Tuesday, January 15, 2013

ပုဇွန်တောင် ရေကျော်ဈေး အဆင့်မြင့် ဈေးကြီးအဖြစ် ၁၄ လအတွင်း အပြီး တည်ဆောက်မည်


ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများဌာန အောက်ရှိ ပုဇွန်တောင် မြို့နယ် ရေကျော်ဈေးကို အဆင့်မြင့် ဈေးကြီးအဖြစ် အောင်ပြည့်စုံ ကုမ္ပဏီမှ မကြာမီ ကာလအတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါ ဈေးဆောက်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်မင်းက ပြောကြားသည်။

ပြန်လည် တည်ဆောက်မည့် အဆင့်မြင့် ဈေးကြီးမှာ ရှစ်ထပ် အဆောက်အအုံ ဖြစ်ပြီး မြေညီ ထပ်တွင်လက်ရှိ ဆိုင်ခန်း ပိုင်ရှင်များအား ပြန်လည်နေရာ ချထားပေးမည် ဖြစ်ပြီး ပထမ ထပ်တွင် စူပါမားကတ် တစ်ခု၊ ကွန်ပျူတာ သင်တန်းများ၊ အင်တာနက် အပါအဝင် လူငယ် အကျိုးပြု ဆိုင်ခန်းများ၊ ဒုတိယ ထပ်တွင် ယာဉ်အစီးရေ ၅ဝ ထားနိုင်သော ကားပါကင်များ ပါရှိပြီး ကျန်အထပ် များတွင် လူနေအခန်း ၅ဝ၊ ကျန်းမာရေး လေ့ကျင့်ကွင်း တစ်ခုနှင့် စက်လှေကား နှစ်စင်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့် ဈေးကြီးကို ၁၄ လအတွင်း အပြီး ဆောက်လုပ်သွားမည် ဖြစ်ပြီး တည်ဆောက်ချိန် ကာလအတွင်း ဈေးဆိုင်ခန်း ပိုင်ရှင်များ နစ်နာမှု မရှိစေရန် သင့်လျော်သည့် နေရာတွင် ယာယီဈေး တစ်ခုတည်ဆောက် ပေးသွားမည် ဖြစ်သည်။ မြေနေရာ ရွေးချယ် မှုအား သက်ဆိုင်ရာ ဌာန ဆိုင်ရာများ၊ ဈေးသူ ဈေးသားများ၊ ရပ်ကွက်သူ ရပ်ကွက်သား များနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပြီး မြို့တော် အင်္ဂါရပ်နှင့် အညီ အကောင်းဆုံး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

လေသန့်ဆေးဗူး ( Air Fresher ) များ မသုံးသင့်

Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်းဓာတ်ဟာ ကျန်းမာရေးအတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့ လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင်လာကြောင်း သိရပါတယ်။ Air Fresher ဗူးထုတ်လုပ်ရာမှာ ယင်း Phthalates လို့ခေါ်တဲ့ဓာတ်တစ်မျိုးကို မပါဝင်စေဖို့ ဖြစ်ပါတယ်။ သို့ပေမယ့်အများ စုဟာပါဝင်နေဆဲ ဖြစ်ပါတယ်။

ဆိုးကျိုးများ

မွေးကင်းစကလေးနဲ့ ကလေးငယ်များရှိတဲ့ အိမ်များမှာလုံးဝအသုံးမပြု သင့်ပါဘူးလို့ ဆိုထားပါ တယ်။ ပြီးတော့ ယင်းဆေးဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် ရှူရှိုက်မိရင် မျိုးပွားနိုင်မယ့် ဟိုမုန်းတွေကို သေစေပါတယ်။ ပြီးတော့ ယင်းအနံ့ကို နေ့စဉ် ရှူရှိုက်နေရမှုဟာ အမှိုက်ပုံဟောင်း တစ်နေ ရာက အနံ့ကို ရှူရှိုက်လို့ရတဲ့ ရောဂါပမာဏနဲ့ မတိမ်းမယိမ်းပဲလို့ ဆိုပါတယ်

ဒါကြောင့် အမေရိကန်မှာ ၂၀၀၉ ခုနှစ်ကစလို့ လေသန့်ဆေဗူးတိုင်းမှာ Phthalate ဓာတ်များ ဖယ် ထုတ်စေပြီး အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ဓာတုအဆိပ်ကြွယ်ဝတဲ့ Air Fresher ဗူးများ အသုံးပြုနေဆဲဖြစ်ကြောင်း သိရပါတယ်။

ဒီကပါ။

ဦူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ တရားပွဲ ပြန်လည်ကျင်းပခွင့်ရ

မြန်မာနိုင်ငံတွင် တရားပွဲ ဟောပြောခွင့် ပိတ်ပင်ခြင်းခံထားရသည့် ဘဒ္ဒန္တဦူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲများ ပြန် လည် ကျင်းပခွင့်ရရှိပြီဖြစ်ကြောင်းသိရသည်။

ပထမဆုံးတရားပြန်လည် ဟောပြောခွင့်ရရှိသည့် တရားပွဲအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယ ဓမ္မစာဖြေ စာပြန်ပွဲတော်ကြီး ဓမ္မသဘင်ကို ဇန်န၀ါရီလ ၂၉ ရက်မှ   ဖေဖော်ဝါရီလ ၉ ရက်ထိ ၁၂ ည တိုင်တိုင် ဆင်ယင်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားပွဲကို(၂၉.၁.၂၀၁၃) မှ (၃၁.၁.၂၀၁၃) ထိ (၃)ညတိုင်တိုင် ပုသိမ်မြို့ နိဂြောဓာ လမ်း၊ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်ဓမ္မသဘင်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး (၂၉.၁. ၂၀၁၃)တွင် ကံလှကျောင်းတိုက်၌ ဟင်္သာတခရိုင်မှ မဇ္ဇိမ ကြယ်စင်အဖွဲ့နှင့် လူမှုရေးအဖွဲ့ များ၊ မအူပင်ခရိုင် နာရေးကူညီမှုအသင်းနှင့်လူမှုရေးအဖွဲ့ များ၊ ပုသိမ်ခရိုင် မြင့်မြတ်အလင်းအဖွဲ့ နှင့် လူမှုရေးအဖွဲ့များ၊ ဖျာပုံ ခရိုင်တရားအလှူတော်အဖွဲ့ နှင့် လူမှုရေးအဖွဲ့ များကသြ၀ါဒခံယူကာ တိုင်းအတွင်း တရားပွဲ ပင့်ဆောင် လျှောက်ထားပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

ဒီဘဝအတွက်တော့ စိတ်လျော့လိုက်ပါတော့ ဒေါ်စုကြည်ရယ်


" ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အခြေခံ သဘောတရားဟာ မှန်လား မမှန်လားမှာ အခြေခံပြီး လုပ်ရ မှာ ၊ကိုယ်တစ်ယောက်ထဲ အတွက် လုပ်ရမှာ မဟုတ်ဘူး၊ဒီကိစ္စဟာ တစ်ခါမှလည်း မြန်မှာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မရှိဘူး၊တမင်ထည့်ထားတာလို့ပဲ ..၊ ဒီလိုပဲခံယူတယ် လို့ရိုးရိုး ပဲပြောရမယ်၊အဲလို တမင်သက်သက် ထည့်တဲ့ ၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ မလုပ်သင့်တဲ့ ကိစ္စပဲ ၊ဒါ အန်တီတစ်ယောက် ထဲ အတွက် လုပ်နေတာမဟုတ်ဘူးပေးလို့ရှိရင်တောင်မှ အန်တီသားတွေကို အန်တီလက်မခံခိုင်းပါဘူး၊ မူအရ လက်မခံနိုင်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ / အပိုင်း ၃ / နိုင်ငံတော် အကြီးအကဲ

ပုဒ်မ ၅၉ အပိုဒ် (စ)

မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရား ဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး ၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ် သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ။
သြော် ... ဘာ့ကြောင့်များလဲလို့ ခုမှ သဘောပေါက်တော့ဒယ် ။။။။။။

အင်းပေါ့ သူလည်းလိုချင်တာပေါ့ ။ ဒါပေမဲ့ မဖြစ်နိုင်တော့လည်း ကလေးလိုဂျီကျပြီးတောင်းတော့တာပေါ့ ။ ဒ့ါကြောင့် ဗိုလ်ချုပ်က အမြော်အမြင် ကြီးတယ်လို့ နာမည်ကြီးပြီး တိုင်းတပါးကပါ လေးစားဒါ ။

တော်ပါပေတယ် အဘ ဗိုလ်ချုပ်ရယ် ။။။။။
လေးစားလွန်းပါတယ် ။

မောင်ကာဠု

တန်ဖိုးနည်းဖုန်းများကို သတ်မှတ်နှုန်းထားအတိုင်း မရောင်းချသည့် ပြင်ပဖုန်းဆိုင်များ အရေးယူမည်

တန်ဖိုးနည်းဖုန်းများကို သတ်မှတ်နှုန်းထားအတိုင်း မရောင်းချပါက ပြင်ပဖုန်းဆိုင်များကို ဒဏ်ကြေးများစွာ ပေးဆောင်စေခြင်းဖြင့် ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း မိုဘိုင်း ဆက်သွယ်ရေးဌာနမှ သိရသည်။ မကြာမီ ရောင်းချတော့မည့် ကျပ်တစ်သိန်းဝန်းကျင် ဂျီအက်စ်အမ်ဖုန်းနှင့် ကျပ်တစ်သိန်းနှစ်သောင်းတန် WCDMA ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ဈေးနှုန်းအတိုင်းသာ အများပြည်သူသို့ ရောင်းချရမည်ဖြစ်ပြီး ယင်းသို့ ရောင်းချခြင်းမရှိပါက ဒဏ်ကြေး ပေးဆောင်ခြင်းဖြင့် ဈေးနှုန်းမြှင့် ရောင်းချသည့် ဆိုင်ကို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

“မြန်မာ့ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့ ကုမ္ပဏီတွေကနေတဆင့် ဖြန့်ဖြူးသွားမယ်။ အပြင်ဆိုင်တွေကတော့ အဲဒီကုမ္ပဏီတွေကနေတဆင့် ပြန်ရောင်းရမှာပေါ့။ ပြန်ရောင်းတဲ့အခါမှာ ဆင်းမ်ကတ်တွေကို ဈေးနှုန်းလုံးဝပိုတင်ပြီး မရောင်းဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားမယ်။ ဈေးနှုန်း ပိုတင် ရောင်းရင်လဲ ထိထိရောက်ရောက် အရေးယူမယ်” ဟု မိုဘိုင်းဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဖြန့်ဖြူးရောင်းချမည့် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ရတနာပုံတယ်လီပို့၊ အီလိုက်တက်ခ်၊ တာမိုးညဲချမ်းသာ၊ အေးရှားမီဂါလင့်ခ် အစရှိသည့် ကုမ္ပဏီ ၁၃ ခုမှ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။

“ဒီနှစ်ချမယ့် တန်ဖိုးနည်း ဖုန်းဈေးကိုတော့ အပြင်ဆိုင်တွေမှာလည်း Xme ကချတဲ့ ဈေးအတိုင်း ဝယ်နိုင်အောင် အဓိက ဆောင်ရွက်မယ်။ အရင်နှစ်ကလို ဈေးကစားတာတွေ မဖြစ်အောင် ထိန်းသွားမှာပါ” ဟု ယင်းကဆက်လက် ပြောသည်။ အဆိုပါ ဆင်းမ်ကတ်များကို ပြင်ပဖုန်းအရောင်းဆိုင်များတွင် သာမက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အရောင်းဆိုင်များ ဖွင့်လှစ်၍ One Stop Service စနစ်ဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်မှ အထွေထွေမန်နေဂျာ တစ်ဦးဖြစ်သူ ဦးကိုကိုအောင်က “နှစ်သိန်းတန်ဖုန်း ချတုန်းကတော့ ကြားမှာ သင်္ကြန်ပိတ်ရက်တွေပါ ခံသွားတော့ ဈေးက ၃ သောင်းလောက် မြင့်သွားတယ်။ ဖုန်းဆိုင်တွေက ဈေးမြင့်ရတာကလဲ ဝယ်လိုအားက အရမ်းကောင်းနေတယ်။ ဆင်းမ်ကတ် လိုသလောက် ဝယ်မရတာလဲ ပါတာပေါ့။ အခုရောင်းဈေးကို ထိန်းချုပ်ပေးမယ်ဆိုတော့ ဈေးအဆမတန် မြင့်တာတွေ မဖြစ်တော့ဘူးပေါ့” ဟု ပြောသည်။

ဆင်းမ်ကတ် ဈေးနှုန်းများ အဆတန် မြင့်တက်ခြင်း မဖြစ်ပေါ်စေရန်အတွက် ဝယ်လိုအားပေါ် မူတည်၍ ဆင်းမ်ကတ် အရေအတွက် လုံလောက်စွာ ထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း မိုဘိုင်းဖုန်းဆိုင် အများစုက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၂ ခုနှစ် ဧပြီလက ကျပ်နှစ်သိန်းတန် GSM နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို တန်ဖိုးနည်းဖုန်းအဖြစ် သတ်မှတ် ရောင်းချပေးခဲ့ပြီး ယင်းဖုန်းများကို ကျပ်တစ်သိန်းဝန်းကျင် ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးနိုင်ရန် ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန်အား ပုဂံတွင် ဘုရား ရွှေသင်္ကန်း ကပ်လှူရန် ပြည်ခိုင်ဖြိုး ဦးသိန်းဇော် သိန်း ၅၀ ထည့်ပေး


ပုဂံနရပတိစည်သူမင်းကြီး ကုသိုလ်တော် ဓမ္မရာဇကစေတီတော် ရွှေသင်္ကန်း ကပ်လှူရန်အတွက် ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန့် ရန်ကုန်မြို့မှ ပုဂံမြို့သို့ လာရောက်စဉ်တွင် ဦးသိန်းဇော် (ပြည်ခိုင်ဖြိုးပါတီ ဗဟို တွဲဖက်အထွေထွေ အတွင်းရေးမှူး)က အလှူငွေ ကျပ်သိန်း ၅၀ ထည့်ပေးလိုက်ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ဓမ္မရာဇကဘုရား၌ ဦးခင်ညွန့်က ပြောကြားခဲ့သည်။

ဓမ္မရာဇကဘုရား ရွှေသင်္ကန်းကပ်လှူရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၉ရက်၊ မွန်းလွဲ ၂ နာရီတွင် ဓမ္မရာဇက ဘုရားဝင်းအတွင်း၌ ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပသာသနာပြု အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော်ဘုရားကြီးကြွရောက်၍ သြ၀ါဒပေးခဲ့ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း) မိသားစုနှင့် အလှူရှင်များက အလှူငွေများပေးအပ်ခဲ့ကြသည်။

ဓမ္မရာဇကဘုရားကြီး ရွှေသင်္ကန်းကပ်လှူရန်အတွက် ဇန်န၀ါရီလအတွင်း ငြမ်းဆင်မည်ဖြစ်ပြီး စေတီရံ ၅၀ နှင့် အရံစေတီကြီး ၅ ဆူတို့ကိုလည်း ရွှေသင်္ကန်း(စတီးရွှေ)များ ကပ်လှူမည်ဖြစ်ကာ ကုသိုလ်ရှင်များအနေဖြင့် အလိုတော်ပြည့်ဆရာတော်ဘုရားကြီးနှင့် ဘုရားဂေါပကအဖွဲ့တို့ထံ ဆက်သွယ်၍လှူဒါန်းနိုင်ပြီး စေတီရံတစ်ဆူ ကျပ်သုံးသိန်းနှင့် အရံစေတီကြီးတစ်ဆူ ကျပ်သိန်း ၅၀ ခန့်ကုန်ကျ မည်ဖြစ်ကြောင်း သိရှိရသည်။

www.MyanmarExpress.net

မူးယစ်ဆေး သန်း ၇၀၀ ဖိုး ရှမ်းပြည်နယ်မှာ ဖမ်းမိ


ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့က လိုဏ်ဂူတခုမှာ မူးယစ်ဆေး သန်း ၇၀၀ ဖိုးလောက် ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ လိုဏ်ဂူက စင်းတောင်းကျေးရွာ အုပ်စု၊ ထီတလိရွာနားမှာ တည်ရှိတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးသတင်းရရှိတဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စနေနေ့မနက်မှာ လိုဏ်ဂူထဲ ၀င်စစ်တော့

- ဆာလာအိတ် ( ၆၃) အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းစိမ်း ၉၁၂ ကီလို၊ ဘိန်းညို ၁၄ ဒသမ ၂ ကီလို၊

- အမိုနီယမ်ကလိုရိုက် ၅ ဒသမ ၅ ကီလို၊

- ဘိန်းချက်ရမှာသုံးတဲ့ ပစ္စည်းများ

စတာတွေကို ဖမ်းမိတယ် လို့ ဆိုပါတယ်။

ဒီပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးက ကျပ် ၇၃၄,၉၁၀,၀၀၀ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။

ဒီပစ္စည်းများနဲ့အတူ ဖမ်းမိတာကတော့

ကိုမျိုးဇော်ထိုက် (၂၄) နှစ်(ဘ) ဦးသိန်းမောင်၊

ကိုအောင်ထိုက် (၂၂) နှစ် (ဘ) ဦးမောင်တီး၊

ကိုထွန်းလှ (၂၀) နှစ်၊ (ဘ) ဦးဟွန်း တို့ ဖြစ်ကြောင်း၊ သူတို့ကို အမှုဖွင့်အရေးယူထားကြောင်း ပင်လောင်းရဲစခန်းက ပြောပါတယ်။

ဒီကပါ။

မြန်မာဘာသာဖြင့် အသုံးပြုနိုင်တော့မည့် HTC ဖုန်း စတင်မိတ်ဆက်

ကမ္ဘာ့အဆင့်မီ မိုဘိုင်းပစ္စည်းများ ထုတ်လုပ်လျက်ရှိသော HTC ကုမ္ပဏီနှင့် KMD တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် HTC Concept Store နှင့် Service Centre ကို ၁၄-၁-၂၀၁၃ ရက်က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ KMD အရောင်းပြခန်း၌ ကျင်းပခဲ့သည်။

အဓိက မိတ်ဆက်ပြသခဲ့သည့် HTC Smart Phone အမျိုးအစားသည် စက်လည်ပတ်မှု စနစ်တစ်ခုလုံးအား မြန်မာစာစနစ်ဖြင့် ပြုလုပ်ထားခြင်းကြောင့် မြန်မာစာဖြင့် အသုံးပြုလိုသူများ အတွက် များစွာအဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။

HTC Concept Store အနေဖြင့် ဖုန်းများကို ပြသရောင်းချသော အရောင်းဆိုင်မျိုး မဟုတ်ဘဲ HTC ၏ နောက်ဆုံးထွက်ရှိလာသည့် ကမ္ဘာ့ Innovative အဖြစ်ဆုံး နည်းပညာများကို ဝယ်ယူစရာမလိုဘဲ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ ကိုယ်တိုင် စမ်းသပ်နိုင်ရန်အတွက် စီစဉ်ထားသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းအပြင် HTC Smart Phone များ၏ သာလွန်ကောင်းမွန်သည့် Feature များကို လေ့လာသင်ယူနိုင်စေရန်အတွက် User Experience Training များကိုလည်း အခမဲ့ တက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည့်အပြင် အခြားမြို့ကြီးများ၌ လည်း HTC Concept Store အများအပြား ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ထို့နောက် HTC မှ ထုတ်လုပ်သော မော်ဒယ်ခြောက်မျိုး ဖြစ်သည့် Desire C, Desire VC, Desire X, One X, One X+ နှင့် Butterfly မော်ဒယ်များကို မိတ်ဆက်ပေးခဲ့ပြီး Butterfly မော်ဒယ်သည် နိုင်ငံအတော်များများ၌ မရရှိနိုင်သေးဘဲ မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဖြန့်ဖြူးခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာတစ်နိုင်ငံလုံး အအေးလွန်ကဲမှု ဇန်နဝါရီ နောက်ဆုံးပတ်တွင် ထပ်မံဖြစ်ပေါ်မည်

မြန်မာတစ်နိုင်ငံလုံးတွင် အအေးလွန်ကဲမှု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ထပ်မံဖြစ်ပေါ်နိုင်ဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားလိုက်သည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာနှင့် အအေးပိုခြင်းများ ခံစားလာရရာ ယင်းမှာအအေးလှိုင်း ဖြတ်သန်းခြင်းကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း လေအေးပျံ့နှံ့ ဝင်ရောက်မှုကြောင့် ဖြစ်ပြီး ယင်းဖြစ်စဉ်မျိုး နောင်ဆယ်ရက်ခန့်အကြာတွင် ထပ်မံဖြစ်ပွားနိုင်ခြင်းကို ရည်ရွယ်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အခု အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အအေးလှိုင်းဖြတ်နေတော့ အဲဒီက လေအေးတွေက မြန်မာနိုင်ငံကို ပျံ့နှံ့ဝင်ရောက်လာတာကြောင့် အအေးပိုလာတာပါ။ ဒီလိုမျိုး လေအေးတွေ ဝင်ရောက်မှုက ဆယ်ရက်တစ်ကြိမ် ပြန်ဝင်တဲ့ ပုံစံမျိုးလဲရှိတဲ့အတွက် အခုအအေးပေါ့လာပေမယ့် နောင်ဆယ်ရက်ကြာရင် တစ်ကြိမ် ပြန်အေးလာမယ့် သဘောရှိပါတယ်” ဟု ဦးချစ်ကျော်က ထပ်မံပြောသည်။

ယင်းကဲ့သို့ မြန်မာတစ်ပြည်လုံး အတိုင်းအတာနှင့် အအေးပိုလာခြင်းကို ဇန်နဝါရီလ ၉ ရက်မှ စတင်ခံစားရခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၃၊ ၁၄ တွင် တဖြည်းဖြည်းချင်း ပြန်လည်အအေးလျော့လာကာ ဆောင်းတွင်းကာလ ပုံမှန်ည အပူချိန်များအတိုင်း မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဆီးဂိမ်းလုံခြုံရေး လန်ဒန်အိုလံပစ်နှင့် ဘေကျင်းအိုလံပစ်များ၏ လုံခြုံရေးအဖွဲ့ အကူအညီ ရယူဆောင်ရွက်မည်

ဆီးဂိမ်းပြိုင်ပွဲ လုံခြုံရေးကို လန်ဒန်အိုလံပစ်နှင့် ဘေကျင်းအိုလံပစ်များမှ လုံခြုံရေးအဖွဲ့များ အကူအညီ ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး လုံခြုံရေးကော်မတီမှ ရဲမှူးချုပ် ခင်မောင်စီက ဇန်နဝါရီ ၉ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရာ နေရာများတွင် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနေရာများအား မှုခင်းကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

“တရုတ်နိုင်ငံက အဖွဲ့တစ်ဖွဲ့၊ လန်ဒန်အိုလံပစ်ပွဲကို လုံခြုံရေး တာဝန်ယူတဲ့ အဖွဲ့တစ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ပြိုင်ပွဲကျင်းပမယ့် နေရာတွေကို ဆာဗေးလုပ်နေပြီ” ဟု ရဲမှူးချုပ် ခင်မောင်စီက ပြောသည်။ ယင်းသို့ ဆောင်ရွက်ရန်အတွက် ရဲတပ်ရင်းများအပြင် ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအနေဖြင့် ရဲတပ်ရင်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့တွင် ချထားမည်ဖြစ်ပြီး အင်အားအနေဖြင့် နေပြည်တော်တွင် ရဲတပ်ရင်း (၁၀)ရင်း၊ ရန်ကုန်တွင် တပ်ရင်း (၆)ရင်း၊ မန္တလေးတွင် (၇)ရင်းနှင့် ငွေဆောင်တွင် တပ်ရင်း(၃)ရင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဆီးဂိမ်းတွင် မြန်မာအသင်းအား အလွန်အကျွံ အားပေးမည့် ပရိသတ်များနှင့် စပ်လျဉ်း၍ လုံခြုံရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ရဲတပ်ဖွဲ့အနေနဲ့ တိုက်ရိုက်ဖြေရှင်းမယ့် နည်းလမ်းအစား ဗော်လံတီယာအဖွဲ့တွေနဲ့ ဖြေရှင်းဖို့ စဉ်းစားထားပါတယ်။ ပြည်သူလူထုကလဲ ပြိုင်ပွဲရဲ့ ပုံရိပ်ကို မထိခိုက်အောင် အားပေးဖို့ လိုပါတယ်” ဟု ယင်းက ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ပါဝင်သည့် လုပ်ငန်းကော်မတီ (၁၄) ခုဖွဲ့စည်းထားပြီး ယင်းကော်မတီများတွင် တစ်ခုအပါအဝင်ဖြစ်သည့် လုံခြုံရေး ကော်မတီအနေဖြင့် နိုင်ငံတကာ အဆင့်မီ လုံခြုံရေးပစ္စည်းများကို ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိတွင် လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့ကို အသစ်ထပ်မံ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း ဒေသတွင်း နိုင်ငံများမှ လာရောက်ကြည့်ရှုမည့် ပရိသတ်များ အဆင်ပြေချောမွေ့စေရန်အတွက် ရဲအရာရှိများကိုလည်း အင်္ဂလိပ်စာ သင်တန်းများ ပို့ချပေးလျက်ရှိသည်ဟု သိရှိရကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း


အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။ အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့

၁။ လေယာဉ် GPS လေယာဉ်ရဲ့  GPS တင်မကပဲ ဂြိုလ်တုဆက်သွယ်ရေးနစ်၊ မြေပြင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးမှာ ဆဲလ်ဖုန်းရဲ့  Wave တွေရောနှောနေမျာ ဖြစ်ပါတယ်။ ဒီတော့ လိုချင်တဲ့ သတင်းအချက် အလက်ကို မှန်မှန်ကန်ကန် မရရှိတော့ပဲ လေယာဉ်တိမ်းမှောက်တဲ့အထိ ဖြစ်စေပါတယ်။

၂။ နိုင်ငံပိုင် ဆက်သွယ်ရေးတိုင်များ လေယာဉ်ပေါ်မှာ ဖုန်းပြောပြီဆိုရင် ဘယ်နိုင်ငံရောက်ရောက် ရောက်လေရာ နိုင်ငံက နီးစပ်ရာ တာဝါတိုင်နဲ့ သွားချိတ်ပါတယ်။ ချိတ်တာမှ တစ်ခုတည်းနဲ့ မဟုတ်ပ တိုင်အားလုံးမှာ သွားညှိပါတယ်။ ဒီတော့ နိုင်ငံရဲ့  ဆက်သွယ်ရေး ကွန်ရက်ကြီး တစ်ခုလုံးကို ထိခိုက်စေပါတယ်။

၃။ လေဆိပ်ဆက်သွယ်ရေး လေယာဉ်အဆင်း၊ အတက်တွေမှာ အထူးသဖြင့် ဖုန်းပြောခွင့်ကို ပိတ်ပင်ထားပါတယ်။ ဘာလို့လဲဆို လေဆိပ်မှာရှိတဲ့ ဆက်သွယ်ရေး တာဝါ တိုင်များနဲ့ သွားညှိပါတယ်။ အကျိုးဆက်ကတော့ လေယာဉ်မောက်ဖို့ ပါပဲ။

မော်ဒန်ခေတ်နှင့် လေယာဉ်ပေါ် ဆက်သွယ်ရေး အခုတော့ ခေတ်မှီသွားပါပြီ။ နိုင်ငံကြီးက လေယာဉ်တွေမှာ သီးသန့် ဂြိုလ်တုဖုန်း ခွဲထားပေးတာတော့ အမေရိကန်မှာဆို ၁၀ နှစ်မကတော့ပါဘူး။ လေယာဉ်ပေါ်ကနေ အင်တာနက်သုံးလို့ရအောင်တောင် ဖန်တီးပေးပါတယ်။ ဒါက လေယာဉ်နဲ့ မြေပြင်က ဆက်သွယ်ရေး တာဝါတိုင်များနဲ့ ဆက်စပ်မှု မရှိအောင်လည်း ဖန်တီးထားပါတယ်။ ယခုဆို ကိုယ့်ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုလို့ရတဲ့အထိ ဆားဗစ်ပေးတဲ့ လေယာဉ်လိုင်းနဲ့ ကုမ္မဏီများ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။

TechSpace Journal

KIA မှ ဖမ်းမိထားတဲ့ အစိုးရစစ်သား စစ်သုံ့ပန်းတွေကို ပြန်လွှတ်

စစ်ပွဲအတွင်း KIA အစိုးရမှ ဖမ်းမိထားသည့် အစိုးရ တပ်မတော် တပ်သား များ အယောက် ၂၃ ယောက်အား ၂၀၁၃ ဇန်န၀ါရီ ၁၃ ရက်နေ့ တွင် KIA မှကိုယ်ဒေသကိုယ် ပြန်နိုင်အောင် တရား ၀င် ပြန်လွှတ်ပေးသည့် အခမ်းအနားကျင့်ပခဲ့သည်။

“အခုခင်ဗျားတို့ဒီမှာရောက်နေတာ တော်တော် ကြာပြီ။ အေလို ကြာလာဒီနှင့်အမျှကျွန်တော်တို့ ခင်ဗျားတို့ကို ပြန် အပ်ဖို့နည်း အမျိုးနဲ့ ကြိုးစား တယ်။ ကြားက အဖွဲ့အစည်းတွေနှင့် ပြန်အပ်ဖို့ လည်းကြိုးစားတယ်။ အခုနောက်ဆုံး ဒီ ၈၈ ကျောင်းသား အဖွဲ့ ကကိုမြအေးတို့ ခင်ဗျားတို့ကို ၂ ကြိမ်လောက်လာတွေ့ပြီးပြီထင် တယ်။ ကိုမြအေးတို့က နေ တဆင့် ပြန်အပ်ဖို့ကြိုးစားတယ် ဒါပေမဲ့ လက်ရှိအစိုးရ က ခင်ဗျားတို့ကိုလက်ခံဖို့ မပြောလာဘူး။ လက်မခံနိုင်တဲ့အနေအထားဖြစ်နေတယ်။ ကိုမြအေးတို့ကနေ တဆင့်ပြန်ကြားရတာတော့ ခင်ဗျားတို့ဟာ တပ်မတော်သားတွေ မဟုတ်ဘူး။ တပ်မတော်ကနေ ခွင့်မဲ့ ထွက်ပြေးလာတဲ့တပ်ပြေးတွေ ဖြစ်တယ်ဆိုပြီး တပ်မတော်က နေ ဘယ်လိုမှ လက်မခံနိုင်ဘူး။ သုံ့ ပန်း မဟုတ်ဘူး ညှင်းပေးတဲ့သဘောရှိတယ်။” ဟု KIA ဗိုလ်ကြီး ဦးဇော်တောင် က အဆိုပါးအခမ်းအနားတွင်ပြောကြားခဲ့သည်။

စစ်သုံ့ပန်း ၂၅ ရောက်တွင် ကလေးစစ်သား ၈ ယောက်ပါရှိသည်။ အဆိုပါ ကလေး စစ်သား ၈ ယောက်ကို မူ ILO (International Labor Organization) မှ တဆင့် ကိုယ့်အိမ်ကိုယ် ပြန်ပို့ပေးမည် ဖြစ်ကြောင်း အခြား စစ်သုံ့ပန်း ၁၅ ယောက်ကိုမှု KIA မှ ပို့နိုင်သည့် နေရာအထိ လိုက်ပို့ပေးမည် ဖြစ်ကြောင်း ကျန်ရှိသေးသည့် ခရီးကိုမှု မိမိနေရပ် ဒေသ ကို ပြန်ချင်တဲ့လူတွေ ပြန်နိုင်ကြောင်း မပြန်ချင်ရင် မိမိသဘော အတိုင်း ကြိုက်နှစ်သက်ရာကို ခရီးဆက်နိုင်ကြောင်း လမ်းခရီးအား လုံးကို လည်း KIA မှ ထုတ်ပေး မည် ဖြစ်ကြောင်း ဗိုလ်ကြီးဦး ဇော် တောင် က ဆက်လက် ပြောဆိုသည်။

“ကျွန်တော်ဒီမှာနေတာ ၁ နှစ်နှင့် ၁ လရှိပြီ။ ကျွန်တော်က ၁၆ နှစ် ကတည်းကနေ စစ်တပ်ထဲဝင်တာ ကလေးစစ်သားထဲမှာပါတယ်။ အိမ်ပြန်ရမယ်ဆိုတော့ တကယ်ပျော်တယ် စိတ်ထည်မှာ မပြော တတ်လောက်အောင် ပျော်တယ်။ အိမ်မပြန်ရတာ ၄ နှစ် ၅ နှစ်ရှိပြီ။ ကျွန်တော်ဘာမှ မသိပဲ စစ်တိုက်ခဲ့တာတွေကို တကယ်ကို စိတ်မ ကောင်းဘူး။ အခုလို ကောင်းကောင်း ပြန်လွှတ်ပေးခဲ့တဲ့ KIA အစိုး ရကို တကယ်ကို ကျေးဇူးတင်တယ်။ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေး လည်း အမြန်ရပါစေလို့ ဆုတောင်ပေးတယ်။” ဟု စစ်သုံ့ပန်း မှ ကို ချစ်ဦးနိုင်က ဆိုသည်။

ဒီကပါ။

မိုဘိုင်းဖုန်းလိုင်းချထားပေးရန် အထက်ဌာနများ၏ ခွင့်ပြုချက် မရရှိသေးဟုဆို


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်းလျော့ချ၍ ရောင်းချပေးနိုင်ရန် ၎င်း၏အထက်ဌာနများဆီသို့ ခွင့်ပြုချက်တောင်းခံထားသော်လည်း ခွင့်ပြုချက်ပြန်လည်မရရှိသေးသည့်အတွက် မိုဘိုင်းဖုန်းလိုင်းများ ရောင်းချပေးမည့် အစီအစဉ်ကို ဆိုင်းငံ့ထားရှိရသည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ်က ယနေ့ပြောကြားလိုက်သည်။

ယခုလ (ဇန်န၀ါရီ) အတွင်း မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်းလျော့ချ၍ အများပြည်သူသို့ရောင်ချပေးနိုင်ရန် စီစဉ်ထားရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်ပြောကြားခဲ့သော်လည်း လက်တွေ့ကာလ၌ မသေချမှုများနှင့်ကြုံတွေ့နေရသည်ဟု သိရှိရသည်။

““အခုအချိန်မှာ လိုင်းအင်အားတွေချဲ့နေတယ်။ အရောင်းစင်တာတွေ၊ Customer Care Center တွေကိုလည်း လိုက်ပြီးစစ်နေတယ်။ ရောင်းချရေးသင်တန်းတွေလည်း ဖွင့်လှစ်ပေးနေတယ်။ ဒါတွေကို အားလုံးသိပြီးသားပါ။ ဈေးနှုန်းလျော့ချပြီးရောင်းဖို့ကိုလည်း ၀န်ကြီးဌာန အနေနဲ့ အထက်ဌာနတွေကို တင်ပြထားတယ်။ ဈေးနှုန်းနဲ့ ရောင်းမယ့်ရက်ဆိုတာ အဲဒီဌာနတွေက ခွင့်ပြုလိုက်မှပဲ သိရမှာဆိုတော့ ဘာမှကို ပြောလို့မရသေးဘူး””ဟု မိုဘိုင်းအင်ဂျင်နီယာချုပ်က ဆိုသည်။

ဒီဇင်ဘာလအတွင်း မိုဘိုင်းဖုန်းများကိုဈေးနှုန်းလျော့၍ ရောင်းချပေးရန်အစီအစဉ်ရှိသည်ဟုဆိုကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း SIM ကတ်များကို ဈေးကွက် အတွင်းမှ ပြန်လည်သိမ်းဆည်းသွားခဲ့သည်နောက်ပိုင်း ပြင်ပရှိဟန်း ဆက်အရောင်းဈေးကွက်နှင့် မိုဘိုင်း ဖုန်းလိုင်းအရောင်းဈေးကွက်မှာ အပြောင်းအလဲများစွာဖြင့် ကြုံတွေ့ခဲ့ရသည်ဟု မိုဘိုင်းဖုန်းဆိုင်အများစုကပြောဆိုခဲ့သည်။

မိုဘိုင်း SIM ကတ်များရောင်းချရန် မရှိတော့သည့်နောက်ပိုင်း အရစ်ကျစနစ်ဖြင့်ရောင်းချခဲ့သည့် မိုဘိုင်း SIM ကတ်များကို ဈေးကွတ်အတွင်း၌ ငွေကျပ် ၁ သိန်းခွဲ ဖြင့် ပြန်လည်ရောင်းချခဲ့ကြကြောင်း၊ ဟန်းဆက်အရောင်းဈေးကွက်သည်လည်း SIM ကတ်အသစ်များထွက်ရှိလာမည်ဟုသော သတင်းကြောင့် ဒီဇင်ဘာလအတွင်းမှစတင်၍ သိသိသာသာ ရောင်းအားလျော့ကျလာခဲ့ကြောင်း မိုဘိုင်းဟန်းဆက်ရောင်းချသူတို့ကပြောသည်။

အသစ်ထွက်ရှိလာမည့် GSM မိုဘိုင်း SIM ကတ်ဈေးနှုန်းသည် ၁ သိန်းကျပ်ဟူ၍သော်လည်းကောင်း၊ ၈ သောင်းကျပ်ဟူ၍ သော်လည်းကောင်း အမျိုးမျိုးပြောဆိုနေကြသည့်အပြင် ရောင်းချပေးမည့်နေ့ရက်ကိုလည်း ဇန်န၀ါရီလ ၂၀ ရက်နေ့ဟူ၍သော်လည်းကောင်း၊ ဖေဖော်ဝါရီလအတွင်းမှ သာချထားပေးမည်ဟူ၍သော်လည်းကောင်း လူထုကြား၌အမျိုးမျိုးပြောဆိုနေခဲ့ကြသည်။

7 days News