Friday, April 26, 2013

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ကျွန်တော့အတွေး

ခုတလော သမ္မတတာဝန်ထမ်းဆောင်နိုင်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေးဆိုသည့်အသံများ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ကြားလာရသည်။ ယခင်ကတည်းက ကြားခဲ့ရခြင်းဖြစ်သော်လည်း ယခုတလော ပိုမို ရေပန်းစားလာခြင်းဖြစ်ကြောင်း ပြောလိုရင်းဖြစ်ပါသည်။ မှန်ပါသည်။ သမ္မတဖြစ်ရန် အခြေခံဥပဒေပြင်ရ မည် မဟုတ်ပါလော။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ငြိနေသည်ကိုး။

ပြည်တွင်းတွင် တွင်တွင်ကျယ်ကျယ်ပြောဆိုနေစဉ်က ကျွန်တော်တစ်ခုသတိထားမိသည်မှာ ပြည်သူများ အနေဖြင့် ငါတို့၏ ခေါင်းဆောင်ကြီးအတွက်ဆိုပြီး အုံးအုံးကျွက်ကျွက်မဖြစ်ခဲ့ခြင်းပါ။ လူထုအားကို အများကြီး လိုသော်လည်း လူထုက စာတတ်သွားကြပြီထင်ပါသည်။ ယခင်ကလို ထင်သလောက် ခရီးမပေါက်ခဲ့ပါ။

သို့အတွက် နိုင်ငံတကာ၏ဖိအားကိုရနိုင်ရန် တစ်မျိုးပြောင်းကြံရပြန်သည်။ ပြည်ပရောက်တိုင်း ဒီကိစ္စကို မသိမသာ ပြောတော့သည်။ ခုချိန်ထိတော့ ဖိတာမတွေ့ရပါ။ စီးပွားရေးပိတ်ဆို့မှုများကို အပြီးတိုင် ရုပ်သိမ်း ပေးလိုက်ခြင်းကိုသာ တွေ့ရသည်။ စီးပွားရေးပိတ်ဆို့ထားတာမရှိတော့တဲ့အတွက် ကျွန်တော်တို့နိုင်ငံကို ခုထက်ပိုပြီး တိုးတက်မှုတွေရှိလာအောင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ မြောက်များစွာရလာတော့ မည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် မြန်မာနိုင်ငံသားအားလုံးကို လူတစ်လုံးသူတစ်လုံးဖြစ်လာ အောင် အစွမ်းကုန်ဆောင်ရွက်ပေတော့မည်။

အဲဒီမှာ နောက်တစ်မျိုးပြောင်းပြီး ပြောရပြန်တော့သည်။ သမ္မတကြီး ဦးသိန်းစိန် လုပ်ဆောင်နေတာ တွေက အစီအစဉ်တကျ၊ စနစ်တကျဆောင်ရွက်နေတာမျိုးမဟုတ်ဘဲ ဖြစ်သလိုလုပ်နေတယ် လို့ ပြောလာပြန်သည်။ သို့သော်လည်း အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်းသာ ရေးကြပြောကြသည်။ အချိန်တိုကာလလေးအတွင်းမှာ ပြုပြင် ပြောင်းလဲရတာဖြစ်တဲ့အတွက် ဘက်ပေါင်းစုံမှ တစ်ပြိုင်တည်းဆောင်ရွက်နေရခြင်းဖြစ်သည်ကို သဘော မပေါက်လေသလော။

လက်ရှိသမ္မတကြီးထက်ပိုတော်ကြောင်း ပြချင်၍ သမ္မတလုပ်လိုသည်မှာ မဆန်းပါ။ သို့သော် အခြေခံဥပဒေ ကို ပြင်ရမည်ဖြစ်သည်။ ပြင်ရမည်မှာလည်း ပုဒ်မ တစ်ခုလောက်သာဖြစ်သည်။ ဒါကိုပြင်နိုင်ရင် ပွဲသိမ်းပြီ။ ခက်တာက ၎င်းကိုပြင်လိုက်လျှင် မြန်မာနိုင်ငံ၌ နှစ်(၂၀)လောက်နေရုံဖြင့် ဖြူ ၊ နီ ၊ ကြောင် ၊ ကျား အားလုံး သမ္မတအရွေးခံပိုင်ခွင့်ရမည်ဖြစ်သည်။ အခြားနိုင်ငံများကို မဆိုလိုပါ။ ကျွန်တော်တို့နိုင်ငံသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများကြီးနေထိုင်သော နိုင်ငံဖြစ်သည်။ ယဉ်ကျေးမှုချင်းလဲ လုံးဝမတူပါ။  ဒီမိုကရေစီသည် သွင်းကုန်မဟုတ်ကြောင်း သတိပြုမိရန်လိုပါသည်။

ကျွန်တော် နောက်ဆုံးတွေးမိတာက မိမိရဲ့ဂုဏ်ဒြပ်နဲ့လျော်ညီရန် သမ္မတနေရာလေးတော့ရအောင် လုပ်မှ ဖြစ်မယ်လို့များ တွေးတောကြံစည်နေသလားလို့ပါခင်ဗျာ။


 Credit : Fighter King's Mail

NLD ပါတီဝင် အယောင်ဆောင် တဦး ရန်ကုန်မြို့လယ်မှာ ဖမ်းမိ


ရန်ကုန်မြို့လယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ၀တ်စုံနဲ့ ပါတီဝင်မဟုတ်သူ အယောင်ဆောင် လူတစ်ဦးကို ယနေ့ ဖမ်းမိလိုက်ပါတယ်တဲ့။ ဖြစ်ပုံကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မိတ္တီလာ အရေး အခင်း ဗွီဒီယိုခွေတွေ ရောင်းချနေတာကို တွေ့တော့ မသင်္ကာတာနဲ့ ကျောက်တံတားမြို့နယ်မှ NLD အဖွဲ့ဝင်တွေက ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက စုံစမ်းမေးမြန်းရာ NLD အဖွဲ့ဝင် မဟုတ်ဘဲ မြောက် ဥက္ကလာပ မြို့နယ်နေ ဇော်မင်းထွန်း ဆိုသူဖြစ်ကြောင်း သိရှိရပြီး ကျောက်တံတားရဲစခန်းကို အပ်နှံလိုက် တယ်လို့ သိရပါတယ်။


ရဲတပ်ဖွဲ့က ဘယ်လို ဆက်လက် အရေးယူဆောင်ရွက်မယ်ဆိုတာကို ကျောက်တံတားမြို့နယ်၊ ရန်ကုန် အနောက်ပိုင်းခရိုင်နှင့် ရန်ကုန်တိုင်း NLD တာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း NLD တာဝန်ရှိသူတွေက ဆိုပါတယ်။ 

အယောင်ဆောင်တာတောင် နိုင်ငံရေး လုပ်ကြံမှုပါတဲ့ အယောင်ဆောင်မှုပါ။ မိတ္ထီလာ အရေးအခင်းဖြစ်ပြီး တချို့ မီဒီယာတွေနဲ့ အင်တာဗျူးတချို့မှာ ဖြစ်ရပ်ဆိုးကြီးနောက်ကွယ်မှာ NLD နဲ့ ၈၈ တွေကပဲ နောက် ကွယ်က ကြိုးကိုင်ခဲ့ပါတယ်။

နောက်ပိုင်း ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင် ဦးအောင်သောင်းကလည်း အမေရိကန် သံအမတ် နဲ့ တွေ့ပြီးနောက်မကြာခင်မှာဘဲ ဒီ မိတ္ထီလာ အရေးအခင်းနောက်ကွယ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ သူတို့ရဲ့ အမာခံတွေက ဖန်တီးကြိုးကိုင်ခဲ့တာလို့လည်း ပြောခဲ့ပါတယ်။

Credit : Here

သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတော့မယ် လို့ ဒီကနေ့ ထုတ် ရွှေနိုင်ငံသစ် သတင်းစာမှာ နက္ခဗေဒဆရာ တယောက်က ရေးလိုက်ပါတယ်။

ဆရာ ဦးဇေယျာကို (နက္ခသိပ္ပံ) ရဲ့ ဆောင်းပါးမှာ အဲဒီလို ဟောကိန်းထုတ် ရေးသားထားတာပါ။

အသက် ၅၀ အရွယ်မှာ တွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Nic Dunlop)

"၂၀၁၅ နှောင်းပိုင်း ရွေးကောက်ပွဲအချိန်ကာလ နှင့် ၂၀၁၆ နှစ်ဦးပိုင်း သင်္ကြန်မတိုင်မီအချိန်ကာလ များသည် ဇာတာစန်းလဂ် တောက်ပ လင်းလက်လာမည့် အချိန်ကာလများ ဖြစ်သည့်အတွက် သူမ၏ အောင်မြင်မှုများအား မည်သူမှ တားဆီး ပိတ်ပင်၍ မရရှိနိုင်တော့ပေ" လို့ ဦးဇေယျာကို (နက္ခသိပ္ပံ)က ရေးထားပါတယ်။


"၂၀၁၅ ဇူလိုင်လနောက်ပိုင်း သိဟ်ရာသီရောက် ကောဇာကြာသပတေးဂြိုင်္ဟ်ကြီး၏ အထောက်အပံ့" ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံဇာတာမှာ တွေ့ရကြောင်း ရွှေနိုင်ငံသစ် သတင်းစာမှာ နက္ခတ္တအမြင်တွေကို နေ့စဉ် ရေးနေတဲ့ ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပါတယ်။

မြန်မာပြည်မှာ နိုင်ငံအာဏာကို စစ်တပ်က ချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ငါးဆယ်ရှိသွားပါပြီ။စစ်တပ် ကရော ဗေဒင် ဆရာ ဟောကိန်းထုတ်သလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ထိပ်သီးခေါင်းဆောင်ကြီးဖြစ် လာရေးကို သဘောတူပါ့မလား။ ဒီအချက်ကိုလည်း ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပြပါတယ်။

တနင်္လာဂြိုင်္ဟ်၏ သဘောတရားအရ တပ်မတော်နှင့် အပေးအယူ ညီမျှစွာဖြင့် ညှိနှိုင်းဆောင်ရွက်မှသာ "အနာဂတ် နိုင်ငံရေးရည်မှန်းချက်"ကို ပုံဖော်ခွင့်ရပါမယ် တဲ့။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်နေဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ကလည်း သူ သမ္မတ တာဝန် ထမ်းဆောင်လိုကြောင်း လူသိရှင်ကြားပြောကြား ထားပြီး ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမယ် ဆိုတာကို တကြိမ်ထက်မနည်း ဟောကိန်းထုတ်ခဲ့သူကတော့ အထင်ကရ ဗေဒင်ဆရာကြီးတယောက်ဖြစ်တဲ့ စံဇာဏီဘို ဖြစ်ပါတယ်။ သူ့ရဲ့ ဟောကိန်းအကြောင်းကို ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/04/blog-post_15.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

အင်္ဂါနေ့ဖွား ဒေါ်အောင်ဆန်းစုကြည် မွေးတဲ့နေ့က ၁၃ဝ၇ ခုနှစ် ဝါဆိုလဆန်း ၁ဝ ရက်နေ့၊ ၁၉၄၅ ဇွန်လ ၁၉ ရက်နေ့ပါ။ ရန်ကုန်မြို့ ဇာတိ ဖြစ်ပြီး မိဘများကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည် တို့ ဖြစ်ပါ တယ်။

ဗေဒပညာရှင်တဦးဖြစ်တဲ့ ဆရာကျော်စစ်ဟိန်းရဲ့ စာအုပ်တအုပ်မှာရေးထားတာကတော့ ဒေါ်အောင်ဆန်း စုကြည် ကို မွေးဖွားတဲ့အချိန်က ည ၇း၁၅ ဖြစ်ပါတယ် တဲ့။

မြန်မာပြည်မှာ၂၀၁၅ နှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကျင်းပပြီးရင် အုပ်ချုပ်မှုအပြောင်းအလဲ ဖြစ်လာမှာပါ ။ ဗေဒင် ဆရာတွေ ဟောကိန်းထုတ်တာ မှန်ကန်မယ် ဆိုရင်တော့ မဝေးတော့တဲ့ အနာဂတ်မှာ ဒီမိုကရေစီ ခေါင်းဆောင်က သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ တာဝန် ယူရပါလိမ့်မယ်။ အဲဒီအချိန်မှာ ဒေါ် အောင်ဆန်းစုကြည်က အသက် ၇ဝ ရှိနေမှာ ဖြစ်ပါတယ်။

ဧရာဝတီ

Credit : Here

ပဋိပက္ခများကာကွယ်ဖန်တီးမှုကြိုတင်ကာကွယ်တားဆီးရေး ကော်မတီဖွဲ့စည်း

ပဋိပက္ခများ ကာကွယ်ဖန်တီးမှု ကြိုတင်ကာကွယ် တားဆီးရေး ကော်မတီကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပန်းပဲတန်းမြို့နယ်အတွင်း ဖွဲ့စည်းထားကြောင်း ကော်မတီ ဖြစ်မြောက်ရေး တာဝန်ခံ ဦးသန်းမောင်က မဇ္ဈိမသို့ ပြောသည်။

ဦးသန်းမောင်က “ အခုက ပုခုံးချင်းယှဉ်တိုက်မိလဲ ဗမာနဲ့ မွတ်ဆလင် ဖြစ်နေတယ် ဆိုပြီး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေကြတာတွေကို ဥပဒေအရ ကြိုတင်ကာကွယ်နိုင်အောင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမြင့်သိန်း ခွင့်ပြုချက်နဲ့ ဖွဲ့စည်းဖြစ်တာပါ။ ” ဟုဆိုသည်။


ကော်မတီတွင် ပန်းပဲတန်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ၊ ဘာသာကြီးလေးခုမှ ပြည်သူများ၊ မြို့နယ် လဝက အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ပြည်သူများဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားအောင် လှုံ့ဆော်မှုများ မရှိစေရန် ကာကွယ်သွားမည်ဟု အဆိုပါ အဖွဲ့အစည်းမှ သိရသည်။

အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် ပန်းပဲတန်းမြို့နယ် အတွင်းလှုံ့ဆော်မှုများ ဖြစ်ပွားခြင်း မဖြစ်အောင် မြို့နယ် အာဏာပိုင်နှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လုံခြုံရေးကို ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်အောင်ဌေးက ပြောသည်။

၎င်းက “ ကျွန်တော်တို့ ပန်းပဲတန်းမြို့နယ်မှာ မွတ်ဆလင် လူနေအိမ်များပြီး ဗလီလည်း များတယ်။ ဟိုပဲခူးနဲ့ မိတ္တီလာဘက်မှာ ဖြစ်တော့ ဒီမှာလုံခြုံရေးကို မြို့နယ်ရဲတပ်ဖွဲ့တွေနဲ့ အထူး သတိထားဆောင်ရွက် ခဲ့ပါတယ်။ ပန်းပဲတန်းမြို့နယ် အတွင်းမှာရှိတဲ့ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဟိန္ဒူနဲ့ အစ္စလာမ် ဘာသာလေးခုလုံးရဲ့ ချစ်ကြည်မှုတွေကြောင့် ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး” ကဆိုသည်။

မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့များကို တိုင်းဒေသကြီး ခရိုင်၊မြို့နယ် ရပ်ကွက် များတွင် ကျယ်ပြန့်စွာ ဖွဲ့စည်းသွားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမြင့်သိန်း က ဧပြီလ ၂၄ရက်နေ့တွင် ပြုလုပ်သည့် ပန်းပဲတန်းမြို့နယ် အတွင်းရှိ ဘာသာကြီးလေးခု၏ ချစ်ကြည်ရေး မိတ်ဆုံစားပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများနှင့် စီးပွားရေး၊ လူမှုရေး ဘာသာရေး ကဏ္ဍစုံလင်စွာ ဖွံ့ဖြိုးတိုးတက် စေရန်နိုင်ငံအတွင်းရှိ ဘာသာကြီးလေးခုမှ ဆုတောင်းပေးရန် မေတ္တာရပ်ခံပါကြောင်း ပန်းပဲတန်းမြို့နယ် ဟိန္ဒူဘာသာ ကိုယ်စားလှယ် ဦးခင်မောင်က ပြောသည်။

၎င်းက “ ကျွန်တော်တို့ ဘာသာလူမျိုးရေး အစွန်းမရောက်ဖို့ လိုပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ လက် တဆုပ်စာမျှ လူနည်းစုကြောင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ ချစ်ကြည်ရေးကို ဘယ်နည်းနဲ့မှ ဖျက်ဆီးလို့ မရနိုင်ဘူးလို့ ယုံကြည်ပါတယ် ” ဟုဆိုသည်။ 

Credit : Here

ရခိုင်ပဋိပက္ခ ဖြေရှင်းနည်းများကို အစီရင်ခံစာတွင် အဓိက ထည့်ရေးထား သည်ဟုဆို

ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရမှ ဖြေရှင်းရန်နည်း လမ်းများကို အစီရင်ခံစာတွင် အဓိက ထည့်သွင်းရေးသားထားသည်ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အတွင်းရေးမှူးက မဇ္ဈိမကို ပြောသည်။

“အဓိကကတော့ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်တယ်။ ဒီပဋိပက္ခတွေ ဖြေရှင်းဖို့အတွက်၊ ချုပ်ငြိမ်းသွား ဖို့ အတွက် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတဲ့ဟာကို အဓိကထားပြီး ကျနော်တို့ ရေး ထားပါ တယ်” ဟု ဒေါက်တာကျော်ရင်လှိုင် က ပြောသည်။


စာမျက်နှာ ၁၀၀ ကျော် ပါသော အဆိုပါ အစီရင်ခံစာကို သမ္မတထံသို့ ယခုလ ၂၂ ရက်နေ့က ပေးပို့ထားပြီး ဖြစ်ပြီး အသေးစိတ်အချက်များကို ၂၉ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဟုဆိုသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပျက်ခဲ့သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် စုံစမ်း စစ်ဆေးရန်နှင့် အကြံပြုရန် အဖွဲ့ဝင် ၂၇ ဦးပါသည့် ကော်မရှင်ကို သမ္မတက ဖွဲ့စည်းပေးပြီး ရှစ်လကျော် အကြာတွင် အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

စုံစမ်းရရှိမှုများကို မတ်လကုန်တွင် သမ္မတထံ အစီရင်ခံစာ တင်ရန် ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း ရခိုင်တွင် ဖြစ်ပွားသကဲ့သို့ အလားတူ ကိစ္စရပ်များ ပေါ်ပေါက်ခဲ့၍ ကြန့်ကြာခဲ့ရကြောင်း ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနု က မဇ္ဈိမကို ပြောသည်။

“မတ်လကုန်မှာ မတင်ပြနိုင်တာက အဲဒီမတိုင်ခင်လေးမှာပဲ မိတ္ထီလာတို့၊ ကြို့ပင်ကောက်တို့ မှာ ပြဿနာ တွေနည်းနည်း ပြန့်နှံ့သွားတယ်ဆိုတော့ အခြေခံအားဖြင့် ကြည့်မယ်ဆိုရင် ရခိုင်နဲ့ အလားသဏ္ဍာန် တူနေ တယ်လေ။တော်ကြာကျတော့ တမျိုးတဖုံ ကောက်ချက်ချကြမှာစိုးလို့ အဲဒီတုန်းက ဘာမှ မထုတ်ပြန် ခဲ့တာပါ” ဟု ပြောသည်။

အစီရင်ခံစာတွင် ပဋိပက္ခများ ဖြစ်ရပ်မှန်များ ဖော်ပြပေးပြီး အနာဂတ်အတွက် ထိရောက်စွာ ကိုင်တွယ် သင့်ကြောင်း အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ဆိုသည်။

“ကျနော်တို့ ဆိုလိုချင်တာက ဒီပြဿနာရဲ့ အရင်းအမြစ်ပေါ့ဗျာ။ အရင်းအမြစ်ကို ဖေါ်ပြပေးဖို့ လိုတယ်။ ဖြစ်စဉ် ဖြစ်ရပ်အမှန် ဖေါ်ပြပေးဖို့ လိုတယ်။ ပြီးရင် နောင်ဒီလိုဖြစ်စဉ်ဖြစ်ရပ်မျိုးနောင်ကို မဖြစ်ရအောင် ဘယ်လို ကွယ်မလဲဆိုတာ ထိရောက်တဲ့ အစီအမံလိုတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုအစီရင်ခံစာကို သမ္မတထံ ပေးပို့သည့်နေ့မှာပင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ရေး အဖွဲ့ (HRW) က ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား “လူမျိုးတုန်း သုတ်သင်မှု” နှင့် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအတွက် အာဏာပိုင်များနှင့် ဒေသ အာဏာပိုင်များအား စွပ်စွဲပြစ်တင်ထားသည့် “All You Can Do is Pray” ခေါင်းစဉ်တပ် ၁၅၃ မျက်နှာပါ အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။

သို့သော် ဤပဋိပက္ခများ စတင်ဖြစ်ပေါ်ရခြင်းမှာ ဘာသာရေးကြောင့် မဟုတ်ဘဲ စီးပွားရေးကိုသာ အခြေခံ သည်ဟု ဒေါ်သန်းသန်းနုက မှတ်ချက်ပြုသည်။

“တဖက်ကလည်း လူဦးရေက အဆမတန် များလာတယ်။ များလာတော့ စီးပွားရေးမှာက တယောက်နဲ့ တယောက်က ပြိုင်ဘက်လို ဖြစ်လာတာပေါ့။ အဓိက ပြောမယ်ဆိုရင်တော့ အဲဒါကို အခြေခံတာပါပဲ” ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းမှ ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူပေါင်း တသိန်း ဝန်းကျင်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၄၀ ခန့် သေဆုံးခဲ့ရသည်။ 

Credit : Here

ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း သေနတ်ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း သေနတ် ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာနက ဧပြီလ ၂၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ လုပ်ကွက်အမှတ် ၈ MCC ၏ မြောက်ဘက်ရှိ ယာခင်းတွင် အောင်စိုး၊ ကိုထက် (ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်) သောင်းထက်ဦး (ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ ကျောင်းသားသမဂ္ဂအဖွဲ့)၊ မိုးကြိုး ပြင်အလယ်ရွာနေ ဇော်နိုင်နှင့် ၀င်းကျော်တို့ ဦးဆောင်ပြီး ဇီးကုန်းရွာနှင့် မိုးကြိုးပြင်ရွာတို့မှ ရွာသူရွားသား ၃၀ ဦးခန့်သည် နွားလှည်းငါးစီး၊ ထွန်လေးရှဉ်းဖြင့် ၀င်ရောက် ထွန်ယက်ခဲ့ရာ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ဆာလင်းကြီးမြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က သွားရောက်တားမြစ်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ခန့်မှာ ရွာသူရွာသား ၇၀ နှင့် နွားကိုးရှဉ်းခန့်ရောက်ရှိလာပြီး ထွန်ယက်နေသူများအား တားမြစ်နေသည့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့အား ထွန်ယက်နေသူများက ၀ိုင်းဝန်တားသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ပြန်လည် ကယ်ထုတ်ခဲ့ရသည်ဟု ပြန်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အလားတူ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင်လည်း ကြေးနီးစီမံကိန်း ဧရိယာ လုပ်ကွက် အမှတ် ၈၊ MCC ၏ အရှေ့ဘက်ရှိ ဆည်းတဲရွာမှ ကိုခင်ငြိမ်းနှင့် မယဉ်ယဉ်ဝင်းတို့၏ ယာထဲသို့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ အဖွဲ့အ၀င်အချို့ အပါအ၀င် ရွာသူရွာသား ၇၀ ဦးခန့်တို့သည် စုဝေးခဲ့ရာ အဆိုပါ လူစုလူဝေးအား မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ် မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာဖြစ်၍ ၀င်ရောက်ထွန်ယက်ခြင်း မပြုရန်၊ ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးအား ချက်ချင်းဖယ်ရှားရန် သုံးကြိမ် သတိပေး ကြေညာခဲ့ကြောင်း သိရသည်။ သို့ရာတွင် လူစုကွဲမသွားဘဲ ရန်ကုန်ပြည်သူ အကျိုးဆောင် ကွန်ရက်အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့၏ မြှောက်ပင့်ပေးမှုကြောင့် ရွာသူရွာသား များမှ ရဲတပ်ဖွဲ့ဝင်များအား ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် လိုက်လံဖမ်းဆီးခဲ့ရာ သုံးဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း၊ လူစုလူဝေးမှာ ဆက်လက်ပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် လူစုခွဲရန် ကြေညာခဲ့ပြီး သေနတ်ဖြင့် သုံးချက်ခန့် မိုးပေါ်ထောင်ဖောက်ခဲ့ရာ ရွာသူရွာသားများသည် ဆုတ်ခွာသွားပြီး ယင်းဖြစ်စဉ် တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦး မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့ပြင် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လုပ်ကွက်အမှတ် ၈ MCC ၏ အနောက်ဘက် မိုးကြိုးပြင် အလယ်ရွာနေ ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ ကျောင်းသားသမဂ္ဂအဖွဲ့မှ အဖွဲ့ဝင်အချို့ အပါအ၀င် ရွာသူရွာသား ၂၀ ဦးခန့်သည် နွားလှည်းနှစ်စီးဖြင့် ရောက်ရှိလာခဲ့ပြီး ၄င်းတို့၏ လယ်ယာမြေအတွင်း ထွန်ယက်ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာတို့မှ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၄င်းတို့မှ ရန်လိုသည့် အပြုအမှုဖြင့် တုံ့ပြန်လာသည့်အတွက် ၄င်းတို့အား မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဖမ်းဆီးစဉ် ရွာသူရွာသားများမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ငါးဦး မစိုးရိမ်းရ ဒဏ်ရာအသီးသီး ရရှိခဲကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နံနက် ၁၀ နာရီ ၀န်းကျင်တွင် ရွာသူရွာသားများမှ ဖမ်းဆီးထားသူများအား ပြန်လည်လုယူရန်အတွက် လုပ်ကွက်အမှတ် ၈ MCC ၏ အရှေ့ဘက် နေရာသို့ ဆည်းတဲရွာဟောင်းမှ ရွာသူရွာသား နှစ်ရာဦးခန့် သည် တုတ်၊ ဓား၊ ကျောက်ခဲ၊ လေးခွများ ကိုင်ဆောင်ပြီး ထပ်မံစုဝေး ရောက်ရှိလာသည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးက လူစုကွဲ ထွက်ခွာရန် ကြေညာခဲ့သော်လည်း ရွာသူရွာသူများက ရဲတပ်ဖွဲ့ဝင်များ အနီးသို့ရောက်ရှိလာခဲ့ပြီး ရွာသားတစ်ဦးက ဓားဖြင့် ၀င်ခုတ်ခဲ့သည့် အပြင်၊ အမျိုးသမီး တစ်ဦးက ထန်းလျက်တုတ်ဖြင့် ၀င်ရိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ လုပ်ဆောင်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များက သတိပေး ကြေညာကာ ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့ ၆ ချက် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း ၊ရွာသူရွာသားများက ရဲတပ်ဖွဲ့ဝင်များအား ခဲများ လေးခွများဖြင့် ဆက်၍ ပစ်ခတ်သည့် အပြင် ရှေ့သို့တက်လာကာ ပလက်စတစ် ရေသန့်ဗူးအတွင်း ဓာတ်ဆီထည့်ကာ ကြိုးဖြင့် မီးစာ ပြုလုပ်ထားသည့် မီးလောင်ဗုံးဖြင့် ရဲတပ်ဖွဲ့ဝင်များ ဟန့်တားသည့်နေရာသို့ပစ်ပေါက် အန္တရာယ်ပြုလာပြီး ခဲများဖြင့် အင်အားသုံး ပစ်ပေါက် ရှေ့သို့တိုးလာမှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့ ၁၂ ချက် ထပ်မံပြီး ခြောက်လှန့်ပစ်ခတ် ခဲ့ရကြောင်း၊ ရွာသားသုံးဦးက ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးချုပ်နှောင်ပြီး ထရွတ်တိုက် ဆွဲခေါ်သွားမှုကြောင့် သေနတ်လေးချက် ပစ်ဖောက်ပြီး ပြန်လည် ဆွဲထုတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ရွာသူရွာသားများ ဘက်မှ ပလက်စတစ် ရေသန့်ဗူးအတွင်း ဓာတ်ဆီထည့်ကာ ကြိုးဖြင့်မီးစာ ပြုလုပ် ထားသည့် မီးလောင်ဗုံးများဖြင့် ဆက်လက်ပစ်ခတ် လုံးထွေး တိုက်ခတ်လာ၍ ရာဘာကျည်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ရာ ရွာသားများ နောက်ဆုတ်သွားပြီး ၁၀ နာရီ ၄၀မိနစ်တွင် လူစုကွဲသွား ခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲသည်။

ယင်းသို့ ဒေသခံ လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် ရွာသားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီးရမိသူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည့်အပြင် ပြစ်မှုကျူးလွန် သူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit : Here