Tuesday, July 9, 2013

မန္တလေးတွင် ယာဉ်တိုက်မှုကြောင့် တစ်နေ့နှစ်ဦးခန့်သေဆုံး


1

မန္တလေးတိုင်းအတွင်း၌ ၂၀၁၃ ခုနှစ်အတွင်း ယာဉ် တိုက်မှုကြောင့် သေဆုံးသူ တစ်ရက် လျှင်နှစ်ဦးခန့် သေဆုံးလျက် ရှိနေပြီး ဇန်န၀ါရီလမှ ဇွန်လအထိ ခြောက်လတွင်း သေဆုံးသူသုံးရာကျော်ရှိ ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ထားသည်။


ထိုခြောက်လအတွင်း ယာဉ်တိုက်မှု စုစုပေါင်း ၈၉၂ မှုဖြစ်ပွားခဲ့ရာ သေဆုံးသူစုစုပေါင်း ၃၂၄ ဦးရှိပြီ ဖြစ်သည်။ စစ်တမ်းများအရ ယာဉ်တိုက်မှုကြောင့် တစ်လကိုပျမ်းမျှ ၅၅ ဦးနှုန်းသေဆုံးနေပြီး အများစုမှာ အမျိုးသားများဖြစ် သည်။

“အဲဒါ လူသားအရင်းအမြစ်တွေ ဆုံးရှုံးတာပဲ။ တိုင်းပြည်အတွက်နစ်နာတာပဲ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ ဆောင်ပုဒ်ကိုလိုက်နာသင့်တယ်။ စစ်ဆေးမှုတွေပိုလုပ်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမယ်” ဟု မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက မဇ္ဈိမ ကိုပြောသည်။

မန္တလေးတိုင်းအတွင်း ယာဉ်တိုက်မှုများ ဖြစ်ပွားလျက်ရှိ၍ စစ်ဆေးအရေးယူခြင်း၊ ပညာပေးခြင်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်နေပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်တိုင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေရကြောင်း ၀န်ကြီးကပြောသည်။

ဆိုင်ကယ်စီးသူများကိုလည်း နှစ်ယောက် ထက်ပိုမစီးရန်၊ အရည်အသွေးကောင်းတဲ့ ဆိုင်ကယ်ဦး ထုတ်များ ဆောင်းရန်၊ မြို့တွင်း၌ မိုင်(၃၀)ထက် ပိုမကောင်းရန်စသည့် စည်းကမ်းချက်များ ထုတ်ထားသော်လည်း လိုက်နာ ခြင်းမရှိသောကြောင့် ယခုကဲ့သို့ သေဆုံးမှုများပြားနေရခြင်းဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

စည်းကမ်းမလိုက်နာသော ယာဉ်များ အား ဇန်န၀ါရီလမှ ဇွန်လအထိ မော်တော် ယာဉ် ၄,၃၆၄ စီးအား အမှုပေါင်း ၄,၆၇၂မှု နှင့် ဆိုင်ကယ် ၁၂,၀၁၀စီးအား အမှုပေါင်း ၁၂,၄၅၃မှုဖြင့် အ ရေးယူဆောင်ရွက် ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/12433-2013-07-09-04-56-01.html

၉၆၉ အတွက် အင်တာနက် စာမျက်နှာ လုပ်ထားပေးတယ်



၉၆၉ လှုပ်ရှားမှု လို့ အမည်ပေးထားတဲ့ အင်တာနက် စာမျက်နှာ တခု ဒီရက်ပိုင်းအတွင်း ပေါ်ပေါက်လာ ပါပြီ။

လိပ်စာက ... https://969movement.org


"ဒီဝက်ဆိုက်ဟာ အရှင်ဝိရသူ၊ ၉၆၉ လှုပ်ရှားမှု သို့တည်း မဟုတ် မြန်မာအစိုးရတို့နဲ့ တရားဝင် အဆက် အသွယ် မရှိပါဘူး" လို့ ဇွန် ၂၉ ရက်စွဲတပ် ကြေညာ ချက်မှာ ဆိုထားပါတယ်။ သို့သော်လည်း ဒီဝက်ဆိုက် ပြုပြင် ထိန်းသိမ်းခွင့်ကို ၉၆၉ လှုပ်ရှားမှုကို ကိုယ်စားပြုသူများလက်ထဲ ထည့်ပေးလိုပါတယ် တဲ့။

ဆက်သွယ်ရမယ့် အီးမေးလိပ်စာကိုလည်း အဲဒီမှာ ဖော်ပြထားပါတယ်။

သူ(တို့)ဘယ်သူဖြစ်တယ် ဆိုတာကိုတော့ လုံးဝ ဖော်ပြမထားပါ။

အိုင်တီခေတ်၊ အင်တာနက်ခေတ်မှာ လှုပ်ရှားမှုများအတွက် အင်တာနက်လိပ်စာတွေ ရှိနေတတ်ပါတယ်။

ကိုယ့်အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေ၊ မှတ်တမ်းတွေကို အင်တာနက်မှာ ထားရှိခြင်းအားဖြင့် မြန်မာပြည်တွင်း သာမက နိုင်ငံတကာရောက် မြန်မာပြည်သားတွေ ပိုမို သတိပြုမိလာမှာပါ။ အထက်ဖော်ပြပါ ၉၆၉ လှုပ်ရှားမှု ဝက်ဆိုက်မှာ လောလောဆယ်တော့ အင်္ဂလိပ်ဘာသာနဲ့ပဲ ရေးသား ဖော်ပြထားတာ တွေ့ရ ပါတယ်။

Credit : http://blog.irrawaddy.org/2013/07/blog-post_9.html

တည်ဆောက်ဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မကွန်ကရစ်တိုင် ပြိုကျမှုဖြစ်ပွား


7.8.16

သမိုင်းမှ လှိုင်သာယာသို့ ချိတ်ဆက်ပေးမည့် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတား ၏ ပင်မကွန်ကရစ်တိုင် ပြိုကျခဲ့ကြောင်း သတင်း ရရှိသည်။


ဇူလိုင် ၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြိုကျခဲ့သော ကွန်ကရစ်တိုင်မှာ သမိုင်းမှ လှိုင်သာယာသို့ ဆက်သွယ်မည့် အဓိက ပင်မကွန်ကရစ်တိုင် အမှတ် ပီစီ-၁၇ ဖြစ်ကြောင်း ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


ပင်မကွန်ကရစ်တိုင် ပြိုကျရခြင်းမှာ လုပ်ငန်းခွင်အတွင်း အသုံးပြုလျက်ရှိသည့် ကရိန်းမှ တိုက်မိ ခဲ့သောကြောင့် ဖြစ်ကြောင်း၊ ဆောက်လုပ်သည့် အရည်အသွေး မပြည့်မီခြင်း မဟုတ်ကြောင်း တာဝန်ယူ တည် ဆောက်နေသည့် FMI ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်ကျော်၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်အား တွေ့ရှိခဲ့သူ တစ်ဦးက ''အကြီးအကျယ် တိုက်တာ မဟုတ်ဘဲနဲ့ လဲကျသွားခဲ့တဲ့ တည် ဆောက်မှုတွေကို နည်းနည်း စိုးရိမ်ရတယ်။ နောက်ပြီး ပြိုကျခဲ့တဲ့တိုင်က အောက်ခြေ ကွန်ကရစ်လောင်းတဲ့ အဆင့်ထိပဲ ရှိသေးပေမယ့် အပေါ်သံတိုင်တွေ အများအပြား တင်ထားတဲ့အတွက်ကြောင့် ခံနိုင်ရည်အား မရှိခဲ့တာ ဖြစ်ဖို့များပါတယ်'' ဟု ပြောသည်။

ပင်မကွန်ကရစ်တိုင် ပြိုကျမှု ဖြစ်စဉ်ကြောင့် သမိုင်းမှ လှိုင်သာယာ-အင်းစိန်သို့ ဆက်သွယ်ထားသည့် ကားလမ်းကြောများ နှစ်နာရီခန့် ပိတ်ထားခဲ့ရခြင်းကြောင့် ပြိုကျသည့် ဖြစ်စဉ်အနီး ဆက်စပ်နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

ဘုရင့်နောင် ခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှစ၍ FMI ကုမ္ပဏီမှ အဓိက တာဝန်ယူ တည်ဆောက်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ ၂၆ ဘီလီယံခန့် ရှိမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

Credit : http://www.news-eleven.com/local/yangon-news/20871

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းအစီအစဉ်များနှင့် မြန်မာ့အသံရေဒီယိုလိုင်းများကို ANDROID MOBILE ဖုန်းများပေါ်တွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့မှ စတင် စမ်းသပ်ထုတ်လွှင့်မည်



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ သစ်၏ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှု လုပ်ငန်း စဉ် များနှင့် အတူ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မီဒီယာ ကဏ္ဍလုပ်ငန်း ဆောင် ရွက်မှု များသည် ပြည်သူကို ဗဟိုပြုသည့် ဝန်ဆောင် မှု လုပ်ငန်းများ အဖြစ်သို့ အသွင်ကူးပြောင်း ဖော် ဆောင်လျက် ရှိပါသည်။


ထိုကဲ့သို့ ပြည်သူ ဗဟိုပြု ဝန်ဆောင်မှု လုပ်ငန်းအဖြစ်သို့ ပြောင်းလဲ ဆောင်ရွက်ရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြည်သူတို့အတွက် မြန်မာ့အသံ ဟူသော ဆောင်ပုဒ်နှင့်အညီ သတင်းနှင့် ဖျော်ဖြေရေး အစီအစဉ် များကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ပြီး ယခင်နှင့်မတူ တမူ ထူးခြားစွာဖြင့် ကြိုးပမ်း တင်ဆက်ခဲ့ရာ နာရီစဉ်အလိုက် သတင်း တင်ဆက်မှုများ အပြင် ပြည်သူတို့ အကြိုက် ဖျော်ဖြေရေး ကဏ္ဍဍများကိုပါ နေ့စဉ် (၁၇) နာရီ ထုတ်လွှင့် ပေးလျက်ရှိပါသည်။ 

ထို့အပြင် ပြောင်းလဲ တိုးတက်လာသော ခေတ်စနစ်နှင့် အညီ ပုံမှန်ရုပ်သံ ထုတ်လွှင့်မှုများကို အင်တာနက် Website များပေါ်တွင် ကြည့်ရှုခံစား နိုင်စေရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန၏ Web Portal တစ်ခု တည်ထောင်ပြီး ပြည်သူတို့ အတွက် အင်တာနက် ဝန်ဆောင်မှုကိုပါ တစ်ပါတည်း ဆောင်ရွက် ပေးနိုင်သလို ယနေ့ခေတ် ပြည်သူများ စိတ်ဝင်စားလျက် ရှိသော Social Media Network ပေါ်တွင် MRTV Web Media Portal Facebook Account တစ်ခုဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ပေးနိုင်ပါသည်။

ယခုအခါ ထပ်မံပြီး ပြည်သူတို့အတွက် ဝန်ဆောင်မှု အသစ်တစ်ခု အနေနှင့် MRTV Mobile Application တစ်ခုကို စတင် တည်ဆောက်လျက် ရှိပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့မှ စတင်ကာ Android Mobile ဖုန်းများပေါ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအစီအစဉ် များကို ကြည့်ရှုခံစား နိုင်တော့မှာဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုလိုင်း ဖျော်ဖြေ တင်ဆက်မှု များကို နားထောင်ခံစား နိုင်ရန်အတွက် Mobile Software များကို စမ်းသပ် ထုတ်လွှင့် ပေးသွားတော့မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ပြည်သူများ၏ Mobile ဖုန်း အသုံးပြုမှုတွင် အများဆုံး အသုံးပြုလျက် ရှိသည့် Android Mobile ဖုန်းများပေါ်တွင် အသုံးပြုနိုင်မည့် MRTV APK Software (MRTV Icon ပါ APK Software) နှင့် MRTV Radio Station APK Software (MRTV Radio Station Icon ပါ APK Software) တို့အား ဇူလိုင်လ (၁၅)ရက်နေ့မှ စတင်ပြီး Google Play တွင် အခမဲ့ Download ရယူ အသုံးပြု နိုင်မှာ ဖြစ်ပါသည်။ 

ဆက်လက်ပြီး iPhone အသုံးပြုသူ များအတွက်ပါ အဆင်ပြေစေမည့် MRTV Mobile Version အား ဆက်လက် ထုတ်ေဝ ပေးသွားမည် ဖြစ်ပါသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် ရုပ်မြင်သံကြား နှင့် ရေဒီယို အစီအစဉ်များအား တိုက်ရိုက်ခံစား စေနိုင်ရန်အတွက် LIVE Streaming ထုတ်လွှင့်မှု များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Credit : http://www.moi.gov.mm/mrtv/news/local/9/07/2013/id-4518

ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် အိမ်စီးကားနှင့် မန္တလာမင်း အဝေးပြေးယာဉ်တို့ တိုက်မိပြီး လေးဦးသေဆုံး


7.8.15

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲက surf အိမ်စီးကား တစ်စီး နှင့် မန္တလာမင်း အဝေးပြေးယာဉ် တစ်စီးတို့ တိုက်မိ မှုကြောင့် surf အိမ်စီးကားပေါ်တွင် ပါသော ယာဉ်မောင်းတစ်ဦးနှင့် မိသားစုသုံးဦး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်-မန္တလေး အမြန်လမ်းကြီး မိုင်တိုင်အမှတ် ၂၆၂ မိုင်၊ ၃ ဖာလုံ ပျော်ဘွယ်မြို့နယ်အတွင်း ရန်ကုန်မှ မိတ္ထီလာသို့ မောင်းနှင်နေသည့် surf အိမ်စီးကား (အဖြူရောင်) ယာဉ်ကို ရန်ကုန်-မန္တလေး ပြေးဆွဲနေသော မန္တလာမင်း ခရီးသည်ယာဉ် တစ်စီးက လက်ဝဲဘက်မှ ကျော်တက်စဉ် surf အိမ်စီးကား၏ ဘယ်ဘက်ခြမ်း နောက်ပိုင်းအား ၀င်တိုက်မိကြောင်း သိရသည်။

ယင်းသို့ ၀င်တိုက်မှုကြောင့် surf အိမ်စီးကားမှာ မန္တလာမင်း ခရီးသည်တင်ယာဉ်၏ အရှေ့သို့ ရောက်ရှိ သွားခဲ့သဖြင့် ထပ်မံတိုက်ခံရကာ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် surf အိမ်စီးကားတွင် ပါရှိသည့် မိသားစုဝင် သုံးဦးဖြစ်သည့် ဦးညိုဝင်း (၄၅) နှစ်၊ ဒေါ်နီနီစိုး (၄၄) နှစ်၊ မဖြိုးဖြိုးလွင် (၂၈) နှစ်နှင့် ယာဉ်မောင်း အပါအ၀င် စုစုပေါင်း လေးဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ အတိုက်ခံရသော surf အိမ်စီးကားပေါ်ရှိ မိသားစုဝင်များမှာ မိတ္ထီလာမြို့တွင် ရောက်ရှိနေသူ မိခင်ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှု ခံယူရန်အတွက် ရန်ကုန်သို့ ခေါ်ဆောင်ရန် သွားရောက် ခြင်း ဖြစ်ကြောင်း သိရသည်။

''အခင်းဖြစ်ပြီး ကျွန်တော်ရောက်သွားတော့ ပျော်ဘွယ်လေး ရဲစခန်းမှာ စစ်ချက်ယူတယ်၊ ဖြစ်တဲ့နေရာမှာ ကျွန်တော်တို့ဘက်က လေးယောက်လုံး ပွဲချင်းပြီးသေတယ်'' ဟု အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် ခဲ့သူ ကိုဝဏ္ဏက ဆိုသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် သေဆုံးသူ ယာဉ်ပိုင်ရှင် ကိုညွန့်ဝင်း၏ ဇနီးဖြစ်သူက ''ဒါနဲ့ပတ်သက်ပြီးတော့ ပျော်ဘွယ်လေး ရဲစခန်းကတော့ စစ်ချက်ယူထားတယ်၊ အမှုလဲ မဖွင့်ရသေးပါဘူး။ ကားမောင်းတဲ့ ကိုခိုင်မောင်လတ်က ကိုညွန့်ဝင်းရဲ့ သူငယ်ချင်း၊ နောက် ကျွန်မအစ်မနဲ့ အိမ်က ကလေးရယ် အားလုံး လေးယောက်သွားတာ အကုန်ပွဲချင်းပြီးတယ်'' ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမာက ဆိုသည်။

ဇူလိုင် ၃ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၄ လယ်ဝေးမြို့ အနီးတွင် အမျိုးသား ဆရာဝန်လေးဦးနှင့် ယာဉ်မောင်း အမျိုးသားတစ်ဦး စီးနင်းလိုက်ပါလာသော လန်ခရူဆာ ကားတစ်စီး တံတားတစ်ခုပေါ်မှ အရှိန်လွန်ပြုတ်ကျသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာ သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယာဉ်ပေါ်ပါသူ ဆရာဝန်လေးဦးမှာ ဒေါက်တာအောင်မြင့် ၆၈ နှစ်၊ ဒေါက်တာမြအောင် ၆၇ နှစ်၊ ဒေါက်တာအောင်မြတ်စိုး ၆၁ နှစ်၊ ဒေါက်တာကျော်စိုး ၅၁ နှစ်တို့ဖြစ်ပြီး ယာဉ်မောင်းမှာ ဦးသန်းဦး ၅၇ နှစ်တို့ ဖြစ်သည်။

Credit : http://www.news-eleven.com/local/mandalay-news-and-local/20870

ဒုက္ခသည်များ ပြန်နေနိုင်ရန် မြေမြှုပ်မိုင်းများ ရှင်းထားပြီးကြောင်း DKBA ပြော



တဘက်နိုင်ငံ နယ်စပ်များတွင် နေထိုင်သည့် မြန်မာ ဒုက္ခသည်များ ပြန်လည် လာရောက် နေထိုင်နိုင်ရန် အတွက် မူလ မြေမြှုပ်မိုင်းများကို သေနတ်ဖြင့် ပစ်ကာ ဖောက်ခွဲ ရှင်းလင်းမှုများ ပြုလုပ်ထား ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူး ထွန်းထွန်းက ပြောသည်။


ပြည်တွင်းစစ်ကြောင့် ထိုင်း – မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေး ခိုလှုံနေသည့် ဒုက္ခသည်များက မြေမြှုပ်မိုင်းများနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေခြင်းကြောင့် လုံခြုံစိတ်ချစွာ ပြည်တော်ပြန် ရေး အတွက် မည်သို့ အစီအစဉ်များ ပြုလုပ်ထားကြောင်း မေးမြန်းခဲ့ရာ အထက်ပါ ပုဂ္ဂိုလ်က ထိုသို့ ပြန်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြန်လာဖို့အတွက် အပြည့်အ၀ အာမခံနိုင်ပြီလားဆိုရင် ကျနော်တို့ကတော့ ကျနော်တို့ထောင်ခဲ့တဲ့ လက်လုပ်မိုင်း တွေကို ပစ်ဖောက်ပြီး ရှင်းလင်းထားပါတယ်။ ဒုက္ခသည်စခန်းက တချို့လူတွေက စခန်း တွေမှာ ရိက္ခာအဆင်သင့် ရတယ်၊ ကိုယ့်အား ကိုယ်ကိုးပြီး လုပ်ကိုင် စားသောက်ချင်စိတ် မရှိကြတော့ဘူး။ အဲဒီအတွက် ပြန်မလာချင်တဲ့ သူတွေလည်း ရှိပါတယ်” ဟု ဗိုလ်မှူး ထွန်းထွန်းက ပြောသည်။

ဖောက်ခွဲဖျက်ဆီးခဲ့သော မြေမြှုပ်မိုင်း အရေအတွက်ကိုမူ အထက်ပါ ပုဂ္ဂိုလ်က ဖြေကြားခြင်းမပြုပေ။

မြ၀တီမြို့နယ် ဝေါ်လေမြို့နယ်ခွဲမှ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးရင်ကလည်း “ဒုက္ခသည် စခန်းကလူတွေကို ပြန်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီမှာ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေ လုပ်နိုင်တယ်။ ပြန်လာတဲ့ မိသားစုတွေအတွက် မြေဧက သောင်းကျော် ဖော်ထုတ်တာတွေ လုပ်နေတယ်။ နေစရာအတွက် ဖော်ထုတ်နေတဲ့ မြေဧက ၃ ထောင်၊ ၄ ထောင် ရှိတယ်” ဟု ပြောသည်။

ထို့အပြင် ပြန်လည် လာရောက်အခြေချမည့် စစ်ပြေးဒုက္ခသည် များအတွက် တအိမ်ထောင်လျှင် ပေ ၄၀၊ ပေ ၆၀ အိမ်ခြံ တကွက်အပြင်၊ တောင်ယာ မြေကွက်များကိုလည်း မိသားစု အရေအတွက်အလိုက် ချထားပေးရန် စီစဉ်ထားကြောင်း သူက ဆိုသည်။

သို့သော် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဆွေမျိုးသားချင်းများအား ပြန်မလာစေချင် သေးကြောင်း မြ၀တီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာမှ ဒေသခံ ကရင်အမျိုးသားကြီး တဦးကပြောသည်။

“ပြန်မလာစေချင်သေးဘူး။ ဒီမှာနေရတာ ဘယ်အချိန် ဘာထဖြစ်မယ်မှန်း မသိ၊ စိုးရိမ်ပြီး နေနေရတာပါ။ အခုတော့ တိုက်ပွဲတွေ မဖြစ်တာ ၁ နှစ်၊ ၂ နှစ်လောက် ရှိပြီ။ ဒါပေမယ့် စိတ်ချလက်ချ မနေရဲသေးဘူး” ဟု သူက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ ကရင်ဒုက္ခသည် အများဆုံး ခိုလှုံနေထိုင်လျှက်ရှိသော မယ်လ ဒုက္ခသည်စခန်းတွင် ယခုလ ၁၉ ရက်မှ စတင်၍ အနာဂတ် အစီအစဉ်များနှင့် ပတ်သက်၍ စစ်တမ်း ကောက်ယူမှုများ ပြုလုပ်ခဲ့ကြောင်း စခန်းအတွင်းရေးမှူး စောအယ်ကလယ်က ဧရာဝတီသို့ ပြောသည်။

“ထိုင်းနိုင်ငံမှာပဲ နေချင်သလား၊ တတိယနိုင်ငံကို သွားချင်သလား၊ ကိုယ့်နေရပ်ကို ပြန်ချင်သလားဆိုတဲ့ မေးခွန်း ၃ မျိုးကို မေးပြီး အနာဂတ်အတွက် ဘာတွေ စဉ်းစားထားသလဲ ဆိုတာ ၀ါမ၀င်ခင် အပြီး စာရင်း ကောက်မယ်။ မယ်လမှာ ဒုက္ခသည် ပေါင်း ၄ သောင်း ၇ ထောင်ကျော်ရှိပါတယ်” ဟု သူက ဆိုသည်။

နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ကာလအတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ရှိကြောင်း သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့တွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များနေ့၌ တရားဝင် ထုတ်ဖော် ပြောကြားသွားသည်။

လက်ရှိတွင် စစ်ပွဲများကြောင့် ပြည်တွင်း၌ လှည့်လည် ရှောင်ပုန်းနေရသော ဒုက္ခသည် (IDP) ပေါင်း ၄၄၆၀၀၀၊ စစ်ပွဲများ ကြောင့် နယ်စပ်တွင် ထွက်ပြေး နေရသော ဒုက္ခသည် (Refugee) ၃၅၀၀၀၀ ခန့်ရှိကြောင်း ဦးအောင်မင်းက ဆိုသည်။

UNHCR ၏ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ် အခြေအနေပြ အစီရင်ခံစာအရ တကမ္ဘာလုံးတွင် ဒုက္ခသည် ၁၅ သန်း ရှိသည့်အနက် စစ်ဘေးကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင် နေရသည့် ဒုက္ခသည် ၄ သိန်းကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ၎င်းတို့မှာ ထိုင်း၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနှင့် မလေးရှား တို့တွင် ခိုလှုံနေရကြောင်း သိရသည်။

Credit : http://burma.irrawaddy.org/archives/43965

ရခိုင်တွင် ကျည်ဆန်များ ရောင်းချမှုဖြင့် တပ်ကြပ် တဦးနှင့် အမျိုးသမီးတဦး ဖမ်းဆီးခံရ



ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ (ခြေမြန်တပ်ရင်း) ၃၇၅ မှ တပ်ဖွဲ့ဝင် တဦးနှင့် အမျိုးသမီးတဦးတို့အား ကျည်ဆန်များ ရောင်းချမှု ဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရ သည်။


ခမရ ၃၇၅ တပ်ရင်းမှ တပ်ကြပ်ကျော်ဝေသည် စစ်တပ်ပိုင် ကျည်ဆန်များကို ကျောက်တော်ဒေသခံ ဒေါ်အေးကြည် ဆိုသည့် အမျိုးသမီးမှ တဆင့် ရောင်းချသည်ဟု စစ်ဆေးတွေ့ရှိရ၍ ၎င်းတို့နှစ်ဦး စလုံးကို ယမန်နေ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင် က ဧရာဝတီ ကို ပြောသည်။


“ကျည်ဆန်တောင့် ၃၀၀၊ ငွေသား ကျပ်၂ သိန်းကျော်နဲ့အတူ မအေးကြည်ကို ဖမ်းမိတယ်၊ အဲဒီကျည်ဆန် တွေဟာ တပ်ကြပ် ကျော်ဝေက ပို့ဆောင်ခိုင်းတာလို့ ထွက်ဆိုတယ်၊ မအေးကြည်ကို ရဲစခန်းမှာ စစ်ဆေးနေ တုန်းပါ၊ ကျော်ဝေကိုတော့ စစ်တပ် အချုပ်ခန်းမှာပဲ စစ်တပ် ဥပဒေအတိုင်း ဆောင်ရွက်နေပါတယ်”ဟု ရဲမှူး ခင်မောင် က ဆိုသည်။

တပ်ကြပ် ကျော်ဝေအား လက်နက် အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂ (၁)(ဂ) အရ စစ်ဘက်ရေးရာ အရာရှိများနှင့် ရဲ တပ်ဖွဲ့ ပူးပေါင်း စစ်ဆေးနေပြီး ဒေါ်အေးကြည်ကိုမူ ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေ ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ကျောက်တော်မြို့နယ် လမ်းမတော်အရပ်မှ ဒေါ်အေးကြည်သည် တခြားကျေးရွာသို့သွားစဉ် သင်္ကာမကင်း၍ ကျောက်တော် မြို့နယ် အမျိုးသမီး ကွန်ရက်မှ အမျိုးသမီး ခေါင်းဆောင်များက ရှာဖွေစစ်ဆေးစဉ် ကျည်ဆန်များတွေ့ရှိကြောင်း၊ ထို့ကြောင့် မြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ မြို့နယ် အာဏာပိုင် များနှင့်အတူ ဒေသခံ ရပ်မိရပ်ဘများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သော ရပ်မိရပ်ဘ တဦးဖြစ်သူ ဦးမောင်ဝင်း က ဧရာဝတီ ကို ပြောပြသည်။

ဒေါ်အေးကြည်၏ ဖခင်သည် ပန်းပဲဆရာ တဦးဖြစ်ကြောင်း၊ ၎င်းပြုလုပ်သည့် ဓား၊ ဆောက်၊ လှံ၊ ဂျင်ကလိ စသည့် သံထည် ပစ္စည်းများကို ထိုဒေသရှိ ဘင်္ဂါလီ(မွတ်စလင်)ကျေးရွာများတွင် ရောင်းချလေ့ရှိကြောင်း၊ ယခုအကြိမ်တွင်လည်း ထိုလက်နက် များ ထပ်မံ ရောင်းချနေသည်ကို တားဆီးလိုသည့်အတွက် စစ်ဆေး ရာမှ ကျည်ဆန်များ တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။

“ကျနော်တို့ ထင်တာက စူးဆောက်တွေ၊ ဓားတွေပဲ ထင်ပြီးစစ်ဆေးတာ၊ ကျည်ဆန်တွေကိုပါ တွေ့တော့ ရဲစခန်းကို အကြောင်း ကြားပြီးမှ ဖမ်းဆီးစစ်ဆေးရင်းနဲ့ စစ်သားက ပို့ခိုင်းတယ်လို့ ထွက်ဆိုတယ်”ဟု ဦးမောင်ဝင်း က ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစု အပါအ၀င် ကျောက်တော်မြို့နယ်တွင်လည်း ဘင်္ဂါလီလူမျိုးများနှင့် ပဋိပက္ခ ဖြစ်ထား၍ ပြဿနာများ ဆက်လက်မဖြစ်ပွားရန်၊ တည်ငြိမ်အေးချမ်းစေရန် ဓား၊ လှံ၊ ဂျင်ကလိ စသည့်လက်နက်များ ဆက်လက် မရောင်းချနိုင် ရေး တားဆီးရန် ရည်ရွယ်ချက်ဖြင့် ရပ်မိရပ်ဘများက အစည်းအဝေးပြုလုပ် ဆုံးဖြတ်ကြကာ စစ်ဆေးကြခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။

ကျောက်တော်မြို့နယ်၏ နေရာဒေသ တချို့တွင် ခိုးမှု၊ လုယက်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး မင်းကြပ် ကျေးရွာမှ ကျောင်းဆရာမ တဦးနှင့် ကျောင်းသူတဦးတို့ တရွာမှတရွာသို့သွားစဉ် လမ်း၌ အကြမ်း ဖက် တိုက်ခိုက်၍ လက်ဝတ်ပစ္စည်းများ လုယက်ခံခဲ့ရကြောင်း ရခိုင်ပြည်နယ် အာဏာပိုင်များက ထုတ်ပြန် ထားသည်။

ဖမ်းဆီးရမိသော ကျည်ဆန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ – နိရဉ္စရာ)

Credit : http://burma.irrawaddy.org/archives/43975

ဗုဒ္ဓဂယာဗုံး အမိုးနီးယမ်း နိုက်ထရိတ် သုံး



အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် တနင်္ဂနွေက ဗုံး ပေါက်ကွဲ ခဲ့မှုအတွက် ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်း စစ်ဆေးချက်အရ ဗုံးများကို ပေါက်ကွဲစေသော အမိုးနီးယမ်း နိုက်ထရိတ် ဓာတုဗေဒ အမျိုးအစားကို သုံးစွဲ ထားကြောင်း သိရှိရသည်။


ကျွမ်းကျင်ပညာရှင်များက ၁၅၀ ဂရမ်နှင့် ဂရမ် ၂၀၀ ကြား အသီးသီး အသုံးပြုထားသော ဗုံးများ သည် ဘုန်းတော်ကြီး ၂ ပါးကို ဒဏ်ရာရရှိစေခဲ့ပြီး ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ နေရာကို အဓိကဦးတည်၍ တိုက်ခိုက်သော ပထမဆုံး အကြမ်းဖက်မှုအဖြစ် ယုံကြည်ကြသည်။ မနက် ၅ နာရီ မိနစ် ၃၀ နာရီကို အချိန်ကိုက်ထားသော စလင်ဒါဗူးထဲတွင် သံတိုသံစများကို ထည့်ထားသည်ဟု သူတို့က ဆိုသည်။

တချိန်တည်းတွင် မသင်္ကာသူတဦးကို ထိန်းသိမ်းစစ်ဆေးနေကြောင်း ဘီဟာရဲတပ်ဖွဲ့က ပြောဆိုသည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဗုဒ္ဓဘာသာဝင်များ အမြောက်အများ လာရောက်လည်ပတ် လေ့ရှိသော နေရာများအပါအ၀င် ပြည်နယ် အားလုံးကို သတိရှိကြရန်နှင့် အရေးပါသည့်နေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားရန် သတိပေး တပ်လှန့်မှုများ ပြုလုပ်ထားသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနက ဗုဒ္ဓဘာသာရေး အဆောက်အဦးများ၊ တိဘက်လူမျိုးများ အခြေချ နေထိုင်သည့် နေရာများနှင့် ဘာသာရေးနှင့်သက်ဆိုင်သော အခြားနေရာများတွင် လုံခြုံရေး တင်းကျပ်စွာချထားရန် ပြည်နယ် အားလုံးသို့ ချက်ချင်း အကြံပေးခဲ့သည်။

အဓိကမြို့ကြီးများဖြစ်သည့် ဒေလီ၊ မွန်ဘိုင်း၊ ကိုလ်ကတ္တာ၊ အာမီဒါဘတ်၊ ဘန်ဂလော၊ ဟိုင်ဒါဘတ် နှင့် ပူးနေး မြို့ကြီးများတွင် သတိပေးချက် အမြင့်ဆုံးထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပြည်နယ်အစိုးရများ အနေဖြင့် ၎င်းတို့၏ ထောက်လှမ်းရေးနှင့် လုံခြုံရေးအဖွဲ့များအား ဗုဒ္ဓဘာသာ လူဦးရေနှင့် အချက်အချာကျသည့် ဘာသာရေး အဆောက်အဦးများကို အလျှင်အမြန်ကာကွယ်ပေးနိုင်ရန် သေသေချာချာ ပြင်ဆင်ထားကြရန်လည်း အကြံပြု ခဲ့သည်။

အိန္ဒိယအစိုးရက “အကြမ်းဖက်လုပ်ရပ်” အဖြစ် သတ်မှတ်ခဲ့သည်။ ယခုထိ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ရှိကြောင်း မထုတ်ပြန်ကြသေးချေ။

အိန္ဒိယဝန်ကြီးချုပ် မိုဟာမက်ဆင်းက အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး “သည်းညည်း ခံမည် မဟုတ်”ဟု ပြောဆိုသည်။

ဗုဒ္ဓဘာသာကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ အိန္ဒိယပြည် အကြမ်းဖက်တိုက်ခိုက်မှု သမိုင်းတွင် ရှားပါးသောကြောင့် အိန္ဒိယသတင်းစာများက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် ဘာသာဝင် များအကြား ဆက်ဆံရေး တင်းမာမှုကို ထောက်ပြပြီး အိန္ဒိယ မူဂျာဟစ်ဒင်များက လက်တုန့် ပြန်မှု ဖြစ်နိုင်ကောင်းသည်ဟု ရေးသားနေသည်။

“အစ္စလမ် အစွန်းရောက်အဖွဲ့ တချို့က ဗုဒ္ဓဘာသာဝင်တွေနဲ့ သူတို့ဘာသာရေးအမြင်အရ နိုင်ငံခြားသားလို့ ထင်တဲ့သူတွေ ကို ဦးတည်တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ ထောက်လှမ်းရေးသတင်းတွေ ရရှိခဲ့ပါတယ်။ ဒါက ရိုဟင်ဂျာ မူဆလင်တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေကြားမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးပဋိပက္ခ တွေကြောင့်လို့ ယူဆရပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိကြီးတဦးက သတင်းထောက်များကို တနင်္ဂနွေနေ့တွင်ပြောကြားခဲ့ကြောင်း The Hindu သတင်းစာက ရေးသားသည်။

“အရင်နှစ်က ပူးနေးမြို့ ဗုံးပေါက်ကွဲမှုတွေ အပြီးမှာ ဖမ်းဆီးမိခဲ့တဲ့ အိန္ဒိယ မူဂျာဟစ်ဒင်တွေက မြန်မာနိုင်ငံမှာ မူဆလင် တွေကို ကြမ်းတမ်းရက်စက်စွာ ဖိနှိပ်နေခြင်းကို လက်တုန့်ပြန်တဲ့ အနေနဲ့ ဗုဒ္ဓဂါယာက စေတီပုထိုးတွေကို ဦးတည် တိုက်ခိုက်ဖို့ အစီအစဉ် ရှိတယ်လို့ ဒေလီရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။ ဒီသတင်းကို ဘီဟားရဲတပ်ဖွဲ့ကိုလည်း ပေးပို့ထား ပါတယ်။ ဒီ ဖေါက်ခွဲမှုမှာ အသုံးပြုသွားတဲ့ နည်းလမ်းတွေနဲ့ သဘောသဘာဝတွေ အရကြည့်မယ်ဆိုရင် အိန္ဒိယ မူဂျာဟစ်ဒင် တွေ ရဲ့ လက်လုပ်ဗုံး ဖြစ်နိုင်ပါတယ်” ဟု ဆိုကြောင်းလည်း သိရသည်။

တချိန်တည်းတွင် အိန္ဒိယအခြေစိုက် မွတ်စလင်အဖွဲ့အစည်းများကလည်း ဗုဒ္ဓဂယာကို ဗုံးခွဲခြင်းသည် မလုပ်သင့်သော ကိစ္စဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ကြသည်။

သို့သော် Jamiat Ulama-i-Hind ၏ ဥက္ကဌ Maulana Qari Mohammad Usman Mansoorpuri က မြန်မာနိုင်ငံမှ လူမျိုးရေး ပဋိပက္ခများ နှင့် ဆက်စပ်၍ ဤသို့ လုပ်ခြင်းသည် ရိုဟင်ဂျာမူဆလင်များ၏ ဒဏ်ရာများပေါ်တွင် ဆားဖြင့်သွား၍ပွတ်လိုက် သည်နှင့် အတူတူပင်ဖြစ်ကြောင်းပြောသည်။ ထို့ပြင် ဗုံး ပေါက်ကွဲမှုနှင့် မြန်မာနိုင်ငံမှ ဖိနှိပ်မှုများကို အလျှင်အမြန် ဆက်စပ် တင်ပြခဲ့သည့် မီဒီယာများကိုလည်း “တာဝန်မဲ့တဲ့ အပြုအမူ” ဟု ဝေဖန်ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံရှိ မွတ်စလင်အဖွဲ့များကို သြဇာလွှမ်းမိုးနိုင်သည့် အဖွဲ့တခုဖြစ်သော All India Muslim Majlis-e Mushawarat (AIMMM) အဖွဲ့ကလည်း ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုကို “လူမဆန်သော သူရဲပေါ ကြောင်သည့်လုပ်ရပ်” ဟု ရှုတ်ချလိုက်ပြီး “မြန်မာနှင့် ပတ်သက်သည်ဆိုသော ရှုထောင့်”မှ သုံးသပ်ခြင်း ကိုလည်း ဝေဖန်ပြစ်တင်လိုက်သည်။

“တခြားနိုင်ငံက လူတချို့ရဲ့ မှားယွင်းတဲ့လုပ်ရပ်နဲ့ ပြစ်မှုတွေအတွက် ကျနော်တို့ နိုင်ငံထဲက အပြစ်မဲ့သူ တွေကို တိုက်ခိုက် ရမယ်လို့ တောင်းဆို တိုက်တွန်းမှုတွေလည်း မရှိခဲ့ပါဘူး” ဟု AIMMM ၏ ဥက္ကဌ Dr. Zafarul-Islam Khan က ပြောသည်။

Jamiat Ulama-i-Hind အဖွဲ့က နိုင်ငံရေးနောက်ခံအကြောင်းပြု၍ အကြမ်းဖက်တိုက်ခိုက်ခြင်းကို ခွင့်လွှတ်၍ မရနိုင် ကြောင်းလည်းပြောသည်။

“စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးရလဒ်တွေအတွက် ဘာသာရေးဆိုင်ရာနေရာတွေကို အကြမ်း ဖက် တိုက်ခိုက်တာဟာ အိန္ဒိယလို ယဉ်ကျေးမှုစုံလင်တဲ့ နိုင်ငံအတွင်းမှာ သည်းခံနိုင်စရာ မရှိပါဘူး” ဟု ဥက္ကဌ Maulana Qari Mohammad Usman Mansoorpuri ဟုဆိုသည်။

AIMMM ၏ ဥက္ကဌ Dr. Zafarul-Islam Khan ကလည်း ဖေါက်ခွဲမှုကို ကျူးလွန်ခဲ့သူများသည် “အိန္ဒိယ မူဂျာဟစ်ဒင်များ ” ဖြစ်သည်ဟု အမည်တပ်ဖော်ပြခဲ့သည့် အတွက် “တာဝန်မဲ့မှု နှင့် အလျှင်စလို ကောက်ချက်ချမှုများ” ကိုစွန့်လွှတ်ကြရန် မီဒီယာများကို တောင်းဆိုလိုက်သည်။ “သင့်တော် မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု မလုပ်ဘဲနဲ့ လျှင်လျှင်မြန်မြန် အဖြေ ထွက်လာအောင် ဖိအားပေးတာမျိုးမရှိဘဲနဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့တွေ သူတို့ အလုပ် သူတို့လုပ်ပါစေ။” ဟု သူက ပြောသည်။

Dr. Zafarul-Islam Khan က စုံစမ်းရေးအဖွဲ့များအနေဖြင့် မျှမျှတတ ဖော်ထုတ်သက်သေပြ ပေးကြရန်လည်း တိုက် တွန်းလိုက်သည်။ “နောက်ပိုင်းကျမှ ဟိန္ဒူအစွန်းရောက်တွေရဲ့ လက်ချက်ပါလို့ ဖေါ်ထုတ်နိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ တိုက်ခိုက် မှုတွေမှာ မရေမတွက်နိုင်အောင် များပြားတဲ့ အပြစ်မဲ့ မူဆလင် လူငယ်လေးတွေကို အရင်ဖမ်းတဲ့ အဖြစ်မျိုးတွေ အများကြီး ကျနော်တို့ မြင်ခဲ့ရပါတယ်” ဟု သူကဆိုသည်။

ဗုဒ္ဓဂယာတွင် တနင်္ဂနွေ ဗုံးပေါက်ကွဲခဲ့မှု ဖြစ်စဉ် အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဘီဟားရဲအဖွဲ့က စေတီတွင် တပ်ဆင်ထားသော ၁၅ လုံးခန့် ရှိမည့် လုံခြုံရေးကင်မရာများမှတဆင့် အခြားသဲ လွန်စများ ရှာဖွေသည်။ ပေါက်ကွဲမှု ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးကို နေရာမှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။

(၂) ဗုံးကျွမ်းကျင်သူတို့၏ အဆိုအရ ထိုဗုံးများသည် အာမီဒါဘတ် နှင့် ပူးနေး မြို့ ဖောက်ခွဲမှုများတွင် အသုံးပြုခဲ့သည့် ဗုံးများနှင့် အလွန်တူသည်ဟု သိရသည်။ ဗုံးများတွင် အချိန်မှတ်အဖြစ်နာရီ (စက်နာရီ) ကို အသုံးပြုထားပြီး မနက် ၅နာရီ ၃၀ မိနစ်တွင်ချိန်ကိုက်ထားသည်။ ထို့အပြင် ဗုံးတိုင်းတွင် ၁၅၀ မှ ၂၀၀ ဂရမ် အတွင်းရှိမည့် အမိုးနီးယမ်း နိုက်ထရိတ်ကို ဖောက်ခွဲရေး ပစ္စည်းအဖြစ် အသုံးပြုထားသည်ဟု ၎င်း တို့က ပြောသည်။

(၃) သတင်းရင်းမြစ်များ အဆိုအရ ဗုံးပေါ်တွင် အူရဒူ ဘာသာဖြင့် ရေးသားထားသည့် အမှတ်အသား များတွေ့ ရှိ ရသည်ဟု သိရသည်။ စာလုံးတလုံးက “ကြီးမြတ်သောဗုဒ္ဓ” ဟု အဓိပ္ပါယ်ရပြီး နောက်စာသား တခုက “ဘတ်စ်ကား” ဟု အဓိပ္ပါယ်ရသည်။ ရဲတပ်ဖွဲ့က ပထမစာလုံးသည် မဟာဗောဓိ ဗုဒ္ဓဆင်းတုကို ရည်ညွှန်းသည်ဟု သံသယရှိပြီး ဒုတိယစာလုံးမှာ ကမ္ဘာလှည့် ခရီးသည်များ စီးနင်းသည့် ဘတ်စ်ကားတစီး ကို ရည်ညွှန်းသည်ဟု ကောက်ချက်ချကြောင်း သတင်းရင်းမြစ်များက ပြောသည်။

(၄) ရဲအဖွဲ့မှ သံသယရှိသော အိန္ဒိယ မူဂျာဟစ်ဒင် တဦးဖြစ်သည့် Anwar Hussain Mallik ကို West Bengal ပြည်နယ်၊ Nadia ခရိုင်တွင် ဖမ်းဆီးခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှု ပေါင်းစုံအတွက် စစ်ဆေးနေသည်ဟု သိရသည်။ Mallik ကို ယမန်နေ့က ဖမ်းဆီးခဲ့စဉ် ၎င်းနှင့် အတူ ငွေစက္ကူအတု ရူပီး ၁၉၀၀၀၀ ကိုပါ သိမ်းဆည်းရမိခဲ့၏။ ရဲတပ်ဖွဲ့က သူ့ကို ၂၀၁၀ ခုနှစ်က ပူးနေး တွင်ဖြစ်ပွားခဲ့သည့် လူ ၁၇ ဦးသေဆုံးခဲ့သည့် ဂျာမန်မုန့်ဆိုင် ဖောက်ခွဲမှုကို ငွေကြေးထောက်ပံ့ခဲ့သည်ဟု သံသယ ရှိနေသည်။

(၅) ရဲတပ်ဖွဲ့က အိန္ဒိယ မူဂျာဟစ်ဒင်များကို ဖမ်းဆီးနေခြင်းနှင့် ဗုဒ္ဓဂယာ ဗုံးခွဲတိုက်ခိုက်မှုတို့ ဆက်စပ်ခြင်း မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

(၆) ဒေလီရဲတပ်ဖွဲ့က မဟာဗောဓိ စေတီကို အိန္ဒိယ မူဂျာဟစ်ဒင်များက တိုက်ခိုက်မည်ဟု ထောက်လှမ်းရေး သတင်းများ ရရှိနေ ကြောင်း လွန်ခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းကထဲက ဘီဟား ရဲတပ်ဖွဲ့ကို သတိပေး ခဲ့သော်လည်း စေတီ တွင် လုံခြုံရေး လျော့နည်းခဲ့သည်။

(၇) သတိပေးချက်ရရှိပြီးနောက် စေတီတော် ထိန်းသိမ်းသူများက ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တဖွဲ့ကို ငှားရမ်းခဲ့ သော်လည်း ဘာသာရေးအရ အရေးပါပြီး ခရီးသွားများလည်း အများဆုံးရောက်လာတတ်သည့် နေရာကို လုံခြုံရေး မြှင့်တင်ရန် ဘီဟားရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသည်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဘီဟား ပြည်နယ်ဝန်ကြီးချုပ် Nitish Kumar က စေတီတော် လုံခြုံရေးအဖွဲ့ကို တရားစွဲဆို အပြစ်ပေးဖွယ် ရှိသည် ဟု ပြောကြား လိုက်သည်။

(၈) ပြည်ထဲရေးဝန်ကြီးဌာနက “အကြမ်းဖက်တိုက်ခိုက်မှု” ဖြစ်သည်ဟု ယမန်နေ့က အတည်ပြု ကျေညာခဲ့သည်။ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) က တိုက်ခိုက်မှုကို ဖော်ထုတ်ရန် ကြိုးစားနေသည်။ ဗုဒ္ဓဂယာသို့ (NIA) အဖွဲ့တဖွဲ့ တနင်္ဂနွေနေ့ ညနေပိုင်းတွင်ရောက်ရှိလာခဲ့သည်။ အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့ (NSG) လည်း အတူပူးပေါင်းပါဝင် ဖော်ထုတ်မည်ဖြစ်သည်။

Credit : http://burma.irrawaddy.org/archives/43983

အားဆေးသောက်လျှင် သတိပြုစရာ



အစာနှင့်တွဲသောက်ပါ

ဗိုက်တာမင် A ၊ D ၊ E နှင့် K တို့ဟာ ခန္ဓာကိုယ်တွင်း အပြည့်အဝ ရောက်ရှိဖို့ အဆီနှင့်တွဲဖက်စုပ်ယူ ရန် လိုအပ်သော အဆီတွင်ပျော်ဝင် နိုင်သည့်ဗိုက်တာမင် (fat-soluble vitamin) များဖြစ်ကြပါတယ်။ ဒါ့အပြင် အစာ နှင့်သိပ်မဝေးစေဘဲ ဗိုက်တာမင်အားဆေး သောက်ခြင်း ဖြင့် ဗိုက်တာမင်ကြောင့် ဖြစ်သော ဗိုက်နာဗိုက်အောင့်ခြင်းမှ သက်သာ စေပါတယ်။


အချိန်မှန်အစာစားပါ

အားဆေးများဟာ သူ့ချည်း သက်သက်အားဖြစ်စေတာ မဟုတ်ပါဘူး။ စားသမျှအစားအစာတွေကို အပြည့် အဝစုပ်ယူနိုင်ပြီး ထိထိရောက်ရောက် ဓါတ်ပြုနိုင်အောင် ကူညီပေး ခြင်းဖြင့်သာမန်ထက်အာဟာရ ပိုမို စုဆောင်းနိုင်စေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အားဆေးသောက်ပေမယ့် အချိန်မှန် စားမှသာ အကျိုးရှိမှာ ဖြစ်ပါတယ်။

တန်ဆေးလွန်ဘေး

အားဆေးလွန်ကဲခြင်းဟာ ဘေး ဖြစ်စေပါတယ်။ ဥပမာ သံဓါတ်လွန် ကဲတဲ့အခါနှလုံးကျန်းမာရေးထိခိုက် တတ်ပါတယ်။ သံဓါတ်အားဆေး၊ ဇင့်အားဆေး၊ ကယ်လ်ဆီယမ်အား ဆေးစသည်ဖြင့် တစ်ခုချင်းသောက် တာဟာသက်ဆိုင်ရာဓါတ်တစ်ခု သာမန်အောက်ချို့တဲ့နေမှသာ သောက်ဖိုလိုပါတယ်။ ဗိုက်တာမင် B1 ၊ B6 ၊ B12 သုံးမျိုးစပ်ဆေးများ၊ ဗီတာမင်အစုံ (multivitamin) ဆေးများပိုမိုဦးစားပေးပါ။

အချိန်ခြားသောက်ပါ

အကယ်၍ ဗိုက်တာမင်နှင့် သတ္တုဓါတ်မျိုးစုံရောစပ်ပါဝင်တဲ့ အားဆေးမဟုတ်ဘဲ ဗိုက်တာမင်တစ် မျိုးလျှင် ဆေးတစ်မျိုးစီသောက်နေ ရပါက အားလုံးကို တစ်ပြိုင်နက်မ သောက်ဘဲ အချိန်အနည်းငယ်ခြား ပြီးမှ သောက်ပါ။

Health Updates Journal

ကလေးငယ်များ လေးလံသောကျောပိုးအိတ်ကြောင့် အရပ်အမောင်းကို ထိခိုက်နိုင်ဟုဆို



ယခုအခါမူလတန်း ကျောင်းသူ၊ ကျောင်း သားများ စာသင် ကြားရန်အတွက် စာအုပ်များ အားကျောပိုးအိတ်၊ လွယ်အိတ် များထဲတွင် မနိုင်ဝန်များတည့်၍ စာသင်ကြားနေရကြောင်း၊ အဆို ပါ မနိုင်ဝန်များကြောင့် ကလေး များ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို လျော့ကျမှုဖြစ်စေကြောင်း မြန်မာ နိုင်ငံစားသုံးသူ အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောသည်။


““နိုင်ငံတကာမှာတောင် ဒီလိုမျိုး မရှိတော့ဘူး။ အခုဟာ က ဆရာမက ထည့်လာခဲ့လို့ ပြောတာနဲ့ ကလေးတွေက ကြောက်ပြီး စာအုပ်တွေအကုန် ထည့်ပြီး သယ်သွားရော။ ဒီလို အရွယ်တွေမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အတွက် နုနယ်တဲ့ ခါးဆစ်ရိုးတွေ ဟာ ဆန့်ထွက်နိုင်တဲ့အင်အား လျော့ကျသွားပြီးတော့ ဥပမာ အားဖြင့် ပြောရရင် (၅၊ x၉။) လောက် အရပ်ရှည်မယ့် ကလေး က (၅၊x ၃။) လောက်ပဲ အလွန် ဆုံး အရပ်ရှည်ပြီး ခန္ဓာကိုယ်ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက် စေတာဖြစ်ပါ တယ်”” ဟု ၎င်းကပြောသည်။

ခန္ဓာကိုယ်နှင့် မမျှသော ၀န်ဖြစ်သည့်လွယ်အိတ်၊ ကျောပိုး အိတ်များကို လွယ်ရခြင်းကြောင့် ဖွံ့ဖြိုးခါစခါးဆစ်ရိုးများ၊ နာဗ် ကြောများထိခိုက်စေခြင်း အာရုံ ကြောများထိခိုက်စေခြင်း၊ ကျော ရိုးဆစ် များတွင် တစ်ခုနှင့် တစ်ခု ထိစပ်နေသည့် အရိုးနုလေးများ သည် ဖိမိက ခန္ဓာကိုယ်ဖွံ့ဖြိုးမှုများ ကို ထိခိုက် စေကြောင်း၊ အခြေခံ ပညာကျောင်းများတွင် ပညာပေး ဟောပြောမှုများကို လုပ်ဆောင် ရာ၌ ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာကျောင်းမှ ကျောင်း အုပ်ကြီးများနှင့် တိုင်ပင်ဆွေးနွေး ကာ တစ်ရက်ချင်းစီ သင်ကြား မည့် ဘာသာရပ်နှင့် စာအုပ်များ ကို ကျစ်ကျစ်လစ်လစ်ဖြင့် ၀န် မဖြစ်စေသည့် သယ်ဆောင်မှုမျိုး ဖြစ်ရန် အကြံပြုဆွေးနွေးမည် ဖြစ် ကြောင်း သိရသည်။

““ဒီကလေးတွေရဲ့ ကျောပိုး အိတ်တွေ၊လွယ်အိတ်တွေကတော် တော်ကိုလေးတာ။ ကျွန်တော်တို့ လူကြီး တွေတောင်မနည်းမရတယ်။ ဒီစာအုပ်တွေတစ်ရက်တည်းအစုံ သင်လားဆိုတော့ဆရာမကထည့် လာခဲ့လို့ ပြောတယ်ဆိုတာပဲ။ ဒီကိစ္စကို ကျောင်းတွေမှာ ပညာ ပေးဟောပြောတဲ့အခါထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်တယ်”” ဟု ၎င်းကထပ်မံပြောသည်။

ထိုသို့မူလတန်းကလေးများ တွင် ကျောင်းသို့ သယ်ယူသော စာအုပ်များသည် ၀န်ဖြစ်စေခြင်း ကြောင့် အချို့သောမိဘများ သည် မူလတန်းအရွယ် မိမိတို့ သားသမီးများ ၀န်မဖြစ်စေရန် ဘီးပါသည့် ကျောပိုး အိတ် များ ဖြင့် စီစဉ်ပေးခြင်းများလည်း မြို့ ပြကျောင်းအချို့၌ ရှိလာပြီဖြစ် ကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/23086

နာကူကျော်သူနာမည်နဲ့လာရင်သတိထားပါ



နယ်မြို့များတွင် နာရေး ကူညီမှု အသင်းမှ ဦးကျော်သူ၏ နာမည်အားသုံးကာ အလွဲသုံးစား မှုများရှိနေသည့်အတွက် သတိ ထားဆက်ဆံ ရန် လိုအပ်ကြောင်း ဦးကျော်သူပြောသည်။ ယင်းကဲ့ သို့ကိစ္စများပေါ် ပေါက်လာပါက ဦးကျော်သူ နှင့် တိုက်ရိုက်ဆက်သွယ်မေးနိုင် ကြောင်း သိရသည်။


““နယ်မြို့တွေမှာ ကျွန်တော် နာမည်သုံးပြီး လိမ်တဲ့သူ တွေ တော်တော်များများရှိနေတယ်။ အရင်တစ်ခေါက်တုန်းကလည်း မူဆယ်ဘက် ကို သွားတော့ ကျော် သူရဲ့သူငယ်ချင်းကျွန်တော့်ရဲ့ရုံကတ် ကိုပေးပြီး ရန်ပုံငွေပွဲတွေလုပ်ချင် တယ်ပြောပြီး မြို့နယ်အာဏာ ပိုင်တွေ အထိ ကျွန်တော်နာမည် ကို အသုံးချတာရှိတယ်။

ဟို တစ်လောကလည်းဦးကျော်သူ အသင်းကလို့ပါပြောပြီး နယ်က အသင်းတွေကို လိုက်ပြီးတော့ ခင်ဗျားတို့ အသင်းကို ဘာလုပ်ပေး ညာလုပ်ပေးမယ်လို့လိမ်တဲ့ သူ တွေရှိတယ်။

ပုဂံမှာလည်းအဲ့ဒီ အတိုင်းပဲ ကျော်သူမိတ်ဆွေပါ လို့ ပြောပြီး ကျော်သူနဲ့မီဒီယာတွေ ပါလာတဲ့အတွက် ဘုရားဖူးသွား ရန်အတွက် ကားခလာငှားရန် အကူအညီတောင်းတဲ့အတွက် ကားပေးလိုက်တယ်။ ကားပိုင်ရှင် ကလည်း ကျော်သူရဲ့လူမှုရေး လုပ်ငန်းတွေကို သဘောကျပြီး ဆီပါထည့်ပေးလိုက်တယ်။

ဒီလိုမျိုး တွေနောက်ထပ်ဖြစ်လာရင် ကျွန်တော်တိုက်ရိုက်ဆက်သွယ် ပြီးမေးမြန်းနိုင်ပါတယ်””ဟု ဦး ကျော်သူကပြောသည်။

ယခင်အစိုးရလက်ထက်က လည်း ဗိုလ်ချုပ်ကြီးခင်ညွှန့်အား နာမည်ပျက်အောင်လုပ်စားသွား သူများလည်း ရှိခဲ့ကြောင်း ဦး ကျော်သူကပြောသည်။

““ဒါတွေကို ဘယ်သူမဆို သတိလေးနဲ့လုပ်ဖို့လိုတယ်၊ ကျော်သူမှမဟုတ်ဘူး၊ နောက်ဆို ဒေါ်အောင် ဆန်းစုကြည် နာမည်ကို အသုံးချမယ်။ ဦးရွှေမန်းနာမည်ကို အသုံးချမယ်။ ဒီလိုအသုံးချမှုတွေ က ခေတ်အဆက်ဆက်မှာ ဖြစ်လာခဲ့တာဘဲ အခုမှမဟုတ်ဘူး၊ အရင်တုန်းကလည်း ဗိုလ်ချုပ် ခင်ညွှန့်နဲ့ ဓာတ်ပုံရိုက်တယ်၊ ဗိုလ်ချုပ်ခင်ညွှန့်ကလည်း ရိုးရိုးသားသား ဓာတ်ပုံရိုက်ခဲ့တယ်။ ဒီလို ဓာတ်ပုံတွေနဲ့ ဗိုလ်ချုပ်ခင်ညွှန့် နာမည်ပျက်သွားအောင်လုပ်စား သွားတဲ့ သူတွေအများကြီးပဲ””ဟု ပြောကြားခဲ့သည်။

Credit : http://www.hotnewsweekly.com/archives/23150

ဥရောပနိုင်ငံများမြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံပါက မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများ ထိခိုက်မည်မဟုတ်ဟုဆို



အနောက်နိုင်ငံများမြန်မာ၌ ရင်းနှီးမြှပ်နှံမှုသည် တရုတ်စီးပွား ရေးလုပ်ငန်းများကို ထိခိုက်စေ သည်ဟု စီးပွားရေးပညာရှင် အသီးသီးက သုံးသပ်လျက်ရှိရာ ၎င်းသုံးသပ်မှုသည်မှားယွင်း ကြောင်း၊ အနောက်နိုင်ငံများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံပါကလည်း မြန်မာနိုင်ငံရှိ တရုတ်စီး ပွားရေးလုပ်ငန်းများထိခိုက်မည် မဟုတ် ကြောင်းမြန်မာနိုင်ငံလုံး ဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဆိုင် ရာ သံမှူးMr.Jin Honggenက ပြောသည်။


ဇွန်လိုင်လ၅ရက်နေ့က တရုတ်သံရုံးတွင်ပြုလုပ်ခဲ့သော တရုတ်ကုမ္ပဏီများနှင့်မီဒီယာတွေ့ ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

““အခုနောက်ပိုင်းမှာ အနောက်နိုင်ငံတွေက မြန်မာ နိုင်ငံကိုရင်းနှီးမြှပ်နှံလာလို့မြန်မာ နိုင်ငံမှာ လုပ်နေတဲ့ တရုတ်စီးပွား ရေးတွေ ထိခိုက်မယ်ဆိုပြီးတော့ ပြောနေကျတာရှိပါတယ်။အဲ့တာ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေ မြန်မာနိုင်ငံကို ရင်းနှီးမြှပ်နှံလည်း တရုတ်စီးပွားရေးတွေထိခိုက်တာ မရှိပါဘူး၊ ကျွန်တော်တို့ဟာ အနောက်နိုင်ငံများနဲ့လည်းတွဲပြီးတော့ အလုပ်လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံ တစ်ခု ထဲနဲ့ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် မလုပ်ပေးနိုင်ပါ ဘူး””ဟုMr.Jin Honggen က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီပေါင်း၄၀ကျော်ရှိပြီး သဘာဝသယံဇာတ၊ရေအား လျှပ်စစ် လယ်ယာစိုက်ပျိုးရေးနှင့် အခြားသော ကဏ္ဍများတွင် ရင်း နှီးမြှပ်နှံကြောင်းသိရသည်။

Credit : http://www.hotnewsweekly.com/archives/23099

ဘဏ္ဍာ/ အခွန် ၀န်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာနဟု အမည်ပြောင်း

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို ဘဏ္ဍာရေး ၀န်ကြီးဌာနဟု အမည်ပြောင်းလဲရန် ဇူလိုင် ၈ ရက်က ပြု လုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။


နိုင်ငံတော်သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ထားသည့် လက်ရှိဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန အမည်ကို ဘဏ္ဍာရေး ၀န်ကြီးဌာန အမည်အဖြစ် ပြောင်းလဲမည့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟု အမည်ခေါ်တွင်ခြင်း မရှိဘဲ ဘဏ္ဍာရေး ၀န်ကြီးဌာန အမည်ဖြင့်သာ ခေါ်ဝေါ်ခြင်း ဖြစ်သည့်အပေါ် လသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ''နိုင်ငံတကာမှာ အများစုက ဘဏ္ဍာရေး ၀န်ကြီးဌာန အမည်ပဲရှိတယ်။ ကျွန်တော်တို့ နိုင်ငံ က ဆိုရှယ်လစ် စနစ်က လာတာမို့ အစက စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနကနေ ဘဏ္ဍာအခွန်ဝန်ကြီး ဌာနကို ပြောင်းလဲလိုက်တယ်။ အခု နိုင်ငံတကာနဲ့ညီအောင် အမည်ပြောင်းလိုက်တာပါ'' ဟု ပြောကြား သည်။

ဘဏ္ဍာရေး ၀န်ကြီးဌာနအဖြစ် အမည်ပြောင်းလိုက် ခြင်းသာဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်မှု၊ ဌာနအသီးသီး ဖွဲ့စည်းပုံ အဆင့်ဆင့်မှာမူ ပြောင်းလဲမည် မဟုတ်ဘဲ လက်ရှိအတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု သိရ သည်။

Eleven Media Group