Thursday, January 17, 2013

မြန်မာ့ငြိမ်းချမ်းရေးဖခင် ဦးအောင်မင်း နှလုံးရောဂါကြောင့် အနားယူရန် ဆရာဝန်ကြီးများ အကြံပြုသော်လည်း အနားမယူ


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းအား ကျန်းမာရေးစစ်ဆေးရာတွင် နှလုံးရောဂါတွေ့ရှိသဖြင့် အနားယူရန် လိုအပ် သည်ဟု ဆရာဝန်ကြီးများက ညွှန်ကြားထားကြောင်း ၀ိတိုရိယဆေးရုံမှ Chief Operation Officer ဦးလောရင့်ကပြောသည်။

“အီးစီဂျီရိုက်ကြည့်တော့ နှလုံးသိပ်မကောင်းဘူး။ နောက်နှလုံးကို စီတီရိုက်ကြည့်တော့ နှလုံးသွေးကြော ကျဉ်းတာရှိတယ်။ ဆရာဝန်ကြီးက အကြံပြုတာက အနားယူသင့်တယ်။ သတိထားရမယ်။ ဆေးထပ်ပြီး ကုရမယ်”ဟု ဦးလောရင့်ကပြောသည်။

ဝန်ကြီးဦးအောင်မင်းမှာ ယခင်ကပင် ရင်ဘတ်အောင့်ဖူးပြီး အခုရက်ပိုင်းအတွင်း မကြာခဏ ရင်ဘတ်အောင့်လာပြီး နေထိုင်မကောင်းသဖြင့် ဆေးစစ်ကြည့်ရာမှ နှလုံးသွေးကြောကျဉ်းသည်ကို သိရှိရကြောင်း ၀န်ကြီးဦးအောင်မင်း၏ ကိုယ်ရေးအရာရှိ ကိုဝေဖြိုးအောင်ကပြောသည်။

“မနေ့က (ဇန်န၀ါရီ ၁၃ ရက်) တစ်ရက်ပဲ နားလိုက်တယ်။ ဒီနေ့ ရုံးပြန်တက်နေပြီ။ ဆရာဝန်က နားဖို့ပြောပေမယ့် အလုပ်ကနားလို့မှ မရတာ”ဟု ကိုဝေဖြိုးအောင်ကပြောသည်။

ထို့ကြောင့် မကြာမီ ဆွေးနွေးမည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ဆွေးနွေးပွဲသို့ ၀န်ကြီးဦးအောင်မင်း တက်ရောက်လိမ့်မည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။

ဝန်ကြီးဦးအောင်မင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ခဲ့ပြီး ကေအင်န်ယူနှင့်နီးစပ်သော ၀န်ကြီးဖြစ်သော်လည်း ဇန်န၀ါရီ ၁၂ ရက်က ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်နိုင်ခြင်းမရှိပေ။

www.MyanmarExpress.net

ရွှေတိဂုံ စေတီတော် ပုံတူကို ကိုးကွယ် လိုသည့် တရုတ် ဘုန်းတော်ကြီးများ မေတ္တာ ရပ်ခံချက် အရ တရုတ် နိုင်ငံ လော့ယန်မြို့ မြင်းဖြူ ကျောင်းဝင်း အတွင်း တည်ဆောက်ရန် စီစဉ်

ထေရဝါဒ ဗုဒ္ဓ ဘာသာ ထွန်းကားသည့် မြန်မာ နိုင်ငံ ၏ ဘာသာရေး ဆည်းကပ် ကိုးကွယ်မှု၊ ဗုဒ္ဓ ဘာသာ အခြေခံ ယဉ်ကျေးမှု၊ မြန်မာ့ ရိုးရာ ပန်းပညာ များကို ကမ္ဘာလှည့် ခရီးသွား ပြည်သူများမှ တစ်ဆင့် ကမ္ဘာက သိရှိအောင် အကောင်းဆုံး၊ အပြောင် မြောက်ဆုံး လက်ရာ များဖြင့် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။

မြန်မာ နိုင်ငံမှ ကျွမ်းကျင် ပညာရှင် များဖြင့် စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ဌာပ နာတော် စသည့် စေတီ တော် ဆိုင်ရာများနှင့် ကျွန်းသားဘုရား၊ ကျောက်စိမ်းဘုရား၊ စကျင်ဘုရား၊ ကြေးဆင်းတု ရုပ်ပွား တော်များ ထုလုပ်ပြီး တရုတ် နိုင်ငံက ပင်မ စေတီတော်ကြီး Structure တည်ဆောက်ရေး လုပ်ငန်းကို ၂ဝ၁၂ ခုနှစ် ဧပြီလတွင် စတင် ခဲ့ပြီး ၂ နှစ်အတွင်း အပြီး တည်ဆောက်မည်။

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ လော့ယန်မြို့ မဟာစိန ပဘာ ရွှေတိဂုံ ပုံတူ စေတီတော် တည်ဆောက်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

အစည်း အဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ စေတီတော် တည်ဆောက်ရေး ဦးစီး ကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီ တို့မှ တာဝန် ရှိသူများ တက်ရောက် ကြသည်။

မြ၀တီ

အကယ်ဒမီရွှေစင်ရုပ် တုရှိရွှေကြယ်ကို လှူဒါန်းလိုက်သူ အကယ်ဒမီ ချစ်စနိုးဦး”


၂ဝ၁၁ခုနှစ် အတွက် အမျိုး သမီး ဇာတ်ပို့ အကယ်ဒမီ ထူးချွန်ဆု ရရှိခဲ့တဲ့ ချစ်စနိုးဦးက ဆုရတဲ့ အမှတ်တရ အဖြစ် အကယ်ဒမီရွှေ စင်ရုပ်တုရဲ့ ထိပ်က ရွှေကြယ်ကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းလို့ ရအောင် အလိုတော်ပြည့် ဆရာတော် ဘဒ္ဒန္တအရိယဝံသထံ ဇန်နဝါ ရီ၁၂ရက်နေ့၊ မနက်၉နာရီခွဲက သွား ရောက်လှူဒါန်းခဲ့ပါတယ်။

အခုလို လှူဒါန်းမှုကို အကယ်ဒမီဆု မရခင် ကတည်းက အဓိဋ္ဌာန်ခဲ့တာဖြစ်ပြီး ရရှိခဲ့တဲ့အတွက် လှူဒါန်းဖြစ်တာလို့ လည်း ပြောပြပါတယ်။ လှူဒါန်းမှုက ပရိသတ်တွေအတွက်ပါ ကုသိုလ် ရအောင် ရည်စူးပြီး လှူဒါန်းဖြစ်ပုံကို ချစ်စနိုးဦးက “ဒီနေ့လှူဖြစ်တာက အကယ်ဒမီပေးပွဲ မတိုင်ခင်ကတည်းက အလိုတော်ပြည့် ဆရာတော်ဘုရားကြီးနဲ့ ပုဂံအလိုတော်ပြည့်ဘုရားဖူး သွားပြီးတော့ အဓိဋ္ဌာန် လုပ်ဖြစ်ခဲ့တယ်။ ဆရာတော်ကတော့ ပြောတယ်။ ဒီဆုက ပထမဦးဆုံး ရတဲ့ဟာ ဖြစ်တဲ့အတွက် မလှူပါနဲ့လို့ ပြောပေမယ့်လည်း စနိုးရဲ့ပရိသတ်တွေ အတွက်ရော၊ မိသားစုအတွက်ပါ ကုသိုလ်ကောင်းမှုလေး လုပ်ချင်တဲ့ စိတ်လေးနဲ့ လှူဖြစ်သွားတယ်။ လှူဖြစ်တာကလည်း အကယ်ဒမီ ရွှေစင် ရုပ်တုရဲ့ ထိပ်ကကြယ်လေးက ရွှေ၂ကျပ်သားလောက် ရှိတယ်။ ဆုမရခင် ကတည်းကလည်း ဆုရလာရင် လှူဖို့ကို စိတ်ကူးထားတယ်။ လှူတဲ့အချိန်မှာ လည်း ဘယ်နေရာ မှာပဲ သုံးသုံး အကုန်လုံးကို ကောင်း စေချင်တဲ့ စိတ်ထားပြီးတော့ လှူလိုက်တယ်။ ဆရာတော်ဘယ်နေရာမှာပဲ သုံးသုံး၊ ထီးတော်တင်တာပဲ ဖြစ်ဖြစ်၊အဆင်ပြေမယ့် နေရာမှာသုံးလို့ ရအောင် လှူဖြစ်တယ်။ စနိုးအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အရာ တစ်ခုကို ကိုယ့်မိသားစု အတွက်ရော၊ ထမင်းရှင် ဖြစ်တဲ့ ပရိသတ် အတွက် ပါ ရည်စူးပြီး လှူတာ ဖြစ်တဲ့အတွက် စနိုးရဲ့ ပရိသတ်တွေ အားလုံး လည်းသာဓုခေါ်နိုင်ကြပါ စေလို့ဆုတောင်းပြီးတော့ လှူဖြစ်တယ်”လို့ လှူဒါန်းမှုနဲ့ပတ်သက်ပြီး ပြောပြပါ တယ်။

အကယ်ဒမီရွှေစင်ရုပ်တုက ကြယ်ကို လှူဒါန်းလိုက်တဲ့ အတွက် ရုပ်တုက ကြယ်နေရာမှာ အစားထိုး ဖို့အတွက် ကြယ်ကိုလည်း အစား ထပ်လုပ်ပြီး ရုပ်တုကို အိမ်ရှေ့ ဧည့် ခန်းမှာထားထားမယ်လို့လည်း ရုပ် တု အကြောင်းပြောပြတာကြောင့် “ရွှေစင်ရုပ်တုကရွှေစင်ကြယ်ကို လှူမယ်ဆိုတော့ ကိုခန့်က ဦးစီးပြီးတော့ လုပ်ပေးတယ်။ ဦးပီအောထွန်းရင်ဆီ မှာပဲ ဒီအရုပ်လေးကို သွားပြန်အပ် လိုက်ပြီးတော့ ရွှေစင်ကြယ်ကိုတော့ ဖြုတ်ပြီးလှူလိုက်တယ်။ ရွှေစင် ကြယ် နေရာလေးမှာ ကြေးကြယ်လေး နောက်တစ်ခု ပြန်တပ်ဖို့ အပ်ထား တယ်။အခုထိတော့ ရုပ်တုက ပြန်မရ သေးဘူး။ အပ်ထားတုန်းပဲ ပြန်ရလာ ရင်တော့ဧည့်ခန်းမှာပဲမှန်ပေါင်လေးနဲ့ သေချာလေးထားဖို့ စိတ်ကူးထား တယ်”လို့ ပြောပါတယ်။

ချစ်စနိုးဦးကို နောက်ကနေလိုက်ပြီး ပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်စူဆန် ကလည်း သမီးဖြစ်သူကဒီလိုအကယ်ဒမီဆု ရခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ် ရသလို၊ ဒီလိုကြယ်စင် လှူဒါန်းမှုအတွက် သမီးကိုယ်စား တအားဝမ်းသာ ရပါတယ်လို့လည်း ပီတိစကားဆိုခဲ့ပါတယ်။ ချစ်စနိုးဦးက အကယ်ဒမီ ဂုဏ်ပြုပွဲ ကိုတော့ ဇန်နဝါရီ၂ဝ ရက် နောက်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်နေ တယ်လို့လည်း ပြောပြခဲ့ပါတယ်။

မေမွန်မောင်၊လွင်လွင်ထွန်း
Popular Journal

KNU ခေါင်းဆောင် အပြောင်းအလဲကြောင့် မြေမြှုပ်မိုင်း ရှင်းလင်းရေး နှောင့်နှေး

ကေအဲန်ယူ ခေါင်းဆောင် အပြောင်းအလဲများကြောင့် ပဲခူးတိုင်းအတွင်း မြေမြှုပ် မိုင်းများ ပြန်လည် တူးဖော် ရှင်းလင်း ရေးအတွက် နှောင့်နှေး ခဲ့ရကြောင်း NPA မိုင်း ရှင်းလင်းရေး လုပ်ငန်းများ တာဝန်ခံ မန်နေဂျာ မစ္စတာ Aksel Steen-Nilsen မှ ပြောသည်။

“အခု တက်လာတဲ့ သူတို့ ခေါင်းဆောင်သစ်တွေနဲ့ကျွန်တော်တို့ အကြား ဆက်လက် ဆွေးနွေးသွားဖို့ ရှိအုံးမယ် ဆိုပေမယ့် အချိန်တော့ မသတ်မှတ်ကြရ သေးပါဘူး” ဟု မစ္စတာ Aksel Steen-Nilsen မှ မဇ္ဈိမအား ပြောသည်။

ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ် နယ်မြေ ကျောက်ကြီး ဒေသတွင်းသို့ စစ်ပြေး ဒုက္ခ သည်များ ပြန်လည် နေရာ ချထားရေး အတွက် ကေအဲန်ယူ ဘက်မှ လျာထား ခဲ့သည်။

သို့သော်လည်း ထိုဒေသတွင်းမှ မြုပ်နှံထားဆဲ ဖြစ်သည့် မြေမြှုပ်မိုင်း ပြဿနာများ ရှိနေ သဖြင့် မြေမြှုပ်မိုင်းများ ပြန်လည် တူးဖော် ရှင်းလင်းရေးအတွက် ကေအဲန်ယူနှင့် NPA တို့ ဆွေးနွေး သဘောတူ ထားခဲ့ ကြခြင်း ဖြစ်သည်။ ကာကွယ်သည့် အနေဖြင့်မြှုပ်ထားခဲ့ခြင်း ဖြစ်သော်လည်း ယခုလို ပြန်လည်နေရာချထားတော့မည့်ကာလတွင် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၏ လုံခြုံရေးအတွက် အာမခံရန်လိုကြောင်း ကေအဲန်ယူမှ အထွေထွေ အတွင်းရေးမှူး ဗဒိုကွယ်ထူးဝင်းက မဇ္ဈိမအား ပြောသည်။

၎င်းကပင် မြေမြှုပ်မိုင်းများ ရှိနိုင်သည့် ဧရိယာ၊ မိုင်းအရေအတွက်တို့ကို နည်းပညာ အကူအညီမပါဘဲ အချက်အလက် ကောက်ယူခြင်း၊ နည်းပညာအကူအညီပါဝင်၍ အချက်အလက်ကောက်ယူခြင်းများ ပြုလုပ်ပြီးနောက် မြေမြုပ်မိုင်း တည်ရှိရာပြမြေပုံပြုစုသည့် လုပ်ငန်းများ လုပ်ဆောင်နိုင်မှ မိုင်းအရေအတွက်နှင့် အန္တရာယ်ကို သိရှိနိုင်မည်ဖြစ်သည် ဟု ဆက်လက်ရှင်းပြသည်။

မြေမြှုပ်မိုင်း မြှုပ်ထားရာနယ်မြေများတွင် မြှုပ်နှံထားကြောင်းကို ဒေသခံများအား အသိပေးထားသဖြင့် ဒေသခံများ အနေဖြင့် နေထိုင် သွားလာရန်နှင့် စိုက်ပျိုးလုပ်ကိုင်ရန် မ၀ံ့ရဲပဲ စိုးရိမ်ထိတ်လန့်မှုများ ရှိနေသည်ဟု ဗဒိုကွယ်ထူးဝင်းက ဆက်ရှင်းပြသည်။

၎င်းကပင် “ ရှိတော့ ရှိတာ ပေါ့ဗျာ၊ တစ်လုံး ရှိရင် လည်း အဲဒီ ဂွင်ကို ဘယ်သူမှ မသွားရဲဘူး၊ နှစ်လုံး ရှိရင်လည်း မသွားရဲဘူး၊ ပြည်သူတွေက စိုးရိမ် ကြောက်ရွံ့ မှုတွေ ရှိနေ ကြတာပေါ့။ အဲဒီဂွင် အကျယ်ကြီးပေါ်မှာ ဘယ်လောက် ရှိတယ် ဆိုတာတော့ ကျွန်တော် တို့လည်း အတိအကျ မပြော တတ်ဘူး” ဟု ဆက်လက်ပြောဆိုသည်။

မြေမြှပ်မိုင်းများ တူးဖော်ရှင်းလင်းရေး လုပ်ငန်းစဉ်သည် အန္တရာယ်ကြီးမားသည့် လုပ်ငန်းဖြစ်သည့် အားလျော်စွာ လုပ်ဆောင်မည့် လုပ်ငန်းများအတွက် တိကျသည့် အထောက်အထား ရရှိနိုင်ရေးသည် အရေးကြီးကြောင်း မစ္စတာ Aksel Steen-Nilsen မှ ပြောသည်။ လုပ်ငန်းစဉ်အရ ဒေသခံ နှင့် မိုင်းဒဏ် ကိုယ်တိုင်ခံစားရသူများဆီမှ အချက်အလက်ကောက်ခြင်းနှင့် မိုင်းရှာဖွေ စက်ပစ္စည်းဖြင့် အချက်အလက်ကောက်ခြင်းများ ပြုလုပ်ကာ မိုင်းရှိ ဧရိယာများကို မြေပုံဖော်ပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် သတ်မှတ်ချက်တွေအတိုင်း အဆင့်ဆင့် လုပ်ဆောင်ရကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် နှစ်ဖက်တပ်များမှ မြေမြှုပ်မိုင်းများ အသုံးပြုထားခြင်းကို ပြည်သူများအား အသိပေး ထားရှိ သော်လည်း ပဋိပက္ခ ပြီးဆုံး၍ မိမိတို့ ဆန္ဒအလျှောက် ပြန်လည် အခြေချကြရာမှ မြေမြှုပ်မိုင်းထိ သည့် အချက်ကိုလဲ အထူးသတိပြု သင့်ကြောင်း ကမ္ဘောဒီးယား နိုင်ငံတွင် မြေမြှုပ်မိုင်းရှင်း လုပ်ငန်း လုပ်ဆောင် ခဲ့ဖူးသည့်အတွေ့ အကြုံနှင့် နှိုင်းယှဉ်ကာ မစ္စတာ Aksel မှ မဇ္ဈိမအား ပြောပြသည်။

နော်ဝေနိုင်ငံသား မစ္စတာ Aksel Steen-Nilsenသည် နော်ဝေစစ်တပ်တွင် ဗိုလ်မှူးရာထူးအထိ တာဝန်ထမ်းဆောင် ခဲ့ကာ စစ်တပ်မှ အနားယူပြီး ၂၀၀၀ခုနှစ်မှ စတင်ကာ လူသားချင်းစာနာမှု မိုင်းရှင်းလင်း တိုက်ဖျက်ရေး အစီအစဉ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် Norwegian People’s Aid (NPA) တွင် မိုင်းရှင်း လင်းရေး လုပ်ငန်းများ တာဝန်ခံ မန်နေဂျာ အဖြစ် တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။

ကေအဲန်ယူနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့နှင့် တွေ့ဆုံ ခဲ့ကြစဉ် ၌လည်း နောက်ထပ် မြန်မာအစိုးရ တပ်များနှင့် ကေအဲန်ယူ တို့အကြား မြေမြှုပ် မိုင်းများ ထပ်မံ အသုံးမပြု ကြရန်နှင့် ရှိပြီးသား မြေမြှုပ် မိုင်းများ ပြန်လည် တူးဖော် ဖယ်ရှားရေး တို့ကို မူအားဖြင့် သဘောတူ ခဲ့ကြပြီး ဖြစ်သည် ဟူ၍လည်း ဗဒိုကွယ်ထူးမှ ပြောပါသည်။

၂၀၁၂ ခုနှစ် နိုင်ငံတကာမြေမြှုပ်မိုင်း အစီရင်ခံစာကို ပြီးခဲ့သည့် နိုဝင်ဘာလက ထုတ်ပြန်ရာတွင် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း အန္တရာယ်အများဆုံး နိုင်ငံစာရင်း၌ တတိယအဆင့်တွင် ရှိနေသေးကြောင်း ဖေါ်ပြပါရှိ သည်။ မြေမြှုပ်မိုင်း အသုံးမပြုရေးနှင့် ပတ်သက်၍လည်း နိုင်ငံတကာ စာချုပ်တွင် လက်မှတ်မထိုးရသေးပေ။

ဒီကပါ။

ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်

ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက် မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာယူရန် သတ်မှတ်လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရ သည်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧည့်သည် များတည်းခိုရန် ရန်ကုန်ရှိ ဟိုတယ်များကို ရွေးချယ်ကာအခန်းများတောင်းယူထားကြောင်း၊ အဆိုပါ အခန်း များအတွက် အခန်းခများကို တစ်ည ဒေါ်လာ ၅ဝ ယူရန် ဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန် ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ရန်ကုန်မှာတော့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၅ ရက်အထိပေါ့၊ ဆီးဂိမ်း အတွက်ဆိုရင် ဒေါ်လာ ၅ဝ ပဲ၊ တစ်နိုင်ငံလုံး ဒီနှုန်းပဲ”ဟု ၄င်းက ပြောသည်။ ရန်ကုန်ရှိ ဆီဒိုးနား၊ ချက်ထရီယမ်၊ ပါ့ခ်ရွိုင်ရယ်၊ အိုလံပစ် ၊ အေးရှပလာဇာ၊ ဟိုတယ်ရန်ကုန်အပါအဝင် ဟိုတယ်များမှအခန်း ၇ဝဝ ကျော်ကိုဆီးဂိမ်းအ တွက် တောင်းယူထားကြောင်း သိရသည်။

”ကျန်ဟိုတယ်တွေကိုလည်း အဲဒီရက်မှာ အခန်း ၃ဝ ရာခိုင်နှုန်း ချန်ထားပေးဖို့ညွှန်ကြားထားပါ တယ်။ လိုအပ်ရင် သုံးဖို့ညွှန်ကြား ထားတာ”ဟု ၄င်းကပြောသည်။

နေပြည်တော်၊ မန္တလေး၊ ငွေဆောင် စသည်တို့တွင်လည်းဆီးဂိမ်းအတွက် အရန်ဟိုတယ်များထား ရှိကြောင်း၊ ဆီးဂိမ်းလာရောက် အားပေးသူများဈေးသက်သာစွာ ဖြင့် တည်းခိုနိုင်ရန် ရည်ရွယ်ကြောင်း ဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆီးဂိမ်းအတွက် ရည်ရွယ်ကာရှိပြီးသားဟိုတယ်များအပြင် နေပြည်တော်တွင် ဟိုတယ်အလုံး ၄ဝ၊ ရန်ကုန် တွင် ၁ဝ လုံး၊ မန္တလေးတွင် ၄ လုံးနှင့်ငွေဆောင်တွင် ၃ လုံး အရန်ထားရှိမည်ဟု သိရသည်။

လက်ရှိ တွင် ဟိုတယ်များ၏ အခန်းခနှုန်းထားများကို တစ်ညလျှင် ဒေါ်လာ ၁၅ဝ ထက်ပိုမယူရန် ဟို တယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Popular Myanmar News Journal

ပြန်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး လိုလားသူလူငယ်တစ်စု လမ်းလျှောက်မည်


ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်ဆဲရေးအတွက် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင် လာစေဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တစ်စုက ရန်ကုန်မြို့ကနေ ကချင်ပြည် နယ် ကို လမ်းလျှောက်ချီတက်သွားမယ်လို့ ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။

လွတ်လပ်ရေးနဲ့အတူ စတင်သန္ဓေတည်လာတဲ့ ပြည်တွင်းစစ်ရပ်ဆိုင်းရေးအတွက် အားလုံးပူးပေါင်း ပါဝင် လာစေဖို့ ငြိမ်းချမ်းရေးလိုလားတဲ့လူငယ်တစ်စုရဲ့ ကြိုးပမ်းမူတစ်ခုပါလို့ လမ်းလျှောက်ပွဲမှာပါဝင်မယ့် ကိုဇင်ကိုကို က ပြောပါတယ်။ လမ်းလျှောက်မယ့်ရက်ကို အခုလ ၂၁ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ မနက် ၇နာရီမှာ စတင် ထွက်ခွာဖို့ စီစဉ်ထားပြီး အဲဒီလိုလမ်းလျှောက် ဆန္ဒထုတ်ဖော်မယ့်ကိစ္စကို သမ္မတ ဦးသိန်းစိန်အစိုးရသိရှိဖို့ စာပေးပို့ထားပြီး ခရီးစဉ်အတွင်း စားရေးသောက်ရေးတွေကိုလည်း သူတို့ကုန်ကျမှုနဲ့ သွားရောက်မှာဖြစ်ပြီး ခရီးအဆုံးကို ကချင်ပြည်နယ် လိုင်ဇာမြို့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ခရီးစဉ် အစ အဆုံးကို ရက်ပေါင်း ၄၅ရက် ကြာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

RFA

အစိုးရ၀န်ထမ်းများကို လစာတိုးပေးရေး မလိုအပ်သောအသုံးစရိတ်များ လျှော့ချရန် ကြိုးပမ်းမည်ဟု လွှတ်တော်အမတ်များဆို

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏လစာများ တိုးမြှင့်ပေးနိုင်ရန်အတွက် မလိုအပ်သော စီမံကိန်း များ၏ကုန်ကျငွေများကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ တွင် နိုင်ငံတော် သမ္မတ ပေးပို့ သည့် နှစ်သစ် ကူးသ၀ဏ်လွှာ၌လည်းလာမည့် ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

“၀န်ထမ်းတွေကို လစာတိုးပေးဖို့က မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စပါ။ ဒါပေမဲ့ တစ်ခုစဉ်း စားရမှာ က နိုင်ငံမှာ ဘတ်ဂျက်ကလိုငွေနဲ့သွားနေရတာလေ။ လိုငွေတွေရှိရင် ငွေစက္ကူတွေ ရိုက်ထုတ် ရတော့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာနိုင်တယ်။ လစာတိုးပေးမယ်ဆိုရင် မလိုတဲ့ ဘတ်ဂျက်တွေ ကို ဖြတ် ချမှရမယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကဆိုသည်။

လာဘ်ပေးလာဘ်ယူမှု လျော့နည်းစေရေးအတွက် ၀န်ထမ်းများအား လစာတိုးပေးရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် လွှတ်တော်မှ တောင်းဆိုခဲ့သော်လည်း နိုင်ငံတော်သမ္မတက တိုးမပေးနိုင်သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် တိုးပေးနိုင်ရန် စီစဉ်ခြင်းဖြစ်နိုင်ပြီး ရန်ပုံငွေလုံလောက်မှုရှိစေရန် မလိုသော ဘတ်ဂျက်များ လျှော့ချခြင်း နည်းလမ်းသာမက ဖွဲ့စည်းပုံပိုလျှံနေသော ၀န်ထမ်းအဖွဲ့အစည်းများ အား သေချာစိစစ်၍ လိုအပ်သော ဖွဲ့စည်းပုံအတိုင်းသာ ထားရှိလုပ်ဆောင်ရန်လိုကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောသည်။

“၀န်ထမ်းလစာတိုးဖို့ဆိုတာ လွှတ်တော်က စလုပ်ခဲ့တာပါ။ မနှစ်ကတည်းက လစာတိုးတောင်းပေမယ့် မရ လို့ အခုဝန်ထမ်းတွေ ခံစားနေရတဲ့ အပိုချီးမြှင့်ငွေ ကျပ် ၃၀၀၀၀ ရအောင် ဦးရွှေမန်းက လုပ်ပေးခဲ့တာ”ဟု ဦးဖုန်းမြင့်အောင်ကဆိုသည်။

တိုင်းပြည်တွင် လက်ရှိကာလ၌ ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့နေရသည်မဟုတ်ဘဲ မှန်မှန်ကန်ကန် သုံးစွဲနိုင်ရန် ညှိနှိုင်းနေရသည့် ကာလဖြစ်သဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ၀န်ထမ်းများအား လစာ တိုးပေး မည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကပြောသည်။

လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့် လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

7Day News Journal

ဝန်ကြီးအပြောင်းအလဲကြောင့် ကုမ္ပဏီများပါ ရောင်းချမည့် မိုဘိုင်းဖုန်းကဒ်ဈေး မသတ်မှတ်နိုင်သေး

လက်ရှိဆက်သွယ်ရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနော က် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံရောင်းချသွားမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအားပုဂ္ဂလိကကုမ္ပဏီများကို ရောင်းချခွင့်ပြုပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

လက်ရှိ ၀န်ကြီးပြောင်းလဲခွင့်ပြုခဲ့သည့်အချိန်အထိ တန်ဖိုးနည်းမိုဘိုင်းဖုန်း များအား ဈေးမည်မျှဖြင့်ရာင်းချမည်ကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားခြင်းမရှိသးပေ။

နိုင်ငံတော်သမ္မတမှ မိုဘိုင်းဖုန်းတစ်လုံးလျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ချထားပေးရန် ပြောကြားထားသော်လည်း အဆိုပါကိစ္စအတွက် ရတနာပုံ တယ်လီပို့နှင့်ဆက်သွယ်ရေးကုမ္ပဏီအများစုမှ သဘောမတူသည့်အတွက် လွှတ်တော်၌ ဆွေးနွေးတင်ပြသွားမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသာနာရေးဝန်ကြီး သူရဦးမြင့်မောင် တို့အားပြည်ထောင်စုဝန်ကြီးရာထူးမှ နိုင်ငံတော်သမ္မတရုံး၊ အမိန့် အမှတ် ၂/ ၂၀၁၃ နှင့်နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်းဇန်န၀ါရီလ (၁၅)ရက်နေ့ ညပိုင်းက ၈နာရီ နိုင်ငံပိုင်မီဒီယာများမှတဆင့်သတင်းထုတ်ပြန် ခဲ့သည်။

“ ထပ်မံရောင်းချသွားမယ့်တန်ဖိုးနည်းဖုန်းတွေကိုတော့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအပြင် အခြားပုဂ္ဂလိက ကုမ္ပဏီတွေ ဖြစ်တဲ့ ရတနာပုံ တယ်လီပို့၊ Asia Mega Link ၊ Fortune အင်တာနေရှင်နယ်၊ မြန်မာပိတောက် Engineering and Construction ၊ E-Lite Teach Manufacturing နဲ့ Information Technology Central Service ကုမ္ပဏီ လီမိတက် အစရှိတဲ့ ကုမ္ပဏီ ၁၃ ခုကို ရောင်းချခွင့်ပြု သွားမှာပဲ ဖြစ်ပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကုမ္ပဏီများအနေဖြင့် တန်ဖိုးနည်း ဖုန်းများအား ရောင်းချမှုတွင်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းပါက ရောင်းချခွင့်ပိတ်သိမ်းကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို လည်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တန်းဖိုးနည်း မိုဘိုင်းဖုန်းများအား နေရာ (၁၈)နေရာ၌ ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်များအရ သိရသည်။

“ကုမ္ပဏီများ အနေနဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကိုလာရောက်ဆွေးနွေး ခဲ့တဲ့အတွက် အခုလို ကုမ္ပဏီများကို ပြန်လည်ရောင်းချခွင့်ပြုတာ ဖြစ် တယ်”ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၂ ခုနှစ် ဧပြီလက ကျပ်နှစ်သိန်းတန် GSM နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို တန်ဖိုးနည်း ဖုန်းအဖြစ် သတ်မှတ်ရောင်းချပေးခဲ့ပြီး ယင်းဖုန်းများကို ကျပ်တစ်သိန်းဝန်းကျင်ဈေးနှုန်း သတ်မှတ်၍ ရောင်းချပေးနိုင်ရန် ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဉာဏ်ဉာဏ်(မြစ်မခ)
Myit Makha Mediagroup

လွှတ်တော် အားထိခိုက်စေသော အင်တာနက် ရေးသားမှု စုံစမ်းစစ်ဆေးမည် ဟု လွှတ်တော် ဆုံးဖြတ်


လွှတ်တော် ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အင်တာနက် စာမျက်နှာ တွင်ရေးသားထားသော ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သတ် ၍ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို အဖြစ် ကမာ ရွတ် မဲဆန္ဒ နယ်မှ ဒေါက်တာ စိုးရင်က တင်သွင်းခဲ့သည်။

အဆိုပါ အဆိုအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal

မအူပင် NLD ပါတီဝင်များ ဆန္ဒပြ


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ ဒီကနေ့ကျင်းပတဲ့ NLD ပါတီညီလာခံတွင် ပါတီဝင်တွေက ကော်မရှင်ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး ပါတီဝင်အင်အား ငါးရာကျော်က မအူပင် NLD ရုံးအရှေ့မှာ ဗဟိုဦးစီးစနစ်လုပ်ရပ် အလိုမရှိ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။




ဒီကပါ။