား စီမံကိန်းကြောင့် ယင်းလမ်းကို တစ်လခွဲခန့် ပိတ်မည်

လက်ရှိ တည်ဆောက်နေဆဲဖြစ်သည့် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယင်းလမ်းကို တစ်လခွဲခန့် ပိတ်သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီနှင့် ယင်းလုပ်ငန်းကို လုပ်ဆောင်သည့် ကုမ္ပဏီမှ သိရသည်။


လမ်းပိတ်ထားခြင်းကို ဩဂုတ် ၆ ရက်မှ စက်တင်ဘာ ၁၈ရက်အထိ ရက်သတ္တပတ် ခြောက်ပတ် ပိတ်ထားမည်ဖြစ်ပြီး ပိတ်ထားသည့် ကာလအတွင်း ကမ္ဘာအေးဘုရားလမ်းမှ ဖြတ်သန်းမည့်ယာဉ်များသည် အနောက် ရွှေဂုံတိုင်လမ်း၊ ရေတာရှည်လမ်းကြား တောရလမ်းများမှ ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။

ယင်းသို့ လမ်းပိတ်ထားသော်လည်း ယာဉ်ငယ်များသွားလာနိုင်မည်ဖြစ်ပြီး ခရီးသည်တင်ယာဉ်များနှင့် အမြင့် ၁၀ ပေနှင့် အထက်ပိုသော ယာဉ်လတ်များ၊ ယာဉ်ကြီးများ အန္တရာယ်ကင်းစွာသွားလာနိုင်မည့် အမြင့်ကင်းလွတ်ချက် မရှိသောကြောင့် ယင်းယာဉ်များသည် ရှောင်ကွင်းလမ်းများက သွားလာကြရမည်ဖြစ်သည်။

ရွှေဂုံတိုင် လမ်းဆုံတည်ဆောက်ရေး စီမံကိန်းကြောင့် ရွှေဂုံတိုင် မီးပွိုင့် တောင်ဘက်ခြမ်း (မြန်မာ့အလင်း သတင်းစာတိုက်နေရာမှ မီးပွိုင့်အထိ) ရှိ တံတားတိုင် အမှတ် P4. P3. P2. P1. P200 နှင့် P100 တို့တွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ခြောက်ပတ်ခန့်ပိတ်ထားမည်ဖြစ်သည်။

ယင်းသို့လမ်းပိတ်ထားခြင်းနှင့် ပတ်သက်ပြီး Capital Development ကုမ္ပဏီမှ ရွှေဂုံတိုင်ခုံးကျော်တံတား စီမံကိန်း ဒါရိုက်တာ ဦးအေးသော်က “လမ်းကို ခြောက်ပတ်ကြာ ပိတ်သွားပါမယ်” ဟု ပြောသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ပန္နက်တင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ တတိယအပတ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟုလည်း ဦးအေးသော်က ပြောကြား သည်။

ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှုအများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် လမ်းဆုံတို့ကို ခုံးကျော်တံတားများ ဆောက်လုပ် ခဲ့ပြီး လှည်းတန်း ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပန္နက်တင်၍ စတင် တည်ဆောက် ခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ယာဉ်များ စတင်သွားလာနိုင်ခဲ့သည်။

ဆောက်လုပ်ဆဲ ခုံးကျော်တံတားများမှာ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော်တံတားတို့ ဖြစ်သည်။ ဘုရင့်နောင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှ စတင် တည်ဆောက်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

Mizzima – News in Burmese

သန်လျင် GTC အတွဲ၏ ဗီဒီယို အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်ကျောင်းစာသင်ခန်းအတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ကျောင်းသူတို့၏ လူမှုရေးအရှက်ရစေသည့် ဗီဒီယိုအခွေနှင့်ပတ်သက်၍ အင်တာနက် စာမျက်နှာ များနှင့် မီဒီယာအချို့တွင် ပျံ့နှံ့စေခဲ့ခြင်းသည် ကျောင်း၏ ဂုဏ်သိက္ခာနှင့် ၎င်းကျောင်းတွင် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ခံယူကြသော ကျောင်း သား၊ ကျောင်းသူများအား လုံး၏ကိုယ်စား မခံမရပ်နိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ တစ်ဖွဲ့ က ဇူလိုင် ၂၈ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါတက္ကသိုလ် ကျောင်းရှေ့ရှိ လက်ဖက်ရည် ဆိုင်တစ်ခု အတွင်း ၌ မီဒီယာများနှင့် တွေ့ဆုံကာ ရင်ဖွင့် ရှင်းလင်းပြောကြားခဲ့ကြသည်။


အထင်အမြင်သေးခံရ-

အဆိုပါဗီဒီယိုသည် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဆိုသော်လည်း ယခုအခါ ၎င်းကိစ္စကိုအကြောင်းပြု၍ အမျိုးမျိုးပြစ်တင် ဝေဖန်ကဲ့ရဲ့မှုများပြုလုပ်လျက်ရှိပြီး ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုပါ အထင်အမြင်သေးစွာ သား သမီးချင်းမစာမနာ ဆက်ဆံလာကြသည်။ အထူးသဖြင့် ကျောင်းသူများမှာ ပို၍ခံစားရသည်ဟု ၎င်းတို့က ပြောပြကြသည်။

တရားဥပဒေအရ-

နှမချင်းမစာနာသော ယင်းဗီဒီယိုကို ခိုးကြောင်ခိုးဝှက်ရိုက်ကူးကာ အင်တာနက်ပေါ်တင်ခဲ့သူကိုလည်း မိမိတို့အစီအစဉ်ဖြင့် စုံစမ်းရှာဖွေ၍ တရားဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းတက္ကသိုလ်မှ ကျောင်းသားကျော်ဇင်ထက်က ပြောသည်။

စည်းကမ်းပိုင်း-

ထို့ပြင် ကျောင်းသား၊ ကျောင်း သူများ၏ စည်းကမ်းပိုင်းဆိုင်ရာများကိုလည်း ပိုမိုတင်းကျပ်ဆောင်ရွက်ရန် ၎င်းတို့ကလုပ်ဆောင်ကြမည်ဟု ဆိုသည်။

ပုံနှိပ်မီဒီယာပေါ်ရောက်လို့-

အဆိုပါဗီဒီယိုသည် အွန်လိုင်း စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုပုံနှိပ်မီဒီယာ အချို့၌ပင် တွေ့ရှိ လာရသည့်အတွက် ၎င်းတက္ကသိုလ်၌ ပညာသင်ကြားနေကြသော ကျောင်းသားများအထူးသဖြင့် ကျောင်းသူ များအတွက် အလွန်ထိခိုက်ပြီး ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ကျောင်းသူ မသန္တာ ကပြောသည်။

၎င်းကိစ္စကို အပတ်စဉ်ထုတ်သတင်းဂျာနယ်တစ်စောင်က မျက်နှာဖုံးတွင် အကျယ်တဝင့် ဖော်ပြ ထားခြင်းကြောင့် ယခုကဲ့သို့ မီဒီယာများအား တွေ့ဆုံပြောကြားခြင်းဖြစ်ပြီး ဖော်ပြခဲ့သည့် ဂျာနယ်တိုက်သို့ လည်း ဆက်သွယ်အကြောင်းကြားထားသည်ဟု ၎င်းတို့ကပြောသည်။

ခိုးရိုက်-

ကျောင်းခန်းအတွင်း လူမှုရေး ကိစ္စကျူးလွန်နေသော ကျောင်း သားနှင့်ကျောင်းသူကို တစ်စုံတစ် ယောက်က မိုဘိုင်းဖုန်းကင်မရာဖြင့် ခိုးရိုက်ကူးကာ အင်တာနက် စာ မျက်နှာများထက်သို့လွှင့်တင်ခဲ့သည်။ ယခုအထက်ပါ ကျောင်းသားနှင့် ကျောင်းသူကိုလည်း ၎င်းတက္ကသိုလ် မှထုတ်ပယ်ခဲ့ပြီးဖြစ်သည် ဆိုသည်။

From : .ရွှေနိုင်ငံသစ်သတင်းစာ၊

ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများနှင့် အတူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ



ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံ များကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခု သို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦး ကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။


“ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကပါ။ ပလက်ဝမြို့နယ် သရော်အိုင်မှာ ဦးကျော်သိန်းညွှန့် စက်လှေ ပေါ်က ဖမ်းမိတာပါ။ ကျည်ဆံက ၃၀၀ တောင့်ပါ။ ပိုင်ရှင်က ဦးအောင်သာဖြူ ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ကျည်ဆံများကို ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ခိုးထုတ်စဉ် စက်လှေပေါ်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ တပ်ထဲမှာ ကျည်ဆံများကို ခိုးထုတ်ပြီး အပြင်တွင် ရောင်းချရန် စီစဉ်နေသည့် ကျောက်တော် မြို့နယ် လမ်းမတော်ရွာမှ ဒေါ်မအေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က ကျည်ဆန် ၃၀၀ နှင့် အတူ ဖမ်းဆီးမိခဲ့သည်။

အဆိုပါကျည်ဆံများသည် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ သူမ၏ ခဲအိုတော်စပ်သူ တပ်ကြပ်ကျော်ဝေမှ ခိုးထုတ်ထားသော ကျည်ဆံများ ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် တပ်ကြပ် ကျော်ဝေကို ရဲက ဖမ်းဆီးခဲ့သည်။

ဓါတ်ပုံ - ယခင် ဒေါ်မအေးကြည်ထံမှ ဖမ်းဆီးရမိခဲ့သော ကျည်ဆံများ ( ဓါတ်ပုံ- နိရဉ္စရာ)

- http://www.narinjara.com/burmese/?p=6596#sthash.jx5ZESBx.dpuf

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်မရသင့်ဟုဆို

ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သော ဘင်္ဂါလီ လူမျိုးများ ၂၀၁၅ ခုနှစ်တွင် မဲပေးခွင့် မရသင့်ကြောင်း သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ် သော၂၀၁၅ ရွေးကောက်ပွဲနှင့် ရခိုင် နိုင်ငံရေး အနာဂတ် ဆွေးနွေးပွဲတွင် ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ပြောကြားသည်။


White Card ကိုထားရှိခြင်းသည် အချုပ်အခြာအာဏာကို ထိခိုက်နိုင်ကာ နိုင်ငံရေးလက်နက် အနေဖြင့် အသုံးချခြင်းသည် တစ်နိုင်လုံးအတွက် လွန်စွာအန္တရာယ်များပြီး ပေးထားသူများကို ပြန်လည် စိစစ် အရေးယူသင့်ကြောင်း ၎င်းကပြောဆိုသည်။

White Card ကိစ္စသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောကြောင့် ပြည်သူ့ဆန္ဒ ခံယူပြီးမှသာ အစိုးရအနေနှင့် ဆောင်ရွက်သင့်ကြောင်း ရခိုင်သားကြီးစာပေမှ ဦးဦးလှမြင့်က ပြောကြားသည်။

White Card ကိုင်ဆောင်သူများသည် နိုင်ငံခြားသားများ ဖြစ်သည့်အတွက် မဲပေးခွင့် မရရှိသင့်ဘဲ အမေရိကန်နိုင်ငံတွင်လည်း အစိမ်းကတ် ကိုင်ဆောင်သူများသည် မဲပေးခွင့် မရကြောင်း ရခိုင် တိုင်းရင်း သား စာရေးဆရာ ဦးသာထွန်းနိုင်က ပြောကြားသည်။

စစ်တွေမြို့နယ် သဲချောင်းဘင်္ဂါလီ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဘင်္ဂါလီလူမျိုး ဦးမောင်မောင်ကမူ ရခိုင်ဒေသတွင် ဘင်္ဂါလီလူမျိုးများ နေထိုင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ကာ ၎င်းတို့သည် နိုင်ငံတွင်း နေထိုင်သော လူသားများ ဖြစ်သောကြောင့် မဲပေးပိုင်ခွင့် ရှိကြောင်း ပြောကြားသည်။

၁၉၈၂ ခုနှစ်နောက်ပိုင်း မည်သည့် နိုင်ငံခြားသားမှ နိုင်ငံသား ဖြစ်ခွင့်မရှိတော့ဘဲ ၁၉၄၈ ခုနှစ်မတိုင်မီက အဘိုးအဘွား မိဘများ မြန်မာနိုင်ငံတွင် သေဆုံးပြီး အဖေ အမေနှင့် ကိုယ်တိုင် နိုင်ငံတွင်း မွေးသူများသည် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြောင်း၊ လက်ရှိမည်သည့် နိုင်ငံသားမှန်း မသိသူများကို White Card ထုတ်ပေးထားကာ ၎င်းတို့ကို နိုင်ငံတွင်း နေထိုင်ခွင့် ပေးထားပြီး ကျောင်းနေခွင့်နှင့် မဲပေးခွင့် ပေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့နှင့် တွေ့ဆုံစဉ်က ပြောကြား ခဲ့သည်ဟု ဇူလိုင် ၂၃ ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။