Sunday, March 17, 2013

အများပိုင်ကုမ္ပဏီနှင့်…ရှယ်ယာဝင်ကြား…သတိထား…


အများပိုင်ကုမ္ပဏီများကအကျိုးအ မြတ်များခံစားနိုင်ရန် ရှယ်ယာများထည့် ၀င်ကြရန် ဖိတ်ခေါ်နေမှု များနေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြလာသည့် အတွက် ရှယ်ယာဝင်ပြည်သူများ နစ်နာ မှု မရှိစေရန်နှင့်တာဝန်ရှိသူများကလည်း လုပ်သားပြည်သူများအား နစ်နာဆုံးရှုံး မှုမရှိစေရန် သတိထားမိရန် စိတ်ရင်းစေတနာမှန်စွာဖြင့် ရည်ရွယ်တင်ပြအပ်ပါ သည်။

၂၀၀၂ခုနှစ်၊ဒီဇင်ဘာလခန့်က အတိုး ငွေများ မက်လောက်အောင်ပေး၍ စုငွေ များလက်ခံသော ကုမ္ပဏီများစွာပေါ် ပေါက်ကာ လုပ်ငန်းများအား နာမည်ကြီး သရုပ်ဆောင်များစွာဖြင့် ကြော်ငြာသည့် အပြင်နိုင်ငံတော်အကြီးအကဲများကို ဖိတ်ခေါ်၍စက်ရုံအလုပ်ရုံဖွင့်ပွဲများပြုလုပ်ကာ၊ အပြိုင်အဆိုင်ကြော်ငြာ ကာ ငွေ တစ်ရာလျှင်လေးကျပ်မှရှစ်ကျပ်အထိ အတိုးငွေများအား မက်လောက်အောင် ပေး၍ ဆွဲဆောင်ခဲ့ပါသည်။

အာမခံချက်မရှိခြင်း၊စနစ်မကျခြင်းကြောင့် အကျိုး ဆောင်လုပ်ငန်းများ၊တစ်စတစ်စပြိုလဲလာ ခဲ့သည်။ ဧရာမြေ၊လင်းသစ္စာ၊ Arrow၊သစ္စာပန်းခင်း၊သဘာဝ၊မဟာဓနံ၊ခိုင်မာလာ၊ ငွေဇုန်၊ဓနသီရိ၊ကောင်းစေရာ၊ပင်လုံထိပ် ထား၊မုဒိတာ၊ လမင်းသဉ္ဇာ အစရှိသော အကျိုးဆောင်ကုမ္ပဏီ(၂၀)ကျော်ခန့် လုပ်သားပြည်သူများ၊အငြိမ်းစားဝန်ထမ်း များ၊သက်ကြီးရွယ်အိုများ၊အလုပ်အကိုင်မလုပ်တတ်သူများ၏ စုဆောင်းငွေများ အား ပြန်လည် မထုတ်ပေးတော့သဖြင့် အတိုးလည်းမရ အရင်းလည်းဆုံးရှုံးသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါသည်။

သက်ဆိုင်ရာကလည်း ကြားဝင်ဖြေ ရှင်းပေးမှု ထိရောက်အောင် မလုပ်နိုင်ခဲ့ သဖြင့် ပြည်သူ လူထုမှာအထိနာခဲ့ပါသည်။ ထိုအတွက်ကြောင့် ဘဏ်များကိုလည်း အယုံအကြည်နည်းလာကာ၊ အာရှဓနဘဏ်၊ မေဖလားဝါးဘဏ်အစရှိသော ဘဏ်ကြီး များပင်ပြိုလဲမှုများမှာ ၂၀၀၃ခုနှစ် ဦးပိုင် တွင်ဖြစ်ပေါ်လာခဲ့ရပါသည်။အကျိုးဆောင် များမှဖြစ်ခဲ့သော ဂယက်ကြောင့် စီးပွား ပျက်သူ များခဲ့ခြင်း၊ဘဏ်လုပ်ငန်းများပျက် စီးခဲ့ရခြင်း နိုင်ငံစီးပွားရေးကျဆင်းများ ဖြစ်ပေါ်လာခဲ့ပါသည်။

ကုမ္ပဏီတစ်ခုပြိုလဲသွားလျှင် ယင်း ကုမ္ပဏီ၏ အစုရှယ်ယာရှင်များသာ ထိ ခိုက်ပြီးဘဏ်တစ်ခုပြိုလဲ သွားပါက ဘဏ်အစုရှယ်ယာများသာမက ပြည်သူတစ်ဦးချင်း၏ စီးပွားရေးကိုပါထိခိုက်ပြီး တိုင်း ပြည်၏ စီးပွားရေးကိုပါထိခိုက်နိုင်ပါသည်။

တိုင်းတရားရုံး၊ခရိုင်တရားရုံး၊ပြည် နယ်တရားရုံးများတွင် အမှုစုစုပေါင်း ၃ သောင်းမှ၅သောင်းဝန်းကျင်ခန့်ထိ အမှု များဖောင်းပွနေသဖြင့် ၀ရမ်းကပ်ထား သော အမှုများ၊ပစ္စည်းရှာမတွေ့သော အမှုများအား တရားရုံးချုပ် ညွှန်ကြား ချက်(၄/၂၀၀၈)ထုတ်ပြန်၍ ခေတ္တပိတ် သိမ်းခိုင်းသဖြင့် အမှုထောင်ပေါင်းမြောက် မြားစွာပိတ်သိမ်းခဲ့ရပြီး အမှုများမပြီးပြတ် ခဲ့ပါ။ အနိုင်ဒီကရီသာရရှိပြီးဘာမှ ဖြစ် မလာသောကြောင့် တရားရုံးများကို ပြည်သူလူထုက အယုံအကြည်နည်းပါး လာခဲ့ပါသည်။

ကုမ္ပဏီများဘက်မှ ဥပဒေအရ အကာအကွယ်ယူ၍မိမိအကျိုးအတွက် လုပ်ချင်သလိုလုပ်နေသောကြောင့် ပင်စင် သမားများ၊၀န်ထမ်းများနှင့်ပြည်သူများ နှစ်သိန်းငါးသောင်းကျော် သုံးသိန်းခန့် ကုမ္ပဏီများထံတွင်ငွေ ထည့်ဝင်ပြီး တရား စွဲဆိုသော်လည်း ဘာမှဖြစ်မလာခဲ့ပါ။ ကုမ္ပဏီပိုင်ပစ္စည်းများအားလည်း အာ ဏာပိုင်များ အကူအညီဖြင့် ဖျောက်ဖျက် နေကြောင်းသိရှိရပါသည်။

တရားစွဲဆိုရာတွင် အချိန်ကုန်၊ငွေ ကုန်၊လူပင်ပန်း၊စိတ်ပင်ပန်းပြီးဆုံးရှုံးသွား သောငွေကြေးများပြန်လည် မရရှိဘဲ ရုံး စရိတ်၊ရှေ့နေစရိတ်များပါ ထပ်မံကုန်ကျ ခံရပါသည်။ ကုမ္ပဏီပိုင်ရှင်များ ပြန်လည် ပေးဆပ်ခြင်း မပြုသဖြင့် လူဖမ်းဝရမ်းထုတ် ဆင့်မှုများအားလည်း ဆောင်ရွက်ခွင့်မရှိပါသောကြောင့် ကုမ္ပဏီ အကျိုးဆောင် များမှ အသာစီးရနေပြီး ပြည်သူအများစု မှာ နစ်နာပြီးနစ်နာနေရပါသည်။

၂၀၀၃ခုနှစ် ၂၀၁၃ခုနှစ်ထိ ဆယ်စု နှစ်တစ်ခုအထိ တရားရုံးများတွင် ယင်း အမှုများ မပြီးပြတ် ဘဲ ထောင်သောင်း မကမြောက်ြမားစွာ ကျန်ရှိနေပါသည်။

ယခုအခါ အများပိုင်ကုမ္ပဏီများ ထူထောင်ကာ အစုရှယ်ယာများခေါ်ယူ နေမှုများ ထပ်မံဆောင်ရွက် မှုများရှိလာ ပါသဖြင့် ၂၀၀၂ခုနှစ်မှကဲ့သို့ ပြည်သူလူ ထုထပ်မံမခံစားရရန်နှင့်ယင်းဂယက်မှ တဆင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးမှုအရှိန် အဟုန်ဖြင့်ဆောင်ရွက်နေချိန်တွင် မလို လားအပ်သောအခြေအနေကြောင့် တိုင်း ပြည်စီးပွား၊ပြည်သူ့စီးပွားအကျိုးမထိခိုက် မနစ်နာစေရလေအောင် စိတ်ရင်းစေတနာ မှန်စွာဖြင့် အသိပေးတင်ပြအပ်ပါသည်။

Credit : Here

မြန်မာ့မြေအတွင်းတရုတ်အတွက် လုပ်ကွက်နည်းသွားခြင်းက သတင်းဆိုးတစ်ခုမဟုတ်ကြောင်း ကွန်မြူနစ်ပါတီပိုင်သတင်းစာမှဆို


မြန်မာနိုင်ငံအတွင်းယခင်က ထက်စာလျှင် တရုတ်နိုင်ငံအတွက် နေရာမှာ နည်းသည်ထက်နည်း သွားခြင်းက တရုတ်နိုင်ငံအတွက် သတင်းဆိုးတစ်ခုမဟုတ်ကြောင်း တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီပိုင် People’s Daily သတင်းစာက တာဝန်ရှိသူတစ်ဦးဖြစ်သူညွှန်ကြား ရေးမှူးချုပ် Mr Cao Huan Rong မှ ပြောကြားသွားသည်။

“ကျွန်တော်တို့သတင်းစာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြောင်းကို ရေးရင်အပြုသဘောဆောင်ပြီး အကောင်းမြင်တဲ့ဘက်ကပဲရေးပါတယ်။ ဖွံ့ဖြိုးဆဲဆိုတာနဲ့ သူနိုင်ငံ ရဲ့ စစ်ပွဲတွေ၊ အခက်အခဲ၊ ဒုက္ခ တွေကို အမြန်ဆုံးပြေငြိမ်းဖို့ကို ရည်ရွယ်ပြီးတော့ကို ရေးသားပါ တယ်။

မြန်မာသမ္မတကြီးဦးသိန်းစိန် ပြောခဲ့တဲ့ နိုင်ငံတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆို တာနဲ့ ခြစား မှုတွေကို တိုက်ဖျက်မယ်ဆိုတာတွေကိုလည်း တရုတ် နိုင်ငံအနေနဲ့ ကြိုဆိုပါတယ်။ ဦးသိန်းစိန်ဦးဆောင်ပြီး သယံဇာတ ပေါကြွယ်ဝတဲ့ ဒီလိုနိုင်ငံကြီးမှာ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့အတွက် တရုတ် ဟာမြန်မာနိုင်ငံထဲမှာ နေရာနည်း သထက်နည်းသွားပါပြီ။ ဒါဟာ တရုတ်နိုင်ငံအတွက် သတင်းဆိုး တစ်ခုမဟုတ်ပါဘူး။ တရုတ်နိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် အတ္တမရှိ၊ ဖောက်ပြန်မယ့်စိတ်လုံး ၀မရှိပါဘူး”ဟု Mr. Cao Huan Rong မှ ပြောကြားသွားသည်။

တရုတ်ကွန်မြူနစ်ပါတီပိုင် People ‘s Daily စသည်ဂျာနယ် နှင့် သတင်းစာ ၂၅ မျိုးထုတ်ဝေ ပြီး နိုင်ငံ၌ အင်အားအကြီးဆုံးဖြစ်ကာ နေ့စဉ်စောင်ရေ ၂၈ သိန်းရှိ ပြီး ၂၀၁၃ နှစ်လယ်လောက်၌ သိန်း ၃၀ ထိရောက်လာနိုင်ကြောင်း ယင်းကခန့်မှန်းပြောဆိုသည်။

အဆိုပါ People ‘s Daily သတင်း စာအနေဖြင့် ဌာနခွဲ ၃၂ ခုနှင့် ပြည်ပဌာနခွဲ ၄၀ ကျော်ရှိပြီး ဂျပန်၊ အမေရိကန်နှင့် ဥရောပ တိုက်များ၌ နေ့စဉ်စောင်ရေ ၃ သိန်းထိရှိ သတင်းစာအပြင် Online သတင်း Website လည်း ရှိကာ ကမ္ဘာပေါ်၌ New York Time Website ပြီးလျှင်အကြီးဆုံး Website တစ်ခုဖြစ်သည်။

ခန့်ခန့်(ဒဿနိက)
The Hot News

Credit : Here

အူဝဲစကားနှင့် ဝန်ကြီးစကား နှိုင်းယှဉ်စဉ်းစားခြင်း။


ဒီမိုကရေစီနိုင်ငံများရဲ့ ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲကာလတွေမှာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းများ အနေနဲ့ မဲဆွယ်ကြတာတွေ၊ စည်းရုံးဟောပြောတာတွေ၊ စကားစစ်ထိုးပွဲတွေ တွေ့ဖူးကြမှာပါ။ မိမိရွေးချယ် ခံရလျှင် စီးပွားရေးကို ဘယ်လိုပြုပြင်ပြောင်းလဲမှုလုပ်မယ်… ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်မယ်… ပညာရေးကဏ္ဍကို ဘယ်လိုမြှင့်တင် မယ်… စသဖြင့် ပြောဆိုစည်းရုံးလေ့ရှိပါတယ်။

ကျုပ်တို့နိုင်ငံမှာလည်း သမ္မတရုံးဝန်ကြီးတစ်ယောက်က ၁ နာရီအတွင်း လုပ်ပေးမယ်။ ၁ နှစ်အတွင်း လုပ်ပေးမယ်။ ၃ နှစ်အတွင်းလုပ်ပေးမယ်နဲ့ အာဂကတိကဝတ်တွေနဲ့အတူ သမ္မတလောင်း မဲဆွယ်သလို ဘဝင်လေဟပ်၊ ပက်ပက်စက်စက်ပြောထွက်နေတာ နားခါးလွန်းလှပါတယ်ဗျာ။ ဝတ်မှုံရွှေရည်ရဲ့ Pillows ချောကလက်ဝေဖာကြော်ငြာ ထဲကလို ဘယ်လိုပြောရမလဲ… ဘယ်လိုပြောရမလဲ… ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တော့မယ်။ လျှာတော်ရှည် ဝန်ကြီးတစ်ပါး အစိုးရအဖွဲ့ထဲမှာ ရှိနေ တာကြောင့် ကျွန်တော်တို့ အစိုးရအတွက်တော့ သိက္ခာကျစရာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဝန်ကြီးရဲ့ လျှာမှာ ကမ္ဘာ့အကောင်းဆုံး ဆာဘိုဘရိတ်တစ်ခုတပ်ထားဖို့တော့ အမှန်တကယ် လိုအပ်နေပါပြီ။

နှုတ်ကြောင့်သေတတ်ပါတယ် ဝန်ကြီးရယ်… သမိုင်းကြောင်းလေးတွေက သိပ်မကြာလှသေးပါဘူး… မေ့ ချင်ယောင် မဆောင်ပါနဲ့ဦး… ဖျောက်ဖျက်ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့… ခဲရာခဲဆစ်တူးဖော်ဖို့မလိုတဲ့ မဝေးသေးခင် ကာလကလုပ်ဆောင်မှုလေးတွေကို အင်တာနက်ပရိတ်သတ်ကြီးအတွက် Share လုပ်ပေး လိုက်ပါတယ်။ ကျောချမှ ဓားပြမှန်းသိရတယ်လို့ မဖြစ်ရအောင် ပြည်သူများသို့ ကြိုတင်အသိပေးခြင်း သဘောဆိုလည်း မှန်ပါလိမ့်မယ်။

ဦးစိုးသိန်းဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်အချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီး အဆင့်ထိရှိခဲ့ပါတယ်ဗျာ။ သူ့ရဲ့ ပြီးစလွယ်လုပ်ရပ်တွေ၊ လက်လွတ်စပယ်ပြောခဲ့တာတွေ၊ တပ်မတော် နဲ့ နိုင်ငံတော်အပေါ် လိမ်လည်ခဲ့တဲ့မှတ်တမ်းတွေက သူ့သမိုင်းကို ပုံဖော်နေမှာမို့ ဦးစိုးသိန်း ဘယ်လိုလူလဲ သိရအောင် လေ့လာကြည့်စေ လိုပါတယ် -

- ရေတပ်ဦးစီးချုပ်ဘ၀တုန်းက လိမ်လည်ဝယ်ယူတည်ဆောက်ထားခဲ့တဲ့ 108 m Frigate (၂)စီး အကြောင်း (အခုထိ သုံးလို့မရဘူးလို့ သိရပါတယ်)။

- နာဂစ်တိုက်မည်မှန်း သိသော်လည်းပဲ စစ်သင်္ဘောတွေမောင်းလို့ရအောင် အောက်ခြေကို ဆီအပြည့် မပေးဘဲ ထုတ်စား၊ ရောင်းစားခဲ့တဲ့အတွက် နာဂစ်မှာ စစ်သင်္ဘောတွေ ဆီမရှိလို့မောင်းမရဘဲ နစ်မြုပ် သွားရခြင်းကြောင့် ရေတပ်ဦးစီးချုပ်ရာထူးကနေ ထုတ်ပယ်ခံရခြင်းကိစ္စ။

- စက်မှုဝန်ကြီးဖြစ်လာတော့ အိန္ဒိယနိုင်ငံက တာတာကုမ္မဏီနဲ့ပေါင်းပြီး ၁၀ ဘီးကားတွေ ထုတ်မယ်ပြော၊ မကွေးမှာစက်ရုံတွေဆောက်၊ လိုတဲ့စက်ကိရိယာပစ္စည်းတွေ ဈေးနှုန်းတင်ပြီးမှာ၊ စာရင်းလိမ်ပြ၊ ပွဲစားခယူ၊ နောက်ဆုံး ၁၀ ဘီးကားတွေကို အိန္ဒိယက မှာယူတင်သွင်းပြီး စက်မှုတံဆိပ်ကပ် ပြန်ရောင်း၊ အခုနောက်ဆုံး မကွေးက စက်ရုံကြီးသုံးမရဘဲ ဒီအတိုင်းရှိနေတဲ့ကိစ္စ။

- တရုတ်က Grand Tiger တွေဝယ်ပြီး စက်မှုတံဆိပ်တပ်၊ ချက်ချင်းလက်ငင်း တရုတ်ကားကနေ စက်မှုကား ဖြစ်သွားတဲ့ ကမ္ဘာကျော်မျက်လှည့်ပညာရှင်ကြီး၊ ၀န်ကြီးဌာနတွေနဲ့ စစ်တပ်ကို ကျွန်တော်ထုတ် တဲ့ ကားတွေပါဆိုပြီး အာပေါင်အာရင်းသန်သန် ပြောဆိုရောင်းချခဲ့တဲ့ကိစ္စ

- တကယ်အလုပ်မလုပ်နိုင်တဲ့စက်ရုံတွေ မြောက်မြားစွာတည်ဆောက်ပြီး ပွဲစားခအိတ်ထဲထည့်ဖို့လောက် သာ စဉ်းစားတဲ့ကိစ္စ (ဥပမာ- ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဂီယာစက်ရုံ၊ ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု စက်ရုံ၊ ဆေးစိမ်စက်ရုံ၊ မြေသယ်ကားကြီးများ ထုတ်လုပ်မှုစက်ရုံ၊ ချွေလှေ့ စက်ရုံ၊ ရေအား လျှပ်စစ် ထုတ်လုပ်ပေးနိုင်တဲ့ တာဘိုင်စက်ရုံ…)။

- စက်ရုံတွေတည်ဆောက်ရာမှာ ဧရာဝတီမြစ်အနောက်ဖက်ခြမ်းကို ရေလမ်းကနေ သယ်ယူတာကို ကုန်းကြောင်းနဲ့ သယ်ယူကြောင်း စရိတ်စကပိုတင်ပြီး သိန်းပေါင်းသောင်းချီ အိပ်ကပ်ထဲထည့်ထားတာကို စာရင်းစစ်အဖွဲ့ဝင်ရာမှာ ဘူးပေါ်သလိုပေါ်တဲ့ကိစ္စ။

- ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌဆိုပြီး သူ့လက်ထက်မှာ စာချုပ်ချုပ်ခဲ့တာတွေကို “ ကျွန်တော် အရင် တုန်းက မှားခဲ့ပါတယ် ” လို့ဝန်ခံပြီးမှ ယခုလက်ရှိ တကယ့်တကယ် လက်ပံတောင်းတောင်ကိစ္စ ဖြစ် လာတော့ လုံးဝတာဝန်မယူ ခေါင်းရှောင်နေတဲ့ကိစ္စ။

- ရွှေတောင်အိုက်ထွန်းတို့၊ Asia World ထွန်းမြင့်နိုင်တို့ကို သတင်းတွေ ကြိုတင်ရောင်းစားပြီးမှ ကားဈေးကွက်ကို ကစားခဲ့တဲ့အတွက် မြိုးမြိုးမြက်မြက်လေးရရှိခဲ့တဲ့ကိစ္စ ဒါတွေဟာ ဦးစိုးသိန်းရေးခဲ့တဲ့ သူ့ရဲ့သမိုင်းတွေပါပဲ၊ ဒါတွေကို လေ့လာကြည့်ရင် ဦးစိုးသိန်းဟာ ဖော်လန်ဖားတတ်တဲ့ သူတစ်ယောက်ဖြစ်ကြောင်းနဲ့ သမ္မတကြီးကို သူတတ်ကျွမ်းတဲ့ ကပ်ဖားရပ်ဖားပညာကြောင့်သာ ဒီလို ရာထူးရနေတာဖြစ်ကြောင်း ပေါ်လွင်လာပါလိမ့်မယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က တပ်မတော်အပေါ် ဘယ်လောက်အထိသစ္စာရှိခဲ့သလဲဆိုတာကို သုံးသပ်ကြည့်ရင်၊ အခုအစိုးရအဖွဲ့အတွင်းမှာ တာဝန်ထမ်းဆောင်နေစဉ်ကော၊ အစိုးရအဖွဲ့အစည်းနဲ့ တိုင်းပြည်အပေါ် ဘယ်လောက်ထိသစ္စာရှိမလဲသိမြင်နိုင်ပါလိမ့်မယ်။

ပရိတ်သတ်ကြိုက်အောင် အလွယ်တကူ ကတိတွေမပေးပါနဲ့… လွယ်လွန်းရင် သူကြွယ်တောင်မွဲသွားတတ် သလို သဘောကောင်းမိလို့ ပလိုင်းနဲ့ လိုက်ကောက်ရတဲ့အဖြစ်မျိုးလည်း မဖြစ်စေလိုပါဘူး။

ဒါကြောင့် အူဝဲပြောတဲ့ ၃ မိနစ်ပဲစောင့်ဆိုတာက မာမား Ready Made ခေါက်ဆွဲပါ ဝန်ကြီးရယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ခိုင်မြဲစွာအမြစ်တွယ်ဖို့၊ အတိမ်းအစောင်းမရှိအောင်ဂရုပြုရင်း တည်ငြိမ်စွာနဲ့ဆောင်ရွက်ရမယ့် နိုင်ငံ့ရေးရာ များကိုဖြင့် မာမားခေါက်ဆွဲခြောက် တစ်ထုပ် ကို ရေနွေးဆူဆူထဲ ဖောက်ထည့်တာလောက်လွယ်ကူမယ်လို့ မျှော်လင့် မထားသင့် ပါကြောင်း… နောင်ပြောစကားများ လူကြီးပီပီဆင်ခြင်စဉ်းစားနိုင်ပါရန် လျှာတော်ရှည်ဝန်ကြီးအား သတိပေး လိုက်ပါတယ်။

(မော့ကင်း)။

Credit : Here

အွန်လိုင်းဖြင့် သင်ကြား ပို့ချမည့် Diploma in Law သင်တန်းလျှောက်လွှာ ခေါ်ယူ

ရန်ကုန် အဝေးသင် တက္ကသိုလ် က ဦးစီး၍ Diploma in Law သင်တန်း အမှတ်စဉ် (၂/၂၀၁၃) အား လာမည့် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှစတင်ကာ Web Basic Teaching System ( WBTS ) နည်းပညာကို အသုံးပြု၍ အွန်လိုင်းဖြင့် သင်ကြား ပို့ချ သွား မည် ဖြစ်ကြောင်း သိရသည်။

သင်တန်း ၀င်ခွင့်နှင့် စပ်လျဉ်း၍ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး သူ ဖြစ်ပြီး လျှောက်လွှာ များအား www.yudeonline.com.mm ၀က်ဘ်ဆိုက် မှတစ်ဆင့် မတ်လ ၂၅ ရက် ( တနင်္လာနေ့ ) နောက် ဆုံးထား၍ မှတ်ပုံတင် စာရင်းသွင်း ကြရမည် ဖြစ်သည်။

အသေးစိတ် အချက်အလက် များ သိရှိလိုပါက သင်တန်း ကြီးကြပ်မှု ကော်မတီ ၊ ရန်ကုန် အဝေးသင် တက္ကသိုလ် ၊ ဖုန်း - ၀၁- ၅၂၅ ၄၁၆ ၊ ၀၁ - ၅၃၆ ၅၈၁ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်းလည်း သိရှိရသည်။

Credit : Here

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ ယိမ်းအက ပြိုင်ပွဲများ ကျင်းပပြုလုပ်မည်

မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ် ၊ မဟာသင်္ကြန် ပွဲတော်တွင် ရန်ကုန် မြို့တော်ဝန် မဏ္ဍပ်၌ ယိမ်းအက ပြိုင်ပွဲ များကို ယခင်နှစ်များ နည်းတူ ကျင်းပ မည် ဖြစ်ရာ ယိမ်းပြိုင်ပွဲ များကို မူလ တန်းကြို ကျောင်းများ (၁၂)ဦး ယိမ်း ပြိုင်ပွဲ ၊ ရုံးဌာနများ ၊ ကျောင်းများ ၊ အခြား အဖွဲ့အစည်းများ (၁၂) ဦး ယိမ်း နှင့် (၁၆) ဦးယိမ်း ပြိုင်ပွဲများ ၊ (၂၀) ဦးယိမ်း အလွတ်တမ်း ပြိုင်ပွဲ များ နှင့် တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကများ ပါဝင်မည်   ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် အသင်းများသည် ဧပြီလ ၃ ရက်နေ့ နောက်ဆုံးထား ကာ ရုံးချိန်အတွင်း ကျောက်တံတား မြို့နယ် ၊ ၃၈ လမ်း ၊ ၉ ထပ်ရုံး ၊ ၇ လွှာ ရှိ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စစ်ဆေးရေး ရုံးခန်းသို့ လူကိုယ်တိုင် လာရောက် လျှောက်ထား နိုင်ကြောင်း သိရသည်။

အသေးစိတ် အချက်အလက်များ သိရှိလိုပါက ၃၈ လမ်း ၊ ၉ ထပ်ရုံး ၊ ၇ လွှာ ရှိ စစ်ဆေးရေး ရုံးခန်း ၊ ဖုန်း ၀၁- ၃၇၉ ၆၉၃ ၊ ၀၁- ၃၇၈ ၀၀၃ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

Credit : Here

အနာဂတ် သင်ရိုး

ကာတွန်း – ဆလိုင်းစွမ်းပီ
မတ်လ ၁၇၊ ၂၀၁၃


Credit : Here

ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းအဆင့်များ လျှော့ချမည်

မြန်မာ့ဆိပ်ကမ်းမှ ဆောင်ရွက်နေသည့် ဝန်ဆောင်မှု လုပ်ငန်းစဉ်တချို့ကို လာမည့်လပိုင်းမှ စတင်လျှော့ ချသွား မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်ရုံးချုပ်မှ တာဝန်ရှိသူက ပြောသည်။

အာဆီယံ အသိုက်အဝန်း စတင်မည့်အချိန် တွင် မြန်မာနိုင်ငံက ထုတ်လုပ်မှု ကုန်ကျစရိတ် များပြားနေပါက တိုးတက်မှု နှေးကွေးနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရဌာနများတွင် ရှိသည့် လုပ်ငန်းစဉ် တချို့ကို လျှော့ချပြီး အချိန်ကုန် သက်သာပြီး ငွေကြေး ကုန်ကျစရိတ် နည်းလာနိုင်အောင် ဆောင် ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

“အစိုးရဌာနတွေရဲ့ လုပ်ငန်းတချို့က ဆောင်ရွက်ရတဲ့ အဆင့်တွေ များပြီးတော့ အချိန်ကြာမြင့် တာ၊ ငွေကြေး ပိုပေးနေရတာ၊ လုပ်ငန်း နှောင့်နှေးတာတွေ ရှိလာတယ်။ ဒါကြောင့် ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းအဆင့်တွေကို လျှော့ချဖို့ လုပ်တာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ် ဦးဆောင်ညွှန် ကြားရေးမှူး ဦးချိုသန်းမောင်က ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အထွေထွေ ကုန်ပစ္စည်းနှင့် အစုစပ် ကုန်သေတ္တာပါ ပစ္စည်းများ သွင်းကုန် ရှင်းလင်းရေး၊ သွင်းကုန် သေတ္တာရှင်းလင်းရေး၊ ပို့ကုန်သေတ္တာများ ရှင်းလင်းရေး၊ ပို့ကုန်အထွေထွေ ကုန်ပစ္စည်းများအတွက် ရှင်းလင်းရေးများ ဆောင်ရွက်မည်ဟု သိရသည်။

ဧပြီလမှ စတင်ကာ ကုန်ထုတ်ခွင့်အမိန့်၊ ကိုယ်စားလှယ်လွှဲစာ (မိတ္တူ)၊ မှတ်ပုံတင် (မိတ္တူ)၊ ဆိပ်ကမ်းချလံ မှန်မမှန် အရာရှိလက်မှတ်၊ ငွေသွင်းချလံ၊ သွင်းကုန်ကြေညာလွှာ (မိတ္တူ)၊ ထုတ်ပေးကုန်စာရင်း၊ သဘောင်္တင် ညွှန်ကြားလွှာမိတ္တူ၊ ပို့ကုန်ကြေညာလွှာ (မိတ္တူ) များ ပေးရန် မလိုတော့ကြောင်း သိရသည်။

ဌာနက ဆောင်ရွက်နေသည့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများတွင် တချို့ကိစ္စများသည် မလိုအပ်ဘဲ အချိန်ကြာမြင့်နေသဖြင့် ပယ်ဖျက် လျှော့ချလိုက်ခြင်း ဖြစ်သည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ ဒု အထွေထွေမန်နေဂျာ ဦးသက်ထွန်းက ရှင်းပြသည်။

သမ္မတ ဦးသိန်းစိန်က အစိုးရဌာနများတွင် လုပ်ငန်းစဉ်အဆင့် များပြားနေပြီး ကြန့်ကြာမှုများ ရှိလာ သည့်အတွက် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း များစွမ်းဆောင်ရည် မြှင့်တင်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဌာန များသို့ လုပ်ငန်းဆောင်ရွက်ချက်များ စစ်ဆေးကြည့်ရှုစေပြီး မလိုအပ်တော့သည့် အဆင့် တချို့ကို လျှော့ချရန် ဆောင်ရွက်စေခြင်းဖြစ်သည်ဟု သိရသည်။

သမ္မတ အကြံပေး ဦးကိုကိုလှိုင်ကလည်း အစိုးရသစ်လက်ထက် နောက်ပိုင်းတွင် အစိုးရ လူကြီး ပိုင်း များက ပြည်သူများအကြား ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်မည်ဟု ဆိုနေသော် လည်း အောက်ခြေ အဆင့်အထိ ပြုပြင်ပြောင်းလဲရေးများ ရောက်မလာဟု သုံးသပ် ဝေဖန်လာကြသဖြင့် ပြည်သူများနှင့် တိုက်ရိုက် ထိတွေ့နေရသည့် လုပ်ငန်းများမှ မလိုအပ်တော့သည့် အဆင့်တချို့ကို လျှော့ချ ရန် ဆောင် ရွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“၂၀၁၅ AEC (ASEAN Economic Community) ဖြစ်တည်လာရင် မြန်မာနိုင်ငံက ထုတ်လုပ်မှု ကုန်ကျ စရိတ်တွေ မြင့်နေပြီး တခြားနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးဆိုရင် ကိုယ့်ဘက်က ခံရလိမ့်မယ်။ တပြားရရ နှစ်ပြားရရ စရိတ်တွေကို လျှော့ချမှရမယ်” ဟု သမ္မတအကြံပေး ဦးကိုကိုနိုင်က ပြောသည်။

Credit : Here

ကချင်ဒုက္ခသည်များ နိုင်ငံတကာ အကူအညီ မျှော်လင့်နေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေများအတွင်းရှိ ဒုက္ခသည်များအတွက် အစားအသောက်နှင့် အဆောက်အဦးများ အခက် အခဲရင်ဆိုင်နေရ ဆဲဖြစ်သောကြောင့် နိုင်ငံတကာ အဖွဲ့စည်းများ၏ အ ကူအညီများ တိုက်ရိုက် ရရှိရေး မျှော်လင့်နေကြောင်း ဒုက္ခသည်စခန်းကော် မတီမှ ပြောသည်။

ယခုချိန် ကချင်ဒုက္ခသည်များသို့ နိုင်ငံတကာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းမှ အကူအညီနှောင့်နှေးနေခြင်းနှင့် ပိတ်ပင်မှုအချို့ရှိနေသေးသောကြောင့် ဒုက္ခသည်များသည်ပို၍အခက်ခဲ ရင်ဆိုင်နေရပြီး နိုင်ငံတကာမှ အကူအညီကို မျှော်လင့်နေရကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) KNG ကချင်သတင်းဌာနသို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်း (The Nippon Foundation) မှ တိုင်းရင်းသား လက်နက်ကိုင် ဒေသများရှိ ဒုက္ခသည်များကို အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော် လှူဒါန်းခဲ့ရာ ကချင်ဒေသအတွင်း ကူညီမှုပေးသွားရန် အစိုးရထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ပိတ်ပင်ခဲ့ကြောင်း နီပွန်ဖောင်ဒေးရှင်းမှပြောဆိုခဲ့သည်။

သို့သော် အဆိုပါဂျပန်အစိုးရ နီပွန်ဖောင်ဒေးရှင်းအပါအ၀င် အခြားသောအဖွဲ့အစည်းများမှ အကူအညီ ဆက်လက်ရရှိနိုင်ရေး KIO သို့ အဆက်အသွယ်များပြုလုပ်နေပြီး လက်တွေ့ကူညီပေးနိုင်ရန် နည်းလမ်းများ ရှာဖွေကြိုးစားနေဆဲဖြစ်ကြောင်း ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။

“နိုင်ငံတကာက တခြားအကူအညီမရောက်ဘူး။ နေရာတိုင်းက နည်းနည်းပါးပါးရတဲ့အကူအညီ နဲ့ ဖြေရှင်းနေတယ်။ အဆက်အသွယ်လုပ်တာတွေတော့ရှိတယ်။ ဒါပေမဲ့ တကယ်တမ်းကူညီမပေးနိုင်ဘူး။ နီပွန်ကလည်း ဆက်သွယ်နေဆဲတော့ဟုတ်တယ်။ အဓိကတော့ အစားအသောက်အတွက် ကူညီသွားဖို့ နည်းလမ်းရှာနေတယ်။ အဲဒါကို တစ်ခါတည်းအများကြီးကူညီဖို့အတွက်တော့ နည်းလမ်းရှာရတယ် ထင်တယ်။ နည်းလမ်း တွေလည်းရှာနေတယ်ဆိုတော့ အောင်မြင်လာမယ်ဆိုတာလည်း ယုံကြည် တယ်။ ရောက်လာ မယ်လို့မျှော်လင့်ပါတယ်” ဟု ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ အောက်တိုဘာလအတွင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့များ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် တိုင်းရင်းသားလက်နက်ကိုင် ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၃ သန်း ကူညီပေးခဲ့ရာ ထိုအထဲမှ KIO ဒေသရှိ ကချင်ဒုက္ခသည်အတွက် ဇန်န၀ါရီလကုန်ပိုင်းမှာ UNFC ကူညီပေးခဲ့သည်ကို လက်ခံရရှိခဲ့ကြောင်း ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) က ဆက်ဆိုသည်။

၎င်းတို့ထံမှ လက်ခံရရှိသောငွေများမှာ ခွဲတမ်း တရုတ်ယွမ်ငွေ (၇) သိန်းကျော် (အမေရိကန်ဒေါ်လာ ၁ သိန်းကျော်) ရရှိခဲ့ပြီး ထိုအကူအညီငွေဖြင့် ဒုက္ခသည် ၁ သောင်းကျော်အတွက် ၁ လစာ အစား အစာနှင့် ဆေးဝါးများကို ဖြေရှင်းနိုင်ခဲ့သည်ဟု ပြောသည်။

ယခုချိန် KIO ဒေသအတွင်းရှိဒုက္ခသည်များအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် ဂရုဏာအဖွဲ့ များမှ ပုံမှန်ကူညီကြည့်ရှုနေပြီး တခြားအဖွဲ့အစည်းများမှလည်း အနည်းအကျဉ်း ကူညီပေး မှုများရှိသော်လည်း ဆက်လက် လိုအပ်ဆဲဖြစ်ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့တွင် ငြိမ်းချမ်းရေးလိုလားသူ မြင်းခြံမြို့မှ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကာ လိုင်ဇာမြို့သို့ရောက်ရှိလာသော ကိုသန့်ဇင် အဖွဲ့မှလည်း ဒုက္ခသည်များအတွက် သိန်း ၁၄၀ ကျပ်ကို လှူဒါန်းခဲ့ပြီး လိုင်ဇာနယ်မြေအနီးတ၀ိုက်ရှိ ဒုက္ခသည်အခြေအနေများကိုလည်း လိုက်လံကြည့်ရှုနေကြောင်း သိရသည်။

၎င်းတို့မှ ယခုလို ကချင်ဒုက္ခသည်များ၏ လက်ရှိအခက်အခဲအခြေအနေများကို လာရောက်ကြည့်ရှုခြင်း အားဖြင့် လက်ရှိကြုံနေရသော အခက်အခဲ သတင်းမှန်ကို ၎င်းတို့မှကျယ်ပြန့်သော နည်းလမ်းဖြင့် တင်ပြပေးသွားခြင်း အားဖြင့် နှောင်အတွက် အကူအညီအခွင့်အလမ်းများ ပိုမိုအလားအလာကောင်းလာနိုင် မည်ဟု မျှော်လင့်ကြောင်း ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) သုံးသပ်ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကချင်ပြည်နယ်သို့ ဒုက္ခသည်များကိုကူညီရန် နိုင်ငံတကာ အဖွဲ့အစည်းများကို ခွင့်ပြုလိုက်ကြောင်း ပြောဆိုမှုများရှိခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ကူညီပေးသူများမှ လွတ်လပ်စွာသွားလာကူညီနိုင်ခွင့် မရှိသေး၍ ခက်ခဲနေ ဆဲဖြစ်ကြောင်း ဒုက္ခသည်ကော်မတီမှသိရသည်။

Credit : Here

ဒေါ်စု၏ ထုတ်ပြန်ချက်အား လက်ပန်းတောင်းတောင် ကယ်ဆယ်ရေး အဖွဲ့မှ သဘောမတူကြောင်း ကန့်ကွက်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ စီမံကိန်းဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံပြုချက်ကို သဘော မတူကန့်ကွက်ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီ မုံရွာမြို့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမယ်ဆိုရင် လက်ပံတောင်းတောင်ကြီး ပျက်စီးပျောက်ကွယ် သွားမှာဖြစ်သလို နေုာက်ဆက်တွဲအန္တရာယ်ဆိုးများ ကြုံတွေ့ရမှာဖြစ်တာကြောင့် စီမံကိန်းကို လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆိုတယ်လို့ဆိုပါတယ်။ ကော်မတီဝင် ဦးအံ့မောင်က ခုလိုပြောပါတယ်။

"ကြေးနီစီမံကိန်း ဖျက်သိမ်းမှသာလျှင် (၁) လက်ပံတောင်းတောင်ကြီး တည်ရှိနိုင်မှာဖြစ်ပါတယ် (၂) လူတွေအတွက် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးတာတွေအမျိုးမျိုး ချင်းတွင်းမြစ်ကြီးထဲ အဆိပ်ေ ရတွေရောက် ပြီးတော့ ချင်းတွင်းမြစ်ကြီး ပျက်စီးမယ့်အန္တရာယ်၊ ဆက်လက်ပြီး ဧရာဝတီမြစ်အထိ ပျက်စီးသွား မယ့်အန္တ ရာယ်၊ မြစ် တလျှောက်မှာရှိတဲ့ မြို့ရွာတွေပျက်စီးမယ့် အန္တရာယ်တွေကို ဒီစီမံကိန်းမလုပ်မှ ဖျက်သိမ်းဖြစ် မှ ဖြစ်ပါတယ်လို့ ကျနော်တို့ထောက်ပြပြီးတော့ စီမံကိန်းဖျက်သိမ်းရေးကို ကျနော်တို့တောင်း ဆို ပါတယ်ဗျာ"

တဆက်တည်း အခုတောင်းဆိုချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိင်ရေးအတွက် ဒေသနှင့် တိုင်းပြည်တပြည်လုံးက ပြည်သူတွေလက်တွဲပြီး အောင်ပွဲရတဲ့အထိ သတိကြီးကြီး ကြိုးပမ်းဆောင်ရွက်ဖို့ ပန်ကြားထားပါတယ်။

ဒီစီမံကိန်းကြောင့် သမိုင်းတရားခံ မည်သူမျှမဖြစ်ပါစေလိုကြောင်းလည်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီက ဆုတောင်းပါတယ်လို့ ဖေါ်ပြထားပါတယ်။

From:rfa

Credit : Here

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လူမှုအဖွဲ့အစည်းတွေ အမျိုးသမီးတွေ ပါဝင်လာရေး


ကချင်နဲ့ ကရင်လူမှုအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေး ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီခေါင်းဆောင် ဦးအောင်မင်းက ဒီကနေ့တွေ့ဆုံပွဲ မှာ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကချင်၊ ကရင်လူမှုအဖွဲ့အစည်းတွေအကြား ဆွေးနွေးပွဲမှာ ၀န်ကြီးဦးအောင် မင်း က တိုက်တွန်းပြောဆိုခဲ့တာပါ။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလိုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းဟာ တိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင် ကူညီပေးဖို့နဲ့ တစ်ချိန်တည်းမှာလည်း လူမှုအဖွဲ့အစည်းတွေ ကြုံတွေ့ရတဲ့အခက်အခဲတွေကို သိရှိလို တဲ့အတွက် တွေ့ဆုံရခြင်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ပွဲမှာ ကချင်လူမှုအဖွဲ့အစည်းတွေကလည်း ကချင်ဒေသတွင်း ပြည်သူတွေကြုံတွေ့ရတဲ့ အခက် အခဲတွေ၊ ပြည်တွင်းစစ်ကြောင့် အများဆုံးထိခိုက်ဆုံးရှုံးပျက်စီးရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ရဲ့ဘ၀တွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ခွင့်ရရေးအတွက် ကချင်အမျိုး သမီးအဖွဲ့တွေ က ဆွေးနွေးရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မည်သူမဆို ပါဝင်ဆောင် ရွက်နိုင်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကချင်နဲ့ ကရင်လူမှုအဖွဲ့အစည်းတွေ က ပြည်ပရင်းနှီးမြှုပ်နှံ မှုတွေ ၀င်ရောက် လာတဲ့ အခါ ဒေသဆိုင် ရာ ပြည်သူတွေ ရဲ့ဆန္ဒမပါဘဲ နိုင်ငံတော်စီမံကိန်း မပြုလုပ်ဖို့ကို လည်း တောင်းဆိုတင်ပြခဲ့ပါတယ်။

From:rfa

Credit : Here

မိုဘိုင်းလ်ဖုန်း အရစ်ကျသွင်းငွေများ ဆက်သွင်းရန် မလိုတော့


ဧပြီလဆန်းတွင် မိုဘိုင်းလ်ဖုန်းများကို ငွေကျပ်ထောင်ဂဏန်းအထိဈေးလျှော့ရောင်း ချပေးမည်ဖြစ်ရာ မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းကနို င်ငံ့ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများသို့ အရစ်ကျ စနစ်ဖြင့် ရောင်း ချ ထားသော မိုဘိုင်းလ်ဖုန်းများအတွက် အရစ်ကျ လစဉ်ကြေးများ ပေးသွင်းရန် လိုအပ်တော့မည် မဟုတ်ကြောင်း အရစ်ကျပေးချေ သည့်စနစ်ဖြင့် ရောင်းချသည့် သဘောတူ စာချုပ်ပါ ဖော်ပြချက်အရ သိရသည်။

မိုဘိုင်းလ်ဖုန်း ကနဦး တပ်ဆင်ခနှုန်း ထား ပြောင်းလဲလျှော့ချ သတ်မှတ်ခဲ့ပါက သတ်မှတ်သော နှုန်းထား အသစ်ကို ခံစားခွင့် ရရှိမည် ဖြစ်သည်ဟု ယင်းစာချုပ်တွင် ဖော်ပြထားပြီး အရစ်ကျ ဖုန်းများအတွက် စာချုပ် ပါ အချက်အလက်များအတိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးက ပြောကြားသည်။

မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းများကို ဇန်နဝါရီလတွင်ဈေးလျှော့ရောင်းချမည်ဟု ကနဦး သတင်း ထွက်ပေါ်ချိန်က စတင်ကာ အရစ်ကျ ဝယ်ယူသူအချို့က လစဉ် အရစ်ကျငွေ ပေးသွင်းခြင်း မပြု၍ လိုင်းခေတ္တ ပိတ်သိမ်းထားခြင်းများ ရှိခဲ့ပြီး ယင်းမိုဘိုင်းလ်ဖုန်းများကို လိုင်းပြန်ဖွင့်ပေးရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ဆက်သွယ်ရေးရုံး တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချရာ တွင် နိုင်ငံ့ဝန်ထမ်းများ၏ အရစ်ကျ လစဉ်ပေးသွင်းငွေမှာ ၄င်း တို့၏ ဝန်ထမ်းလစာအတွင်းမှဖြတ်တောက်သည့် စနစ်ဖြစ်၍ မည်သည့်အချိန်တွင် ဖုန်းအတွက် အရစ် ကျပေး သွင်းငွေ ဖြတ်တောက်မှု ရပ်တန့်မည်ကို မသိရှိရသေးကြောင်း အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ဝယ်ယူ အသုံးပြုသူ ဝန်ထမ်းများက ရှင်းပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြထားပါသည်။

Khit Lu Nge

Credit : Here

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း( သီတဂူဆရာတော်)


လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။

နှစ် ၆၀ ဆူးခင်းသောလမ်းခရီး

ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ် တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့် ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ် လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ

ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့ လမ်းကြမ်း ကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွား မှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခု ကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။

နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့

စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး

နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရ မည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင် မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နည်းယူ

အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။

ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)

ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်း တယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာ ဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။

ရာဂျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။

အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေး နဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။

သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar”ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။

Credit : Here

ကျေးဇူးတင်တယ်….. ဟန်ဝင်းအောင်

ကျေးဇူးတင်တယ်….. ဟန်ဝင်းအောင် မြန်မာတနိုင်ငံလုံးသာမက ကမ္ဘာကပါ လေးစားကြည်ညို တန်ဖိုး ထားနေရတဲ့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို လက်ပံတောင်းဒေသခံတွေ ကက်ကက်လန် ရန်တွေ့ရဲတဲ့အထိ အချိန်ယူလှုံ့ဆောင်တွန်းပို့ပေးလိုက်တဲ့ ဟန်ဝင်းအောင်နဲ့ အပေါင်းပါတွေရဲ့ လုပ်ရပ်တွေ ကြောင့် စိတ်မချမ်းမြေ့စရာ ပုံရိပ်တွေ လူတွေကြားထဲ ပျံ့နှံ့သွားခဲ့ရပြီ။

အထင်ကြီးလေးစားလောက်စရာမရှိတဲ့ အောက်လမ်းနည်းလုပ်ရပ်ဟာ ဘယ်တော့မှ အောင်မြင်နိုင်ဖို့ရာ မရှိဘူး ဆိုတာ မြန်မာပြည်သူ အများစုက ဘဝတွေနဲ့ရင်းပြီး သိပြီးသား။

ဘာပဲဖြစ်ဖြစ် ဟန်ဝင်းအောင်ကို ကျေးဇူးတင်နေမိတယ်။ သူ့လုပ်ရပ်ကို မဟုတ်ဘူးနော်…. နောက်ဆက်တွဲ အကျိုးဆက်ကို တွေ့မြင်ရပြီးတဲ့နောက် အဲဒီအကျိုးဆက်အတွက် ကျေးဇူးတင်တာ။

အဆိုးထဲက အကောင်း လို့ပဲ ပြောရတော့မလား… ဟန်ဝင်းအောင်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဆန့် ကျင်ရေး အားထုတ်လှုပ်ရှားမှုကြီးကြောင့် မြန်မာပြည်သူ လူထုကြီးရဲ့ လူထုခေါင်းဆောင်အပေါ် ချစ်ခင် ကြည်ညိုရင်းစွဲ စိတ်ထားတွေ ဘယ်လိုမှပြောင်းလဲ မသွားခဲ့ပါဘူး။

ဒါပေမဲ့ ဟန်ဝင်းအောင် ခေါင်းဆောင်မှုပေးနေတဲ့ လက်ပံတောင်းက ဒေသခံ လူတစုရဲ့ အဆင်ခြင်မဲ့ တရားလက်လွတ် ပြောဆိုပြုမူမှုတွေ ကြားမှာ စိတ်ရှည်ရှည်ထားပြီး ရဲရဲဝံ့ဝံ့ တုန့်ပြန် ရင်ဆိုင်ဖြေရှင်းမှုတွေ လုပ်နေတဲ့ လူထုခေါင်းဆောင်ရဲ့ ပုံရိပ်ဟာ တပ်မတော်သားတွေရဲ့ နှလုံးသားကို လှုပ်ခတ်နှိုးဆွ နိုင်တာကို တွေ့မြင်လိုက်ရပါတယ်။

အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် ခံစားမှု အေးတိအေးစက်နဲ့ အားမရစရာ တုန့်ပြန်လေ့ရှိတဲ့ တပ်မတော်သားတွေတောင်မှ အခုဆို လူထုခေါင်းဆောင်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာ ၊ လုပ်ရပ် အပေါ် တာဝန်ခံမှုနဲ့ သည်းခံခွင့်လွှတ်နိုင်မှုစွမ်းရည်တွေကို ဖော်ထုတ်မချီးမွမ်းဘဲ မနေနိုင်လောက်ကို ခံစား မှုတွေ ဆူပွက်လာကြတာ တွေ့လိုက်ရတယ်။

လူထုခေါင်းဆောင်ရဲ့ လုံခြုံရေးအတွက် သူတို့ ဘယ်လိုအကာအကွယ်ပေးရင် ကောင်းမလဲ စဉ်းစားလာတဲ့ အဆင့်ဖြစ်လာပြီ။ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပြီ။ လူထုခေါင်းဆောင်ကို ဝန်းရံဖို့ တပ်မတော်သားတွေ အသင့်ဖြစ်နေကြပြီ။

အဲဒီအတွက်ကိုပဲ ဟန်ဝင်းအောင်ဆိုတဲ့ ငနဲကို ကြံဖန်ကျေးဇူးတင်နေမိတာ… ခုလို အနေအထားတွေဖြစ် လာအောင် ဟန်ဝင်းအောင် ရည်ရွယ်ခဲ့မှာ ဟုတ်ပါဘူး။ သူထင်မှတ်မထားတဲ့ ပြောင်းပြန် အကျိုးသက်ရောက်မှုအားကို သူကိုယ်တိုင်မြင်တွေ့ရဲပါ့မလား…။

ဘယ်လိုပဲဖြစ်ဖြစ် လူထုခေါင်းဆောင်နဲ့ တပ်မတော်သားတွေ အညီအညွှတ် လက်တွဲနိုင်မှ မြန်မာပြည် က ပြောင်းလဲမှုတွေ အောင်မြင်မယ်လို့ ကျနော်ယုံကြည်ထားပြီးသား။

ခုတော့ ဖြစ်ရပ်တခုရဲ့ မမျှော်လင့်တဲ့ အကျိုးဆက်အဖြစ် လူထုခေါင်းဆောင်းရဲ့ နှစ်လိုဖွယ်ပုံရိပ်ဟာ တပ်မတော် သားတွေရဲ့ နှလုံးသားထဲ စွဲစွဲမြဲမြဲ ကပ်ငြိသွားပြီ…..

အဲဒီအတွက် ဟန်ဝင်းအောင်နဲ့ အပေါင်းပါတွေကို ကျေးဇူးတင်တယ်….

ကျေးဇူးတင်တယ် ….
မထောက်ခံဘူး….
Credit : Here

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံများအတွက် မြေလျော်ကြေးငွေအပြင် နေထိုင်မှုအတွက် တန်ဖိုးနည်းအိမ်ရာများကို မုံရွာမြို့အနီးတစ်ဝိုက် နေရာများတွင် စီစဉ်ပေးမည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူများ ပြောကြား

ဒေါ်အောင်ဆန်းစုကြည် အား ဆည်တည်းရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌
ဒေသခံများနှင့်အတူ မတ် ၁၄ ရက်က တွေ့ရစဉ်။
ဓာတ်ပုံ - ဟိန်းမင်းထက်(မုံရွာ)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံများအတွက် မြေလျော်ကြေးငွေ အပြင် နေထိုင်မှုအတွက် တန်ဖိုးနည်းအိမ်ရာများကို မုံရွာမြို့အနီးတစ်ဝိုက် နေရာများတွင် စီစဉ်ပေး မည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါး ကုမ္ပဏီလီမိတက်မှ တာဝန် ရှိသူများ က မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း ဧရိယာသည် ၇၈၆၇ဒ သ မ ၇၈ ဧကရှိပြီး အဆိုပါ စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာလေးရွာဖြစ်သော ၀က်မှေး၊ ကံတော၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ အိမ်ခြေ ၄၀၀ ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

စီမံကိန်းနယ်မြေတွင် သိမ်းဆည်းမြေဧရိယာ စုစုပေါင်း ၇၈၆၇ ဒသမ ၇၈ ဧကအနက် လယ်ယာစိုက်ပျိုးမြေ ၅၀၅၇ ဧက ရှိကြောင်း၊ ဦးပိုင်မပေါက်သော်လည်း မြေလျော်ကြေးပေးပြီးသော ဧရိယာမှာ စိုက်ပျိုးမြေ ၁၇၂၇ ဧက အပါအ၀င် ၆၇၈၄ ဧက ရှိကြောင်း သိရှိရသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က "လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြအကြံပြု ထားတဲ့ မြေယာလျော်ကြေး ကိစ္စတွေ၊ စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေး ကိစ္စတွေ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုရေး ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေ၊ ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေးအပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး ကိစ္စတွေ စတဲ့ အကြံပြုချက်တွေကို ၀န်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ရွှေ့ပြောင်းရမယ့် ကျေးရွာတွေ အတွက် လည်း နေရာတွေ စီစဉ်ပေးဖို့အတွက် ရွာတွေဆောက်ထားပြီးသား ရှိပါတယ်။ ရွာနှစ်နေရာ ဆောက်ထားပါ တယ်။ စီမံကိန်းဘတ်ဂျက်နဲ့ ဆောက်တာပါ။ ရေ၊ မီး အပြည့်အစုံ ပါပါတယ်။ အဲဒီနေရာတွေကို တချို့ပြောင်းကုန် ကြပြီ။ နေရာက စီမံကိန်းဧရိယာ အပြင်ဘက် သွားလာဆက်သွယ်ရေးကောင်း တဲ့ နေရာတွေမှာ ဖြစ်ပါတယ်" ဟု မတ် ၁၆ ရက်က ပြောကြားသည်။

မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး ကုမ္ပဏီလီမိတက်မှ Admin Manager Mr.Dong Yun Fei က "ဒေသခံ ပြည်သူလူထုများရဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ လိုလားသည်များကို အချိန်မရွေး ဂရုတစိုက် နားထောင်ပေး မှာ ဖြစ်ပြီး ဒေသခံများနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုတွေလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သတ္တုတွင်းစီမံကိန်း ပတ်ဝန်းကျင်ရှိ မိသားစုတွေရဲ့ လူမှုဘ၀ ပိုမိုကောင်းမွန်အောင် ကြိုးစားဖြည့်ဆည်း သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ရွှေ့ပြောင်းရမယ့် ဒေသခံတွေအတွက် မုံရွာမြို့နဲ့ ငါးမိုင်လောက်ပဲ ကွာတဲ့ နေရာမှာ ရွာတွေ ဆောက်ထားတယ်။ အဲဒီရွာတွေကို သီးသန့်မြေကွက်ဖော်ပြီး လုပ်ထားတာ ဖြစ်ပါ တယ်။ ရွာထဲက အိမ်တွေကို A,B,C,D ဆိုပြီး အဆင့်တွေ ခွဲထားပါတယ်။ အရင် သူတို့နေခဲ့တဲ့ အိမ်တွေက အရမ်းကောင်းခဲ့ရင် A အဆင့်အိမ်တွေကို ပေးပါတယ်။ နည်းနည်းညံ့ရင် B အဆင့်၊ ညံ့ရင် C အဆင့်၊ အ ရမ်း ညံ့ပြီး တဲသာသာဖြစ်ရင် D အဆင့်ဆိုပြီး ပြန်ခွဲထားပါတယ်။ ရေမီးအပြည့်အစုံနဲ့ အိမ်ကောင်းတွေ   ပြန်ဆောက်ပေးထားတာပါ။ အဲဒီနေရာတွေကို တချို့လည်း ပြောင်းကုန်ပါပြီ။ ကျန်သေးတာတွေလည်း ရှိပါတယ်။ လိုအပ်ရင်လည်း အိမ်တွေထပ်ဆောက်ပြီး နေရာချထားပေးဖို့ ရှိပါတယ်" ဟု ပြောကြားသည်။

ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းက "ကျွန်မအနေနဲ့ကတော့ နှစ်ကာလပေါင်းများစွာ နေလာပြီး သစ်ကြီး ၀ါးကြီးတွေရှိတဲ့ မူလဒေသမှာပဲ နေလိုပါတယ်။ နောက်တစ်ချက်က လက်ရှိနေတဲ့ရွာမှာ လယ်ယာမြေတွေ ရှိတယ်။ ဟိုမှာက မရှိနိုင်ဘူး။ အခုပြောင်းရမယ့် ရွာတွေက ကျွန်မတို့ လက်ရှိနေတဲ့ရွာနဲ့ နှစ်မိုင်၊ သုံးမိုင် လောက် ဝေးတယ်။ အဲဒီရွာသစ်တွေမှာ လုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေတွေမရှိရင် ဘယ်လိုမှ အဆင် မပြေနိုင်ပါဘူး။ နေ့တိုင်း လယ်မြေတွေရှိတဲ့ မူလနေထိုင်တဲ့ ရွာတွေကိုပြန်လာပြီး ထွန်ယက်စိုက်ပျိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အများကြီး လိုအပ်ချက်တွေ ရှိပါတယ်" ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်း ကြေးနီစီမံကိန်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံ စာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတွင်းနယ်မြေတွင် ဖြစ်ပွားခဲ့သော လူမှုဝန်း ကျင် ပြဿ နာများသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွှေ့နေရာချထားမှု အပေါ်တွင် အဓိကအားဖြင့် အခြေုပြုခဲ့သည်ဟု သုံးသပ်ရကြောင်း၊ သတ္တုတူးဖော် ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ် တကျ သိရှိ နားလည်စေမှုနှင့် အဆိုပါ လုပ်ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာ အရပ်ဒေသ အတွက် အကျိုး ကျေးဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား၊ အချက်အလက်များ ပြသမှု၊ ထိုက်တန်သော ပေး လျော်မှု၊ အစားထိုး တည်ဆောက်ပေးမှု လိုအပ်သည်ဟု အကြံပြုကြောင်း ဖော်ပြ ထားသည်။

Eleven Media Group

Credit : Here