Sunday, July 28, 2013

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ရှိ ဒေသခံများနှင့် တွေ့ဆုံ၍ ဒေသခံများ၏ အခက်အခဲများအား မေးမြန်းဖြေရှင်း

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဒေသခံများနှင့် ဇူလိုင်၂၇ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်း စုကြည်သည် ဇူလိုင် ၂၇ ရက်က ကော့မှူးမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကော့မှူးမြို့နယ်ရှိ ဒေသခံများနှင့် တွေ့ဆုံ၍ ဒေသခံများ၏ အခက်အခဲများအား မေးမြန်း ခဲ့ပြီး အပြန်အလှန် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးအပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ကော့မှူးဒေသခံများက Pact Myanmar နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်း ထံမှ ဒေသခံများ အနေဖြင့် ချေးငွေရယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကော့မှူးမြို့နယ်အတွင်း စပါးစိုက်ခင်းများ ရေနစ်မြုပ်မှုများ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး တင်ပြခဲ့ကြောင်း တွေ့ဆုံပွဲ သို့ တက်ရောက်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒေသခံများ တင်ပြသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဟု ပြန်လည်ပြော ကြား ခဲ့ကြောင်း သိရသည်။ 

ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဦးချစ်အောင်က "အန်တီက ကျွန်တော်တို့ ဒေသ ခံတွေနဲ့ တွေ့ချင်တယ်။ လုပ်ငန်းလုပ်တာတွေကို ကြည့်ချင်တယ်ဆိုပြီး ဦးသိန်းဦးတို့ကတစ်ဆင့် ဖုန်းဆက် တယ်။ အန်တီက လုပ်ငန်းလုပ်တာတွေကို ကြည့်ချင်တယ်ဆိုတော့ အစက ဇလုပ်ကြီးနဲ့ အဖျောက်ရွာတွေ ကို ရွေးထားတယ်။ ဒါပေမဲ့ လုပ်ငန်းတွေက တောထဲမှာ သွားကြည့်ရမှာဆိုတော့ သွားရေးလာရေး ခက်ခဲ တဲ့အတွက် မြို့နယ်ရုံးမှာ တွေ့ဆုံဖို့ စီစဉ်ခဲ့တာပါ။ နေရာအခက်အခဲကြောင့် ကော့မှူးမြို့နယ်မှာရှိတဲ့ ကျေး ရွာတချို့က ကိုယ်စားလှယ်တွေကိုပဲ အန်တီနဲ့တွေ့ဖို့ စီစဉ်ခဲ့တာပါ" ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများအား အိမ်တွင်းမှု အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိမိတို့၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရန် ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဒေသခံများနှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေး နွေး မေးမြန်းခဲ့သည်။

Eleven Media Group

ဆိုင်းငံ့ ဥပဒေဖြင့် ဖမ်းဆီးခံရသည့် GW အတွင်းရေးမှူးကို ပြစ်ဒဏ်ချမှတ်

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုင်းငံ့ထားသည်ဟု တရားဝင် ပြောဆိုထားသည့် ၁၉၆၂ ပုံနှိပ်အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသော Generation Wave (GW) အဖွဲ့ အတွင်းရေးမှူး ဦးဝေဖြိုးအောင်ကို ပြည်မြို့နယ်တရားရုံးက ဒဏ်ငွေသုံးသောင်းကျပ် သို့မဟုတ် ထောင်ဒဏ်သုံးလ ကျခံ စေရန် ဇူလိုင်လ ၂၆ရက်နေ့က အမိန့်ချမှတ်လိုက်သည်။


ဦးဝေဖြိုးအောင်ကို ၁၉၆၂ ပုံနှိပ်အက် ဥပဒေပုဒ်မ ၁၇ (၂၀) ဖြင့် ရဲမှူးဦးဝင်းနိုင်က တရားလိုအဖြစ် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်မြို့နယ် တရားရုံးက ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဇူလိုင်လ ၂၆ရက်နေ့တွင် ယင်းသို့ အမိန့်ချ မှတ်လိုက်ခြင်း ဖြစ်သည်။

ဒဏ်ငွေ ကျပ်သုံးသောင်း ပေးဆောင်လိုက်သောကြောင့် ဇူလိုင်လ ၂၆ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း ဦးဝေဖြိုးအောင်က The Voice သို့ပြောကြားသည်။

GW အတွင်းရေးမှူး ဦးဝေဖြိုးအောင်ကို ၂၀၁၁ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကြောင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြည်မြို့နယ် ရဲစခန်းက ပြစ်မှုကြွေးကျန်ဖြင့် ၁၇ရက်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အရင်ကလည်း ပြည်ကိုခဏခဏ ရောက်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှဖမ်းတာ။ လူ့အခွင့်အရေး သင်တန်း လာပေးလို့ ဖိနှိပ်ချင်တဲ့သဘောနဲ့ ဖမ်းဆီးတာလို့ ယူဆပါတယ်” ဟု ၎င်းကဆိုသည်။

GW အတွင်းရေးမှူးကို တရားစွဲဆိုသည့် ၁၉၆၂ ပုံနှိပ်အက်ဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနက ဆက်လက်အသုံးပြုခြင်း မရှိဘဲ ဆိုင်းငံ့ထားကြောင်း၊ ယင်းအတွက် ပုံနှိပ်ဥပဒေဖြင့် တရားရုံးတွင် စွဲဆိုထားခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တရားဝင် မေးမြန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဇူလိုင်လ ၁၁ ရက်နေ့တွင် The Voice ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြား ထားသည်။