Thursday, January 24, 2013
အနုပညာ အမှတ်တရများစွာနှင့် အကယ်ဒမီ သက်မွန်မြင့်
အနုပညာလောကမှာ ပရိသတ်တွေရဲ့ရင်ထဲကို ကိုယ်ပိုင်မှတ်တိုင် တစ်ခုစိုက် ထူနိုင်ခဲ့သူအကယ်ဒမီ သက်မွန်မြင့် က သူမသရုပ်ဆောင် မလုပ်ဖူးသေးတဲ့ ကာရိုက်တာတစ်ခု ကိုလုပ်ချင်ကြောင်း ရင်ဖွင့်လာသလို ကျရာဇာတ်ရုပ်မှာ အနုပညာရသ ပေါ်လွင်အောင် သရုပ်ဆောင်နိုင် ပြီး အနုပညာ အလုပ်နဲ့ ပတ်သက်ပြီး အမှတ်တရများစွာ ထဲက အဖြစ်အပျက်တွေကို ပြောပြခဲ့ ပါတယ်။
ပရိသတ်များအတွက် ထူးထူး ခြားခြားသရုပ်ဆောင်ချင်တဲ့ ဇာတ်ရုပ် အကြောင်းကို မေးကြည့်ခဲ့ပါတယ်။ “သက်မွန် ကာရိုက်တာတော် တော်များများကို သရုပ်ဆောင်ဖူးပေမယ့် “အအ” ဇာတ်ကားမျိုးကျတော့ တစ်ခါမှမရိုက်ဖူးသေးဘူး။ တအား ရိုက်ဖူးချင်တဲ့ကာရိုက်တာပါ။ “အ” တယ်ဆိုတော့ စကားမပြောနိုင်ဘူး။ ကိုယ်ပြောချင်တဲ့ စကားကိုမျက်လုံး အမူအရာနဲ့စကားပြောရ တယ်လေ ။ ဖြစ်ချင်တာ၊ လုပ်ချင်တာကိုလည်း လက်နဲ့၊ ခြေနဲ့ အမူအရာလုပ် ပြောရ တယ်ဆိုတော့တအား စိတ်ဝင်စား တယ်။ အခုအချိန်မှာ ဒီလိုကာရိုက် တာမျိုးလာငှားရင်ချက်ချင်းရိုက်ကို ရိုက်မှာ” လို့ လုပ်ချင်တဲ့ ကာရိုက်တာအကြောင်းကို ပြောပြခဲ့ပါတယ်။
ဗီဒီယိုဇာတ်ကားတွေမှာသရုပ်ဆောင် တော်သလို ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင် မခေတဲ့ အကယ်ဒမီ သက်မွန်မြင့်က ကြော်ငြာပိုင်းမှာ လည်း နေရာတော်တော်များများကို ရရှိထားခဲ့သူ တစ်ယောက် အနေနဲ့ စက္ကန့်လေး အတွင်းမှာ ပရိသတ်တွေ ကိုယ့်ကြော်ငြာကို လက်ခံအောင် ကြိုး စားခဲ့ပုံကိုလည်း အခုလိုပြောပြခဲ့ပါ တယ်။
“ကြော်ငြာတစ်ခုရိုက်ဖို့ စက္ကန့် လေးနဲ့ ပရိသတ်တွေကို ထိထိမိမိ ဆွဲ ဆောင်နိုင်ဖို့ ဆိုတဲ့တာဝန်က တအားအရေးကြီးတယ်။ ကြော်ငြာ ကလည်း အဓိကကတော့သီချင်းတီးလုံးတွေ အရေးကြီးတယ်။ အဲဒီ သီချင်းပေါ် မှာလည်း သက်ရောက်မှုတွေ အများ ကြီးရှိတယ်။ သီချင်းပုံစံ အတိုင်း ကိုယ်ကစီးမျောရတာလေ။ စား သောက်ကုန်၊ အလှကုန်ပစ္စည်း၊ အဝတ်အစား၊ ဒီခေါင်းစဉ်တွေ အောက်မှာလည်း ကိုယ်က အိုက်တင် တွေကို စဉ်းစားရတာပေါ့။ ပြီးတော့ ကြော်ငြာရှင်တွေရဲ့ဆန္ဒ၊ ဒါရိုက်တာ တွေ ရဲ့လိုအပ်ချက်ကိုလည်း မေးရ တယ်။ ကိုယ်တစ်ယောက်တည်းနဲ့ တော့ စက္ကန့်လေးနဲ့ အောင်မြင်ဖို့ဆို တာ ခက်ခဲပါတယ်” လို့ ပြောပြပါ တယ်။
အနုပညာရှင်တွေဟာ သူတို့ ရဲ့ကိုယ်ပိုင်လွတ်လပ်ချိန်ဆိုတာ နည်း တယ်လို့ပြောကြတဲ့အပေါ်မှာ အကယ် ဒမီသက်မွန်မြင့်ရဲ့ကိုယ်ပိုင် လွတ်လပ် ချိန်ကိုလည်း မေးကြည့်ခဲ့ပါတယ်။
“အနုပညာသမားဆိုတာ ဒီအနု ပညာလောကမှာပဲ လူတွေအများ ကြီးနဲ့ အလုပ်လုပ်ရတာဆိုတော့ အဆင်မပြေနိုင်တာတွေ အများကြီး ရှိတာပေါ့။ ကိုယ်ကလည်း သည်းခံ ပေးနိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့လိုတာပေါ့။ ရုတ်တရက် အဆင်မပြေတာတွေ လည်း ကြုံတွေ့တတ်တယ်။ ကြုံတွေ့ ပြီဆိုရင်လည်း ရင်ဆိုင်ဖြေရှင်းတတ် ဖို့လိုတာပေါ့။ ကိုယ်ပိုင်အချိန်ဆိုတာ အိပ်ချိန်နဲ့ စားချိန်ပဲရှိတာပါ။ လူမှု ရေးဘက်မှာလည်း အားနည်း သွားတာပေါ့။ သူငယ် ချင်းတွေနဲ့ကျတော့ လည်း လွတ်လွတ်လပ် လပ် သွားချင်တိုင်း သွားလို့ မရဘူး။ ဥပမာ- သူငယ် ချင်း တွေ နဲ့ လမ်း ဘေး က ကဖီး ဆိုင် ထိုင် ချင် တာတောင် အဆင်မပြေ ဘူး။ ကိုယ့် အတွက် သူတို့ က စိတ်ပူပေး ပြီး ငဲ့ညှာပေးရ တာမျိုးတွေရှိ တယ်”လို့ပြောပြ ခဲ့ပါတယ်။
ဒီကပါ။
လွတ်လပ်သောပညာရေး မူဝါဒအသစ်ဖော်ဆောင်ရန်ကြိုးပမ်းနေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကြောင့် လူမှုရေး အဖွဲ့အစည်းများမှ အကြံဥာဏ်များ ရယူကာ လွတ်လပ်သည့် ပညာရေးမူဝါဒ ဖြစ်ပေါ်လာစေရန် ယခုနှစ်အတွင်း ပညာရေးမူဝါဒအသစ် ရေးဆွဲသွားမည်ဖြစ်ကြောင်း ပညာရေးကွန်ယက်မှ သိရသည်။
အဆိုပါမူဝါဒအား ပြည်သူ့လွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ပြည်သူများလိုလားသည့် ပညာရေးမူဝါဒတစ်ရပ် ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ မူလတန်းမှ တက္ကသိုလ်အထိ အစိုးရကျောင်းများ အပါအ၀င် ဘုန်းတော်ကြီးသင်ကျောင်းများ ၊ ပုဂ္ဂလိက ကျောင်းများ ၊ တိုင်းရင်းသားများ ဘာသာစကားကျောင်းလည်း မူဝါဒ အသစ်ရေးဆွဲရာတွင် ပါဝင်မည်ဖြစ်သည်။
“ကျောင်းသားလက်ခံတာတို့ ဆရာခန့်တာတို့ အာဏာရှိတဲ့လူက ချုပ်ကိုင်တာမဟုတ်ဘဲ ကျောင်း တွေ တက္ကသိုလ်တွေကနေ ကိုယ်တိုင် စီမံအုပ်ချုပ်နိုင်တဲ့ ကျောင်းဖြစ်ရမယ်။ သုတေသနတွေ့ရှိချက် တွေကိုလည်း လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်ရမယ် “ ဟု ပညာရေးကွန်ယက်မှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာသိန်းလွင်က ပြောသည်။
အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပညာရေးမူဝါဒသစ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ရာတွင် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ၊ ကလေး ငယ်သည် ၀မ်းတွင်းမှစ၍ မွေးပြီး မူကြိုတက်သည်အထိ ကျောင်းတက်လွယ်ကူစေရေး စသည့်အချက် များကိုလည်း ထည့်သွင်း စဉ်းစားရန် လမ်းညွှန်ပေးထားကြောင်း ၄င်းက ဆက်ပြောသည်။
“ပညာရေးကဏ္ဍအားလုံးပါဖို့ ၊ မူကြိုကလေး ၊ ကလေးရဲ့မိခင်ဗိုက်ထဲကရှိတဲ့အချိန်ကနေ ကျောင်းတက်တဲ့အချိန်အထိပေါ့ ကလေးတွေရဲ့ မူကြိုပညာရေး ၊ အသက်မွေးဝမ်းကျောင်းပညာတွေ ကို ဦးစားပေးဖို့ ၊ ပညာရေးကဏ္ဍမှ အထူးလိုအပ်ချက်ရှိသူတွေ အထူးလိုအပ်ချက်ရှိတဲ့ ကလေးတွေ အတွက် ထည့်သွင်းစဉ်းစားဖို့ ပြောပါတယ်။ “ ဟု ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အား ပညာရေးကွန်ယက်မှ ဒေါက်တာသိန်းလွင်မှ ပြန်ပြောပြသည်။
ပညာရေးကွန်ယက်အနေဖြင့် လွတ်လပ်သည့်ပညာရေးမူဝါဒ ရေးဆွဲပြီးပါက ဥပဒေနှင့်အညီသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကိုလည်း ၄င်းက သုံးသပ်ပြောဆိုသည်။
အခြေခံပညာသင်ကျောင်း ၊ အလယ်တန်း နှင့် အထက်တန်း ၊ တက္ကသိုလ်ကျောင်းများ၌ ပညာသင်ကြားရာတွင် ချမ်းသာသူများ ၏ ကျောင်းသား၊ ကျောင်းသူများကိုသာလျှင် အလေးပေး ဂရုစိုက်ခံရမှုများရှိခြင်း ၊ အလှူငွေ ကောက်ခံရာတွင်လည်း ဖိအားပေးကောက်ခံမှုများရှိခြင်းနှင့် ကျောင်းအုပ်နှင့်ကျောင်းသားများအကြား နားလည်မှုလွဲမှားသည့်အဖြစ်များလည်း ရှိနေကြောင်း ကျောင်းသားမိဘအချို့ထံမှ သိရှိရသည်။
“ကျွန်မကနေ ကလေးကို ဂိမ်းဆော့လို့ ရိုက်လိုက်တာ အိမ်ကထွက်ပြေးသွားတဲ့ကလေးကို ကျောင်းက ဆရာတွေက နှစ်သိမ့်မှု မပေးတဲ့အပြင် ကျောင်းမတက်ခိုင်းတော့ဘဲ တခြား ကလေးတွေဆီက စာပြန်ကူးဖို့ပဲ လုပ်ပါဆိုပြီးပြောတယ် ။ ဒါက ကျောင်းမှာ ကလေး အချင်းချင်းရန်ဖြစ်တာမျိုးလည်း မဟုတ်ဘူး ၊ ဆရာ၊ ဆရာမကို ရိုင်းပြပြီး ဆက်ဆံတာမျိုးလဲမဟုတ်ဘဲ အခုလို ကလေးကို ကျောင်းတက်ခွင့်မပေးတဲ့စနစ်က ဘယ်လိုကြီးလဲ အကုန်ပြောင်းလဲဖို့ လိုအပ်နေပြီ “ ဟု ကြည့်မြင်တိုင်မြို့နယ် အထက(၃)၌ န၀မတန်းပညာသင်ယူနေသည့် ကလေးငယ်အား ကျောင်းတက်ခွင့် မပြုသည့်အပေါ်တွင် အဆိုပါ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ပညာရေးမူဝါဒ ရေးဆွဲရာတွင် ဥပဒေပညာရှင်များနှင့်ပါ တိုင်ပင်ရေးဆွဲမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် ပညာရေးဝန်ကြီးများနှင့် တွေ့ဆုံ၍ အကြံဥာဏ်များ ရယူသွားမည် ဖြစ်ကြောင်းကိုလည်း ဒီချုပ်ပညာရေးကွန်ယက်မှ သိရသည်။
ပညာရေးကွန်ယက်အနေဖြင့် တိုင်းနှင့်ပြည်နယ်များ၌ ပညာရေးညီလာခံများ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၃ခုနှစ် မကုန်ခင် ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ချိုး၍ပင် မကျိုးနိုင်သည့် ပျော့ပြောင်းသော iPad
အလွယ်တကူ ကွေးကောက် နိုင်အောင် ပျော့ပြောင်းသော သတ္တုများ ကိုအသုံးပြုပြီး ထုတ်လုပ်ထားသည့် iPad ကို Apple က စတင် သရုပ်ပြ လိုက်ပါပြီ။ စက္ကူတစ်ရွက်ကဲ့သို့ပင် ပါးလွှာလှသည့် အဆိုပါ iPad ကို အလွယ်တကူ ကွေးညွှတ်၍ရရန် ပလတ်စတစ်လောဂျစ်နည်းပညာကို အသုံးပြုထားသည်ဟု Queen တက္ကသိုလ်မှ ပညာရှင်များက ရှင်းပြသည်။
အဆိုပါ iPad ကို လတ်စ်ဗီးဂတ်စ်တွင် ကျင်းပသည့် Consumer Electronics Show ပွဲမှာ ပြသ သွားနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ Queen တက္ကလိုလ်ရှိ Human Media ဓာတ်ခွဲ ခန်းမှ စမ်းသပ် လိုက်သည့် စက္ကူတမျှ ပါးလွှာလှသော အဆိုပါ iPad ကို Paper Tab ဟု အမည် ပေးထားသည်။ ပလတ်စတစ် လောဂျစ် နည်းပညာသာ ခေတ်စား လာလျှင် အလွန်ပါး လွှာလှသည့် Ultra-Notebook များ နေရာမှာ ပင် အစားထိုး ဝင်လာနိုင်သည်ဟု နည်းပညာ ပါရဂူ ဗာတီဂယ်က သုံးသပ် ထားသည်။
Yatanarpon
ငပလီတွင် နော်ဝေနိုင်ငံသားတစ်ဦး ရေနစ်သေဆုံး
သံတွဲမြို့၊ မြပြင်ကျေးရွာ AMATA ဟိုတယ်တွင် တည်းခိုလျက် ရှိသော နော်ဝေနိုင်ငံသား Mr. Stabursbik Airfinm သည် ဇန်န၀ါရီလ (၂၃) ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ဟိုတယ်ရှေ့ ပင်လယ် ကမ်းစပ်တွင် ရေကူးနေစဉ် ရေမြုပ်သေဆုံးသွားကြောင်းသိရှိရသည်။ Mr. Sta bursbik Airfinm သည် အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး ၎င်း၏ အလောင်းအား သံတွဲမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ လိုအပ် သည်များ စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
ဒီကပါ။
ပထမဆုံး Firefox OS သုံးထားသော စမတ်ဖုန်းများ ထွက်ရှိလာတော့မည်
HTML-5 ကိုအခြေပြု၍ ရေးဆွဲထားသော Firefox OS အသုံး ပြု ထားသော စမတ်ဖုန်းများ ထွက်ပေါ် လာပြီ ဖြစ်ပါတယ်။ ထိုဖုန်းများ ကတော့ Geek Phone ရဲ့ Keon ဆိုသော ဖုန်းနဲ့  Peak ဆိုသော ဖုန်း ၂လုံးပဲ ဖြစ်ပါတယ်။
အဖြူရောင်ဖုန်းလေးကတော့ GeekPhone Peak ဖြစ်ပြီး ဖုန်း ၂လုံးထဲတွင်တော့ ပိုမို၍ကောင်းမွန်သော ဖုန်းဖြစ်ပါတယ်။ Peak တွင် 1.2GHz Dual-Core Snapdragon S4 Chipset၊ 512MB RAM နှင့် 4GB Internal Storage တို့ ပါဝင်ပါတယ်။ Display အနေနဲ့ ကတော့ ၄.၃လက်မအရွယ် qHD IPS Display ကိုအသုံးပြုထားပြီး LED Flash ပါဝင်သော 8MP ကင်မရာ၊ အရှေ့ကင်မရာအနေနဲ့ ကတော့ 2MP ကင်မရာတို့  ပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ ကတော့ 1800 mAh ဘက်ထရီကို အသုံးပြုထားပြီး Micro SD Card Slot လည်းပါဝင်မည် ဖြစ်သလို ပုံမှန်အတိုင်း Bluetooth၊ Wifi တို့ လည်း ပါဝင်မည် ဖြစ်ကြောင်း သိရပါတယ်။
လိမ္မော်ရောင်ဖုန်းလေးကတော့ GeekPhone Keon ဖြစ်ပြီး Firefox ရဲ့အမှတ်အသား အရောင်ဖြစ်တဲ့ လိမ္မော်ရောင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Keon တွင် 1GHz Snapdragon S1 CPU၊ 512MB RAM နှင့် 3.5” HVGA Display တို့ ပါဝင်မည် ဖြစ်ပါတယ်။ Internal Storage အနေနဲ့ ကတော့ 4GB ပါဝင်ပြီး ကင်မရာအနေနဲ့ ကတော့ 3MP ဖြစ်ကြောင်းသိရပါတယ်။ Flash မပါဝင်သလို အရှေ့ ကင်မရာ လည်း မပါဝင်ကြောင်း သိရပါတယ်။ ဘက်ထရီအနေနဲ့ ကတော့ 1580 mAh ဘက်ထရီကို အသုံးပြုထား တာ ဖြစ်တယ်လို့  သိရပါတယ်။
GeekPhone မှပြောကြားချက်အရ ယခု Firefox OS Developer စမတ်ဖုန်းများကို နောက်လမှ စတင် ၍ ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကိုတော့ ပြောကြားသွားခြင်း မရှိသေးပါဘူး။
GSMArena

ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ် သက်ပြီး အင်တာနက် စာမျက်နှာမှာ အဆိုးမြင်ဝေဖန်ရေး သားဖော်ပြနေတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည် နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အရေး တကြီး ပြင်ဆင်နေကြပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်ကအတည်ပြုလိုက်တဲ့ ပြည်ထောင်စုစာရင်း စစ်ချုပ် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင် ဆင်တဲ့ ဥပဒေကြမ်းနှစ်ခုကို အင်တာနက်စာမျက်နှာပေါ်မှာ ဥပဒေအထက်မှာ (Above The Law) ဆိုပြီး ဝေဖန်ရေး သားချက်တွေဟာ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စော်ကားထားတာဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က တင်သွင်းခဲ့တာ ဖြစ်ပြီး၊ သူတင်သွင်းတဲ့ အဆိုကို သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့ပြီး ထောက်ခံမဲများတဲ့ အတွက် ပြည်ထောင်စု လွှတ်တော်ကကော်မရှင်ဖွဲ့စည်းပြီး၊ စုံစမ်းစစ်ဆေးကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ ဒီ ကနေ့ အတည်ပြုခဲ့ပါတယ်။
RFA Burmese
ဘဏ်ကြားခံချိတ်ဆက်ရောင်းဝယ်မည့် ရွှေဗဟို ဈေးကွက်ဖော်မည်
ဘဏ်များနှင့်ချိတ်ဆက်ကာ ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် (Single Market) ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီလိုလုပ်ရတာကတော့ ဈေးကွက်ကို ပိုခိုင်မာစေချင်လို့ပါ။ ဝယ်တဲ့ သူ လည်းအာမခံချက်ရှိမယ်။ ရောင်းတဲ့သူလည်း အာမခံချက် ရှိမယ်။ ပြီးတော့ ရွှေရဲ့အရည်အသွေး၊ စံချိန်စံညွှန်းအားလုံး ခိုင်မာတဲ့ စနစ်လေး ဖြစ်သွားအောင် ဗဟိုဈေးကွက်ပုံစံနဲ့ အကောင် အထည်ဖော်သွားမှာပါ'' ဟု မြန်မာနိုင်ငံ ရွှေဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီမှဈေးကွက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်) ကပြော သည်။
အဆိုပါ ဈေးကွက်သည်ဘဏ်ကိုကြားခံထား၍ဘဏ်၌ မိမိအပ်နှံထားသော ငွေကြေးပေါ်တွင်မူတည်၍ အရောင်းအဝယ်ပြုလုပ် မည့်ပုံစံဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ရွှေအရောင်းအဝယ် ဗဟိုဈေးကွက်ကို ရန်ကုန်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရန်ကုန်၌ အဆိုပါ စနစ်အောင်မြင်ပါက မန္တလေးတွင်ထပ်မံ၍လုပ်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။
ထိုမှတစ်ဆင့် မြန်မာပြည်အနှံ့တွင် ဆက်လက်အကောင် အထည်ဖော်ဆောင်ကာ အီလက်ထရောနစ် စနစ်ဖြင့် ချိတ်ဆက်ကျင့်သုံးသွား ရန်စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
''ဒီစနစ်ပေါ်လာရင် အရင်ကတည်းကအရောင်းအဝယ်ပြုလုပ်နေတဲ့ မိရိုးဖလာအရောင်း အဝယ် ကလည်း ပျောက်သွားမှာမဟုတ်ပါဘူး။ ဘဏ်စနစ်ကြားခံပြီး လုပ်တာမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်း အရောင်း အဝယ်ကလည်းရှိနေမှာပါ'' ဟုအထက်ပါပုဂ္ဂိုလ်ကပြောသည်။
ရွှေအရောင်းအဝယ်ဗဟို ဈေးကွက်ကို ၂ဝ၁၃ ခုနှစ်ကုန်ပိုင်းတွင်စတင် အကောင်အထည် ဖော်ရန်ရည်ရွယ် ထားသော်လည်း လုံခြုံရေးစိတ်ချရသော နေရာနှင့်ဘဏ်များနှင့် ချိတ်ဆက် လုပ်ကိုင်မည်ဖြစ်သောကြောင့် ဆက်သွယ်ရေးကောင်းမွန်သောနေရာဖြစ်ရန်အတွက် နေရာရှာဖွေဆဲဖြစ်ကြောင်းလည်း ဦးကျော်ဝင်း က ပြော သည်။
ရွှေဘုံသာရှိ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ''ရောင်းသူဝယ်သူ နှစ်ဦးစလုံးအတွက်စိတ်ချရတာပေါ့။ ဒါဆိုလေ ပတ်ကားစနစ်လည်း လုံးဝပျောက်ကွယ်သွားမယ်'' ဟု ဗဟိုဈေးကွက်ပေါ်လာမည့်အပေါ် သူ၏အမြင် ကို ပြောသည်။
ယနေ့ရွှေဈေးတွင် ကျင့်သုံးလျက်ရှိသောစနစ်သည် ဈေးကွက်ကိုထိန်းချုပ်ထားခြင်းမရှိဘဲ ကမ္ဘာ့ ရွှေဈေးနှင့် ပြည်တွင်းရှိ အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ဈေးဖြတ်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွှေ ဗဟိုဈေးကွက်ပေါ်ပေါက်လာပါက သဘာဝကျသောရွှေဈေးနှုန်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ မြန်မာ့ရွှေပေါက်ဈေးသည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆၅ဝဝဝ ဖြစ်၍ ၁၅ ပဲရည်တစ်ကျပ် သားလျှင် ၇၂ဝ၅ဝဝ ဖြစ်ကာ ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် ၁၆၆၈ ကန်ဒေါ်လာဖြစ်ကြောင်း သိရ သည်။
Popular Myanmar News Journal

ဆီးဂိမ်းဝိုင်ဖိုင် အင်တာနက်ထုတ်လွှင့်ခွင့် ပြည်တွင်းကုမ္ပဏီနှစ်ခု ရရှိ
ဆီးဂိမ်း၌သုံးစွဲခွင့်ပေးမည့် ဝိုင်ဖိုင်အင်တာနက် ထုတ်လွှင့်ခွင့်ကို ပြည် တွင်းကုမ္ပဏီနှစ်ခုအား လုပ်ကိုင်ခွင့်ပေးလိုက်ပြီဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ နှစ်ခုမှာ Red Link နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများဖြစ် ပြီး နေပြည် တော်၊ မန္တလေး၊ ငွေဆောင်နှင့် ပုဂံမြို့လေးမြို့တွင် လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရ သည်။
“တင်ဒါခေါ်ထားတဲ့ကုမ္ပဏီတွေထဲက ရွေးချယ်ဆောင်ရွက်သွားတာပါ။ ပြိုင်ပွဲမကျင်းပမီပြီး စီး အောင်ဆောင် ရွက်သွားဖို့ မှာကြား ထားပါတယ်”ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာ မှူး ဦးကျော်မျိုးသန်းက ပြောသည်။
Red Link ကုမ္ပဏီသည် မန္တလေးနှင့်ငွေဆောင်တွင် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး နေပြည်တော်နှင့် ပုဂံ ကို မြန်မာတယ်လီကွန်း ကုမ္ပဏီမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။
“ ဆက်သွယ်ရေးကသတ်မှတ် ပေးထားတဲ့အချိန်အမီ ပြီးစီးအောင် ဆောင်ရွက်သွားမှာပါ။လက်ရှိလည်း ဝိုင်ဖိုင်စနစ်နဲ့ပုဂံဘုရားတွေမှာ ထုတ်လွှင့်ပေးနေတဲ့အတွက် အခက်အခဲမရှိနိုင်ပါဘူး”ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
မြန်မာ တယ်လီကွန်းသည် လည်း နေပြည်တော်တွင် ဝိုင်ဖိုင် စနစ်အတွက် ဖိုင်ဘာကေဘယ်လိုင်းများ သွယ်တန်းလျက်ရှိကြောင်း၊ တချို့မှာ ပြီးစီးသည့်အနေအထား ရှိပြီဖြစ်ကြောင်း၊ ကျန်ရှိသည့်အပိုင်းကို လည်း အချိန်မီပြီး စီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိ သူတစ်ဦးက ပြောသည်။
(၂၇) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ ရန်ကုန်၊ မန္တလေး၊နေပြည်တော်နှင့်ငွေဆောင်တွင် ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတွင် အမျိုး သမီးဘော လုံးပြိုင်ပွဲ၊ ငွေဆောင်တွင် ရွက်လှေအားကစား ပြိုင်ပွဲနှင့် ရန်ကုန်တွင် အမျိုးသား ဘောလုံးပြိုင်ပွဲအုပ်စုပွဲ အပါအဝင် ကစားနည်းလေးမျိုးနှင့် နေပြည်တော်တွင် ကျန်ရှိသည့် အားကစားနည်း ၂၂ နည်း ပြိုင်ပွဲများ ကျင်းပ မည်ဖြစ်သည်။ ကျင်းပသည့် ပြိုင်ပွဲတိုင်းတွင် ကြည့်ရှုသူများအား အင်တာနက်သုံးစွဲခွင့် ပေးမည်ဟု အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

သယံဇာတကျိန်စာ မြန်မာတွင် ဖြစ်ပေါ်နေပြီဟု ဆို
မြန်မာနိုင်ငံသည် သယံဇာတကျိန်စာဖြစ်ပေါ်နေပြီဟု ပညာရှင်အချို့က သုံးသပ်ကြောင်း Spectrum မြန်မာမှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။
နိုင်ငံတစ်နိုင်ငံသည် သယံဇာတ ရောင်းချမှု ၃၅ ရာခိုင်နှုန်းကျော်ဖြင့် တိုင်းပြည်ဝင်ငွေရှာဖွေပါက သယံဇာတ ကျိန်စာ ဖြစ်ပေါ်လာကြောင်း၊ မြန် မာ နိုင်ငံအနေနှင့် သယံဇာတရောင်းချမှုဖြင့် တိုင်းပြည် ဝင်ငွေ ၇ဝ ရာ ခိုင်နှုန်းကျော် ရှာဖွေနေခြင်းကြောင့် သယံဇာတကျိန်စာများ ဖြစ်ပေါ်နေပြီဟု ပညာရှင်များ သုံးသပ်ကြောင်း ၄င်းထံမှသိရသည်။
သယံဇာတအလွန်အကျွံထုတ်ယူ သောနိုင်ငံများသည် သယံဇာတ ကျိန်စာ များဟုဆိုသော လူမှပြုလုပ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခြင်း (ဥပမာ-မြေဖို့ထားသောတောင်များ ပြိုခြင်း၊ သယံဇာတထုတ်ယူမှုကြောင့် ကမ်းပါးများပြိုကျခြင်း)၊ နိုင်ငံတကာ ငွေကြေးနှင့်နှိုင်းယှဉ်ပါက ပြည်တွင်း သုံးငွေတန်ဖိုး တက်လာခြင်း၊ သယံ ဇာတထုတ်ယူမှု၏ ဘေးထွက်ဆိုးကျိုး များကြောင့် ဒေသခံကလေးများ တွင် အင်္ဂါချို့တဲ့မှုများ ဖြစ်ပေါ်ခြင်း၊ သယံ ဇာတပိုင်ဆိုင်လိုမှုကြောင့် ပြည်တွင်းစစ် များဖြစ်ပေါ်ခြင်း၊ လူကုန်ကူးမှု များ ပေါ်ပေါက် လာခြင်းများကို တွေ့ရှိရ သည်ဟု သိရသည်။ ထို့အပြင်အစိုးရသည် သယံဇာတ များရောင်းချခြင်းဖြင့် အလွယ်တကူ ဝင်ငွေရရှိလာခြင်းကြောင့် တိုင်းပြည် အတွက် ငွေကြေး သုံးစွဲမှုတွင် ချင့်ချိန်မှု မရှိဘဲ မလိုလားအပ်သော စီမံကိန်း ကြီးများ ရေးဆွဲဖော်ဆောင်မှု ပြုလုပ် သည်။
(မြန်မာနိုင်ငံတွင်မူ နေပြည်တော်အစိုးရရုံး အခြေစိုက် မြို့တော်ကြီး တည်ထောင်ခြင်း) အစိုးရသည် ငွေကြေးသုံးစွဲမှု မဆင်ခြင်နိုင်သောကြောင့် နိုင်ငံတကာ ချေးငွေများကို လက်ခံကာ တိုင်း ပြည်တွင် အကြွေးထူပြောလာခြင်း များဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းအချက်အလက်များ အားလုံး ကိုက်ညီမှုရှိသည်ကို တွေ့ရှိရသည် ဟု ပညာရှင်များသုံးသပ်ကြကြောင်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံ၌ လူကုန်ကူးမှုများ ပြားနေခြင်းမှာ သယံဇာတအလွန်အကျွံ ထုတ်ယူသုံးစွဲသောနိုင်ငံများ တွင်ဖြစ်လေ့ရှိသော အကြောင်းအရာဟု သိရသည်။
''သယံဇာတရောင်းတဲ့နိုင်ငံတွေက ရောင်းစရာကုန်ရင် လူရောင်း တာတွေ ဖြစ်လာတယ်''ဟု ၄င်းက ပြောသည်။ မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့် လူကုန်ကူးမှု၏ အများဆုံးရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လက်ထပ်ရန် ရောင်းစားမှုများဖြစ်သည်။ ပတ်ဝန်းကျင်နိုင် ငံများတွင် စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လစာငွေ နည်းပါးခြင်း ရပ်တည်ရန် ခက်ခဲခြင်း စသည့်အချက်များကြောင့် ဗီယက်နမ်၊ လာအို၊ မြန် မာတို့မှ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ လူကုန်ကူးခံနေရကြောင်း သိရသည်။ လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''သယံဇာတ ရှိတဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ လာအိုတို့၊ ကမ္ဘောဒီးယား တို့မှာလည်း လူကုန်ကူးမှုတွေဖြစ်နေ တာပဲ။ တကယ်တော့ လူကုန်ကူးမှုဆိုတာ က နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖြစ်တာ''ဟု ပြောသည်။
ကမ္ဘာတွင် တစ်မိနစ်လျှင် ၅ ဦးနှုန်းဖြင့် လူကုန်ကူးခံနေရကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်က လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ တွင်မူ ၁၂ဝ မှုဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တိုက်ဖျက် ရေးဗဟိုအဖွဲ့မှ သိရသည်။
ဝေယံမိုးမြင့်
ဆက်သွယ်ရေးဆိုင်ရာ အကျင့်ပျက်ချစားမှု နေပြည်တော်မှာ စစ်ဆေးနေ
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စားမှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့RFA က စုံစမ်းသိရှိရပါတယ်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မှုခင်းစုံစမ်းရေးအဖွဲ့ CID ၊အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ BSI စတဲ့ အဖွဲ့တွေပါဝင်ပြီး၊နေပြည်တော် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအတွင်း ရုံးထိုင်ကာ အကျင့်ပျက်လာဘ်စားမှုကို စုံစမ်းစစ်ဆေးနေတာလို့ သိရှိရပါတယ်။
ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းကိုတော့ နေပြည်တော် သူ့ရဲ့အိမ်မှာအကျယ်ချုပ် ချထားပြီး၊စစ်ဆေးမေးမြန်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
ခေါ်ယူစစ်ဆေးခံရသူတွေထဲမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက အထွေထွေ မန်နေဂျာ ဦးသိန်းဦး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှုး ဦးက္ကိဒ္ဓိလှ တို့အပြင် ရန်ကုန်အခြေစိုက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာချုပ် ဦးဌေးဝင်းစတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိ ၅၀ ကျော်ပါဝင်ပြီး သူတို့ကို နေပြည်တော်က ရဲတပ်ရင်းတွေထဲမှာ ထားရှိပြီး ပူးပေါင်းအဖွဲ့တွေ က စုံစမ်းစစ်ဆေးမှုတွေလုပ်နတယ်လို့ သိရပါတယ်။
တရုတ်ဆက်သွယ်ရေး ကုမ္မဏီတွေဖြစ်ကြတဲ့ ZTE နဲ့ Huaweiကုမ္မဏီတို့နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကြား အကျိုးတူလုပ်ကိုင် နေတဲ့ မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရေးကိစ္စတွေမှာ ဆက်စပ်လုပ်ကိုင်နေတဲ့Elite ၊ Asia Mega Link ၊ တာမိုးညဲ စတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ကိုပါ ဒီကနေ့ စတင်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။

ဦးအောင်သောင်းနှင့်ပတ်သက်သောသတင်းမှာ တမင်ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟုဆို
၁၈-၁-၂၀၁၃ ရက်နေ့တွင် အင်တာနက်သတင်းများ ၌တွေ့ရှိရသည့် မိန်းကလေးတစ်ဦးကို အလိုမတူပဲ ဦးအောင်သောင်းမှ မယားငယ်ပြုထားခြင်းဆိုသော သတင်းနှင့်ပတ်သက်၍ ဦးအောင်သောင်းနှင့် ပတ်သက်သော အသိုင်း အ၀ိုင်းမှလူများကို မေးမြန်း စုံစမ်းကြည့်ရာ ``ဦးအောင်သောင်းက သူ့ရဲ့ဂုဏ်သိက္ခာကို အင်မတန်တန်ဖိုးထားတဲ့ သူတစ်ယောက်ပါ ဒီလိုအလုပ် မျိုးကို ဘယ်သောအခါမှ လုပ်မယ့်သူမျိုးမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ သူ့မှာ ၀န်ကြီးဘ၀တုန်းကရော လက်ရှိ ပြည်ခိုင်ဖြိုးမှာရော တာဝန်ထမ်းဆောင်ချိန်မှာ များပြားလှတဲ့တာဝန်တွေကို ထမ်းဆောင် နေရတဲ့အတွက် ဒါတွေကို စိတ်ထဲထည့်ချိန်တောင်ရှိမှာမဟုတ်ပါဘူး ဒီ သတင်းဟာ သူ့ကို ဂုဏ်သိက္ခာကျဆင်းအောင်၊ အရှက်ရစေအောင် တမင်ဖန်တီးလုပ်ဆောင်တာပဲ ဖြစ်ပါ လိမ့်မယ်´´ဟု ဦးအောင်သောင်းနှင့်နီးစပ်သူ တစ်ယောက်က ပြောသည်။
တောင်သာသားတစ်ဦးကမူ ``ဒါ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပါ၊ ဒီသတင်းကို သေချာဖတ်ကြည့်ရင် သတင်းအလိမ်ကြီး ဆိုတာထင်ရှားပါတယ်။ မယားငယ်နဲ့ရတဲ့ကလေးကို ရန်ကုန်အိမ်မှာထားတယ် ဆိုကတည်းက အလိမ်ကြီးမှန်း သိသာလွန်းပါတယ်။ ဘယ့်နှယ်ဗျာ ရန်ကုန်အိမ်မှာဆိုရင် တစ်နေ့တစ်နေ့ကို လူပေါင်း သောင်းခြောက်ထောင် ၀င်ထွက် သွားလာနေတာ၊ ဒီကလေးကို တစ်ယောက်မဟုတ်တစ်ယောက် သတိထားမိမှာပဲ သတိထားမိလို့ သံသယဖြစ်လာရင် ဒီလောက်တောင်ကြာမှာမဟုတ်ဘူး အစောကြီး ကတည်းက သတင်းထွက်လာမှာပဲ၊ သူ့မိသားစုကရော ဒီကလေးကို လက်ခံထားပါ့မလား၊ ဒါသာမှန်ရင် မိသားစုပြိုကွဲသွားတာကြာလှပြီ။ နောက်တစ်ခုက မအေးမို့မို့လှိုင်က (၁၀)နှစ်ကြာ ပျောက်ဆုံးနေလို့ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌကို တိုင်မလို့တဲ့၊ ပျောက်ပျောက်ချင်းတုန်းကတော့မတိုင်ပဲနဲ့ ခုကျမှတိုင်မလို့လား၊ ကာယ ကံရှင်မိန်းကလေးကရော အလိုမတူပဲယူထားရတာဆိုရင် တစ်နည်းနည်းနဲ့ ကိုယ့်ဆွေမျိုးအသိုင်းအ၀ိုင်းကို အကြောင်းမကြားဘူးလား၊ ပြီးတော့ ကိုယ့်နဲ့ ရထားတဲ့ကလေးကို ကိုယ့်ဆီမထားပဲနဲ့ ရန်ကုန်အိမ်ပို့ထား တာကို အမေ ဖြစ်သူက ဒီတိုင်းထိုင်ကြည့်နေလား၊ ဒါ တစ်ယောက်ယောက်က တမင်ချောက်ချ တာပဲဖြစ်မယ်၊ ကျွန်တော်တို့ တောင်သာ တစ်နယ်လုံးကတော့ ဒီသတင်းကို ဘယ်လိုမှလက်မခံနိုင်ဘူး။ ကျွန်တော်တို့တစ်နယ်လုံးက ဦးအောင်သောင်းကို ချစ်ခင် လေးစားဆဲ နောင်လည်းပဲ ဘယ်လို ကိစ္စကြောင့်ဖြစ်ဖြစ် ချစ်ခင်လေးစားမှုက လျော့သွားမှာမဟုတ်ဘူး´´ ဟုပြောသည်။
ဒါတွေကို သုံးသပ်ကြည့်မယ်ဆိုရင် လူတစ်ယောက်မှာ ချစ်ခင်သူရှိသလို မုန်းသူလဲရှိမှာအမှန်ဖြစ်သည်။ သို့သော် ကိုယ့်ရဲ့ အာဃာတကြောင့် သူတစ်ပါးကို အရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်တာ ကတော့။ အောက်တန်းကျလွန်းသည်ဟု ထင်ပါသည်။ နောင် ဒါမျိုးတွေဆက်လုပ်မည်ဆိုလျှင်လည်း မည်သည့်အကျိုး သက်ရောက်မှုမျှရှိမည်မဟုတ်ပဲ အမှန် တရားကိုဖော်ထုတ်သူများ၊ အမှန်တရားကို သိထားသူများ၏ လှောင်ပြောင်ခြင်းကိုသာ ခံရမည်ဖြစ်သည်။ နယ်သူနယ်သား အားလုံးကလည်း အမှန်တရားဖက်မှသာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိစေလိုသည်။
ဦးအောင်သောင်း ဆောင်ရွက်ပေးခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ တောင်သာတစ်နယ်လုံးတွင် လက်ညှိုးထိုး မလွဲရှိသည်။ ဒါတွေ ဆောင်ရွက်ပေးခဲ့လို့လည်း နယ်သူနယ်သားအားလုံးက ချစ်ခင်အားကိုး ကြခြင်းဖြစ်သည်။ မည်သည့်အခါကမျှ၊ မည်သူမျှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ဖူးသော လုပ်ငန်းများဆောင် ရွက်ပေးခြင်းသည် တော်ရုံတန်ရုံအရည်အချင်းနှင့် မဖြစ်နိုင် ဆိုတာကို ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သက်သေပြဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ သူ့ထက်မဆိုထားနှင့် သူနှင့်တူသူပင် မရှိနိုင်ပါ။ ဒီသတင်းတင်သူသည် ဒါတွေကို မသိမဖြစ်နိုင်ပါ၊ သိပါလျက်နှင့် ဤသို့လုပ်ဆောင်ခြင်းသည် လူသား မဆန်သောလုပ်ဆောင်မှု၊ အမှန်တရားကိုလက်မခံနိုင်မှု၊ မိမိ၏အာဃာတကိုရှေ့တန်းတင်မှုနှင့် မင်းသားကြီးမလုပ်ရလျင် ပတ်မကြီးထိုးဖောက်မယ်ဟူသော နိမ့်ကျသည့်အတွေးအခေါ် အယူအဆများဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ် ရရှိကြောင်း တင်ပြလိုက်ရပါသည်။
ဆင်တဲဝသား