Tuesday, July 16, 2013

စတော့အိတ်ချိန်းဈေးကွက် ယခုနှစ်အတွင်း စတင်မည်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက်ကို ယခုနှစ်အတွင်း စတင်အကောင် အထည်ဖေါ်တော့ မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဇူလိုင်လ ၁၅ရက် တွင် အတည်ပြု ပြောကြား လိုက်သည်။


စတော့အိတ်ချိန်းဈေးကွက်အား တည်ထောင်ရန် မြန်မာနိုင်ငံအနေဖြင့် ဂျပန်ကုမ္ပဏီ ဒိုင်ဝါနှင့် ပူးပေါင်းဆောင်ရွက် လျှက်ရှိကာ ၂၀၁၅ အမီစတင်မည်ဟု တရားဝင်သတင်းထုတ်ပြန်ထားပြီးဖြစ်ရာမှ ယခုနှစ်အတွင်း စတင်မည်ဟု ဦးမောင်မောင်သိမ်းက မြန်မာ့အာမခံလုပ်ငန်းရုံးသို့ရောက်ရှိစဉ် အထက်ပါကဲ့သို့ အတည်ပြု ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက “မြန်မာနိုင်ငံမှာ ငွေရေးကြေးရေး အရင်းအနှီး ရဖို့အတွက် အကြီးမားဆုံး ဈေးကွက်ကြီးတစ်ခု လိုအပ်တယ်။ အဲဒီ့ဈေးကွက်ရှိတော့မှ မြန်မာပြည်မှာ စီးပွားရေး လုပ်ချင်တယ်ဆိုရင် လိုအပ်တဲ့ငွေတွေကို အဲဒီမှာ ဖန်တီးယူလို့ရတယ်။ အဲဒီဈေးကွက် မြန်မာပြည်မှာ မရှိခဲ့ပါဘူး။ ဒီဈေးကွက် တည်ဆောက်ဖို့အတွက် ပြင်ဆင်နေတာ နှစ်တွေ အတော်ကြာပါ ပြီ”ဟုပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ စတော့အိတ်ချိန်းကို စတင်နိုင်ရေးအတွက် လက်ရှိကျင်းပဲဆဲ လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွတ်တော်သို့ Sercurity Exchange Law အား တင်သွင်းထားပြီးဖြစ်ကာ ယင်းဥပဒေ အတည်ပြု ပြီးသည် နှင့် တစ်ပြိုင်နက် စတော့ဈေးကွက်ကို စတင်မည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ဦးမောင်မောင်သိမ်းက “စတော့အိတ်ချိန်းဈေးကွက်ကို ဗန္ဓုလပန်းခြံနားက မြ၀တီဘဏ်နေရာမှာ တည်ထောင်မှာ ဖြစ်ပါတယ်။ အဲဒီဘဏ်အဆောက်အအုံက အရင်က ဘဏ္ဍာရေးဝန်ကြီးဌာနပိုင်ဖြစ်တယ်။ စတော့အိတ်ချိန်း တည်ထောင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနကနေ ပြန်တောင်းမယ်။ ဒီနှစ်ထဲမှာ ရဖို့ရှိတယ်။ အရင်က ၂၀၁၅ မှာ စမလို့ပဲ။ အဲဒီအချိန်မှာစရင် နောက်ကျသွားမယ်။ ဒီနှစ်ထဲမှာပဲ စလုပ်မယ်။ ဒီလထဲမှာပဲ မြန်မာ IT ကုမ္ပဏီ တစ်ခုနဲ့ပူးပေါင်းပြီး သရုပ်ပြဖို့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် တည်ထောင်နိုင်ရေးသည် ကြီးမားသည့် စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်နေ ကာ ယင်းအတွက် ကော်မတီတစ်ရပ်လည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဦးမောင်မောင်သိမ်း က ဆိုသည်။

ယခုနှစ်တွင် စတော့အိတ်ချိန်းဈေးကွက် စတင်မည်ဆိုခြင်းနှင့်စပ်လျဉ်းကာ စီးပွားရေး ပညာရှင် ဦးလှ မောင်က“ စတော့အိတ်ချိန်းက ဒီနှစ်ကုန်စနိုင်ရင် အံသြစရာပေါ့။ မြန်မြန်စနိုင်လေ ကောင်းလေပေါ့။ ဒါပေမယ့် ငွေကြေး ဈေးကွက်ဖြစ်တဲ့အတွက် ရှယ်ယာရောင်းပေးနိုင်မယ့် အများပိုင်ကုမ္ပဏီ။ ကော်ပိုရေးရှင်းတို့ ရှိဖို့လိုတယ်။ အိတ်ချိန်း ဖွင့်နိုင်ရင် ရှယ်ယာဝင်ကြတော့မှာ ရှယ်ယာရောင်းပေးနိုင်တဲ့ ကုမ္ပဏီနဲ့ ကော်ပိုရေးရှင်းတွေ အလုံအလောက်မရှိရင် အဲဒီဈေးကွက်က အားနည်းပြီး ပြိုကွဲသွားမယ်”ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။

စတော့ဈေးကွက်သို့ ၀င်ရောက်မည့် အများပိုင်ကုမ္ပဏီများအနေဖြင့် ကြီးကြပ်မည့် ကော်မတီသို့ ယင်းတို့၏ လုပ်ငန်းအခြေအနေအား အမှန်အတိုင်းတင်ပြရမည်ဖြစ်ရာ လက်ရှိဝေဖန်မှုများနေသော စီးပွားရေး လုပ်ငန်းများ၏ အခွန်ဆိုင်ရာ အရှုပ်အထွေးများသည် မြန်မာနိုင်ငံတွင် စတော့ဈေးကွက် စတင်နိုင်ရေး အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်နေကြောင်း ကျွမ်းကျင်သူများက ပြောကြားကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အများပိုင်ကုမ္ပဏီများအား စီးပွားရေးဆိုင်ရာ သုတေသန ၀န်ဆောင်မှုများ ဆောင်ရွက်ပေး နေသော Thura Swiss ကုမ္ပဏီမှ စီအီးအို ဒေါက်တာ အောင်သူရက ” မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း ဈေးကွက် စတဲ့အခါ လက်ရှိအများပိုင် ကုမ္ပဏီတွေထက် ထပ်မံပေါ်ပေါက်လာမဲ့ iKBZ လို AGD တို့လို အများပိုင် ကုမ္ပဏီတွေ က ၀င်ရောက်ဖို့ရှိတယ်လို့ ဒိုင်ဝါက သုံးသပ်ထားပုံရတယ်။ ၂၀၁၅ ဆိုပေမဲ့ မြန် မြန်စနိုင်လေ ကောင်းလေပါပဲ”ဟု မကြာမီက မဇိ္ဈမနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန် တွင် ဒိုင်ဝါနှင့်ပူးတွဲ တည်ထောင်ထားသည့် MSEC (Myanmar Security Exchange Center) တွင် စာရင်းဖွင့်ထားသည့် အများပိုင်ကုမ္ပဏီ အရေအတွက်မှာ နှစ်ခုသာရှိသေးပြီး လက်ရှိအနေအထားအရ မြန်မာ ပြည်သူများအားလည်း ယင်းဈေးကွက်နှင့် သက်ဆိုင်သော သတင်းအချက်အလက်နှင့် လည်ပတ်ပုံများအား ကြိုတင်ပညာပေးထားနိုင်မှသာ ဈေးကွက်စတင်ရာတွင် ချောမွေ့နိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာ စီးပွားသုသေသန ပညာရှင် မစ္စတာဂျယ်ရမီက မဇိ္ဈမသို့ ပြောကြားခဲ့သည်။ 

Credit : http://www.mizzimaburmese.com/news/business/12596-2013-07-16-06-25-47.html

အစိုးရဂေါက်ကွင်း၊ လယ်သမားကောင်းမှု



ပြည်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှုးသည် လယ် သမား တချို့ကို (၅.၇.၂၀၁၃)ရက်နေ့တွင် ခေါ်ယူ တွေ့ဆုံပြီး ၎င်းတို့ အံ့အားသင့်သွားသည့် စာတ စောင် ကို ထုတ်ယူ ပြသခဲ့သည်။


ထိုစာမှာ လယ်သမား(၃၆)ယောက်က လယ်ယာ မြေ တို့ကို စွန့်လွှတ် လှူဒါန်းထားကြောင်း ဖော်ပြ ထားသည်ဟူသော စာတစောင် ဖြစ်သည်။ ၎င်းတို့ လှူလိုက်သည်ဆိုသော မြေများမှာ ယခုအခါ သီရိ ခေတ္တရာဂေါက်ကွင်း ဖြစ်နေလေ၏။

ထူးဆန်းသည်မှာ ထိုစာကို သွားရောက်ကြည့်သူထဲတွင် အသိမ်းခံလယ်သမားတွေ ကိုယ်တိုင် မိမိတို့ ဘယ်အချိန်တုံးက လယ်တွေကို လှူဒါန်းလိုက်ကြောင်း လက်မှတ် ထိုးမိသလဲ ဆိုတာကို မသိလိုက်ခြင်း ဖြစ်သည်။

စာကို (၇.၆.၁၉၉၉)နေ့ ရက်စွဲတပ်ထားသည်ဟု ဆို၏။

ထို့ကြောင့်

၁၉၈၆ ခုနှစ်က သေဆုံးသွားသော ဦးမောင်စိန်၊

၁၉၉၂ ခုနှစ်က သေဆုံးသွားသော ဦးအေးမောင်၊

၁၉၉၅ ခုနှစ်က သေဆုံးသွားသော ဦးအောင်စိန်တို့ပါ တမလွန်မှ လာရောက်ပြီး လက်မှတ်ထိုးသလိုမျိုး ဖြစ်နေ ပါတော့သည်ဟု ဒေသခံတဦးက ဆိုသည်။

သူတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ခေါ်ယူပြီး လယ်တွေကို လှူဒါန်းကြောင်း လက်မှတ်ထိုးစာကို ပြသစဉ်က မိတ္တူ ကူးယူဖို့ခွင့်တောင်းရာ ခွင့်မပြုနိုင်ကြောင်း ပြောပြီး ထိုစာတွင် ဒုတိယ၀န်ကြီး ဦးတင်စိုးက လက်မှတ်ရေးထိုး အတည်ပြုထားကြောင်းကိုပါ ပြောပါသည်။

ပြည်မြို့မှ အောင်လံမြို့ဘက်အထွက် ထမ္မကောက်အုပ်စု၊ တီတွတ်ကျေးရွာတွင် တည်ဆောက်ထားသော သီရိခေတ္တရာဂေါက်ကွင်း ကြီးသည်(၁၉၉၆/၉၇)ခုနှစ်တွင် စစ်တပ်မြေ မကျုးကျော်ရ၊ မည်သူမှ ၀င်ရောက် လယ်လုပ်ကိုင်ခြင်း မပြုလုပ်ရ အရေးယူခြင်းခံရမည်ဟု ကြေညာကာ ထိုအချိန်ကတည်းက အသိမ်းခံလိုက်ရပါသည်။

ဦးဝင်းမြင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပဲခူးတိုင်းလယ်ယာကော်မတီ) လက်ရှိ ဂေါက်ကွင်းတွင် နာယက တစ်ဦးဖြစ်သူကို (၃၀ ၁၂ ၂၀၁၁)ရက်နေ့က ရွာတွင်တွေ့ ဆုံမေးမြန်းခဲ့ရာ သူက လွှတ်တော်မှ ပြဋ္ဌန်းသော အချက်အလက်များကို ဖတ်ပြပါသည်။ ထို့ပြင် တိုင်းပြု၊ ပြည်ပြု ဂေါက်ကွင်း လဲဖြစ်ပါသည် ဟုပြောပြီး သူ အခုအခေါက်လွှတ်တော်တွင်တင်ပြပေးပါမည်ဟု ပြောပါသည်။


ထိုကိစ္စအတွက်(၇ ၉ ၁၂ရက်နေ့တွင်တကြိမ်) ၊ (၇ ၁၂ ၁၂)နေ့တွင်တကြိမ် တရားဥပဒေ စိုးမိုးရေး ကော်မတီသို့လိပ်မူပြီး တိုင်စာပေးပို့ခဲ့ပါတယ်။ နောက်တစ်ကြိမ်(၈ ၁ ၁၃)ရက်နေ့တွင် မြို့နယ်မြေစာရင်း ဦးစီးမှုးက ခင်ဗျားတို့လယ်အတွက်ဦးဆောင်သူ (၂)ဦး လက်မှတ်ထိုးပြီး တိုင်ကြားစာရေးလိုက်၊ ကျွန်တော် အထက်သို့ စီစစ်ပြီး တင်ပေးလိုက်မည်ဟုပြောကြောင်း သိရသည်။

သို့ပေမဲ့ ဒီနေ့အထိတော့ ဘာမှ ထူးခြားမလာပဲ၊ ရှိနေပါသည်။ ထိုလယ်ယာသိမ်းယူခြင်းခံရသူ လယ်သမားများ၏ သားသမီးတချို့မှာ ထိုဂေါက်ကွင်းတွင်၊ ဂေါက်အိတ်ထမ်းပြီး ကယ်ရီလုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းနေရသည်ဟု ထမ္မကောက်ကျေးရွာမှလယ်သမား ဦးမြင့်ထူးက ပြောပြပါသည်။

ပြည်မြို့နယ်မြေစာရင်းဦးစီးမှုးကို ဖုန်းဆက်ပြီး မေးကြည့်ရာ အစိုးရကသိမ်းထားသော ထိုမြေများ ပြန်ရမရ ဆိုသည်ကို သူ့အဆင်နှင့်မပြောနိုင်ကြောင်း၊ လက်ရှိ မြေပုံစာရင်းအရ ဂေါက်ကွင်းအနေနှင့်သာ စာရင်းပေါက်ကြောင်း၊ ကျေနပ်မှု မရှိက အထက်အဆင့်သို့ထိတိုင်ကြားနိုင်ကြောင်း၊ လိုအပ်လျှင်အကူအညီ ပေးဖို့ရှိကြောင်၊ မကြာခင်ကလဲ သူကူညီခဲ့ကြောင်း၊ ၀န်ကြီးချုပ်ထံ ရောက်ရှိပြီးဖြစ်ကြောင်း ပြောပြခဲ့သည်။ 

Credit : http://blog.irrawaddy.org/2013/07/blog-post_5117.html

ဝေဟင်ပေါ်မှာလည်း ကူညီပါရစေ



မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ အရင်ကနဲ့ မတူ အဆင့် တွေမြင့်ပြီး ဝေဟင်ပေါ် ပျံဝဲနေပါပြီ။ SKY NET Police Channnel က ထုတ်လွှင့်ပြသချက်တွေမှာ ထူးခြားတာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင် ချက် တွေကို ရိုက်ကူး တင်ဆက်ပြချက်လည်း ပါဝင် ပါတယ်။


အဲဒီအထဲမှာ “ခရီးသွား ပြည်သူ လက်တွဲကူ ဝေဟင် ပျံဝဲ လေကြောင်းရဲ" ဆိုတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လေကြောင်း ရဲ တပ်ဖွဲ့ ဆောင်ရွက်ချက်တွေကို အပိုင်းလိုက် ပြသနေတာလည်းဖြစ်ပါတယ်။ 

တချိန်ကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ မြေပြင်ပေါ်မှာပဲ ရဲစခန်းတွေ ထားရှိခဲ့ရာက အခုလို ဝေဟင်ထိ တိုးတက်လာ ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရိုက်ကူးတင်ပြချက်တွေကို ကြည့်နေကြတဲ့ ပရိသတ်တွေက ရယ်စရာအဖြစ်နဲ့ ဝေဖန်ပြောဆိုနေတာတွေလည်း ရှိပါတယ်။ 

“ပြည်သူ့ ရဲတွေလည်း အခုတော့ မြေပြင်မှာသာမက ဝေဟင် ပေါ်မှာလည်း ကူညီပါရစေလို့” ဆောင်ပုဒ်ကို တိုးချဲ့တပ် သင့်တယ်လို့ ဆိုနေကြပါတယ်။ 

တချို့ကလည်း လေကြောင်း ရဲ တပ်ဖွဲ့အနေနဲ့ ရဟတ်ယာဉ်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေ ပါ အသုံးပြုပြီး ဝေဟင်မှာဖြစ်ပေါ်တတ်တဲ့ မူခင်းတွေကိုပါ ကူညီနိုင်အောင် အဆင့်မြှင့်တင် သင့်တယ်လို့လည်း ပြောဆိုနေ တာတွေလည်း ရှိပါတယ်။ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လေကြောင်းပညာဆိုင်ရာ သင်တန်းကျောင်း အခုထိ သီးခြားမရှိသေးတာမို့ အခု လေ ကြောင်း ရဲတပ်ဖွဲ့ဆိုတာ တပ်မတော် ( လေ ) က တပ်မတော်သား အသွင်ပြောင်းတွေ ဖြစ်မယ် လို့ ထင်ကြေးပေးနေ တာတွေလည်း ပါဝင်ပါတယ်။ 

Credit : http://blog.irrawaddy.org/2013/07/blog-post_6202.html

မိတ္ထီလာကန်ရေစပ်တွင် ပိုင်ရှင်မဲ့ သေနတ် ၂ လက်တွေ့



ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ခဲ့သော မိတ္ထီလာ မြို့တွင် တရုတ်နိုင်ငံထုတ် သေနတ်တလက် အပါ အ၀င် ပိုင်ရှင်မဲ့ သေနတ် ၂ လက် သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။


ကယ်ဆယ်ရေးစခန်းတွင်း နေထိုင်လျှက်ရှိသော ဒေသခံတဦးက မိတ္ထီလာကန်တွင် ငါးဖမ်းရန် လာစဉ် ရတနာမာန်အောင် ရပ်ကွက်ပိုင် မိတ္ထီလာ ကန် ရေစပ်ရှိ ခြုံတခု၌ ကာဘိုင်သေနတ် တလက် နှင့် တရုတ်နိုင်ငံထုတ် တလုံးထိုးပြောင်းရှည် သေနတ် တလက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိတ္ထီလာ အမှတ် ၁ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်တဦးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

“ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဒေသခံတဦးက သတင်းပို့လို့ သွားကြည့်တော့ ခြုံထဲမှာ ပိုင်ရှင်မဲ့ သေနတ် ၂ လက်ကို တွေ့တယ်။ ဒါကြောင့် အထက်ကို တင်ပြထားတယ်။ ကျန်တာတော့ အသေးစိတ် စုံစမ်းနေတုံးပဲ။ အထက်က ဘာ ညွှန်ကြားချက် မှလည်း ပြန်မရသေးတော့ မပြောတတ်သေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ လက်နက်များသည် လက်နက်အင်္ဂါစုံသော်လည်း ကျည်ဆံနှင့် ကျည်ဆံထည့်သည့် ကျည်ဘောက် များ မပါကြောင်း ၎င်းက ဆက်ပြောသည်။

လက်နက်များ တွေ့ရှိခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုကို ဆက်လက် လုပ်ကိုင်နေသော်လည်း အကြောင်း ရင်းကို မပြောနိုင် သေးကြောင်း၊ ထိုသို့ လက်နက်တွေ့ရှိခဲ့သော်လည်း နယ်မြေ လုံခြုံရေးကို ယခင်အတိုင်း ဆောင်ရွက်လျှက် ရှိကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“လုံခြုံရေးကို ပုံမှန်အတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ရပ်ကွက်တွေမှာရော၊ ညပိုင်း လှည့်ကင်း လှည့်တဲ့ဆီမှာရော ဘာမှ ထွေထွေထူးထူး စီမံတာမျိုး မလုပ်ပါဘူး။ သက်ဆိုင်ရာ တွေကလည်း ဒီကိစ္စကို စုံစမ်းဆဲဆိုတော့ မပြောတတ် သေးပါဘူး” ဟု မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က ရှင်းပြသည်။

အဆိုပါ လက်နက်များသည် လုံခြုံရေး ရဲတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာတို့ ကိုင်ဆောင်သော သေနတ်မျိုး မဟုတ်သောကြောင့် မည်သည့်နေရာမှ လာသည်ကို မိတ္ထီလာခရိုင်အတွင်းမှ တာဝန်ရှိသူများ ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း၊ အဆိုပါ လက်နက်နှင့် ပက်သက်ပြီး မသင်္ကာသူများကိုလည်း လိုအပ်လျှင် ခေါ်ယူ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲမှူး ဦးစိုးငြိမ်းက ဧရာဝတီသို့ ပြောသည်။

“မိတ္ထီလာမှာပဲ စစ်ဆေး နေတုန်းပါပဲ။ ကျနော်တို့က သူတို့ဘက်ကလာမှ ပြောလို့ရမယ်။ အခုကတော့ အဲဒီမှာပဲ စစ်နေတာ ဆိုတော့ တိတိကျကျတော့ မပြောနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ သေနတ်များသည် ရွာများတွင် အမဲလိုက်လျှင် အသုံးပြုသော တူးမီး သေနတ်များနှင့် ဆင်တူကြောင်း၊ ဟိုးယခင် အချိန်များက နယ်ကျေးရွာများတွင် ကိုင်ဆောင်လေ့ ရှိသည်ကိုတွေ့ဖူးကြောင်း မိတ္ထီလာမြို့ အရှေ့ပိုင်းမှ ဒေသခံ ဦးရန်အောင်က ပြောသည်။

“မြို့မှာတော့ ထွေထွေထူးထူး ပြောင်းလဲတာမျိုးတော့ မရှိပါဘူး။ အရင်တိုင်းပါပဲ။ သေနတ်တွေ တွေ့တယ် ဆိုတာကြောင့် ဘာမှ အပြောင်းအလဲ မတွေ့သေးဘူး။ ဒေသခံတွေ အနေနဲ့ကလည်း အဲဒီအတွက် လှုပ်လှုပ်ရှားရှား ဖြစ်သွားတာမျိုး မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

မိတ္ထီလာမြို့သည် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ခဲ့သော နေရာများတွင် လက်နက်တွေ့ရှိသည့် ဒုတိယမြို့ဖြစ်ပြီး ရခိုင် ပြည်နယ် ကျောက်တော်မြို့တွင်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက လူမျိုးစု ၂ ဘက် ထိပ်တိုင်တွေ့ကာ ပဋိပက္ခ ဖြစ်ပွားစဉ်က အခင်းဖြစ်ပွားရာ နေရာတွင် လက်လုပ် တူးမီးသေနတ် ၇၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန် ထားချက်အရ သိရသည်။

Credit : http://burma.irrawaddy.org/archives/44395

နစက ဘာကြောင့်ဖျက်သိမ်းသလဲ



ရခိုင်ပြည်နယ်တွင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေး ရေး ကွပ်ကဲမှု(နစက)ဋ္ဌာနချုပ် ဖျက်သိမ်းပြီး ရဲ တပ်ရင်းတစ်ခု အစားထိုးလိုက်ခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့ သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေး အသိုင်း အဝိုင်း က ဆိုသည်။


စစ်တွေမြို့သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ”အစီရင်ခံစာမှာက နစက အဖွဲ့က Team work မရှိဘူး ဆိုတာ ပါတယ်။ အဲဒီအကြံပေးချက်အရ သမ္မတက နစကကို ဖျက်သိမ်းပြီးတော့ ရဲမင်းကြီးအဆင့်ရှိသူတစ်ယောက် သီးသန့် တာဝန်ပေးလိုက်တယ်လို့ ကြားတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု (နစက) ရုံးစိုက်ရာ ဘူးသီးတောင် မောင်တောဒေသသို့ စစ်တွေမြို့ အခြေစိုက် ရဲတပ်ရင်းကွပ်ကဲရေးမှူး ရဲမှူးကြီး ဘိုဘိုဦးကိုယ်တိုင် သွားရောက် တာဝန် ထမ်းဆောင်နေကြောင်း၊ ယခုအစားထိုးလိုက်သော ရဲတပ်ရင်းမှာ ပြည်နယ်ရဲတပ်ဖွဲ့နှင့် တိုက်ရိုက် မသက်ဆိုင်ဘဲ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှ တိုက်ရိုက်ကိုင်တွယ်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဦးမျိုးသန်းက ပြောသည်။

” လုံခြုံရေးအရ လိုအပ်တဲ့ ရဲအင်အားတွေ ပို့ထားပြီး အရင် နစကတွေ နေရာမှာ အစားထိုးပြီးပါပြီ။ နစက ဆိုတာက ဘူးသီးတောင်မောင်တော ဒေသမှာပဲရှိတာပါ”ဟု သူက ဆိုသည်။

နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု(နစက)ကို တပ်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စသည့် ဋ္ဌာန လေးခုဖြင့် ဖွဲ့စည်းထားပြီး နစက ဖျက်သိမ်းခြင်းကို သမ္မတရုံးကြေညာချက် သတင်းစာ တွင်ဖော်ပြမှသာ သိရှိရသောကြောင့် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် နစက ဖျက်သိမ်းရခြင်းနှင့် ပတ်သက် ၍ အသေးစိတ်မပြောနိုင်သေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်းမြိုင်ကလည်း ပြောသည်။

ရခိုင်ပြည်နယ်တွင် နစက ဋ္ဌာနချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း စာတစ်ကြောင်းသာ ရေးပြီး ယခုလ ၁၂ ရက်နေ့တွင် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

နစက ကို ဖျက်သိမ်းရခြင်းမှာ ရခိုင်ပြည်နယ်စုံစမ်းရေး အစီရင်ခံစာအရ ဘူးသီးတောင်မောင်တော နယ်စပ်ရှိ နစက အဖွဲ့သည် အစိုးရဌာနများ ပေါင်းစုထားသော်လည်း လုပ်ငန်းတာဝန်များကို ထိထိ ရောက်ရောက် မဆောင်ရွက်နိုင်ဟု ဖော်ပြခဲ့ကြောင့် သမ္မတက အမိန့်ထုတ်ဖျက်သိမ်းခြင်းဟု ယုံကြည် ကြောင်း ရခိုင်ဒေသခံများကလည်း ပြောသည်။

”နစက မရှိလို့လည်း ရခိုင်တွေ အပေါ်မှာ ဘာမှမထူးဘူး ။ ဒီအဖွဲ့မရှိရင် အစိုးရက တစ်ခုခုနဲ့ အစားထိုး မှာပဲလေ။ အစားမထိုးရင်သာ ရခိုင်တွေအတွက် လုံခြုံရေးပြဿနာ ရှိမှာ။ အခု ဘူးသီးတောင် မောင်တောမှာ လုံထိန်းတွေ ရောက်နေတယ်လို့ ကြားရတယ်။ အဲဒီ နစက အဖွဲ့ကို ရခိုင်တွေကရော မွတ်စလင်တွေရော ကြိုက်လှတယ် မဟုတ်ဘူး”ဟု စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြောသည်။

နစက အဖွဲ့သည် ယခင်က နယ်စပ်ဒေသတလျှောက်တွင် လူဝင်မှုကိစ္စရပ်များ၊ သန်းခေါင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းများ၊ နယ်စပ် လုံခြုံရေးကိစ္စများကို ဆောင်ရွက်ရသော အဖွဲ့ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇူလိုင်လက နစက အရာရှိကြီးတစ်ဦးဖြစ်သူ ဒု-ဗိုလ်မှူးကြီး ဦးအောင်ကြီးကို မောင်တောမြို့နယ်အတွင်း မွတ်စလင်များထံမှ ငွေအမြောက်အများ လက်ခံထားသည်ဟု ဒေသခံများက စွပ်စွဲချက် ကျယ်ပြန့်လာသည်ကို အကြောင်းခံပြီး နေပြည်တော်သို့ ခေါ်ယူစစ်ဆေးကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် သူ၏သတင်း မကြားရတော့ပေ။

Credit : http://burma.irrawaddy.org/archives/44399

ဦးဝင်းတင် vs ဒေါ်အောင်ဆန်းစုကြည်



မွတ်ဒေါင်းအဖွဲ့ ရှုပ်ကနေ ဦးစီးထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ် မှာ ငွေကြေးအလွဲသုံးစားမှုတွေဖြစ်နေလို့  စုကြည်ကိုယ်တိုင် ငွေစာရင်းတွေကို စစ်ဆေးသွားမယ်တဲ့ ။

ပါတီရံပုံငွေတွေကို အသုံးပြုရာမှာ မသမာမှုတွေရှိနေလို့ ဗဟိုကနေစစ်ဆေးသွားမယ်တဲ့ ။
ဒီလှိုင်းကို ဦးဆောင်သူက ဦးဝင်းတင် ။
ဒီလှိုင်းကို နေ့စဉ်သတင်းစာအဖြစ်ထုတ်ဝေအုံးမယ်တဲ့ ။

ဂျာနယ်လေးတစ်ခုမှာတောင် လာဘ်စားမှုတွေဖြစ်နေရင် နိုင်ငံတစ်နိုင်ငံလုံးဆိုရင် မွတ်ဒေါင်းတွေကို မတွေးဝံ့စရာပဲ ။

လောလောဆယ်တော့ စုကြည်နဲ့  ဦးဝင်းတင် ထိပ်တိုက်တွေ့ ပြီပေါ့ ။
ငယ်ကျိုးငယ်နာတွေ ဖော်ကြတော့မယ် ။

ဘာတွေ ဆက်ဖြစ်မလဲ မကြာမီလာမည်မျှော်......။

From:ဦး ဖာ

Credit : http://www.mmdailystar.com/2013/07/vs.html

တူနှစ်ကိုယ်ဘဝကို ထူထောင်ကြတော့မယ့် ဘုဏ်းသိုက် နဲ့ ချမ်းချမ်း



သရုပ်ဆောင် ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်း တို့က သူတို့နှစ် ဦးရဲ့ နှစ်ကိုယ်တူ ဘဝကို တည် ဆောက်တော့မှာ ဖြစ်ပါတယ်။ ဇူလိုင် ၁၄ရက်နေ့ မှာ တောင်ဒဂုံမြို့နယ်မှာ ရှိတဲ့ ပိဋကတ် သုံးပုံ နိကာယ် စာသင်တိုက်မှာ မင်္ဂလာဦး ဆွမ်းကျွေး အလှူ ပြုလုပ်မှာဖြစ်ပြီး ဇူလိုင် ၁၇ ရက်နေ့၊ ညနေ၅ နာရီမှာတော့ ဗိုလ်အောင်ကျော်လမ်းက စိန့်မေရီ ချက်ကျောင်းမှာ မင်္ဂလာ ဆောင်မှာဖြစ်ကာ၊ ညပိုင်းမှာတော့ အဲဒီက မြက်ခင်းပြင်မှာ ညစာ စားပွဲ လုပ်မှာဖြစ်ကြောင်း သိရပါတယ်။


ဘုဏ်းသိုက်

“၂ဝ၁၂၊၂ဝ၁၃ လောက်ကျရင် လက်ထပ်မယ် ဆိုတာတော့ လွန်ခဲ့တဲ့ ၃နှစ်လောက် ကတည်းက စဉ်းစား ထားတာပါ။ သူ့ကိုလည်း လုံးဝအသိ မ ပေးဘူး။ Surprise ပေါ့။ သူလည်း အံ့သြတယ်။ ကျွန်တော့်အိမ်က အမေ တွေအဖေတွေရော၊ ချမ်းချမ်းကိုယ်တိုင်ရော မထင်မှတ်တဲ့အချိန်မှာ လက်ထပ်ဖို့ ပြောလိုက်တာပါ။ ဒီ တစ်လအတွင်း အကုန်လုံးကို ကျွန် တော်အကာင်အထည်ဖော်လိုက်တာ ပါ။ ချစ်သူ သက်တမ်း၅နှစ်ကျော် ၆နှစ် အတွင်းမှာအမှတ်တရတွေက အများကြီး ပါပဲ။

တချို့သူ့မွေးနေ့တွေဆိုရင် သူ လုံးဝမထင်ထားတဲ့ပုံစံမျိုးနဲ့ Surprise လုပ်တာတွေကတော့ အရင် ကတည်းက ခဏခဏလုပ်ဖူးပါတယ်။ များသောအားဖြင့် ကျွန်တော့် စိတ် ထဲမှာ နောက်တစ်ယောက် လို့တောင် မမြင်ပါဘူး။ ကျွန်တော်ကြိုက် တာ တော်တော်များများလည်း သူလက်ခံ တယ်။ သူ့ရဲ့ စိတ်ဆန္ဒဆိုလည်း ကျွန် တော်လည်း ကြိုက်တာများတယ်။ စိတ်က တူတာများပါတယ်။ သူလည်း အရင် အတိုင်း သူလက်ခံထားတဲ့ ပွဲတွေရော နောက်ထပ်လည်း သူ လည်း ဒီအဆိုအနေနဲ့ပဲ ဆက်ပြီး ရပ်တည် မယ်။ ကျွန်တော်လည်း သရုပ်ဆောင်ဘက်မှာအရင်ထက် ပိုပြီးအရှိန်အဟုန် ကောင်းကောင်းနဲ့ သရုပ် ဆောင် ရော၊ ဒါရိုက်တာရော၊ လုပ်သွားဖို့ရှိပါတယ်။ ဟန်းနီးမွန်း ခရီးကိုတော့ ပူတာအိုဖြစ်ဖြစ်၊ ဗီ ယမ်နမ်ဖြစ်ဖြစ် သွားမယ်လို့ စီစဉ် ထားပါတယ်”

ချမ်းချမ်း

“ခရီးတွေသွားနေတော့ တအား ပင်ပန်းနေတယ်။ ပြန်ရောက်တဲ့ တစ်ရက်၊ နှစ်ရက်ပဲ ကားပေါ်မှာ မိုးတွေကရွာနေတယ်။ သူက ပြော စရာရှိ တယ်တဲ့။ ငါတို့လက်ထပ်ရ အောင်တဲ့။ အစက နောက်နေတယ် ထင်တာ။ နောက်မနေနဲ့၊ ဒီလိုမျိုး နောက်နေတာရိုးနေပြီပေါ့။ မဟုတ် ဘူး။ တ ကယ်ပြောတာ။ သူအစီအစဉ် ဆွဲထားတာ တစ်လလောက်၊ နှစ်လ လောက်တော့ရှိပြီ။ ပြောမထွက်တာ လို့ပြောတာနဲ့ လန့်သွားတယ်။ Surpise ဖြစ်သွားတယ်။ ပျော်လည်း ပျော်ပါတယ်။

တကယ် ကိုယ့်ကိုချစ် လို့၊ လူတစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ဖို့ဆိုတာ ဒီခေတ်မှာ မလွယ်ဘူးေ လ။ တော်တော်တော့ စဉ်းစားရပါတယ်။ သူရော၊ ကိုယ် ရောက အနုပညာသမားတွေ ဖြစ်တဲ့အတွက်ကြောင့် အနုပညာ သမားဆိုရင် လူတွေက အပျို၊ လူပျိုမှ ပိုပြီးအာရုံစိုက်ကြတယ်။ ချမ်းချမ်းရဲ့ ခံယူချက် ကတော့ အဲဒီလိုမရှိပါဘူး။ ကိုယ်က အဆိုတော်လေ။ မင်းသမီး တွေလို လှပကျော့ရှင်းနေစရာမလိုဘူး။ ကိုယ့် ပရိသတ်က ကိုယ့်ကိုချစ် တယ်။ အရာအားလုံးက ဒီအချိန် ထက်တော့ ဘယ်အရာမှ အရေးမကြီး ဘူး။ ချစ်သူသက်တမ်း ကလည်း ၆ နှစ်လောက် ပြည့်တော့ မယ်ဆိုတော့ ဒီခေတ်အခါမှာ ယူသင့်ပြီလို့လည်း ထင်ပါတယ်။

အစကတော့ သူရော၊ ကိုယ်ရောစဉ်းစားတယ်။ ဘာသာမတူ ဘူးဆိုတော့ ပြဿနာရှိ လာနိုင်တယ် ပေါ့။ ဒါပေမဲ့ ချမ်းချမ်းရဲ့ အဖေနဲ့ အမေလည်းဘာသာမတူ ယူထားတာ ပဲ။တော်တော်များများ လည်း ဘာသာ မတူပဲယူထားတာပဲ။ အဓိကကတော့ တစ်ယောက်နဲ့တစ် ယောက်ချစ်ဖို့ပါပဲ။ ရည်းစားဘဝ တုန်းက တစ်ယောက်နဲ့ တစ်ယောက် မပိုင်ဘူးလေ။ အိမ်ထောင် ပြုပြီးတဲ့အခါကျတော့ တအား စိတ် ပူစရာလည်း မလိုတော့ဘူး။ စိုးရိမ် စရာလည်းမလိုတော့ဘူး။ ချစ်ရုံက လွဲလို့သံေ ယာဇဉ်ဖြစ်သွား ပြီပေါ့။သူက ကိုယ့်ကိုယ်အားလုံးထက်ပိုပြီး ချစ်မြတ်နိုးလို့လက်ထပ် ခွင့်တောင်းတယ် ဆိုတာကသေချာတာပေါ့။ ယူပြီး သွားရ င်တော့ သံသယတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။ ချမ်းချမ်း တို့နှစ်ယောက်စလုံး ခံယူထားတာက တစ်သက်မှာတစ်ခါပဲ မင်္ဂလာဆောင် မယ်လို့ ကတိပြုထားတဲ့အတွက် သူ များထက်တော့ ပိုပြီးလေးလေး နက် နက်ခံယူတယ် လို့ထင်ပါတယ်”

From:Popular

ဒီနှစ်ကုန် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးမယ်လို့ သမ္မတကြီး ကတိပေး



ဗြိတိန် နိုင်ငံကို ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် ရောက်နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်က ဒီနှစ် ကုန်ကျရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန် လွှတ်ပေးမယ်လို့ ကတိပေး စကား ပြောကြားခဲ့ ပါ တယ်။


လန်ဒန်ကို ရောက်ခိုက် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ လာမယ့် သီတင်းပတ်တွေ အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး သဘောတူညီချက် ရနိုင်ချေ ရှိကြောင်းနဲ့ သူ့အဆိုအရ နှစ်ခြောက်ဆယ် အတွင်း ပထမဆုံး သေနတ်သံတွေ ချုပ်ငြိမ်းသွားတော့မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

သူဟာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်နဲ့လည်း အစောပိုင်းတုန်းက တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေကို ဗုဒ္ဓဘာသာဝင် လူများစုက မနှစ်တုန်းက လုယက်ဖျက်စီး တိုက်ခိုက် ခဲ့တာတွေကို အလွန်အမင်း စိုးရိမ်မိတယ်လို့ မစ္စတာ ကင်မရွန်က ဦးသိန်းစိန်ကို ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထိန်းသိမ်း စောင့်ရှောက်မှုတွေကို ပိုမို အလေးထား ဆောင်ရွက် တာကို မြင်လိုတယ် ၊ ဗြိတိန် အနေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ၊ ရင်းနှီးမြုပ်နှံမှုနဲ့ စစ်ရေး ဆိုင်ရာ ပူးပေါင်းမှု တွေကို တိုးမြှင့် လုပ်ဆောင်သွားဖို့ စိတ်အားထက်သန်မှု ရှိနေကြောင်း မစ္စတာ ကင်မရွန်က ထပ်လောင်း ဆိုသွားခဲ့ပါတယ်။

From:BBC

မြန်မာစစ်တပ်၏ စစ်ဆင်ရေး နည်းဗျူဟာ ၊ ပေးထားသောကတိမတည် SSPP ပြော


လားရှိုး ဆွေးနွေးပွဲ ကျင်းပစဉ် လားရှိုး ဆွေးနွေးပွဲ ကျင်းပစဉ် ( ဓါတ်ပုံ - SSPP)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးဆောင်သော အဖွဲ့သည် စနေနေ့ နေ့လည်ပိုင်း ၀၁း၀၀ နာရီ အချိန်တွင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) အဖွဲ့နှင့် ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ရှိ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် ရွှေလီရိပ်သာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။


“ တွေ့တာက တစ်နာရီလောက်ပါဘဲ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ဦးသိန်းဇော်တို့နဲ့ တန့်ယန်းမြို့မှာ တွေ့တုန်းက သဘော တူထားတဲ့ ၄ ချက် အတိုင်းကိုပဲ နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ကြဖို့နဲ့ လျှပ်စစ်မီး ကိစ္စ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးကြတာပါ။ သဘော တူညီချက် လက်မှတ်ထိုးပြီး ကြေငြာချက် ထုတ်ပြန်တာမျိုးတော့ မဟုတ်ဘူး” ဟု ဆိုပါသည်။

အစိုးရ ကိုယ်စားလှယ်များသည် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) နှင့် အဓိက တွေ့ဆုံခြင်း ဖြစ်ပြီး အပြန်ခရီး၌ SSPP နှင့် တစ်နာရီခန့် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဆွေးနွေးချက် များမှာလည်း ယခင်ဆွေးနွေး ချက်များပင် ဖြစ်ကြောင်း၊ အရေးကြီး တကြီး ကိစ္စဖြစ်သော အစိုးရတပ်ဖွဲ့၏ တိုက်ခိုက်မှု ကိစ္စများ၊ ရာဇသံကိစ္စ နှင့် တာ့ဆမ်ပူး စခန်း ဆုတ်ခွာပေးခြင်း ကိစ္စများကိုမူ ထည့်သွင်းပြောကြားခြင်း မရှိဟု ဆိုပါသည်။

ယခင် သဘောတူထားသည့် အချက် (၄) ချက်မှာ (၁) ပစ်ခတ်နေမှုများ ရပ်ဆိုင်းရန်။ (၂) တပ်နေရာ ပြန်လည် ချထားရေး နှင့် အခြေခံ နယ်မြေများ သတ်မှတ်ရန်။ (၃) ပြသနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြ ရန်နှင့် (၄) ဒေသဖွံ့ ဖြိုးရေးကိစ္စ၊ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီပံ့ပိုးရေးကိစ္စများကို သဘောတူခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲတွင် ဦးသိန်းဇော်က နောက်နောင်တွင် SSPP အား တိုက်ခိုက်တော့မည် မဟုတ်ကြောင်း၊ ယခုဖြစ်ပွားခဲ့ သော ပြသနာများသည် ငြိမ်းချမ်းရေးကို ထိခိုက်စေလောက်သော ပြသနာများ မဟုတ်ဟု ဆိုသွားခဲ့ပါသည်။ ထို့အပြင် ဖြစ်ပွားသော ပြသနာများကိုလည်း စစ်ရေး နည်းဖြင့် ပြသနာဖြေရှင်း ရေးထက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးပြီး ဖြေရှင်းရန် ပြီးခဲ့သည် မေလ (၁၁) ရက်နေ့က သဘော တူခဲ့ပါသည်။

“ အစိုးရရဲ့ ဂတိတွေ သိပ်မယုံဘူးဗျ။ အရင်တုန်းက တန့်ယန်းစခန်းကို မပေးရင် တိုက်မယ် ဆိုပြီး ၆ ကြိမ် ၇ကြိမ်တိုက်တယ်။ တိုက်လို့ မရတော့ ဦးသိန်းဇော်တို့ ဘက်ကဘဲ ကောင်းကောင်း ပြန်နေကြရအောင် ဆိုပြီး၊ တလတောင် မပြည့်ဘူး လာရှိုးဘက် ကျေးသီးဘက်ကို တိုက်တယ်။ တချိန်ထဲမှာ တာဆန်းပူ စခန်းကို တောင်းပြန်တယ်။ မပေးလို့ တိုက်ပြန်တယ်။ ဒီတော့ ဂတိတွေက ဟုတ်ပါ့မလား” ဟု စစ်ရုံး တပ်မှူး တဦးက ဆိုပါသည်။

ဤကဲ့သို့ ဂတိများပေးခဲ့သော်လည်း ပြီးခဲ့သည့် ဇူလိုင် (၁၀) ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နယ်၌ (၁၅) မိနစ်ကြာထပ်မံ တိုက်ပွဲဖြစ်ခဲ့ပြီး ဇူလိုင် (၁၁) ရက်နေ့တွင် မိုင်းရူးမြို့နယ်၌ ထပ်မံ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် SSPP နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲ ထားသော်လည်း ယုံကြည်မှု မတည်ဆောက်နိုင်သေးဘဲ ရှိနေပါသည်။

ဦးသိန်းဇော်ကမူ “အောက်ခြေက ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် ပြီးခဲ့တာတွေကို တစ်ယောက်ကိုတစ်ယောက် အမှား ရှာရင်ပြီးတော့မှာ မဟုတ်ဘူး။ ရှေ့လျှောက်ကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကိုပဲ ပြောကြတာပေါ့၊ ပြီးခဲ့တာတွေကို သင်္ခန်းစာ ယူပြီးမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားဖို့ အတိုချုပ်ပြောခဲ့ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း သမ္မတက လက်နက်ကိုင် အဖွဲ့အားလုံးကို ခေါ်ယူတွေ့ဆုံမဲ့ အစီအစဉ် ရှိနေကြောင်း ရှေ့လျှောက်ငြိမ်းချမ်းရေးကို ဘယ်လို လုပ်သွားကြမလဲဆိုတာ သမ္မတနဲ့ တွေ့ဆုံတဲ့အခါ သိရမှာပါ ဟု ဆိုခဲ့ကြောင်း ဗိုလ်မှူးစိုင်းလက ဆိုပါသည်။

ယင်းဆွေးနွေးပွဲတွင် SSPP မှ အတွင်းရေးမှူး စ၀်ခွန်ဆိုင် ဦးဆောင်ပြီး ဗိုလ်မှူးစိုင်းလ အပါအ၀င် ကိုယ်စားလှယ် ၆ ဦးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်၊ ဦးခင်မောင်စိုး၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် ၀န်ကြီး တချို့ အပါအ၀င် ကိုယ်စားလှယ် ၁၃ ဦးတို့ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

SSPP သည် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း အကြိမ်ပေါင်း (၁၂၀) ခန့် အတိုက်ခံခဲ့ရပြီး ယနေ့အထိ တပ်နေရာ ချထားရေးနှင့် အခြေခံ နယ်မြေ သတ်မှတ်ခြင်း မရှိသေးဟု ဆိုပါသည်။ ဤသို့ ကြောင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၄င်းတို့၏ နိုင်ငံရေး မဟာဗျူဟာထဲမှ စစ်ဆင်ရေး နည်းပရိယာယ် တစ်ခုအဖြစ် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကို အသုံးပြုနေခြင်းပင် ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။

Article source: http://burmese.bnionline.net/index.php/news/phophtaw/14632------sspp-.html

ဆိုတေး သွေးပေါင်ချိန် ပြန်တက်လာပြီ



မီးအိမ်ရှင် တေးသီချင်းဖြင့် နာမည်ကျော်ကြား ခဲ့သော တေးသံရှင်ဆိုတေး စီးနင်းလာသော ကိုယ်ပိုင် ယာဉ်သည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃ နှင့် ၄ ကြားတွင် တိမ်းမှောက်ခဲ့ရာ တေးသံရှင်ဆိုတေး ဒဏ်ရာရရှိခဲ့ပြီး ၎င်းနှင့်အတူ အဖော်အဖြစ် လိုက်ပါလာသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက The Voice သို့ပြောကြားသည်။


တေးသံရှင် ဆိုတေးသည် မန္တလေးတိုင်းဒေသကြီး တောင်သာ မြို့နယ်၌ ပြုလုပ်မည့် ဖိုးချစ်ဇာတ်ပွဲတွင် သီချင်းသီဆိုရန် အသွားတွင် ယင်းကဲ့သို့ ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တေးသံရှင် ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

“သူ့ ( ဆိုတေး ) ကို အောက်ဆီဂျင် ပေးထားတယ်၊ CT Screen လည်း ရိုက်ထားတယ်၊ သွေးပေါင်ချိန်လည်း ပြန်တက်လာပြီ၊ အခြေအနေ ပြန်ကောင်းလာပါပြီ” ဟု မန္တလေးတွင် နေထိုင်သူ တေးသံရှင်ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

ယနေ့ည ၁၁နာရီအထိရရှိသော သတင်းများအရ တေးသံရှင်ဆိုတေးသည် ခွဲစိတ်ကုသမှု ပြီးစီး၍ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း သတိအပြည့်အဝ မရသေးသော်လည်း ပြန်ကောင်း လာနိုင်သည့် အခြေအနေတွင် ရှိနေပြီ ဖြစ်ကြောင်း ခွဲစိတ်ခန်းမှ ပြန်ထွက်လာစဉ် ညီဖြစ်သူက လက်စွပ်ကို ချွတ်ယူချိန်၌ ပြန်ရုန်းကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက ပြောကြားသည်။

လူမှုကွန်ရက် Facebook စာမျက်နှာတွင် တေးသံရှင် ဆိုတေး သေဆုံးသည်ဟုဆိုကာ သတင်းများ ထွက်ပေါ်ခဲ့သည်။ ဆိုတေး စီးနင်းလိုက်ပါလာသော KIA အမျိုးအစားယာဉ်သည် ရှေ့ညာဘက် ဘီးပေါက်ပြီး အရှိန်လွန်ကာလမ်း၏ ညာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး နေဝင်းက ဆက်လက်ပြောကြားသည်။

ယာဉ်ပေါ်တွင် တေးသံရှင်ဆိုတေးနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး စီးနင်းလိုက်ပါလာပြီး ၎င်းတို့ထဲမှ မချောချောကို မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တေးသံရှင် ဆိုတေးမှာလည်း စိုးရိမ်ရသည့် အခြေအနေ ရှိသဖြင့် မန္တလေး ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူး ကြီးဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသူ ဦးသန်းဝင်းလှိုင်ကို ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် ထားကြောင်း မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။

တေးသံရှင် ဆိုတေးသည် မီးအိမ်ရှင်အမည်ဖြင့် တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိထားသူဖြစ်ပြီး အခြားသော တေးသံရှင်များနှင့်လည်း တေးစီးရီးများ ထွက်ရှိထားသူ ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂/၃ နှင့် ၂၆၂/၄ အကြားတွင် ဇူလိုင်လ ၇ ရက်နေ့တွင် ဟိုင်းလပ် ဆာ့ဖ်ယာဉ်သည် ကျော်တက်သည့် ခရီးသည်တင်ယာဉ်ကို ရှောင်ရာမှ တိမ်းမှောက်ခဲ့ရာ လူလေးဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင်လည်း မိုင်တိုင် အမှတ် ၁/၇ နှင့် မိုင်တိုင်အမှတ် ၂ ကြား ဆီဖြည့်နေသည့် နစ်ဆန်း ကိုရိုလာယာဉ်ကို Toyota Belta ယာဉ်က ဝင်ရောက် တိုက်မိရာ နစ်ဆန်းယာဉ်ပေါ်မှလူနှစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက မိုင်တိုင် ၁၄/၃ နှင့် ၁၄/၅ ကြားတွင် တောင်ငူ-ရန်ကုန် ပြေးဆွဲသည့် စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်း ရေးထံမှ သိရှိရသည်။

မိုးတွင်းကာလ၌ အမြန်လမ်းတွင် မောင်းနှင်သည့် ယာဉ်များအနေနှင့် ယာဉ်ကျော်တက်ရာတွင် သတိထားသင့်ကြောင်း အမြန်လမ်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်ကြီးများ၏ လေအရှိန်ကြောင့် ယာဉ်ငယ်များ လွန့်လူးကာ အရှိန်မထိန်းနိုင်ခြင်းကြောင့် လည်းကောင်း၊ ယာဉ်မောင်းနှင်သူများက အရက်သောက်သုံးခြင်း သတ်မှတ်မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်ခြင်း တို့ကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်လေ့ရှိကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့ပြီး လမ်းမကြီး တစ်ဖက်လျှင် အကျယ်၂၅ ပေရှိသည့် ယာဉ်သွားလမ်းနှစ်လမ်း ပါရှိသည်။ အဆိုပါ လမ်းမကြီးသည် တစ်နိုင်ငံလုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိသည်။

ယင်းလမ်းမ စတင်အသုံးပြုသည့် ၂၀၀၉ ခုနှစ်မေလမှ ယခုနှစ်ဧပြီလအထိ လေးနှစ်အတွင်း အမြန်လမ်း ပေါ်တွင် ယာဉ်မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး၊ ဒဏ်ရာရသူ ၆၇၈ ဦးခန့် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Credit : The Voice Weekly

မြန်မာဘက်ပို့မည့် ကျည်ဆန် ၁ သိန်းကျော် ဖမ်းမိ



မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဘက်ကို ပို့ဆောင်မယ့် ကျည်ဆန် ၁ သိန်းကျော်ကို ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းရုပ်သံ ချန်နယ်လ် ၃ မှာ သတင်း ဖော်ပြသွား ပါ တေယ်။


ဒါနဲ့ ပတ်သက်ပြီး မယ်ဟောင်ဆောင်ခရိုင်ဝန် နန်းနရမွန်းပါလာ့ဝပ်က ဇူလိုင် ၁၄ ရက်နေ့ မနက် ၉ နာရီခွဲ က သတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်း ထောက် တွေကို ပြောကြားခဲ့တယ်လို့ ချန်နယ်လ် ၃ က ပြောပါတယ်။

ကျည်ဆန်ပေါင်း ၁ သိန်းကျော်ကို ဇူလိုင် ၁၄ ရက်နေ့ မနက် ၂ နာရီကျော်က မယ်ဟောင်ဆောင်မြို့ ပန်မူကျေးရွာအုပ်စု ဘန့်ကုန်းမိုက်ဆပ်ရွာက အိမ်အမှတ် ၈၅/၅ မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီဘက်ကို လက်နက်တွေ တင်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ အမှတ် ၃၃၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တပ်ဖွဲ့မှူး ဒုရဲမှူးကြီး နာ့လင်းဖွန်းနုမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ယာဉ်အမှတ် ၇၈၅၇ ငွေရောင် နစ်ဆန်းဟိုင်းလပ်ကားကို နောက်ယောင်ခံခဲ့ပြီး အဆိုပါအိမ်ရှေ့မှာ ကျည်ဆန်တွေကို ဖမ်းဆီရမိခဲ့တာလို့ ခရိုင်ဝန်က ပြောပါတယ်။

အဲဒီကားပေါ်မှာ ကာဘိုင်ကျည် ၅၆၀ တောင့်၊ ပွိုင့် ၈၈ ကျည် ၂၇၀၀ တောင့်နဲ့ အေကေ ၄၇ ကျည် ၁၁၂၅၀ တောင့်ကို ဦးစွာဖမ်းမိခဲ့ပါတယ်။

ကျည်ဆန်တင်ကားမောင်းသူဟာ အမှတ် ၂ ထောက်ပို့တပ်က အရာခံဗိုလ် နိုင်းဆုမိခ် မစ်ဆီတာဖြစ်ပြီး ဘေးမှာ နိုင်းဂျွန်ဒီးယားဆ၀ပ်ဒီးက လိုက်ပါလာကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဆီကို ပေးပို့ဖို့ ဆရပူရီခရိုင်ဘက်က သယ်ဆောင်လာတာ ဖြစ်ပြီး၊ ဒါဟာ ဒုတိယ အသုတ် ပေးပို့တာဖြစ်ကြောင်း ဖွင့်ဟ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့က အိမ်အမှတ် ၈၅/၅ ကို ၀င်ရောက်စစ်ဆေးရာမှာ ပွိုင့် ၈၈ ကျည်ဆန် ၁၀၈၅၀ တောင့်၊ ၁ ဘူးကို ၃၁၆၀၀ တောင့်ပါတဲ့ အမ် ၁၆ ကျည်ဆန် ၉ ဘူး၊ ၇ ဒဿမ ၆၂ မမ ကျည်ဆန်၂၇၀၀၀ တောင့်၊ ကာဘိုင်ကျည်ဆံ ၃၈၀၀ တောင့်၊ ပွိုင့် ၅၀ မမ ၂၅၀၊ ဝေဟင်ပစ်ဒုံးကျည် ၄ လက် နဲ့ရိုးရိုးဒုံးကျည် ၃ ခု စုစုပေါင်း ၁၀၉,၄၇၈ တောင့် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ထိုင်းနိုင်ငံထဲမှာ တရားမ၀င်လက်နက် ဖမ်းဆီရမိတဲ့အကြိမ်တွေထဲက အမြင့်ဆုံးအရေအတွက် ဖြစ်တယ်လို့ မယ်ဟောင်ဆောင်ခရိုင်ဝန်က ပြောကြောင်း ထိုင်းတီဗွီမှာ ဖော်ပြသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်တို့အဖွဲ့တွေနဲ့ ဘာမှ မဆက်ဆိုင်ပါဘူး။ နယ်စပ်မှာ ပိုက်ဆံရှိတဲ့အဖွဲ့က သိပ်မရှိ ပါဘူး။ တိုင်းရင်းသားတွေကို ပို့တာတော့ ဖြစ်နိုင်တယ်။ ဒီပစ္စည်းတွေကို တိုင်းရင်းသားတွေကလွဲပြီး ဘယ်သူက ၀ယ်မလဲ။ ဒါပေမယ့် တိုင်းရင်းသားအဖွဲ့တွေထဲမှာ ပိုက်ဆံရှိတဲ့အဖွဲ့ပဲ ၀ယ်နိုင်မှာပေါ့” လို့ ပြောပါ တယ်။ 

Credit : burmese.dvb.no