Saturday, July 27, 2013

မြန်မာ-အမေရိကန် ပူးပေါင်းထိန်းသိမ်းမည့် နှစ် ၁၃၀ ကျော်က ရွှေကျောင်းတော်စီမံကိန်း စက်တင်ဘာတွင် စတင်မည်

အမေရိကန်၊ မြန်မာတို့ ပူးပေါင်းထိန်းသိမ်းကြမည့် နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် မန္တလေး မြို့၊အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ မဟာအတုလ ၀ိဇယာရာမတိုက်နှင့် မဟာရံတံတိုင်း နှစ်ခု ကြားရှိရှေးဟောင်း ရွှေကျောင်းတော်ကြီးသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်သူ Mr. Derek J. Mitchell ဇူလိုင်လ ၂၅ ရက်က သွားရောက် လေ့လာခဲ့သည်။


အဆိုပါ ရွှေကျောင်းတော်ကြီး ပြုပြင် ထိန်းသိမ်းနိုင်ရန် လေ့လာရေးခရီးစဉ်တွင် သံအမတ်ကြီးနှင့်အတူ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေ၊ တိုင်းအစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးဖုန်းဇော်ဟန်၊မြန်မာဗိသုကာနှင့် ဒီဇိုင်းပညာရှင်များ ရှေးဟောင်းသုတေသနဌာနမှ အရာထမ်း များလည်း သွားရောက် လေ့လာခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီး၊ မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် Mr. Derek J. Mitchell တို့သည် ရွှေကျောင်းတော်ကြီး ထိန်းသိမ်းရေးအတွက် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင်လည်း ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ညှိ နှိုင်းဆွေးနွေးခဲ့ကြသေးသည်။

ဆွေးနွေးမှုအပြီး ထုတ်ပြန်ချက်တွင် “စီမံကိန်းတွင် အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် ယဉ်ကျေး မှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ကျွမ်းကျင် ၀န်ထမ်း များ ပူးပေါင်းဆောင်ရွက်မည်”ဟု ပါရှိသည်။

စီမံကိန်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် စတင်မည်ဖြစ်ကာ ဇွန်လတွင် အဆုံးသတ်မည်ဖြစ်သည်။ ရန်ပုံငွေကို အမေရိကန်နိုင်ငံ Ambassadors Fund for the Cultural Preservation မှ ပံ့ပိုးကူညီမည်ဟု လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွှေကျောင်းကို ထိန်းသိမ်းပြုပြင်ရန် အမေရိကန်နိုင်ငံက စတင် ကမ်လှမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ယဉ် ကျေးမှုဒုဝန်ကြီး ဦးသန်းဆွေက ပြောသည်။

“ဒီရွှေကျောင်းကြီးကိုမှ ဘာကြောင့် ပြုပြင်လိုပါသလဲ၊ မြန်မာနိုင်ငံမှာ စလေရုပ်စုံကျောင်းလိုမျိုး အခြား သစ်သားကျောင်းတော်များနဲ့ ရှေးကျတဲ့ အဆောက်အအုံများ ရှိနေတာပဲလို့ ဆွေးနွေးတော့ အမေရိကန် သံရုံးဘက်က ဒီရွှေကျောင်းတော်ကြီးဟာ မြို့ကြီးပြကြီးမှာ သူတို့ လက်လှမ်းမီ ပြုပြင် ထိန်းသိမ်းဖို့ လွယ်ကူ တဲ့အတွက်ကြောင့်လို့ပြောပါတယ်”ဟု ဦးသန်းဆွေက ပြောသည်။

ရွှေကျောင်းထိန်းသိမ်းမှုကော်မတီကို ဒုဝန်ကြီးဦးသန်းဆွေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကာယဉ်ကျေး မှုဝန်ကြီးဌာနမှ ညွှန်ချုပ်သုံးဦး၊ ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်မှ ပါမောက္ခချုပ်၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ရှေးဟောင်းပညာရှင် ဦးဝင်းမောင်၊ ဦးဝင်းမြင့် စသည်တို့က ပူးပေါင်း ဆောင် ရွက်ကြမည် ဖြစ်သည်။

ရွှေနန်းတော်ကျောင်းသည် မြတ်နန်းစံကျော် ရွှေနန်းတော်ကြီးမှ မှန်နန်းဆောင်၏ မြောက်ဘက်တွင် တည် ရှိခဲ့သော နန်းဆောင်တစ်ဆောင်ဖြစ်သည်။ မန္တလေး၊ ရတနာပုံ မြို့တည်နန်းတည်၊ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးအောက်တိုဘာ ၂ ရက် ၁၈၇၈ ခုနှစ်တွင် နတ်ရွာစံခဲ့ပြီးနောက် ထီးနန်းဆက်ခံခဲ့ သော သားတော်သီပေါမင်းကမြနန်းစံကျော် ရွှေနန်းတော်ကြီးပေါ်ရှိ မင်းတုန်းမင်း နတ်ရွာစံခဲ့သော နန်း ဆောင်နှင့် စနုဆောင်တို့ကို အောက်တိုဘာ ၁၂ ရက်တွင် ဖြုတ်သိမ်းခဲ့ကာ ယခုနေရာတွင် ရွှေနန်းတော် ကျောင်းအဖြစ် အောက်တိုဘာ ၃၁ ရက် ၁၈၈၃ ခုနှစ်တွင် အပြီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ခေတ်ကာလ ကုန်ကျငွေမှာ ထိုခေတ် ဒင်္ဂါး ၁၂၀,၀၀၀ ကျပ်ခန့် ကုန်ကျခဲ့သည်ဟု သမိုင်းအထောက်အ ထားများကဖော်ပြသည်။ နန်းတော်အဆောင်ကို ကျောင်းအဖြစ် ရွှေ့ပြောင်းဆောက်လုပ် လှူဒါန်းခဲ့၍ “ရွှေနန်းတော်ကျောင်း”ဟူ၍လည်းကောင်း ကျောင်းတော်ကြီး အတွင်းအပြင်တစ်ခုလုံးကို ရွှေပိန်းချ ရွှေ ရောင်တောက်ပလျက်ရှိခြင်းကြောင့် “ရွှေကျောင်း”ဟု ခေါ်တွင်ခဲ့သည်။

ရွှေနန်းဆောင်တော်ကြီး တစ်ဆောင်လုံးအား အရှေ့အနောက် တိုင် ၁၅ လုံးတန်းနှင့် တောင်မြောက်တိုင် ၁၀ လုံးတန်း တည်ဆောက်ထားပြီး တိုင်လုံးပေါင်း ၁၅၀ တိုင်၊ နယားရုပ်ထောက်တိုင် ၅၄ တိုင်နှင့် သရက် ကင်းအုတ်လှေကား ငါးစင်းဖြင့် ဆောက်လုပ်ခဲ့သည်။

မြန်မာမှု သစ်သားပန်းပုကို အခြေခံကာ ခြူးပန်း၊ ခြူးနွယ်၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများ၊ ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေနဇာတ်တော်တို့ကို အနု ပညာမြောက် လက်ရာများဖြင့် အနုစိတ် ဆောက်လုပ် လှူဒါန်းခဲ့သော ရှေးကျောင်းတော်ကြီး ဖြစ်သည်။

မဇ္ဈိမ သတင်းဌာန

UNFC နှင့် သီးသန့်တွေ့ဆုံရန် ပြည်တွင်းတိုင်းရင်းသား အဖွဲ့များ ထိုင်းနိုင်ငံသို့ထွက်ခွာ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် သီးသန့်တွေ့ဆုံရန် ပြည်တွင်း တိုင်း ရင်းသားအဖွဲ့များ ဇူလိုင် ၂၆ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က The Daily Eleven သို့ ပြောကြားသည်။


ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသော တိုင်းရင်းသား အဖွဲ့များမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်(UNA) အဖွဲ့ဝင်များဖြစ်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဇိုမီးဒီမို ကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် မွန်ဒီမိုကရေစီပါတီမှ ဒုတိယဥက္ကဋ္ဌ အပါအ၀င် စုစုပေါင်း အဖွဲ့ဝင်ကိုးဦး ပါဝင်ကြောင်း သိရသည်။


''UNFC အဖွဲ့နဲ့ UNA အဖွဲ့က သီးသန့်တွေ့ဆုံတာပါ။ တွေ့ဆုံမှု လုပ်ငန်းတွေ ပြီးပြတ်ရင် ဇူလိုင် ၂၇ ရက် လောက် မြန်မာနိုင်ငံကို ပြန်ရောက်ပါမယ်'' ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့သည် ထိုင်းနိုင်ငံ၌ UNFC အဖွဲ့နှင့် သီး သန့်တွေ့ဆုံ ဆွေးနွေးရန် ပြုလုပ်ထားသော်လည်း ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံတွင် လေး ရက်ကြာ ကျင်းပမည့် UNFC မှ ဦးဆောင်ပြုလုပ်မည့် တိုင်းရင်းသားညီလာခံသို့ တက်ရောက်ရန်ရှိကြောင်း စုံစမ်းသိရှိရသည်။

ညီလာခံသို့ တက်ရောက်ရန် ပြည်တွင်း၊ ပြည်ပမှ တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူထုအခြေပြု လူမှုအဖွဲ့များအား ဖိတ်ကြားထားကြောင်းနှင့် တက်ရောက် မည့်သူများ စာရင်းကို ညီလာခံ စတင်မည့် ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း UNFC အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Daily Eleven သို့ ပြောကြားသည်။

Eleven Media Group

ဇူလိုင် ၃၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်အား လွှဲပြောင်းခြင်း အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပါ ဖိတ်ကြားထား

ပြည်ထောင်စုလွှတ်တော် နာယက တာဝန်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၃၁ ရက်တွင် လွှဲပြောင်း လက်ခံသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပါ ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။


ဇူလိုင် ၃၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လွှဲပြောင်းလက်ခံခြင်း အစီအစဉ်ကို ထည့်သွင်း ဆောင်ရွက်မည် ဖြစ် ကြောင်း ပြည်ထောင်စု လွှတ်တော်၏ ဇူလိုင် ၂၄ ရက် ရက်စွဲပါ အစည်းအဝေး ဖိတ်ကြားချက်အရ သိရ သည်။

လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် နာယက တာဝန်အား အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ စတင်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကို လက်ခံဆောင်ရွက်ခြင်းမှာ ယခုဇူလိုင် ၃၁ ရက်တွင် လပေါင်း ၃၀ ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် ယခုကဲ့သို့ လွှဲပြောင်းခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယကတာဝန် လွှဲပြောင်းမည့် အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များအား တက်ရောက် ရန် ဖိတ်ကြားထားသည်။

Eleven Media Group

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း အမည်ကို သမ္မတ မှတ်ချက်အတိုင်း 'အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ' အဖြစ်ပြောင်းရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော်သမ္မတမှ သဘောထား မှတ်ချက်များဖြင့် ပြန်လည်ပေးပို့သည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း အမည်ကို သမ္မတ၏ မှတ်ချက်အတိုင်း 'အဂတိ လိုက်စား မှု တိုက်ဖျက်ရေး ဥပဒေ' ဟု ပြောင်းလဲရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်သည်။


ဇူလိုင် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပြင်ဆင် ရန် သဘောထား မှတ်ချက် ၁၂ ချက်အထိ ပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း အပေါ် ပြင်ဆင် အတည်ပြုနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ် ခဲ့ကြသည်။

နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက် ၁၂ ချက်ထဲတွင် ပြည်ထောင်စု လွှတ်တော်မှ ယခင် အတည် ပြုခဲ့သည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း အမည်အား 'အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ' ဟု ရေးသားရန် သင့်၊ မသင့် မှတ်ချက်ပါဝင်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာ အများစုက ပြင်ဆင်ရန် ထောက်ခံခဲ့သည့် အတွက် ပြည်ထောင်စု လွှတ်တော်နာယကက နိုင်ငံတော် သမ္မတ ၏ မှတ်ချက်အတိုင်း ပြောင်းလဲရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် ကျန်ရှိသည့် နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက် ၁၁ ချက်ကို ထပ်မံ၍ မဲခွဲဆုံးဖြတ်ခဲ့ ရာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းပါ ပုဒ်မ (၃၂)ပါ 'စုံစမ်းထောက်လှမ်းရန် လိုအပ်သည် ဟု ယူဆလျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (သို့မဟုတ်) စစ်ဆေးရေးမှူး တစ်ဦးဦးအား ဘဏ်တစ်ခုခုကို စုံစမ်း စစ်ဆေးရန် အောက်ပါလုပ်ပိုင်ခွင့်များ အပ်နှင်းနိုင်သည်' စကားရပ်တွင် ပါဝင်သည့် 'ဘဏ်တစ်ခုခုကို စုံစမ်း စစ်ဆေးရန်' စကားရပ်အစား 'ဘဏ်တစ်ခုခုရှိ စွပ်စွဲခံရသူနှင့် သက်ဆိုင်သော ဘဏ်စာရင်းများကို စုံစမ်း စစ်ဆေးရန်' ဆိုသည့် စကားရပ်အဖြစ် ပြင်ဆင်ရန်ဟူသော နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက် တွင်လည်း ထောက်ခံမဲ အများစုဖြင့် သမ္မတ သဘောထားအတိုင်း ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ သည်။

နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်(၁၂)ချက်တွင် အဆိုပါ နှစ်ချက်ကိုသာ သမ္မတ သဘောထား မှတ်ချက်အတိုင်း ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကျန် (၁၀)ချက်စလုံးအား ယခင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထားသည့် အတိုင်းသာ ပြန်လည်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယခု ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပြီးသည့် ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတထံ ပြန်လည် ပေး ပို့ သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတမှ ပြင်ဆင်ရန် မရှိပါက ယခုအတိုင်းသာ အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေကြမ်းပါ ပိုင်ဆိုင်မှု စာရင်းများအား သမ္မတထံ ပေးပို့ရမည့် အချက်ကို သမ္မတက နုတ်ပယ်လိုသော်လည်း လွှတ်တော်မှ ထည့်သွင်းရန် မဲအများစုဖြင့် အတည်ပြုဆုံးဖြတ်

ဇူလိုင် ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမြင်ကွင်း
(ဓာတ်ပုံ-ဇင်ဘိုလွင်)

လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေကြမ်းပါ ပိုင်ဆိုင်မှုများအား စာရင်းပြုစု၍ နိုင်ငံတော် သမ္မတထံ ပေးပို့ရမည် ဆိုသောအချက်ကို သမ္မတမှ နုတ်ပယ်လိုသော်လည်း ပြည်ထောင်စု လွှတ်တော်မှ ယင်းအချက် ကို ထည့်သွင်းရန် အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။


ဇူလိုင် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတမှ ပြင် ဆင်ရန် သဘောထားမှတ်ချက် ၁၂ ချက်အထိ ပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေ ကြမ်းအပေါ် ပြန်လည်ပြင်ဆင် အတည်ပြုနိုင်ရန် ပေးပို့ခဲ့သည့်အပေါ် ဆွေးနွေးအတည်ပြု ခဲ့ကြသည်။

နိုင်ငံတော်သမ္မတမှ ပေးပို့သည့် အချက်များထဲတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေကြမ်း ပုဒ်မ ၁၃ ပါ ကော်မရှင် အဖွဲ့ဝင်များသည် ကော်မရှင်တွင် တာဝန်ပေးအပ်ခြင်း ခံရသည့်အခါတွင် မိမိတို့ ဦးစီး သည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမည် ဆိုသော အချက်အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် နုတ်ပယ်သင့်ပါသည်ဟု သမ္မတက သဘောထားမှတ်ချက် ပြုခဲ့သည်။

အဆိုပါအချက်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား ကို မဲခွဲဆုံးဖြတ်ခဲ့ရာ ပြည်ထောင်စု လွှတ်တော်မှ ယခင် အတည်ပြု ထားသည့်အတိုင်း ထည့်သွင်းရန် အ တည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

ထို့အတွက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား နောက်ပိုင်းတွင် နိုင်ငံတော် သမ္မတက လည်း လက်ခံ၍ အတည်ပြုခဲ့မည် ဆိုပါက အဆိုပါ ဥပဒေအရ ဖွဲ့စည်းထားသည့် ကော်မရှင် အဖွဲ့ဝင်များ သည် ကော်မရှင်တွင် တာဝန်ပေးအပ်ခြင်း ခံရသည့်အခါ မိမိတို့ ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှု အားလုံးကို တန်ဖိုး နှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည် ဖြစ်သည်။

ဇူလိုင် ၂၆ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေ ကြမ်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောဆန္ဒ ရယူကာ မဲခွဲဆုံးဖြတ် အတည်ပြု ဘိုက်သည့် အချက် ၁၂ ချက်တွင် နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း အတည်ပြုခဲ့သည့် အချက်နှစ်ချက် ပါဝင်သည်။

သမ္မတ သဘောထားအတိုင်း ပြင်ဆင်သည့် အချက်ထဲတွင် ဥပဒေကြမ်း၏ ပုဒ်မ ၃၂ အရ ကော်မရှင်က အဆိုပါ ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းထောက်လှမ်းရန် လိုအပ်သည်ဟု ယူဆခံရလျှင် အဆိုပါ စွပ်စွဲခံရသူနှင့် သက်ဆိုင်သော ဘဏ်စာရင်းများကိုပါ စုံစမ်းစစ်ဆေး ခံရမည်ဖြစ်သည်။

Eleven Media Group

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်ဝင်လာသည့် ယခင်မြန်မာ နိုင်ငံသားအား ဥပဒေအရ အရေးယူပြီး၍ ပြည်နှင်ဒဏ်ပေး

စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ပေးအပ်နေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်လည်ဝင်လာသည့် Somchai Rakyodying(ခ)စိုင်းဆုတ် (ယခင်မြန်မာနိုင်ငံသား) အား လ၀က ဥပဒေအရ အရေးယူပြီးပြီ ဖြစ်၍ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်အရ အက်ဥပဒေ ပုဒ်မ ၇/၁ဖြင့် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ သိရသည်။


ဖြစ်စဉ်မှာ ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူ Somchai Rakyodying (ခ)စိုင်းဆုတ်သည် မြန်မာနိုင်ငံ အ တွင်းသို့ တရားမ၀င် ပြန်လည်ဝင်ရောက် လာခဲ့ပြီး ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ သြဂုတ်အတွင်းက ရွှေဂုံတိုင်ဟို တယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားဖြစ်သူ စိုင်းဆုတ်သည် ယခင်က မြန်မာနိုင်ငံသားဖြစ်ပြီး ရှမ်းပြည်နယ် ကျိုင်းတုံမြို့ တွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး ယင်းနောက် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရင်း ထိုင်းနိုင်ငံ သားအဖြစ် ခံယူခဲ့ကြောင်း ရန်ကုန်မူးယစ် အထူးအဖွဲ့ (အနောက်ပိုင်း) ကြီးကြပ်သူ အရာရှိ ဒုရဲမှူးခင်မောင် သိန်းက ပြောကြားသည်။

အဆိုပါ စိုင်းဆုတ် မြန်မာနိုင်ငံအတွင်း ပြန်ဝင်လာခြင်းနှင့် ပတ်သက်၍ ''သူက ထိုင်းမှာရှိတဲ့ ဂိုဒေါင်တစ်ခုမှာ အလုပ်လုပ်တယ်။ အဲဒီဂိုဒေါင်က စိတ်ကြွဆေးပြား လုပ်ရာမှာသုံးတဲ့ ဆူဖာဖက်ဒရင်း အတောင့်တွေကို ချွတ် ပြီးတော့ အမှုန့်လုပ်တယ်။ အမှုန့်လုပ်ပြီးတော့ စိတ်ကြွဆေးပြား ချက်တဲ့နေရာတွေကို ပို့တယ်။ ပို့တာတော့ အတိအကျ မသိဘူး။ သူ့ရဲ့တာဝန်က အဝေးပြေး ဂိတ်တွေကနေ သွားယူတယ်။ ယူပြီးရင် ချင်းမိုင်မှာရှိတဲ့ သူတို့ငှားထားတဲ့ အိမ်တစ်အိမ်မှာ သိမ်းထားတယ်။ လာသယ်တဲ့ အခါကျရင် သူကသော့ဖွင့်ပေးတယ်။ သူက အဲဒီ အလုပ်ကိုပဲ လုပ်ပေးရတယ်'' ဟု ရန်ကုန် မူးယစ်အထူးအဖွဲ့ (အနောက်ပိုင်း) ကြီးကြပ်သူ အရာ ရှိ ဒုရဲမှူးခင်မောင်သိန်းက ပြောကြားသည်။

''တစ်နေ့မှာ သူတို့အိမ်ကို ရဲက ၀င်စီးတယ်။ အဲဒီမှာ ဆူဖာဖက်ဒရင်းတွေ အများကြီးတွေ့တယ်။ တွေ့တော့ စစ်လိုက်တော့ သူပါတယ်ဆိုတာ သိတယ်။ အဲဒီအချိန်မှာ သူ့ကို အစ်ကိုတို့ဆီမှာ သတင်းပေးထားတယ်။ ထိုင်းနိုင်ငံသား မြန်မာနိုင်ငံကို ထွက်ပြေးလာတယ်။ သူ့ကို ရွှေဂုံတိုင် ဟိုတယ်မှာ ဖမ်းမိတယ်''ဟုဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ပြန်ဝင်လာသူ စိုင်းဆုတ်အား လ၀ကဥပဒေအရ အရေးယူကာ ဗဟန်း တရားရုံးမှ ထောင်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

''သူက ကျိုင်းတုံ ရပ်ကွက်(၂)မှာနေခဲ့တာ အဲဒီကလူတိုင်း သိပါတယ်။ သူ ၁၅ နှစ်လောက်မှာ ထိုင်းကိုသွား ပြီး အလုပ်လုပ်တယ်။ ထိုင်းကို လူတိုင်းသွားပြီးတော့ အလုပ်လုပ် နေကြတာပဲ။ သူပြန်လာတော့ထောင်တစ် နှစ်ချခံရတယ်'' ဟု စိုင်းဆုတ်၏ အစ်ကိုဝမ်းကွဲ ဖြစ်သူက ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံသားဖြစ်သူ စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်အဖွဲ့ (ONCB)မှ လက် ထောက် ညွှန်ကြားရေးမှူး Mr Sithisak Kallayanapradit နှင့် တာဝန်ရှိသူများထံသို့ မူးယစ်ပြတိုက်မှ ဒုတိ ယ ညွှန်ကြားရေးမှူး ဒုရဲမှူးကြီး မြင့်အောင်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၆ရက် မွန်းလွဲပိုင်းတွင် မူးယစ်ပြ တိုက်၌ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Eleven Media Group

မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု ပြဿနာများ ပိုမိုရှုပ်ထွေး နိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရမှ နိုင်ငံသားများအား မေတ္တာရပ်ခံ

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များသည် လက်ရှိအချိန်တွင် ပြန်လည် တည်ငြိမ်နေပြီ ဖြစ် သော်လည်း ပြည်တွင်း၊ ပြည်ပမှ အချို့အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုး ရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ စွပ်စွဲမှုများက ပြဿနာများ ပိုရှုပ်ထွေးနိုင်သည်ကို သတိ ထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရက နိုင်ငံသားများအား ဇူလိုင် ၂၆ ရက်က သတင်းထုတ်ပြန်ချက် (၁၀/၂၀၁၃) ဖြင့် မေတ္တာရပ်ခံခဲ့သည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် (၁၀/၂၀၁၃) ကို ဇူလိုင် ၂၆ ရက် ညပိုင်းက နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရာဇ၀တ်ပြစ်မှု တစ်ခုအပေါ် အခြေခံ၍ လူမှုအ သိုက်အ၀န်း နှစ်ခုအကြား ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များ သည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူများအတွက် များစွာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်များ ဖြစ် ကြောင်း၊ ၂၀၁၃ ခုနှစ် မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဈေးဝယ်သူချင်း အချင်းများရာ၌ အုပ်စုချင်း အကြမ်းဖက် လုပ်ရပ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ၂၀၁၃ ခုနှစ်၊ မေလတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း ဆူပူသည့် ဖြစ်စ ဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ပြည်တွင်း ပြည်ပမှ အချို့အဖွဲ့အစည်းများက မြန်မာနိုင်ငံအတွင်း ဘာသာရေးခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ပုံဖော်စွပ်စွဲမှုများ ပေါ်ပေါက်လျက်ရှိကြောင်း၊ ထိုသို့ သော ပုံဖော်စွပ်စွဲမှုများကြောင့် ပြဿနာများပို ၍ရှုပ်ထွေး သွားစေနိုင်မည်ကို သတိပြုသင့်သည်ဟု သတင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

တိုင်းရင်းသား ပြည်သူလူထုများ၊ နိုင်ငံသားများအားလုံး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ ငြိမ်းချမ်းညီညွတ်စွာ ဖြင့် သမိုင်းစဉ်တစ်လျှောက် ဂုဏ်သိက္ခာမြင့်မားစွာ နေထိုင်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အစဉ် အလာကို စောင့်ထိန်းလျက် အနာဂတ်ကာလတွင်လည်း ယင်းသို့ ညီညွတ်စွာ နေထိုင်သွားရေးကို ရှေးရှု ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းနှင့် တစ်ချိန်တည်းမှာပင် နိုင်ငံရေး၊ စီးပွားရေး၊ စနစ်သစ်တစ်ရပ် အား အောင်မြင်စွာ တည်ဆောက်နိုင်ရေးကို နိုင်ငံသားတိုင်း၏ အဓိကတာဝန်အဖြစ် ခံယူကြိုးပမ်း ဆောင် ရွက်သွားကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိသကဲ့သို့ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် နား လည်စာနာ သည်းခံမှုများ ရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ပြင် ဘာသာရေး အစွန်းရောက်သည့် ရန်လိုမုန်း တီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန်နှင့် ဘာသာရေး ပဋိပက္ခများ ကြီးထွားအောင် မတည်မငြိမ်ဖြစ် အောင် လုပ်ဆောင်နေသူများကို ၀ိုင်းဝန်းဆန့်ကျင် သွားရန်လည်း လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင် သည်။

အစိုးရသည် ပဋိပက္ခ ဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာခဲ့သူများအား လူမျိုးဘာသာ မခွဲခြားဘဲ အကူအညီ များ ပေးအပ်ခဲ့ကြောင်း၊ ပြန်လည်နေရာ ချထားရေး၊ ပုံမှန်ဘ၀သို့ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသော သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းနိုင်ရေးအတွက် စေတနာရှင် နိုင်ငံများ၊ ကမ္ဘာ့ကုလ သမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းမှ စေတနာရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသား အားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့် ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိပြီး သမိုင်းစဉ်တစ်လျှောက် မတူညီသော ဘာသာဝင်များအကြား စည်းလုံးညီညွတ်စွာ သဟဇာတဖြစ်စွာ နေ ထိုင်လျက် ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Eleven Media Group

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မရှိသည့် ကျေးရွာကို ပြည်ထဲရေး ၀န်ကြီးဌာန ညွှန်ကြားချက်ဖြင့် ရွှေ့ပြောင်းရမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားစဉ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မပြုသည့် ကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းမည် မဟုတ်သော်လည်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ရွှေ့ပြောင်း ရ မည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇူလိုင် ၂၆ ရက်က နေပြည် တော်တွင် ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ရေး ကော်မတီ၏ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။


သတင်းထောက်တစ်ဦး မေးမြန်းသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးမယူဘဲ မရွှေ့ပြောင်းသည့် ဆည်တည်းကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းရန်ရှိမရှိ မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ''ဆည်တည်းရွာနဲ့ ပတ်သက်ပြီး ဆည်တည်းရွာ အဟောင်းကို ရွာအသစ် တည်ထားပြီး ဖြစ်ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ တည်ဆောက်ပေးပြီး ဖြစ်ပါတယ်။ ရွာသစ်က တစ်ရွာတည်း မဟုတ်ပါဘူး။ လေးရွာပါ။ မိုင်းလုပ်ငန်း လုပ်လိုက်ရင် ထိခိုက်မှုတွေ ရှိနိုင်လို့ လေ့ လာပြီး နဂိုကတည်းက ရွှေ့ထားတာ ဖြစ်ပါတယ်။ ရွာသစ်လေးရွာ ရွှေ့လိုက်လို့ ရွာဟောင်းက အလို အ လျောက် ပျက်စီးသွားပါတယ်။ အလိုအလျောက် ပယ်ပျက်သွားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အင်အားသုံး စရာ မလိုပါဘူး။ ကျွန်တော်တို့က သူတို့ကို နားလည်သဘော ပေါက်အောင် ပြောတဲ့အတွက် အဲဒီမှာရှိတဲ့ မိသားစုတွေက တဖြည်းဖြည်း ရွာသစ်ကို ရွှေ့ပြောင်းသွားပါတယ်။ တချို့လည်း ပြောင်းရွှေ့နေတယ်။ ဒါပေ မဲ့ ပယောဂတွေ ရှိနေလို့ ပြောင်းပြီး လာချင်တာတောင် လာလို့မရဘူး။ တိုးတိုးတိတ်တိတ်နဲ့အကူအညီ တောင်းပြီး ပြောင်းလာတဲ့ သူတွေလည်း ရှိတယ်။ တချို့လည်း ပြောင်းလာပြီး ပစ္စည်းသွားယူမှ နည်းနည်း အနှောင့်အယှက်တွေ ရှိနေတာတွေ ကြားပါတယ်။ ဒါကြောင့် အင်အားသုံးစရာ မလိုသော်လည်း ဒီရွာဟာ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ မရှိတော့ပါဘူး။ ရွာသစ်ကို အားလုံးပြောင်းရွှေ့ဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

လျော်ကြေးမယူဘဲ မပြောင်းရွှေ့သည့် ဆည်တည်းကျေးရွာတွင် အိမ်ထောင်စု ၁၆၀ ၀န်းကျင် ကျန်ရှိနေ သေးကြောင်းနှင့် ဆည်တည်းရွာမှ အိမ်ထောင်စု ၄၆ စုသည် ရွှေ့ပြောင်းပြီး ဖြစ်ကြောင်း သိရသည်။

Eleven Media Group

အရှေ့တောင်အာရှ ဒေသအတွင်း မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှု ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့မှ သုံးသပ်

ကမ္ဘာကျော် ဦးပိန်တံတား တည်ရှိရာ တောင်သမန်အင်းအတွင်း ငှက်သမ္ဗန်ဖြင့် လေ့လာနေသည့် ကမ္ဘာလှည့် ခရီးသွားအချို့

အရှေ့တောင်အာရှ ဒေသအတွင်း မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှု ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်ကြောင်း United Nations World Tourism Organization (UNWTO) က ၂၀၁၃ ခုနှစ်တွင် ထုတ် ဝေသည့် UNWTO Tourism Highlights ၌ ဖော်ပြထားသည်။


မြန်မာနိုင်ငံ ပါဝင်သည့် အာရှနှင့် ပစိဖိတ်ဒေသ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သုံးသပ်ချက်တွင် အရှေ့ တောင်အာရှ ဒေသသည် အခြားသော အာရှဒေသခွဲများထက် ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံး ဖြစ်ကာ ၂၀၁၂ ခုနှစ်အတွင်း ခရီးသွား ၀င်ရောက်မှု ကိုးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း UNWTO က ဆို ထားသည်။

၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှု ရာခိုင်နှုန်းများ အနေဖြင့် ထိုင်းနိုင်ငံသည် ၁၆ ရာခိုင်နှုန်း၊ ကမ္ဘော ဒီးယား နိုင်ငံသည် ၂၄ ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံသည် ၁၄ ရာခိုင်နှုန်း အသီးသီးရှိကာ မြန်မာနိုင်ငံသည် ၅၂ ရာခိုင်နှုန်းဖြင့် တိုးတက်မှု အမြင့်ဆုံး ဖြစ်သည်ဟု UNWTO က သုံးသပ်ထားသည်။

ခရီးသွားဦးရေ စုစုပေါင်း အနေဖြင့်မူ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ဦးရေ တစ်သန်း ကျော်လွန်ခဲ့သော်လည်း အရှေ့တောင်အာရှ ဒေသတွင်း ခရီးသည်ဝင်ရောက်မှု အနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။

အာရှနှင့် ပစိဖိတ်ဒေသသည် ၂၀၁၂ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံး ဒေသဖြစ်ကာ ၇ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်း၊ ခရီးသွားဦးရေ စုစုပေါင်း ၂၃၄ သန်း အာရှနှင့် ပစိဖိတ်ဒေသသို့ လာ ရောက်ခဲ့ကာ ခရီးသွားများထံမှ ရရှိသောဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂၄ ဘီ လျံမှာ တစ်ကမ္ဘာလုံး ၀င်ငွေ ၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း UNWTO Tourism Highlights ၌ ဖော်ပြချက်အရ သိရသည်။

ပုဂံဘုရားများအား လာရောက်လေ့လာနေသည့် ကမ္ဘာလှည့် ခရီးသွားများကို တွေ့ရစဉ်
(ဓာတ်ပုံ-ကိုနော်)

မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ်က UNWTO ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ခေတ္တ ဆိုင်းငံ့ခဲ့သည်။

၂၀၁၂ ခုနှစ် မေလအတွင်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူးချုပ် Dr. Taleb Rifai သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဆိုင်ရာ အလားအလာများ သာမက ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့သို့ ပြန်လည်ဝင်ရောက် နိုင်ရန် လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ၂၀၁၂ ခုနှစ်အတွင်း အဖွဲ့ဝင်နိုင်ငံ အဖြစ်သို့ ပြန်လည်ရောက်ရှိ လာခဲ့ သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း မှစတင်ကာ နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲများပေါ်တွင် မူတည် ၍ ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကာ ၂၀၁၂ ခု နှစ်အတွင်း ပထမဆုံးအကြိမ် ခရီးသွားဦးရေ တစ်သန်းကျော်လွန်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်း နယ်ပယ်၏ တိုးတက်မှု မြန်ဆန်ခြင်းနှင့် အတူ ဟိုတယ်အခန်း လိုအပ်ချက်လည်း ပေါ်ပေါက်နေသည့် အတွက် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းသည် ရင်းနှီးမြှုပ်နှံသူများ၏ အာရုံစိုက်ရာ နယ်ပယ်တစ်ခုလည်း ဖြစ်နေသည်။

Eleven Media Group

သာကေတ သံပေါင်တံတားဟောင်း ပိတ်ပြီးနောက်ပိုင်း သုဝဏ္ဏ တံတားပေါ်တွင် ယဉ်ကြောပိတ်ဆို့မှု ပိုများလာ

သာကေတ သံပေါင်တံတားဟောင်း ပိတ်ထားသည့် နောက်ပိုင်း သုဝဏ္ဏ တံတားပေါ်တွင် ယာဉ်ကြောပိတ် ဆို့မှုများ ပိုမိုများပြား လျက်ရှိကြောင်း သိရသည်။


ထိုသို့ ယာဉ်ကြောပိတ်ဆို့မှုမှာ သာကေတဘက်မှ သုဝဏ္ဏဘက်သို့ အသွားကားများ တစ်စီးထက်တစ်စီး ဖြတ်ကျော် မောင်းနှင်ခြင်းကြောင့် လည်းကောင်း၊ သာကေတ တံတားဟောင်း ပိတ်ထားသည့် အတွက် ယခင်တံတားဟောင်းကို အသုံးပြုနေရသော ကားများသည် သုဝဏ္ဏတံတားကိုသာ ဖြတ်သန်းရသည့် အ တွက် ကားများထူထပ် များပြားလာခြင်းကြောင့် လည်းကောင်း ခရီးစဉ်တစ်ကြောလျှင် အနည်းဆုံးမိနစ် ၂၀ မှ အများဆုံး ၄၅ မိနစ်အထိ ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် ယခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်ကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့ရှိ အားက စားရုံများတွင် ကျင်းပမည်ဖြစ်ရာ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်းသည်လည်း အပါအ၀င် ဖြစ်သော ကြောင့် ယင်းကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလျက် ရှိပါသောကြောင့် နိုင်ငံ့ပုံရိပ်ကို ထိခိုက်နိုင် ကြောင်း ပြည်သူများက ဆိုသည်။

ယခုကားများ အဓိက ဖြတ်သန်းနေရသည့် သုဝဏ္ဏ တံတားဟောင်းသည် ဒေါပုံမြို့မှ သုဝဏ္ဏ၊ ဒဂုံတောင်၊ တာမွေမြို့နယ်တို့ကို တိုက်ရိုက်ဖြတ်သန်းနိုင်ပြီး ယခင်သာကေတ သံပေါင်တံတားဟောင်းသည် ဒေါပုံမှ မင်္ဂလာတောင်ညွန့်သို့ တိုက်ရိုက်ဆက်သွယ် ထားသော တံတားဖြစ်သည်။ ယင်းတံတားသည် ယာဉ်ဖြတ် သန်းခ အနေဖြင့် စက်ဘီး တစ်စီးလျှင် ကျပ် ၅၀၊ ဆိုင်ကယ်တစ်စီး ကျပ် ၁၀၀၊ ခရီးသည်တင် လိုင်းကား တစ်စီး ကျပ် ၁၀၀၊ ၂ တန်အောက် လိုင်းကားတစ်စီးလျှင် ကျပ် ၂၀၀၊ ၂ တန်မှ ၅တန် အထိ ယဉ်တစ်စီး လျှင် ကျပ် ၃၀၀ ကောက်ခံပြီး အသွားကော အပြန်ပါ ကောက်ခံခြင်း ပြုခဲ့သော်လည်း တံတားကြံ့ခိုင်မှု အတွက် ပြင်ဆင်ရေးကိုမူ ဆောင်ရွက်ခဲ့ခြင်း မရှိပေ။

အဆိုပါ တံတား၏ ကြံ့ခိုင်မှုအရ ဖြတ်သန်းသွားလာသည့် ယာဉ်များကို အန္တရာယ် ရှိနိုင်သောကြောင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဖြတ်သန်းသွားလာခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group