Monday, January 14, 2013

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြား ရှိနေ


၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ရန်ကုန်မြို့တွင်း တွင် အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြားရှိလာကြောင်း ပညာဒါနကျောင်းများရှိ ဆရာ၊ ဆရာမ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

"ဒီကျောင်းကတော့ ငွေကြေးတစ်စုံတစ်ရာ ပေးစရာ မလိုပါဘူး၊ နှစ်စက ကျောင်းသား ၂၅၀ ကျော် ရှိတယ်၊ စည်းကမ်းကြီးတော့ တဖြည်းဖြည်းလျော့လာတယ်၊ အခုအနီးကပ် ၁၀၀ ဖိုး စာမေး ပွဲတွေ ဖြေခိုင်းပြီးတော်တဲ့ကျောင်းသားတွေကို ၄၅ ရက်လောက် သေချာစခန်းသွင်းလေ့ကျင့်ပေးမှာ၊ ဦးဇင်းတို့ကျောင်းက ပညာဒါနကျောင်းဆိုပေမဲ့မြောက်ဥက္ကလာမှာ အောင်ချက် အကောင်းဆုံးပဲ" ဟု မြောက်ဥက္ကလပမြို့နယ်မှ ဓမ္မရက္ခိတကျောင်းရှိ ကျောင်းတာဝန်ခံ ဦးဇင်းမှ မိန့်ကြားခဲ့သည်။

အဆိုပါကျောင်းတွင် မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ ပုလဲ၊ထောက်ကြန့်မြို့နယ်များရှိ ရက်ကွက်အသီးသီးမှ လက်လုပ်လက်စား မိသားစုများ၏ သားသမီးများ ပိုမိုတက်ရောက်မှု များကြောင်း သိရသည်။

ပညာဒါန ကျောင်းများတွင် စာသင်ပေးသည့် ဆရာ၊ ဆရာမများသည် နှစ် ၂၀ စာသင်အတွေ့အကြုံ့ ရှိသော သူများနှင့်လူငယ်ပရဟိတဆရာ၊ ဆရာမများလည်း ပါဝင်ပြီး လက်ရှိ အခကြေးငွေယူ၍ သင် ကြားသောစာသင်ဝိုင်းများမှ ဆရာများလည်း ပါဝင်ကြောင်းသိရှိရသည်။

"ပညာဒါနကျောင်းဆိုတော့ ကူညီတဲ့သူ များပါတယ်၊ အခုအနီးကပ် စာသင်ဝိုင်းမှာဆို ရန်ကုန်တက္ကသိုလ်က ပါမောက္ခတွေကို ခေါ်ပြီးမေးခွန်းဟောင်းတွေနဲ့ အမှတ်ပေးစည်းမျဉ်းတွေကို စနစ်တကျ နားလည်အောင် သင်ပေးမှာပါ၊ အဲ့အတွက်လည်း ငွေကြေးတစ်စုံတစ်ရာ ပေးစရာမလိုပါဘူး၊ ညနေတိုင်း ထမင်းကျွေးတယ်၊ သူတို့အတွက် အချိန်ကခုချိန်မှာ အရမ်းအရေးကြီးတယ်" ဟု မြောက်ဥက္ကလာပမြို့နယ် ဓမ္မရက္ခိတကျောင်း ရှိ ကျောင်းတာဝန်ခံ ဆရာတော်မှ မိန့်ကြားခဲ့သည်။

အဆိုပါကျောင်းတွင် နှစ်စက ကျောင်းသားများသာမက ဘုန်းတော်ကြီးနှင့် သီလရှင်များပါ တက်ရောက် လျှက်ရှိပြီး ယခု အခါ ကျောင်းသား ၂၀၀ ကျော်ဖြင့် သင်ကြားရာ အနီးကပ်စာသင်ဝိုင်းများအတွက် ထူးချွန်ကျောင်းသားများကို ဂုဏ်ထူးထွက်သည်အထိ သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ပညာဒါနကျောင်းများတွင် တက္ကသိုလ်ဝင်တန်းသာမက ဘာသာစကားနှင့် အသက်မွေးမှု ပညာရပ်များ၊ နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းများနှင့် ဂီတအနုပညာရပ်များကိုပါ အခမဲ့သင်ကြား လျက်ရှိပြီး နယ်မြို့များတွင်လည်း ပညာဒါနကျောင်းများ အများအပြားရှိလာကြောင်း သိရှိရသည်။

Eleven Media Group

စပါးခွံဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ရန် ဂျပန်မှ ယန်းသန်း ၁၃၀ ထည့်ဝင်မည်

စပါးခွံဓါတ်ငွေ့ အသုံးပြု လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စွမ်းအားမြှင့်တင်မှု သုတေသန စီမံကိန်း ဆောင်ရွက်ရန် ဂျပန်ဘက်မှ ယန်းသန်း ၁၃၀ (အမေရိကန်ဒေါ်လာ တသန်းခွဲခန့်) ထည့်ဝင် ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းကို ဂျပန်ဘက်မှ Bio-Fuel Co; နှင့် မြန်မာကုမ္ပဏီများဖြစ်ကြသည့် Bio-Tech Co; နှင့် Tokyo Electric Power Company တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြမည်ဟု မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း က ပြောသည်။

“ဒီစီမံကိန်းအတွက် ဒေးဒရဲမြို့နယ် စံပြ ဆန်စက်မှာရယ်၊ ညောင်တုန်းမြို့နယ် ဒို့လယ်သမား ဆန်စက်မှာရယ် နမူနာ စမ်းသပ်လုပ်ကိုင်နေပါပြီ။ စီမံကိန်း အောင်မြင်ရင် ကျေးလက် မီးလင်းရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရေး၊ စပါးခွံကို လောင်စာအဖြစ် ကျစ်ကျစ်လစ်လစ် သိုလှောင် အသုံးပြုနိုင်ရေး စတာတွေကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးတင်ဝင်း က ဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် ယင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံ စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ စွမ်းအင်သစ်နှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးရေးအဖွဲ့ တို့၏ ဦးဆောင်ပံ့ပိုးကူညီမှုဖြင့် လုပ်ကိုင်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှလည်း မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ မြန်မာ နိုင်ငံဆန်စက် လုပ်ငန်းရှင်များ အသင်း တို့မှလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် ဂျပန်နိုင်ငံ စွမ်းအင်သစ်နှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးရေးအဖွဲ့မှ ဂျပန်ယန်း သန်း ၉၀ (ဒေါ်လာ တသန်းကျော်)နှင့် Bio-Fuel ကုမ္ပဏီက ဂျပန်ယန်း သန်း ၄၀ (ဒေါ်လာ လေးသိန်းခွဲခန့်) ထည့်ဝင် ဆောင်ရွက်မည်ဖြစ်သည်။

အလားတူ မကြာမီ ဆောင်ရွက်မည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့တွင် ပထမဆုံး ဆန်နှင့် ဆန်ထွက် ပစ္စည်း အဆင့်မြင့်ကုန်ထုတ်လုပ်မည့် စီမံကိန်းများတွင်လည်း စပါးခွံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ကာ စီမံကိန်း အတွင်းအသုံးပြု၍ ပိုလျှံသည့် လျှပ်စစ်ဓါတ်အားများကို အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဖြန့်ဖြူးသွားမည်ဖြစ် ကြောင်း သိရသည်။

လိုင်ဇာမြို့ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ လူ ၃ ဦးသေဆုံး


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အခြေစိုက်တဲ့ လိုင်ဇာမြို့လယ်ကို ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီး (၃)လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး လေးဦးကို အရေးပေါ်အနေနဲ့ ဆေးရုံတင်ထားရပါတယ်။

ဒီကနေ့ မနက် (၈) နာရီကျော် အချိန်က လိုင်ဇာမြို့လယ် ၊ သျှင်းလီဟိုတယ်နဲ့ မြစ်ကြီးနားဟိုတယ်အနီး လူနေအိမ်အပေါ် လက်နက်ကြီး ကျည် (၄)လုံးကျရောက်ခဲ့ပြီး (၃)လုံး ပေါက်ကွဲကာ မီးလှုံနေကြတဲ့ လိုင်ဇာမြို့ခံ (၃)ဦး အပါအဝင် အနီးအနားမှာ ရှိသူတွေ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

လိုင်ဇာမြို့ ခန်းမမှာ ခေတ္တလာရောက်ခိုလှုံနေပြီဖြစ်တဲ့ အသက် (၃၇) နှစ်အရွယ် ဦးတူးမိုင်က သူကြုံတွေ့လိုက်ရပုံကို RFA ကို အခုလို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်းက လိုင်ဇာမြို့ဝန်းကျင် ပတ်လည်နဲ့ တောင်ကုန်း၊ တောင်စောင်းတွေ ပေါ်ကိုသာ လက်နက်ကြီး ကျရောက်မှုတွေ မကြာခဏရှိနေခဲ့ပေမယ့် ဒီကနေ့မှာတော့ မြို့လယ်ရပ်ကွက်ကို ပထမဆုံးအနေနဲ့ ကျရောက်လာတာ ဖြစ်ပါတယ်။

လိုင်ဇာမြို့ခံ တချို့က တရုတ်နယ်စပ်ဂိတ်ရှိရာကို အပြေးအလွှား သွားရောက်ပြီး တရုတ်နိုင်ငံဘက် ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသလို တချို့က ခေတ္တခိုအောင်းလို့ ရမယ့် နေရာတွေဆီ ရွှေ့ပြောင်းနေကြပါတယ် ။

RFA Burmese

တောင်သူရေလုပ်သားများ၏ ပထမဆုံးအကြိမ်ပန်းတနော် ဆန္ဒထုတ်ဖော်ပွဲ

ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ပေါင်း(၅၀)အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူအစရှိသည့် မြို့နယ် သုံးမြို့နယ် မှ တောင်သူ လယ်သမားများပါဝင သည့် တောင်းဆိုချက် (၆)ချက်ပါ ဆန္ဒထုတ်ဖော်မှုတစ်ရပ် ပန်းတနော် ဘောလုံးကွင်းတွင် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ (၁၃)ရက်နေ့က ဖြစ်ပွားခဲ့သည်။

လူ(၁၀၀၀)ကျော်ပါဝင်သည့် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအား ပန်းတနော်၊ညောင်တုန်း၊ဓနုဖြူ သုံးမြို့နယ်မှ တောင်သူလယ် သမားရေလုပ်သား သမဂ္ဂအဖွဲ့နှင့် မြန်မာ့လူထု ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်တို့ ပူးပေါင်း ကာ နံနက်(၉)နာရီမှ နေ့လည် (၁၁)နာရီခွဲအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

''နှစ်ပေါင်း(၅၀)အတွင်းမှာ ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခွင့်ရခဲ့တာပါ။ဒါတွေကို လွှတ်တော် အမတ်တွေနဲ့ သက်ဆိုင်ရာတွေက ဒီနေရာဆင်းပြီး လေ့လာပါ။ဆောင်ရွက်ပေးပါ လို့ ပြောချင် ပါတယ်။ အင်းရာသီချိန် ကုန်ဆုံးအချိန်အထိမှ မူရင်းလယ်သမား ၊ ရေလုပ်သားတွေရဲ့ ပိုင်ဆိုင်ခွင့် တွေကို မဖြေရှင်းပေးဘူးဆိုရင် ဒီထက်ကြီးတဲ့ လူထုလှုပ်ရှားမှုနဲ့ စတင်သွားမှာပါ '' မြန်မာ့လူထု ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ကိုနေမျိုးဇင်က ပြောသည်။

အဆိုပါ တောင်းဆိုချက်(၆)ချက်မှာ ကုမ္မဏီများ ၊ပုဂ္ဂလိကများ မတရားသိမ်းဆည်းထားသော လယ်မြေများ လယ်သမားများထံ အမြန်ပြန်ပေးရေး၊ ဆည်မြောင်းရေကာတာ ရေတံခါးများ ခေတ်မှီ စနစ်တကျပြုလုပ်ပေးရေး၊ ၂၀၁၃ခုနှစ် လူလုပ်ရေဘေး ထပ်မဖြစ်ရေး၊ အင်းလုပ်ငန်းများ စည်းကမ်း တကျ ရေလုပ်သားများ လုပ်ကိုင်ခွင့်ရရှိရေး၊ အင်းသူကြီးများ မတရားဖမ်းဆီးထားသော ရေလုပ်သား များ အမြန်ပြန်လွှတ်ပေးရေးနှင့် အရေးတော်ပုံ အောင်ရမည် အောင်ရမည် အစရှိသည့် တောင်းဆို ချက် များဖြင့် (၃)မြို့နယ်မှ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ပြည်သူတွေ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရတာတွေ ဒီနေ့ဒီချိန်ခါမှာ ထုတ်ဖော်ခွင့် ရတယ်။ ကျွန်တော်တို့ ဆုံးရှုံးထား တာတွေ ပြန်လိုချင်ပါတယ်။ မတရား အနိုင်ကျင့် ကြီးစိုးခြယ်လှယ်နေတာတွေ အစိုးရက ပြုပြင်ပြောင်းလဲမလုပ်သရွေ့တော့ ကျွန်တော် တို့ကဆက်ပြီး ဆန္ဒထုတ်ဖော် သွားမှာပါ " ဟု ပန်းတနော်မြို့မှ ဆန္ဒထုတ်ဖော်သူ တောင်သူလယ်သမားဦးကြီးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ (၃)မြို့နယ်ဆန္ဒထုတ်ဖော်ခွင့်တွင် လူဦးရေခွင့်ပြုမိန့်(၂၀၀)နှင့် နံနက်(၉)နာရီမှ နေ့လည်(၁၁)နာရီအထိ ခွင့်ပြုမိန့်ချထားပေးခဲ့သော်လည်း ခွင့်ပြုချိန်ကျော်လွန်သွား ခြင်းကြောင့် ပန်းတနော်မြို့ နယ် ရဲအုပ်ကျော်အေးလှိုင်မှ လာရောက်အသိပေးခဲ့ကြောင်းကိုလည်း သိရသည်။

"ကျွန်တော်က သတ်မှတ်ချိန်ကျော် လွန်သွားပြီဆိုတာကို လာရောက်ပြောတာပါ " ဟု ပန်းတနော်မြို့ နယ် ရဲအုပ်ကျော်အေးလှိုင်မှ ပြောသည်။

ဒီကပါ။

အခြေခံပညာတွင် ဝိဇ္ဇာ/သိပ္ပံ မခွဲရန်၊ စိတ်ကြိုက် တက္ကသိုလ်ရွေးရန် ကွန်ယက် တိုက်တွန်း

အခြေခံပညာ အထက်တန်း အဆင့်တွင် ဝိဇ္ဇာ/သိပ္ပံဟူ၍ မခွဲဘဲ သင်ကြားရန်နှင့် ကျောင်းသား ၏ စိတ်ဝင်စားမှု အလျောက် တက္ကသိုလ်ကို ရွေးချယ်ခွင့်ရှိစေရန် ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်က ဇန်နဝါရီ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

အဆိုပါ ကွန်ယက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ယက်မှ အကြံပေး ဒေါက်တာသိန်းလွင် က ဦးစီးကာ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား ပညာရေးအဖွဲ့များ၊ ဘာသာရေး ဆိုင်ရာ ပညာရေး အဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများ၊ ကျောင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ စုစည်း ထားသည့် ကွန်ယက်တခု ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် နှစ်ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲတခု ထိုကွန်ယက်က ဆောင်ရွက်ခဲ့ပြီး ယင်းဆွေးနွေးပွဲမှ ရလဒ်များကို ယခုလို ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြေခံပညာ အထက်တန်းအဆင့်များဖြစ်သည့် နဝမတန်းနှင့် ဒဿမတန်း၌ ဝိဇ္ဇာ/သိပ္ပံ ခွဲခြားကာ သင်ကြားပေးသည့်စနစ်ကို ၂၀၀၀-၂၀၀၁ ပညာသင်နှစ်တွင် ပြန်လည် ကျင့်သုံးခဲ့ပြီး ယင်းစနစ်ကို ဖျက်သိမ်းရေး အတွက် ဤပညာရေးကွန်ယက်က အကြံပြုလိုက်ခြင်း ဖြစ်သည်။

“လက်ရှိမှာ ဝိဇ္ဇာ/သိပ္ပံ ခွဲထားတော့ ဝိဇ္ဇာဘာသာရပ်တွေကို နှိမ့်ချထားသလို ဖြစ်နေတယ်။ နောက်ပြီး ၈ တန်းအထိ ပဲ ဝိဇ္ဇာရော သိပ္ပံပါ သင်ရတာဆိုတော့ အခြေခံပညာမှာ သိသင့်သိထိုက်တဲ့ ကိစ္စတွေ ကျောင်းသားတွေ မသိဘူး ဖြစ်ကုန်တယ်” ဟု ဒေါက်တာသိန်းလွင် က ဆိုသည်။

အခြေခံပညာအဆင့်တွင် ဝိဇ္ဇာ/သိပ္ပံမခွဲခြားဘဲ သင်ကြားရန် တိုက်တွန်းရခြင်းသည် ဘာသာရပ်များအပေါ် တန်ဖိုး ထားမှု တန်းတူညီမျှရှိစေရန်နှင့် ဘာသာရပ်အားလုံး၏ အခြေခံ ပညာရပ်များကို ကျောင်းသားများ တတ်ကျွမ်းစေ ရန် ရည်ရွယ်သည်ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် အခြေခံပညာ ပြီးဆုံး၍ တက္ကသိုလ် ရွေးချယ်ရာတွင်လည်း လက်ရှိတွင် ဒဿမတန်း ရမှတ်ကို အခြေပြုကာ တက္ကသိုလ်ရွေးချယ်ရသည့် စနစ်အား ဖျက်သိမ်း၍ ကျောင်းသား၏ စိတ်ဝင်စားမှုအလျောက် တက္ကသိုလ်ရွေးချယ် ရန် ထိုကွန်ယက်က တိုက်တွန်းထားသည်။

အဆိုပါ ကွန်ယက်အဖွဲ့ဝင်လည်း ဖြစ်သော NLD ပညာရေးကွန်ယက်၏ ညှိနှိုင်းရေးမှူး ဦးကျော်စိုး က လက်ရှိတွင် ကျောင်းသားများသည် မိမိ၏ အောင်မှတ်ပေါ်အခြေခံကာ တက္ကသိုလ် ရွေးချယ်ကြရသဖြင့် ဝါသနာနှင့် မကိုက်ညီ သည့် တက္ကသိုလ်များသို့ ရောက်ရှိကာ လက်တွေ့ဘဝ၌ အဆင်မပြေမှုများ ကြုံတွေ့ရကြောင်း ထောက်ပြသည်။

“ကျောင်းသားရဲ့ ပင်ကိုယ်စရိုက်နဲ့ ကိုက်ညီတာကို လေ့လာရင် အများကြီး ထူးချွန်လာလိမ့်မယ်” ဟု ဦးကျော်စိုး က ဆိုသည်။

သို့သော် အဆိုပါစနစ်သို့ကူးပြောင်းလျှင်လည်း ကျောင်းသားမိဘများက ၎င်းတို့နှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ် ရန် သားသမီးများအား ဖိအားပေးလာနိုင်သဖြင့် “ကျောင်းသားတွေကို တက္ကသိုလ်လမ်းညွှန် စာအုပ်တွေ ထုတ်ပေး မယ်၊ မိဘတွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်မယ်” ဟု ပညာရေး ပါရဂူတဦးလည်းဖြစ်သူ ဒေါက်တာသိန်းလွင် က ဆိုသည်။

ကွန်ယက်သည် ၎င်းတို့၏ အကြံပြုချက်များအား လွှတ်တော်သို့ တင်ပြကာ အမျိုးသား ပညာရေး ဥပဒေတရပ် ထွက်ပေါ်လာသည်အထိ ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

ဒီကပါ။

Sea Games ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား တရုတ် အခမဲ့ ကူညီမည်


မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် ၂၇ ကြိမ်မြောက် Sea Games ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကို တရုတ် နိုင်ငံက အခမဲ့ ကူညီ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ တတိယ အတွင်းဝန် Mr.Ma Chao က The Voice Weekly သို့ ပြောကြားသည်။

ယင်း အခမ်းအနား များကို စီစဉ် ကျင်းပ ပေးမည့် တရုတ်နိုင်ငံမှ ပညာရှင်၂၄ဦး မှာ ဇန်နဝါရီလ ၁၂ရက်နေ့ မွန်းလွဲ ၂နာရီက မြန်မာနိုင်ငံ သို့ ရောက်ရှိ လာပြီဖြစ်၍ ၎င်းက အထက်ပါ အတိုင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။

“Sea Games ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးက မြန်မာနိုင်ငံရော တရုတ်နိုင်ငံပါ ကြိုးစား လုပ်ဆောင်ရမှာပါ” ဟု ၎င်းက ဆိုသည်။

တရုတ် နိုင်ငံက ရောက်ရှိလာသည့် ပညာရှင်များ အနေဖြင့် Sea Games ပြိုင်ပွဲ၏ ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား ကျင်းပမည့် နေရာများကို သွားရောက် ကြည့်ရှုပြီး အားကစား ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဦးစီးဌာန တို့နှင့် တွေ့ဆုံညှိနှိုင်း ရန် ပထမဆုံး ရောက်ရှိ လာသည့် ပညာရှင် များ ဖြစ်ကြောင်း၊ ယခု ရောက်ရှိလာသည့် အဖွဲ့သည် ပေကျင်း အိုလံပစ် ပြိုင်ပွဲ ၏ ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားကို စီစဉ် ကျင်းပ ပေးခဲ့သည့် အဖွဲ့မှ ပညာရှင်များ ဖြစ်ကြောင်း တရုတ် နိုင်ငံတကာ ယဉ်ကျေးမှု အုပ်စု ကုမ္ပဏီမှ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သည့် မစ္စ ဆွမ်းရှောင်ဟုန် က ပြောကြားသည်။

အဆိုပါ ပညာရှင်များ တောင်းဆိုသည့် အချက် များကို မြန်မာ နိုင်ငံက ပံ့ပိုး နိုင်မှုများ နှင့် ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက ရှင်းပြ သည်။

“အခု သူတို့လာတာ ပထမဆုံး ဆိုတော့ ဒီဘက်က ဘာတွေ လုပ်ပေးရမလဲ၊ သူတို့က ဘာ လုပ်ပေးနိုင်မလဲ ဆိုတာ တွေ ညှိရဦးမှာပါ” ဟု၎င်းက ဆိုသည်။

Sea Games ပြိုင်ပွဲ အခမ်းအနား များ အတွက် ကူညီ ဆောင်ရွက်ပေးခြင်း မှာ တရုတ် နိုင်ငံက ထောက်ပံ့ သည့် အစီအစဉ်များ ထဲမှ တစ်ခု ဖြစ်ကြောင်း တရုတ် သံရုံးမှ တတိယ အတွင်းဝန် Mr.Ma Chao က ပြောဆိုသည်။

www.MyanmarExpress.net

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ အခမဲ့ အထူးကု ဆေးခန်း ဖွင့်လှစ်တော့မည်ဟုဆို

နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ထူထောင်ထား သည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက် တန်းမြို့နယ်အတွင်း အခမဲ့ အထူးကုဆေးခန်းကြီးဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။

၎င်းဆေးခန်းကြီးဖွင့်လှစ်သွားနိုင်ရေး စေတနာဆရာဝန်၊ ဆရာမများ စတင်ချိတ် ဆက်စု စည်းနေပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ် အတွက် ပြည်တွင်းမှ ဦးခင်ညွန့်နှင့်ရင်းနှီးသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ စေတနာရှင်များထံမှ အလှူငွေများကို စုဆောင်းလက်ခံသွားရန် ရှိရာ နိုင်ငံတကာ ၌လည်း အလှူငွေများစုဆောင်းလက်ခံသွားရန်ရှိသဖြင့် ရွှေမော်ဝန်း လူမှုရေးအသင်း၏ ကိုယ်စား ပြည်ပမှတာဝန်ယူကာ အလှူငွေရှာဖွေပေးမည့်သူများကိုလည်း ရှာဖွေနေပြီဖြစ်ကြောင်း လည်း သိရှိရပါသည်။

၎င်းဆေးခန်းဖွင့် လှစ်ပြီးမြောက်ရေး ဇေကမ္ဘာကုမ္ပဏီမိသားစု၊ ဦးအောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ) တို့မှ စတင်မတည်လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါသည် ။

ဒီကပါ။

မျက်စိအားကောင်းစေရန်အချက်များ.


၁) ငါးများများစားပေးပါ။ ငါးများမှာမျက်လုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။ ငါးမကြိုက်သူများငါးကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။

၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက ကလိုရင်းဓါတ်တွေကိုအကာအကွယ်ပေးတယ်။ဆောက်လုပ်ရေးတို.၊စက်ပြင်ဆရာတို.ဆိုရင်လည်းအကာအကွယ်မျက်မှန်တပ်ဆင်သင့်ပါတယ်။ မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။

၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြားတွေကို မျက်နှာ တည့်တည့်မချိန်ထားဘဲ ခြေထောက်လောက်အထိကိုချိန်ထားပါ။ မျက်နှာတည့်တည့်ထားရင်လေအေးပေးစက်ကထွက်လာတဲ့လေဟာမျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူတက်တယ်။ ဒါကြောင့်ခြေထောက်လောက်ကိုစိုက်ထားပါ။ မျက်ရည်ခမ်းခြောက်တာများသွားရင် မျက်ကြည်လွှာပျက်စီးတက်ရုံမက ကြာရင်မျက်စိပါကွယ်သွားနိုင်ပါတယ်။

၎) ဟင်းချက်ရင် အခြားကြက်သွန်တွေထက်ကြက်သွန်နီကို ပိုသုံးပေးပါ။ကြက်သွန်နီမှာ မျက်စိတိမ်ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုးပါဝင်လို.ပါ။

၅) အိမ်အပြင်နေပူထဲသွားရင်နေကာမျက်မှန်တပ်ပေးပါ။ စူးရှတဲ့နေရောင်ခြည်ကို ကာကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ မျက်ရည်ခမ်းခြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။

၆) ညစာစားတဲ့အခါ စိမ်းစားဥစားပေးသင့်တယ်။ ညမြင်ကွင်းပိုကောင်းစေတဲ့ vitamin A ပါဝင်တယ်။

၇) ညအိပ်ရာမဝင်ခင် မျက်စိတစ်ဝိုက်နားက မိတ်ကပ်တွေဖယ်ရှားပေးပါ။မိတ်ကပ်အပိုင်းအစကလေးတွေဟာ မျက်ကြည်လွှာကို ခြစ်သွားနိုင်တယ်။

၈) သန့်ရှင်းတဲ့မျက်နှာသုတ်ပုဝါကို သုံးပါ။ အခြားသူတွေသုံးတဲ့မျက်နှာသုတ်ပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ကူးစက်မြန်မျက်စိရောဂါဖြစ်စေတယ်။

၉) စာဖတ်စာကျက်တဲ့ကျောင်းသူကျောင်းသားတွေဆိုရင် မိနစ် သုံးဆယ်ပြည့်တိုင်း စာအုပ်ကိုခဏချပြီး ခပ်လှမ်းလှမ်းကို စက္ကန့် သုံးဆယ်လောက်ကြည့် သင့်တယ်။(နာရီသံပတ်ပေးပြီးနှိုးဆော်ပါ)

၁၀) တစ်လတစ်ခါ သွေးပေါင်ချိန်တိုင်းသင့်တယ်။သွေးပေါင်ချိန်မြင့်ရင် မျက်စိထဲက သွေးကြောတွေကို ဒုက္ခပေးနိုင်တယ်။

၁၁) စံပယ်နံ့ ပါတဲ့ ရေမွှေးကို သုံးပေးရင်မျက်စိအားကောင်းတယ်။ စံပယ်ပန်းရနံ.ဟာ ဦးနှောက်ရှေ.ပိုင်းက beta လှိုင်း တွေကို ဖြစ်ပေါ်စေပြီးနိုးကြားထက်မြက်မှုနဲ.မျက်စိအားကောင်းခြင်းတို.ကို ဖြစ်စေတယ်။

၁၂) ဇီးရောင်နေကာမျက်မှန်ထက် မီးခိုးရောင်နေကာမျက်မှန်ကိုသုံးပါ။ အရောင်သွေဖယ်မှုနည်းတယ်။ ယာဉ်မောင်းတဲ့အခါ ပိုအရေးကြီးတယ်။

၁၃) အငန်လျှော့စားသင့်တယ်။အငန်ဓါတ်များရင်မျက်စိမှာတိမ်ဖြစ်ဖို. အခြေအနေပိုပေးတက်တယ်။ဆားလျှော့စားပါ။

ဒီကပါ။

မြန်မာ့ဆက်သွယ်ရေး MPT မှ အင်တာနက်မြန်နှုန်းများ လျှော့ချဟုသတင်းများဖြစ်ပေါ်နေ


ရန်ကုန်မြိ့တော်နှင့် နယ်မြို့ များတွင် အင်တာနက်အသုံးပြုသူ အားလုံးလိုလိုက မြန်မာ့ဆက်သွယ် ရေး MPT မှ အင်တာနက်မြန်နှုန်း များကို လျှော့ချနေကြောင်း စွပ်စွဲ ပြောဆိုချက်များ ယခုရက်ပိုင်းတွင် ထွက်ပေါ်နေသည်။

သုံးစွဲသူများ၏ ပြောပြချက် အရ အဘယ့်ကြောင့် မြန်မာ့ ဆက်သွယ်ရေးမှ အင်တာနက် မြန်နှုန်းများလျှော့ချနေသည့် အကြောင်းရင်းကို တိကျစွာမသိ ရှိရသော်လည်း အင်တာနက်မြန် နှုန်းကို လျှော့ချလိုက်သည်မှာတော့ အမှန်ဖြစ်ကြောင်းပြောပြကြပါသည်။

သုံးစွဲသူများဘက်မှ ယင်းကဲ့သို့ မြန်မာ့ဆက်သွယ်ရေး MPT မှ အင်တာနက်မြန်နှုန်းလျှော့ချမှုကို တိတိကျကျပြောဆိုနိုင်ခြင်းမှာ ယခုအခါကမ္ဘာနှင့် အ၀ှန်းသတင်း နှင့် ဆက်သွယ်ရေးနည်းပညာများ ၏ မယုံကြည်နိုင်လောက်အောင် တိုးတက်ဖွံ့ဖြိုးမူအားလုံးလိုလိုမှာ လျှို့ဝှက်ချက်မရှိသလောက်ဖြင့် လည်းကောင်း၊ ငွေကြေးကုန်ကျမူ မရှိ အခမဲ့လောက်နီးပါးဖြင့် သုံးစွဲ သူအချင်းချင်းကြားတွင်လည်း ကောင်း နည်းပညာ (၀က်ဆိုဒ်) အသီးသီးမှလည်းအခမဲ့ ဖြန့်ဝေ ပေးနေကြသောကြောင့် အန်းဒရိုက် လက်ကိုင်ဖုန်းတွင် သုံးစွဲနိုင်သော ခေတ်မှီဆန်းပြားသည်အခမဲ့ ဆော့ဝဲပရိုဂရမ်)များသည် မိမိသုံး စွဲပြီးသော အင်တာနက် (ဒေတာ) များကို မည်မျှလောက်ရှိသည်ကို အလွယ်တကူတိုင်းတာနိုင်ခြင်း သို့မဟုတ်မိမိရယူသုံးစွဲနေသော MPT မှ အင်တာနက်မြန်နှုန်းကို အခမဲ့ ဖြန့်ဖြူးထားသော Speed test.net ခေါ်ဆော့ဝဲနှင့် အလွယ် တကူ မိမိဖုန်းဖြင့် တိုင်းတာနိုင်ခြင်း တို့ကြောင့် MPT မှ အင်တာနက် ဒေတာလျှော့ချနေခြင်းကို တိတိ ကျပြောနိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

အချို့အင်တာနက်သုံးစွဲနေ ကြသူများဆိုလျှင် မြန်မာဆက် သွယ်ရေး MPT မှ ၎င်းကိစ္စကို ငြင်းဆိုလျှင်သက်သေပြနိုင်ရန် ဒေတာစပိData Speed ကို မှတ် တမ်းတင် Recording များပင် အသင့်ပြုလုပ်ထားကြသည်ဟု သိရသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာ ရှင်အသင်းမှ ကွန်ပျူတာနှင့် အင်တာနက်ပိုင်းဆိုင်ရာကျွမ်းကျင် ကျင်သူပညာရှင်တစ်ဦးက ယင်း ကိစ္စကို ရှင်းပြရာတွင် “မှတ်မှတ် ရရ ၂၀၁၃ ခုနှစ် အစပိုင်းမှာပဲ အမြန်နှုန်းက သိသိသာထိုးကျသွား တာပါ နှစ်အစပိုင်းတစ်ပတ်လောက် အတွင်းသုံးစွဲ၍ မဖြစ်နိုင်လောက် အောင် 60 kbps ဖြစ်သွားလိုက် 70 kbps ကျော်ကျော်လေးမှာ ငြိမ်နေပါတယ်ပြောရရင်အရင်က နှုန်းထက်တ၀က်ကျော်ကျော်အမြန် နှုန်းလျော့သွားပါတယ်။ (ရက်စွဲနဲ့ Screen shot) ဖမ်းထားပါတယ် မဟုတ်ဘူးလို့ငြင်းရင် အဲဒီ Record တွေကို ပြဖို့အဆင်သင့်ပါ ဟု” အခိုင်အမာပြောပြခဲ့ပါသည်။

“ယခင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကုန်ထိက အမြဲတမ်းသုံးစွဲခွင့်ရနေ တာက 2mbps ပါဟု ဆက်လက် ပြောပါသည် (2mbps=2000 kbps ) ရှိပါတယ်ဟုဆိုသည် အခုအမြန်နှုန်းတွေကို လျှော့ချ ခြင်းမှာ သတင်းထုတ်ပြန်ချက်မရှိ ဘဲ လျှော့ချတာဟုဆိုသည် “တိုက် ဆိုင်လွန်းတာက သူတို့ရဲ့ Data Plan အစီအစဉ်က မအောင်မြင် တဲ့နောက်ပိုင်းမှာဖြစ်နေပါတယ် ဟုပြောပြသည်။

ယခုသုံးစွဲသူများ ပြားလာတဲ့ အချိန်မှာ international Band width ကို တိုးမြှင့် သည်နည်းလမ်းကိုမကျင့်သုံးဘဲ သုံးစွဲသူတွေရဲ့ Bandwidthကိုပဲ လျှော့ချလိုက်ခြင်းသည်အင်တာနက် သုံးစွဲသူများအပေါ်သူတို့ဘယ်လို သုံးသုံးလိုင်းဘယ်လောက်နှေးနှေး ငါတို့နှင့် မဆိုင်ဆိုသလိုမျိုးလုပ်နေ တာကို ခံပြင်းမိပါတယ်ဟုအခြား ပညာရှင်တစ်ဦးကထောက်ပြဝေဖန် ခဲ့ပါသည်။

http://www.hotnewsweekly.com/archives/15898

၈၈ တို့ရဲ့ ဖိလစ်ပိုင် နိုင်ငံ ခရီးစဉ် ယနေ့ စတင်

ကိုမင်းကိုနိုင်ခေါင်းဆောင်သော ၈၈ မျိုးဆက် ကျောင်းသား (၁၆) ဦးပါဝင်တဲ့ အဖွဲ့ဟာ MAI လေကြောင်း လိုင်းနဲ့ ထိုင်းနိုင်ငံမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံသို့ ယနေ့ ဇန်န၀ါရိလ ၁၄ရက်နေ့ နံနက် ၈ နာရီခွဲက ထွက်ခွာ သွားကြပါတယ်။


အဆိုပါ ခရီးစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် Centrer Peace and Conflict Studies ( ငြိမ်းချမ်းရေး နှင့် ပဋိပက္ခများလေ့လာရေးစင်တာ -CPCS ရဲ့အစီအစဉ်ဖြစ်ပြီး၊ ဒေါက်တာ ကျော်သူ၏   ပေါင်းကူးဖောင်ဒေး ရှင်း မှ စီစဉ်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့်လူမှုအဖွဲ့ အစည်းအခြေပြု လုပ်ငန်းများ ကိုလေ့လာကြမှာဖြစ်ပါတယ်။

ဒီအပြင် ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူတွေ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ အရပ်ဖက်လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးကြမှာဖြစ်ကြောင်းသိရှိရပါတယ်။







ဒီကပါ။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအကြောင်း သိသမျှ


၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်ကအကြမ်းဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်လက်နက်ကိုင်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆... ခုနှစ် မှာ ဗိုလ်မှူးချုပ် အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။ နောက်တနှစ် အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ယာယီအဖွဲ့ဝင် ဖြစ်လာတယ်။

၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။ အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစုတတ်တော့ အရှင် မွေးတော့ နေ့ချင်းကြီးတော့တာပါပဲ။

ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ်အဆက်ကို ထိန်း ပေး ခဲ့သလို၊ သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့ အတွင်းသိတချို့ကတော့ ပြောကြ တယ်။ တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာမလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား တက်လမ်း၊ ဘ၀ တက်လမ်းအတွက် မောင်တထမ်း မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့အမိန့်တွေကို အကောင်အထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြတယ်။

ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို ပိုက်ဆံရှာပေးနေရတဲ့ ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရတယ်။ (ပုံမှာလွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်)

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံစီးပွားထက်စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။

၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမဏီတို့နဲ့ အပြိုင် စပါးပေး (စိုက်ပျိုးစရီတ်ချေးငွေ) ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံးမှတစ်ဆင့် သိမ်းယူသောအလုပ်များ (ခေတ်သစ်ချစ်တီးကဲ့သို့) အများအပြားလုပ်ကိုင်ခဲ့သော ကုမဏီဖြစ်ပါတယ်။

ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။

နီးစပ်သူတယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။ မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။

နေပြည်တော်မြို့တော်တည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း ဥိးအောင်သောင်းသားအပါအ၀င် တခြားလူကြီးသားသမီးတွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက်အမြောက်အများ ရရှိခဲ့ပါတယ်။ တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။

ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။ လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့ ခေတ်တဲ့။

အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို ကုမ္ပဏီထောင်ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှ မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။ လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကို ကြေညာတဲ့အခါ“ကျနော့် သားတွေ ပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။ ။

ဒီကပါ။

တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရိုက်ခံရ၍ ပွဲပျက်


တရားဥပဒေကို စိန်ခေါ်နေမှုများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်၍ ပြည်သူများအား မီဒီယာများမှ တင်ပြနိုင်ရန် ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု မှ စီစဉ်ခဲ့သော်လည်း ပွဲစီစဉ်သူတစ်ဦးဖြစ်သူ ဦးထင်ကျော်အား ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခံ ခဲ့ရသောကြောင့် ဆက်လက်ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံအတွင်း တရားဥပဒေချိုးဖောက်မှုများ၊တရားဥပဒေ အလွဲသုံးစား ပြုမှုများအား ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်၍ ပြည်သူများနှင့် မီဒီယာများ ရှေ့တွင်ဖော်ထုတ် ဆွေးနွေးသွားရန်ရည်ရွယ်ခဲ့သော်လည်း ရိုးရိုးလေး အဝေးပြေးယာဉ်လိုင်းပိုင်ရှင် ဦးသိန်းနိုင်အပါအဝင် လေးဦးမှ တော်ဝင်နှင်းဆီခန်းမ ရှေ့တွင် ပွဲစီစဉ်သူ ဦးထင်ကျော်အား ထိုးကြိတ်ကန်ကျောက်၍ ရန်ပြုခဲ့သောကြောင့် တော်ဝင်နှင်းဆီခန်းမမှ တာဝန်ရှိသူများမှ ပွဲအား ဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ကြသောကြောင့် ပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့ရပြီး ရန်ပြုနှောင့်ယှက်ခဲ့သူ ဦးသိန်းနိုင်အား အရေးယူမှုများဆောင်ရွက်နိုင်ရန် ဗဟန်းရဲစခန်းတွင် (ပ)၁၄/၂၀၁၂ ၂၄၉/၃၂၅/၁၁၄ ပုဒ်မတို့ဖြင့် အမှုဖွင့်ဆိုခဲ့ကြောင်းသိရှိရသည်။

“တော်ဝင်နှင်းဆီခန်းမရှေ့ရောက်တော့ ထင်ကျော်လားမေးပြီး ထိုးတယ်၊ အဓိကက ကျွန်တော့်ကို ထိုးခြင်းမထိုးခြင်းထက် ဒီကနေ့ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ခရိုနီတွေက စိန်ခေါ်နေတယ်ဆိုတာ ဒါက သက်သေပဲ။ ဒါဟာ လူထုကိုစော်ကားတာနဲ့ အတူတူပဲ၊ ကျွန်တော်တို့က ကိုယ်ရေးကိုယ်တာကို သတင်းစားရှင်းလင်းပွဲ လုပ်တာမဟုတ်ဘူး၊တိုင်းပြည်နဲ့လူမျိုးအတွက်လုပ်တာ”ဟု ထိုးကြိတ်ခြင်းခံရသူ ဦးထင်ကျော်က ပြောကြားသည်။

ယခုကဲ့သို့ တရားမဲ့စရိုက်ဆန်စွာဖြင့် ရန်ကုန်မြို့လည်တွင် ဝင်ရောက် ထိုးနှက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေ စိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကိုပါ စော်ကားခြင်း ဖြစ်ကြောင်း ၊ ရန်ကုန်မြို့လည်တွင်ပင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း သည်ဆိုပါက နိုင်ငံနေရာဒေသ အနှံ့အပြားတွင် မည်မျှ မင်းမဲ့စရိုက်ဆန်စွာပြုမူဆောင်ရွက်နေကြမည်မှာ ခန့်မှန်းသိရှိနိုင်ကြောင်း ဆက်လက်ပြောကြား သည်။

နိုင်ငံနှင့်အဝှမ်းတွင် တရားဥပဒေချိုးဖောက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း မည်သို့အခက်အခဲများ ရှိစေကာမူ ဆက်လက်ဖော်ထုတ် သွားမည် ဖြစ်ကြောင်းနှင့် ခရိုနီများနှင့် ပတ်သက်၍ မတရားလုပ်မှုများ၊ မသာမာမှုများ၊ တရားဥပဒေပြင်ပ လောင်းကစားမှုများအား ပြည်သူသိရှိစေရန် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ယင်းသို့ ထိုးကြိတ်ခဲ့မှုအပေါ် ဗဟန်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်ဆို ထားကြောင်း သိရသည်။

ဝေယံ
The Myanma Age

အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ် ပြိုင်ပွဲ မြန်မာအသင်း ရွှေတံဆိပ် ၉ ခု ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၃ ခုဖြင့် ပထမရ


ပဉ္စမ အကြိမ်မြောက် အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ် ပြိုင်ပွဲနှင့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အကြို ဆန်းစစ် မြားပစ် ပြိုင်ပွဲ တတိယနေ့ ပွဲစဉ် များကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဝဏ္ဏသိဒ္ဓိ မြားပစ် ပြိုင်ကွင်း၌ ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းနှင့် တာဝန်ရှိ သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ပြိုင်ပွဲများ၏ အမျိုးသား Recurve အသင်းလိုက် ရှုံး/ ထွက် ပွဲစဉ်တွင် မလေးရှား နိုင်ငံက ပထမ၊ ထိုင်းနိုင်ငံက ဒုတိယ၊ မြန်မာ နိုင်ငံက တတိယ၊ အမျိုးသမီး Recurve အသင်းလိုက် ရှုံး/ ထွက် ပွဲစဉ်တွင် မြန်မာ နိုင်ငံက ပထမ၊ ဗီယက်နမ် နိုင်ငံက ဒုတိယနှင့် စင်ကာပူ နိုင်ငံက တတိယ၊ အမျိုးသား Compound အသင်းလိုက် ရှုံး/ ထွက် ပွဲစဉ်တွင် ဗီယက်နမ် နိုင်ငံက ပထမ၊ မြန်မာ နိုင်ငံက ဒုတိယ၊ အမျိုးသမီး Compound အသင်းလိုက် ရှုံး/ ထွက် ပွဲစဉ်တွင် မြန်မာ နိုင်ငံက ပထမ၊ ဗီယက်နမ် နိုင်ငံက ဒုတိယ၊ Recurve Mix Team ရှုံး/ထွက် ပွဲစဉ်တွင် မြန်မာ နိုင်ငံက ပထမ၊ မလေးရှား နိုင်ငံက ဒုတိယနှင့် ဗီယက်နမ် နိုင်ငံက တတိယ၊ Compound Mix Team ရှုံး/ထွက် ပွဲစဉ်တွင် အင်ဒိုနီးရှား နိုင်ငံက ပထမ၊ မြန်မာ နိုင်ငံက ဒုတိယနှင့် ဗီယက်နမ် နိုင်ငံက တတိယ ရရှိကြသည်။

ပဉ္စမ အကြိမ်မြောက် အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ် ပြိုင်ပွဲတွင် မြန်မာ နိုင်ငံက ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် သုံးခုဖြင့် ပထမ၊ ဗီယက်နမ် နိုင်ငံက ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံ ဆိပ် ခြောက်ခုဖြင့် ဒုတိယ၊ မလေးရှား နိုင်ငံက ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် တစ်ခုဖြင့် တတိယ ရရှိခဲ့သည်။

ပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့် ပွဲကို ကျင်းပရာ Kangwondo Archery Association ဥက္ကဋ္ဌ Proff: Park Young Il က အမျိုးသမီး Compound Team ပြိုင်ပွဲ ပထမ ဆုရ မြန်မာနိုင်ငံနှင့် ဒုတိယဆုရ ဗီယက်နမ် နိုင်ငံတို့ အား လည်းကောင်း၊ ကမ္ဘာ့ မြားပစ် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် အရှေ့တောင် အာရှ မြားပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Sanguan Kosavinta က အမျိုးသား Compound Team ပြိုင်ပွဲ ပထမ ဆုရ ဗီယက်နမ် နိုင်ငံနှင့် ဒုတိယ ဆုရ မြန်မာ နိုင်ငံတို့အား လည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေက အမျိုးသမီး Recurve Team ပြိုင်ပွဲ ပထမ ဆုရ မြန်မာနိုင်ငံ၊ ဒုတိယ ဆုရ ဗီယက်နမ် နိုင်ငံနှင့် တတိယ ဆုရ စင်ကာပူ နိုင်ငံ တို့အား လည်းကောင်း၊ အရှေ့တောင် အာရှ မြားပစ် အဖွဲ့ချုပ် အတွင်းရေးမှူး Maj Baharuddin Jamil က အမျိုးသား Recurve Team ပြိုင်ပွဲ ပထမဆုရ မလေးရှား နိုင်ငံ၊ ဒုတိယ ဆုရ ထိုင်းနိုင်ငံနှင့် တတိယ ဆုရ မြန်မာနိုင်ငံ တို့အားလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ် ချီးမြှင့် ကြသည်။

ယင်းနောက် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူက Compound Mix Team ပြိုင်ပွဲ ပထမ ဆုရ အင်ဒိုနီးရှား နိုင်ငံ၊ ဒုတိယဆုရ မြန်မာနိုင်ငံနှင့် တတိယဆုရ ဗီယက်နမ် နိုင်ငံတို့အား လည်းကောင်း၊ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက Recurve Mix Team ပြိုင်ပွဲ ပထမ ဆုရ မြန်မာ နိုင်ငံ၊ ဒုတိယ ဆုရ မလေးရှား နိုင်ငံနှင့် တတိယ ဆုရ ဗီယက်နမ် နိုင်ငံတို့အား လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ် ချီးမြှင့် ကြကြောင်း သိရသည်။

ဒီကပါ။

HTC စမတ်ဖုန်းတွေ မြန်မာပြည်မှာ ရောင်းချတော့မယ်


HTC ၏ CEO ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး (ဓာတ်ပုံ - CNET)

ထိုင်ဝမ်က ထုတ်လုပ်ဖြန့်ချီနေတဲ့ HTC စမတ်ဖုန်းတွေဟာ အာရှတိုက်အတွင်း အခု နောက်ဆုံး ရင်းနှီးမြှုပ်နှံ တဲ့ နိုင်ငံတခု မြန်မာနိုင်ငံဈေးကွက်မှာ ရောင်းချဖို့ ရှိနေပါပြီ။

HTC ဟာ တယ်လီဇုန်း ဟမ်းစက် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဆမ်ဆောင်း၊ Apple တရုတ် လုပ် ZTE နဲ့ Huawei တွေနဲ့ ဈေးကွက်သစ်မှာ ယှဉ်ပြိုင်ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

HTC ကုမ္ပဏီရဲ့ CEO ဟာ တကယ်တော့ မြန်မာနိုင်ငံသား တဦးဖြစ်ခဲ့ပြီး မကြာသေးခင်က လည်း မြန်မာပြည် ကို လာရောက်ခဲ့ပါသေးတယ်။

ထိုင်ဝမ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou)( မြန်မာ အမည် ဦးဝင်းသန်း) က မန္တလေးမြို့၌ အိုင်တီဝါသနာရှင် လူငယ်တွေနဲ့ ယမန်နှစ် မေလက တွေ့ဆုံရာမှာ မိမိသည် မန္တလေး ဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။

မြန်မာအမည် ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူးဟာ လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ထိုင်ဝမ်နိုင်ငံ ကို ပြောင်းရွေ့ အခြေချခဲ့သူဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မန္တလေးဒေသကောလိပ်၌ ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့ပါတယ်။ံHTC ကုမ္ပဏီနဲ့ စီအီးအိုဖြစ်သူ ဦးဝင်းသန်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဤနေရာမှာ တစုတစည်းတည်း ဖတ်နိုင်ပါတယ်။

မှ ဧရာဝတီ

ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ဟု ပညာရှင်တွေပြော


လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ စနစ်တကျဆောင်ရွက်ခြင်း မရှိရင် ကြေးစင်တောင်၊ စပယ်တောင် ဒေသတွေမှာလိုပဲ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ဖြစ်လာနိင် တယ်လို့ ဒေသတွင်း သီတင်း ၂ပတ်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံလေ့လာရေးအဖွဲ့က ဒုတိယခေါင်းဆောင် ဦးစိုသူရထွန်းက RFA ကို ပြောပါတယ်။

လက်ရှိ လက်ပန်းတောင်ဒေသမှာ အပေါ်ယံမြေလွှာတွေ ထုတ်ယူတဲ့လုပ်ငန်းသာ စတင်သေးတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မူ သိသိသာသာ မမြင်တွေ့ရသေးပေမဲ့ ရေရှည်ဆောင်ရွက်ရင် သိသာထင်ရှားတဲ့ ပျက်ယွင်းမှုတွေရှိနိုင်တယ်လို့ ဦးစိုးသူရထွန်း ပြောပါတယ်။

မြန်မာ့ပတ်ဝန်းကျင် သိပ္ပံလေ့လာရေးအဖွဲ့ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တာဝန်ပေးချက်အရ ပြီးခဲ့တဲ့ ဒီဇင်္ဘာလ ၂၈ရက်နေ့ကစပြီး လက်ပန်းတောင်ဒေသတွင်း ပဏာမကွင်းဆင်းလေ့လာစဉ် တွေ့ရှိချက်ကို အခြေခံပြီးပြောဆိုတာ ဖြစ်ပါတယ်။

အဖွဲ့ဝင်ပညာရှင် ၁၂ဦးက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မူ၊ လူမှုဘဝအကျိုးသက်ရောက်မူစတဲ့ ဖြစ်ပျက်မှုများ၊ အကျိုးဆက်များနဲ့ ပတ်သက်ပြီး ဘာသာရပ် ၁၁မျိုးကို ပမာဏလေ့လာခဲ့တာဖြစ်ပြီး ရယူလာတဲ့နမူနာများကို ရန်ကုန်မှာရှိတဲ့ ဓါတ်ခွဲခန်းများအပြင်၊ တချို့ကို ဘန်ကောက်မြို့ကိုပို့ဆောင်ပြီး ဓါတ်ခွဲစမ်းသပ်လျက်ရှိပါတယ်။

အဖွဲ့ကတွေ့ရှိချက်များကို လာမဲ့အပတ်အတွင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အစီရင်ခံစာတင်သွင်းမယ်လို့ သိရပါတယ်။

RFA Burmese

ရန်ကုန်မြို့ရှိ တရားရေးဆိုင်ရာ အဆောက်အအုံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးရန် စီစဉ်နေခြင်းအပေါ် လိုအပ်လျင် ထပ်မံဆန္ဒထုတ်ဖော်မည်ဟု ရှေ့နေများကွန်ရက် ပြောကြား


ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် တရားရေးဆိုင်ရာ အဆောက် အအုံ များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးရန်စီစဉ်နေခြင်း အပေါ် လိုအပ်လာလျင် ထပ်မံ၍ ဆန္ဒထုတ်ဖော်ခြင်းနှင့် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည်ဟု ရှေ့နေများ ကွန်ရက်မှ တာဝန်ရှိသူများက ဇန်န၀ါရီလ ၁၂ရက်တွင် ပြောကြားခဲ့ သည်။

နိုင်ငံတော်အစိုးရက ယခင်တရားရုံးချုပ်(ရန်ကုန်) ယခုရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အပေါ်ဆုံး ထပ်အား ပြတိုက်အဖြစ် အငှားချထားရန် စီစဉ်ဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ကမ်းနားလမ်းနှင့် ဘဏ်လမ်း ကြားရှိ ယခင်ရန်ကုန်တိုင်းတရားရုံး(သို့မဟုတ်)စုပေါင်းတရားရုံး အဆောက်အအုံကြီးအား ပုဂ္ဂလိက ဟိုတယ်လုပ်ငန်းရှင်များသို့ လွှဲပြောင်းခဲ့ပြီး ယင်းစုပေါင်းရုံးကြီးအား အပြင်မှကာရံပြီး အတွင်းပိုင်းပြင်ဆင် တည်ဆောက်မှုများ ပြုလုပ်နေသည်ဟု ရှေ့နေများကွန်ရက်မှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ရှေ့နေများကွန်ရက်မှ တရားလွတ်တော်ရှေ့နေ ဦးကြီးမြင့်က'' ကျွန် တော်တို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ တရားရုံး ကြီးတွေကို ဟိုတယ်တွေလုပ်မဲ့ကိစ္စဟာ အတော်ကိုလက်မခံနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ကျွန်တော် တို့ ရှေ့နေတွေရဲ့စွမ်းအားနဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့တာ တစ်ရုံးပဲအောင်မြင်ပါသေးတယ်။တစ်ရုံးတော့ ကျန် ပါသေးတယ်။ကမ်းနားလမ်းမှာရှိတဲ့ ရုံးကိုတော့အတွင်းပိုင်းပြင်နေတာ တွေ့ရတယ်။ ဒီကိစ္စက ကျွန်တော် တို့ ရှေ့နေတွေရဲ့အားနဲ့တော့မရတော့ဘူး။ လူကြီးမင်းတွေရဲ့ အားနဲ့လုပ်ဆောင်မှ ဖြစ်ပါတယ်။ ဒီကိစ္စတွေ ဟာ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ရှေ့နေများကွန်ရက်မှ စုပေါင်းရုံကြီးနှင့် စပ်လျဉ်း၍ ယင်းရုံးကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်ကျက်သရေကို ပြညွှန်သည့် ထည်ဝါခန့်ညားသော အဆောက်အအုံတစ်ခုဖြစ်ခြင်း၊ ရန်ကုန်မြို့တော် အတွင်းရှိ အချုပ်သားတရားခံများ ရုံးထုတ်မှုကိစ္စအဆင်ပြေခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းပေး လိုက်ခြင်းဖြင့် မူလတရားရေးဆိုင်ရာ အဆောက်အအုံ ပုံသဏ္ဌာန်နှင့် အတွင်းသရုပ်တို့ အားလုံး ပြောင်းလဲ သွားမည်ဖြစ်ရာ သမိုင်းအမွေအနှစ်ကို ပျက်စီးစေခြင်းစသည့် အကြောင်းအရာများကြောင့် အဆောက် အအုံကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပေးရန်မသင့်ဟု ရှေ့နေများကွန်ရက် မှ ပြောကြားခဲ့သည်။

''တရားရုံကြီး နှစ်ရုံးကိစ္စကို လိုအပ်လျင်ဆန္ဒပြမယ်။လိုအပ်လျင် ဥပဒေအရ အရေးယူဆောင်ရွက် မယ်။ နောက် ရုံးခွန်၊တံဆိပ်ခေါင်းခွန် တိုးမြင့်မှုဟာ ကျွန်တော်တို့ ပြည်သူတွေအတွက်အများကြီးနစ်နာ မှုတွေရှိပါတယ်။လိုအပ်လာလျင် ဆန္ဒထုတ်ဖော်ပြဖို့ အစီအစဉ်ရှိပါတယ်'' ဟု ရှေ့နေများ ကွန်ရက်မှတရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောကြားခဲ့သည်။

ရှေ့နေများကွန်ရက်မှ နည်းလမ်းမျိုးစုံဖြင့် တရားရုံးအဆောက်အအုံများကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေသော်လည်း နိုင်ငံတော်အစိုးရဘက်မှ ထူးခြားသည့် တုန့်ပြန်ချက် တစ်စုံတစ်ရာမျှ မရရှိကြောင်းသိရပြီး ယင်းကွန်ရက်အနေဖြင့် တရားရေးဆိုင်ရာ အဆောက်အအုံများကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအား လွှဲပြောင်းပေးခြင်းမပြုနိုင်ရန် ဥပဒေဘောင်အတွင်းမှ တတ်စွမ်းသမျှဆောင် ရွက်သွားကြရန် ရည်ရွယ်ထားသည်ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြော ကြားခဲ့သည်။

တရားရေးဆိုင်ရာ အဆောက်အအုံများနှင့် ပတ်သတ်၍ ရှေ့နေများ ကွန်ရက်မှ ၂၀၁၂ ခုနှစ် အောက်တို ဘာလ ၁၇ ရက်နေ့တွင် ဆန္ဒထုတ် ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Eleven group

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ပြည်နယ် များအား စတင် စစ်ဆေးတော့မည်


ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ သည် ပြည်နယ်စစ်ဆေးမှုများ မရှိသေးသဖြင့် ယခုလအတွင်း ပြည်နယ်များအား စတင်စစ်ဆေး မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြောကြား သည်။

အဆိုပါ ကော်မတီသည် နေပြည်တော်အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီ တိုင်းတို့အား စစ်ဆေးခဲ့ပြီးပြီဖြစ်ကြောင်းသိရပြီး ယခုလအတွင်း လွှတ်တော်အခြေအနေ အပေါ်မူတည် ၍ ပြည်နယ်များသို့ စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဘယ်ပြည်နယ် စစစ်မလဲဆိုတာတော့ ကြိုတော့မပြောဘူး။ ရှောင်တခင်ဆာဗေးဝင်မှ အဖြစ်မှန်တွေ သိရ မှာလေ။ ပြည်နယ်တွေ စစ်မယ်ဆိုတာကတော့ တိုင်း ၅ တိုင်းစစ်ဆေးခဲ့ပြီးပြီ ပြည်နယ်တစ်ခုမှမပါတဲ့ အတွက်ပါ။ လွှတ်တော်မှာ သွားမယ့်အဖွဲ့ဝင်တွေရဲ့ မေးခွန်းတွေ အဆိုတွေအပေါ်မူတည်ပြီး အားတာနဲ့ စိစစ်သွားပါမယ်။ ဒီလထဲကို မှန်းထားတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ဆက်လက်ပြီး စစ်ဆေးခဲ့သော တိုင်း ၅ တိုင်း၏ အခြေအနေများနှင့် ဆက်လျဉ်း၍ “ကျွန်တော်တို့ စစ်ဆေး ခဲ့တာတွေကြောင့် အာဏာပိုင်တွေက တရားစီရင်ရေးမှာ ဝင်ရောက်စွတ်ဖက်တာတွေ လျော့နည်း သွား တယ်။ နောက်ပြီး တရားခံ၊ တရားလို၊ ပြည်သူ၊ ဝန်ထမ်းတွေ အားလုံးနဲ့ ထိတွေ့ရတဲ့အတွက် ခုနပြောသလို အုပ်ချုပ်ရေးအာဏာရဲ့ ဝင်ရောက်စွတ်ဖက်မှု လျော့နည်းသွားတာတွေကို တွေ့ရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ယခုလက်ရှိတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် တိုင်းအတွင်း စစ်ဆေးမှု များအား ရပ်နားထားကြောင်း သိရသည်။

အဆိုပါ ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဌ အဖြစ်ပါဝင်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၂၄၊ ပုဒ်မ ၂၇ နှင့် ပြည်သူ့ လွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စူးရှ
The Myanma Age

တရုတ်နှင့်အိန္ဒိယ အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံတွင်း အအေးပို


တရုတ်ပြည်နှင့်အိန္ဒိယနိုင်ငံတွင် အအေးလိုင်းဖြတ် သန်း မူကြောင့် မြန် မာနိုင်ငံတွင်း အအေးပိုနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က Venus News Weeklyသို. ပြောကြားသည်။ “အဲဒီဘက်ကအအေးလိုင်းတွေ ပြည်တွင်းဝင်လာတာကြောင့်အေး တာပါ၊ အလွန်ဆုံးတစ်ပတ်လောက်တော့အေးမယ်”ဟု၎င်းကဆိုသည်။

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမူဦးစီး ဌာန၏ဇန်န၀ါရီလအတွက် မိုးလေ၀သခန်းမှန်းချက်တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန် အောက် အနည်းငယ်လျော့ကြကာ၊ ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိမည်ဖြစ်ကြောင်း ၊စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၆)ရက်မှ(၁၈)ရက်ခန့်နှင့် ကျန် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် (၁၃)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

“ဒီရက်ပိုင်းမှာအအေးဓါတ်ကသိသိသာသာပိုလာတယ်၊မနက်မိုင်းမှာမြူတွေလည်းပိုကျလာတယ်၊ညဘက်တွေ မှပိုသိသာပါတယ်” ဟု လှော်ကားမြို.နယ်၊တာဆုံအနီးတွင် နေထိုင်သူတစ်ဦးကဆိုသည်။

သြစတြေးလျမိုးလေ၀သဌာနက ၂၀၁၂နိုဝင်ဘာလအတွင်း ထုတ်ပြန်မူတွင် အပူပိုင်းပစိဖိတ်သမုဒ္ဒရာတွင် ပုံမှန်ထက်ပိုမိုပူပြင်းနေပြီး ယခုနှစ်ဆန်းတွင် အရှေ.တောင်အာရှ၌ အယ်လ်နီညို (ပူပြင်းခြောက်သွေ.သော ရာသီဥတု)ဖြစ်နိုင်ကြောင်း ကြေငြာခဲ့သော်လည်းယခုဆောင်းဝင်ရောက်မူမှာလ၀က်ကျော်လာသည့်အတွက်သေ ချာခြင်းမရှိကြောင်းဦးထွန်းလွင်ကပြောကြားသည်။

AFP သတင်းတွင်ဖော်ပြချက်အရ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အပူချိန် ၃ ဒီဂရီ စဲစီးယပ်အောက်သို. ကျဆင်း ခဲ့ပြီး အဆိုးရွားဆုံး အအေးလှိုင်းဖြတ်မှုကြောင့် ဇန်န၀ါရီ၁၀ရက်နေ.့တွင် လူပေါင်း ၈၀ နီးပါးခန့် သေဆုံး ခဲ့ကြောင်း တာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့သည်။

MNH
Venus News Weekly

မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ မကြာမီ ကျင်းပမည်


အားကစား ဝန်ကြီး ဌာန မြန်မာ နိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှ ကြီးမှူးပြီး H & S Group မှ စီစဉ် ကျင်းပသည့် မြန်မာ နှင့်ထိုင်းရိုးရာ လက်ဝှေ့ (Imperial the Spirit of Myanmar) MYANMAR Vs THAILAND LETWHAY COMPETITION FIGHTS ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂ဝ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာ တောင်ညွန့် မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ စိန်ခေါ်ပွဲတွင် မြန်မာ့လက်ဝှေ့ အကျော်အမော် နှင့်ထိုင်း လက်ဝှေ့အကျော်အမော်သုံးတွဲတို့ ယှဉ်ပြိုင် ထိုးသတ်ကြမည့်အပြင် ပြည်တွင်းစိန်ခေါ်ပွဲ ငါးပွဲပါပါဝင်ထိုးသတ်ကြမည် ဖြစ်သည်။ မြန်မာ-ထိုင်း ပွဲစဉ်များတွင် တွေ့မရှောင် (မြန်မာ)နှင့် ဂျိုဝီဟ (ထိုင်း)၊ တူးတူး (မြန်မာ)နှင့် ပက်ပကိုင် (ထိုင်း)၊ ထွန်းထွန်းမင်း (မြန်မာ)နှင့် ပွန်ပက် (ထိုင်း) တို့ အတွဲများက လက်ဝှေ့ပညာစွမ်းများ ဖြင့် အနိုင်မခံအရှုံး မပေးဘဲ ရေကုန် ရေခန်းထိုးသတ်ကြမည် ဖြစ်ပြီး ပြည်တွင်း ပွဲစဉ်ငါးချီပြိုင်ပွဲတွင် မိုက်တိုင်စန် (အလင်းရောင်) နှင့်ရဲရင့် (နဂါးမာန်)၊ လေးချီပွဲစဉ်များတွင် မင်းမဟာ(ဘိလပ်မြေစက်ရုံ) နှင့် ထက်အောင်ရဲ (ဝါဆို)၊ ခွန်ရှိုင်းထက် (ဝါဆို) နှင့် ထွန်းလုံရှိန် (ငြိမ်းချမ်းရေး)၊ ဖျံသွေး (ငြိမ်းချမ်းရေး) နှင့် ရဲရင့်ထွန်း (မုဒုံသား)၊ ဝမ်းဝမ်း (နဂါးမာန်) နှင့် တာဝိတ် (တော့ဝမ်း)တို့ကလည်း ကြိုးဝိုင်းအလယ်တွင် ထိုးကွက် သတ်ကွက်လက်ဝှေ့ ပညာရပ် ကိုပြကာ ပရိသတ်အကြိုက် ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။

ယခု ကျင်းပမည့် မြန်မာ- ထိုင်းရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲသည် အကျော်အမော် ချင်းတွေ့ ကြသည့် ပွဲတစ်ပွဲ ဟုဆိုနိုင် သလို ပဝါမကူ ရေမရှူဘဲ ရေကုန် ရေခန်း ထိုးသတ်မည့် ပွဲများလည်း ဖြစ်ပေ လိမ့်မည်။

အသက်အပိုင်း အခြား၊ ဝိတ်တန်း၊ အရပ်အမောင်း နှင့်ပြိုင်ပွဲ အတွေ့အကြုံ များမှာ သိသိသာသာ ကွာခြားမှုမရှိဘဲ မတိမ်းမယိမ်းသာဖြစ်သည်။ သို့အတွက် ဝမ်းစုံချိုင်းကလပ်မှ လက်ဝှေ့ကျော်တို့က ကစားဖော်များရှုံးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်က ရှုံးကြွေးကို ပြန်ဆပ်သွား လေမလာသို့တည်းမဟုတ် ပူပူ နွေးနွေးဒဂုံ ရွှေအောင်လံဆုရှင်များက အောင်မြင်မှုအရှိန်ဖြင့် ရှေ့ကိုဆက်လက်မောင်းနှင်လေဦး မလား ဆိုသည်ကို ဟာကနဲဟင်ကနဲဖြင့် မြန်မာလက် ဝှေ့ပရိသတ်တို့ မကြာမီအားမလိုအားမရ ရင်ခုန်စွာ မြင်တွေ့ ကြရမည် ဖြစ်သည်။

အလားတူ ပြည်တွင်း ပွဲများသည်လည်း ဇိုးကနဲ ဇက်ကနဲ ဘိုးကနဲ ဘက်ကနဲနဲ့ လက်ဝှေ့ ပညာရပ် များကို အံ့မခန်း စွာဖြင့် ပရိသတ်အကြိုက် ယှဉ်ပြိုင်ထိုးသတ်ကြမည့် ပွဲကောင်းများ ဖြစ်မည်ဟုလည်း ထင်မြင် ယုံကြည်ပါသည်။

အဆိုပါ မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို မည်သည့်ရုပ်သံလွှင့်ဌာနကမှ Live/Delay ထုတ်လွှင့် ပြသမည်မဟုတ်ကြောင်းသိရသည်။ ရုံဝင်လက်မှတ်ခများကို ငွေကျပ် တစ်သောင်း ငါးထောင် ၊ ငွေကျပ်တစ်သောင်း နှစ်ထောင် နှင့် ငွေကျပ်ရှစ်ထောင်ဟူ၍ သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်ဝယ်ယူ လိုသူ များအနေဖြင့် 'ဇော်' ပစ်တိုင်းထောင် (ဗီဒီယို) အမှတ် (၁၈ဝ) မြေညီထပ် ၃၅ လမ်း (အလယ်) ကျောက်တံတားမြို့နယ်သို့လည်းကောင်း၊ ဖုန်း ဝ၁-၂၄၉၁၁၇၊ ဝ၉-၄၉၂၄၅၅ဝ၅ နှင့် ဝ၉-၄၂၅ဝ၂၃၇၉၉ တို့သို့ လည်းကောင်း ဆက်သွယ်စုံစမ်းဝယ်ယူကာ ကြည့်ရှု နိုင်ပါကြောင်း မြန်မာ့ လက်ဝှေ့ ပရိသတ် များအား သတင်း ကောင်းပါး အပ်ပါသည်။

မြ၀တီ

လက်ပံတောင်းတောင် ကြားဖြတ်အစီရင်ခံများအပေါ် ပြည်သူများ လက်ခံနိုင်မှသာလျှင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်


လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံများအပေါ် ပြည်သူလူထု လက်ခံနိုင်သည့် အခြေအနေပေါ်မူ တည်၍ အပြီးသတ်အစီအရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်း ပုလဲမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က မြန် မာ့ခေတ် သို့ပြောကြားသည်။

နိုဝင်ဘာလအတွင်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြ မှုများအား အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံတော်သမ္မတမှ ဖွဲ့ စည်းပေးသော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးသည်ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ကြားဖြတ်အစီ အရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေအပေါ်မှာ ပြည်သူလူထု လက်ခံနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး အပြီးအစီရင်ခံစာ တင်ပါမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထုတ်ပြန်ကြေညာခဲ့သော ကြေညာချက်များနှင့် ယခုလကုန်တွင် တင်သွင်းမည်ဖြစ်သော ကြားဖြတ်အစီ အရင်ခံစာနှင့် ပတ်သက်ပြီး “နိုင်ငံတော်နဲ့ ပြည်သူ့ အကျိုးအတွက် ရေတိုကို ကြည့်လို့ မရပါဘူး။ ရေရှည်မှာ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် တင်ပြပြီးပြည်သူတွေကိုလည်ူ ကျွန်မ တို့ ကော်မရှင်က နားလည်အောင်ရှင်းပြရပါမယ်။ အစီရင်ခံစာမှာ ဒီစီမံကိန်းတွေရဲ့ ဘယ်အချက်တွေ က ပြည်သူကို အကျိုးမရှိဘူးဆိုရင်လည်း ကျွန်မတို့က အကျိုးမရှိဘူးလို့တင်ပြ ရှင်းပြမှာပါ။” ဟု ဆက် လက် ပြောကြားသည်။

ယခုလက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခင်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သော စာချုပ်များအား ပြန်လည် စီစစ်မည်ဖြစ်ကြောင်း သိရပြီး သမ္မတရုံးမှ အကူအညီပေးသော ဥပဒေ ပညာရှင်များနှင့် အဆိုပါ စာချုပ်အား စုံစမ်းစီစစ်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မုံရွာမြို့၌ ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံတို့ တွေ့ဆုံ ပွဲတွင် ဒေါ်စုက “အရင်အစိုးရတုန်းက ချုပ်ဆိုခဲ့တဲ့စာချုပ်တွေကို ကျွန်မတို့ ပြည်သူတွေကလည်းသိဖို့ လိုတယ်။ ပြည်သူတစ်ယောက် အနေနဲ့လည်း သိခွင့်ရှိတယ်”ဟုပြောကြားခဲ့ကြောင်း သိရသည်။

“ဒီစာချုပ်ထဲမှာ ဘယ်လိုအချက်တွေဟာ ပြည်သူအတွက် အကျိုးမရှိဘူး။ စတာတွေစစ်ဆေးရမယ်။ ပြီးတော့ ကျွန်မတို့က ပညာရှင်တွေ မဟုတ်ဘူးလေ။ ဒါ့ကြောင့် ပညာရှင်တွေရဲ့စီစစ်မှုတွေကို စောင့် ကြည့်ရမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင်သက်ဆိုင်ရာမှ သုံးစွဲခဲ့သောမီးလောင်ဗုံးဟု ယူဆရသည့် လက်နက်များနှင့် ဆက်လျဉ်းပြီး အဆိုပါ ကိစ္စများအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်တွယ် ထားသော ကိစ္စဖြစ်ကြောင်းနှင့် အဆိုပါကိစ္စများအားသိကျွမ်းနားလည်သည့် ပညာရှင်အကူအညီများလည်း ရယူထားကြောင်း သိရသည်။

စူးရှ
The Myanma Age

နိုင် ငံတော် သမ္မ တရုံး ဝန်ကြီး ဦးအောင် မင်း ဆေး ကုသမှု ခံယူ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်ခတ် ရပ်စဲရေး လုပ်ဆောင် နိုင်ခဲ့သည့် အပြင် ပြည်ပရောက် နိုင်ငံရေး သမား များ မြန်မာနိုင်ငံသို့ ဝင်ရောက် နိုင်အောင် ညှိနှိုင်း ပေးနိုင် ခဲ့သူ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဦးအောင်မင်းသည် နှလုံးသွေးကြော ကျဉ်းရောဂါကြောင့် ယနေ့(ဇန်နဝါရီ ၁၃) နံနက်ပိုင်းတွင် ဝိတိုရိယ ဆေး ရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ၄င်းနှင့်နီးစပ်သူအသိုင်းအဝိုင်းမှ သိရသည်။ “ ဝန်ကြီး ဆေးကုသမှုခံယူထားရတဲ့ အတွက် ခရီးဝေးသွားတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို တစ်လလောက် ရပ်နား ထားမယ်” ဝန်ကြီး ဦးအောင်မင်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို ရပ်နား ထားသော်လည်း ရှေ့ဆက် လုပ်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကိုမူ ရပ်နားမည် မဟုတ်ဘဲ ဆက်လက် လုပ်ဆောင် နေမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ဝန်ကြီး ဦးအောင်မင်း သည် နှလုံး သွေးကြောကျဉ်း ရောဂါ ဖြစ်နေ သည်ကို သိရှိ သည်မှာ ကြာပြီ ဖြစ်သော်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များကြောင့် ထိရောက်စွာ ကုသမှု မပြုလုပ် နိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ် ခန့်မှ ဆေး စစ်ဆေးမှု အချို့ကို ပြုလုပ် ခဲ့ကြောင်း ၄င်းနှင့် နီးစပ်တို့၏ အဆို အရ သိရ သည်။

လက်ရှိတွင် ဝန်ကြီး ဦးအောင်မင်းသည် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး(၄)၊ ပြည်တော်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ ဥက္ကဌ၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ အဖွဲ့ဝင် စသဖြင့် တာဝန်ယူ လုပ်ဆောင် နေသူ ဖြစ်သည်။

From : The Voice

မတော်တဆဖြစ်မှုကြောင့် ပျက်ကျသွာသော၇ဟတ်ယာဉ်နှင့်ပတ်သက်ပြီးဝေဟင်ချစ်သူ၏ခံစားချက်


ပစ်ချခံရခြင်းမဟုတ်ပါ single engine failure ဖြစ်သွားခဲ့ တာပဲ ဖြစ် ပါတယ်။ ရန်သူမှာ Mi 35 ကို ပစ်ချနိုင်လောက်တဲ့ heat seeker missile လည်း မရှိပါ လက်နက်ငယ်များသည်လည် Mi 35 ကို ပစ် ချနိုင်လောက်အောင် မလွယ်ကူပါ။ စာဖတ်သူများ သုံးသပ်နိုင်ရန်နှင့် တချိန်တွင် ရန်သူမှ ကောလဟာလ ဖြန့်ဝေလာနိုင်ပါသဖြင့် ကြိုတင် သုံးသပ်သိရှိနိုင်ရန် ပဲဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ လေသူရဲများအား လုံးကို လေးစားဂုဏ်ယူလျက် ကောင်းရာသုဂတိသို့ လားပါစေဟု ဆုတောင်းမေတ္တာပို့အပ်ပါသည်။ နောက်ဆုံးခရီးမှာ နိုင်ငံတော်အတွက် တာဝန်ကျေပွန်ခဲ့ပါတယ်။ တပ်မတော် သားတွေအားလုံး ယခုကျဆုံးသွားသော လေသူရဲများအား ၀မ်းနည်းခြင်း များစွာ နဲ့ လေးစား ဂုဏ်ယူနေကြမှာပါ။

ဒီနေ့ ကျဆုံးသွားခဲ့ရတဲ့သတင်းနဲ့ ရဟတ်ယာဉ် Failure ဖြစ်တဲ့သတင်းကို ကျွန်တော် ဝေဟင်ချစ်သူမှာ အသိမပေးလို့ရပါတယ်။ ဒါပေမယ့် အသိပေးခဲ့ပါတယ်။ ပေးခဲ့တဲ့အတွက်လည်း ဝေဖန်မှုပေါင်းများစွာကို ရင်ဆိုင်ရပါတယ်။ ကျွန်တော်ဘာကြောင့် ဒီလိုထိခိုက်ဖွယ်ရာပိုစ့်ကို တင်ခဲ့သလဲလို့ မေးချင်တဲ့သူတွေ များလိမ့်မယ်ဆိုတာလည်း ကျွန်တော်သိပြီးသားပါ။

နောက် ဒီသီတင်းဟာလျှို့ဝှက်မဟုတ်ပါ။ ကျွန်တော် တင်ခွင့်ရှိမလားဆိုတာကိုလည်း အကြိမ်ကြိမ် confirm ပြုလုပ်ပြီးမှ တင်ပေးခဲ့တာပါ။ ကျွန်တော်တို့ဟာ ဒီသီတင်းကို ကြားရပြီးကတည်းက ရန်သူ့လက်ချက်မဟုတ်နိုင် single engine failure ဖြစ် လေသူရဲတွေ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ်ဆိုတာကိုလည်း ကြိုတင်သိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့် မသေချာသေးတဲ့အတွက် သတင်းဖြန့်ချီခြင်းမပြုသေးပါ။

နောက်များမကြာမီမှာ KIA မှ အဆိုပါ သတင်း ကို ခေါင်းကြီးထား ၀ါဒဖြန့်ပါတော့မယ် သူတို့က လုပ်ကြံသတင်းနဲ့ မမှန်သတင်းတွေကို ပိုပြီး ချဲ့ကားလေ့ ရှိတယ်ဆိုတာ အသိဥာဏ်ရှိတဲ့ စာဖတ်ပရိတ်သတ်တိုင်း သိပြီးဖြစ်မှာပါ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ သတင်းကို ဦးအောင်ထုတ်ပြန်ပေးပြီး ဘာကြောင့်ဖြစ်တယ် ဘယ်လိုဖြစ်တယ်ဆိုတာကို ကြေငြာပေး လိုက်တော့ ဖြစ်စဉ်အမှန်ကို KIA ၀ါဒမဖြန့်ခင်သိလိုက်ရတဲ့ သူပိုများသွားပါလိမ့်မယ်။ ဝေဟင် ချစ်သူ ဟာ နိုင်ငံတော်အတွက် တပ်မတော်အတွက် နိုင်ငံရေးစစ်ရေးနဲ့ အခြားအထွေထွေဗဟု သုတ လေကြောင်းဆိုင်ရာ ဆောင်းပါးတွေ တင်ဆက်ပေးနေပေမယ့်လည်း တပ်မတော်ရဲ့ တပ်မတော်လေ ရဲ့ official site မဟုတ်ပါ။

သာမန်online သတင်းဌာနပုံစံလေးတစ်ခုဖြစ် တာကြောင့် ဝေ ဟင်ချစ်သူ၏ အာဘော်သည်လည်း အစိုးရတပ်မတော်နှင့် သက်ဆိုင်ခြင်းမရှိပါ။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ဖြစ်စဉ်ကို တတ်နိုင်သလောက် တိကျအောင်စုံစမ်းပါတယ်။ တကယ်တော့ကျွန်တော်က DSA အပတ်စဉ်ကို ကျွန်တော့် အစ်ကိုတစ်ဦး အပတ်စဉ်နဲ့ရောပြီး ၃၈ လို့ရေးမိလိုက်တာပါ။ ဒါကြောင့်လည်း ချက်ချင်းပြန်ဖြေရှင်ပေးပါတယ်။ မှားယွင်းမိကြောင်းလည်း ၀န်ခံပါတယ်။ ကျွန်တော် ဒီနေ့ သတင်း တင် တယ်။ တင်ပေးသလောက်ဝိုင်း share ပေးကြတာ စာနာတဲ့ ထောက်ခံကူညီတဲ့ comment တွေ ပိုမို များပြားတာ တွေ့ရတဲ့အတွက်အကယ်၍ KIA ကသာ မနက်ဖြန်မှာ ၀ါဒဖြန့်ခဲ့ရင် စာဖတ်ပရိတ်သတ်တွေ အနေနဲ့ ဘာကြောင့်ဆိုတာကို သိပြီး နားလည်ပြီးဖြစ်ပါလိမ့်မယ်။

သတင်းကိုလည်း ကြိုတင်သိ ထားတဲ့ အတွက် ၀ါဒဖြန့်တဲ့အခါမှာ ယခင်ကလို ကောလဟာလကို အလွယ်တကူ မယုံစေဖို့ ကျွန်တော် ရည်ရွယ် ပါတယ်။ နောက်တစ်ခုက KIA ရဲ့ အဖျက်လုပ်ရပ်တွေသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွား လာတယ်ဆိုတာကိုလည်း သိမြင်စေချင်ပါတယ်။

၁ ပါတ်အတွင်း ရထားနဲ့ တံတားဗုံးခွဲတာ ၂ ခါ။ အရပ် ဖက်ထဲဝင်ပစ်တာ ပြည်သူ့စစ်စခန်းငယ်တွေကိုအင်အား ၄ ဆလောက်သုံးပြီး ၀င်စီးတာတွေလုပ်နေတဲ့ KIA အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ရပ်တံ့အောင် ပြုလုပ်သင့်နေပါပြီ။ အနည်းဆုံးတော့ ကိုယ့်ဖက်က ဆုံးရှုံးပေမယ့် ကျဆုံးခဲ့ရပေမယ့် မိမိပြည်သူတွေဟာ KIA ရဲ့ လောက်ကောင်အချို့မှလွဲပြီး နိုင်ငံတော်နဲ့ တပ်မတော် အပေါ်ကို ထားရှိတဲ့စေတနာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ခုလိုအားပေးကူညီတဲ့ စာဖတ် ပရိတ်သတ်တွေနဲ့ ညီနောင်များကိုလည်း ကျေးဇူးတင်ပါတယ်။ ဝေဟင်ချစ်သူမှာ နိုင်ငံတော်နဲ့ တပ်မတော် အပေါ် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးမရှိသော ယုတ်ရင်းကျမ်းတမ်းသော အချက် အလက် ကျကျဝေဖန် မှုမရှိပဲ ၀ါးလုံးမစင်သုပ်ရမ်းသော comment များကိုတော့ ပါယ်ဖျက်သွားမှာပဲဖြစ်ပါတယ်။

ဝေဟင်ချစ်သူ

ဒီကပါ။

KIAတပ်ဖွဲ့ကရှေ့တန်းစစ်သားများနေရာတွင် လီဆူးလူမျိုးများဖြင့် အစားထိုး


KIAလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံတော်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ(၁၁)ကြိမ် ပြုလုပ်ပြီး သည့်တိုင် ထူးခြား ထင်ရှားတဲ့ အဖြေရလာဒ် တစ်ခု ပေါ်ထွက်မလာခဲ့ပါဘူး။ ၂၀၁၂ခုနှစ် ၊ နှစ်ကုန်ပိုင်းမှာ နှစ်ဦးနှစ် ဖက်အဆင့်မြင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေပါဝင်ပြီး တွေ့ဆုံဆွေးနွေး ဖို့ ပြင်ဆင်ထားပေမယ့် KIA ဘက်ကစစ်ဘက် ခေါင်းဆောင်ပိုင်းက တက်ရောက်မှုမရှိတာကြောင့် ဆွေးနွေးပွဲပျက်ပြားသွားခဲ့ရပါတယ်။

အဲဒီ နောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲ တွေ ပြင်းထန်လာခဲ့ပြီး နှစ်ဖက် စလုံးမှာ ကျဆုံးမှုတွေရှိ နေခဲ့ပါတယ်။

စစ်တပ်ကပစ်ခတ်တိုက်ခိုက်မှုတွေပြင်းထန်လာတာမို့ KIA ခေါင်းဆောင်ပိုင်းအနေနဲ့တရုတ် ပြည်ဘက်ကိုတိမ်းရှောင် နေကြပါတယ်။

KIA တပ်ဖွဲ့တွေမှာ ကျဆုံးမှုတွေပိုမိုများပြားလာပြီးထွက်ပြေးတာတွေ၊ အစိုးရထံမှာ လက်နက်ချတာတွေ ရှိနေတာ ကြောင့် KIA စစ်ဦးစီးချုပ်က တရုတ်ပြည်ထဲမှာအရင်ကတည်းက ရောက်နေတဲ့လီဆူး လူမျိုးတွေ ကို KIA တပ်မှာ အမှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်နေပါတယ်။

လီဆူးလူမျိုးတွေကို KIA အဖွဲ့ရဲ့ ရှေ့ တန်းတိုက်ပွဲတွေအတွက် အသေခံတပ်ဖွဲ့အဖြစ်ဖွဲ့စည်းပေးပြီး တိုက်ခိုင်းနေပါတယ်။ ရှေ့တန်းစခန်း တွေ မှာရှိနေတဲ့ ဂျိမ်းဖောလူမျိုးတွေရဲ့ နေရာမှာလီဆူးလူမျိုးတွေနဲ့အစားထိုးခြင်း ဖြစ်ပါတယ်။

``ခိုင်းတဲ့အတိုင်း လုပ်တတ်တဲ့ လီဆူးလူမျိုးတွေကို အစားထိုးခြင်း ဖြစ်တယ်``လို့ KIA တပ်ရင်းမှူး တစ်ဦးဖြစ်တဲ့ ဗိုလ်မှူး မဒွမ်နော်ကပြောပါတယ်။

From:[_Kacin Daily News _]

CCTV ကင်မရာ များကို ဖုန်းလိုင်းကြိုး၊ တီဗီကြိုးနှင့် နက်ဝက်ခ် ကြိုးများဖြင့် အသုံးပြုလာနိုင်

ပြည်တွင်းသို့ နောက်ပိုင်းဝင်ရောက်လာသည့် CCTV ကင်မရာများကို ဖုန်းကြိုး၊ တီဗီကြိုးနှင့် နက်ဝက်ခ် ကြိုး များဖြင့် အသုံးပြု နိုင်လာကြောင်း ဈေးကွက်မှ စုံစမ်း သိရှိသည်။

ယခင်က Coaxial ကြိုးများတွင် BNC ခေါင်းများကို ခဲဆော်၍ အသုံးပြုရပြီး ယခုအခါတွင် Bland ကိုကြားခံ၍ ကင်မရာများကို ဖုန်းကြိုး၊ နက်ဝက်ခ်ကြိုးနှင့် တီဗီကြိုး များဖြင့် အသုံးပြုလာနိုင်ကြောင်းကို နက်ဝက်ခ်ဆားဗစ် ပညာရှင်တစ်ဦးဖြစ်သော ကိုသန်းအောင်က “အရင် ကဆို ကင်မရာကို coaxial cable တွေမှာ BNC ခေါင်းတွေ တပ်သုံးရတာ။ အခုနောက်ပိုင်း ဘလန်းတွေ ပေါ်လာတယ်။ ဘလန်းဆိုတာ ကြိုးကို ဈေးသက်သာအောင် coaxial cable ကို မသုံးဘဲနဲ့ ဖုန်းကြိုး၊ နက်ဝက်ခ်ကြိုးနဲ့ သုံးဖို့အတွက် ကြားခံသုံးတဲ့ပစ္စည်းလို့ ပြောရမှာပါ။ အဲဒီဟာက တစ်ဖက်က ဖုန်းကြိုးဝင်တယ် ဒါမှမဟုတ် နက်ဝက်ခ်ကြိုးအ၀င်နဲ့ တစ်ဖက်က BNC ခေါင်း ပြန်ထုတ်ပေးတာမျိုး။ သူက ဖုန်းကြိုး၊ နက်ဝက်ခ်ကြိုးနဲ့ သုံးလို့ရသလို တီဗီကြိုးတွေနဲ့လည်း သုံးလို့ရတယ်” ဟုရှင်းပြသည်။

“အခုနောက်ပိုင်း ၀င်လာတဲ့ လုံခြုံရေးကင်မရာတွေကို အရင်ကလို ကွန်ပျူတာနဲ့ တွဲသုံးစရာမလိုပါဘူး။ တီဗီနဲ့ချိတ်ပြီး သုံးလို့ရပါတယ်။ ကာလာနဲ့ကို နေ့ရောညပါ သုံးနိုင်ပါတယ်။ အလွယ်တကူ တပ်ပြီးလည်း သုံးနိုင်ပါတယ်။ သုံးရတာလည်း မခက်ခဲပါဘူး” ဟု Every Time အမှတ်တံဆိပ် CCTV များ ပြည်တွင်းသို့ တစ်ဦးတည်းကိုယ်စားလှယ်အနေဖြင့် တင်သွင်းရောင်းချသော AGK ဆိုင်မှ Office Manager ကပြောသည်။

သုံးစွဲသူများအနေဖြင့် တန်ဖိုးတစ်သိန်း (သို့မဟုတ်) ရှစ်သောင်းဝန်းကျင်လောက်ရှိသော ကင်မရာများကို ၀ယ်ယူအသုံးပြုသင့်ပြီး တန်ဖိုးသက်သာသော ကင်မရာများ အသုံးပြုပါက ပြဿနာ တစ်စုံ တစ်ရာ ပေါ်ပေါက်ပါက ဖြေရှင်းရန် ခက်ခဲကြောင်းကို “နောက်ပိုင်း DVR Server တွေဝင်လာတယ်။ အဲဒီအမျိုးအစားက user သိပ်ကလိလို့မရဘူး။ ဒါပေမဲ့ သူက ဈေးသက်သာတယ်။ တစ်လုံး ကို နှစ်သောင်း ၀န်းကျင်လောက်ပဲရှိတယ်။ သူက တီဗီနဲ့လည်းတပ်ပြီးသုံးလို့ရတယ်။ အဲဒီတော့ user က လတ် တလော ဈေးသက်သက်သာသာနဲ့ ရုပ်ပေါ်ရင်ပြီးရောပဲဆိုပြီး တပ်တာပဲ။ အဲဒီထဲမှာတချို့ ဈေးသက်သာ တဲ့ အမျိုးအစားက ပြန်ကြည့်တဲ့အခါမှာ ရုပ်ထွက်မမှန်တာမျိုးတွေ ရှိတယ်။ စလိုးမိုးရှင်းဖြစ်တာနဲ့ ၀ါးတာနဲ့။ အဲဒီကင်မရာတွေက live ကြည့်ရင်သာ မသိသာတာ play back ကြည့်ရင် သိသာတယ်။ အဲဒါမျိုးတွေ user က မသိကြတော့ တချို့က ဈေးကြီးတယ်၊ တချို့က ဈေးသက်သက်သာသာနဲ့ ရတယ် ဆိုပြီး တပ်နေ ကြတာများတယ်။

အဲဒီမှာ တစ်နိုင်လေးတွေ ဈေးသက်သက်သာသာနဲ့ လိုက်လုပ်တဲ့သူတွေ များလာတယ်။ ကုမ္ပဏီမဟုတ်ဘူးပေါ့ဗျာ။ ဟုတ်ရင်လည်း ကုမ္ပဏီအမည်ခံထားတဲ့ သေးသေးလေးတွေပေါ့ဗျာ။ ကုမ္ပဏီကြီးတွေက နာမည်ထိန်းပါတယ်။ ခက်တာက ပြဿနာကလည်း ဖြစ်ခဲတယ်လေ။ ကိုယ့်ဆီမှာ ခိုးဖို့ဆိုတာက တော်တော်ဖြစ်နိုင်ချေ နည်းပါတယ်။ အဲဒီတော့မသိသာဘူး။

ကျွန်တော်ကြုံဖူးတယ် တကယ် တမ်းဖြစ်တော့ မရှူနိုင်မကယ်နိုင်နဲ့ဖြစ်ရော။ ကင်မရာက အနည်းဆုံး တစ်သိန်းတန်လောက် မှကောင်း တယ်။ ဒါမှမဟုတ်ခုနှစ်သောင်း ရှစ်သောင်းတန်လောက်တော့ သုံးသင့်တယ်” ဟု ကိုသန်းအောင်က ဆက် လက်ပြောပြသည်။

ပြည်တွင်း၌ တင်သွင်းရောင်းချလျက်ရှိသော CCTV များမှာ နိုင်ငံတကာရှိ နာမည်ကြီး အမှတ်တံဆိပ်ကင်မရာ အမျိုးအစားများလည်းရှိသလို တရုတ်ဘက်မှ တင်သွင်းသော အရည်အသွေး အမျိုးမျိုးသော ကင်မရာများလည်းရှိကြောင်း သိရသည်။ တရုတ်ဘက်မှ တင်သွင်းရောင်းချသော ကင်မရာ အများစုမှာ ဈေးနှုန်းအားဖြင့် သက်သာသလို အရည်အသွေးပိုင်း အသင့်အတင့်သာရှိကြောင်း သိရသည်။

myanmarinternetjournal

ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်လာသော KIA TERRORIST ဓါးပြအဖွဲ့၏ စစ်သမီးများ

လမ်း၊တံတား၊ ရထားနှင့် ရထားလမ်းများကို မိုင်းထောင်မိုင်းခွဲခြင်း ၊ ခြောင်းမြောင်း ပစ်ခတ်ခြင်းတို့ကို KIA TERRORIST ဓါးပြ အဖွဲ့၏စစ် သမီးများမှ အဓိကလုပ်ဆောင်နေ သည်ဟု သတင်းရရှိပါတယ်။

KIA TERRORIST ဓါးပြအဖွဲ့၏ စစ်သမီးဦးရေ စာရင်းကို အတိအကျ မသိရသေးသော်လည်း၊ စစ်မှုထမ်း (၁၀၀)ရာခိုင်နှုန်း၌ (၁၀)ရာခိုင်နှုန်းမှာ စစ်သမီးများဖြစ်ကြောင်း သိရပါတယ်။

KIA TERRORIST ဓါးပြအဖွဲ့အနေဖြင့် ၂ဝ၁၁ ခုနှစ်မှစတင်၍ ယခုအချိန်အထိ မန္တလေး- မြစ်ကြီးနားရထား လမ်းတွင် မိုင်းထောင် ဖောက်ခွဲမှု ၅၅ကြိမ်၊ မန္တလေး-လားရှိုး ရထားလမ်းတွင်နှစ်ကြိမ်စုစုပေါင်း ၅၇ ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။အစိုးရအနေနဲ့  KIA TERRORIST ဓါးပြအဖွဲ့ကို ဒီအတိုင်း လွှတ်ထား ပါက ပြည်သူလူထုဆက်ပြီးဒုက္ခများ နေရပါမယ်။

အခုအချိန်ကစပြီး KIA TERRORIST ဓါးပြအဖွဲ့ကို ထိထိရောက်ရောက်အရေးယူအပြစ်ပေးဖို့  တောင်း ဆိုလိုက်ပါတယ်။ ။

ဒီကပါ။