Sunday, January 6, 2013
စီးပွားရေးအခက်အခဲများကြောင့် အရွယ်မရောက်သေးသူများ လုပ်ငန်းခွင်သို့ ရောက်ရှိနေ
မန္တလေး တိုင်းဒေသကြီး အတွင်း စီးပွားရေး ကျပ်တည်းမှုများကြောင့် အခြေခံ လူတန်း စား အများစု၏ အရွယ် မရောက်သေးသော ကလေးငယ် များသည် လုပ်ငန်းခွင်တွင်းသို့ ၀င်ရောက်လုပ်ကိုင် လျက်ရှိနေကြောင်း သိရသည်။ အခြေခံ လူတန်းစားများ အနေဖြင့် စီပွားရေး အခက်အခဲများကြောင့် မြို့ကျောင်းများတွင် ထားရှိနိုင်ခြင်း မရှိတော့ဘဲ ကျေးရွာ မူလတန်းအောင် ရုံမျှဖြင့် ကလေးငယ်များအား လုပ်ငန်း ခွင်တွင်း သို့ ထည့်သွင်း စေခိုင်း လာကြောင်း သိရသည်။
“လက်လုပ်လက်စား မိသားစုအိမ်တစ် အိမ်မှာဆိုရင်ကျောင်းသား သုံးယောက်လောက် ရှိရင် ကျောင်း မထားနိုင်တော့ဘူး။ မူလတန်းကတည်းက ရေးတတ် ဖတ်တတ်ရင် ကျောင်းထုတ်ပြီး လုပ်ငန်း တွေမှာ ခိုင်းတယ်။ ကလေးတွေကို မြို့ပေါ်က လက်ဖက် ရည်ဆိုင်တွေမှာ စားပွဲထိုး လုပ်ခိုင်း တယ်။ ဆေးလိပ်ခုံတွေမှာ ဆေးလိပ် လိပ်ခိုင်းတယ်။ ပန်းရံတွေထဲမှာ လည်းထည့် ထားတာတွေ အများကြီးရှိတယ်” ဟု ကန်ကြီးကုန်း ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
အခြေခံ လူတန်းစား အများစုမှာ အကြွေးတင်ပြီး အလုပ်အကိုင် အဆင်မပြေမှု၊ ကျန်းမာရေး ဖောက်ပြန်လာမှု အစရှိသည့် ငွေကြေးမပြေလည်မှုများကြောင့် သား သမီးများအား ကျောင်းထုတ်၍ အလုပ်လုပ် ခိုင်းစေကြောင်း သိရသည်။ “တစ်နေ့လုပ်မှာ တစ်နေ့စားရတာ၊ သား သမီးလေးယောက်လောက်ရှိတော့ ကျွန်တော်က ကျန်းမာရေး အခြေအနေ မကောင်းရင် အားလုံး ဒုက္ခရောက် မှာ၊ ဖြစ်ချင်တော့ လည်း ကျွန်တော်တို့ လက်လုပ်လက်စားတွေမှာ နှစ်လုံး၊သုံးလုံးထိုးတဲ့ ရောဂါရှိတယ်။
အဲဒါတွေ ကြောင့်လည်း ကျွန်တော်ကိုယ်တိုင် ဒုက္ခရောက်ခဲ့တော့ ကလေးတွေ လဘက်ရည်ဆိုင် တွေ ရောက်ကုန်တာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်တို့ အလုပ်က ချမ်းသာဖို့ကို ဝေးတဲ့အတွက် တစ်လကို ထီလေး တစ်စောင်လောက်ထိုး၊နောက်ပြီး နှစ်လုံး၊ သုံးလုံးလေးကို ဘဲ ပြန်မျှော်မှန်းရတာပဲ” ဟု ပွဲရုံတွင် အလုပ်လုပ်ကိုင်နေသော ကုန်ထမ်းသမားတစ်ဦးက ဆိုသည်။
“ဘယ်မိဘမဆို ကိုယ့်သားသမီးလေး ပညာတက်ကြီး၊ လူတော်လူကောင်းကြီး ဖြစ်စေချင်တာပေါ့။ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ကလေးလေး နေပူထဲမှာ အလုပ်ကြမ်း လုပ်နေရတာ ဘယ်မိဘမှ မကြည့်ရက်နိုင်ပါဘူး။ စီပွားရေးအကျပ်အတည်းကြောင့် ခိုင်းနေ ရတာပဲဖြစ်မယ်” ဟု ကျောင်းသားမိဘတစ်ဦးက ၎င်း၏ထင်မြင်ချက်အား ပြောပြသည်။
“မိဘတွေက ကလေးတွေ ပညာဆုံးခန်းမတိုင်ဘဲ အခုလို လုပ်လိုက်ခြင်းအားဖြင့် ကလေးအတွက် ပညာသင်ရမည့် အခွင့်အလမ်းတွေ ဆုံးရှုံးသလို နိုင်ငံတော်အတွက်လည်း အသိပညာရှင် ၊အတက်ပညာရှင်တွေ ထွန်းကားလာမည့် အခွင့်အလမ်းတွေလည်း ဆုံးရှုံး သွားတယ်။ မူလတန်းအခမဲ့ ဆိုပေမယ့် အလယ်တန်း ပညာသင်စရိတ်ကိုပါ ထပ်ပြီး လျှော့ချပေးရင် ကျောင်းမတက်နိုင်တဲ့ ကလေတွေ ကျောင်းစရိတ် အတွက် မပူရတော့ဘူး။ မိဘတွေလည်း ပိုပြီးအဆင်ပြေနိုင်တယ်။” ဟု အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးက ၎င်း၏အမြင်အား ပြောကြားသည်။
ဒီကပါ။
ဖူးခက်ကျွန်းစု အနီး၌ တွေ့ရှိရသော ရိုဟင်ဂျာ ဒုက္ခသည် ၇၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်
ဖူးခက်ကျွန်းစု အနီး၌ တွေ့ရှိရသော ရိုဟင်ဂျာ ဒုက္ခသည် ၇၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် သွားမည် ဖြစ်ကြောင်း ထိုင်းအရာရှိ များမှ ပြောကြား ခဲ့ပါသည်။
၎င်းတို့ အနေဖြင့် ခြေကုန်လက်ပန်း ကျခြင်းနှင့် ပင်လယ် အတွင်း၌ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့ မျှော်မှန်းထားသည့် မလေးရှား နိုင်ငံသို့ ဆက်လက် သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း ရိုဟင်ဂျာ ဒုက္ခသည်များမှ ပြောကြား ခဲ့သည်ဟု ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးမှူး Maitri Inthusut က ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ကလေး ၁၂ ဦး အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၇၃ ဦးအား လူဝင်မှု ကြီးကြပ်ရေး အဖွဲ့များ၏ အကူအညီဖြင့် ကုန်းလမ်း ခရီးမှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း Maitri က ပြောကြားခဲ့ ပါ သည်။
ထိုင်းအာဏာ ပိုင်များ အနေဖြင့် အဆိုပါ ဒုက္ခသည် များအား ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆေးဝါးများ၊ အစား အစာများနှင့် လောင်စာများ ထောက်ပံ့ခဲ့ ခြင်းကြောင့် ၎င်းတို့ အနေဖြင့် မျှော်မှန်းထားသည့် ခရီးစဉ်အား ဆက်လက် သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။ ထိုင်းအစိုးရ၏ မူဝါဒမှာ အဆိုပါ ဒုက္ခသည် များအား လက်ခံခြင်း မပြုသော်လည်း တတိယ နိုင်ငံ တစ်နိုင်ငံသို့ ရောက်ရှိရေး အတွက် အကူအညီ အထောက် အပံ့များ ပေးသွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။
မြ၀တီ
တရုတ်ပိုင်နက်အတွင်း လက်နက်ကြီးကျမှု မြန်မာကို သတိပေး
ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ တရုတ်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ မြန်မာဘက်က တိုက်ပွဲတွေကြောင့် တရုတ်မြေပေါ်ကို လက်နက်ကျည်တွေကျနေတယ်လို့လည်း တရုတ်ဘက်က ပြောပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်မြောက်ရေး တပ် ကေအိုင်အေတို့ကြား အခုလက်ရှိဖြစ်နေတဲ့ စစ်ရေးတင်းမာနေတဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ နှစ်ဘက်ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ် တရုတ်မြေပိုင်နက်ထဲကို လက်နက်ကြီးကျည် သုံးလုံးကျလာတဲ့အတွက် တရုတ်ဘက်က မြန်မာအစိုးရဘက်ကို နောက်ထပ် ဒါမျိုးဖြစ်ရပ်တွေမဖြစ်လာစေဖို့ သံတမန်ရေးသတိပေးပြောဆိုမှုတွေလည်းရှိနေပါတယ်။
ကချင်ပြည်နယ်တွင်းမှာ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေရဲ့ စစ်အခြေစိုက်စခန်းတွေရှိတဲ့နေရာကို မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ တိုက်လေယာဉ်တွေ၊ စစ်သုံးရဟတ်ယာဉ်တွေသုံးပြီးတော့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေတယ်လို့ ကချင်ဒေသခံ အရပ်သားတွေဘက်က ပြောဆိုမှုတွေရှိပါတယ်။
KIA တပ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုတာကို လည်း မြန်မာအစိုးရ ပြောခွင့်ရသူဘက်က ဝန်ခံပါတယ်။ မြန်မာတပ်ဘက်က လေကြောင်းက တိုက်တဲ့နေရာမှာ နယ်စပ်ဖြစ်နေတာကြောင့် မြန်မာစစ်တပ်လေယာဉ်တွေဟာ တရုတ်ဘက်က လေပိုင်နက်ကိုပါ ဝင်ရောက်တာမျိုး ရှိတယ်လို့ KIA ဘက်က အစောပိုင်းက ပြောပါတယ်။ ဒီလိုပစ်ခတ်မှုတွေကြောင့် တရုတ်မြေ ပိုင်နက်ထဲ လက်နက်ကြီးကျည်ကျတဲ့ကိစ္စကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး Hua Chunying က တရုတ်ဘာသာစကားနဲ့အခုလိုပြောဆိုပါတယ်။
“တရုတ်ဘက်က မြန်မာအစိုးရတာဝန်ရှိသူတွေဘက်ကို ဒီလက်နက်ကြီးကျည်ကျတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးဖို့ နဲ့ နောက်ထပ် ဒီလိုထိခိုက်မှုမျိုးမဖြစ်စေဖို့ သတိပေးပြောဆိုပါတယ်”
ဒီတရုတ်နယ်စပ်ဘက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေခင်းပိုင်းက လက်နက်ကြီးကျည်ကျခဲ့တာဖြစ်ပြီး တစုံတရာထိခိုက်မှုတော့မရှိဘူးလို့ ပုံမှန်ပြုလုပ်နေကျသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ မစ္စစ် Hua Chunying က ပြောဆိုလိုက်တာပါ။
အခုလို မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ ပဋိပက္ခတွေဖြစ်ပြီး စစ်ရေး တင်းမာမှုတွေဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ကချင်တပ်တွေကြား မစ္စစ်Hua ဘက်က ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာသပ်သပ်သာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရကပြောပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မြန်မာအစိုးရအနေနဲ့ ဒီပြဿနာကို ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲတွေ နဲ့ ပြေလည်အောင်ဖြေရှင်းသွားနိုင်မယ်လို့ တရုတ်ဘက်က မျော်လင့်တဲ့အကြောင်း ပြောခဲ့ပါတယ်။
ဒီလိုမျိုး ကချင်ပြည်နယ်တွင်း အစိုးရတပ်နဲ့ ကေအိုင်အေတို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး စကားဝိုင်းတွေဖြစ်ပေါ် လာအောင် မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေကပြောပါတယ်။
“ကေအိုင်အိုအဖွဲ့နဲ့ စက်တင်ဘာလ ၃၀ရက်နေ့က နောက်ဆုံးဆွေးနွေး ခဲ့တယ်၊ ဆွေးနွေးပြီးနောက်ပိုင်း မှာတော့ ကေအိုင်အို အဖွဲ့အစည်းက Political Dialogue လုပ်ဖို့ပြောတယ်။ တဖက်က ဦးအောင်မင်းက သဘောတူခဲ့တယ်။ မူအားဖြင့် နှစ်ဘက် သဘောတူခဲ့တယ်။ အခုအချိန်အထိတော့ တရားဝင်ကမ်းလှမ်းချက်ကို တုန့်ပြန်တာတော့ မရှိသေးဘူးခင်ဗျ။ ဒါပေမဲ့ လက်ရှိ စစ်ပွဲတွေ ရှိတာတော့ရှိတယ်။ ဒါပေမဲ့ စစ်ပွဲတွေဖြစ်နေတဲ့ အထဲကပဲ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်နိုင်ဖို့တော့ မျှော်လင့်နေတယ်။ ဘာကြောင့်လည်းပြောရင်တော့ ဒီတွေ့ဆုံဆွေးနွေးပွဲတွေကမှသာလျင် ငြိမ်းချမ်းရေးရဲ့အဖြေကို တကယ်ညှိနှိုင်းနိုင်မယ်လို့ထင်တယ်။ “
အခုလိုဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး စစ်ပြေးဒုက္ခသည်တွေအဖြစ် စစ်ဖြစ်ပွားတဲ့နေရာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတာတွေ၊ အစိုးရတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗုံးခိုကျင်းတွေထဲမှာ ခိုအောင်းနေရတာတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်ပူပင်ကြောင်း သတင်းထုတ်ပြန်မှုတွေရှိပါတယ်။
တချိန်တည်းမှာပဲ မြန်မာအစိုးရဘက်က ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ တ်သက်ပြီး ဇန်နဝါရီလ ၄ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အခုလို တိုက်ပွဲတွေဖြစ်ပွားနေရတာတွေဟာ နယ်မြေအေးချမ်းအောင် လုပ်ဆောင်ရ တာဖြစ်ပြီး ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာဖြစ်တဲ့အကြောင်းကိုလည်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။
VOA
KNU နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးတို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ အခုလို တွေ့ဆုံတဲ့အခါမှာ ကေအန်ယူ နဲ့ ပြည်ထောင်စု အစိုးရကြား ငြိမ်းချမ်းရေး ခိုင်မာဖို့ ဆွေးနွေးမှုတွေ ရှိခဲ့သလို ပြည်တွင်းမှာ တိုင်ပွဲတွေဖြစ်နေတဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး ပြုလုပ်တဲ့အခါ ကေအန်ယူက ကူညီကြဖို့ နိုင်ငံတော်သမ္မတ က ပန်ကြား ခဲ့ကြောင်း ကေအန်ယူ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။
နေပြည်တော်မှာ နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိနေတဲ့ ကေအန်ယူ ခေါင်းဆောင် ပိုင်းတွေဟာ ဒီကနေ့မှာ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ခုလို တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာ ကေအန်ယူနဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့နဲ့ ရရှိထားတဲ့ ငြိမ်းချမ်းရေးကိုလည်း အစဉ်တည်မြဲဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကေအန်ယူ ဗဟိုအလုပ်မှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
“ဒီနေ့ ကျနော်တို့ သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးရတာ အင်မတန်မှ ကောင်းပါတယ်ခင်ဗျ။ ကျနော်တို့ နှစ်ဦးနှစ်ဘက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့အခါကျတော့ ကျနော်တို့ ရှေ့သွားမယ့် ငြိမ်းချမ်းရေး ခရီးစဉ်တွေ၊ အပစ်အခတ် ရပ်စဲရေး ခိုင်မြဲအောင် ကျနော်တို့ လုပ်မယ်၊ ငြိမ်းချမ်းရေး ခရီးစဉ်တွေကို ကျနော်တို့ အခက်အခဲ၊ ဘယ်လို စိန်ခေါ်မှု၊ စမ်းသပ်မှုတွေ ဖြစ်ဖြစ် နှစ်ဦးနှစ်ဘက် ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ် ဆိုပြီးတော့ အဲဒီလို အမြင်ချင်း တူကြပါတယ်ခင်ဗျ။”
ကေအန်ယူ နဲ့ ငြိမ်းချမ်းရေး အစဉ် တည်မြဲဖို့ ဆွေးနွေးချိန်မှာပဲ ပြည်တွင်းမှာ ငြိမ်းချမ်းရေး မရဘဲ အပစ်အခတ်တွေ ရှိနေတဲ့ ကချင် ကေအိုင်အေ နဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းရာမှာလည်း ကေအန်ယူ အနေနဲ့ ကူညီဖို့ နိုင်ငံတော် သမ္မတက ပန်ကြားခဲ့တယ်လို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
“အစိုးရဘက်ကလည်း ကျနော်တို့ကို အကူအညီ တောင်းပါတယ်။ ကချင်နဲ့ ပဋိပက္ခဖြစ်စဉ် ဖြစ်တဲ့အပေါ်မှာ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ကျနော်တို့ ၀ိုင်းဝန်ပြီးတော ဒါကိုတော့ ကျနော်တို့ရဲ့ လုပ်အားတွေကို အကူအညီ တောင်းခံပါတယ်၊ နိုင်ငံတော် သမ္မတကြီးက။ ဒီအပေါ်မှာ ကျနော်တို့ကလည်း ဘ၀တူ ညီနောင် တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေ၊ ဒုက္ခသုက္ခတွေကို ကျနော်တို့ တထောင့်တနေရာကနေ ၀ိုင်းဝန်းဖြေရှင်းဖို့ ဆိုပြီးတော့ ကျနော်တို့ ကေအန်ယူ ဥက္ကဋ္ဌ ကလည်း သဘောထား ပေးပါတယ်ခင်ဗျ။”
၁ နှစ်ကျော်ကြာ အပစ်ရပ်စဲထားပြီးဖြစ်တဲ့ ကေအန်ယူ နဲ့ ဒီကနေ့ တွေ့ဆုံပွဲဟာ အတော်ပဲ ခရီးရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှုစင်တာက အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
“ကေအန်ယူ (၁၅) ကြိမ်မြောက် ကွန်ဂရက်ကနေပြီးတော့ ကျနော်တို့ ရွေးချယ်ပစ်လိုက်တဲ့ ဥက္ကဋ္ဌကြီး မူတူးဆေးဖိုးနဲ့ အဖွဲ့ဝင် ၆ ဦး ပါတဲ့ အဖွဲ့ကနေပြီးတော့မှ ဒီကနေ့ ၄ နာရီမှာ နိုင်ငံတော်သမ္မတ အဆောက်အဦးမှာ တွေ့ပါတယ်။ အဲဒီတော့ ညနေ ၄ နာရီကနေ ၅ နာရီခွဲအထိ တနာရီခွဲကြာ တွေ့ပါတယ်။ အဲဒီတော့ စစချင်း၊ တွေ့ဆုံပွဲ အခမ်းအနားမှာ ကေအန်ယူ ဥက္ကဋ္ဌ ကနေပြီးတော့ နှစ်သစ်ကူးမှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေ သမ္မတကြီးအနေနဲ့ ပိုမို ဆောင်ရွက်ချင်တဲ့ အပေါ်မှာ၊ ကရင်ရိုးရာ သင်တိုင်း အပြာရောင်ပေါ့နော်၊ ငြိမ်းချမ်းရေး အထိန်းအမှတ် အပြာရောင်ကို သူကိုယ်တိုင် သမ္မတကြီးကို ၀တ်ဆင်ပေးပါတယ်။ အဲဒါပြီးတော့မှ သူတို့ ဆွေးနွေးပွဲတွေ စပါတယ်။”
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စတွေ နိုင်ငံရေး စကားပြောတာတွေကိုပါ လုပ်ဆောင်ဖို့ အလွန်ပဲ နီးစပ်နေပြီလို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
နယ်မြေဒေသ တည်ငြိမ်နေပြီဖြစ်တဲ့ ကရင်ပြည်နယ်အတွင်းမှာ ဒေသတွင်း ဖွံဖြိုးရေးတွေကို မကြာမီ လုပ်ဆောင်ဖို့ရှိတယ် လို့လည်း ကေအန်ယူ ခေါင်းဆောင်ပိုင်းတွေက ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲဟာ အချိန် ၁ နာရီ ကျော် ကြာမြင့်ခဲ့ပြီး နိုင်ငံတော်သမ္မတနဲ့ ရင်းရင်နှီးနှီး ပွင့်ပွင့်လင်းလင်း စကားတွေ ပြောနိုင်ခဲ့လို့ အလွန် ၀မ်းသာမိတဲ့အကြောင်း ဖဒို မန်းငြိမ်းမောင် က ပြောပါတယ်။
ဒီကနေ့ နိုင်ငံတော်သမ္မတနဲ့ ကေအန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး တွေ့ဆုံပွဲ မှာ ကေအန်ယူဘက်က ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေနဲ့ ပြည်ထောင်စု အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုသိန်း၊ ဦးခင်ရီ တို့ အပါအ၀င် မြန်မာငြိမ်းချမ်းရေးဖော်ဆောင်မှု စင်တာက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
VOA
မုံရွာမြို့ ပွဲစားတန်းလမ်းတွင်ရှိသော အ မ က(၂၄) ကျောင်းရှေ့ရှိ ဈေးဆိုင်ခုံ မီးလောင်ကျွမ်းမှုဖြစ်ပွား ရာသို့ လာရောက်ပြီး မီးငြိမ်းသတ်သော မီးသတ်များ အား မုံရွာမြို့နယ် NLD ပါတီမှ ကိုမှတ်ဆိုသူက မိုက်ရိုင်းစွာ ဆက်ဆံခဲ့သည်ဟုဆို။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ဘုရားကြီးရပ်ကွက်တွင် တည်ရှိသော အခြေခံပညာမူလတန်း ကျောင်း အမက(၂၄)ရှေ့တွင် (4-1-2013)နေ့ည (၁၀)နာရီအချိန်ခန့်က ကျောင်းရှေ့ဈေးဆိုင်ခုံငယ်တစ်ခု အားမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။
အဆိုပါမီးလောကျွမ်းမှုဖြစ် ပွားရာသို့ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ မှ မီးသတ်ကားများ ဘုရားကြီး ရပ်ကွက်မှ မီးသတ်ကားနှင့် ကွေ့ကြီးရပ်ကွက်မှ မီးသတ်ကား စစ်ကိုင်း တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့် တို့သည် အချိန်နှင့်တစ်ပြေးညီရောက်ရှိလာပြီး မီးငြိမ်း သတ်မှုလုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မုံရွာမြို့နယ် NLD ပါတီမှ ကိုမှတ်ကြီး(ခ)နိုင်သီဟ ဆိုသူနှင့် ပါလာသူ တစ်ဦးတို့ အရက်မူးလာပြီး မီးသတ်ရဲဘော်များကို မီးလောင်တာကို လောင်လောင်ခြင်း ချက်ခြင်းမရောက်လာ ၍ဟုဆိုကာ မိုက်ရိုင်းစွာပြောဆိုဆက်ဆံခဲ့ ပြီး လုံးထွေးသတ်ပုတ်ရန်ပြုလုပ်လာခဲ့သဖြင့် ၀ိုင်းဝန်းဖြန်ဖြေ ခဲ့ရသည်ဟု ဘုရားကြီးရပ်ကွက်နေ ဈေးဆိုင်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။
"မီးလောင်တယ်ဆိုတာ ကနဦးသတင်းရမှ ကျွန်တော်တို့ မီးသတ်တွေက မီးလောင်မှုဖြစ်ပွားရာနေရာကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ထွက်ခွာရပါတယ်။ဘယ်သူကမှ မီးလောင်မယ်ဆိုတာကိုကြိုတင်ပြီး သိနိုင်တာ မဟုတ်ပါဘူး။အခုမီးလောင်မှုမှာလည်း ကျွန်တော်တို့ ဘရားကြီး မီးသတ်ရော မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ကားတွေရော အချိန်မှီရောက်ရှိခဲ့ပါတယ်။"ဟု ဘုရားကြီးရပ်ကွက် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါ တယ်။
ThanLarWaddy Times
ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အဓမ္မပြုကျင့်မှုဖြစ်ပွား
ဇန်န၀ါရီလ ၃ ရက်နေ့မွန်းလွဲပိုင်းက ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အသက် ၁၅နှစ်အရွယ် မိန်းခလေးတစ်ဦးအား အလိုမတူဘဲသားမယားပြုကျင့်မှုဖြစ် ပွားခဲ့သည်ဟု ကာယကံရှင်မိသားစုဝင်များက ပြောဆိုချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၏ ကနဦးစစ်ဆေးချက်များအရ ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ပညာဒါနကျူရှင် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကျပမ်းစကားပြောပြိုင်ပွဲ အပြီးတွင် ကိုသားကြီး(ခ)ခင်မောင်ထူး(ခ)ဆိုဖီရင်း (အသက်၂၂) က အဆိုပါပညာဒါနတွင် တက်ရောက်သင်ကြားနေသော အသက်၁၅နှစ်အရွယ် ၁၀တန်း ကျောင်းသူတစ်ဦးကို ကိုကာကိုလာ အချိုရည်ထဲတွင် အိပ်ဆေးခတ် ပြီးအလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေး၏ ဦးလေးဖြစ်သူက "အဖွဲ့အစည်းတစ်ခုလုံးကိုမဆိုလိုချင်ပါဘူး ကလေးက စာမေးပွဲဖြေတော့မှာ ၊ အဲဒီပန်းဘဲတန်းပါတီ တာဝန်ရှိသူတွေ လစ်ဟင်းလို့ ဒီလိုကိစ္စတွေဖြစ်ရတာ ဒါကိုမကြေနပ်ဘူး" ဟုပြောသည်။
ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူများသည် ဖြစ်စဉ်မှ သုံးရက်ကြာ ယနေ့ မွန်းလွဲ ၂နာရီခွဲထိ လာရောက်တွေ့ဆုံခြင်းမရှိသေးကြောင်း ကာယကံရှင်မိသားစုမှပြောသည်။ ၄င်းအပြင် စွပ်စွဲခံရသူ ကိုသားကြီး(ခ)ကိုခင်မောင်ထူးမိသားစုနှင့်လည်း တွေ့ဆုံညှိနှိုင်းခြင်းမရှိကြောင်း မိန်းကလေး၏ မိသားစုဘက်မှ ပြောသည်။
ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိတ်ရက်ဖြစ်သည့်အပြင် အဆိုပါရုံးမှတာဝန်ရှိသူ ကိုဋ္ဌေးလွင်အား YPI မှ သွားရောက်တွေ့ဆုံဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရခဲ့ခြင်းမရှိပါ။
ကျူးလွန်သည်ဟုသံသရရှိခြင်းခံရသူ ကိုသားကြီး(ခ)ခင်မောင်ထူး မိသားစုဝင်တစ်ဦးကလည်း"ရည်းစားဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။အခုထိ သူနဲ့တွေ့ခွင့်မရသေးတဲ့အတွက် ကျွန်တော်တို့ဘက်က ဘာမှမပြောနိုင်ဘူး"ဟု ပြောသည်။
သားမယားပြုကျင့်သူဟု စွပ်စွဲခံရသူ ကိုသားကြီ(ခ)ခင်မောင်ထူး(ခ) ဆိုဖီရင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး နောက်ဆုံးနှစ် ဥပဒေဘာသာရပ်ကို ဖြေဆိုထားသူဖြစ်သည်ဟု ကိုသားကြီး၏ မိသားစုဝင်များထံမှသိရသည်။
ယခုကိစ္စကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှ ယနေ့ရှင်းလင်း ပြောဆိုချက်ကို ပေါ်ပြူလာ နယူးစ် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြထားရာ ရန်ကုန်တိုင်း NLD အဖွဲ့မှ ဦးလှသိန်းက ၎င်းတို့အနေဖြင့် စစ်ဆေးနေကြောင်း၊ ကောင်လေးနှင့် ကောင်မလေးမှာရည်ငံနေသည်ဟု သိရကြောင်း အမှုဖွင့်ထားသည့် ကိစ္စအသေးစိတ်ကို ထပ်မံစုံစမ်းဆဲဖြစ်သည်ဟု ဖေါ်ပြထားသည်။
အမှုအားပန်းဘဲတန်းရဲစခန်းမှ ပြစ်မှုပုဒ်မအမှတ် (ပ)၈/၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးထံမှသိရသည်။
by Yangon Press International
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၏ ကနဦးစစ်ဆေးချက်များအရ ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ပညာဒါနကျူရှင် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကျပမ်းစကားပြောပြိုင်ပွဲ အပြီးတွင် ကိုသားကြီး(ခ)ခင်မောင်ထူး(ခ)ဆိုဖီရင်း (အသက်၂၂) က အဆိုပါပညာဒါနတွင် တက်ရောက်သင်ကြားနေသော အသက်၁၅နှစ်အရွယ် ၁၀တန်း ကျောင်းသူတစ်ဦးကို ကိုကာကိုလာ အချိုရည်ထဲတွင် အိပ်ဆေးခတ် ပြီးအလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေး၏ ဦးလေးဖြစ်သူက "အဖွဲ့အစည်းတစ်ခုလုံးကိုမဆိုလိုချင်ပါဘူး ကလေးက စာမေးပွဲဖြေတော့မှာ ၊ အဲဒီပန်းဘဲတန်းပါတီ တာဝန်ရှိသူတွေ လစ်ဟင်းလို့ ဒီလိုကိစ္စတွေဖြစ်ရတာ ဒါကိုမကြေနပ်ဘူး" ဟုပြောသည်။
ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူများသည် ဖြစ်စဉ်မှ သုံးရက်ကြာ ယနေ့ မွန်းလွဲ ၂နာရီခွဲထိ လာရောက်တွေ့ဆုံခြင်းမရှိသေးကြောင်း ကာယကံရှင်မိသားစုမှပြောသည်။ ၄င်းအပြင် စွပ်စွဲခံရသူ ကိုသားကြီး(ခ)ကိုခင်မောင်ထူးမိသားစုနှင့်လည်း တွေ့ဆုံညှိနှိုင်းခြင်းမရှိကြောင်း မိန်းကလေး၏ မိသားစုဘက်မှ ပြောသည်။
ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိတ်ရက်ဖြစ်သည့်အပြင် အဆိုပါရုံးမှတာဝန်ရှိသူ ကိုဋ္ဌေးလွင်အား YPI မှ သွားရောက်တွေ့ဆုံဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရခဲ့ခြင်းမရှိပါ။
ကျူးလွန်သည်ဟုသံသရရှိခြင်းခံရသူ ကိုသားကြီး(ခ)ခင်မောင်ထူး မိသားစုဝင်တစ်ဦးကလည်း"ရည်းစားဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။အခုထိ သူနဲ့တွေ့ခွင့်မရသေးတဲ့အတွက် ကျွန်တော်တို့ဘက်က ဘာမှမပြောနိုင်ဘူး"ဟု ပြောသည်။
သားမယားပြုကျင့်သူဟု စွပ်စွဲခံရသူ ကိုသားကြီ(ခ)ခင်မောင်ထူး(ခ) ဆိုဖီရင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး နောက်ဆုံးနှစ် ဥပဒေဘာသာရပ်ကို ဖြေဆိုထားသူဖြစ်သည်ဟု ကိုသားကြီး၏ မိသားစုဝင်များထံမှသိရသည်။
ယခုကိစ္စကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှ ယနေ့ရှင်းလင်း ပြောဆိုချက်ကို ပေါ်ပြူလာ နယူးစ် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြထားရာ ရန်ကုန်တိုင်း NLD အဖွဲ့မှ ဦးလှသိန်းက ၎င်းတို့အနေဖြင့် စစ်ဆေးနေကြောင်း၊ ကောင်လေးနှင့် ကောင်မလေးမှာရည်ငံနေသည်ဟု သိရကြောင်း အမှုဖွင့်ထားသည့် ကိစ္စအသေးစိတ်ကို ထပ်မံစုံစမ်းဆဲဖြစ်သည်ဟု ဖေါ်ပြထားသည်။
အမှုအားပန်းဘဲတန်းရဲစခန်းမှ ပြစ်မှုပုဒ်မအမှတ် (ပ)၈/၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးထံမှသိရသည်။
by Yangon Press International


