Friday, May 10, 2013

ဆူပူမှုဖြင့် ဖမ်းဆီးခံရသူ ရခိုင် ၁၀ ဦး ထောင်ဒဏ် ချမှတ်ခံရ



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ နှင့် ပတ်သက်၍ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရခိုင်အမျိုးသား ၁၀ ဦးကို စစ်တွေမြို့နယ် တရားရုံး က ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။


ယမန်နှစ် ဇွန်လအတွင်း ဖြစ်ပွားမှုတွင် ပါဝင်ပတ် သက်သည်ဟုဆိုကာ ဖမ်းဆီးထားသော ကျောက် တော်မြို့နယ် အတွင်းမှ ရခိုင်အမျိုးသား ၁၀ ဦးကို မေလ ၇ ရက်နေ့တွင် စစ်တွေမြို့နယ် တရားသူကြီး အဖွဲ့မှ ဥပဒေ ပုဒ်မ ၃၇၉၊ ၄၃၆ တို့ဖြင့် စီရင်ချက် ချမှတ်လိုက်ကြောင်း၊ ၎င်းတို့အား အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ အသီးသီး ချမှတ်လိုက်ကြောင်း ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဒေါ်အေးနုစိန်က ဧရာဝတီသို့ ပြောသည်။

“မြို့နယ်တရားသူကြီး ၂ ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ ထောင်ဒဏ်ချမှတ်တာ ဖြစ်လို့ တရားမျှတမှု ရှိ မရှိ ဆိုတာကို ဥပဒေကြောင်း အရ အယူခံ ၀င်ပိုင်ခွင့် ရှိပါသေးတယ်။ ဒါကြောင့် ခရိုင်အဆင့် တရားရုံးမှာ ထပ်မံ အယူခံ ၀င်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသူများသည် ကျောက်တော် မြို့နယ်မှ ရွာသစ်ကေ၊ ကျောက်ဖြူ ရွာသစ်၊ ကသစ်တော စသည့် ကျေးရွာများမှ ကိုကျော်လှဖြူ၊ ကိုစံအေးကျော်၊ ကိုမောင်ထွန်းဝင်း၊ ကိုမောင်းသိန်းဝင်း၊ ကို မောင်အေးချေ၊ ကိုစံလှိုင်၊ ကိုစောရွှေမောင်၊ ကိုကျော်ဆန်း၊ ကိုကျော်ထွန်းဝင်း၊ ကိုအောင်သန်းဌေး တို့ဖြစ် ကြောင်း သိရသည်။ ၎င်းတို့အနက် ကိုစံအေးကျော်သည် ပုဒ်မ ၃၇၉ ဖြင့် ထောင်ဒဏ် ၉ လ ချမှတ်ခံရပြီး အနည်းဆုံး ဖြစ်သည်။

၎င်းတို့အား ထောင်ဒဏ်ချမှတ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ သည် နွားခိုးမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆ သည် မီးရှို့မှုတို့ဖြစ်ကြောင်း၊ ၎င်းတို့အား ကျောက်တော်မြို့နယ် အပေါက်ဝ ရဲစခန်းမှ တရားလို ပြု တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ဖမ်းဆီးခံထားရသူများသည် အမှန်တကယ် ပြစ်မှုကျူးလွန်သူများ မဟုတ်ဘဲ ဒေသတွင်း လုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်၏ ခိုင်းစေချက်အရ ရဲစခန်းမှ အမှုဖွင့် တရားစွဲဆိုခြင်းသာ ဖြစ်ကြောင်း ကျောက်တော်ဒေသခံ ဦးမောင်မောင်က ဧရာဝတီကို ပြောသည်။

“ရွာတွေမီးလောင်တော့ ထွက်ပြေးတဲ့ နွားတွေ၊ ပျောက်သွားတဲ့ နွားတွေရှိမှာပေါ့၊ ဒါကို နွားခိုးမှုလို့ စစ်တပ် က ပြောတယ်။ ကျနော်တို့ အမြင်ကတော့ ဒေသခံတွေကို ပုဒ်မတွေ အများကြီးနဲ့ တရားစွဲ ထောင်ချလို့ ရအောင် ဆိုပြီးတော့ မတရား လုပ်တယ်လို့ မြင်တယ်။ ပဋိပက္ခဖြစ်ချိန်တုန်းက လမ်းမှာတွေ့တဲ့သူတွေ၊ သူတို့ သဘောမကျတဲ့ သူတွေကိုလည်း အကုန်ဖမ်းတယ်၊ ပြီးရင် ရဲစခန်းကို ပို့တယ်” ဟု ၎င်းက ဆိုသည်။

ထောင်ချခံထားရသူများသည် သာမန် တောင်သူလယ်သမားများသာ ဖြစ်ပြီး သားသမီး၊ မိသားစု ရှိသူများ ဖြစ်ကြောင်း၊ မိသားစုဝင်များကလည်း ၎င်းတို့ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာမည်ကို မျှော်လင့်နေ ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း၌ ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှုများ၊ ပဋိပက္ခများကြောင့် မြို့နယ် ၁၂ ခုမှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် ရခိုင်တိုင်းရင်းသား စုစုပေါင်း ၂၄၀ ကျော်ရှိပြီး အများစုမှာ ပြန်လည် လွတ်မြောက်သွားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ မှတ်တမ်းတချို့တွင် ဖော်ပြထားသည်။

ရခိုင် တိုင်းရင်းသားများ အပြင် ဗမာတိုင်းရင်းသား ၉ ဦး၊ ဟိန္ဒူ လူမျိုး ၂၇ ဦး၊ မရာမာကြီး ၄ ဦး၊ ဘင်္ဂါလီ ၈၀၀ ကျော် တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အများစုမှာ ပြန်လည် လွတ်မြောက်သွားပြီဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေးတပ်သားများကို ညမထွက်ရ အမိန့် ကြေညာသည့် ၂၀၁၂ ခုနှစ် ဇွန် ၁၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

Credit : http://burma.irrawaddy.org/archives/39271

ဟောင်းနွမ်းကန်ဒေါ်လာ လဲမပေးပါက ဘဏ်မန်နေဂျာနှင့် သွားတွေ့ပါ



ကန်ဒေါ်လာအဟောင်းအနွမ်း များလဲလှယ်ပေးရန် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရဘဏ်များက ငြင်းဆန်ပါက အဆိုပါ ဘဏ်မန်နေဂျာနှင့် သွား ရောက်တွေ့ဆုံခြင်းဖြင့် လဲလှယ် နိုင်သည်ဟု ဗဟို ဘဏ်ငွေကြေး စီမံ ခန့်ခွဲမှုဌာန အကြီးတန်းအရာရှိ ဦးကျော်ဝင်းတင်က ပြောသည်။


ဗဟိုဘဏ်က ကန်ဒေါ်လာ အဟောင်းအနွမ်းအား လဲလှယ်ပေးကြရန် အမိန့်ကြေညာစာကို ၂ဝ၁၂ ခုနှစ် ကတည်းက ထုတ်ပြန်ထားခဲ့ရာ အချို့မှာ ယခု အချိန် အထိလိုက်နာမှု မပြုကြဘဲ ဟောင်းနွမ်းတွန့်ကြေမှုကို လဲလှယ်ပေးရန် ငြင်းဆန်နေဆဲအပေါ် ၎င်းက ထိုသို့ပြောခြင်းဖြစ်သည်။

''ဗဟိုဘဏ်ရဲ့ အမိန့်ညွှန်ကြားမှု တွေကို အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တွေ မလိုက်နာလို့ မရ ပါဘူး။ လိုက်ကို လိုက်နာရပါတယ်'' ဟု ၎င်းက ပြောသည်။ ဘဏ်ကောင်တာများက မလဲပေး ပါက ဘဏ် တာဝန်ရှိသူ မန်နေဂျာနှင့် တွေ့လိုကြောင်းခွင့်တောင်း၍ ဗဟို ဘဏ်က ကြေညာထားခြင်းကြောင့် လဲလှယ် ပေးရန်တောင်းဆိုရမည်ဟု ၎င်းက ဆက်ပြောသည်။

''ဘဏ်ကောင်တာနဲ့တော့ ဘယ် ပြီးမလဲ။ သူ့ ထက်တာဝန်ရှိတဲ့သူနဲ့တွေ့ မှ ရမှာပေါ့''ဟု ဦးကျော်ဝင်းတင် က ဆက်ပြောသည်။

မေပထမပတ်အတွင်း ရန်ကုန် မြို့လယ်ခေါင်ရှိ ပုဂ္ဂလိကဘဏ်တစ်ခု တွင်ကန်ဒေါ်လာကို မြန်မာငွေနှင့် သွားလဲရာ ဘဏ်ကောင်တာမှ အမျိုးသမီးတစ်ဦးက ကန်ဒေါ်လာတွင် အမည်းရာ ရှိနေ၍ မလဲပေးနိုင်ဟု ငြင်းဆန်ခဲ့သည့်အပြင် မန္တလေးတွင်လည်း ရေနံလုပ်သားတို့သွားလဲရာတွင် တွန့်နေ၍ မလဲပေးခဲ့ဟု ကိုယ် တွေ့ကြုံခဲ့ကြသူတို့က ပြောသည်။

''ပြောတာပဲ။ မရဘူး။ မလဲပေးနိုင် ဘူးပဲ ပြောတယ်''ဟု အထက်ပါကိစ္စကို ကြုံတွေ့ခဲ့သူ ကိုဇော်မျိုးက ဆို သည်။ မြန်မာဘဏ်များ၏ ကန်ဒေါ်လာ အဟောင်းအနွမ်း အတွန့်အကြေကိစ္စကို CNN သတင်းဌာနကပင် ထည့်သွင်း၍ ပြည်ပခရီးသွားများ မြန်မာသို့ လာပါက သိထားရမည့်အချက်ထဲတွင် အဆိုပါဖြစ်စဉ်များ အမှန် တကယ် ရှိနေခြင်းအပေါ် ပေါ်ပြူလာနယူးစ်က ဗဟိုဘဏ်သို့မေးရာ အဖွဲ့များဖြင့် စစ် ဆေးမည်ဖြစ်ကြောင်း တရားဝင်ပြောခဲ့သော်လည်း လက်တွေ့ရှိနေခြင်းကို အရေးယူဖော်ထုတ်မှု မပြုနိုင်သေးကြောင်း သိရှိရ သည်။

Popular Myanmar News Journal

KIA တပ်ဖွဲ့မှ အိန္ဒိယတွင် အဆင့်မြင့်စစ်ပညာများကိုသင်ကြားရန်စေလွှတ်



KIA အရာရှိငယ်များကို အိန္ဒိယ နိုင်ငံ တွင် အဆင်မြင့်စစ်ပညာကို သင်ယူ ရန်အတွက် တရုတ်နိုင်ငံမှ တဆင့် စေ လွှတ် သွားမည် ဖြစ်ကြောင်း သိရှိ ရ ပါသည်။


KIA ဗိုလ်သင်တန်း (၅)မှ ဆင်းသော အရာရှိငယ် ၁၄ ယောက်အား အိန္ဒိယ အစိုးရကို ဆန့်ကျင်နေသော မူဆလင် အဖွဲ့များထံမှ အဆင့်မြင့်စစ်ပညာများနှင့် အခြားသော စစ်နှင့်ဆိုင်သော ပညာရပ်များကို သင်ယူရန်အတွက် ဒီလ ၇ ရက်နေ့ မှစပြီး ၂ယောက်တစ်တွဲဖြင့် တရုတ်နိုင်ငံမှတဆင့်ဖြင့် ဆဒုံး- ကန်ပိုက်တီးလမ်း ကြောင်းမှ တဆင့် အရပ်သားအသွင်ဖြင့် သွားပြီး KIA ရော်ကာအိုင်စခန်း မှတဆင့် အိန္ဒိယနိုင်ငံ အာချေးပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ဌာနချုပ်ရှိ အရာရှိ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

“ ငါ့ဆရာက ငါ့ကိုပြောပြတာ ဟိုတလောက သင်တန်းဆင်းတဲ့ ငါတို့ အရာရှိငယ်တွေကို အိန္ဒိယကို လွှတ်ပြီး စစ်ပညာ သင်ဖို့ လွှတ်တာရှိတယ်၊ အဲဒီအဖွဲ့တွေက ၈ လလောက်ကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်ကို အကြောင်းပြပြီး ငါတို့ ခေါင်းဆောင်က စစ်အင်အားနဲ့ ဒီထက်ကျွမ်းကျင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရကို ပြန်တိုက် မှာလို့ပြောတာဘဲ၊ ငါတို့ အောက်ကောင် တွေတော့မတိုက်ချင်တော့ပါဘူး တိုက်ရင်လဲ ငါတို့ဘဲ ထိခိုက် ဒဏ်ရာရ သေတာများတာ၊ ငါတို့က မတိုက်ချင်ဘူးလေ ဒါပေမယ့် ငါ့မိဘတွေကို ဒုက္ခသည်စခန်းမှာ သူတို့ စုထားတာလေ သူတို့တိုက်ခိုင်းရင် ငါတို့ ကတော့တိုက်ရမှာလို့” ဌာနချုပ်ရှိ အရာရှိ ကိုဘရန်ခေါင်မှ ပြောပြခဲ့ ပါသည်။

အစိုးရနှင့် KIA တို့ ဒီလထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု သိရှိရသော်လည်း KIA ခေါင်းဆောင်ပိုင်း အနေဖြင့် စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်ခိုင်းခြင်း ရိက္ခာစုဆောင်းခိုင်းခြင်း လက်နက်အင်အားဖြည့် ဆည်းခိုင်း ခြင်းများကို ပြုလုပ်ခိုင်းနေ ကြောင်းသိရှိ ရပါသည်။ KIA နှင့် အစိုးရတို့ တရုတ်နိုင်ငံတွင် ၂ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ပြီးသော်လည် အလက်ရှိအချိန်အထိ KIA နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွား နေကြောင်းသိရှိရပါသည်။

Credit : http://www.kachindailynews.com/2013/05/kia.html

ကမ္ဘာ့ တတိယ အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ မြန်မာတွင် ဆောက်မည်



မြန်မာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ထိုင်း စွမ်းအင်ကုမ္ပဏီတခုဖြစ်သည့် Green Earth Power (GEP) တို့သည်အမေ ရိကန် ဒေါ်လာ ၂၇၅ သန်း တန်ဖိုးရှိသည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံတခု မြန်မာနိုင်ငံတွင် တည် ဆောက် ရန် နားလည်မှု စာချွန်လွှာ တခုကို လက် မှတ် ရေးထိုးခဲ့ကြသည်။ ထိုစက်ရုံကို ၂ နှစ် အချိန် ယူ၍ တည်ဆောက်မည် ဖြစ်ကာ ပြီးစီးချိန်တွင် ကမ္ဘာ့ တတိယ အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ် စစ်ဓါတ်အားပေး စက်ရုံ ဖြစ်လာလိမ့်မည်ဟု GEP က အခိုင်အမာ ဆိုသည်။


GEP ကုမ္ပဏီ၏ စီမံခန့်ခွဲရေး ဒါရိုက်တာ Supasit Skontanarak က Bloomberg သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့က ပြောကြား ခဲ့ရာတွင် အဆိုပါ နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသစ် အနေဖြင့် မြန်မာ အစိုးရထံသို့ နှစ်ပေါင်း ၃၀ တိုင်အောင် လျှပ်စစ်ဓါတ်အား ရောင်းချပေးမည်ဟု ဆိုသည်။ 

လျှပ်စစ်ဓါတ်အား ၂၁၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်လိမ့်မည့် စက်ရုံကို နေပြည်တော် အနီးတွင် တည်ဆောက် မည် ဖြစ်ပြီး ရန်ကုန်မြို့၏ မြောက်ဘက် ၅၀၀ ကီလိုမီတာ (၃၁၀ မိုင်) ခန့် အကွာတွင် တည်ရှိမည်ဟု ဆို သည်။

GEP ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Paul Bernard Yang က ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ သို့ လွန်ခဲ့သည့် အပတ်က ပြောကြားခဲ့ရာတွင် “ကျနော်တို့ အနေနဲ့ ဒုတိယမြောက် နားလည်မှု စာချွန်လွှာ တခုကိုလည်း လက်မှတ် ရေးထိုး နိုင်ရေးအတွက် ညှိနှိုင်းနေပါတယ်။ 

၂၀၀ မီဂါဝပ်ထက် ပိုတဲ့ လျှပ်စစ် ဓါတ်အားကို ထုတ်လုပ်ပေးနိုင်စွမ်း ရှိမယ့် စက်ရုံတခု ကို မန္တလေး ဒါမှ မဟုတ် ရန်ကုန်မှာ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးမယ့် အဲဒီ ဒုတိယ မြောက် နားလည်မှု စာချွန်လွှာကို ဒီနှစ်ထဲမှာ အပြီးသတ် ရေးဆွဲ နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဆိုခဲ့သည်။

နိုင်ငံ၏ လူဦးရေ ၅၅ သန်းခန့် အတွက် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုနှုန်း ၂,၅၀၀ မီဂါဝပ်သာ ရှိသည်ဟု နာမည်ဆိုး ထွက်နေခဲ့သော မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့မူ မီဂါဝပ်ပေါင်း ၃၂,၀၀၀ ပံ့ပိုးပေးခဲ့သည်ဟု သိရ သည်။

Mizzima 

ပြည်တွင်းထုတ် ဆူဇူကီးပစ်ကပ်များ ဇွန်လစရောင်းမည်



ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် ထား သည့် ဆူဇူကီးပစ်ကပ်များကို ဇွန်လ တွင် စတင်ရောင်းချရန် စီစဉ်ထား ကြောင်း Myanmar Suzuki Motor Co.,Ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးက ပြောကြားခဲ့သည်။ ယခု လကုန်တွင် တပ်ဆင်ထုတ်လုပ်မည် ဖြစ်သော်လည်း ရောင်းချမည့် အစီ အစဉ်နှင့် ဈေးနှုန်းသတ်မှတ်ရန် ဈေး ကွက် စစ်တမ်းကောက်ခြင်းများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ဇွန်လတွင်မှ စတင် ရောင်းချရန် စီစဉ် ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။


“ထုတ်လုပ်ပြီးတာနဲ့ တန်းရောင်းမှာပါ။ ဈေး ကတော့ အခုပြောလို့ မရသေးဘူး။ ဈေးကွက် အနေ အထား ကြည့်ပြီးမှ သတ်မှတ်ရမှာမို့ပါ” ဟု ဦးရဲထွန်းဦး က ဆိုသည်။ 

လောလောဆယ် ဆူဇူကီး ပစ်ကပ် များကိုသာ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ပြီး လစဉ်ထုတ် လုပ် မည့် အရေအတွက်မှာလည်း ဈေးကွက်အနေအထားကိုမူတည်၍ ထုတ်လုပ်သွားမည်ဟု ၄င်းက ပြော ဆိုသည်။ 

လက်ရှိ ပြင်ပမော်တော်ယာဉ် ဝယ်ရောင်းဈေးကွက်တွင် ဆူဇူကီးပစ်ကပ်များနှင့် အလားသဏ္ဍာန် တူသည့် ဂျပန်တစ်ပတ်ရစ် ကားတစ်စီးလျှင် ကျပ်သိန်း ၇၀ ခန့်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း အဆိုပါ ဈေးကွက် အတွင်း မှ စုံစမ်းသိရှိရသည်။ 

ဆူဇူကီးကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ဆူဇူကီးပစ်ကပ်နှင့် Wagon (R+) မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များ ရောင်းချခဲ့ဖူးသည်။

the voice

စာချုပ်ပါ စည်းကမ်းချက်များ ဖောက်ဖျက်မှုကြောင့် တံတား ဖြတ်သန်း ခ ကောက်ခံခွင့်ကို ရုပ်သိမ်း



လမ်း၊ တံတား အသုံးပြုခ ကောက်ခံခွင့် များကို ပုဂလိက လုပ်ငန်းရှင် များကို မဲစနစ်နဲ့ လေလံတင် လုပ်ကိုင်ခွင့် ပေးထားရာ စာချုပ်ပါ စည်းကမ်းချက် များ ဖောက်ဖျက်ပါက တံတား ဖြတ်သန်း ခ ကောက်ခံခွင့်ကို ရုပ်သိမ်းသွားမှာဖြစ်ပြီး ယခုလက်ရှိ မှာလည်း အဆိုပါ အရေးယူမှု တွေကို ဆောင်ရွက် လျက်ရှိ တယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနရဲ့ သတင်းများ အရ သိရပါတယ်။


ယခုလက်ရှိမှာ လမ်းတံတား ဖြတ်သန်းခ လုပ်ကိုင်ခွင့် ရသူ အချို့ဟာ ကားများကို ၀န်ကြီးဌာနနဲ့ မှုလ စာချုပ်ပါ စည်းကမ်းချက် သတ်မှတ် ထားတဲ့ ကောက်ခံ နှုန်းထားများထက် ပိုမို ကောက်ခံမှု များရှိပြီး အဲ့ဒီ လို စာချုပ်ပါ ကောက်ခံနှုန်း ထားထက် ပိုမို ကောက်ခံတဲ့ အတွက် လုပ်ကိုင်ခွင့် အချို့ကို ရုပ်သိမ်း နေ တာ ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ လက ရှမ်းပြည်နယ် အရှေ့ပိုင်း၊ သံလွင် တာဆန် တံတားဂိတ်ကို လုပ်ကိုင်ခွင့် ရရှိခဲ့သူဟာ အဆိုပါ သံလွင် တာဆန်း တံတားဂိတ် အသုံးပြုခမှာ ၁၀ ဘီးယာဉ် တစ်စီးကို ၃၀၀ ကျပ် ကောက် ခံရမယ့် အစား တစ်စီးကို ကျပ် တစ်သောင်း အထိ ကောက်ခံတာကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် လေလံ လုပ်ကိုင် ခွင့်ကို ပြန်လည် ရုပ်သိမ်းပြီး လေလံ မဲစနစ်နဲ့ ဒုတိယ လေလံ အောင်မြင်သူကို လွှဲပြောင်း ပေးအပ် လိုက် တယ်လို့ သိရပါတယ်။ 

ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေနဲ့ စာချုပ်ပါ စည်းကမ်း ချက် များကို ဖောက်ဖျက် ပါက လုပ်ငန်းရှင် များအား ပေးအပ် ထားတဲ့ တံတား ဖြတ်သန်းခ ကောက်ခံခွင့် များ ကို ရုပ်သိမ်း သွားမှာ ဖြစ်ပြီး ဂိတ်များမှ ငွေကြေး ပိုမို ကောက်ခံမှုများ ရှိပါလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ တိုင်ကြား နိုင်တယ်လို့ သတင်း ရရှိပါတယ်။

မြ၀တီ

KIO ဒေသ ဒုက္ခသည်များထံ နိုင်ငံတကာကူညီမှု မရောက်နိုင်



KIO/KIA ထိန်းချုပ်ရာ ဒေသရှိ ဒုက္ခသည်များထံ နိုင်ငံတကာအကူအညီများ ရောက်ရှိနိုင်ရေးမှာ မရေမရာ ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။


အစိုးရက ယခင်လဆန်းပိုင်း နိုင်ငံခြားသားတ ယောက်ပါဝင်သည့် ကုလသမဂ္ဂယာဉ်တန်းကိုကချင် ပြည်နယ်တနေရာတွင်သွားလာခွင့် ပိတ်လိုက် သည့် နောက်ပိုင်းမှစပြီး ထိုသို့ မရေမရာဖြစ်သွား ကြောင်း၊ ဆက်သွယ်သည့် နိုင်ငံတကာအဖွဲ့ မရှိတော့ ကြောင်း KIO ၏ ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆ့က ပြောသည်။

“နိုင်ငံတကာအကူအညီဆိုတာ ၂၀၁၁မှာ UN က ဂျယ်ယန်စခန်းမှာ တခါ၊ မိုင်တိုင် ၆ နဲ့ ၈ မှာ တခါ၊ မိုင်ဂျာယန်မှာ နှစ်ခါပဲ ရှိသေးတယ်” ဟု ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆ့က ပြောသည်။

ကော်မတီက စစ်ပွဲစသည့် အချိန်မှ လက်ရှိအချိန်ထိ လက်ခံရရှိခဲ့သည့် နိုင်ငံတကာ အကူအညီများကို စာရင်းပြုစုလျက်ရှိပြီး မကြာမီ ထုတ်ပြန်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

KIO ထိန်းချုပ်နေရာတွင် ဒုက္ခသည် ၇ဝ,ဝဝဝ ကျော် ရှိသည်။

ဒုက္ခသည်များကို ၂၀၁၂ မတ်လမှ ၂၀၁၃ ဖေဖော်ဝါရီအထိ ထောက်ပံ့ရန်အတွက် ဒေါ်လာ ၃၅.၈ သန်း လို အပ်မည်ဟု တွက်ချက်ထားခဲ့သည်။ အလှူရှင်အစုစုက ဒေါ်လာ ၂၂.၄ သန်း လှူဒါန်းခဲ့သည်။

လတ်တလောအချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများက တိုက်ရိုက်ကူညီမူမျိုးမရှိပေ။ ပြည်တွင်း အလှူရှင် များက လာရောက်လှူဒါန်းခြင်းကို ရံဖန်ရံခါ တွေ့ရသည်။ 

KIO က ၎င်းတို့ထံ ရောက်လာသည့် ဒုက္ခသည်များ၏ စားဝတ်နေရေး အစ အဆုံးကို တာဝန်ယူထားသည်။

ကူညီကယ်ဆယ်ရေးထက် ငွေကြေး ပိုမိုကုန်ကျသည့်လုပ်ငန်းများလည်း KIO တွင် ရှိနေသည်။

“စစ်တိုက်တာနဲ့ ဒုက္ခသည်တွေကို ထောက်ပံ့တာ ဘယ်မှာပိုသုံးရလဲ ဆိုတော့ စစ်တိုက်တဲ့ စရိတ်က ဒုက္ခ သည်တွေကို ပံ့ပိုးပေးရတာထက် ပိုပါတယ် ” ဟု KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

Credit : http://blog.irrawaddy.org/2013/05/kio.html

မြောက်ဒဂုံ-ဆူးလေ ဘီအမ် ကားမှောက်၊ ၁၀ ဦး ဒဏ်ရာရ



မြောက်ဒဂုံ မှ ဆူးလေသို့ ပြေးဆွဲနေ သော အရှေ့ပိုင်းခရိုင် ၂၅၅ ယာဉ် လိုင်းမှ ခရီးသည်တင် ဘီအမ်ကား တစီး ယနေ့ မွန်းလွဲပိုင်းက အလံပြ ဘုရား လမ်းမပေါ်တွင် တိမ်းမှောက်ပြီး ခရီးသည် ၁၀ ဦး ဒဏ်ရာရှိသွားတယ် လို့ သိရပါတယ်။

ခရီးသည်တင်ကားအချင်းချင်း အပြိုင် အဆိုင်လုမောင်းရာမှ တိမ်းမှောက်တာ ဖြစ်တယ်လို့လည်း သိရပြီး ကားပေါ် တွင် ခရီးသည် ၂၀ ဦးကျော် လိုက်ပါ လာရာ ၁၀ ဦးဒဏ်ရာရသွားပါတယ်တဲ့။ 


ဒဏ်ရာရရှိသူတွေထဲမှာ ၃ ဦးက ဒဏ်ရာ ပြင်းထန်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက တိမ်းရှောင် သွားကြတယ်လို့ သိရပါတယ်။





Credit : http://blog.irrawaddy.org/2013/05/blog-post_2686.html

ကွန်ပြူတာမှာ Viber ထည့်ပြီး ဖုန်း အခမဲ့ခေါ်နိုင်ပြီ



Viber ဆိုတဲ့နာမည်ကို မြန်မာပြည်မှာ လူအများ အ ပြား ရင်းနှီးပြီးသား ဖြစ်မှာပါ။ Viber ဟာ စာပို့ ခြင်း နဲ့ နိုင်ငံခြားသို့  ဖုန်းခေါ်ဆိုခြင်းကို အင်တာနက်ကို ကြားခံအဖြစ် အသုံးပြုပြီး လွယ်ကူစွာ အသုံးပြု နိုင်တဲ့ software တခုပါ။


နိုင်ငံခြားနေပေမယ့် Viber အားကိုးနဲ့ ဖုန်း အခမဲ့ ခေါ်နိုင်ပါပြီ နောက်ပိုင်း လူသုံးများတဲ့ WhatsApp, Line and WeChat တို့ လိုပဲ Viber ဟာ လူကြိုက် များတဲ့ messaging apps အမျိုးအစားတခု ဖြစ်ပါတယ်။

ဒီလို အင်တာနက်ကွန်ရက်တွေကြားကနေ စာပို့ တဲ့စနစ်ဟာ ရေပန်းစားတာမို့  Social Network တခုဖြစ် တဲ့ Facebook ဟာလည်း သူ့ရဲ့ စာပို့ စနစ်ကို ပိုမိုကောင်းမွန်လာအောင် ပြုပြင်ဖန်တီးနေသလို၊ တဖက်ကလည်း ပိုက်ဆံပေးပြီး စာပို့ ရတဲ့စနစ်ကို စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်။

(ဒါ့အပြင် Facebook က သူ အခြေစိုက်ရာ ဒေသမှာ တယ်လီဖုန်း ၀န်ဆောင်မှုတခု ထွင်ထားပါသေးတယ်။ ဒီအကြောင်း အမေရိကမှာ Facebook ကနေ ဖုန်းအခမဲ့ပြောနိုင်ပြီ ဆိုပြီး ဧရာဝတီဘလော့ http://blog. irrawaddy.org/2013/01/facebook_19.html မှာ ဖော်ပြထားပါတယ်)

ဒါကြောင့်ပဲ Viber ဟာ အပြိုင်အဆိုင် တွေကြားကနေ ထိုးဖောက်ထွက်လာပြီး အခုအခါမှာ မိုဘိုင်းဖုန်းတွေ မှာသာ အသုံးပြုလို့ ရတဲ့စနစ်ကနေ ကွန်ပြူတာတွေမှာ သုံးလို့ ရအောင် ဖန်တီးလိုက်နိုင်ပါပြီ။

Viber 3.0 ဟာ အင်္ဂါနေ့ တုန်းက iOS နဲ့  Andriod ဖုန်းတွေအတွက်နောက်ဆုံး version ထွက်လာသလို ကွန်ပြူတာ နဲ့ အသုံးပြုလို့ ရအောင်လည်း ပထမဦးဆုံးအကြိမ်ထွက်ရှိလာတာပါ။

ကွန်ပြူတာမှာလည်း Windows ကွန်ပြူတာတွေအတွက် ကော Mac ကွန်ပြူတာတွေအတွက်ပါ အသုံးပြုလို့ ရအောင် ထွက်ရှိလာပါတယ်။

Viber ဟာ မိုဘိုင်းလောက မှာကြီးစိုးအပြီး ကွန်ပြူတာတွေမှာလည်း ပရိသတ်ရရှိဖို့ ဈေးကွက်ချဲ့ ထွင် လာကြောင့် နာမည်ကျော် Skype နဲ့ အပြိုင်ဖြစ်လာတော့မှာပါ။

အင်တာနက်ကနေ ဖုန်းပြောဖို့ ရတဲ့စနစ်မှာ ကြီးစိုးလာတဲ့ Viber ကို ယခုအချိန်မှာ အသုံးပြုသူ သန်း ၂၀၀ ကျော် ရှိပြီး ပုံမှန် အသုံးပြုသူ သန်း ၁၀၀ လောက် ရှိနေတယ်လို့  Viber အမှုဆောင်အရာရှိချုပ် တယ်မွန် မာကို က ပြောဆိုသွားပါတယ်။

နောက်ဆုံးအသစ်ထွက်ရှိတဲ့ Viber 3.0 မှာ စွမ်းဆောင်ရည်အသစ်တွေ ပါရှိလာပါပြီ။ ဗီဒီယိုဖိုင် ပို့ လို့ရ ပါ တယ်။ ဒါ့အပြင် "stickers" ပုံ အသစ်တွေကိုပါ ပေးပို့ နိုင်မှာဖြစ်ပါတယ်။

အရင်တုန်းကတော့ iPhone ရှိမှ၊ Andriod ဖုန်းရှိမှ သုံးနိုင်တယ် ဆိုတဲ့ အကန့်အသတ်တွေနဲ့ ကြုံခဲ့ရတာပါ။ ခုတော့ မိမိရဲ့အိမ် (သို့ ) အင်တာနက်ဆိုင်က ကွန်ပြူတာသုံးပြီး အဝေးရောက် ဆွေမျိုးသားချင်းတွေနဲ့  အင်တာနက်ကွန်ရက်ကနေ စကားပြောနိုင်ပါပြီ။

အသုံးပြုချင်တယ်ဆိုရင်တော့ http://www.viber.com/#windows ကို သွားရောက်ပြီး သင့်ရဲ့စက်ထဲကို ကူးယူအသုံးပြုနိုင်ပါတယ်။

Credit : http://blog.irrawaddy.org/2013/05/viber.html

ရုပ်ရှင်လောကကို ပြန်လာတော့မယ့် ကိုဇာဂနာ



၈ နှစ်ကြာ ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ထားခြင်းခံရတဲ့ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ဇာဂနာ (ကို သူရ) ဟာ အခု လာမယ့် ဇွန်လက စလို့ ရုပ်ရှင် ဇာတ် ကားကြီးများကို ပြန်လည် ရိုက်ကူးတော့မှာပါ။


“ပထမဆုံး အနေနဲ့ စာရေးဆရာ အကြည်တော် ရေးတဲ့ ‘ပြုံးရသည်၊ ရယ်ရသည်၊ ငိုရသည်’ ဆိုတဲ့ လူရွှင်တော် တယောက်ရဲ့  အကြောင်းပေါ့။ ရယ် စရာလည်း ကောင်းတယ်၊ ငိုစရာလည်းပါတယ်။ လူရွှင်တော် တယောက်အဖြစ် ရပ်တည်ရတဲ့ ဘ၀မှာ ဆိုင်းနောက်ထ ဘ၀မှာလည်း ရပ်တည်ရတယ်၊ ဇာတ် လူရွှင် တော်လည်း ဖြစ်တယ်၊ အငြိမ့် လူရွှင်တော်လည်းဖြစ်တယ်၊ ကွက်စိပ် ဆရာလည်း ဖြစ်တယ်၊ ဘိသိက် လည်း မြှောက်ရတယ်၊ ရုပ်ရှင် ထဲမှာလည်း နေ့စား အလုပ်သမား ၀င်လုပ်ရတယ်။ အဲ့ဒီ လူတယောက် က မွေးလာတဲ့ သမီးလေး တယောက်နဲ့ လူရွှင်တော်ရဲ့ ဘ၀အကြောင်းကို လုပ်ထားတဲ့ ဇာတ်ဆိုတော့ အဲ့ဒါလေးက တော်တော်လေး ကောင်းတယ်” လို့ ကိုဇာဂနာက သူပထမဆုံး ရိုက်ကူးမယ့် ဇာတ်ကား အကြောင်း ဧရာဝတီကို ရှင်းပြ ပါတယ်။ 

ဒီမှာ မစပ်စု စဉ်းစားမိတာက တို့တိုင်းပြည်ကြီးမှာ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားနဲ့ ဒီဇာတ်ကားနဲ့ ကတော့ တထပ်တည်း ထပ်တူကျနေမှာတော့ အမှန်ပါ။ လူကြီး လူငယ် လူလတ်မရွေး ကိုယ်တတ်ကျွမ်းတဲ့ ပညာ၊ ကိုယ်ရထားတဲ့ဘွဲ့ စတာတွေနဲ့ ဘ၀ကို တသမတ်တည်း ရပ်တည်လို့ မရဘူးဆိုတာပါ။ 

ဘ၀ ရပ်တည်ဖို့ဆိုရင် ကိုယ်မတတ်ကျွမ်းလည်း လုပ်၊ မလုပ်ချင်လည်း လုပ်နေရတဲ့ ဖြစ်သလို ရပ်တည်နေ ရတဲ့ ဘ၀တွေက အများအပြားပေကိုး။ 

ဥပမာ – ရှေ့နေဘွဲ့ ရထားပေမယ့် တက္ကစီဒရိုင်ဘာ ဖြစ်နေတဲ့ ဘ၀တွေကလည်း လမ်းပေါ်မှာ တပုံတပင်။ မစပ်စုတို့ ပြည်သူတွေ ဘ၀နဲ့ဆန္ဒ တထပ်တည်း မကျဘူးလို့ ဆိုရလေမလားပါပဲ။ 

ကဲ … ထားလိုက်ပါတော့လေ။ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုဇာဂနာက ဒီဇာတ်ကားအပြီး မှာ နောက်ထပ် ဒါရိုက်တာ ၀ိုင်း ရိုက်ကူးမယ့် “အာဏာရူး” ဆိုတဲ့ ဇာတ်ကားကို ဆက်လက် ရိုက်ကူးဖြစ် မယ်လို့ သိရပြန်ပါတယ်။ 

အာဏာရှုးဆိုတဲ့ ဇာတ်ကား ဘယ်လိုလည်း ဆိုတာ ဧရာဝတီ မြန်မာပိုင်းမှာ မစပ်စု ရေးသားတင်ပြထားတဲ့ ရုပ်ရှင်လောကကို တကျော့ပြန်လာမယ့် ကိုဇာဂနာ ဆိုတာမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီး 

Credit : http://blog.irrawaddy.org/2013/05/blog-post_5184.html

စစ်တွေ လူဦးရေစာရင်း ကောက်ယူမှု ပြန်စမည်

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်းများတွင်(ဆွဲ၊ တင်၊ စစ်) လူဦးရေ စာရင်း ကောက်ခံမှုကို မကြာမီ ပြန် လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။


“စစ်တွေက စခန်းတွေမှာ မွတ်စလင်လူဦးရေ အရမ်းများလာနေတယ်၊ စာရင်းမရှိတဲ့ သူတွေများနေတော့ ရိက္ခာပေးရင် အခက်အခဲတွေ ရှိတယ်၊ WFP ကလည်း လူဦးရေစာရင်းအတိုင်းပဲ ရိက္ခာပေးတယ်၊ စာရင်းမရှိ လို့ မရတဲ့သူတွေရှိရင် အဲဒီ လူတွေကို ကျနော် တို့ကပဲ မပေးသလိုမျိုး လူ့အခွင့်အရေး အဖွဲ့တွေက အော်ကြတယ်”ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြော သည်။

စစ်တွေရှိ ဒုက္ခသည် စခန်းများသို့ ရခိုင်ပြည်နယ်၏ တခြားဒေသများမှ မွတ်စလင်များသည် နည်းမျိုးစုံဖြင့် ရောက်ရှိနေကြကြောင်း၊ တာဝန်ရှိသူများ သွားရောက် စစ်ဆေးချိန်၌ နီးစပ်ရာနေအိမ်များတွင် ပုန်းအောင်း နေကြပြီး ရိက္ခာ ဝေပေးချိန်မှသာ အများအပြား ထွက်လာကြကြောင်း ၎င်းက ဆိုသည်။

“ဥပမာ- စာရင်းရှိတဲ့ လူ ၁၀ ယောက်စာ ရိက္ခာပေးမယ်ဆိုရင် နောက်ထပ် ၃၀ လောက် ရောက်လာကြ တယ်၊ အဲဒီအတွက် ကျနော် တို့မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်”ဟု ဦးဝင်းမြိုင် က ပြော သည်။

ဒုက္ခသည် စခန်းများသည် ပင်လယ်ကမ်းခြေနှင့်နီးစပ်၍ စစ်တွေဒေသနှင့်နီးစပ်သော ပေါက်တော အပါ အ၀င် ရခိုင်ပြည်နယ်၏ တခြား ဒေသများမှ မွတ်စလင်များသည် ညအချိန်တွင် လှေများဖြင့် စခန်းထဲသို့ ခိုးဝင်ကြကြောင်း၊ စခန်းများတွင် လုံခြုံရေးထားရှိသော် လည်း ပင်လယ်ကမ်းခြေ ရှည်လျား၍ နေရာတိုင်း တွင် လုံခြုံရေး မထားနိုင်ကြောင်း သိရသည်။

စစ်တွေမြို့နယ် ဒုက္ခသည် စခန်းများရှိ လူဦးရေ ကောက်ခံခြင်းကို ဆွဲ၊ တင်၊ စစ် စနစ်ဖြင့် လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပြည် နယ် အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်များ စုပေါင်း၍ ဧပြီလကုန်ပိုင်းတွင် စတင် ကောက်ခံရာ အုံကြွ ကန့်ကွက်မှုများနှင့် ကြုံတွေ့ရ၍ ရပ်ဆိုင်းထားကြောင်း၊ လူဦးရေ စာရင်းကောက်ခံရာ၌ လူမျိုးအမည်တွင် ဘင်္ဂါလီဟု မဖြည့်လိုဘဲ ရိုဟင်ဂျာ ဟူ၍ စာရင်းသွင်းမှသာ လက်ခံမည်ဟုဆိုကာ အုပ်စုဖွဲ့ ကန့်ကွက်သည့်အတွက် ခေတ္တရပ်ခဲ့ရကြောင်း သိရသည်။

လူဦးရေ စာရင်းကောက်ခံနိုင်ရန် လုံခြုံရေး ဆိုင်ရာများ ဆောင်ရွက်နေကြောင်း၊ ဘင်္ဂါလီလူမျိုး အမည် ဖြင့်သာ ကောက်ခံမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သတင်းစာများကလည်း ဘင်္ဂါလီလူမျိုးဟု တရားဝင် ကြေညာထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ မရှိသည့် လူမျိုးအမည်ကို ပြောဆို၍ လှုံ့ဆော်မှု မပြု လုပ်ကြရန် ဘင်္ဂါလီ ရပ်မိရပ်ဘများကို ခေါ်ယူဆွေးနွေး ပြောဆိုထားကြောင်း ဦးဝင်းမြိုင် က ရှင်းပြသည်။

ဆွဲ၊ တင်၊ စစ် ဆိုသည်မှာ နေရာဒေသ မြေပုံဆွဲခြင်း၊ မှတ်တမ်း တင်ခြင်း နှင့် စစ်ဆေးခြင်း တို့ ဖြစ်သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားသော ပဋိပက္ခကြောင့် ကျောက်ဖြူဒေသမှ ထွက်ပြေးသွား သူများသည် စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ရှိနေကြောင်း၊ ၎င်းတို့ကိုလည်း မိုးရာသီ မရောက်မီ ကျောက်ဖြူဒေသသို့ ပြန်လည်ပို့ဆောင်၍ နေရာချထားပေးရန် စီစဉ်နေကြောင်း ပြည်နယ် အစိုး ရထံမှ သိရသည်။

ကျောက်ဖြူဒေသခံများကမူ ၎င်းတို့ဒေသ၌ နေရာ ချထားပေးမည့် ကိစ္စကို ကန့်ကွက်ထားကြောင်း၊ ရခိုင် ပြည်နယ်အစိုးရက စီစဉ်နေသည့်နေရာများသည် ကျေးလက်တောရွာများဖြစ်၍ ဘင်္ဂါလီများကိုနေရာချထား ပေးပါက ဒေသခံများ၏ ရေ လုပ်ငန်းနှင့် လယ်ယာ လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြတော့မည် မဟုတ်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

“ကျနော်တို့က ချောင်းတွေ၊ ပင်လယ်တွေထွက် ငါးဖမ်းကြတယ်၊ လယ်ကွင်းတွေမှာ သွားပြီး လယ်လုပ်ရ တယ်၊ ဒီလူတွေ ရောက် လာရင် ကျနော်တို့ တဦး တယောက်တည်းသွားဖို့ ခက်ခဲမယ်၊ ဒေသခံတွေ ရဲ့လုံခြုံရေး စိုးရိမ်ရတယ်၊ ကျနော်တို့ နောက်ထပ်ပြဿနာတွေ မဖြစ်ချင်တော့ဘူး၊ အေးအေးဆေးဆေးပဲ လုပ်ကိုင်စားသောက်ချင်တယ်”ဟု လှေပြိုင်ကွင်း ဒေသခံတဦး က ပြောသည်။

ကျောက်ဖြူဒေသ၌ မွတ်စလင်များ ပြန်လည်နေရာချရေးအတွက် ဗဟိုအစိုးရနှင့်ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးများ သည် မကြာခဏ လာရောက်၍ နေရာရှာဖွေနေကြကြောင်း၊ လက်ရှိတွင် ဂုံးချွိုင်ရွာ၊ လှေပြိုင်ကွင်း၊ ကုလားမ ကျွန်း စသည့် နေရာ ၄ ခုကို ရွေးချယ်ထားကြောင်း၊ ထိုနေရာများကို အားလုံးက ကန့်ကွက်ထားကြောင်း၊ ဘင်္ဂါလီများအား လူသားချင်း စာနာထောက်ထားသည့် တိုင် တတိယ အကြိမ် ပဋိပက္ခဖြစ်ပွားလာမည်ကို ရခိုင်ပြည်သူများက စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

“ဒီလူတွေကို မိုးရာသီ မရောက်ခင် အမိုးအကာအောက် ရောက်ဖို့လုပ်ပေးမယ့် ကိစ္စကို ကျနော်တို့က မကန့် ကွက်ပါဘူး၊ သူတို့လည်း လူတွေပဲ၊ ဒါပေမယ့် ဒေသခံတွေနဲ့ ပြဿနာတွေ မဖြစ်နိုင်တဲ့ နေရာတွေမှာပဲ ဒုက္ခသည် စခန်းနဲ့ လုံခြုံရေးတွေနဲ့ ထားပေးစေချင်တယ်”ဟု လှေပြိုင်ကွင်း ဒေသခံက ပြောသည်။

မွတ်စလင် ဒုက္ခသည်များကမူ ၎င်းတို့နေထိုင်ခဲ့သည့် မြို့ပေါ်ရှိ ရပ်ကွက် သို့မဟုတ် ကျောက်ဖြူမြို့အနီးရှိ ပြင်ဖြူမော် ကျေးရွာတွင် နေထိုင်လိုကြသည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ရခိုင် ဒုက္ခသည်စခန်းတခုနှင့် မွတ်စလင် စခန်း တခုရှိပြီး မွတ်စလင် ဒုက္ခသည် ၁၆၀၀ ၀န်းကျင်ရှိကြောင်း၊ စစ်တွေဒေသ၌ ကျောက်ဖြူမှ ဒုက္ခသည် ၆၀၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။

မွတ်စလင်များ နေရာပြန်ချထားရေး အတွက် အာဏာပိုင်များနှင့်ဆွေးနွေးခဲ့သူ ဂုံးချွိုင်ကျောင်း ဆရာတော် ဦးအိန္တောဘာသက “ရွာတွေမှာ ဘင်္ဂါလီတွေကို နေရာချပေးရင် နေ့တိုင်းလို ပြဿနာဖြစ်လာနိုင်တယ်၊ လုပ်ကိုင် စားသောက်လို့ ရတော့မှာ မဟုတ်တော့ ဘူး ဆိုပြီး ကန့်ကွက်ကြတယ်၊ အာဏာပိုင်တွေကတော့ ဒေသခံတွေ သဘောမတူရင် မလုပ်ဘူးလို့ ဘုန်းကြီးကို ပြောသွားတယ်”ဟု မိန့်သည်။

ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် နှစ်ဘက်စလုံး၌ အပြန်အလှန် ယုံကြည်မှုနည်းပါးနေ၍ ဒုက္ခသည်များ နေရာပြန်လည် ချထား ပေးရေး ကိစ္စသည် လတ်တလောတွင် အခက်အခဲရှိနိုင်ကြောင်း၊ ထို့ကြောင့် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စသည်လည်း အရေးကြီးကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင် က ဧရာဝတီကို ပြောသည်။

“စစ်တွေက စခန်း ၇ ခုလောက်မှာ မွတ်စလင် လူဦးရေ တသိန်းခွဲ ၀န်းကျင်ရှိတယ်၊ သူတို့တွေ စားဝတ်နေ ရေး အခက်အခဲ ရှိတယ် လို့ ကျနော်တို့ ဆီကို မကြာခဏ အကြောင်းကြား အကူအညီတောင်းနေ ပါတယ်”ဟု ၎င်းက ဆိုသည်။

ဖားကန့်ဒေသ မူဆလင်ပိုင် ဈေးဆိုင်တွေကို အကြမ်းဖက်ဖျက်ဆီးမှုကြောင့် ရခိုင်တွေကို ကချင်မှ ပြန်ပို့

ကချင်ပြည်နယ် ဖားကန့်ဒေသကို အလုပ်လုပ်ဖို့ လာရောက်တဲ့ ရခိုင်ပြည်နယ် သား ၅၀ကျော်ကို ဒေသခံ အာဏာပိုင်တွေက ဒီကနေ့ ဟိုပင်မြို့ကနေ ပြန်လွှတ် လိုက်ပါတယ်။ ဒီလိုပြန်လွှတ်တာကတော့ ဒီလဆန်း ပိုင်းက ဖားကန့်ဒေသက မူဆလင်တွေ ပိုင်ဆိုင်တဲ့ဈေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးတာတွေဖြစ် ခဲ့တဲ့နောက် ဒီဖျက်ဆီးမှုမှာ ရခိုင် အမျိုးသားတွေ ဦးဆောင်တယ်လို့ အာဏာပိုင်တွေက ယူဆတာကြောင့် ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလပိုင်းတွေ အတွင်း မြို့ကြီးတချို့မှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီး တဲ့နောက် ရခိုင်လူမျိုးတွေအပေါ် အခုလို ကန့်သတ်လိုက်တဲ့ အကြောင်းကို ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။


ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ ကို မြန်မာပြည်အနှံ့က လာရောက်ပြီး အလုပ် လုပ် ကိုင်ကြတာဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ဖားကန့်ကို သွားရာလမ်းက မြို့ကြီးတချို့မှာတော့ လူအ၀င်အထွက်ကို ဂရုတစိုက် စစ်ဆေးတာတွေ ရှိခဲ့ပြီး ဒီကနေ့မှာတော့ ဟိုပင်မြို့ကို ရောက်နေတဲ့ ရခိုင်လူမျိုး ၅၀လောက်ကို မန္တလေး ကို ပြန်ပို့ခဲ့ပါတယ်။ အာဏာပိုင်တွေ က ဒီလိုပြန်ပို့နေတဲ့ အခြေ အနေကို ဟိုပင်မြို့မှာ နေထိုင်ပြီး ပြန်ပို့ခံရတဲ့ ရခိုင်မိသားစုတွေ နဲ့အတူလိုက်ပါ ကူညီပေးနေသူ တယောက် က အခုလို ပြောပါတယ်။

“ ဟုတ်ကဲ့ရှင့်။ သူတို့ ရခိုင်တွေဆို အတင်းပို့တာပေါ့လေ။ ခရီးသွားပြီး အလုပ်သွားလုပ်ဖို့ လာတဲ့ ရခိုင်တွေကို ရခိုင်လို့ ပြောတာနဲ့ အတင်းအိတ်ဆွဲပြီးတော့ မပြန်ဘူးဆို ဖမ်းဆီးမယ်ပေါ့။ ခြိမ်းခြောက်တာတို့ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတာတို့ လုပ်တယ်ရှင့်။ အခု အဲဒီရခိုင်တွေက မပြန်ချင်ဘူး။ ရှေ့တဲမှာ ရှိတယ်။ အတင်းပြန်ခိုင်းတာ။ အားလုံးလူဦးရေ ၈၀လောက်ရှိတယ်ရှင့်။ ”

ဟိုပင်မြို့က ရခိုင်မိသားစုတွေကို ဒီကနေ့မနက် ၉နာရီခွဲအချိန်က စာပို့ရထားနဲ့ မန္တလေးကို ပြန်ပို့ တာဖြစ်ပါတယ်။ ပြန်ပို့ခံရမယ့်သူတွေကိုတော့ အာဏာပိုင်တွေက ထမင်းထုပ်နဲ့ ခရီးစရိတ်အဖြစ် တဦး ကို ငွေ၂သောင်းစီ ပေးခဲ့ပါတယ်။ ဖားကန့်ကို လာ အလုပ်လုပ်ကြသူတွေဟာ သူတို့ဒေသမှာ စားဝတ်နေရေး မပြေလည်တာကြောင့် လာရောက်တာရှိသလို တချို့က ၀င်ငွေပိုရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့လာသူတွေ လည်း ရှိပါတယ်။ သူတို့ထဲက တချို့ဟာ မိမိတို့ အိမ်ခြံမြေတွေကို ရောင်းချပြီး လာရောက်ကြ တာဖြစ်ပြီး တချို့မိသားစုတွေကတော့ မိမိတို့ နေရပ်ပြန်ဖို့အတွက် ခရီးစားရိတ် မလုံမလောက်ဖြစ်နေကြတယ် လို့လည်း ပြောပါတယ်။

“ ကျနော်တို့က စားဝတ်နေရေးလည်း မရှိတော့ဘူး။ လမ်းစရိတ်လည်း မရှိတော့ဘူး။ သူတို့သွားမယ် ဆိုပြီးတော့ ကျနော်တို့ကို ပိုက်ဆံတယောက် ၂သောင်းစီပေးတာလေ။ ရခိုင်ကိုပြန်မယ်ဆိုရင် ပိုက်ဆံ ၂သောင်းနဲ့ ဘာမှ မထူးဘူး။ ကျနော်တို့ လာတာတောင် ၉သောင်းခွဲ ကုန်တယ်ဗျ။ ရခိုင်မှာဆို တနေ့ကို လုပ်ရရင် ၁၅၀၀လောက်ကိုက်တယ်။ တနေ့လုပ်ပြီးရင် ၄- ၅ရက်လောက် မလုပ်ဘဲ နေရတာဗျ။ ကချင်ပြည်မှာဆိုရင်တော့ တရက်ကို ၄၀၀၀ ဆိုရင် ကိုယ်ဆင်းချင်တဲ့ အချိန်ဆင်းလို့ရတယ်။ နေ့တိုင်းကို အလုပ်ရတယ်။ အဲဒါကြောင့် စားဝတ်နေရေးကအစ ချောင်ချိတယ်ဆိုပြီးတော့ ကျနော်တို့က အိမ်ရောင်း ခြံရောင်းပြီးတော့ လာခဲ့ကြတာဗျ။ ကျနော်တို့ ကလေးတွေပါဆို ၂၇ယောက်။ လူကြီးက ၂၅ယောက်ပါတယ် ဗျ။ ကျနော်တို့ကို တားဆီးပြီးမှ နောက်လာတဲ့လူတွေ ရထားဆင်းလာတဲ့လူတွေကို စုပြီးတော့ အကုန်လုံး လူတွေ ၆၀လောက် ၈၀လောက်ဖြစ်သွားတာဗျ။ ကျနော်တို့ကို ဟိုပင်မှာလည်း အတည်းမခံဘူး၊ အထက် ကိုလည်း တက်ခွင့်မပြုဘူးဆိုတော့ ကျနော်တို့ ဘယ်မှာ သွားနေရမှာလဲ။ ကျနော်တို့ ပြန်သွားရတာပေါ့။ ကျနော်တို့က ကိုယ်ခရီးနဲ့ ကိုယ့်ပိုက်ဆံနဲ့ တိုင်းတာပြီးလာခဲ့တယ်ဆိုတော့ ခု ကျနော်တို့က ပိုက်ဆံလည်း မရှိတော့ဘူး။ သူတို့ပေးတဲ့ ပိုက်ဆံ၂သောင်းကလည်း မန္တလေးရောက်ရင် စားစရိတ်လည်းမ ရှိတော့ဘူး အကုန်လုံးပြတ်တော့မှာ။ ”

ဒီလိုပြန်လွှတ်တာနဲ့ ဘာကြောင့် ပြန်လွှတ်သလဲဆိုတာ မေးမြန်းဖို့ ဟိုပင်ရဲစခန်းကို ဆက်သွယ်ရာမှာတော့ တာဝန်ကျ ရဲအရာရှိက သူဘာမှ မသိကြောင်းသာ တုံပြန့်ပါတယ်။ ဟိုပင်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူ တယောက်ကတော့ ရခိုင်အမျိုးသားတွေကို ပြန်ပို့တယ်ဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။

“ အားလုံးပေါင်းဆိုရင် လူ၅၀ကျော်ရှိတယ်။ သူတို့ရောက်နေတာ ၇ရက်နေ့ကတည်းက စရောက် နေတဲ့လူတွေ ရှိတယ်။ တချို့ကိုတော့ ရုပ်ရှင်ရုံအဟောင်းထဲမှာ စောစောက ခေါ်ထားတယ်တဲ့။ နောက် တည်းခိုခန်းတွေ အကုန်လုံး လိုက်ရှာတဲ့အခါကျတော့ ရခိုင်ဆိုရင် အကုန်လုံး ခေါ်ထုတ်ပြီးတော့မှ ဒီကနေ့ မနက် အောက်ရထားနဲ့ပဲ အကုန်လုံး ဘူတာကနေ ပြန်ပို့လိုက်ရတယ်တဲ့။”

ဒီလိုပြန်ပို့တာကို အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က စီစဉ် ဆောင်ရွက် တာဖြစ်ကြောင်းပြောပါတယ်။ ဘာကြောင့် ဒီလိုပြန်ပို့သလဲ ဆိုတာကိုတော့ သူက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ သူတို့က ဖားကန့်သွားမယ်လို့ ပြောတာကိုး။ ဖားကန့်မှာကလည်း ၄ရက်နေ့မှာက မူဆလင်အိမ်တွေကို ဖျက်တယ်။ စတိုးဆိုင်တွေ ဈေးဆိုင်တွေ Electric ရောင်းတဲ့ဆိုင်တွေအားလုံးကို ဖျက်ပစ်တာတွေ ရှိတယ်လေ။ အဲဒီထဲက အဓိက ဖြစ်နေတဲ့လူတွေက ရခိုင်တွေလို့ ပြောတယ်။ အဲဒါကြောင့်မို့ ဒီကနေ လှမ်းတားလိုက်တဲ့ သဘောပါပဲ။”

ဖားကန့်ဒေသမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို ဘယ်သူတွေ ဦးဆောင်တယ် ဆိုတာကိုတော့ သီးခြား အတည်ပြုလို့ မရပါဘူး။ ဒီလ ၅ရက်နေ့ကတော့ AFP သတင်းဌာနက ဖားကန့်မြို့အကြမ်းဖက်မှုကြောင့် လူ၂ဦးကို ဖမ်းဆီး လိုက်ကြောင်း နဲ့ ဒါအကြမ်းဖက်မှုဟာ ခရစ်ယာန် အများစုနေထိုင်ရာ ကချင်ပြည်နယ်မှာ ပထမဆုံးဖြစ်ပွားတဲ့ ဘာသာရေး ပဋိပက္ခ့ဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒီလအတွင်း ဖြစ်ခဲ့တဲ့ ဥက္ကံမြို့ ပဋိပက္ခနဲ့ မတ်လအတွင်းက ဖြစ်ပွားတဲ့ မိတ္ထီလာမြို့ အဓိကရုဏ်းတွေကြောင့် လက်ရှိအခြေအနေမှာ ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် အာဏာပိုင်တွေဖက်က လုံခြုံရေးကို အထူး သတိထား ကိုင်တွယ်နေချိန်လည်း ဖြစ်ပါတယ်။

VOA

ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၄၀၀ ကျော် စတင်ထုတ်ချေး

မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေးလိုက်ပြီးနောက်ပိုင်း ကမ္ဘာ့ ဘဏ်က နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေ ရိကန်ဒေါ်လာ သန်း ၄၄၀ ထုတ်ချေးပေးလိုက်တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ပြောလိုက်ပါတယ်။


နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ဘဏ်အုပ်စုနဲ့ မြန်မာအစိုးရတို့အကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို အခုလို ပြောကြားလိုက်တာပါ။

“ကမ္ဘာ့ဘဏ်အနေနဲ့ ဒေါ်လာသန်း ၄၄၀ အတိုးနှုန်းသက်သာစွာနဲ့ ချေးပေးလိုက်တယ်၊ ဒို့အကြွေးကလည်း သန်း ၄ဝဝ လောက်ရှိတယ်၊ အကြွေးလေး ခုနှိမ်သွားတာပေါ့၊ အကြွေးအသစ်စတာပါ”

လာမယ့်နှစ်မှာလည်း ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် ထပ်မံချေးပေးနိုင်လိမ့်မယ် လို့ ထင်မြင်ကြောင်း ၀န်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၈၀ အကူအညီပေးခဲ့ကြောင်းလည်းပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစတဲ့ စီမံကိန်းတွေကို အစိုးရနဲ့ပူးပေါင်းပြီး ကူညီသွားမယ်လို့သိရပါတယ်။

Credit : http://arakanpress.blogspot.com/2013/05/blog-post_10.html

ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်းတို့တွင် မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်မည်



ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင် လမ်း စသည့် နေရာသုံးခုတွင် မီးရထားလမ်း ခုံး ကျော်တံတားများ ထပ်မံဆောက်လုပ် မည် ဖြစ် ကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိ ရသည်။


ယင်းတံတားများအား ဆောက်လုပ်ရန် ခွင့်ပြုမိန့် ကျ ထားပြီးဖြစ်ကြောင်း၊ သစ္စာလမ်းပေါ် တွင် ဘောက် ထော်နှင့် ကန်ဘဲ့ဘူတာကြား အနီးတစ်ဝိုက်တွင် လည်းကောင်း၊ ပါရမီလမ်းပေါ်တွင်မူ ပါရမီ(စိန်ဂေဟာ) အကျော် ဗဟိုလမ်းအနီးတွင် လည်းကောင်း၊ ခရေပင်လမ်းတွင်မူ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာ အကြားတွင် လည်းကောင်း မီးရထားလမ်း ခုံး ကျော်တံတားများ ဆောက်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ကားလမ်းများပေါ်တွင် မီးရထားလမ်းများ ခံနေခြင်းကြောင့် မီးရထားလာချိန်တွင် ကားများခေတ္တ ရပ်ထားပြီး အချိန်ကြန့်ကြာမှုအချို့ ရှိနေခြင်းကြောင့် ယင်းနေရာများတွင် မီးရထားလမ်း ခုံးကျော်တံတားများ ဆောက် လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ တံတားများကို မြန်မာ့မီးရထားမှ ပြုလုပ်သွားမည် ဖြစ်ကာ ရန်ကုန်မြို့တွင် လက်ရှိမီးရထားလမ်း ခုံးကျော်တံတား စုစုပေါင်း ၂၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

Credit : http://arakanpress.blogspot.com/2013/05/blog-post_4813.html

စစ်ထောက်ချုပ်ရုံးအား ရွှေတောင်ကုမ္ပဏီ၊ စစ်သမိုင်းပြတိုက်အား ၀ိတိုရိယဆေးရုံကို အဓိကပိုင်ဆိုင်သူ ဦးဇော်ဝင်းရှိန်၏ ကုမ္ပဏီတို့က လုပ်ကိုင်ခွင့်ရရှိ

စစ်ထောက်ချုပ်ရုံးအား ရွှေတောင်ကုမ္ပဏီမှ စီးပွားဖြစ် လုပ်ငန်းအဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ကျပ် သန်းပေါင်း ၆၇၀၀၀ ကျော် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင် သို့ တင်ပြထားကြောင်း သတင်းရရှိပါသည်။


စစ်ထောက်ချုပ်ရုံး ဧရိယာ အတွင်းအပိုင်းလိုက်ခွဲ၍ တင်ဒါခေါ်ရာတွင် ရွှေတောင်ကုမ္ပဏီ အပြင် ကမ္ဘောဇ ကုမ္ပဏီမှလည်း မော်တော်ယာဉ်ရုံးဝန်း နေရာအား လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။ ရွှေတောင် ကုမ္ပဏီသည် ယခုအစိုးရသစ် လက်ထက်အတွင်း လှည်းတန်းခုံးကျော် စီမံကိန်းကဲ့သို့ စီမံကိန်းများအပြင် ရန်ကုန်မြို့ရှိ အချက်အခြာကျ နေရာများရှိ မြေကွက်အများအပြား ရရှိကာ စီးပွားဖြစ် အဆောက်အအုံ ဆောက်လုပ်ခွင့်များ ရရှိထားသည့် ကုမ္ပဏီဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့လယ်ရှိ စစ်ထောက်ချုပ်ရုံး နေရာ အား လုပ်ကိုင်ခွင့် ထပ်မံရရှိခြင်းဖြစ်သည်။

စစ်သမိုင်း ပြတိုက်အား နှစ်ရှည်ငှားရမ်း၍ စီးပွားဖြစ် လုပ်ကိုင်ခွင့်ကို့ Yangon Technical and Trading Co.,Ltd မှ လုပ်ကိုင်ခွင့်ရရှိပြီး ကျပ်သန်းပေါင်း ၇၄၀၀၀ ကျော် မြှုပ်နှံကာ လုပ်ကိုင်မည့် စီမံကိန်းအား MIC သို့ တင်ပြထားကြောင်း သိရသည်။

Yangon Technical and Trading Co.,Ltd မှာ ၀ိတိုရိယဆေးရုံ၏ အဓိကပိုင်ရှင်၊ နာမည်ကျော် လူငယ်လုပ်ငန်းရှင် ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သည့် ရွှေဟင်္သာ ကုမ္ပဏီအုပ်စု အောက်တွင်ပါဝင်သည့် ကုမ္ပဏီဖြစ်သည်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ''စစ်ရုံးဟောင်းကိုတော့ ရွှေတောင်ကုမ္ပဏီက လုပ်ကိုင်ဖို့ MIC ကိုတင်ထားတယ်။ ခွင့်ပြုမိန့် မရသေးဘူး။ ကမ္ဘောဇကတော့ ခုထိ စီမံကိန်းကို MIC တင်ပြထားတာ မရှိသေးဘူး။ စစ်သမိုင်း ပြတိုက်ကိုတော့ ကျပ် သန်းပေါင်း ၇၄၀၀၀ ကျော် မြှုပ်နှံပြီး လုပ်ကိုင်မယ်လို့Yangon Technical and Trading Co.,Ltd က တင်ပြထားပြီးပြီ'' ဟု ပြောကြားခဲ့သည်။

ရွှေတောင်ကုမ္ပဏီ အနေဖြင့် ကျပ်သန်းပေါင်း ၆၇၀၀၀ ကျော်အထိ မြှုပ်နှံမည့် အစီအစဉ်အား MIC သို့ တင်ပြထားပြီး ဖြစ်သော်လည်း ကမ္ဘောဇကုမ္ပဏီ အနေဖြင့်မူ မေ ၉ ရက် အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ကမ္ဘောဇ ကုမ္ပဏီအုပ်စု၏ တာဝန်ရှိသူ တစ်ဦး က ''ကျွန်တော်တို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တောင် မတင်ရသေးပါဘူး။ ကမ္ဘောဇအနေနဲ့ မဟုတ်ဘဲ အခြားကုမ္ပဏီခွဲတစ်ခု အမည်နဲ့ လုပ်ကိုင်တာပါ'' ဟု ပြောပြခဲ့သည်။

Eleven Media Group

ကမ္ဘာ့ဘဏ်အုပ်စုနှင့် မြန်မာနိုင်ငံ အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်



ကမ္ဘာ့ဘဏ်အုပ်စုနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရတို့ကြား ပူးပေါင်းဆောင် ရွက်မှု များကို ပိုမိုမြှင့်တင် လုပ်ဆောင်သွားမည်ဟု ၂၀၁၃ ခုနှစ် မေ ၉ ရက် နေပြည်တော် သင်္ဂဟဟိုတယ် တွင် ပြုလုပ် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် သိရသည်။


မြန်မာနိုင်ငံ အစိုးရနှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများအနက် တစ်ခုဖြစ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်သွားမည့် ကမ္ဘာ့ဘဏ်၏ စီမံကိန်းများနှင့် စပ် လျဉ်းပြီး အရည်အသွေးနှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန်နှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများသို့ အတိုးမဲ့ချေးငွေများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (International Development Association) ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရလဒ်ကောင်းများ ထွက်ပေါ်စေရန် စီမံ ဆောင်ရွက်ခြင်းနှင့် ကမ္ဘာ့ဘဏ် စီမံကိန်းများ လုပ်ငန်းလည်ပတ်မှုဖြစ်စဉ် စသည်တို့ ပါဝင်သည်။

ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေဖြစ်တဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင် ရေးနဲ့...

သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပနိုင်ခဲ့တဲ့အတွက် ၀မ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ်တို့ အုပ်စုကြား လုပ်ငန်းစဉ်များနဲ့ လုပ်ထုံးလုပ်နည်းတွေကို အပြန်အလှန် ပိုမိုသိရှိ နားလည်လာတာကြောင့် ကမ္ဘာ့ဘဏ် အုပ်စုရဲ့ စီမံကိန်း တွေကို ပိုမိုထိရောက်စွာ အကောက်အထည် ဖော်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအတွက် ပိုမိုအကျိုးရှိ လာစေမှာ ဖြစ်ပါတယ်''ဟု ပြောသည်။

''ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေဖြစ်တဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေး နိုင် ရေးနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတဲ့လုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်သွားဖို့ ကတိက၀တ်ပြု ထားပြီး ဖြစ်ပါတယ်။ ယနေ့ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ် အုပ်စုတို့အကြား ပူးပေါင်းဆောင်ရွက်မူများကို ပိုမိုအားကောင်း ခိုင်မာလာအောင်တည် ဆောက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာခန်သန်ရှင်ကာက ပြောသည်။

ကမ္ဘာတစ်ဝန်းတွင် ကမ္ဘာ့ဘဏ်အုပ်စု အနေနှင့် အဓိကရည်မှန်းချက် နှစ်ခုနှင့် စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ရည်မှန်းချက် နှစ်ခုဖြစ်သော အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို ၂၀၃၀ ခုနှစ် မတိုင်ခင် အဆုံးသတ် တိုက်ဖျက်နိုင်ဖို့နှင့် ကမ္ဘာပေါ်မှဖွံ့ဖြိုးမှုနိမ့်ကျသော တိုင်းပြည်များ၏ ၄၀ ရာခိုင် နှုန်းဖြစ်သော လူဦးရေ၏ ၀င်ငွေတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဘဏ်အုပ်စု အနေဖြင့် မြန်မာ နိုင်ငံနှင့် အပြည့်အ၀ ပြန်လည်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသားများ၏ အကျိုးဖြစ်ထွန်း နိုင်စေဖို့ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ပေးအပ်လျက်ရှိကြောင်း သိရသည်။

Credit : http://arakanpress.blogspot.com/2013/05/blog-post_1011.html

အစိုးရတပ်နှင့် KIA ရှမ်းမြောက် ဂျာဒိုင်ယန် တွင် တိုက်ပွဲဖြစ်



ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင်ကြားရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၉ နယ်မြေတွင် အစိုးရတပ်ပေါင်းစုံနှင့် KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့ကြား မေ ၈ ရက် ယမန်နေ့ ညပိုင်း တွင် ရင်ဆိုင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။


တိုက်ပွဲသည် KIA တပ်ဖွဲ့များရှိနေသည့် ဟူးဖြတ် (Hu Hpyet) နယ် ဂျာဒိုင်ယန်ရွာ (Ja Dai Yang) အနီးသို့ ထိုးစစ်ဆင်လာသော အစိုးရတပ် ခလရ ၂၉၀ နှင့် ခမရ ၅၀၇ စုပေါင်းစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှေ့တန်းမှ KIA စစ်ဗိုလ်တဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ရှိနေတဲ့နေရာမှာ အင်အား ၆၀ ကျော်နဲ့ ထိုးစစ်ဆင်လာလို့ ထိပ်တိုက်ဆုံပြီးပစ်ခတ်တိုက်ခိုက် လိုက်တာပါ။”

ပစ်ခတ်မှုတွင် နှစ်ဖက်တပ်မှ ထိခိုက် ကျဆုံးမှုကို မသိရသေးပေ။

ယခုတိုက်ပွဲဖြစ်ပွားသော နယ်မြေတွင် သာမန်ပြည်သူများ အဓိကလုပ်ကိုင်သည့် ရွှေမော်ကြီးလည်း ရှိ ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေတွင် အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ကြား နေ့တိုင်းဆို သလို တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

KNG

က၀မြို့လေဘေး အိမ်ခြေ ၄၀၀ ကျော် ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်အတွင်း မနေ့ကနေ့လည်ပိုင်းက လေပြင်းတိုက်ခတ်သွားတာကြောင့် အိမ်ခြေ အလုံး ၄၀၀ နီးပါး ပျက်စီးသွားတယ်လို့သိရပါတယ်။


သရက်ကုန်း၊ ပေါက်ကံ၊ ကံထူး၊ ရွှေပေါက်ပင်စတဲ့ ကျေးရွာတွေမှာ တိုက်ခတ်သွားတဲ့ လေပြင်းဒဏ်ကြောင့် သရက်ကုန်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားခဲ့ပြီး ဒေသခံ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ် သွား တယ်လို့ အဲဒီဒေသခံ ဒေါက်တာလှမိုးက RFA ကို ပြောပါတယ်။

လေပြင်းကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် မိုးကြိုးပစ်ခံရတာနဲ့ သစ်ပင်ပြိုတာတွေကြောင့် နွား ၃ ကောင် သေဆုံးပြီး တိရိစ္ဆာန်တချို့ ထိခိုက်မှုရှိတယ်လို့သိရပါတယ်။ 

ဒေသခံတွေအနေနဲ့လည်း အ၀တ်အစားနဲ့ အိုးခွက်ပန်းကန်တွေ လိုအပ်နေပြီး လောလောဆယ်အထိ အာဏာပိုင်တွေဘက်က အကူအညီပေးတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကလည်း သရက်ကုန်းကျေးရွာအုပ်စုထဲက ကျေးရွာ ၁၃ ရွာမှာ လေပြင်း တိုက်ခတ် လို့ အိမ်ခြေ ၅၈၃ လုံး ပျက်စီးသွားခဲ့ပါသေးတယ်။

Credit : http://arakanpress.blogspot.com/2013/05/blog-post_3121.html

မန္တလေးတွင် ဖွင့်ရန်ပြင်ဆင်ဆဲ KTV မီးလောင်



မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် ၆၀x၆၁ လမ်းနှင့် သိပ္ပံလမ်းအကြားရှိ အိမ်အမှတ် ၆/၁-၂တွင် ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေသော အဆောက်အအုံတစ်ခု မေလ ၈ ရက်နေ့ ညနေ ၄နာရီ ၄၅ မိနစ် တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဆောက်လျက်စ KTV အတွင်းပိုင်း ပြင်ဆင်မှုပြုလုပ် စဉ် အမိုးမျက်နှာကြက် ဂဟေဆော်ရာမှ မီးပွား လွင့် စင်ပြီး ကြမ်းပြင်မှ ဖော့ပြားနှင့် ဆိုဖာခုံများပေါ် ကူး စက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ယင်းအ ခင်း ဖြစ် ပွား ရာတွင် တာဝန်ထမ်းဆောင်နေ သော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယင်းအဆောက်အအုံမှာ အရှေ့မှ အနောက် ပေ၆၀ x ၄၆ပေ တောင်မှမြောက် ၁၈၆ x ၄၆ပေရှိ L ပုံသ ဏ္ဌာန် RC တစ်ထပ် ဖြစ်ပြီး ယင်းမီးလောင်ကျွမ်းမှုမှာ ညနေ ၅ နာရီ ၂၀ မိနစ်တွင် မီးညွှန့် ကျိုး သွား ကြောင်း ၄င်း က ဆိုသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ အမှတ် (၁၁) ရဲစခန်းက ၂၄၇/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

From: The Voice Weekly

အရေပြားကင်ဆာရောဂါ ကုသနိုင်ဖွယ် နည်းလမ်းတွေ့ရှိ



လူတွေကို အစာ အဆိပ် သင့်စေတယ်လို့  အများက လက်ခံသိရှိထားတဲ့ ဘက်တီးရီး ယား ပိုးတွေကတဆင့် လူကို သေစေနို င် တဲ့ အရေပြားကင်ဆာကို ကုသနိုင် တဲ့ နည်း ကို အီတလီ ဒေါက်တာတွေက စမ်း သပ် တွေ့ ရှိခဲ့ကြ ပါတယ်။


ကြွက်ရဲ့ ခန္ဓာကိုယ်ထဲကို Salmonella ဘက်တီးရီးယားပိုးတွေ ထိုးသွင်း လိုက် ခြင်း အားဖြင့် သူ့ရဲ့ ခံနိုင်ရည်စွမ်းအား ရပ်တန့် သွားပြီး ကင်ဆာဖြစ်နိုင်တဲ့ ဆဲ တွေကို သတ်ပစ်လိုက်တာ တွေ့ရ တဲ့ အကြောင်း အီတလီနိုင်ငံ မီလန်မြို့ အခြေစိုက် ဥရောပ အကြိတ်အခဲများ ဆိုင် ရာ သုတေသနဌာနက သိပ္ပံပ ညာရှင် တွေ က ပြောပါတယ်။

ကြွက်တွေမှာ Melanoma ဆိုတဲ့ အဆိုးဆုံး ကင်ဆာရော ဂါ တမျိုးနဲ့ ကြီးထွားလာအောင် အရင် ပြုစု ပျိုး ထောင်ပြီး မှ သိပ္ပံပညာရှင်တွေက အခုလို စမ်းသပ် ခဲ့ကြ တာပါ။

Melanoma ကင်ဆာကို စောစောစီးစီး စမ်းသပ်တွေ့ရှိခဲ့ရင် ပျောက်အောင် ကုသလို့ ရပါတယ်။ ဒါပေမဲ့ မကု သ ဘဲထားရင် အဲဒီ ကင်ဆာရောဂါဟာ ခန္ဓာကိုယ် တခုလုံးကို ပျံ့နှံ့နိုင်တယ်လို့ ဆိုပါတယ်။

Salmonella ပိုးကို ဆေးထိုးအပ်နဲ့ ထိုးသွင်းလိုက်တဲ့ အတွက်ကြောင့် ကြွက်တွေမှာ ကင်ဆာရောဂါပိုး ပျံ့နှံ့မှုက ရပ်သွား တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီတွေ့ရှိချက်က တချိန်မှာ ကင်ဆာရောဂါ ကာကွယ်ဆေး ထုတ် လုပ်နိုင်ဖို့ အလားအလာကောင်း တခုလို့ ဆိုပါတယ်။

ဒီနည်း အတိုင်း လူသားတွေမှာ စမ်းသပ်ခွင့်ရဖို့ ဆရာဝန်တွေက စောင့်ဆိုင်းနေကြပါတယ်။

သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို Science Translational Medicine ဆိုတဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

Credit : http://mmforward.blogspot.com/2013/05/blog-post_3474.html

အကြောင်းအရာသုံးမျိုးနှင့် တစ်ကိုယ်တော်ဆန္ဒပြ ကျောက်တံတားရဲကထိန်းသိမ်း



ရန်ကုန်မြို့၊ မြို့တော်ခမ်းမ အနီးတွင် အကြောင်း အရာသုံးခုအား တစ်ကိုယ်တော် ဆန္ဒထုတ် ဖော် သော ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော် အား ကျောက်တံတား ရဲစခန်းမှ ထိန်သိမ်းလိုက် ကြောင်း သိရ သည်။


ဆန္ဒ ထုတ်ဖော် ရသော အကြောင်း အရင်းများမှာ မိကျောင်းကန် ပြန်လည် ရရှိရေးနှင့် ထို ဆန္ဒပြ မှုတွင် ပါဝင်သော ဆန္ဒပြသူ ဖမ်းဆီး ထားမှုအား အာမခံမဲ့ဖြင့်လွတ်ပေးရန်၊ ၂၀၀၂မှ ၂၀၀၄ ခုနှစ်အတွင်း မရမ်း ကုန်း (၆)ရပ် ကွက်အား တိုင်းတရားသူကြီးမှ ခရိုနီတစ်ဦးအား ရောင်းစားသောကိစ္စအား ပြည်ထဲရေးဝန်ကြီးဌာနမှ ဖြေရှင်းပေးရန်၊ တာဝန်ထမ်း ဆောင်နေသော ယာဉ်ထိမ်းရဲအား ခေါ်၍ ပါးရိုက်သော ဗိုလ်ချုပ်မှူးကြီးဟောင်း၏ မြေးဖြစ်သူအား အရေး ယူပေးရန်စသည့် အချက်များကို တောင်းဆိုခဲ့ခြင်း ဖြစ် ကြောင်း ကိုထင် ကျော်က ပြောကြားသည်။

အဆိုပါအချက်များအား တောင်းဆိုနေစဉ် ကျောက်တံတား ရဲစခန်းမှ စစ်ဆေးလို၍ ခေါ်သွားခြင်း ဖြစ် ကြောင်း မြင်တွေ့ သူတစ်ဦးက ပြောကြားသည်။

ယင်းသည် ထိုသို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုဖြင့် ရန်ကုန်းတိုင်းအတွင်း ခြောက်မြို့နယ်တွင် ပုဒ်မ၁၈ ဖြင့် ၇မှု တရား စွဲ ခံထားရကြောင်းလည်း ဆက်လက် သိရသည်။ ၎င်းသည် ထိုကဲ့သို့ တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော် မှုအား ၂၀၁၂ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၃ခုနှစ်တွင် နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

အောင်သိုက်
ဓာတ်ပုံ သီဟ
From: မြန်မာ့ခေတ် 

မိုးညိုအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ဖမ်းထားသူ ၅ ဦးကို ပြန်လွှတ်

ပဲခူးတိုင်း မိုးညိုမြို့နယ်မှာ အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီး တရားစွဲ ဆိုထားတဲ့ မိုးညိုမြို့ နယ် က ၅ ဦးကို မြို့နယ်တရားရုံးက အာမခံ ပေးလိုက်ပါတယ်။ မနေ့က ရုံးထုတ်ချိန်မှာ မြို့နယ် တရားရုံးက အာမခံ ပေးလိုက် တာလို့ မိုးညိုမြို့ခံတဦးက ပြောပါတယ်။


“သူတို့ကို အာမခံနဲ့ လွှတ်ပေး လိုက်တယ်။ ဒါပေ မယ့် သူတို့က ထောင်ကျမှာတော့ သေချာတယ်။ ချုပ်ရက် က များနေတော့ ၁ လလောက် ရှိပြီလေ။ အာမ ခံနဲ့ ပြန်လွှတ် လိုက်တာ။ ထင်ကြေးပေးနေတာတော့ ၆-၇ နှစ်လောက်ဖြစ်နိုင်တဲ့ အလား အလာရှိတယ်။” 

တရား စွဲဆို ခံရ သူတွေ ဟာ မိုးညိုမြို့ ပေါ်က အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုနန်းထိုက် နဲ့ ကျန်သူ ၄ ဦးကတော့ မိုးညိုမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ ၀ဲကြီးရွာနဲ့ သရက်တပင် ရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ တရား စွဲဆို ခံရသူ တွေ ထဲမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ တရား စွဲဆို ခံသူ တွေဟာ အကျိုးဖျက်ဆီးမှု၊ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ဖျက်ဆီးမှု ဂုဏ်သိက္ခာ စော်ကားမှု၊ ဥပဒေနဲ့ မညီ ညွတ်လို့ လူစုခွဲရာမှာ မလိုက်နာမှုတို့နဲ့ တရားစွဲဆိုထား တာ ဖြစ်ပါတယ်။ 

သူတို့ကို လာမယ့် မေလ ၁၅ ရက်နေ့မှာ ရုံးပြန်ချိန်းထားပါတယ်။ တရားစွဲဆိုခံရသူတွေဟာ အမှန်တကယ် ဦးဆောင်ပြီး လုပ်တဲ့ သူတွေကို မဖမ်းဘူးလို့ အဲဒီမြို့ခံက ပြောပါတယ်။

“မိုးညိုဖြစ်စဉ်က တကယ်လုပ်တဲ့၊ ဦးဆောင် တဲ့သူတွေ ကို မစွဲဘဲ နောက်က လိုက်တဲ့သူတွေကို ဖမ်းတာပဲ တွေ့ရသေးတယ်။ တကယ်လုပ်တာက မြို့ပေါ်က လုပ်တာ။ ကျနော်တို့ မဖြစ်ခင် ၂၃၊ ၂၄၊ ၂၅ နဲ့ ၂၆ ရက် တွေမှာ လိုက်ထိန်းတယ်။ အခုက မြို့ပေါ် ကြံ့ ခိုင် ရေးက ဦးဆောင်ပြီး သံဃာတွေလည်းပါတယ်။ နယ်က သံဃာတွေလည်း ပါတယ်။ ကိုယ်နဲ့ သိတဲ့ လူတွေလည်း ပါတယ်။ တကယ့် အမာခံ ထိပ်ပိုင်း ခေါင်းဆောင် တွေ အဖမ်းမခံရဘူး။” 

အလားတူ ပဲခူးတိုင်း ဇီးကုန်း မြို့နယ်မှာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ လူ ၁၀ ဦးကို ဖမ်းဆီး တရားစွဲဆိုထားပြီး ဒီနေ့မှာ ရုံးထုတ် စစ်ဆေး တယ်လို့ ဖမ်းဆီး တရားစွဲ ဆိုခံရ သူတွေ ထဲက ဦးအောင်မြတ်သူရဲ့ ရှေ့နေ ဒေါ်ဇင်မိုး ထိုက်က ပြောပါတယ်။ 

ဇီးကုန်းမြို့နယ်မှာ ဖမ်းဆီးထားသူတွေကိုလည်း အကျိုးဖျက်ဆီးမှု၊ နေအိမ် ခြံဝင်း အတွင်း ၀င်ရောက် ဖျက်ဆီးမှု၊ ဂုဏ်သိက္ခာစော်ကားမှု၊ ဥပဒေနဲ့ မညီညွတ်လို့် လူစုခွဲရာမှာ မလိုက်နာမှုနဲ့ တရား စွဲဆို ထား တယ်လို့ ပြောပါတယ်။ 

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက်မှု အတွင်း ဗုဒ္ဓ ဘာသာ ဘုန်းကြီး ၁ ပါးကို သတ်ဖြတ် ခဲ့မှုနဲ့ ပတ်သက်ပြီး အစ္စလာမ် ဘာသာဝင် ၇ ဦးကို တရားစွဲ ဆိုထားရာ ဒီနေ့ မှာတော့ တရားခံပြ သက်သေ အားလုံး စစ်ဆေးပြီ ဖြစ်တယ်လို့ စွပ်စွဲ ခံရသူတွေ ဘက်က ရှေ့နေ ဦးသိန်း သန်းဦးက ပြောပါတယ်။

လာမယ့် မေ ၁၃ ရက်နေ့မှာတော့ နှစ်ဖက် လျှောက်လဲချက်ကို ကြားနာမှာဖြစ်တယ်လို့ ရှေ့နေ ဦးသိန်းသန်း ဦးက ဒီဗွီဘီကို ပြောပါ တယ်။ 

From: DVB

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်



မန္တလေး မြို့တွင် လေပြင်းများ တိုက်ခတ်ကာ မိုးသီး များ ကြွေကျ ခဲ့ခြင်းမှာ ဘင်္ဂလား ပင်လယ်အော် အခြေ အနေနှင့် မဆက်စပ်ဟု မိုး/ ဇလ က ဆို သည်။


ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေ ဖိအားနည်းရပ်ဝန်း အရှိန် ပိုမို အားကောင်း လာ သော ကြောင့် ၄၈ နာရီအတွင်း မုန်တိုင်းဖြစ်လာ နိုင်မည်လောဟု မိုး/ဇလ အနေဖြင့် စောင့်ကြည့် လျက်ရှိကြောင်း မိုးလေဝ သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဧရာဝတီသို့ ပြောဆို သည်။

”ပို အားကောင်းလာနိုင်တယ်လို့ အိန္ဒိယက ထုတ်ထားတယ်။ ကျနော်တို့လည်း ထုတ်ထားပြီ။ အားကောင်း လာ ရင် ၄၈ နာရီအတွင်းမှာ မုန်တိုင်းဖြစ်လာနိုင်တယ်”ဟု ဦးချစ်ကျော်က ဆိုသည်။

လေဖိအား နည်း ရပ်ဝန်း ဖြစ်ပေါ်မှု အရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် အနီး တဝိုက် တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်း ၆၀ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေ ဒ ညွန်ကြား မှု ဦးစီးဌာနက ယနေ့ မေလ ၉ ရက်နေ့ ညနေ ၄ နာရီတွင် ထုတ်ပြန်ကြေညာသည်။

လေဖိ အား နည်း ရပ်ဝန်းကြောင့် ရန်ကုန်မြို့တွင် တိမ်ထူလျက်ရှိပြီး အချို့မြို့နယ်များတွင် မိုးရွာသွန်းမှုများ ရှိခဲ့ သည်။ သို့သော် မန္တလေးမြို့တွင် လေပြင်းများ တိုက်ခတ်ကာ မိုးသီးများ ကြွေကျခဲ့ခြင်းမှာ ဘင်္ဂလား ပင် လယ် အော် အခြေအနေနှင့် မဆက်စပ်ဟု မိုး/ဇလ က ဆိုသည်။

လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန် ထားသည်။

ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ မုန်တိုင်းအဆင့်ရောက်မှသာ မည်သည့်ဒေသသို့ ရွှေ့လျားမည်ကို အတိ အကျ ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ လေဖိအားနည်း ရပ်ဝန်းအဆင့်သာ ရှိသေး ကြောင်း၊ ပထမအဆင့် လေဖိအားနည်း ရပ်ဝန်း၊ ဒုတိယအဆင့် မုန်တိုင်းငယ်၊ တတိယအဆင့် မုန်တိုင်း ၊ စတုတ္ထ အဆင့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၊ ပဉ္စမအဆင့် အားအလွန်ကောင်းသော ဆိုင် ကလုန်း မုန်တိုင်းဟူ၍ အဆင့်ဆင့်ရှိရာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အနေ အထားမှာ လေဖိအားနည်းရပ်ဝန်းအဆင့်သာ ရှိသေးကြောင်း၊ ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ် ကျော်က ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ မေလ ၉ ရက် ညနေ ၄နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းမှာ ဆက်လက် တည်ရှိ နေသည်။

မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အဖြစ် ကယားပြည်နယ်တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာစိတ်စိတ် မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုး/ဇလက သတင်းထုတ်ပြန်ထားသည်။

ထက်နိုင်ဇော်
ဧရာဝတီ