Credit : Here
Tuesday, April 2, 2013
ဝါယာအပူ လွန်ကဲရာမှ မီးထလောင်ခြင်း ထင်ရှား
ရေနံဆီလောင်းပြီး မီးရှို့တယ်လို့ အထင်ရှိနေသူများနဲ့ ကြမ်းပြင်တွင် ရေနံဆီတွေ ဖြန်းထားလို့ ထွက်ပြေး တာ တောင်ချောလဲ ရပါတယ်လို့ ဖွကြသူများ အတွက် ဤ ပုံသည်ပြန်လည်ရှင်းပြစရာ သက်သေကောင်း တစ်ခုဖြစ် သည်။
ပုံတွင် လေးထောင့်အကွက် ဖြင့် ပြထားသောကြမ်းပြင်နေရာ မှ နံရံကပ်ကြွေပြားများသည် အကောင်း ပကတိဖြူနေသော ကြောင့် မီးဖုတ်ခံရခြင်းမရှိသည့်အတွက် ကြမ်းပြင်မှ မီး အပူချိန်ကူးဆက်ခြင်း မဟုတ်ကြောင်း ထင်ရှားပါသည်။ ပုံတွင် အ၀ိုင်းပြထားသော မီတာပုံးဝန်းကျင် လျှပ်စစ်ဝါယာ ကြိုးများ သွယ်တန်းထားရာနံရံတစ်လျှောက်မှာတော့ နံရံကပ် ကြွေပြားများသည် အပူချိန်မြင့်မားစွာ မီးဖုတ်ခံရ သည့် အတွက် မီးကျွမ်းမဲတူးပြီး ကွဲကြေနေသည်များကို တွေ့မြင် ရမည်ဖြစ်ပါသည်။
ထို့ကြောင့် မီးသည် မိုးသီးဇွန်တို့ ဖွနေသလို ကြမ်းပြင်မှ ရေနံဆီလောင်းမီးရှို့ခံရခြင်းမဟုတ်ပဲ ၀ါယာအပူ လွန်ကဲရာမှမီးထလောင်ခြင်းမှာ ထင်ရှားပါသည်ခင်ဗျာ။
Credit : Here
မီးလောင်ကျွမ်းသည့် ဒီဇယ်ပုံးအကျန်ကို ပြသနေစဉ်
မီးအားမြှင့်စက် အပူလွန်ကဲရာမှ မတော်တဆ မီးလောင်မှုဖြစ်ခဲ့ခြင်းကို ရေစိုစောင်ဖြင့် ငြိမ်းသတ်ရာမှ အနီးရှိ ဒီဇယ်ပုံးကိုတိုက်မိကာ ယခုကဲ့သို့ ၄၈ လမ်း ဗလီမီးလောင်မှုဖြစ်ပြီး အသေအဆုံးများခြင်း ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး မြင့်အေးက ဆိုသည်။
Credit : Here
အင်တာနက် ပွင့်လင်းမှုရဲ့ နောက်ကွယ်က အန္တရာယ် Google ဥက္ကဌ စိုးရိမ်
ရန်ကုန်မြို့ MICT Park တွင် မတ်လ ၂၂ရက်နေ့က ဂူဂယ် ဥက္ကဌ Eric Schmidt
နဲ့ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်က တာဝန်ရှိသူတွေ တွေ့ဆုံခဲ့စဉ်
ကမ္ဘာ့အထီးကျန်အဖြစ်ဆုံး နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အင်တာနက်ပွင့်လင်းမှု တိုးတက်လာတာနဲ့အညီ စိုးရိမ်စရာအချက်တွေရှိနေကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က မနေ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ Google ကုမ္ပဏီက အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့အတွက် ပြီးခဲ့တဲ့လကလာရောက်ခဲ့တဲ့ မစ္စတာ Eric Schmidt က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကောင်း မြင်တဲ့အချက်တွေရှိသလို၊ စိုးရိမ်စရာတွေလည်းရှိနေကြောင်း Google စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အဲဒီထဲက အဓိကအချက်အနေနဲ့ မြန်မာနိုင်ငံမှာ ကာလရှည်ကြာရှိနေခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေဟာ အင်တာနက်ပေါ်ရောက်ရှိ ဖုံးလွှမ်းသွားပြီး၊ နောက်ထပ်ဖိနှိပ်မှု ခေတ်သစ်တစ်ခုဆီ ဦးတည်သွားမှာကို အထူးစိုးရိမ်မိတယ်လို့ ရေးသားခဲ့ပါတယ်။
ဖိနှိပ်ချုပ်ချယ်မှုတွေ တားဆီးမှုတွေ ဖယ်ရှားလိုက်တာနဲ့အမျှ နဂိုမူလကရှိနေတဲ့ ဘာသာရေးတင်းမာမှု တွေဟာ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့အတူ ထကြွလာလို့ အစိုးရအနေနဲ့ စစ်တပ်ကို အသုံးပြုရတဲ့အခါ မြန်မာနိုင်ငံရဲ့ အင်တာနက်ဟာလည်း အန္တရာယ်ကာလအပိုင်းအခြားထဲ ရောက်ရှိသွားတော့မှာ ဖြစ်ပါတယ် လို့ မစ္စတာ Schmidt က ဆိုပါတယ်။
ဒါ့ပြင် လက်ရှိမြန်မာနိုင်ငံ အခြေအနေတွေကြောင့် အင်တာနက် လွတ်လပ်ခွင့်အပေါ် ထိပါးနိုင်တဲ့ဘေးက ကယ်တင်နိုင်မယ့်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်သာရှိကြောင်း၊ ပဋိပက္ခအခြေအနေတွေ အေးချမ်းလာရေးမှာ မြန်မာနိုင်ငံသားတွေရဲ့ ပင်ကိုယ်စိတ်နှလုံး သဘောထား ကောင်းမွန်တာကလည်း အကောင်းဘက်ကို မျှော်လင့်နိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က ရေးသားခဲ့ပါတယ်။
Credit : Here
မြန်မာသံအမတ်ကြီး ဆန်ဖရန်နှင့်အယ်လ်အေက မြန်မာများနှင့် တွေ့ဆုံမည်
လက်ခံရရှိသော ပေးစာများအရ မတ်လ ၂၈ ရက်စွဲဖြင့် ၀ါရှင်တန်ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် လက်ရှိမြန်မာသံအမတ်ကြီး ဦးသန်းဆွေက လက်ရှိမြန်မာပြည်၏ အခြေအနေများကို ရှင်းပြရန်နှင့် သိလို သည်များကို ဖြေကြားရန်အတွက် လာမည့် ဧပြီလ ၆ တွင် ဆန်ဖရန်၊ ဒေးလီးစီတီး၊ ဆယ်ရီမောင်တီ ရိပ်သာတွင်၎င်း၊ ဧပြီလ ၇ ရက်တွင် အယ်လ်အေ၊ လာပွန်တီး၊ မြန်မာ့ဘုန်းတော်ကြီးကျောင်းတွင်၎င်း တွေ့ဆုံပွဲများ အသီးသီးကျင်းပမည်ဖြစ်ကြောင်း၊ ဖိတ်ကြားစာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
၂၀၁၂ စက်တင်ဘာလ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန် အမေရိကန်ပြည်သို့ လည်ပတ် စဉ်ကလည်း သမ္မတရုံးဝန်ကြီးများနှင့် အစိုးရအရာရှိများက ၀ါရှင်တန်ဒီစီနှင့် နယူးယောက်ရှိ မြန်မာများနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြသည်။ ၂၀၁၂ နှစ်ကုန်ပိုင်းက မြန်မာသတင်းများတွင် အမေရိကန်ရှိ မြန်မာ သံရုံးက ပစိဖိတ်ကမ်းခြေ အနောက်ခြမ်းပြည်နယ်များရှိ ဆက်သွယ်မှု ချောမွေ့စေရန် ကောင်စစ်ဝန်ရုံး တခုကို ဆန်ဖရန် သို့မဟုတ် အယ်လ်အေတွင် ဖွင့်လှစ်ရန် စီစဉ်မည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
မြန်မာပြည်နိုင်ငံရေးအရ ရွှေ့ပြောင်းအခြေချလာသူ နိုင်ငံရေးဒုက္ခသည်များနေထိုင်ရာ ဥက္ကလံမြို့နေ မြန်မာ တိုင်းရင်းသားမိသားစုများနှင့် ဆက်သွယ်ပြီး တွေ့ဆုံခြင်း ရှိမရှိကိုမူ မသိရပေ။ အမေရိကန်ပြည်၏ ပြည်နယ် အများအပြားတွင် မြန်မာပြည်က နိုင်ငံရေးဒုက္ခသည် တိုင်းရင်းသားအများအပြားနေထိုင်လျက်ရှိရာတွင် လက်ရှိ မြန်မာအစိုးရအရာရှိများ မျက်စိကျသည့်နေရာမှာ အမေရိကန်မြို့တော်ကြီးများတွင် နေထိုင်သည့် မြန်မာများသာ ဖြစ်ပုံရသည်ဟု ၀ါရှင်တန်ပြည်နယ်က မြန်မာ့အရေးလှုပ်ရှားသူတဦးက မှတ်ချက်ပေးသည်။
Credit : Here
မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်
မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့် က ပြော ကြား သည်။
“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီး ပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။
လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရ ဖြစ်အောင် ရိုက်နှက်တဲ့သူတွေကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက် အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်း ပူးပေါင်းဖို့ လိုအပ် ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည် စခန်း များတွင် ဒုက္ခသည်များကို ထောက်ပံ့ ပစ္စည်းများပေး အပ်စဉ်ပြောကြားသည်။
“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှမြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခု ကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့ သူတွေရော ဒုက္ခသည်ဖြစ်သွားရတဲ့သူတွေအားလုံးအတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ် ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။
“ပုဒ်မ ၁၄၄ ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုး အိမ်စည်း စိမ်တွေထက်ပြီး မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်းသွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသ ကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။
ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြား ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှု ကျူးလွန် သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။
Credit : Here
နေ့စဉ်ထုတ်သတင်းစာများ နယ်စပ်မှာ အရောင်းသွက်
ယနေ့မြ၀တီတွင် စတင် ရောင်းချနေသည့် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ၄ မျိုး
(ဓာတ်ပုံများ - ပြည်တော်မြင့် / ဧရာဝတီ)
နှစ်ပေါင်း ၅၀ အတွင်း တကျော့ပြန် ထွက်ရှိလာတဲ့ နေ့စဉ်ထုတ် မြန်မာသတင်းစာ ၄ မျိုးဟာ တရက် နောက်ကျပြီး ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ကို ရောက်လာပေမယ့် ရောက်ရောက်ချင်း ရောင်းလို့ ကုန်သွားတယ်လို့ မိုးစက်ပွင့် စာနယ်ဇင်း ဖြန့်ချိရေးဆိုင်က ဧရာဝတီသတင်းဌာနကို ပြောပါတယ်။
မိုးစက်ပွင့်ဆိုင်က မမြင့်မြင့်သွယ်က “ကျမတို့ဆိုင်က နေ့စဉ်ထုတ်သတင်းစာ ၄ မျိုးကို အစမ်းတင် ရောင်း ကြည့်တာပါ။ စောင်ရေ ၁၀၀ လောက်ပါ။ ရောက်တာနဲ့ ကုန်သလောက် ဖြစ်သွားပါတယ်။ စာဖတ် ပရိသတ် တွေက စိတ်ဝင်စားကြပါတယ်” လို့ ပြောပါတယ်။
အခြေအနေပေါ် ကြည့်ပြီး တိုးမြှင့်ဖြန့်သွားမယ်၊ မြ၀တီကို ရောက်ရှိလာတဲ့ နေ့စဉ်ထုတ် သတင်းစာတွေရဲ့ ရောင်းဈေးက ပြည်ထောင်စုနေ့စဉ်က ကျပ် ၅၀ နဲ့ ရောင်းပြီး ကျန်တဲ့သတင်းစာတွေကိုတော့ တစောင်ကျပ် ၂၅၀ နဲ့ ရောင်းတယ်လို့ မိုးစက်ပွင့်စာပေက ဆိုပါတယ်။
ဒီနေ့မြ၀တီကို ရောက်တာက ပြည်ထောင်စုနေ့စဉ်၊ စံတော်ချိန်၊ ရွှေနိုင်ငံသစ်နဲ့ The Voice Daily သတင်းစာတွေ ဖြစ်ပြီး သတင်းတင်ပြပုံတွေက အစိုးရထုတ် သတင်းစာတွေလို လေးလေးပင်ပင် မရှိတဲ့ အတွက် ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်၊ ဒါကြောင့် အားပေးတဲ့လူများတာ ဖြစ်တယ်ဆိုပြီး မြ၀တီက မီဒီယာသမားတဦးက ပြောပါတယ်။
နေ့စဉ်ထုတ် သတင်းစာနဲ့ ပတ်သက်လို့ မြ၀တီဒေသခံ ဦးအုန်းက “တလကို ကျပ်ငွေ ၈,၀၀၀ လောက်နဲ့ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ သတင်းတွေကို အချိန်မီဖတ်ရတာ ဆိုတော့ တန်တယ်။ နောက်ဆိုရင် ဆယ်ဂဏန်းအထက်ကို ထွက်မှာဆိုတော့ အရည်အသွေး ကောင်းတဲ့ သတင်းစာတွေကတော့ အမာခံ စာဖတ်ပရိသတ် ရမှာကတော့ သေချာတယ်။ နေ့စဉ်သတင်းစာ ထုတ်တဲ့လူတွေလည်း အရင် သတင်းစာတွေလို ပြိုင်ဘက်မရှိဘဲ အနုတောမှာ လူချောလုပ်လို့ မရတော့ဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။
မြ၀တီကနေတဆင့် ထိုင်းဘက်ခြမ်း မဲဆောက်ကိုသွားတဲ့ အစိုးရအာဘော် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊ မြ၀တီ သတင်းစာတွေကို လစဉ်ပုံမှန်ယူတဲ့စောင်ရေက ၅၀ နီးပါး ရှိတယ်၊ အခုတော့သူတို့က ပုဂ္ဂလိက သတင်းစာတွေကို ပြောင်းယူတော့မယ်လို့ မဲဆောက်မှာ မြန်မာစာနယ်ဇင်း ဖြန့်ချိတဲ့ ကိုအောင်က ပြောပါတယ်။
Credit : Here
"ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း"

ဗိုလ်တစ်ထောင်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု နှင့် ပတ်သက်၍ ကောလဟာလ သတင်းများထွက်ပေါ်နေမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယနေ့ညနေ ၅ နာရီ ၃၀ ခန့်တွင် ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်လိုက်သည်။
အဆိုပါ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့မှုးတို့မှ အခင်းဖြစ်ပွားရာတွင် ဗလီဆရာဦးဇေယျာဖြိုးမှ လုပ်ကြံဖန်တီးထွက်ဆိုမှုကြောင့် ကောလဟာလသတင်းများ ထွက်ရှိခဲ့ကြောင်း ၊ယခုအခါ စစ်ဆေးချက်များအရ အဖြစ်မှန်ကို သိရှိနေရပြီဖြစ်ကြောင်း ပြောကြားကြသည်။
"တကယ်တမ်းစပြီးတော့ မီးအားမြင့်စက် အသံမြည်တယ်။ ခလေးတွေက နိုး တယ် နောက်တော့ ဗလီဆရာကို နိုးတော့ မနိုးဘူးလို့ သိရတယ်။
မီးပြတ်ရင် စက်ရှိတယ် တဲ့။ တရုတ်နီ ၂၅ ကောင်အား ဒီဇယ်သုံးတာပါ။ လှေခါးရဲ့ အောက်မီအားမြင့်စက်အောက်မှာ ဒီဇယ်ပုံးရှိပါတယ်။
ဒီဇယ်ဆွတ်ထားတဲ့ စောင်ကို ဖြန့်ပြီးပစ်မလား၊ ထွက်ဆိုချက်တွေ လွဲနေပြီ ဆိုတော့ မှ ၀န်ခံပါတယ်။
ခလေးတွေ ကပြောတယ်။ လှေကားအောက် မီးအားမြင့်စက်နားမှာ ဒီဇယ်ပုံး ထားတာပါ။
၅ ဂါလံပုံးက ဒီအထဲကိုရောက်နေမလား။
သူ့ကြောင့် ခလေးတွေ ဆုံးတာကို တမင် လွဲပြောထားတာ။
၁၈၈ ထုတ်ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်က ကင်းလှည့် ။ ရဲက ကင်းလှည့် ဘယ်သူကလာရဲမှာလဲ။၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး " ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။
Credit : Here
နိုင်ငံတွင် ပဋိပက္ခအရေး ကင်တားနား ပြောကြားချက် နိုင်ငံရေး လေ့လာသူများ နှင့် ပါတီများက ကန့်ကွက်
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ္စတာကင်တားနားက လက်ရှိပဋိပက္ခများ တွင် နိုင်ငံတော် အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုအပေါ် နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၄င်း၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ သတင်းများအရ မစ္စတာကင်တားနားက နိုင်ငံတော်အဖွဲ့အစည်းအချို့ (some section of the State) သည် လတ်တလော ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများတွင် တိုက်ရိုက်ပါဝင်နေကြောင်းနှင့် အကြမ်း ဖက်သူများအား ကူညီအားပေးနေကြောင်းကို မတ်လ ၂၈ ရက်တွင် ပြောဆိုခဲ့သည့်အပေါ် ကန့်ကွက် ကြောင်း ယင်းက ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မစ္စတာကင်တားနား သည် ရှေ့နေတစ်ယောက်ဖြစ်ကြောင်း၊ ရှေ့နေများသည် အချက်အလက် တိတိကျကျသိမှပြောကြသည် ဖြစ်ကြောင်းနှင့် ယင်းအနေဖြင့် ပြည်တွင်းရှိ နိုင်ငံရေး အဖွဲ့အစည်းတချို့၏ ပြောပြချက်အပေါ် အခြေခံပြီး ပြောဆိုခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။ ထို့ပြင် နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက သံသယ မျက်လုံးနှင့် ကြည့်သည့်အတွက် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်နိုင်ကြောင်း၊ ယင်းသို့ ပြောဆိုရာတွင် ပြည်တွင်း ရှိ အဖွဲ့အစည်းအချို့၏ သုံးသပ်ချက်များနှင့် ယခင်အစိုးရလက်ထက်က လုပ်ဆောင်ချက်များကို အခြေခံပြီး ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း ယင်းကသုံးသပ်သည်။
ယင်းက ဆက်လက်ပြီး “အစိုးရအနေနဲ့ အကွက်ကျကျ လုပ်ဆောင်တယ်လို့ မထင်ဘူး။ တိုင်းပြည် ဂုဏ်သိက္ခာကျအောင် အစိုးရအနေနဲ့ လုပ်ဆောင်စရာ အကြောင်းမရှိဘူး။ အခု ဟိုးအရင်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အမျိုးသားရေးဆန်ဆန် လုပ်ဆောင်ခဲ့တဲ့ နောက်ခံအကြောင်းရင်းတွေေ ကြာင့် ဖြစ် တာလို့ထင်တယ်။ ဒီအတွက် မစ္စတာကင်တားနား ပြောဆိုချက်အပေါ် ကျွန်တော့်အနေနဲ့ လက်မခံနိုင် ပါဘူး” ဟု သုံးသပ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
Credit : Here
အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် ရွာတချို့ကို လျော်ကြေးပေး
အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းအတွင်း ရေ၀ပ်ဧရိယာသို့ ကျရောက်လျက်ရှိသော ရွှေ့ပြောင်းပေးရမည့် ကျေးရွာ ၂၂ ရွာ၏ နစ်နာမှုများအတွက် ကျေးရွာအသစ် ပြန်လည် အစားထိုးပေးခြင်း၊ လယ်မြေများ ပြန်လည် အစားထိုးပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က ပြောသည်။
မတ်လ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်နေ့များကလည်း ရေ၀ပ်ဧရိယာအတွင်း ကျရောက်လျက်ရှိသော ကျေးရွာ ၂၂ ရွာအနက် ရွာ ၄ ရွာအား လျော်ကြေးငွေ ပေးအပ်ပွဲကို အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ရှင်းလင်း ဆောင်တွင် ကျင်းပပေးအပ်ခဲ့ကြောင်း ယင်းက ထပ်လောင်းပြောကြားသည်။
ကျေးရွာသူ/သားများက ပြောကြားရာတွင် မိမိတို့ တောင်းဆိုထားသည့် ပမာဏ ရရှိသဖြင့် ကျေနပ်ကြောင်း ပြောဆိုသည်။
ကျန်ရှိ ကျေးရွာများကိုလည်း ဧပြီ ၄ ရက်နေ့တွင် လျော်ကြေးငွေများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင် ကဆိုသည်။
လျော်ကြေးငွေ ပေးအပ်ပြီးစီးခဲ့သည့် ကျေးရွာ ၄ ရွာ အနေဖြင့် လျော်ကြေးငွေ စုစုပေါင်း သိန်းပေါင်း တသောင်းနှစ်ထောင်ကျော်အထိ ပေးအပ်ခဲ့ကြောင်း ဦးစိုင်းထွန်းရင်က ဆိုသည်။
ယင်းပေးအပ်ခဲ့သည့် ကျေးရွာများမှာ ရွာကြီး၊ သင်္ဘောကုန်း၊ ဟင်္သာကုန်း၊ ဂွေးကုန်း ရွာတို့ ဖြစ်ကြောင်း သိရသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသည် ပျဉ်းမနားမြို့ အရှေ့ဘက် ၁၆ မိုင်အကွာတွင် တည်ရှိပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ၃ ခုဆုံတွင် တည်ရှိသည့် စီမံကိန်းတခုဖြစ်သည်။ ရေဆင်းဧရိယာ အနေဖြင့် ၉၃ စတုရန်းမိုင်ရှိပြီး ပျမ်းမျှမိုးရေချိန်လက်မ တနှစ်လျင် ၆၀ လက်မရှိကာ ရေပိုလွဲအမျိုးအစား ၁၆၅ ပေ ကျယ်ဝန်းသည်။ ၂၀၁၄ ဧပြီတွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိ အင်ဂျင်နီယာအဖွဲ့၏ ပြောပြချက်အရ သိရှိရသည်။
Credit : Here
၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ကောလာဟလများ ထွက်ပေါ်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ရယူထား
၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်
ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ကောလာဟလများ ထွက်ပေါ်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ရယူထားကြောင်း ဧပြီ ၂ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးမြင့်အေးက ပြောသည်။
"ကောလာဟလတွေ၊ မသမာတဲ့ သူတွေရဲ့ သတင်းအမှားတွေ မပေးနိုင်အောင် လုံခြုံရေးကို အပြည့်အ၀ ရယူထားပါတယ်။ စောင့်ရှောက်ပေးထားပါတယ်။ ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပါ တယ်" ဟု ၄င်းက ပြောသည်။
ယင်းမီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ရှိ မြို့နယ် ၆ မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀ နှင့် ရဲတပ်ရင်းမှ ရဲအင်အား ၃၀ တို့က လုံခြုံရေး ရယူထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာ ဗလီသို့ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးမြအေးလည်း လာရောက်ကြည့်ရှုခဲ့ပြီး "အစ္စလာမ်ဘာသာဝင်တွေကို ပြောချင်ပါတယ်။ ကျွန်တော်လည်း မွတ်စ်လင်ပါပဲ။ အားလုံးဟာ ဥပဒေရဲ့ အဆုံးအမအောက်မှာပဲ တန်းတူဖြစ်စေရပါမယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် စိတ်ခံစားမှုတွေကို ရှေ့တန်းတင်ပြီး မရှင်းကြဖို့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။
Credit : Here
လင်မယားတွေအကြောင်းပြောပါတယ် တက်လည်းတက်နိုင်ပါ့
စစ်သားလင်မယား
ယောက်ျား - ခြင်ထောင်ထဲ ၀င်ခွင့်ပြုပါ
မိန်းမ - အမြန်ဝင် ပြီးရင် သတင်းပို့
ရှေ့နေလင်မယား
ယောက်ျား - ခြင်ထောင်ထဲဝင်ရောက်ရန် အကြောင်းပေါ်ပေါက်ပါပြီလား
မိန်းမ - လျော်ကန် သင့်မြတ် သဖြင့် ၀င်ခွင့်ပြုလိုက်သည်
လွှတ်တော်အမတ်လင်မယား
ယောက်ျား - အပြင်မှာ ခြင်များ သောင်းကျန်းနေပါသဖြင့် ခြင်ထောင်ထဲ ပေးဝင်ရန် အစီအစဉ်
ရှိ/မရှိ သိရှိလိုပါတယ်
မိန်းမ - ကလေးသေးတည်ပြီးသည့် အချိန်တွင် စဉ်းစားပေးမည် ဖြစ်ကြောင်း။
ဆရာဝန်လင်မယား
ယောက်ျား - သွေးလွန်တုပ်ကွေး ရောဂါ ကျရောက်မှာစိုးရတယ်
မိန်းမ - ခြင်ထောင်အပြင်မှာ ခြင်ဆေးခွေ ထွန်းပီး ၀င်ခဲ့လေ ဒေါက်တာ။
မီးသတ်လင်မယား....
ယောက်ကျား - မိန်းမရေ ငါခြင်ထောင်ထဲ ၀င်လာ.ပီဟေ့......ဝေါ်..ဝေါ် ..ဝေါ်.....( ဒုန်း )
မိန်းမ - အွတ်စ် ...တေပါပီရှင်။ ခြင်ထောင်ထဲမှာ မီးမလောင်ဖူးရှင့်။
ရဲလင်မယား
ယောက်ကျား - တာဝန်အရခြင်ထောင်ထဲဝင်မယ်
မိန်းမ - ဆူပူ မှူ မဖြစ်ရန် နဲ့ တည်ငြိမ်မှူ ရရှိဖို့ ၀င်လာခဲ့။ ဒါပဲ
တိန်
ရီမောပျော်ရွှင်ပါစေ
Credit : Here
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် (၄၈)လမ်း မီးလောင်မှု ဖြစ်စဉ်အမှန်
(Eleven Media Group ၏ ဗီဒီယိုမှတ်တမ်းမှ ဖြစ်ပါသည်)
ဧပြီလ ၂ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်က စတင်လောင်ကျွမ်း ခဲ့ပြီး နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးအားမြှင့်စက် ဝါယာရှော့ခ် ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်လင်းပြောကြားချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်-
မြို့နယ်မီးသတ်ဦးစီးမှူး၏ ရှင်းလင်းပြောကြားချက်
------------------------------------------------------
(၁) မိမိတို့ရောက်ရှိသည့်အချိန်တွင် မီးတောက်များ ထွက်ရှိခြင်း မရှိကြောင်း၊ ပြတင်းပေါက်များက မီးခိုးများ ထွက်နေကြောင်း၊ လျှပ်စစ်မီးပင် လျှင် ပြတ်တောက်မှု မရှိသေးကြောင်း၊
(၂) ထိုအချိန်တွင် မည်သူမျှလည်း မရှိသေးကြောင်း၊ မိမိတို့မီးသတ်တပ်ဖွဲ့များက ရေဖြင့် ထိုးပက် ခဲ့ကြောင်း၊ တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် ရှိနေသည့် ကလေးများ ဆင်းပြေးလာခဲ့ကြောင်း၊
(၃) အားလုံးပေါင်း (ခန့်မှန်း) ၅၀ ကျော် ၆၀ လောက် ရှိကြောင်း၊ မိမိတို့ တပ်ဖွဲ့ဝင်များက အောက်တွင် ငြိမ်းသတ်ပြီး အပေါ်သို့ တက်သွားခဲ့ကြောင်း၊ အပေါ်တွင် အလောင်းများ တွေ့ရှိခဲ့ရကြောင်း၊
(၄) မီးလောင်ကျွမ်းရသည့် အကြောင်းရင်းမှာ အောက်ထပ်တွင်ရှိသော လှေကားခွင်တွင် ထရန်စဖော်မာ ရှိကြောင်း၊ ထရန်စဖော်မာ(မီးအားမြှင့်စက်) မှ စတင်လောင်ကျွမ်းသည်ဟု ယူဆကြောင်း၊ ၄င်း လောင် ကျွမ်းသည့်နေရာမှာ အတက်-အဆင်းပြုလုပ်သည့် လှေကားကို ပိတ်နေသည့်အတွက်ကြောင့် ဆင်းပြေး၍ မရဘဲ ပိတ်မိနေရခြင်းဖြစ်ကြောင်း၊ မြင်တွေ့ရသည့်အတိုင်း အဆောက်အဦးမှာ ထွက်ပေါက်မရှိဘဲ ပြတင်း ပေါက်များတွင်လည်း သံတိုင်များ အသေပိတ်ထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မီးအားမြှင့်စက်မှ စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊
(၅) သေဆုံးသူ စုစုပေါင်း (၁၃)ဦး ရှိကြောင်း၊ လောလောဆယ် အချိန်အထိ ဒဏ်ရာရရှိသူ မရှိသေး ကြောင်း။
ရန်ကုန်တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး၏ ရှင်းလင်းပြောကြားချက်
------------------------------------------------------------------------
(၁) သေဆုံးသူ (၁၃)ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း၊ ရန်ကုန်ဆေးရုံကြီးတွင် သေဆုံး ရသည့်အကြောင်းရင်း Cause of Death ကို ဖော်ထုတ်နေကြောင်း၊ အဓိကအချက်မှာ ရင်ခွဲစစ်ဆေး ခြင်းများ ပြုလုပ်ပြီး မှုခင်းဆရာဝန်ကြီးများ၏ ဘာကြောင့်သေဆုံးရသည် ဟူသော ထင်မြင်ယူဆချက် ရရှိ လာမည် ဖြစ်ကြောင်း၊
(၂) Cause of Death ရပြီ ဆိုလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က Dead Body များကို ဘာသာရေးဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည် လွှဲအပ်ပေးမည် ဖြစ်ကြောင်း၊
(၃) ယခုကိစ္စမှာ အရေးကြီးကြောင်း၊ မီဒီယာများ ဝိုင်းဝန်း၍ မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ကို ကူညီပေးစေ လိုကြောင်း၊
(၄) ရန်ကုန်မြို့ကို ဝိုင်းပြီး ကာကွယ်ကြရာတွင် မီဒီယာများ၏ အားလည်း လိုအပ်ကြောင်း၊ မလိုလား အပ်သော ပြဿနာများ မဖြစ်စေရန် လာရောက် ထိန်းသိမ်းရခြင်း ဖြစ်ကြောင်း၊
(၅) ဖြစ်စဉ်အမှန်အတိုင်း ပြည်သူများသို့ မီဒီယာများက တင်ပြပေးရန် အနူး အညွတ် တောင်းပန်ပါ ကြောင်း၊ အနူးအညွတ်မေတ္တာရပ်ခံပါကြောင်း။
Credit : Hmuu Zaw FB
ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်
ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက် ဒဏ်ရာမရရှိဘဲ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံ ဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဧပြီလ ၂ ရက် နံနက် ၈ နာရီသတင်း အစီအစဉ်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
သတင်းထုတ်ပြန်ချက်တွင် ''ဧပြီလ ၂ ရက်နေ့ ယနေ့နံနက် ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၊ ၁၀ ရပ်ကွက်၊ ၄၈ လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှု ဖြစ်ပွားကြောင်း၊ သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီအတွင်းတပ်ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူ လွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း” ဟု ဖော်ပြ ခဲ့ပါသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ အမှတ် (၂) တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀) ဦး ရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေ ဆုံးနေကြောင်း သတင်းကြေညာ ချက်တွင် ပါဝင်သည်။
မီးလောင်မှု ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသည့် စာသင်ကျောင်းသား ၄ ဦးကို ထိခိုက်ဒဏ်ရာ မရရှိဘဲ နံနက် ၇ နာရီကျော်တွင် ပြန်လည်တွေ့ခဲ့ကြောင်း ရဲချုပ်ရုံးမှတစ်ဆင့်သိရှိရသည်ဟု သတင်းတွင် ဖော်ပြခဲ့ သည်။
အဆိုပါဗလီသည် စာသင်ကျောင်းနှင့် တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ်အရပ်သို့ ရန်ကုန် တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်း ရရှိပါသည်။ ဟု သတင်း ကြေညာချက်တွင် ပါဝင်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် အင်တာနက်မီဒီယာများအပေါ် အခြေခံဖြစ်ပေါ် လာတဲ့ ကောလာဟလများကို မယုံကြည်ရန်နှင့် မြန်မာ့ရုပ်မြင်သံကြာမှ ဖြစ်စဉ်အမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
ရေကျော်ဗလီမီးလောင်မှုနှင့် အပုတ်ချမဏ္ဍိုင် Eleven
ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ် ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီ ကီးရား၊ ရေကျော်ဗလီတွင် မီးလောင် မှုဖြစ်ပွားခဲ့ပုံကို တင်ပြတဲ့ သတင်းဌာန တွေရဲ့ ရည်ရွယ်ချက်ကဘာလဲ...????
ပုံမှန်ဆို Eleven Media Group ရဲ့သတင်းတွေမှာ ဝေဖန်တဲ့ ကွန်မန့် ပြီး အမှားထောက်ပြမိတယ်ဆို အဲဒီ လူကို ချက်ချင်Ban ပြီး ကွန်မန့်တွေ လည် ဖျက်ပြစ်တယ်...
အခု ဒီမီးလောင်မှုသတင်းမှာ ကွန်မန့်လာပေးတဲ့ မူဆလင်ကုလာတွေရဲ့ဘာသာရေးအဓိကရုန်းကို ဦးတည် စေမယ့် ကွန်မန့်တွေမဖျက်တာ..၉၆၉ လုပ်ပါတယ်ဆိုပြီးလာအော်နေတဲ့ သူတွေရဲ့ ကွန်မန့်တွေကို မဖျက်တာ Eleven Media Group ကဘာသဘောလဲ...?????
အခုလည် Eleven Media Group ရဲ့ပရိတ်သက်တစ်ယောက်ကလည် အဲသလိုကွန်မန့်တွေကို ဖျက်ဖို့ ပြောတာကို ပြောတဲ့သူကို Banပြီး ကွန်မန့်ကိုဖျက်လိုက်တာ ဘာသဘောလဲ??????
အဖြေကရှင်းပါတယ်။ ရန်တိုက်ပေးနေတာပါ။
Credit : Here
ရေကျော်ဗလီမီးလောင်မှုနှင့် မီုးသီးဇွန် ဘာလဲ? ဘယ်လဲ?
ရေကျော်ဗလီမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ သတင်း ထုတ်ပြန်ပေးခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်လျက်ရှိသူများအား သတိထား ကြပါရန်။
ရေကျော်ဗလီ မီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
ဧပြီ-၂ ယနေ့ နံနက် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သော ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း ရေကျော်ဗလီ မီးလောင်မှုအား စုံစမ်းစစ်ဆေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င် မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
လူ ၁၃ ဦး သေဆုံးမှုရှိခဲ့သောကြောင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးတိုးအောင်၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးသက်လွင်တို့ ပါဝင်ကြောင်း သတင်းရရှိသည်။
အဆိုပါမီးလောင်မှုမှာ ဗလီအပေါ်ထပ်သို့ တက်သည့် လှေကားခွင်အောက်ရှိ မီးအားမြှင့်စက် အပူလွန်ကဲ ရာမှ လောင်ကျွမ်းခဲ့ပြီး လှေကားတစ်လျှောက် မီးကူးစက်ပြန့်ပွားနေသည့်အတွက် အပေါ်ထပ်ပိတ်မိကာ အသက် ၁၂ နှစ်အရွယ် စာသင်ကျောင်းသား ၁၃ ဦး မီးခိုးမွှန် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
မီးလောင်မှုကြောင့် ဗလီထပ်ခိုး၊ မီးအားမြှင့်စက်နှင့် ၀ိုင်ယာကြိုး အပါအ၀င် စုစုပေါင်းကျပ်ငွေ ရှစ်သိန်းခွဲဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မီးလောင်ကျွမ်းသည့် ဗလီမှာ စာသင် ကျောင်းနှင့် တွဲဖက်ထားပြီး စာသင်ကျောင်းတွင် နွေရာသီသင်တန်းတက်ရောက်နေသော ကလေးငယ် ဦးရေ ၇၀ ကျော်ရှိကြောင်း အသက်မသေဘဲ ကျန်ရစ်ကြသည့် ကလေးငယ်များကို ညောင်တန်းဗလီသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။
Credit : Here
မူစယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဈေးကြီး အတွင်းရှိ ရွှေဆိုင်တစ်ဆိုင် အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူ တစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည် ပစ္စည်းများ လုယူထွက်ပြေး သွား ကြောင်း သိရသည်။
စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများ ဆုံးရှုံးကြောင်း မူစယ်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင်ထားတဲ့ ဓါးပြ ၃ ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေ လည်းပါသွားတယ် ။ လက်ကောက်တွေ ပါသွားတယ်လို့ သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး ” ဟု မြို့ခံတစ်ဦးက ဆိုသည် ။
၎င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင် ရဲကင်းတစ်ခုရှိပြီး ဓါးပြများက သေနတ်ပစ်ဖေါက်၍ ပစ္စည်းများ လုယူ ထွက်ပြေး သွား ကြောင်း လူထိခိုက်မှု မရှိကြောင်း အခြားမြို့ခံများ၏ အဆိုအရ သိရသည် ။
Credit : Here
နေပြည်တော်ခရိုင် ပြင်ဆင်ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်၊ ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်)
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်ခရိုင်အား တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ စုစုပေါင်း မြို့နယ် ၈ မြို့နယ်ဖြင့် ဖွဲ့စည်းထားရာမှ တပ်ကုန်းမြို့နယ်၊ ဇေယျာ သီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ် စုစုပေါင်း ၄ မြို့နယ်တို့ကို စုစည်း၍ နေပြည်တော် မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်) အဖြစ်လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် စုစုပေါင်း ၄ မြို့နယ်တို့ကို စုစည်း၍ နေပြည်တော်တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်) အဖြစ်လည်းကောင်း အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် -
ယခင်နေပြည်တော်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက် နေ့စွဲပါ အမိန့် ကြော်ငြာစာအား ပယ်ဖျက်လိုက်သည်။
အထက်ဖော်ပြပါအတိုင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း နေပြည်တော်ခရိုင်အား နေပြည်တော် မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်) နှင့် နေပြည်တော်တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်) အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းလိုက်သဖြင့် နေပြည်တော်မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်) နှင့် နေပြည်တော် တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်)အတွင်း ပါဝင်သည့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ ဖွဲ့စည်းတည်ရှိမှု ဧရိယာအကျယ်အ၀န်းနှင့် နယ်နိမိတ် အလားအလာသတ်မှတ်ချက်သည် နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အမှုတွဲတွင် ပါရှိသည့်အတိုင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ပြည်ထဲရေးဝန်ကြီးဌာန။
[၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ထုတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း၊ အတွဲ ၆၆၊ အမှတ် ၁၂ မှ]
Credit : Here
အဖွဲ့အစည်းပေါင်းစုံနှင့် အနုပညာရှင်များ မိတ္ထီလာဒုက္ခသည်များကို ကူညီအားပေး
အဖွဲ့ အစည်း ပေါင်းစုံနဲ့ ရုပ်ရှင် အနု ပညာရှင်များ ပါတဲ့ အဖွဲ့ဝင် အင်အား ၂၀၀ လောက် ဟာ မိတ္ထီလာမြို့က ဒုက္ခသည် စခန်း တွေကို April 1 ရက်နေ့က လှည့်လည် သွားရောက်ပြီး ကူညီ ထောက်ပံ့ အားပေး နှစ်သိမ့် ခဲ့ကြပါတယ်။
၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့၊ ရုပ်ရှင် အစည်း အရုံး အဖွဲ့က ဇာတ်ပို့ ဇာတ်ရန်နဲ့ ကိုလူချောတို့ အဖွဲ့ အပါအ၀င် မင်းသား မင်းသမီး ၁၀၀ ကျော်၊ နာရေး ကူညီမှု အဖွဲ့ရယ်၊ မဖြူဖြူသင်း အဖွဲ့တို့ ပူးပေါင်းပြီး ‘အပြစ်မဲ့ နာကျင်မှု များ အတွက် စာနာမှု လက်များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ပုဒ်နဲ့ သွား ခဲ့ကြ တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်းက ဦးဂျင်မီက ပြောပါ တယ်။
“ကားအားလုံးပေါင်း ၁၀ စီးလောက်ရှိမယ်။ နောက် ဟိုရောက်တော့ ဆရာတော် အရှင်ဆန္ဒာဓိကလည်း ရောက်နေ တော့ ဆရာတော် ကလည်း ကျနော်တို့နဲ့ ပေါင်းလှူ ကြမယ် ဆိုတော့ အဲမှာ စုပေါင်းလှူတဲ့ ပွဲလေး ၁ ခု ဖြစ်သွား တယ်။ ဆရာတော် အရှင် ဆန္ဒာ ဓိက က သိန်း ၃၀၀ ကျော်ပါတယ်။ ရုပ်ရှင် အစည်း အရုံးက ၅၈ သိန်း။ ကျနော် တို့က အ၀တ် အထည်၊ ဆန်၊ နို့မှုန့် ဘူးတွေ၊ အခြား အဖွဲ့ အစည်း တွေက လည်း ဆိုင်ရာဆိုင်ရာ အလှူ ဒါန တွေပါ ကြပြီး ဒီနေ့ စုပေါင်း လှူ ဖြစ်ကြတယ်။”
မိတ္ထီလာမြို့ရှိ ဒုက္ခသည် စခန်း ၇ ခုကို လှည့်လည် သွားရောက်ပြီး ကူညီ ခဲ့ကြတာ ဖြစ်ပါတယ်။ မိတ္ထီလာ ခရီးကို ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ တဦး အနေနဲ့ လိုက်ပါ သွားတဲ့ ဦးဇင် ၀ိုင်းက “လူတွေက ဒီကွင်း ပြင်ကြီး တွေမှာ ရွက်ဖျင်တဲ တွေနဲ့ နေကြ ရတယ်။ တချို့လည်း အား ကစား ရုံကြီး တွေမှာ သူ့အကန့် လေးတွေ နဲ့သူ ဖျာခင်းပြီး နေကြတယ်။ အားလုံး မျက်နှာ တွေက ညှိုးငယ် နေကြတယ်။
ကြောက်ရွံ့ နေကြ တယ်။ သံသယ တွေလည်း ရှိနေကြ တယ်။ သောက တွေလည်း မပျောက်ကြ သေးဘူး။ ဘယ်လို မှလည်း ပျောက် စရာ မရှိနိုင် သေးဘူးလေ။ သူတို့ ကြုံတွေ့ ခဲ့ရ တာတွေက ထိတ်လန့် ကြောက် စရာ အဖြစ် အပျက် တွေပဲလေ။ နောက်ကွယ်မှာ ဖန်တီး နေတာ ကြိုးကိုင် တာတွေ ရှိတယ် လို့လည်း ပြောဆိုကြ တာလည်း ရှိတယ်။ နိုင်ငံတော်အာဏာပိုင်တွေလည်း ပြောနေတယ်။ အခု ဒုက္ခသည် စခန်းရောက် တော့လည်း သူတို့ရဲ အထင် အမြင် အယူ အဆတွေ ဒီလိုတွေ ရှိနေတာ တွေ့ရတယ်။ တော်တော် စိတ် မချမ်းမြေ့ စရာကောင်း တာပေါ့။ ဒီလူတွေဟာ ကျနော်တို့ တနိုင်ငံ တည်း သား တွေပဲ။ ဘာသာ အယူ ၀ါဒ ကွဲ ပေမယ့် ကျနော်တို့ သွားရာ မှာလည်း သူတို့မှာ ဘယ်သူ ဘယ်ဝါ ဆိုရယ်လို့ မရှိဘူး။ တဒင်္ဂ လေးတော့ ပျောက်သွား တာပေါ့။ ဒါပေမယ့် ကျနော်တို့ ပြန်သွား ရင်လည်း သူတို့ သောက ပြန်တောက် လောင်ကြ မှာပါ။ သူတို့ မှာလည်း သူတို့ကို ထင်နေ တာတွေ၊ သံ သယ တွေလည်း ရှိနေတယ်။ ဒါတွေ အများကြီး ဖြေဖျောက် သွားဖို့ လိုမယ်လို့ ထင်တယ်။”
မတ်လ ၂၀ ရက်နေ့ က မိတ္ထီလာက စခဲ့တဲ့ ပဋိ ပက္ခဟာ မြို့နယ် ၁၅ မြို့နယ်ကို ကူးစက် ခဲ့ပြီး အကြမ်း ဖက်မှု ၁၆၃ ကြိမ်၊ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦး ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာနက သတင်း ထုတ်ပြန် ထားပါတယ်။
လူဦးရေ ၁ သောင်း တထောင်ကျော် အိုးအိမ် မဲ့ဖြစ် ခဲ့ရပြီး ကယ်ဆယ်ရေး စခန်း ၆ ခုမှာ လူဦးရေ ၉၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြ ထားပါတယ်။
ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့ အညီ အရေး ယူရန် ဆောင်ရွက် နေကြောင်း လည်း ဖော်ပြထား ပါတယ်။
News From: DVB
Phto From: ပေါ်ပြူလာ
Credit : Here
နေပြည်တော်လေဆိပ်တွင် နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်နိုင်ပြီ
နိုင်ငံတကာ လေကြောင်းလိုင်းများ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီ ၁ ရက်မှ စတင် ကာ တိုက်ရိုက် ဆင်းသက်နိုင်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ နေပြည်တော်နှင့် နိုင်ငံတကာ ခရီးစဉ်များကို တိုက်ရိုက်ပျံသန်းနိုင်ရန်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက “နေပြည်တော် လေဆိပ်က နိုင်ငံတကာ လေကြောင်းလိုင်းတွေ ဆင်းသက်ဖို့အတွက် လက်ခံနိုင်ပါပြီ။ တိုက်ရိုက်ဆင်းချင်တဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ ဆင်းမယ်ဆိုရင် ဆင်းလို့ရပါပြီ” ဟု ပြောသည်။
လက်ရှိတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင့်မြှင့်တင်ရန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ကုန်စည်ပို့ဆောင်ရေး လေဆိပ်အဖြစ် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကာ ဟံသာဝတီလေဆိပ်ကို နိုင်ငံတကာ လေဆိပ်အဖြစ် တည်ဆောက်ရေး စီမံကိန်းကို ယခုနှစ်အတွင်း တည်ဆောက်မည်ဖြစ်ပြီး သုံးနှစ်နှင့် အပြီးတည်ဆောက် မည် ဖြစ်ကာ လာမည့် ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးဝင်းဆွေထွန်းက “နိုင်ငံတကာ လေကြောင်းလိုင်း အားလုံး နေပြည်တော်မှာ ဆင်းသက်ရမှာ မဟုတ် ပါဘူး” ဟု ယင်းက ဆက်လက်ပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း သုံးကွင်း တည်ရှိနေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၂ ဒသမ ၇ သန်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည် သုံးသန်းနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည် ၃ ဒသမ ၅ သန်းအထိ ဝင်ဆံ့နိုင်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတကာ လေကြောင်းလိုင်း ၂၄ လိုင်းမှ တိုက်ရိုက်ခရီးစဉ်များကို ပျံသန်းလျက်ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။
Credit : Here
အဝေးပြေးယာဉ်လိုင်းများ သင်္ကြန်ကာလတွင် လက်မှတ်ဈေး တိုးမြှင့်ရောင်းပါက တိုင်ကြားနိုင်
သင်္ကြန်ကာလများအတွင်း အဝေးပြေးယာဉ်လိုင်းများ လက်မှတ်ဈေးနှုန်းများကို သတ်မှတ်နှုန်းထား များ ထက် ဈေးမြှင့်ရောင်းချ ပါက တိုင်ကြားနိုင်ကြောင်း မထသ အဝေးပြေး ပို့ဆောင်ရေးဌာနမှ သိရသည်။ မထသ အဝေးပြေး ပို့ဆောင်ရေးဌာနမှ သတ်မှတ်ထားသည့် ဈေးနှုန်းများထက် ပိုရောင်းချသည့် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများကို ကျပ်တစ်သိန်းအထိ အရေးယူသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ယာဉ်လိုင်းများကိုသာ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရသည်။
မထသ (အဝေးပြေး)မှ ဒုတိယဌာနမှူး ဦးမျိုးဝင်းက “သင်္ကြန်ကာလမှာ ပုံမှန်ပြေးဆွဲမယ့် ယာဉ်လိုင်းတွေက လက်မှတ်ဈေးနှုန်းကို မြှင့်ရောင်းရင် တိုင်ကြားနိုင်ပါတယ်။ ခရီးသွားပြည်သူက တိုင်ကြားလာရင် အရေးယူ သွားမှာပါ။ ရန်ကုန်က ဂိတ်တွေအတွက်ပဲ ဖြေရှင်းပေးမှာပါ” ဟု ပြောသည်။ ယင်းအပြင် လက်မှတ် ဝယ်ယူ မည့် ခရီးသည်များ အနေဖြင့် မိမိဝယ်ယူမည့် ယာဉ်လိုင်းများကို တိုက်ရိုက်ဆက်သွယ် ဝယ်ယူရန် လိုအပ် ကြောင်း အဆိုပါ ဒုဌာနမှူးက ပြောသည်။
ရွှေစင်စကြာ ယာဉ်လိုင်းမှ ဂိတ်တာဝန်ရှိသူတစ်ဦးက “အရေးယူမှုတွေကို တိုင်ရင် ပထမ ငါးသောင်း၊ ဒုတိယ တစ်သိန်းဆိုပြီး သတ်မှတ်ထားတယ်။ ကျွန်တော်တို့ ဂိတ်ကတော့ ပိုမရောင်းပါဘူး။ မထသ သတ်မှတ်ကြေးရဲ့အောက် ကျပ် ၂၀၀၀ လျှော့ပြီး ခရီးစဉ်အားလုံးအတွက် ရောင်းချပေးထားတယ်။ သင်္ကြန် အတွင်းမှာလဲ ဒီဈေးနှုန်းအတိုင်း ဆက်ရောင်းပေးတယ်” ဟု ပြောသည်။ ယင်းကဲ့သို့သော အရေးယူမှုများ ပြုလုပ်မည်ဟု ပြောကြားခြင်းများ ရှိသော်လည်း ကြိုတင်လက်မှတ်ကို မည်သည့်အချိန်မှ စရောင်းရမည် ဟူသော ညွှန်ကြားချက်များ မရှိကြောင်း အဝေးပြေး ယာဉ်လိုင်းများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိအချိန်တွင် အောင်မင်္ဂလာအဝေးပြေးက မြန်မာနိုင်ငံအနှံ့ ခရီးစဉ်များကို ပြေးဆွဲပေးသည့် ယာဉ် လိုင်းပေါင်း ၁၅၀ ကျော်ရှိသော်လည်း သင်္ကြန်ကာလအတွင်း ယာဉ်လိုင်း ၁၂ လိုင်းသာ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး အတွင်းက မြို့များကိုပြေးသည့် ယာဉ်လိုင်း ၄၆ လိုင်းသည် ဧပြီ ၁၃ ရက်မှ စတင်ရပ်နားမည်ဖြစ်ပြီး ယာဉ်လိုင်း အများစုက ၁၇ ရက်တွင် ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကာလအတွက် ကားလက်မှတ်များ ဝယ်ယူရသည့် အခါတွင် ကြိုတင်အမှာ မပြုလုပ်ထားသည့် ခရီးသွားများ အနေဖြင့် အခက်အခဲရှိကြောင်း ယင်းကားဝင်းမှ ခရီးသည် တစ်ဦးက ပြောသည်။
“လက်မှတ်တွေက ရက် ၂၀ လောက် ကြိုမှာတာတောင်မှ အဆင်မပြေဘူး။ ဒီအချိန်က အစုလိုက် အစုလိုက် ပြန်ကြတာဆိုတော့ အခက်အခဲတွေ ဖြစ်တာပေါ့။ ပြီးတော့ ပွဲတော်ရက်ဆိုရင် ပြေးဆွဲပေးတဲ့ ယာဉ်လိုင်းကလဲ နည်းနေတယ်” ဟု ယာဉ်လိုင်း ပြေးဆွဲမှုအပေါ်တွင် ပြောသည်။ သင်္ကြန်ပွဲတော် ကာလ တွင် ပုံမှန်ပြေးဆွဲမည့် ယာဉ်လိုင်းများမှလွဲပြီး ကျန်ယာဉ်လိုင်းများသည် ဧပြီ ၁၃ ရက်တွင် ခရီးစဉ်များကို ရပ်နားမည်ဖြစ်ပြီး ခရီးစဉ် ပြေးဆွဲမှုများကို ယာဉ်လိုင်းအများစုက ဧပြီ ၁၈ ရက်တွင် ပြန်လည်စတင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၂ ရက်ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Credit : Here
မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွား
၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီး လောင်မှုဖြစ်ပွားခဲ့သည်။
သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ် ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်းသွား ခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀)ဦးရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာ တို့ဖြင့် အိပ်လျက်သေဆုံးနေပြီး (၄)ဦးမှာ ပျောက်ဆုံးနေကြောင်း ဗလီမှာ စာသင်ကျောင်းနှင့်တွဲဖက် ထား ရှိကြောင်းနှင့် အခင်းဖြစ်အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ်ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက် ရှိကြောင်း ကနဦးသတင်းရရှိသည်။
မီးလောင်မှုမှာ ပျောက်ဆုံးနေတဲ့ လေးဦးကို ပြန်လည်တွေ့ ရှိပြီဖြစ်ကြောင်း ရဲချုပ်ရုံးကနေ သိရှိရပါတယ်။
Credit : Here
လူအများကြီးဖြင့်လုပ်တိုင်း၊ ပြောဆိုတိုင်း ဒီမိုကရေစီ ဟုပြော၍ မရကြောင်း ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌပြော
မကြာသေးမီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော မိတီ်္ထလာမြို့မှ စတင်ခဲ့သည့် ပဋိပက္ခ ဆူပူမှုများ နှင့်ပတ်သက်၍ ယင်းမှာ လုံးဝ မဖြစ်သင့်သော အရာတစ်ခုဖြစ် ပြီး ပြည်သူအများမှာလည်း စိုးရိမ် ကြောင့်ကြ စွာဖြင့် နေရလျက်ရှိ သောကြောင့် မဖြစ်သင့်သော ကိစ္စရပ်များ၌ လူအများကြီးပါဝင် ပြီး ဒီမိုကရေစီဟု ပြောမည်ဆိုပါ က ဒီမိုကရေစီအား အလွဲသုံးစား လုပ်သလိုဖြစ်နေမည်ဖြစ်ကြောင်း လူအများကြီးနှင့်လုပ်တိုင်း ဒီမိုက ရေစီဟုခေါ်ဆို၍မရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ သီရိ ပျံချီဦးဌေးဦးက Hot News သို့ မတ်လ(၃)ရက်က ပြောကြား သွားခဲ့သည်။
““ကျွန်တော့်အမြင်ပြောရရင် လူအများကြီးနဲ့လုပ်တိုင်း ပြော ဆိုတိုင်း ဒီမိုကရေစီလို့ ပြောလို့ မရပါဘူး။ ဒီမိုကရေစီဆိုတာ မှန် ကန်တဲ့လမ်းကြောင်းတစ်ခုအပေါ် ဦးတည်ချက်ကောင်းကောင်းနဲ့ အားလုံးက သွေးစည်းညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်မှရမှာပါ။ ဒါမှပဲ ဒီမိုကရေစီဆိုတာရှင်သန် မှာ။ မဖြစ်သင့်တဲ့ကိစ္စတွေ၊ ပြဿနာတွေကို လူတွေအများကြီးနဲ့ လုပ်ပြီး ဒီမိုကရေစီပါဆိုပြီး ပြော မယ်ဆိုရင်တော့ ဒါဟာ ဒီမိုက ရေစီကို အလွဲသုံးစာလုပ်သလို ဖြစ်နေမလားလို့ထင်တယ်။ ခု မိတီ်္ထလာကိစ္စဆိုလည်း ဒါလုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ လုံးဝကြည့် မကောင်းစရာဘဲ ပြောရရင် တစ်နိုင်ငံထဲသားတွေပဲ အားလုံး ကလည်း နှစ်ပေါင်းများစွာ အတူ ယှဉ်တွဲပြီး နေလာခဲ့တဲ့သူတွေကြီး ပဲ။ ခုကြတော့ အနိဌာရုံတွေ လွှမ်းမိုးသွားတယ်။ အဲဒီမှာဖြစ် တဲ့ ဖြစ်စဉ်တွေရဲ့ မြစ်ဖြားခံရာက စပြီး ပတ်သက်သူတွေတင်မက ဘဲ တစ်မြို့လုံးအတွက်လည်း နစ် နာစေတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း လူမျိုးဘာသာ မခွဲခြားဘဲ ဒုက္ခရောက်နေသူတွေ ရဲ့ စားဝတ်နေရေးကိစ္စတွေကို အကူအညီပေး သွားမှာပါ””ဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌနှင့် ပြည် သူ့လွှတ်တော် လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌဦးဌေးဦးမှ Hot News သတင်းထောက်၏ ဆက် သွယ်မေးမြန်းချက် အားပြန် လည် ပြောကြားသွားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦးမှလည်း အခင်း ဖြစ်ပွားပြီးနောက် မိတီ်္ထလာမြို့သို့ ကိုယ်တိုင် သွား ရောက်ကာ ပဋိပက္ခကြောင့် နေရပ်စွန့်လာသော ဒုက္ခသည်ပြည်သူများအား ပြည် ခိုင်ဖြိုးပါတီ၊ ဧရာဝတီ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စေတနာရှင်မိဘပြည်သူများ စုပေါင်းလှူဒါန်းကူညီေ သာ ထောက်ပံ့ပစ္စည်း ကျပ်သိန်း ၄၅၀ ကျော်အား မန္တလေးတိုင်းဒေသ ကြီး ၀န်ကြီးချုပ်မှတဆင့် လှူဒါန်း ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌမှ လုံခြုံရေးတာဝန်ယူထားသော တပ်မတော်သားများအတွက် ငွေ ကျပ် သိန်း ၃၀ လှူဒါန်းခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ ယဗိုလ်ချုပ်ကြီးမြင့်စိုးက အလှူ ငွေများအား လက်ခံခဲ့ သည်။
Hot News
Credit : Here
ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခ ချုပ် ၁ ဦး အငြိမ်း စားပေးခံရ
သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံရသော အစိုးရအရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲနောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သော သတင်းရပ်ကွက် ထံမှ သိရှိရသည်။
အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။
“ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ တက္ကသိုလ် ပါမောက္ခချုပ်ရာထူး တာဝန်က ညွှန်ကြားရေးမှူးချုပ်နဲ့ အဆင့် တူညီတယ်။ အခု အငြိမ်းစား ပေးခံလိုက်ရတဲ့ ညွှန်ကြားရေးမှူးချုပ်တွေမှာ ဦးစံသောင်း၊ ဦးမြတ်မော်၊ ဦးကျော်ထူးနဲ့ ဦးအောင်မင်းတို့က အရင် တပ်က လာတဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတွေ။ သူတို့ကို အဓိက အရေးယူတာကတော့ တိုင်စာတွေကို စိစစ်ရာက တကယ် လာဘ်ပေးလာဘ်ယူမှု တွေရှိတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း ကလည်းတိုင်စာ ကြောင့်ပဲလို့ သိရပါတယ်။ခြုံငုံပြောရရင်တော့ တိုင်စာတွေ စိစစ်တဲ့အခါမှာ တကယ် ကျူးလွန်ကြောင်းတွေ့ရတာ၊ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ နောက်ကြောင်း ပြန်လှည့်ချင်တာ” ဟု သမ္မတရုံးနှင့် နီးစပ်သူ တဦးက အတည်ပြုပြောသည်။
အစိုးရထိပ်တန်း အရာရှိကြီး ၆ ဦး ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။ ထို့ပြင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအ၀င် အစိုးရအရာရှိများ ၄၀ ကိုလည်း ဌာနပြောင်း အရေးယူမှုများ ပြုလုပ်ကြောင်း သိရှိရသည်။
ပြည်ထဲရေး ၀န်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်ကို ယဉ်ကျေးမှု ၀န်ကြီးဌာန၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကို ကို ပညာရေး
ဝန်ကြီးဌာန၊ ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူးအဆင့် အရာရှိ အများအပြား ကိုလည်း ဌာနပြောင်းရွှေ့ခြင်း များ လုပ်ဆောင်ကြောင်း သိရှိရသည်။
“စီးပွားကူးသန်း ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ခြောက်ဦးဆိုရင် သမ၀ါယမ ၀န်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ အ လုပ်သမား နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန တွေကို ပို့ပစ်တယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးတွေလည်း ဌာနပြောင်းခံရတယ်။ တော်တော် များတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမတွေ လည်းပါတယ်။ အားလုံးပေါင်း ၄၀ ရှိတယ်” ဟု နိုင်ငံတော်သမ္မတရုံး အရာရှိတဦးက ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီမှ အဖွဲ့ဝင်တဦးကမူ “ကျနော် သိထား သလောက်တော့ သမ္မတက Reform Process ရဲ့ အစိတ်အပိုင်းတခုအဖြစ် ဒါကို လုပ်တယ်။ နောက်ပြီး သမ္မတရုံး ၂ ကလည်း ပြည်သူတွေဆီကလာတဲ့ တိုင်စာတွေအပေါ်မှာ စိစစ်အရေးယူ မှု တွေလုပ်တယ်။ ဒီအရေးယူမှုက သမ္မတ လက်ထက်မှာ ကြီးမားတဲ့အရေးယူမှုတခုပါပဲ” ဟု သုံးသပ်သည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အစိုးရအနေဖြင့် အစိုးရအရာရှိကြီးများကို ဖယ်ရှား ရှင်းလင်း ရာတွင် ပွင့်လင်းမြင်သာမှု အလွန်အရေးကြီး ကြောင်း ဆိုသည်။
“ဆက်သွယ်ရေးအရာရှိတွေ ဖမ်းတယ်၊ စစ်ဆေးတယ်။ ပြန်လွှတ်တယ်။ ၀န်ကြီးကို ဖြုတ်ပစ်တယ်။ ဘာကြောင့် ဘယ်လို အရေးယူမလဲ ဘာမှသေသေချာချာ ရေရေရာရာ မရှိဘူး။ အခုလည်း ညွှန်ချုပ်တွေ ဖြုတ်တယ်၊ အငြိမ်းစား ပေးခံရတယ် ဆိုတာ သတင်းသမား တွေက လိုက်စုံစမ်းလို့သာ သိရတာ။ တကယ်တမ်းက အစိုးရက ဒါမျိုးတွေ ထုတ်ပြန်ပေးရမှာ။
ဒါမှ နောက်ဖြစ် လာမယ့် အစိုးရအရာရှိတွေ မလုပ်ရဲဖြစ်မှာ။ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအ၀င် ဆက်သွယ်ရေး အရာရှိအချို့ကို လာဘ်ပေးလာဘ်ယူဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။
ဧရာဝတီ
Credit : Here
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဘယ်သူ့မှာ တာဝန်ရှိသလဲ( ဒေါက်တာခင်မောင်ညို )
မုံရွာမြို့ စံပယ်တောင် သတ္ထုတူးဖော်ရေး လုပ်ကွက်အား ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရစဉ်
ဤဆောင်းပါးသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ပတ်သက် သော အကြောင်းအရာများကို သုံးသပ်ထားခြင်းဖြစ်သည်။
အစီရင်ခံစာ၏ ရည်ရွယ်ချက်
ထိုလက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာသည် မှန်ကန်သော အချက် အတော်များများ ပါဝင်သည်ဟု ယူဆပါသည်။ သို့သော် အချို့သော မပြည့်စုံသောအချက်များ လိုအပ်သော အချက်များကို ပြည်သူ့အကျိုးအတွက် ဆွေးနွေးလိုပါသည်။
မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာကို လေ့လာကြည့်မည်ဆိုလျင် အပိုဒ်(၃)၌ ''စုံစမ်းရေး ကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်မသင့်နှင့် ဆက်စပ် လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်အတွက်လည်းကောင်း ဥပဒေ စိုးမိုးရေးနှင့် အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်း စေရေးအတွက်လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြနိုင်ရန်''ဟူသော ရည်ရွယ် ချက်ကို ဖော်ပြထားပါသည်။
ထိုရည်ရွယ်ချက်သည် ကောင်းမွန်သင့်မြတ်သော ရည်ရွယ်ချက် ဖြစ်ပါသည်။သို့သော်''ဥပဒေစိုးမိုးရေးနှင့် အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်းစေရေး အတွက် လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြနိုင်ရန်''ဆိုသော အချက်ကတော့ လက်တွေ့တွင် လုံးဝလက်မခံနိုင်အောင် ကွဲလွဲလျက်ရှိသည်။
မီးစုံးပါသောမီးခိုးဗုံး
စင်စစ် မီးစုံးပါသော မီးခိုးဗုံးကို (အရပ်ဘက်ပြည်သူများအပေါ်တွင် အသုံးမပြုရန်)အပြည်ပြည်ဆိုင်ရာက တားမြစ်ထားသည်။ အပိုဒ် ၂၈ တွင် ရဲချုပ်က မီးခိုးဗုံးသုံးသည်ဟု ဆိုထားသည်။ ထိုမီးခိုးဗုံးကို ၂၀၀၇ ခုနှစ်ကလည်း ထိုမီးခိုးဗုံးမျိုး သုံးခဲ့ကြောင်း တင်ပြသည်။ (၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် သုံးခဲ့ဟန်တူသည်။ ဘယ်နေရာတွင် သုံးသည်ဟု ဖော်ပြထားခြင်းမရှိ၍ မသိနိုင်ကြပါ)
ရဲချုပ်က ၂၀၀၇ ခုနှစ်က သုံးသောဗုံးနှင့် ယခုဗုံးအာနိသင် ကွာခြားသည်။ယခင်က မီးလောင်ဒဏ်ရာ ရရှိမျိုးခြင်း မရှိကြောင်း ပြောသွားသည်။ ဤနေရာတွင် စဉ်းစားရန် နှစ်မျိုးရှိသည်။ပထမအချက်မှာ မီးခိုးဗုံးချင်း မတူလို့လား။ဒါမှမဟုတ် ဒုတိယအချက်အနေဖြင့် အခြေအနေ (တာပေါ်လင်စများ၊ စီဝိုင်စီ သင်္ကန်းစ များ)ကြောင့်လား ဟူသော မေးခွန်းများ ထွက်လာနိုင်သည်။ ကျွန်တော့်အနေနဲ့တော့ မီးခိုးဗုံးချင်း မတူလို့ပါ ဟုသာ ဖြေချင်ပါသည်။
အကြောင်းကား ဖော့စဖရပ်(မီးစုံး)ပါလာပါက မီးစုံးသည် အပူချိန် ၈၀၀ ဒီဂရီစီတွင် မီးလောင်သည်။ ထိုမီးစုန်းများသည် လွင့်စင် ကွဲကြေသွားသည်။ (၈)ပေ အကွာအဝေးအထိ မီးစွဲနိုင်သည်။ ရေနှင့် ငြိမ်းသတ်၍ မရပါ။ အသားကို လောင်သည်။ ကြွက်သား(Muscle) ထဲထိ လောင်သည်။ မီးစုံးပါလာပါက ချည်ထည်ဖြစ်ဖြစ် စီဝိုင်စီဖြစ်ဖြစ် လောင်ပါသည်။ အသားကို လောင်ပါသည်။ ပထမမီးခိုးဗုံးသည် ဖော့စဖရပ် နည်းနည်းသာ ပါသော ဗုံး သို့မဟုတ် လုံးဝမပါသော ဗုံးဖြစ်နိုင်ပါသည်။ ဒုတိယကတော့ ဖော့စဖရပ် ပါသည်မှာ သေချာ ပါသည်။အစီရင်ခံစာ(အပိုဒ် ၉၁ )တွင် အချက် ၅ ချက် ဖြင့် ဖော်ပြထားသည်။
Polypropylene ကြောင့် မီးပိုလောင်သည်ဟု ဆိုသော်လည်း ဖော့စရပ်စ်ပါသော မီးခိုးဗုံးသည် တရားခံ အစစ်ဖြစ်ကြောင်း တွေ့ရပါသည်။ ထိုဖော့စဖရပ်သည် အင်မတန်ပြင်းသော အဆိပ်လည်းဖြစ်သည်။ ဆန္ဒပြသူများ၏ ကိုယ်ခန္ဓာကိုလောင်သော မီးမှာ Polypropylene ကြောင့်ဆိုပါက အသားထဲထိ လောင်စရာ မရှိပါ။ အသားထဲလောင်သည်မှာ ဖော့စဖရပ်သာ ဖြစ်နိုင်ပါသည်။
ဒီကိစ္စကို သေသေချာချာ လေ့လာပါက ဖော့စဖရပ်ပါသော မီးခိုးဗုံးကို သုံးထားကြောင်း ထင်ရှားသည်။ ထိုဗုံးကို အဓိကရုဏ်း နှိမ်နင်းရေးတွင် လုံးဝသုံးခွင့်မရှိပါ။ ပြည်သူအပေါ်လည်း သုံးခွင့်မရှိပါ။ အစီရင်ခံစာ တွင် ထိုအကြောင်း ဖော်ပြထားခြင်းမရှိပါ။
အပြည်ပြည်ဆိုင်ရာ ဥပဒေ (Article 1 of Protocol III) အရ လူတွေ အပေါ် မပစ်ရပါဘူး။ လောင်ကျွမ်းနိုင်တဲ့ ပစ္စည်းတွေ ရှိနေရင်လည်း မပစ်ရပါဘူး။ ဂျီနီဗာကွန်ဗင်းရှင်အရ လူတွေနေထိုင်သောအရပ် (Civilian Area)အပေါ်လည်း ပစ်ခွင့်မရှိပါဘူး။တကယ်တန်း မီးခိုးဗုံးသည် စစ်သုံးလက်နက်သာ ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒပြရာတွင် သုံးစွဲခွင့်မရှိပါ။ ရဲများ သုံးခွင့်မရှိဟု ယူဆပါသည်။ ထိုအချက်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေ ကို ကျူးလွန်နေပါသည်။
ကျူးလွန်သူကို မဖော်ထုတ်
မီးခိုးဗုံးကို ဘယ်ကလုပ်လဲ၊
မြန်မာပြည်မှာ ဘယ်လောက်ရှိလဲ၊
ဘယ်အတွက်သုံးဖို့လဲ၊
ဘာတွေပါလဲ။
ဘယ်သူက သုံးခိုင်းလဲ။
အစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိပါ။
ဒေါ်အောင်ဆန်းစုကြည်က''ကျွန်မတို့က အချက်အလက်တွေကို စုံစမ်းလေ့လာတာသာ ဖြစ်တယ်။ ဘယ်သူ့ကို အပြစ်ပေးပါ အကြံပေးဖို့မဟုတ်ဘူး''လို့ ပြောသွားတယ်။ ဆိုလိုတာက ''ဘာဖြစ်တယ်'' ဆိုတာ ကိုသာ အစီရင်ခံခြင်းဖြစ်သည်။''ဘယ်လိုအပြစ်ပေးရမည်ကို တင်ပြရန် တာဝန်မရှိ''ဟု ပြောကြားသွားသည် နှင့် တူပါသည်။ ကျွန်တော်တို့ကလည်း အပြစ်ပေးရန် မပြောပါ။ ကော်မရှင်၏ ရည်ရွယ်ချက်တစ်ခု ဖြစ်သော''ဥပဒေစိုးမိုးရေးနှင့် အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်းစေရေး''ဟူသော အချက်ကို ''သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ''ကို တင်ပြရန် လိုသည် ဟု ယူဆပါသည်။
ထိုမီးခိုးဗုံးကို ၂၀၀၇ ခုနှစ်က သုံးသည်။ ထိုကြောင့် ၂၀၁၂ နှစ်တွင် ဆက်သုံးသည်ဟူသော အစဉ်အလာ သည် တရားဥပဒေအရ မှန်ကန်မှု ရှိပါသလော။ နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်သည်ကိုကော်မရှင်မှ ထုတ်ပြောသင့်သည်။ မီးစုံးပါသော မီးခိုးဗုံးသုံးခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ဆန့်ကျင်ကြောင်း ထုတ်ဖော်ရေးသားခြင်း မပြုသည်မှာ ဘာကြောင့်လဲ။ ဘယ်သူ့အပေါ် တာဝန်ရှိလဲ။ ကော်မရှင်ဥက္ကဋ္ဌတွင် တာဝန်ရှိ ပါသလား။ ကျွန်တော် မေးခွန်းထုတ်လိုပါသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု
သတ္တုတွင်းတစ်ခု တူးမည် သို့မဟုတ် စက်ရုံတစ်ခု ဆောက်မည်ဆိုလျင် သဘာဝပတ်ဝန်းကျင် သက်ရောက် မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (EIA) နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (SIA) သို့မဟုတ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (ESIA) ကို တင်ပြနိုင်ရန် လေ့လာမှုများ ပြုလုပ် ဆောင်ရွက်ရသည်။
အပိုဒ်(၇၀)မှ အချို့ကို ထုတ်နုတ် တင်ပြ လိုပါသည်။
(က)ဂေဟစနစ်။ မြေအောက်ရေကို စစ်ဆေးရာတွင် သောက်သုံးရန် မသင့်လျော်သည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော စံနှုန်းထက် နိမ့်ကျသည်ကို တွေ့ရှိရကြောင်း။
(ခ) လေထုညစ်ညမ်းမှု အခြေအနေ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ၀န်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံချိန်စံညွှန်းထက် ပိုမိုနေသည်ကို တွေ့ရှိရပါသည်။
အပိုဒ်(၈၁)ကို ဖတ်ကြည့်ပါဦး။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတော် ပြဌာန်းချက်များ ဆောင်ရွက်သင့်သည် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းရှိ။ မရှိ။
အတိုချုပ်တင်ပြပါမည်။
(က) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (EMP) မရှိ။
(ခ) ယ(ဂ)ယ(င)ယ(စ)တို့တွင် စံချိန် မမီကြောင်း၊ ပြည်သူလူထု သဘောထားမယူထားကြောင်း ဖော်ပြထားသည်။
အကြံပြုချက် (င) တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (ESIA) များကို အသစ်ပြုစုရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။
အကြံပြုချက်မှာ (စ) တွင် ပါရှိသည်။၎င်းမှာ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်(EMP)နှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (OHSAS) များကိုနိုင်ငံတကာ ပြဋ္ဌာန်းချက်များ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ရေးဆွဲကာ စီမံကိန်းကို အကောင်အထည်ဖော်ရန် သင့်ကြောင်း အကြံပြုအပ်ပါသည်။ ဤသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ရရှိထားသော အတွေ့အကြုံ ရင့်ကျက်သည့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကျွမ်းကျင်သူများကို ငှားရမ်းဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။
အထက်ပါ (EIA) (SIA) တို့ကို လေ့လာရန် အချိန်ပေးရပါသည်။ သာမန်အားဖြင့် လပေါင်းများစွာ ကြာပါ သည်။ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ရရှိထားသော အတွေ့အကြုံ ရင့်ကျက်သည့် ပြည်တွင်း ပြည်ပ ပညာရှင်များ၊ကျွမ်းကျင်သူများကို နေ့ချင်းမရနိုင်ပါ အချိန်ယူရပါသည်။ ယခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာသည်ပင် (ဒေတာအပြည့်အစုံ မပါသည့်တိုင်) သုံးလခန့် ကြာပါသည်။
ထိုအစီရင်ခံစာတွင် ရေနှင့်လေကိစ္စကို အကြမ်းအားဖြင့်သာ ဖော်ပြထားသည်။ ထိုအရပ်တွင် မြေအောက် ရေသည် သောက်သုံးရန် မသင့်ဟု တင်ပြထားသည်။ လေထုထဲတွင် ဖုန်မှုန့် (Particulates)တွေ များနေ သည်။
စံပယ်တောင်၊ကြေးစင်တောင် ဧရိယာထက် လက်ပံတောင်းတောင်သည် ဧရိယာ အလွန်ကြီးပါသည်။ယခု စံပယ်တောင်တစ်လုံး ပြောင်ရုံမျှဖြင့်ပင် ဤမျှပတ်ဝန်းကျင် ပျက်စီးနေပါလျင် နောက်ကြေးစင်တောင်နှင့် လက်ပံတောင်းတောင်တို့ကို သတ္ထုတူးပါက များစွာ ထိခိုက်မည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။
ကန့်ကွက်သံများ ကြားရသည်
ပြီးခဲ့သည့်အပတ်က ပညာရှင်များပါသော မြန်မာအစိမ်းရောင်ကွန် ရက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအပေါ် အစည်းအဝေးလုပ်ကာ သဘောထားထုတ်ပြန်သည်။ ဘာကြောင့် ထုတ်ပြန်ရသနည်း။ သဘာဝပတ်ဝန်းကျ င်ထိခိုက်မှုများ မဖြစ်ပွား အောင် တားဆီးစောင့်ကြည့်နေသော အဖွဲ့ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ထိုကွန်ရက်၏ သဘောထားသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို တစ်စိတ်တစ်ဒေသ ထောက်ခံသော်လည်း အဓိကကျသည့် အချက်ကို ထောက်ပြထားသည်။
''နိုင်ငံတကာ စီမံကိန်းများအား အကောင်အထည်ဖော်ရာ၌ နိုင်ငံတကာ၏ စံချိန်စံညွှန်းနဲ့အညီ စီမံကိန်းကို အစအလယ်အဆုံး အချိန်ယူ စစ်ဆေးပြီးမှသာ လုပ်ခွင့်ရပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံမှန်သမျှ ရေရှည်တည်တံ့ရေး လုပ်ငန်းများကို ဦးစားပေးပြီး ဆွေးနွေးတိုင်ပင် တွက်ချက်ပြီးမှသာ လုပ်ကိုင် ဆောင်ရွက်သောကြောင့် အောင်မြင်မှု ရလဒ်များ ရရှိရုံမျှမကဘဲ ဆိုးကျိုးများကိုပါ ထိန်းသိမ်း ကာကွယ်နိုင်ခဲ့ပါသည်။သို့ပါ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား မြစ်ဆုံစီမံကိန်းကဲ့သို့ အလေးထားကာ ပြန်လည်ပြင်ဆင် သုံးသပ်ပေးပါရန်''ဟု ပါရှိသည်။
နိဂုံး
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာကို သေသေချာချာ စိစစ်ရေးသား အကြံပြုထားသည်။ သို့သော် ပြည်တွင်းပြည်ပ ပညာရှင်များ ကျွမ်းကျင်သူများကို ခန့်ထား၍ (EIA) (SIA)စသည်တို့ကို မဆောင်ရွက်ဘဲ စီမံကိန်းကို ဆက်လက်ဆောင်ရွက်နေသည်။ မတ်လ အတွင်းတွင်ပင် စာချုပ်ဆိုလက်မှတ် ထိုးမည်ဟု သိရသည်။ မဖြစ်သင့်ပါ။ အစီရင်ခံစာ၏ အကြံပြုသည်ကို အကောင်အထည်ဖော်သူများက မလိုက်နာသည်ကို ထိုင်ကြည့်နေကြမှာလား။ အစီရင်ခံစာ ထွက်လာရင် ပြီးရော လုပ်ချင်တာလုပ်မည်ဟူသော သဘောလား။ ဒီလိုလုပ်လို့ ရလား။
သူတို့တစ်တွေ မှားယွင်းစွာ အကောင်အထည် ဖော်နေသည်ကို လျစ်လျူရှုထားခြင်းသည် အပြစ်ပင် ဖြစ်သည်။
ဒါတွေ ဘယ်သူ့မှာ တာဝန်ရှိသလဲ။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌမှာလား။
ပြည်ထောင်စု မြန်မာနိုင်ငံတော်သမ္မတမှာလား။
ဘယ်သူ့မှာ တာဝန်ရှိလဲ။
ဒေါက်တာခင်မောင်ညို
Credit : Here








.png)



