Sunday, July 7, 2013

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား



အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင်အတွင်း စားသုံးသူများကို ခြိမ်းခြောက် ငွေတောင်း ယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်း ကျင် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက် တွင် နေထိုင်သော ကျော်လင်းသည် အရှည် ၁၈ လက်မခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြား လူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး စားပွဲဝိုင်းတစ်ခု၌ အရက်နှင့် ရေသန့်မှာယူကာ စားသောက်နေကြောင်း၊ ယင်းနောက် ကျော်လင်းနှင့် အတူပါလာသူ ခုနစ်ဦးတို့သည် အခြားစားသောက်ဝိုင်းရှိ စားသုံးသူများထံသို့ ကူးသွားပြီး အရက်ဖိုး တောင်းခံခဲ့ပြီး "မပေးလျှင် ဓားကိုကြည့်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ထိုအခါ ဆိုင်အတွင်း စားသုံးသူ အချို့မှာ ကြောက်လန့်ပြီး ငွေကြေးပေးခြင်း၊ အချို့မှာ ယင်းစားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့က ဆိုင်သိမ်းပြီး အိမ်မှာအိပ်နေတာပါ။ ဆူညံသံတွေကြားလို့ အပြင်ကို ထွက်ကြည်တော့ ဓားတွေကိုင်နေတဲ့ လူအုပ်စုကို စားသောက်ဆိုင်ထဲမှာ တွေ့ရတယ်။ ကျွန်တော့်အထင် လူကခုနစ်ဦး မကဘူး။ ၁၃ ဦးလောက် ရှိမယ်လို့ ထင်တယ်။ သူတို့တွေက တစ်ဝိုင်းပြီးတစ်ဝိုင်း ခုံပေါ်ကို ဓားထောက်ပြိး ပိုက်ဆံတောင်းတယ်။ ထိုင်နေတဲ့ လူတွေကလည်း ဓားတွေနဲ့ဆိုတော့ ကြောက်ပြီး ပါတဲ့ပိုက်ဆံတွေ အကုန်ထုတ်ပေးကြတယ်။ ကျော်လင်းကိုင်တဲ့ဓားက တော်တော်ရှည်တယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ကျော်ခန့် အမျိုးသား တစ်ဦးက ဆိုသည်။

မင်္ဂလာမြို့မ ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ညွန့်ဝင်းက "ဒီဖြစ်စဉ်မှာ ကျော်လင်းပါ ခုနစ်ဦးတို့က တခြား ၀ိုင်းတွေဆီမှာ ငွေတောင်းနေတယ်။ အဲဒီအချိန်မှာ ဆိုင်မန်နေဂျာက ရဲစခန်းကို ဖုန်းနဲ့အကြောင်း ကြားတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆိုင်ကိုချက်ချင်း ရောက်လာပြီး ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်။

ကျော်လင်းဆိုသူက ထွက်ပြေးသွားတယ်။ နောက်ပြီး ဓားတစ်လက်ကိုလည်း ဆိုင်ထဲမှာတွေ့ရှိလို့ သိမ်းဆည်း ခဲ့တယ်။ လွတ်မြောက်နေတဲ့ ကျော်လင်းကိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောပါသည်။ အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 

http://news-eleven.com

ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌ ၂ ယောက် ရှိနေတယ်



မကြာသေးခင်အချိန်အထိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူက သမ္မတဦးသိန်းစိန် ဖြစ်ပါ တယ်။ သို့သော်လည်း သမ္မတအဖြစ် တာဝန် ယူချိန် အတွင်း ပါတီမှ ရာထူးကြီးကြီး မယူရ ဘူးလို့ အခြေခံဥပဒေမှာ ရေးထားပါတယ်။ ဒီလို ရေးထား တာကို ထောက်ပြသူတွေ ရှိလာတဲ့နောက်မှာတော့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟာ သူရဦးရွှေမန်း ဖြစ် ကြောင်း တွေ့လာရပါတယ်။


ဘယ်တုန်းက ဘယ်လို အပ်ချလောင်း လုပ်လိုက်ကြသလဲ မသိပါဘူး။ စစ်ဗိုလ်ချုပ်တွေရဲ့ စတိုင်အတိုင်း လျှို့ဝှက်လုပ်ရတယ်လို့ ယူဆစရာ ရှိသလို၊ အခြေခံဥပဒေကို လေးစားတဲ့အနေနဲ့ ဒိုင်လျှိုလေး အာဏာလွှဲပေးလိုက်တယ်လို့ ယူဆနိုင်ပါတယ်။

ကဲ ... ဒီတော့ ပါတီ ဥက္ကဋ္ဌက သူရဦးရွှေမန်း ပေါ့လေ။ ပါတီဝက်ဆိုက်၊ ပါတီသတင်းစာတွေမှာ ဖော်ပြချက် တွေကြည့်ပြီး သဘောပေါက်ရတာပေါ့။

အဲ ... အဲဒီလိုလည်း မဟုတ်သေးပြန်ဘူး။

ရန်ကုန်မြို့အခြေစိုက် မြန်မာသံတော်ဆင့်ဂျာနယ် ဇွန် ၂၉ ရက်နေ့ထုတ်မှာတော့ ဦးသိန်းစိန်သည်သာ ဥက္ကဋ္ဌ ဖြစ်ပါကြောင်း ပါတီခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးအောင်သောင်း ပြောဆိုထားတာကို ဖော်ပြထားပါတယ်။

"အချပ်ပို (ဆ)" ဆိုတဲ့ စာမျက်နှာ အောက်ဆုံးပိုဒ်မှာရေးထားတာကို ပြန်ကောက်နုတ်ရရင် ...

"တကယ့် ဥက္ကဋ္ဌ နဲ့ ခေါင်းဆောင်ကတော့ လောလောဆယ်ကတော့ သမ္မတပါပဲ" လို့ ဦးအောင်သောင်းက ပြောပါတယ်။ ဇွန် ၁၈ ရက်နေ့မှာ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောတာပါ။

ဒါဆိုရင် ... ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌ ၂ ယောက် ရှိတယ် ဆိုတဲ့သဘော သက်ရောက်ပါတယ်။

အဲဒီလို မဟုတ်ဘူး ဆိုရင်လည်း ဦးရွှေမန်းက ဟန်ပြဥက္ကဋ္ဌဖြစ်တယ်၊ ဦးသိန်းစိန်သည်သာ "တကယ့် ဥက္ကဋ္ဌ" ဖြစ်တယ်လို့ သဘောပေါက်ရမယ် ထင်ပါတယ်။

ပါတီတွေမှာ ဥက္ကဋ္ဌ နှစ်ယောက် ဖြစ်နေတာမျိုးက ပါတီ နှစ်ခြမ်းကွဲချိန်မှာပဲ ဖြစ်တတ်ပါတယ်။ စစ်တပ်က ထူထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီက မကွဲသေးဘူး၊ ကြံ့ခိုင်နေဆဲပဲလို့ ယူဆရမှာပါ။ ပါတီ မကွဲသေးဘဲနဲ့ ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌ ၂ ယောက် ရှိနေရတဲ့ အကြောင်းရင်းကိုတော့ ကာယကံရှင် စစ်ဗိုလ်ချုပ်များပဲ သေချာ သိမယ်လို့ ထင်ပါတယ်။

Credit : http://blog.irrawaddy.org/2013/07/blog-post_1969.html

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီပြင်ဆင်ဖွဲ့စည်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ဆဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေ ရဖို့အတွက် အဓိက လမ်းညွှန်မှုပေးရေးအဖွဲ့ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီဆိုတာကို ယမန်နေ့ က ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။


အဆိုပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီကို ယမန်နှစ် သြဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။ 

ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီ မှာ ဥက္ကဋ္ဌအဖြစ် သမ္မတ ဦးသိန်းစိန်က တာဝန်ယူပြီး ဒု သမ္မတ ၂ ဦးအပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးအပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးနဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်တာကို သမ္မတ ဦးသိန်းစိန်လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။ 

အခုလို ပြင်ဆင်ဖွဲ့စည်းလိုက်တာဟာ မကြာသေးမီက ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အပြီး သူရ ဦးရွှေမန်းက အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာမှာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ သတင်းဖြစ်ပေါ်ပြီး ပေါ်ထွက်လာတာလည်းဖြစ်ပါ တယ်။ 

အလားတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက် ပါတယ်။ 

အဆိုပါ အဖွဲ့သစ်မှာ ဥက္ကဋ္ဌအဖြစ် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တာဝန်ယူပြီး ဒုဥက္ကဋ္ဌ ၂ ဦးက တော့ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် ( ကြည်း) ဒု ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အတူ သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးသိန်းဇော်တို့အပါအ၀င် ပြည်ထောင်စု ၀န်ကြီးတွေ၊ ဒုဝန်ကြီး တွေ၊ တပ်မတော် စစ်တိုင်းမှူးတွေ၊ တိုင်း၊ ဒေသကြီး၊ ပြည်နယ် အစိုးရ ၀န်ကြီးချုပ်တွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ စသဖြင့် စုစုပေါင်း ၅၁ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ 


Credit : http://blog.irrawaddy.org/2013/07/blog-post_9707.html

ဆဲဗင်းဇူလိုင်အတွက် ၈၈ ငြိမ်းချမ်း/ပွင့်လင်းရဲ့ သ၀ဏ်လွှာ

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက သ၀ဏ်လွှာ ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။



စာအမှတ် - ၅ / ၂၀၁၃ ( က )
နေ့စွဲ -၂၀၁၃ခုနှစ်၊ ဇူလိုင်လ၊ ၇-ရက်။
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )
၁၀၃၉/၁၀၄၀၊ ၁၆/၁ရပ်ကွက်၊ သုမင်္ဂလာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း -၀၁ ၅၆၅၉၁၉ ။ ၀၉ ၇၃၀၈၁၇၀၁၊
Email – info@the88generation.org

၅၁ နှစ်မြောက် “ (၇)ဇူလိုင်နေ့ ” အထိမ်းအမှတ်
၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ပေးပို့သော သဝဏ်လွှာ

ရက်စွဲ။။၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက် ၂၀၁၃ ခုနှစ်

လွန်ခဲ့သော (၅၁)နှစ်က ဤနေ့ ဤရက်တွင် အာဏာသိမ်း စစ်အစိုးရအား အံတုဆန့်ကျင်ခဲ့သည့် (၇)ဇူလိုင် ကျောင်းသားလှုပ်ရှားမှုကြီး ဆင်နွှဲပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ ပါလီမန် ဒီမိုကရေစီ အညွန့်အညှောင့် ကလေးသည်လည်း စစ်အာဏာရှင်စနစ်အောက် တွင် ချေမွ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှု ခေတ်ဦးမှစ၍ ကျောင်းသားထု၏ အခန်းကဏ္ဍ၊ ကျောင်းသား သမဂ္ဂ ၏ အခန်းကဏ္ဍသည် အထင်ကရ နေရာမှ ပါဝင်ခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး တိုက်ပွဲ တစ်လျှောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက် အအုံသည် ကျောင်းသား ခေါင်းဆောင် ဘ၀မှ အမျိုးသား ခေါင်းဆောင် အဆင့်ထိ နိုင်ငံ့ခေါင်းဆောင်အဆက်ဆက် မွေးဖွား သန့်စင်ခဲ့ရာ ဘူမိနက်သန်လည်းဖြစ်သည်။

တန်ဖိုးကြီးမားသော သမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖျက်ဆီြး ခင်းဖြင့် ကျောင်းသားထု၏ မတရားမှုကို ဆန့်ကျင်တော်လှန်သည့် အစဉ်အလာကို ဖျောက်ဖျက်နိုင်လိမ့်မည် ဟုယူဆခြင်းသည် စစ်အာဏာရှင်တို့၏ သမိုင်းတွင်မည့် မှားယွင်းမှုကြီးပင်ဖြစ်သည်။ 

အာဏာရှင် အဆက်ဆက် ကြေပျက်သွားသော်လည်း သမဂ္ဂ၀ိညာဉ်ကား မျိုးဆက် အဆင့်ဆင့် စီးဆင်း လျက်ပင်ရှိသည်။

ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေသည့်ကာလတွင် ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အအုံပြန်လည်ပေါ်ထွန်းရေးအတွက် မျိုးဆက်အသီးသီး ပူးပေါင်း ကြိုးပမ်း နေကြပြီဖြစ်သည်။

ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂ ရှိရမည်။
သမဂ္ဂ၀ိညာဉ် ရှင်သန်ဖွံ့ဖြိုးနေစေရမည်။
သမဂ္ဂအဆောက်အအုံ အမြန်ဆုံး ပေါ်ထွန်းစေရမည်။

၈၈ မျိုးဆက်
(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

Credit : http://blog.irrawaddy.org/2013/07/blog-post_6762.html

ဗုဒ္ဓဂယာတွင် ပေါက်ကွဲမှုများဖြစ်၊ ၅ ဦး ဒဏ်ရာရ



အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှု ၉ ခု ထက် မနည်း ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရပြီး တဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။


မဟာဗောဓိ စေတီဘုရားကျောင်း ပရ၀ုဏ်အတွင်း ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ Zeenews.com အွန်လိုင်း သတင်း တပုဒ် မှာ ဖော်ပြထားပါတယ်။ 

သတင်းတွေအဆိုအရ မဟာဗောဓိ စေတီကို ထိခိုက် ပျက်ဆီးမှု မရှိဘူးလို့ သိရပြီး အခင်းဖြစ်ရာကို ဗုံး ကျွမ်းကျင်အဖွဲ့၊ မှုခင်း အဖွဲ့တွေလည်း ချက်ချင်း ရောက်သွားတယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ 

အဆိုပါ ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောရာမှာ အခင်းဖြစ်ပွားရာနေရာမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကို ဖယ်ရှားနိုင်ခဲ့ တယ်လို့ ဆိုတယ်။ ပေါက်ကွဲမှုတွေဟာ ၂ မိနစ်ခြားစီ ဖြစ်ပြီး ပထမဆုံး ဗုံးပေါက်ကွဲ မှုဟာ ဒေသစံတော်ချိန် ယနေ့ နံနက် ၅ နာရီခွဲက ဖြစ်တယ်လို့ ဆိုတယ်။ 

အတည်မပြုနိုင်သေးသောသတင်းတချို့အရ အဆိုပါ ဒဏ်ရာရသူများမှာ စေတီဝင်းအတွင်းရှိ မြန်မာ ရဟန်းတော် တပါးအပါအ၀င် ဗုဒ္ဓဘာသာရဟန်းတော်များဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ -NIA က အခြေအနေကို စောင့်ကြည့်ကြီးကြပ်ဖို့အတွက် ပေါက်ကွဲ မှုဖြစ်တဲ့နေရာကို အဖွဲ့တဖွဲ့ အမြန်ဆုံး စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ 

ဘီဟာ ၀န်ကြီးချုပ် Nitish Kumar လည်း ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို ထွက်ခွာသွားပြီလို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုတယ်။ 

ဗုဒ္ဓဂယာရှိ မဟာဗေဓိ စေတီဟာ ဗုဒ္ဓဘာသာဝင်ဘုရားဖူးတွေအတွက် အထွဋ်အမြတ်ထားရာ အထင် ကရ နေရာ တခု လည်း ဖြစ်ပါတယ်။ 

အိန္ဒိယပြည်ထဲရေးဝန်ကြီးကတော့ အခု ဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တခု အနေနဲ့ ပြောဖို့ စောသေးတယ်လို့ ဆိုထားပါတယ်။ 

Credit : http://blog.irrawaddy.org/2013/07/blog-post_7879.html

ဟောင်ကောင်မင်းသမီး မေရီယန်း မုံရွာမှာ AIDS ပညာပေး ရုပ်ရှင်လာရိုက်



ဟောင်ကောင် မင်းသမီး မေရီယန်းနဲ့ သရုပ်ဆောင် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကျန်းမာရေး အသိပညာ ပေး ရုပ်ရှင် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။


ကိုယ်ဝန်ဆောင်မိခင်တွေ AIDS ရောဂါ မကူး စက်စေရေး၊ မိခင်နဲ့ ကလေး ကျန်းမာရေး ပြည့်ဝ စေရေး အတွက် မြန်မာ ကျန်း မာရေး ၀န်ကြီးဌာနနဲ့ ကုလသမဂ္ဂရဲ့ UNICEF ယူနီဆက် တို့ ပူးပေါင်းပြီး ပညာပေး ရေး ဇာတ်လမ်းအတွက် စစ်ကိုင်းတိုင်း မုံရွာ၊ မုံရွှေး- ကြေးမုံရွာတွေမှာ ကမ္ဘာကျော် ဟောင်ကောင် မင်းသမီး မေရီယန်းနဲ့ ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းတွေပါ ဆေးရုံတွေ၊ နေအိမ်တွေနဲ့ ရပ်ကွက် ကျေးရွာတွေမှာပါ ယခု ဇူလိုင်လ ၁ ရက်၊ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ရုပ်ရှင် ရိုက်ကူး တာဖြစ်တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ရိုက်ကွင်းမှာ ကျေးလက်အလှ၊ ကျေးလက်ဘ၀တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

အဆိုပါ ရုပ်ရှင်ရိုက်ကူးပြီးစီးသွားပြီး ရရှိတဲ့ ငွေကြေးအားလုံးကို ကိုယ်ဝန်ဆောင်မိခင်တွေ AIDS မကူး စက်ရေး လုပ်ဆောင် တဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Credit : http://blog.irrawaddy.org/2013/07/aids.html