Thursday, January 3, 2013

KIA တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်လုပ်ကြံမှုကြောင့် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ဒဏ်ရာပြင်းထန်စွာရရှိ

ယနေ့ ၃-၁-၂၀၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် KIA တပ်ဖွဲ့အချင်းချင်း လုပ်ကြံပစ်ခတ်မှုကြောင့် KIA စစ်ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး လိုင်ဇာဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဂမ်ရှောင်သည် လိုင်ဇာပတ်ဝန်းကျင်တွင် ခရီးသွားနေစဉ် KIA တပ်ဖွဲ့ဝင်အချို့မှ ပစ်ခတ်ခဲ့သဖြင့် ခြေထောက်နှင့် ပေါင်တို့တွင် ဒဏ်ရာရရှိသွားပြီး လိုင်ဇာဆေးရုံ သီးသန့်ခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ ၎င်းနှင့်အတူ ပါသွားသော ၎င်း၏ လုံခြုံရေးအရာရှိ ဗိုလ်မှူးအဆင့် ရှိသူတစ်ဦးနှင့် သက်တော်စောင့်(၇)ဦး လည်း လုပ်ကြံမှုတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ချုပ် ဂမ်ရှောင် အနေဖြင့် KIA တပ်ဖွဲ့များအား အုပ်ချုပ်ရာတွင် ငယ်သားများအပေါ် ရက်စက်ပြင်း ထန် စွာ ကိုင်တွယ် အုပ်ချုပ်ခြင်း၊ KIA အဖွဲ့အတွင်းရှိ အခြားတိုင်းရင်းသားများအပေါ် အဆင့်အတန်း ခွဲခြား ၍ ဆက်ဆံခြင်း၊ ကချင် ဒေသအတွင်းရှိ ဗမာလူမျိုးများနှင့် ရှမ်းလူမျိုးများအပေါ် ရက်ရက်စက်စက် ပြုမှု ဆက် ဆံနေသောကြောင့် ၎င်းအပေါ် KIA အဖွဲ့အတွင်းရှိ ဂျိမ်းဖောနွယ်ဝင်မဟုတ်သော အခြား လူမျိုးများ ၏ မကျေနပ်မှုများ များပြား လျက်ရှိကြောင်း သိရှိရသည်။

KIA အဖွဲ့အတွင်း ဂမ်ရှောင်သည် သဘောထားတင်းမာသူ၊ လူမျိုးစွဲ ၀ါဒစွဲကြီးမားသူဖြစ်ပြီး ၎င်းတပ်ရင်းမှူး ဘ၀ တွင် မူးယစ်ဆေးဝါးကို အကြောင်းပြု၍ ဗမာလူမျိုးနှင့် ရှမ်းလူမျိုး(၁၀၀)ကျော်ခန့်ကို ရက်စက်စွာ သတ်ဖြတ် ခဲ့သူလည်း ဖြစ်သည်။ KIO အဖွဲ့အတွင်း ဥက္ကဋ္ဌ ဦးဇောင်းဟရား အပါအ၀င် ကချင်ခေါင်းဆောင် အများစုက အစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးလိုသော်လည်း စစ်ဦးစီးချုပ် ဂမ်ရှောင်၏ သဘောထား တင်း မာမှု ကြောင့် ယခုအချိန်ထိ ငြိမ်းချမ်းရေးသဘောတူသည့် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်ေ ကြာင်း သိရှိရသည်။

(ကချင်နေ့စဉ် သတင်း)

http://www.oppositeyes.info/2013/01/kia-kia.html

ဒါလေးတွေတော့ သိစေချင်တယ် ။

ပြည့် တန်ဆာ ဥပဒေ အတွက် မှန်တယ်ထင်တဲ့ လူတွေ ရှိသလို ၊ မှားတယ်လို့ ထင်နေသူများလည်း ရှိပါတယ် ။ ကောင်းတဲ့ အချက်များ ရှိသလို ဆိုးရွားတဲ့ အချက်များလည်း ရှိတယ် ဆို မှန်ပါတယ် ။ ဒါကို ဘယ်သူမှ ငြင်းလို့ မရနိုင်ပါဘူး ။

အဲဒီ HIV Research အတွက် ရန်ကုန်မြို့ အပါအ၀င် မြို့ ကြီးများနှင့် မြို့ ငယ်များကိုပါ သွားရောက် ကာ ပြည့် တန်ဆာများ ၊ ခေါင်းများ နှင့် အရွယ်ရောက်ပြီး လူငယ်များကိုပါ တွေ့ ဆုံ မေးမြန်းခဲ့ ဘူးတဲ့ အတွေ့ အကြုံအပြင် မိတ်ဆွေ အပေါင်းအသင်များနှင့် လက်ရှိ မြန်မာနိုင်ငံ အနေအထားကို အခြေခံကာ သိထားသလောက်လေး ရေးပြချင်ပါတယ် ။ပထမဆုံး အနေနဲ့ ဒီကိစ္စကို ဝေဖန်ကြသူ တော်တော်များများကို ကျနော် မေးချင်တာ မြန်မာနိုင်ငံ မှာ ပြည့်တန်ဆာမိန်းကလေး ဘယ်နှစ်မျိုးလောက် ရှိလည်း ။ အရေ အတွက်အားဖြင့် ဘယ်လောက် ရှိလည်း ၊ သူတို့ ကျင်လည်နေတဲ့ Network နဲ့ သူတို့ ဘ၀မှာ ကြုံတွေ့ရ တဲ့ အခက်အခဲတွေ ကို သေချာ သိကြရဲ့ လား ။

ဒီအလုပ်ကို လုပ်စားတဲ့ မိန်းကလေးများမှာ အမျိုးစား အရမ်းကွဲပြား ခြားနားသလို လုပ်ကိုင်ဆောင်ရွက် ပုံလည်း မတူညီပါဘူး ။ ထိုသို့ ကွဲပြားခြားနားသူများတွင်ပင် ကိုယ်တိုင်လုပ်ဆောင်သူများနှင့် ခေါင်းများက ချုပ်ကိုင်ထားသူများ ဟူ၍ ထပ်မံ ခွဲခြားလိုက်လျှင်အမျိုးအစား (၉) မျိုးလောက် ရှိပါတယ် ။

၁။ လမ်းဘေးတွင် လုပ်ကိုင်သူများ ( တဦးတည်း ၊ ခေါင်းကချုပ်ကိုင် )
၂။ ခေါင်း အိမ်တွင် လုပ်ကိုင်သူများ ( တဦးတည်း ၊ ခေါင်းကချုပ်ကိုင် )
၃။ ကလပ်တွင် လုပ်ကိုင်သူများ ( တဦးတည်း ၊ ခေါင်းကချုပ်ကိုင် )
၎။ ဖုန်းဖြင့် လုပ်ကိုင် ဆောင်ရွက်သူများ ( တဦးတည်း ၊ ခေါင်းကချုပ်ကိုင် )
၅. အင်တာနက်ကို အသုံးပြုကာ လုပ်ကိုင်ဆောင်ရွ့က်နေကြသူများ

သာမန်အားဖြင့် ဆိုရင်တော့ လမ်းဘေး နှင့် ခေါင်းအိမ်မှာ လုပ်စားသူတွေဟာ ဈေးနှုန်း နည်းပါး ပြီး ကလပ် ၊ ဖုန်း ၊ အင်တာနက်ကို အသုံးချသူ ကာ လုပ်ဆောင်သူများကတော့ ဈေးနှုန်း နည်းနည်း မြင့် ပါတယ် ။

အမှတ်စဉ် ( ၁) (၂) ဟာ ပုံမှန်အားဖြင့် တော့ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်သူဖြစ်ကြောင်း အလွယ်တကူ ခွဲခြားနိုင်ပါတယ် ။ အမှတ်စဉ် ( ၃+၅) ကိုတော့ နီးစပ်သူ အသိုင်းအ၀ိုင်းလောက်က သာ လွယ်ကူစွာ ခြားနိုင်ပါလိမ့်မယ် ။ အမှတ်ဉ် ( ၄ ) ကတော့ သူမ နှင့် သက်ဆိုင်သူများကသာ ဒီအလုပ်ကို လုပ်ကိုင်သူ ဖြစ်ကြောင်း သိရှိနိုင်ပါတယ် ။

အကယ်၍များ တရားဝင် လုပ်ပိုင်ခွင့် ပေးရင်တောင် အမှတ်စဉ် ( ၁ ) နှင့် ( ၂ ) ကသာ လိုင်စင်ယူဖို့ များပြီး ကျန် ( ၃+၄+၅ )ကတော့ ယခုလို တိတ်တိတ်ပုန်းဘဲ လုပ်ဆောင်နေကြအုံးမှာပါ ။

ပြည့် တန်ဆာဥပဒေ ရှိလာခဲ့ ရင် ပြည့် တန်ဆာတွေ အောက်ပါ ဒုက္ခများက လွတ်မြောက်နိုင်ပါတယ်လို့ Research လုပ်ငန်းများက ပြဆိုထားပါတယ် ။

၁. ရဲများနဲ့ သက်ဆိုင်ရာကို လစဉ် အခွန်ဆက်သနေခြင်း
၂. ခေါင်းများရဲ့ ချုပ်ကိုင်ထားမှု ကြောင့် သူတို့ ရဲ့ ၀င်ငွေများကို အပြည့် အ၀ မခံစားရခြင်း
၃. တရားဝင် မဟုတ်တဲ့ အတွက် သူတို့ နှင့် ဆက်ဆံသူအားလုံးရဲ့ အနိုင်ကျင့် မှုကို ခံရခြင်း ။

ဒါ့ အပြင် တရားဝင် အသိအမှတ်ပြုကဒ်ထုတ်ပေးပြီး ၊ ဆေးဝါး ပုံမှန် စစ်ဆေးကာ Safe Sex ကို နားလည်အောင် သင်ပေးထားနိုင်တဲ့ အပြင်သူတို့ အတွက် အလုပ်လုပ်ဖို့ နေရာပါ တရားဝင် သတ်မှတ်ပေးထားနိုင်ပါတယ် ။

သူတို့ ကို တစုံတယောက်က လွှမ်းမိုးချုပ်ကိုင်ကာ အတင်း အနိုင်ကျင့် မှု ကို ခံရတဲ့ ဒုက္ခကလည်း လွတ်မြောက်နိုင်သလို ၀င်ငွေလည်း ပိုမို ရရှိနိုင်တဲ့ အပြင် ကျန်းမာရေး ရှုထောင့် ကကြည့်ရင် လည်း ရောဂါ ဖြစ် ပွားမှု နှုန်း ကျဆင်းလာနိုင်ပါတယ် ။

အဲဒီလို အနိုင်ကျင့် လွှမ်းမိုးချုပ်ကိုင်မှု မှာ ငွေကြေးထက် ပိုဆိုးတာ တခုက လိင်ဆက်ဆံမှု နည်းလမ်းကို ဆက်ဆံသူက ရွေးချယ်ခွင့် ရရှိမှု ပါဘဲ ။

မြန်မာပြည်က ပြည့် တန်ဆာ အများစုဟာ NGO အဖွဲ့အစည်းတော်တော်များများက အသိပညာပေးလုပ် ကိုင်ထားလို့ ကွန်ဒုံးသုံစွဲပြီးမှဆက်ဆံတာ စိတ်ချရမယ်ဆိုတာ သိထားကြပါတယ် ။ ဒါပေမယ့် ဆက်ဆံလိုသူက ကွန်ဒုံးမသုံးစွဲချင်တဲ့ အခါ ငြင်းဆန်လို့ မရပါဘူး ။

အဲဒီလို ငြင်းဆန်ရင် ကြုံတွေ့ရမယ် နောက်ဆက်တွဲ ပြဿနာများကြောင့် ပြည့်တန်ဆာ အများစု ဟာ ဖောက်သည်ကို မလွန်ဆန်နိုင်တဲ့ အတွက် ရောဂါ ကူးစက်ခံရဖို့ များနေပါတယ် ။

ပြည့်တန်ဆာ အလုပ်လုပ်နေသူများဆိုတာလည်း လွယ်ကူစွာ ဆိုတာ မခွဲခြားနိုင်တဲ့ အခါ သူတို့ ကို ပြည့်တန်ဆာမှန်း မသိဘဲ ချစ်သူအဖြစ် သတ်မှတ်ကာ အကာအကွယ် မပါဘဲ ဆက်ဆံကြတဲ့ လူအများမှာလည်း အန္တာရယ် ရှိပါတယ် ။ ရောဂါပိုး ကူးစက်ခြင်းဟာ အဲဒီလိုမျိုးက ကူးစက်မှု အများဆုံး ဆိုတာ သိစေချင်ပါတယ် ။ အထူးသဖြင့် အလွယ်ကြိုက်တတ်ကြတဲ့ ယောက်ျားများဟာ အဲဒီလို ပုံစံ ကနေ ရောဂါ ကူးစက်ခံရတာ များပါတယ် ။

အများအားဖြင့် ကလပ်တွင် လုပ်ကိုင်သူများ နှင့် ဖုန်းဖြင့် လုပ်စားကြသူ မိန်းကလေးများဟာ ရုပ်ရည်အားဖြင့် လှပသူတွေများကြတဲ့ အပြင်ဝင်ငွေလည်း ကောင်းတော့ ၊ ၀တ်စားဆင်ယူမှုလည်း ခတ်မှီ ၊ နေထိုင်တဲ့ အဆင့် အတန်းလေးလည်း အလယ်အလတ်တန်းစား ရှိလို့ သူတို့ကို ပြည့် တန်ဆာ အဖြစ် မထင်မှတ်ကြဘဲ ၊ သာမန် မိန်းကလေးများလို သဘောထားကာ သာမန် ချစ်သူရည်းစားတွေ လိုဘဲ ပြုမူနေထိုင် ကြတာကို တွေ့ရပါတယ် ။

တချို့ လူတွေက ပြည့် တန်ဆာတွေကို ဆေးစစ်ပေးရမယ့် ကိစ္စ ၊ တရားဝင် မှတ်ပုံတင်ပေးရမယ့် ကိစ္စ မလွယ်ပါဘူး လို့ ပြောကြတယ် ။

အခုတော့ သေချာ မသိဘူး ၊ အရင်တုန်းကတော့ NGO အဖွဲ့အစည်းတွေက ပြည့်တန်ဆာတွေကို ဆေးစစ်ပေးတဲ့ အပြင် လိင်ဆက်မှုက ရရှိလာတဲ့ ရောဂါများကိုလည်း အခမဲ့ ကုသခွင့် ပေးနေကြတာ နှစ်အတော်ကြာနေပါပြီ ။ အကယ်၍များ ဒီလုပ်ငန်းကို တရားဝင် ခွင့် ပြုခဲ့မယ်ဆိုရင်လည်း ဆေးစစ်ဖို့ ကိစ္စကတော့ NGO တွေက ကူညီပေးကြမှာပါ ။

တရားဝင် ဥပဒေ ပြဌာန်းထားတာ မရှိတဲ့ အတွက် ရောဂါ ရှိနေပေမယ့်လည်း လုပ်စားစရာ မရှိတော့ အဲဒီအလုပ်မှာဘဲ ဆက်လက်လုပ်နေကြပြီး အခြအနေ အရမ်းဆိုးလာမှ လုပ်ငန်းကို စွှန့် လွှတ်လိုက်ကြတာ များပါတယ် ။ အကယ်၍များ တ၇ားဝင် ဖြစ်လာခဲ့ ရင် သူတို့ မှာ ရောဂါ ရှိမရှိ စစ်ဆေးပြီး ရောဂါရှိရင် လိုင်စင်မပေးဘဲထားကာ ရောဂါကုသပေးနိုင်လို့ HIV ပိုး ကူးဆက် ပြန့် ပွားမှုကို ထိန်းချုပ်လာနိုင်ပါတယ် ။

နောက်တချက် ပြည့် တန်ဆာ အလုပ်ကို အခုလက်ရှိ အနေအထားလို လူတော်တော်များများအလွယ်တကူ ၀င်ရောက် လုပ်ကိုင်မှာ မဟုတ်တော့့ပါဘူး ။ အခုတော့ သူဟာ ပြည့်တန်ဆာ ဆိုတာ ကြော်ငြာစရာ မလိုတဲ့ အတွက် အလုပ်လက်မဲ့ များဟာ ခဏတာ ၀မ်းရေးကို ဒီလို နည်းလမ်းနဲ့ ၀င်ရောက် ဖြေရှင်းလာကြရင်း ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေ များလာတာကိုလည်း တားမြစ်နိုင်ပါလိမ့်မယ် ။

ဝမ်းနည်းစရာ ကောင်းတာတခုက ငွေကြေးချို့တဲ့ ကြတဲ့ တက္ကသိုလ် ကျောင်းသူများဟာ မိဘက ပညာသင်ကြားရေး အတွက် ထိရောက်စွာ မထောက်ပံ့ နိုင်ကြလို့ ငွေရလွယ်တဲ့ ဒီလို လုပ်ငန်းထဲကို ၀င်ရောက်လာကြတာ တွေ့ရပါတယ် ။

နောက်ပြီး ပြည့် တန်ဆာ အလုပ်ဆိုတာ အရမ်းကို ညစ်နွမ်းပြီး အောက်တန်းကျတဲ့ အလုပ်လို့ သိထားတဲ့ မြန်မနိုင်ငံမှာ အဲဒီအလုပ်ကို လုပ်စားသူလို့ သိသွားတဲ့ အခါ ပါတ်ဝန်းကျင်က ကျဉ်မှာကို သိထားတဲ့ အတွက် တရားဝင်သာ မှတ်ပုံတင်ရမယ် ဆိုရင် လုပ်စားတဲ့ လူအရေအတွက် အရမ်း နည်းပါးသွားနိုင်ပါတယ် ။

ပုံမှန် အားဖြင့် ဆို ယောက်ျားလေးတွေက သူတို့ ပျော်ပါးတာကို လူသိမခံ ချင်ကြပါဘူး ၊ ခိုးကြောင် ခိုးဝှက်ဘဲ လုပ်ဆောင်ချင်ကြတာပါ ။ တရားဝင် နေရာ သတ်မှတ်ပေးထားရင်တော့ အဲဒီနေရာ သွားရမှာကို ရှက်လို့ သွားတဲ့ အကြိမ် အရေ အတွက် လျော့ နည်းသွားနိုင်ပါတယ် ။

သွားတဲ့ လူတိုင်းဟာလည်း စည်းကမ်းသတ်မှတ်ချက် အတိုင်း Safe Sex ကို လိုက်နာရမှာ ဖြစ်လို့ ရောဂါ ပြန့် ပွားမှု နည်းပါလာပါလိမ့်မယ် ။

တကယ်တော့ ဒီဥပဒဟာ ပြည့် တန်ဆာ လုပ်ငန်းကို လက်ရှိ လုပ်ကိုင်နေသူများ နှင့် တိုက်ရိုက် သက်ဆိုင်ပြီး ပြည်သူလူထုကိုတော့ သွယ်ဝိုက်သော အားဖြင့် သာ သက်ဆိုင်နေပါတယ် ။

ဒီတော့ ဒီဥပဒေ အတည်ပြုမယ် ဆိုရင် နယ်ပယ်ပေါင်းစုံ ၊ နည်းလမ်း ပေါင်းစုံနဲ့ ဒီလုပ်ငန်းကို လုပ်ကိုင်နေသူများရဲ့ ဆန္ဒကို Research လုပ် ၊ စစ်တမ်းကောက်ယူလိုက်ရင် သူတို့ သဘောထား အမှန်ကို သိရမှာ ဖြစ်လို့ သူတို့ သဘောထား အမြင်ကို အရင်ဆုံး ဆန်းစစ်စေချင်ပါတယ်........

ဒီကပါ။

အထူးအခွင့်အရေးရ လိုင်စင်မဲ့ ဆိုင်ကယ် တစီးရဲ့ရန်ကုန်က အဖြစ်

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ အေးရိပ်ငြိမ်လမ်းရှေ့ ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်တွင် ယနေ့ ဇန်န၀ါရီ လ ၃ ရက်နေ့ မနက် ၈ နာရီ ခွဲ ၀န်းကျင်က ယာဉ်တိုက်မှု တခုဖြစ်ပွားခဲ့ရာမှာ လျှပ်စစ် ၀န်ကြီးဌာန ၀န်ထမ်း တဦး မောင်းနှင်တဲ့ လိုင်စင်မဲ့ဆိုင်ကယ်တစီးဟာ အခုလိုဖြစ်သွားရပါတယ်။
ပျက်စီးသွားတဲ့ လိုင်စင်မဲ့ ဆိုင်ကယ်၊ ဓာတ်ပုံ- သာလွန်ဇောင်းထက်/ ဧရာဝတီ

ရန်ကုန်မြို့မှာ မော်တော် ဆိုင်ကယ်မောင်းနှင်စီးနင်းခွင့်ကို အစိုးရ ၀န်ထမ်းတွေဖြစ်တဲ့ ယခင် စစ် ထောက် လှမ်းရေးတွေ၊ ရဲသတင်းတပ်ဖွဲ့ဝင်တွေနဲ့ အခြား ဌာန ဆိုင်ရာ ၀န်ထမ်းတွေပဲ အထူး အခွင့်အရေးတွေ ရ နေကြတာဖြစ်ပါတယ်။


ယာဉ်တိုက်မှု ဖြစ်တဲ့ ဆိုင်ကယ်ပျက်ကို ဒီလို သယ်သွားကြရတယ်

အများပြည်သူတွေအတွက်ကတော့ ရန်ကုန်မြို့တခွင် မော်တော်ဆိုင်ကယ်စီးနင်းခွင့် မရှိကြပါဘူး။ ဒါပေမယ့် အစိုးရ ၀န်ထမ်းဆိုသူတွေက ဘယ်လို ကင်းလွတ်ခွင့် ဥပဒေတွေနဲ့ စီးနင်းခွင့် ရနေကြတယ် ဆိုတာ မသိရလို့မေးခွန်းထုတ်နေသူတွေ များပါတယ်။

http://blog.irrawaddy.org/2013/01/blog-post_1398.html

ရဲဆိုတာဒါလား?

ခုတလောကြားကြားနေရတဲ့သတင်း တွေကတော့ မသတီစရာသတင်းတွေချည်းပါပဲ။ ပြည်သူတွေကလည်း တနေ့တခြား အော့နှလုံးနာစရာကောင်းနေတဲ့ ကိုရဲတွေ ရဲ့ ပြုမှုဆက်ဆံပုံ၊ လူမဆန်တဲ့ ရမ်းကား မှုတွေကို ကြားကြားနေရ၊ တွေ့တွေ့နေရ တော့ ကိုရဲတွေကို လမ်းမှာ မလွဲသာလို့ တွေ့ရင်တောင် ရွံ့ကြည့်ကြည့်နဲ့ပဲမျက်နှာ လွဲရှောင်သွားကြတာများပါတယ်။

အမှန်ဆိုတော့ ရဲဆိုတာ ပြည်သူတွေ ရဲ့အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူတွေကို ကူညီဖို့ဆိုတာကို မေ့လျော့ နေကြပါပြီ။ ဒီရဲတွေရဲ့လစာတွေ၊ နေထိုင်တဲ့အိမ်တွေ အခန်းတွေဟာ ပြည်သူတွေ ကပေးထားတာ။ ပြည်သူတွေနဲ့ ပိုက်ဆံ တွေဆိုတာကို လုံးဝမေ့လျော့နေပြီလား မသိပါဘူး။ ပြည်သိုကိုတွေ့ရင် ငါဘယ် လိုဒီလူတွေဆီက ငွေကိုရအောင်ကြံရပါ့ မလဲ။ ဘယ်လိုအကွက်ဆင်ရမလဲလို့ တွေး တောကြံဆနေပုံရပါတယ်။ ပြည်သူ တွေကို ကူညီမယ့်အစား ပြည်သူတွေကို နှိပ်စက်ဖို့၊ ပြည်သူတွေကို ဒုက္ခပေးဖို့ပဲစဉ်း စားတွေးခေါ်နေပုံရပါတယ်။ ရဲတွေရဲ့ စိတ်ကူးစိတ်သန်း၊ အကြံအဖန်တွေကတော့ အံ့သြလောက်စရာပါပဲ။ (ရဲတိုင်းကိုမဆိုလိုပါ)။

ရဲတွေရဲ့လုပ်ပုံကိုင်ပုံတွေကို စဉ်းစား ကြည့်စမ်းပါ။ မြန်မာပြည်နေရာတော်တော် များများမှာ ရဲတွေရဲ့ မသင်္ကာမှု၊ ဘာမှု တွေနဲ့ ရိုက်စစ်နည်းမျိုးစုံနဲ့ နှိပ်စက်လို့ သေကြတဲ့လူတွေဟာ မနည်းတော့ပါဘူး။ ဘယ်ဌာနကများ ထိထိရောက်ရောက် အရေးယူတယ်လို့ကြားဖူးသလား။ သာမန်အရေးယူတာပဲရှိတယ်မဟုတ်လား။ ပြည်သူတွေ ရဲတွေရဲ့ အနှိပ်စက်ခံရတာကို ပြည်သူအတွက် ထိထိရောက်ရောက်ကာ ကွယ်တဲ့ အရေးယူမှုတွေကို ဘယ်သူတွေ ဆောင်ရွက်ပေးခဲ့သလဲ။ ပြည်သူကပေး တဲ့ လစာယူပြီး ပြည်သူကို ဘယ်သူတွေ၊ ဘယ်ဌာနတွေက ကာကွယ်ပေးတာတို့၊ အရေးယူဆောင်ရွက်ပေးတာတို့ဆိုတာရှိ ခဲ့ကြသလား။

ငါဝါးဖို့ ငါစားဖို့ပဲ လုပ်ကြ တာပဲမဟုတ်လား။ ရန်ကုန်တိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် ရွှေပြည်သာမြို့နယ်၊ လှော်ကားမှာလည်း ရဲသတ်လို့သေရတယ် ဆိုတဲ့သတင်း၊ မရမ်းကုန်းရဲစခန်း၊ ဘုရင့် နောင်ရဲစခန်း၊ ကမာရွတ်ရဲစခန်းတွေမှာ လည်း သံသယရှိသူတွေရှိ ရိုက်သတ်လို့ သေကြတာပါပဲ။ အဲဒါ ဘယ်သူတွေ၊ ဘယ်ဌာနတွေက ထိထိရောက်ရောက်အရေး ယူခဲ့သလဲ။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ရဲတွေအကြောင်းကို သက်ဆိုင်ရာအထက်က သိသလား၊ မသိဘူးလား။ သိတယ်ဆို ရင် ဘာကြောင့်ထိရောက်စွာအရေးမယူသလဲ။

ဘာကြောင့် ရေငုံနှုတ်ပိတ်နေရ သလဲ။ ဟိုနာစရာ ဒီထောက်စရာအကြောင်း တွေရှိနေလို့လား။ မြင်သာထင်သာရှိ အောင်အရေးယူမှုတွေကို ပြည်သူတွေ လေးစားလာအောင် ပြည်သူတွေ သံသယ ရှင်းအောင်လုပ်မပြကြတော့ဘူးလား။ သံသယဆိုတာ တော်တော်လေးဒုက္ခပေး တတ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက သံသယကင်းပါစေ။ အမှန်ဘ၀ရှင်းပါစေ လို့ပြောတာပေါ့။

မကြာခင်ကလည်း သတင်းဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ တာမွေမြို့နယ်ရဲစခန်းက ကလေးတစ် ယောက်ကို ခိုးမှု၊ မသင်္ကာမှုနဲ့ လူမဆန် စွာရိုက်နှက်စစ်ဆေးတာကို ဖတ်ရတော့ မြင်ရတွေ့ရတဲ့ပြည်သူတွေရော၊ ဖတ်ရ ကြားရတဲ့ပြည်သူတွေပါ တော်တော်စိတ် မကောင်းဖြစ်ကြရပါတယ်။ ကလေးတစ်ယောက်ကို သားသမီး ချင်းကိုယ်ချင်းစာနာမှုကင်းမဲ့စွာ ကိုယ်လုံး တီးချွတ်ပြီး ၀ိုင်းရိုက်ကြတယ်။ ဒီအထဲမှာ တဏှာရာဂကြီးတဲ့ရဲကလည်း သားသမီး ချင်းကိုယ်ချင်းစာနာမှုမရှိပဲ ငါ့မိန်းမနဲ့ ကွဲကွာနေတာကြာပြီ။ မင်းကို ခရေပွင့် ချွတ်မယ်ဆိုလို့ကောင်လေးကကြောက်ကြောက်လန့်လန့်နဲ့ သူ့ဖင်ကို လက်နဲ့ ကာကွယ်ထားရတယ်ဆိုတဲ့သတင်းတွေဟာ ယောက်ျားချင်းတောင်ရဲတွေ့ရင်ပြေးရမလိုဖြစ်နေပါလား။

ပြည်သူတွေ သိတာ၊ ထင်တာကတော့ ရဲတွေဟာ တဏှာရာဂနည်းလို့၊ ပြည့်တန် ဆာလုပ်စားနေတဲ့ကောင်မလေးတွေတောင် လိုက်ဖမ်းနေတယ်လို့ထင်ကြတာပါ။ ခုကြားရတဲ့ရဲကတော့ လူကြည်ညိုစရာ၊ လူလေးစားစရာပဲလား။ ဒါမှမဟုတ် အိမ် လည်လာရင်တောင် အိမ်ကမိန်းမတွေ၊ ကလေးတွေကို ဝေးဝေးနေခိုင်းရမယ့်ပုံပေါ် နေပြီလားမသိပါဘူး။

ရဲအကြောင်းတစ်ဆက်ပဲပြောလိုက် ဦးမယ်။ ရဲတွေထဲမှ စာရေးသူရဲ့မိတ်ဆွေ ရဲအရာရှိတွေလည်းရှိသလို၊ သာမာန်ရဲတွေ လည်း ရှိပါတယ်။ ရဲတိုင်းမကောင်းဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ရဲဆိုတာ အကျင့် စာရိတ္တသူများထက်ကောင်းရပါမယ်။ ပြည်သူတွေရိုသေစရာ၊ အားထားစရာ၊ ခင်မင်စရာကောင်းအောင်ပြုမူနေထိုင် ဆက်ဆံတတ်ရပါမယ်။ ရဲထဲဝင်ရင် အာဏာပြဖို့၊ ငါဝါးဖို့၊ အမှုသေးကို အမှု ကြီးလုပ်ဖို့၊ ကြံဖန်အမှုရှာဖို့၊ ကလိန်ကကျစ် လုပ်ဖို့၊ ပြည်သူကို နှိပ်စက်ဖို့ဆိုတာကို မလုပ်ကောင်းပါဘူး။ ဗုဒ္ဓဘာသာမှာ ၀ဋ် ဆိုတာရှိတယ်။ အတုံ့အလှည့်ဆိုတာရှိ တယ်။ သံသရာဆိုတာရှိတယ်။ ကိုယ်ပြု တဲ့ကံဟာတစ်ချိန်ချိန်မှာ ကိုယ်သော်လည်း ကောင်း၊ ကိုယ့်မိသားစုသော်လည်းကောင်း ပြန်ခံရပါတယ်။ ယုံပါ။

တချို့ရဲတွေဟာ တော်တော်ကောက် ကျစ်စုတ်ပဲ့ကြပါယ်။ စဉ်းစားကြည့်ပါ။ ပြည်သူ့ကို ကာကွယ်မယ်၊ ကူညီမယ်ဆိုရင် ပြဿနာတစ်ခုကို မဖြစ်ခင်က ကြိုတင် ကာကွယ်ပေးရမယ်။ ပြဿနာဖြစ်မယ့် ဟာကို မဖြစ်အောင်ကူညီရမယ့်ပေါ့။ ခုတော့ ဒီလိုမဟုတ်ဘူး။ ပြဿနာမဖြစ် ဖြစ်အောင်လုပ်တယ်။ ဖြစ်တော့မှ ပုံကြီး ချဲ့ပြီးနှိပ်စက်တော့တာပဲ။ ဥပမာတစ်ခုပြ မယ်။ မကြာခင်က စာရေးသူနေထိုင်ရာ လှိုင်မြို့နယ်၊ တံတားဖြူမှတ်တိုင်နားမှာ လာလာနေတဲ့ကောင်မလေးတွေကို သတင်းပေးအရဆိုပြီး ပြည့်တန်ဆာပုဒ်မနဲ့ ဖမ်းခေါ် သွားတယ်။

မရှိလို့၊ ငတ်ပြတ်လို့၊ သူ့ကိုယ် နဲ့ ရင်းစားရတဲ့ဘ၀ကို ဒုက္ခပေးလိုက်တာ ပဲ။ သူ့တစ်မိသားစုလုံးဒုက္ခပေးလိုက်တာပဲ။ ဒီဖမ်းတဲ့ရဲဟာ ပြည်သူ့အပေါ်မှာ ကူညီ ချင်ရင်၊ ရိုင်းပင်းချင်ရင် စောစောကတည်း က ဒီကောင်မလေးတွေကိုခေါ်ပြီးသတိ ပေးလိုက်ရင် မရဘူးလား။ သူကကော ဒီရဲကို ကျေးဇူးတင်မသွားဘူးလား။ ရဲဆိုး တွေနည်းနည်းတော့စိတ်ဓာတ်ပြောင်းစေ ချင်ပါတယ်။ ရဲတစ်ယောက်အဲဒီလိုဖမ်း လိုက်တာ၊ ဒုက္ခပေးလိုက်တာကို ပတ်ဝန်း ကျင်လူတွေက ဒီရဲကို အထင်ကြီးသွား မယ်ထင်သလား။ ထင်ရင်တော့ တက်တက် စင်မှားသွားပြီကိုရဲရေ။

နောက်တစ်ခုပြောဦးမယ်။ ရဲတွေရဲ့ ရဲလုပ်ပုံကိုင်ပုံတွေလေ။ တည်းခိုးခန်းတွေ မှာ အတွဲတွေလာကြတယ်။ နည်းနည်း လည်းစဉ်းစားကြည့်ပါဦး။ ကိုရဲကြီးမသိ ဘူးဆိုရင်ပြောပြမယ်။ တည်းခိုးခန်းကို ကောင်မလေးခေါ်လာတာ တရားထိုင်ဖို့ လာတာမဟုတ်သလို၊ ပုတီးစိပ်ဖို့လာတာ လည်းမဟုတ်ဘူးနော်။ သိတယ်မဟုတ် လား။ အဲဒါကိုသိရဲ့သားနဲ့း တည်းခိုခန်းတွေ မှာ ဧည့်သည်ယောင်ဆောင်ပြီးအမှုဆင် တာတို့၊ အကွက်ဆင်ပြီးထောင်ဖမ်းတာ တွေကတော့ မကောင်းပါဘူး။

နည်းနည်းလည်းကိုယ်ချင်းစာအသိစိတ်ဓာတ်ရှိပါဦး။ ဒီကိစ္စကိုရဲတိုင်းကောကင်းကြသလား။ မကြာခင်ကလည်း ရန်ကုန်မြစ်ကူးတံတား ဂိတ်တာဝန်ကျရဲက အိမ်ပြေးကောင်မလေး ကို မုဒိမ်းကျင့်တာတွေ၊ ကျောင်းကုန်းရဲ နဲ့ ပြည့်တန်ဆာကိစ္စတွေဆိုတာ လူတိုင်း သိနေကြတဲ့ သတင်းတွေပဲ။

အဲဒီတော့ သူများမကောင်းတာတွေ ထက် ကိုယ်ကိုယ်တိုင်ကောင်းအောင်ကြိုး စားပါဦး။ ခေတ်ကပြောင်းလာပြီလေ။ အာဏာရှင်စနစ်မဟုတ်တော့ဘူး။ ပြည်သူ ရဲ့ခေတ်ကို ပြောင်းနေကြပြီလေ။ ကိုရဲတွေ လည်း မိမိစိတ်ဓာတ်တွေကို ခေတ်သစ် စနစ်သစ်နဲ့အညီ ပြောင်းလဲသင့်ပြီပေါ့။ ကိုလိုနီခေတ်၊ တစ်ပါတီအာဏာရှင်စနစ် ရဲ့ အမွေဆိုးတွေ၊ အကျင့်စရိုက်တွေကို ပြောင်းဖို့ကောင်းပါပြီ။ တိုင်းသူပြည်သား တွေကို ငြိမ်ဝပ်ပိပြားနေအောင်လုပ်ခဲ့တဲ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို တစ်ချိန်ကကူညီ ပံ့ပိုးပေးနေတာထဲမှာ ကိုရဲတွေလည်းပါပါ တယ်။ ရဲတွေရဲ့လုပ်ရပ်ကိုကြည့်ပါဦး။

ကိုဖြူမှာ ပြဿနာတစ်ခုရှိတယ်ဆိုရင် ဒီကိုဖြူကိုပဲဖမ်းရမယ်။ အရေးယူရမယ် ပေါ့။ အခုတော့ ဒီလိုမဟုတ်ဘူး။ ကိုဖြူကို မတွေ့ရင်၊ မမိရင်၊ ကိုဖြူရဲ့ မိသားစုကို ဖမ်းမယ်။ ဆီးမယ်။ ဒုက္ခပေးမယ့်ပေါ့။ ဒါဟာ မလုပ်သင့်တဲ့ဥပဒေပဲ။ အမှန် တကယ် လက်မ မကောင်းလက်မ၊ ခြေမ မကောင်း ခြေမ မဟုတ်ဘူးလား။ ကိုယ် လုပ်တာ တရားသလား။ မတရားဘူးလား။ ဆိုလိုရင် စဉ်းစားဉဏ်ရှိရမှာပေါ့။ သင့်/ မသင့် တွေးခေါ်ရမှာပေါ့။

ဒီအထဲမှာ ရဲနဲ့ ပေါင်းပြီး မျိုဆို့နေတဲ့ သူတွေ၊ သူတောင်း စားလိုလိုက်တောင်းစားပြီး ရဲကို မြှောက်၊ အောက်ကိုခြောက်ပြီး အကြံအဖန်လုပ် နေတဲ့ သတင်းပေးတွေကလည်း မြန်မာ ပြည်မှာ မနည်းဘူး။ သူတို့ကို နိုင်ငံတော် က လစာပေးသလား။ နိုင်ငံတော်က တရားဝင်ခန့်ထားသလားဆိုတာလည်း ပြည်သူတွေက သိချင်နေကြတယ်။

နောက်တစ်ခုက အလုပ်မရှိအကိုင် မရှိ၊ ပညာမတတ်လို့၊ ရပ်ကွက်ထဲက ယောင်တောင်တောင်တွေကိုလည်း အပြာရောင်ဝတ်စုံဝတ်ခိုင်းပြီး လုံခြုံရေး၊ ဘာရေးဆိုပြီးခိုင်းတဲ့အဖွဲ့ကခိုင်းတော့ ရပ်ကွက်တွေ၊ လမ်းတွေထဲမှာ လူတွေ မျက်စေ့နောက်လောက်အောင် အာနာခွာနာပြကြတာကလည်း တစ်မျိုးပါပဲ။

နောက်ဆုံးပြောချင်တာကတော့ မိမိရဲ့ မကောင်းတဲ့စရိုက်၊ အကျင့်အကြံတွေကို ရှောင်ရှားပြီး ပြည်သူကြိုက်တဲ့၊ ပြည်သူ ခင်မင်လေးစားတဲ့ ပြည်သူအားကိုးတဲ့ ပြည်သူ့ရဲတွေပဲဖြစ်ပါစေလို့စေတနာနဲ့ ဆန္ဒပြုလိုက်ပါတယ်။

http://www.hotnewsweekly.com/archives/15505

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၄ တွင် သမ္မတရာထူး ရနိုင်ဟု ဆရာ စံဇာဏီဘို ဟောကိန်းထုတ်

လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၄ ခုနှစ်တွင် သမ္မတရာထူး ရနိုင်သည်ဟု မြန်မာနိုင်ငံ၏ နာမည်ကြီး နက္ခတ် ဗေဒင်ဆရာတစ်ဦးဖြစ်သည့် ဆရာစံဇာဏီဘိုက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက်သည်။

“ ရွေးကောက်ပွဲကတော့ ၂၀၁၅ မှာပါ။ ဒါပေမယ့် ၂၀၁၄ ဇူလိုင်၁၂က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အတွင်းမှာ ဒေါ်စု သမ္မတ နေရာ တစ်ခုခုမှာ ရနိုင်တဲ့ အမှတ်အသားတွေ့ ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ကြားဖြတ် အစိုးရ သဘောနဲ့ ပတ်သက်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ သဘာဝမျိုးလည်း ဖြစ်နိုင်တယ်။ ဒါက ဗေဒင်ကိန်းခန်း အရ ဖြစ်နိုင်ချေကို ပြောတာပါ” ဟု ဆရာစံဇာဏီဘိုက ပြောသည်။

နက္ခဗေဒ သဘောတရားအရ ယင်းသို့ တွက်ချက်ပြောကြားခြင်းဖြစ်ပြိး လာမည့် ၂၀၁၄ ခုနှစ်ဇူလိုင်လ ၁၂ ရက်မှ စတင်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ နေရာသုံးခု (သမ္မတနှင့် ဒုတိယ သမ္မတ နှစ်ဦး) တွင် နေရာ ရရှိလာနိုင်ကြောင်း ဆရာ စံဇာဏီဘိုက ပြောကြားခြင်းဖြစ်သည်။

“ပုံမှန်ကတော့ ရွေးကောက်ပွဲ တစ်ခုပြီှးမှ သမ္မတ ဖြစ်တဲ့ သဘောသဘာဝနဲ့ မတူဘဲ ဒါက ဗေဒင်အရ ဖြစ်တည်မှုကို တင်ပြတာပါ” ဟုလည်း ပြောသည်။

နက္ခတ်ဗေဒ သဘောအရ ယင်းအချိန်တွင် နိုင်ငံ၏ ခေါင်းဆောင်မှာ အမျိုးသမီး ခေါင်းဆောင် စတင်ဖြစ်ပေါ်သည့် အခြေအနေ ဖြစ်နိုင်ပြီး ယင်းအမျိုးသမီး ခေါင်းဆောင်မှာလည်း အခြားနယ်ပယ်က မဟုတ်ဘဲ လက်ရှိ ရှိနေပြီးသား ခေါင်းဆောင်ထဲမှသာ ဖြစ်မည်ဖြစ်သည်ဟုလည်း ဆရာစံဇာဏီဘိုက ပြောသည်။

“အမျိုးသမီး ခေါင်းဆောင်ဖြစ်ရမယ်ဆိုလို့ အခြားသူကို ထည့်စဉ်းစားလို့ မရပါဘူး။ မူလရှိတဲ့ အထဲကပဲ အမျိုးသမီး ခေါင်းဆောင်ဖြစ်ရမယ်။ အခြားလူ မဟုတ်တာ သေချာပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင် မှန်သမျှက အာဂလူပဲဖြစ်ရမယ်။ ကြုံလို့ ၀င်လုပ်တာ ၊ ပိုက်ဆံရှိလို့ ၀င်လုပ်တာမျိုး လုံးဝမဟုတ်ဘူး။ စစ်မှန်တဲ့ အရည်အချင်းရှိတဲ့ အရည်အသွေး ရှိတဲ့ ခေါင်းဆောင်ပဲဖြစ်မယ်” ဟုလည်း ဆရာစံဇာဏီဘိုက ပြော သည်။

နိုင်ငံတော်သမ္မတကြီး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍လည်း မေးမြန်းရာတွင် “ သမ္မတကြီး မသေနိုင် သေးပါဘူး။ သေမယ့် လမ်းကြောင်း မမြင်သေးပါဘူး ။ နောက်ရွေးကောက်ပွဲတစ်ခုအထိ သမ္မတကြီးလည်း ပါရင် ပါမှာပေါ့” ဟုလည်း ပြောသည်။

ယင်းအပြင် တိုင်းပြည်ကို စစ်တပ်မှ ပြန်လည် အာဏာသိမ်းခြင်း၊ အခြားတိုင်းပြည်တစ်ခုမှ လာရောက်သိမ်းပိုက်ခြင်း စသည်များ တွေ့ရှိရခြင်း မရှိကြောင်း ပြောကြားသည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မေးမြန်းရာတွင် နက္ခတ် ဗေဒင်အရ တိုင်းပြည်တွင် လာမည့် ၂၀၁၃ ခုနှစ် တစ်ခုလုံးနှင့် ၂၀၁၄ ဇွန်လအထိ ငြိမ်းချမ်းရေး ရနိုင်ဖွယ် မရှိသေးကြောင်း အတိအလင်း ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေး ရနိုင်ဖွယ် မရှိသေးသည့် အချိန်နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟူ အချိန်တို့မှာလည်း ကပ်လျက်ပင်ဖြစ်သည်ကို ယင်း၏ ဟောကိန်းအရ သိရသည်။

NLD ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဇင်ဘာလတွင် နတ်မောက်မြို့နှင့် ထားဝယ်မြို့များသို့ သွားရောက်စဉ် နိုင်ငံအတွက် ထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ရန် အာဏာရလိုကြောင်းနှင့် သမ္မတ ဖြစ်လိုကြောင်း ပြောကြားထားသည်။

ဒီကပါ။

KNU ခေါင်းဆောင်များ နေပြည်တော်သို့ သွားကြပြီ

KNU မှ ကြီး ၅ ကြီး၊ ဓာတ်ပုံ- ပြည်တော်မြင့်/ ဧရာဝတီ

ကရင်အမျိုးသား အစည်းအရုံး KNU ၏ ထိပ်တန်းခေါင်းဆောင်များဟာ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ် မှုကြောင့် နေပြည်တော်သို့ ယနေ့ ဇန်န၀ါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ဌာနချုပ်မှ စတင်ထွက်ခွာ သွားကြ ပါပြီ။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် KNU ဥက္ကဋ္ဌသစ် စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုကွယ် ထူးဝင်း၊ တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းတို့ ပါဝင်ကြပါတယ်။

ငြိမ်းချမ်းရေးအတွက်သွားရောက်ဆွေးနွေးခြင်း မဟုတ်ကြောင်း၊ မကြာသေးမီက ပြုလုပ်ခဲ့သည့် KNU ညီ လာခံမှာ ရွေးချယ်ခံရသော ထိပ်တန်းခေါင်းဆောင် ၅ ဦးကို သမ္မတ ဦးသိန်းစိန်က အလွတ်သဘော တွေ့ ဆုံ လို၍ ဖိတ်ခေါ်ခြင်းကြောင့် သွားရောက်ခြင်းဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

အဆိုပါ ခရီးစဉ်နဲ့ပတ်သက်ပြီး KNU က ယနေ့နေ့စွဲဖြင့် ကြေငြာချက် တစောင်ကိုလည်း ထုတ်ပြန်ထား ပါတယ်။



http://blog.irrawaddy.org/2013/01/knu_3.html

လိုင်ဇာ မသိမ်း သော်ငြား စစ်ရေး အရေးပါ နေရာများ အစိုးရ သိမ်းပိုက် ထားလို


ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် ဖြစ်သည့် လိုင်ဇာကို မသိမ်းရန် သမ္မတ ဦးသိန်းစိန် ညွှန်ကြား ထားသည်ဟု ဦးအောင်မင်းက ယမာန်နေ့တွင် ပြည်တွင်း မီဒီယာသို့ ပြောကြား ထားသည် ရှိသည့် အပေါ် လိုင်ဇာ ဌာနချုပ် စခန်းအား မသိမ်း သော်ငြားလည်း စစ်ရေး အတွက် အရေးပါ စိုးမိုး တောင်ကုန်း များအား သိမ်းပိုက် ထားနိုင်ရန် ရည်ရွယ်၍ စစ်ဆင် နေဖွယ် ရှိကြောင်း ကျောင်းသား တပ်မတော်မှ ခေါင်းဆောင် တဦးက ပြောသည်။

“လိုင်ဇာကို မသိမ်းပါဘူး။ အရေး ကြီးတဲ့ တောင်ကုန်း တွေကို သိမ်းဖို့ ထိုးစစ်ဆင် နေတာ ပေါ့ဗျာ။ သမ္မတက အမိန့်ပေး ထားပေမဲ့ ဒီနေ့ အမှတ် ၇၇၁ တောင်ကုန်း တဝိုက်မှာ ရှိတဲ့ လဂျားယန်၊ နမ့်ဆန်ယန်နဲ့ ခလာယန် မှာ တိုက်ပွဲတွေ ဖြစ်ပွား နေဆဲပါဗျ။ တိုက်လေယာဉ် နဲ့လဲ လာရောက် ပစ်ခတ် နေဆဲပါ ခင်ဗျာ” ဟု ဆိုပါသည်။

စစ်ရေး အသာစီး အနေ အထား ဖြင့်သာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရ ဘက်မှ အကောင် အထည် ဖော်လိုသည့် ဆန္ဒ ရှိသည်ဟု မိမိတို့ သုံးသပ် ထားကြောင်း လည်း ကျောင်းသား တပ်မတော် ပြန်ကြားရေးမှ ဗိုလ်မှူး မင်းဌေးက ပြောကြား ထားပါသည်။

ယနေ့ နံနက် ၈ နာရီ အချိန် ၌လည်း မြစ်ကြီးနား- လိုင်ဇာ လမ်းပိုင်းရှိ နမ်ဆန်ယန် ရွာ၌ စတင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ ထို့အပြင် လဂျားယန် ဒေသ ဘက်တွင် နံနက် ၉ နာရီ အချိန်၌ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်လေယာဉ် (၂) စင်းဖြင့် လာရောက် ဗုံးကျဲ ခဲ့သည်။ နေလည် ပိုင်း ၁၂ နာရီ ၁၀ မိနစ်တွင် စစ်ရဟတ်ယဉ် (၃) စင်းဖြင့် လာရောက် ဗုံးကျဲ ခဲ့ပါသည်။

ဘွမ်ဆွမ်တောင်၊ မန်သဲ နှင့် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ အမြောက် တပ်ဖွဲ့မှ လက်နက် ကြီးများ ဖြင့် လဂျားယန် ဘက်သို့ ဆက်လက်၍ ပစ်ကူ ပေးနေဆဲ ဖြစ်ကြောင်းလည်း ကျောင်းသားတပ်မတော် ခေါင်းဆောင် ဦးလာဆိုင်း က ပြောသည်။

အမှတ် ၇၇၁ လဂျားယန် စိုးမိုးတောင်ကုန်းသည် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် အစိုးရတပ်ဖွဲ့တို့က ကချင် လွတ်လပ်ရေး တပ်မတော် လက်တွင်းမှ သိမ်းပိုက် ခဲ့သည်။ ယင်းတောင် ကုန်းကို ရရှိရန် တိုက်လေယာဉ် များဖြင့် လေကြောင်း ပစ်ကူ ပေး၍ ပြန်လည် သိမ်းပိုက် ခဲ့ရခြင်း ဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီ သတင်းဌာန၌ ဖော်ပြ ထားပါသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် အစိုးရသည် “ကချင် ပြည်နယ်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ၊ တိုက်လေ ယာဉ်တွေ သုံးစွဲပြီး ထိုးစစ် ဆင်နေတယ် ဆိုတာဟာ တကယ်တော့ မိမိ တို့ရဲ့ တပ်တွေဆီ ရိက္ခာ ပို့ဆောင်တဲ့ လမ်းကြောင်းတွေကို KIA က ဖြတ်တောက်ထား တာကြောင့် လဂျားယန်မှာ ရှိတဲ့ ရိက္ခာ ပြတ်တောက် နေပြီဖြစ်တဲ့ မိမိတို့ တပ်ဖွဲ့တွေ အတွက် လေကြောင်း ကနေ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေး နေတာသာ ဖြစ်ကြောင်း” သမ္မတရုံး ညွှန်ကြား ရေးမှူး ဗိုလ်မှူး ဇော်ဌေး က AP သတင်း ကို ပြောဆိုထား ပါသည်။

ဤတွင် အစိုးရ တပ်ဖွဲ့ တို့သည် KIA ထိုးစစ်ဆင် နေမှုကို ရပ်တံ့ ရန်နှင့် အကယ်၍ မရပ်တံ့ပါလ နောက်ဖြစ်ပေါ် လာသည့် ဆိုးကျိုး များကို လက်ရှိ အာဏာရှိ အစိုးရ ပေါ်၌သာ တာဝန် ရှိကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ မှ ထုတ်ပြန်ချက် တစ်စောင်ကို ယမာန် နေ့က ထုတ်ပြန် လိုက်ပါသည်။


လကြောင်း ပစ်ကူဖြင့် အစိုးရတပ်မှ ပြန်လည် သိမ်းပိုက် လိုက်သည့် ပွိုင့် - ၇၇၁ စိုးမိုးကုန်း
(ဓါတ်ပုံ - Yan Naing Aung Facebook)

ကေအိုင်အို အဖွဲ့မှ လွဲ၍ ကျန်အပစ် အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့အစည်း များနှင့် မကြာမီ နိုင်ငံရေး ဆွေးနွေး ပွဲများ စတင် တော့မည် ဖြစ်ရာ ထိုဆွေးနွေး ပွဲများတွင် ကေအိုင်အို ကိုပါ ပါဝင် လာအောင် ဆောင်ရွက် သွားမည်ဟု ၀န်ကြီး ဦးအောင်မင်းက ယမာန်နေ့တွင် 7 Day News Journal အား ထုတ်ဖော် ပြောကြား ပါသည်။

“တကယ် စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဆိုရင် ကြိုဆို ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မူဘောင် အတွင်းမှာဘဲ ဆွေးနွေးမယ် ဆိုရင် ပြေလည်မှု ရရှိမှာ မဟုတ်ဘူး မြင်ပါတယ်။ ကချင် ထိုးစစ် မဆင်ခင် ကတည်က နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်မယ် ဆိုရင် ပြောစရာ မရှိပါ။ ခုတော့ အချိန် ဆွဲတဲ့ ပုံသဏ္ဍာန်နဲ့ သူတို့ လုပ်လာတယ်။ ဒီလို လုပ်ခြင်း အားဖြင့် အစိုးရ ဘက်က ပွင့်လင်းမှု မြင်သာမှု မရှိဘူးလို့ မြင်ပါတယ်” ဟု ကျောင်းသားတပ်မတော် ခေါင်းဆောင် ဦးလာဆိုင် က ပြောသည်။

စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ရေးသည် တိုင်းရင်းသား အင်အားစု၊ ဒီမို ကရေစီ အင်အားစု နှင့် အစိုးရ အင်အားစု တို့ (၃) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ် မှသာ အမျိုးသား ရင်ကြား စေ့ရေးကို အကောင် အထည်ဖော် နိုင်မည် ဖြစ်ပါကြောင်း ၄င်းမှ ဆိုပါသည်။

ဒီကပါ။

စစ်တွေတွင် မီးရထားလမ်း ဇလီဖားတုံး သိန်း ၄၀၀ ကျော်ဖိုး အခိုးခံရ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ အစိုးပိုင် မီးရထား ဇလီဖားတုံး သိန်းပေါင်း ၄၀၀ ကျော်ဖိုး အခိုး ခံခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

စစ်တွေ- ရေချမ်းပြင် ရထားလမ်း ( ဓါတ်ပုံ- နိရဉ္စရာ)

ဇွန်လ ဆူပူမူ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ စစ်တွေနဲ့ ရေချမ်းပြင် အကြား ရထားပြေးဆွဲနေတာကို ရပ်နားထားလိုက်ရတဲ့ နောက်ပိုင်းမှာ ရထားလမ်းမှာ ခင်းထားတဲ့ ဇလီဖားတုံးတွေ အခိုးခံရတာ ဖြစ်တယ်လို့ ဒေသ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အငယ်တန်း အင်ဂျင်နီယာ တစ်ဦး ဖြစ်တဲ့ ဦးနေလင်းအောင် အပါအ၀င် အမှတ်(၁) ရဲစခန်းက တာဝန်ရှိသူတွေဟာ ဒီဇင်္ဘာလ နောက်ဆုံး အပတ်က စစ်တွေနဲ့ ရေချမ်းပြင်ရထားလမ်းကို စစ်ဆေးတဲ့ အခါ အခုလို ရထားလမ်း ဇလီဖားတုံးတွေ ပျောက်ဆုံးနေတာကို တွေ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ဇလီဖားတုံးတွေကတော့ ရေချမ်းပြင် ဘူတာမှာ စုပုံထားသော ဇလီဖားတုံး ၉၇ တုံး အပါအ၀င် စစ်တွေနဲ့ ရေချမ်းပြင် ရထား လမ်းပိုင်း တစ်လျှောက်မှာ ရှိတဲ့ ဇလီဖားတုံး ၄၄၈၈ တုံး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဇလီဖားတုံး ၄၄၈၈ ရဲ့ ကာလတန်ဖိုးဟာ ငွေကျပ် ၃၅၁၉၉ဝ၄၅ ရှိတယ်လို့ ပြောပါတယ်။

အဲသလို ဇလီဖားတုံးတွေနဲ့ အတူ ဇလီဖားတုံးရိုက် သံမှို ၁၇၉၅၂ ချောင်း (ကာလ တန်ဖိုးအားဖြင့် ဆိုရင်) ငွေကျပ် ၅ဝ၂၆၅၆၀ ဖိုးလည်း အခိုးခံရတယ်လို့ ဆိုပါတယ်။

စုစုပေါင်း ကျပ်ငွေ သိန်းပေါင်း ၄၀၂ ကျော်ဖိုး အခိုးခံရတယ်လို့ စစ်တွေ အမှတ် (၁) ရဲစခန်းမှာ သက်ဆိုင်ရာက တိုင်ချက်ဖွင့်တယ်လို့ ဆိုပါတယ်။

စစ်တွေ အမှတ် (၁)ရဲစခန်းကတော့ ပြစ်မူ အမှတ် (ပ) ၄ဝ၇/ ၂ဝ၁၂ ပြည်သူပိုင် အက်ဥပဒေ ပုဒ်မ ၆(၁)အရ အမှုကို လက်ခံထားတယ်လို့ သိရပါတယ်။

သူခိုးတွေ ဖမ်းဆီးရမိတာ ရှိမရှိနဲ့ အမူရဲ့ အသေးစိတ် အခြေအနေတွေကို သိရှိနိုင်အောင် နိရဉ္စရာက စစ်တွေ အမှတ် (၁) ရဲစခန်းကို ဖုံးနဲ့ ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ တာဝန်ကျ ရဲအရာရှိက ဘာမှ ပြန်မပြောဘဲ ဖုံးချသွားပါတယ်။

ဒီကပါ။

ကေအိုင်အေတပ်ဖွဲဝင်များ အစိုးရတပ်နဲ့ ပြည်သူ့စစ်များထံသို့ အလင်းဝင်ရောက်


ဝိုင်းမော် -ဆဒုံး- ကန်ပိုက်တီး လမ်းမှာ လုံခြုံရေးယူထား တဲ့ ပြည်သူ့စစ် အဖွဲ့သို့ ဒီဇင်ဘာ ၃၁ရက်နေ့ မနက် ၉ နာရီလောက်က ကေအိုင်အေ တပ် သား ၂ဦး သူတို့ကိုင်တဲ့ သေနတ်တွေနဲ့ အလင်းဝင်ရောက်ခဲ့ ပါသည်။ အလင်ဝင်လာသူ ၂ဦးက မြင်ခြံ တောင်သာဘက်ကလို့ သိရပါသည်။

ဒီဇင်ဘာလ ၃၁ရက် နေ့လည် ၁၁နာရီလောက်မှာ ရှမ်းဟွေ့တံတားနား မှာလုံခြုံရေး ယူနေတဲ့ အစိုးရ တပ်ကို ကေအိုင်အေကတပ်သား ၄ဦး အလင်းဝင်ရောက်ခဲ့ပါသည်။ သူတို့သေနတ်တွေ မယူလာကြ ဘဲရောက်ပြီးမှာ သူတို့သေနတ်ထားခဲ့နေရာတွေကို အစိုးရတပ်တွေကို သွားရောက်ပြသခဲ့ကြ သည်။

၎င်းတို့ ၄ဦး မှာ မလိခမြစ်ကြောင်းမှာ ရွှေမှော်လုပ်ကိုင်ရင်းနဲ့ ကေအိုင်အေ တပ်သားသစ်စုတာကို ခံရသူများဖြစ်ပြီး ရန်ကုန်၊ တိုက်ကြီးမှ ကချင် ကို လာ ပြီး အလုပ်လာ လုပ်သူများဖြစ်ကာ အသက် ၁၈ နှစ်နဲ့ ၃၀ ကြားရှိသူများဖြစ် သည်ဟု ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးမှ ပြောကြား ခဲ့သည်။

3-1-2013ကချင်နေစဉ်သတင်း

“ဆေးဝါးများကို ခံနိုင်ရည်ရှိသည့် ငှက်ဖျားရောဂါပိုး အရှေ့တောင် အာရှတွင် တွေ့ရှိရ”

အရှေ့တောင် အာရှဒေသတွင် စတင်ဖော်ထုတ် တွေ့ရှိလာသည့် အမျိုးအစားသစ် ငှက်ဖျားရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေး ဆိုင်ရာ ပညာရှင်များက စိုးရိမ်နေကြောင်း သိရသည်။

ယခုတွေ့ရှိရသည့် ငှက်ဖျားရောဂါသည် ယခင်က မှတ်တမ်းတင်ထား သည့် ငှက်ဖျားရောဂါမျိုး မဟုတ်ဘဲ လက်ရှိ ကုသနေသော ဆေးဝါး များကို ခံနိုင်ရည် ရှိနေကြောင်း ပညာရှင်များက ဆိုသည်။

အသက်(၅)နှစ်ရှိ မြန်မာ ကလေးငယ် အေးမြင့်သန်းကို ကုသပေးနေသည့် ဒေါက်တာ ဖရန်ကွိုက်စ် နော့စ်တန်း က "သူ့အခြေအနေ ကောင်းတယ်"ဟု မှတ်ချက်ချပြီးနောက် အခြားလူနာ တစ်ဦး ထံ ပြောင်းရွှေ့သွားသည်။

Planet Myanmar Network

ပျက်ကျတဲ့ Air Bagan လေယာဉ်ဆီက Black Box သေတ္တာကို မစစ်ဆေးနိုင်သေး


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ရက် မနက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ ပျက်ကျသွားတဲ့ Air Bagan လေယာဉ် ရဲ့ ပျံသန်းမှုမှတ်တမ်းကို ဖေါ်ပြထားတဲ့ သေတ္တာ Black Box ကို အခုအချိန်ထိ မစစ်ဆေးနိုင်သေးဘူး လို့ RFA ကစုံစမ်းသိရပါတယ်။

စင်ကာပူနိုင်ငံကို Black Box နဲ့ပက်သက်ပြီး အချက်အလက်တစ်ချို့ ပေးပို့ခဲ့ပေမယ့် ဒီလေယာဉ် ပျက် ရဲ့ သေတ္တာကို မစစ်ဆေးနိုင်ဘူးလို့ အကြောင်းပြန်လာတယ်လို့ လေယာဉ်ပျက်ကျမှုကို စုံစမ်း စစ်ဆေး ဖို့ ဖွဲ့ထားတဲ့အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေး မှုးချုပ် ဦးဝင်းဆွေထွန်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့ Data Recorder တို့ ဖတ်ဖို့ကိစ္စကို ညှိနိုင်းတုန်းပဲ၊ စင်ကာပူနဲ့ အဆင်မပြေဘူး၊ စင်ကာပူက Recorder တွေရဲ့ ပြင်ပဓာတ်ပုံနဲ့ တွဲပို့လိုက်တဲ့အချိန်မှာ သူတို့ဆီက facility နဲ့လုပ်လို့မရဘူးလို့ဘူး၊ ညှိနိုင်းဆဲပဲ၊ တခြားနေရာ ဘယ်နေရာမှာရမလဲ စုံစမ်းဆဲပဲ"

ပျက်ကျသွားတဲ့ Air Bagan လေယာဉ်ကို မြန်မာ့အာမခံ လုပ်ငန်းကတဆင့် စင်ကာပူနိုင်ငံ အာမခံ ကုမ္မဏီတစ်ခုမှာ ဒေါ်လာလေးသန်းနဲ့အာမခံထားတယ်လို့ သိရပြီး၊ လေယာဉ် ပျက်ကျ မှုကြောင့် သေ ဆုံးသွားတဲ့ မနွယ်လင်းရှိန်ရဲ့ မိသားစုကို Air Bagan လေကြောင်းလိုင်းက နစ်နာကြေး ကျပ်သိန်း တစ်ရာ နဲ့ မြေပြင်ပေါ်မှာ ဆိုင်ကယ်မောင်းနှင်နေစဉ် လေယာဉ်ပျက်ရဲ့ အပိုင်းအစတစ်ချို့နဲ့ ထိခိုက် မိပြီး သေဆုံး သွားတဲ့ ဦးပြားရဲ့မိသားစုကိုလည်း နစ်နာကြေး ကျပ်သိန်းလေး ဆယ် ပေးအပ် ခဲ့တယ် လို့ သိရပါတယ်။

ဒီလေယာဉ်ပျက်ကျမှုဟာ မြန်မာနိုင်ငံမှာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက် ကျမှု ဖြစ်တယ်လို ပြည်တွင်းလေကြောင်းပို့ဆောင်မှု ဦးစီးဌာနရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

RFA Burmese

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်


Beta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ သူ့က ဘာကို သုံးပြီးရေးတာလဲလို့ စိတ်ဝင်စားသွားကြမှာ ဖြစ်ပါ တယ်။ ၆.၂၅ လက်မရှည်တဲ့ Pen တစ်ခုလုံးက သတ္တုအလွိုင်းနဲ့ ပြုလုပ် ထားပြီး ထိပ်ဖူးကို ခဲ သတ္တုနဲ့ ဖုံးထားပါတယ်။ ဒီတော့ ရေးချလိုက်ရင် ခဲရောင်က ထင်ပါတယ်။ ယင်းခဲယောင်က ဘော်ပင်က မင်ရောင် လိုပဲ ဖြစ်ပါတယ်။ သူတော့ အနက်ဖြစ်ပြီး ခဲဖျက်နဲ့ ဖြတ်လို့ မပျက်ပါ ဘူး။ ဘောလ်ပင် မင်နက်လိုပဲ ဖြစ်ပါတယ်။

အဖုံးဖွင့်ထားလို့ မင်ခြောက်မှာလည်း မစိုးရိမ်ရပါဘူး။ ရေထဲ မှာတောင်ရေးလို့ ရတယ်လို့ သက်သေပြ ထား ပါတယ်။ မင်ရည်ယိုတာတွေလည်း ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ခဲသားပေမယ့် အရောင်တောက် ပါတယ်။ မင်တုံး၊ မင်ချွံ ကိုယ်လိုသလို ဖန်တီးယူလို့ ရပါတယ်။ သံစားတဲ့ ဘရတ်ခ်ျ စက္ကူနဲ့ ပွတ်စားပြီး အချွံသော်လည်းကောင်း၊ အတုံးသော် လည်းကောင်း လိုသလို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

တစ်သက်လုံးလည်း သုံးရမယ်။ မင်လည်းဖြည့်စရာ၊ အစားထိုးစရာ မလိုဘူး ဆိုတော့ သုံးပျော် မယ့် ဘောလ်ပင်လေး ဖြစ် ပါတယ်။ ဈေးနှုန်းက လည်း ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ သို့ပေ မယ့် မြန်မာပြည်ရောက် မရောက်တော့ မသိပါဘူး။

ရိုးရာလေး

အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ


အသက် ၁၀၀ နေဖို့ဆိုတာထက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် ပုံမှန် စားသုံးနေ ရမယ့် အစား အစာများ ဖြစ်ပြီး အောက်ပါ အတိုင်း ဖော်ပြလိုက်ရပါတယ်။

Don't skimp on vegetables

အသီးအရွက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ တစ်ရက်ကို အသီးနဲ့ အရွက် ငါးမျိုးလောက် စားသင့်တယ်လို့ တိုက်တွန်းပါတယ်။ ငါးမျိုးဆိုတာထက် အစိမ်းရောင် ဟင်းသီး၊ဟင်းရွက်ကို များများစားဖို့ ဆိုလိုရင်း ဖြစ်ပြီး အသည်း၊ နှလုံး၊ ကင်ဆာနဲ့ ဆက်စပ်ရောဂါများ မဖြစ်အောင် အဓိကကာကွယ် တားဆီးပေးတဲ့ အစား အစာ ဖြစ်ပါတယ်။

Eat yogurt

အဆီထုတ်ပြီး ဒိန်ချဉ် ကို နေ့စဉ် သောက်သုံးခြင်းဖြင့် ကိုယ်ခံအားကောင်း စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြား ရောဂါ ဘယများ မဝင်ရောက်နိုင်သလို အဆီချရန် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

Have fish for dinner

တစ်ပတ်ကို ငါးဟင်းလျာ ၂ ကြိမ်မှ ၃ ကြိမ်လောက် ပုံမှန် စားသုံးဖို့ဖြစ်ပါတယ်။ ငါးဆီ များတဲ့ ဆောလမွန် ငါးတို့လိုက အိုမီဂါ-၃ fatty အက်ဆစ် ပါတဲ့အတွက် ကျန်းမာရေးအတွက် ပိုမို ထိရောက်ပြီးရောင်ရမ်းခြင်း ကို ဖြစ်စေတဲ့ ရောဂါအားလုံးကို လျော့ချပေးပါတယ်။

Go nuts

အခွံမာသီးများ ပုံမှန်စားသုံးရမှာ ဖြစ်ပါတယ်။ အခွံမာသီးဆိုလို့ သစ်ကြားသီး၊ ဆိမ့်သော အစိမ်းရောင် အသီးကို ပုံမှန် စားသုံးခြင်းဖြင့် နှလုံးနဲ့ ဆက်စပ် ရောဂါများကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

Focus on fiber

ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာကို တစ်ရက် ၂၅ ဂရမ်လောက် စားရမယ်လို့ ဆိုပါတယ်။ ယင်းဓာတ် က နေ့စဉ်စားသုံးနေတဲ့ အသီး၊ အရွက်၊ ဆန်၊ ဂျုံ တို့မှာလည်း ပါဝင်နေတဲ့အတွက် တကူးတက ရှာစားနေ ရန် မလို အပ်ပါဘူး။ high-fiber အစားအစာများကို မည်သည့်ရောဂါ အမျိုး မျိုးကြောင့် မဆို သေဆုံး ရမည့် အန္တရာယ်ကို လျော့ချပေး တယ်လို့ဆိုပါတယ်။

----------

----------

----------

တန်ဆေးလွန်ဘေးဆိုသလို အမေရိကန် USDA မှ ပရော်ဖက်ဆာ တစ်ဦးက 'Eat food, not too much,' လို့ ဆိုထားပါတယ်။ အစားအသောက်ကို ပုံမှန်စားသောက်ခြင်းကသာ အသက်ရှည်စေတယ်လို့ ဆိုလို ပါတယ်။ ဒါကြောင့် အသက်ရှည်ရန်၊ ကျန်းမာစေရန် နေ့စဉ် ပုံမှန်လေး စားသုံး ရမယ့် အစားအစာ များကို ယခုလို ဖော်ပြပေးလိုက် ရပါတယ်။

--

Ref: foxheaths
International news for myanmar

တန်ဖိုးနည်း ဖုန်းများအား ဆက်သွယ်ရေး ရုံးများမှာသာ ၀ယ်ယူနိုင်မည်


လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ လဆန်းပိုင်းမှာ ထပ်မံထွက်ရှိမယ့် တန်ဖိုးနည်းဖုန်းများကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရုံးတွေမှာသာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရောင်းချပေးရာ မှာတော့ ရန်ကုန်မြို့အတွင်း ဗဟိုစာတိုက်ကြီး၊ ပုဇွန်တောင်စာတိုက်၊ ဗိုလ်တထောင်စာတိုက်၊ အလုံစာတိုက်နဲ့ ဆက်သွယ်ရေးရုံး၊ လမ်း ၄၀၊ ပန်းဆိုးတန်းနဲ့ ရွှေဂုံတိုင် တို့မှာ ရှိတဲ့ မြန်မာ့ ဆက်သွယ်ရေး ရုံးများ၊ စာတိုက်များမှာ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။

ထပ်မံချပေး သွားမယ့် မိုဘိုင်းဖုန်း တွေကို အခုလို ဆက်သွယ်ရေး ရုံးတွေမှာသာ ရောင်းချ ပေးသွား ဖို့စီစဉ်ရ တာဟာ ပြင်ပမှာ ရောင်းချခွင့် ရရှိခဲ့ရင် ဈေးနှုန်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်မှာ စိုးတဲ့ အတွက် ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီလို ရောင်းချဖို့ အတွက် ဈေးနှုန်း တွေကို အကြမ်းဖျဉ်း သတ်မှတ် ထားပြီး ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တစ်ခုဖြစ်တဲ့ Call Centre မှ သိရပါတယ်။

အခုလို သတ်မှတ် ထားရာမှာ GSM ဖုန်းကတ် အတွက် ကျပ် တစ်သိန်း နဲ့ WCDMA ဖုန်းအတွက် ကျပ်တစ်သိန်း နှစ်သောင်း သတ်မှတ် ထားတာ ဖြစ်ပါတယ်။ အခုလို သတ်မှတ် ရောင်းချပေးမှု အတွက် ဖုန်းအလုံးရေ အကန့်အသတ် မရှိဘဲ တစ်နိုင်ငံလုံးသို့ တစ်ပြိုင်နက် ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

mrtv4

မိုဘိုင်းဖုန်းအသုံးပြုရာတွင် ဘယ်ဘက်နား ကို အသုံးပြု ပါ..


မိုဘိုင်းဖုန်းပြောဆိုရာတွင် ဘယ်ဘက်နားကိုအသုံးပြုပါ မိုဘိုင်းဖုန်းပြောဆိုမှုပြုလုပ်ရာတွင် ဘယ်ဘက်နား ကိုသာ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။ ညာဘက်နားဖြင့် နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက် ရှိသော ရေဒီယိုလှိုင်း (Mobile radiation) က ဦးနှောက်ကိုပိုမို ပျက်ဆီးစေသည်ဟု သိရသည်။ များသောအားဖြစ်လူတိုင်းဟာ ညာဘက်သန်သူများဖြစ်တဲ့အတွက်ညာဘက်ကိုပိုမိုအသုံးပြုတတ်ပါတယ် ထိုအလေ့ကျင့်လေးကိုဆင်ခြင်နိုင်ကြပါစေ..... ယင်းအချက်ကို Apollo Medical Team မှနောက်ဆုံး လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Credit kyaw Gyi

စခန်းမှ ဆုတ်ခွာသူများအား KIA မှ စစ်ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်အရေးယူမည်

အဓမ္မလူသစ်စုဆောင်းခံထားရသော တပ်သားသစ်များ

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ စခန်းများအား စွန့်ခွာထွက်ပြေးလာသူများသည် စစ်ရာဇ၀တ် ကောင်များအဖြစ် သတ်မှတ်ပြီး ထိရောက်သော အပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အစိုးရနှင့် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျှက် ရှိပြီး၊ KIA စခန်းများလက်လွတ်ဆုံးရှုံး နေရပါသည်။ အစိုးရတပ်များ၏စနစ်တကျတိုက်ခိုက်မှုများကြောင့် KIA အဖွဲ့မှာ အထိနာလျှက်ရှိပါသည်။ KIA အဖွဲ့ဝင်အများစုမှာ တိုက်ရည်ခိုက်ရည်ပြည့်ဝမှုမရှိဘဲ၊ စစ်ပွဲကာလအတွင်း အဓမ္မလူသစ် စုဆောင်းခံရသူများ ဖြစ်ခြင်း၊ စစ်ပညာသင်တန်းများအား စနစ်တကျမတတ်ရောက်ရခြင်း၊ ရိက္ခာနှင့် လက်နက်များ အလုံအလောက်မရှိခြင်းများကြောင့် အစိုးရတပ်များမှ စနစ်တကျ တိုက်စစ်ဆင် ချိန်တွင် အကျအဆုံးများစွာဖြင့် စခန်းများအား စွန့်ခွာထွက်ပြေးခဲ့ရပါသည်။

ထိုသို့ဆောက်တည်ရာမရ ထွက်ပြေးနေကြသဖြင့် စခန်းစွန့်ခွာထွက်ပြေးလာသူများအား စစ်ရာဇ၀တ်ကောင်များအဖြစ် သတ်မှတ်ပြီး ပြင်းထန်ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဂမ်ရှောင်က ကြော်ငြာခဲ့ခြင်းဖြစ်ပါသည်။ KIA အဖွဲ့၏ ထိရောက်သော အရေးယူမှုမှာ သေဒဏ်ပေးခြင်း ဖြစ်တယ်လို့ KIA အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။

တိုက်ပွဲစွန့်ခွာပြီးထွက်ပြေးပါက သေဒဏ်ပေးခြင်းခံရမှာဖြစ်လို့ တိုက်ပွဲမှာပဲ အသေခံတိုက်ခိုက် သွားရ မှာဖြစ်တယ် လို့ ၄င်းအရာရှိမှဆက်လက် ပြောကြားခဲ့ပါသည်။ KIA ခေါင်းဆောင်များအနေဖြင့် လိုင်ဇာမြို့ အား အစိုးရတပ်များ တိုက်ခိုက်လာပါက ထွက်ပြေးတိမ်းရှောင်နိုင်ရန် တစ်ဖက် တရုတ်နိုင်ငံတွင် အဆောက်အဦများ ကြိုတင်ပြင်ဆင် ထားရှိပြီး ဖြစ်သော်လည်း KIA လက်အောက်အဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးပါက ထိရောက်သော ပြစ်ဒဏ်ပေးမည် ဆိုခြင်းကား လူမဆန်သော ရက်စက် မှုဖြစ် ပါကြောင်း တင်ပြလိုက်ရပါသည်။

www.MyanmarExpress.net

တန်ဖိုးနည်း ဖုန်းများ ရောင်းချပေးမည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM ဖုန်းတစ်လုံးကို ကျပ်တစ်သိန်း၊ WCDMA ဖုန်းတစ်လုံး ကျပ် တစ်သိန်း နှစ်သောင်း နှုန်းဖြင့် ဇန်န၀ါရီ ဒုတိယပတ် မှ စတင်ကာ မန္တလေးမြို့၊ ၂၅ လမ်းရှိ အများပြည် သူသုံး တယ်လီဖုန်းစခန်း၊ စာတိုက်ကြီး၊ ပြည်ကြီးတံခွန် စာတိုက်၊ နန်းရှေ့ စာတိုက် တို့ တွင် ရောင်း ချပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။

From.. Myawady Daily Myawady

တောဆင်ရိုင်းတွေကြောင့် လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီး


ပဲခူးတိုင်းဒေသကြီး ပဲခူးချောင်းဖျားဖက်ပိုင်းက ကျေးရွာပေါင်း ၅ဝကျော်ကို တောဆင်ရိုင်းတွေ မကြားသေး မီ ရက်ပိုင်းက ဝင်ရောက်ပြီး လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ ကြားသိရပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက အရေးယူပေးခြင်း မရှိသေးတဲ့အတွက် ရွာသူ ရွာသား ၁၅ဝလောက်က NLD ကို တိုင်ကြားအကူအညီတောင်းထားတဲ့အကြောင်း အခြေအနေကို ပဲခူးမြို့ နယ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအေးမင်းက ပြောပြပါတယ်။

သစ်တောပြုန်းတီးမှုကြောင့် အစာရေစာပြတ်တောက်ကာ ဆင်တွေဟာ ကျေးရွာတွေဖက်အထိ ဝင်ရောက် လာကြ တာလို့ဒေသခံတွေက ယူဆနေကြပါတယ်။

၂ဝ၁၁ခုနှစ်ကလဲ ဒီလိုမျိုးတောဆင်ရိုင်းတွေ ရွာတွေထဲဝင်ရောက်နှောက်ယှက်ခဲ့လို့ လူအသေ အပျောက် ရှိပေမယ့် ၂ဝ၁၂ခုနှစ်နဲ့ ခုချိန်ထိတော့ လူအသေအပျောက်မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese

Super Custom ကားများ သွင်းကားဈေးနှင့် လက်ရှိကားဈေးနှုန်း သိန်းသုံးဆယ်ကျော်ကွာ


ရန်ကုန်မြို့တွင်း လူစီးများလျက်ရှိသော Super Custom ကားများ၏လက်ရှိကားဈေးနှုန်းနှင့် သင်္ဘောဖြင့် တင်သွင်းလာသော ကားများ၏ဈေးနှုန်းမှာ သိန်သုံးဆယ်ခန့် ကွာဟနေကြောင်း သိရသည်။

လက်ရှိကားဈေးကွက်သည် အစိုးရ၏ ပါမစ်ဈေး ကျလာသည်နှင့်အမျှ ကျဆင်းမှုများ ရှိနေသော်လည်း ကုမ္ပဏီမှ သွင်းလာပြီး ရောက်ရှိလာသောဈေးနှုန်းမှာ ယခင်က ရောက်ရှိနေသော ကားများဈေးနှုန်းနှင့် အနည်းငယ် ကွာခြားနေကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ရှင်းပြသည်။

“သင်္ဘောပေါ်က ချတဲ့ကားတွေက ဒီမှာရှိတဲ့ ကားတွေထက် သိန်းသုံးဆယ်လောက် အောက်ထစ်ကွာတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောပေါ်က ကားတွေက အသစ်တွေ ပြီးတော့ မော်ဒယ်လဲမြင့်တယ် နံပါတ် အမြင့်နဲ့လဲ ရမယ်။ အရင်တုန်းက ကားတွေက စက်မှုဇုန်ထုတ် ကားတွေဆိုပြီး စက်မှုဇုန် နံပါတ်နဲ့ လည်း ဖြစ်တယ်။ ဒါကြောင့် ဈေးနှုန်း ကွာခြားတာပါ” ဟု ကားအကျိုးဆောင် တစ်ဦးဖြစ်သူ ကိုအောင် က ပြောကြားသည်။

ယခင် တင်သွင်းထားသော ကားများသည် အစိုးရမှ တရားဝင် ထားခွင့်ပြုထားသော ကားများ မဟုတ်ကြောင်း၊ မြ၀တီစသော နယ်စပ်များမှ တင်သွင်းထားပြီး ကားပစ္စည်းများကို တစ်စစီဖြုတ် သယ်ဆောင်လာသော ကားများဖြစ်ပြီး ရန်ကုန်သို့ ရောက်ရှိပါက စက်မှုဇုန်တွင် ပြန်လည်တပ်ဆင်သော ကားများဖြစ်ကြောင်း သိရှိရသည်။

ယခု ကားကုမ္ပဏီများမှ တင်သွင်းသော ကားများသည် သက်ဆိုင်ရာနိုင်ငံများမှ သင်္ဘောနှင့် တရားဝင် တင်သွင်းခွင့်ပြုထားပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း မော်ဒယ်များဖြစ်ကြောင်း ကား အကျိုးဆောင် များကပြောကြသည်။

“ကားတွေကတော့ အစိုးရပါမစ်ဈေးပေါ် မူတည်ပြီး အတည်ကျရှိနေမှာပါ။ ဒါပေမယ့် အရင်တုန်းက သွင်းတဲ့ကားတွေက မူရင်း အတိုင်းနဲ့ မတူတာတွေ ကားတစ်စီးမှာ (၈) ချက် (၁၀) ချက်လောက်ပါတယ်။ အခုက သင်္ဘောနဲ့ တရားဝင်လည်း လာတယ်။ ပြီးတော့ နောက်ဆုံးနံပါတ်လည်း ရမယ်။

မော်ဒယ်ကလည်းမြင့်တယ်။ ဒါကြောင့် ဈေးကွာသွားတာပါ”ဟု ကားဈေးကွက် ကျွမ်းကျင်သူ ကိုမောင်စိုး က ပြောကြားသည်။

ယခုစူပါကာစတန် ကားများသည် သိန်း ၁၅၀ နီးပါးရှိနေပြီး ယခင် စက်မှုဇုန် နံပါတ်ကားများသည် သိန်း၁၀၀ နှင့် သိန်း ၁၂၀ ၀န်းကျင်သာ ရှိနေကြောင်း သိရှိရသည်။

စူပါကာစတန်တွင် လူကြိုက်များသော ကားများမှာ Limlited,Living ကားအမျိုးစားများဖြစ်ကြောင်း ကားအမျိုးအစားမှာfour wheelsနှင့် two wheels ရှိရာ four wheels မှာ ဆီကုန်ကျမှု ပိုမိုမြင့်မားသောကြောင့် two wheels ထက် လူကြိုက်နည်းပြီး ဈေးနှုန်းမှာလည်း two wheels ထက် သိန်း ၃၀ ကျော်ကွာခြားမှုရှိကြောင်း သိရှိရသည်။

အဆိုပါ စူပါကာစတန် ကားများသည် မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းမှာ ဆယ်နှစ်နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ ယခင်က စူပါကာစတန် ကားဈေးနှုန်းမှာ သိန်းရှစ်ရာနီးပါးရှိကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ပြောကြသည်။

The Myanma Age

လက်ကို မောက်စ့်အဖြစ် သုံးနိုင်မည့် evoMouse


voMouse ကတော့ Bluetooth ပါတဲ့ Gadget ဖြစ်ပါတယ်။ အရွယ်လည်း သိပ်မကြီးပါဘူး ကွန်ပြူတာနဲ့ USB ပေါက်ထိုးထားလိုက်ပြီးရင် လက်ကိုမောက်စ်လို့ သုံးနိုင်ပြီ ဖြစ်ပါတယ်။ လပ်တော့၊ PC ,Tablet အားလုံးနဲ့ အသုံးပြုလို့ရပါတယ်။ Sensor ကောင်းပြီးအသုံးပြုလို့လည်း လွယ်ကူပါတယ်။ သုံးပုံသုံးနည်းကိုလည်း ပေးထားပြီး ကိုယ်လိုချင်သလိုလည်း Train ထားပေးလို့ ရပါတယ်။ USB ပေါက်မထိုးပဲနဲ့ Bluetooth ဖွင့်ပြီး ကြိုးမဲ့လည်း အသုံးပြုလို့ရပါတယ်။ အားတော့ ပြန် သွင်းဖို့ လိုပါတယ်။

Myanmar International News