Thursday, May 30, 2013
ဖယ်ရှားခံ အရာထမ်းများ နေရာတွင် လူသစ်များ အစားထိုးခန့်
သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးဟု ဆိုကာ အငြိမ်းစားပေး ဖယ်ရှားလိုက်သော ညွှန်ကြားရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး၏ ရာထူးနေရာများတွင် လူသစ်များ အစားထိုးခန့် အပ်လိုက်ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်က ညွှန်ကြားရေးမှူးချုပ် ၅ ဦး၊ ပါမောက္ခချုပ် ၁ ဦးတို့ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးကာ ရာထူးမှ ဖယ်ရှားလိုက်ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအ၀င် အစိုးရ အရာရှိပေါင်း ၄၀ ကို ရာထူးပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း၊ အငြိမ်းစားပေးခြင်းနှင့် ဌာန ပြောင်းရွှေ့မှုဖြင့် အရေးယူမှုခံရသော အစိုးရ အရာရှိများမှာ လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။
အငြိမ်းစားပေး ဖယ်ရှားခံလိုက်ရသော အစိုးရအရာရှိများမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့် သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်သည်။
ဖယ်ရှားခံ ရာထူးနေရာများတွင် လူသစ်များဖြင့် အစားထိုးခန့်ထားရာ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်မြကို လည်းကောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမင်းထွဋ်ကိုလည်း ကောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးလှမော်ဦးကိုလည်းကောင်း၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် စီးပွား/ကူးသန်း ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတိုးအောင်မြင့် ကိုလည်းကောင်း၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် မန္တလေးကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မီမီသက်သွင်ကို လည်းကောင်း အသီးသီး အစားထိုး ခန့်အပ်လိုက်ခြင်း ဖြစ်သည်ဟု ၀န်ကြီးဌာနများ ထံမှ သိရှိရသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကို၏ ရာထူးနေရာအတွက်မူ ယခုအချိန်အထိ လူသစ် အစား ထိုးနိုင်ခြင်းမရှိသေးဘဲ ဗဟိုစာရင်း အင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင်က ယာယီ တာဝန်ယူထားသည်ဟု သိရှိရသည်။
လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က အစိုးရက ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား ဖြစ်ပေါ်စေရေးအတွက် လူဟောင်းများ ထုတ်ပယ်ပြီး လူသစ်များ အစားထိုးခြင်းကို ကြိုဆိုသော်လည်း အစားထိုး ၀င်ရောက်လာသော အစိုးရ၀န်ထမ်းများအနေဖြင့် ပြည်သူလူထု အခြေခံသော ရွေးကောက်ပွဲစနစ်၊ ဒီမိုကရေစီစနစ် အုပ်ချုပ်ရေး ယန္တရား၏ သဘောတရားကို သေချာစွာ နားလည်ရန် လိုအပ်ကြောင်း၊ လူသာပြောင်းပြီး ယခင်ပုံစံ၊ ယခင်မူဝါဒ ဖြင့်သာ ဆက်သွားမည် ဆိုလျှင် ရွေးကောက်ပွဲတွင် ပြည်သူ၏ ဒဏ်ခတ်မှုကို ခံရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“ညွှန်ချုပ်ဆိုတာ ၀န်ကြီးဌာနမှာ ၀န်ကြီးပြီးရင် အဆင့်အမြင့်ဆုံး အရာရှိတွေပဲ။ သူတို့တွေရဲ့လုပ်ရည်ကိုင်ရည်က အစိုးရ အုပ်ချုပ်ရေး ယန္တရားကောင်း၊ မကောင်း၊ သန့်ရှင်း၊ မသန့်ရှင်း ဆိုတာကို သက်သေပြနိုင်တယ်။ လူသစ်တွေ ၀င်လာပေမယ့် အရင်ပုံစံ၊ သူများကို အပြစ်တင်၊ ကိုယ့်အပြစ်လွတ်အောင် ရှောင်တဲ့ပုံစံမျိုးတွေ၊ ကိုယ့်ဖို့ ကိုယ့်အတွက် ကြည့်တဲ့ ပုံစံမျိုးဆိုရင် လာမယ့် ရွေးကောက်ပွဲတွေမှာ လက်ရှိ အာဏာရပါတီအတွက် ရလဒ်မကောင်းနိုင်ဘူး” ဟု ဦးကြည်မြင့်က ဆိုသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအ၀င် ဆက်သွယ်ရေး အရာရှိတချို့ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင် ခဲ့သည်။
Credit : http://burma.irrawaddy.org/archives/40860
ဇေကမ္ဘာ ဒေါက်တာခင်ရွှေကို လိမ်လည်သည်ဟု စွပ်စွဲကာ အမှုဖွင့်
ဇေကမ္ဘာ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာခင်ရွှေကို မြေကွက်လိမ်လည်ရောင်းချသည်ဟု စွပ်စွဲကာ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် မေ ၂၈ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့စခန်း၏ မှုခင်းမှတ်တမ်းတွင် ပါရှိသည်။
မဇ္ဈိမက ရရှိထားသည့် ရဲမှတ်တမ်းမိတ္တူ တွင် ''ဧရိယာ စုစုပေါင်း ၃.၃၇ ဧကရှိ မြေကွက်သုံးကွက်ကို ဒေါက်တာခင်ရွှေ (အသက်၊ စိစစ်ဆဲ) အုပ်ချုပ်မှု ဒါရိုက်တာ (ဇေကမ္ဘာကုမ္ပဏီ)၊ ဘ-စိစစ်ဆဲ'' ဟု ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။
လိမ်လည်သည်ဟုစွပ်စွဲကာ အမှုဖွင့်ထားသူမှာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင်နေထိုင်သူ ဦးဝင်းစိန်ဖြစ်သည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။ အဆိုပါ စွပ်စွဲမှုနှင့်ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ရွှေနှင့် ဦးဝင်းစိန်တို့အား အတည်ပြုချက်ရယူနိုင်ရန်နှင့် နှစ်ဖက်အမြင်များကို တင်ပြနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့ရာ မရခဲ့ပေ။
မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံဥယျာဉ်မြို့တော်စီမံကိန်းနှင့် ဆက်စပ်လျက်ရှိသော ရန်ကုန်စက်မှုဇုန် စီမံကိန်းမှ စုစုပေါင်းခုနစ် ဧကကျော်ကျယ်ဝန်းသည့် မြေကွက်သုံးကွက်ကို ကျပ်သိန်း ၈၈ဝ ကျော်ဖြင့် ဒေါက် တာ ခင်ရွှေက ၎င်းထံရောင်းချခဲ့ကြောင်း ဦးဝင်းစိန်က ရဲထံထွက်ဆိုထားသည်။ ထိုသို့ရောင်းချပြီးနောက် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ငွေကျပ်သိန်း ၂ဝဝ ကို စာချုပ်နှင့်တကွ ပေးချေခဲ့သလို ယင်းနှစ် စက်တင်ဘာ ၉ ရက်တွင် ကျန်ရှိသည့်ငွေကို အပြီးသတ်ပေးချေခဲ့သည်ဟု ဦးဝင်းစိန်က ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းတွင် ဖြော်ပြထားသည်။
ဝယ်ယူထားသော အဆိုပါမြေကွက်များကို ခြံစည်းရိုးခတ်ခြင်း၊ သံပန်းသံတံခါးဖြင့် ကာရံခြင်းများ လုပ်ဆောင်ထားပြီးဖြစ်သဖြင့် ဒေါက်တာခင်ရွှေ့ထံမှ နှစ် ၆ဝ ဂရန် လွှဲပြောင်းပေးရန် ဦးဝင်းစိန်က တောင်းခံ ရာတွင် ဒေါက်တာခင်ရွှေက အမြန်ဆုံးပေးမည်ဟု ယုံကြည်အောင်ပြောဆိုခဲ့သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရဲကမှတ်တမ်းတင်ထားသည်။
သို့သော် မြေကွက်သုံးကွက်အနက် စုစုပေါင်း နှစ်ဧကကျော်ကျယ်သည့် မြေနှစ်ကွက်ကို ရောင်းချခွင့်ရှိကြောင်း ပြောဆိုလျက် ယခုနှစ် ဧပြီ ၈ ရက်နှင့် ဧပြီ ၂၇ ရက်တို့တွင် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုပြီး အခြားသူတစ်ဦးထံမှ ဒေါက်တာခင်ရွှေက စရံငွေများယူထားသည်ဟု ဦးဝင်းစိန်၏ စွပ်စွဲထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် ယင်းမြေကွက်များကို ဝယ်ယူရန် စရံပေးချေထားသူ၏ ရှေ့နေက မြေကွက်များနှင့်ပတ်သက်၍ ကန့်ကွက်နိုင်ကြောင်း ယခုလ ၁၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှတစ်ဆင့် ကြေညာခဲ့သည် ဟုလည်း ဦးဝင်းစိန်က ရဲကိုထွက်ဆိုထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ဒေါက်တာခင်ရွှေကို ယုံကြည်မှုအလွဲသုံးစားလုပ်သည်ဟု ဦးဝင်းစိန်က စွပ်စွဲကာ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် တိုင်ကြားထားကာ ရဲစခန်းကလည်း အမှုအမှတ်(ပ)၂၉၈/၁၃ ဖြင့် အမှုလက်ခံ ထားပြီး ပုဒ်မ ၄၂ဝ ဖြင့် တရားစွဲရန် ရဲက ဆက်လက်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
Ref: http://mizzimaburmese.com/news/inside-burma/11786-2013-05-30-02-07-55.html
နိုင်ငံတကာရှေ့ အပစ်အခတ် ရပ်စဲမည်ဟု ကချင် ပြော
ကေအိုင်အေနှင့် မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး စာချုပ် ထပ်မံချုပ်ဆိုမည်ဆိုပါက ကုလသမဂ္ဂ၊ တရုတ်၊ ဗြိတိသျှအပါအ၀င် နိုင်ငံတကာက ပါဝင် လက်မှတ်ရေးထိုးမှသာလျှင် ကေအိုင်အေက အပစ်အခတ်ရပ်စဲရန် သဘောတူညီ မည်ဖြစ်ကြောင်း ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုလိုက်သည်။
ယနေ့ မြစ်ကြီးနား မြို့ မနောကွင်း တွင် ကျင်းပသော ကချင်ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူများကို အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခင်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း ပျက်ပြယ်ခဲ့ရကြောင်း၊ ယခုတဖန် အပစ်အခတ်ရပ်စဲရေး ထပ်မံ လုပ်ဆောင်မည်ဆိုပါက တရုတ်၊ ဗြိတိသျှနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ က ပါဝင်လက်မှတ်ရေးထိုးမှသာလျှင် အပစ်အခတ်ရပ်စဲရေး ခိုင်မြဲနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
“အလုံးစုံ အပစ် အခတ် ရပ်စဲရေးမှာ ကုလသမဂ္ဂ၊ ဗြိတိသျှ၊ တရုတ်တို့လိုနိုင်ငံတကာပါဝင်လာ မှပဲ လက်မှတ်ထိုးနိုင်မယ်။ ဘာကြောင့်လဲ ဆိုရင် အရင်ကတည်းက တခါပျက်ပြီးသွားပြီဖြစ်တဲ့အတွက် ဒီလို လက်မှတ်ထိုးနိုင်မှ သာရေရှည်ခိုင်မြဲနိုင်မယ်”ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
အပစ်ခတ်ရပ်စဲရေးတွင် တရုတ်နှင့် ဗြိတိသျှတို့ ပါဝင်ရန် တောင်းဆိုရခြင်းမှာ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နယ်နမိတ်ချင်း ထိစပ်နေကြောင်း၊ ဗြိတိသျှသည် မြန်မာနိုင်ငံကို အုပ်စိုးခဲ့သူဖြစ်ပြီး ပင်လုံစာချုပ်ကို အသိဆုံးဖြစ်သည့်အတွက် ထိုနိုင်ငံများပါဝင်ရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြောသည်။
“တရုတ်နိုင်ငံဟာနယ်နမိတ်ချင်းဆက်စပ်နေတဲ့နိုင်ငံ တစ်ခု ဖြစ်တယ်။ နောက်ပိုင်းလည်းဆက်စပ်နေရမယ်။ ဒါကြောင့်ခေါ်တာပါ။ ဗြိတိသျှ ကိုခေါ်စေချင်တာကလည်း တချိန်က သူတို့ဟာကိုယ့်နိုင်ငံမှာအုပ်ချုပ်ခဲ့ တယ်။ ပင်လုံဆိုတာကသူတို့အသိဆုံးမို့ပါ”ဟု သူက ဆိုသည်။
မြန်မာစစ်တပ်နှင့် ကေအိုင်အေအကြား တပ်နေရာချထားရေးနှင့် ပတ်သက်၍ ကေအိုင်အေဘက်မှ ဗိုလ်ချုပ်ဂွမ်မော်အပါအ၀င် ကေအိုင်အေစစ်ဗိုလ်ချုပ်အချို့နှင့် မြန်မာစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့ သီးသန့်ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများ နှစ်ဖက် ကျေနပ်ကြကြောင်း သိရှိရသည်။
ကေအိုင်အေအနေဖြင့် နိုင်ငံ၏ကာကွယ်ရေးအတွက် တပ်မတော်တွင် ကချင်ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့တခုအနေဖြင့် ပါဝင်နိုင် ရေးအတွက်တောင်းဆိုသွားရန်ရှိသည်ဟုလည်း ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်လာသည့် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာနမ်ဘီးယားက လက်ရှိဆွေးနွေးနေသော ဆွေးနွေးမှုများသည် အကောင်းဘက်ကိုဦးတည်နေပြီး အနာဂတ်တွင် အကောင်း များသာ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ၊ အားရကျေနပ်မှု ပွင့်လင်းမြင်သာမှုတွေ ရှိနေပါကြောင်း ပြောသည်။
“ဒီအစည်းအဝေးက အားရကျေနပ်စရာ ကောင်းပါတယ်။ ပြည်သူတွေမှာ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ ရှိနေသလို စိတ်ပျက်မှုတွေလည်း ရှိနေတယ်။ ဒီလိုခံစားမှုတွေဟာ နေရာတိုင်း၊ လူမျိုးတွေတိုင်းမှာ ရှိပါတယ်။ ဒီလိုဖွင့်ပြောနိုင်ဖို့ တကယ် လိုအပ်ပါတယ်။ အနာဂတ်မှာမညီမျှမှုတွေ၊ ခံစားရမှုတွေဟာ ကောင်းမွန်တဲ့ ခံစားမှုတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်” ဟု မစ္စတာ နမ်ဘီးယား ကဆိုသည်။
မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် သမ္မတရုံးဝန်ကြီးဦးအောင်မင်းက “ ဒီငြိမ်းချမ်းရေးပွဲအတွက် စိတ်ကူးယဉ်အိပ်မက်ခဲ့ရ ပေါင်းများပါပြီ။ဆွေးနွေးပွဲဟာ ၈ကြိမ်မြောက် ဖြစ်ပေမယ့် ဒီလိုတကြိမ်တခါမှ ဒီခံစားမှုကို မခံစားခဲ့ရပါဘူး” ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်လာသော ကေအိုင်အေ ကိုယ်စားလှယ်များကို ကချင်ပြည်သူသောင်းချီက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။
Ref: ဧရာဝတီ
ဒဂုံဆိပ်ကမ်း မြေသိမ်းထားမှုများ ကာလပေါက်ဈေးဖြင့် လျော်ကြေးပေးရန် ဝန်ကြီးဌာနသို့ တင်ပြမည်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၁ နှင့် ၆၇ ရပ်ကွက်ရှိ အိုးအိမ်မှ တရားဝင်ဝယ်ယူ ထားသော မြေများ အိမ်ရာစီမံကိန်း ပြုလုပ်ရန်အတွက် ဖယ်ပေးခိုင်းပြီး ယင်းမြေများအတွက် လျော်ကြေး
ပေးရာတွင် ကာလပေါက် ဈေးဖြင့် ပေးလျော်ရန် ဆောက်လုပ် ရေး ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်သည် ဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွန့် က ပြောသည်။
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၁ နှင့် ၆၇ ရပ်ကွက်ရှိ အေ၁၈ နှင့် အေ ၁၉ မြေကွက်များပေါ်တွင် ၁၉၉၁ ခုနှစ်က အိုးအိမ်မှ တရားဝင် ဝယ်ယူခဲ့သော မြေများကို ၂ဝဝ၁ ခုနှစ်အတွင်းက အာဆီယံစီမံကိန်းကြောင့်
ရွှေ့ပြောင်း ခိုင်းခဲ့ရာ မပြောင်းသေးသောသူ ၁၈ ဦး ကျန်ရှိနေပြီး ¤င်းတို့ ကိုလည်း ယခုနှစ်အတွင်း အိမ်ရာ စီမံကိန်း ဆောက်လုပ်မည် ဖြစ်သောကြောင့် ရွှေ့ပြောင်းခိုင်းခဲ့သည်။ ၎င်းတို့ကလည်း မပြောင်းရွှေ့နိုင်သော
ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလကပင် နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်ကြားခဲ့သည်ဟုလည်း
မြေကွက် ပိုင်ရှင်များက ပြောသည်။
အဆိုပါ ပိုင်ရှင် ၁၈ ဦးတွင် မြေကွက် ၃၄ ကွက် ရှိသည်ဟု သိရသည်။ ဦးသိန်းညွှန့်က ''တရားမျှတတဲ့ ကာလပေါက်ဈေးနဲ့ မူလတန်ဖိုး အဆောက်အအုံနှင့် အခြားသက်ဆိုင်ရာ နစ်နာကြေးများကို ပေးလျော်ဖို့ တင်ပြတာကို ပြည်ထောင်စု ဆောက် လုပ်ရေးဌာန ဝန်ကြီးဆီကို ကျွန်တော် ကိုယ်တိုင် လက်မှတ်ထိုးပြီး
မေလ နောက်ဆုံးအပတ်မှာ ပေးပို့သွားမယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကလည်း နိုင်ငံသားတွေ အင်မတန် နစ်နာတဲ့ဟာကို သိဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆ မှာ တရားဝင်ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို ကာကွယ်ပေးရမယ်။ ဒါလည်း ဆဌမအကြိမ် လွတ်တော်မှာ တုန်းကတင်
ပြခဲ့ပြီးပြီ ကာကွယ်ပေးမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ပြန်ကြားခဲ့တာရှိတယ်။ ဒီအခြေခံကို မူတည်ပြီး ၆၁/၆၇ မှာ ရှိတဲ့ ၁၈ ယောက်ရဲ့ တင်ပြချက်ကိုကိုယ်တိုင် ကွင်းဆင်းချက်အရ မှန်ကန်တယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့ရပ်တည်ပေးမယ်'' ဟု ပြောသည်။
လက်ရှိအချိန်တွင် ယင်းမြေနေရာကို စီမံကိန်း လုပ်ကိုင်ရန်အတွက်မြေနေရာ လာရောက် သတ်မှတ်ထား
ခြင်းများ ရှိနေ၍ ထပ်မံဖယ်ခိုင်းမည်ကို ပိုင်ရှင်များက စိုးရိမ်နေကြခြင်းဖြစ်ရာ မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမင်းတလဉာဏ်က'' ၆၁/၆၇ မှာ ကိုယ့်မြေကွက်တွေ ပါတယ်။
ကျွန်တော်တို့ကို သိမ်းထားတယ်။ ကျွန်တော်တို့က မအပ်တဲ့အတွက် ကျွန်တော်တို့ဟာပဲ သိမ်းတာ အထ မမြောက်ဘူး။ ဒီလိုကြော်ငြာတွေ့တဲ့အတွက် တိုက်တွေဆောက်ဖို့ ကိုယ့်ကို ဖယ်ထုတ်မှာ စိုးရိမ်တယ်။ ကူညီဆောင်ရွက်ပေးပို့ ပထမ အသနား ခံစာပို့တယ်။ အစည်းအဝေးတက်ရောက်ဖို့ ခေါ်ပြီး ဒါတွေက သိမ်းပြီးသား ဖြစ်ပါတယ်။ နောက် လုပ်ငန်းတွေ ဆောင်ရွက်မယ်။ ဖယ်ရှားဖို့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ရာပြတ်တွေနဲ့ခြံတွေကို ရှင်းခိုင်းတယ်။
ဘာပြန်လိုချင်လဲလို့ မေးပါတယ်။ ဒီမှာပဲ ပြန်လိုချင်တယ်။ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေတဲ့အတွက် တူရာတူရာ စုပြီ ဒီနားလေး မှာပဲ ချပေး။ မဖြစ်နိုင်ဘူးဆိုမှာ တရားမျှတတဲ့ လျော်ကြေး ပြန်ပေးဖို့ သမ္မတဆီ အသနားစာ တင်တယ်။ ရွာသာကြီးမှာပဲ ထွက်ပေးဖို့ ပြောတယ်။ သူတို့ပေးပြီးသား ပြောတယ်။ ကျွန်တော်တို့ ယူပြီးသားပါလို့ မသတ်မှတ်ဘူး'' ဟု ပြောသည်။ လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းအတွက် မြို့ရွာနှင့် အိုးအိမ်ဌာနမှ ယခုနှစ် မတ်လ ၆ ရက်တွင် တစ်ကြိမ်၊ မေလ ၆ ရက်တွင် တစ်ကြိမ် မြေပိုင်ရှင်များကို
ခေါ်ယူညှိနှိုင်းခဲ့သည်။ ထိုသို့ ညှိနှိုင်းရာတွင်နှစ် ၆ဝ ဂရန်ပိုင်ဆိုင်ထားသော မြေကွက်နှင့် အဆောက်အဦး
အတွက် တရားမျှတမှု မရှိပါသောကြောင့် အိမ်ရာအတွင်း နေထိုင်သူမည်သူမျှ လက်ခံခြင်းမရှိဟု သိရသည်။
လက်ရှိအချိန်တွင် အိုးအိမ်ဦးစီးဋ္ဌာနနှင့် အိမ်ရာနေ ပြည်သူများ ညှိနှိုင်းဆောင်ရွက်ခြင်းမှာ အဆင်ပြေမှု မရရှိသေးသော်လည်း ကုမ္ပဏီများမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်များ၊ စက်ယန္တရားများနှင့် အခြား ဆက်စပ်ပစ္စည်းများအား နေအိမ်ခြံဝင်းအနီးသို့ ဝင်ရောက်ထားရှိခြင်း၊ အများပြည်သူသုံး လမ်းမပေါ်တွင် ယာဉ်ကြီးများ ပိတ်၍ ရပ်ထားခြင်းများ ရှိနေသူဟု ရပ်ကွက်နေ ပြည်သူအချို့က စွပ်စွဲပြောဆို မှုများရှိနေသည်။
Credit : http://www.mizzimaburmese.com/news/inside-burma/11774-2013-05-29-07-41-59.html
မွန်ပြည်နယ်တွင် ဖမ်းမိထားသည့် လိုင်စင်မဲ့ကားများ လေလံတင် ရောင်းတော့မည်
ဖမ်းဆီးရမိထားသည့် နယ်စပ်မှတဆင့် တရားမဝင် ခိုသွင်းလာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် လေလံတင် ရောင်းချတော့မည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က
ပြောသည်။
ယခုလေလံတင်မည့် ကားများသည် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အစရှိသည့် မြန်မာပြည်အထက်ပိုင်း မြို့ကြီးများသို့ သယ်ဆောင်ရောင်းချမည့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးခဲ့သည့် ယာဉ်များဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။
''တရားရုံးက စိစစ်မယ်၊ စိစစ်ပြီးရင်တော့ မကြာခင် လေလံတင်ရောင်းချမယ်။ လေလံလုပ်မှာက ကညန ကနေ လုပ်သွားမယ်၊ သူတို့ကနေပြီးတော့ ဈေးခေါ်ပြီး လေလံတင်မှာ'' ဟု ပြည်နယ် ဒုတိယရဲတပ့်မှူး ဝင်းဗိုလ် က ပြောသည်။
မွန်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်နေသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို ၂ဝ၁၂ ခုနှစ်
အောက်တိုဘာလမှ စတင်ဖမ်းဆီးခဲ့ပြီး ၂ဝ၁၃ မေ ၂၄ ရက်ထိ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် အစီးပေါင်း ၁၄ဝ စီးကျော် ဖမ်းဆီးရမိထားသည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင် တွေ့ရသည်။
ဖမ်းဆီးရမိထားသည့် မော်တော်ယာဉ် အစီး ၁၄ဝ ကျော်အနက် တရားရုံးမှ စီစစ်ပြီး ၉၂ စီးကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မကြာမီရက်ပိုင်းအတွင်း လေလံတင် ရောင်းချသွားမည်ဟု ဒုတိယ ရဲတပ်ဖွဲ့မှူး ဝင်းဗိုလ်က ပြောသည်။ကျန်ရှိ မော်တော်ယာဉ်များကိုလည်း တရားရုံးမှ ဆက်လက်စိစစ်သွားမည်ဖြစ်ပြီး စီစစ်ပြီးပါက ဆက်လက်လေလံတင် ရောင်းချသွားမည်ဟု ၎င်းက ပြောသည်။
လေလံတင် ရောင်းချရာမှ ရရှိလာသည့် ငွေကြေးများကို မွန်ပြည်နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11775-2013-05-29-07-52-14.html
အစာငတ်ခံ ဆန္ဒပြသူ အလုပ်သမားနှစ်ဦး ဆေးရုံတင်ရ
ရန်ကုန်တိုင်း လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ အခုလ ၂၇ ရက်နေ့ ညက စတင်အစာငတ်ခံဆန္ဒပြနေကြတဲ့ စက်ရုံအလုပ်သမား ၁၆ ဦးထဲက အမျိုးသမီးနှစ်ဦး ဒီကနေ့ မူးလဲသွားတဲ့အတွက် လှိုင်သာယာဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
ရက်သတ္တနှစ်ပတ်ကျော်ကြာလာတဲ့အထိ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောသေးတဲ့အတွက် လုပ်သားတစ်ထောင်ကျော်လောက် လုပ်ငန်းခွင်မ၀င်ကြပဲ ဆန္ဒပြနေကြပြီး လုပ်သား ၁၆ ယောက် အစာငတ်ခံဆန္ဒပြနေရာမှာ အလုပ်သမနှစ်ဦး အခုလို မူးလဲသွားကြတာလို့ ဆန္ဒပြလုပ်သားတစ်ဦးဖြစ်တဲ့ ကိုအောင်ကိုဦးက RFA ကိုပြောပါတယ်။
“သူတို့က မလိုက်လျောနိုင်ဘူးဆိုတာ ငွေရေးကြေးရေးတို့ ခုနက ကျနော်တို့တောင်းဆိုတဲ့ အလုပ်သမားတစ်ယောက်ကို ဝန်ခံကတိထိုးရင်ပဲဖြစ်ဖြစ်၊ သမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ဘက်က တောင်းဆိုတာကို သူတို့ဘက်က မလိုက်လျောနိုင်ဘူး ပြောလိုက်တယ်ခင်ဗျ၊ သူတို့ဘက်က အုပ်ချုပ်ရေးပိုင်းကို ဝင်မစွတ်နဲ့ဆိုပြီးတော့ အဲဒီအချက်ကိုသူတို့ဘက်က လက်မခံဘူးလို့ပြောပါတယ်”
အလုပ်သမားဝန်ကြီးဌာန အလုပ်သမား၊ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကတော့ ဆန္ဒပြကြတဲ့သူတွေအနေနဲ့ အလုပ်ရှင်အပေါ် တောင်းဆိုပိုင်ခွင့်ရှိတယ်ဆိုပေမယ့် ဥပဒေအတိုင်းလုပ်ကြဖို့ မနေ့ကပြုလုပ်တဲ့ လှိုင်သာယာစက်မှုဇုန် အစည်းအဝေးပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဲဒီစက်ရုံအလုပ်သမားတွေအနေနဲ့ တောင်းဆိုချက်တွေမရမချင်း အလုပ်မဆင်းကြပဲ ဆက်လက် ဆန္ဒပြတောင်းဆိုသွားကြမယ်လို့ ပြောပါတယ်။
Credit : http://www.mnews.myanmaronlinecentre.com/archives/27416
မြင်နိုင်စွမ်း ၆ဝ ရာခိုင်နှုန်းအထက် ကားမှန်အနက်များ တပ်ဆင်အသုံးပြုခွင့်ပေး
ပြည်ပမှတင်သွင်းလာသော မည်သည့်မော်တော်ကားမဆို မြင်နိုင်စွမ်း ၆ဝ ရာခိုင်နှုန်းနှင့်အထက် ရှိသည့် ကားမှန်အနက်များတပ်ဆင်ထားလျှင်လည်း တင်သွင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန ကညန ဦးဌာနခွဲ၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွဋ် က ပြောသည်။
”တပ်ခွင့်တော့ရှိပါတယ်။ ဒါပေမဲ့ original မှန်မှခွင့်ပြုတာပါ” ဟု ၎င်းကမဇ္ဈိမကို ပြောသည်။ အရောင်ပါသော မှန်များ တပ်ထားသည့်ကားများကို တင်သွင်းလာပါက ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဌာနက အင်ဂျင်နီယာ များက မြင်နိုင်စွမ်းပမာဏကို တိုင်းတာစစ်ဆေးပြီးမှ ခွင့်ပြုပေးရန် သင့်/မသင့် ဆုံးဖြတ်ကြောင်း၊ လက်ရှိတွင် ခွင့်ပြုထားသည့် အရောင်ပါသောမှန်တပ်ထားသည့် ကားအများစုမှာ မြင်နိုင်စွမ်း ၇ဝ ရာခိုင်နှုန်းအထိ ရှိကြောင်း ၎င်းက ဆက်ရှင်းပြသည်။
စွယ်တော် ကားအရောင်းစင်တာမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဇင်ဝင်းက ”ရှေ့မှန်ကိုတော့ ကာလာမှန် ခွင့်မပြုဘူး။ နောက်မှန်ပဲ ကာလာမှန်ခွင့်ပြုတယ်။ ကားအများစုကတော့ ရှေ့မှန်မှာ ကာလာပါတာ နည်းပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကားသုံးစွဲသူအများစုသည် အရောင်ပါသည့် မှန် တပ်ထားသောကားကို မှန်ကြည်တပ်ဆင် ထားသည့်ကားထက် လူကြိုက်များသည်ဟုလည်း သူကဆိုသည်။
လူသုံးများပြီး အရောင်ပါသော မှန်တပ်ထားလေ့ရှိသည့်ကားများမှာ ပရိုဗောက်၊ ဟွန်ဒါဖစ်၊ ဒီမီနို၊ ကာကလူဂျာ စသည့်ကားများနှင့် မော်ဒယ်မြင့်ကားအများစုဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
လက်ရှိတွင် ကားမှန်များကို စတေကာအနက်များကပ်ခွင့်ပေးမထားဘဲ ကားမှန်တွင် စတေကာကပ်ပါက ဒဏ်ကြေးငွေ ၁ဝ၁,၅ဝဝ ကျပ် နှင့် မော်တော်ယဉ်လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦးသာဌေး က ပြောသည်။
Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11773-2013-05-29-07-23-56.html
ဒီပဲယင်း ဖြစ်ရပ်မှန်

၂၀၀၃ ခုနှစ် မေ လ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ရွှေဘို ခရိုင် ဒီပဲယင်း တွင် ကြီးမားသည့် လူသတ်မှု ကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားပုံမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ယခင် အတွင်းရေးမှုး ဖြစ်သည့် လက်ရှိဥက္ကဌ နေရာ ဝင်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင် က ဒုဥက္ကဌဖြစ်ပြီး ယခု ဖယ်ရှားခံရသူ ဦးတင်ဦးတို့ ဦးဆောင်သည့် အဖွဲ့သည် ၂၀၀၃ ခုနှစ် မေ လ ၃၀ ရက်နေ့ ညနေ (၅) နာရီ ခွဲ တွင် ဘုတလင် မြို့ မှ ဒီပဲယင်း သို့ ထွက်ခွာလာ ရာ ဒီပဲယင်း မှ ဒေသခံ NLD ပါတီ ဝင်များက ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ခရီး စဉ်များကဲ့သို့ပင် မြို့ထဲ သို့ ကားနဲ့လှည့်ပြီး ထွက်ကြည့်ကြဖို့ နားငြီးအောင် အော်ခဲ့ကြသည်။
မျက်နှာမြင် ရိုက်ချင်ပါစေ ဆုတောင်းပြည့်သူများ
လူအများကို ထွက်ကြည့်ချင်စိတ်ရှိစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ဖခင်ကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေအတွက် အလွန်အနစ်နာ ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင် နှင့် ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်ကြောင်း၊ နိုဘယ်ဆုကြီးတောင် ရထားကြောင်း စသည်ဖြင့် ဒီကနေ့ စည်းရုံးရေး ခရီးစဉ်တွေမှာ လိုက်အော်သလိုမျိုး အော်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် က အသက် ၄၃ နှစ် ထိ နိုင်ငံခြားမှာ နေနေ ခဲ့ကြောင်း၊ အင်္ဂလိပ်လူမျိုးကို လက်ထပ်ပေါင်းသင်း ကာ မြန်မာစကား မပြောတတ်သည့် သားနှစ်ယောက်ကို မွေးထားကြောင်း တွေကိုတော့ ဒီကနေ့ ထိန်ချန်ဖုံးကွယ် ထားသကဲ့သို့ ၂၀၀၃ ခုနှစ်ကလည်း ပွင့်လင်းစွာ ပြောဆိုခဲ့ခြင်း မရှိပေ။
အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ နန်း တည်ခဲ့သည့် ရွှေဘို ခရိုင် အတွင်းမှ ဒီပဲယင်း မြို့ သား များ ကလည်း မျိုးချစ်စိတ် ဓာတ် အလွန်အမင်း ထက်သန်ကြသူ များ ဖြစ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး အား ကြိုဆိုရန် ပြင်ဆင်ကြလေ သည်။ ဒီပဲယင်းမြို့ခံများသာ မက အနီးတဝိုက်ရှိ ရွာများ ရွာသားများကလည်း သတင်းကြားတာကြောင့် အလုပ်စောစောသိမ်းကာ လမ်းဘေးရှိ ဆိုင်များတွင် စောင့်မျှော်နေခဲ့ကြသည်။ ညနေ နေဝင်ချိန် ဖြစ်တာကြောင့် လူအများ အားနေချိန် ဖြစ်ရာ လူတွေကလည်း အဆ မတန် များလာခဲ့လေသည်။ အများစုက ထိုခေတ်က NLD တံဆိပ်ဖြစ်သည့် ခမောက်များကို ကိုင်ထားကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပေးရန် လက်ဆောင်များလည်း ကိုင်ထားကြသည်။
ညနေချိန် ဖြစ်တာကြောင့် ယမကာ သမားများလည်း ရေချိန်ကိုက်လာပြီ ဖြစ်ရာ လူစည်ကားသော လမ်းဘေး ထန်းရည်ဆိုင် အတွင်းတွင် ရုန်းရင်းဆန်ခတ် စဖြစ်လာခဲ့သည်။ စကားဝိုင်းတိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေကိုသာ အားရ ပါးရ ပြောနေ ကြရာ ပြောရင်းပြော ရင်းဖြင့် မေးခွန်း ထုတ်စရာများ၊ အငြင်းပွားစရာများ တွေ့လာရသည်။
အချို့က ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ် သမီး ဖြစ်ကြောင်းသာ သိရပြီး ဒီနေ့ ဒီအချိန် ဒီအသက်အရွယ်ထိ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ ဘာမှ မသိကြပေ။ စကားပြောကြ ငြင်းကြရင်းဖြင့် ရှေ့မှီနောက်မှီ ပညာတတ် လူငယ် အချို့က ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ် ခေါင်းဖြတ်သတ်ခဲ့သည့် ဗိုလ်မင်းရောင်၏ မြစ် ၊ အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်တာ မှန်ကန်ကြောင်း၊ သို့သော် ယခု ဒေါ်အောင်ဆန်းစုကြည် ယူထားသည့် ယောင်္ကျားမှာလည်း ရွှေဘိုမှ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့သည့် ကုန်းဘောင်မင်းဆက်ကို ပျက်ဆီးအောင်လုပ်တဲ့အပြင် ကုန်းဘောင်ခေတ် နောက်ဆုံး မြန်မာဘုရင် သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်္ဂလိပ် လူမျိုး ပဲ ဖြစ်ကြောင်း စကား စပ်မိရာမှ ရုတ်ရုတ်သဲသဲများ ဖြစ်လာတော့သည်။ ၎င်းနောက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားတွင် အသက် ၄၃ နှစ်ထိ မြန်မာနိုင်ငံကို ခြေစုံကန်ကာ ထွက်သွားမှု၊ ဘာသာရေး လိုက်စားမှု အားနည်းပြီး ဗုဒ္ဓဘာသာ ဝင်ဘုန်းကြီးများကို ပမာမခန့် လုပ်မှု၊ မြန်မာစာ ကောင်းကောင်း မတတ်မှု၊ မြန်မာစကားကို မလေးစားမှု နဲ့ မြန်မာ ထက် အင်္ဂလိပ်ကို ပိုမို အထင်ကြီး ဆက်ဆံတတ်မှုများကို သိရှိကာ ဆူညံလာပြီး တမြို့လုံး လှုပ်လှုပ်ရှားရှား ဖြင့် မကျေမနပ် ဖြစ်လာကြသည်။

အမျိုးသား ခေါင်းဆောင်ကြီးနှင့် မြေးတော်
ညနေ ၅ နာရီ ခွဲ တွင် ဒီပဲယင်း မြို့နယ် စိုင်ပြင်ကြီးရွာ သို့ ဒေါ်အောင်ဆန်း စုကြည် ရောက်ရှိ ခေတ္တနားနေ ချိန်တွင် ဒေါ်အောင်ဆန်း စုကြည်၏ ယဉ်တန်းတွင် သံဃာတော်များကို နောက်ဆုံး ကားမှာ ထားပြီး တင်လာကြောင်း သတင်းများ ကြားရခြင်းကြောင် ပိုမို ဒေါသ ထွက်လာသော မျိုးချစ် လူငယ်များက ဘုတလင်မြို့နယ် တွင်းမှ ကြည်ရွာ အနီးမှ ဟုတ် မဟုတ် ကို ကြည့်ဖို့ အတွက် စောင့်နေခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုရန် ရောက်လာသူများ အားလုံးကလည်း အငြင်းပွားနေရာမှ ထပြီး ကြည်ရွာတွင် စောင့်နေကြလေသည်။
ညနေ ၇ နာရီ တွင် ဆူညံ ဆူညံ ဖြင့် ဟေးဟေး ဟားဟား အော်ကာ မီးများဖွင့်လျှက် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကြီး ရောက်ရှိလာခဲ့သည်။ ရှေ့ဆုံးက ကားမှ အလံကို လွှင့်ထောင်လာ ပြီး အောင်ဆန်း စုကြည်က နောက်က ပါလာတာကို လာရောက်ကြိုဆိုသူများက ရပ်ကြည့်နေကြသည်။ စိတ်ထဲတွင်တော့ ဗိုလ်မင်းရောင်ကို သတ်သည့် အင်္ဂလိပ် ၊ ကုန်းဘောင်မင်းဆက်ကို သတ်သည့် အင်္ဂလိပ် ကို ယူထားသည့် မျိုးမစောင့်သည့် ဗိုလ်ချုပ်အောင်ဆန်းသမီး ဟု တွေးကာ မကျေနပ်လျှက် ရှိရာ နောက်ဆုံး ကား (ဏ/၂၈၉၈) ရောက်လာချိန်တွင် ပေကြောင်ပေကြောင်နှင့် လိုက်ပါလာသော ဘုန်းကြီးများ ကို တွေ့ရာ ဒေါသူပုန် ထလာပြီး နောက်ဆုံးမှ ကားမောင်သူကို ဘုန်းကြီးတွေ ကားကို ရှေ့ဆုံးက မောင်းရန် ပြောလေသည်။ သို့သော်လည်း NLD ပါတီဝင်များက ယခု ယဉ်တန်းသည် နိုင်ငံရေး ယဉ်တန်းဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ရှေ့ဆုံးမှာ နေသည့်ပြီး ဘုန်းကြီးများသာ နောက်ကလိုက်သင့်ကြောင်း ပြောရာမှ ရန်ပွဲအဖြစ် ပြောင်းလဲ လာကာ လက်ပတ် ပတ်ထားသည့် NLD ပါတီဝင် များက ရွာသား တစ်ဦးကို စတင် ထိုးနှပ်ခဲ့လေသည်။ မတရားတာကို ကြည့်မနေနိုင်သည့် ဒေသခံ မျိုးချစ် သူရဲကောင်းများက လမ်းဘေးမှ ဝင်းထရံများ၊ ခြံစည်းရိုးများကို ဆွဲကိုင်က စတင် ရိုက်နှပ်ခဲ့ကြရာ ယဉ်တန်းတွင် လိုက်ပါလာသူများကလည်း ကားပေါ်မှ ဂေါက်တံများ၊ ဂျန်း တုံး များနှင့် ပြန်လည် ရိုက်နှပ်ခဲ့သည်။
နောက်ဆုံး ကားနှစ်စီး တွင် ရန်ဖြစ်ကာ အပြန်အလှန် ရိုက်နှပ်နေချိန်တွင် တွင် နောက်ကား များက ရှေ့ကား များကို အကူညီတောင်းသဖြင့် ရှေ့ကားများပေါ်က ဒေါင်းအလံကိုင်ထားသူများလည်း ရောက်လာကြပြီး ရွာသားများကို ဒေါင်းအလံ ဖြင့် ရိုက်ရာ ခွပ် ဒေါင်းအလံတွင်လည်း သွေးများ စွန်းသွားခဲ့သည်။ ဘယ်ဖက်မျက်လုံးကို အုပ်ကာ သွေးအိုင်ထဲတွင် လဲနေသူ ရွာသား တစ်ဦးက "ငါတို့ရွာသားတွေကို ရိုက်နေတယ်ဟေ့" လို့ အော်လိုက်ရာ တရွာလုံး ထွက်လာပြီး ဝိုင်းရိုက်ကြတော့သည်။ အခြေအနေ မဟန်သည်ကို သိလာချိန်တွင် သေနက်ဖြင့်ချိန်သည်ကိုတောင် မကြောက်သည့် သတ္တိရှိသည်ဟု တင်စားပြောနေကြည်သည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဝါးရင်းတုတ် ကိုတော့ ကြောက်ကာ သုတ်ချေတင် ပြေးလေတော့သည်။ ထိုအချိန်က ဝါးရင်းတုတ်ကို ကြောက်ကာ ထွက်ပြေးသွားချိန်မှ စပြီး "သတ္တိ ရှိလိုက်တာ" ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ယခုထိ ဒီပဲယင်းသို့ လုံးဝ မသွားရဲတော့ပေ။
အခင်းဖြစ်ပွားပြီးနောက် နောက်နေ့တွင် သက်ဆိုင်ရာမှ လာရောက် စစ်ဆေး မေးမြန်း မှုများကို ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၄ ဦး ရှိကာ ဒဏ်ရာရရှိသူ ၅၀ ဦး ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
Credit : http://myanmarheadline.blogspot.com/2013/05/blog-post_30.html
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရ၊ KIO နှင့် ဗီဂျေနမ်ဘီးယားတို့ ကချင်လူထုနှင့် သီးခြားစီ တွေ့ဆုံ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရန်အတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့၊ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားတို့သည် မေ ၂၉ ရက်တွင် ကချင်လူထုနှင့် သီးခြားစီတွေ့ဆုံ ခဲ့ကြပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်
သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မေ ၂၆ ရက်ကလည်း ကချင်လူထုနှင့် တွေ့ဆုံခဲ့ပြီး မေ ၂၉ ရက်တွင် ထပ်မံတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။
ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် (KPC) ၌ ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ ထိုတွေ့ဆုံပွဲသို့ ကာကွယ်
ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်းနှင့် ၎င်းတို့၏ အားနည်းချက်များကို ထောက်ပြပြီး အကြံပေးရန် ဦးအောင်မင်းက တောင်းဆိုခဲ့ပါသည်။
တပ်မတော်၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှု သဘောထားများကို ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ရှင်းလင်း ခဲ့ပါ သည်။
အစိုးရ၏ ရှင်းလင်းချက်များအပေါ် ကချင်ဘာသာရေး ခေါင်းဆောင်များက ၎င်းတို့၏ သဘောထား အမြင် များကို ပြောကြားခဲ့ပြီး အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးကြောင်း ယုံကြည်မှုကသာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မည်ဟု ပြောကြားခဲ့ကြပါသည်။ ငြိမ်းချမ်းရေးအတွက် အစိုးရ၏ လုပ်ဆောင်မှုများကို အားရသော်လည်း ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ တွင် ပြောဆိုမှုများ ရှိခဲ့ပါသည်။
အစိုးရနှင့် ကချင်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံနေသည့် အချိန်မှာပင် မြစ်ကြီးနားမြို့ မနောကွင်း တွင် ကချင်ပြည်နယ်ရှိ လူထုကိုယ်စားပြု အဖွဲ့များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ် မစ္စတာဗီဂျေနမ်ဘီးယားတို့ တွေ့ဆုံခဲ့ကြပါသည်။
ယင်းတွေ့ဆုံပွဲတွင် ကချင်လူထု၏ ၎င်းတို့၏ သဘောထားများကို ကချင်ဘာသာ စကားဖြင့် ပြောကြားခဲ့
ကြပါသည်။
ကချင်လူထု အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး ယခုဆွေးနွေးပွဲတွင် ကုလသမဂ္ဂကိုယ်စားလှယ် ပါဝင် လာခြင်းကို ကြိုဆိုကြောင်း၊ ဆက်လက်ပါဝင် စေလိုကြောင်းနှင့် အမေရိကန်နှင့် ဗြိတိန်အစရှိသော နိုင်ငံ များမှ ကိုယ်စားလှယ်များ ပါဝင်စေလိုကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ကြပါသည်။
ကချင်လူထု၏ သဘောထား အမြင်များကို သိရှိရသည့်အတွက် ကျေနပ်ကြောင်းနှင့် ဘက်ပေါင်းစုံ အမြင် များက ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် အထောက်အကူ ဖြစ်နိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း မစ္စတာ ဗီဂျေနမ်ဘီယားက တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရနှင့် KIO တို့ အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ပိုမိုတိုးတက်စေရန် ရှေ့ဆက်လုပ်ဆောင် သွားမည်ဟု မျှော်လင့်ကြောင်း လည်း နမ်ဘီယားက ပြောဆိုခဲ့ပါသည်။
မစ္စတာ နမ်ဘီးယားနှင့် ကချင်လူထု တွေ့ဆုံမှုမှာ မေ ၂၉ ရက် မွန်းတည့်ချိန်တွင် ပြီးဆုံးခဲ့ပါသည်။
မေ ၂၉ ရက် မွန်းလွဲပိုင်းတွင် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လူထုတို့ မနောကွင်း၌ ဆက်လက်တွေ့ဆုံ ခဲ့ကြပါသည်။ ထိုတွေ့ဆုံပွဲသို့ ဦးဆွမ်လွတ်ဂမ်နှင့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ တက်ရောက်ခဲ့ကြပါသည်။
ယင်းတွေ့ဆုံပွဲ၌လည်း ကချင်ဘာသာ စကားဖြင့်ပင် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး KIO က ၎င်းတို့၏ ရပ်တည်ချက်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို ရှင်းလင်းခဲ့ကာ ကချင်လူထု၏ သဘောထား များကို လည်း တောင်းခံခဲ့ပါသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO တို့၏ မြစ်ကြီးနား ငြိမ်းချမ်း
ရေး ဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် မနောကွင်း၌ ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။
ကချင်လူထုနှင့် တွေ့ဆုံရန် မနောကွင်းသို့ ရောက်ရှိလာသော ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
Eleven Media Group
တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ ပြင်ဆင်ရေးဆွဲရန် စီစဉ်နေ
တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြန်လည်ပြင် ဆင် ရေးဆွဲရန် စီစဉ်နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ အစည်းအဝေး သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ဥပဒေမှာ ယခင် စစ်အစိုးရလက်ထက် ဥပဒေအမှတ် (၆/၂၀၀၂)ဖြင့် ၂၀၀၂ ခုနှစ် ဇွန် ၁၇ ရက်က ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း အသက်ဝင်မှု နည်းပါးနေရုံသာမက အဆိုပါ ဥပဒေ ထုတ်ပြန်ထား
ကြောင်း သိရှိသူပင် နည်းပါးနေသေးကြောင်း ဥပဒေ လေ့လာသူများက ဆိုသည်။
ငွေကြေးခ၀ါချခြင်း၊ ငွေဖြူငွေမည်း ပြဿနာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံ သား ရင်းနှီးမြှုပ်နှံသူ အချို့၏ ရင်းနှီးမြှုပ်နှံသည့် ပမာဏများမှာ အခွန်ပေးဆောင်ထားသည့်ငွေများ ဟုတ်မဟုတ်၊ ၀င်ငွေရ လမ်းပြနိုင်သည့် ငွေများ ဟုတ်မဟုတ်၊ တရားမ၀င် ငွေကြေးများဖြင့် မြှုပ်နှံခြင်း ဟုတ် မဟုတ် စသည့်အကြောင်း အရာများကို စိစစ်ရန် လိုအပ်ကြောင်း မီဒီယာတွင် ဖော်ပြခဲ့ပြီးနောက် တရား မ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲ ရန် စီစဉ်နေသည့် သတင်းပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
အဂတိ လိုက်စားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လက်နက်ခဲယမ်း မီးကျောက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တရားမ၀င် ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှု၊ လူကုန်ကူးမှု၊ တရားမ၀င် သစ်ခိုးထုတ်မှုများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပေးသည့် လုပ်ငန်းလိုင်စင် မရှိဘဲ ငွေရေးကြေးရေး အဖွဲ့အစည်း၏ လုပ်ငန်းလုပ်ကိုင်မှု စသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို တရား ၀င် အသွင်သို့ ရောက်ရှိစေရန် တရားမ၀င်သော နည်းလမ်းဖြင့် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်
ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းပြုသည့် ပြစ်မှုများသည် ဤဥပဒေနှင့် သက်ဆိုင်စေ ရမည်ဖြစ်ကြောင်း တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ ပုဒ်မ ၅(က) တွင် ပြဋ္ဌာန်းထားသည်ဟု သိရသည်။
တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ပြီး ထိရောက်စွာ အရေး ယူနိုင် ရန်နှင့် ဆင့်ပွားပေါ်ပေါက်နိုင်သည့် ပြစ်မှုများကို ကာကွယ်ဟန့်တားနိုင်ရန်၊ တရားမ၀င်သော နည်း လမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက် များဖြင့် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ကြောင်း ဥပဒေ ပြဋ္ဌာန်းချက်များအရ သိရသည်။၏
ထို့ပြင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ၏ ရည်ရွယ် ချက်များထဲတွင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို အသုံးပြု၍ နိုင်ငံ
တော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်ဟူသည့် အချက် ပါဝင်နေသည်ကို တွေ့ရသည်။
Eleven Media Group
လားရှိုးမြို့တွင် မေ ၂၉ ရက်က ပဋိပက္ခဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရ

လားရှိုးမြို့တွင် မေ ၂၈ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့်ပက်ပြီး မီးရှို့ခဲ့ရာမှတစ်ဆင့် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် မေ ၂၉ ရက်တွင်လည်း နေရာအချို့တွင် ဆက်လက်ဖြစ်ပွားခဲ့သည်။ မေ ၂၉ ရက်တွင် ဆူပူမှု၊ အကြမ်းဖက် ဖျက်ဆီးမှု အချို့ကြောင့် ရုပ်ရှင်ရုံ တစ်ရုံနှင့် ကားတစ်စီး ပျက်စီးခဲ့ပြီး တစ်ဦး
သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ငါးဦးရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ဦးရေ ၂၀၀ ခန့်ရှိသော လူများက ဆူပူအကြမ်းဖက်မှု ပြန်လည်ပြုလုပ် ခဲ့ကြခြင်းဖြစ်
ကြောင်း သိရသည်။
ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် သေဆုံးသူမှာ (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးမြင့် ၀င်း (ဘ) ဦးစမိုင်ဆိုသူ ဖြစ်ပြီး ဒေါ်ခင်ခင် (၅၂ နှစ်) (ဗုဒ္ဓ)၊ မောင်ဝဏ္ဏ မင်းထိုက် ၃၀ နှစ်(ဗုဒ္ဓ)၊ ဦးအောင်
အောင် ၃၈ နှစ်(ဗုဒ္ဓ)၊ ဦးချစ်ကို(ဗုဒ္ဓ)၊ ဦးမြင့်နိုင် ၄၁ နှစ်(ဗုဒ္ဓ)နှင့် DVB သတင်းထောက် ဦးခွန်ဇော်ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို လားရှိုးပြည်သူ့ ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ပြီး မောင်ဝဏ္ဏမင်းထိုက်မှာ ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိသဖြင့် ခွဲစိတ်ခန်းသို့ ပို့ဆောင် ကုသ ပေးခဲ့ရကြောင်း၊ ကျန်လူနာများမှာ လက်ရှိတွင် မစိုးရိမ်ရသော အခြေအနေတွင် ရှိကြောင်း သိရ သည်။

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်တို့က အကြမ်းဖက် ဆူပူသူများအား မေတ္တာရပ်ခံ ပြောကြားနေသည်ကို မေ ၂၉ ရက် ညနေ ၃ နာရီခွဲက တွေ့ရစဉ်
ထို့ပြင် ဆူပူ အကြမ်းဖက်မှုများကြောင့် အမှတ် (၂) ရပ်ကွက်ရှိ သီတာအေးရုပ်ရှင်ရုံ အတွင်းပိုင်း မီးလောင် ဖျက်ဆီး ခံခဲ့ရသော်လည်း အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သောကြောင့် နောက်တန်းခုံများနှင့် ရုပ်ရှင်ပိတ်ကား တို့သာ ပျက်စီးခဲ့သည်။ ထို့အတူ အမှတ် (၇) ရပ်ကွက်တွင် လူဦးရေ ၃၀ ခန့်က ဆလွန်းကား တစ်စီး ကို လည်း ၀ိုင်းဝန်းဖျက်ဆီးခဲ့သည်။
အကြမ်းဖက်လူတစ်စုမှ လားရှိုးမြို့နယ် (၃) ရပ်ကွက် ဈေးအနီးရှိ ဗလီတစ်ခုအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်းက (ပ) ၂၅၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ အစ္စလာမ်မိဘမဲ့ ဂေဟာအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်း (ပ) ၂၅၉/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ ရပ်ကွက် (၉) ရှိ အစ္စလာမ် စာသင်ကျောင်း တစ်ခုအား ဖျက်ဆီးမှုကြောင့် လားရှိုးမြို့နယ် နယ်မြေရဲစခန်း (ပ) ၆၃/ ၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၅၂/၄၂၇/၃၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူအချို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနေစဉ်

တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုတစ်စုကို မေ ၂၉ ရက် ညနေပိုင်းက တွေ့ရစဉ်
မေ ၂၉ ရက်ည နိုင်ငံပိုင် ရုပ်သံသတင်း ကြေညာချက်တွင် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရပ်ကွက် ၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၇ နှင့် ရပ်ကွက် ၈ တို့မှာ အပြန်အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ရာ ယင်းနေ့ ညနေ ၅ နာရီခန့်အထိ တိုက်ခိုက် မီးရှို့ဖျက်ဆီးမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ မေ ၂၈ ရက်မှ ၂၉ ရက် အထိ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူနေအိမ် ငါးလုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ရုပ်ရှင် ရုံ တစ်ရုံ၊ ဂိုဒေါင် လေးလုံး၊ ဆိုင်ခန်း ၃၁ ခန်း၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင် ပျက်စီးခဲ့ကြောင်း၊ တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့က ပြစ်မှုကျူးလွန်ခဲ့သော တရားခံဖြစ်သူသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပြစ်မှုကျူး လွန်ြ
ခြင်းဖြစ်ပြီး ဘာသာရေး၊ လူမှုရေး ကိစ္စများနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ယင်းပြစ်မှုကို အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခအသွင် ဖော်ဆောင်ခြင်း မပြုရန်အတွက် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူများက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ကြေညာ သွားခဲ့သည်ဟု သိရသည်။

တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုနှင့် ဖျက်ဆီးခံထားရသော မော်တော်ယာဉ် တစ်စီးအား မေ ၂၉ ရက် ညနေပိုင်းတွင် တွေ့ရစဉ်
မေ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ သာသနာရေး ၀န်ကြီးဌာန ပြည်
ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ မန်ဆူရှမ်းကျောင်း ဆရာတော်တို့ ဦးဆောင်သော အဖွဲ့က ပဋိပက္ခများ ဖြစ်ပွားနေသည့် လားရှိုးမြို့ အမှတ်(၇) ရပ်ကွက်အ တွင်း လှည့်လည်၍ အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားရန် တားမြစ်ခဲ့ပြီး ယင်းဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးက "အခုလက်ရှိ လားရှိုးမြို့မှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အများစုကို ထိန်းချုပ်
နိုင်ပါပြီ။ ဒါပေမဲ့ လားရှိုးမြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်တဲ့ လူတစ်စုက အစ္စလာမ်ဘာသာ ၀င်
တွေ နေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေကို လာရောက်ပြီး အကြမ်းဖက် ဖျက်ဆီးမှုတွေ ရှိနေသေးတဲ့အတွက် ဒါတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးအင်အား ၅၀၀ ကျော်နဲ့ ဆောင်ရွက်နေပါတယ်" ဟု မေ ၂၉ ရက် ညနေပိုင်းတွင် ပြောကြားထားသည်။
မေ ၂၉ ညပိုင်းတွင် လုံခြုံရေး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး တားမြစ်နေရာများသို့ မည်သူ့ကိုမှ သွားလာခွင့် မပြုကြောင်း သိရသည်။

တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသူများကို ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ဖျောင်းဖျနေစဉ်
ထို့ပြင် မေ ၂၉ ရက် ညပိုင်းတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆရာတော် သံဃာတော်ကြီးများ ပါဝင်သော အဖွဲ့ငါးဖွဲ့က မြို့တွင်း လှည့်လည်၍ လုံခြုံရေး ကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မေ ၂၈ ရက်နေ့က ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရသော မအေးအေးဝင်းသည် လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိပြီး လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေ အနေ မရှိကြောင်း သိရသည်။
Eleven Media Group
မန္တလေးတွင် သာသနာညှိုးနွမ်းအောင် ပြုလုပ်သူတစ်ဦးကို တွေ့ရှိအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာဇံမြို့နယ် လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်းအနီးတစ်ဝိုက်
၌ မေ ၂၉ ရက် ညနေ ၅ နာရီအချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် အမှတ်စဉ်ကဒ်ပြား တစ်ခုကိုအသုံးပြု၍သာသနာညှိုး နွမ်းအောင်ပြုလုပ်သူတစ်ဦး ကို တွေ့ရှိရသဖြင့် ချမ်းအေးသာဇံအရှေ့ရပ် ကွက်၊ အကွက်မှူးမှ ယင်းမြို့နယ် မြို့မရဲစခန်း အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
“သူကဘာသာရေး ဝတ်စုံတွေလည်း ဝတ်လာတယ်၊ နောက်ပြီး ကျမ်းစာအုပ်တွေလည်းပါ လာတယ်။အဲ့နား
(လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း )ကဗလီ ထဲဝင်လာပြီးမသင်္ကာတဲ့ပုံစံနဲ့မို့ မေးသင့်မေးထိုက်တာမေးတယ်၊ အထောက်ထားလည်းမပြနိုင်ဘူး၊တခြားသူတွေ ဒုက္ခမရောက်အောင်တာဝန်ရှိသူတွေကပို့လိုက်တာပါ”ဟု ဗလီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သာသနာညှိုးနွမ်းအောင်ပြုလုပ်သူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း ဒေသကြီးချမ်းမြသာယာကျေးရွာတွင်နေ ထိုင် သူဖြစ်ကြောင်း၊ချမ်းအေးသာဇံမြို့နယ်၊ မြို့မရဲစခန်းအမှတ်၉မှ မေလ ၂၉ ရက် နေ့ညနေ ၆ နာရီတွင် ရဲအရေးမပိုင်မှု အမှတ်စဥ်၁၆/၂၀၁၃ ပြစ်မှုပုဒ်မ ၂၉၅(က)နှင့်အရေးယူထာပြီး မေလ ၃ဝ ရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
ရခိုင်ပြည်နယ် မောင်တောခရိုင်မှာရှိတဲ့ မူဆလင် လူမှုအသိုင်းအ၀ိုင်းအနေနဲ့ ကလေး ၂ ဦးပဲ ယူရမယ်ဆိုတဲ့ ဒေသန္တရအမိန့်ကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်တာဟာ တဘက်စောင်းနင်း ကျပြီးတော့ ပကတိအခြေအနေတွေကို မသိလို့ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အာဏာပိုင်တွေက ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင် ကို ဒီအမိန့် ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။
“ဒီဥစ္စာက အခုမှ ထွက်တဲ့ဥစ္စာ မဟုတ်ဘူး။ ၉၂၊ ၉၃၊ ၉၄ လောက်ကတည်းက ရှိနေခဲ့တဲ့ အမိန့်လို့ ပြောပါတယ်။ အဲ့ဒီဥစ္စာတွေကို အကောင်အထည်ဖော်တာက UN အဖွဲ့အစည်းနဲ့ AZT ဆိုတဲ့ INGO အဖွဲ့တွေပါခင်ဗျ။ သူတို့ အကောင်အထည်ဖော်တယ်။ ၉၂၊ ၉၃၊ ၉၄ ကစပြီး အကောင်အထည်ဖော်တာ အခု ရခိုင်အရေးအခင်း ဖြစ်တဲ့အချိန်မှာ ပြန်ကြည့်တော့ လူဦးရေက အင်မတန် များပြားလာပါတယ်။ သူတို့ကတော့ သားဆက်ခြား အောင်မြင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူဦးရေ ပေါက်ဖွားနှုန်းက တအားများတဲ့အတွက် အခုလို ပြဿနာဖြစ်လာတဲ့အခါ ရခိုင်ကိစ္စကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း အကြံပြုထားတာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ပြန်ပြီးတော့ အကောင်အထည် ဖော်တဲ့သဘောမျိုးနဲ့ ဒေသန္တရအမိန့်နဲ့ ထုတ်တာပါခင်ဗျ။”
မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ၉၂၊ ၉၃ တုန်းက ထုတ်တဲ့အမိန့်က ဒီအစိုးရအနေနဲ့ ထုတ်ပြန်တာလား။ အမိန့်လား ဥပဒေလား အဲ့ဒါက။
ဖြေ။ ။ “အမိန့်ပါပဲခင်ဗျ။ ဒေသန္တရအမိန့်လို့ ခေါ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောတစ်ခုတည်းပါပဲ။ ကျန်တဲ့ နေရာတွေတောင် မပါပါဘူး။”
မေး။ ။ ဟုတ်ကဲ့။ အခု ရခိုင်အစိုးရကနေပြီးတော့ ထုတ်လိုက်တဲ့သဘောကရော အမိန့်လား ဥပဒေလား။
ဖြေ။ ။ “အမိန့်လို့ ပြောပါတယ်ခင်ဗျ။ ဥပဒေအပိုင်းမှာတော့ ကျနော်တို့က သိပ်နားမလည်ပါဘူး။ ဒီဥစ္စာက အရင်တုန်းက ရှိခဲ့တဲ့ဟာကို ပြန်ပြီးတော့ တည်မြဲအောင် အမိန့်ထုတ်တာပါပဲခင်ဗျ။ ပြည်နယ်အစိုးရအနေနဲ့တောင် မဟုတ်ပါဘူးခင်ဗျ။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဲ့ဒီမှာကိုင်တဲ့ နကစအဖွဲ့ကနေပြီး ထပ်ပြီး အတည်ပြုပြီး ထုတ်ပေးတာပါ။ အဲ့ဒီမောင်တောခရိုင် တစ်ခုတည်းပါပဲခင်ဗျ။”
မေး။ ။ ရခိုင်စုံစမ်းရေးကော်မရှင်ကနေပြီးတော့ အကြံပြုထားတဲ့အတိုင်းဆိုတာ ရခိုင်စုံစမ်းရေးကော်မရှင်ကရော ဒီကိစ္စနဲ့ပတ်သက်လို့ 2 Child Policy ဆိုပြီးတော့ပဲ အကြံပြုတာလား။
ဖြေ။ ။ “2 Child Policy လို့တော့ မပြောပါဘူးခင်ဗျ။ သူက ပထမစာမျက်နှာမှာတော့ ဒီလို လူဦးရေ ထိန်းချုပ်ဖို့ လိုတယ်။ အဲ့လို ထိန်းချုပ်တဲ့အခါမှာလည်း ကိုယ့်ဘာသာရေးအရ ကန့်ကွက်နိုင်တယ်။ ဒီလိုမျိုးလေး ဆိုထားပါတယ်။ ဒါပေမဲ့လည်း နောက်စာမျက်နှာမှာတော့ ရခိုင်တိုင်းရင်းသားတွေကလည်း တောင်းဆိုထားပါတယ်။ နောက်ပြီးတော့ အဲ့ဒီမှာ ဒီလို လူဦးရေ ထိန်းချုပ်တာလည်း အရင်ထဲက ရှိတဲ့အတွက် လုပ်သင့်ပါတယ်လို့ သူတို့က အဲ့ဒီမှာ အကြံပြုထားတာ ရှိပါတယ်။”
မေး။ ။ 2 Child Policy နဲ့ပတ်သက်ပြီးတော့ ရခိုင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပြန်ပြီး Review လုပ်နေတယ်ဆိုပြီးတော့ ပြောနေလို့ပါ။ အထက်ကရော ဘာများပြော
ဖြေ။ ။ “အဲ့ဒါကတော့ ကျနော် မသိဘူးခင်ဗျ။ ဒီဥစ္စာက ကျနော်တို့ ပြည်နယ် အစိုးရအနေနဲ့လည်း ထုတ်တာမဟုတ်ဘူး။ ဒေသန္တရအမိန့်ဆိုတာ သူတို့ ထုတ်ခွင့်ရှိတယ်လေ။ ရန်ကုန်မှာ ပုဒ်မ ၁၄၄ အစား ၁၈၈ ထုတ်တဲ့ပုံစံမျိုးပေါ့။”
မေး။ ။ အဲ့တော့ အဲ့ဒီအထဲမှာ ကလေး ၂ ယောက်အပြင် အမျိုးသမီး မိန်းမ တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ဟာမျိုးရော ပါပါသလား။
ဖြေ။ ။ “ပါပါတယ်ခင်ဗျ။ ဘာလို့လဲဆိုရင် သူတို့က ၄ ယောက် ယူတဲ့အခါကျမှ စောစောကလည်း ကျနော် ပြောပြီးပြီ။ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး သူ တာဝန်ထမ်းဆောင်စဉ်က အဲ့ဒီမှာ မေးတယ်။ ယောကျာ်းတစ်ယောက်က မိန်းမ ၄ ယောက်က တရားဝင်ယူတယ်။ တရားမ၀င် မိန်းမတွေကလည်း ရှိတယ်။ အဲ့ဒီက မွေးလာတဲ့ ကလေးတွေနဲ့ အားလုံး မိသားစုပေါင်းလိုက်ရင် ၈၂ ယောက်ရှိတယ်။ အဲ့လိုမျိုး မိသားစု ၁၀ ဆိုရင် လူဦးရေ ဘယ်လောက်ရှိမလဲ။ အဲ့ဒါလေးတွေ ကျနော်တို့ ပြန်တွက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေကလည်း အဲ့ဒါကို စိုးရိမ်တဲ့အတွက် တောင်းဆိုခြင်း ဖြစ်ပါတယ်။ ဒါကလည်း မောင်တောတစ်ခုတည်းကို ကျနော်တို့က ဒေသန္တရအမိန့် ထုတ်တာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တော - မောင်တောခရိုင်ဆိုရင် ဘူးသီးတောင်၊ မောင်တော ပါပါတယ်ခင်ဗျ။”
မေး။ ။ အခု ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်သံတွေ ထွက်လာပါတယ်ခင်ဗျ။ ဒါက ခွဲခြားဆက်ဆံတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဝေဖန်သံတွေ ထွက်လာပါတယ်။ ဒီဝေဖန်ချက်တွေအပေါ်မှာ ဦးဝင်းမြိုင်တို့ ဘာများ တုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ “သူတို့ကတော့ ဘယ်လို ဝေဖန် ဝေဖန်လေ။ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ရှိရင် အဲ့ဒီလူတွေက ဒီမှာ လာမကြည့်ဘဲနဲ့ ပြောတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်ပြောမယ်လေ ၁၀ ပေပတ်လည် ရှိတဲ့အိမ်ထဲမှာ လူ ၂၀၊ ၃၀ ဘယ်လိုလုပ် နေမလဲ။ နောက်ပြီးတော့ အဲ့လိုမျိုး လူဦးရေ ပေါက်ဖွားနှုန်း များလာတဲ့အတွက် ဒီမှာ ရခိုင်တိုင်းရင်းသားတွေကလည်း စိုးရိမ်စိတ်တွေ များလာပါတယ်။ အဲ့ဒီအတွက် ရေရှည်အတွက် ကြည့်ပြီး ကျနော်တို့ နိုင်ငံတော်အနေနဲ့ ဒီလို အမိန့်ထုတ်ပြန်တယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။ အမိန့်ထုတ်တာကလည်း မြန်မာတနိုင်ငံလုံးကို ထုတ်တာလည်း မဟုတ်ဘူး။ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို ထုတ်တာလည်း မဟုတ်ပါဘူး။ ဒီမောင်တောခရိုင်တစ်ခုတည်းကိုပဲ ထုတ်တာဖြစ်ပါတယ်။ အဲ့ဒါကိုမှ လူ့အခွင့်အရေးအဖွဲ့က ဒီလိုပြောတယ်ဆိုရင်တော့ ဒါ တဖက်သတ် စွပ်စွဲတယ်လို့ပဲ ကျနော် ထင်ပါတယ်။”
VOA
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော လားရှိုးဖြစ်စဉ်အသေးစိတ်
၂၈-၅-၂၀၁၃ ရက်နေ့ ၁၆၄၅ ချိန် တရားလို ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေး၊ ၅၃နှစ်၊ လားရှိုးမြို့နေသူမှ ၄င်း၏သမီးဖြစ်သူ မအေးအေးဝင်းအား နေ၀င်း၊ ၄၈နှစ်(ဖ)ဦးတင်ရွှေ၊ ကျပန်း၊ ရှမ်း-မွတ်ဆလင်/အစ္စလာမ်၊ ကျိုင်းငင်းရပ်(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့၍ အရေးယူပေးရန်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၂၅၇/ ၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/ ၃၂၆ (လူသတ်မှုကျူးလွန်ရန်အားထုတ်မှု/ မီးရှို့/ ပြင်းထန်နာကျင်စေမှု) အမှုဖြင့် အရေးယူဆောင်ရွက် ခဲ့ပါသည်။
ဖြစ်စဉ်မှာ နေ၀င်းဆိုသူသည် ၂၆-၅-၂၀၁၃ ရက်နေ့တွင် ကျိုင်းတုံမှ လားရှိုးသို့ ရောက်ရှိခဲ့ ကြောင်း၊ ၂၈-၅-၂၀၁၃ ရက်နေ့ နံနက် ၀၈၀၀ ချိန် အခင်းစတင်ဖြစ်ပွားနေရာ သိန်္နီလမ်းတွင် နေ၀င်းသည် အထုပ်တစ်ထုပ်ဖြင့် သွားလာနေကြောင်း၊ မီးရှို့ခံရသူ မအေးအေးဝင်းက ၄င်းဆိုင်ရှေ့ တွင် သွားလာနေသဖြင့် ဘာကိစ္စရှိလဲဟု မေးခဲ့ကြောင်း၊
ထိုသို့မေးသည်ကို နေ၀င်းက မကျေနပ်၍ တုတ်ဖြင့်ရိုက်ရာ မအေးအေးဝင်းက တိမ်းရှောင်ခဲ့ကြောင်း၊ ထိုသို့ရိုက်ရာ မထိသဖြင့် နေ၀င်းက မကျေနပ်၍ ၎င်းင်းအိတ်အတွင်း အသင့်ပါလာသော ဓါတ်ဆီ ပုလင်းဖြင့် မအေးအေးဝင်းအား ပက်ခဲ့ ကြောင်း၊
မအေးအေးဝင်းက ကြောက်လန့်၍ ဒေါ်လှရီ၏ နေအိမ်ဝင်းအတွင်းသို့ ထွက်ပြေး ခဲ့ကြောင်း၊ နေ၀င်းက ၎င်းနောက်မှလိုက်လာကာ ဓါတ်ဆီဖြင့် ထပ်မံပက်၍ အသင့်ပါလာသော မီးခြစ်ဖြင့် မအေးအေးဝင်းအား မီးရှို့ပြီး ဒေါ်လှရီ၏ နေအိမ်ခြံဝင်း အတွင်းမှ ပြန်ထွက်သွားခဲ့ကြောင်း၊
၎င်းနောက် နေ၀င်းအား အနီးရှိရပ်ကွက်အတွင်းမှ လူအများက ၀ိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ အကြောင်းကြား၍ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖမ်းဆီးသွား ခဲ့ကြောင်း စိစစ်သိရှိရပါသည်။
အမှုမှဒဏ်ရာရရှိသူ မအေးအေးဝင်း၏ဖခင် ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ မအေးအေးဝင်းအား ရဲဆေးစာဖြင့် ဆေးရုံပို့အပ်ခဲ့ကာ တရားခံ နေ၀င်းအား ၁၇၅၀ ချိန် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်။
အမှုလာရောက်တိုင်တန်းစဉ်တွင် လူအများစုမှာ တစ်ပါတည်း ပါလာခဲ့သည့်အပြင် မြို့မရဲစခန်းသို့ လားရှိုးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ ဆရာတော်ဦးစီးသံဃာတော်(၂၀)ပါးခန့်က အစ္စလာမ်ဘာသာဝင်မှ မြန်မာအမျိုးသမီး တစ်ဦး အား ဓါတ်ဆီလောင်းမီးရှို့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းသို့မေးမြန်းရန် စုဝေးရောက်ရှိခဲ့ပါသည်။
ထိုသို့ရဲစခန်းတွင် သံဃာတော်များလာရောက်စုဝေးသဖြင့် ရဲစခန်းဝင်းအတွင်းတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးတို့က သံဃာတော်များအား အမှုနှင့်ပတ်သက်၍ တရားခံ နေ၀င်းကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း လျှောက် ထားခဲ့ပါသည်။
ထိုသို့ လျှောက်ထားမှုအပေါ် သံဃာတော်များက ကျေနပ်သော်လည်း ရဲစခန်းရှေ့ရှိ လူစုလူဝေးများက မကျေနပ်ဘဲ တရားခံထုတ်ပေးရေး၊ တရားခံအား ၎င်းတို့မှ ဓါတ်ဆီလောင်း၍ ပြန်လည်မီးရှို့မည်ဟု အော်ဟစ်ပြော ဆိုနေသဖြင့် အဆိုပါ လူစုအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊
လာရှိုးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လားရှိုးမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဆရာတော်တို့က တရားခံနေ၀င်းအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူစုခွဲရန်ပြောဆိုတားဆီးရှင်းလင်းရာ ၁၉၁၀ ချိန် လူစုခွဲသွားခဲ့ပါသည်။ ထို့နောက် တရားခံ နေ၀င်းအား ၁၉၂၀ ချိန် လားရှိုးမြို့မရဲစခန်းမှ အကျဉ်းထောင်သို့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ သွားရောက်ပို့ဆောင် လွှဲအပ်ခဲ့ပါသည်။
ရဲစခန်းမှ ထွက်ခွာသွားသောလူစုလူဝေးသည် ၁၉၃၀ အချိန်ခန့်တွင် လမ်းကြိုလမ်းကြားများ မှတစ်ဆင့် လားရှိုးမြို့ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းပေါ်ရှိ ဂျာမေဗလီရှေ့တွင် ထပ်မံစုဝေးမိပြီး ဗလီအား ၀င်ရောက်မီးရှို့ခဲ့ရာ ဗလီမှာ မီးလောင်သွားခဲ့ပါသည်။
မီးလောင်ရာသို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း၍ဗလီအနီးရှိ သုံးထပ်မြို့မဈေးကြီးအား မီးမကူး စက်စေရေး၊ မီးရှို့ဖျက်ဆီးခြင်းမရှိစေရေးတို့အတွက် တားဆီးဆောင်ရွက်ခဲ့ပြီး ဗဟိုမီးသတ် တပ်ဖွဲ့မှ မီးသတ်ကား(၂၃)စီး၊ ရေဘောက်ဆာကား(၅)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါသည်။
မီးရှို့ဖျက်ဆီးသည့်လူစုလူဝေးအား ရဲတပ်ဖွဲ့ဝင်များမှလူစုခွဲနိုင်ရေးဆောင်ရွက်သည့်အပြင် မြို့နယ် သံဃာစည်းကမ်းထိန်းသိမ်းရေးဥက္ကဌဆရာတော်မှလည်း အကြမ်းဖက်မီးရှို့ခြင်းများမပြုလုပ်ရန် မေတ်္တာရပ်ခံပြောဆိုခဲ့ပါသည်။
၂၀၁၀ အချိန် ရပ်ကွက်(၃)လမ်းမတော်လမ်းမပေါ်ရှိ မိဘမဲ့ဂေဟာ အဆောက်အဦ အောက်ထပ်ဆိုင်ခန်း(၄)ခန်းအား ထပ်မံမီးရှို့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုကွဲရန် ဆောင်ရွက်ခဲ့ပါသည်။
ထိုအချိန်တွင် အခင်းဖြစ်နေရာသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဦးစီးသည့် လားရှိုးတပ်နယ်မှ တပ်မတော်သားများ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင် များနှင့်အတူ လုံခြုံရေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် အဆိုပါနေရာမှ လူစုကွဲသွားသောအဖွဲ့များသည် ၂၀၃၀ အချိန် ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းမပေါ်ရှိ ထွန်းလှိုင် အီလက်ထရောနစ်ဆိုင်အားဖျက်ဆီးခြင်း၊ ၂၁၀၀ အချိန် ရေကန်လမ်းနှင့် ကြာနီလမ်း ထောင့်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်အား ဖျက်ဆီးခြင်း၊
၂၁၃၀ အချိန် ရပ်ကွက်(၃)ကားဂိတ် အနီးရှိ ဦးကာဆင်၏နေအိမ်ဆိုင်ခန်းအားဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သုခလမ်းရှိ ဖုန်းနှင့်အပိုပစ္စည်း အရောင်းဆိုင်အား ဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သိန်းနီလမ်းနှင့် သုခလမ်းဆုံရှိလားရှိုးဓါတ်ပုံတိုက်အား ၀င်ရောက်ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် ၂၁၄၅ အချိန် ရပ်ကွက်(၉) နယ်မြေ(၈)ရှိ မွတ်ဆလင်ဘာသာစုပေါင်းစာသင်ကျောင်း နှင့် ကျောင်းအတွင်းရှိ ယာဉ်အမှတ် ၈ည/၃၅၀၄ ဟိုက်အေ့စ်ယာဉ်အား ဖျက်ဆီးခဲ့သည့်အပြင် ရပ်ကွက်(၂)ဒေါနလမ်းရှိ မွတ်ဆလင်ရိပ်သာအား ၂၂၀၅ အချိန် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူစုကွဲသွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရပ်ကွက်(၃)ဗလီ မီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ) ၂၅၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊ မိဘမဲ့ကျောင်းမီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ)၂၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/ ၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊
ရပ်ကွက်(၉)မွတ်ဆလင်ဘာသာ စုပေါင်းစာသင်ကျောင်းနှင့် မော်တော်ယာဉ်ဖျက်ဆီးမှုတို့အား လားရှိုးနယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၃၄ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ပူးပေါင်းကြံစည်မှု)ဖြင့် လည်းကောင်း အရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။
အမှုမှပြစ်မှုကျူးလွန်သူ တရားခံများ အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။
မေ ၂၉၁၂၀၀ အချိန်၌ ရပ်ကွက်(၁)၊ နယ်မြေ(၈)၊ မြို့ဝင်မုခ်ဦးအနီးတွင် ပုဂ္ဂလိကဆီဆိုင် များအား မီးရှို့ဖျက်ဆီးရန် စုဝေးလာကြသော တုတ်၊ ဓါးကိုင်ဆောင်ထားသည့် လူ(၅၀)ဦးခန့်အား ပြည်နယ်ဒုတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက အချိန်မီလာရောက်ဟန့်တားနိုင်ခဲ့သဖြင့် လူစုကွဲသွား ခဲ့ပါသည်။ ထို့အပြင် ၁၃၄၀ အချိန်တွင် ရပ်ကွက်(၇)၊ ရန်ကင်းလမ်းသို့ လူအင်အား(၇၀)ခန့်က အကြမ်းဖက်ဖျက်ဆီးရန် တုတ်၊
ဓါးကိုင်ဆောင်လျက် ရောက်ရှိလာစဉ် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက တားဆီးနှိမ်နင်းခဲ့ရပါသည်။
၁၇၄၅ အချိန်တွင် ရပ်ကွက်(၉)၊ နယ်မြေ(၃)ရှိ အစ္စလာမ်ဘာသာဝင်အိမ်ထောင်စု (၁၅)စုမှ မိသားစုများသည် ကြောက်လန့်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ခိုလှုံလျက်ရှိရာ ၎င်းင်းတို့အား တာဝန်ရှိသူ များက လိုအပ်သောလုံခြုံမှု ဆောင်ရွက်ပေးလျက်ရှိသည်။
လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်း လူငယ်အုပ်စုများက တုတ်၊ဓါး ကိုင်ဆောင်၍ လှည့်ပတ်သွားလာမှုများ ရှိနေသော ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက ရဲယာဉ်တန်းများဖြင့် အဆိုပါရပ်ကွက်များအတွင်း ကင်းလှည့် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် မေလ ၂၉ ရက်နေ့ ၁၈၀၀ အချိန်အထိ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရသူ (၄)ဦးရှိခဲ့ပြီး လူနေအိမ်(၈)လုံး၊ ဆိုင်ခန်း (၁၇)ခန်း၊ ဗလီ (၁)လုံး၊ ဘာသာရေးကျောင်း (၃)ကျောင်း၊ ကား(၃)စီး ပျက်စီးခဲ့ကြောင်းနှင့် လတ်တလော အခြေအနေထိ တရားခံ (၉)ဦး ဖမ်းဆီးရမိ ထားကြောင်း သိရှိရသည်။
လားရှိုးမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများထပ်မံဖြစ်ပွားခြင်းမရှိစေရေး အတွက် ရဲတပ်ဖွဲ့ဝင် များက လားရှိုးတပ်နယ်မှတပ်မတော်သားများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် လားရှိုးမြို့ပေါ်သို့ အခြားဒေသများမှ ဆူပူအကြမ်းဖက်သူများ ၀င်ရောက်မလာစေရေးအတွက် အ၀င်/အထွက်ဂိတ်များတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်